Tuesday, April 28, 2026

 

ထိန်းချုပ်ခြင်း

ဆဌမပညတ်ချက်

လူ့အသက်ကိုမသတ်နှင့်။” (ထွက်မြောက်ရာကျမ်း ၂၀း၁၃)။

 

         ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊ ရုတ်တရက်ကြီးသေနတ်သံသုံးလေးချက် ထွက် သွား၏။ လူငယ်တစ်စုမြစ်ထဲသို့ ခုန်ချကြ၏။ အားလုံးက ထိခိုက်ထား ကြသည်။ မြစ်ရေစီးကြောင်းနှင့်အတူ ကူးဆင်းသွားသည်အတိုင်း သေ နတ်သမားတို့ကလည်းလိုက်၍ပစ်ကြပြီး “သူတို့ကိုသတ်၊ သူတို့ကိုသတ်” ဟုလည်း နှုတ်ကဆိုကြ၏။ ကျွန်ုပ်ဘယ်သောအခါမျှမတွေ့ မကြုံလိုသော အဖြစ်ပျက်မျိုးဖြစ်၏။

         ရိုင်းစိုင်းသော ဆယ်ကျော်သက် လူငယ်နှစ်ဦးတို့၏ သတ်ဖြတ် ခြင်းလုပ်ရပ်ကြောင့် သက်ဆိုင်ရာမိသားစုတစ်ဘက်နှင့်တစ်ဘက်ရန်ငြိုး ရန်စဖြင့် ဆက်လက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ကို ၁၈၈၄ ခုနှစ်တွင် Mark Twain ဆိုသူကရေးသားခဲ့၏။ စိတ်ကူးယဉ်ဝတ္ထု ပင်ဖြစ်သော်လည်း ထိုအဖြစ်အပျက်မျိုး သူ့အချိန်အခါ၌ သူ့ပတ်ဝန်းကျင် တွင်ဖြစ်ခဲ့သော အဖြစ်မှန်များကို ညွှန်းဆို၏။ ထိုသို့ လူမျိုးနွယ်စုချင်း ဆိုင် ပြိုင်ဖြစ်ပွားသည့်တိုက်ခိုက်မှုမျိုး နှစ်ဆယ်ရာစုထဲတွင် ကြမ်းကြမ်းတမ်း တမ်းပင် အဆက်မပြတ်ဖြစ်လျက်ရှိပေ၏။ လူငယ်နှစ်ယောက်မှအစပြု၍ တစ်ဘက်စီတို့၏ မွေးချင်းညီအစ်ကို၊ ဆွေမျိုး၊ အသိုက်အဝန်းတို့ပါလာပြီး ကာလကြာရှည်သည့်တိုင်အောင် ရန်ငြိုး သိုလျက် မဆုံးနိုင်ကြ။

         ကင်တူကီနှင့်အနောက် ဗာဂျီးနီးယားနယ်စပ် တစ်ဖက်တစ်ချက် စီတွင်နေကြသော ဟက်ဖီးလ်(Hatfields)နှင့် မက်ကွိုင်(McCoys) နှစ်ဖွဲ့ တို့ တရားမဝင်ရန်ပွဲတွင်လည်း အထိအခိုက် အတော်ဖြစ်ခဲ့၏။ အခြေခံ ရန်ငြိုးကထင်ထင်ရှားရှားမရှိလှသော်လည်း (၁၈၇၈)ခုနှစ်တွင် ကြီးကျယ် သော တိုက်လှန်ပွဲသည် လောဘပြည့်မွမ်းလျက်ရှိသော ထိုအုပ်စုနှစ်စု
ကြားဖြစ်ပွားခဲ့တော့သည်။ ရန်ပွဲအပြင်းထန်ဆုံး၌ ဦးရေ (၅၀) ထက်မက သော လက်နက်ကိုင်ဆောင်သူတို့သည် တစ်ဖက်သို့ဖြတ်လျက် ရုတ် တရက်စစ်ပွဲခင်းကျင်းတော့၏။ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်သတ် ဖြတ်မှုသည် ၁၈၉ဝ နှစ်လယ်ပိုင်းတိုင်အောင် တည်ခဲ့ကာ မိသားစုနှစ်စု စလုံး၌ များစွာသောသေကြေပျက်စီးခြင်း၊ ဆုံးရှုံးခြင်းသို့ ရောက်ခဲ့ကြ၏။

