ဆိတ်ကွယ်ရာသို့ခေတ္တခဏလာကြ
ရှင်မဿဲ ၁၄း၁၊၂၊၁၂၊၁၃။ ရှင်မာကု ၆း၃၁-၃၂။ ရှင်လုကာ ၉း၇-၁၀ ကိုအခြေပြုထားပါသည်။
တမန်တော်တို့သည် သာသနာပြုခရီးစဉ်မှ ပြန်လည်ရောက်ရှိလာကာ ခရစ် တော်ထံ၌စုဝေး၍ မိမိတို့လုပ်ဆောင်ခဲ့သမျှကို ကြားလျှောက်ကြပါသည်။ ကိုယ်တော် ကလည်း တော၌ဆိတ်ကွယ်ရာ အရပ်သို့လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား လူအများသည် အဝင်အထွက်များလျက် ရှိနေသည်ဖြစ်၍ တမန်တော်များသည် အစာစားရန်အတွက်ပင် မအားလပ်နိုင် အောင်ဖြစ်နေသော ကြောင့်တည်း။
တမန်တော်များသည် ခရစ်တော်နှင့် ရင်းနှီးကာ အကျွမ်းတဝင် ရှိနေကြ သောကြောင့် မိမိတို့ကြုံတွေ့ခဲ့ရသော အကောင်းအဆိုး အတွေ့အကြုံများကို လည်းကောင်း၊ သူတို့လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကောင်းသောရ လဒ်များအတွက် ဝမ်းမြောက်ပျော်ရွှင်မှု များကိုလည်းကောင်း၊ မအောင်မြင်မှုများ အတွက် ခံစားရသော ဝမ်းနည်းစရာများကိုလည်းကောင်း၊ သူတို့၏ မှားယွင်းမှုများ နှင့် အားနည်းချက်များကိုလည်းကောင်း ကိုယ်တော်ရှင်ထံသို့ လာရောက်တင်ပြကြ ပါသည်။ သူတို့သည် တရားဟောဆရာများအဖြစ်၊ ပထမဦးဆုံးအကြိမ်အဖြစ် လုပ် ဆောင်မှုတွင် အမှားများကိုလည်း လုပ်ဆောင်မိခဲ့ကြရာ မိမိတို့၏ အတွေ့အကြုံများ ကို ခရစ်တော်အား ပွင့်လင်းစွာ တင်ပြခဲ့ကြသဖြင့် ၎င်းတို့အား သွန်သင်စရာများစွာ လိုအပ်နေသေးကြောင်း ကိုယ်တော်တွေ့မြင် တော်မူခဲ့ပါသည်။ ထို့ပြင် ထိုသူများ သည် အလုပ်ပင်ပန်းမှုကြောင့် နွမ်းနယ်နေကြပြီး အနားယူဖို့လိုအပ်ကြောင်း ကို လည်း ကိုယ်တော်ရှင် မြင်တွေ့တော်မူခဲ့ပါသည်။
သူတို့ရောက်ရှိနေသောနေရာတွင် လူအများသွားလာလျက်ရှိကြ သည့်အ တွက် အစာစားရန်ပင် မအားလပ်အောင်ဖြစ်နေသဖြင့် အေးအေးဆေးဆေးမနေ နိုင်ကြချေ။ ရောဂါကုသမှုများကိုခံရန်နှင့် တရားဒေသနာများကို နာကြားရန် စိတ် အားထက်သန်စွာဖြင့် လူအများသည် ခရစ်တော်ထံတွင်စု ရုံးလာခဲ့ကြပါသည်။ ကိုယ် တော်ရှင်သည် ထိုသူများအတွက် ခပ်သိမ်းသော ကောင်းချီးမင်္ဂလာများ ယိုစီးရာ စမ်းရေကြည်ကဲ့သို့ ဖြစ်နေသည့်အတွက် သူတို့သည် ကိုယ်တော်ထံမှ မခွဲနိုင်မခွာ ရက်ဖြစ်နေကြပါသည်။ ကျန်းမာခြင်း ဆုကျေးဇူးကို လက်ခံရယူရန် ထိုအချိန်က ခရစ်တော်၏ အပါးတွင်စုရုံးလာကြသည့် ထိုလူများထဲမှ များစွာသော လူတို့သည် ကိုယ်တော်အား ၎င်းတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့ကြပါသည်။ ထိုအ ချိန်က ဖါရိရှဲများကိုကြောက်၍ ကိုယ်တော်ရှင်အား ဝန်မခံရဲခဲ့သူများစွာ တို့သည် သန့်ရှင်းသောဝိညာဉ်တော် သက်ဆင်းလာသောအခါ ဝိညာဉ်ရေးအသက်တာ ပြောင်းလဲလာကြပြီး အမျက်ဒေါသထွက်နေကြသော ယဇ်ပုရောဟိတ်များ၏ ရှေ့ မှောက်တွင် ကိုယ်တော်ရှင်အား ထာ၀ရဘုရား၏ သားတော်အဖြစ် အသိအမှတ်ပြု ခဲ့ကြပါသည်။
