Sunday, April 19, 2026

အခန်းကြီး - ၇။ သူငယ်တော်ယေရှု

 

သူငယ်တော်ယေရှု

            သခင်ယေရှု၏ကလေးဘဝနှင့် လူငယ်ဘဝသည် သေးငယ်သောတောင်ပေါ်ရွာကလေး တစ်ရွာတွင် ကုန်လွန်ခဲ့ပါသည်။ လောကတွင်ရှိသော မည်သည့်နေရာမဆို ကိုယ်တော်ရှင်ရောက်ရှိခြင်းအားဖြင့် ဂုဏ်ပြုခြင်းမခံရသော နေရာဟူ၍ ရှိလိမ့်မည်မဟုတ်ချေ။ ဘုရင့်နန်းတော်များသည် ကိုယ်တော်ရှင်အား  အထူးဧည့်သည်အဖြစ် လက်ခံခြင်းအားဖြင့် အခွင့်အရေးပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပါသည်။ သို့သော်လည်း ကိုယ်တော်သည်လူချမ်းသာများ၏နေအိမ်များ၊ ဘုရင့်နန်းတော်များနှင့် ပညာတတ်များ၏ကျော်စောကတ္တိ ဖြစ်သောရိပ်သာများကိုကျော်၍ ထင်ရှားကျော်ကြားခြင်းမရှိသောအထင်အမြင်သေးခံရသည့် နာဇရက်မြို့ တွင် အခြေချနေထိုင်ခဲ့ပါသည်။

         ကိုယ်တော်ရှင်၏ ငယ်ရွယ်စဉ်အသက်တာမှတ်တမ်းအကျဉ်းချုပ်သည် အထူးအဓိပ္ပါယ်ရှိမှုတွင် အံ့ဩဖွယ်ဖြစ်ပါသည်။ အဖခမည်းတော်၏ မျက်နှာတော်အလင်းတော်တွင် သခင်ယေရှုသည် “အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။” လုကာ ၂း၅၂။ ကိုယ်တော်၏ စိတ်နှလုံးသည် အသက်နှင့်မလိုက်အောင်ထောက်ထားစာနာတတ်ပြီး ဉာဏ်ပညာနှင့်ပြည့်ဝကာ သွက်လက် ချက်ချာ၍ ထိုးထွင်းသိမြင်တတ်ပါသည်။ ကိုယ်တော်၏အကျင့်စာရိတ္တသည်လည်း ရှုချင်စဖွယ်ကောင်းခြင်း နှင့် ပြည့်စုံသောတင့်တယ်ခြင်းရှိလှပါသည်။ ကလေးအချိန်တွင် လိုက်နာရမည့်စည်းမျဉ်းများကိုထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် စိတ်တန်ခိုးများနှင့် ခန္ဓာကိုယ်ခွန်အားများသည် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာခဲ့ ပါသည်။

         သခင်ယေရှုသည် ကလေးငယ်တစ်ဦးအနေဖြင့် ပင်ကိုသဘောထား၏ အထူးနှစ်လိုဖွယ်ကောင်းစရာ တစ်ခုကို ထင်ရှားစွာထုတ်ဖော်ပြသခဲ့ပါသည်။ ကိုယ်တော်၏စိတ်စေတနာနှင့်ပြည့်ဝသောလက်များသည် အခြားသူများကို အလုပ်အကျွေးပြုရန် အမြဲတမ်းအဆင်သင့်ရှိခဲ့ပါသည်။ ကိုယ်တော်သည်မည်သည့်အရာက မျှမနှောင့်ယှက်နိုင်သောသည်းခံခြင်းနှင့် သမာဓိရှိမှုကို မည်သည့်အခါမျှ လက်လွတ်မခံမည့်ဟုတ်တိုင်းမှန်ရာ ပြောတတ်ခြင်းကို အသက်တာတွင် ထင်ရှားစေခဲ့ပါသည်။ များသောအားဖြင့် ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာသည့်အတ္တကင်းသော ‌ဖော်ရွေမှု၏ နှစ်သက်ဖွယ်သောအရာများကို ကိုယ်တော်၏ အသက်တာတွင် ထင်ရှားစေခဲ့ပါသည်။

         သခင်ယေရှု၏မယ်တော်သည် ကိုယ်တော်၏အစွမ်းသတ္တိများ တိုးတက်ဖွံ့ဖြိုးလာခြင်းကို အလွန် စိတ်အားထက်သန်စွာဖြင့် ဂရုပြုစောင့်ကြည့်ခဲ့ပြီး စာရိတ္တတော်၏ပြည့်စုံမှု အမှတ်အသားများကိုတွေ့မြင်ခဲ့ ရပါသည်။ သူမသည်ကိုယ်တော်၏ထက်မြက်၍ခံယူတတ်သောစိတ်သဘောထားကိုနှစ်ခြိုက်စွာဖြင့်အားပေး ရန်ကြိုးစားခဲ့ပါသည်။ ထာဝရဘုရားသခင်တစ်ပါးတည်းသာ မိမိ၏အဖဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့ သော ဤကလေးငယ်၏ဖွံ့ဖြိုးတိုးတက်ရေးများတွင်သူမသည် ကောင်းကင်သားများနှင့်အတူတကွပေါင်း ဖက် ဆောင်ရွက်ရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာကိုရရှိခဲ့ပါသည်။

