Tuesday, April 21, 2026

အခန်းကြီး - ၂၅။ ဂါလိလဲအိုင်နားတွင်ခေါ်တော်မူခြင်း

 

ဂါလိလဲအိုင်နားတွင်ခေါ်တော်မူခြင်း

 

ရှင်မဿဲ ၄း၁၈-၂၂။ ရှင်မာကု ၁း၁၆-၂၀။ ရှင်လုကာ ၅း၁-၁၁

တို့ကိုအခြေပြုထားပါသည်

 

         ဂါလိလဲအိုင်တွင် ရောင်နီပေါ်ထွန်းစ အချိန်ဖြစ်ပါသည်။ တစ်ညတာလုံးငါး ဖမ်းခဲ့သော်လည်း ငါးတစ်ကောင်မျှမရရှိဘဲ ပင်ပန်းနွမ်းရိနေသော တပည့်တော်များ သည် အိုင်ထဲရှိ ၎င်းတို့၏ ငါးဖမ်းလှေများတွင် ရှိနေကြဆဲဖြစ်ပါသည်။ ခရစ်တော် သည် ထိုအိုင်ကမ်းနားတွင် အချိန်တစ်နာရီခန့်မျှ အေးအေးဆေးဆေးအနားယူရန် ရောက်ရှိလာပါသည်။ ဤဝေလီဝေလင်းအချိန်တွင် မိမိ၏နောက်တော်သို့ တစ်နေ့ပြီး တစ်နေ့ လိုက်နေကြသောလူအုပ်ကြီးနှင့် ခေတ္တခွဲခွာ၍ ဤနေရာတွင်ခဏတစ်ဖြုတ် အနားယူရန် ကိုယ်တော်တောင့်တတော်မူခဲ့ပါသည်။ သို့ပါသော်လည်း မကြာမီမှာပင် ကိုယ်တော့်ပတ်လည်တွင် လူများစုရုံးလာကြပါသည်။ ကိုယ်တော်အား တိုးဝှေ့လာ သည့်တိုင် နောက်တော်သို့ လိုက်လာကြသည့် လူအရေအတွက်သည် အလျင်အ မြန်တိုးပွားလာခဲ့ပါသည်။ ထိုစဉ်တွင် တမန်တော်များသည် လှေပေါ်မှကုန်းပေါ်သို့ တက်လာခဲ့ကြပါသည်။ လူအုပ်ကြီး၏ တိုးဝှေ့မှုမှလွတ်ကင်းစေရန်အလို့ငှါ ခရစ် တော်သည် ပေတရု၏ လှေထဲသို့ဆင်းလိုက်ပြီး ကမ်းမှအနည်းငယ်ခွာလိုက်ရန် အ မိန့်ပေးလိုက်ပါသည်။ လှေပေါ်တွင်ရှိတော်မူသည့်ခရစ်တော်ကို ကောင်းမွန်စွာမြင် သာကြပြီး အားလုံးက ကိုယ်တော်၏ အသံကိုကြားနိုင်သောကြောင့် ကိုယ်တော် သည် လှေထဲမှပင်ကမ်းပေါ်တွင်ရှိနေကြသော လူထုကြီးအား တရားဒေသနာဟော ကြားတော်မူခဲ့ပါသည်။

         ဤမြင်ကွင်းသည် ကောင်းကင်တမန်များအတွက် စေ့စေ့ကြည့်ရှုရန်ကောင်း သောမြင်ကွင်းတစ်ခုဖြစ်ပါသည်။ ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ၎င်းတို့၏ အရှင်သခင် သည် ခတ်နေသောလှိုင်းကလေးများပေါ်ဝယ် ဘယ်ယိမ်းညာနွဲ့ဖြစ်နေသော တံငါ သည်တစ်ဦး၏ လှေပေါ်တွင်ထိုင်လျက် ရေကမ်းစပ်တိုင်ဆင်းလာကြသော ကယ် တင်ခြင်း၏ ဝမ်းမြောက်ဖွယ်သတင်းစကားကို နားထောင်နေကြသည့် လူအုပ်ကြီး အား တရားဟောနေသော ဤမြင်ကွင်းသည် ကောင်းကင်တမန်များအတွက် ကြည့် ရှုရန် မည်မျှကောင်းမွန်သောမြင်ကွင်းတစ်ခုဖြစ်ပါသလဲ။ ကောင်းကင်နိုင်ငံ၏ဂုဏ်ပြု ခြင်းခံရသော ကိုယ်တော်သည် လဟာပြင်တွင် သာမန်လူတန်းစားများအား နိုင်ငံ တော်နှင့်ယှဉ်သော အရေးပါသည့် သတင်းစကားများကို ဟောကြားနေသည်။ သို့ စေကာမူ မိမိ၏အမှုတော်အတွက် ယခုထက်ပို၍သင့်လျော် သောမြင်ကွင်းကို ကိုယ် တော်မရရှိနိုင်တော့ချေ။ ရေအိုင်များ၊ တောင်တန်းများ၊ လယ်ကွင်းပြင်များ၊ ကမ္ဘာ ပေါ်တွင် လွှမ်းနေသော နေရောင်ခြည်များ ဤအရာအားလုံးသည် ကိုယ်တော်ရှင်၏ သင်ခန်းစာတို့ကိုသာဓကပြု၍ ၎င်းတို့အား စိတ်နှလုံးတွင် စွဲမြဲသွားစေရန် အလှဆင် ထားကြပါသည်။ ၎င်းပြင် ခရစ်တော်ပေးတော်မူခဲ့သော သင်ခန်းစာတိုင်းသည် အ လဟဿမဖြစ်ခဲ့ချေ။ ကိုယ်တော်ရှင်၏ နှုတ်တော်မှထွက်လာခဲ့သော သတင်းစကား တိုင်းသည် အချို့သောအသက်ဝိညာဉ်များအတွက် ထာ၀ရအသက်နှင့်ယှဉ်သော နှုတ်ကပတ်တော်ဖြစ်ခဲ့ပါသည်။