ယခုတွင်မူ ကိုယ်တော်သည် မိမိ၏တပည့်တော်များနှင့်အတူ အနားယူလို တော်မူပါသည်။ အကြောင်းမူကား ၎င်းတို့အား မိန့်တော်မူစရာ များစွာရှိနေသော ကြောင့်ဖြစ်ပါသည်။ သူတို့သည် အမှုတော်ဆောင်ရွက်ကြစဉ် တိုက်လှန်မှုများကို ကျော်လွှားခဲ့ရပြီး ဆန့်ကျင်မှုအဖုံဖုံကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ယခုအချိန်အထိ အရာရာတွင် ခရစ်တော်နှင့်တိုင်ပင်ခွင့် ရရှိခဲ့ကြသော်လည်း အချိန်ကြာမြင့်စွာ သူတို့ ချည်း အမှုတော်ဆောင်ခဲ့ကြရသဖြင့် ရံဖန်ရံခါ မလုပ်တတ်မကိုင်တတ် ဖြစ်ကာ များ စွာဒုက္ခရောက်ခဲ့ကြရပါသည်။ ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမ အစဖြင့် ၎င်းတို့အား စေလွှတ်ကာ လုပ်ဆောင်စေတော်မူခဲ့သဖြင့် လုပ်ဆောင်ခဲ့ ရသည့် လုပ်ငန်းများမှ များစွာသော အားတက်စရာများကို သူတို့တွေ့ခဲ့ကြရပါသည်။ ကိုယ်တော်ရှင်ကို ယုံကြည်ခြင်းအားဖြင့် များစွာသော နိမိတ်လက္ခဏာများကို ပြခဲ့ ကြသော်လည်း ယခုတွင်မူ အသက်မုန့်ကို သုံးဆောင်ရန် သူတို့လိုအပ်နေကြပါ သည်။ ခရစ်တော်နှင့်အတူ ပေါင်းသင်းဆက်ဆံ၍ အနာဂတ်အမှုတော်အတွက် သွန် သင်ချက်များကို ရယူနိုင်မည့် ဆိတ်ငြိမ်သောနေရာသို့ ၎င်းတို့သွားရောက်ဖို့လည်း လိုအပ်နေပါသည်။
တော၌ဆိတ်ကွယ်ရာ အရပ်သို့လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေ ကြဟု မိမိ၏အမှုတော်တွင် ရှိနေကြသော လူအပေါင်းအား ကြင်နာသနားမှုအပြည့် ဖြင့် ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါသည်။ ထာ၀ရဘုရားသည် ယဇ်ပူဇော်ခြင်းထက် သနားခြင်းကရုဏာကို လိုလားကြောင်း၊ မိမိ၏ တမန်တော်များအား ဖော်ပြတော်မူ ပါသည်။ သူတို့သည် မိမိတို့၏ကိုယ်စိတ်နှလုံးသုံးပါးကို အမှုတော်တွင် မြှုပ်နှံထား ခဲ့ကြသဖြင့် ၎င်းတို့၏ ကိုယ်ခန္ဓာခွန်အားနှင့် စိတ်တန်ခိုးများသည် နွမ်းနယ်လျော့ ပါးလျက် ရှိနေခဲ့ပါသည်။ ထို့ကြောင့် သူတို့သည် အနားယူခြင်းကို မဖြစ်မနေရယူကြ ရမည်ဖြစ်ပါသည်။
တမန်တော်များသည် အမှုတော်မြတ်တွင် အောင်မြင်မှုရနေကြ သည်နှင့် အမျှ စာတန်၏စုံစမ်းခြင်းတွင် ကျဆုံးသွားစေမည့် မိမိကိုယ်ကို အသားပေးမှုများနှင့် ဝိညာဉ်ရေး မာနတက်မှုများအတွက် အန္တရာယ်များလည်း ရှိလာခဲ့ကြပါသည်။ မဟာ လုပ်ငန်းကြီးတစ်ခုကို သူတို့လုပ်ဆောင်ကြ ရမည်ဖြစ်သဖြင့် သူတို့၏ ခွန်အားသည် မိမိတို့အထဲတွင်မရှိဘဲ ထာ၀ရဘုရား ထံတော်တွင်သာ ရှိနေကြောင်းကိုသိရှိရန် ရှေးဦးပထမ သူတို့သင်ယူကြရပါမည်။ သိနာတောင်ရှိတောထဲမှ မောရှေကဲ့သို့ လည်းကောင်း၊ ယုဒတောင်တန်းများပေါ်တွင် နေထိုင်ခဲ့သော ဒါဝိဒ်ကဲ့သို့လည်း ကောင်း၊ ခေရိတ်ချောင်းနားမှ ဧလိယကဲ့သို့လည်းကောင်း၊ သတ္တလောကကြီးမှစ၍ ခရစ်တော်ဘုရားအဆုံး အားလုံးသောအရာများနှင့် ရင်းနှီးစွာမိတ်သဟာယဖွဲ့ရန် များမြောင်သော လုပ်ငန်းခွင်များကို စွန့်ခွာလာကြဖို့ လိုအပ်လှပါသည်။
