Monday, April 20, 2026

အခန်းကြီး - ၁၁။ နှစ်ခြင်းမင်္ဂလာ

နှစ်ခြင်းမင်္ဂလာ

ရှင်မဿဲ ၃း၁၃-၁၇။ ရှင်မာကု ၁း၉-၁၁။ ရှင်လုကာ ၃း၂၁-၂၂ တို့ကိုအခြေပြုထားပါသည်

      တော်၌ဟစ်ကြော်နေသောပုရောဖက်နှင့် ၎င်း၏အံ့ဩဖွယ်ရာ ကြွေးကြော်ချက်များနှင့်ပတ်သက် သည့် သတင်းများသည် ဂါလိလဲပြည်အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ထိုသတင်းသည် ဝေးလံသော ‌တောင်ကြားမြို့ကလေးများတွင် နေထိုင်သော လယ်သမားလူတန်းစားများထံသို့ လည်းကောင်း၊ ဂါလိလဲအိုင် နံဘေးတွင် နေထိုင်ကြသော တံငါသည်များထံသို့လည်းကောင်း ရောက်ရှိသွားပြီး ရိုးသားဖြောင့်မတ်၍ စိတ်အားထက်သန်သော ထိုသူများထံမှ စစ်မှန်သောတုံ့ပြန်သံများကို ရရှိခဲ့ပါသည်။ နာဇရက်မြို့တွင်ရှိသော ယောသပ်၏လက်သမားအလုပ်ရုံတွင်လည်း ထိုသတင်းကို ပြောဆိုကြရာ တစ်ယောက်သောသူသည် ထိုဟစ်ကြော်သံကို ကျက်မိခဲ့ပါသည်။ သူ၏နေ့စဉ်လုပ်ဆောင်နေသောလုပ်ငန်းများကို ကျောခိုင်းလျက် သူသည် မယ်တော်ကိုနှုတ်ဆက်ပြီးနောက် ယော်ဒန်မြစ်သို့သွားရောက်စုဝေးကြမည့် နာဇရက်မြို့သားများ နောက်သို့ လိုက်ပါသွားခဲ့ပါသည်။

            သခင်ယေရှုနှင့် ဗတ္တိဇံဆရာယောဟန်တို့သည် ညီအစ်ကိုဝမ်းကွဲဖြစ်ကြပြီး ၎င်းတို့မွေးဖွားလာသည့် အခြေအနေများသည် အလွန်နီးကပ်စွာ တူညီနေခဲ့ပါသည်။ သို့စေကာမူ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက် သိကျွမ်းခြင်းမရှိခဲ့ချေ။ သခင်ယေရှု၏အသက်တာသည် ဂါလိလဲပြည်နာဇရက်မြို့တွင် အချိန်ကုန် ခဲ့ပြီး ဆရာယောဟန်မှာမူ ယုဒပြည်၏တော၌သာ အချိန်ကုန်လွန်ခဲ့ပါသည်။ မတူညီသော ပတ်ဝန်းကျင်များ အလယ်တွင် သူတို့သည် တသီးတခြားစီနေထိုင်ခဲ့ကြရပြီး တစ်ဦးနှင့်တစ်ဦးလုံးဝ အဆက်အသွယ်မရှိခဲ့ကြ ချေ။ ထာဝရဘုရားသည် ဤကဲ့သို့ဖြစ်လာရန် စီစဉ်တော်မူခဲ့ခြင်းဖြစ်သည်။ တစ်ဦး၏ပြောဆိုချက်ကို တစ်ဦးကထောက်ခံပြောဆိုရာတွင် သူတို့သည် ပူးပေါင်းကြံစည်နေကြသည် ဟူသော စွပ်စွဲမှုများပြုလုပ်ရန် အတွက် အခွင့်အရေးမရစေရန် ထိုကဲ့သို့ဘုရားသခင်စီမံထားခြင်းဖြစ်ပါသည်။

