Wednesday, April 29, 2026

 

၃။ ဘုရားသခင်ကို ချီးမွမ်းကြလော့

ဆုတောင်းခြင်းဖြင့် အစပြုရန်

ဘုရားသခင်ကို မည်သို့ ချီးမွမ်းမည်နည်း။

          ဗျာဒိတ်ကျမ်း ၁၄း၆-၇ မြေကြီး ပေါ်မှာ နေသောသူ တည်းဟူသော အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။

          ယနေ့တရားဟောချက်သည် ပထမကောင်းကင်တမန်၏ ဒုတိယမြောက် ဆင့်ဆိုချက်ဖြစ်ပါသည်။ မည်သည့် အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြရမည်နည်း။ ဘုရားသခင်ကို ချီးမွမ်းရအောင် ကျွန်ုပ်တို့၏ အခြေအနေ မည်ကဲ့သို့ ရှိသနည်း။

          ရောမဩဝါဒစာ အခန်းကြီး ၃း၂၃ တွင် ကျွန်ုပ်တို့၌ မည်သည့် အရာမျှ မရှိဘဲ ဘုရားသခင်၏ ဘုန်းတော်ကို မည်သို့ ချီးမွမ်းရမည်နည်း။ ရှင်ပေါလုက အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ။

          ဘုရားသခင် မိန့်တော်မူသည့်အတိုင်း နာခံမှုမရှိသော သေခြင်းအပြစ်ကြောင့် ဘုရားသခင်၏ ဘုန်းတော် ဝတ်လုံကာကွယ်မှု မရှိသော ကျွန်ုပ်တို့၏ အခြေအနေကို စစ်ဆေးပါ။ ဂုဏ်တော်ကို ချီးမွမ်းတတ်ဖို့ ဘုရားသခင်၏ ဘုန်းတော်ကို ရှေးဦးစွာ နားလည်ရပါမည်။ ကျွန်ုပ်တို့ကို စွန့်ခွါသွားခဲ့သော ဘုရားသခင်၏ ဘုန်းတော် အသရေကို ဦးစားပေးပြီး လေ့လာသွားကြပါစို့။ ကျမ်းစာတွင် ဘုရားသခင်၏ ဘုန်းတော်ကို ပြင်ပ ဘုန်းတော်နှင့် အတွင်းဂုဏ်တော် ဆိုပြီး နည်းလမ်းနှစ်သွယ်ဖြင့် ခွဲခြား ဖော်ပြထားပါသည်။

         ဘုရားသခင်၏ ဘုန်းတော်ကို ဖော်ပြသော နေရာတွင် လူသား၏ မျက်စိအမြင်ဖြင့် ခံနိုင်ရည်အစွမ်း မရှိသော အလင်းဟု နားလည် ထားကြပါသည်။ ဥပမာ- သေခြင်းမှ ရှင်ပြန် ထမြောက်လာသော သခင်ခရစ်တော်၏ အရောင်အလင်းကို ရောမစစ်သားများ ခံနိုင်ရည် အစွမ်းမရှိသလိုမျိုး ပေါ်လွင် နေသော ဘုန်းတော်ကို ဆိုလိုခြင်းဖြစ်သည်။

         ဘုရားသခင်၏ ဒုတိယဘုန်းတော်သည် အတွင်းသဏ္ဌာန်မှ ပေါ်ထွက်လာသော ဂုဏ်တော်ဖြစ်ပါသည်။

          ထွက်မြောက်ရာကျမ်း ၂၄း၁၅-၁၇ ဤကျမ်းချက်တွင် ဖော်ပြထားသော ဘုန်းတော်သည် ထာ၀ရဘုရားသခင်၏ ပြင်ပ၌ ပေါ်လွင်သော အရောင်အလင်း မဟုတ်ဘဲ ဘုရားသခင်၏ အတွင်း သဏ္ဌာန်ဖြစ်သည့် ဂုဏ်တော်ကို မောရှေမြင်တွေ့ရခြင်း ဖြစ်ပါသည်။ မောရှေသည် တောင်တော်ပေါ်သို့ တက်၍မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ ထာ၀ရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာ ထိ၍ မိုးတိမ်သည် ခြောက်ရက်ပတ်လုံး လွမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍ မောရှေကို ခေါ်တော်မူ၏ ။ ထာ၀ရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သော မီးကဲ့သို့ထင်၍ ဣသရေလအမျိုးသား တို့သည် မြင်ရကြ၏။

          ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ပထမကောင်းကင်တမန် ကြွေးကြော်ပြီး ဆင့်ဆိုသော ဘုန်းတော်သည် ထာ၀ရဘုရားသခင်၏ အတွင်း သဏ္ဌာန်ဂုဏ်တော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အတွင်းမှ ကိန်းအောင်းနေသော ဘုရား၏ စာရိတ္တဂုဏ်တော် တန်ခိုးဖြစ်ပါသည်။ ဘုရားသခင်၏ အတွင်းနှင့် ပြင်ပဘုန်းတော် အကြောင်းကို သိရှိနားလည်ရန် မောရှေ၏ဘ၀ အသက်တာမှတ်တမ်းကို လေ့လာလျှင် အကောင်းဆုံး သင်ခန်းစာကို ရရှိပါလိမ့်မည်။ မောရှေသည် သခင်ခရစ်တော်၏ စရိုက်လက္ခဏာကို  အကောင်းဆုံး အလင်းရောင်ပြန်သော ခေါင်းဆောင်ဖြစ်ပါသည်။

          တရားဟောရာကျမ်း ၁၈း၁၈ တွင် မောရှေနှင့်တူသော ပုရောဖက်တစ်ပါးကို စေလွှတ်မည်ဟု ကတိပေးခြင်း ဖြစ်သည်။ မောရှေ၏ ခေါင်းဆောင်မှုနှင့် တူသည့် သခင်ခရစ်တော်ကို စေလွှတ်မည်ဟု ဘုရားသခင် ကတိပေးခြင်းဖြစ်ပါသည်။ သူတို့ အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပုရောဖက်တစ်ပါးကို သူတို့ အဖို့ ငါပေါ်ထွန်းစေ၍ ထိုပုရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။

          ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၃း၁၈ ဘုရားသခင်၏ အထံတော်မှ မောရှေသည် ပြင်ပတွင် မြင်ရသော အရောင် အလင်း ဘုန်းတော်ကို တွေ့မြင်လို၍ တောင်းဆိုပါသည်။ တစ်ဖန်တုံ ကိုယ်တော်၏ ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်။

          ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၃း၁၈ ဤကဲ့သို့ မောရှေတောင်းဆိုသော်လည်း ပြင်ပတွင်ပေါ်လွင် ထင်ရှားသော ဘုန်းတော်ကို မပြဘဲ ဘုရားသခင်သည် မိမိ၏ အတွင်းစာရိတ္တသဏ္ဌာန်ဖြစ်သော ဂုဏ်တော်မြတ်ကို ပြတော်မူပါသည်။ ထာ၀ရဘုရားက ငါ၏ ကောင်းမွန်ခြင်း ရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာ၀ရဘုရား၏ နာမတော်ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုမည်။ သနားလိုသောသူကို သနားမည်။

          ဘုရားသခင်၏ ကောင်းမြတ်သော ဂုဏ်တော်၊ မြင့်မြတ်သော စိတ်သဘောကို ဖော်ပြတော်မူပါသည်။

          ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၄း၅-၇ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ဂုဏ်တော်၊ မြင့်မြတ်သော စိတ်ထားနှင့် အတွင်း စာရိတ္တသဏ္ဌာန်တော်အား မောရှေကို မြင်တွေ့ခွင့် ပေးတော်မူသည်။ ဘုရားသခင်၏ ဂုဏ်တော်ကို ကိုယ်တိုင်မြင်ခဲ့ရသော မောရှေက ထာ၀ရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်၍ ထိုအရပ်၌ မောရှေအနားမှာ ရပ်လျက် ထာ၀ရဘုရား၏ နာမတော်ကို ကြွေးကြော်တော်မူ၏။ ထာ၀ရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက် ထာ၀ရဘုရား၊ ထာ၀ရဘုရား ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွ၀တော်မူထသော အထောင်အသောင်းများသော သူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော အဓမ္မကျင့်ခြင်း၊ လွန်ကျူးခြင်း၊ ပြစ်မှားခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက်ဖြေလွှတ်တော်မမူထသော သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။

          ဘုန်းတော်ကို ပြပါဟု မောရှေတောင်းဆိုသောအခါ ထာ၀ရဘုရားသည် မြင့်မြတ်သည့် အတွင်း သဏ္ဌာန် စာရိတ္တဖြစ်သော မိမိ၏ ဂုဏ်တော်ကိုပြတော်မူသည်။ ဘုရားသခင် ဖော်ပြသော အတွင်း စာရိတ္တသဏ္ဌာန်ကို မြင်ပါသလား။ အတွင်း စာရိတ္တသဏ္ဌာန်၏ ဂုဏ်တော် အသရေအားဖြင့် ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့ပါသည်။ အတွင်းစာရိတ္တသဏ္ဌာန်၏ ဂုဏ်တော် အသရေအားဖြင့် ကယ်တင်တော်မူခဲ့ပါသည်။ အတွင်းစာရိတ္တသဏ္ဌာန်၏ ဂုဏ်တော် အသရေတော်အားဖြင့် လူသားအဖို့ ရည်မှန်းထားသမျှကို ပြန်လည် ပေးတော်မူခြင်း ဖြစ်ပါသည်။

          ဆာလံကျမ်းအခန်းကြီး ၁၉း၁ တွင် ဖန်ဆင်းခြင်းနှင့် ကယ်တင်ခြင်း အမှုသည် ထာ၀ရဘုရားသခင်၏ အတွင်း စာရိတ္တသဏ္ဌာန်ဂုဏ်တော်ကို ဖော်ပြခြင်း ဖြစ်ပါသည်။ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သော အရာများကို ပြသ၏။

          ဆာလံကျမ်း အခန်းကြီး ၇၉း၉ ထာ၀ရဘုရား၏ အတွင်း စာရိတ္တသဏ္ဌာန် ဖြစ်သော ဂုဏ်တော်ကို ကယ်တင်ခြင်း လုပ်ငန်းတွင်လည်း ဖော်ပြထားပါသည်။ ကယ်တင်တော်မူသော ဘုရား၊ နာမတော်၏ ဂုဏ်ကို ထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့် အကျွန်ုပ်တို့ကို  နုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။

          ဆာလံကျမ်းအခန်းကြီး ၈၅း၉ နာမတော်၊ ဂုဏ်အသရေတော်အားဖြင့် ထာ၀ရဘုရား၏အတွင်း စာရိတ္တသဏ္ဌာန်တော်အရ၊ ကျွန်ုပ်တို့ကို ကယ်တင်တော်မှုခြင်းဖြစ်ပါသည်။ ငါတို့ပြည်၌ ဘုန်းတော်ကိန်းဝပ်မည် အကြောင်း ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန် ရောက်လေပြီ။

          အချိန်တိုင်းအနီးနားတွင် ကျွန်ုပ်တို့ မြင်တွေ့နိုင်သော ဘုရားသခင်၏ ဂုဏ်တော်ဆိုသည်မှာ ကယ်တင်လိုသော ဘုရားသခင်၏ စာရိတ္တသဏ္ဌာန်တော်ဖြစ်ပါသည်။ မောရှေတောင်းဆိုချက်အတိုင်း ဘုရားသခင်သည် မိမိဖြစ်တော်မူသည်အတိုင်း ဖော်ပြလိုခြင်းဖြစ်သည်။

          ထွက်မြောက်ရာကျမ်းအခန်းကြီး ၃၄း၂၉ တွင် ဘုရားသခင်၏ ဂုဏ်တော်ကို နားလည်မြင်တွေ့ခဲ့သော မောရှေမှ တစ်ဆင့်၊ မောရှေသည် သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ကိုင်လျက် သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့် မိမိမျက်နှာ အရေထွန်းပကြောင်းကို မိမိမသိ။

