Tuesday, April 28, 2026

 

လေးမြတ်ဖွယ်နာမတော်

တတိယပညတ်ချက်

 

         သင်၏ ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့် ဆိုင်၍မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင် ၍မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။”

(ထွက်မြောက်ရာကျမ်း ၂၀း၇)

         ဂွါတီမာလာတွင်နေခဲ့စဉ်က သိကျွမ်းခဲ့ရသည့် စည်းလုံးလျက် တက်ကြွသောထိုမိသားစုကိုတော့ကျွန်ုပ်မမေ့နိုင်ပါ။သူတို့အိမ်သို့အလည် ရောက်သောအခါ ဂွါတီမာလာသားတို့၏ ထုံးတမ်းအတိုင်း ယဉ်ကျေးပျူ ငှါစွာ မတ်တတ်ရပ်လျက် သူတို့ကိုယ်သူတို့ မိတ်ဆက်ကြပါသည်။ မိခင် ဖြစ်သူ ကာမင်းရီးယစ်က အစပြုပါသည်။ ခင်ပွန်းဖြစ်သူက မိသားစုနှင့် အတူမနေတော့ပါ။“ကျွန်မတို့သမ္မာကျမ်းစာကို လေ့လာတဲ့အချိန်ကစပြီး၊ သူအကြီးအကျယ်စိတ်ဆိုးပြီး အိမ်ကထွက်သွားခဲ့ပါတယ်” ဟု ဝမ်းနည်း စွာပြောရှာပါသည်။ ထိုနောက် အလှည့်အတိုင်း အကြီးဆုံးသမီးက “အစ္စ ဘဲလ်ရီးယစ်ဖြစ်ပါတယ်ရှင် ဟူ၍လည်းကောင်း၊ (၁၇)နှစ်အရွယ်သူ၏ မောင်ဖြစ်သူကလည်းရေမွန်ဒိုက်ပါခင်ဗျား”ဟူ၍လည်းကောင်း၊ နောက် ဆုံးဖြစ်သူ ‘မရီးယား ရီးယစ်ကလည်း ရှက်ရှက်ကြောက်ကြောက်ဖြင့် မိတ်ဆက်စကားဆိုခဲ့ပါသည်။ အားလုံးပြုံးပျော်စွာဖြင့် မိမိကိုယ်ကို ထုတ် ဖော်မိတ်ဆက်ကြသည်။

         မျိုးရိုးအမည်ခံတွင် ရီးယစ်နှင့် ‘ဒိုက်’ နှစ်မျိုးကွဲနေသည်မှာ ထူးဆန်း၍သိလိုသော်လည်း အားနာသောကြောင့် မမေးဘဲနေခဲ့သည်။ သို့သော် သူတို့က ထုတ်ဖော်ရှင်းပြပါသည်။ “ဖေဖေဟာ အရက်ကို ကြိုက် တတ်ပါတယ်။ မိသားစုထဲမှာ ကလေးတစ်ယောက် မွေးဖွားလာတိုင်း မွေးစာရင်းအတွက် ရုံးကိုသွားတဲ့အခါ သူ့ရဲ့မျိုးဆက်အဖြစ် သူ့ရဲ့နောက် ဆုံးနာမည်ကိုထည့်ပါတယ်။ တစ်ခါတလေ ဒီကလေးရဲ့ အဖေ ဘယ်သူ လဲလို့ စာရေးကမေးတဲ့အခါ ဘယ်သူသိလဲ၊ ကျုပ်တော့ မသိပါဘူးဗျာဆိုပြီးရယ်စရာလိုလုပ်ပြီးပြောတတ်ပါတယ်။ အဲဒီအခါကျတော့ အမေရဲ့ မျိုးရိုးနာမည်ကို ထည့်လိုက်ရပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့မှာ တချို့က “ရီးယစ်” ဖြစ်ပြီး တချို့တော့ ‘ဒိုက် အမျိုးဖြစ်ရပါတယ် ဟုပြောပြတော့ မှ ကျွန်ုပ်တို့နားလည်ခဲ့ရပါသည်။