            ဆရာယောဟန်သည်သခင်ယေရှု၏မွေးဖွားခြင်းအတွက် အထူးထင်ရှားစေခဲ့သောအဖြစ်အပျက်များ ကို ကောင်းစွာသိရှိခဲ့ပါသည်။ ကလေးဘဝတွင် သခင်ယေရှုသည် ယေရုရှလင်မြို့သို့ သွားရောက်လည်ပတ်ခဲ့ သည့် အကြောင်းများကိုလည်းကောင်း၊ ယုဒကျမ်းတတ်ဆရာများ၏ကျောင်းတွင် ပြောဆိုခဲ့သည့်အရာများကို လည်းကောင်း ယောဟန်ကြားသိခဲ့ရပြီးဖြစ်ပါသည်။ သခင်ယေရှု၏အပြစ်ကင်းသောအသက်တာအကြောင်း ကို သူသိရှိခဲ့သည့်အပြင် ကိုယ်တော်သည်မေရှိယဖြစ်တော်မူကြောင်းကိုလည်း ယုံကြည်ခဲ့ပါသည်။ သို့သော် လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ သူ့တွင် ခိုင်မာသောအာမခံချက်မရှိခဲ့ချေ။ သခင်ယေရှုသည် မိမိ၏အမှုတော်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ခုကိုမျှမပြဘဲ နှစ်ပေါင်းများစွာမထင်မရှား နေထိုင်ခဲ့သည့်အချက်သည် ကိုယ်တော်အနေဖြင့် မေရှိယဖြစ်နိုင်မဖြစ်နိုင်ဟူသော အကြောင်းနှင့်စပ်လျဉ်း၍ သံသယများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ထာဝရဘုရားသတ်မှတ်ထားသောအရာခပ်သိမ်းတို့ သည် ရှင်းလင်းသွားလိမ့်မည်ဟု ယုံကြည်လျက် ဆရာယောဟန်သည် ယုံကြည်ခြင်းအားဖြင့် စောင့်မျှော်ခဲ့ပါ သည်။ မေရှိယသည် မိမိ၏လက်ထဲတွင် နှစ်ခြင်းမင်္ဂလာကိုခံယူတော်မူရန် တောင်းဆိုလိမ့်မည်ဖြစ်ကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏ဘုရားဇာတိတော်နှင့်ပတ်သက်သော အထိမ်းအမှတ်တစ်ခုကို ထိုအချိန်တွင် ထင်ရှားစေလိမ့်မည်ဖြစ်ကြောင်းကိုလည်းကောင်း ဆရာယောဟန်အား ဗျာဒိတ်ပေးထားခဲ့ပြီးဖြစ်ပါသည်။ ထိုသို့သောနည်းအားဖြင့် သူသည် လူများထံတွင် ကိုယ်တော်အား မေရှိယဖြစ်တော်မူကြောင်းဖော်ပြရန် တတ်စွမ်းနိုင်လိမ့်မည် ဖြစ်ပါသည်။

            ခရစ်တော်သည် နှစ်ခြင်းမင်္ဂလာခံယူရန် ကြွလာတော်မူသောအခါ အခြားမည်သူ တစ်ဦးတစ်ယောက် တွင်မျှ မတွေ့ခဲ့ဖူးသော ဖြူစင်သန့်ရှင်းသော စာရိတ္တတော်ကို ကိုယ်တော်၌သူတွေ့ရှိခဲ့ရပါသည်။ ကိုယ်တော် ရောက်ရှိနေသော ပတ်ဝန်းကျင်သည် သန့်ရှင်းတော်မူ၍ စိတ်နှလုံးစိုးရွံ့မှုများကို နှိုးဆွလျက်ရှိပါသည်။ ဆရာယောဟန်သည် ယော်ဒန်မြစ်အနီးရှိ မိမိ၏ပတ်လည်တွင် စုရုံးနေကြသောလူအုပ်ကြီးထဲမှ အပြစ်နှင့် ပတ်သက်သည့် ရင်လေးဖွယ်ကောင်းသော အဖြစ်အပျက်များကို ကြားမြင်ခဲ့ရပြီး မရေမတွက်နိုင်အောင် များပြားသည့်အပြစ်၏လေးလံသောဝန်ထုပ်များအောက်တွင် ခေါင်းငိုက်စိုက်ကျနေသောအသက်ဝိညာဉ်များ ကိုတွေ့ခဲ့ရပါသည်။ သို့ပါသော်လည်းဘုရားတန်ခိုးတော်ရစ်ပတ်လျက်ရှိသည့် ထိုကဲ့သို့သောလူသားတစ်ဦးကို သူသည် မည်သည့်အချိန်ကမျှ မတွေ့ဆုံခဲ့ဖူးချေ။ ဤအဖြစ်အပျက်များအားလုံးသည် မေရှိယနှင့်ပတ်သက် သောဆရာယောဟန်တင်ပြခဲ့သည့်အရာများနှင့်ကိုက်ညီခဲ့ပါသည်။ သို့စေကာမူသခင်ယေရှု၏တောင်းဆိုချက် ကိုလိုက်လျောရန်သူတွန့်ဆုတ်ခဲ့ပါသည်။ အပြစ်သားတစ်ဦးဖြစ်သောသူ့အနေနှင့်အပြစ်ကင်းသောသခင်ခရစ် တော်အားမည်ကဲ့သို့နှစ်ခြင်းပေးနိုင်ပါမည်နည်း။ ၎င်းပြင်နောင်တရရန်မလိုသော ကိုယ်တော်ရှင်သည် အပြစ်  ဆေးကြောခြင်းကိုခံယူရန်အတွက် အပြစ်ကိုဝန်ချတောင်းပန်ခြင်းနှင့်ဆိုင်သောအခမ်းအနားတစ်ခုကိုအောက် ကျခံ၍ မည်သည့်အတွက်ကြောင့်လုပ်ဆောင်ရသနည်း။