တမန်တော်များသည် သာသနာပြုလုပ်ငန်းများကို သွားရောက်လုပ်ကိုင်နေ ကြစဉ်တွင် ခရစ်တော်သည် နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားတော်ကို ဟော ကြားရင်း၊ အခြားမြို့ရွာများသို့ ဒေသစာရီကြွချီတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုအချိန်လောက်တွင် နှစ်ခြင်းဆရာယောဟန်၏ သေဆုံးကြောင်းသတင်းကို ကြားခဲ့ ရပါသည်။ ဤအဖြစ်အပျက်သည် မိမိ၏ခြေလှမ်းများ ဦးတည်သွားလာနေသည့် မိမိရှေ့တွင်ရှိသော ခရီးဆုံးကို ထင်ရှားစွာ သိသာစေခဲ့ပါသည်။ ကိုယ်တော်လျှောက် လှမ်းရမည့်လမ်းသည် အလွန်ကြမ်းတမ်းလှပါသည်။ ယဇ်ပုရောဟိတ်များနှင့် ကျမ်း တတ်ဆရာများသည် ကိုယ်တော်ရှင်အား အဆုံးစီရင်ရန် ကြံစည်နေကြပါသည်။ သူ လျှိုများသည် နောက်တော်သို့ တကောက်ကောက်လိုက်နေပြီး ကိုယ်တော်ရှင်အား သုတ်သင်ရှင်းလင်းရေးအတွက် မသမာသောကြံစည်မှုများကို ပြင်းထန်စွာကြံစည် လျက်ရှိကြပါသည်။ ဂါလိလဲပြည်အနှံ့အပြားတွင် တမန်တော်များ၏ ဒေသနာဟော ကြားခြင်း သတင်းသည် ဟေရုဒ်မင်းကြီး ထံသို့ရောက်လာသဖြင့် ၎င်းသည် ယေရှု ရှင်နှင့်တကွ အမှုတော်အပေါ် အာရုံပြုလာခဲ့ပါသည်။ ထို့ကြောင့် “ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ” ဟုသူပြောခဲ့၏။ ၎င်း ပြင် သခင်ယေရှုနှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်းကိုလည်း သူဖွင့်ဟခဲ့ပါသည်။ မိမိ အားနန်းချပြီး ရောမတို့၏ အုပ်စိုးမှုကို ယုဒနိုင်ငံမှဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် တော်လှန်ရေးတစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ဆောင်နေကြမည်ကို ဟေရုဒ်မင်းသည် အမြဲစိုးရိမ်နေခဲ့ရပါသည်။ လူထုအလယ်တွင် မကျေနပ်မှုများနှင့် ထကြွသောင်း ကျန်းလိုသည့် စိတ်ဓာတ်များသည် လူသိနတ်ကြား ဖြစ်လျက်ရှိခဲ့ပါသည်။ ဂါလိလဲ ပြည်တွင် ခရစ်တော်၏ အမှုကိုဆက်လက်၍ ကြာရှည်စွာ လုပ်နိုင်တော့မည် မဟုတ် ကြောင်းမှာ ထင်ရှားပေါ်လွင်နေပြီး ကိုယ်တော်ရှင် ဒုက္ခဝေဒနာခံရမည့် အချိန်သည် လည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါသည်။ သို့အတွက် ကိုယ်တော်သည် ရှုပ် ထွေးပွေလီသော လူအုပ်ကြီးမှခေတ္တ ခဏခွဲခွာပြီးနေရန် အလိုတော်ရှိခဲ့ပါသည်။
ဆရာယောဟန်၏ တပည့်များသည် ဝမ်းနည်းကြေကွဲစွာဖြင့် အင်္ဂါမစုံတော့ သည့်သူတို့ဆရာ၏ အလောင်းကို မြေမြှုပ်သဂြိုလ်ရန် ယူဆောင်လာ ခဲ့ကြပါသည်။ ထို့နောက် ထိုအကြောင်းကို ယေရှုထံသို့သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ကိုယ် တော်သည် ဆရာယောဟန်၏ လူများကိုမိမိထံသို့ ဆွဲဆောင်နေသလိုလို ဖြစ်သော အခါ ထိုသူများသည် ခရစ်တော်အား ငြူစူခဲ့ကြပါသည်။ ကိုယ်တော်သည် မဿဲ၏ အိမ်တွင် အခွန်ခံများနှင့်အတူ စားသောက်သောအခါ သူတို့သည် ဖါရိရှဲများနှင့် အ တူ ကိုယ်တော်အား အပြစ်တင်ခဲ့ကြပါသည်။ ဆရာယောဟန်အား ထောင်မှလွတ် မြောက်အောင် လုပ်မပေးခဲ့သည့် အတွက်ကြောင့်လည်း ကိုယ်တော်လုပ်ဆောင် မည့် ဘုရားပေးအမှုတော်အပေါ်တွင် သူတို့သံသယဝင်ခဲ့ကြပါသည်။ သို့သော် ယခု တွင်မူ သူတို့၏ဆရာသည် သေဆုံးသွားခဲ့ပြီဖြစ်သဖြင့် ခံစားရသည့်ကြေကွဲမှုအတွက် နှစ်သိမ့်မှုကို တောင့်တခဲ့ကြပြီး အနာဂတ်အမှုတော်အတွက် ဦးဆောင်လမ်းပြမှုကို ရရှိရန် သူတို့သည် ခရစ်တော်ထံသို့ လာရောက်ပူးပေါင်းခဲ့ကြပါသည်။ သူတို့သည် လည်း အေးအေးဆေးဆေး မိတ်သဟာယဖွဲ့နိုင်ရန်အတွက် ခရစ်တော်နှင့်အတူ ခေတ္တခဏလာရောက် အနားယူရန် လိုအပ်နေပါသည်။
ဗေသေသဒရေကန်၏ မြောက်ဘက်နားတွင်ရှိသော မြက်ခင်းပြင်စိမ်းစိမ်း ဖြင့် လှပနေသည့် ဆိတ်ငြိမ်သော နေရာတစ်ခုသည် ကိုယ်တော်နှင့် တကွတပည့် တော်များ နားနေရန်အတွက် ကြိုဆိုနေပါသည်။ ထိုနေရာသို့ သွားရောက်နားနေရန် သူတို့သည် လှေတစ်စင်းဖြင့် ဂါလိလဲအိုင်ကို ဖြတ်၍ လှော်ခတ်ခဲ့ကြရပါသည်။ ဥဒ ဟိုသွားလာနေသော လမ်းခရီးများမှလည်းကောင်း၊ လှုပ်လှုပ်ရှားရှားဆူဆူညံညံ ဖြစ် နေသော မြို့ရွာများမှလည်းကောင်း၊ ကင်းဝေးသော ဤနေရာတွင် အေးဆေးစွာ သူတို့နားနေနိုင်ကြပါသည်။ သဘာ၀ရှုခင်းများထဲမှာပင်လျှင် ဆိတ်ငြိမ်မှုနှင့် နှစ်မြို့ ဖွယ်သော ပြောင်းလဲမှုများကို သူတို့တွေ့မြင် ခံစားကြရပါသည်။ သူတို့သည် ဤ နေရာတွင် ဖါရိရှဲများ၏ ဆီးတားကန့်ကွက်မှုများ၊ ခွန်းတုံ့ခွန်းပြန်ချေပမှုများနှင့် စွပ်စွဲပြစ်တင်မှုများမှ ကင်းဝေးစွာဖြင့် အနားယူကာ ခရစ်တော်၏ နှုတ်တော်ထွက်စ ကားများကို ကောင်းမွန်စွာ နာယူနိုင်ကြပါသည်။ ၎င်းပြင် ဤနေရာတွင် ကိုယ်တော် ရှင်၏ အဖွဲ့အစည်းထဲမှ အဖိုးထိုက်သော မိတ်သဟာယဖွဲ့ခြင်း၏ အချိန်ကိုအခါ သမယကလေးကို ပျော်ရွှင်စွာ ခံစားနိုင်ကြပါသည်။
ခရစ်တော်နှင့် တပည့်တော်များ ပြုလုပ်ခဲ့ကြသော အနားယူမှုသည် ကာမ ဂုဏ်ခံစားခြင်းနှင့်ဆိုင်သော အနားယူမှုမဟုတ်ချေ။ ထိုနားနေခြင်းသည် အပျော်အ ပါးများကို ရှာဖွေရန်အတွက် နားနေခြင်းမျိုးမဟုတ်ချေ။ ထိုအချိန်တွင် ဘုရားသခင် ၏ အမှုတော်နှင့် ထိုအမှုတော်အတွက် ပို၍ကြီးမားသော တန်ခိုးအာနိသင်များကို ရယူနိုင်မည်ဖြစ်နိုင်သောနည်းများ အကြောင်းကို အတူတကွဆွေးနွေး ပြောကြားခဲ့ ကြပါသည်။ တမန်တော်များသည် ခရစ်တော်နှင့်အတူ ရှိခဲ့ကြပြီး ကိုယ်တော်ရှင် မိန့် တော်မူချက်ကို နားလည်သဘောပေါက်နိုင်သည့် အခြေအနေတွင် ရှိကြသဖြင့် ၎င်းတို့အား ပုံပမာအားဖြင့် သွန်သင်ရန်မလိုပါချေ။ သူတို့၏အမှားများကိုပြင်ပေးကာ လူများထံသို့ ချဉ်းကပ်ရာတွင် အသုံးပြုရမည့် မှန်ကန်သော နည်းလမ်းများကို သွန် သင်မိန့်ကြားတော်မူခဲ့ပါသည်။ အဖိုးထိုက်တန်လှသော သမ္မာတရား ဘဏ္ဍာတိုက် ကိုလည်း ပို၍ပြည့်စုံစွာ ဖွင့်ပြတော်မူခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် သွက်လက်ရှင်သန်လာကြပြီး မျှော်လင့်ချက်နှင့် ရဲစွမ်းသတ္တိများ ပြန် လည် ရရှိလာခဲ့ကြပါသည်။
