Wednesday, April 22, 2026

အခန်းကြီး - ၄၉။ သကေနေပွဲနေ့၌

 

သကေနေပွဲနေ့၌

 

         ရှင်ယောဟန် ၇း၁-၁၅၊ ၃၇-၄၉ ကိုအခြေပြုထားပါသည်။

 

         ယေရုရှလင်မြို့တွင်ပြုလုပ်ကျင်းပသည့် ဘာသာရေးပွဲများကိုတက် ရောက် ရန် ယုဒလူမျိုးတို့သည် သုံးနှစ်လျှင်တစ်ကြိမ်ထိုမြို့၌ စုရုံးကြပါသည်။ မိုးတိမ်တိုင် အားဖြင့်မျက်မြင်မရသော ဣသရေလများ၏ ဘုရားသခင်သည်  ဤကဲ့သို့စုရုံးကြရန် ညွှန်ကြားတော်မူခဲ့ပါသည်။ သူ့ကျွန်ဘ၀ရောက်နေစဉ် အချိန်များတွင် ထိုဘာသာ ရေးအခမ်းအနားများကို မကျင်းပနိုင်ခဲ့ကြသော်လည်း အမိတိုင်းပြည်သို့ပြန်လည် ရောက်ရှိလာကြသောအခါ တစ်ဖန်ပြန်လည်ကျင်းပနိုင် ခဲ့ကြပါသည်။ နှစ်ပတ်လည် ကျင်းပမြဲဖြစ်သော ဤအခမ်းအနားများအားဖြင့် မိမိအား ဣသရေလလူများ ပြန် လည်သတိရစေရန် ဘုရားသခင်ကြံရွယ်တော် မူခဲ့ပါသည်။ သို့ရာတွင် အနည်းငယ် သော အခမ်းအနားများမှလွဲ၍ ကျန်အခမ်းအနားများတွင် ယဇ်ပုရောဟိတ်များနှင့် ယုဒခေါင်းဆောင်များသည် ထိုကြံရွယ်ချက်ကို မျက်ခြည်ပြတ်ခဲ့ကြပါသည်။ ဤအ ခမ်းအနားများကို ကိုယ်တိုင်တည် ထောင်တော်မူခဲ့ပြီး၊ ၎င်းတို့၏ အရေးပါမှုများကို သိရှိနားလည်တော်မူသည့် ကိုယ်တော်သည် ထိုအခမ်းအနားများ၏ သွေဖည်မှုများ ကို မျက်မြင်ကိုယ်တွေ့ မြင်တော်မူခဲ့ရပါသည်။

         သကေနေပွဲသည် တစ်နှစ်တာ၏ နောက်ဆုံးပိတ်ဘာသာရေးပွဲတစ်ခုဖြစ် ပါသည်။ ဤရက်မြတ်မဟာတွင် ယုဒလူများသည် ကိုယ်တော်၏ ကောင်းမြတ်ခြင်း နှင့် သနားခြင်းကရုဏာများအပေါ် ရောင်ပြန်ဟပ်ကြရန် ဘုရားသခင် အကြံရှိတော် မူပါသည်။ တိုင်းပြည်တစ်ခုလုံးသည် ကောင်းချီးမင်္ဂလာများကို ခံစားရင်း ကိုယ်တော် လမ်းပြပို့ဆောင်မှုကို ရရှိခဲ့ပါသည်။ ကိုယ်တော်သည် နေ့ရောညပါ စောင့်ရှောက် ကာကွယ်တော်မူခဲ့ပါသည်။ နေရောင်ခြည်နှင့် မိုးရေတို့သည် မြေကြီးအား အသီးကို သီးစေခဲ့ပါသည်။ ပါလေတ္တိနပြည်ရှိချိုင့်ဝှမ်းနှင့် လွင်ပြင်များမှာ ရိတ်သိမ်းမှုများ လည်း ပြီးစီးခဲ့ပေပြီ။ သံလွင်သီးများကိုခူးဆွတ် ကြိတ်နယ်ကာ သံလွင်ဆီများကို လည်းပုလင်းများတွင် သိုထားပြီးပေပြီ။ စွန်ပလွံသီးများကိုလည်း သိုထားပြီးပေပြီ။ ခရမ်းရောင်စပျစ်သီးပြွတ်များကိုလည်း စပျစ်သီးနယ်ရာကျင်းတွင် နင်းချေခဲ့ပြီး ပေ ပြီ။

         ဤသကေနေပွဲကို ခုနစ်ရက်ပတ်လုံးကျင်းပပါသည်။ ပါလေတ္တိနပြည်သား များအပြင် အခြားတိုင်းပြည်များမှ လူအများသည် ဤပွဲသို့တက်ရောက်ရန် မိမိတို့၏ အိုးအိမ်များကို ပစ်ထားခဲ့ကြကာ ယေရုရှလင်မြို့သို့ လာခဲ့ကြပါ သည်။ ရပ်ဝေးရပ် နီး မှပုဂ္ဂိုလ်များသည် ဝမ်းမြောက်ဖွယ်အထိမ်းအမှတ်များကို ကိုင်ဆောင်လျက် ယေရုရှလင်မြို့သို့လာခဲ့ကြပါသည်။ လူအပေါင်းတို့သည် လူကြီးလူငယ်၊ ဆင်းရဲချမ်း သာမရွေး တစ်နှစ်တာကာလပတ်လုံး ကောင်းမြတ် ခြင်းများနှင့်လွှမ်းခြုံကာ သာယာ၀ ပြောစေခဲ့သော ကိုယ်တော်အားပူဇော်ရန် ကျေးဇူးတင်ခြင်းလှူဖွယ်ဝတ္ထုများကို ယူ ဆောင်လာခဲ့ကြပါသည်။ မျက်စိထဲတွင် စွဲမက်စေ၍ လူအများအားဝမ်းမြောက်စေ သည့် လှူဖွယ်ဝတ္ထုတိုင်းသည် သစ်သားများကို ထုတ်လုပ်ထားသည့် အရာများဖြစ် သောကြောင့် ယေရုရှလင်မြို့ကြီးသည် လှပသောသစ်တောတစ်ခုအသွင်ကို ဆောင် နေပါသည်။