            သခင်ယေရှုသည်နှစ်ခြင်းခံပေးရန် တောင်းဆိုသောအခါဆရာယောဟန်သည် နောက်သို့ဆုတ်လိုက် ပြီး “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံ သို့ကြွလာတော်မူသလော” ဟု ဆီးတားလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု အသံမာသော်လည်းနူးညံ့၍တန်ခိုးအာဏာနှင့်ပြည့်စုံသောအသံနှင့် ပြန်၍ မိန့်တော်မူခဲ့ပါသည်။ ထိုအခါ ဆရာယောဟန်သည် အလျှော့ပေးကာ ကိုယ်တော်အား ယော်ဒန်မြစ်ထဲသို့ ခေါ် ဆောင်သွားပြီးလျှင် ရေသင်္ချိုင်း၌မြှုပ်နှံလိုက်ပါသည်။ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရား သခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ခဲ့ရ၏။

            သခင်ယေရှုသည်မိမိကျူးလွန်ခဲ့သောအပြစ်များကိုဝန်ခံသည့်အနေဖြင့် နှစ်ခြင်းမင်္ဂလာကိုခံယူခဲ့ခြင်း မဟုတ်ချေ။ ကျွန်ုပ်တို့ဆောင်ရွက်ရမည့် အရာများကိုဆောင်ရွက်လျက်၊ ကျွန်ုပ်တို့လုပ်ကိုင်ရမည့် အလုပ်များ ကိုလုပ်ကိုင်လျက် ကိုယ်တော်သည် မိမိကိုယ်ကိုအပြစ်သားနှင့်ထပ်တူထပ်မျှ မှတ်ယူတော်မူခဲ့ပါသည်။ နှစ်ခြင်းခံယူပြီးနောက် ဒုက္ခဝေဒနာများကို စိတ်ရှည်ရှည်နှင့်ကြိတ်မှိတ်ခံစားခဲ့သော ကိုယ်တော့်အသက်တာ သည် ကျွန်ုပ်တို့အတွက် ပုံသက်သေတစ်ခုဖြစ်ပါသည်။