သခင်ယေရှုသည် နိမိတ်လက္ခဏာများကို ပြုနိုင်တော်မူပြီး တပည့်တော် များအားလည်း နိမိတ်လက္ခဏာ ပြုလုပ်နိုင်ခွင့် တန်ခိုးများ ပေးစွမ်းနိုင်သော်လည်း ပင်ပန်းနွမ်းနယ်လျက် ရှိကြသော တပည့်တော်များအား မြို့ရွာများမှ ထွက်ခွာကာ ဆိတ်ငြိမ်ရာအရပ်တွင် သွားရောက်အနားယူကြရန် ကိုယ်တော်ညွှန်ကြား တော်မူခဲ့ ပါသည်။ ရိတ်သိမ်းစရာများစွာရှိပြီး ရိတ်သိမ်းမည့်သူမှာ နည်းပါးလှသည်ဟု မိန့် တော်မူရာတွင် တပည့်တော်များအား မနားမနေပင်ပန်းကြီးစွာ လုပ်ဆောင်ကြရန် ကိုယ်တော်တိုက်တွန်းခြင်း မဟုတ်ဘဲ လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကို ဆုတောင်းကြလော့ဟု ကိုယ်တော်မိန့် တော်မူခဲ့ပါသည်။
ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ရရှိခံစားရသော စွမ်းရည်အ လိုက်လုပ်ဆောင်ရန် အလုပ်တာဝန်များကို ခွဲဝေခန့်ထားတော်မူပါသည်။ (ဧဖက် ၄း၁၁-၁၃)။ ၎င်းပြင် အချို့သူများအား တာဝန်များနှင့် ပိနေစေ၍ အချို့သူများအား မည်သည့်တာဝန်၊ မည်သည့်ဝေဒနာများကိုမျှ မခံစားစေသည့် သဘောမျိုးလည်းရှိ တော်မမူချေ။
ထိုတမန်တော်တို့ကို ပြောကြားတော်မူခဲ့သော သနားခြင်းကရုဏာ နှင့်ပြည့် ၀သော ထိုစကားများကို ယနေ့အမှုတော်ဆောင် တို့အားလည်း မိန့်တော်မူနေပါ သည်။ ပင်ပန်းနွမ်းနယ်နေသော အမှုဆောင်တိုင်းအား ဆိတ်ကွယ်ရာအရပ်သို့ လာ ကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူလျက်ရှိပါသည်။ လူသားများ ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းသည့် အမှုတော်လုပ်ငန်းမှစ၍ မည် သည့်အလုပ်ကိုမဆို အားသွန်ခွန်စိုက် လုပ်ဆောင်မှုများနှင့် စိတ်လှုပ်ရှားမှုများတွင် အမြဲတမ်းရှင်သန် လုပ်ဆောင်နေခြင်းသည် ပညာမဲ့သည့် လုပ်ဆောင်မှုဖြစ်ပါသည်။ အကြောင်းမူကား၊ လုပ်ဆောင်ခြင်းအားဖြင့် ပုဂ္ဂလိကဘုရားတရား ကိုင်းရှိုင်းခြင်းကို လျစ်လျူရှုခြင်းဖြစ်ပြီး ကိုယ်စိတ်နှလုံးသုံးပါးတို့၏ စွမ်းအင်တန်ခိုးများကို အဆမတန် အသုံးပြုခြင်း လည်းဖြစ်ပါသည်။ ခရစ်တော်၏ တမန်တော်များသည် ကိုယ်အလိုကို ငြင်းပယ်၍ အနစ်နာခံကြရမည် ဖြစ်သော်လည်း လိုသည်ထက်ပိုသော ၎င်းတို့၏ စိတ်အားထက်သန်မှုမျိုးကို အသုံးချကာ စာတန်သည် လူသားများ၏ အားနည်း ချက်ကို အခွင့်ကောင်းယူ၍ ဘုရားသခင်၏ အမှုတော်ကို ပျက်ယွင်းအောင် လုပ် မည်စိုးရသဖြင့် မိမိကိုယ်ကိုဂရုစိုက်ကြရန် လည်း လိုအပ်မည်ဖြစ်ပါသည်။
