Sunday, April 19, 2026

အခန်းကြီး - ၄။ သင်တို့အဖို့အလို့ငါှကယ်တင်ရှင်တစ်ပါး

 

သင်တို့အဖို့အလို့ငှါကယ်တင်ရှင်တစ်ပါး

ရှင်လုကာခရစ်ဝင် ၂း၁-၂၀ ကို အခြေခံထားပါသည်

         ဘုန်းတော်အရှင်ဘုရားသခင်သည် လူသားဇာတိကိုခံယူရန် နိမ့်ကျစွာ နှိမ့်ချတော်မူခဲ့သည်။ အရိုင်းအစိုင်းများနှင့် အတားအဆီးများသည် ကိုယ်တော်၏လောကပတ်ဝန်းကျင်များ ဖြစ်ခဲ့ကြသည်။ ကိုယ်တော်ရှင်၏အပြင်ပန်းရုပ်သွင်သည် ဆွဲဆောင်မှုကို ဖြစ်စေမည့် လှုံ့ဆော်မှုတစ်ခုဖြစ်မလာစေရန် အတွက် ဘုန်းတော်ကိုကာကွယ်ထားတော်မူခဲ့သည်။ ကိုယ်တော်သည် အပြင်ပန်းပကာသနအားလုံးကို ဖော်ပြရန် ရှောင်ရှားတော်မူ၏။ ကြွယ်ဝမှုများ၊ လောကကျော်စောကိတ္တိများနှင့် ကြီးမြတ်မှုများသည် လူသားများ၏ အသက်ဝိညာဉ်ကို သေခြင်းမှမည်သည့်အခါမျှ ကယ်တင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့်သခင်ယေရှုသည် လောကနှင့်ပတ်သက်သော ဆွဲဆောင်မှုများမပါဘဲ လူသားများကို ကိုယ်တော်၏အပါးသို့ ခေါ်ယူတော်မူခဲ့ပါသည်။ ကောင်းကင်နှင့်ဆိုင်သော သမ္မာတရား၏တင့်တယ်မှုက သာလျှင် ကိုယ်တော်၏နောက်သို့လိုက်မည့်သူများအား ဆွဲယူတော်မူမည်။ မေရှိယအရှင်၏ စာရိတ္တတော် ကိုနှစ်ပေါင်းများစွာကတည်းက အနာဂတ္တိစကားများတွင် ကြိုတင်ပြောပြခဲ့ပြီးဖြစ်သဖြင့် နှုတ်ကပတ် တော်၏သက်သေခံချက်အပေါ်တွင် အမှီပြု၍ ကိုယ်တော်အားလက်ခံကြရန် ထာဝရဘုရားအလိုရှိတော်မူ ခဲ့ပါသည်။