            သခင်ယေရှုသည် ရေထဲမှထလာပြီးနောက် ယော်ဒန်မြစ်ကမ်းပါးပေါ်တွင် ဦးညွှတ်၍ဆုတောင်း တော်မူခဲ့ပါသည်။ အရေးကြီးသောလုပ်ငန်းသစ်တစ်ခု၏အစသည် ကိုယ်တော့်ရှေ့မှောက်တွင် ထင်ရှားလျက် ရှိပါသည်။ ယခုတွင်ကိုယ်တော်သည် မိမိအသက်တာ၏တိုက်လှန်ပွဲထဲသို့ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက် လျက်ရှိပါသည်။ ကိုယ်တော်သည် ငြိမ်သက်ခြင်း၏အရှင် ဖြစ်တော်မူသော်လည်း ကိုယ်တော်၏ကြွလာခြင်း သည် တိုက်ပွဲသစ်တစ်ခုအတွက် စစ်ကြေညာသကဲ့သို့ဖြစ်ရပါမည်။ အကြောင်းမှာ ကိုယ်တော်ရှင်လာရောက် တည်ထောင်မည့်နိုင်ငံတော်သည်ယုဒလူမျိုးများလိုလားကြသည့် နိုင်ငံမျိုးနှင့်ဆန့်ကျင်နေသောကြောင့်တည်း။ ဣသရေလလူများ၏ ဝတ်ပြုကိုးကွယ်ခြင်းနှင့် အိမ်ထောင်မှုအုပ်ချုပ်ရေး နည်းစနစ်များ၏ တိုက်မြစ်ဖြစ် တော်မူသော ကိုယ်တော်ကို ၎င်းတို့၏ရန်သူတစ်ယောက်အနေဖြင့် သော်လည်းကောင်း၊ အဖျက်သမားတစ်ဦး အနေဖြင့်သော်လည်းကောင်း ရှုမြင်လာခဲ့ကြပါသည်။ သိနာတောင်ပေါ်တွင် ပညတ်တော်ကို ပေးခဲ့သော ကိုယ်တော်အား ပညတ်တော်ချိုးဖောက်သူ တစ်ဦးအနေဖြင့် စီရင်ခဲ့ကြပါသည်။ စာတန်၏တန်ခိုးအာဏာကို ချိုးဖျက်ရန် ကြွလာတော်မူခဲ့သော ကိုယ်တော်အား ဗေလုဇေဗုလ ဟူ၍ စွပ်စွဲပြောဆိုခဲ့ကြပါသည်။ ကမ္ဘာသူ ကမ္ဘာသားအားလုံးသည် ကိုယ်တော်ရှင်ကိုနားမလည်ခဲ့ကြချေ။ အမှု‌တော်ဆောင်ရွက်စဉ်ကာလအတွင်း၌ ကိုယ်တော်သည် အထီးကျန်ဘဝဖြင့်အမြဲတစေလျှောက်လှမ်းခဲ့ရပါသည်။ ကိုယ်တော်၏မယ်တော်နှင့်ညီ တော်များသည် ကိုယ်တော်ဆောင်ရွက်သည့်အမှုတော်အကြောင်းကို အသက်ထက်ဆုံး သဘောမပေါက်ခဲ့ကြ ချေ။ ကိုယ်တော်၏တမန်တော်များပင်လျှင်ကိုယ်တော်အားနားမလည်ခဲ့ကြချေ။ ကိုယ်တော်သည်ထာဝရ ဘုရားသခင်နှင့်အတူရှိတော်မူခဲ့သော ပုဂ္ဂိုလ်တစ်ပါးအနေဖြင့် ထာဝရအလင်းတော်တွင် စိုးစံတော်မူခဲ့သော် လည်း ၎င်း၏လောကအသက်တာသည် တစ်ပါးတည်းနေထိုင်တော်မူခြင်းဖြင့် အချိန်ကုန်ခဲ့ရပါသည်။

            ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိနေသူတစ်ပါးအနေဖြင့် ကျွန်ုပ်တို့၏အပြစ်များနှင့် ဝမ်းနည်းဖွယ် ကောင်းသော အပြစ်၏ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ရမည်ဖြစ်ပါသည်။ အပြစ်ကင်းသောကိုယ်တော်သည် အပြစ်အတွက်အရှက်ရတော်မူခဲ့ရပါသည်။ ငြိမ်သက်ခြင်းကိုမြတ်နိုးသော ကိုယ်တော်သည် ရန်ဘက်ပြုခြင်း များအကြားတွင် နေထိုင်တော်မူရမည်ဖြစ်ပြီး သမ္မာတရားသည် မှားယွင်းခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းစင် ကြယ်ခြင်းသည် ဆိုးသွမ်းမှုနှင့်လည်းကောင်း အတူနေရပါမည်။ ပညတ်တော်ကို ချိုးဖောက်မှုကြောင့် ဖြစ်ပေါ် လာသောအပြစ်ဟူသမျှ၊ စိတ်ဝမ်းကွဲပြားမှုဟူသမျှနှင့် ညစ်ညမ်းသောကိလေသာတပ်မက်မှုဟူသမျှတို့သည် ကိုယ်တော်၏စိတ်နှလုံးအား ထိခိုက်နာကျင်စေခဲ့ပါသည်။