          ထာ၀ရဘုရား၏ အတွင်း စာရိတ္တသဏ္ဌာန်ဖြစ်သော ဂုဏ်တော်ကို မြင်ရကြားရ နားလည်လာသော အချိန်မှစပြီး လူသားမောရှေ၏ ပြင်ပပေါ်လွင်မှုတွင်လည်း ထူးခြားလာခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် လူသား၏ မျက်နှာတွင် ပေါ်လွင်လာပါသည်။ မောရှေမှ တစ်ဆင့် အလင်းရောင်ပြန်သော ဘုရားသခင်၏ ဂုဏ်တော်၏ တန်ခိုးဖြစ်သည်။

          ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၃း၁၁ တွင် မောရှေ၏ မျက်နှာပေါ်တွင် မည်သူ၏ ဘုန်းတော်ထွန်းလင်းသနည်း။ ဘုရားသခင်၏ ဘုန်းတော်ဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းတော်သည် လူသား၏ အသက်တာမှ နေ၍ သက်ဝင်အလင်းရောင်ပြန်သော တန်ခိုးအစွမ်း ရှိပါသည်။ ထာ၀ရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏ လက်ထောက်နုန်၏သား ယောရှုမည်သော လုလင်သည် တဲတော်မှ မထွက်ဘဲ နေ၏။

          တောလည်ရာကျမ်း အခန်းကြီး ၁၂း၃ တွင် ဘုရားသခင်နှင့် မောရှေသည် အကြိမ်ပေါင်းများစွာ မျက်နှာချင်းဆိုင် နှုတ်ဆက်ခဲ့ပါသည်။ ထို့ကြောင့် မောရှေသည် သာမန်လူထက်ပို၍ ထူးခြားပါသည်။ ထူးခြားချက်များမှာ မောရှေသည် မြေကြီးပေါ်မျာ ရှိနေသော သူအပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘောရှိ၏။

          နူးညံ့သိမ်မွေ့မှုသည် ဘုရား၏ ဂုဏ်တော် အနန္တကို သိမြင်နားလည်ခြင်းမှ ရရှိလာသော အကျိုးရလဒ်ဖြစ်သည်။ နူးညံ့သိမ်မွေ့သော စိတ်သဘောမှ လွယ်လွယ်ဖြင့် စိတ်မဆိုးတတ် ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်ကို အလင်းရောင်ပြန်သော အကျိုးရလဒ်ဖြစ်ပါသည်။

          ထွက်မြောက်ရာကျမ်း အခန်းကြီး ၂း၁၁၊ ၁၂ တွင် မောရှေ၏ အသက်တာသည် အစပိုင်း အသက်တာနှင့် လုံး၀ခြားနားသွားပါသည်။ မောရှေအသက်တာအစပိုင်းကို ကျမ်းစာက မောရှေသည် ကြီးသောအခါ မိမိအမျိုးသားချင်းတို့ ရှိရာသို့ သွား၍ သူတို့ အမှုထမ်းရသော အခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသား ဟေဗြဲလူတစ်ယောက်ကို အဲဂုတ္တုလူရိုက်သည်ကို မြင်လျှင် ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှ မရှိသည်ကို သိသောအခါ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြုပ်ထားလေ၏။

          အကြမ်းဖက်မှုကို လိုလားသော နာဇီကဲ့သို့ စာရိတ္တသဏ္ဌာန်ကို ပိုင်ဆိုင်ပါသည်။ အဲဂုတ္တုတိုင်းပြည်၏ လောင်းရိပ်အောက်တွင် ကြီးထွားလာပြီး အဲဂုတ္တုနိုင်ငံ၏ စာရိတ္တသဏ္ဌာန်၊ အတွင်း စိတ်သဘောများမှ မောရှေ၏ နှလုံးသား အတွင်းသို့ ကူးစက်သွားပြီး အဲဂုတ္တုတိုင်းပြည်၏ စရိုက်လက္ခဏာသည် မောရှေ၏ အသက်တာတွင် ထင်ရှားခြင်း ဖြစ်ပါသည်။

          ထိုကြောင့် မောရှေ၏ အသက်တာကို သုံးပိုင်းမြင်တွေ့နိုင်ပါသည်။ ပထမနှစ်ပေါင်း ၄၀ အဲဂုတ္တုတိုင်းပြည်၌ အသက်တာ၊ ဒုတိယနှစ်ပေါင်း ၄၀- မိဒျန်တောထဲ၌ အသက်တာ၊ တတိယနှစ်ပေါင်း ၄၀- ခေါင်းဆောင် အသက်တာဖြစ်ပါသည်။

          ပထမနှစ်ပေါင်း ၄၀ တွင် အီဂျစ်နိုင်ငံ၏ ဘုန်းတန်ခိုး ယဉ်ကျေးမှုကို အလင်းရောင်ပြန်ဟပ်သော အသက်တာ ဖြစ်ပါသည်။ နောက်နှစ်ပေါင်း ၄၀ တွင် ဘ၀၏ ဩဝါဒကို ခံယူနာခံခြင်းဖြင့် အလင်းရောင်ပြန်ဟပ်သော အသက်တာဖြစ်သည်။ နောက်ဆုံး နှစ်ပေါင်း ၄၀ တွင် ဘုရားသခင်၏ ဂုဏ်တော် အနန္တဖြစ်သောသည်းခံ စိတ်ရှည်သနားကြင်နာခြင်းကို အလင်းရောင်ပြန်ဟပ်သော အသက်တာဖြစ်ပါသည်။ ခရစ်တော်၏ စာရိတ္တဂုဏ်တော်ကို ရောင်ပြန်ဟပ်သော အသက်တာဖြစ်သည်။ မောရှေ၏ အသက်တာသည် ဘုရားသခင်၏ ဂုဏ်တော်အလင်းကို ရောင်ပြန်ဟပ်သည့် အသက်တာဖြစ်ပါသည်။

