Tuesday, April 21, 2026

အခန်းကြီး - ၃၂။ ရောမတပ်မှူးကလေး

 

ရောမတပ်မှူးကလေး

 

ရှင်မဿဲ ၈း၅-၁၃။ ရှင်လုကာ ၇း၁-၁၇ ကိုအခြေပြုပါသည်

 

         “သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံကြည်ခြင်းမရှိကြ”ဟု သေခါနီးဖြစ်သောသားကို ကုသပေးခြင်း ခံရသောအမတ် ကို ခရစ်တော် မိန့်တော်မူခဲ့ပါသည်။ ယောဟန် ၄း၄၈။ မိမိ၏ လူမျိုးများက မိမိသည် မေရှိယဖြစ်ကြောင်း သက်သေပြရန် အပြင်ပန်း နိမိတ်လက္ခဏာများကို တောင်းခံ ကြသဖြင့် ကိုယ်တော်သည် စိတ်နှလုံးပူပန်တော် မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့၏ မယုံကြည်မှုများကြောင့် အဖန်တလဲလဲ အံ့အားသင့်ခဲ့ရပါသည်။ သို့သော် မိမိထံသို့ရောက်ရှိလာသော ရောမတပ်မှူးကလေး၏ ယုံကြည်ခြင်းကြောင့်လည်း အံ့အားသင့်ခဲ့ရပါသည်။ ထိုတပ်မှူးသည် ကယ်တင်ရှင်၏ တန်ခိုးတော်အတွက် ဒွိဟ မဖြစ်ခဲ့ချေ။ သူသည် ကိုယ်တော်အား နိမိတ်လက္ခဏာကို ကိုယ်တိုင် ကိုယ်ကျလာ ရောက် ပြသရန်ကိုပင် မတောင်းခံခဲ့ပါ။ “အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည်” ဟုသာလျှောက်ထားခဲ့ပါ၏။

         တပ်မှူး၏ ထိုငယ်သားသည် လက်ခြေသေသော ရောဂါနှင့်ပြင်းထန်စွာ ဝေ ဒနာခံစားနေရပြီး သေခါနီးအခြေအနေတွင် ရောက်ရှိနေပါသည်။ ရောမလူမျိုးများ၏ ငယ်သားများသည် ကျွန်ဈေးမှ ဝယ်လာခဲ့သော ကျွန်များသာဖြစ်ကြပြီး မတရား ရက်စက်ဆက်ဆံခြင်းများကို ခံကြရပါသည်။ သို့သော် ဤတပ်မှူးမှာမူ မိမိ၏ ငယ် သားအား နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့ပြီး ပြန်လည် ကျန်းမာလာစေရန် အလွန် ဆန္ဒပြင်းပြခဲ့ပါသည်။ ခရစ်တော်သည် ၎င်းအား ရောဂါပျောက်ကင်း စေနိုင်သည်ကို လည်း သူယုံကြည်ခဲ့ပါသည်။ သူသည် ကိုယ်တော်ရှင်အား မမြင်ဖူးသော်လည်း ကြားခဲ့ရသော သတင်းများသည် သူ၏ယုံကြည်ခြင်းကို အားဖြည့်စေခဲ့ပါသည်။ ယုဒ လူများသည် ဘာသာရေးကို အပြင်ပန်း လုပ်ဆောင်နေသည့်ကြားမှ ဤရောမ တပ် မှူးအနေနှင့် ထိုဘာသာတရားသည် မိမိတို့၏ ဘာသာတရားထက် သာလွန်ကောင်း မွန်သည်ဟု သဘောထားခဲ့ပါသည်။ အောင်နိုင်သူများနှင့် ရှုံးနိမ့်သောလူမျိုးများအ ကြားတွင် ကွဲပြားစေသော မုန်းတီးခြင်းနှင့် အမျိုးသားရေးတစ်ဖက်သတ် အထင်လွဲမှု များတည်းဟူသော အတားအဆီးများကို ထိုသူချိုးဖျက်ခဲ့ပါသည်။ ထာ၀ရဘုရား၏ အမှုတော်ထမ်းဆောင်ခြင်းအား လေးစားကြောင်း ကိုလည်းကောင်း၊ ယုဒလူများအား လည်း ဘုရားသခင်ကို ကိုးကွယ်သူများအဖြစ် ကြင်နာသနားမှုရှိကြောင်း ကိုလည်း ကောင်း သူပြသခဲ့ပါသည်။ သူသည် ကြားသိခဲ့ရသော သတင်းများအရ အသက် ဝိညာဉ်၏ လိုအပ်ချက်ကို ခရစ်တော်၏ သွန်သင်ချက်များတွင် တွေ့ရှိခဲ့ပါသည်။ ၎င်း၏ နှလုံးထဲတွင်ရှိသော ဝိညာဉ်ရေးနှင့် ဆိုင်သောအရာအားလုံးသည် ကယ် တင်ရှင်၏ နှုတ်ထွက်စကားများကို တုံ့ပြန်ခဲ့ပါသည်။ သို့သော် သူသည် ခရစ်တော်၏ ရှေ့မှောက်သို့ ဝင်ရောက်ရန် မထိုက်တန်ကြောင်း ခံစားရကာ မိမိ၏ငယ်သားအ တွက် ခရစ်တော်အား ကုသပေးဖို့ တောင်းပန်ပေးရန် ယုဒလူအကြီးအကဲများအား အသနားခံခဲ့ပါသည်။ ထိုသူများသည် ခရစ်တော်ကို ကောင်းမွန်စွာသိကျွမ်းပြီး ကိုယ် တော်ရှင့်ထံမှ ကရုဏာကို ခံစားရနိုင်မည့် ချဉ်းကပ်နည်းကိုလည်း သိရှိကြလိမ့်မည် ဟု သူထင်ခဲ့ပါသည်။