            ကိုယ်တော်သည် တစ်ပါးတည်းလျှောက်လှမ်းကာ အပြစ်ဝန်များကို သယ်ပိုးရမည်ဖြစ်ပါသည်။ မိမိ၏ဘုန်းအသရေတော်ကိုချွတ်ပယ်၍ လူသားများ၏အားနည်းမှုများကို ခံယူဝတ်ဆင်ခဲ့သော ကိုယ်တော် အပေါ်တွင် ကမ္ဘာသူကမ္ဘာသားများ၏ကယ်တင်ခြင်းသည် ကျရောက်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဤအရာအားလုံးကို တွေ့မြင်ခံစားခဲ့ရသော်လည်း မိမိ၏အကြံအစည်တော်ကို ရှိရင်းအတိုင်းဆက်လက် ခိုင်ခံ့စေခဲ့ပါသည်။ ကျဆုံးခဲ့သောလူသားများ၏ ကယ်တင်ခြင်းသည် ကိုယ်တော်၏လက်တော်ပေါ်တွင် တည်ခဲ့ပြီးကိုယ်တော်သည် မိမိ၏လက်တော်ဖြင့် မေတ္တာတော်ရှင်အဖဘုရား၏ လက်တော်ကိုကိုင်စွဲရန် လက်ကမ်းတော်မူခဲ့၏။

            ဆုတောင်းစဉ်တွင် မိမိ၏အသက်ဝိညာဉ်ကို သွန်းလောင်းတော်မူသောအချိန်၌ ကယ်တင်ရှင်၏ လျှပ်စစ်တစ်ပြက်အကြည့်သည် ကောင်းကင်နိုင်ငံတော်သို့ ထိုးဖောက်ရောက်ရှိသွားသကဲ့သို့ဖြစ်ပါသည်။ အပြစ်တရားသည် လူသားများ၏စိတ်နှလုံးများကို မည်ကဲ့သို့မာကျောစေကြောင်းကိုလည်းကောင်း၊ မိမိ၏ အမှုတော်ကိုသိရှိနားလည်ရန်သူတို့အတွက်မည်မျှခက်ခဲလိမ့်မည်ကိုလည်းကောင်း၊ ကယ်တင်ခြင်းဆုမင်္ဂလာ ကို လက်ခံရယူရန် ၎င်းတို့အတွက် မည်မျှခက်ခဲလိမ့်မည်ကိုလည်းကောင်း ကိုယ်တော်ရှင်သည် ကောင်းမွန်စွာ သိရှိတော်မူခဲ့ပါသည်။ ၎င်းတို့၏မယုံကြည်မှုများကိုအောင်မြင်နိုင်ရန်အတွက်သော်လည်းကောင်း၊ လူသား များကိုယ်စား အဖျက်သမားစာတန်ကိုအောင်မြင်စေရန်အတွက်သော်လည်းကောင်း၊ ၎င်းတို့အားစွဲလမ်း တမ်းတစေအောင် စာတန်ပြုလုပ်ထားသည့် အနှောင်အဖွဲ့များကိုချိုးဖျက်ရန်အတွက်သော် လည်းကောင်း၊ လိုအပ်သောတန်ခိုးများကိုရရှိရန် ကိုယ်တော်ရှင်သည် အဖဘုရားထံတွင်တောင်းခံခဲ့ပါသည်။ သားတော် ဘုရားတွင် ရှိတော်မူသည့်လူသားဇာတိကို ဘုရားသခင်လက်ခံတော်မူကြောင်း သက်သေခံချက်ကိုလည်း ကိုယ်တော်တောင်းခံတော်မူခဲ့ပါသည်။