ဘာသာတရားဆိုင်ရာ လုပ်ဆောင်မှုများ၌ အမြဲတမ်းလှုပ်လှုပ် ရှားရှားဖြစ် နေခြင်းသည် ဘာသာရေး၏ အထွတ်အမြတ်ဖြစ်သည်ဟု ကျမ်းတတ်ဆရာများက တွက်ဆခဲ့ကြပါသည်။ သူတို့သည် မိမိတို့၏ဘုရား တရားကိုင်းရှိုင်းမှုကိုပြသရန် အပေါ်ယံအပြင်ပန်း လုပ်ဆောင်မှုများကို အားထားခဲ့ကြပါသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ ဝိညာဉ်များသည် ထာ၀ရဘုရားနှင့် ကင်းကွာခဲ့ကြပြီး မိမိကိုယ်ကို အထင် ကြီးမှုများကို ခိုင်မြဲစေခဲ့ကြပါသည်။ ထိုအန္တရာယ်မျိုးသည် ယခုခေတ်တွင်လည်း ဆက်လက်၍တည်ရှိ နေဆဲဖြစ်ပါသည်။ လုပ်ငန်းများ တိုးတက်ကြီးပွားလာကာ ဘုရားသခင် အတွက်လုပ်ဆောင်မှုများတွင် အောင်မြင်မှုများရရှိလာကြသောအခါ လူသားများ ရေးဆွဲသောစီမံကိန်းများနှင့် လုပ်နည်းလုပ်ဟန်များကို အားကိုးအား ထားပြုလာသည့် အန္တရာယ်ရှိလာတတ်ပါသည်။ ထိုအခါမျိုးတွင် ဆုတောင်းခြင်း၌ စိတ်အားကြီးမှု နည်းပါးသွားပြီး ယုံကြည်ခြင်းခွန်အား ရရှိမှုလည်းနည်းပါးလာပါ သည်။ ကျွန်ုပ်တို့သည် ထိုတမန်တော်ကြီးများနည်းတူ ထာ၀ရဘုရားအပေါ် မှီခိုအား ထားခြင်းသည် အဓိကကျကြောင်းကို မျက်ခြည်ပြတ်ကာ မိမိတို့၏ လုပ်ဆောင်မှု များကို ကယ်တင်ရှင်တစ်ပါး ဖြစ်လာအောင် ကြိုးစားနေကြသည့် အန္တရာယ်ရှိနေ သည်။ ကိုယ်တော်၏ တန်ခိုးတော်သည် အမှုတော်ကို တိုးတက်ကြီးပွားစေကြောင်း မှတ်ယူကာ ကျွန်ုပ်တို့သည် ခရစ်တော်ကို မခြားမလပ်ကြည့်ကြရန် လိုအပ်ပါသည်။ ပျောက်ဆုံးနေသော လူသားများ၏ ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ အားတက်သ ရော လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း ဘုရားသခင်၏ အကြောင်းကို ဆင်ခြင်သုံးသပ်ရန် အတွက်သော်လည်းကောင်း၊ ဆုတောင်းရန်အတွက်သော် လည်းကောင်း၊ နှုတ်ကပတ်တော်များကို လေ့လာရန်အတွက် သော်လည်းကောင်း အချိန်ယူကြရမည် ဖြစ်ပါသည်။ ဆုတောင်းခြင်းအားဖြင့် ပြီးမြောက်စေသည့် ခရစ် တော်၏ ကောင်းမှုကုသိုလ်အားဖြင့် သန့်စင်စေသော အမှုတော်သာလျှင် အဆုံး၌ ကောင်းမြတ်မှုတွင် အရည်အသွေး မီကြောင်း ထင်ရှားပါလိမ့်မည်။
သခင်ယေရှုထက် လုပ်ငန်းတာဝန်များပြားသည့် လူသားဟူ၍ မရှိချေ။ သို့ စေကာမူ ကိုယ်တော်သည် ကြိမ်ဖန်များစွာ ဆုတောင်းတော်မူခဲ့သည်ကို တွေ့ကြ ရပါသည်။ အဖထာ၀ရဘုရားသခင်နှင့် မခြားမလပ် ဆက်သွယ်တော်မူခဲ့ပါသည်။ နံနက်အချိန်မိုးမလင်းမီ ကိုယ်တော်သည်ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆု တောင်းတော်မူ၏ ဟူ၍လည်းကောင်း၊ ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆု တောင်းလေ့ရှိတော်မူ၏ ဟူ၍လည်းကောင်း၊ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပတ္ထနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပတ္ထနာ ပြုလျက် တစ်ညလုံးနေတော်မူ၏ ဟူ၍လည်းကောင်း ကိုယ်တော်၏ လောကအ သက်တာ ရာဇဝင်မှတ်တမ်းများကို အဖန်တလဲလဲတွေ့ကြရပါသည်။ (မာကု ၁း၃၅။ လုကာ ၁၅း၁၆။ ၆း၁၂)။