         ရှေးခေတ်အခါများမှစ၍ ဣသရေလပြည်တွင်ရှိသော ဘုရားသခင်ဘက်တွင် သစ္စာရှိသူများသည် လူငယ်များ၏ပညာရေးကို အထူးဂရုစိုက်ခဲ့ကြပါသည်။ ကလေးများကိုငယ်စဉ်အခါမှစ၍ကိုယ်တော်ရှင်၏ ကောင်းမြတ်ခြင်းနှင့် ကြီးမြတ်ခြင်းအပြင်အထူးသဖြင့်ကိုယ်တော်၏ပညတ်တော်နှင့်ဣသရေလရာဇဝင်များ တွင်ဖော်ပြထားသည့်အရာများကိုသင်ကြားပေးရန်ထာဝရဘုရားသခင်ကညွှန်ကြားခဲ့ပါသည်။ သမ္မာကျမ်းစာ မှသီချင်းများ၊ ဆုတောင်းချက်များနှင့် သင်ခန်းစာများကို ဖွင့်ဟထားသော ထိုစိတ်နှလုံးများအတွက် သင့်လျော် အောင်ပြုပြင်၍ သင်ကြားပေးရန်ဖြစ်ပါသည်။ မိခင်ဖခင်များသည် သားသမီးများအား ဘုရားသခင်၏ ပညတ်တော်သည် ကိုယ်တော်၏စာရိတ္တ‌တော်ကို ဖော်ညွှန်းထားသည့် အရာတစ်ခုဖြစ်ကြောင်းကိုလည်း ကောင်း၊ ပညတ်တော်၏စည်းမျဉ်းများကို စိတ်နှလုံးထဲတွင် လက်ခံရရှိသည်နှင့်အမျှ ဘုရားသခင်၏ရုပ်လုံး သည် ၎င်းတို့၏သဘောထားများနှင့် စိတ်ဓာတ်များတွင် တွေ့ရှိနိုင်ကြမည်ဖြစ်ကြောင်းကိုလည်းကောင်း သွန်သင်ရန်ဖြစ်ပါသည်။ များပြားစွာသော သွန်သင်ချက်များသည် နှုတ်တိုက်သင်ကြားပို့ချခြင်းဖြစ်သော် လည်း လူငယ်များသည် ဟေဗြဲစာပေများကိုလည်း အဖတ်သင်ကြရပါသည်။ ၎င်းပြင် ဓမ္မဟောင်းကျမ်းစာ၏ စာလိပ်များသည် သူတို့လေ့လာရသည့်အရာများဖြစ်ကြပါသည်။

         ခရစ်တော်သက်တော်ထင်ရှားခဲ့စဉ်အချိန်များတွင် လူငယ်များအတွက် ဘာသာရေးနှင့်ပတ်သက် သော ဩဝါဒများကိုသင်ကြားပို့ချရန် စီစဉ်ခြင်းမရှိသော မြို့ကြီးမြို့ငယ်များသည် ထာဝရဘုရား၏ ကျိန်ခြင်း အမင်္ဂလာအောက်တွင်ရှိသောမြို့များဟူ၍ မှတ်ယူခြင်းကိုခံကြရပါသည်။ သို့ပါသော်လည်း သင်ကြားပို့ချမှု များသည် အပေါ်ယံဟန်ပန်မျှသာဖြစ်ပါသည်။ ရိုးရာဓလေ့များသည် ကျမ်းစာ၏နေရာတော်တော်များများ တွင် အစားထိုးနေရာယူခဲ့ပါသည်။ စစ်မှန်သောပညာရေးသည် လူငယ်များအား တွေ့ကောင်းတွေ့နိုင်မည် ဖြစ်သော ဘုရားသခင်ကိုရှာရန် လမ်းညွှန်နေပါသည်။ သို့သော် ယုဒခေါင်းဆောင်များသည် ဝိနည်းထုံးဖွဲ့မှုနှင့် ဆိုင်သောအရာများကိုသာ အာရုံပြုခဲ့ကြပါသည်။ လူတို့၏စိတ်နှလုံးများသည် နာယူသူများအတွက် အကျိုးမရှိသောအထက်ကောင်းကင်ရွှေနန်းတော်မှ ပို၍မြင့်မြတ်သောကျောင်းများတွင် အသိအမှတ်ပြုခြင်း ရှိလိမ့်မည်မဟုတ်သော ရုပ်ဝတ္ထုပစ္စည်းများဖြင့်သာ ရှုပ်ထွေးပြည့်ညပ်နေပါသည်။ ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုဂ္ဂလိကလက်ခံခြင်းအားဖြင့် ရရှိနိုင်သည့် အတွေ့အကြုံအတွက် ထိုပညာရေးစနစ်တွင် နေရာမရှိခဲ့ချေ။ အပြင်ပန်းဝိနည်းထုံးဖွဲ့များတွင်နစ်မြုပ်ကာ ကျမ်းစာလေ့လာသူများသည် ဘုရားသခင်နှင့် အတူ နေထိုင်ရသည့် ငြိမ်သက်သာယာသော အချိန်များကိုမတွေ့ခဲ့ကြရချေ။ ယုဒခေါင်းဆောင်များသည် သူတို့၏စိတ်နှလုံးများအတွက် ဘုရားသခင်စကားပြောနေသော အသံတော်ကို မကြားခဲ့ကြချေ။ သူတို့သည် အသိပညာများကို ရှာဖွေရင်းပညာ၏အချုပ်အခြာဖြစ်သော ဘုရားသခင်ကိုကျောခိုင်းခဲ့ကြပါသည်။ ဘုရား သခင်၏ အမှုတော်တွင် အလွန်အဓိကကျသောအရာများကို သူတို့လျစ်လျူရှုခဲ့ကြသည်။ ပညတ်တော်၏ စည်းမျဉ်းများကိုရှင်းလင်းစွာနားမလည်ခဲ့ကြချေ။ သာလွန်ကောင်းမွန်သော ပညာရေးစနစ် ဟု ၎င်းတို့အရေး တယူပြုခဲ့သောအရာများသည် စစ်မှန်သောဖွံ့ဖြိုးတိုးတက်မှုအတွက်ကြီးမားသော အဟန့်အတားကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကျမ်းတတ်ဆရာများ၏ သင်ကြားပို့ချမှုအောက်တွင် လူငယ်များ၏အစွမ်း သတ္တိများသည် ဖိနှိပ်ခြင်းကိုခံခဲ့ရပါသည်။ သူတို့၏စိတ်ထားများသည် ကျုံ့၍ကျဉ်းမြောင်းလာခဲ့ပါသည်။