         ဤပွဲသည် ကောက်ရိတ်သိမ်းခြင်းဆိုင်ရာ ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲသက် သက်သာမဟုတ်ဘဲ၊ တောတွင်လှည့်လည်စဉ် ဣသရေလများအား ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်းကို သတိရအောက်မေ့ခြင်း အထိမ်းအမှတ်ပွဲလည်း ဖြစ်ပါသည်။ ဣသရေလများသည် တော၌လှည့်လည်စဉ် တဲများ တွင်နေခဲ့ရသော ၎င်းတို့၏အသက်တာကို သတိရသည့်အနေဖြင့် ဤပွဲရက်များအတွင်းတွင် မဏ္ဍပ် များနှင့် သစ်ခက်တဲများထိုး၍ နေထိုင်ကြပါသည်။ ထိုတဲများကို လမ်းများပေါ်တွင် လည်းကောင်း၊ အိမ်ခေါင်မိုးများပေါ်တွင်လည်း ကောင်း၊ ဗိမာန်တော်ဝင်းအတွင်း တွင်လည်းကောင်း တည်ဆောက်ကြပါသည်။ ယေရုရှလင်မြို့၏ ပတ်ဝန်းကျင်တွင်ရှိ သော တောင်ကုန်းများနှင့်လွင်ပြင်များသည် လူများဖြင့် လှုပ်ရှားသက်ဝင်နေသော တဲများဖြင့် ပြည့်ကျပ်နေပါသည်။

         ဝတ်ပြုကိုးကွယ်သူများသည် သန့်ရှင်းကောင်းမွန်သော ဓမ္မတေးများကို ချီး မွမ်းသီဆိုကာ ဤအခမ်းအနားကို ကျင်းပကြပါသည်။ သကေနေပွဲမတိုင်မီ ကလေး တွင် ကျင်းပခဲ့သော အပြစ်ဖြေရာပွဲနေ့တွင် လူများသည်မိမိတို့၏ အပြစ်များကို ဖွင့် ဟဝန်ချခဲ့ကြပြီးနောက် ဘုရားသခင်နှင့် ရန်ငြိမ်းပြီဖြစ်ကြောင်း ကြေညာခြင်းခံကြရ ပါသည်။ ထိုကြောင့်သကေနေပွဲ၏ အခမ်းအနားများသည် ပျော်ရွှင်ဝမ်းမြောက်မှုကို ဖြစ်စေခဲ့ပါသည်။ ထာ၀ရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ် တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟူ၍ အောင်မြင်သော ကြွေးကြော်သံများနှင့်အတူ တေးဂီတမျိုးစုံကိုတီးခတ်ကာ ချီးမွမ်းထောမနာသီချင်း များကို အတူတကွရွတ်ဆိုကြပါသည်။ ဗိမာန်တော် ကြီးသည် ပျော်ရွှင်ဝမ်းမြောက် နေသောလူအုပ်ကြီး၏အလယ်ဗဟိုတွင် တည်ရှိ နေပါသည်။ ထိုနေရာတွင် ယဇ်ပူ ဇော်ခြင်းဆိုင်ရာ အခမ်းအနားကို ကျင်းပပါသည်။ ကျောက်ဖြူလှေကားထစ် များ၏ တစ်ဘက်တစ်ချက်တွင် လေဝိအမျိုးသားများသည် သံစုံတေးများကို ဦးဆောင်သီ ဆိုကြပါသည်။ ကိုးကွယ်ဝတ်ပြု နေကြသည့် ယုဒလူများသည် သံလွင်ခက်များနှင့် ကျူရွက်များကို ကိုယ့်လူမျိုးစု အလိုက်နေရာယူကာ ဝှေ့ယမ်းကြလျက် သီချင်းများ ကို သံယောင်လိုက်၍ သီဆိုကြပါသည်။ တစ်ဖန်ထိုသံစဉ်ကို အနီးအနားရှိ လူအများ ကလိုက်ဆိုရာ၊ တောင်ကုန်းတစ်ခုလုံးကို ဂုဏ်တော်ချီးမွမ်းသံများဖြင့် လွှမ်းခြုံသွားပါ တော့သည်။

         ညအချိန်တွင် ဗိမာန်တော်နှင့်တကွ ပရိဝုဏ်တစ်ခုလုံးတွင် မီးရောင်များနှင့် ထိန်ညီးနေပါသည်။ တီးမှုတ်နေသော တေးဂီတသံများ၊ လှုပ်ယမ်းနေသော သံလွင် ခက်များ၊ ကြွေးကြော်နေသော သီချင်းသံများ၊ များပြားလှသောလူများ၊ ၎င်းတို့အပေါ် တွင်ထွန်းလင်းနေသော မီးအိမ်များ၊ ယဇ်ပုရောဟိတ်များ၏ ဝတ်ဆင်မှုများနှင့် ခမ်းအနား၏ ကြီးကျယ်ခမ်းနားမှုများတို့သည် ရှုမြင်ရသူများ၏ စိတ်စွဲလမ်းသွားစေပါ သည်။ ထိုပွဲတော်၏ စိတ်စွဲလမ်းစရာအကောင်းဆုံးနှင့် ဝမ်းမြောက်စရာအကောင်း ဆုံးအခမ်းအနားတစ်ခုမှာ တော၌ခရီးသွားစဉ် အဖြစ်အပျက်တစ်ခုကို ပြန်လည်သ တိရစေသော ဖြစ်ရပ်တစ်ခုပင်ဖြစ်ပါ သည်။

         နံနက်အရုဏ်ကျဉ်းလာသည်နှင့်တစ်ပြိုင်နက် ထွက်ပေါ်လာသည့် စူးရှရှည် လျားသည့် ယဇ်ပုရောဟိတ်များ၏ ငွေတံပိုးခရာသံများနှင့်တဲများ အတွင်းမှ ယုဒများ တုံ့ပြန်၍မှုတ်သော တံပိုးမှုတ်သံများ၊ အော်ဟစ်ကြွေးကြော် သံများသည် တောင် ကုန်းနှင့်လွင်ပြင်များတွင် ပဲ့တင်ထပ်လျက် ပွဲတော်နေ့ကို ကြိုဆိုခဲ့ပါသည်။ ထို နောက်ယဇ်ပုရောဟိတ်သည် ကင်ဒရွန်ချောင်းတွင် စီးဆင်းနေသော ချောင်းရေကို ကရားတစ်လုံးနှင့်ခပ်ယူလိုက်ပြီး၊ အထက်သို့မြှောက် လိုက်ကာ အိုယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည် ဟုရွတ်ဆိုလျက် တံပိုး ခရာများကိုမှုတ်၍ ဖြည်းဖြည်းချင်း၊ စည်းဝါးကိုက်စွာဖြင့် ဗိမာန်တော်လှေကား ကျယ် ကြီးအတိုင်း တက်သွားခဲ့ပါ သည်။ (ဆာလံ ၁၂၂း၂)