         ကောင်းကင်တမန်များသည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကယ်တင်ခြင်းစီမံကိန်း အတွက် အံ့အားသင့်ခဲ့ကြပါသည်။ လူဇာတိကိုခံယူမည့်သားတော်အား ဘုရားသခင်ရွေးချယ်ထားသော လူမျိုးက မည်ကဲ့သို့လက်ခံကြိုဆိုမည်ကို တွေ့မြင်ရန် စောင့်ကြည့်ခဲ့ကြသည်။ ကောင်းကင်တမန်များ သည် ဘုရားသခင်ရွေးချယ်ခြင်းခံခဲ့ရသော လူမျိုးများထံသို့ ဆင်းသက်လာခဲ့ကြပါသည်။ အခြားလူမျိုးများ သည် ဒဏ္ဍာရီစကားများကို လက်ခံ၍ မှားယွင်းစွာဝတ်ပြုကိုးကွယ်နေကြပါသည်။ ကောင်းကင်တမန်များ သည် ဘုရားသခင်၏ဘုန်းတော်ထင်ရှား၍ အနာဂတ္တိစကား၏ အလင်းတော်ထွန်းလင်းတော်မူသော တိုင်းပြည်သို့ ကြွလာခဲ့ကြပါသည်။ ၎င်းတို့သည် ယေရုရှလင်မြို့သို့လည်းကောင်း၊ သမ္မာကျမ်းစာတော် မြတ်ကို ထုတ်ဖော်ရှင်းလင်းရန် ခန့်အပ်ခြင်းခံရသူများထံသို့လည်းကောင်း၊ ဘုရားသခင်အိမ်တော်တွင် အမှုတော်ဆောင်သောသူများထံသို့လည်းကောင်း ကိုယ်ယောင်ဖျောက်၍ကြွလာခဲ့ကြပါသည်။ ယဇ်ပလ္လင် ရှေ့တွင် အမှုတော်ဆောင်နေသော ယဇ်ပုရောဟိတ်ဇာခရိထံသို့လာ၍ခရစ်တော်၏ ကြွလာ ခြင်း နီးကပ်ကြောင်းကို ကြေညာခဲ့ပါသည်။ ခရစ်တော်အတွက် ရှေ့ပြေးဖြစ်သော ဗတ္တိဇံဆရာ ယောဟန်ကို မမွေးဖွားမီကပင် ၎င်း၏အထူးလုပ်ငန်းကို နိမိတ်လက္ခဏာအားဖြင့်သော်လည်းကောင်း၊ အနာဂတ္တိစကား အားဖြင့်သော်လည်းကောင်း သက်သေခံခဲ့ပြီးဖြစ်ပါသည်။ သူ၏ဖွားမြင်ခြင်းသတင်းနှင့် လုပ်ဆောင်ရမည့် အထူးလုပ်ငန်း၏ အံ့ဩဖွယ်ရာထူးကဲမှုသတင်းများသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပါသည်။ သို့စေကာမူ ယေရုရှလင်မြို့သည် မိမိ၏ကယ်တင်ရှင်ကို ကြိုဆိုရန် ပြင်ဆင်မှုများမပြုလုပ်ခဲ့ချေ။

