Wednesday, April 22, 2026

အခန်းကြီး - ၈၆။ လူမျိုးတကာတို့ထံသွား၍ ဆုံးမဩဝါဒပေးကြလော့

  

လူမျိုးတကာတို့ထံသွား၍ဆုံးမဩဝါဒပေးကြလော့

 

မဿဲ ၂၈း၁၆-၂၀ ကိုအခြေပြုထားပါသည်။

 

         ခရစ်တော်သည် မိမိ၏ကောင်းကင်ရာဇပလ္လင်ပေါ်၌ စိုးစံတော်မူသော အခါ နီးရာတွင် တပည့်တော်များအား အထူးတာဝန်များကိုပေးထားတော်မူ ခဲ့ပါသည်။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့် တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍လူမျိုးတကာတို့ကို ဆုံးမဩဝါဒပေး လော့။” “သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှ သို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့။” မာကု ၁၆း၁၅။ တမန်တော် များသည် ထိုလုပ်ငန်း၏အရေးပါမှုကို ကောင်းမွန်စွာသိမြင်ကြစေရန် ထိုစကားများ ကို မကြာခဏထပ်ခါတလဲလဲ မိန့်ဆိုတော်မူခဲ့ပါသည်။ ဤလောကကမ္ဘာတွင် နေ ထိုင်လျက်ရှိကြသော မြင့်မြတ် သောသူနှင့်နိမ့်ကျသောသူများ၊ လူချမ်းသာနှင့်လူ ဆင်းရဲများအားလုံးထံသို့သွား၍ ကောင်းကင်မှလာသောထိုအလင်းတော်ကို ကြည် လင်ပြတ်သားစွာ ထွန်းလင်းကြရန်ဖြစ်ပါသည်။ ထိုတပည့်တော်များသည် ဤကမ္ဘာ ကြီးအား ကယ်တင်ရန်လုပ်ဆောင်ရာတွင် ကယ်တင်ရှင်နှင့်အတူ အမှုတော်ဆောင် ကြ မည့် လုပ်ဖော်ဆောင်ဖက်များဖြစ်ခဲ့ကြပါသည်။

         ခရစ်တော်သည် အထက်ခန်းထဲတွင် တပည့်တော်များနှင့်အတူရှိစဉ် တမန် တော်တစ်ဆယ့်နှစ်ပါးအား ထိုတာဝန်ကိုပေးအပ်ခဲ့ပြီးဖြစ်သော်လည်း ယခုတစ်ဖန် တပည့်တော်အများစုအား၊ ထိုတာဝန်ကိုအပ်နှင်းနေခြင်းဖြစ်ပါသည်။ ဂါလိလဲပြည်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ကျင်းပခဲ့သောထိုအစည်း အဝေးပွဲသို့ လက်လှမ်းမီသမျှ သောယုံကြည်သူအားလုံးကို စုရုံးစေခဲ့ပါသည်။ အသေခံတော်မမူမီကပင် ဤအ စည်းအဝေးပွဲကျင်းပမည့်အချိန်နှင့်နေရာကို ခရစ်တော်ကိုယ်တော်တိုင် သတ်မှတ် ထားပြီးဖြစ်ပါသည်။ သချုØင်းဂူတွင်   တွေ့ဆုံခဲ့သောကောင်းကင်တမန်ကလည်း ဂါလိလဲပြည်တွင် ၎င်းတို့နှင့်တွေ့ဆုံ မည့် ကိုယ်တော်၏ကတိတော်ကို တပည့်တော် များအားသတိပေးခဲ့ပါသည်။ ပသခါပွဲချိန်တွင် ယေရုရှလင်မြို့၌ စုရုံးလာကြသည့် ယုံ ကြည်သူများအားလည်း ဤကတိတော်ကို ထပ်ခါတလဲလဲသတိပေးပြောကြားခဲ့ပါ သည်။ ပသခါပွဲသို့ တက်ရောက်ခဲ့ကြသော ထိုသူများမှတစ်ဆင့် ထိုသတင်းသည် ခရစ်တော် အသေခံတော်မူခြင်းကြောင့် ဝမ်းနည်းပူဆွေးနေကြသူများထံသို့ ရောက် ရှိသွားခဲ့ပါသည်။ ထို့ကြောင့် လူတိုင်းသည် တွေ့ဆုံရမည့်ထိုအချိန်ကို စိတ်ဝင်တ စားစောင့်မျှော်ခဲ့ကြပါသည်။ သူတို့သည် မနာလိုဝန်တိုတတ်သော ယုဒများ၏မယုံ သင်္ကာ ဖြစ်မှုများကို မနှိုးဆော်မိစေရန် ထိုနေရာသို့တိုက်ရိုက်မသွားခဲ့ကြဘဲ သွယ် ဝှိုက် သောလမ်းများကိုအသုံးပြုကာ အရပ်လေးမျက်နှာမှ စုရုံးချဉ်းကပ်ခဲ့ပါသည်။ ခရစ်တော်နှင့်ပတ်သက်၍ မိမိတို့ကြားသိခဲ့ရသော သတင်းများကို အချင်းချင်းစိတ် အားတကြီးပြောဆိုလျက် အံ့ဩသောစိတ် ဖြင့်သူတို့ချဉ်းကပ်လာခဲ့ကြပါသည်။

         ချိန်းဆိုထားသည့်အချိန်သို့ရောက်သောအခါ အရေအတွက်အားဖြင့် ငါးရာ ခန့်ရှိသောယုံကြည်သူများသည် ထိုတောင်ကုန်း၏ဆင်ခြေလျှောတစ်ခု၌ စုရုံးခဲ့ကြပါ သည်။ သူတို့သည် ထမြောက်တော်မူခဲ့သော ကိုယ်တော်ရှင်အား တွေ့မြင်ခဲ့ရသူများ ထံမှ ရတတ်သမျှသောသတင်းများကိုကြားနာရန် စိတ်အားထက်သန်နေကြပါသည်။ တမန်တော်များသည် ထိုလူများထံသို့ သွားရောက်ကာ ကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော ကျမ်းချက်များကိုသုံးသပ်တင်ပြပြီး၊ ခရစ်တော်နှင့်ပတ်သက်သည့်သူတို့မြင် သမျှ၊ ကြားသမျှကိုပြောပြနေကြပါသည်။ သောမကလည်း မိမိ၏မယုံကြည်ခဲ့မှုများ အကြောင်းကို ပြန်လည်ဖောက်သည်ချကာ သံသယစိတ်များကင်းရှင်းသွားခဲ့ပုံများ ကို ပြောပြ နေပါသည်။ ထိုစဉ်တွင် ခရစ်တော်သည် သူတို့အလယ်၌ရုတ်တရက်ပေါ် လာ ခဲ့ပါသည်။ မည်သည့်နေရာမှ မည်ကဲ့သို့ကြွလာတော်မူခဲ့သည်ကို မည်သူမျှမ ပြောနိုင်ခဲ့ချေ။ ထိုလူအုပ်ထဲမှအများစုသည် ကိုယ်တော်အားယခင်က မမြင်ဖူးခဲ့ ကြသော်လည်း ကပ်တိုင်၏ဒဏ်ရာဒဏ်ချက်များဖြစ်သော သံရိုက်ရာများကို လက် တော်နှင့်ခြေတော်များတွင်တွေ့ရှိရပြီး မျက်နှာတော်သည် ဘုရားသခင်၏ မျက်နှာ တော်ကဲ့သို့ဖြစ်သည်ကို သူတို့မြင်ကြသောအခါ ကိုယ်တော်အားပျပ်ဝပ်ကိုးကွယ်ခဲ့ ကြပါသည်။

         သို့ရာတွင် တချို့မှာမူ သံသယစိတ်များရှိဆဲဖြစ်ပါသည်။ သံသယစိတ်ရှိသူ များသည် ထိုနည်းအတူ ခေတ်အဆက်ဆက်တွင် အမြဲတမ်းရှိနေ ကြပါလိမ့်မည်။ ယုံ ခဲသောသူများသည် သံသယစိတ်ရှိသောအဖွဲ့တွင် ပါဝင်ကြမည်သာတည်း။ ထိုသူ များသည် မိမိတို့၏မယုံကြည်မှုများကြောင့်များစွာ သောနစ်နာမှုများနှင့်ရင်ဆိုင်ကြရ ပါသည်။

         ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးသည့်နောက်ပိုင်းတွင် ဤတစ်ကြိမ် သာယုံကြည်သူများနှင့် စုရုံးတွေ့ဆုံတော်မူခဲ့ပါသည်။ “ကိုယ်တော်က ထိုတပည့် တော်များအား၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင် ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟု မိန့်တော်မူ လာပါသည်။ တပည့် တော်များသည် ထိုသို့မိန့်တော်မမူမီမှာပင် ကိုယ်တော် အားပျပ်ဝပ်ကိုးကွယ်ခဲ့ကြပါ သည်။ သို့ရာတွင် အသေခံတော်မူစဉ်အချိန်က ပိတ်နေခဲ့သောနှုတ်ခမ်းအစုံမှထွက် ပေါ်လာသောထိုမိန့်တော်မူချက်သည် ၎င်းတို့အား ထူးခြားသောတန်ခိုးနှင့်ပြည့်၀စေ ခဲ့ပါသည်။ ယခုတွင် ကိုယ်တော်သည် ထမြောက်တော်မူသည့် ကယ်တင်ရှင်ဖြစ် တော်မူနေပေပြီ။ ထိုလူအုပ်ထဲမှလူများစွာသည် လူနာကိုကုသရာတွင်လည်းကောင်း၊ စာတန်၏နတ်ဆိုး များကိုနှိမ်နင်းရာတွင်လည်းကောင်း၊ မိမိ၏တန်ခိုးကို ကိုယ်တော် အသုံးပြုတော်မူသည်ကို မြင်ဖူးခဲ့ကြပါသည်။ ယေရုရှလင်မြို့တွင် နိုင်ငံသစ်တည် ထောင်ရန် ကိုယ်တော်၌တန်ခိုးရှိတော်မူသည်ကိုလည်းကောင်း၊ ဆန့်ကျင်သူများ အားနှိမ်နင်းနိုင်သောတန်ခိုးရှိတော်မူသည်ကိုလည်းကောင်း၊ သဘာ၀တရားများကို ထိန်းချုပ်နိုင်သည့်တန်ခိုးရှိကြောင်းကိုလည်းကောင်း သူတို့ယုံကြည်ထားကြပါ သည်။ ကိုယ်တော်သည် လှိုင်းလေပြင်းထန်နေသောရေပြင်ကြီးကို ငြိမ်သက်စေ တော်မူခဲ့ပြီ။ လှိုင်းတံပိုးကြီးများအပေါ်တွင် လမ်းလျှောက်တော်မူခဲ့ပြီ။ လူသေများ ကိုလည်း ထမြောက်စေတော်မူခဲ့ပါပြီ။ ယခုတွင် စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီဟု ကိုယ်တော်မိန့်တော်မူနေပါသည်။ ကိုယ်တော်၏နှုတ်တော်ထွက် စကားများသည် ကြားနာရသူများအား လောကီနှင့်ဆိုင်သော ယာယီကိစ္စများအ ကြောင်းကိုစဉ်းစားရာမှ ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်သော ထာ၀ရကာလကိစ္စများ ကိုမြော်တွေးလာစေရန် လမ်းပြ တော်မူခဲ့ပါသည်။ သူတို့သည် ကိုယ်တော်ရှင်၏ သိက္ခာတော်နှင့်ဘုန်းတော်အကြောင်းကို အမြင့်မားဆုံးတွေးခေါ်ကြံဆတတ်လာကြ ပါသည်။