         ထိုယဇ်ပုရောဟိတ်သည် ရေအပြည့်ရှိသောထိုကရားကို ဗိမာန်တော်တွင် စုရုံးနေသည့် ယဇ်ပုရောဟိတ်များ၏ အလယ်တွင် တည်ရှိနေသော  ယဇ်ပလ္လင်ဆီ သို့သယ်ဆောင်သွားခဲ့ပါသည်။ ဤနေရာတွင် ငွေအင်တုံနှစ်လုံး ရှိပါသည်။ တစ်လုံး စီအနီး၌ ယဇ်ပုရောဟိတ်တစ်ပါးစီရပ်၍ စောင့်နေပါသည်။ ရေထည့်ထားသော ကရားတစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး စပျစ်ရည်ထည့် ထားသောကရားတစ်ခုကို အခြားအင်တုံတစ်ခုထဲသို့ လောင်းထည့်လိုက်ပါသည်။ ထိုနောက် ထိုအင်တုံနှစ်ခုစ လုံးကို ကင်ဒရွန်ချောင်းနှင့်ဆက်ထားသည့်ပြွန်ထဲသို့လောင်းထည့်လိုက်ရာ ထို ချောင်းမှတစ်ဆင့် ပင်လယ်သေထဲသို့စီးဝင်သွား ပါသည်။ သီးသန့်ဆက်ထားသည့် ရေသည် တော၌ဣသရေလများအား ရေငတ်ပြေစေရန် ဘုရားသခင်၏အမိန့်တော် အားဖြင့် ကျောက်မှစီးထွက်လာ သောစမ်းရေကို ပုံဆောင်ပါသည်။ ထိုအချိန်တွင် အားရဝမ်းမြောက်ဖွယ်သော ဇာတိသွေးများပေါ်လာကာ ထာ၀ရဘုရားသည် ငါချီး မွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏ ဟူသော ဟစ်ကြော်ချီးမွမ်း ခြင်းများကိုပြုကြပါသည်။ ဟေရှာယ ၁၂း၂၊၃။

         ယောသပ်၏သားများသည် သကေနေပွဲသို့သွားရန်ပြင်ဆင်မှုများကို လုပ် ဆောင်နေကြစဉ် ယေရှုသည် ထိုပွဲသို့တက်ရန်မည်သည့်ပြင်ဆင်မှုတစ်စုံ တစ်ခုကိုမျှ မပြုလုပ်ကြောင်းတွေ့ကြပါသည်။ ဗက်ဇဲဒတွင်လူနာကုသပြီး ကတည်းက လူထုအ စည်းအဝေးပွဲများကို ကိုယ်တော်တက်ရောက်တော်မမူတော့ချေ။ ကိုယ်တော်သည် ယေရုရှလင်မြို့မှခေါင်းဆောင်များနှင့် အကျိုးမရှိသော တိုက်လှန်မှုများမဖြစ်ပွားစေ လိုသဖြင့် ဂါလိလဲပြည်နယ်၌ပင် အမှုတော်ကို ဆောင်ရွက်တော်မူခဲ့ပါသည်။ ကြီး ကျယ်သော ဤဘာသာရေးအခမ်း အနားကြီးအပေါ် သိသိသာသာကိုယ်တော် လျစ် လျူရှုခြင်းနှင့် ကိုယ်တော့်အပေါ် ယဇ်ပုရောဟိတ်နှင့် ကျမ်းတတ်ဆရာများထားရှိ သည့် ရန်ငြိုးဖွဲ့မှုများသည် ကိုယ်တော့်အပါးတွင် စုရုံးနေကြသည့် လူထုကြီးကိုသာမ က၊ တမန်တော်များ နှင့်ကိုယ်တော်၏သားချင်းများကိုပါ စိတ်ပျက်စေပါသည်။

         ကိုယ်တော်၏ သွန်သင်ချက်များထဲတွင် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်သောသူများသည် ကောင်းချီးမင်္ဂလာရရှိမည့်အကြောင်း ထပ်ခါတလဲ လဲ မိန့်မြွက်တော်မူခဲ့သော်လည်း၊ ဘုရားသခင်တည်ထောင်တော်မူခဲ့သော ဤအ ခမ်းအနားကို ကိုယ်တော်ကိုယ်တိုင် စိတ်မဝင်စားသယောင်ဖြစ်နေပါသည်။ အခွန် ခံများ၊ နာမည်ဆိုးရသောသူများနှင့် ပေါင်းဖက်ခြင်းသည်လည်းကောင်း၊ ယုဒဘာ သာရေးခေါင်းဆောင်များ၏ သီတင်းသီလဆောက်တည်မှုများကို ဂရုမထားခြင်း သည်လည်းကောင်း၊ ဥပုသ်နေ့နှင့်ပတ်သက်သော မိရိုးဖလာပညတ် ချက်များကို ဘေးဖယ်ထားခြင်းသည်လည်းကောင်း အားလုံးသောအရာများသည် ဘာသာရေး ခေါင်းဆောင်များ၏ မုန်းမာန်ပွားမှုကို ဖြစ်စေလျက် စောဒကများစွာကို တက်စေခဲ့ ပါသည်။ တိုင်းပြည်မှပညာတတ်ကြီးများနှင့် မိတ်ပျက်စေခြင်းသည် ကိုယ်တော်အ တွင်းမှားယွင်းသော လုပ်ရပ်ဖြစ်သည်ဟု ညီအစ်ကိုတော်များက ထင်မြင်ခဲ့ပါသည်။ ထိုပညာတတ်ကြီးများသည် အမှန်တရားဘက်မှ ရပ်တည်နေသည်ဟူ၍ လည်း ကောင်း၊ မိမိကိုယ်ကို၎င်းတို့နှင့် ရန်ဘက်ဖြစ်စေ သောယေရှုသည် မှားယွင်းသည် ဟူ၍လည်းကောင်း သူတို့ထင်မြင်ခဲ့ကြပါ သည်။ သို့ရာတွင် ကိုယ်တော်၏ အသက် တာသည် အပြစ်ကင်းကြောင်းကို သူတို့သက်သေခံခဲ့ကြပြီး ဖြစ်ပါသည်။ ၎င်းတို့ သည် တမန်တော်များအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသော်လည်း ပြုတော်မူသော နိမိတ်လက္ခဏာအားဖြင့် ကိုယ်တော့်အကြောင်းကို ကောင်းမွန်စွာ သိရှိခဲ့ကြပြီး ဖြစ် ပါသည်။ ဂါလိလဲပြည်တွင် ကိုယ်တော်ရှင်အား လူကြိုက်များမှုသည် ၎င်းတို့၏ ရည် မှန်းချက်အတွက် ကျေနပ်စေခဲ့ပါသည်။ မိမိမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်တော်မူ ကြောင်းကို ဖာရိရှဲများ မြင်တွေ့စေမည့်တန်ခိုးတော်၏ အထောက်အထားတစ်ခုကို ကိုယ်တော်ပြတော်မူလိမ့်မည်ဟုလည်း သူတို့မျှော်လင့်ကြဆဲဖြစ်ပါသည်။ ကိုယ်တော်ရှင်သည် မေရှိယတည်းဟူသော ဣသရေလတို့၏ ဘုရင်ဖြစ်ခဲ့လျှင် ဘယ်သို့ဖြစ်ရမည် ဟူသော ဂုဏ်ယူကျေနပ်ဖွယ်၊ ဤအတွေးအခေါ်များကို သူတို့ တွယ်တာနေ ကြပါသည်။