         သခင်ယေရှုသည် ကပေရနောင်မြို့ထဲသို့ ဝင်လာသောအခါ ယုဒလူအကြီး အကဲများမှ ကိုယ်စားလှယ်တစ်ဖွဲ့သည် ကိုယ်တော်ရှင်အား ထိုတပ်မှူး ၏ဆန္ဒကို ပြောပြခဲ့ကြပါသည်။ “ထိုသူသည် ယေရှုထံသို့ရောက်လျှင် ကျေးဇူးတော်ကို ခံမည့် သူသည် ခံထိုက်သောသူဖြစ်ပါသည်။ သူသည် အကျွန်ုပ်တို့ အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဖို့ တရားဇရပ်ကိုဆောက်ပါပြီ” ဟု ကျပ်ကျပ်တောင်းပန်ကြ၏။ ယေရှုသည် ထိုတပ်မှူးအိမ်သို့ ချက်ချင်းကြွတော်မူခဲ့ပါသည်။ သို့သော် လူအုပ်ကြီး၏ တိုးဝှေ့မှုကြောင့် အရောက်နှေးခဲ့ရသည်။ တပ်မှူးသည် ကိုယ်တော်ရှင်ကြွလာ တော်မူကြောင်း သတင်းကိုကြားသိရသောအခါ ကိုယ့်ကိုကိုယ်မလုံမလဲဖြစ်လာကာ မိမိအဆွေတို့ကိုစေလွှတ်၍ “သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုမခံထိုက်ပါ” ဟု လျှောက်ထားခဲ့၏။ သို့သော်လည်း ကယ်တင်ရှင်သည် ဆက်၍ကြွလာတော်မူနေသ ဖြင့် တပ်မှူးကလေးသည် နောက်ဆုံးတွင်အရဲစွန့်၍ ကိုယ်တော်ရှင်ထံချဉ်းကပ်ကာ “ကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ် ထင်ပါပြီ။ အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ ငယ်သားသည် ချမ်းသာရပါလိမ့် မည်။ ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင်သွားပါ၏။ တစ်ဦးကို လာခဲ့ဟု ဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင်လုပ်ပါ၏။ ကျွန်ုပ် သည် ရောမအစိုးရကို ကိုယ်စားပြုသောကြောင့် အကျွန်ုပ်၏ စစ်သားများသည် ကျွန်ုပ်၏ အမိန့်ကိုအသိအမှတ်ပြုခဲ့ကြသကဲ့သို့ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ထာ၀ရဘုရားသခင်ကို ကိုယ်စားပြုသောကြောင့် ဖန်ဆင်းသမျှသော အရာခပ်သိမ်း တို့သည် ကိုယ်တော်စကားတော်ကို နားထောင်ကြပါ၏။ ကျွန်ုပ်၏ ငယ်သားခံစားနေ ရသောရောဂါကို ပျောက်ကင်းသွားရန် ကိုယ်တော် အမိန့်ပေးလျှင် ရောဂါပျောက် ကင်းသွားပါလိမ့်မည်။ ကိုယ်တော်သည် ကောင်းကင်သားများကို ဆင့်ခေါ်နိုင်တော် မူပြီး ထိုသူတို့သည် အနာပျောက်ကင်းခြင်းတန်ခိုးကို ပေးသနားတော်မူလိမ့်မည်။ အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်” ဟု လျှောက် လေ၏။