         ထိုတောင်ကုန်းပေါ်တွင် မိန့်တော်မူခဲ့သော ခရစ်တော်၏နှုတ်တော်ထွက် စကားများက လူသားများကိုယ်စား မိမိခံယူမည့်အသေခံခြင်းသည် ပြည့်၀စုံလင် တော်မူကြောင်း၊ ကြေညာချက်တစ်ရပ်ဖြစ်ခဲ့ပါသည်။ အပြစ်ဖြေခြင်းနှင့်ပတ်သက် သော သတ်မှတ်ပြဌာန်းချက်များကိုလည်း စုံလင်အောင် လုပ်ဆောင်ခဲ့ပေပြီ။  ကမ္ဘာတွင် မိမိလုပ်ဆောင်ရမည့် အမှုတော်မြတ်ကိုလည်း ပြီးမြောက်အောင်လုပ် ဆောင်ခဲ့ပေပြီ။ ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များ၏ဂုဏ်ပြု ခြင်းကိုခံရန် ကောင်းကင်ရာဇပလ္လင်သို့ ပြန်ကြွတော်မူသည့်ခရီးလမ်းပေါ်တွင် ကိုယ်တော်ရောက်ရှိနေခဲ့ပေပြီ။ ထိုနောက် မိမိလုပ်ဆောင်ရမည့် ကြားဖျန်ဖြေရေး လုပ်ငန်းတာဝန်ကို ကိုယ်တော်ထမ်း ဆောင်တော်မူတော့မည်ဖြစ်ပါသည်။ ကိုယ်တော်သည် ကြွယ်၀သောအခွင့်တန်ခိုး များကို ခံယူတော်မူလျက် တပည့် တော်များအား အထူးတာဝန်များပေးကာ စေခိုင်းတော်မူသည်ကား၊ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ် စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်” ဟူ၍ ဖြစ် သတည်း။ မဿဲ ၂၈း၁၉-၂၀။

         ယုဒလူများအား၊ မွန်မြတ်သောသမ္မာတရားများကို ထိန်းသိမ်းစောင့်ရှောက် သူများဖြစ်စေခဲ့သော်လည်း ဖာရိရှဲများ၏ယုံကြည်ချက်များသည် ၎င်းတို့အားခဲယဉ်း သောသူများ၊ တစ်ယူသန်သောသူများဖြစ်စေခဲ့ပါသည်။ ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများ၏ဝတ်စားဆင်ယင်မှုများ၊ ဓလေ့ထုံးစံများ၊ ဝိနည်းထုံးဖွဲ့များ နှင့်ရိုးရာဓလေ့များသည် ၎င်းတို့အား၊  လောက၏အလင်းဖြစ်ရန် မသင့်လျော်စေ ခဲ့ပါ။ သူတို့သည် မိမိတို့၏ယုဒ နိုင်ငံကလေးကို တစ်ကမ္ဘာကဲ့သို့ရှုမြင်ခဲ့ကြပါသည်။ ဇာတ်အနိမ့်အမြင့်ခွဲခြား ခြင်းသည် လူမျိုးရေးခွဲခြားခြင်းများမရှိဘဲ လူမျိုးတိုင်း၊ နိုင်ငံ တိုင်း၊ လူတန်းစား အလွှာအသီးသီးနှင့်လိုက်လျောညီထွေသော ယုံကြည်ကိုးကွယ်မှု တစ်ခုကို ကြွေးကြော်ကြရန် ခရစ်တော်သည် တပည့်တော်များအားအထူးတာဝန် ပေးအပ်ခဲ့ပါသည်။

         ခရစ်တော်သည် တပည့်တော်များနှင့်မခွဲခွာမီ မိမိတည်ထောင်မည့် နိုင်ငံ တော်၏သဘာ၀ကို ပွင့်လင်းစွာဖော်ပြတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုနိုင်ငံ တော်နှင့်ပတ်သက်၍ မကြာသေးမီကမှ မိမိမိန့်တော်မူခဲ့သောစကားများကို ၎င်းတို့ အားမှတ်မိသတိရစေခဲ့ပါသည်။ ဤကမ္ဘာလောကတွင် လောကီနှင့်ပတ်သက်သော နိုင်ငံတစ်ခုကိုတည်ထောင်ရန် မိမိ၌အကြံအစည်ရှိတော်မမူဘဲ ဝိညာဉ်ရေးနိုင်ငံတစ် ခုတည်ထောင်ရန်သာ အကြံအစည်ရှိတော်မူ ကြောင်းဖွင့်ဟခဲ့ပါသည်။ ကိုယ်တော် သည် ဒါဝိဒ်၏ပလ္လင်ထက်တွင် လောကီ ရှင်ဘုရင်တစ်ပါးကဲ့သို့စိုးစံရန်မဟုတ်ပါချေ။ မိမိကျော်ဖြတ်ခဲ့ရသောအခြေအနေ အရပ်ရပ်တို့သည်လည်း၊ ထာ၀ရဘုရားရှင်နှင့် မိမိကိုယ်တော်တိုင် ကောင်းကင် နိုင်ငံတော်နှင့်စီမံချမှတ်ခဲ့သောအရာများသာဖြစ် ကြောင်းဖော်ပြလျက် ၎င်းတို့အား၊ သမ္မာကျမ်းစာကို ဖွင့်ပြတော်မူခဲ့ပါသည်။ ထိုအရာ အားလုံးကို ဝိညာဉ် တော်ပဲ့ပြင်ခြင်းခံရသောလူများအားဖြင့် ကြိုတင်ဖွင့်ဆိုတော်မူခဲ့ ပါသည်။ “ငါမိန့်တော်မူသည်အတိုင်း၊ ငါ့အားမေရှိယအနေဖြင့် သူတို့လက်မခံဟူ သော အချက်သည် ပြည့်စုံခဲ့ပြီ။ ငါခံရမည့်ဒုက္ခဆင်းရဲများ၊ ရင်ဆိုင်ရမည့်အသေ သတ်ခံခြင်းများနှင့်ပတ်သက်သည့် မိန့်တော်မူခဲ့သမျှအရာအားလုံးသည်လည်း  ပြည့်စုံတော်မူခဲ့ပေပြီ။ ငါပြောခဲ့သည့်အတိုင်းပင် သုံးရက်မြောက်သောနေ့မှာ ငါရှင် ပြန်ထမြောက်ခဲ့ပေပြီ။ သင်တို့သည် ကျမ်းစာကိုစိတ်အားထက်သန်စွာလေ့လာ ကြမည်ဆိုလျှင် ငါနှင့်ပတ်သက်၍ဖွင့်ဆိုထားသော အနာဂတ္တိစကားများသည် အသေးစိတ်ပြည့်စုံလျက်ရှိကြောင်းကို သင်တို့တွေ့ရပါလိမ့်မည်” ဟူ၍ ကိုယ် တော်ရှင်မိန့်ဆိုခဲ့ပါသည်။

         ခရစ်တော်သည် မိမိကိုယ်တိုင်တပည့်တော်များ၏လက်တွင်အပ်ထားခဲ့ သည့် အမှုတော်လုပ်ငန်းများကို ယေရုရှလင်မြို့မှစ၍လုပ်ဆောင်ကြရန် ၎င်းတို့အား အထူးတာဝန်ပေးတော်မူခဲ့ပါသည်။ လူသားမျိုးနွယ်စုအတွက် အံ့ဖွယ်ကောင်းအောင် ကိုယ်တော်နှိမ့်ချခဲ့သည့်မြင်ကွင်းကို ယေရုရှလင်မြို့တွင် တွေ့မြင်နိုင်ပါသည်။ ထိုနေ ရာတွင် ကိုယ်တော်သည် ဒုက္ခဝေဒနာခံစား ခဲ့ရပါသည်။ ငြင်းပယ်ခြင်းကိုခံခဲ့ရပါ သည်။ အသေသတ်ခြင်းကိုခံခဲ့ရပါသည်။ ယုဒပြည်သည် ကိုယ်တော်ရှင်၏ မွေးရပ် ဇာတိဖြစ်ပါသည်။ ထိုပြည်တွင် ကိုယ်တော်သည် လူသားဇာတိကိုခံယူကာ လူသား များနှင့်အတူလျှောက်လှမ်း တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ၎င်းတို့အလယ် တွင်ရှိနေစဉ်တွင် ကောင်းကင်သည် မြေကြီးနှင့်မည်မျှနီးကပ်နေသည်ကို လူနည်းစု ကသာ သိရှိနားလည်ခဲ့ကြပါသည်။ ထို့ကြောင့် တမန်တော်များသည် မိမိတို့၏အမှု တော်ကို ယေရုရှလင်မြို့မှစ၍ အစပြုရပါမည်။