         ထိုအကြောင်းအရာအတွက် သူတို့စိတ်စောနေကြသဖြင့် ညိတော်တို့ကသင်ပြုသောအမှုတို့ကို တပည့်တော်တို့သည်မြင်စေခြင်းငှာ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။ ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှား သောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်၊ ဤအမှုတို့ကို သင်သည်ပြုလျှင် လောက၌ ကိုယ်ကိုထင်ရှားစွာပြပါ ဟုဆိုကြ၏။ လျှင် ဆိုသည့်စကား လုံးအား ဖြင့် သံသယနှင့်မယုံကြည်မှုကိုဖော်ပြခဲ့ကြပါသည်။ ကိုယ်တော်အား သူရဲဘော ကြောင်သူဟု ယိုးစွပ်ခဲ့ကြသည်။ မိမိသည် မေရှိယဖြစ်သည်ဆိုလျှင်  မည်သည့် အတွက်ကြောင့်ထိမ်ကွယ်နေရသနည်း၊ အဘယ်ကြောင့်လှုပ်လှုပ် ရှားရှားမပြု သနည်း၊ ထိုတန်ခိုးတော်မျိုးကိုကိုယ်တော်တကယ်ပိုင်ဆိုင်ထားလျှင် အဘယ် ကြောင့်ယေရုရှလင်မြို့သို့ ရဲရဲဝံ့ဝံ့မသွားရဲသနည်း၊ အဘယ်ကြောင့်မိမိ မိန့်မြွက်တော် မူသည့်အတိုင်း မလုပ်ဆောင်ခဲ့သနည်း၊ အဘယ်ကြောင့်ဂါလိလဲ ပြည်တွင်ပြုတော်မူ ခဲ့သည့် ထူးဆန်းသော နိမိတ်လက္ခဏာမျိုးများကို ယေရုရှလင် မြို့၌မလုပ်ဆောင်ပါ သနည်း၊ မထင်ရှားသောနေရာများတွင် ပုန်းကွယ်မနေဘဲ ပညာမဲ့လယ်သမားများ နှင့် တံငါသည်များအကျိုးအလိုငှာ ကြီးစွာသောနိမိတ် လက္ခဏာများကိုပြပါ။ သင်   ရှေ့မှောက်တွင် ယေရုရှလင်မြို့မှ ယဇ်ပုရောဟိတ်များနှင့် ယုဒလူ အကြီးအကဲ များ၏ ထောက်ခံမှုကိုရယူ၍ တိုင်းပြည်ကိုစုစည်းကာ နိုင်ငံတော်သစ်တည်ထောင်ပါ စသည်ဖြင့်သူတို့တောင်းဆိုကြ၏။

         ပကာသနကိုမြတ်နိုးသောသူများ၏ စိတ်နှလုံးတွင် မကြာခဏတွေ့ရတတ် သော တစ်ကိုယ်ကောင်းစိတ်ထားများကို အခြေခံ၍ ယေရှု၏ညီတော်များသည် ဆင်ခြင်သုံးသပ်ကြပါသည်။ ဤစိတ်ထားမျိုးသည် ကမ္ဘာတစ်ခုလုံး ၌လွှမ်းမိုးနေ သော စိတ်ထားမျိုးဖြစ်ပါသည်။ ခရစ်တော်သည် လောကနိုင်ငံတစ်ခုကို တည် ထောင်မည့်အစား မိမိကိုယ်ကို အသက်မုန့်ဖြစ်ကြောင်း ကြေညာခဲ့သောကြောင့် ၎င်းတို့စိတ်ပျက်ခဲ့ကြရပါသည်။ ကိုယ်တော်အား များစွာသောတပည့်တော်များက စွန့်ခွာသွားကြသောအချိန်တွင် သူတို့အထူး စိတ်ပျက်ခဲ့ကြရပါ သည်။ မိမိသည် ဘုရားသခင် စေလွှတ်တော်မူသောသူ ဖြစ်သည်ဟူသော ကိုယ်တော်၏ ဖွင့်ဆိုချက် ကို အသိအမှတ်ပြုရန် စုံစမ်းခြင်းမှလွတ်ကင်းစိမ့်သောငှာ သူတို့ကိုယ်တိုင်လည်း ကိုယ်တော်ကို ကျောခိုင်းခဲ့ကြပါသည်။

