မင်္ဂလာလက်ထပ်ပွဲ၌
ရှင်ယောဟန်
၂း၁-၁၁ ကိုအခြေပြုထားပါသည်
“သခင်ယေရှုသည် မိမိ၏အမှုတော်ကို
ယေရုရှလင်မြို့ရှိ ဆန်ဟီဒရင်အဖွဲ့ရှေ့တွင် ကြီးကျယ်သော လုပ်ဆောင်မှုများအားဖြင့်
အစပြုခဲ့ခြင်းမဟုတ်ပါ။ ဂါလိလဲရွာငယ်ကလေးတစ်ခုတွင် ကျင်းပသောလက်ထပ်ပွဲ၌
စုရုံးနေသောအိမ်သူအိမ်သားများ၏ ဝမ်းမြောက်မှုအတွက် တန်ခိုးတော်ကို စတင်အသုံးပြုခဲ့ပါသည်။
ဤနည်း အားဖြင့်
လူသားများအပေါ်တွင် ထားရှိခဲ့သော ကိုယ်တော်၏ကိုယ်ချင်းစာတရားနှင့် လူသားများ ပျော်ရွှင်မှုရရှိ ကြရန်
မစလိုသောကိုယ်တော်၏အလိုတော်ကို ထင်ရှားစေခဲ့ပါသည်။ ခရစ်တော်ကိုယ်တော်တိုင်သည်
ဒုက္ခဆင်းရဲ ခြင်းခွက်ဖလားကို
တောထဲ၌စုံစမ်းခြင်းခံရစဉ်အခါက သောက်ခဲ့ပြီးဖြစ်ပါသည်။ လူသားများ၏ အသက်တာနှင့် ဆက်နွှယ်မှုများကိုသန့်ရှင်းစေရန်
ကောင်းချီးပေးခြင်းအားဖြင့်ကိုယ်တော်သည် ကောင်းချီးမင်္ဂလာဖလားကို လူသားများအား ပေးသနားရန်
ပေါ်ထွန်းတော်မူခဲ့ပါသည်။
သခင်ယေရှုသည်
ယော်ဒန်မြစ်မှ ဂါလိလဲပြည်သို့ပြန်လည်ကြွမြန်းလာခဲ့ပါသည်။ ထိုအချိန်တွင်
နာဇရက်မြို့နှင့် မနီးမဝေးတွင်ရှိသော ကာနမြို့တွင် ယောသပ်နှင့်မာရိတို့၏
ဆွေမျိုးသားချင်းထဲမှ လက်ထပ်ပွဲ တစ်ခုရှိပါသည်။ မိသားစုများသည်
ထိုနေရာတွင်ရောက်ရှိနေကြမည်ကို သိသဖြင့် ကာနမြို့သို့သွားတော်မူခဲ့ရာ
ကိုယ်တော်ရှင်နှင့်တကွ တပည့်တော်များသည် လက်ထပ်ပွဲသို့ တက်ရောက်ရန်
ဖိတ်ကြားခြင်းခံရပါသည်။
ကိုယ်တော်သည်
အချိန်အတော်ကြာခွဲခွာခဲ့ရသော မယ်တော်ကိုတစ်ဖန်တွေ့ဆုံခွင့်ရခဲ့ပြန်တော်မူသည်။
မာရိအနေနှင့်လည်း ယော်ဒန်မြစ်၌နှစ်ခြင်းခံစဉ်တွင်
ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအကြောင်းကို ကြားသိခဲ့ ပြီးဖြစ်ပါသည်။
ထိုသတင်းများသည် နာဇရက်မြို့သို့ ရောက်လာပြီး သူမ၏စိတ်နှလုံးတွင်
နှစ်ပေါင်းများစွာ တိမ်မြုပ်နေသောမြင်ကွင်းများကို ပြန်လည်သစ်ဆန်းစေခဲ့ပါသည်။
မာရိသည် အခြားဣသရေလ များနည်းတူ ဗတ္တိဇံဆရာယောဟန်၏ အမှုတော်ကြောင့်
စိတ်လှုပ်ရှားခဲ့ရပါသည်။ ဆရာယောဟန်မွေးဖွားစဉ်က ဘုရားသခင် ပေးတော်မူခဲ့သော
အနာဂတ္တိစကားကို သူမကောင်းစွာသတိရခဲ့ပါသည်။ ယခုအချိန်တွင် သခင်ယေရှုနှင့်
ဆရာယောဟန်အကြား ဆက်နွှယ်နေမှုသည် သူမ၏မျှော်လင့်ခြင်းကို အသစ်ဖြစ်စေခဲ့ပါသည်။