          တရားဟောရာကျမ်း ၁၈း၁၈ တွင် မောရှေသည် သူ့ထက်သာပြီး ကြီးမြတ်သော ခရစ်တော်ကိုပုံဆောင်သူ ဖြစ်သည်။ တစ်နေ့မှာ ပေါ်ထွန်းလာမည့် သိုးထိန်းကြီး သခင်ခရစ်တော်ကို ကိုယ်စားပြုသူ ဖြစ်ပါသည်။ သူတို့ အမျိုးသားချင်းတို့ အထဲ၌ သင်နှင့်တူသော ပုရောဖက်တစ်ပါးကို သူတို့ အဖို့ငါ ပေါ်ထွန်းစေ၍ ထိုပုရောဖက် နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁း၁၄ တွင် ကတိပေးထားသည့်အတိုင်း မောရှေနှင့် တူသော ပုရောဖက် တစ်ပါးပေါ်လာပြီး ဖြစ်ကြောင်းကို ကျမ်းစာက "နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့် လည်းကောင်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းထဲသို့သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ဘုရားသခင်၏ ဂုဏ်တော်ကို အပြည့်အစုံဖော်ပြပေးနိုင်သော အစွမ်းရှိသူ ဖြစ်သည်။ ခရစ်တော်သည် မိမိ၏ ဂုဏ်အသရေတော်ကို သာမက အဖခမည်းတော်၏ ဘုန်းတော်ကို လည်း ထင်ရှားစေသည်။

          ရှင်ယောဟန် ခရစ်ဝင်အခန်းကြီး ၁း၁၈ အမှောင် ကမ္ဘာထဲတွင် ထာ၀ရဘုရား၏ ဂုဏ်တော်ကို ဖော်ပြဖို့ သခင်ခရစ်တော်ကြွဆင်းလာခြင်းဖြစ်ပါသည်။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။

          ဘုရားသခင် ဖြစ်တော်မူသည့် အတိုင်း မသိမမြင်နိုင်သော ကျွန်ုပ်တို့၏ အသိဥာဏ်၊ သေခြင်း အကျဉ်းထောင်ထဲတွင် အမှောင်တိုက်ချခံထားရသော ကျွန်တော်တို့ နားလည်န်ိုင်ရန် သခင်ခရစ်တော်သည် ဘုရားသခင်၏ အတွင်း စာရိတ္တသဏ္ဌာန်ဂုဏ်တော်ကို ထင်ရှားစေတော်မူသည်။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၇း၁၈ အစအဦး၌ ဘုရားသခင်၏ ဂုဏ်တော်ကို ကိုယ်တိုင်မြင်တွေ့ရသော သူဖြစ်သောကြောင့် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို စုံလင်စွာ ထုတ်ဖော်ပြသနိုင်သော သူဖြစ်ပါသည်။ ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။

          သခင်ခရစ်တော်၏ ဂုဏ်အသရေတော်ကို မောရှေသည်သိနာတောင်ပေါ်တွင် တွေ့မြင်ခဲ့ရသည်။ မောရှေ၏ အသက်တာသည် သခင်ခရစ်တော်၏ ဂုဏ်တော်ကို အလင်းရောင်ပြန်ဟပ်ခြင်းသာ ဖြစ်ပါသည်။

          ရှင်မဿဲခရစ်ဝင် ၁၄း၂၃ ခမည်းတော်၏ ဘုန်းတော်၊ ဂုဏ်တော် စာရိတ္တတော်ကို ဤလောကတွင် သခင်ခရစ်တော် အကောင်းဆုံးဖော်ပြခဲ့ပါသည်။ ခမည်းတော်၏ ဘုန်းတော်ကို ထင်းရှားစေရန် ခမည်းတော်နှင့်အတူ အချိန်တိုင်း အသုံးပြုခဲ့ပါသည်။ စည်းဝေးသော သူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာပြုအံ့သောငှါ တောင်ပေါ်၌ ဆိတ်ကွယ်ရာ အရပ်သို့ တက်ကြွသဖြင့် ညအချိန် ရောက်သောအခါ တစ်ယောက်တည်းရှိနေတော် မူ၏။

          ရှင်မာကုခရစ်ဝင် ၁း၃၅ ခမည်းတော်၏ ဂုဏ်တော်ကို ရောင်ပြန်ထွန်းလင်းဖို့ သခင်ခရစ်တော်သည် ဂုဏ်တော်ဖြင့် ပြည့်၀သော အချိန်များကို အသုံးချခဲ့ပါသည်။ နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏။

          ကောရိန္တုဩဝါဒစာ ဒုတိယစောင် ၄း၆ မောရှေထက်ကြီးမြတ်သော သခင်ခရစ်တော်သည်လည်း ဤလောကတွင် အသက်ရှင်စဉ် ခမည်းတော်၏ ဂုဏ်တော်ကို ရောင်ပြန်ထင်ရှားစေသော အသက်တာဖြင့် လူ့ဇာတိကို ခံယူခဲ့ပါသည်။ မှောင်မိုက်ထဲက အလင်းထွန်းလင်းမည် အကြောင်း မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကို သိသော ဥာဏ်၏ အရောင်ကို ပေးလိုသောငှါ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၈-၁၁ ခမည်းတော်၏ ကြီးမြတ်သော ဂုဏ်တော်ကြောင့် သခင်ခရစ်တော်သည်လည်း ဂုဏ်တော်ပြည့်၀လာခြင်း ဖြစ်ပါသည်။ သခင်ခရစ်တော်ကို တွေ့မြင်ရသည့် လူတိုင်း ခမည်းတော်ကို တွေ့မြင်ရသလိုမျိုး ဖြစ်ပါသည်။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင် ယေရှုက ဖိလိပ္ပု ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့် အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော့။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို လည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည် မဟုတ်။ ငါပြုသောအမှုတို့အား ငါ၌တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို လည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို လည်းကောင်း ယုံကြလော့။ ငါ့စကားကို မယုံလျှင် ငါ့အမှုတို့ကို ထောက်၍ ယုံကြလော့။

          သခင်ခရစ်တော်ကို မြင်တွေ့သူတိုင်း၊ ဘုရားသခင်က အလွန်ထူးဆန်းပါလား၊ ကျေးဇူးကရုဏာ တကယ်ကြီးမားပါလား ဟု ချီးမွမ်းကြသည်။ သဘာ၀ဘေးမဲ့တောကို ရောက်ဖူးကြပါသလား။ တည်ငြိမ်သော ရေကန်ထဲတွင် အလင်းရောင်ပြန်ကျနေသော ရှုခင်းအလှဆုံးပုံရိပ်သည် အတုနှင့် အစစ်ခွဲခြားမရအောင် တကယ့်ကို တူနေပါသည်။ အမှန်နှင့် ပုံရိပ်များမှာလည်း တစ်ထပ်တည်းကျရောက်နေပါသည်။ ဤအရာမှာ အလင်းအရောင်ပြန်ခြင်း သဘောသဘာ၀ဖြစ်သည်။