         ထိုအခါ ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး၊ သင်တို့ဖို့ခပ်သိမ်းသော အချိန်သင့်လျက်ရှိ၏။ လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်၊ ငါ့ကို မုန်းကြ၏။ အကြောင်းမူကား ငါသည်သင်တို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏ ဟု ကိုယ်တော်မိန့်မြွက်ခဲ့ပါသည်။ လောကီသားများသည် ၎င်းတို့နှင့် စိတ်သဘောထား တူသူများအား မမုန်းတီးကြဘဲ၊ မိမိတို့ပိုင်ဆိုင် သောအရာများကဲ့သို့ ချစ်ခင်ကြ၏။

         လောကကမ္ဘာသည် ခရစ်တော်အတွက်ဇိမ်ခံစရာနေရာ၊ မိမိကိုယ်ကို ကြီး မြတ်အောင်လုပ်ရမည့်နေရာတစ်ခုမဟုတ်ချေ၊ ၎င်းပြင် ကိုယ်တော်သည် လောက၏ တန်ခိုးအာဏာနှင့်ဘုန်းစည်းစိမ်ကို ဖမ်းကိုင်ရမည့်အချိန်ကိုလည်း စောင့်စားတော်မ မူခဲ့ချေ။ လောကကမ္ဘာသည် ထိုကဲ့သို့သောဆုလာဘ်တစ်စုံ တစ်ရာကိုမျှ ကိုယ်တော် အတွက် မကမ်းလှမ်းခဲ့ချေ။ ဤလောကသည် ကိုယ်တော်အား အဖဘုရားသခင် စေ လွှတ်တော်မူခဲ့သောနေရာဖြစ်ပါသည်။ မဟာကယ်တင်ခြင်းစီမံကိန်းကို အကောင်အ ထည်ဖော်ရန် ကိုယ်တော်အား လောကအသက်တာကို ဝင်စားစေတော်မူခဲ့ပါသည်။ ကိုယ်တော်သည် အပြစ်တွင်ကျရောက်လျက်ရှိသော လူသားများအတွက် မိမိလုပ် ဆောင်ရမည့် အမှုတော်ကြီးကို ပြီးမြောက်စေလျက်ရှိပါသည်။ သို့ရာတွင် ကိုယ် တော်သည်အတင့်ရဲရဲ ဖြင့် အန္တရာယ်ကျရောက်အောင်လုပ်ဆောင်ခြင်းဖြင့် အကျပ် အတည်းကာလကို အမြန်ဖြစ်ပေါ်လာအောင် ပြုလုပ်ရန်မဟုတ်ပါချေ။ အမှုတော် ကာလတွင်ဖြစ်ပျက် မည့်အရာတိုင်းအတွက် သတ်မှတ်ထားသည့် အချိန်များရှိ ကြပါသည်။ ထိုအချိန် များကိုရောက်ရှိလာသည့်တိုင်အောင် သည်းခံလျက်စောင့် တော်မူရပါသည်။ မိမိသည်လောကီသားများ၏မုန်းတီးမှုကိုခံရမည်ကိုလည်းကောင်း၊ မိမိ၏အမှု တော်သည် အသေသတ်ခြင်းတွင် အဆုံးသတ်မည်ကိုလည်းကောင်း ကြို တင်သိရှိ တော်မူခဲ့သော်လည်း၊ အချိန်မတိုင်မီ မိမိကိုယ်ကိုထင်ရှားသိသာစေခြင်း သည် ဘုရားသခင်၏ အလိုတော်ဖြစ်လိမ့်မည်မဟုတ်ချေ။

         ခရစ်တော်ပြုတော်မူခဲ့သည့် နိမိတ်လက္ခဏာများနှင့် ပတ်သက်သော သတင်းသည် ယေရုရှလင်မြို့မှသည်၊ ယုဒလူများရောက်ရှိသွားသည့်နေရာ တိုင်းသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ကိုယ်တော်သည် ဘာသာရေးပွဲတော်သို့ လပေါင်းများစွာ တက် ရောက်ခြင်းမရှိသော်လည်း ကိုယ်တော်ရှင်အပေါ်ရှိနှင့် ပြီးသောစိတ်ဝင်စားမှုသည် လျော့နည်းမသွားခဲ့ချေ။ ကမ္ဘာအနှံ့မှလူများစွာတို့ သည် ကိုယ်တော်ရှင်အား ဖူးတွေ့ ရမည်အထင်နှင့် သကေနေပွဲသို့တက်ရောက် ခဲ့ကြပါသည်။ လူများစွာတို့သည် ပွဲ တော်စတင်ကျင်းပသည့်နေ့တွင် ကိုယ်တော်အား ဖူးတွေ့လိုကြသဖြင့် မေးမြန်းစုံစမ်း ခဲ့ကြပါသည်။ ဖာရိရှဲနှင့်ဇဒ္ဒုကဲများ သည်လည်း အပြစ်တင်ရန်အခွင့်ကိုရရှိရန် မျှော် လင့်လျက် ကိုယ်တော်အလာ ကိုစောင့်စားနေကြပါသည်။ ယေရှုသည်အဘယ်မှာ ရှိသနည်း ဟု သူတို့ စိတ်အားထက်သန်စွာဖြင့်မေးမြန်းစုံစမ်းခဲ့ကြသော်လည်း၊ မည်သည့်နေရာတွင် ကိုယ်တော်ရှိတော်မူကြောင်းကို မည်သူတစ်ဦးတစ်ယောက်မျှ မသိခဲ့ကြချေ။ လူတိုင်း၏စိတ်တွင် ကိုယ်တော့်အကြောင်းကိုသာ စဉ်းစားနေခဲ့ကြပါ သည်။ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများကိုကြောက်ရွံ့သောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ရှင်အားမေရှိယဖြစ်ကြောင်း အသိအမှတ် မပြုရဲကြချေ။ သို့ရာတွင် နေရာတိုင်းမှာမူ ကိုယ်တော့်အကြောင်းကို တိုးတိုးတိတ် တိတ် ဆွေးနွေးပြောဆိုနေကြပါသည်။ လူများစွာတို့က ကိုယ်တော်အား ဘုရားသခင် စေလွှတ်တော်မူသည့်သူဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြသလို အခြားသူများ လည်း ကိုယ်တော်အားလှည့်ဖြားသူတစ်ဦးအဖြစ် ငြင်းဆိုခဲ့ကြပါသည်။