         “ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် မတွေ့ဖူးသေးဟု မိန့်တော်မူ၏။” ထို နောက်တပ်မှူးအား “သင်သွားလော့၊ ယုံကြည်သည်နှင့် အညီသင်၌ဖြစ်စေဟု မိန့် တော်မူ၏။ ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်း သို့ရောက်လေ၏။”

         ခရစ်တော်ထံတွင် တပ်မှူးကလေးအတွက် ထောက်ခံချက်ပေးခဲ့ ကြသော ယုဒလူအကြီးအကဲများသည် မိမိတို့အနေဖြင့် ဧဝံဂေလိသတင်း စကားနှင့် ပတ်သက်သော စိတ်ဝိညာဉ်သည် မည်မျှခန်းခြောက်နေသည်ကို ပြသခဲ့ကြပါသည်။ သူတို့၏ မဟာလိုအပ်ချက်သည် ထာ၀ရဘုရားထံမှ ကရုဏာတော်ကိုရရန် တောင်းခံ ဖို့သာ ဖြစ်ကြောင်းကို သူတို့အသိအမှတ် မပြုခဲ့ကြချေ။ တပ်မှူးကလေးသည် ၎င်း တို့လူမျိုးကို နှစ်သက်ခဲ့သောကြောင့် သူတို့သည် မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်လျက် ၎င်းအားချီးမွမ်း ထောက်ခံခဲ့ကြပါသည်။ သို့သော် တပ်မှူးကမူ “ကျွန်ုပ် သည် ကြွလာတော်မူခြင်း ကျေးဇူးကိုမခံထိုက်ပါ” ဟု မိမိကိုယ်ကိုဖော်ပြခဲ့၏။ သူ၏ စိတ်နှလုံးသည် ခရစ်တော်၏ ကရုဏာအားဖြင့် ထိတွေ့ခြင်းကို ခံခဲ့ရပါသည်။ သူ သည် မိမိ၏မထိုက်တန်မှုကို တွေ့မြင်ခဲ့သော်လည်း ကိုယ်တော့်ထံမှ အမအစကို တောင်းခံရန် မစိုးရွံ့ခဲ့ချေ။ သူသည် မိမိ၏ကောင်းမြတ်ခြင်းကို အားကိုးခြင်းမပြုဘဲ သူ၏လျှောက်ထားချက်သည် သူ၏မဟာလိုအပ်ချက် ဖြစ်ခဲ့ပါသည်။ သူ၏ ယုံကြည် ခြင်းသည် ကိုယ်တော်၏ စစ်မှန်သောစာရိတ္တတော်၌ ခရစ်တော်ကို ကိုင်စွဲခဲ့ပါသည်။ ထိုတပ်မှူးသည် ခရစ်တော်အား နိမိတ်လက္ခဏာ ပြသူတစ်ပါးအနေဖြင့် သာမက မိတ်ဆွေတစ်ဦးအနေဖြင့် သော်လည်းကောင်း၊ လူသားများ၏ ကယ်တင်ရှင် အနေ ဖြင့်သော်လည်းကောင်း ယုံကြည်ခဲ့ပါသည်။

