Monday, April 20, 2026

အခန်းကြီး - ၁၉။ ယာကုပ်ရေတွင်း၌

 

ယာကုပ်ရေတွင်း၌

ရှင်ယောဟန်ခရစ်ဝင် ၄း၁-၄၂ ကိုအခြေပြုထားပါသည်

         သခင်ယေရှုသည် ဂါလိလဲသို့သွားရာတွင် ရှမာရိပြည်ကိုဖြတ်၍ သွားရပါသည်။ ကိုယ်တော်သည် လှပသောရှုခါလျှိုမြောင်သို့ရောက်သောအခါ မွန်းတည့်နေပြီဖြစ်ပါသည်။ ထိုလျှို၏အဝင်လမ်းတွင် ယာကုပ် ရေတွင်းရှိပါသည်။ သခင်ယေရှုသည် ခရီးပန်းသောကြောင့် ရေတွင်းနားတွင် ထိုင်တော်မူပါသည်။ ထိုစဉ်တွင် တမန်တော်များသည် စားစရာများကို ဝယ်ရန် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်ပါသည်။

         ယုဒလူများနှင့် ရှမာရိလူများသည် ခါးသီးသောရန်သူများဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦးမဆက်ဆံမိရန် တတ်နိုင်သမျှရှောင်ရှားခဲ့ကြပါသည်။ ရှမာရိများနှင့် ကုန်ကူးသန်းရောင်းဝယ်ရေးတွင် မရှိလျှင်မဖြစ်သော ပစ္စည်းများဖြစ်ပါက တရားဝင်ကြောင်း ကျမ်းတတ်ဆရာများက မှတ်ယူကြသော်လည်း ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကိုမူ ရှုတ်ချကြပါသည်။ ယုဒလူတစ်ယောက်သည် ရှမာရိတစ်ဦးထံမှ မည်သည့် ပစ္စည်းကိုမျှ ချေးငှါးခြင်းမပြုရသည့်အပြင် ထမင်းကလေးတစ်လုတ်၊ ရေကလေးတစ်ခွက်ကိုပင် ဆက်ဆံ စားသောက်ခြင်းမပြုကြချေ။ တမန်တော်များသည် ယုဒအမျိုးသားဓလေ့ထုံးစံနှင့် ကိုက်ညီစွာ စားစရာ ဝယ်ခြင်းအမှုတွင်လုပ်ဆောင်ခဲ့ကြပါသည်။ ဓလေ့ထုံးစံကို ကျော်လွန်၍မလုပ်ဆောင်ကြချေ။ ခရစ်တော်၏ တမန်တော်များပင်လျှင် ရှမာရိများထံမှအခွင့်အရေးတစ်ခုတောင်းရန် (သို့မဟုတ်) အကျိုးတစ်ခုခုပြုရန် စိတ်မကူးခဲ့ကြချေ။

         သခင်ယေရှုသည် ထိုရေတွင်းနားတွင်ထိုင်နေစဉ် ထမင်းလည်းဆာ၊ ရေလည်းငတ်နေသည့်အတွက် အားပြတ်နေခဲ့ပါသည်။ နံနက်ကတည်းက ရှည်လျားဝေးလံသော ခရီးကိုလျှောက်ခဲ့ကြပြီးနောက် ယခုတွင် မွန်းတည့်နေ၍ ပူပြင်းလျက်ရှိနေပါသည်။ သန့်ရှင်းအေးမြသောရေတွင်း နားသို့ရောက်နေပြီဖြစ်သည့် အတွက် ပို၍ပင်ရေဆာလာသော်လည်း ကိုယ်တော်အနေဖြင့် ဘာမှမတတ်နိုင်ခဲ့ချေ။ အကြောင်းမူကား ခပ်စရာရေပုံးနှင့် ကြိုးများမရှိသည့်အပြင် ရေတွင်းကလည်း အလွန်နက်သောကြောင့်တည်း။ ထိုကြောင့် ကိုယ်တော်သည် ရေခပ်ရန်လာမည့်လူတစ်စုံတစ်ယောက်ကို စောင့်စားတော်မူခဲ့ပါသည်။

         ရှမာရိအမျိုးသမီးတစ်ဦးသည် ထိုရေတွင်းသို့ရောက်လာခဲ့ပြီး ကိုယ်တော်ရှိနေသည်ကို သတိပြုမိပုံ မပေါ်ဘဲ သူမ၏အိုးထဲသို့ရေခပ်ထည့်နေပါသည်။ သူမထွက်သွားတော့မည်အပြုတွင် ခရစ်တော်သည် သူမအားရေတစ်ခွက်ပေးရန် တောင်းခဲ့ပါသည်။ မည်သည့်အရှေ့တိုင်းသားကမျှ ထိုကဲ့သို့သောအခွင့်အရေး မျိုးကိုလက်လွတ်ခံလိမ့်မည်မဟုတ်ချေ။ အရှေ့နိုင်ငံများတွင် ရေကို ထာဝရဘုရား၏လက်ဆောင်မွန်ဟု ခေါ်ကြပါသည်။ ရေငတ်နေသော ခရီးသွားတစ်ယောက်အား ရေတစ်ခွက်တိုက်ခြင်းသည် မွန်မြတ်သော တာဝန်တစ်ခုဟု မှတ်ယူကြကာ သဲကန္တာရမှ အာရပ်လူများသည် ထိုကိစ္စကို လုပ်ဆောင်နိုင်ရန်အလိုငှါ မိမိတို့၏ခရီးလမ်းကြောင်းကို ပြောင်းလဲ၍သွားတတ်ကြပါသည်။ ယုဒလူမျိုးများနှင့် ရှမာရိလူမျိုးများ အကြားတွင်ရှိသည့် မုန်းတီးမှုသည် ခရစ်တော်အား ရေတစ်ခွက်ပေးခြင်းမပြုရန် ဤမိန်းမအား အဟန့်အတား ပြုနေပါသည်။ သို့သော်လည်း ကိုယ်တော်သည် ဤစိတ်နှလုံးအတွက် သော့ချက်ကိုရှာဖွေရန် ကြိုးစားနေ တော်မူပါသည်။ ယေရှုသည် ဘုရား၏မေတ္တာတော်မှ ပေါက်ဖွားလာသည့် ကျွမ်းကျင်ပါးနပ်မှုကိုအသုံးပြု၍ အမအစတစ်ခုကို ပေးတော်မမူဘဲ တောင်းတော်မူခဲ့ပါသည်။ အမအစကိုပေးမည်ဆိုလျှင် ငြင်းပယ်ကောင်း ငြင်းပယ်နိုင်ကြမည်ဖြစ်ပါသည်။ ယုံကြည်ကိုးစားမှုသည်သာ ယုံကြည်ကိုးစားမှုကို နှိုးဆွလေ့ရှိပါသည်။ ကောင်းကင်နိုင်ငံမှဘုရားသခင်သည် သူမ၏လက်များဖြင့် အမှုတစ်ခုကိုဆောင်ရွက်ပေးရန် တောင်းခံလျက် အပယ်ခံအသက်ဝိညာဉ်တစ်လုံးထံသို့ကြွမြန်းလာခဲ့ပါသည်။ သမုဒ္ဒရာများကို ဖန်ဆင်းတော်မူခဲ့သောအလွန် နက်ရှိုင်းသည့် ရေလွှာပြင်များကို ထိန်းသိမ်းကွပ်ကဲထားတော်မူသော ကမ္ဘာ့ရေချောင်းများနှင့် စမ်းရေတွင်း များကို စီးဆင်းစေတော်မူသော ကိုယ်တော်ရှင်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် ယာကုပ်ရေတွင်းနားတွင်ထိုင် တော်မူ ၍ ရင်းနှီးမှုမရှိသောသူတစ်ဦးကသနား၍ ပေးမည့် ရေတစ်ခွက်ကိုအားကိုးတော်မူခဲ့ရပါသည်။

         ယေရှုသည် ယုဒလူတစ်ဦးဖြစ်ကြောင်းကို ထိုအမျိုးသမီးမြင်တွေ့သောအခါ အံ့အားသင့်သွားကာ ကိုယ်တော်၏တောင်းဆိုချက်ကို ဖြည့်စွမ်းရန်မေ့လျော့သွားခဲ့ပါသည်။ သို့သော် ထိုကိစ္စအတွက် အကြောင်းပြ ချက်ကိုလေ့လာရန် သူမကြိုးစားခဲ့ပါသည်။ ထိုနောက်သူမက “သင်သည် ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဖို့တောင်းသနည်း” ဟုဆို၏။

         ယေရှုကလည်း “ဘုရားသခင့်ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူ ကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူ့ကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကိုပေးလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။ အဓိပ္ပါယ်မှာ အကျွန်ုပ်သည် မြေကြီးထဲမှာရှိသည့် ရေတွင်းထဲမှရေကလေးတစ်ပေါက်တောင်းခံနေသည်ကို သင်အံ့ဩသည်။ သင်သည် ကျွန်ုပ်အားတောင်းမည် ဆိုလျှင် ကျွန်ုပ်သည် သင်သောက်ဖို့ထာဝရအသက်ရေကိုပေးမည်ဟု ဆိုလိုသတည်း။