အသက်တာတွင် သူတစ်ပါးအတွက် ကောင်းကျိုးပြုရန် လုံးလုံးဆက်ကပ် ရာ၌ တစ်နေ့ပြီးတစ်နေ့ မိမိ၏နောက်တော်သို့လိုက်နေသော လူအုပ်ကြီးနှင့်တကွ အသွားအလာ ရှုပ်ထွေးသည့်နေရာများမှ ရှောင်ဖယ်ဆုတ်ခွာခြင်းသည် အထူးလို အပ်သော အရာတစ်ခုဖြစ်ကြောင်း ခရစ်တော် တွေ့မြင်တော်မူခဲ့ပါသည်။ ဆိတ် ငြိမ်ရာအရပ်တွင် အဖဘုရားသခင်နှင့် မိတ်သဟာယဖွဲ့မှုကို မပြတ်တောက်စေရန် ကိုယ်တော်သည် လူသားများ၏ လိုအပ်ချက်များအတွက် မရပ်မနားထိတွေ့လုပ် ဆောင်နေရသည့် အသက်တာမှ ကျောခိုင်းခဲ့ရပါသည်။ ကျွန်ုပ်တို့နှင့်အတူရှိနေပြီး ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် အားနည်းချက်များကို မျှဝေခံစားသူတစ်ဦးအနေ ဖြင့် ကိုယ်တော်သည် ဘုရားသခင်ကို လုံးလုံးမှီခိုအားကိုးရပါသည်။ ၎င်းပြင် ထမ်း ဆောင်ရမည့် တာဝန်များနှင့် တွေ့ကြုံရမည့် စုံစမ်းစစ်ဆေးခြင်းများကို ရင်ဆိုင်နိုင် ရန်အတွက် အားဖြည့်နိုင်စေရန်အလိုငှါ ဆိတ်ငြိမ်သောနေရာတွင် ဆုတောင်းခြင်း အားဖြင့် ဘုရားသခင်ထံမှ တန်ခိုးခွန်အားများကို တောင်းခံခဲ့ရပါသည်။ သခင်ယေရှု သည် ဒုစရိုက်နှင့်ပြည့်၀နေသော ကမ္ဘာတစ်ခုတွင် ဆိုင်ပြိုင်တိုက်လှန်မှုများနှင့် စိတ် နှလုံးနာကျင်ထိခိုက်မှုများကို ခံနိုင်ရည်ရှိစွာဖြင့် သည်းခံတော်မူခဲ့ပါသည်။ ကိုယ် တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် မိမိအား သောကဗျာပါဒ ရောက်စေသည့် ဝမ်းနည်းကြေကွဲမှုများကို ပေါ့ပါးစေခဲ့ပါသည်။ ကိုယ်တော်သည် ဤ နေရာတွင် နှစ်သိမ့်မှုနှင့် ဝမ်းမြောက်မှုကို တွေ့တော်မူခဲ့ပါသည်။
လူသားများ၏ အော်ဟစ်တောင်းလျှောက်သံများသည် ခရစ်တော်အားဖြင့် ကရုဏာတော် အရှင်ဘုရားသခင်ထံတော်သို့ ရောက်ရှိပါသည်။ လူသားဇာတိကို ဘုရားဇာတိနှင့် ဆက်သွယ်ပေးမည့် ကောင်းကင်မှ တန်ခိုးတော်အားဖြင့် မိမိ၏လူ ဇာတိအားဖြည့်ဆည်းမှုကို ခံယူပြီးသည့်တိုင်အောင် ကိုယ်တော်သည် လူသားတစ် ဦးအနေဖြင့် ဘုရားသခင်ထံတွင် ဆုပတ္ထနာများကို တောင်းလျှောက်ခဲ့ပါသည်။ အ ဆက်မပြတ် မိတ်သဟာယဖွဲ့ခြင်း အားဖြင့် လောကသားများကို မျှဝေပေးသနား တော်မူရမည့်အသက်ကို ထာ၀ရဘုရားထံတော်မှ ကိုယ်တော်ရရှိတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ အသက်တာ အတွေ့အကြုံသည်လည်း ကိုယ်တော်၏ အတွေ့အကြုံ ကဲ့သို့ ဖြစ်ကြရပါမည်။
တော၌ဆိတ်ကွယ်ရာ အရပ်သို့လာကြဟု ကျွန်ုပ်တို့အား ကိုယ်တော် မိန့် တော်မူနေပါသည်။ ကိုယ်တော်၏ မိန့်မှာစကားကို နားထောင်ကြမည်ဆိုလျှင် ကျွန်ုပ် တို့သည် ယခုထက်ပို၍ ကိုယ်စိတ်နှလုံးခွန်အားများ တောင့်တင်းလာကာ ပို၍ထိ ရောက်စွာ လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါသည်။ တမန်တော်များသည် ကိုယ်တော်ရှင် အား ရှာဖွေပြီး အလုံးစုံတို့ကို