         အပြစ်သားတိုင်းသည် ထိုနည်းနှင်နှင်ခရစ်တော်ထံသို့ ချဉ်းကပ်နိုင်ပါသည်။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့်မဟုတ်ဘဲ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ---ငါတို့ကိုကယ်တင်တော်မူ၏” တိတု ၃း၅။ သင်သည် အပြစ်သားတစ်ဦးဖြစ်ကြောင်း၊ ဘုရားသခင့်ထံမှ ကောင်းချီးမင်္ဂလာများ ရရှိခံစားရန် မျှော်လင့်ချက် မရှိတော့ကြောင်း၊ စာတန်က သင့်အားပြောလာသော အချိန်တွင် ခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ကြွလာတော်မူခဲ့ ကြောင်းကို သူ့အားသင်ပြန်ပြော ပြလိုက်ပါ။ ဘုရားသခင့်ထံတော်တွင် ကျွန်ုပ်တို့ သည် မိမိကိုယ်ကို ထောက်ခံချက်ပေးရန် တစ်စုံတစ်ခုမျှ မရှိကြသော်လည်း ကာလ အစဉ် ကျွန်ုပ်တို့တောင်းခံသည့် အသနားခံသံများသည် ကိုယ်တော်ရှင်၏ ကယ် တင်ခြင်း တန်ခိုးတော်ကို မရှိမဖြစ်လိုအပ်ကြောင်းကို ထင်ရှားစေသည့် လုံးလုံး အကူအညီမဲ့သော ကျွန်ုပ်တို့၏ အခြေအနေပင်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် မှီခိုအား ကိုးသော စိတ်များကိုငြင်းပယ်လျက် ကျွန်ုပ်တို့သည် ကရာနီကုန်းပေါ်မှ ကပ်တိုင် ကိုကြည့်မျှော်ကာ “ကျွန်ုပ်၏လက်ထဲတွင် ပေးစရာအဖိုးအခ တစ်စုံတစ်ရာကို ယူ ဆောင်မလာပါ။ ကိုယ်တော်၏ ကပ်တိုင်ကိုသာ ကျွန်ုပ်သည် ရိုးသားစွာဖြင့် စွဲလမ်းပါ သည်” ဟုပြောဆိုနိုင် ပါသည်။

         ယုဒလူများကို ငယ်စဉ်အချိန်ကလေးဘ၀မှစ၍ မေရှိယ၏ လုပ်ဆောင်မှုများ နှင့်ပတ်သက်၍ သွန်သင်ခဲ့ကြပါသည်။ ဝိညာဉ်တန်ခိုးပါရှိသော ရှေးဘိုးဘေးများနှင့် ပုရောဖက်များ၏ နှုတ်ထွက်စကားများအပြင်၊ ယဇ်ပူဇော်ခြင်းများနှင့် ပတ်သက်သော ပုံဆောင်ကျင်းပရမည့် အခမ်းအနားများအတွက် သွန်သင်ချက်များသည် ၎င်းတို့ တွင်ရှိပါသည်။ သို့သော် သူတို့သည် ထိုအလင်းတရားကိုဂရုမမူခဲ့ကြသဖြင့် ယခုတွင် ခရစ်တော်၌ သူတို့လိုချင်သော အရာတစ်စုံတစ်ခုကိုမျှ မတွေ့မြင်ကြတော့ချေ။ သို့ သော်လည်း တစ်ပါးအမျိုးသားများထဲတွင် ပေါက်ဖွားလာသော၊ ကြီးကျယ်ခမ်းနား သော ရောမအင်ပါယာ၏ (ရုပ်တုကိုးကွယ်သည့်) ဘာသာတရားတွင် လေ့ကျက်ခဲ့ ရသော၊ စစ်သားတစ်ဦးအဖြစ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရသောသူ၏ ပညာရေးနှင့် ပတ်ဝန်းကျင်အနေအထားကြောင့် ဝိညာဉ်ရေးအသက်တာမှ အမြင်အားဖြင့် ပြတ် တောက်နေသယောင် ရှိသောယခု အချိန်တိုင် ယုဒလူမျိုးများနှင့် ယုဒလူမျိုးများအ ပေါ်ထားရှိသည့် မိမိလူမျိုးများ၏ မခံ့မညားလုပ်မှုများကြောင့် ဆီးတားပိတ်ပင်ခြင်း ခံနေရသော ဤရောမတပ်မှူးကလေးသည် အာဗြဟံ၏ သားသမီးများမမြင်ခဲ့ကြ သော သမ္မာတရားကို သိမြင်ခဲ့ပါသည်။ မေရှိယဟု အခိုင်အမာပြောဆိုနေသော ထိုပုဂ္ဂိုလ်အား ယုဒလူမျိုးများကိုယ်တိုင် လက်ခံသည်လက်မခံသည်ကို ကြည့်ရန် သူမစောင့်ဆိုင်းခဲ့ချေ။ ဤလောကကိုကြွလာလျက် ခပ်သိမ်းသော သူအပေါင်းတို့ အား အလင်းကိုပေးသော သူ၏အလင်းသည် ၎င်းအပေါ်သို့ ထွန်းလင်းသောအခါ သူသည်အလှမ်းကွာဝေးခဲ့သော်လည်း သားတော်၏ ဘုန်းတော်ကို ခွဲခြားသိမြင်ခဲ့ပါ သည်။