         ထိုအမျိုးသမီးသည် ခရစ်တော်၏စကားများကို နားမလည်ခဲ့သော်လည်း အရေးပါသောစကားများ ဖြစ်ကြောင်းကို သိရှိခဲ့ပါသည်။ သူမ၏ပေါ့ပေါ့တန်တန်၊ နောက်နောက်ပြောင်ပြောင် အမူအရာသည် ပြောင်းလဲစပြုလာခဲ့ပါသည်။ သူမ၏ရှေ့တွင်ရှိသောရေတွင်းအကြောင်းကို ခရစ်တော် ပြောနေသည် အထင် နှင့် သူမက “သခင်၌ ရေခပ်စရာမရှိ၊ ရေတွင်းလည်းနက်သည်ဖြစ်၍ အသက်ရေကို အဘယ်သို့ရပါမည်နည်း။ ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အားပေး၏။ သူကိုယ်တိုင်မှစ၍ သားသမီး၊ တိရစ္ဆာန်များတို့ သည် ဤရေတွင်းကိုသောက်ကြပြီး သခင်သည် ထိုသူထက်ကြီးမြတ်သလော” ဟုဆို၏။ သူမသည် မိမိရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်အား ခရီးပန်းပြီးညစ်ပတ်ပေရေနေသောရေငတ်နေသည့်ခရီးသွား တစ်ဦး အနေဖြင့်သာ တွေ့မြင်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ကို ဂုဏ်အသရေရှိသော ရှေးဘိုးဘေးယာကုပ်နှင့် စိတ်ထဲတွင် နှိုင်းယှဉ်ကြည့်ခဲ့ပါသည်။ လူ့သဘာဝအတိုင်း မိမိတို့၏ဘိုးဘေးများတူးဖော်ခဲ့သော ရေတွင်းသည် မည်သည့် ရေတွင်းနှင့်မျှမတူညီဟု သူမမှတ်ယူခဲ့ပါသည်။ သူမသည် ရှေးဘိုးဘေးများ၏နှောင်းဖြစ်များကို ပြန်လည် မြော်တွေး၍ အနာဂတ်တွင် ကြွလာမည်ဟုယုံကြည်ထားသည့် မေရှိယကို မျှော်ကြည့်နေသော်လည်း မေရှိယ ကိုယ်တိုင်သူမအနီးတွင်ရောက်နေသည်ကို သူမမသိခဲ့ချေ။ ယနေ့တွင်လည်း ရေငတ်နေသော အသက်ဝိညာဉ် များသည် အသက်စမ်းရေတွင်းများကို မျှော်ကြည့်နေကြပါသလား။” ယုံကြည်ခြင်းနှင့်ဆိုင်သော ဖြောင့်မတ် ခြင်းတရားဆိုသည်ကား ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲ့သို့အဘယ်သူ ဆင်းလိမ့် မည်နည်းဟု စိတ်ထဲမှာမအောက်မေ့နှင့်ဟုဆို၏။ ထိုသို့ဆိုသော် ခရစ်တော်ကိုဆောင်ခဲ့ခြင်းငှါ ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော်ကိုသေခြင်းမှထမြောက်စေခြင်းငှါ နက်နဲရာထဲသို့အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။ တစ်ဖန်ဆိုသည်ကား တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌ လည်းကောင်း၊ နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ --- သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်း သို့ရောက်လိမ့်မည်။” ရောမ ၁၀း၆-၉။

         သခင်ယေရှုသည် မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ချက်ချင်းမဖြေဆိုခဲ့သော်လည်း “ဤရေကို သောက်သောသူသည် နောက်တစ်ဖန်ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်း နှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်း အလို့ငှါ ထွက်သောစမ်းရေဖြစ်လိမ့်မည်” ဟု မိန့်တော်မူခဲ့ပါသည်။

         လောကတွင်ရှိသောစမ်းရေများအားဖြင့် ရေအငတ်ပြေအောင်ကြိုးစားနေသူများသည် နောက် တစ်ဖန်သောက်ကြရပါလိမ့်ဦးမည်။ နေရာတိုင်းတွင် လူများသည် မကျေမနပ်ဖြစ်နေကြပါသည်။ သူတို့သည် အသက်ဝိညာဉ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်အရာများကို မျှော်လင့်တောင့်တနေကြပါသည်။ တစ်ပါးတည်းသောပုဂ္ဂိုလ်ကသာ ထိုလိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ပါသည်။ တစ်ပါးတည်းသော ပုဂ္ဂိုလ်က သာ ထိုလိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ပါသည်။ ကမ္ဘာကြီး၏ လိုအပ်ချက်တည်းဟူသော “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” သည် ခရစ်တော်ဖြစ်ပါသည်။ ကိုယ်တော်တစ်ပါးတည်းကသာပေးဝေနိုင်သည့် ဘုရားသခင်၏ကရုဏာတော်သည် အသက်စမ်းရေကဲ့သို့ အသက်ဝိညာဉ်အား ဖြူစင်သန့်ရှင်းလန်းဆန်း၍ အားအင်ပြည့်ဖြိုးစေနိုင်ပါသည်။

         အသက်‌ရေအနည်းငယ်ကလေးသည် သောက်သုံးသူအတွက်လုံလောက်သည်ဟု ခရစ်တော်မဆိုလို ချေ။ ခရစ်တော်၏မေတ္တာတော်ကို မြည်းစမ်းမိသောသူသည် မေတ္တာတော်ကို အဆက်မပြတ် ခံစားရန် မျှော်လင့်တောင့်တလိမ့်မည်ဖြစ်ပြီး အခြားသူများကိုရှာဖွေတော့မည်မဟုတ်ချေ။ လောက၏ချမ်းသာ ကြွယ်ဝမှုများ၊ ဂုဏ်အသရေများနှင့် အပျော်အပါးများသည် ထိုသူကိုမဆွဲဆောင်နိုင်တော့ချေ။ သူ၏စိတ်နှလုံး သည် ကိုယ်‌တော်ကိုသာ အမြဲတမ်းအော်ဟစ်တမ်းတနေပါမည်။ အသက်ဝိညာဉ်များအား ၎င်းတို့၏ လိုအပ်ချက်များကို ‌ဖော်ပြတော်မူသော ကိုယ်တော်သည် ထိုသူများ၏ဆာလောင်မွတ်သိပ်မှုများကို ဖြည့်စွမ်း ပေးရန် စောင့်ကြိုနေပါသည်။ လူသားများ၏ စွမ်းပကားနှင့်အားကိုးအားထားပြုမှုများသည် ထိုဆာလောင် မွတ်သိမ့်မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်မဟုတ်ချေ။ ရေတွင်းများနှင့်ရေကန်များတွင် ရေခန်းခြောက်သွား လိမ့်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် မခန်းခြောက်နိုင်သော စမ်းရေတွင်းဖြစ် တော်မူပါ သည်။ ကျွန်ုပ်တို့သောက်သုံးသောအခါခါတွင် လတ်ဆတ်သောအသက်ရေကိုသာ အမြဲတမ်းသောက်သုံး ကြရမည်ဖြစ်ပါသည်။ ခရစ်တော်ကိန်းဝပ်စိုးစံတော်မူခြင်းခံရသည့်သူသည် မိမိအထဲ၌ ထာဝရအသက် ရှင် ခြင်းငှါ ထွက်သော စမ်းရေတည်းဟူသော မင်္ဂလာစမ်းရေရှိနေပါသည်။ သူသည် မိမိ၏လိုအပ်သမျှအတွက် လုံလောက်သောခွန်အားနှင့် ကရုဏာများကို ခပ်ယူသုံးစွဲနိုင်ပါသည်။

         သခင်ယေရှုသည်အသက်ရေအကြောင်းကိုပြောတော်မူစဉ် ရှမာရိအမျိုးသမီးသည်အံ့ဩစိတ်ဝင်စား စွာဖြင့် ကိုယ်တော်အားကြည့်နေပါသည်။ ကိုယ်တော်သည် သူမ၏စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်ပြီး မိန့်တော်မူခဲ့သော ဆုကျေးဇူးတော်အတွက် လိုအင်ဆန္ဒပြင်းပြလာစေခဲ့ပါသည်။ ကိုယ်တော်ရှင်မိန့်တော်မူနေ သောအသက်ရေသည် ယာကုပ်ရေတွင်းမှရေကို မဆိုလိုကြောင်းကို သူမသိမြင်ခဲ့ပါသည်။ အကြောင်းမူကား သူမသည် ထိုရေကိုသောက်ဖူးသော်လည်း တစ်ဖန်ရေငတ်ပြန်သဖြင့် အဆက်မပြတ်သောက်သုံးလာခဲ့ရခြင်း ကြောင့်ဖြစ်ပါသည်။ သို့အတွက် သူမသည် “သခင်၊ အကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါ” ဟု‌တောင်းလေ၏။

         သခင်ယေရှုသည် ယခုအချိန်တွင် ရုတ်တရက်စကားလမ်းကြောင်းကို ပြောင်းတော်မူလိုက်ပါသည်။ သူမသည် ဘုရားသခင်ပေးသနားလိုသော ဆုကျေးဇူးကိုမရယူမီ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ၏ ကယ်တင်ရှင်ကိုလည်းကောင်း အသိအမှတ်ပြုရန် သူမအားပြင်ဆင်ပေးရမည်ဖြစ်ပါသည်။ ထိုကြောင့်ယေရှု က “သွားလော့၊ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့” ဟုမိန့်တော်မူလိုက်ရာ “အကျွန်ုပ်၌လင်မရှိ” ဟု သူမကဆို၏။ ဤနည်းအားဖြင့် ဤကိစ္စနှင့်ပတ်သက်၍ မေးလာမည့်မေးခွန်းများကို တားဆီးရန် သူမပြောလိုက်ပါသည်။ သို့သော် ကိုယ်တော်သည်ဆက်၍ “လင်မရှိဟူသောစကားသည်မှန်၏။ အကြောင်းမူ ကား၊ သင်၌လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူမည် သင်၏လင်မဟုတ်၊ ဤအရာ၌ သင်သည် မှန်သောစကားကိုပြောပြီ” ဟုမိန့်တော်မူပါသည်။