         မွန်မြတ်သန့်စင်သောသမ္မာတရား၏ အလင်းတော်ကို ကမ္ဘာအားပျံ့နှံ့စေရန် ဘုရားသခင်ခေါ်တော်မူခဲ့သော လူမျိုးတို့၏ စိတ်မဝင်စားမှုကို ကောင်းကင်တမန်များသည် အံ့ဩစွာဖြင့် ကြည့်ရှုခဲ့ကြပါသည်။ ခရစ်တော်သည် အာဗြဟံ၏အမျိုးအနွယ်မှဖွားမြင်ခြင်းကိုခံယူမည့်သက်သေခံချက် တစ်ခုအနေနှင့် ယုဒလူမျိုးများကို ဘုရားသခင်ထိန်းသိမ်းစောင့်ရှောက် ထားတော်မူခဲ့ပါသည်။ သို့စေကာမူ ကိုယ်တော်ရှင်၏ကြွလာခြင်းသည် ယခုအခါတွင် နီးကပ်လျက်ရှိကြောင်းကို သူတို့မသိခဲ့ကြချေ။ ဗိမာန်တော်ထဲတွင် နေ့စဉ်ဆက်ကပ်နေသော နံနက်ပူဇော်သကာနှင့် ညနေပူဇော်သကာများသည် ဘုရားသခင်၏သိုးသငယ်ကို ပြညွှန်နေသော်လည်း ထိုနေရာသည်ပင်လျှင်ကိုယ်တော်အား လက်ခံကြိုဆို ရန် ပြင်ဆင်မှုများမပြုလုပ်ခဲ့ချေ။ ယုဒနိုင်ငံတွင်ရှိသောယဇ်ပုရောဟိတ်များနှင့်ကျမ်းတတ်ဆရာများသည် ခေတ်အဆက်ဆက်တွင် အကြီးမားဆုံးသော အဖြစ်အပျက်ကြီး ဖြစ်ပျက်တော့မည်ကို မသိခဲ့ကြချေ။ သူတို့သည် အဓိပ္ပါယ်ကင်းမဲ့သော ဆုတောင်းချက်များကို အထပ်ထပ်ရွတ်ဆို၍ လူအများမြင်သာသော ဝတ်ပြုကိုးကွယ်မှုများကို ပြုလုပ်ကျင်းပနေကြပြီး ချမ်းသာကြွယ်ဝမှုများနှင့် လောကထင်ပေါ်ကျော်စောမှု များကိုရရှိရန် အစွမ်းကုန်ကြိုးစားနေကြသောကြောင့် မေရှိယအရှင်၏ပေါ်ထွန်းတော်မူခြင်းအတွက် သူတို့မပြင်ဆင်မိခဲ့ကြချေ။ ကိုယ်တော်ရှင်၏ကြွလာခြင်းကို စိတ်မဝင်စားမှုများသည် ဣသရေလနိုင်ငံအနှံ့ ထိုးဖောက်စိမ့်ဝင်သွားခဲ့ပါသည်။ အတ္တစိတ်နှလုံးများနှင့် လောကကို စွဲလမ်းသောစိတ်နှလုံးများသည် ကောင်းကင်နိုင်ငံတစ်ခုလုံးခံစားရလိုက်သော ပျော်ရွှင်ဝမ်းမြောက်မှုကို မခံစားလိုက်ရကြချေ။ လူနည်းစု လောက်သာလျှင်ကိုယ်တော်ရှင်ကို ကြိုဆိုရန် တောင့်တခဲ့ပါသည်။ ထိုလူများထံသို့ ဘုရားသခင်သည် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့ပါသည်။