         ဤအရာသည် ခရစ်တော်အတွက် တစ်ပါးအမျိုးသားများထဲတွင် ဧဝံဂေလိ အမှုတော်ပြီးစီးရန် လုပ်ငန်းအတွက် ဦးဦးဖျားဖျားအောင်မြင်မှု တစ်ခုဖြစ်ပါသည်။ လောကီနိုင်ငံအရပ်ရပ်မှ လူများသည် ကောင်းကင်နိုင်ငံတော်သို့ စုရုံးလာကြမည့် အနာဂတ်အဖြစ်အပျက်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကိုယ်တော်မျှော်ကြည့်တော်မူခဲ့ ပါသည်။ သို့သော် ကိုယ်တော်၏ ကရုဏာတော်ကို ငြင်းပယ်ခြင်းအတွက် ယုဒလူများ ရရှိကြမည့်ရလဒ်ကို ဝမ်းနည်းစွာဖြင့် ရုပ်လုံးပေါ်အောင် မိန့်တော်မူခဲ့သည်မှာ “ငါ ဆိုပြန်သည်ကား လူများတို့သည် အရှေ့အရပ်၊ အနောက်အရပ်မှလာ၍ ကောင်း ကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ လျောင်းရ ကြလတ္တံ့။ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတ္တံ့” ဟူ၍ဖြစ်၏။ မည်မျှများပြားစွာသော လူ အပေါင်းတို့သည် အလွန်စိတ်ပျက်စရာကောင်းသည့် ထိုအဖြစ်အပျက်အတွက် ပြင် ဆင်လျက် နေကြပါသနည်း။ တစ်ပါး အမျိုးသားအမှောင်ကမ္ဘာထဲမှ လူများသည် ကရုဏာတော်ကို လက်ခံနေကြစဉ်တွင် အလင်းတရားရရှိခဲ့သည့် ခရစ်ယာန်နိုင်ငံ များစွာသောလူများသည် အလင်းတော်ကို ဂရုမမူခဲ့ကြပါတကား။

         ကိုယ်တော်သည် ကပေရနောင်မြို့မှ မိုင်နှစ်ဆယ်ဝေးကွာသော မြေပြန့် တွင်တည်ရှိပြီး အပေါ်မှစီးပြီးကြည့်လျှင် အလွန်လှပသော ကွင်းပြင်ကြီးတွင် တည် ရှိသော နာဣနမြို့သို့ ခရီးဆက်ခဲ့ပါသည်။ ကိုယ်တော်၏ တပည့်တော်များနှင့် အခြားသူများစွာတို့သည် ကိုယ်တော်နှင့်အတူ ခရီးသွားလျက်ရှိခဲ့ကြသည်။ လမ်း တစ်လျှောက်လုံးတွင်လည်း လူများတို့သည် ကိုယ်တော်ထံမှ မေတ္တာစကားများ၊ နှစ် သိမ့်မှုများကို တောင်းခံလျက် ရောဂါများကို ကုသပေးရန် လူနာများကို သယ်ဆောင် လာလျက် ရောက်ရှိလာခဲ့ကြပါသည်။ ၎င်းပြင် ယခုကဲ့သို့သော အံ့ဖွယ်တန်ခိုးတော် ကို အသုံးပြုတော်မူခဲ့သော ကိုယ်တော်သည် မိမိကိုယ်ကို ဣသရေလလူမျိုး၏ ရှင် ဘုရင်တစ်ပါးအဖြစ် ကြေညာတော်မူလိမ့်မည်ဟုလည်း သူတို့မျှော်လင့်လျက် ချဉ်း ကပ်ခဲ့ကြပါသည်။ လူအုပ်ကြီးသည် ကိုယ်တော်ထံတွင် စုရုံးခဲ့ကြပြီး တောင်ပေါ် ရွာကလေး၏ အဝင်တံခါးကို ဦးတည်နေသော ကျောက်တောင်လမ်းအတိုင်း ကိုယ် တော့်နောက်တော်မှ ဝမ်းမြောက်ဝမ်းသာဖြင့် မျှော်လင့်ချက်ထားကာ လိုက်လာခဲ့ ကြပါသည်။