         ဤအကြောင်းအရာများကို ဥပမာပြလျက် အဘယ်ကြောင့် ဆဌမပညတ်ချက်ကို ချိုးဖောက်ခြင်းအဖြစ်ဖေါ်ဆိုသည်ဟု သင်ထင်ပါ သလဲ။ ကျွန်ုပ်ပြုသမျှသောအရာများနှင့် မပတ်သက်သောကြောင့်ဖြစ် သည်။ ထိုသို့သော အမှုမျိုးကိုမဆိုနှင့်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချောင်းမြောင်းကာ ရန်ပြုမည်မရှိခဲ့ဖူးသောကြောင့် ကျွန်ုပ်အပြစ်ရှိသည် ဟု မခံစားရချေ။

         တစ်နေ့၌ ကျွန်ုပ်တစ်ယောက်တည်း Wal-Mart သို့ ကားဖြင့် ဆင်းသွား၏။ သည်တစ်ခါလောက် ကားပတ်ကင်း နေရာကျပ်သည်ကို မကြုံခဲ့ဖူးပါ။ အပေါ်၊ အောက်၊ အရှေ့၊ အနောက်လှည့်ပတ်ကြည့်ရာ နောက်ဆုံးအောက်ထောင့်စွန်းတွင် နေရာလွတ်တစ်ခုကို တွေ့၍ ကား ပတ်ကင်းထိုးရန်ရောက်သွား၏။ သို့သော် ဘာဖြစ်သွားပါလိမ့်။ တစ်စုံ တစ်ယောက်သောသူ ကျွန်ုပ်၏ နောက်၌ ကပ်ပါလာခဲ့ပြီး ထိုနေရာသို့ ရုတ်တရက်ထိုးဝင်လိုက်၏။

         ဟား စက္ကန့်ပိုင်းအတွင်းမှာ ကျွန်ုပ်ခုန်ပျံလိုက်ပြီး (တာဇံများလား ဟုထင်ရအောင်) ထိုသူ၏လည်ပင်းကို အတင်းဖမ်းဆွဲလိုက်မည်ဟု စဉ်း စားနိုင်ရုံလောက်သာ ရှိခဲ့ပါသည်။ ကျွန်ုပ်အမှန်တကယ်မပြုခဲ့ပါ။ ထို့ အတွက် ကျွန်ုပ်ဘာမှမကျူးလွန်ခဲ့ပါ၊ ဟုတ်ပါသလား။

အထဲမှာကျားတစ်ကောင်

         ကျွန်ုပ်တို့ အိမ်၌ မွေးထားသော ကြောင်လိမ္မာလေးတစ်ကောင် ရှိ၏။ သင်ထိုင်ချလိုက်သည်နှင့် သင့်ထံသို့လာပြီး သူ၏ နှုတ်ခမ်းမွေးများ နှင့် သင့်အားတိုးဝှေ့ပြီး ပွတ်သီးပွတ်သပ်ပြုပေလိမ့်မည်။ ထိုသို့ ဖော်ရွေ တတ်သည့်သဘောကြောင့် ချစ်စရာကောင်း၏။

         မေးခွန်းတစ်ခုမေးပါရစေ။ ကြောင်တစ်ကောင်နှင့်ကျား တစ်ကောင် ဘာကွာခြားသနည်း။ အဖြေမှန်ကို သင်သိသလား။ ၎င်းတို့၏ အရွယ်အစားဖြစ်ပါသည်။

         သင့်ကိုယ်သင်မကျီစယ်(မလှည့်စား) ပါနှင့်။ သင်နှင့်ကျွန်ုပ်တို့မှာ

ရှိသော ချစ်စရာကြောင်ကလေးတွင် ကျားတစ်ကောင်၌ရှိသောဦးနှောက် နှင့်သဘာဝစိတ်များအပြည့်အစုံရှိပြီး သွေးအေးသော (အကြင်နာကင်းမဲ့ သော)သတ္တဝါမျိုးသာဖြစ်ပေသည်။ အကယ်၍ ကျွန်ုပ်၏ အရွယ်က သူ့ ထက်ငယ်ပြီး သူ၏အရွယ်က ကျွန်ုပ်ထက်ကြီးပါမူ ကျွန်ုပ်အား သူကခြံ နောက်ဖေးရှိခုံတန်း၌ နားနေတတ်သော (သူအမြဲချောင်းမြောင်းပြီး လိုက် ဖမ်းနေကျ) စာကလေးကဲ့သို့ သဘောထားပေလိမ့်မည်။