            ကောင်းကင်တမန်များသည် ထိုကဲ့သို့သောဆုတောင်းချက်မျိုးကို ယခင်ကမကြားခဲ့ဖူးချေ။ သူတို့ သည် အာမခံချက်နှင့်နှစ်သိမ့်မှုသတင်းတစ်ခုကို ချစ်လှစွာသော မိမိတို့၏သခင်ထံသို့ သယ်ဆောင် သွားကြရန် စိတ်အားထက်သန်နေကြပါသည်။ သို့သော်လည်း ထိုအခွင့်အရေးကို သူတို့မရကြချေ။ အဖဘုရား ကိုယ်တော် တိုင် သားတော်၏တောင်းလျှောက်မှုကို အဖြေပေးတော်မူမည်ဖြစ်ပါသည်။ ဘုန်းတန်ခိုးရောင်ခြည်တော်များ ကို ပလ္လင်တော်မှတိုက်ရိုက်ထွန်းလင်းစေတော်မူခဲ့ပါသည်။ ကောင်းကင်ကိုဖွင့်လှစ်ပြီး နူးညံ့သိမ်မွေ့၍ နှိမ့်ချသူ တစ်ပါးဖြစ်သောကိုယ်တော်အတွက်သင့်လျော်သော အထိမ်းအမှတ်ဖြစ်သည့်ချိုးငှက်သဏ္ဌာန် အသန့်စင်ဆုံး အလင်းတော်ကို ကယ်တင်ရှင်၏ဦးခေါင်းတော်ပေါ်သို့ ဆင်းသက်စေတော်မူပါသည်။

            ယော်ဒန်မြစ်ကမ်းတွင်ရှိသော ကြီးမားသည့်လူအုပ်ကြီးထဲမှ ဆရာယောဟန်အပါအဝင် လူအနည်း ငယ်မျှသာ ကောင်းကင်မှထိုမြင်ကွင်းကို မြင်လိုက်ကြရပါသည်။ သို့စေကာမူ၊ ထာဝရဘုရား၏ကြည်ညိုလေး မြတ်ဖွယ်သော အတူရှိနေမှုသည် လူထုကြီးအပေါ်တွင်လည်း ကျရောက်တော်မူခဲ့ပါသည်။ လူအများသည် ခရစ်တော်ကိုစေ့စေ့ကြည့်ရှုခဲ့ကြရာ ကိုယ်တော်၏သဏ္ဌာန်တော်ကို ဘုရားသခင်၏ပလ္လင်တော်တွင် အမြဲ တမ်း ကွန့်မြူးလျက်ရှိသော ရောင်ခြည်တော်များနှင့် လွှမ်းမိုးရစ်ပတ်တော်မူသည်ကို မြင်ခဲ့ကြရပါသည်။ ကောင်းကင်သို့မော်ကြည့်နေသော ကိုယ်တော်၏မျက်နှာတော်သည် ဘုန်းရောင်ခြည်များနှင့် တောက်ပနေခဲ့ ပါသည်။ ထိုသို့သောအလင်းရောင်ခြည်တော်တောက်ပနေသော မျက်နှာမျိုးကို လူသားများ၏မျက်နှာပေါ်တွင် မတွေ့ဖူးခဲ့ကြချေ။ ဖွင့်လှစ်သောကောင်းကင်မှထွက်လာသော အသံတော်ကား၊ “ဤသူကား၊ ငါနှစ်သက်မြတ် နိုးရာ ငါ၏ချစ်သားပေတည်း” ဟူ၍ဖြစ်၏။

            ထိုမြင်ကွင်းကိုကြည့်နေသောလူများ၏ ယုံကြည်ခြင်းကို တိုးပွားစေရန်အတွက်သော်လည်းကောင်း၊ မိမိ၏အမှုတော်အတွက် ကယ်တင်ရှင်ယေရှုအား ခွန်အားဖြည့်တင်းပေးရန်အတွက်သော်လည်းကောင်း ဘုရားသခင်သည် ဤစကားများကို ပြောကြားတော်မူခဲ့ပါသည်။ ဒုစရိုက်ကျူးလွန်လျက်ရှိသော ဤကမ္ဘာ၏ အပြစ်များကို ခရစ်တော်အပေါ်သို့တင်ထားတော်မူခဲ့ငြားသော်လည်း ကျွန်ုပ်တို့၏ကျဆုံးနေသော လူသား သဘာဝကို ယူတင်ဝတ်ဆင်ခြင်းကြောင့် အသရေယုတ်ညံ့စေခဲ့ငြားသော်လည်း ကောင်းကင်မှအသံတော် သည် ကိုယ်တော်ရှင်အား ထာဝရဘုရား၏သားတော်ဖြစ်ကြောင်း ကြေညာတော်မူခဲ့ပါသည်။ ဘုရားသခင်၏ အတည်ပြုချက်ရရှိရန်အတွက် မျက်ရည်မျက်ခွက်နှင့်တောင်းလျှောက်လျက် အသနားခံသူ တစ်ဦးအနေဖြင့် ဦးညွှတ်နေသော သခင်ယေရှုကိုတွေ့ရသောအချိန်တွင် ဆရာယောဟန်သည် အလွန်စိတ် လှုပ်ရှားခဲ့ပါသည်။ ဘုရားသခင်၏ဘုန်းရောင်ခြည်သည် ကိုယ်တော်အားရစ်ပတ်တော်မူ၍ ကောင်းကင်မှအသံ တော်ကိုကြားရ သောအချိန်တွင် ဘုရားသခင်ကတိပြုတော်မူခဲ့ပြီးသော အထိမ်းအမှတ်ကို ဆရာယောဟန်မှတ်မိ သတိရခဲ့ ပါသည်။ မိမိဗတ္တိဇံပေးခဲ့သောပုဂ္ဂိုလ်သည် ကမ္ဘာ့ကယ်တင်ရှင်ကြီးဖြစ်ကြောင်း ဆရာယောဟန်သိရှိလာခဲ့ရ ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဆရာယောဟန်အပေါ်သို့လည်း ကျရောက်ခဲ့ပြီးဖြစ်သဖြင့် သူသည် သခင်ယေရှုထံလက်ကို ဆန့်ညွှန်ကာ “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ရှုလော့” ဟုဟစ်အော်လေ၏။