         သူငယ်တော်ယေရှုသည် ထိုတရားဇရပ်များတွင် သင်ကြားပေးနေသောကျောင်းများမှ ဩဝါဒများကို မသင်ယူခဲ့ချေ။ သူ၏မိခင်သည် သူ၏ပထမဆုံးလူသားဆရာတစ်ဦးဖြစ်ပြီး သူ၏နှုတ်ခမ်းမှထွက်လာသော သင်ချက်များနှင့် ပုရောဖက်များရေးသားခဲ့သော စာလိပ်များမှတစ်ဆင့် ကောင်းကင်နှင့်ပတ်သက်သော အရာများကို သူလေ့လာသင်ကြားခဲ့ပါသည်။ ဣသရေလလူများအတွက် မောရှေအား သူကိုယ်တိုင်ပြော ကြားခဲ့သော စကားများကိုယခုအချိန်တွင် သူ၏မိခင်ထံမှသင်ယူခဲ့ရပြန်သည်။ ကလေးငယ်ဘဝမှ လူငယ်ဘဝ သို့ ကူးပြောင်းကြီးပြင်းလာသောအခါတွင်လည်း သူသည ကျမ်းတတ်ဆရာများ၏ကျောင်းတွင် တက်ရောက် ၍ ပညာမရှာယူခဲ့ချေ။ ထာဝရဘုရားသခင်သည် သူ၏ဆရာဖြစ်သောကြောင့် ထိုသို့သောကျောင်းများမှ ပညာ ရပ်များကို သူရယူရန်မလိုအပ်ချေ။

         ကယ်တင်ရှင်၏အမှုတော်ကာလတွင် “ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိသနည်း” ဟူ၍မေးခဲ့သော မေးခွန်းသည် ကိုယ်တော်အနေနှင့် စာမတတ်ဟုမဆိုလိုဘဲ ကိုယ်တော်သည် ကျမ်းတတ် ဆရာများ၏ပညာရေးများမရယူခဲ့ခြင်းကို ဖော်ညွှန်းနေပါသည်။ ယောဟန် ၇း၁၅။ ကျွန်ုပ်တို့သည် အသိပညာများကိုရရှိနိုင်ကြသကဲ့သို့ ကိုယ်တော်ရရှိခဲ့သည့်အတွက် ကိုယ်တော်၏သမ္မာကျမ်းစာအား ကျေကျေညက်ညက်သိကျွမ်းမှုသည် ငယ်ရွယ်စဉ်အချိန်တွင် နှုတ်ကပတ်တော်ကို မည်မျှလုံ့လဝီရိယစိုက် ထုတ်၍ လေ့လာခဲ့ကြောင်းကို ဖော်ပြနေပါသည်။ ထာဝရဘုရား၏ ဖန်ဆင်းခြင်းလက်ရာများတည်းဟူသော စာကြည့်တိုက်ကြီးသည် ကိုယ်တော်၏ရှေ့မှောက်တွင် ဖြန့်လျက်ရှိခဲ့ပါသည်။ ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူသော ကိုယ်တော်သည် မိမိ၏လက်တော်အားဖြင့် ရေးသားခဲ့သောမြေကြီး၊ သမုဒ္ဒရာနှင့် ကောင်းကင်ယံမှသင်ခန်းစာများကို လေ့လာခဲ့ပါသည်။ လောက၏မသန့်ရှင်းသော နည်းလမ်းများအရ မဟုတ် ဘဲ ကိုယ်တော်သည် သိပ္ပံပညာနှင့်ပတ်သက်သော အသိဉာဏ်များကို သဘာဝမှစုဆောင်းလေ့လာခဲ့ပါသည်။ ကိုယ်တော်သည် သစ်ပင်များ၊ တိရစ္ဆာန်များနှင့် လူသားများ၏အသက်များကို လေ့လာခဲ့ပါသည်။ ငယ်ရွယ်စဉ်အခါမှစ၍ ကိုယ်တော်ပိုင်ဆိုင်ခဲ့သည့် တစ်ခုတည်းသောသဘောထားမှာ “သူသည်အခြားသူများ အား ကောင်းချီးပေးရန်အသက်ရှင်ခြင်း” ပင်ဖြစ်သည်။ ထိုကိစ္စကို လုပ်ဆောင်ရန်အတွက် ကိုယ်တော်သည် သဘာဝတရားထဲတွင် စွမ်းရည်များကိုတွေ့ရှိခဲ့ပါသည်။ သစ်ပင်များနှင့် တိရစ္ဆာန်များ၏ အသက်တာကို လေ့လာစဉ် လုပ်ဆောင်ရန်နည်းလမ်းများအတွက် အသစ်သောအတွေးအခေါ်များသည် ကိုယ်တော်၏ စိတ်နှလုံးထဲတွင်ပေါ်ထွက်ခဲ့ပါသည်။ မျက်မြင်ရသောသာဓကများအားဖြင့် အသက်ရှင်လျက်ရှိတော်မူသော ဘုရား၏နှုတ်ကပတ်တော်များကို တင်ပြရန်အတွက် ဆွဲဆောင်ရန်အဆက်မပြတ် ကြိုးစားခဲ့ပါသည်။ ကိုယ်တော်ရှင်၏အမှုတော်ဆောင်စဉ်ကာလအတွင်း ပုံပမာများကို အသုံးပြု၍ သမ္မာတရားသင်ခန်းစာများကို သွန်သင်ရန်နှစ်သက်ခြင်းသည် ကိုယ်တော်၏စိတ်နှလုံးသည် သဘာဝတရား၏ဩဇာ သက်ရောက်မှုများ အပေါ် မည်မျှဖွင့်ပေးထားသည်ကိုလည်းကောင်း၊ ဝိညာဉ်ရေးနှင့်ပတ်သက်သောသွန်သင်ချက်များကိုနေ့စဉ် ကျင်လည်ခဲ့ရသော အသက်တာ၏ပတ်ဝန်းကျင်များမှ ကိုယ်တော်မည်မျှစုဆောင်းခဲ့သည်ကိုလည်းကောင်း ဖော်ပြနေပါသည်။

         ထိုသို့သောနည်းအားဖြင့် သခင်ယေရှုသည် အရာဝတ္တုများ၏ ပကတိအခြေအနေများကိုနားလည် ရန်ကြိုးစားနေစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်နှင့် လက်ရာတော်များ၏အရေးပါမှုများတို့ကို မြင်တွေ့ ခဲ့ရပါသည်။ ကောင်းကင်သားများသည် ကိုယ်တော်၏အစေအပါးများဖြစ်ပြီး သန့်ရှင်းသောအပြောအဆိုနှင့် စိတ်ထားများအတွက် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပြုပြင်ခြင်းသည် ကိုယ်တော်၏အငန်းအတာ ဖြစ်တော် မူခဲ့သည်။ အသိဉာဏ်ဖွံ့ဖြိုးစအချိန်မှစ၍ ကိုယ်တော်သည် ဝိညာဉ်ရေးနှင့်ပတ်သက်သည့် နှစ်သက်ဖွယ်သော အရာများနှင့် သမ္မာတရားအသိဉာဏ်များတို့တွင် မနားမနေတိုးတက်ကြီးပွားခဲ့ပါသည်။