         ဆဌမပညတ်ချက်နှင့် ပတ်သက်၍ သခင်ယေရှုပြောရာတွင် သင်၏အရွယ်က အကြောင်းမဟုတ်ပါ။ သင်၏ စိတ်၌ ကျားတစ်ကောင် ၏ သဘောရှိနေပါလျှင် သင်သည် ကျားတစ်ကောင်ဖြစ်၏ဟု ဆိုပါသည်။

         အောက်ပါသူ၏ဆိုလိုရင်းစကားကို ဆင်ခြင်ပါ။

         လူအသက်ကိုမသတ်ရဟူသောရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား ညီအစ်ကိုကို အထောက်မတန် အမျက် ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် (ငရဲ)၌ မီးရှို့ခြင်းကိုခံထိုက်ပေ၏။” (မဿဲ ၅း၂၁၊ ၂၂)။

         ဘာကိုဆိုလိုသနည်း။ တစ်စုံတစ်ယောက်သောသူက သင့်အား ရန်စသောအခါ သင့်စိတ်နှင့် အမူအရာတို့ကို မထိန်းချုပ်နိုင်ခဲ့လျှင် Hatfields နှင့် McCoys တို့နှင့်မထူး၊ အရွယ်အစားသာကွာပေမည်။
အကယ်၍ သင်သည် သူတို့၏ နေရာတွင်ရှိလျှင် သူတို့ကဲ့သို့သာပြုမည် ဖြစ်သောကြောင့်တည်း။

 

ပြည့်စုံသောအဖြေ

         များသောအားဖြင့် လူမှုရေးပြဿနာတို့အတွက် ပြည့်စုံသော အဖြေကို သိကြပါသည်။ ကျွန်ုပ်တို့အပေါ် ကောင်းနေသောသူတို့အား ပြန်၍ ကောင်းနိုင်ကြ၏။ သို့သော် သခင်ယေရှုက “သာသနာပလူတို့ပင် ထိုအတူပြုကြသည်မဟုတ်လော” (မဿဲ ၅း၄၇) ဟု မိန့်တော်မူ၏။ မေးခွန်းအမှန်ကတော့ သင့်ကို နာကျင်စေသူအား သင်အမှန်တကယ် ကြင်နာနိုင်မည်လား။ သင့်ကို မှားယွင်းစေသူအား သင်အမှန်တကယ် ချစ်နိုင်ပါသလား။

         မလွယ်လှပါ။ ထိုသို့နှင့် ဆဌမပညတ်ချက်အပေါ် သခင်ယေရှု အဆိုကို လူအများက ၎င်းသည် လွန်ကဲသောဥပမာတစ်ခု၊ လက်ရှိ တည် နိုင်ခြင်း၏ တစ်ဖက်သို့မရည်ရွယ်၊ မတော်မြင့်မြတ်သော သူတော်စင် တချို့အတွက်သာဖြစ်လိမ့်မည် စသည်တို့ဖြင့် ထင်မှတ်ကြသည်။

         ထိုအချက်ပေါ် သခင်ယေရှု၏ သွန်သင်ချက်ကို ယခုကျွန်ုပ်တို့ နေထိုင်ကြသော မျက်မှောက်ကမ္ဘာမှာ ယင်းစကားလုံးအတိုင်း တိတိ ကျကျ အသုံးပြု၍ မရနိုင်ပါဟု ဆွေးနွေးပွဲတစ်ခုတွင် ကြားခဲ့ရဖူးပါသေး သည်။

တစ်ခုတည်းသောနည်းလမ်း

         ကျွန်ုပ်လုံးဝသဘောမတူနိုင်ပါ။ စိတ်ကူးဆန်သော အနုအလှနှင့် တခြားစီဖြစ်သော သခင်ယေရှု၏ ဉာဏ်ပညာအမြော်အမြင်အတွက် အရေးကြီးသော အဆိုပြုချက်သုံးခု (အသက်ရှင်ရန် အမှန်တကယ် ဆီ လျော်၍ လက်တွေ့ကျသောနည်းလမ်းဖြစ်သည်)။

(၁) အဓမ္မအနှောင်အဖွဲ့ကို ဖြတ်တောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