            “ဘုရားသခင်၏သိုးသငယ်” ဟုမြွက်ဆိုခဲ့သော ဆရာယောဟန်အပါအဝင်ကြားရသောသူ အားလုံး သည် ထိုစကား၏အရေးပါပုံကို နားမလည်ခဲ့ကြချေ။ မောရိတောင်ပေါ်တွင် “အဘ---ယဇ်ရှို့စရာဖို့ သိုးသငယ်သည် အဘယ်မှာရှိသနည်း” ဣဇက်ကမေးခဲ့ရာ “ငါ့သား ယဇ်ရှို့စရာဖို့သိုးသငယ်ကို ဘုရားသခင် သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်” ဟု အာဗြဟံဖြေဆိုခဲ့ပါသည်။ ဣဇက်အစားပူဇော်ရန် ဘုရားသခင် ပြင်ဆင်ပေးသော သိုးသငယ်သည် လူသားများ၏အပြစ်အတွက် အသေသတ်ခြင်းကိုခံရမည့် ကိုယ်တော်ရှင် အား ပုံဆောင်မှုတစ်ခုဖြစ်ကြောင်းကို အာဗြဟံမြင်တွေ့ခဲ့ပါသည်။ “အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍---ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏” ဟူ၍ သန့်ရှင်းသောဝိညာဉ်တော်သည် ဟေရှာယအားဖြင့် ကယ်တင်ရှင်၏အကြောင်းကို ဥပမာပုံဆောင်၍ အနာဂတ်ဟောကြားခဲ့ပါသည်။ (ဟေရှာ ၅၃း၇၊၆)။ သို့သော် ဣသရေလလူများသည် ထိုဆုံးမသွန်သင်ချက်ကို နားမလည်ခဲ့ကြချေ။ များစွာသောလူများသည် သာသနာပလူများမြင်ခဲ့ကြသကဲ့သို့ ပူဇော်သကာသည် ၎င်းတို့အား ဘုရားသခင်၏အမျက်တော်ကိုပြေစေရန် ပေးဆက်သည့်လက်ဆောင်ကဲ့သို့ ရှုမြင်ကာ ပူဇော်သကာများအပေါ် များစွာအရေးတယူပြုခဲ့ကြပါသည်။ မိမိနှင့်မိမိလူတို့အကြား ရန်ငြိမ်းစေ သောလက်ဆောင်မွန်သည် ကိုယ်တော်တိုင်၏မေတ္တာတော်မှ ပေါက်ဖွားလာကြောင်းကို၎င်းတို့အား သင်ကြား ပေးရန် ဘုရားသခင်ဆန္ဒရှိတော်မူခဲ့ပါသည်။