         မိသားစုအနေဖြင့် ထိုအခြေအနေကို လက်ခံခဲ့ရသည်မှာ စိတ် ကျေနပ်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့လည်း စကားထွေထွေထူးထူး မပြော ဖြစ်ဘဲ အိမ်သို့ပြန်ခဲ့ကြသည်။ သို့သော် အတွေးမှာတော့ အဖေက အသိ အမှတ်မပြုတဲ့သဘောနဲ့ သူ့ရဲ့မိသားစုနာမည်ကို မပေးဘူးလို့ သိရရင် ကလေးကဘယ်လောက်ဝမ်းနည်းမှာလဲ ဟု စိတ်မကောင်းဖြစ်မိသည်။

         ဖခင်ကိုပုန်ကန်လျက် အိမ်ကို စွန့်ခွါခဲ့သော သားတစ်ယောက် အကြောင်းကို သခင်ယေရှုပြောခဲ့ဖူးပါသည်။ နောက်ဆုံးအသက်ရှင်ဖို့ပင် အခက်အခဲနှင့်ရင်ဆိုင်ရသောအခါမှ နောင်တရလျက် ဖခင်၏ အိမ်သို့ ဦးခိုက်လာခဲ့တော့သည်။ ကျမ်းစာထဲမှ အလှပဆုံးကြည်နူးဖွယ် ဤအပိုဒ် ကိုတွေ့ရပါသည်။ “အဝေးမှပင်ရှိနေစဉ် ဖခင်သည် သူ့ကို မြင်သော် သနားသဖြင့် ပြေး၍ဖက်ပြီးလျှင် နမ်းရှုပ်လေ၏" (လုကာ ၁၅:၂ဝ)။ အထံ တော်သို့ လာသမျှသောသူတို့အပေါ်ထားရှိသည့် ဘုရားသခင်၏ သဘော ထားကို ခရစ်တော်ဖော်ပြခဲ့ပါသည်။

         သခင်ယေရှုကိုယ်တော်တိုင်ကလည်း “ငါ့ထံသို့လာသော သူကို ငါသည် အလျှင်းမပယ်” ဟုမိန့်တော်မူ၏။ (ယောဟန် ၆း၃၇)။ ကျွန်ုပ်တို့ အားလုံးကိုခေါ်ပါသည်။ မတော်ကျွန်ုပ်တို့က မယုံတစ်ဝက်၊ ယုံတစ်ဝက် ဖြင့် မျှော်လင့်ချက်မသေမချာများ ဖြစ်နေပါသလား။ အကြောင်းမဟုတ် ပါ။ အရင်းခံစကားက “လာပါ” အထံတော်သို့ လာသောသူအား “ချစ်မြတ် နိုးတော်မူသောသားတော်အားဖြင့်” လက်ခံမည်။ (ဧဖက် ၁း၆)။ “ဘယ်သူ့
ကလေးလဲဆိုတာငါမသိ” ဆိုသော စကားကို ဘယ်သောအခါမှ ကြားရ မည်မဟုတ်ပါ။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အားလုံးအသိအမှတ်ပြုခံရ သည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏ တရားဝင်သားများ၊ သမီးများ ဖြစ်ကြပါသည်။

         မစိုးရိမ်နှင့်” ဟုဆိုပါသည်။ “သင့်ကိုငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကိုငါဆိုင်၏” (ဟေရှာယ ၄၃း၁)။ ဘယ်လောက်ကောင်း ထားသလဲ။ ထိုထက်မက “သင်သည် ရေကိုလျှောက်သွားသောအခါ သင် နှင့်အတူငါရှိ၏။ မြစ်တို့ကိုလျှောက်သွားသောအခါ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်းမလောင်ရ။ မီးလျှံလည်း မညှိရ” (အငယ် ၂)။ ထိုကောင်းချီးများမှာ “ငါနာမဖြင့် သမုတ်သောသူ” အတွက်ဖြစ်သည်။ (အငယ် ၇)။