         သူတို့သည် ရွာနားသို့ ရောက်လာကြစဉ်တွင် အသုဘချလာသော လူတစ်စု သည် ရွာအဝင်တံခါးမှ ထွက်လာကြသည်ကို မြင်တွေ့ကြရပါသည်။ ထိုလူစုသည် မြေမြှုပ်သဂြုလ်မည့် နေရာသို့ဦးတည်၍ ဝမ်းနည်းတုံ့နှေးစွာဖြင့် လျှောက်သွားနေ ကြပါသည်။ ရှေ့ဆုံးတွင် လူသေလောင်းကို အဖုံးအကာမရှိသော တလားပေါ်တွင် တင်၍ သယ်လာကြပြီး ထိုတလား၏ ပတ်လည်၌ အသံကုန်ဟစ်အော်ငိုကြွေး နေ ကြသော ဝမ်းနည်းပူဆွေးနေသူများ လိုက်ပါလာကြပါသည်။ သေသောသူအား လေး စားမှုကိုပြရန်နှင့် ကျန်ရစ်သူမိသားစုအား စာနာထောက်ထားသည့် သဘောကိုပြသ ရန် မြို့လုံးကျွတ်တမျှ အသုဘပို့ကြကြောင်း တွေ့ကြရပါသည်။

         ထိုမြင်ကွင်းသည် စိတ်ထိခိုက်စရာတစ်ခုဖြစ်ပါသည်။ သေဆုံးသွား သူသည် မုဆိုးမကြီး၏ တစ်ဦးတည်းသော သားကလေးဖြစ်သည်။ ထိုအထီးကျန်ဝမ်းနည်းပူ ဆွေးနေသော မုဆိုးမကြီးသည် မိမိအားလောကနှင့် ပတ်သက်သော အထောက် အမများ၊ နှစ်သိမ့်မှုများပေးခဲ့သော တစ်ဦးတည်းသားကလေးကို သဂြိုလ်ရန် အ လောင်း စင်နောက်မှလိုက်လာခဲ့သည်။ သူမသည် ငိုကြွေးလျက် ကိုယ်တော်၏ အ နားသို့ ရောက်ရှိသည်ကိုပင် သတိမပြုမိဘဲ မျက်မမြင်ကဲ့သို့ လျှောက်လှမ်းလာခဲ့ရာ ကိုယ်တော်ရှင်သည် သူမအနားသို့ ချဉ်းကပ်သွားပြီး နူးညံ့သိမ်မွေ့စွာဖြင့် “မငိုနှင့်” ဟုမိန့်တော်မူ၏။ သခင်ယေရှုသည် သူမ၏ဝမ်းနည်းကြေကွဲမှုအား ပျော်ရွှင်ဝမ်း မြောက်မှု အသွင်သို့ကူးပြောင်းပေးမည့် ဆဲဆဲတွင် သနားကြင်နာမှုအတွက် ထိုဖွင့် ဟချက်ကို မအောင့်အည်းနိုင်တော့ဘဲ ဖွင့်ဟတော်မူခဲ့ပါသည်။ ကိုယ်တော်သည် အနီးသို့ကြွလာပြီး တလားကိုလက်နှင့် တို့တော်မူ၏။ ကိုယ်တော်အတွက် အသေ ကောင်နှင့် တို့ထိခြင်းပင်လျှင် ညစ်ညူးမှုကို မဖြစ်နိုင်ချေ။ ထိုအခါထမ်းလာသော သူများသည် ရပ်၍ ငိုကြွေးသံများလည်းစဲသွားခဲ့ပါ သည်။ မျှော်လင့်ချက်များထားရန် အကြောင်းအလျှင်း မရှိသော်လည်း ထိုနှစ်ဖွဲ့သည် တလားအနီးသို့ မျှော်လင့်လျက် စုရုံးလာခဲ့ကြပါသည်။ ရောဂါ များနှင့် နတ်ဆိုးများကို နှင်ထုတ်ခဲ့သော ပုဂ္ဂိုလ်တစ်ပါး ရောက်ရှိခဲ့ပါပြီ။ သေခြင်းသည်လည်း ကိုယ်တော်၏ တန်ခိုးတော်အောက်တွင် အညံ့ ခံပါမည် လား။