         စက္ကန့်တိုင်းစက္ကန့်တိုင်းတွင် ကမ်းပေါ်ရှိလူအုပ်ကြီးသည် ပို၍သာကြီးမားလာ ပါတော့သည်။ တုတ်များကို အားပြုလျက်လာနေကြသော သက်ကြီးရွယ်အိုများ၊ တောင်ကုန်းများတွင်နေထိုင်ကြသော ဆင်းရဲသားလယ်သမားများ၊ ဂါလိလဲအိုင်တွင် ငါးဖမ်းနေရာမှလာခဲ့ကြသော တံငါသည်များ၊ ကုန်သည်များနှင့် ပညာတတ်များမှစ၍ လူကြီးလူငယ်အပေါင်းတို့သည် နာမကျန်းသူများနှင့် ဆင်းရဲဒုက္ခခံစားနေရသူများ ကိုသယ်ဆောင်လာကြကာ ကိုယ်တော်၏ နှုတ်ထွက်စကားများကိုကြားနာဖို့ ရှေ့သို့ တိုးဝှေ့နေကြပါသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မျှော်ကြည့်၍ ရေးသားထား သည့် ပုရောဖက်စကားဟူမူကား-

         “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားလျှောက်သော လမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊ မှောင်မိုက် ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏ နိုင်ငံ အရိပ်တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” ရှင်မဿဲ ၄း၁၅-၁၆။

         ဂနေသရက်အိုင်နားရှိ လူအုပ်ကြီးအား ခရစ်တော်တရားဟောကြားသော အချိန်တွင် ကိုယ်တော်၏ စိတ်အာရုံရှေ့မှောက်ဝယ် ထိုလူအုပ်ကြီးအပြင် အခြား သောတရားနာပရိသတ်များလည်း ရှိနေခဲ့ကြပါသည်။ ခေတ်အဆက်ဆက်ကို ပြန် လည်သုံးသပ်တော်မူသောအခါ အကျဉ်းထောင်များနှင့် လွှတ်ရုံးများမှသစ္စာရှိသူများ အားလည်းကောင်း၊ စုံစမ်းခြင်းခံနေရသူများ၊ အထီးကျန်ဘ၀ဖြင့် တစ်ကိုယ်တည်း နေကြရသူများနှင့် ရောဂါဝေဒနာခံစားနေရသူတို့အားလည်းကောင်း ကိုယ်တော် တွေ့မြင်တော်မူခဲ့ပါသည်။ ဝမ်းသာစရာမြင်ကွင်း၊ တိုက်လှန်ပွဲမြင်ကွင်းနှင့် စိတ်ရှုပ် ထွေးစရာမြင်ကွင်း စသည့်မြင်ကွင်းတိုင်းသည် ကိုယ်တော်ရှင်၏ ရှေ့မှောက်တွင် ထင်ရှားလျက်ရှိခဲ့ပါသည်။ ကိုယ်တော်သည် မိမိ၏အနားတွင်စုရုံးနေ ကြသောလူများ အား မိန့်တော်မူသောစကားများအားဖြင့် အခြားသော အသက်ဝိညာဉ်များအတွက် လည်း စစ်ဆေးခြင်းခံရသောအချိန်တွင် မျှော်လင့်ခြင်းရှိစေရန်အတွက် သော် လည်းကောင်း၊ ဝမ်းနည်းသောအခါ နှစ်သိမ့်မှုရစေရန်အတွက်သော် လည်းကောင်း၊ မှောင်မိုက်ကျသောအခါ ကောင်းကင်၏ အလင်းဖြစ်စေရန် အတွက်သော် လည်း ကောင်း မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဂါလိလဲ အိုင်ပေါ်ရှိ တံငါသည်တစ်ဦး၏ လှေပေါ်မှဟောကြားနေသော အသံတော်သည် နောက်ဆုံးသော အချိန်များ၌ အသက်ရှင်နေထိုင်လျက်ရှိကြသော ၎င်းတို့၏ စိတ်နှ လုံးများတွင် ငြိမ်သက်ခြင်းအကြောင်းဖြစ်စေခြင်းငှါ ဟောကြားနေကြောင်း ကြားနာ ရကြပါသည်။