         ခရစ်တော်ကဲ့သို့ ကလေးသူငယ်တိုင်းသည် သမ္မာတရားအသိဉာဏ်များကို ရရှိနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်အားဖြင့် ခမည်းတော်ဘုရားအား သိကျွမ်းလာစေရန် ကြိုးစားနေစဉ်တွင် ကောင်းကင်တမန်များသည် ကျွန်ုပ်တို့အပါးသို့ချဉ်းကပ်လာ၍ စိတ်ဓာတ်ခွန်အားများ တက်လာစေရန် အားပေး၍ ကျွန်ုပ်တို့သည် ကယ်တင်ရှင်နှင့်ပို၍တူလာကြမည် ဖြစ်ပါသည်။ ၎င်းအပြင် ကျွန်ုပ်တို့သည် သဘာဝတရားတွင်ရှိသည့် လှပတင့်တယ်သောအရာများနှင့် ကြီးကျယ်ခမ်းနားမှုများကို တွေ့မြင်ရသောအခါ ထာဝရဘုရားအား ချစ်ခင်စုံမက်လာခဲ့ပါသည်။ စိတ်နှလုံးသည် စိုးရွံ့ထိတ်လန့်နေစဉ်တွင် လက်ရာတော်များမှ တစ်ဆင့် အနန္တတန်ခိုးရှင်နှင့်အဆက်အသွယ်ရခြင်းအားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် စိတ် ဓာတ်စွမ်းရည်များနှင့် ကိုယ်ကျင့်တရားစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေပါသည်။ ဝိညာဉ်ရေးနှင့် ပတ်သက်သောအရာများအပေါ် တွေးခေါ်မှုများကိုပြုစုပျိုးထောင်စဉ်ဝိညာဉ်ရေးနှင့် ပတ်သက်သောတန်ခိုး များသည် အားကောင်းလာစေပါသည်။

         သခင်ယေရှု၏အသက်တာသည် ထာဝရဘုရား၏အလိုတော်နှင့် ကိုက်ညီသည့်အသက်တာတစ်ခု ဖြစ်ပါသည်။ ကိုယ်တော်သည် ငယ်စဉ်အခါတွင် သူငယ်လိုစိတ်ထင်၍ သူငယ်လိုစကားပြောခဲ့သော်လည်း ဘုရားသခင်၏သဏ္ဌာန်တော်ကို ပျက်ယွင်းစေမည့်အရာ တစ်စုံတစ်ခုကိုမျှ ကိုယ်တော်၌မတွေ့ရချေ။ သို့စေကာမူ ကိုယ်တော်သည် စုံစမ်း‌နှောင့်ယှက်ခြင်းမှ မကင်းလွတ်ခဲ့ချေ။ နာဇရက်မြို့သူမြို့သားများသည် ၎င်းတို့၏ဆိုးသွမ်းမှုများအတွက ကျော်ကြားသူများဖြစ်ကြပါသည်။ “ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတစ်ခုမျှထွက်နိုင်သလော” ဟူသော နာသနေလ၏မေးခွန်းအားဖြင့် အများတကာ၏ ၎င်းတို့အပေါ် အထင်သေးမှုကိုထင်ရှားစေခဲ့ပါသည်။ စာရိတ္တတော်ကိုအစမ်းသပ်ခံမည့်နေရာတွင်ကိုယ်တော်ကိုအသက်ရှင် စေခဲ့ပါသည်။ ကိုယ်တော်သည် မိမိ၏ဖြူစင်သန့်ရှင်းသော အသက်တာကိုထိန်းသိမ်းစောင့် ရှောက် ရန်အလို့ငှါ အမြဲတမ်းသတိနှင့်နေထိုင်ရန် လိုအပ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝများအတွက် စံနမူနာဖြစ်နိုင်စေရန် ကျွန်ုပ်တို့တွေ့ကြုံရမည့် တိုက်လှန်ပွဲအားလုံးကိုကြုံတွေ့ခံစား ခဲ့ရပါသည်။

         စာတန်သည်သူငယ်တော်ယေရှုအား ချေမှုန်းအောင်မြင်ရန် မမောတမ်းမပန်းတမ်းကြိုးစားခဲ့ပါသည်။ ငယ်ရွယ်စဉ်အချိန်မှစ၍ ကောင်းကင်တမန်များအားဖြင့် ကာကွယ်စောင့်ရှောက်ပေးခဲ့သော်လည်း ကိုယ်တော် ၏အသက်တာသည် မကောင်းမှုဆိုင်ရာအင်အားစုများနှင့် အချိန်ရှည်လျားစွာ ဆန့်ကျင်ရုန်းကန်ရသော အသက်တာတစ်ခုဖြစ်ခဲ့ပါသည်။ ဒုစရိုက်အညစ်အကြေးနှင့် ကင်းလွတ်သောလူတစ်ယောက်ကမ္ဘာပေါ်တွင် ရှိခြင်းသည် စာတန်အတွက်မနှစ်မြို့စရာ၊ စိတ်ရှုပ်ထွေးစရာတစ်ခုဖြစ်ပါသည်။ သူသည် သခင်ယေရှုအား နည်းမျိုးစုံအသုံးပြု၍ စုံစမ်းခဲ့သည်။ မည်သည့်သူငယ်တစ်စုံတစ်ယောက်မျှ ခရစ်တော်ကဲ့သို့ စုံစမ်းခြင်းဖြင့် ပြီးသောပြင်းထန်သည့်တိုက်လှန်ပွဲအလယ်တွင်သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။