         ဘုရားသခင်၏ သားသမီးများ၌ အခက်အခဲမကြုံစေရဟု ပြောမ ထားသည်ကို သတိမူပါ။ ‘ရေအားဖြင့် လည်းကောင်း၊ ‘မီး’ ကိုပင် ရင်ဆိုင် ရနိုင်သည်။ သို့သော် ကတိတော်က ‘မနစ်မွန်းစေရ၊ ‘မလောင်စေရ’၊ ခါးသီးခက်ခဲသောအချိန်မှာ ‘သင်နှင့်အတူငါရှိမည်။ အဘယ်ကြောင့်ဆို သော် “ငါ့နာမဖြင့်မှည့်ပြီ”“သင့်ကိုငါပိုင်” သောကြောင့်တည်း။

         ဖခင်၏နာမည်ကို ခံယူရခြင်းသည် ထူးမြတ်သော အခွင့်အရေး ဖြစ်၏။ ဤသဘောထားကို ရှင်ပေါလုက “ဤအကြောင်းကြောင့် ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုမှန်သမျှတို့၏ အမည် နာမအရင်းအမြစ်ဖြစ်တော်မူသော အဖခမည်းတော်၏ ရှေ့တော်တွင် ဒူးထောက်လျက် ဆုတောင်းပတ္ထနာပြု၏” ဟုဆိုပါသည်။ (ဧဖက် ၃း၁၅)။ တမန်တော်ယောဟန်ကလည်း “ငါတို့သည် ဘုရားသခင်၏ သားသမီး များဟုအခေါ်ခံရကြသော အခွင့်ကိုရကြသဖြင့် ငါတို့အား ခမည်းတော် ဘုရားသည် မည်မျှချစ်တော်မူသည်ကို ဆင်ခြင်ကြလော့” ဟုဖော်ပြပါ သည်။

နာမတော်ကိုခံယူကြောင်းသက်သေ

         ဤနာမတော်ကို ကျွန်ုပ်အဘယ်သို့ ခံယူနိုင်မည်နည်း။ ဘုရားရှင် ၏ အိမ်တော်သားအဖြစ် မြေကြီးပေါ်မှာရော ကောင်းကင်ပေါ်မှာပါ ခံယူ နိုင်ကြောင်းကို ကျွန်ုပ်၌ အဘယ်သို့ စိတ်ချစေနိုင်မည်နည်းဟု သင့်ကိုယ် သင်မသေမချာဖြစ်ကောင်းဖြစ်နေလိမ့်မည်။ အသက်တာ၌ မေးနိုင်သမျှ မေးခွန်းတို့တွင် အရေးကြီးဆုံးမေးခွန်းဖြစ်သည်။

         တပည့်တော်တို့အား မိန့်တော်မူရာ၌ ယေရှုခရစ်တော်၏ အဖြေ ကိုတွေ့ ရပါသည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့” (မဿဲ ၂၈း၁၉)။ ဗတ္တိဇံအားဖြင့် ထိုနာမတော် မြတ်ကိုခံယူခြင်းဖြစ်သည်။

          “ဗတ္တိဇံ” ဆိုသောစကားလုံးမှာ ဂရိဘာသာစကားမှ အရင်းခံပြီး အရာတစ်ခုခုကိုရေထဲသို့ထားလိုက်သည်ဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ နှစ်ခြင်းဆရာယောဟန်ကလည်း ယော်ဒန်မြစ်ထဲတွင် လူတို့အား ဗတ္တိဇံ (နှစ်ခြင်းမင်္ဂလာ)ပေးခဲ့ပါသည်။ (ယော ၃း၂၃)။ အသစ်အဆန်း တစ်ခု တော့မဟုတ်ပါ။ ဂျူးလူမျိုးများအနေဖြင့် မိမိတို့၏ မစင်ကြယ်ခြင်းများကို ဆေးကြောရန် ရေထဲသို့နစ်ချခြင်းလုပ်ထုံးကရှိနှင့်ပြီးဖြစ်သည်။