         ထိုစကားကိုကြားခဲ့ရသောသူမသည် တုန်လှုပ်သွားခဲ့ပါသည်။ အံ့ဩဖွယ်သောရွှေလက်တော်သည် သူမ၏တစ်သက်လုံးဖုံးထားဖို့ မျှော်လင့်ထားသည့်အရာများကို ဖော်ကောင်လုပ်လျက် သူမ၏အသက်တာ ရာဇဝင် စာမျက်နှာများကို ဖွင့်လှန်ပြလျက်ရှိသည်။ သူမ၏အသက်တာလျှို့ဝှက်ချက်များကို ဖတ်နိုင်သော ဤပုဂ္ဂိုလ်သည် အဘယ်သို့သောသူနည်း။ ယခုအချိန်တွင် ဖုံးကွယ်ထားသည့် ခပ်သိမ်းသောအရာများကို ဖွင့်ပြမည့်အနာဂတ်တရားစီရင်ခြင်းအကြောင်းများနှင့် ပတ်သက်သောအတွေးများသည် သူမ၏စိတ်နှလုံးထဲ သို့ ဝင်လာခဲ့ပါသည်။ ထိုအတွေးအားဖြင့် ဩတ္တပ္ပစိတ်သည် နိုးထလာခဲ့ပါသည်။

         သူမသည် မငြင်းကွယ်နိုင်တော့သော်လည်း အလွန်ဝမ်းနည်းစရာကောင်းသည့် အကြောင်းအရာ တစ်ခုအကြောင်း ဖော်ပြချက်များကို ရှောင်လွဲရန်ကြိုးစားခဲ့ပါသည်။ ထို့နောက် “ကိုယ်တော်သည် ပုရောဖက် ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏” ဟု အလွန်ရိုသေစွာဖြင့် သူမကဆို၏။ သူမ၏အပြစ်များကို ထင်ရှားစွာ ထောက်ပြနေမှုများကို ရပ်တန့်သွားစေရန် မျှော်လင့်ချက်ဖြင့် ဘာသာရေးနှင့်ပတ်သက်သော အငြင်းပွားစရာ အချက်များဘက်သို့ စကားပြောင်းပစ်လိုက်ပါသည်။ ကိုယ်တော်သည် ပုရောဖက်တစ်ပါး အမှန်ဖြစ်မည် ဆို လျှင် ကာလကြာမြင့်စွာကတည်းက အငြင်းပွားခဲ့သော ထိုဘာသာရေးကိစ္စများနှင့်ပတ်သက်သည့် ညွှန်ကြား ချက်များကို ကိုယ်တော်သည် ဧကန်အမှန်ပေးနိုင်မည်ဟု သူမထင်မြင်ယူဆခဲ့ပါသည်။

         သခင်ယေရှုသည် သူမပြောလိုသည့်စကားများကိုပြောဆိုစေရန် စိတ်ရှည်စွာဖြင့် သူမအားခွင့်ပြု တော်မူခဲ့ပါသည်။ ထိုသို့နားထောင်နေစဉ်မှာပင် သူမ၏စိတ်နှလုံးထဲသို့ သမ္မာတရားကိုပို့ဆောင်ရန် အခွင့်ကောင်းကိုစောင့်မျှော်ခဲ့ပါသည်။ ထိုအမျိုးသမီးက “အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြပါသည်။ ယေရုရှလင်မြို့၌သာကိုးကွယ်ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏” ဟုလျှောက် လေ၏။ ဂေရဇိမ်တောင်ကို ထိုနေရာမှကောင်းစွာမြင်တွေ့ရပါသည်။ တောင်ပေါ်တွင်ရှိသော ဗိမာန်တော်သည် ဖြိုဖျက်ခြင်းကိုခံရပြီး ယဇ်ပလ္လင်တစ်ခုသာ ကျန်ရစ်ပါတော့သည်။ ယုဒလူများနှင့် ရှမာရိလူများအကြားတွင် ဝတ်ပြုကိုးကွယ်သည့် နေရာနှင့်ပတ်သက်၍ အငြင်းအခုံများရှိခဲ့ပါသည်။ ရှမာရိလူမျိုးဘိုးဘေးများသည် တစ်ချိန်က ဣသရေလအနွယ်တစ်နွယ်ဖြစ်ခဲ့သော်လည်း ၎င်းတို့အား ရုပ်တုကိုးကွယ်သူများ၏ စိုးမိုးမှုကို ခွင့်ပြုတော်မူခဲ့ပါသည်။ သူတို့သည် မိမိတို့၏ဘာသာရေးကို ညစ်ညူးစေခဲ့သော ဘာသာတရားကို ယုံကြည် လက်ခံသည့် ရုပ်တုကိုးကွယ်သူများနှင့် မျိုးစဉ်မျိုးဆက်ရောပြွမ်းနေထိုင်ခဲ့ကြပါသည်။ စကြဝဠာ၏ အရှင် သခင်ထာဝရအသက်ရှင်တော်မူသောဘုရားကို သတိရစေရန်အတွက်သာ ရုပ်တုကို ၎င်းတို့ကိုးကွယ်ကြရပါ သည်ဟု ပြောဆိုကြသော်လည်း အဆုံးတွင် ၎င်းတို့၏ရုပ်တုကိုသာ၎င်းတို့ရိုသေကိုင်းညွတ်လာကြပါသည်။

         ဧဇရအချိန်တွင် ယေရုရှလင်မြို့ရှိဗိမာန်တော်အား ပြန်လည်တည်ဆောက်သောအချိန်၌ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်းများကို ယုဒလူများနှင့်အတူပူးပေါင်းလုပ်ဆောင်ရန် ရှမာရိများက လက်ကမ်းခဲ့ကြ ပါသည်။ ငြင်းဆိုခြင်းခံခဲ့ရသည့်အတွက် ဤလူမျိုးနှစ်မျိုးအကြားတွင် ခါးသီးသောရန်လိုမုန်းတီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ရှမာရိလူများသည် ဂေရဇိမ်တောင်ပေါ်တွင် ဗိမာန်တော်တစ်ဆောင်ကို အပြိုင် တည်ဆောက်ခဲ့ကြပါသည်။ သူတို့သည် ရုပ်တုကိုးကွယ်ခြင်းကိုလုံးလုံးကြီးမစွန့်လွှတ်သေးသော်လည်း မောရှေ၏ဝိနည်းထုံးဖွဲ့များနှင့်အညီ ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်။ သို့သော် ၎င်းတို့အပေါ်တွင် ဘေးဒုက္ခများ အကြီးအကျယ်ကျရောက်ခဲ့ပြီး ၎င်းတို့၏‌ဗိမာန်တော်သည် ဖျက်ဆီးခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်း သည် ၎င်းတို့အပေါ်ကျိန်ဒဏ်သင့်ခြင်းဖြစ်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ၎င်းတို့သည် မိရိုးဖလာ များနှင့် မိမိတို့၏ဝတ်ပြုကိုးကွယ်သည့်ပုံစံများကို စွဲလမ်းနေကြဆဲဖြစ်ကြပါသည်။ သူတို့အနေနှင့် ယေရုရှလင်မြို့ တွင်ရှိသော ဗိမာန်တော်သည် ဘုရားသခင်၏အိမ်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ ယုဒလူမျိုးများ၏ ဘာသာတရားသည်မိမိတို့၏ဘာသာတရားထက်မြင့်မြတ်သည်ကိုလည်းကောင်း၊ အသိအမှတ်မပြုခဲ့ကြချေ။

         ထိုအမျိုးသမီး၏အမေးကို ဖြေဆိုသည့်အနေဖြင့် ယေရှုက “အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလရောက်ဆဲရှိ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏” ဟုမိန့်တော်မူ၏။ မိမိသည် ယုဒလူများ၏ ရှမာရိများအပေါ်ထားရှိသည့် တစ်ဖက်သတ်အထင်လွဲမှုမျိုးနှင့် ကင်းစင်ကြောင်းကို ထင်ရှားစေခဲ့ပြီးဖြစ်ပါ သည်။ ယခုတွင်မူ ကိုယ်‌တော်သည် ယုဒလူများအပေါ်ထားရှိသည့် ရှမာရိလူများ၏ တစ်ဖက်သတ်အထင်လွဲမှု များကို ချေဖျက်ရန် ကြိုးစားတော်မူခဲ့ပါသည်။ ရှမာရိများ၏ ယုံကြည်ခြင်းသည် ရုပ်တုကိုးကွယ်ခြင်းအားဖြင့် ပျက်စီးခဲ့ရကြောင်း ရည်ညွှန်းပြောဆိုစဉ်တွင် ကိုယ်တော်သည် ကယ်တင်ခြင်းနှင့်ပတ်သက်သော သမ္မာတရား ကို ယုဒလူများအား ပေးအပ်ထားပြီးဖြစ်ကြောင်းကိုလည်းကောင်း၊ မေရှိယသည်ယုဒလူများထဲမှ ပေါ်ထွန်း တော်မူမည်ကိုလည်းကောင်း၊ ထုတ်ဖော်ပြောကြားတော်မူခဲ့ပါသည်။ ဘုရားသခင်၏ စာရိတ္တတော်နှင့် နိုင်ငံတော်၏စည်းမျဉ်းများကို သမ္မာကျမ်းစာတော်မြတ်တွင် ရှင်းလင်းစွာဖော်ပြထားကြောင်းကို သူတို့သိရှိ ကြပါသည်။ ယေရှုသည် ဘုရားသခင်ကိုယ်တော်၏အကြောင်းကို အသိပေးခြင်းခံရသည့် ယုဒလူမျိုးတစ်ဦး အနေဖြင့် မိမိကိုယ်ကိုသတ်မှတ်တော်မူခဲ့ပါသည်။

         ကိုယ်တော်သည် မိမိ၏တစ်ဦးတည်းသော ထိုတရားနာပရိသတ်အား ဝိနည်းထုံးဖွဲ့ပုံစံများနှင့် ပတ်သက်သော ကိစ္စများနှင့် ငြင်းခုံစရာမေးခွန်းများထက် အရေးကြီးသောအရာများကို အတွေးပေါက်လာ စေရန် အလိုတော်ရှိပါသည်။ ထို့ကြောင့် “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့် လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက် လျက်ရှိ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူသည် နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။