 

          ဟိုတုန်းက လူတွေ ဖျားနာခဲ့လျှင် ဘုရားရိုက်လို့ဆိုပြီး ယူဆကြသည်။ ဘုရားသခင် ကျိန်သောကြောင့် ကပ်ရောဂါများ ဖြစ်လာခြင်းဟု ယူဆကြသည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကျန်းမာရေး ဆိုတာတွေကလည်း ကျွန်ုပ်တို့ မှီဝဲသော အစာနှင့် နေ့စဉ်အသက်တာ၏ လှုပ်ရှားမှု အကျင့် ဓလေ့မှ တစ်ဆင့် အလင်းပြန်ဟပ်ခြင်း ဖြစ်သည်။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂း၁၁ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တအမှန်ကို သခင်ခရစ်တော်လာပြီး ဖော်ပြခြင်း ဖြစ်သည်။ ထိုသို့ ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁း၄ ယေရှုခရစ်တော် ပြုမူဆောင်ရွက်သော အမှုမှန်သမျှ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရေးဖြစ်သည်။ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် ထိုအနာသည် သေနာမဟုတ်၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

          ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၁၁း၄၀ မရှိဆင်းရဲသားကို မစခြင်းနှင့် မကျန်းမာသော သူကို ကူညီခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းဖြစ်သည်။ ယေရှုကလည်း၊ သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်။ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။

          တမန်တော်ဝတ္ထု ၁ဝး၃၈ မိမိ၏ ဘုန်းအသရေတော်ကို မရှာဘဲ ခမည်းတော်၏ ဂုဏ်တော်ကိုသာ ထင်ရှားစေရန် ရွေးချယ်ဆုံးဖြတ်သောကြောင့် သခင်ခရစ်တော်သည် လူသားများ၏ ဘုရားသခင်အား အမြင်မှားသော အမှုကို ချေဖျက်ပြီး အမြင်မှန်ကို ရရှိစေသည်။ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် လည်းကောင်း၊ တန်ခိုးတော်နှင့် လည်းကောင်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့် ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။

          လုကာ ၁၃း၁၃၊ ၁၇း၁၅၊ ၁၈း၄၃။ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တအမှန်ကို ထိတွေ့ခံစားရသော သူတိုင်း ဘုရားသခင်ကို ချီးမွမ်းကြပါသည်။ ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက်

 

နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။

          ရှင်ယောဟန် ခရစ်ဝင်အခန်းကြီး ၁၇း၄ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တအမှန်ကို ထင်ရှားဖော်ပြသော အမှုတော်ပြီးဆုံးချိန်တွင် ခရစ်တော်၏ ဆုတောင်းချက်မှာ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌အပ်ပေးတော်မူသော အမှုကို အကျွန်ုပ် ဆောင်ရွက်၍ ပြီးပါပြီ။

          စေခိုင်းသည့် အတိုင်း ဆောင်ရွက်ခြင်းသည် အကြွင်းမဲ့နာခံခြင်းဖြစ်သည်။ စေခိုင်းသည် အတိုင်း ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်အလင်းကို ထင်ရှားစေသော နည်းဖြစ်ပါသည်။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇း၂၃ စေခိုင်းသည့် အတိုင်း ဆောင်ရွက်ခြင်းသည် အကြွင်းမဲ့ နာခံခြင်း ဖြစ်သည်။ စေခိုင်းသည့် အတိုင်း ဆောင်ရွက် ခြင်းဖြင့် ဘုရားသခင်၏ ဂုဏ်တော် အလင်းကို ထင်ရှားစေပါသည်။

          ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အား ပေးပါပြီ။

          လက်ဝါးကပ်တိုင်ပေါ်တွင် အပြစ်ကို အဆုံးစီရင်ခြင်းမှာ တရားမျှတပါသည်။ လက်ဝါးကပ်တိုင် အားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပို၍ ထင်ရှားစေပါသည်။ ဘုရားသခင်၏ ကြီးမြတ်သည့် ဘုန်းတော်ကိုလည်း ထင်ရှားစေပါသည်။

          ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၁၇း၂၄ တွင် လက်ဝါးကပ်တိုင် အားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပို၍ ထင်ရှားစေပါသည်။ ဘုရားသခင်၏ ကြီးမြတ်သည့် ဘုန်းတော်ကိုလည်း ထင်ရှားစေသည်။ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကို ချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသော သူတို့သည် မြင်ရမည် အကြောင်း အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့် အတူရှိနေစေခြင်းငှါ အကျွန်ုပ် အလိုရှိပါ၏။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂း၂၃၊ ၂၄ မောရှေနှင့် သခင်ခရစ်တော်သည် ဘုရားသခင်ကို ချီးမွမ်းသော အသက်တာဖြင့် အသက်ရှင်နေထိုင်

 

ခဲ့သူဖြစ်ပါသည်။ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသော အချိန်ရောက်လာပြီး ငါအမှန်အကန် ဆိုသည်ကား၊ မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်း နေ၏။ ပျက်လျှင် မူကား၊ များစွာသော အသီးကို သီးတတ်၏။

          မောရှေသည် သခင်ခရစ်တော်နှင့် အစဉ်အမြဲ ဆက်နွှယ်သောသူ ဖြစ်သည။ ခရစ်တော်ထံမှမြင်သမျှသော ဘုရားသခင်၏ ဂုဏ်တော်ကို အမှုတော်ဆောင်သော အသက်တာဖြင့် အလင်းရောင်ပြန်ဟပ် လျက်ရှိပါသည်။ မေးစရာမေးခွန်းက၊ ကျွန်ုပ်တို့ အသက်တာ၏ အခြေအနေ မည်သို့ ရှိသနည်း။

          ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈း၁၂ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းသော အသက်တာ ဆိုသည်မှာ အဘယ်နည်း။ အမှန်ကန်ဆုံး မည်သို့ ချီးမွမ်း၍ အသက်ရှင်မည်နည်း။ ကျမ်းစာထဲတွင် တစ်ဖန်တုံယေရှုက၊ ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