         မဆုံးနိုင်သော ကလဲ့စားအနှောင်အဖွဲ့၌ ရွေးချယ်စရာကလဲ့စား သာရှိသည်။ ထိုကြောင့် မဆုံးနိုင်သော ကလဲ့စားချေမှုကို အဆုံးသတ်ရန် သခင်ယေရှု၏နည်းလမ်းကသာ အကောင်းဆုံးဖြစ်၏။ “မျက်လုံး အတွက် မျက်လုံး၊ သွားအတွက်သွား” ဆိုသည့်ဖြတ်ထုံးမှာ အတိဒုက္ခ ရောက်ရန် ဖော်စပ်ထားသော ဆေးညွှန်းသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် မကုသနိုင်သောကြောင့်တည်း။ အနှစ်(၂၀)လုံးလုံး သရုပ်ပြခဲ့သော Hatfields နှင့် McCoys တို့၏ အဖြစ် ဆိုးက သက်သေဖြစ်၏။ အစ္စရေးနှင့်ပါလက်စတိုင်းတို့၏ အမှုအရေးက သည့်ထက်ပင်ကြာလိမ့်မည်။

         အဘယ့်ကြောင့် သခင်ယေရှု၏နည်းကို မခံယူချင်ကြသနည်း။ ဤနည်းလမ်းက မိသားစုကြီး၊ လူမျိုးစုတို့နှင့်ဆိုင်သော အာဃာတ အမုန်း များအတွက်ကိုသာမက အကြမ်းဖက်မှုအသေးစားဖြစ်သော ထပ်ခါတလဲ လဲ ကျွန်ုပ်တို့ လုပ်မိနေကျဖြစ်သည့် အတင်းအဖျင်းနှင့် ဝေဖန်ပြစ်တင် ရှုတ်ချခြင်းများအတွက်ကိုပါ ကုသပေးနိုင်သည်။ ကြမ္မာဆိုး သံသရာမှ လွတ်လိုသောငှါ သူတစ်ပါး၏ ရန်စမှုအတွက် ဒေါသမာနကို ထိန်းချုပ်မျို သိပ်ရန် စိတ်ပိုင်းဖြတ်နိုင်သောသူဖြစ်ဖို့ သခင်ယေရှုက နောက်လိုက်သူ များအား မိန့်တော်မူပါသည်။ (မဿဲ ၅း၃၉။ သုတ္တံ ၁၅း၁)။

         အိမ်ထောင်အကြံပေးအရာရှိဖြစ်သော ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦး က အများအားဖြင့်သာ ပြတ်စဲကွာရှင်းမှုများသည် အသေးအဖွဲ ကိစ္စရပ် များမှ အစပြုသည်ဟု ဆိုခဲ့ဖူးပါသည်။ ထိုအကြောင်းကို တမန်တော် ရှင်ယာကုပ်က “အလွန်ကြီးသော သစ်တောကို သေးငယ်သော မီးပွား ကလေးက လောင်ကျွမ်းစေနိုင်သည်ကို စဉ်းစားကြည့်ပါလေ” ဟု ရှင်း လင်းစွာဖော်ပြထားပါသည်။ (ယာကုပ် ၃း၅)။


         အေးစက်သောဆက်ဆံရေး၊ သူတစ်ပါးကိုကျောဘက်နောက်ခိုင်း ထားခြင်း၊ အော်ဟစ်ခြင်းမပြုသော်လည်း မျက်နှာကို သုန်သုန်မှုန်မှုန် ထားခြင်းစသည့် အနုနည်းရန်စောင်မှုမျိုးတို့သည်လည်း အကြင်နာ ကင်း မဲ့ခြင်းကို ဖော်ပြပေသည်။

(၂) ထိန်းချုပ်နိုင်ရန်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

          မူမမှန်ခြင်းများကို ဒေါသထွက်ခြင်း၊ မုန်းတီးခြင်းနှင့် အမျက်သို ခြင်းများတို့ဖြင့်တုံ့ပြန်ခြင်းသည် သူတစ်ပါး၏ ထိန်းချုပ်မှုကို ကိုယ့်အပေါ် သို့ သက်ရောက်စေခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့၏ ခံစားချက်များ၊ စိတ် နေသဘောထားများနှင့် တုံ့ပြန်မှုများတို့ကို ခြယ်လှယ်ဖို့ ခွင့်ပြုလိုက်ခြင်း လည်းဖြစ်သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို ထိုမတရားစိုးမိုးမှုမှ လွတ် မြောက်ပြီး ကိုယ်ပိုင်ထိန်းချုပ်မှုဖြင့် ရသော စိတ်ချမ်းသာမှုကို ပြန်၍ ပေး လိုပါသည်။

         ထိုအတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို သင်မပြုမချင်း င်ရ မည်မဟုတ်၊ တရားနည်းလမ်းမဟုတ်သော တုံ့ပြန်မှုသဘောသည် ရက် စက်ပြီး အသိတရားမရှိသော သူ၏ အုပ်စိုးမှုအောက်တွင် မိမိကိုယ်ကို ထားရှိလိုက်ခြင်းဖြစ်၏။ သခင်ယေရှု၏ နည်းလမ်းက ကိုယ်စီကိုယ်င အား ဤသို့သော တတ်နိုင်စွမ်းကိုပေး၏။ “မုန်းတီးဖို့ ငါ့ကို မင်းအတင်း အကျပ်မလုပ်နိုင်ပါ။ ငါ့အသက်တာကို ခါးသီးစေဖို့ မင်းကို ခွင့်မပြုပါ။ ငါ့နေ့ရက်တွေကို ဒေါသတွေနဲ့ မကုန်လွန်စေချင်ဘူး။”

         တုံ့ပြန်ခြင်း သဘောသည် သူတစ်ပါးအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် လက်နက်အဖြစ်တည်သည်။ ခရစ်ယာန်အသက်တာ၌တည်သော ခံယူ ခြင်းသဘောသည်ကား သူတစ်ပါးအား လွှမ်းမိုးချုပ်ကိုင်မည်မဟုတ်ဘဲ မိမိကိုယ်ကို ထိန်းချုပ်ရန် အတွက်သာဖြစ်ပေသည်။ ထို့အတူ လွတ်လပ် ခြင်း (independence) မဟုတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) သာဖြစ်သည်။ လွတ်လပ်ခြင်း (independence) ဆိုသည်မှာ နောက် ဆုတ်ခြင်းနှင့် သူတစ်ပါးထံပြန်လှည့်ခြင်း၊ တုံ့ပြန်ခြင်းကိုဆိုလို၏။ ကိုယ်ပို င်အုပ်ချုပ်ခွင့် (autonomy) ဆိုသည်မှာ လွတ်လပ်ခြင်း၏ တန်ဖိုးကို နား လည်သဘောပေါက်ပြီး တစ်ဦးနှင့်တစ်ဦး ဆန္ဒအလျောက် အပြန်အလှန် အကျိုးပြုစေသော ဆက်ဆံရေးကိုမငြင်းဆန်ဘဲ ဘုရားပေးသော မိမိ အသက်တာကို မိမိအုပ်ချုပ်နိုင်သည့်အခွင့်အရေးတစ်ရပ်ကို လေးစားရန် သာဆိုပါသည်။

         ခရစ်ယာန်ဆက်ဆံရေး၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ ဆိုလိုရင်း အဓိ ပ္ပါယ်တွင် မုန်းတီးခြင်းကို ရပ်တန့်စေရန် ဆိုသည်ထက်သာလွန်သည်။ အမုန်းတရား၏ နေရာတွင် မေတ္တာတရားကို အစားထိုးရန် လိုအပ်သေး သည်။ သခင်ယေရှုက-

         “သင်တို့၏ ရန်သူကိုချစ်ကြလော့။

         သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။

         သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။

         သင်တို့ကိုနှောင့်ယှက်သောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်း

ကြလော့” ဟုဆိုပါသည်။ (လုကာ ၆:၂၇၊၂၈)။

         ဤဆောင်ပုဒ်ကို တမန်တော်ကြီး ရှင်ပေါလုက လက်တွေ့ဆန် သောဝေါဟာရအဖြစ်၊

         သင်၏ရန်သူသည်မွတ်သိပ်လျှင် လုပ်ကျွေးလော့။

         ရေငတ်လျှင် သောက်စရာဖို့ပေးလော့။

         ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။

         အဆိုးအားဖြင့်အရှုံးမခံနှင့်။

         အကောင်းအားဖြင့် အဆိုးကိုနိုင်လော့” ဟုဆိုထားပါသည်။

         (ရောမ ၁၂:၂၀၊၂၁)။


         အခိုင်မာဆုံးနှင့် အမြင့်မြတ်ဆုံးသော ဖော်ဆောင်ချက်ဖြစ်သည်။ အနိုင်ယူခံရခြင်းမဟုတ်ဘဲ အနိုင်ယူလိုက်ခြင်းသာ ဖြစ်ပေတော့သည်။ (၃) တာဝန်သိစွာလုပ်ဆောင်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