         တမန်တော်ပေါလုကလည်း ဂျူးတို့၏ ဆေးကြောခြင်း အခမ်း အနားနှင့် ဆက်စပ်၍ ခရစ်ယာန်နှစ်ခြင်းမင်္ဂလာကို “ဒုတိယမွေးခြင်းနှင့် ဆိုင်သောဆေးကြောခြင်း” ဟုပင် ခေါ်ဆိုထားပါသည်။ (တိတု ၃း၅)။ သို့သော် ရောမသို့ပေးပို့သောသူ၏စာတွင်မူ ၎င်းကိုထူးခြားသော အမြင် သစ်ဖြင့် ဥပမာဆောင်ကာ “ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏” ဟုထပ်ဆင့်၍ဖော်ပြထားသည်။ (ရောမ ၆း၄)။ တစ်ဖန် (ဂလာတိ ၂း၂၀) တွင် “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါး ကပ်တိုင်မှာအသေခံပြီ” ဟု သူ၏ဆိုလိုရင်းကို ရှင်းလင်းဖော်ပြပါသည်။


         ခရစ်တော်ထံသို့ ကျွန်ုပ်တို့အသက်တာ၏ ကြီးမားသော ပြောင်း လဲမှုကို “သေခြင်း”၊ “လက်ဝါးကပ်တိုင်မှာ အသေခံခြင်း” ဆိုသော စကားထက်ပို၍မပြောနိုင်တော့ပါ။ ကျွန်ုပ်တို့အပြစ်သားအတွက် စီရင် ချက်ကား သေဒဏ်ပင်ဖြစ်သည်။ (ရောမ ၁၂:၂) တွင် ဖော်ပြ သည်အတိုင်း ကျွန်ုပ်၏ စိတ်နှလုံးကို ပြုပြင်ခြင်းအားဖြင့် ပုံသဏ္ဌာန် ပြောင်းလဲပါမူ၊ မူမမှန်သည့် အတွေးအခေါ်ဟောင်းများနှင့် အသွင်အပြင်များ လုံးဝပ ပျောက်သွားမည်ဖြစ်သည်။ ထိုအစား အသစ်သော ထိတွေ့မှုနှင့် အနစ် သာရက နေရာယူလိမ့်မည်။ ကျွန်ုပ်တို့၏စိတ်ရင်းနှင့်ဦးတည်ချက်များတို့ သည် အလျင်ကနှင့်လုံးဝခြားနားလျက်၊ ယခင်လူဟောင်းသေ၍ လူသစ် အဖြစ် မွေးဖွားလာ၏။ ရေနှစ်ခြင်းဗတ္တိဇံဆိုသည်မှာ လူဟောင်းကို ရေ၌ မြှုပ်နှံခြင်းပင်ဖြစ်သည်။

         တစ်ချိန်တည်းမှာပင် အသစ်သော မွေးဖွားခြင်းပွဲကို ကျင်းပနေ ခြင်း လည်းဖြစ်သည်။ မွေးဖွားလာခြင်းကို လူထုရှေ့မျက်မြင်ထင်ရှား သက်သေပြခြင်း၊ ကြေညာလိုက်ခြင်းဖြစ်သည်။

 

မိဘနှင့်တူသောသားသမီးများ

         ကလေးငယ်တစ်ယောက် မွေးဖွားလာသည်နှင့် ဘယ်သူနဲ့တူ သလဲဟုသိချင်ကြသည်။

         သူ့အမေရဲ့နှာခေါင်းမျိုးပဲဟေ့” ဟု တစ်ယောက်ကပြောသည်။ “ငါ့အဒေါ်ဂျာနီနဲ့တူတယ်” ဟု သူ့မိခင်ကဆိုသည်။ “ဘယ်ဟုတ်မလဲ၊ ငါနဲ့ တူတာကွ” ဖခင်ဖြစ်သူကဝင့်ကြွားစွာ ပြောလိုက်သည်။

         အသစ်သောမွေးဖွားခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးအစစ် အမှန်ဖြစ်ပါလျှင် ကျွန်ုပ်တို့၏ ကောင်းကင်ဖခင်နှင့်ကျွန်ုပ်တို့ အမှန်တူကြ လိမ့်မည်။ တစ်ပါးသူက “သူကကြင်နာပြီးသည်းခံတတ်တယ်” “သူမက နှိမ့်ချပြီး ကူညီတတ်တယ်” စသည့်စကားတို့ဖြင့် “အို၊ ဘုရားသားသမီး လေးတွေပဲလား” ဟု ဆိုရအောင်ပင်ဖြစ်သည်။