         ခရစ်တော်သည် ထိုမြို့တွင်အသေသတ်ခံခဲ့ရကြောင်း၊ ကိုယ်တော်ရှင်၏ လုပ်ဆောင်ချက်များကိုလည်း ထိုမြို့သားများကအလေးအမြတ်မထားခဲ့ကြကြောင်း စသည့်အကြောင်းများကိုထောက်ရှုလျက် အခြားအခြေအနေ ကောင်းမည့်တစ် နေရာရာတွင် သွားရောက်အမှုဆောင်ရန် တမန်တော်များအနေနှင့်တောင်းဆို ကောင်း တောင်းဆိုနိုင်ကြပါသည်။ သို့ရာတွင်သူတို့သည် အခြားတစ်နေရာတွင် သွားရောက်အမှုဆောင်ရန် မတောင်းဆိုခဲ့ကြချေ။ ထိုမြို့တွင် ကိုယ်တော်ရှင်ကြဲဖြန့် တော်မူခဲ့သော သမ္မာတရားမျိုးစေ့များကို တမန်တော်များက ပြုစုပျိုးထောင်ပေးကြ မည်ဖြစ်ပါသည်။ သို့မှသာ အစေ့များသည် အညှောက်ထွက်လာကာ အောင်မြင် သောရိတ်သိမ်းမှုတစ်ခုကို ဖြစ်စေပါလိမ့်မည်။ တမန်တော်များသည် ထိုလုပ်ငန်းကို လုပ်ဆောင်ကြစဉ်တွင် မနာလိုဝန်တို၍ မုန်းမာန်ပွားလျက်ရှိသော ယုဒများ၏နှိပ် စက်ညှဉ်းပန်းမှုများ နှင့်ရင်ဆိုင်ကြရမည်ဖြစ်သော်လည်း၊ ထိုအရာကို သခင်ဘုရား ကိုယ်တော် တိုင်ခံစားတော်မူခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့အနေနှင့်ထွက်ပြေးတိမ်းရှောင် ရန်မလို ပါချေ။ ကရုဏာတော်၏ရှေးဦးစွာသောကမ်းလှမ်းချက်များကို ကယ်တင်ရှင် အားသတ်ဖြတ်ခဲ့သူများအား ပြုလုပ်ရပါမည်။ ကိုယ်တော်ရှင်အား တိတ်တိတ်ပုန်းယုံ ကြည်နေကြသောသူများစွာတို့နှင့် ယဇ်ပုရောဟိတ်များ၏လှည့်ဖြား မှုကိုခံနေရသော သူများစွာသည် ထိုယေရုရှလင်မြို့ထဲတွင်ရှိနေကြပါသည်။  ထိုသူများထံသို့သွား၍ ဧဝံဂေလိတရားတော်ကို ဟောကြားရပါမည်။ ထိုသူများအား နောင်တလမ်းထဲသို့ခေါ် ဆောင်ကြရပါမည်။ ခရစ်တော်တစ်ပါးတည်းအားဖြင့်သာ အပြစ်လွှတ်ခြင်းအခွင့်ကို ရရှိနိုင်သည်ဟူသော အံ့ဩဖွယ်ကောင်းသည့် သမ္မာတရားများကိုလည်း ရှင်းလင်း ဖော်ပြရပါမည်။ ယေရုရှလင်မြို့သည် လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က ဖြစ် ပျက်ခဲ့သောအဖြစ်အပျက်များကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသဖြင့် ဟောကြားမည့် ဧဝံဂေလိတရားတော်ကို အနက်ရှိုင်းဆုံးမှတ်မိစွဲလမ်းနိုင်သည့် အခြေအနေတွင်ရှိနေ ပါသည်။

         သို့ရာတွင် အမှုတော်လုပ်ငန်းကို ယေရုရှလင်မြို့တွင်သာဆောင်ရွက်ရန်မ ဟုတ်ဘဲ ကမ္ဘာအရပ်ရပ်ရှိ ဝေးလံသောဒေသများသို့တိုင်သွားရောက်ဟောကြားရန် ဖြစ်ပါသည်။ “သင်တို့သည် ငါ၏အနစ်နာခံသောအသက်တာအတွက် သက်သေခံ များဖြစ်ကြသည်။ ဣသရေလများအတွက် ငါအမှုတော်ဆောင်ခဲ့သည်ကို သင်တို့ မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရပါသည်။ ထိုသူများသည် အသက်နှင့်ပြည့်စုံစေရန် ငါ့ ထံသို့မလာခဲ့ကြသော်လည်း ယဇ်ပုရောဟိတ် များနှင့်ယုဒလူအကြီးအကဲများသည် သူတို့သဘောကျသလို ငါ့အားဆက်ဆံပြုမူကာ သမ္မာကျမ်းစာကကြိုတင်ဖွင့်ဆိုထား သည့်အတိုင်း၊ သူတို့သည် ငါ့အားငြင်းပယ်ခဲ့ကြသော်လည်း သူတို့၌သားတော်ဘုရား ကိုလက်ခံရန် နောက်ထပ် အခွင့်အရေးတစ်ခုရှိနေပါသေးသည်။ မိမိတို့၏အပြစ်များ ကို ဖွင့်ဟဝန်ခံလျက် ငါ့ထံသို့လာသူအပေါင်းအား၊ အကြွင်းမဲ့လက်ခံတော်မူခဲ့ ကြောင်းကို သင်တို့ တွေ့မြင်ခဲ့ပြီးဖြစ်ပါသည်။ ငါ့ထံသို့လာသောသူကား၊ ငါသည်အ လျှင်းနှင်မထုတ် ပါ။ ထိုကဲ့သို့ဆန္ဒရှိသူအပေါင်းသည် ဘုရားသခင်နှင့်ပြန်လည်သင့် မြတ်မှုကိုရရှိကာ ထာ၀ရအသက်ကိုရရှိပါလိမ့်မည်။ ချစ်သားတပည့်တော်ငါသည် ဤကရုဏာသတင်းစကားကို သင်၌အပ်ထားပြီ။ ထိုသတင်းစကားကို ဣသရေလ များထံသို့ ရှေးဦးစွာသွားရောက်ပြောကြားရမည်။ ထိုနောက်မှ လူမျိုးအပေါင်းတို့ထံ သို့ သွားရောက်ဟောကြားရန်ဖြစ်ပါသည်။ ဤသတင်းစကားကို ယုဒလူနှင့်တစ်ပါးအ မျိုးသားလူအားလုံးတို့ကို ဟောကြားရပါမည်။ ယုံကြည်သူအပေါင်းတို့အား အသင်း တော်တွင် စုရုံးထားကြရပါမည်။

         ထိုတပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးအားဖြင့် အံ့ဖွယ်သောတန်ခိုးကိုရရှိကြပါလိမ့်မည်။ ထိုတန်ခိုးတော်ကိုသူတို့ရရှိထားကြောင်း၊ ၎င်းတို့ပြသည့်နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအားဖြင့် အတည်ပြုကြရန်ဖြစ် ပါသည်။ တမန်တော်များသာမက ထိုသတင်းစကား ကိုလက်ခံရရှိသူများသည် အံ့ ဖွယ်နိမိတ်လက္ခဏာများကိုပြကြပါလိမ့်မည်။ ထိုသူတို့သည် “ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတ္တံ့။ ထူးခြား သောဘာသာစကားမျိုးတို့ကိုပြောကြလတ္တံ့။ မြွေတို့ကိုဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သောအဆိပ်အတောက်ကို သောက်စား လျှင် ဘေးဥပဒ်နှင့်ကင်းလွတ် ကြလတ္တံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကို တင်၍ချမ်းသာပေးကြ လတ္တံ့” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ မာကု ၁၆း၁၇-၁၈။

         ထိုခေတ်ထိုအခါက မကြာခဏအဆိပ်ခတ်၍သတ်တတ်ကြပါသည်။ အရှက် အကြောက်ကင်းမဲ့သူများသည် ၎င်းတို့အတွက် ခလုတ်တံသင်းဖြစ် သူများအား၊  ဆိပ်ခတ်သတ်ခြင်းအားဖြင့် ရှင်းပစ်ရန်ဝန်မလေးကြချေ။ မိမိ၏တပည့်တော်များ သည် ဤနည်းအားဖြင့် ဘေးဒုက္ခတွေ့ကြမည်ဖြစ်ကြောင်း ခရစ်တော်သိထားပါ သည်။ ကိုယ်တော်၏ သက်သေခံများကိုသတ်ပစ်ခြင်းကို ဘုရားသခင်၏အမှုဆောင် ရွက်ခြင်းဖြစ်သည်ဟု များစွာသောလူတို့က ထင်မြင်ယူဆကြပါလိမ့်မည်။ ထိုကြောင့် ကိုယ်တော်သည် ထိုအန္တရာယ် မှ၎င်းတို့အား ကာကွယ်စောင့်ရှောက်ရန် ကတိပြု တော်မူခဲ့ပါသည်။

         “လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေရာတွင် ကိုယ်တော်ရှင်အ သုံးပြုခဲ့သောတန်ခိုးမျိုးကို တပည့်တော်ရရှိကြရန်ဖြစ်ပါသည်။ သူတို့သည် ကိုယ် တော်၏နာမတော်ကိုအမှီပြုလျက် ခန္ဓာကိုယ်ရောဂါဝေဒနာများကိုကုစားပေးခြင်း အားဖြင့်၊ အသက်ဝိညာဉ်အားကုစားပေးခြင်းအားဖြင့် အသက်ဝိညာဉ်အားကုသ ပေးနိုင်သည့် ကိုယ်တော်ရှင်၏တန်ခိုးတော်ကို သက်သေခံနိုင်ကြ မည်ဖြစ်ပါသည်။ ၎င်းပြင်၊ ယခုတွင် အသစ်သောပင်ကိုအရည်အချင်းကို ပေးသနားရန် ကတိထား တော်မူခဲ့ပါသည်။ ထိုတပည့်တော်များသည် အခြား တိုင်းနိုင်ငံများတွင် သွားရောက် ဟောကြားကြမည်ဖြစ်ရာ ၎င်းတို့သည် အခြားသောဘာသာစကားကို ပြောဆိုနိုင် သည့်စွမ်းရည်ကို ရရှိဖို့လိုအပ်လိမ့်မည်။ တမန်တော်များနှင့်တကွ သူတို့အားကူညီ မစသူများသည် စာမတတ်သော သူများဖြစ်ကြသော်လည်း၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ် တော်တန်ခိုးရရှိသောအခါ မူရင်းဘာသာစကားများတွင်သာမ က နိုင်ငံခြား ဘာသာစကားများကိုပင် အသံနေအသံထားနှင့်တကွ စကားလုံးအသုံး အစွဲ များတွင် ကြည်လင်၊ ပြတ်သား၊ ရှင်းလင်းတိကျစွာဖြင့် ပြောဆိုနိုင်ခဲ့ကြပါသည်။

         ခရစ်တော်သည် ဤနည်းအားဖြင့်တပည့်တော်များအား အထူးတာဝန်ပေး အပ်ခဲ့ပါသည်။ လုပ်ငန်းကိုဆက်လက်ထမ်းဆောင်နိုင်ရန်လည်း စေ့စေ့စုံစုံစီစဉ်ပေး တော်မူပြီး အမှုတော်အောင်မြင်ရေးအတွက် ကိုယ်တော်တိုင်တာဝန်ယူတော်မူခဲ့ပါ သည်။ သူတို့သည် ကိုယ်တော်ရှင်၏အမိန့်တော်အတိုင်း လိုက်လျှောက်ကာ ကိုယ် တော်ရှင်နှင့်ဆက်သွယ်လုပ်ဆောင်နေသမျှကာလပတ်လုံး၊ မရှုံးနိမ့်နိုင်ကြချေ။ “လူ မျိုးတကာတို့ထံသွားလော့။ လူနေသော ကမ္ဘာအစွန်အဖျားဒေသများသို့ တိုင်သွား ကြလော့။ ထိုနေရာတွင်လည်း ငါသည် သင်တို့နှင့်အတူရှိနေမည်ဖြစ်ကြောင်း သိ မှတ်ကြလော့။ ယုံကြည်စိတ်ချစွာ  ဖြင့်လုပ်ဆောင်ကြလော့။ သင်တို့ကိုဘယ်တော့မှ ငါစွန့်ပစ်လိမ့်မည်မဟုတ်  ပါ” ဟု ကိုယ်တော်မိန့်တော်မူ၏။