         သခင်ယေရှု၏မိဘများသည် ပစ္စည်းဥစ္စာဆင်းရဲ၍ တစ်နေ့လုပ်မှတစ်နေ့စားရမည့်သူများဖြစ်ကြ သဖြင့်ကိုယ်တော်သည်ဆင်းရဲခြင်း၊ အပျော်အပါးရှောင်ကြဉ်ခြင်းနှင့်ချို့တဲ့နွမ်းပါးခြင်းများကိုကောင်းစွာနား လည် သဘောပေါက်ခဲ့ပါသည်။ ဤအတွေ့အကြုံသည် ကိုယ်တော်အတွက် အကာအကွယ်တစ်ခုဖြစ်ခဲ့ပါ သည်။ အလုပ်ကိုကြိုးစားလုပ်ဆောင်ခဲ့ရသော ကိုယ်တော်ရှင်၏အသက်တာတွင် စုံစမ်းခြင်းကိုခေါဖိတ်ရန် အတွက် ပျင်းရိဖွယ်အချိန်လုံးဝမရှိခဲ့ချေ။ အကျင့်စာရိတ္တဖောက်ပြန်သည့်အပေါင်းအဖော်များအတွက် လမ်းဖွင့်ပေးရန် အလဟဿအချိန်များလည်းမရှိခဲ့ချေ။ ကိုယ်တော်သည်စာတန်မဝင်နိုင်ရန် တတ်နိုင်သမျှ တံခါးပိတ်ထားခဲ့ပါသည်။ ဥစ္စာဓနနှင့်ကာမဂုဏ် ခံစားခြင်းသည်လည်းကောင်း၊ ချီးမွမ်းခြင်းနှင့်အပြစ်တင် ပြောဆိုခြင်းသည်လည်းကောင်း၊ အမှားကိုလုပ်ဖို့သဘောတူရန် ကိုယ်တော်အားမသွေးဆောင်နိုင်ခဲ့ချေ။ ကိုယ်တော်သည်မကောင်းမှုဒုစရိုက်ကို ခွဲခြားသိမြင်ရန်အမြော်အမြင်ရှိ၍ ခုခံတွန်းလှန်ရန်ခွန်အားရှိတော်မူ သည်။

         ခရစ်တော်သည်ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ခဲ့သည့်လူသားများတွင်တစ်ဦးတည်းသောအပြစ် ကင်းသူဖြစ်ပါသည်။  သို့စေကာမူ ကိုယ်တော်သည် ဆိုးသွမ်းသောနာဇရက်မြို့သားများအလယ်တွင် နှစ်ပေါင်း သုံးဆယ်နီးပါးနေထိုင်ခဲ့ပါသည်။ ဤအချက်သည် အပြစ်တင်ခြင်းနှင့်ကင်းသောအသက်တာဖြင့် နေထိုင်နိုင် စေရန်အလို့ငှါ နေထိုင်ရမည့်နေရာဌာနနှင့် ကံကြမ္မာ (သို့မဟုတ်) ကောင်းစားခြင်းအပေါ်တွင်မူတည်ကြောင်း ထင်မြင်သောသူများအတွက် ဆုံးမစကားတစ်ခုဖြစ်ပါသည်။ စုံစမ်းနှောင့်ယှက်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်းများသည် ဖြူစင်သန့်ရှင်းခြင်းနှင့်ဇွဲကောင်းခြင်းကို တိုးတက်ဖွံ့ဖြိုးရန်လိုအပ်သော စည်းမျဉ်းများ ဖြစ်ကြပါသည်။

         သခင်ယေရှုသည် တောသူတောင်သားမိသားစု တစ်ခုတွင်အသက်ရှင်ကြီးထွားခဲ့ပြီး မိမိနှင့် ပတ်သက် သည့် အိမ်မှုတာဝန်များကို သစ္စာရှိစွာဖြင့်နှောင့်နှေးဆိုင်းတွခြင်းမရှိဘဲလုပ်ဆောင်ခဲ့ပါသည်။ ကိုယ်တော်သည် ကောင်းကင်ဗိုလ်မင်းဖြစ်ခဲ့ပြီး ကောင်းကင်တမန်များသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို ဖြည့် ဆည်းရန် နှစ်ခြိုက်ခဲ့ကြပါသည်။ ယခုတွင်မူ ကိုယ်တော်ရှင်သည် စိတ်စေတနာရှိသော ကျွန်တစ်ဦး၊ ချစ်စရာ ကောင်းပြီး နားထောင်မှုရှိသည့် သားတစ်ဦးဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် လက်သမားပညာကိုသင်ယူကာ ယောသပ်နှင့်အတူလက်သမားအလုပ်ရုံတွင် ကိုယ်တော်၏လက်တော်များဖြင့် အလုပ်လုပ်တော်မူခဲ့ပါသည်။ သာမန်အလုပ်သမားအဝတ်တို့ကိုဝတ်ဆင်လျက် ကိုယ်တော်သည် ထိုမြို့ငယ်ကလေး၏လမ်းများတွင် မိမိ၏ နိမ့်ကျသောအလုပ်ရုံသို့ အသွားအပြန်လမ်းလျှောက်ခဲ့ရပါသည်။ ကိုယ်တော်သည် မိမိ၏ဝန်ကိုလျော့နည်း သွားရန်အတွက်သော်လည်းကောင်း၊ မိမိ၏ပင်ပန်းတကြီးလုပ်ကိုင်ခြင်းများကို ပေါ့ပါးသွားစေရန်အတွက် သော်လည်းကောင်း ဘုရားဇာတိ၏ တန်ခိုးအစွမ်းများကို အသုံးမပြုခဲ့ချေ။