         တရားပွဲပြီးဆုံးသွားသောအခါ သခင်ယေရှုသည် ပေတရုဘက်သို့လှည့် တော်မူ၍ ရေနက်ရာသို့လှေကိုရွှေ့ပြီး ပိုက်ကွန်ကိုချရန် မိန့်တော်မူလိုက်ပါသည်။ သို့သော်လည်း ပေတရုသည် တစ်ညလုံးငါးဖမ်းခဲ့ရာ တစ်ကောင်မျှမရရှိခဲ့သည့်အ တွက် စိတ်ပျက်အားလျော့လျက်ရှိခဲ့ပါသည်။ သူသည် ညအချိန်တွင် တစ်ယောက် တည်းရှိစဉ် ထောင်ထဲတွင်အထီးကျန်ဘ၀ဖြင့် သေဆုံးသွားခဲ့ရသောဆရာယောဟန်  ၏ ကံကြမ္မာကိုစဉ်းစားမိခဲ့ပါသည်။ ၎င်းပြင် သခင်ယေရှုနှင့်ကိုယ်တော်၏ တပည့် တော်များ၏ အလားအလာကိုလည်းကောင်း၊   ယုဒပြည်တွင်လုပ်ဆောင်နေသော အမှုတော်၏အခြေမလှမှုများကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများ၏ ရန်ငြိုးထားမှုများကိုလည်းကောင်း သူစဉ်းစားမိခဲ့ပါသည်။ သူ၏အလုပ်အကိုင်သည် လည်း အောင်မြင်မှုမရှိဘဲ ငါးတစ်ကောင်မျှမရှိသည့် ပိုက်ကွန်ကိုကြည့်လိုက်သော အခါတွင် အနာဂတ်ရေးသည် စိတ်အားငယ်စရာများဖြင့် အမှောင်ကျနေသ ယောင်ဖြစ်နေပါသည်။ ထို့ကြောင့် “သခင်၊ ကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစား သော်လည်းတစ်ကောင်မျှမရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည် ဟု လျှောက်လေ၏။”

         ရေကြည်သောဤ ရေအိုင်သည် ပိုက်ကွန်နှင့်ငါးဖမ်းရန်အတွက် ညအချိန် သည် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ တစ်ညလုံးကြိုးစားခဲ့သော်လည်း ငါးတစ် ကောင်မျှမရသဖြင့် နေ့အချိန်တွင် ပိုက်ကွန်ဖြင့် ငါးဖမ်းရန်မှာ မျှော်လင့်ချက်မရှိသ လောက်ဖြစ်နေပါသည်။ သခင်ယေရှု အမိန့်ပေးခဲ့သဖြင့် ကိုယ်တော်အပေါ်ထားရှိ သော မေတ္တာတော်သည် ထိုတမန်တော်များအား နားထောင်မှုရှိရန် လှုံ့ဆော်ခဲ့ပါ သည်။ ရှိမုန်နှင့်သူ၏ ညီအစ်ကိုများသည် ပိုက်ကွန်ကိုအတူတကွချလိုက်ကြပါသည်။ ထိုနောက် ပိုက်ကွန်ကိုပြန်၍ ဆွဲယူလိုက်သောအခါ ပိုက်ကွန်သည် စုတ်ပြဲစရှိသည့် အခြေရောက်အောင် ငါးများကိုအုပ်မိခဲ့ပါသည်။ ထိုကြောင့် သူတို့သည် ယာကုပ်နှင့် ယောဟန်အား အကူအညီတောင်း၍ ဆွဲယူခဲ့ကြရာ လှေနှစ်စီးလုံးနစ်လုမတတ်အ ထိများစွာသော ငါးများကိုရရှိခဲ့ကြပါသည်။

         သို့သော်ပေတရုသည် ယခုတွင် လှေနှင့်တကွလှေထဲတွင်ရှိသော ငါးများကို ဂရုမထားတော့ချေ။ သူတွေ့ဖူးခဲ့သော နိမိတ်လက္ခဏာများတွင် ဤနိမိတ်လက္ခဏာ သည် ၎င်းတို့အတွက် ကိုယ်တော်၏ ဘုရားတန်ခိုးတော်ကို အထင်ရှားဆုံးဖြစ်စေ ခဲ့ပ သည်။ အားလုံးသော သဘာ၀တရားများတို့ကို ချုပ်ကိုင်ထားသောပုဂ္ဂိုလ်မှာ ခရစ် တော်ဖြစ်ကြောင်းကို သူတွေ့မြင်ခဲ့ရပါသည်။ ကိုယ်တော်ရှင်၏ ဘုရားဇာတိတော် သည် ၎င်း၏မသန့်ရှင်းမှုကို ထင်ရှားပေါ်လွင်စေခဲ့ပါသည်။ မိမိ၏သခင်အား ချစ် သောမေတ္တာတရား၊ မိမိ၏မယုံကြည်မှုအတွက် ရှက်ကြောက်မှုများတို့နှင့်ခရစ်တော် ၏ လူဇာတိခံယူခဲ့သော နှိမ့်ချမှုအတွက် ကျေးဇူးတရားများအပြင် အနန္တသန့်ရှင်း စင်ကြယ်တော်မူသော ပုဂ္ဂိုလ်တစ်ဦးရှေ့တွင် မိမိ၏မသန့်ရှင်းမှုများတို့အတွက် ခံစား မှုများတို့သည် ၎င်း၏စိတ်ကိုလွှမ်းမိုးခဲ့ပါသည်။ ၎င်း၏ လုပ်ဖော်ဆောင်ဖက်များသည် ပိုက်ကွန်တွင်ပါလာသော ငါးများကိုဖြုတ်နေကြစဉ် ပေတရုသည် ကိုယ်တော်၏ ခြေတော်ရင်းတွင် ဒူးထောက်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူဖြစ်ပါ၏။ အကျွန်ုပ်ထံမှထွက်ကြွသွားတော်မူပါ” ဟုလျှောက်လေ၏။ လုကာ ၅း၈။