         ယောသပ်နှင့်မာရိတို့သည် ၎င်းတို့နေထိုင်သောမြို့ဖြစ်သည့် နာဇရက်မှ ဒါဝဒ်မြို့သို့ ခရီးသွားကြစဉ်တွင် ကောင်းကင်တမန်များသည် ၎င်းတို့အားအလုပ်အကျွေးပြုခဲ့ကြပါသည်။ ရောမနိုင်ငံ အတွင်းတွင် နေထိုင်ကြသည့်သူများကို သန်းခေါင်စာရင်းကောက်မည့်အမိန့်သည် ဂါလိလဲတောင်တန်း ဒေသများတွင် နေထိုင်သောသူများထံသို့ ရောက်ရှိလာခဲ့ပါသည်။ ရှေးခေတ်အခါတွင် သုံ့ပန်းဘဝရောက် နေသော ဘုရားသခင်၏သားသမီးများအား လွတ်မြောက်ခွင့်ပေးမည့် ကုရုမင်းအား ကမ္ဘာ့အင်ပါယာ၏ ပလ္လင်ပေါ်သို့ ခေါ်တင်တော်မူသကဲ့သို့ သခင်ယေရှု၏မိခင်အားဗက်လင်သို့ ခေါ်ဆောင်ရန်တည်းဟူသော ဘုရားသခင်၏အကြံတော်ကို ပြည့်စုံစေရန်အတွက် ကဲသာဘုရင်ဩဂုတ္တုအား ကိုယ်စားလှယ်တစ်ဦး အနေဖြင့်အသုံးပြုတော်မူခဲ့ပါသည်။ မာရိသည် ဒါဝိဒ်၏အမျိုးအနွယ်ဖြစ်၍ ဒါဝိဒ်၏သားတော်သည် ဒါဝိဒ်၏မြို့တော်တွင် ဖွားမြင်ခြင်းကိုခံရမည်ဖြစ်သည်။ ဗက်လင်မြို့ထဲမှ “ဣသရေလအမျိုးကို အုပ်စိုး ရသောသခင်သည်---ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ပေါ်ထွန်းသောသခင် ဖြစ် ၏” ဟူ၍ မိက္ခာပုရောဖက်က ဖွင့်ဆိုခဲ့ပါသည်။ မိက္ခာ ၅း၂ ။ သို့ပါသော်လည်း ဘုရင့်အမျိုးအနွယ်များ နေထိုင်သော ဗက်လင်မြို့တွင်မူ ယောသပ်နှင့်မာရိတို့သည် အသိမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို မခံခဲ့ကြရ ချေ။ သူတို့သည် မောပန်းနေကြပြီး နားနေရန်အတွက်လည်း အိမ်တစ်အိမ်မျှမရှိခဲ့ကြချေ။ ကျဉ်းမြောင်း သောဗက်လင်မြို့လမ်းများတစ်လျှောက်မြို့တံခါးဝမှစ၍မြို့၏အရှေ့ဘက်စွန်းတိုင်အောင် လျှောက်သွား ၍ ညအခါနားနေအိပ်စက်ရန် တည်းခိုရမည့်နေရာကို အချည်းနှီးရှာဖွေကြပါသည်။ တည်းခိုနိုင်မည့် ထမင်းဆိုင်များတွင်လည်း လူပြည့်နေပြီဖြစ်သဖြင့် သူတို့အတွက် နေရာလွတ်မရှိတော့ချေ။ နောက်ဆုံးတွင် တိရစ္ဆာန်များအရိပ်ခိုရန် ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသောအဆောက်အအုံ တစ်ခုကိုတွေ့ရှိပြီး ထိုနေရာတွင်ပင် ကမ္ဘာ့ကယ်တင်ရှင်ကြီးကို မွေးဖွားခဲ့ရပါသည်။ ကိုယ်တော်ရှင် ဖွားမြင်တော်မူခြင်းကို လူသားများမသိခဲ့သော်လည်း ထိုသတင်းသည် ကောင်းကင်နိုင်ငံ တစ်ခုလုံးကို ဝမ်းသာကြည်နူးမှုများဖြင့်ပြည့်ဝစေခဲ့ပါသည်။ အလင်းကမ္ဘာမှ ကောင်းကင်သားများသည် ပို၍နက်နဲ သိမ်မွေ့သောစိတ်ဝင်စားမှုများဖြင့် ဤကမ္ဘာကြီးကို အာရုံပြုခဲ့ကြပါသည်။ ကမ္ဘာသစ်တစ်ခုလုံး သည် ကိုယ်တော်ရှင်၏ဘုန်းတော်ကြောင့် ယခင်ကထက်ပို၍ ထွန်းလင်းလျက်ရှိပါသည်။ ဗက်လင်မြို့ရှိ တောင်ကုန်းများပေါ်တွင် မရေမတွက်နိုင်အောင်များပြားသော ကောင်းကင်တမန်များသည် စုရုံးခဲ့ကြ ပါသည်။ သူတို့သည် ဝမ်းမြောက်ဖွယ်ရာသတင်းကို ကမ္ဘာအားပြောကြားရန် ဘုရားသခင်၏အချက်ပြမှုကို စောင့်ကြည့်နေကြပါသည်။ ယုဒခေါင်းဆောင်များသည် ကိုယ်တော်ပေးအပ်ထားသည့် သတင်းစကားများ အပေါ်သစ္စာရှိကြမည်ဆိုလျှင် ခရစ်တော်မွေးဖွားခြင်း၏ ရှေ့ပြေးဝမ်းမြောက်ခြင်းများကို မျှဝေခံစားနိုင်ကြ လိမ့်မည်ဖြစ်ပါသည်။ သို့သော်လည်း ယခုတွင် သူတို့မခံစားလိုက်ရဘဲ ကျော်လွန်သွားခဲ့ပေပြီ။