         သခင်ယေရှုသည် ကလေးဘဝနှင့်လူငယ်ဘဝများတွင် အလုပ်လုပ်ခဲ့စဉ်တွင် အသိဉာဏ်နှင့်ခန္ဓာ ကိုယ်သည် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ကျန်းမာရေးအတွက် ခွန်အားများကို ချုပ်ထိန်းထားသော်လည်း အဘက်ဘက်မှအကောင်းဆုံးအလုပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကိုယ်တော်သည်မိမိ၏ခန္ဓာကိုယ် ခွန်အားများကို အရမ်းမဲ့အသုံးမပြုခဲ့ချေ။ အသုံးပြုသောပစ္စည်းများကို ကိုင်တွယ်သုံးစွဲရာတွင်ပင် ချွတ်ယွင်းမှု များရှိရန်မလိုလားခဲ့ချေ။ ကိုယ်‌တော်သည် အကျင့်စာရိတ္တဘက်တွင် ပြည့်စုံသကဲ့သို့ အလုပ်သမားတစ်ဦး အနေဖြင့်လည်း စုံလင်ခဲ့ပါသည်။ လုံ့လဝီရိယစိုက်ထုတ်လုပ်ကိုင်ရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ကြောင်းကို လည်းကောင်း၊ ကျွန်ုပ်တို့၏အလုပ်များကိုတိတိကျကျ၊ စေ့စေ့စပ်စပ်လုပ်ဆောင်သင့်ကြောင်းကိုလည်း ကောင်း၊ ထိုကဲ့သို့သောလုပ်ကိုင်မှုများသည်ဂုဏ်ယူဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏အသက်တာ စံနမူနာအားဖြင့် သွန်သင်တော်မူခဲ့ပါသည်။ လက်များကိုအသုံးဝင်ရန်သွန်သင်သောလုပ်ငန်းများနှင့် အသက်တာ၏ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်ရန်လူငယ်များအားလေ့ကျင့် ပညာပေးသောလုပ်ငန်း များ သည် ခန္ဓာကိုယ်ခွန်အားများကို ဖြစ်ထွန်းစေပြီးလျှင် အဘက်ဘက်မှစွမ်းအားများ ကိုလည်းဖွံ့ဖြိုးတိုး တက်စေပါသည်။ လူတိုင်းသည် မိမိအတွက်အကျိုးကျေးဇူးရှိ၍ အခြားလူများအတွက်အမအစဖြစ်မည့် လုပ်ငန်းများကို ရှာဖွေလုပ်ဆောင်သင့်လှပါသည်။ ထာဝရဘုရားသည် အလုပ်ကိုကောင်းချီးမင်္ဂလာတစ်ပါး အနေဖြင့် သတ်မှတ်ထားပြီး ကြိုးစားလုပ်ဆောင်သော အလုပ်သမားများသည်သာအသက်တာ၏စစ်မှန် သောကျက်သရေနှင့် ဝမ်းမြောက်မှုကိုတွေ့ရှိကြရပါသည်။ ထာဝရဘုရား၏ သဘောကျ နှစ်ခြိုက်ခြင်းသည် နှစ်သက်ဖွယ်သောအာမခံချက်နှင့်အတူ မိခင်ဖခင်များ၏ ဝန်တာများကို မျှဝေထမ်းဆောင်လျက် အိမ်မှုကိစ္စ တာဝန်များတွင် မိမိတို့လုပ်ဆောင်ရမည့်ကဏ္ဍကိုမခိုမကပ်ဘဲလုပ်ဆောင်ကြသည့်ကလေးများနှင့် လူငယ်များ အပေါ်တွင် ကျရောက်ပါသည်။ ထိုကဲ့သို့သောကလေးများသည် လူ့အဖွဲ့အစည်းတွင် အသုံးဝင်သောသူများ ဖြစ်လာရန် အိမ်ထောင်များမှထွက်ပေါ်လာကြလိမ့်မည်။

         လောကအသက်တာတစ်လျှောက်လုံးတွင် သခင်ယေရှုသည် စိတ်အားထက်သန်၍ မခြားမလပ်လုပ် ဆောင်သော လုပ်သားကောင်းတစ်ဦးဖြစ်ခဲ့ပါသည်။ များများမျှော်လင့်ခဲ့သည့်အတွက် များများကြိုးစားလုပ် ဆောင်ခဲ့ပါသည်။ အမှု‌တော်မြတ်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက် ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူ သောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏” ဟု မိန့်တော်မူခဲ့ပါသည်။ (ယောဟန် ၉း၄)။ သခင်ယေရှုသည် ကိုယ်တော်၏ နောက်လိုက်များဖြစ်ကြောင်း ဝန်ခံထားသည့် အချို့သောသူများကဲ့သို့ တာဝန်ဝတ္တရားကို ခိုကပ်ခြင်းမရှိခဲ့ချေ။ သူတို့သည် ဤအသက်တာစည်းမျဉ်းကို ရှောင်ဖယ်ရန်ကြိုးစားကြသောကြောင့် ခွန်အားနည်းပါး၍ လုပ်ကိုင်ရာတွင် အရည်အချင်းညံ့ဖျင်းလာခဲ့ကြပါသည်။ သူတို့သည်အဖိုးတန်၍ နှစ်လိုဖွယ်ကောင်းသော ကြန်အင်လက္ခဏာများကို ပိုင်ဆိုင်နိုင်ကြသော်လည်း ခွန်အားမဲ့၍ အခက်အခဲများကို တွေ့ဆုံဖြေရှင်းရမည့် အချိန်များ (သို့မဟုတ်) အဟန့်အတားများကို ကျော်လွှားရမည့်အချိန်များတွင် အသုံးမကျသလောက် ဖြစ်နေကြသည်။ ခရစ်တော်၏အသက်တာတွင် ထင်ရှားစွာတွေ့မြင်ခဲ့ရသော ခိုင်မာတိကျပြတ်သားခြင်းနှင့် ကြိုးစားအားထုတ်ခြင်းများသည်လည်းကောင်း၊ သိပ်သည်းကျစ်လျစ်ခြင်းနှင့် စာရိတ္တကောင်းမွန်ခြင်းများ သည်လည်းကောင်း ကိုယ်တော်ရှင်လိုက်နာကျင့်ဆောင်ခဲ့သောစည်းမျဉ်းကို လိုက်နာကျင့်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အသက်တာများသည်လည်း ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း ‌ဖော်ပြရန်ဖြစ်ပါသည်။ ၎င်းပြင် ကိုယ်တော်ရရှိခံစားခဲ့ရသည့် ကရုဏာတော်သည် ကျွန်ုပ်တို့အတွက်ဖြစ်ပါသည်။

         လူသားများအထဲ၌ နေထိုင်တော်မူခဲ့သည့်အချိန်ပိုင်းတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့၏ကယ်တင်ရှင် သည် ဆင်းရဲသားများ၏ကံကြမ္မာကို မျှဝေခံစားခဲ့ပါသည်။ ၎င်းတို့၏ပူပန်သောကများနှင့်အခက်အခဲ အကျပ်အတည်းများကို ကိုယ်တွေ့ခံစားခြင်းအားဖြင့် သိတော်မူခဲ့သည့်ပြင် နိမ့်ကျသောအလုပ်သမား အားလုံးကို နှစ်သိမ့်တော်မူနိုင်ခဲ့ပြီး အားပေးတိုက်တွန်းတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်သွန်သင်ချက်များ၏ သဘောတရားအမှန်များကို သိရှိသောသူတို့သည် လူတန်းစားခွဲခြားခြင်းကိုလည်းကောင်း၊ ချမ်းသာသူများကို ဆင်းရဲသားများထက်ပို၍  အခွင့်အရေးပေးခြင်းများကိုလည်းကောင်း မည်သည့်အခါမှပြုကြလိမ့်မည် မဟုတ်ချေ။