         ထာ၀ရဘုရား၏ ကောင်းကင်တမန်ရှေ့မှောက်တွင် အသေကောင်ကဲ့သို့ ပုရောဖက်ဒံယေလအားဖြစ်စေခဲ့သော တန်ခိုးတော်သည် ဤသန့်ရှင်းခြင်းတန်ခိုး တော်ပင်ဖြစ်ပါသည်။ “ငါမူကား---ကြီးစွာသောရူပါရုံကို မြင်ရလျှင် ခွန်အား လျော့၍ မျက်နှာပျက်လျက် ကိုယ်၌အစွမ်းသတ္တိအလျှင်း မရှိဖြစ်လေ၏” ဟုဒံယေ လပြောဆိုခဲ့၏။ ဒံယေလ ၁ဝး၈။ ထိုနည်းအတူပင် ဟေရှာယသည်လည်း ဘုရားသခင်၏ ဘုန်းတော်ကိုတွေ့မြင်သောအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုး နည်းရှိ၏။ အကြောင်းမူကား ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိလျက်ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့် ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား တည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကား” ဟုဆို၏။ ဟေရှာယ ၆း၅။ အားနည်းချက်နှင့်အပြစ်များရှိသော လူသားများကို ဘုရားဇာတိ၏ ပြည့်စုံ ခြင်းနှင့်နှိုင်းယှဉ်လိုက်သော် သူ၌ရှိနေသော လုံးလုံးချို့တဲ့မှုများနှင့်မသန့်ရှင်းမှုများ ကိုခံစားခဲ့ရပါသည်။ ဘုရားသခင်၏ ကြီးမြတ်မှုနှင့် ဂုဏ်အသရေရှိမှုများကိုမြင် တွေ့ခွင့်ရသော သူတိုင်းသည် ထိုနည်းနှင်နှင်ခံစားကြရပါသည်။

         ပေတရုက “အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ထံမှ ထွက်သွားတော်မူပါ” ဟုပြောနေသော်လည်း သူသည် ကိုယ်တော်နှင့် ခွဲခွာမသွား နိုင်ကြောင်းကို ခံစားလျက် သခင်ယေရှု၏ခြေတော်မြတ်ကို ဖက်တွယ်ထားခဲ့ပါသည်။ ထိုအခါယေရှုက “ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းမိ သောသူဖြစ်လိမ့်မည်” ဟုမိန့်တော်မူ၏။ ဟေရှာယသည် ဘုရားသခင်၏ သန့်ရှင်း ခြင်းကိုလည်းကောင်း၊ မိမိ၏မထိုက်တန်မှုကိုလည်းကောင်း တွေ့မြင်ပြီးမှ ဘုရား သခင်နှင့်ဆိုင်သော သတင်းစကားကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ပေတရုသည် မိမိအလိုကိုငြင်းပယ်၍ ဘုရားသခင်၏ တန်ခိုးတော်အပေါ် မှီခိုခဲ့ပြီးနောက်မှ ခရစ် တော်၏အမှုတော် အတွက် ခေါ်တော်မူခြင်းကိုခံခဲ့ရပါသည်။

         ဤအချိန်မတိုင်မီ တမန်တော်များသည် ခရစ်တော်နှင့်အတူ လုပ်ဖော် ဆောင်ဖက်များအဖြစ် လုံးလုံးလျားလျား မရောက်ခဲ့ကြသေးချေ။ သူတို့သည် ကိုယ် တော်ပြတော်မူခဲ့သော နိမိတ်လက္ခဏာများကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ကြပြီး သွန်သင်ချက်များကိုလည်း ကြားခဲ့ရပါသည်။ သို့သော်လည်း သူတို့သည် ယခင်အ လုပ်အကိုင်များကို အပြီးအပိုင်မစွန့်လွှတ်ခဲ့ကြသေးချေ။ ဆရာယောဟန်၏ အကျဉ်း ချခံရမှုသည် ၎င်းတို့အားလုံးအတွက် ခါးသီးသော စိတ်ပျက်မှုကိုဖြစ်စေခဲ့ပါသည်။ ဆရာယောဟန်၏ အမှုတော်မှဖြစ်ထွန်းလာသည့် အကျိုးများသည် ထိုကဲ့သို့သော အရာများသာဖြစ်ခဲ့လျှင် အားလုံးသော ဘာသာရေးခေါင်းဆောင်များစုပေါင်း၍ ဆန့် ကျင်ဘက်ပြုနေကြသော ခရစ်တော်၏ အမှုတော်အတွက် မျှော်လင့်ချက်မရှိသ လောက်ဖြစ်နေခဲ့ပါသည်။ ထိုအခြေအနေမျိုးတွင် ဂါလိလဲသို့ ခေတ္တခဏပြန်၍ငါး ဖမ်းခြင်းသည် သူတို့အတွက် သက်သာရာတစ်ခုဖြစ်ခဲ့ပါသည်။ သို့သော်ယခုတွင်မူ သခင်ယေရှုသည် ၎င်းတို့အား မိမိတို့၏ အသက်တာ ဟောင်းများကို စွန့်လွှတ်၍ ကိုယ်တော်၌ တစ်လုံးတစ်၀တည်းရှိကြရန် ခေါ်တော်မူခဲ့ပါသည်။ ပေတရုသည် ထို ခေါ်တော်မူသံကို လက်ခံခဲ့ပါသည်။ ကမ်းပေါ်သို့ရောက်သောအခါ ခရစ်တော်သည် “ငါ့နောက်သို့လိုက်ကြလော့၊ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှါ ငါပြု မည်}}ဟု အခြားတပည့်တော်သုံးယောက်တို့ကို မိန့်တော်မူခဲ့၏။ ထိုသူတို့သည် ချက် ချင်းပင် ပိုက်ကွန်များကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