         “ရေငတ်သောသူအပေါ်မှာ ရေကိုငါသွန်းလောင်း၍ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သဘောဖြောင့်သောသူတို့အဖို့ မှောင်မိုက်ထဲမှာအလင်းပေါ်ထွန်းတတ်၏” ဟူ၍ ထာဝရဘုရားထုတ်ဖော် မိန့်မြွက်တော်မူခဲ့ပါသည်။(ဟေရှာ ၄၄း၃။ ဆာလံ ၁၁၂း၄)။ အလင်းတရားကိုရှာဖွေသောသူများအပေါ် တွင်သော်လည်းကောင်း၊ အလင်းတရားကိုဝမ်းမြောက်ဝမ်းသာ လက်ခံသောသူများအပေါ်သို့သော်လည်း ကောင်း ထာဝရဘုရား၏ပလ္လင်တော်မှ တောက်ပသောလင်းရောင်ခြည်များသည် ထွန်းလင်းကြပါ လိမ့်မည်။

         ဒါဝိဒ်မင်းကြီးငယ်စဉ်အခါက သိုးကျောင်းခဲ့သောကွင်းပြင်များတွင် သိုးထိန်းများသည် ယခုခေတ် တိုင်အောင် ညအချိန်များတွင် သိုးကျောင်းကြပါသည်။ သူတို့သည် ကတိထားတော်မူသော ကယ်တင်ရှင် အကြောင်းကို ဆိတ်ငြိမ်သောညချမ်းများတွင် အတူတကွပြောခဲ့ကြပါသည်။ ၎င်းပြင်ဒါဝိဒ်၏ပလ္လင်ပေါ် တွင် နန်းတက်မည့်ထိုဘုရင်၏ကြွလာခြင်းအတွက်လည်း ဆုတောင်းခဲ့ကြပါသည်။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာ‌ပေါ်လာ၍ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့် သူတို့သည်အလွန်ကြောက်ခြင်းသို့ရောက်ကြ၏။ ကောင်းကင်တမန်ကလည်း “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့အတွက် ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့ အားကြားပြောရ၏။ ယနေ့ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှါ ဖွားမြင်ခြင်းကို ခံတော်မူပြီ” ဟူ၍ ကြွေးကြော်ခဲ့၏။

         ဤစကားများအား နားထောင်နေသော သိုးထိန်းများ၏ စိတ်ထဲတွင်ဘုန်းတော်နှင့်ထင်ရှားသည့် မြင်ကွင်းများဖြင့် ပြည့်ဝလျက်ရှိပါသည်။ ကယ်တင်ရှင်သည် ယုဒပြည်သို့ကြွလာတော်မူပြီ။ တန်ခိုး တော်များ၊ ချီးမြှောက်ခြင်းများနှင့်အောင်မြင်မှုများသည် ကိုယ်တော်၏ကြွလာခြင်းနှင့်အတူဆက်နွှယ်နေ သော်လည်း ကောင်းကင်တမန်အနေဖြင့် ခရစ်တော်၏ဆင်းရဲနွမ်းပါးမှုနှင့် နှိမ့်ချမှုများအတွက် အသိအမှတ်ပြုရန် သိုးထိန်းများ၏စိတ်နှလုံးကိုပြင်ဆင်ပေးရမည် ဖြစ်ပါသည်။ ထို့ကြောင့် “သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်” ဟု ကောင်းကင်တမန် ကဆိုခဲ့၏။

         ကောင်းကင်တမန်များသည် သိုးထိန်းများ၏ကြောက်ရွံ့မှုများကို အေးငြိမ်းစေခဲ့ပါသည်။ ခရစ်တော်အားတွေ့ရန် မည်ကဲ့သို့ပြုလုပ်ရမည်ကိုလည်း သူတို့အားပြောပြခဲ့ပါသည်။ လူသားများ၏ အားနည်းချက်များကို သနားထောက်ထားလျက် ဘုရားသခင်ထံမှ ထွန်းတောက်လာမည့် ရောင်ခြည်များ ကို ကျင့်သားရလာစေရန် သူတို့အား အချိန်ဆွဲထားခဲ့ပါသည်။ သို့သော် ကိုယ်တော်၏ဘုန်းတော်နှင့် ခံစားရသော ဝမ်းမြောက်မှုများကို အချိန်ကြာကြာ ဖုံးကွယ်၍မရနိုင်တော့ချေ။ လွင်ပြင်တစ်ခုလုံးသည် ကောင်းကင်တမန်၏ ဘုန်းရောင်ခြည်များကြောင့် ထွန်းလင်းတောက်ပနေပါသည်။ ကမ္ဘာလောကကြီး သည် တိတ်ဆိတ်အေးချမ်းလျက်ရှိပြီး ဤသီချင်းကိုနားသောတဆင်ကြရန် ဆင်းကြွလာခဲ့ပါသည်။