         တမန်တော်များအား ခရစ်တော်ပေးအပ်သည့်အထူးတာဝန်သည် ယုံကြည် သူအားလုံးနှင့်ပတ်သက်ပါသည်။ ခရစ်တော်အားယုံကြည်သူများသည် ကမ္ဘာကုန် ဆုံးသည့် အချိန်တိုင်အောင် ထိုတာဝန်ကိုလုပ်ဆောင်ကြရန် ဖြစ်ပါသည်။ ဝိညာဉ် ကယ်တင်ရေးအမှုတော်သည် တရားဟောဆရာများ၌ သာအမှီတံကဲပြုနေသည်ဟု ထင်မြင်ယူဆခြင်းသည် အလွန်ဆိုးရွားသော မှားယွင်းမှုတစ်ရပ်ဖြစ်ပါသည်။ ဝိညာဉ် တော်၏ပဲ့ပြင်ခြင်းကို ခံရသူအပေါင်းတို့၌ ဧဝံဂေလိတရားတော်ကို အပ်နှင်းထား တော်မူပါသည်။ ခရစ်တော်၏ အသက်တာကိုရရှိသူအပေါင်းသည် လူသားများ၏ ကယ်တင်ခြင်းလုပ်ငန်း ကိုဆောင်ရွက်ရန် ဘိသိက်ပေးခြင်းကိုခံကြရပါသည်။  လုပ်ငန်းကိုဆောင်ရွက်ရန်အတွက် အသင်းတော်ကိုတည်ထောင်ထားခြင်းဖြစ်ပါ သည်။ ၎င်းပြင် အသင်းတော်၏သစ္စာအဓိဌာန်များကို လက်ခံခဲ့ကြသူများအားလုံး သည် ထိုနည်းအားဖြင့် ခရစ်တော်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြောင်းဝန်ခံခဲ့ကြ ပါသည်။

         “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟုဆိုကြ၏။ ကြား သောသူကလည်းလာခဲ့ပါဟုဆိုပါစေ” ဗျာ ၂၂း၁၇။ ကြားသောသူအပေါင်း တို့သည် ထိုဖိတ်ခေါ်ချက်ကို ထပ်ဆင့်ပြောကြားရန်ဖြစ်ပါသည်။ ခေါ်တော် မူခြင်းခံရသည့် ထိုသူ၏ပထမဦးစားပေးစိတ်ဝင်စားမှုသည် ခရစ်တော်ထံသို့ အသက်ဝိညာဉ်များ အား ရိတ်သိမ်းဖို့ရန်ဖြစ်ပါသည်။ ထိုသူသည် ပရိသတ်ကြီးရှေ့တွင် တရားဟောချင်မှ တရားဟောတတ်မည်ဖြစ်သော်လည်း ပုဂ္ဂိုလ် တစ်ဦးချင်းအတွက် လုပ်ဆောင်ပေး နိုင်ပါသည်။ သူသည် ခရစ်တော်ထံမှ မိမိရရှိထားသောညွှန်ကြားချက်များကို ထိုသူ များအားပြောပြနိုင်ပါသည်။ အမှုတော်လုပ်ငန်းတွင် တရားဟောခြင်းလုပ်ငန်းတစ်ခု တည်းသာ ပါဝင်သည်မဟုတ်ပါ။ အနာရောဂါခံစားနေရသူများအားသက်သာစေခြင်း၊ ဆင်းရဲသား များကိုမစကူညီခြင်း၊ စိတ်အားငယ်နေသူများနှင့် ယုံကြည်ခြင်းအားနည်း နေသူများအား နှစ်သိမ့်စကားပြောကြားခြင်းများသည်လည်း၊ အမှုတော်ဆောင်ခြင်း များဖြစ်ကြပါသည်။ ဒုစရိုက်ဝန်ထုပ်ပိနေသည့် အသက်ဝိညာဉ်များသည် ရပ်ဝေး၊ ရပ်နီးတွင်ရှိနေကြပါသည်။ အခက်အခဲနှင့်ရင်ဆိုင်ရခြင်း၊ ပင်ပန်း စွာလုပ်ဆောင်ရ ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုများသည် လူသားများအားယုတ်ညံ့ စေသောအရာများမ ဟုတ်ဘဲ ဒုစရိုက်များနှင့်မှားယွင်းသော လုပ်ဆောင်မှုများသည်သာ လူသားများအား ယုတ်ညံ့နိမ့်ကျစေသည့်အရာများဖြစ်ကြပါသည်။ အပြစ်နှင့်ဒုစရိုက်များသည်  တည်ငြိမ်မှုများနှင့်မကျေနပ်မတင်းတိမ်မှုများ ကိုဖြစ်စေပါသည်။ ခရစ်တော်သည် မိမိ၏အမှုဆောင်များအား အပြစ်နာကျ နေသော အသက်ဝိညာဉ်များထံသွား ရောက်အမှုတော်ဆောင်စေခဲ့ပါသည်။

         ထိုတပည့်တော်များသည် မိမိတို့နေထိုင်သည့်အရပ်တွင် အမှုတော်ကို အစပျိုးရန်ဖြစ်ပါသည်။ အခက်ခဲဆုံးနေရာများနှင့် အလားအလာအနည်းဆုံးနေ ရာများကိုမလုပ်ဆောင်ဘဲ ကျော်သွားတော်မမူခဲ့ချေ။ ခရစ်တော်၏ အမှုဆောင်တိုင်း သည်လည်း ထိုနည်းအတူ မိမိတို့နေထိုင်ကြသည့်နေရာဒေသမှစ၍ အမှုတော်ကို အစပျိုးကြရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏မိသားစုများ၌ပင် အကြင်နာတရားများကို ဆာငတ်နေသူများ၊ အသက်မုန့်ကိုဆာငတ်နေသူများ ရှိကောင်းရှိပါလိမ့်မည်။ ခရစ် တော်အတွက် လေ့ကျင့်ပညာပေးဖို့လိုသည့် သားသမီးများရှိကောင်းရှိပေလိမ့်မည်။ ကျွန်ုပ်တို့၏အိမ်တံခါး၀တွင် တစ်ပါးအမျိုးသားများ ရှိကောင်းရှိပေလိမ့်မည်။ အနီး ဆုံးတွင်ရှိသောသူများအတွက် လုပ်ဆောင်စရာများကို သစ္စာရှိရှိနှင့်လုပ်ဆောင်ကြ ပါစို့။ ထိုနောက် ဘုရားသခင်၏လက်တော်သည် ကျွန်ုပ်တို့အားလမ်းပြပို့ဆောင်နိုင် လောက်အောင် ကျွန်ုပ်တို့ကြိုးစားအားထုတ်မှုကို အရှိန်မြှင့်တင်ကြပါစို့။ အသင်း သားများ၏ လုပ်ဆောင်မှုများသည် အခြေအနေအမျိုးမျိုးကြောင့် တိုးတက်မှုမရှိသ ယောင် ဖြစ်နိုင်သော်လည်း ယုံယုံကြည်ကြည်ဖြင့် ကြိုးစားလုပ်ဆောင်ပါလျှင် အမှု တော်သည် ကမ္ဘာအနှံ့သို့ပျံ့နှံ့သွားပေလိမ့်မည်။ ခရစ်တော်သည် ဤလောကတွင် အမှုတော်ဆောင်ခဲ့စဉ်က လုပ်ဆောင်ခဲ့သောနယ်မြေသည် ကျဉ်းမြောင်းသယောင် ဖြစ်ခဲ့သော်လည်း၊ ကမ္ဘာအရပ်ရပ်မှလူအများတို့သည် ကိုယ်တော်၏ သတင်းစကား ကိုကြားခဲ့ကြရပါသည်။ ကြီးမားသောလုပ်ငန်းကိုပြီးမြောက်စေရန် တစ်ခါတစ်ရံတွင် ဘုရားသခင်သည် ရိုးရိုးနည်းများကို အသုံးပြုတတ်ပါသည်။ ကိုယ်တော့်အမှုတော်၏ အခန်းကဏ္ဍတိုင်းသည် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသကဲ့သို့ တစ်ခုနှင့်တစ်ခု အမှီတံကဲပြုလျက် ကဏ္ဍတိုင်း၌ ဆီလျော်ညီညွတ်စွာလုပ်ဆောင်နေခြင်းသည် ကိုယ် တော်၏အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်မှုကိုခံရ သော အနိမ့်ကျဆုံး သောအမှုတော်ဆောင်တစ်ဦးသည် မမြင်စွမ်းနိုင်သော တီး ကွက်ကလေး တစ်ကွက်ကို တီးခတ်ပါလိမ့်မည်။ ထိုတီးကွက်ကလေးသည် ကမ္ဘာ စွန်းတိုင် အောင်မြည်ဟည်းသွားပြီး ခေတ်အဆက်ဆက်အတွက် သာယာငြိမ့် ညောင်းသော တေးသွားကလေးတစ်ခုကို ဖြစ်စေပါလိမ့်မည်။

         သို့ရာတွင် “လောကီနိုင်ငံအရပ်ရပ်သို့သွားလော့” ဟူသောအမိန့်တော်ကို ကျွန်ုပ်တို့မျက်ခြည်မပြတ်သင့်ကြပါ။ “ပြည်တစ်ဘက်ကို” မျှော်ကြည့်ကြရန် ကျွန်ုပ် တို့အားဆင့်ခေါ်နေပါသည်။ လူမျိုးရေးအရ၊ တစ်ဖက် သတ်အထင်လွဲမှားမှုများပိုင်း ခြားထားသည့် အပိုင်းအခြားတံတိုင်းများကိုဖြိုချတော်မူပြီး၊ လူသားမိသားစုတစ်စုလုံး အတွက် မေတ္တာတော်တစ်ခုကို ခရစ်တော် သွန်သင်တော်မူထားပါသည်။ ကိုယ် တော်သည် လူသားများအား၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းစိတ်များက ပြဌာန်းသတ် မှတ်ထားသော ကျဉ်းမြောင်းသော နယ်ပယ်ထဲမှချီမတော်မူပါသည်။ နယ်မြေပိုင်းခြား ထားသည့် နယ်နိမိတ် မျဉ်းကြောင်းအားလုံးနှင့်တကွ လူ့အဖွဲ့အစည်းများတွင် လူ သားတီထွင်ထားသော ဂုဏ်ဒြပ်ခွဲခြားမှုများအားလုံးကို ဖျက်သိမ်းတော်မူခဲ့ပါသည်။ အိမ်နီးနားချင်းနှင့် သူစိမ်းတစ်ရံဆံမိတ်ဆွေနှင့်ရန်သူဟူ၍ ခရစ်တော်ခွဲခြားတော်မမူ ပါ။ အကူအညီလိုအပ်နေသူအားလုံးအား၊ မိမိတို့၏ညီအစ်ကိုများဟူ၍လည်းကောင်း၊ ကမ္ဘာကြီးအား မိမိတို့၏အလုပ်ခွင်ဟူ၍လည်းကောင်း မှတ်ယူကြရန် ကျွန်ုပ်တို့အား ခရစ်တော်သွန်သင်ထားပါသည်။