         ကိုယ်တော်သည် ရှင်းလင်းပြတ်သား၍ တန်ခိုးအာဏာနှင့် ပြည့်စုံသောအ သံဖြင့် “အချင်းလုလင်၊ ထလော့။ သင့်အားငါအမိန့်ရှိသည်” ဟု မိန့်တော်မူ၏။ ထိုအသံတော်သည် သေနေသောသူ၏ နားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ ရာ ထိုလုလင်ငယ်သည် မျက်လုံးများဖွင့်လာခဲ့ပါသည်။ ခရစ်တော်သည် ၎င်းအား လက်ကမ်း၍ မထူလိုက်ပါသည်။ ထိုလူငယ်၏ မျက်လုံးအစုံသည် ၎င်း၏ နံဘေးတွင် ငိုကြွေးနေခဲ့သော မိခင်အပေါ်သို့ ကျရောက်သွားရာ မိခင်နှင့်သားငယ်တို့သည် ပျော်ရွှင်ဝမ်းမြောက်စွာ ဖက်ယမ်းကာ ပြန်လည်ပေါင်းစည်းခဲ့ကြပါသည်။ လူအ ပေါင်းတို့သည် အဖမ်းစားခံရသကဲ့သို့ ငြိမ်သက်စွာကြည့်နေကြပြီး “ကြောက်ရွံ့မှု များကို ခံစားလာခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင်၏ ရှေ့တွင်ရောက်နေသ ကဲ့သို့ ခေတ္တခဏဆိတ်ငြိမ်စွာဖြင့် ရိုသေလေးစားစွာဖြင့် ရပ်နေခဲ့ကြပြီးနောက် ကြီး စွာသော ပုရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူသည်ဟူ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ အသုဘချသည့် လူတန်းကြီးသည် အောင်ပွဲခံလာသော လူတန်းကြီးကဲ့သို့ နာဣန မြို့သို့ပြန်ဝင်ရောက်လာခဲ့ပါသည်။ ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်း ကျင်အရပ်ရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။”

         နာဣနမြို့တံခါး၀တွင် ဝမ်းနည်းပူဆွေးနေသော မိခင်၏နံဘေးတွင်ရပ်နေခဲ့ သော ကိုယ်တော်သည် တလား၏နံဘေးတွင် ငိုကြွေးပူဆွေး နေသူတိုင်းအား ကြည့် ရှုတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဝမ်းနည်းကြေကွဲမှုများအတွက် ကိုယ်တော်သည် သနားခြင်းစိတ်ရှိတော်မူပါသည်။ သနားချစ်ခင်ခဲ့သော ကိုယ်တော်၏နှလုံးသားသည် မပြောင်းလဲနိုင်သော နှစ်သက် မြတ်နိုးခြင်းနှင့်ပြည့်၀သော နှလုံးသားတစ်ခုဖြစ်ပါ သည်။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ရောက်ရန် မိန့်တော်မူခဲ့သော ကိုယ်တော်၏ နှုတ်ထွက်စကားတော်သည် နာဣနမြို့မှ ထိုသူငယ်ကို မိန့်တော်မူခဲ့သော အချိန်က ထက် ယခုအချိန်တွင် တန်ခိုးအာနိသင်ပို၍ လျော့ပါးသွားခြင်းမရှိချေ။ “ကောင်း ကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုးရှိ သမျှတို့ကို ငါခံရပြီ”ဟု ကိုယ်တော်မိန့်တော်မူ၏။ မဿဲ ၂၈း၁၈။ ထိုတန်ခိုးတော် သည် နှစ်တွေကြာညောင်းလာခဲ့သော်လည်း လျော့ပါးသွားခြင်းမရှိချေ။ လျှံကျလာ သော ကိုယ်တော့် ကရုဏာတော်ရှင်၏ မနားမနေ လုပ်ဆောင်မှုများကြောင့်လည်း ကုန်ခန်းသွားခြင်း မရှိချေ။ ကိုယ်တော်ရှင်ကို ယုံကြည်သူအားလုံးအတွက် ကိုယ် တော်သည် အစဉ်အဆက်အသက်ရှင်လျက် ရှိသော ကယ်တင်ရှင်တစ်ပါးဖြစ်တော် မူပါသည်။