         ကျွန်ုပ်တို့၏အမူအရာနှင့် စိတ်နေသဘောထားတို့ကို ကိုယ့်ရန်သူ မှဆုံးဖြတ်ခြယ်လှယ်ခွင့်ကို မပေးနှင့်ဟု ဆိုထားရာတွင် ကျွန်ုပ်တို့ပေါ် မူတည်သည့် အရေးပါမှုအကြောင်း သခင်ယေရှုက သတိပေးထားပါ သည်။ အကယ်၍ ဒေါသအတွက်ဒေါသ၊ မူမမှန်မှုအတွက် မေတ္တာမပါ သောလျစ်လျူရှုခြင်း စသည့်တုံ့ပြန်မှုကို ပြုမည်ဆိုလည်း ကိုယ့်အပေါ်မှာ သာမူတည်သည်။ ကိုယ်ပိုင်ရွေးချယ်ခွင့်တန်ခိုးရှိခဲ့ပြီးသား ဖြစ်သည်။

         ကျွန်ုပ်တို့သည် မိမိတို့၏ တုံ့ပြန်မှုကို ခွင်ဝင်အောင် သူတစ်ပါး အားအပြစ်ဖို့ တတ်ကြသည်။ ကိုယ့်အမှားမျိုး သူတစ်ပါးလိုက်လုပ်လျှင် ကိုယ့်အဖို့ခံသာမည်ဟုလည်း ထင်တတ်ကြသည်။ “ဟိုဖက်ခန်းကလူ လုပ်လို့ ကျွန်တော်လည်း ဒီလိုလုပ်တာပါ။” “ကျွန်မဟာ အဘွားနဲ့တူလို့ လွယ်လွယ်နဲ့စိတ်ဓာတ်ကျတာပါ။ ဒါဟာဆိုးတာပဲ” စသည့်စကားမျိုးဖြစ် သည်။ အာဒံက ဧဝအပေါ်လွှဲချသည့်စကားမျိုး လူအများအပြား ဆိုကြ သည်။ (ကမ္ဘာဦး ၃း၁၂)။

         မည်ကဲ့သို့သောမိဘမျိုးကိုရရန် ကျွန်ုပ်တို့ မရွေးချယ်နိုင်သကဲ့သို့ ကျွန်ုပ်တို့အား သူတို့မည်ကဲ့သို့ ကြီးပြင်းလာစေသည်ကိုလည်း ရွေးစရာ မရှိပါ။ ထို့အတူများသောအားဖြင့် ကျွန်ုပ်တို့နှင့် ပေါင်းသင်းရသော ကြီး ပြင်းဖော်များကိုလည်းရွေးချယ်၍မရနိုင်ပါချေ။ ပတ်ဝန်းကျင်အခြေအနေ များက ကျွန်ုပ်တို့ကို အတူတကွ သယ်ဆောင်သွား၏။ ကျွန်ုပ်တို့ မည်ကဲ့ သို့တုံ့ပြန်သည်က အရေးပါကြောင်း နားလည်စေပြီး တာဝန်ရှိသည်ဟု ခံယူကာ သူတစ်ပါးကို လက်ညှိုးထိုးခြင်းဖြင့် ကိုယ့်အမှားကို ကာကွယ် တတ်သည့် သဘောထားများကို ဖျောက်ဖျက်ပစ်ရန် သခင်ယေရှုက ကျွန်ုပ်တို့အားအလိုရှိပေသည်။

ခပ်သိမ်းသောခြားနားမှုကိုဖြစ်စေသောစကားလုံး

         ရွှေပညတ်ထဲ၌ မကြာခဏ သတိမပြုမိကြသော စကားလုံးတစ် လုံး ရှိသည်။ ထိုစကားလုံးမှာ “therefore” (ထို့ကြောင့်)ဆိုသော စကား လုံးဖြစ်သည်။ (မြန်မာကျမ်းစာ၌ ထိုစကားလုံးအတိုင်းမပါသော်လည်း ထို သဘောကိုတွေ့ရသည်)။ အဘယ်ကြောင့်ဆိုသော် ရွှေပညတ်ကို စောင့် ထိန်းရမည့် အကြောင်းအရင်းကို ညွှန်ပြသောစကားလုံးပင်ဖြစ်သည်။