         “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း၊ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာကရုဏာရှိစေသတည်း။”

         ယနေ့ထက်တိုင်လူသားမိသားစုများသည် ထိုသီချင်းကိုသတိရမှတ်မိနေကြမည်ဖြစ်ပါသည်။ ထိုနေ့တွင်ပြုလုပ်ခဲ့သည့် ကြေညာချက်နှင့် လေထဲတွင်ရိုက်ခတ်ခဲ့သောသီချင်းများသည် ကမ္ဘာ့နောက်ဆုံး နေ့များတိုင်အောင် ဘဝင်ခွေ့စေမည့်သီချင်းများဖြစ်ပြီး ကမ္ဘာကုန်ဆုံးသောအခါနောက်တစ်ဖန်ပဲ့တင် ဟိန်းဦးမည်ဖြစ်ပါသည်။ အတောင်တော်များတွင်အနာငြိမ်းစေသောတန်ခိုးပါရှိရသော တရားတော်နေ မင်းပေါ်ထွန်းလာသောအခါ ထိုသီချင်းကို ရေ၏အသံများကဲ့သို့သော အသံများဖြင့် များစွာသော လူထုကြီးသည် အောက်ပါအတိုင်းပြောဆို၍တစ်ဖန်သီဆိုကြဦးမည်ဖြစ်ပါသည်။ “ဟာလေလုယ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။” (ဗျာဒိတ် ၁၉း၆)။

         ကောင်းကင်တမန်များပျောက်ကွယ်သွားသောအခါ ထွန်းတောက်နေသောအလင်း‌ရောင်များ သည် မှေးမှိန်သွားပြီး ညမှောင်ရိပ်များသည် ဗက်လင်တောင်ကုန်းများပေါ်တွင် တစ်ဖန်ကျရောက်ခဲ့ကြ ပြန်သည်။ သို့သော်လည်း လူသားများ၏မျက်မြင်ကိုယ်တွေ့ မြင်ကွင်းထဲတွင် အတောက်ပ အထွန်းလင်း ဆုံးသော ထိုမြင်ကွင်းသည် သိုးထိန်းငယ်များစိတ်အာရုံတွင် ထင်ကျန်စေခဲ့ပါသည်။ ကောင်းကင်တမန် တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့က “ ငါတို့သည် ဗက်လင်မြို့သို့သွားကြကုန်အံ့၊ ထာဝရဘုရားသည် ဖော်ပြတော်မူသောဤအမှုအရာကို ကြည့်ကြကုန်အံ့” ဟု အချင်းချင်းပြောဆိုပြီးလျှင် အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်တွင်သိပ်ထားလျက်ရှိသောသူငယ် ကို လည်းကောင်း တွေ့ကြ၏။

         သိုးထိန်းများသည် ကောင်းကင်တမန်များ၏ သီချင်းသံကို နားသောတဆင်ခဲ့ကြသည့် နေ့ရက် များမှာထက် ယနေ့နေ့ရက်များတွင်ကောင်းကင်နိုင်ငံနှင့် ဤကမ္ဘာလောကသည် ပို၍မဝေးကွာပါချေ။ သာမန်အလုပ်များကိုလုပ်ကိုင်ကြသော သာမန်လူတန်းစားများသည် နေ့ခင်းအချိန်၌ ကောင်းကင်တမန် များနှင့်တွေ့ဆုံစဉ်ကကဲ့သို့လည်းကောင်း၊ စပျစ်ဉယျဉ်များနှင့် လယ်ကွင်းပြင်များတွင် ကောင်းကင်သား များနှင့်စကားလက်ဆုံကျခဲ့ကြစဉ်ကကဲ့သို့လည်းကောင်း၊ လူသားများသည် ကောင်းကင်နိုင်ငံတော်၏ ပြင်းပြသောလိုလားချက်၏ ဦးတည်ချက်ဖြစ်ဆဲဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်သည်သာမန်လူတန်း စားများဖြစ်သော ကျွန်ုပ်တို့နှင့်အလွန်နီးကပ်စွာ တည်ရှိနိုင်ပါသည်။ အထက်ကောင်းကင်ဘုံနန်းမှ ကောင်းကင်တမန်များသည် ထာဝရဘုရား၏အမိန့်ဖြင့် သွားလာနေကြသူများ၏ ခြေလှမ်းများကို ပို့ဆောင်မစလျက်ရှိပါလိမ့်မည်။