         သားငယ်ကို မိခင်အား ပြန်လည်ပေးအပ်ခဲ့သော အချိန်တွင် ခရစ်တော် သည် သူမ၏ဝမ်းနည်းပူဆွေးမှုကို ပျော်ရွှင်ဝမ်းမြောက်မှုအသွင်သို့ ပြောင်းလဲခဲ့ သော်လည်း ထိုလူငယ်သည် လောကအသက်တာကို ပြန်လည်အသက်ရှင်ရန် အ သက်တာ၏ဝမ်းနည်းမှု၊ ပင်ပန်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို တစ်ဖန်ခံစားရန်နှင့် သေ မင်း၏အရိပ်တွင် နောက်တစ်ဖန်ပြန်လည် ဖြတ်သန်းရန် သေခြင်းမှထမြောက်စေ ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယေရှုသည် သေသောသူများအတွက် ကျွန်ုပ်တို့၏ ဝမ်း နည်းမှုများကို မျှော်လင့်ခြင်း သတင်းစကားတစ်ခုဖြင့် နှစ်သိမ့်ထားပါသည်။ “ငါ သည်---အသက်ရှင် သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာ အဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုး ရ၏။” “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ခရစ် တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်း ဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါလည်းကောင်း၊ သေဘေး ကိုကြောက်၍ တစ်သက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါလည်း ကောင်း ထိုသူငယ်တို့၏နည်းတူ အသွေးအသားကိုဆောင်ယူတော်မူ၏။}} ဗျာဒိတ် ၁း၁၈။ ဟေဗြဲ ၂း၁၄-၁၅။

         သားတော်ဘုရားသည် လူသေများအား အသက်ရှင်ခြင်းသို့ ဝင်စားရန် မိန့် တော်မူသောအခါ စာတန်သည် ထိုလူသေများကို ချုပ်ထိန်းထားနိုင်စွမ်းမရှိပါချေ။ ယုံကြည်ခြင်းအားဖြင့် တန်ခိုးကြီးတော်မူသော ခရစ်တော်၏ နှုတ်ကပတ်တော်များ တို့ကို လက်ခံရရှိထားသော အသက်ဝိညာဉ်အားလည်း ဝိညာဉ်ရေးသေခြင်းတွင် စာတန်ထိန်းချုပ်မထားနိုင်ချေ။ အပြစ်တရားတွင် သေလျက်ရှိနေကြသူအားလုံးအား ထာ၀ရဘုရား မိန့်တော်မူနေသည်ကား၊ “အိပ်ပျော်သောသူ၊ နိုးထလော့၊ သေခြင်းမှ ထမြောက်လော့” ဧဖက် ၅း၁၄။ ထိုနှုတ်ကပတ်တော်သည် ထာ၀ရအသက်ဖြစ် တော်မူ၏။ ပထမဦးဆုံးသောလူသားအား အသက်ရှင်ခြင်းကို ဝင်စားရန် မိန့်တော်မူခဲ့ သကဲ့သို့ ထာ၀ရဘုရားသခင်၏ နှုတ်ကပတ်တော်သည် ယခုတွင်လည်း ကျွန်ုပ်တို့ အား အသက်ရှင်ခြင်းသို့ ဝင်စားရန် အမိန့်ပေးဆဲဖြစ်ပါသည်။ “အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်”ဟူ၍ နာဣနမြို့မှ လူငယ်အား အသက်ရှင်ခြင်း သို့ဝင်စားစေခဲ့သော ခရစ်တော်၏ နှုတ်ထွက်စကားများကဲ့သို့ “သေခြင်းမှ ထ မြောက်လော့” ဟူသော နှုတ်ထွက်စကားတော်သည် လက်ခံရရှိသော အသက် ဝိညာဉ်များအတွက် အသက်ဖြစ်ပါသည်။ ဘုရားသခင်သည် “မှောင်မိုက်တန်ခိုးမှ လည်း ငါတို့ကိုနုတ်၍ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ၏” ကောလောသဲ ၁း၁၃။ ဤအရာများအားလုံးကို ကိုယ်တော်၏ နှုတ်ကပတ်တော်ထဲ တွင် ကျွန်ုပ်တို့အား ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ထိုနှုတ်ကပတ်တော်ကို လက်ခံရရှိကြလျှင် လွတ်မြောက်ခြင်း အခွင့်ကိုရရှိကြပါသည်။

         “ထိုမျှမက ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထ မြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကိန်းဝပ်သော မိမိဝိညာဉ် တော်အားဖြင့် သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။”သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရား သခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက် တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထို အခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်း ကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။” ရောမ ၈း၁၁။ ၁သက်၊ ၄း၁၆-၁၇။ ဤအရာသည် နှစ်သိမ့်ခြင်းနှင့် ပတ်သက်သော နှုတ်ကပတ်တော် ဖြစ်ပါသည်။ ထိုနှစ်သိမ့်စကားနှင့် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ကြရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူလျက်ရှိပါသည်။

No comments:

Post a Comment