         သခင်ယေရှုသည် လုပ်ငန်းခွင်တွင် ရွှင်ပြသောစိတ်ဓာတ်များ၊ ချက်ချက်ချာချာအဆင်ပြေအောင် ဆောင်ရွက်တတ်သည့်စိတ်ဓာတ်များဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ထိုကဲ့သို့လုပ်ဆောင်နိုင်ရန် သည်းခံမှုများစွာ လိုပါသည်။ ၎င်းပြင် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘာသာတရားကိုအိမ်ထောင်စုများနှင့် အလုပ်ရုံများတွင် ယူဆောင်သွားရန်လိုအပ်ပြီး လောကစီးပွားရေးလုပ်ငန်းများ၏အစွန်းအကွက်များကို သည်းခံလျက် ဘုရားသခင်၏ဘုန်းတော်ကိုသာ ဦးလည်မသုန်ထောက်ရှုကြရန် များစွာလိုအပ်ပါသည်။ ဤနေရာတွင် ခရစ်တော်သည် မစမည့်အရှင်ဖြစ်တော်မူခဲ့ပါသည်။ ကောင်းကင်နှင့်ပတ်သက်သော အရာများကို စဉ်းစားလုပ်ဆောင်ရန် အချိန်မလောက်အောင် ကိုယ်တော်၌ လောကပူပန်မှုများမရှိခဲ့ချေ။  စိတ်နှလုံး၏ဝမ်းမြောက်မှုများကို ဆာလံသီချင်းများ၊ ကောင်းကင်နိုင်ငံနှင့်ပတ်သက်သော ဓမ္မသီချင်းများအား ဖြင့် ကိုယ်တော်သည် မကြာခဏထုတ်ဖော်ခဲ့ပါသည်။ နာဇရက်မြို့သူမြို့သားများသည်ကိုယ်တော်၏ဘုရား ဂုဏ်တော်ကျေးဇူးတော်ချီးမွမ်းသံများကို မကြာခဏကြားခဲ့ရပါသည်။ ကိုယ်တော်သည် ဓမ္မတေးသီချင်း အားဖြင့် ကောင်းကင်နိုင်ငံနှင့်မိတ်သဟာယဖွဲ့ခဲ့သည်။ ၎င်းပြင် အလုပ်ပင်ပန်းသည့်အတွက် ညည်းညူသော အပေါင်းအဖော်များသည် ကိုယ်တော်၏နှုတ်တော်မှထွက်လာသည့် သာယာသောတေးသံများအားဖြင့် ရွှင်လန်းအားတက်ခဲ့ကြရပါသည်။ ကိုယ်တော်၏ဂုဏ်တော်ချီးမွမ်းသံများသည် နတ်ဆိုးများကိုနှင်ထုတ်နိုင် သည့် လက္ခဏာရှိပြီး နံ့သာများကဲ့သို့ နေရာတိုင်းကို အမွှေးအကြိုင်များနှင့်ပြည့်ဝစေပါသည်။ ကိုယ်တော်၏ ဂုဏ်တော်ချီးမွမ်းသံများကို ကြားရသည့်လူများ၏စိတ်နှလုံးသည် လောကတစ်ကျွန်းတစ်နိုင်ငံမှသည် ကောင်းကင်ရွှေအိမ်နန်းသို့တိုင် ယူဆောင်ခြင်းကိုခံရကြပါသည်။

         သခင်ယေရှုသည် ကမ္ဘာသူကမ္ဘာသားများအတွက် အနာပျောက်ကင်းခြင်းကရုဏာတော်၏ အခြေခံ တိုက်မြစ်ဖြစ်တော်မူပါသည်။ နာဇရက်မြို့တွင် တစ်သီးပုဂ္ဂလနေထိုင်ခဲ့ရသော နှစ်များတစ်လျှောက်လုံးတွင် ကိုယ်တော်၏အသက်တာမှ သနားကြင်နာမှုများနှင့် နူးညံ့သိမ်မွေ့သော စိတ်သဘောထားများသာ ယိုစီးခဲ့ပါသည်။ သက်ကြီးရွယ်အိုများ၊ ဝမ်းနည်းပူဆွေးနေကြသောသူများ၊ အပြစ်၏ဝန်လေးနေကြသောသူ များ၊ အပြစ်ကင်းသောဝမ်းမြောက်ဝမ်းသာမှုနှင့် ကစားနေကြသောကလေးများနှင့် သစ်တောငယ်ကလေးမှ သေးငယ်သည့်သတ္တဝါများအားလုံးတို့သည် ၎င်းတို့နှင့်အတူ ကိုယ်တော်ရှင်ရှိတော်မူသည့်အတွက်ပိုမို ပျော်ရွှင်မှုကိုခံစားကြရပါသည်။ တန်ခိုးကြီးသောနှုတ်တော်ထွက်အမိန့်တော်အားဖြင့် ကမ္ဘာဂြိုလ်များကို ပင့်မြှောက်တည်ရှိစေသော ကိုယ်တော်သည် ထိခိုက်ဒဏ်ရာရသော ငှက်ကလေးတစ်ကောင်၏အနာကို သက်သာစေရန် လောကသို့ဆင်းသက်ကြွလာတော်မူခဲ့၏။ ကိုယ်တော်ရှင်၏ဂရုစိုက်ခြင်းအတွက်ပမာဏ မပြုလောက်သောအရာတစ်စုံတစ်ခုမျှမရှိချေ။ ကိုယ်တော်သည် အလုပ်အကျွေးပြုရန်မထိုက်တန်ဟု အထင် အမြင်သေးသောအရာ တစ်စုံတစ်ခုမျှမရှိချေ။