         ဗက်လင်မြို့မှ ထိုအဖြစ်အပျက်ကလေးသည် တစ်ခါမှမရိုးနိုင်သည့်ပြောဆိုရေးသားစရာ အကြောင်းတစ်ခုဖြစ်နေပါသည်။ ထိုအဖြစ်အပျက်ကလေးထဲတွင် အလွန်ကျယ်ပြန့်နက်နဲသော ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်ကို ဖုံးကွယ်မြှပ်နှံထားပါသည်။ ကောင်းကင်ပလ္လင်တော်အား နွားစား ခွက်နှင့်လည်းကောင်း၊ ကိုးကွယ်နေကြသည့် ကောင်းကင်တမန်များ၏ အပေါင်းအဖော်ပြုခြင်းအား တင်းကုပ်မှသားရဲတိရစ္ဆာန်များနှင့်လည်းကောင်း၊ အလဲအလှယ်လုပ်ခဲ့ရသည့် ကယ်တင်ရှင်၏အနစ်နာ ခံမှုအတွက် ကျွန်ုပ်တို့အံ့ဩခဲ့ကြရပါသည်။ လူသားများ၏မောက်မာမှုများနှင့် ကိုယ်ကိုကိုယ် အထင်ကြီးမှု သည် ကိုယ်တော်၏ရှေ့မှောက်တွင် အပြစ်တင်ခံရသည့် အခြေအနေတွင်ရှိနေပါသည်။ သို့စေကာမူ ထိုအရာသည် ကိုယ်တော်ရှင်၏ အံ့ဩဖွယ်ကိုယ့်ကိုကိုယ် နှိမ့်ချခြင်း၏ အစကလေးသာဖြစ်ခဲ့ပါသည်။ ဧဒင်ဉယျာဉ်တွင်နေထိုင်စဉ်က အာဒံ၏အပြစ်ကင်းသော အခြေအနေမျိုးတွင်သားတော်သည် နှိမ့်ချလျက် လူဇာတိကိုခံခဲ့မည်ဆိုလျှင်ပင် ကိုယ်တော်အတွက် အတိုင်းထက်အလွန်များပြားလှသော နှိမ့်ချမှုတစ်ခု ဖြစ်ခဲ့မည်ဖြစ်ပါသည်။ သို့ပါသော်လည်း ခရစ်တော်သည်အနှစ် ၄၀၀၀ လောက်အပြစ်ကြောင့် အားနည်းခဲ့ ရသောလူသားများတွင် လူဇာတိကိုခံယူခဲ့ပါသည်။ ကိုယ်တော်သည် လူသားများခံစားရမည့် ဆိုးကျိုး ကောင်းကျိုးများကို အခြားအာဒံ၏သားသမီးများနည်းတူ ခံစားခဲ့ပါသည်။ ဤကောင်းကျိုးဆိုးမွေ များကို ကိုယ်တော်၏လောကဘိုးဘေးများ၏ သမိုင်းစဉ်တွင်အထင်အရှား ပြသခဲ့ပါသည်။ ကိုယ်တော် သည် ကျွန်ုပ်တို့၏ ဝမ်းနည်းမှုများနှင့် စုံစမ်းနှောင့်ယှက်ခြင်းများကို မျှဝေခံစားရန်နှင့် ကျွန်ုပ်တို့အား အပြစ်ကင်း သော အသက်တာပုံစံတစ်ခုကို နမူနာပေးရန် ထိုကဲ့သို့သောဇာတိတော်အားဖြင့် ကြွလာခဲ့ပါသည်။