         “လူမျိုးတကာတို့ထံသွား၍ဆုံးမဩဝါဒပေးလော့” ဟု ခရစ်တော်သွန်သင် သောအချိန်တွင် “ယုံကြည်သောသူတို့၌ ဖြစ်အံ့သောနိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတ္တံ့။ ထူးခြားသောဘာသာစကား မျိုးတို့ကိုပြောကြလတ္တံ့။ သေစေတတ်သောအဆိပ် အတောက်ကိုသောက်စားလျှင် ဘေးဥပဒ်နှင့်ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာ သောသူတို့အပေါ်မှာလက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့” ဟုလည်း   မိန့်တော်မူခဲ့ပါသည်။ ဤကတိတော်သည် ပေး ထားသည့်အထူးတာဝန်အရေးပါ သကဲ့သို့ပင် အရေးပါလှပါသည်။ သို့ရာတွင် ထိုဆု ကျေးဇူးအားလုံးကို လူတစ်ယောက်စီအား မျှဝေထားခြင်းမျိုးမဟုတ်ချေ။ “ဝိညာဉ် တော်သည် ----- လူအသီးသီးတို့အား ------- အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏” ၁ကော ၁၂း၁၁။ သို့သော် ဘုရားသခင်၏အမှုတော်အတွက် လိုအပ်သည့်အတိုင်းအတာအလျောက် ဝိညာဉ်ဆုကျေးဇူးများကို ယုံကြည်သူများ အားပေးတော်မူရန် ကတိထားတော်မူပါသည်။ ထိုကတိတော်သည် တမန်တော်များ ခေတ်အခါမှာကဲ့သို့ ယခုခေတ်ယခုအချိန်တွင်လည်း ယုံကြည်ကိုးစားထိုက်ပါသည်။ ယုံကြည်သောသူများ၌ ဤနိမိတ် လက္ခဏာများဖြစ်ပေါ်လာပါလိမ့်မည်။ ဤအရာ သည် ဘုရားသခင်၏သားသမီးများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ၎င်း ပြင် ယုံကြည်ခြင်းသည် ယုံကြည်ခြင်းအတွက် ခံဝန်ချက်တစ်ခုအဖြစ် ရတတ်သမျှ သောအရာအားလုံးကို ဆွဲကိုင်ထားသင့်ပါသည်။

         “သူတို့သည် မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ချမ်းသာပေး ကြလတ္တံ့။ ဤကမ္ဘာကြီးသည် အနာရောဂါစွဲကပ်နေသော အိမ်ကြီးတစ်လုံးဖြစ်ပါ သည်။ ခရစ်တော်သည် ထိုအိမ်ကြီးထဲမှလူနာများကိုကုသရန်နှင့် စာတန်၏အ နှောင်အဖွဲ့ထဲတွင်ရှိနေကြသော အပြစ်အကျဉ်းသားများအား ကယ်လွှတ်ရန် ကြွလာတော်မူခဲ့ပါသည်။ ခရစ်တော်ကိုယ်တိုင်သည် ကျန်းမာခြင်းဖြစ်တော်မူ၏။ ခွန်အားလည်းဖြစ်တော်မူ၏။ နာမကျန်းသောသူများ၊ ဒုက္ခရောက်နေသူများနှင့် နတ် ဆိုးစွဲနေသောသူများအား၊ ကိုယ်တော်သည် မိမိ အသက်ကိုမျှဝေပေးတော်မူ၏။ မိမိ ထံမှရောဂါပျောက်ကင်းခြင်းသည် တန်ခိုး ကိုရယူရန်လာကြသည့်မည်သူမဆို ကိုယ် တော်မျက်နှာလွှဲတော်မမူခဲ့ပါ။ မိမိ ထံသို့ရောက်လာကြသည့်လူနာများသည် ကိုယ့် ရောဂါကိုယ်ရှာနေကြသူများ ဖြစ်သည်ကို ကိုယ်တော်သိတော်မူသော်လည်း၊ ၎င်းတို့ အားကုသပေးရန် ငြင်းဆန်တော်မမူခဲ့ချေ။ ခရစ်တော်ထံမှတန်ခိုးသည် သနားစရာ ကောင်းသော ထိုအသက်ဝိညာဉ်များထဲသို့ ရောက်သွားသောအခါ ၎င်းတို့သည်  ပြစ် အကြောင်းကိုသိရှိနားလည်လာကြပြီး၊ ခန္ဓာကိုယ်ရောဂါများပျောက်ကင်းသွား သကဲ့သို့ ဝိညာဉ်ရေးရောဂါများလည်း ပျောက်ကင်းကုန်ကြပါသည်။ ဧဝံဂေလိတရား တော်တွင် ထိုတန်ခိုးမျိုးတည်ရှိဆဲဖြစ်ပါသည်။ အဘယ်ကြောင့်ကျွန်ုပ် တို့သည် ထို ကဲ့သို့သောအကျိုးရလဒ်မျိုးကို သက်သေမခံသင့်ကြသနည်း။

         ခရစ်တော်သည် ရောဂါသည်တိုင်းခံစားရသည့်ဝေဒနာများကို စာနာ တော်မူပါသည်။ နတ်ဆိုးဝိညာဉ်များသည် လူသားတစ်ဦး၏ခန္ဓာကိုယ်ကို အတင်း အဓမ္မကုတ်ဖဲ့သောအခါ ထိုဒုက္ခကိုခရစ်တော်ခံစားရပါသည်။ ဖျားနာမှုများသည် လူသားတစ်ဦး၏အသက်တာအား လောင်မြိုက်ကျစေသောအခါ ထိုဝေဒနာကို ကိုယ် တော်ခံစားရပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ဤလောကတွင် ကိုယ်တိုင်နေ တော်မူခဲ့စဉ်ကကဲ့သို့ ယခုတွင်လည်း လူနာ များကိုကုသပေးရန် ဆန္ဒပြင်းပြလျက်ရှိ နေပါသည်။ ကိုယ်တော်၏ တပည့်တော်များသည် ထိုကဲ့သို့ကိုယ်တော်ရှင်လုပ် ဆောင်ရန်အတွက် ကိုယ်စားလှယ်ဖြစ်ကြပါသည်။ သွယ်ပို့ရာလမ်းကြောင်းများဖြစ် ကြပါသည်။

         ကယ်တင်ရှင်၏ရောဂါကုသပုံကုသနည်းများတွင် တပည့်တော်များအတွက် နမူနာယူစရာသင်ခန်းစာများပါဝင်နေပါသည်။ တစ်ခါတွင် ခရစ်တော်သည် မျက်မ မြင်တစ်ဦး၏မျက်စိကိုရွှံ့နှင့်လူး၍ သင်သွားလော့၊ ရှိလောင်ရေကန်၌မျက်စိကို ဆေး လော့ဟု မိန့်တော်မူ၏။--- ထိုသူသည် သွား၍ဆေးပြီးမှ မျက်စိမြင်လျက်ပြန်လာ ၏။ ယောဟန် ၉း၇။ ရောဂါကို ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာ ပျောက်ကင်း နိုင်သည်ဖြစ်သော်လည်း၊ ခရစ်တော်သည် သဘာ၀တွင်ရှိသော ရိုးရိုးပစ္စည်းများကို အသုံးပြုတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဖော်ထားသောဆေးဝါးများကို မျက်နှာ သာမပေးခဲ့သော်လည်း၊ ရိုးရိုးသဘာ၀ဆေးစွမ်းကောင်းများကို အသုံးပြုခွင့်ပေးတော် မူခဲ့ပါသည်။

         ခရစ်တော်သည် မိမိ၏ကုသမှုကိုခံယူရရှိသူများထဲမှ အများစုအား “သာ၍ ဆိုးသောဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ နောက်တစ်ဖန်ဒုစရိုက်ကိုမပြုနှင့်” ဟု မိန့်တော်မူခဲ့ပါသည်။ ယောဟန် ၅း၁၄။ ရောဂါဘယများသည် ဘုရားသခင်၏ သဘာ ၀ဓမ္မစည်းမျဉ်းများနှင့် ဝိညာဉ်ရေးဆိုင်ရာပညတ် တော်များကိုချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးဖြစ်ကြောင်း၊  ထိုနည်းအားဖြင့်သွန်သင်တော်မူခဲ့ပါသည်။ လူသားများသည် ဘုရားသခင်၏ အကြံအစည်နှင့်ကိုက်ညီစွာ နေထိုင်အသက်ရှင် ကြမည်ဆိုလျှင် ဤကမ္ဘာကြီးတွင်တည်ရှိနေသော မဟာအနိဌာရုံကြီးသည် တည် ရှိခဲ့လိမ့်မည် မဟုတ်ချေ။

         ခရစ်တော်သည် ရှေးခေတ်ဣသရေလများ၏လမ်းပြတစ်ဦးနှင့် ဆရာသမား တစ်ဦးဖြစ်ခဲ့ပါသည်။ ကျန်းမာခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို နား ထောင်ခြင်းမှထွက်ပေါ်လာသည့် ဆုလာဘ်တစ်ပါးဖြစ်ကြောင်း သူတို့အားသွန်သင် တော်မူခဲ့ပါသည်။ ပါလေတ္တိနပြည်တွင် လူနာများကိုကုသပေးတော်မူခဲ့သော ထိုမ ဟာသမားတော်ကြီးသည် မိုးတိမ်တိုက်ထဲမှနေ၍ “သင်တို့သည် သင်တို့၏ ဘုရား သခင်ထာ၀ရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသော အကျင့် ကိုကျင့်လျှင်လည်းကောင်း၊ ပညတ်တရားတော်အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ ကို စောင့်ရှောက်လျှင်လည်းကောင်း ငါသည်အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါတစ်စုံ တစ်ခုကိုမျှ သင်တို့၌မစွဲစေ။ ငါသည် သင်တို့၏ရောဂါကိုငြိမ်းစေသော ထာ၀ရဘုရား ဖြစ်သည်” ဟု ၎င်းတို့လုပ်ဆောင်ရမည့်အရာများကို မိန့်တော်မူခဲ့ပါသည်။ ထွက် ၁၅း၂၆။ ခရစ်တော်သည် အသက်တာ၏အကျင့်ဓလေ့များနှင့်စပ်လျဉ်း၍ တိကျ သော ညွှန်ကြားချက်များကို ဣသရေလများအားပေးထားတော်မူခဲ့ပြီး၊ “အနာရော ဂါ ရှိသမျှတို့ကို သင့်ဆီကပယ်ရှင်းမည်” ဟုလည်း အာမခံချက်ပေးတော်မူခဲ့ပါ သည်။ တရားဟော ၇း၁၅။ ထိုတောင်းဆိုချက်များကို ၎င်းတို့ဖြည့်ဆည်းနေကြသော အချိန်တွင် ကတိထားတော်မူသည့်အတိုင်း ၎င်းတို့ကျန်းမာခဲ့ကြ ပါသည်။ “သူတို့အ စုစု၌ အားနည်းသောသူတစ်ယောက်မျှမရှိ” ဆာလံ ၁၀၅း၃၇။