         ထိုစဉ်တွင် ခရစ်တော်သည်ယေရုရှလင်မြို့သို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရောက်ရှိလာခဲ့ပါသည်။ ယေရုရှလင်မြို့သို့ဦးတည်၍ အရပ်ရပ်မှလာနေကြသော ခရီး သွားများကို ရှောင်လွှဲနိုင်ရန်အလိုငှာ ကိုယ်တော်သည်သွား နေကျမဟုတ်သော လမ်းကို ရွေးချယ်၍လာခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍ ထိုခရီးသွားများနှင့်အတူ သကေနေပွဲသို့လာခဲ့လျှင် မြို့ထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လူထုတစ်ရပ်လုံး က မိမိအားအာရုံပြုလာမည်ဖြစ်ပြီး၊ မိမိအားနှစ်သက်ကြောင်း လူထုအင်အားပြမှု သည် ဆန့်ကျင်ဘက်အာဏာပိုင်များ၏ ဒေါသကိုနှိုးဆွရာရောက်လိမ့်မည်ဖြစ်ပါ သည်။ ဤအရာကိုရှောင်လွှဲရန်အတွက် ခရီးသွားရန် ကိုယ်တော်ရွေးချယ်တော်မူ ခဲ့ပါသည်။

         သကေနေပွဲကျင်းပစဉ် ကိုယ်တော်ရှင်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားမှုအ ထွတ်အထိပ်ရောက်နေသော အချိန်တွင် ကိုယ်တော်သည် လူထုရှေ့မှောက်ဝယ် ဗိမာန်တော်ထဲသို့ဝင်ရောက်လာခဲ့ပါသည်။ ထိုပွဲသို့မတက်ရောက်ခဲ့သော ကြောင့် မိမိကိုယ်ကိုဖာရိရှဲများနှင့် ယုဒလူအကြီးအကဲတို့၏အာဏာစက်အလယ် တွင်မလာရဲဟုပြောဆိုခြင်းကိုလည်း ကိုယ်တော်ခံတော်မူခဲ့ရပါသည်။ သို့ရာတွင်  ကိုယ်တော်ရှင်ရောက်ရှိလာသောအခါ အားလုံးကအံ့အားသင့်သွားကြပြီး အသံ များပင်တိတ်သွားခဲ့ပါသည်။ မိမိအားသုတ်သင်လိုသည့် အာဏာတန်ခိုးရှိသော ရန် သူများ၏အလယ်တွင် သွားလာလုပ်ဆောင်ရဲသောကိုယ်တော်၏သိက္ခာသမာဓိ နှင့် ရဲစွမ်းသတ္တိကို အားလုံးကအံ့ဩခဲ့ကြပါသည်။

         သခင်ယေရှုသည် ထိုကဲ့သို့အာရုံစူးစိုက်နေသောပရိသတ်အလယ်တွင် ရပ်တော်မူလျက် မည်သူတစ်စုံတစ်ယောက်မျှ မပြောခဲ့ဖူးသောစကားများကို မိန့် တော်မူခဲ့ပါသည်။ ကိုယ်တော်၏စကားများသည် ဣသရေလများ၏ဥပဒေသများ နှင့်ထုံးစံဓလေ့များကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သော အခမ်း အနား များနှင့် သွန်သင်ချက်များကိုလည်းကောင်း ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူ အကြီးအကဲများထက် များစွာပို၍သိနားလည်တော်မူကြောင်း ဖော်ပြ နေပါသည်။ အပေါ်ယံဟန်ပြလုပ်ဆောင်မှုများနှင့် မိရိုးဖလာတံတိုင်းများကို ကိုယ်တော်ချိုးဖျက် တော်မူခဲ့ပါသည်။ အနာဂတ်အသက်တာတွင် ဖြစ်ပျက် မည့်မြင်ကွင်းများသည် ကိုယ်တော့်ရှေ့မှောက်တွင် ဖြန့်ကြက်နေသယောင် ဖြစ်နေပါသည်။ သာမန်ပုဂ္ဂိုလ် များမြင်နိုင်စွမ်းမရှိသည့် ထာ၀ရဘုရားကိုကြည့် မြင်တော်မူခဲ့သည့် ပုဂ္ဂိုလ်တစ်ပါး အနေဖြင့် ကိုယ်တော်သည်လောကနှင့်ဆိုင် သောအရာများနှင့် ကောင်းကင်နှင့် ဆိုင်သော အရာများကိုလည်းကောင်း၊ လူသားနှင့်ဆိုင်သောအရာနှင့် ဘုရားနှင့်ဆိုင် သောအရာများကိုလည်းကောင်း တန်ခိုး အာဏာဖြင့်မိန့်မြွက်တော်မူခဲ့ပါသည်။ နှုတ် တော်ထွက်စကားများသည် ရှင်းလင်းပြတ်သားပြီး နားလည်သဘောပေါက် လွယ် သဖြင့် ကပေရနောင်မြို့မှာတုန်း ကကဲ့သို့ပင်၊ အာဏာတော်နှင့်ဟောတော်မူသော ကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ၏ လုကာ ၄း၃၂။ မိမိ ယူဆောင်လာ ခဲ့သောကောင်းချီးမင်္ဂလာများကို ငြင်းပယ်သောသူအားလုံးအတွက် နောက် ဆက်တွဲခံစားရမည့်ဘေးဒုက္ခများအကြောင်းကို အမျိုးမျိုးရုပ်လုံးဖော်၍ တရား နာပရိသတ်အား ကိုယ်တော်ရှင်သတိပေးတော်မူခဲ့ပါသည်။ မိမိသည်ဘုရား သခင်ထံမှကြွလာတော်မူသောသူဖြစ်ကြောင်း၊ ရနိုင်သမျှသောသက်သေသာဓက များကိုပြတော်မူခဲ့ပြီး၊ ၎င်းတို့အားနောင်တရစေရန် တတ်နိုင်သမျှကြိုးစားတော်မူခဲ့ ပါသည်။ ကိုယ်တော်သည် မိမိ၏လူများအား ထိုကဲ့သို့သောမှားယွင်းသည့် လုပ်ရပ် များမှကယ်တင်နိုင်ခဲ့မည်ဆိုလျှင် ၎င်းတို့သည် ကိုယ်တော်အားငြင်းပယ် ကြလိမ့်မည် မဟုတ်ချေ၊ အသေသတ်ကြလိမ့်မည်မဟုတ်ချေ။