         ၎င်းတို့အား ပိုက်ကွန်များနှင့် ငါးဖမ်းလှေများကို စွန့်ပစ်ကြရန် မခိုင်းစေမီ ဘုရားသခင်သည် ၎င်းတို့၏ လိုအပ်ချက်များကိုမစလိမ့်မည် ဟူသောအာမခံချက်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်ပါသည်။ ဧဝံဂေလိလုပ်ငန်းတွင် ပေတရု၏ လှေကိုအ သုံးပြုခြင်းအတွက် ကြွယ်၀စွာသော အဖိုးအခကိုပြန်လည်ပေးဆပ်ခဲ့ပါသည်။ “ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်၀စေတော်မူခဲ့သော “သူကမိန့်တော်မူသည်ကား “သူတစ်ပါးအားပေးကြလော့၊ ပေးလျှင်သူတစ်ပါး သည် သင်တို့အားပေးကြလိမ့်မည်၊ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။” ရောမ ၁ဝး၁၂။ လုကာ ၆း၃၈။ ကိုယ်တော်သည် ဤအတိုင်းအတာပမာဏအတိုင်း တမန်တော်များ၏ လုပ်ဆောင်မှုများကို ကျေးဇူးပြုတုံ့ပြန်ခဲ့ပါသည်။ ကိုယ်တော်၏ဧဝံဂေလိတရားဟော ကြားခြင်းလုပ်ငန်းတွင်ပြုလုပ်ခဲ့သော ဆက်ကပ်မှုတိုင်းကို အလွန်ကြွယ်၀သော ကျေးဇူးတော်အားဖြင့် ဆပ်ပေးတော်မူပါလိမ့်မည်။

         ဂါလိလဲအိုင်တွင် ဖြစ်ပျက်ခဲ့သော ဝမ်းနည်းဖွယ်ထိုည၌ ခရစ်တော်နှင့်ခွဲ ခွါခဲ့ကြသောအခါ သူတို့၏စိတ်တွင် မယုံကြည်မှုများပြင်းထန်စွာ ဖြစ်ပေါ်လာပြီး အ ကျိုးမဖြစ်ထွန်းသော လုပ်ဆောင်မှုများအားဖြင့် ပင်ပန်းနွမ်းရိခဲ့ကြပါသည်။ သို့သော် ၎င်းတို့ထံသို့ ကိုယ်တော်ရောက်ရှိလာခြင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို လှုပ်ရှား ထကြွစေခဲ့ပြီး ပျော်ရွှင်မှုများနှင့် အောင်မြင်မှုများကို ရရှိစေခဲ့ပါသည်။ ထိုနည်းအတူ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နှင့်အတူမရှိလျှင် လုပ်ဆောင်မှုတိုင်းသည် အကျိုး ဖြစ်ထွန်းလိမ့်မည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်တွင် မယုံကြည်မှုများတို့နှင့် ညည်း တွားမှုများကို လွယ်ကူစွာ ဖြစ်ပေါ်လာလိမ့်မည်သာ ဖြစ်ပါသည်။ သို့သော် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ အနီးအနားတွင်ရှိတော်မူပြီး ကိုယ်တော်၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်ရသောအခါ၌ ကျွန်ုပ်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ထင်ရှားမှုတွင် ပျော်ရွှင်ဝမ်းမြောက်ကြပါသည်။ စာတန်၏ အလုပ်သည် အသက်ဝိညာဉ်များအား စိတ်ဓာတ်ကျစေဖို့ဖြစ်ပြီး ခရစ်တော်၏ အမှုတော်သည် အသက်ဝိညာဉ်အား ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းများဖြင့်ပြည့်စုံစေရန်ဖြစ်သည်။

         ထိုနိမိတ်လက္ခဏာက ကြားသိလိုသောနက်နဲသိမ်မွေ့သည့် သင်ခန်းစာ သည် တမန်တော်များအတွက်သာမက ကျွန်ုပ်တို့အတွက်လည်း ဖြစ်ပါသည်။ မိမိ၏ နှုတ်တော်ထွက်စကားအားဖြင့် ပင်လယ်ထဲရှိငါးများကို စုသိမ်းနိုင်သော ကိုယ်တော် သည် မိမိ၏တပည့်တော်များအား လူမျှားသောတံငါဖြစ်စေရန်အလို့ငှါ မေတ္တာတော် နှောင်ကြိုးအားဖြင့် ၎င်းတို့၏ စိတ်နှလုံးတို့ကို အမှတ်တရဖြစ်စေပြီး မိမိထံသို့ဆွဲယူ နိုင်တော်မူမည်ဖြစ်ပါ သည်။