          သခင်ခရစ်တော်နှင့် မောရှေတို့၏ ချီးမွမ်းခြင်း နည်းလမ်းမှာ အမှန်ကန်ဆုံး နည်းလမ်းဖြစ်ပါသည်။ သခင်ခရစ်တော်ထံမှ ခံယူရရှိသော အလင်းရောင်ကို သာလျှင် ကျွန်ုပ်တို့ ရောင်ပြန် ထွန်းလင်းနိုင်လိမ့်မည်။ ခရစ်တော်သခင်ကို အကြွင်းမဲ့နာခံသူသည် ကောင်းဆုံး ချီးမွမ်းသူ ဖြစ်ပါသည်။ ဘုရားသခင်ထံမှ ရရှိသော အလင်းရောင် အတိုင်းအတာလောက်ကိုသာ ကျွန်ုပ်တို့ ရောင်ပြန်ထွန်းလင်းနိုင်မည်။

          ရှင်မဿဲ ၅း၁၄-၁၆ သခင်ခရစ်တော်က ငါသည် အလင်းဖြစ်သည်ဟု ပြောပြီးမှ ကျွန်ုပ်တို့သည်လည်း အလင်းဖြစ်တယ်ဆိုပြီး ထပ်ပြောနေတာ ဘယ်လိုအဓိပ္ပါယ်လဲ။ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သား အပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ညအချိန်တွင် မြင်နိုင်သော လကို ကြည့်ပါ။ ကိုယ်ပိုင်အလင်းမရှိသော်လည်း နေမင်းကြီး၏ အလင်းကို ရောင်ပြန်နိုင်ပါသည်။ ဘုရားသခင်၏ ကျေးဇူးကရုဏာဂုဏ်တော်ကို သိမြင်နားလည်ပြီး ဂုဏ်တော်ကို အလင်းရောင်ပြန်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိုင်သော အစွမ်းရှိပါသည်။ ချီးမွမ်းခြင်းယဇ်ကို ကျွန်ုပ်တို့ ပူဇော်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ဂုဏ်တော်အလင်းကို ယနေ့ခရစ်ယာန်အသက်တာတွင် မမြင်ရသည့် အကြောင်းရင်းမှာ ကျေးဇူးသိတတ်သော

 

စိတ်သဘောမရခြင်း ကြောင့်ဖြစ်သည်။ ကျမ်းချက်ကို ပြီးအောင် ဆက်ဖတ်ကြပါစို့။ ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ သူတစ်ပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

          ရှင်ပေတရုဩဝါဒပထမစောင် ၂း၁၁-၁၂ ကျေးဇူးသိတတ်သော စိတ်သဘောနှင့် အမှုဆောင်ခြင်းဖြင့် ကြီးမြတ်သည့် ထိုအလင်းကို လောကသားများ တွေ့မြင်ရသောအခါ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်း ဖြစ်ပါသည်။ ကောင်းမြတ်သောအရာ မှန်သမျှ အထက်မှ သက်ရောက်လာခြင်းဖြစ်ပါသည်။ ချစ်သူတို့၊ ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်း တို့ကို ရှောင်မည် အကြောင်း ဧည့်သည် အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည် အမှုမှာ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည် အကြောင်း သူတို့ ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။

          ရှင်ယောဟန်ခရစ်ဝင် ၁၅း၈ ဘုရားသခင်ထံမှလာသော ကောင်းမြတ်ခြင်း မှန်သမျှကို ကောင်းသောအကျင့်ဖြင့် အလင်းရောင်ပြန်ဟပ်သည့် အချိန်တွင် လောကီသားများ ဘုရားသခင်ကို ချီးမွမ်းကြပါသည်။ ခရစ်ယာန်ဟု လောကီသားများ နားလည်လာကြပါသည်။ သင်တို့သည် များစွာသော အသီးကို သီးသော အားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏ တပည့်မှန်ကြလိမ့်မည်။

          ခရစ်ယာန်များသည် ဘုရားသခင်၏ ဂုဏ်တော်အလင်းကို ရောင်ပြန်သီးသော အချိန်တွင် လောကီသားများ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါသည်။ မည်သည့်အသီးများကို ဆိုလိုသနည်း။ အသီးများ ဆိုသည်မှာ ခရစ်တော်၏ စရိုက်လက္ခဏာနှင့် စာရိတ္တဖြစ်ပါသည်။ ဤစာရိတ္တမျိုးကို ကျွန်တော်တို့ ကိုယ်တိုင်ထုတ်လုပ်၍ မရပါ။ ကျွန်တော်တို့၏ စိတ်နှလုံးအတွင်း ကိန်းအောင်းသော သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကြောင့် ထွက်ပေါ်လာသော ထုတ်ကုန်ဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော ဝိညာဉ်အသီးများ ဖြစ်ပါသည်။

 

          ဂလာတိဩဝါဒစာ ၅း၂၂၊ ၂၃ သခင်ခရစ်တော်၏ အတွင်းစာရိတ္တဖြစ်သော စရိုက်လက္ခဏာအသီးကို အလင်းရောင်ပြန်ဟပ်ခြင်းဖြင့် ဘုရားသခင်သည် ချီးမွမ်းခြင်းကို ခံရပါသည်။ ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။

ခရစ်တော်၏ စရိုက်လက္ခဏနှင့် စာရိတ္တကို ခရစ်ယာန်များ၏ အသက်တာတွင် မြင်တွေ့ရခြင်းဖြင့် ထိုသူတို့၏ အသက်တာကို ပြောင်းလဲပေးသော ဘုရားသခင်၏ ဂုဏ်တော်သည် တယ်ထူးဆန်းပါလား ဆိုပြီး ချီးမွမ်းကြပါသည်။ ခရစ်တော်၏ စရိုက်လက္ခဏာနှင့် စာရိတ္တမျိုးကို မွေးထုတ်ပေးနိုင်သော ဘုရားသခင်ကို ယနေ့ လူသားများ ကိုးကွယ်ရန် လိုအင်ဆန္ဒ ရှိကြပါသည်။ ကျွန်တော်တို့လည်း လိုချင်လိုက်တာဆိုပြီး ဝိညာဉ်တော်ကို ဆာလောင်လာပါလိမ့်မည်။