         ဤအရာများသည် ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာဖြစ်ပါသည်။ ကျန်း မာရေးကိုထိန်းသိမ်းစောင့်ရှောက်သူအားလုံး စောင့်ထိန်းရမည့်စည်းကမ်းချက်များ ရှိပါသည်။ ဤစည်းကမ်းချက်များသည် မည်သည့်အရာများဖြစ်သည်ကို လူတိုင်းသိ ထားသင့်ကြပါသည်။ လူသားများသည် သဘာ၀ဓမ္မများကိုဖြစ်စေ၊ ဝိညာဉ်ရေးပ ညတ်များကိုဖြစ်စေ မသိရှိဘဲနေသည်ကို ဘုရားသခင် နှစ်သက်တော်မမူချေ။ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်စု၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်များပြန်လည် ကျန်းမာ ဖွံ့ဖြိုးမှုရရှိလာရန်အတွက် လုပ်ဆောင်နေကြသည့် ဘုရားသခင်၏လုပ်ဖော်ဆောင် ဖက်များဖြစ်ကြရန် လိုအပ်ပါသည်။

         ၎င်းပြင် ကောင်းမွန်သောကျန်းမာရေးအခြေအနေမျိုးကို ဆက်လက်ထိန်း သိမ်းပုံနှင့် မကောင်းသည့်ကျန်းမာရေးအခြေအနေကို ပြန်လည်ကောင်းမွန်လာ အောင် လုပ်ပုံလုပ်နည်းများကို အခြားသူများအား ကျွန်ုပ်တို့သွန်သင် ပေးသင့်ပါ သည်။ လူနာများကိုကုသရာတွင် ဘုရားသခင်ပြင်ဆင်ထားတော် မူခဲ့သည့် သဘာ၀ ကုထုံးများကိုအသုံးပြုကာ သက်သာပျောက်ကင်းမှုကိုပေး စွမ်းနိုင်သည့်ကိုယ်တော် ကို ၎င်းတို့သိရှိလာရန်ပြညွှန်သင့်ကြပါသည်။ ယုံကြည် ခြင်းလက်များဖြင့် လူနာများ အား ခရစ်တော်ထံသို့ပေးအပ်ရန်မှာ ကျွန်ုပ် တို့၏တာဝန်ဖြစ်ပါသည်။ ထိုမဟာ သမားတော်ကြီးအားယုံကြည်ကြရန် ၎င်း တို့အားကျွန်ုပ်တို့သွန်သင်ပေးသင့်ပါသည်။ ကျွန်ုပ်တို့သည် ပေးတော်မူသည့် ကတိတော်ကိုဆွဲကိုင်လျက် တန်ခိုးတော်ပြရန် ဆုတောင်းပတ္တနာပြုသင့်ကြ ပါသည်။ ဧဝံဂေလိတရားတော်၏အဓိကအနှစ်သာရမှာ စုံလင်သောအသက်တာ သို့ပြန်လည်ရောက်ရှိရန်ဖြစ်သင့်သဖြင့် ကျွန်ုပ်တို့အနေနှင့် နာမကျန်းသော သူများ၊ ခိုကိုးရာမဲ့ဖြစ်နေသူများနှင့် ဒုက္ခဝေဒနာခံစားနေရသူများ အား၊ ကိုယ်တော်၏ခွန်အားကို အားကိုးကြဖို့ပြောကြားရန် ယေရှုရှင်မိန့်တော်မူခဲ့ ပါသည်။

         ခရစ်တော်ပြုတော်မူခဲ့သည့်ကုသမှုအားလုံးတွင် မေတ္တာတန်ခိုးပါရှိခဲ့ပါ သည်။ ကျွန်ုပ်တို့သည် ယင်းမေတ္တာတန်ခိုးကို မျှဝေရယူခြင်းအားဖြင့်သာ ကိုယ်တော် ၏အမှုတော်တွင် အသုံးခံပစ္စည်းများဖြစ်လာနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ခရစ် တော်နှင့်အဆက်အသွယ်ပြုခြင်းကို လျစ်လျူရှုခဲ့မည်ဆိုလျှင် အသက်ပေးခြင်း တန်ခိုးတော်ရေစီးကြောင်းသည် ကျွန်ုပ်တို့မှတစ်ဆင့် ထိုသူများထံသို့ စီးဆင်းသွား နိုင်တော့မည်မဟုတ်ချေ။ ထိုသူများ၏မယုံကြည်မှုများကြောင့်၊ ကြီးမားသောအမှု တော်များကို ခရစ်တော်ကိုယ်တိုင်မဆောင်ရွက် နိုင်ခဲ့သည့်နေရာများရှိခဲ့ပါသည်။ ထို ကြောင့် ယခုတွင် မယုံကြည်သောစိတ် သည် အသင်းတော်အား သူမ၏မစအရှင် နှင့်ကွဲကွာစေခဲ့ပါသည်။ ထာ၀ရကာလနှင့်ပတ်သက်သည့် ဧကန်အမှန်ဖြစ်သောအ ရာများအပေါ် သူမ၏ (အသင်းတော်၏ဆုပ်ကိုင်မှုသည်လည်း အားနည်းလှပါ သည်။ သူမ၏ ယုံကြည်ခြင်းနည်းပါးမှုကြောင့် ဘုရားသခင်သည် စိတ်ပျက်တော်မူခဲ့ ရပြီး၊ ကိုယ်တော်၏ဘုန်းတော်သည် သူမထံမှပျောက်ဆုံးသွားခဲ့ရပါသည်။

         အသင်းတော်သည် ခရစ်တော်၏အမှုတော်ကိုဆောင်ခြင်းအားဖြင့် ကိုယ် တော်ရှင်လာရောက်အတူနေမည်ဟူသော ကတိတော်ကိုရရှိပါသည်။ “ငါသည် လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ သည်” ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်ထံမှတန်ခိုးကိုရရှိရန်အတွက် ကိုယ် တော်ရှင်ထမ်းခဲ့သော ထမ်းပိုးကိုထမ်းရန်မှာ ပထမစည်းကမ်းချက်ဖြစ်ပါသည်။  သင်းတော်၏အသက်သည် သခင်ဘုရားပေးအပ်ထားတော်မူသည့်အမှုတော်ကို လုပ်ဆောင်ရာတွင် သူမ၏သစ္စာရှိမှု အပေါ်တွင်မူတည်နေပါသည်။ ဤအမှုတော် ကိုလုပ်ဆောင်ရာတွင် သူမ၏ သစ္စာရှိမှုအပေါ်တွင်မူတည်နေပါသည်။ ဤအမှုတော် ကို လျစ်လျူရှုခြင်းသည် ဝိညာဉ်ရေးဆိုင်ရာ အားအင်ချည့်နဲ့မှုပျက်ယွင်းမှုများကို ဧကန်အမှန်ဖိတ်ခေါ်နေခြင်းပင်ဖြစ်ပါသည်။ အခြားသူများ၏ကောင်းကျိုးအတွက် တက်တက် ကြွကြွလုပ်ဆောင်မှုမရှိသောနေရာတွင် မေတ္တာတရားများခေါင်းပါးလာ ပြီး၊ ယုံကြည်ခြင်းများမှေးမှိန်လာပါသည်။

         ဧဝံဂေလိလုပ်ငန်းတွင် ကိုယ်တော်၏အမှုဆောင်များသည် အသင်းတော် အားပညာပေးသူများဖြစ်ရန် ခရစ်တော်ကြံရွယ်ပါသည်။ သူတို့သည်ပျောက်ဆုံး နေသောသူများကို မည်သို့ရှာဖွေကယ်တင်ရမည်ကို အသင်းတော်အားသင်ကြား ပေးကြရပါမည်။ ထိုအလုပ်ကို သူတို့လုပ်ဆောင်နေကြရဲ့လား။ အသင်းတော်ထဲ တွင်ရှိနေကြသော သေလုဆဲဆဲအသင်းသားများ၏ အသက်ကလေးအား ပြန်လည် ရှင်သန်လာအောင် လူပေါင်းမည်မျှကြိုးပမ်းဆောင်ရွက် နေကြသနည်း။ ပျောက် သောသိုးများကိုရှာဖွေရန် တာဝန်ရှိသောသူများက အသင်းတော်မည်မျှများများအား၊ နာမကျန်းနေသော သိုးကလေးကိုပြုစုကျွေးမွေးသကဲ့သို့ ပြုစုစောင့်ရှောက်နေကြပါ သနည်း။ သန်းနှင့်ချီ၍လူများသည် ခရစ်တော်မပါရှိဘဲ တစ်ချိန်လုံးပျက်စီးဆုံးပါးနေ ကြပါသည်။

         ဘုရားသခင်၏မေတ္တာတော်သည် လူသားများအတွက်မတိုင်းတာနိုင် လောက်အောင်ပင် နက်ရှိုင်းစွာလှုပ်ရှားခဲ့ပါသည်။ ထိုမျှကြီးမားသော မဟာမေတ္တာ တော်ကို ခံယူကြရသည့်လူသားများသည် ပါးစပ်ဖျားမှသာကျေးဇူးတင်ကြ ကြောင်း တွေ့မြင်ရသောအခါ ကောင်းကင်တမန်များသည် အံ့ဩတွေဝေသွား ခဲ့ကြပါသည်။ ထိုလူသားများသည် ဘုရားသခင်၏မေတ္တာတော်ကို အပေါ်ယံကြောသာအလေးအ မြတ်ပြုသည်ကိုတွေ့ရသဖြင့် ကောင်းကင်တမန်များသည် အံ့ဩခဲ့ကြရပါသည်။ သူ တို့သည် အခြားလူသားများ၏ အသက်ဝိညာဉ်များကို လျစ်လျူရှုနေသည်ကို တွေ့ မြင်ရသဖြင့် ဘုရားသခင်သည် အမျက်တော်ထွက်တော်မူပါသည်။ ထိုအသက် ဝိညာဉ်များကို ခရစ်တော် မည်သို့ဂရုထားတော်မူသည်ကို ကျွန်ုပ်တို့သိကြပါသလား။ နှင်းတောထဲတွင် ပျောက်ဆုံးနေသော မိမိတို့၏သားကလေးကို ကယ်ဆယ်မစနိုင် သောသူများက မကယ်ဆယ်ခဲ့ဘဲသေဆုံးပျက်စီးသွားသည်အထိ ပစ်ထားခဲ့ကြ ကြောင်းသိရှိခဲ့လျှင် ထိုမိခင်၊ ဖခင်များသည် မည်ကဲ့သို့ခံစားကြရမည်နည်း။ သူတို့ သည် အလွန့်အလွန်ဝမ်းနည်းပူဆွေးကြမည်မဟုတ်ပါလား။ အလွန့်အလွန်စိတ် ထိခိုက်ကြမည်မဟုတ်ပါလား။ သူတို့သည် ထိုလူသတ်သမားများအား၊ သူတို့၏ မျက်ရည်ကဲ့သို့ပူ၍ သူတို့၏ချစ်ခြင်းမေတ္တာတမျှ ပြင်းထန်သောဒေါသ စိတ်များဖြင့် လူသိရှင်ကြားအပြစ်တင်ကြလိမ့်မည်မဟုတ်ပါလား။ လူသား တိုင်း၏ဒုက္ခဆင်းရဲ ခြင်းသည် ဘုရားသခင်၏သားသမီးများ၏ဒုက္ခဆင်းရဲ ခြင်းပင်ဖြစ်ပါသည်။ ပျက်စီး ဆုံးပါးလုဆဲဆဲဖြစ်နေသော အသက်ဝိညာဉ်များအား၊ ကူညီမစမှုပြုလုပ်သောသူများ သည် ဘုရားသခင်၏အပြစ်ကင်းသော အမျက်တော်ကို နှိုးဆွနေခြင်းသာတည်း။ ထိုအမျက်တော်သည် သိုးသငယ်၏ အမျက်တော်သာတည်း။ မိမိတို့အပေါင်းအ ဖော်များ၏လိုအပ်ချက်များကို စိတ်ဝင်စားမှုမရှိသော်လည်း ကိုယ့်ကိုကိုယ်ခရစ် တော်၏ အပေါင်းအဖော်များပါဟု ဖွင့်ဟကြသူများအား တရားစီရင်ရာနေ့ကြီးတွင် “သင်တို့သည် အဘယ်ကလာသည်ကိုငါမသိဟုငါဆိုပြီ။ မတရားသောအမှုကိုပြု သောသူအပေါင်း တို့ ငါ့ထံမှဖယ်သွားကြ” ဟု ကိုယ်တော်မိန့်မူပါလိမ့်မည်။ လုကာ ၁၃း၂၇။