            ၎င်းပြင် “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟူသော ယော်ဒန်မြစ်တွင် ယေရှုရှင်အား ညွှန်ပြပြောဆိုခဲ့သော စကားသည် လူသားများကို ပိုက်ပွေ့တော်မူပါသည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏ကိုယ်စားလှယ်တော်ဖြစ်ကြောင်း ဘုရားသခင်မိန့်မြွက်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် အပြစ်များနှင့်အားနည်းချက်များရှိလျက်ပင် တန်ဖိုးမဲ့သူများအဖြစ် ပယ်တော်မမူဘဲ “သခင်ယေရှုအားဖြင့် သားအရာကိုရမည်အကြောင်း----ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏” ဧဖက် ၁း၆။ ခရစ်တော်အပေါ်သို့ သက်ဆင်းတော်မူခဲ့သော ဘုန်းတော်သည် ကျွန်ုပ်တို့အပေါ်တွင်ထားရှိသော ဘုရားသခင်၏မေတ္တာတော်၏ ကတိသစ္စာတော်ဖြစ်ပါသည်။ လူသားများ၏ဆုတောင်းသံများသည် ဘုရားသခင်၏နားတော်သို့ရောက်ရှိနိုင် ကြောင်းနှင့် ကျွန်ုပ်တို့၏ တောင်းလျှောက်သံများအား ကောင်းကင်ရွှေနန်းတော်တွင် လက်ခံခြင်းအခွင့်ပေး ကြောင်း စသည့်ဆုတောင်းခြင်း၏တန်ခိုးအကြောင်းများကို ဤအဖြစ်အပျက်က ကျွန်ုပ်တို့အားသွန်သင် လျက်ရှိပါသည်။ အပြစ်ကြောင့် ကမ္ဘာသည်ကောင်းကင်နှင့်အဆက်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဆက်သွယ်မှုပြတ် တောက်ခဲ့ရသော်လည်း ယေရှုခရစ်သည် ၎င်းကမ္ဘာအား ဘုန်းအသရေ‌တော်နှင့်ပြည့်စုံသော ကောင်းကင် နိုင်ငံတော်နှင့်တစ်ဖန် ဆက်သွယ်ပေးတော်မူခဲ့ပြီးဖြစ်ပါသည်။ ကိုယ်တော်၏မေတ္တာတော်သည် လူသားများ ကိုပတ်ရစ်၍ အမြင့်ဆုံးကောင်းကင်နိုင်ငံသို့တိုင် ရောက်ရှိတော်မူခဲ့ပါသည်။ ယေရှုခရစ်၏ ဦးခေါင်းတော် ပေါ်သို့ကျရောက်သက်ဆင်းတော်မူခဲ့သော အလင်းတော်သည် စုံစမ်း‌နှောင့်ယှက်ခြင်းကို တွန်းလှန်ရန် လိုအပ်သောအကူအညီများအတွက် ကျွန်ုပ်တို့ဆုတောင်းသောအချိန်တွင်လည်း ကျွန်ုပ်တို့အပေါ်သို့ကျရောက် လိမ့်မည်ဖြစ်ပါသည်။ ခရစ်တော်အား မိန့်မြွက်တော်မူခဲ့သောအသံတော်သည် ယုံကြည်လျက်ရှိသော ဝိညာဉ် များအားလည်း “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟူ၍မိန့်မြွက်နေပါသည်။

            “ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည် ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့” ၁ယော၊ ၃း၂။ အပြစ်အများဆုံးသောသူ၊ အဆင်းရဲဆုံးသောသူ၊ အဖိနှိပ်အခံရဆုံး သောသူနှင့် အထင်သေးအခံရဆုံးသောသူများသည် ခမည်းတော်ဘုရားထံသို့ တိုးဝင်ချဉ်းကပ်ခွင့်ရစေရန် အလိုငှါ ယေရှုခရစ်သည် လမ်းဖွင့်ပေးတော်မူခဲ့ပါသည်။ လူတိုင်းသည် ကိုယ်တော်သွားရောက်ပြင်ဆင် နေသော အိမ်တော်တွင် နေစရာအခန်းများရနိုင်ကြပါသည်။ “သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍ အဘယ်သူမျှမဖွင့်နိုင်အောင် ပိတ်ထားသော သူ၏အမိန့်ကား---အဘယ်သူမျှမပိတ်နိုင်သောတံခါးကိုသင့်ရှေ့၌ငါဖွင့်ထားပြီ” ဗျာဒိတ် ၃း၇၊၈။


No comments:

Post a Comment