          ရှင်ယောဟန်ခရစ်ဝင် ၂၁း၁၈-၁၉ ရှင်ပေတရု သေဆုံးသွားသောအခါ ဘုရားသခင်၏ ဘုန်းတော်ကို လူအများချီးမွမ်းကြပါသည်။ ဘုရားသခင်၏ သစ္စာတည်မြဲခြင်းကိုလည်း နားလည်လာသည်။ ကျမ်းစာထဲမှာ-

          ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကိုကိုယ် ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင် သူတစ်ပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော် အဘယ်သို့သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် အရိပ်ကိုပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု ပေတရုအား မိန့်တော်မူပြန်၏။

          ဗျာဒိတ်ကျမ်း အခန်းကြီး ၁၈း၁ ဘုရားသခင်၏ ဘုန်းတော်ကို ရှင်ပေတရု ထင်ရှားစေခဲ့သော နည်းလမ်းကဲ့သို့ နောက်ဆုံးသော နေ့ရက်ကာလတွင်လည်း ဘုရားသခင်၏ ဘုန်းတော်ကို လောကီသားများ ချီးမွမ်းကြဦးမည်။

          ထိုနောက်မှ ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက် ရှိ၏။

 

          ဟေရှာယအနာဂတ္တိကျမ်း ၅၈း၆-၈ ကောင်းကင်တမန်၏ ရောင်ခြည်ဖြင့် မြေကြီးသည် ဘုရားသခင်၏ ဘုန်းတော်ကို ထွန်းလင်းလိမ့်မည်။ ကောင်းကင်တမန် ကူညီသော လူများမှ တစ်ဆင့် ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တတော်ကို လောကီသားများ မြင်ရမည်။ ဘယ်လိုဘုန်းတော်မျိုးဖြစ်မလဲ ဆိုတာကို ကျမ်းစာက ငါနှစ်သက်သော အစာရှောင်ခြင်း ဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကို ချခြင်း၊ ညှဉ်ဆဲခံရသေ သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်း မဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ ဆင်းရဲသော သူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ်မရှိသော သူကို မြင်လျှင် အဝတ်ကို ပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲ နေခြင်းမဟုတ်လော။ သို့ပြုလျှင် သင်၏ အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍ အလျင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သခင်ရှေ့၌သွား၍ ထာ၀ရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။မည်သည့် ဘုန်းတန်ခိုးပေါ်လွင် ထင်ရှားလာမလဲ။ အပြင်ပ ဘုန်းတန်ခိုးလား။ အတွင်းသဏ္ဌာန် စာရိတ္တဂုဏ်တော်လား။ အလင်းရောင်သည် တစ်ဖန်ကြီးစွာ ထင်ရှားဦးမည်။

          ချီးမွမ်းခြင်းဆိုသည်မှာ ဘုရား၏ ဂုဏ်တော်နှင့် စာရိတ္တအလင်းကို ရောင်ပြန်ဟပ် ထင်ရှားစေသော အသက်တာ ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တတော်ကို တပည့်တော်များမှ တစ်ဆင့် လောကသို့ အလင်းရောင်ပြန်ရမည်။ ကျွန်ုပ်တို့၏ စိတ်သလောနှင့် အပြုအမှုမှ တစ်ဆင့် လောကသားများ သခင်ခရစ်တော်ကို မြင်တွေ့ရမည်။ ထာ၀ရဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင်၏ ပကတိစာရိတ္တ၊ ဂုဏ်တော်ကို ခရစ်ယာန်များ အလင်းရောင်ပြန်သော အသက်ရှင်ခြင်း ဖြင့် မြင်ရသည့် အလင်းဖြစ်ပါသည်။

          ၁ ကော ၆း၁၉၊ ၂၀ နောက်ဆုံး ကျန်ကြွင်းသော အသင်းတော်တွင် ဘုရားသခင်၏ ဂုဏ်တော်အလင်းကို ရောင်ပြန်ထင်ရှားစေသော လူနည်းစု တစ်စု ရှိပါသည်။ ညီအစ်ကို မောင်နှမပေါင်းတို့၊ ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေဖို့ ပထမကောင်းကင်တမန်က တောင်းဆိုနေပါသည်။ မိတ်ဆွေတို့၊ ဘယ်လိုတုံ့ပြန်မည်နည်း။ အဘယ်သို့နည်း၊ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို လည်းကောင်း၊ မိမိတို့ကို မိမိတို့

 

မပိုင်ကြောင်းကို လည်းကောင်း၊ မသိကြသလော။ သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။

          ၁ ကော ၁ဝး၃၁ ထာ၀ရဘုရားသခင်၏ ဘုန်းတော် ကို ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင်၏ ပကတိ စာရိတ္တတော် ဂုဏ်တော်ကို ခရစ်ယာန်များ အလင်းရောင်ပြန်သော အသက်ရှင်ခြင်းဖြင့် မြင်ရသော အလင်းဖြစ်သည်။ သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း မည်သည့်အမှုကို ပြုသော် လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။ကိုယ်ခန္ဓာစိတ်ဝိညာဉ်ဖြင့် တုံ့ပြန်ကြမည်ဟု မျှော်လင့်ပါသည်။

          ကျန်းမာရေးနှင့် လူလူချင်းဆက်ဆံရေးသည် ဆက်နွှယ်မှု ရှိပါသလား။ ဘုရား၏ ဘုန်းတော်ကို ထင်ရှားစေဖို့ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ထိန်းသိမ်းမရမည်။ ကျန်းမာသော ကိုယ်ခန္ဓာဖြင့် ကျန်းမာသော စိတ်ဝိညာဉ်ကို ကျွန်ုပ်တို့ကို လိုအပ်သည်။ ဘုရားသခင်၏ ဘုန်းတော်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ယာယီတဲဖြစ်သော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအားဖြင့် ချီးမွမ်းကြပါ။

          ၂ ကော ၃း၁၈ ကျွန်ုပ်တို့၏ စိတ်သဘော နိယာမ တရားအရ ကျွန်ုပ်တို့ နေ့စဉ်မြင်တွေ့နေရသော အရာများကို ကျွန်ုပ်တို့၏ အသက်တာမှ အလင်းရောင်ပြန်ပါသည်။ ငါတို့ ရှိသမျှသည် မျက်နှာ ဖုံးကို ဖွင့်လျက် မှန်ကြည့်သကဲ့သို့ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြ၏။