         ခရစ်တော်သည် တပည့်တော်များအား၊ အထူးတာဝန်ကိုအပ်နှင်းရာတွင် ၎င်းတို့လုပ်ဆောင်ရမည့်အလုပ်ကို အကြမ်းဖော်ပြရုံသာမကဘဲ၎င်း တို့ပြောရမည့် သတင်းစကားများကိုပါ ပေးအပ်တော်မူခဲ့ပါသည်။ “ငါသည် သင်တို့အားပေးသမျှ သောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ထိုသူများအား၊ ဆုံးမဩဝါဒပေး ကြလော့” ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ ၎င်းတို့အား ခရစ်တော်သွန်သင် တော်မူခဲ့သည့်အရာများကို ၎င်းတို့ကတစ်ဖန် သွန်သင်ကြရန်ဖြစ်ပါသည်။ ခရစ် တော်သွန်သင်ခဲ့သည့် အရာများဟုဆိုရာ၌ ကိုယ်တော်ရှင်ကိုယ်တိုင်မိန့်တော်မူ ခဲ့သော နှုတ်ကပတ်တော်များအပြင် ဓမ္မဟောင်းကျမ်းတွင်ပါရှိသည့် ပုရောဖက် များမှတစ်ဆင့်မိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်များလည်းပါဝင်ပါသည်။ လူ သားများ၏သွန်သင်ချက်များကို နှုတ်ပိတ်ထားရပါမည်။ ၎င်းတို့၏သွန်သင်ချက် များထဲတွင် ရိုးရာဓလေ့များ၊ လူသားများ၏အတွေးအခေါ်များ၊ ထင်မြင်ချက်များ အပြင် အသင်းတော်၏ဥပဒေများကို ထည့်သွင်းမသွန်သင်ရချေ။ အသင်းတော်၏ အခွင့်အာဏာဖြင့်ပြဌာန်းထားသော မည်သည့်ဥပဒေများကိုမျှ၊ ဤအထူးလုပ်ငန်း တွင် ထည့်သွင်း သွန်သင်ရန်မဟုတ်ချေ။ ခရစ်တော်၏စေတမန်များသည် ဤအ ရာများကို သွန်သင်ရန်မဟုတ်ချေ။ ကိုယ်တော်တိုင်မိန့်မြွက်ခဲ့သော နှုတ်ကပတ် တော် များပြုတော်မူခဲ့သော လုပ်ဆောင်ချက်များနှင့်တကွ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းများသည် လောကီနိုင်ငံအရပ်ရပ်သို့ဖြန့်ဝေရန် ၎င်းတို့အားအပ်နှံထား သည့် ရတနာများဖြစ်ကြပါသည်။ ခရစ်တော်၏နာမတော်သည် ၎င်းတို့၏ ဆောင်ပုဒ်၊ ၎င်း တို့အားထင်ရှားစေသောတံဆိပ်အမှတ်အသားဖြစ်ပါသည်။ ကိုယ်တော်၏ နာမ တော်သည် ၎င်းတို့အချင်းချင်း အတူတကွပေါင်းဖက်နှောင်ဖွဲ့ခြင်း၊ ၎င်းတို့၏ လုပ် ဆောင်မှုများအတွက်အာဏာတန်ခိုး၊ ၎င်းတို့၏အောင်မြင်မှုအတွက် သော့ချက် လည်းဖြစ်ပါသည်။ ကိုယ်တော်ရှင်၏ကမ္ပည်းလိပ်စာကို မဆောင်သည့်အရာရာ တိုင်းသည် ကိုယ်တော်ရှင်၏နိုင်ငံတော်တွင် အသိအမှတ်ပြုခြင်းခံရလိမ့်မည်မ ဟုတ်ချေ။

         ဧဝံဂေလိတရားတော်ကို အသက်မရှိသည့်သီအိုရီတစ်ခုကဲ့သို့မဟုတ်၊  သက်တာကိုပြောင်းလဲပစ်ရန် အသက်ရှင်ခြင်းနှင့်ပြည့်စုံသော အစွမ်းသတ္တိတစ်ခု ကဲ့သို့တင်ပြရန်ဖြစ်ပါသည်။ ကိုယ်တော်ရှင်၏ကရုဏာတော်ကို လက်ခံရရှိသူအ ပေါင်းတို့သည် ထိုကရုဏာတော်၏တန်ခိုးအတွက် သက်သေခံများဖြစ်ကြဖို့ ကိုယ်တော်အလိုရှိတော်မူပါသည်။ ကိုယ်တော်ရှင်အား အကြီးအကျယ်ထိုးနှိပ် တိုက်ခိုက်ရေးလမ်းစဉ်များကို ကျင့်သုံးခဲ့သူများကိုလည်း ခရစ်တော်သည် အကြွင်း မဲ့လက်ခံတော်မူပါသည်။ ထိုသူများသည် အမှန်တကယ်နောင်တရသောအချိန်တွင် ၎င်းတို့အားသန့်ရှင်းသောဝိညာဉ်တော် တန်ခိုးပေးသနားတော်မူ၍ အရေးပါသည့်  မြင့်မြတ်ဆုံးသော ရာထူးတာဝန်များကိုအပ်နှင်းကာ မဟာကရုဏာအကြောင်းကို ဟောကြားရန် ကျေးဇူးသစ္စာစောင့်သိတတ်သူများထံသို့ ကိုယ်တော်စေလွှတ်တော်မူ ပါသည်။ လူသားများ သည် ခရစ်တော်၏ကျေးဇူးတော်ကြောင့် ခရစ်တော်၏အကျင့် စာရိတ္တမျိုးကို ပိုင်ဆိုင်လာနိုင်ကြောင်း၊ ထိုကျေးဇူးတော်ကြောင့် မဟာမေတ္တာတော်  အာမခံ မှုတွင် ဝမ်းမြောက်ပျော်ရွှင်နိုင်ကြကြောင်းများကို မိမိ၏တပည့်တော်များ က သက်သေခံနေသည်ကို ကိုယ်တော်တွေ့မြင်လိုတော်မူပါသည်။ လူသားမျိုးနွယ် စုအား ပြန်လည်သိမ်းပိုက်ခြင်းလုပ်ငန်းမပြီးမချင်း၊ ၎င်းတို့အား ဘုရား၏သားသမီး များအဖြစ် သန့်ရှင်းသောအခွင့်ထူးတော်တွင် ပြန်လည်ရောက်ရှိ လာအောင်ပြုလုပ် မပြီးမချင်း၊ ခရစ်တော်သည် ကျေနပ်အားရတော်မမူနိုင်ကြောင်းကို ကျွန်ုပ်တို့အား သက်သေခံစေပါသည်။ သိုးထိန်းများတွင်ရှိသည့်နူးညံ့သိမ်မွေ့ ခြင်းမျိုး၊ မိဘများ တွင်ရှိသည့်ချစ်ခင်ယုယခြင်းမျိုးနှင့်တကွ ကရုဏာနှင့်ပြည့်စုံ သောကယ်တင်ရှင်၏ အတူမရှိသောကျေးဇူးတော်သည် ခရစ်တော်၌ရှိတော်မူပါသည်။ ကိုယ်တော်သည် တပ်မက်ငြိတွယ်စရာ အကောင်းဆုံးသောအသုံးအနှုန်းများဖြင့် ကောင်းချီးပေးလေ့ ရှိပါသည်။ ဤကောင်းချီးမင်္ဂလာများကို ကြော်ငြာရုံလောက်နှင့်ကျေနပ်တော်မမူဘဲ၊ ထိုကောင်းချီးမင်္ဂလာများကို လိုချင်စိတ်ပေါ်လာအောင် ဆွဲဆောင်မှုအရှိဆုံးနည်း များဖြင့် ၎င်းတို့အားဖော်ပြ လေ့ရှိပါသည်။ ကိုယ်တော်၏စေတမန်များသည်လည်း နှုတ်ဖြင့်မမြွက်နိုင်လောက်အောင် ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ကိုယ်တော်ရှင်၏ ကြွယ်၀ခြင်း များကို ထိုနည်းအတူတင်ဆက်ကြရန်ဖြစ်ပါသည်။ ယုံကြည်ချက်များကို အထပ်ထပ်ဟောကြားရုံနှင့် မည်သည့်အောင်မြင်မှုမှ မရရှိသောအချိန်တွင်ခရစ် တော်၏အံ့ဖွယ်မေတ္တာတော်သည် စိတ်နှလုံးများကို နူးညွတ်ပျော့ပျောင်းသွားစေပါ သည်။ “သင်တို့၏ဘုရားသခင်မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကိုနှစ်သိမ့်စေကြ လော့။ နှစ်သိမ့်စေကြလော့။” “ဇိအုန်တောင်သို့ဝမ်းမြောက်စရာ သတင်းကိုဆောင် ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကိုလွှင့်လော့။ မစိုးရိမ်ဘဲအသံကို လွှင့်လော့။ သင်တို့၏ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့---- မိမိသိုးစုကိုသိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၍ ပိုက်ပွေ့ တော်မူမည်။” ဟေရှာယ ၄ဝး၁၊၉-၁၁။ “လူတစ်သောင်းတို့တွင် အထွတ်အမြတ် ဖြစ်တော်မူ၍” “ချစ် ဖွယ်သောဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော” ကိုယ်တော်အကြောင်းကို လူအပေါင်းတို့အားပြောကြလော့။ သီ ၅း၁၀၊၁၆။ ထိုအ ကြောင်းကို ပါးစပ်နှင့်ပြောရုံသာမက မိမိတို့၏အကျင့်စာရိတ္တများတွင်လည်း ရောင် ပြန် ဟပ်စေ၍ မိမိအသက်တာတွင်ထင်ရှားစေကြပါ။ တပည့်တော်တိုင်း၏အသက် တာတွင် ပုံတူရေးဆွဲနိုင်ကြရန် ခရစ်တော်သည် ကိုယ်နေဟန်ပြ၍ထိုင်တော်မူလျက် ရှိပါသည်။ ထာ၀ရဘုရားသခင်သည် လူတိုင်းလူတိုင်းအား၊ “သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ၊ ရှေးမဆွကခွဲခန့်မှတ်သား တော်မူ၏” ရောမ ၈း၂၉။ လူတိုင်း၏အသက်တာအားဖြင့် ခရစ်တော်၏ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသည့် မဟာမေတ္တာတော်၊ ကိုယ်တော်၏သန့်ရှင်းခြင်း၊ နူးညံ့ခြင်းကရုဏာတော်နှင့် သမ္မာ တရားများကို လောကီသားများအား ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ ရှေးဦးတမန် တော်များသည် အရပ်ဒေသအသီးသီးသို့သွား၍ နှုတ်ကပတ်တော်ကိုဟောကြားခဲ့ကြ ပါသည်။ မိမိတို့၏အသက်တာများအားဖြင့် ခရစ်တော်ကိုဖော်ပြခဲ့ကြပါ သည်။” သူ တို့၌ဖြစ်သော နိမိတ်လက္ခဏာ များအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေ လျက် သခင်ဘုရားသည် ၎င်းတို့နှင့်အတူအမှုတော်ဆောင်ခဲ့ပါသည်။ ဤတမန် တော်များသည် အမှုတော် မြတ်အတွက် မိမိကိုယ်ကိုပြင်ဆင်ခဲ့ကြပါသည်။ ပင်တေ ကုတ္တေပွဲနေ့မတိုင်မီတွင် မိမိတို့တွင်ရှိနေကြသောကွဲပြားခြားနားမှုများကိုညှိ နှိုင်းရန် အတူတကွတွေ့ဆုံခဲ့ကြပါသည်။ ထိုနောက် သူတို့သည် တစ်လုံးတစ်၀တည်းရှိခဲ့ကြ ပါသည်။ ကောင်းချီးချပေးမည်ဟူသောကတိတော်ကိုယုံကြည်လျက်၊ ယုံကြည်ခြင်း များစွာ ဖြင့် သူတို့ဆုတောင်းခဲ့ကြပါသည်။ သူတို့သည် မိမိတို့အတွက်သာဆုတောင်း ခဲ့ကြခြင်းမဟုတ်ဘဲ အသက်ဝိညာဉ်များကယ်တင်ခြင်းရရှိဖို့ရန်အတွက်လည်း ဆု တောင်းခဲ့ကြပါသည်။ ဧဝံဂေလိတရားတော်ကို ကမ္ဘာအနှံ့လိုက်လံကြွေးကြော်ရမည် ဖြစ်သဖြင့် ခရစ်တော်ကတိပြုထားသည့်ဝိညာဉ်တန်ခိုးကိုလည်း သူတို့တောင်းခံခဲ့ကြ ပါသည်။ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိခဲ့ကြပြီး၊ တစ်နေ့ထဲတွင် ထောင်နှင့်ချီသောလူအုပ်ကြီးသည် ပြောင်းလဲလာခဲ့ ကြပါသည်။