         ထိုဂါလိလဲတံငါသည်များသည် နိမ့်ကျ၍ ပညာမရှိသောသူများ ဖြစ်ကြ သော်လည်း လောက၏ အလင်းဖြစ်တော်မူသော ကိုယ်တော်သည် ၎င်းတို့အား လုပ်ဆောင်စေမည့် အလုပ်အတွက် အရည်အချင်းမီအောင်မစရန် ကြွယ်၀ကုံလုံ စွာတတ်နိုင်တော်မူပါသည်။ သခင်ယေရှုသည် ပညာရေးကို ရှုတ်ချတော်မမူချေ။ အကြောင်းမူကား ဘုရားသခင်၏ မေတ္တာတော်၏ ထိန်းချုပ်မှုအောက်တွင်ရှိ၍ အမှု တော်မြတ်အတွက် ဆက်ကပ်ထားသောအချိန်တွင် ဥာဏ်ပညာနှင့်ဆိုင်သော ယဉ် ကျေးမှုသည် ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ပါသည်။ သို့သော် ထိုခေတ်တွင် အ သက်ရှင်နေကြသော ပညာရှိများကို ကိုယ်တော်သည် အသုံးပြုတော်မမူခဲ့ချေ။ အ ကြောင်းမူကား ထိုသူတို့သည် ဒုက္ခဆင်းရဲရောက်နေသော လူသားများကို ကိုယ် ချင်းမစာနိုင်တော့သည့်အထိ မိမိကိုယ်ကိုအထူးစိတ်ချယုံကြည်နေသူများ ဖြစ်နေကြ ပါသည်။ ထို့ကြောင့် သူတို့သည် ကိုယ်တော်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်မလာ နိုင်ကြချေ။ မိမိတို့၏ တစ်ယူသန်မှုများကြောင့် ခရစ်တော်သွန်သင်ချက်များ ကိုခံယူ ရန် သူတို့အထင်သေးခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏ ကရုဏာတော်စီးဆင်းရာတူး မြောင်းများကို အဟန့်အတားအပိတ်အဆို့ ဖြစ်လာကြမည့် ထိုသူများနှင့် အတူတကွ အမှုတော်ဆောင်ရန် ခရစ်တော်ကြိုးစားတော်မူခဲ့ပါသည်။ ထာ၀ရဘုရားနှင့်အတူ အမှုတော်ဆောင်ရွက်မည့်သူများ ဖြစ်လာကြမည့်သူအားလုံးသည် ပထမဦးစားပေး အဖြစ် လေ့လာသင်ယူရမည့်အရာမှာ မိမိကိုယ်ကိုမကိုးစားခြင်းနှင့် ဆိုင်သော သင်ခန်းစာပင်ဖြစ်ပါသည်။ ထိုသင်ခန်းစာကို လေ့လာသင်ယူပြီးသော အချိန်တွင် ခရစ်တော်၏ စာရိတ္တာတော်ကို မျှဝေခံယူရန်ပြင်ဆင်ပြီးဖြစ်သွားပါသည်။ ထို သင်ခန်းစာကို သိပ္ပံနည်းအကျဆုံးသော ကျောင်းများမှ သင်ကြားပေးနေသော ပညာ အားဖြင့်မရနိုင်ကြချေ။ ထိုအရာသည် ခရစ်တော်တစ်ပါးတည်းထံမှသာ ရနိုင်သော ဥာဏ်ပညာအသီးအပွင့်ဖြစ် ပါသည်။

         သခင်ယေရှုသည် ပညာမတတ်သော တံငါသည်များကို ရွေးချယ်တော်မူခဲ့ ပါသည်။ အကြောင်းမူကား ထိုသူတို့သည် ၎င်းတို့ခေတ်အခါ၏ ရိုးရာများနှင့် မှား ယွင်းသော ဓလေ့ထုံးစံများကို မသင်ယူရသေးသောကြောင့် ဖြစ်ပါသည်။ ထိုသူများ သည် ပင်ကိုယ်အစွမ်း ရှိကြသူများဖြစ်ပါသည်။ သူတို့သည် နိမ့်ချသောသူများ ဖြစ်ကြကာ ကိုယ်တော်၏ အမှုတော်အတွက် သင်ကြားပေးလျှင် ရနိုင်သောသူများ လည်းဖြစ်ကြပါသည်။ သာမန် လူတန်းစားများမှနေ့စဉ် လုပ်ကိုင်ရသည့် လုပ်ငန်း ဆောင်တာများကို စွဲစွဲမြဲမြဲ လုပ်ဆောင်နေကြသူများအနေနှင့် ကမ္ဘာတွင်ဂုဏ် အပြုအခံရဆုံးပုဂ္ဂိုလ်နှင့် တူအောင်ပြုလုပ်နိုင်သော တန်ခိုးတော်ကိုကိုယ်တော်ရှင် fပိုင်ဆိုင်ကြောင်း မသိကြချေ။ အထူးစွမ်းပကား နှင့်ပြည့်စုံတော်မူသော လက်တော်၏ ထိတွေ့မှုအားဖြင့် လှုပ်ရှားထကြွမှုမရှိသော ထိုအစွမ်းသတ္တိများ ကိုနှိုးဆော်ရန်လို အပ်ပါသည်။ မိမိ၏ လုပ်ဖော်ဆောင်ဖက်များဖြစ်လာကြရန် ခရစ်တော်ခေါ်တော်မူ သောသူများသည် ထိုကဲ့သို့သော သူများဖြစ်ကြပါသည်။ ထိုသူများကိုမိမိနှင့်ပေါင်း ဖက်လုပ်ဆောင်ရသောအခွင့်ကို ပေးတော်မူခဲ့ပါသည်။ ကမ္ဘာ့လူကြီးလူကောင်းများ၌ ထိုကဲ့သို့သော ဆရာမျိုးတစ်ယောက်မျှမရှိခဲ့ဖူးချေ။ တမန်တော်များသည် ခရစ်တော် ပေးတော်မူသော သင်တန်းကို ရယူကြပြီးသောအခါ လူအ၊ လူနများ၊ လူရိုင်းများ မဟုတ်ကြတော့ဘဲ သူတို့သည် စိတ်နေသဘောထားနှင့် အကျင့်စာရိတ္တပိုင်းတွင် ကိုယ်တော်ရှင်နှင့်တူလာကြပြီး လူများသည် ခရစ်တော်နှင့် အတူနေထိုင်ခဲ့ကြသော ၎င်းတို့ကို အသိအမှတ်ပြုခဲ့ကြပါသည်။