         ဤသို့နှယ်သခင်ယေရှုသည် အစဉ်အတိုင်းကြီးထွားလာ၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။ လူအားလုံးအပေါ်တွင် သနားကြင်နာခြင်းရှိကြောင်း ဖော်ပြလုပ်အောင်ခြင်း အားဖြင့် လူအများ၏သနားယုယမှုကိုရရန် ဆွဲဆောင်တော်မူခဲ့သည်။ မျှော်လင့်ခြင်းနှင့်ရဲစွမ်းသတ္တိ ပြည့်စုံ သော ပတ်ဝန်းကျင်သည် ကိုယ်တော်အား ဝန်းရံရစ်ပတ်ထားသဖြင့် ကိုယ်တော်သည် အိမ်ထောင်တိုင်း အတွက် ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်ခဲ့ပါသည်။ ၎င်းပြင် တစ်ခါတစ်ရံတွင် ကိုယ်တော်ရှင်အား ဥပုသ်နေ့၌ တရားဇရပ်တွင် ပုရောဖက်ရေးသားထားသော စာများကိုဖတ်၍ တရားဟောရန်ဖိတ်ခေါ်ခြင်းကိုခံခဲ့ရ ပါသည်။ ထိုအခါများတွင် ကြားခဲ့ရသောတရားစကားများသည် ကြားနေကျကျမ်းချက်များဖြစ်သော်လည်း အသစ်သောအလင်းတရားတစ်ခု ထွန်းလင်းသကဲ့သို့ ကြားနာရသောတရားနာပရိသတ်၏ စိတ်နှလုံးတွင် ပီတိဖြစ်ခဲ့ကြပါသည်။ သို့စေကာမူ ခရစ်တော်သည် ပကာသနကိုရှောင်ရှားတော်မူခဲ့ပါသည်။ နာဇရက်မြို့တွင် နေထိုင်ခဲ့သောနှစ်များတွင် ကိုယ်တော်သည် အံ့ဩဖွယ်နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမျှ ပြတော်မမူခဲ့ချေ။ ကိုယ်တော်သည် မြင့်မြတ်သောရာထူးများကိုရရန် မကြိုးစားခဲ့သည့်ပြင် မည်သည့်ဘွဲ့နာမကိုမှလည်း အသုံးမပြုခဲ့ချေ။ ကိုယ်တော်၏အေးချမ်းငြိမ်သက်၍ ရိုးသားသောကလေးဘဝ အသက်တာနှင့်ထိုငယ်ရွယ် စဉ်အသက်တာအကြောင်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားခြင်းမပြုခြင်းသည်ပင် အရေးကြီးသောသင်ခန်း စာတစ်ခုကို သွန်သင်နေပါသည်။ လူတို့ပြုလုပ်ဖန်တီးထားသည် စိတ်လှုပ်ရှားစရာများနှင့် ပိုမိုကင်းရှင်း၍ သဘာဝနှင့်ပိုမိုဆီလျော်သော သာ၍အေးချမ်းငြိမ်သက်ပြီး သာ၍ရိုးသားသောအသက်တာဖြင့်နေထိုင်ရသည့် ကလေးဘဝသည် ကိုယ်ခန္ဓာစွမ်းရည်များနှင့် စိတ်တန်ခိုးများအပြင် ဝိညာဉ်ရေးခွန်အားများ တိုးတက်စေရန် အတွက် သင့်မြတ်ကောင်းမွန်လှပါသည်။

         သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် စံနမူနာဖြစ်ပါသည်။ များစွာသောလူများသည် ကိုယ်တော်၏ လူသိရှင်ကြားအမှုတော်ဆောင်သောအချိန်များတွင် ကိုယ်တော်အားစိတ်ဝင်စားမှုရှိခဲ့ကြသော်လည်းသူငယ် တော်ဘဝတွင် ပြုလုပ်ခဲ့သည့်သွန်သင်ချက်များကို သတိမမူခဲ့ကြချေ။ သို့သော် ကိုယ်တော်ရှင်၏ အိမ်တွင်း အသက်တာသည် ကလေးငယ်အားလုံးနှင့် လူငယ်အားလုံးအတွက် ပုံစံနမူနာတစ်ခုဖြစ်ပါသည်။ နိမ့်ကျသော လူသားများဖြစ်သည့် ကျွန်ုပ်တို့သည် ထာဝရဘုရားသခင်နှင့် မည်မျှနီးကပ်စွာလျှောက်လှမ်းနိုင်ကြောင်းကို ကျွန်ုပ်တို့အား သွန်သင်နိုင်ရန် ကယ်တင်ရှင်သည် ဆင်းရဲနွမ်းပါးသည့် ဘဝအခြေအနေထဲသို့ ကိုယ့်ကိုကိုယ် နှိမ့်ချလျက်ဝင်စားခဲ့ပါသည်။ ကိုယ်တော်ရှင်သည် သာမန်ကိစ္စများတွင် အဖခမည်းတော်နှစ်သက်စေရန် အတွက်သော်လည်းကောင်း၊ အဖဘုရားအား ဂုဏ်ပြုရန်အတွက်သော်လည်းကောင်း၊ အဖဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက်သော်လည်းကောင်း နေထိုင်အသက်ရှင်ခဲ့ပါသည်။ မိမိ၏အမှုတော်ကို တစ်နေ့လုပ်မှတစ်နေ့စားရသော လက်မှုပညာများ၏ နိမ့်ကျသောလုပ်ငန်းများတွင် ဆက်ကပ်၍လုပ်ကိုင်ခြင်း ဖြင့် အစပြုခဲ့ပါသည်။ ကိုယ်တော်သည်လူများစွာတို့အတွက် နိမိတ်လက္ခဏာများကို ပြတော်မူသောအချိန်မှာ ကဲ့သို့ လက်သမားရုံတွင် အလုပ်လုပ်သောအခါတွင်လည်း ကြိုးစားလုပ်ကိုင်၍ ထာဝရဘုရား၏အမှုတော်ကို ဆောင်ရွက်တော်မူခဲ့ပါသည်။ ၎င်းပြင် နိမ့်ကျသောအိမ်ထောင်တွင် ခရစ်တော်ကျင့်သုံးခဲ့သော သစ္စာရှိမှုနှင့် နားထောင်မှုနမူနာများကို ကျွန်ုပ်တို့ လိုက်လျှောက်ကြပါမည်။ အဖဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ကိုယ်တော့်အကြောင်း မိန့်တော်မူခဲ့သော နှုတ်ထွက်စကားများကို မှန်ကန်ကြောင်းလူငယ်တိုင်း အခိုင်အမာပြောဆိုနိုင်ကြမည်ဖြစ်ပါသည်။ “ ငါထောက်မသော ငါ့ကျွန်ရင်း---ငါ‌ရွေးချယ်ထားသော---ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။” (ဟေရှာ၊ ၄၂း၁)။

 

No comments:

Post a Comment