         ရွှေပညတ်၌ကား “ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူ တစ်ပါး၌ပြုကြလော့” ဟူ၍ ဆို၏။ (မဿဲ ၇:၁၂-KJV)။ ထိုစည်းမျဉ်းက ကျွန်ုပ်ဘာကိုပြုရမည်ကို ပြော၏။ သို့သော် ရွှေပညတ်မတိုင်မီအပိုဒ်တွင် အဘယ်ကြောင့်ပြုဖို့လိုသည့်အကြောင်းကို ပြောထားနှင့်ပြီ။ အထက်က အပိုဒ်တွင် “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်း သောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသော သူတို့အား ကောင်းသောအရာကို သာ၍ပေးတော်မူမည် မဟုတ်လော” ဟုဆိုထားပါသည်။ (အခန်းငယ် ၁၁)။ (ဘုရားသခင်က သင်တို့အား ထိုကဲ့သို့ပြုပြီ။ “ထို့ကြောင့်” သင်တို့ လည်း သူတစ်ပါးအား ထိုသို့ပြုရမည်ဟူသော သဘောကိုတွေ့နိုင်သည်)။ အင်္ဂလိပ်ဘာသာရပ် (KJV) “therefore” “ထို့ကြောင့်” ကိုယ်၌ သူ တစ်ပါးပြုစေလိုသမျှအတိုင်းဟူ၍ပင် ဖော်ပြထားပါသည်။

         အဘယ်ကြောင့် သူတစ်ပါးအပေါ် ကျွန်ုပ်တို့ ကောင်းရမည်နည်း။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ကောင်းသောကြောင့်ဖြစ်သည်။ အဘယ် ကြောင့် သူတစ်ပါးက ကျွန်ုပ်တို့အပေါ် ပြုသောအရာသည် ကျွန်ုပ်တို့က သူတစ်ပါးကိုပြုရမည့်အရာအတွက် အဆုံးအဖြတ်မပေးသနည်း။ (ကိုယ့် ကို သူတစ်ပါးပြုစေချင်သည်အတိုင်း သူတစ်ပါးအားပြုပါဟု ပြော၏။ ကိုယ်ကို သူတစ်ပါးပြုသလို သူတစ်ပါးအားပြန်ပြုပါဟု မပြောထားပါ)။ ဘုရားသခင်က သူ၏ မေတ္တာကို ကျွန်ုပ်တို့အပေါ်သို့ သွန်းလောင်းသောကြောင့်ဖြစ်သည်။ (ရောမ ၅း၅)။ “ခရစ်တော်သည် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့” ဟု ရှင်ပေါလုကလည်း ဆို ထားပေသည်။ (ကောလောသဲ ၃း၁၃)။

         “ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏” ဆိုသော စကားစုကို ခရစ်ယာန်အများ လက်ကိုင်ထား၏။ ယခု ဤအကြောင်းကို ပြောနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ခွင့် လွှတ်ခြင်းအတွက် တံခါးမကြီးကို ဖွင့်ထား၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုခွင့်လွှတ်ခြင်းနှင့်မထိုက်မတန်ဘဲနှင့်ပင် ခွင့်လွှတ်ခြင်းကို ခံရ၏။

         သီအိုရီကောင်းတစ်ခု၊ အကြံကောင်း ဉာဏ်ကောင်းတစ်ခုမျှသာ မဟုတ်ပါ။ လုံးဝမှန်ကန်သော တရားဖြစ်ပြီး ကိုယ့်ကိုနာကျင်စေသူအား နက်ရှိုင်းသောခွင့်လွှတ်ခြင်းဖြင့် ခွင့်လွှတ်စေပြီး ကွယ်ဝှက်ထားသော အကြံဆိုးမရှိဘဲ သဘောရိုးမေတ္တာဖြင့် ချစ်စေနိုင်သော လက်တွေ့ကျ တရားတော်ဖြစ်ပေသည်။