         ပညာရေး၏ အကြီးမြတ်ဆုံးသောလုပ်ငန်းသည် အသိဥာဏ်များကို ဖြန့်ဝေ ပေးရန် သက်သက်သာမဟုတ်ဘဲ စိတ်သဘောထား တစ်ခုနှင့်တစ်ခုထိတွေ့ခြင်း အားဖြင့်သော်လည်းကောင်း၊ လူအချင်းချင်းထိတွေ့ခြင်းအားဖြင့်သော်လည်းကောင်း ရရှိသည့်အသက်ရှင်စေနိုင်သော ခွန်အားကိုမျှဝေရန် ဖြစ်ပါသည်။ အသက်ရှင်ခြင်း ကသာ အသက်ရှင်ခြင်းတန်ခိုးကို ပေးစွမ်းနိုင်သည်။ ကမ္ဘာကို ကောင်းချီးပေးမည့် အသက်ရှင်စေသော စိတ်ဇောကလေးယိုစီးလာသော ဘုရားသခင်၏ အသက်တာ နှင့်သုံးနှစ်လုံးလုံးနေ့စဉ် ထိတွေ့ခဲ့ကြရသည့်အခွင့်သည် တမန်တော်များအတွက် ကြီးမားသောအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ ရှင်ယောဟန်သည် အားလုံးသော လုပ်ဖော်ဆောင်ဖက် များထက်သာလွန်၍ ထိုအံ့ဩဖွယ်တန်ခိုးတော်ထံသို့ မိမိကိုယ် ကိုလိုက်လျော အညံ့ခံခဲ့ပါသည်။ “ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့သည် လည်းမြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဖူး၍ ငါတို့အား ထင်ရှားခဲ့ပြီးသော ထို ထာ၀ရ အသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။” ၁ယော၊ ၁း၂။ “ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။” ယောဟန် ၁း၁၆။

         ဘုရားသခင်၏ တမန်တော်များတွင် မိမိကိုယ်ကိုဂုဏ်ယူစရာ တစ်ခုမျှမရှိ သောသူများသာ ဖြစ်ကြပါသည်။ ၎င်းတို့အမှုတော် အောင်မြင်မှုသည်လည်း ဘုရား သခင်ကြောင့်သာ ဖြစ်ကြောင်းထင်ရှားနေပါသည်။ ဤသူများ၏ အသက်တာတိုး တက်ကောင်းမွန်လာသော ၎င်းတို့၏ အကျင့်စာရိတ္တ၊ သူတို့အားဖြင့်ဘုရားသခင်ပြု တော်မူသော ကြီးကျယ်သည့်အမှုတော် စသည်တို့သည် သင်ပေးလျှင်ရနိုင်၍ နား ထောင်မှုရှိသူအားလုံး၌ ဘုရားသခင်ပြုတော်မူမည့် အရာများအတွက် သက်သေခံ ချက်တစ်ခုဖြစ်ပါသည်။