         လူအပေါင်းတို့သည် ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းများကို ကိုယ်တော်ရှင် သိကျွမ်းခြင်းအတွက်အံ့ဩနေကြပြီး၊ ဤသူသည်စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု တစ်ဦးကိုတစ်ဦးမေးမြန်းကြ၏။ ယုဒဘာသာ ရေးများကျောင်း တွင် စာပေကျမ်းဂန်များကို သင်ကြားခဲ့သူမဟုတ်ခဲ့လျှင် မည်သူ့ ကိုမျှအရည်အချင်း ပြည့်သောဘာသာရေးဆရာတစ်ဦးဖြစ်သည်ဟု မမှတ်ယူကြ ချေ။ ထိုကျောင်းများ တွင်မနေခဲ့ဖူးသောသခင်ယေရှုနှင့် နှစ်ခြင်းဆရာယောဟန် နှစ်ဦးစလုံးတို့အား ပညာ မဲ့များအဖြစ်သတ်မှတ်ခဲ့ကြပါသည်။ မိန့်တော်မူသည်  ကိုကြားရသူအပေါင်းတို့သည် စာမသင်ဘဲလျက်သမ္မာကျမ်းစာကိုသိရှိနားလည် ခြင်းအတွက် အံ့အားသင့်ခဲ့ ကြပါ သည်။ ကိုယ်တော်နှင့်ဆရာယောဟန်တို့တွင် လူသားဆရာများမရှိခဲ့ကြသော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရား သခင်သည် ၎င်းတို့၏ဆရာဖြစ်တော်မူခဲ့ပြီး အမြင့်မားဆုံးသောဥာဏ်ပညာ များကို ၎င်းတို့ရယူခဲ့ကြပါသည်။

         သခင်ယေရှုသည် ဗိမာန်တော်တွင်တရားဟောစဉ် လူအများသည် မှင် သက်မိနေခဲ့ကြပါသည်။ ကိုယ်တော်ရှင်အားဆန့်ကျင်အကြမ်းဖက်လိုသူများသည် ပင်လျှင် ဒုက္ခပေးရန်တန်ခိုးခွန်အားမရှိတော့ဘဲ၊ အခြားမည်သည့်အရာကိုမျှ စိတ်မ ဝင်စားတော့ချေ။

         ကိုယ်တော်သည် ပွဲတော်၏နောက်ဆုံးနေ့တိုင်အောင် တစ်နေ့ပြီး တစ်နေ့ ယုဒလူများအားသွန်သင်တော်မူခဲ့ပါသည်။ နေ့ဆက်ရက်ဆက်ကျင်း ပခဲ့သော ထိုပွဲ တော်ကြောင့် နောက်ဆုံးသောနေ့ရက်၏နံနက်သို့ရောက်လာသောအခါ ယုဒလူများ သည် မောပန်းနွမ်းရိနေကြပြီး၊ ထိုအချိန်တွင်ယေရှုသည် အသံကိုမြှင့်လျက်ဗိမာန် တော်၌ကြွေးကြော်တော်မူသည်ကား-

         ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့၊ ငါ့ကိုယုံကြည် သော သူသည် ကျမ်းစာလာသည့်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။ ထိုသူများအခြေအနေသည် ဤတောင်းဆိုချက်ကိုအကျိုးသက် ရောက်စေပါသည်။ သူတို့သည်အဆက်မပြတ်ကျင်းပခဲ့ သောအစီအစဉ်များနှင့် ခမ်းအနားများတွင် ပါဝင်ခဲ့ကြပါသည်။ ထွန်းတောက်လျက်ရှိသော မီးရောင်စုံများ ကြောင့် မျက်လုံးများလည်းကျိန်းနေပေပြီ၊ သာယာ သောတေးဂီတသံများကိုလည်း နားဆင်ခဲ့ပြီးပေပြီ၊ သို့ရာတွင်ကျင်းပသွားခဲ့ သောအခမ်းအနားများတွင် ဝိညာဉ်ရေး လိုအပ်ချက်များကိုဖြည့်ဆည်းပေးသည့် အစီအစဉ် တစ်ခုမျှမပါဝင်ခဲ့ချေ။ ယခုတွင်မူ သခင်ယေရှုသည် ၎င်းတို့အတွက် ထာ၀ရအသက်တာစီးဆင်းနေမည့် စမ်းရေတွင်း မှ အသက်စမ်းရေကိုလာ၍ သောက်ကြရန် ခေါ်ဖိတ်တော်မူနေပါသည်။

         တော၌ပြင်းထန်စွာရိုက်နှက်ခြင်းကိုခံခဲ့ရသော ထိုကျောက်အကြောင်းကို ပြန်လည်သတိရစေသော အခမ်းအနားတစ်ခုကို ထိုနံနက်၌ပင် ယဇ်ပုရောဟိတ်က ကျင်းပခဲ့ပါသည်။ ထိုကျောက်သည် မိမိ၏အသေခံခြင်းအားဖြင့် ရေငတ်သူများထံသို့ ကယ်တင်ခြင်းဆိုင်ရာအသက်စမ်းရေစီးဆင်းစေမည့်   ကိုယ်တော်ရှင်ကို ပုံဆောင် ထားပါသည်။ ခရစ်တော်၏နှုတ်ထွက်စကားများသည် အသက်စမ်းရေဖြစ်ပါသည်။ လောကီသားများထံသို့အသက်စမ်းရေစီးဆင်း သွားစေရန်အလိုငှာ စုရုံးနေသော လူအုပ်ကြီး၏အလယ်တွင် ကိုယ်တော်သည် အရိုက်အနှက်ခံယူရန် မိမိကိုယ်ကို သီးသန့်ခွဲခြားထားတော်မူခဲ့ပါသည်။ ခရစ် တော်ကိုရိုက်နှက်ခြင်းဖြင့် အလင်း၏ ဘုရင်ကိုဖျက်ဆီးရန် စာတန်စိတ်ကူးခဲ့ ပါသည်။ သို့ရာတွင် အရိုက်ခံရသည့် ထို ကျောက်မှအသက်ရေများထွက်လာ ခဲ့ပါသည်။ ထိုကဲ့သို့သခင်ယေရှု မိန့်တော်မူ လိုက်သောအခါ ထိုလူများသည် ထူးဆန်းသောရိုသေကြောက်ရွံ့မှုများနှင့်အတူ ဝမ်း သာပီတိဖြစ်ကာ ရေငတ် ခြင်းနှင့်----ကင်းလွတ်မည်အကြောင်း ထိုရေကိုပေး ပါ ဟု ရှမာရိအမျိုးသမီး တောင်းဆိုခဲ့သကဲ့သို့ တောင်းဆိုရန် အသင့်ရှိနေခဲ့ကြပါ သည်။ ယောဟန် ၄း၁၅။