         ယခုတွင်လည်း ထိုနည်းအတူပြောင်းလဲလာနိုင်ကြပါသည်။ လူသားများ၏ ထင်မြင်ယူဆချက်များကို ဟောကြားမည့်အစား၊ ဘုရားသခင်၏နှုတ်ကပတ်တော် ကိုဟောကြားပါ။ ခရစ်ယာန်များသည် သဘောထားကွဲပြားမှုများကိုစွန့်ပစ်၍ ပျောက် ဆုံးနေသောအသက်ဝိညာဉ်များအား ကယ်တင်ရန်အတွက် မိမိကိုယ်ကို ထာ၀ရ ဘုရား၌ဆက်ကပ်ကြပါ။ ယုံကြည်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများကို တောင်းခံ ကြပါ။ အမှန်တကယ်ရရှိကြပါလိမ့်မည်။ တမန်တော်ခေတ်က ဝိညာဉ်တော်မိုးသွန်း လောင်းခဲ့ခြင်းသည် အရင်မိုးဖြစ် ပါသည်။ ထိုမိုးကြောင့် အသရေနှင့်ပြည့်စုံသော  ကျိုးရလဒ်များကိုဖြစ်ထွန်း ခဲ့ပါသည်။ သို့ရာတွင် “နောက်မိုး” သွန်းလောင်းသော အခါသာ၍ကြွယ်၀စွာသော အကျိုးရလဒ်များကိုဖြစ်ပေါ်စေပါလိမ့်မည်။ ယောလ ၂း၂၃။

         မိမိကိုယ်စိတ်နှလုံးသုံးပါးကို ဘုရားသခင်ထံ၌ဆက်ကပ်ထားသော သူအ ပေါင်းတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်တန်ခိုးနှင့်ပတ်သက်သော အရည်အချင်း အသစ်တစ်ခုကို အခါမလပ်ရရှိခံစားနေရပါလိမ့်မည်။ ကောင်းကင် နိုင်ငံမှာရှိသည့် မကုန်ခန်းနိုင်သောကောင်းချီးအမအစများသည် ၎င်းတို့တောင်းခံ သည့်အချိန်တွင် ပေးရန် အဆင်သင့်ရှိနေပါသည်။ ခရစ်တော်သည် မိမိ ကိုယ်ပိုင်အသက်တော်မှ  သက်တည်းဟူသောမိမိဝိညာဉ်တော်၏တန်ခိုးကို ၎င်းတို့အားပေးသနားတော်မူပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံးထဲတွင်လုပ်ဆောင်ရန် အမြင့် မြတ်ဆုံးသောစွမ်းအင်များကို ဖြစ်ပွားစေတော်မူပါသည်။ ဘုရားသခင်၏ ကျေးဇူး တော်သည် ၎င်းတို့၏စွမ်းအားသတ္တိများကို ကြီးမားတိုးပွားလာစေတော်မူသဖြင့် မြင့်မြတ်သောသဘာ၀၏ စုံလင်မှုအပေါင်းတို့သည် ဝိညာဉ်ကယ်တင်ရေး လုပ်ငန်း တွင် ၎င်းတို့အတွက် အထောက်အမများဖြစ်လာပါသည်။ ခရစ်တော်နှင့်ပူးတွဲလုပ် ဆောင်ခြင်းအား ဖြင့် ထိုသူများသည် ကိုယ်တော်၌စုံလင်ပြည့်၀လာကြပါသည်။ ထို နည်း အားဖြင့်သူတို့သည် အားနည်းသောလူသားဇာတိတွင် အနန္တတန်ခိုးရှင်၏ အမှု တော်များကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိလာကြပါသည်။

         ကယ်တင်ရှင်သည် မိမိ၏ကျေးဇူးတော်ကိုထင်ရှားစွာဖော်ပြရန်နှင့် မိမိ၏ စာရိတ္တတော်ကို တစ်ကမ္ဘာလုံး၌သိသာပေါ်လွင်စေရန် တောင့်တတော်မူပါသည်။ ဤလောကသည် ကိုယ်တော်ရှင်၏ အသွေးတော်ဖြင့်ဝယ်ထားသည့် ကိုယ်တော်ပိုင် ဆိုင်သော ဥစ္စာပစ္စည်းဖြစ်ပါသည်။ ထိုလူသားများအား လွတ်လပ်၍သန့်ရှင်းမွန်မြတ် သောသူများဖြစ်ရန် ကိုယ်တော်လိုလားတော်မူပါသည်။ ဤကြံရွယ်ချက်ကိုဖြစ် မြောက်စေရန် စာတန်ကဟန့်တားဖို့ကြိုးစားခဲ့သော်လည်း၊ လောကသားများအတွက် မိမိအသွေးတော်ကိုသွန်းခြင်းအားဖြင့် ဘုရားသခင်နှင့်သိုးသငယ်တို့ကို ဘုန်းထင်ရှား စေမည့်အောင်မြင်မှုသရဖူ ကို ဆောင်းရန်ဖြစ်ပါသည်။ “ခရစ်တော်သည် ထိုအောင် ပွဲကိုမဆင်ရသေးမီ ကျေနပ်အားရခြင်းရှိတော်မူလိမ့်မည်မဟုတ်ချေ။

         “မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍အားရလိမ့်မည်” ဟေရှာ ၅၃း၁၁။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်နှင့်စပ်ဆိုင် သော ဧဝံဂေလိတရားတော်ကို ကြားနာကြရလိမ့်မည်။ လူသား အားလုံးတို့သည် ကျေးဇူးတော်ကိုခံယူကြလိမ့်မည်မဟုတ်သော်လည်း “သူတို့အမျိုးအနွယ်သည် လည်း ဝတ်တော်ကိုပြုသဖြင့် လူအစဉ်အဆက်တို့သည် ထာ၀ရဘုရား၏သတင်း တော်ကိုကြားရကြလိမ့်မည်” ဆာလံ ၂၂း၃၀။ “ကောင်းကင်အောက်၌ နိုင်ငံနှင့်တ ကွ အာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုး သားတို့သည် ထာ၀ရဘုရားကိုသိကျွမ်း ခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” “အနောက် မျက်နှာသားတို့နှင့် နေထွက်ရာအရပ်သားတို့သည် ထာ၀ရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြ လိမ့်မည်” ဒံယေလ ၇း၂၇။ ဟေရှာယ ၁၁း၉။ ၅၉း၁၉။

         “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကိုကြားပြော သောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အားပြောသောသူ၏ ခြေတို့သည် တောင်ပေါ် မှာအလွန်တင့်တယ်လှစွတကား။ --- သူတို့သည် အသံကိုလွှင့်၍ ရွှင်လန်းသော အသံနှင့်တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား၊ ထာ၀ရဘုရား သည် ဇိအုန်မြို့သို့ပြန်လာတော်မူကြောင်း ကို ကိုယ်တိုင်မြင်ရကြ၏။ ---- ထာ၀ရ ဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ သန့်ရှင်းသောလက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော် မူခြင်းကျေးဇူး ကို သိမြင်ကြလတ္တံ့” ဟေရှာယ ၅၂း၇-၁၀။

 


No comments:

Post a Comment