         “ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကာား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ” ဟု နိကောဒင် အား မိန့်တော်မူခဲ့သော သမ္မာတရားကိုယေရှုခရစ်သည် ယခုတွင်ထပ်မံဖော်ပြနေခြင်းဖြစ်ပါသည်။ သန့်ရှင်း သောတောင်ကိုလည်းကောင်း၊ သန့်ရှင်းသောဗိမာန်တော်ကိုလည်းကောင်း ကြိုးစားရှာဖွေခြင်းအားဖြင့် လူအများသည် ဘုရားသခင်နှင့်မထိတွေ့နိုင်ကြချေ။ ဘာသာတရားကို အပြင်ပန်းဝတ်ပြုကိုးကွယ်သည့် ပုံစံ နှင့်ဝိနည်းထုံးဖွဲ့မှုများဖြင့်သာ ကန့်သတ်ထားရန်မဟုတ်ချေ။ ထာဝရဘုရားထံမှလာသော ဘာသာတရားသည် ထာဝရဘုရားထံသို့ပို့ဆောင်ပေးမည့် ဘာသာတရားသာ ဖြစ်သည်။ ကိုယ်တော်ရှင်အား မှန်ကန်စွာကိုးကွယ် စေရန်အလို့ငှါ ကျွန်ုပ်တို့သည် ဘုရား၏ဝိညာဉ်‌တော်အားဖြင့် မွေးဖွားခြင်းကိုခံကြရပါမည်။ ထိုဝိညာဉ်တော် သည် ထာဝရဘုရားအား သိကျွမ်းခြင်းနှင့် ချစ်ခြင်းအတွက် အသစ်သောအစွမ်းများကိုပေးလျက် စိတ်နှလုံး များကို အသစ်ပြုပြင်သန့်စင်ပေးမည်ဖြစ်ပါသည်။ ကိုယ်တော်၏ပညတ်တော်အလုံးစုံကို မိမိအလိုအတိုင်း နားထောင်လာချင်သော စိတ်နှလုံးကို ကျွန်ုပ်တို့အား ပေးသနားတော်မူမည်ဖြစ်ပါသည်။ ဤအရာသည် စစ်မှန်သောကိုးကွယ်မှုဖြစ်ပါသည်။ ထိုကိုးကွယ်မှုသည် သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှု၏ အသီး အပွင့်ဖြစ်ပါသည်။ ထိုဝိညာဉ်တော်အားဖြင့် စိတ်နှလုံးပါသောဆုတောင်းချက်တိုင်းကိုဖွဲ့နွဲ့ပါသည်။ ထိုကဲ့သို့ သော ဆုတောင်းချက်မျိုးကို ဘုရားသခင်လက်ခံတော်မူပါသည်။ အသက်ဝိညာဉ်တစ်ခုသည် ထာဝရဘုရား နောက်တော်သို့ ယိမ်းယိုင်နေသောနေရာတိုင်းတွင် ဝိညာဉ်တော်၏လုပ်ဆောင်မှုများသည် ထင်ရှား၍ ဘုရားသခင်သည် ထိုအသက်ဝိညာဉ်အား မိမိကိုယ်တော်တိုင်ကို ထင်ရှားစေတော်မူလိမ့်မည်။ ကိုယ်တော်ရှင် သည် ထိုကဲ့သို့သောကိုးကွယ်သူများကိုရှာဖွေတော်မူနေပါသည်။ ထိုသူများကို လက်ခံရန်နှင့် ကိုယ်တော်၏ သားသမီးများအဖြစ် သတ်မှတ်ထားရန် ထာဝရဘုရားစောင့်ရှောက်နေတော်မူပါသည်။

         ထိုအမျိုးသမီးသည် သခင်ယေရှုနှင့်စကားပြောနေစဉ်တွင် ကိုယ်တော်၏နှုတ်တော်ထွက်စကားများ သည် သူမ၏စိတ်နှလုံးတွင် စွဲငြိခဲ့ပါသည်။ ထိုကဲ့သို့စိတ်နှလုံးနူးညွတ်စေသော စကားမျိုးကို ရှမာရိယဇ်ပုရော ဟိတ်များထံမှလည်းကောင်း၊ ယုဒလူမျိုးယဇ်ပုရောဟိတ်များထံမှလည်းကောင်း သူမ မကြားခဲ့ဖူးချေ။ သူမ အသက်တာ၏အတိတ်အဖြစ်အပျက်များကို သူမရှေ့၌ဖွင့်ပြနေစဉ်တွင် သူမ၏ကြီးမားသောလိုအပ်ချက် အကြောင်းကို သူမအားသိရှိခံစားစေခဲ့ပါသည်။ ရှုခါရေတွင်းမှရေများက ကျေနပ်မှုမပေးနိုင်သော သူမ၏ ရေဆာလောင်မှုကို သူမသိရှိလာခဲ့ပါသည်။ ယခုအချိန်တိုင်အောင် ထိတွေ့ခဲ့သော မည်သည့်အရာကမျှ သူမအတွက်လိုအင်နေသောအရာတစ်ခုကိုသိရှိရန် ယခုလောက်အထူးနှိုးဆွခြင်းမရှိခဲ့ချေ။ သူမအသက်တာ ၏ လျှို့ဝှက်ချက်များကို မိမိသိရှိတော်မူကြောင်းကို ခရစ်တော်သည် သူမအားသဘောပေါက်စေခဲ့သော် လည်း ကိုယ်တော်သည် သူမအားချစ်ခင်သနားသောမိတ်ဆွေတစ်ဦးဖြစ်ကြောင်း သူမခံစားခဲ့ရပါသည်။ ကိုယ်တော်၏အလွန်ဖြူစင်သန့်ရှင်းခြင်းသည် သူမ၏အပြစ်များကို ပေါ်လွင်ထင်ရှားစေစဉ်တွင် ကိုယ်တော် သည် သူမအားငြင်းပယ်သောစကားတစ်လုံးကိုမျှ ပြောတော်မမူခဲ့ဘဲ သူမ၏အသက်ဝိညာဉ်ကို အသစ်ပြုပြင် ပေးနိုင်သော မိမိ၏ကရုဏာတော်အကြောင်းကိုသာ ပြောကြားတော်မူခဲ့ပါသည်။ သူမသည် ကိုယ်တော်၏ စာရိတ္တတော်နှင့်ပတ်သက်သော ခိုင်မာသည့်ထင်မြင်ယူဆချက်တစ်ခုကို စတင်စဉ်းစားလာပြီး ဤသူသည် ရှေးယခင်မှစ၍ မျှော်လင့်ခဲ့ကြသည့် မေရှိယများဖြစ်နေမည်လား ဟူသောမေးခွန်းသည် စိတ်ထဲတွင် ပေါ်ပေါက်လာကာ “မေရှိယကြွလာတော်မူသည်ကို အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်” ဟု ထိုအမျိုးသမီးကလျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟုဆိုလိုသတည်း။ ထိုအခါယေရှုက “သင်နှင့်စကားပြောသော ငါသည် မေရှိယပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။

         ထိုအမျိုးသမီးသည် ဤစကားများကိုကြားစဉ်တွင် စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းများ ပေါက်ဖွားဖြစ် ပေါ်ခဲ့ပြီး သခင်ယေရှု၏နှုတ်တော်မှ ထွက်တော်မူခဲ့သည့် အံ့ဩဖွယ်ထိုကြေညာချက်ကိုလက်ခံခဲ့ပါသည်။

         ဤအမျိုးသမီးသည် ကောင်းမွန်စွာဝေဖန်နိုင်သည့်အခြေအနေတွင်ရှိပါသည်။ သူမသည် မြင့်မြတ် သော တရားတော်ဖွင့်ဆိုချက်တစ်ခုကို လက်ခံရန် အဆင်သင့်ရှိခဲ့ပါသည်။ အကြောင်းမူကား သူမသည် သမ္မာ ကျမ်းတွင် စိတ်ဝင်စားခဲ့သောကြောင့် ပို၍များသောအလင်းတရားများကိုလက်ခံနိုင်ရန် သန့်ရှင်းသောဝိညာဉ် တော်သည် သူမ၏စိတ်နှလုံးကို ပြင်ဆင်ပေးတော်မူခဲ့ပါသည်။ “သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသောပုရောဖက်တစ်ပါးကို သင့်အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပုရောဖက်၏စကားကိုနားထောင်ရမည်” (တရား‌ဟော ၁၈း၁၅) ဟူသော ဓမ္မဟောင်းကျမ်းမှကတိတော်ကို သူမ လေ့လာခဲ့ပြီးဖြစ်ပါသည်။ ဤအနာဂတ္တိစကားကို သူမနားလည်လိုလှပါသည်။ အလင်းတရားသည် သူမ၏စိတ်ထဲတွင် ထွန်းတောက်လျက်ရှိပါသည်။ ရေငတ်သောစိတ်ဝိညာဉ်များအား ခရစ်တော်ပေးသနား တော်မူမည့် ဝိညာဉ်ရေးအသက်တာတည်းဟူသော အသက်စမ်းရေသည်လည်း သူမ၏စိတ်နှလုံးထဲတွင် ပေါ်ထွက်လာဖို့အစပြုခဲ့ပါသည်။ ဘုရားသခင်၏ဝိညာဉ်‌တော်သည် သူမ၌ အလုပ်လုပ်လျက်ရှိခဲ့ပါသည်။