         စာတန်သည် ကောင်းကင်ရွှေနန်းတော်တွင် စိုးစံခဲ့ရသောကိုယ်တော်၏ရာထူးတော်အတွက် ကောင်းကင်နိုင်ငံကတည်းက ခရစ်တော်ကိုမုန်းတီးခဲ့ရာ မိမိသဘောအတိုင်း ကောင်းကင်ပလ္လင်မှ ဆင်းသက်လာခဲ့သောခရစ်‌တော်ကို စာတန်သည် ပို၍ပင်မုန်းတီးလာခဲ့ပါသည်။ သူသည် အပြစ်သား အမျိုးအနွယ်တစ်ခုလုံးကို ကယ်တင်ရန် ဝန်ခံချက်ပြုခဲ့သောခရစ်တော်ကိုမုန်းတီးခဲ့ပါသည်။ သို့စေကာမူ စာတန်အုပ်စိုးမှုပြုထားသော ဤကမ္ဘာလောကသို့ အကူအညီမဲ့သောကလေးငယ်အသွင်ဖြင့် အားနည်း သော လူသားတစ်ဦးအသွင်ကိုဆောင်ကာကြွလာရန် ထာဝရဘုရားသည် သားတော်ကိုခွင့်ပြုခဲ့ပါသည်။ လူသားတိုင်း၏အသက်တာတွင် ခံစားရသည့် ဘေးအန္တရာယ်များကို တွေ့ကြုံခံစားရန်အတွက်သော် လည်းကောင်း၊ ကျဆုံးမှုများနှင့် ထာဝရဆုံးရှုံးမှုများရှိနေသည့် ကမ္ဘာတွင် လူသားတိုင်းဝင်ရောက်ဆင်နွှဲ ခဲ့ရသည့် တိုက်ပွဲကို ပါဝင်ဆင်နွှဲရန်အတွက်သော်လည်းကောင်း၊ ခမည်းတော်ဘုရားသည်သားတော် ဘုရားကို ခွင့်ပြုခဲ့ပါသည်။

         လူသားဖခင်၏နှလုံးသားသည် ၎င်း၏သားအတွက် လွမ်းဆွတ်တမ်းတလေ့ရှိသည်။ သူသည် သားငယ်၏မျက်နှာကို သေသေချာချာကြည့်ရှု၍ အသက်တာတွင်တွေ့ကြုံရမည့် ဘေးအန္တရာယ်များ အကြောင်းကို စဉ်းစားကာ တုန်လှုပ်ချောက်ချားနေပါသည်။ သူသည် ချစ်သောသားငယ်အား စာတန်၏ ရန်မှ ကာကွယ်ရန်နှင့် စုံစမ်းခြင်းများ၊ တိုက်လှန်ခြင်းများမှ သူ့အားဆီးတားရန် ဆန္ဒပြင်းပြနေပါသည်။ ကျွန်ုပ်တို့၏ သားသမီးငယ်များ၏ အသက်တာလမ်းကြောင်းများ လုံခြုံစိတ်ချ၍ သက်သာချောမွေ့စေရန် အလို့ငှါ ထာဝရဘုရားသည် ပို၍ခါးသီးသောတိုက်လှန်ပွဲကိုတွေ့ဆုံ တိုက်လှန်ရန် နှင့် ပို၍ကြောက်စရာ ကောင်းသော စွန့်စားမှုကိုလုပ်ဆောင်ရန် တစ်ပါးတည်းသော သားတော်ကို ပေးသနားတော်မူခဲ့ပါသည်။ “ ထိုအရာကို ထောက်ရှုသော် ချစ်ခြင်းမေတ္တာသည ထင်ရှားလျက်ရှိ၏” အံ့ဩစရာကောင်းကင်ပါတကား၊ အံ့အားသင့်စရာမြေကြီးပါတကား။”

 

No comments:

Post a Comment