         ခရစ်တော်ကို အချစ်ဆုံးသောသူသည် များစွာသောကောင်းမှုများကို လုပ် ဆောင်ကြပါလိမ့်မည်။ ထာ၀ရဘုရားအား လုံးလုံးဆက်ကပ်အပ်နှံသော အသက် တာဖြင့်နေထိုင်ခဲ့ပြီး တစ်ကိုယ်ကောင်းစိတ်များကို ဘေးသို့ဖယ်ထားကာ သန့်ရှင်း သောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် စိတ်နှလုံးတွင် နေရာပေးသော သူတိုင်း ၏ အသုံးကျမှုသည် အကန့်အသတ်မရှိချေ။ လူများသည် မရှိမဖြစ်လိုအပ်သော စည်းမျဉ်းများကို ညည်းညူခြင်းမရှိ၊ မောပန်းခြင်းမရှိဘဲ ခံနိုင်ရည်ရှိကြလိမ့်မည်ဆို လျှင် ထာ၀ရဘုရားသည် ၎င်းတို့အား တစ်နာရီပြီးတစ်နာရီ၊ တစ်နေ့ပြီးတစ်နေ့ သွန်သင်တော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိ၏ ကျေးဇူးတော်ကို ဖော်ပြရန် တောင့်တတော်မူနေပါသည်။ ကိုယ်တော်ရှင်၏ သားသမီးများသည် ထိုအဟန့်အ တားများကို ဖယ်ရှားပစ်လိမ့်မည်ဆိုလျှင် ကိုယ်တော်သည် ကြွယ်၀များပြားစွာသော ကယ်တင်ခြင်း အသက်စမ်းရေချောင်းကို လူသားတူးမြောင်းများမှ တစ်ဆင့်စီးဆင်း စေတော်မူပါလိမ့်မည်။ နှိမ့်ချသော အသက်တာရှိသော သူများအား ၎င်းတို့လုပ်ကိုင် နိုင်သမျှသော ကောင်းသည့်လုပ်ငန်းများကို လုပ်ဆောင်ရန် အားပေးခဲ့လျှင်သော် လည်းကောင်း၊ ၎င်းတို့၏ စိတ်အားထက်သန်မှုကို ဖိနှိပ်ချုပ်တည်းရန် တားဆီးပိတ် ပင်သည့်လက်များကို ၎င်းတို့အပေါ်တွင် မတင်လျှင်သော်လည်းကောင်း၊ ယခုအ မှုတော်ဆောင်တစ်ယောက်ရှိသည့် နေရာတွင် အမှုတော်ဆောင်တစ်ရာရှိ လာပေ လိမ့်မည်။ လူများတို့သည် ကိုယ်တော်ထံတွင် မိမိကိုယ်ကိုအရှုံးပေးအညံ့ခံလိမ့် မည်ဆိုလျှင် ထာ၀ရဘုရားသည် ထိုသူအားအရှိအတိုင်းခေါ်တော်မူ၍ မိမိ၏ အမှုတော်အတွက် လေ့ကျင့်သင်ကြားပေးတော်မူပါသည်။ ထိုအချိန်တွင် ၎င်းရရှိ ထားသည့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်း၏ စွမ်းပကားအားလုံးကို လှုပ်ရှား ထကြွစေပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် ဘုရား သခင့်ထံ၌ မခြွင်းမချန်ဆက်ကပ်ထားသော ထိုစိတ်သဘောထားသည် ညီညွတ်ဆီ လျော်စွာတိုးတက်ကြီးပွားလာကာ ဘုရားသခင်၏ လိုလားချက်များကို သိမြင်နား လည်၍ ဖြည့်ဆည်းရန် ခွန်အားရရှိလာပါသည်။ ခွန်အားနည်း၍ ယိမ်းယိုင်တွေဝေ သော စာရိတ္တအသွင်သို့ ပြောင်းလဲလာပါသည်။ နေ့ညမပြတ် ဆက်ကပ်ခြင်းသည် ခရစ်တော်နှင့် ၎င်း၏တမန်တော်များအကြား အလွန်နီးကပ်သော ဆက်သွယ်မှုတစ် ခုကိုဖြစ်စေပြီး ထိုနည်းအားဖြင့် ခရစ်ယာန်များသည် စိတ်သဘောထားများနှင့် စာရိတ္တများတွင် ကိုယ်တော်နှင့် တူလာကြရပါသည်။ ခရစ်တော်နှင့်အဆက်အ သွယ်ပြုခြင်းအားဖြင့် ထိုခရစ်ယာန်သည် ပို၍ကြည်လင်ပြတ်သားပြီး ကျယ်ပြန့်သော အသိအမြင်များကို ရရှိလာကြလိမ့်မည်။ သူ၏သိနားလည်မှုသည် ပိုမိုထက်မြက်လာ မည်ဖြစ်ပြီး ဆုံးဖြတ်ချက်သည်လည်း မျှမျှတတဖြစ်လာပါလိမ့်မည်။ ခရစ်တော်၏ အမှုတော်တွင်ပါဝင်ရန် တောင့်တသောသူသည် ထာ၀ရဘုရား၏ ဘုန်းတော်ကို ထင်ရှားစေဖို့ များစွာသောအသီးများကို သီးပွင့်စေနိုင်ရန် တရားတော်နေမင်းကြီး၏ အသက်ရှင်စေသော တန်ခိုးတော်အားဖြင့် အားသစ်လောင်းခြင်းကို ခံရပါသည်။

         ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များမှ အဆင့်အမြင့်ဆုံး ပညာရပ်များကို ရရှိထားသော သူများသည် ကမ္ဘာမှပညာမဲ့များဟူ၍ သတ်မှတ်ခြင်းခံခဲ့ရသည့် နိမ့်ကျသော အ သက်တာရှိသည့် ထိုခရစ်ယာန်များထံမှ အဖိုးတန်သော သင်ခန်းစာများကို သင် ယူခဲ့ကြရပါသည်။ သို့သော် မထင်ရှားသော ဤတမန်တော်များသည် ကျောင်းအား လုံးတွင် အဆင့်အမြင့်ဆုံးကျောင်းတွင် ပညာရပ်တစ်ခုကို သင်ယူရရှိခဲ့ကြပါသည်။ အခြားသူတစ်ယောက်နှင့်မျှ မတူအောင် မိန့်တော်မူခဲ့သော ကိုယ်တော်ရှင်၏ ခြေ တော် ရင်းတွင် သူတို့သင်ယူခဲ့ကြရပါသည်။

No comments:

Post a Comment