         ဤအမျိုးသမီးအား ယေရှုရှင်မိန့်တော်မူခဲ့သော ရှင်းလင်းရိုးသားသည့် ဖော်ပြချက်မျိုးကို မိမိကိုယ် ကို ဖြောင့်မတ်သည်ဟုထင်နေကြသည့် ယုဒလူများအားမဖော်ပြခဲ့ချေ။ ကိုယ်တော်သည် ထိုသူများကို အလွန် ထိန်းထိန်းသိမ်းသိမ်းဖြင့် မိန့်တော်မူခဲ့ပါသည်။ ယုဒလူများအား မိန့်တော်မမူဘဲ ချန်ထားသည့်တရားစကားကို သူမအားထုတ်ဖော်ပြောပြတော်မူခဲ့ပါသည်။ ထိုလျှို့ဝှက်ချက်များကို ဆက်လက်လျှို့ဝှက်ထားရန် တမန်တော်များအား နောက်ပိုင်းတွင် ကျပ်တည်းစွာမှာထားတော်မူခဲ့ပါသည်။ သူမသည် ကိုယ်တော်၏ ကရုဏာတော်အား အခြားသူများထံသို့မျှဝေရန် မိမိ၏ ဗဟုသုတများကို ကောင်းမွန်စွာအသုံးချလိမ့်မည်ကို လည်း သခင်ယေရှုမြင်တွေ့တော်မူခဲ့ပါသည်။

         တမန်တော်တို့သည် စားစရာများကိုဝယ်ခြမ်းရာမှ ပြန်လာကြသောအခါ ကိုယ်တော်သည် ထိုအမျိုးသမီးနှင့် စကားလက်ဆုံကျနေသည်ကိုတွေ့ရသဖြင့် အံ့အားသင့်ခဲ့ကြပါသည်။ ကိုယ်တော်သည် မိမိသောက်လိုသောရေစင်တစ်ပေါက်ကို မသောက်ရသေးသဖြင့် တမန်တော်များဝယ်လာခဲ့သော အစား အစာများကို စားသုံးတော်မမူခဲ့ချေ။ ထိုအမျိုးသမီးထွက်သွားသောအခါတွင် တပည့်တော်များသည် ကိုယ်တော်အား အစာကိုသုံးဆောင်ရန် တောင်းပန်ခဲ့ကြ၏။ သို့သော် ကိုယ်တော်မှာမူ ဘဝင်ခိုက်နေသော ကမ္မဠာန်းရှုခြင်းတွင် ဆိတ်ငြိမ်စွာဖြင့် အာရုံ၌နစ်မျောနေသည်ကို သူတို့တွေ့မြင်ခဲ့ရသည်။ မျက်နှာတော်တွင် ရောင်ခြည်တော်များကွန့်မြူးနေပါသည်။ ကောင်းကင်နိုင်ငံတော်နှင့်ပါဝင်ဆက်ဆံနေတော်မူသော ကိုယ်တော် အား ကြားဝင်ဖြတ်တောက်ရန် တမန်တော်များမဝံ့ကြချေ။ သို့သော် ကိုယ်တော်သည် အားနည်း၍ ပင်ပန်း နွမ်းနယ်နေသည်ကို သူတို့သိခဲ့ကြပြီး ကိုယ်တော်၏ခန္ဓာကိုယ်လိုအပ်ချက်ကိုသတိပေးရန် ၎င်းတို့တွင်တာဝန် ရှိသည်ဟု ထင်မြင်ယူဆခဲ့ကြပါသည်။ သခင်ယေရှုသည် ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုခဲ့ပြီး “သင်တို့မသိသောစားစရာသည် ငါ၌ရှိ၏” ဟု မိန့်တော်မူခဲ့ပါသည်။

         မည်သူသည် ကိုယ်တော်အတွက် အစားအစာယူခဲ့သနည်းဟု တမန်တော်များစဉ်းစားနေမိပါသည်။ ထိုအခါ “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” (ယောဟန် ၄း၃၄) ဟု ရှင်းလင်းပြောပြတော်မူခဲ့ပါသည်။ ထိုအမျိုးသမီးအား ပြောတော်မူ ခဲ့သော ကိုယ်တော်၏စကားများသည် သူမ၏ဩတ္တပ္ပစိတ်ကို နှိုးဆွခဲ့ကြောင်း တွေ့မြင်ရသောအခါ သခင်ယေရှုသည် ဝမ်းမြောက်တော်မူခဲ့ပါသည်။ သူမသည် အသက်ရေကိုသောက်သုံးနေကြောင်း မြင်တွေ့ရ သဖြင့် မိမိ၏ဆာလောင်မှုများ ပြေပျောက်သွားခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ကောင်းကင်ကိုစွန့်၍ လုပ်ဆောင်တော်မူရန်ကြွလာတော်မူခဲ့သောအမှုတော်၏ ပြီးမြောက်မှုသည် လုပ်ငန်းများကို ဆက်လက်လုပ် ဆောင်နိုင်ရန် ကိုယ်တော်အား ခွန်အားပေးခဲ့ပြီးလျှင် လူသားများ၏လိုအပ်ချက်များအပေါ်တွင် ကိုယ်တော် အားပင့်မြှောက်တော်မူပါသည်။ သမ္မာတရားကို ဆာလောင်ငတ်မွတ်နေသော အသက်ဝိညာဉ်တစ်လုံးအား မစရန်မှာ စားသောက်ခြင်းအမှုထက် ကိုယ်တော်အား ပီတိဖြစ်စေတော်မူပါသည်။ ထိုသို့လုပ်ဆောင်ခြင်း အမှု သည် ကိုယ်တော်အတွက်နှစ်သိမ့်မှု၊ လန်းဆန်းကြည်လင်မှုကိုဖြစ်စေပါသည်။ သူတစ်ပါးအား ကျေးဇူးပြုခြင်း သည် ကိုယ်တော့်အသက်ဝိညာဉ်၏အဓိကလုပ်ငန်းဖြစ်ပါသည်။

         ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် အသိအမှတ်ပြုခြင်းကို တောင့်တတော်မူခဲ့ပါသည်။ ကိုယ်တော်သည် မိမိအသွေးတော်အားဖြင့် ဝယ်ယူတော်မူခဲ့သောသူများ၏ သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာများကို တောင့်တတော်မူခဲ့ပါသည်။ သူတို့သည် ကိုယ်တော်ထံသို့လာ၍ အသက်ကိုရယူရန် အလွန်အမင်း တောင့်တ တော်မူခဲ့ပါသည်။ မိခင်တစ်ဦးသည် အသိဉာဏ်ဖြစ်ပေါ်စအခြေအနေကိုပြညွှန်နေသော မိမိရင်သွေးငယ်၏ အသိအမှတ်ပြုအပြုံးကလေးကို အရိပ်တကြည့်ကြည့်နှင့်ကြည့်နေသကဲ့သို့ လူသားများ၏အသက် ဝိညာဉ် များတွင် ဝိညာဉ်ရေးအသက်တာအစပျိုးကြောင်း ဖော်ပြသည့်မေတ္တာ၏နှစ်လိုဖွယ်ဖော်ညွှန်းချက်များကို ခရစ်တော်သည် စောင့်ကြည့်တော်မူနေပါသည်။

         ခရစ်တော်၏နှုတ်တော်ထွက်စကားများကို နားထောင်ခဲ့ရသဖြင့်ရှမာရိအမျိုးသမီးသည် ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ရပါသည်။ အံ့ဩဖွယ်သောဗျာဒိတ်တော်သည် သူမ၏အသက်တာကို လွှမ်းမိုးလု မတတ်ဖြစ်ခဲ့ ပါသည်။ သူမသည် ရေအိုးကိုချန်ထားခဲ့ကာ အခြားသူများထံသို့ သတင်းစကားအားယူဆောင်သွားရန် ရှမာရိမြို့ထဲသို့ပြန်သွားခဲ့ပါသည်။ မည်သည့်အတွက်ကြောင့် သူမထွက်သွားခဲ့သည်ကို သခင်ယေရှုသိတော်မူ ခဲ့ပါသည်။ ရေအိုးကိုချန်ထားခဲ့ခြင်းသည် ကိုယ်တော်၏နှုတ်ထွက်စကားများ၏ အကျိုးသက်ရောက်မှုကို မမှားနိုင်အောင်ဖော်ညွှန်းနေပါသည်။ သူမ၏ အသက်ဝိညာဉ်သည် အသက်ရေကိုရရန် လှိုက်လှိုက်လှဲလှဲ ဆန္ဒရှိခဲ့ပါသည်။ ရေတွင်းသို့မိမိလာခဲ့ရသည့်အကြောင်းကိုလည်းကောင်း၊ ဖြည့်ဆည်းရန် ကြံရွယ်ခဲ့သည့် ခရစ်တော်၏ရေငတ်ခြင်းကိုလည်းကောင်း သူမသည်မေ့လျော့သွားကာ မိမိရရှိထားသည့် အလင်းတရားကို သူတစ်ပါးအားမျှဝေရန် ဝမ်းမြောက်ဝမ်းသာစွာဖြင့် လျင်မြန်စွာထွက်ခွာသွားခဲ့ပါသည်။

         “အကျွန်ုပ်ပြုဖူးသမျှသောအမှုအရာတို့ကို ထုတ်ဖော်သောသူကိုလာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လော” ဟု မြို့ထဲမှလူများအား သူမပြောဆိုလေ၏။ သူမ၏စကားများသည် မြို့သူ မြို့သားများ၏ စိတ်နှလုံးကို ထိတွေ့စေခဲ့ပါသည်။ သူမ၏မျက်နှာနှင့်တကွ ဟန်အမူအရာတစ်ခုလုံး သည်လည်း အသစ်ပြောင်းလဲသွားခဲ့ပါသည်။ မြို့သားများသည် ခရစ်တော်အားတွေ့မြင်ရန် ဆန္ဒပြင်းပြစွာဖြင့် မြို့ထဲမှထွက်လာ၍ အထံတော်သို့သွားခဲ့ကြပါသည်။