         ယေရှုက “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏သား ဖြစ်လိုသောငှါ သင်တို့၏ ရန်သူကိုချစ်ကြလော့” ဟုမိန့်တော်မူ၏။ (မဿဲ ၅း၄၄)။ မကြင်နာထိုက်သူကို သနားကြင်နာခြင်းဖြင့် ဘုရားသခင်၏ သား သမီးဖြစ်ကြောင်းဖော်ပြသည်။ အကြောင်းမှာ ဘုရားသခင်သည် ထိုကဲ့သို့ ကြင်နာတတ်သော ဘုရားဖြစ်သောကြောင့်တည်း။ “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူတို့အပေါ်၌ မိုးကိုရွာစေတော်မူ ၏။ (အခန်းငယ် ၄၅)။

         ဤအကြောင်းအရာအားဖြင့် တတိယပညတ်ချက်ဖြစ်သည့် နာမ တော်အား ရိုသေလေးမြတ်ရမည်အကြောင်းကို ပိုမိုနားလည် သဘော ပေါက်စေပါသည်။

         မိမိကိုယ်ကို ဘုရားသားသမီးများဟုအခေါ်ခံပြီး နဂိုအမူအကျင့် အတိုင်း ဆက်လက်အသက်ရှင်နေလျှင် ဘုရားသခင်၏ နာမတော်ကို အလွဲသုံးစားပြုခြင်းသာဖြစ်သည်။ ထိုနာမတော်အားဖြင့် အမှန်တကယ် ပြောင်းလဲမှုမခံယူကြောင်းမှတ်ယူနိုင်ပါသည်။ မိသားစုနှင့်မပတ်သက်ဘဲ ထိုမိသားစု၏နာမည်ခံကို မွေးစားခံယူခြင်းမျိုးသာ ဖြစ်တော့သည်။

 

အမည်နာမတစ်ခု၏တန်ဖိုး

         သရုပ်ဆောင်မင်းသမီး Teri Hatcher သည် မိမိ၏ (၇) နှစ် အရွယ် သမီးလေးကို အိမ်တွင်သော့ခတ်ထားခဲ့ပြီး အပျော်အပါး လိုက်ထွက်သည် ဆိုသောသတင်းတစ်ပုဒ်ကို လန်ဒန်မြို့ Daily Sport ဂျာနယ်မှ ထုတ်ဝေခဲ့ သောကြောင့် သူမမှသတင်းတိုက်သို့ အသရေဖျက်မှုဖြင့်တရားစွဲဆိုခဲ့ရာအမည်နာမထိခိုက်မှုအတွက် သတင်းတိုက်မှ မင်းသမီးအား ငွေကြေး ပမာဏများစွာဖြင့်အလျော်ပေးရန် တရားရုံးမှ အမိန့်ချခဲ့ပါသည်။

         ဘုရားသခင်၏ နာမကို အဘယ်လောက်အဖိုးထိုက်သည်ဟု သင် ဆိုမည်နည်း။ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာအတိုင်း အသက်မရှင် သောအခါ ဘုရားသခင်ကို ထိခိုက်စေပါသည်။ “တစ်ပါးအမျိုးသားတို့ သည် သင်တို့အကျင့်ကိုထောက်၍ ဘုရားသခင်၏ နာမတော်ကို ကဲ့ရဲ့ တတ်ကြ၏” (ရောမ ၂:၂၄)။

         ထိုနည်းတူ ဘုရားသခင်၏ နာမကို ပေါ့ပေါ့တန်တန်ပြောဆိုသည့် စကားထဲတွင်ထည့်သုံးခြင်း၊ ညစ်ညမ်းသည့်စကားတွင် ထည့်သုံးခြင်းနှင့် အားနည်းချက်ကိုထိုးနှက်ရန် လက်နက်အဖြစ် အသုံးပြုခြင်း စသည်တို့ သည်လည်း နာမတော်၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ထိခိုက်စေပါသည်။ ထိုထက်မက မိမိ၏ အမှားကို ကာကွယ်ရန် အသုံးပြုလိုက်ခြင်းက အလွန် ဆိုးပါသည်။

         အစောပိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း ဤစာအုပ်နှင့် ပတ်သက်၍ မျက်စိမှိတ်ပြီး လက်ခံရမည်မဟုတ်ဘဲ ကျစ်လျစ်ခိုင်မာသော ဖွဲ့စည်း တည်ရှိမှုအတွက် ခိုင်လုံသည့်အထောက်အထားများစွာကို သင်ရရှိမည် ဖြစ်သည်။ သင်မည်သို့စမ်းသပ်နိုင်မည်နည်း။

         အကယ်၍ အယူအဆနှင့်ဆိုင်သော အတွေးအခေါ်တစ်ခုသာ ဖြစ် မည်ဆိုလျှင် ထင်မြင်ချက်အမျိုးမျိုးကို ဆွေးနွေးရမည်။ ဟိုဘက် သည် ဘက် အပြန်ပြန်အလှန်လှန်ရှုမှတ်ရလိမ့်မည်။ သို့သော် ယခုဖော်ပြသော အကြောင်းအရာမှာ ထိုသို့မဟုတ်။ ပညတ်ချက်တိုင်း၌ လွန်ဆန်လို့မရ သော အမိန့်အဖြစ်တည်ရှိပေသည်။ မိန့်ဆိုချက်တွင် “သင်၌ အခြားသော ဘုရားကိုမတည်လျှင် သာ၍ကောင်းမည်” (သို့မဟုတ်) “ရုပ်တုကိုးကွယ် ခြင်းသည် အကျိုးမရှိကြောင်း သင်အမှန်ဆင်ခြင်သင့်သည်” ဟူ၍မဆိုဘဲ နားထောင်လိုက်လျှောက်ရမည်ကိုသာ တောင်းဆိုပေသည်။ ထိုကြောင့် အဆိုပါပညတ်ချက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းဖြင့်မဟုတ်ဘဲ လိုက်လျှောက်နာယူအသုံးပြုခြင်းဖြင့်သာ စမ်းသပ်ရပေမည်။ တိကျသော အမိန့်တော်နှင့်အညီ ၎င်း၏ကျစ်လျစ် ခိုင်မာမှုတို့သည် စမ်းသပ်ခံယူသူတို့ ၏အသက်တာ၌ အံ့ဖွယ်အကျိုး ကျေးဇူးများ သီးပွင့်ထင်ရှားပေလိမ့်မည်။

         ပထမပညတ်ချက်ကဘုရားသခင်ကိုချစ်လျက် ကျွန်ုပ်တို့အသက် တာ၏ ဗဟိုပြုရာအဖြစ်ထားရှိစေကာ ဒုတိယပညတ်ချက်က ဘုရား သခင်အား မိမိအသက်တာ၏ ဗဟိုပြုရာအဖြစ် မည်သို့ထားရှိရမည်ကို ပို၍နားလည်စေသည်။ ယခုတတိယပညတ်ချက်က သင်မည်သို့ပြုမည် နည်း။ အဖဘုရား၏ ဖိတ်ခေါ်သံကိုလက်ခံမည်လား၊ သူ့အား သင့်အသက် တာ၏ ဗဟိုတွင်တည်ထားကာ နာမတော်နှင့် သိက္ခာတော်ကို ခံယူမည် လားဆိုသော ပထမပညတ်နှင့် ဒုတိယပညတ်ချက်တို့၏ အရေးပါမှုကို ထည့်သွင်းဖော်ပြပေသည်။

         သူ၏နှုတ်ထွက်စကားမှကတိတော်မြတ်အတိုင်း ကြွယ်ဝသော ကောင်းချီးများသည် ကျွန်ုပ်တို့အပေါ်သို့သက်ရောက်မည်၊ မသက်ရောက် မည်ကို ကျွန်ုပ်တို့၏အဖြေကသာ ပိုင်းဖြတ်ပေလိမ့်မည်တည်း။

 

***********

No comments:

Post a Comment