          ရုပ်မြင်သံကြားမမြင်ရသည်အရာကို လူ၏ အသက်တာဖြင့် အလင်းရောင်ပြန်ကြသည်။ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တတော်ကို မောရှေကိုယ်တိုင် တွေ့မြင်ခဲ့ရပြီး ချီးမွမ်းသော အသက်တာဖြင့် အလင်းရောင်ပြန် ထင်ရှားပါသည်။ ကျွန်ုပ်တို့စားသော အစားအစာဖြင့် ကိုယ်ခန္ဓာကိုတည်ဆောက်ပါသည်။ ဝိညာဉ်ရေးရာတွင်လည်း ထိုနည်းအတူ ဖြစ်သည်။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို စွဲလမ်းခြင်းဖြင့် ခရစ်တော်ကို ချီးမွမ်းနိုင်မည့် အသက်တာမျိုး ပေါ်ထွက်လာမည်ဟု မျှော်လင့် ၍မရပါ။

 

          သခင်ခရစ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းနိုင်ရန် ခရစ်တော်နှင့်အတူ အချိန်ကုန်လွန်စေရမည်။ ကျွန်တော်တို့၏ စိတ်ဝိညာဉ်အထဲသို့ ဝင်ရောက်ခွင့်ပေးသော အမြင်အတိုင်း မိမိတို့၏ အကျင့်စရိုက် လက္ခဏာ ဖြစ်ပေါ်လာပါသည်။ ကိုယ်ခန္ဓာအတွက် ပါးစပ်ဖြင့်အစားရသလို ဝိညာဉ်ရေးအတွက် အစာကို အမြင်၊ အကြား၊ အထိအတွေ့အားဖြင့် မှီဝဲရသည်။

          ပထမကောင်းကင်တမန်၏ သတင်းစကားသည် မိမိတို့၏ စိတ်နှလုံးကို ခရစ်တော်နဲ့ နေ့စဉ် မှန်ကန်စွာ ဆက်ဆံခြင်းဖြင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ပြောင်းလဲပေးသော ကျေးဇူးကရုဏာ တရားကို ခံယူကြပြီး ချီးမွမ်းခြင်း အသက်တာဖြင့် အသက်ရှင်နေထိုင်ဖို့ ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်ကို ကျွန်ုပ်တို့များများ မြင်လေလေ၊ အလင်းကြီးကို ရောင်ပြန်သော အလင်းငယ်သည်လည်း ပို၍ တောက်ပသည်။ ခရစ်တော်နှင့် နီးကပ်လာလေလေ၊ အချိန်တိုင်း အတူတူနေလေလေ၊ ခရစ်တော်၏ စရိုက်သည်လည်း ကျွန်တော်တို့ ထံသို့ ကူးစက်လာပါသည်။


ပိုးတုံးလုံးပုံပမာ- ဖါးလောင်းပြောင်းလဲခြင်း” (mနအalmသစ့နျငျ)

          သခင်ခရစ်တော်နှင့် အပြစ်သားတို့၏ ဆက်နွှယ်ခြင်းကြောင့် ပြောင်းလဲနိုင်သော နည်းဗျူဟာသည်လည်း ထိုနည်းအတိုင်း ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်အားလုံးကို ထင်ရှားစေမည့်သူကို ယနေ့ ဘုရားသခင် လိုအပ်နေပါသည်။ ပထမကောင်းကင်တမန်၏ သတင်းစကားကို ကြားနာခဲ့ရသော သူများသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အသက်တာဖြင့် အသက်ရှင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

          မည်သည့် အရာမျှမရှိလျှင် ကျွန်ုပ်တို့ ပေးနိုင်သော အရာဘာမျှ မရှိပါ။ သခင်ယေရှုနဲ့ နီးကပ်စွာ ဆက်နွှယ်ခြင်းဖြင့် ဘုရား၏ ဂုဏ်တော်ကို များများ ရောင်ပြန်ဟပ်

 

နိုင်ဖို့ ခံယူကြပါ။ သူတို့ ကိုးကွယ်တဲ့ ဘုရားဟာ သူတို့၏ အသက်တာကို ပြောင်းလဲပေးနိုင်သောကြောင့် တယ်တန်ခိုးကြီးပါလား။ ဝိညာဉ်အသီးတွေကလည်း တယ်ထူးဆန်းပါလား။ လောကီသားများသည် ဘုရားသခင်ကို မိတ်ဆွေတို့၏ အသက်တာဖြင့် ချီးမွမ်းကြပါစေ။

          ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေကြလော့။ ချီးမွမ်းကြလော့။ ပထမကောင်းကင်တမန်၏ တောင်းဆိုချက်ကို သဘောပေါက်ပြီ ဟု ယူဆပါသည်။ ပထမကောင်းကင်တမန်၏ တောင်းဆိုချက် သုံးခုမှ ဒုတိယမြောက် ဆင့်ဆိုချက် ဖြစ်သော ဘုရားသခင်၏ အတွင်း သဏ္ဌာန်ဂုဏ်တော်ကို မြင်ရအောင် နေ့စဉ်ဘုရားသခင်ကို မြော်ကြည့်ပြီး အသက်ရှင်သောသူ ဖြစ်ကြပါစေ။ ဘုရားသခင်၏ စာရိတ္တ သဏ္ဌာန်ကို ကြည့်ခြင်းဖြင့် အလင်းရောင်ပြန်ဟပ်နိုင် ကြပါစေ။ အားလုံးပေါ် ဘုရားသခင် ကောင်းချီးသွန်းလောင်းချပေးပါစေ။ အာမင်။

          ထာ၀ရဘုရားကို ကိုးကွယ်ကြလော့၊ဆိုသည့် ပထမကောင်းကင်တမန်၏ တတိယဆင့် ဆိုချက်ကိုလည်း နက်ဖြန်လာပြီး ဆက်လေ့လာကြဖို့ ဖိတ်ခေါ်ပါသည်။

 


No comments:

Post a Comment