         ထိုအချိန်တွင် ခရစ်တော်သည် ရေတွင်းနား၌ထိုင်နေဆဲဖြစ်ပြီး အစိမ်းရောင်ကမ္ဗလာပေါ်တွင် နေရောင်ခြည်ဖျန်းနေသော မိမိရှေ့တွင်ရှိနေသည့် စပါးခင်းများကိုကြည့်တော်မူခဲ့ပြီး တမန်တော်များအား ထိုမြင်ကွင်းကိုညွှန်ပြကာ မိန့်တော်မူသည်မှာ “ယခုမှစ၍ လေးလလွန်လျှင် စပါးရိတ်ရာကာလဖြစ်လိမ့်မည် ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့” ဟူ၍ မိန့်တော်မူနေစဉ်တွင် ရေတွင်းရှိရာသို့ချဉ်းကပ်လာလျက်ရှိ သော လူတစ်စုကို ကိုယ်တော်မြင်တွေ့တော်မူပါသည်။ စပါးရိတ်ရန် အချိန်လေးလလိုသေးသော်လည်း ဤ နေရာတွင်ရိတ်သိမ်းသူအတွက် ရိတ်သိမ်းစရာများဖြစ်သည့် ထိုသူများသည် အဆင်သင့်ရှိနေကြပေပြီ။ “စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလို့ငှါ အသီးအနှံစုသိမ်းရ၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ တစ်ဦးကားပျိုးကြဲ၏။ တစ်ဦးကားစပါးရိတ်၏ဟူသောစကားသည် ဤအရာ၌အမှန်ကျသတည်းဟု ကိုယ်တော်မိန့်တော်မူ၏။ ဧဝံဂေလိတရားတော်ကို ရရှိထားသောသူများအနေနှင့် ဘုရားသခင်အတွက် သန့်ရှင်းသောအမှုတော်ကို ဆောင်ရွက်ရန် အကြွေးတင်နေသေးကြောင်းကို ဤနေရာတွင် ခရစ်တော်သည် ထောက်ပြထားပါသည်။ အလင်းတရားရရှိထားပြီးသူများသည် ကိုယ်တော်၏အသက်ရှင်နေသောကိုယ်စားလှယ်များ ဖြစ်ရန်လိုပါ သည်။ ၎င်းတို့၏ပုဂ္ဂလိကအမှုတော်ဆောင်ရွက်ခြင်းကို ကိုယ်တော်တောင်းဆိုတော်မူပါသည်။ သို့အတွက် ကျွန်ုပ်တို့သည် ပျိုးကြဲသည်ဖြစ်စေ၊ ရိတ်သိမ်းသည်ဖြစ်စေ ဘုရားသခင်အတွက်လုပ်ဆောင်နေခြင်းသာဖြစ် ကြပါသည်။ တစ်ယောက်သောသူသည် ပျိုးကြဲ၍ တစ်‌ယောက်သောသူသည် ရိတ်သိမ်း၏။ ကြဲသောသူသည် ရိတ်သိမ်းသူနှင့်အတူ အခကိုခံရပါသည်။ သူတို့သည် မိမိတို့၏လုပ်အားအတွက် ရသည့်အကျိုးကျေးဇူးတွင် အတူတကွဝမ်းမြောက်ဝမ်းသာရှိကြပါသည်။

         ယေရှုက “သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသောသူတို့သည် လယ်လုပ်ကြ၍သင်တို့သည် ထိုသူတို့၏အလုပ်ထဲသို့ဝင်ရကြ၏” ဟု တမန်တော်တို့ အားမိန့်တော်မူ၏။ ခရစ်တော်သည် ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်ပေါ်မည့်ကြီးကျယ်သော ဝိညာဉ်ရိတ်သိမ်း ခြင်းကိုမျှော်ကြည့်၍ ပြောဆိုနေခြင်းဖြစ်ပါသည်။ ထိုဝိညာဉ်ရိတ်သိမ်းခြင်းသည် မိမိတို့၏လုပ်အားကြောင့် မဟုတ်ကြောင်းကို တမန်တော်များအနေနှင့်မှတ်ယူကြရန်ဖြစ်ပါသည်။ သူတို့သည် အခြားသူများ၏ အလုပ် ထဲသို့ဝင်ရောက်နေခြင်းဖြစ်ပါသည်။ အကြောင်းမူကားခရစ်တော်သည် အာဒံကျဆုံးခဲ့သောအချိန်မှစ၍ လူသားများ၏စိတ်နှလုံးများတွင် ကြဲဖြန့်ရန်အတွက် သမ္မာတရားမျိုးစေ့များကို မိမိရွေးချယ်ထားသော အစေခံကျွန်များအား ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ၎င်းပြင် မဖြစ်နိုင်သော်လည်း အလုံးစုံကိုတတ်နိုင်သော တန်ခိုးတော်နှင့်ပြည့်စုံတော်မူသည့် ကိုယ်စားလှယ်တော်သည် ရိတ်သိမ်းခြင်းကို ဖြစ်ထွန်းစေရန် မသိသာ သော်လည်း ထိရောက်စွာဖြင့် လုပ်ဆောင်တော်မူခဲ့ပါသည်။ သမ္မာတရားမျိုးစေ့ကလေးလန်းဆန်း ကြီးပွား လာစေရန် ကရုဏာတော်တည်းဟူသော နှင်းရည်မိုးပွင့်နှင့်နေရောင်ခြည်များကို ပေးတော်မူခဲ့ပြီးဖြစ်၍ ခရစ်တော်သည် မိမိအသွေးတော်အားဖြင့် ဖျန်းလောင်းရတော့မည်ဖြစ်ပါသည်။ ကိုယ်တော်၏တမန်တော် များသည် ဘုရားသခင်နှင့်အတူ လုပ်ဆောင်ရမည့်အမှုတော်ဆောင်များဖြစ်စေရန် အခွင့်ပေးခြင်းခံခဲ့ကြရပါ သည်။ သူတို့သည် ခရစ်တော်နှင့်ရှေးသန့်ရှင်းသူများ၏ လုပ်ဖော်ဆောင်ဘက်များဖြစ်လာခဲ့ကြသည်။ ပင်တေကုတ္တေပွဲတွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းအားဖြင့် တစ်နေ့တည်းတွင် ထောင်နှင့်ချီ သောလူများတို့သည် ပြောင်းလဲခဲ့ကြပါသည်။ ဤနေရာသည် ကိုယ်တော့်အမှုတော်၏ ရိတ်သိမ်းခြင်းတည်း ဟူသော ခရစ်တော်၏လုပ်ဆောင်မှုအတွက် အကျိုးအမြတ်ဖြစ်ပါသည်။

         ယာကုပ်ရေတွင်း၌ ထိုအမျိုးသမီးအား မိန့်တော်မူခဲ့သောစကားများအားဖြင့် ကောင်းသောမျိုးစေ့ကို ကြဲခဲ့ရာ လျင်မြန်စွာပင်ရိတ်သိမ်းခြင်းကို ပြုခဲ့ရပါသည်။ ရှမာရိလူများသည် ယေရှုအထံတော်သို့ လာရောက်ခဲ့ ကြပြီး တရားတော်ကိုနာယူကာ ကိုယ်တော်အားယုံကြည်ခဲ့ကြပါသည်။ လူအများသည် ရေတွင်းအနား၌ရှိ သော ကိုယ်တော်ရှင်၏အနီးတွင် စုရုံးကြကာ မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ကြပါသည်။ ထိုနောက်သူတို့ အတွက် မရှင်းမလင်းဖြစ်ခဲ့သောအကြောင်းအရာများအတွက် ရှင်းလင်းပြောပြချက်များကို ကြားနာခဲ့ရပါ သည်။ နားထောင်နေစဉ်မှာပင် သူတို့သည် နေ့၏အလင်းရောင်ကိုတွေ့သည့်တိုင်အောင် မှောင်မိုက်ကြီးထဲတွင် အလင်းတန်းကလေးတစ်ခုအတိုင်း ခြေရာခံလျှောက်လှမ်းခဲ့သောသူများနှင့်တူနေပါသည်။ ယခုကဲ့သို့ ကိုယ်တော်ရှင်နှင့်ခေတ္တခဏ တွေ့ဆုံကြားနာရခြင်းဖြင့် သူတို့မကျေနပ်ကြချေ။ သူတို့ကိုယ်တိုင် ထိုထက်ပို၍ ကြားနာလိုကြပြီး ရင်းနှီးသောမိတ်ဆွေများကိုလည်း ကိုယ်တော်ရှင်၏သွန်သင်ချက်များကို ကြားနာစေလို ကြသောကြောင့် ၎င်းတို့၏မြို့တွင် ဆက်လက်နေထိုင်တော်မူရန် ကိုယ်တော်ရှင်အားတောင်းပန်ကြ၏။ ကိုယ်တော်သည် ရှမာရိတွင်နှစ်ရက်တိုင် နေထိုင်တော်မူခဲ့ရာ များစွာသောသူတို့သည် ကိုယ်တော်ကို ယုံကြည် ခြင်းသို့ ရောက်ခဲ့ကြပါသည်။

         ဖါရိရှဲများသည် သခင်ယေရှု၏အတွေ့အကြုံမရှိခြင်း၊ အသိပညာမရှိခြင်းများကို မထီမဲ့မြင်ပြုခဲ့ကြ ပါသည်။ သူတို့သည် ကိုယ်တော်ရှင်ပြတော်မူခဲ့သော နိမိတ်လက္ခဏာများကို လျစ်လျူရှုခဲ့ကြပြီး ကိုယ်တော် သည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ထင်ရှားစေသည့်နိမိတ်လက္ခဏာကို တစ်ခုကိုတောင်းခံခဲ့ကြပါ သည်။ ရှမာရိများကမူ မည်သည့် နိမိတ်လက္ခဏာကိုမျှမတောင်းခံခဲ့ကြချေ။ ထိုရေတွင်းသို့ရောက်လာခဲ့သော ထိုအမျိုးသမီးအား ၎င်း၏အသက်တာတွင်ဖြစ်ပျက်ခဲ့သည့် လျို့ဝှက်ချက်များကို ဖော်ပြခဲ့ခြင်းမှလွဲ၍ ခရစ်တော်သည် ၎င်းတို့အကြားတွင် မည်သည့်နိမိတ်လက္ခဏာကိုမျှပြတော်မမူခဲ့ချေ။ သို့သော်ငြားလည်း သူတို့သည် ကိုယ်တော်ကို လက်ခံခဲ့ကြသည်။ ၎င်းပြင် “ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကိုကိုယ်တိုင်ကြားနာရ၍ ဤသူသည် လောကီသားတို့ကိုကယ်တင်တော် မူသောသခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကိုသိသည်” ဟု သူတို့သည် ထိုအမျိုး သမီးအား ဝမ်းသာစွာဖြင့်ပြောဆိုကြပါသည်။