လျှောက်ထားကြရာ ယေရှုရှင်သည် ၎င်းတို့အား အား ပေးသွန်သင်တော်မူခဲ့ပါသည်။ ယနေ့တွင်လည်း ကျွန်ုပ်တို့သည် သခင်ယေရှုထံသို့ တိုးဝင်ချဉ်းကပ်ခါ မိမိတို့၏ လိုအပ်ချက်များကို တင်ပြကြမည်ဆိုလျှင် ကိုယ်တော် သည် ကျွန်ုပ်တို့အားမစရန် လက်ယာဘက်တွင် ရပ်တော်မူ၍ အလိုပြည့်စုံစေလိမ့် မည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ပို၍ ရိုးသားရန်နှင့် ပို၍အားကိုး စိတ်ချရန် လိုအပ် ပါသည်။ တန်ခိုးကြီးသော ဘုရားသခင်ထာ၀ရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ် သမုတ်ခြင်းကိုခံရပြီး အုပ်စိုးခြင်းအာဏာစက် ရှိတော်မူသော ကိုယ်တော်သည် အံ့ ဩဖွယ်တိုင်ပင်ဘက် တစ်ပါးလည်းဖြစ်ပါသည်။ ကိုယ်တော်သည် ကဲ့ရဲ့ပြစ်တင်ခြင်း ကို ပြုတော်မမူဘဲ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူ သည်ဖြစ်၍ ကိုယ်တော်ရှင် ထံတော်မှပညာကို တောင်းခံရန် ကျွန်ုပ်တို့အား ဖိတ် ခေါ်နေပါသည်။ ဟေရှာ ၉း၆။ ယာကုပ် ၁း၅။
ဘုရားသခင်၏ သွန်သင်မှုအောက်တွင် ရှိနေကြသူများ၏ အသက်တာများ တွင် လောကနှင့်လည်းကောင်း၊ လောက၏ အကျင့်ဓလေ့များ၊ အမူအကျင့်များနှင့် လည်းကောင်း မတူညီသည့် အသက်တာကို ဖော်ပြကြရန် ဖြစ်ပါသည်။ ထို့ပြင်လူ တိုင်းသည် ဘုရားသခင်၏ အလိုတော်ကို သိရှိခြင်းအတွက် ကိုယ်တွေ့ဗဟုသုတရှိ ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများအား စကားပြောတော်မူနေသည့် ကိုယ်တော်ရှင်၏ အသံတော်ကို တစ်ဦးချင်းအလိုက် နားထောင်ကြရပါမည်။ အခြား အသံများ တိတ်ဆိတ်နေသော အချိန်တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ရှေ့မှောက် တွင် ငြိမ်ငြိမ်ဝပ်ဝပ်ဖြင့် ခံစားနိုင်ကြပါသည်။ စိတ်ဝိညာဉ်၏ ငြိမ်သက်ခြင်းသည် ဘုရားသခင်၏ အသံတော်ကို ပိုမိုထင်ရှားစွာ ကြားသိစေပါသည်။ ငြိမ်ဝပ်လျက် နေကြလော့။ ငါကားဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့ဟူ၍ ကျွန်ုပ်တို့အား ကိုယ်တော်ရှင် မိန့်မှာတော်မူနေပါသည်။ (ဆာလံ ၄၆း၁၀)။ ကိုယ်တော်ရှင်၌သာ စစ်မှန်သော ငြိမ်သက်ခြင်းကို တွေ့ရှိနိုင်ပါသည်။ ၎င်းပြင် ဤအရာသည် ဘုရား သခင်၏ အမှုတော်ကို ဆောင်ရွက်နေကြသူများ အားလုံးအတွက် အကျိုးဖြစ်ထွန်း စေသော ပြင်ဆင်မှုလည်း ဖြစ်ပါသည်။ ရေးကြီးသုတ်ပျာဖြစ်သော လူအုပ်ကြီးနှင့် ပြင်းထန်သော လှုပ်ရှားမှုများဖြင့် ပြည့်၀နေသော အသက်တာ၏ ပင်ပန်းနွမ်းရိမူများ အလယ်တွင် အထက်ပါနည်းအားဖြင့် ပြန်လည်လန်းဆန်းလာသော အသက် ဝိညာဉ်များသည် ငြိမ်သက်သာယာမှု ပြည့်၀စွာဖြင့် နေထိုင်ရပါလိမ့်မည်။ ထိုအသက် တာများသည် မွှေးရနံ့များနှင့် သင်းပျံ့နေပြီး လူသားများ၏ နှလုံးသားကို ထိခိုက်စေ မည့် ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြကြပါလိမ့်မည်။
No comments:
Post a Comment