         သခင်ယေရှုသည် အသက်ဝိညာဉ်များ၏လိုအပ်ချက်များကို သိရှိ တော်မူပါ သည်။ ကြီးကျယ်သောအခမ်းအနားများ ကြွယ်၀ချမ်းသာမှုများနှင့် ရာထူးဌာနန္တာရ များက စိတ်နှလုံး၏ကျေနပ်ရောင့်ရဲမှုကိုမပေးစွမ်းပါချေ။ ရေငတ်သူရှိလျှင် ငါ့ထံသို့ လာပါစေဟု ယေရှုရှင်ဖိတ်ခေါ်နေပါသည်။ ဆင်းရဲချမ်း သာမရွေး၊ ဂုဏ်နိမ့်ဂုဏ်မြင့် မရွေး၊ အားလုံးကိုကြိုဆိုဖိတ်ခေါ်နေပါသည်။ ဝန်လေး၍ပင်ပန်းနေသော စိတ်နှလုံး သားများကို သက်သာခွင့်ပေးရန်၊ ဝမ်းနည်း မှုများကိုနှစ်သိမ့်မှုပေးရန်နှင့် စိတ်ပျက် အား လျော့နေသူများအား မျှော်လင့်ချက်ပေးရန် ကိုယ်တော်ကတိထားတော်မူခဲ့ပါ သည်။ ခရစ်တော်၏တရားတော်ကို ကြားနာခဲ့ရသူများထဲမှအများစုသည် မျှော်လင့် ချက်ပျက်ပြားနေကြသည့် ပူးဆွေး ဒုက္ခရောက်နေကြသူများဖြစ်ကြပြီး၊ ထိုပူဆွေး ဒုက္ခရောက်နေသူများထဲမှလူများ စွာတို့သည် အခြားသူများမသိသေးသည့် ဝမ်း နည်းစရာများကို ရင်တွင်မျိုသိပ် ထားလျက်ရှိကြကာ အချို့တို့မှာ ၎င်းတို့၏တောင့် တချက်များကို လောကီ အသုံးအဆောင်များနှင့် လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းများအား ဖြင့် ကျေနပ်မှု ရအောင်ကြိုးစားခဲ့ကြပါသည်။ ထိုအရာများကိုရရှိသော အခါတွင် လည်း မိမိတို့သည်ရေငတ်မပြေစေနိုင်သည့် ရေကန်ပျက်ကြီးဆီသို့ ရောက်အောင် ကြိုးစား နေခဲ့ခြင်းသာဖြစ်ကြောင်း တွေ့ရှိကြရပါသည်။ အရောင်တဖိတ်ဖိတ်တောက် နေသော ဝမ်းမြောက်စရာမြင်ကွင်းအလယ်တွင်ရပ်နေကြသော၎င်းတို့သည် အလို ဆန္ဒမပြည့်၀ကြဘဲ ဝမ်းနည်းပက်လက်ဖြစ်နေကြပါသည်။ ရေငတ်သော သူရှိလျှင် ဟူသော ရုတ်တရက်ထွက်ပေါ်လာသည့်အသံသည် ၎င်းတို့အား ဝမ်းနည်းဖွယ်အာ ရုံပြုမှုများမှ အလန့်တကြားဖြစ်သွားစေခဲ့ပြီး၊ နောက်ပိုင်းဆက်၍ မိန့်တော်မူသော စကားများကိုကြားရသောအခါ ၎င်းတို့၏စိတ်နှလုံးတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ပါသည်။ ထိုစကားများထဲတွင် ပါဝင်နေသည့် ကယ်တင်ခြင်း၏ အဖိုးမ ဖြတ်နိုင်သောဆုကျေးဇူးအတွက် ကမ်းလှမ်းချက်ကို ၎င်းတို့တွေ့မြင်လာသည့် တိုင် အောင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့၏ရှေ့တွင် ထိုအထိမ်းအမှတ်ကို တင်ဆက်တော်မူခဲ့ပါသည်။

         ရေငတ်သောသူများအတွက် ခရစ်တော်ကြွေးကြော်နေသောအသံသည် ယခုထက်တိုင် ပဲ့တင်ထပ်လျက်ရှိပါသည်။ ၎င်းပြင် သကေနေပွဲ၏နောက်ဆုံးနေ့ တွင် ဗိမာန်တော်ရှိတရားနာပရိသတ်အားမိန့်တော်မူခဲ့သောတန်ခိုးတော်ထက်  ကြီး မြတ်သောတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အားတောင်းခံတော်မူလျက်ရှိပါသည်။ အသက် စမ်းရေကို လူအားလုံးအတွက်ဖွင့်ပေးထားပါသည်။ မောပန်းနွမ်းနယ် နေသော သူ များအား ထာ၀ရအသက်နှင့်ဆိုင်သောရေကြည်တစ်ခွက်ကို ပေးကမ်း နေပါသည်။ ရေငတ်သောသူရှိလျှင်ငါ့ထံသို့လာပါစေဟု ခရစ်တော်ကြွေးကြော် တော်မူဆဲဖြစ်ပါ သည်။ ရေငတ်သောသူလာပါစေ၊ အလိုရှိသောသူသည်အဖိုး ကိုမပေးဘဲ အသက် ရေကိုယူပါစေ၊ ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မ ပြတ်ကင်းလွတ်လိမ့်မည်၊ ငါပေးသောရေသည် ထိုသူ၌ ထာ၀ရအသက်ရှင်ခြင်း လိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။ ဗျာဒိတ် ၂၂း၁၇၊ ယောဟန် ၄း၁၄။

 


No comments:

Post a Comment