         မေရှိယအရှင်သည် ကယ်တင်ရှင်တစ်ပါးအနေဖြင့် ယုဒလူများအတွက်သာမက ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် ကြွလာတော်မူမည်ဟု ရှမာရိများက ယုံကြည်ခဲ့ကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ထံမှစေလွှတ်သောပုရောဖက်တစ်ပါးအနေဖြင့် ကြွလာမည့်ကိုယ်တော်အကြောင်းကို မောရှေမှ တစ်ဆင့် ကြိုတင်ဟောကြားတော်မူခဲ့ပါသည်။ ကိုယ်တော့်ထံ၌ လူအများစုရုံးကြမည်ကို ယောဘအားဖြင့် လည်းကောင်း၊ ကိုယ်တော်၌ လူမျိုးအပေါင်းတို့သည် ကောင်းချီးချပေးခြင်းခံရမည်ဖြစ်ကြောင်းကို အာဗြဟံ အားဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်သည် ကြိုတင်ဟောကြားခဲ့ပါသည်။ ရှမာရိလူများသည် မေရှိယအပေါ်ယုံကြည်ခြင်းကို ဤကျမ်းချက်များအပေါ်တွင် အခြေပြုထားကြပါသည်။ ခရစ်တော်၏ပထမ အကြိမ်ကြွလာခြင်းကို ဘုန်းတော်နှင့်ကြွလာမည့်ဒုတိယကြွလာခြင်းနှင့် မှားယွင်းစွာမှတ်ယူ၍ နောက်ပိုင်း ပုရောဖက်များ၏ စကားများကို ယုဒလူများသည် လွဲမှားစွာအနက်ဖွင့်ခဲ့ကြသဖြင့် ရှမာရိလူများသည် မောရှေ ရေးသားခဲ့သော စာများမှလွဲ၍ ကျန်ကျမ်းစာအားလုံးကို ပစ်ပယ်ခဲ့ကြပါသည်။ သို့သော်လည်း ခရစ်တော် သည် မှားယွင်းသော ဤအနက်ဖွင့်ခြင်းများကို ချေဖျက်လိုက်သောအခါ များစွာသောရှမာရိများသည် နောက်ပိုင်းပုရောဖက်များ၏ အနာဂတ္တိစကားများကိုလည်းကောင်း၊ နိုင်ငံတော်နှင့်ပတ်သက်သော ခရစ်တော် ကိုယ်တော်တိုင်မိန့်တော်မူခဲ့သည့် စကားများကိုလည်းကောင်း လက်ခံခဲ့ကြပါသည်။

         သခင်ယေရှုသည် ယုဒလူများနှင့်တစ်ပါးအမျိုးသားများအကြားတည်ရှိနေသည့် အုတ်တံတိုင်းများကို ဖြိုဖျက်၍ ကမ္ဘာအားကယ်တင်ခြင်းသတင်းစကား‌ဟောပြောရန် အစပျိုးတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ယုဒလူမျိုးတစ်ယောက်ဖြစ်သော်လည်း မိမိအမျိုးသားများ၏ ဖါရိရှဲဓလေ့အကျင့်များကို မထီမဲ့မြင်ပြုလျက် ရှမာရိလူများနှင့်လွတ်လွတ်လပ်လပ် ရောပြွမ်းနေထိုင်တော်မူခဲ့ပါသည်။ ဖါရိရှဲများ၏တစ်ဖက်သတ် အထင် လွဲမှုများတို့ကို ဆန့်ကျင်၍ ၎င်းတို့မထီမဲ့မြင်ပြုခဲ့ကြသည့် ရှမာရိလူများ၏ဧည့်ဝတ်ပြုမှုကို ကိုယ်တော် လက်ခံတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့၏အိမ်အမိုးအောက်တွင် အိပ်ခဲ့ပြီး ၎င်းတို့၏လက်ဖြင့်ပြင် ဆင်ကျွေးမွေးသည့်အစာများကို ၎င်းတို့နှင့်အတူစားပွဲ၌ထိုင်၍စားခဲ့သည်။ သူတို့၏လမ်းများထဲတွင်သူတို့ အား ကိုယ်တော်သွန်သင်တော်မူခဲ့ပြီး အလွန်ကြင်နာယဉ်ကျေးစွာဖြင့် ၎င်းတို့အား ဆက်ဆံတော်မူခဲ့ပါသည်။

         ယေရုရှလင်မြို့ရှိဗိမာန်တော်အပြင်ပရိဝုဏ်နှင့် ဗိမာန်တော်၏သန့်ရှင်းသောအခြားအပိုင်းများကို ခွဲခြားထားသည့် နံရံအနိမ့်ကလေးတစ်ခုရှိပါသည်။ ယုဒလူများမှလွဲ၍ မည်သူမဆို ထိုနံရံနယ်နိမိတ်ကို မကျော် ဖြတ်ရဟု ဘာသာစကားမျိုးစုံနှင့်ရေးသားထားသည့် စာတမ်းကလေးတစ်ခုရှိပါသည်။ တစ်ပါးအမျိုးသား တစ်ယောက်သည် ဗိမာန်တော်အတွင်းပိုင်းသို့ကျူးကျော်ဝင်ရောက်လာခဲ့ပါလျှင် သူသည် ဗိမာန်တော်အား ညစ်ညူးစေသောကြောင့် အသေခံရမည်ဖြစ်ပါသည်။ သို့သော် ဗိမာန်တော်နှင့်တကွ ဗိမာန်တော်အခမ်းအနား များကိုတည်ထောင်ခဲ့သူဖြစ်သော ခရစ်တော်သည် မိမိ၏ဘုရားကရုဏာတော်အားဖြင့် ယုဒလူများငြင်းပယ် ခဲ့ကြသော ကယ်တင်ခြင်းကို ၎င်းတို့ထံယူဆောင်ခဲ့ပြီး လူသားမေတ္တာနှင့်နှောင်ဖွဲ့၍ ကိုယ်တော်ထံသို့တစ်ပါး အမျိုးသားများအား ဆွဲယူတော်မူခဲ့ပါသည်။

         ရှမာရိပြည်တွင် ခရစ်တော်နေထိုင်တော်မူခဲ့ခြင်းသည် ယုဒလူမျိုးများ၏ တစ်ယူသန်မှုများ၏ဩဇာ သက်ရောက်မှု‌အောက်တွင်ရှိနေဆဲဖြစ်သော တမန်တော်များအတွက် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ရန်ကြံ ရွယ်ခဲ့ပါသည်။ မိမိအမျိုးသားရင်းများကို သစ္စာစောင့်သိခြင်းသည် ရှမာရိများအားရန်ငြိုးထားရန် လိုအပ် သည်ဟု တမန်တော်များက ခံယူခဲ့ကြပါသည်။ သခင်ယေရှုသည် ထိုကဲ့သို့ပြုမူဆောင်ရွက်တော်မူသည့် အတွက် သူတို့အံ့ဩကြရပါသည်။ သူတို့သည် ရှမာရိတွင်နေထိုင်စဉ် နှစ်ရက်အတောအတွင်း၌ ကိုယ်တော်၏ ပုံသက်သေအတိုင်း လိုက်လျှောက်ရန် မငြင်းဆိုနိုင်ခဲ့ကြချေ။ ကိုယ်တော်ရှင်အား သစ္စာစောင့်သိနေရခြင်း ကြောင့် ၎င်းတို့၏တစ်ဖက်သတ်အထင်လွဲမှုများကို ထိန်းထားရသော်လည်း စိတ်နှလုံးထဲတွင်ရှိသော မထီ လေးစားလုပ်မှုများနှင့် မုန်းတီးမှုများနေရာ၌ သနားကြင်နာခြင်း၊ ကိုယ်ချင်းစာခြင်း စသည့် စိတ်သဘောထား များကို အစားထိုးပေးရမည်ကို နားလည်မှုနှေးကွေးနေကြ၏။ သို့သော် သခင်ဘုရားသည် ကောင်းကင်နိုင်ငံ တော်သို့တက်ကြွသွားပြီးသောအခါ ကိုယ်တော်‌ပေးတော်မူခဲ့သော သင်ခန်းစာများသည် ၎င်းတို့အတွက် အသစ်သောအဓိပ္ပါယ်တစ်ခုဖြစ်စေခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းခံရပြီးနောက် သူတို့ သည် ကိုယ်တော်ရှင်၏အဆင်းသဏ္ဌာန်နှင့် သွန်သင်စကားများကိုလည်းကောင်း၊ ဤအနှိမ်ခံလူသားများ အပေါ် ထားရှိခဲ့သည့် ကိုယ်‌တော်၏လေးစားမှုများနှင့် သိမ်မွေ့နူးညံ့စွာဆက်ဆံမှုများကိုလည်းကောင်း ပြန်လည်သတိရခဲ့ကြပါသည်။ ရှင်ပေတရုသည် ရှမာရိသို့တရား‌ဟောရန်သွားသောအချိန်၌ ထိုစိတ်ထားမျိုး နှင့်ပင်သွားရောက်လုပ်ကိုင်ခဲ့ပါသည်။ ဧဖက်နှင့်စမုရနအသင်းတော်များအတွက် ရှင်ယောဟန်အား ခေါ် တော် မူသောအချိန်တွင်သူသည် ဤမြင်ကွင်းကိုပြန်လည်သတိရကာ မိမိတို့ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်တွေ့မြင်ပြီး မိမိ၏ပုံသက်သေအားဖြင့် ၎င်းတို့အားကူညီတော်မူခဲ့သော ခရစ်တော်အား ကျေးဇူးတင် ခဲ့ပါသည်။