         နှစ်ဆယ်ရာစုတွင် အရောင်းရဆုံးသော ဒေးလ်ကာနက်ချီ၏ How to Win Friends and Influence People မိတ်ဆွေများစေခြင်းနှင့် လူများအပေါ်သြဇာလွှမ်းမိုးစေရန် (“မိတ္တဗလဋီကာ” ဟုမြန်မာမှုပြုထား သည်)ဆိုသော စာအုပ်ထဲ၌ သူတစ်ပါးအပေါ်ကောင်းပါ၊ သူတစ်ပါးကို ချီးမွမ်းပါ၊ ၎င်းတို့အား စိတ်ပျော်စေပါ၊ ထို့အတွက် အကျိုးကို ခံစားရလိမ့် မည်ဟူ၍ဆိုထား၏။ ထိုသို့သော ချဉ်းကပ်နည်းအားဖြင့် ကျွန်ုပ်တို့မျှော် လင့်နိုင်သော အကောင်းဆုံးထဲတွင် အခါးတုံးကို ပါးလွှာသော ချိုသကာ လွှမ်းလျက် ကျွန်ုပ်တို့၏ သဘာဝအလျောက် တစ်ကိုယ်ကောင်းဆန် သော တုံ့ပြန်မှုတစ်ပိုင်းတစ်စကို တွေ့ရသည်။ ကျွန်ုပ်တို့အား အမှန် တကယ် နာကျင်စေသည်အထိသာ စောင့်ကြည့်ပါ။ ထိုသို့သော စိတ္တ ဗေဒဆိုင်ရာနည်းဗျူဟာများက ကျွန်ုပ်တို့၏ မျက်နှာပေါ်မှ မိတ်ကပ်ကို ခွာထုတ်ပြီး ဆာလောင်နေသော ကျားတစ်ကောင်၏ အသွင်သို့ပြောင်း သွားပေမည်။

         ကျွန်ုပ်တို့ခံစားရရှိခဲ့သော ခွင့်လွှတ်ခြင်း၏ နက်ရှိုင်းကြီးမားမှုကို နက်နက်နဲနဲ နားလည်သွားသောအခါမှသာလျှင် ကျွန်ုပ်တို့၌ စစ်မှန်သော ခွင့်လွှတ်ခြင်းရှိလာနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကို အပြစ်လွှတ်ခြင်းခံရ သော အပြစ်သားဟုမြင်လာသည်နှင့် မိမိကိုနာကျင်စေခဲ့သူအား လှည့်တုံ့ ပြန်လိုသည့်မာနစိတ်များ ပျော်ကျသွားပေလိမ့်မည်။ ထိုအခါ ၎င်းတို့အား ကျွန်ုပ်တို့၏ ဘဝခရီးသွားဖော်အဖြစ်မြင်ပြီး သူလိုကိုယ်လို အနုတ်သဘာ ဝ၏တန်ခိုးကို တွန်းလှန်တိုက်ခိုက်နေရသူပါလားဟု သဘောပေါက်လာ မှာဖြစ်သည်။ ထိုအခါမှသာလျှင်အမုန်းတရားနေရာတွင် မေတ္တာတရားက အစားထိုးဝင်လာကာ စစ်မှန်သော ခွင့်လွှတ်ခြင်းများ စီးဆင်းလာမည်ဖြစ် ၏။ အခြားသောလမ်းမရှိပါ။

         စစ်မှန်သောမေတ္တာသည် ဘုရားသခင်ထံမှ လက်ဆောင်တစ်ခု ဖြစ်၏။

         မေတ္တာသည် သည်းခံတတ်၏။

         သနားကြင်နာတတ်၏။

         မနာလိုစိတ်မရှိ။

         မေတ္တာသည် ကြွားဝါမှုမရှိ။

         မာန်မာနမရှိ။

         မလျောက်ပတ်သည့်အမှုကိုမပြုတတ်။    

         ကိုယ်ကျိုးကိုမရှာတတ်။

         ဒေါသအမျက်မထွက်တတ်။

         သူတစ်ပါး၏အပြစ်ကိုမှတ်၍မထားတတ်။

         မကောင်းမှုဒုစရိုက်ကြောင့် ဝမ်းမြောက်ဝမ်းသာမရှိတတ်။

         သမ္မာတရားကြောင့် ဝမ်းမြောက်တတ်၏။

          မည်သည့်အခါမျှ လက်လျော့အရှုံးမပေးတတ်။

          မေတ္တာသည် အမြဲယုံကြည်တတ်၏။

         အမြဲမျှော်လင့်တတ်၏။

         အမြဲသည်းခံတတ်၏။”

                                  (၁ကော ၁၃း၄-၇)။

 

         စစ်မှန်သောမေတ္တာသည် မြတ်သောဆုကျေးဇူးတစ်ခု၊ ဘုရား သခင်ကိုယ်တော်တိုင်ထံမှဖြစ်၏။

No comments:

Post a Comment