         ကိုယ်တော်ရှင်သည် ရှမာရိအမျိုးသမီးအား အသက်ရေပေးရန်ကမ်းလှမ်းခဲ့သောအချိန်မှာကဲ့သို့ပင် ယခုလည်း ကမ်းလှမ်းဆဲဖြစ်ပါသည်။ မိမိကိုယ်ကို ခရစ်တော်၏နောက်လိုက်ဟုခေါ်ဝေါ်ကြသူများသည် အနှိမ်ခံဝိုင်းပယ်ထားသည့်သူများအား မထီလေးစားပြုကောင်းပြုကြပါမည်။ ရှောင်ဖယ်ကောင်း ရှောင်ဖယ် ကြပါမည်။ သို့သော် မည်သည့်အခြေအနေနှင့် လူမျိုးရေးအခြေအနေများသည်လည်းကောင်း၊ အသက်တာ အခြေအနေများသည်လည်းကောင်း သားသမီးများအပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာကို မပြောင်းလဲ စေနိုင်ပါချေ။ မည်မျှပင်အပြစ်များသောအသက်ဝိညာဉ်များကိုမဆို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား “သင်တို့သည် ငါ့ထံတွင်တောင်းလျှောက်ကြလျှင် ငါသည် သင်တို့အားအသက်ရေကိုပေးမည်” ဟူ၍ဖြစ် ပါသည်။

         ဧဝံဂေလိတရားတော်၏ဖိတ်ခေါ်ချက်သည် ရွေးချယ်ထားသည့် လူနည်းစုအတွက်သာ ကျဉ်းကျဉ်း မြောင်းမြောင်းတင်ပြရန်မဟုတ်ချေ။ ဤသတင်းစကားသည် လူသတ္တဝါအားလုံးကို ဟောကြားရန်ဖြစ်ပါ သည်။ သမ္မာတရားကိုလက်ခံရယူရန် ဖွင့်ထားသောစိတ်နှလုံးတို့အား ခရစ်တော်သည် သွန်သင်ရန်အသင့်ရှိ တော်မူပါသည်။ ကိုယ်တော်ရှင်သည် ခမည်းတော်ဘုရားကိုလည်းကောင်း၊ စိတ်နှလုံးများကို ဖတ်နိုင်သည့် ကိုယ်တော်ဘုရားလက်ခံနိုင်သော ကိုးကွယ်မှုကိုလည်းကောင်း သူတို့အား အသိပေးတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုအရာများကိုသွန်သင်ရန်အတွက် ပုံပမာများကိုအသုံးပြုတော်မမူခဲ့ချေ။ ရေတွင်း၌ ထိုအမျိုးသမီးအား မိန့်တော်မူသကဲ့သို့ သူတို့အားလည်း “သင်နှင့်စကားပြောသောငါသည် မေရှိယဖြစ်သည်” ဟု မိန့်တော်မူ၏။

         ခရစ်တော်သည်ယာကုပ်ရေတွင်းနားတွင် အနားယူရန်ထိုင်တော်မူသောအချိန်သည် အမှုတော် တိုး တက်ထွန်းကားမှုနည်းပါးခဲ့သော ယုဒပြည်မှကြွလာတော်မူခဲ့သည့် အချိန်ဖြစ်ပါသည်။ ကိုယ်တော်သည် ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကိုခံခဲ့ရပြီး မိမိ၏တမန်တော်များဟု ခေါ်ဝေါ်သောသူများသည်ပင်လျှင် ကိုယ်တော်၏ဘုရားဇာတိတော်ကိုမသိမြင်ခဲ့ကြချေ။ ကိုယ်တော်ရှင်သည် ခရီးပန်း၍အားနည်းနေသော်လည်း သူစိမ်းဖြစ်သောဣသရေလများနှင့် ဆန့်ကျင်ဖီလာဖြစ်သောအပြစ်ကို ဗြောင်ကျကျကျူးလွန်နေသောအမျိုးသမီးတစ်ဦးနှင့် စကားပြောခွင့်ကိုမူ လျစ်လျူရှုတော်မမူခဲ့ချေ။

         ကိုယ်တော်သည် တရားနာပရိသတ်များစွာစုရုံးသည်အထိ စောင့်တော်မမူဘဲ မကြာခဏပင် မိမိ၏ အနီးပတ်ဝန်းကျင်တွင်ရှိသော လူအနည်းငယ်နှင့်သင်ခန်းစာကို အစပြုခဲ့ပါသည်။ ထိုနောက်မှအနားတွင် ဖြတ် သွားသောလူများသည် တစ်ယောက်ပြီးတစ်ယောက်ရပ်တန့်နားထောင်ကာ နောက်ဆုံးတွင်လူအုပ်ကြီးဖြစ် လာပြီး ကိုယ်တော်မှတစ်ဆင့်ကြားနာရသောဘုရားသခင်၏နှုတ်ကပတ်တော်များကို အံ့ဩကြောက်ရွံ့စွာဖြင့် တရားနာခဲ့ကြပါသည်။ ခရစ်တော်၏အမှုတော်ဆောင်များသည်လည်း ထိုနည်းတူပြုသင့်ကြပါသည်။ ပရိသတ်များသောနေရာတွင် ဟောကြားသကဲ့သို့ ပရိသတ်အနည်းစုကိုလည်း တူညီသောစိတ်အားထက်သန် မှုဖြင့် ဟောပြောနိုင်ကြရပါမည်။ တရားနာပရိသတ်သည် တစ်‌ယောက်တည်းရှိသည်ဆိုဦးတော့၊ ၎င်း၏ဩဇာ သက်ရောက်မှုသည် မည်မျှခရီးရောက်သွားမည်ကို မည်သူပြောနိုင်ပါမည်နည်း။ ခရစ်တော်သည် မိမိ၏ အချိန်များကို ရှမာရိအမျိုးသမီးတစ်ဦးအတွက် အသုံးချနေခြင်းသည် သေးငယ်သောကိစ္စတစ်ခုဖြစ်သည်ဟု တမန်တော်များအတွက် ထင်ယောင်ထင်မှားဖြစ်ခဲ့ကြပါသည်။ သို့သော် ကိုယ်တော်သည် ဘုရင်များ၊ မင်းတိုင် ပင်အဖွဲ့များနှင့် ယဇ်ပုရောဟိတ်မင်းကြီးများ၊ ကြောင်းကျိုးဖော်ပြပြောဆိုသည်ထက် သူမအားပိုမို၍ လှိုက်လှဲ စွာဖြင့် စိတ်ပါလာအောင် ဆွဲဆောင်မိန့်တော်မူခဲ့ပါသည်။ ထိုအမျိုးသမီးအား ကိုယ်တော်မိန့်တော်မူခဲ့သော သင်ခန်းစာများသည် ဝေးလံသောနယ်စွန်နယ်ဖျားများသို့တိုင် ပဲ့တင်ထပ်ခဲ့ပါသည်။

         သူမသည် ကယ်တင်ရှင်အားတွေ့သည်နှင့်တစ်ပြိုင်နက် အခြားသူများကို ကိုယ်တော်ရှင်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။ သူမသည် ကိုယ်တော်၏တမန်တော်များထက် အမှုတော်ဆောင်လုပ်ငန်းတွင် ထိရောက်မှုရှိကြောင်းကို သက်သေပြုနေပါသည်။ တမန်တော်များသည် ရှမာရိပြည်တွင် အမှုတော်အတွက် အားတက်စရာကောင်းသောနေရာလုပ်ကွက်ကို မမြင်တွေ့ခဲ့ကြချေ။ ကြီးမားသည့်ဤမှုတော်ကြီးကို အနာဂတ်တွင်ပြီးမြောက်အောင်လုပ်ရန် သူတို့စိတ်ပြဌာန်းခဲ့ကြသော်လည်း သူတို့၏အနီးအနားတွင် စုသိမ်း ရမည့်ရိတ်သိမ်းခြင်းကိုမူ သူတို့မမြင်တွေ့ခဲ့ကြချေ။ ၎င်းတို့အထင်သေးခဲ့သော အမျိုးသမီးအားဖြင့် တစ်မြို့လုံးရှိလူများသည် ကယ်တင်ရှင်၏တရားတော်ကိုနားထောင်ရန်ခေါ်ယူခြင်းကို ခံခဲ့ကြရပါသည်။ သူမသည် မိမိ၏မြို့သားများသို့ အလင်းတရားကိုချက်ချင်းသယ်ဆောင်သွားခဲ့ပါသည်။

         ဤအမျိုးသမီးသည် ခရစ်တော်၌လက်တွေ့ယုံကြည်ခြင်း၏လုပ်ဆောင်မှုကို ပုံ‌ဆောင်ပါသည်။ စစ်မှန်သောတမန်တော်တိုင်းသည် ဘုရားသခင်၏နိုင်ငံတော်အတွက် သာသနာပြုတစ်ဦးအနေဖြင့် မွေးဖွား ခြင်းကိုခံရခြင်းဖြစ်ပါသည်။ အသက်ရေကိုသောက်သုံးသောသူမည်သည်ကား အသက်စမ်းရေဖြစ်လာပါ သည်။ ရယူသူသည် ပေးကမ်းသူတစ်ဦးဖြစ်လာပါသည်။ အသက်ဝိညာဉ်ထဲတွင်ရှိသော ခရစ်တော်၏ ကရုဏာတော်သည် အရာခပ်သိမ်းအားလန်းဆန်းစေရန် ပန်းထွက်နေသောစမ်းရေတွင်းနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်လုမတတ်ဖြစ်နေသူများအား အသက်ရေကိုသောက်ချင်စိတ်ဖြစ်လာရန် လုပ်ဆောင် ပေးနေသည့်ကန္တာရထဲမှ စမ်းရေတွင်းနှင့်လည်းကောင်းတူပါသည်။

No comments:

Post a Comment