သို့သော် သခင်ယေရှုသည် တောထဲသို့ထွက်ခွာသွားကြောင်း နိမိတ်မကောင်းသည့်
သတင်းကြောင့် သူမသည် စိတ်သောက ရောက်ခဲ့ရပါသည်။
သူမသည် နာဇရက်မြို့ရှိနေအိမ်တွင်
ကောင်းကင်တမန်၏ကြေညာချက်ကိုကြားခဲ့ရသည့်အချိန်မှစ၍ သားတော်သခင်ယေရှုသည်
မေရှိယဖြစ်ကြောင်း သက်သေအထောက်အထားတိုင်းကို စုဆောင်းမှတ်သားခဲ့ပါ သည်။
ကိုယ်တော်၏ကောင်းမြတ်၍ အတ္တကင်းသောအသက်တာသည် ၎င်းအားမေရှိယဖြစ်ကြောင်း သက်သေ
အထောက်အထားတိုင်းကို စုဆောင်းမှတ်သားခဲ့ပါသည်။ ကိုယ်တော်၏ကောင်းမြတ်၍ အတ္တကင်းသော
အသက် တာသည် ၎င်းအားမေရှိယဖြစ်ကြောင်း စိတ်ချစေခဲ့ပါသည်။ သို့စေကာမူ
သံသယစိတ်များနှင့် စိတ်ပျက်စရာများ တို့ကိုလည်း သူမခံစားရပြီး ကိုယ်တော်၏
ဘုန်းတော်ထင်ရှားမည့်အချိန်ကို သူမစောင့်စားခဲ့ပါသည်။ ခရစ်တော်၏
မွေးဖွားခြင်းနှင့်ပတ်သက်သော နက်နဲမှုများအကြောင်းကိုမျှဝေအသိပေးခဲ့သူ၊
သူမ၏ခင်ပွန်း ယောသပ်သည် သေခြင်းအားဖြင့် သူမအားခွဲခွာခဲ့ပေပြီ။ ယခုအချိန်တွင်
သူမ၏မျှော်လင့်ချက်များနှင့် စိုးရိမ် ကြောက်ရွံ့မှုများကို
နှစ်ကိုယ်ကြားတိုင်ပင်ရမည့်သူ တစ်ဦးမျှမရှိတော့ချေ။ လွန်ခဲ့သောနှစ်လတွင် သူမသည်
ဝမ်းနည်းပူဆွေးခဲ့ရပါသည်။ မိမိအားစာနာချစ်ခင်ကာ စိတ်ချမ်းသာမှုပေးသော
သားတော်မောင်သည် သူမအား ခွဲခွာခဲ့သဖြင့် “ထိုမှတစ်ပါး သန်လျက်သည်
သင်၏စိတ်နှလုံးကိုခွင်းလိမ့်မည်” ဟူ၍ မြွက်ဆိုခဲ့သောရှိမုန်၏ စကားများအပေါ်
မယ်တော်သည် ပြန်ပြောင်းဆင်ခြင်မိခဲ့ပါသည်။ သခင်ယေရှုပျောက်ဆုံးသွားပြီအထင်နှင့်
သုံးရက်တိတိ စိတ်သောကရောက်ခဲ့ရပုံများကိုလည်းကောင်း၊ သားတော်၏ပြန်အလာကို
စိုးရိမ်တကြီးဖြင့် စောင့်မျှော်ခဲ့ရသည်ကိုလည်းကောင်း သူမပြန်လည်သတိရမိခဲ့ပါသည်။
လက်ထပ်ပွဲတွင်ကိုယ်တော်အားတွေ့ဆုံသောအချိန်တွင်
ယခင်ကအတိုင်းပင်ယေရှုသည်နူးညံ့သိမ်မွေ့၍ တာဝန်ကျေပွန်သော
သားတစ်ယောက်ဖြစ်နေသေးသော်လည်း မျက်နှာအသွင်အပြင်မှာမူ ယခင်ကနှင့် မတူ တော့ချေ။
မျက်နှာတော်တွင် တော၌တွေ့ဆုံရင်ဆိုင်ခဲ့ရသော တိုက်လှန်ပွဲ၏အစအနများနှင့် မိမိ၏ ဘုရားပေး
အမှုတော်အတွက် အထောက်အထားကို ထင်ရှားစေသော ဂုဏ်သိက္ခာနှင့်တန်ခိုးတော်များ၏
အသစ်သော သရုပ် သကန်တစ်ခုကို တွေ့မြင်နေရပါသည်။ ကိုယ်တော်ကို ရိုသေကိုင်းရှိုင်းသော
မျက်လုံးများဖြင့် နောက်တော်မှ လိုက်လာသည့် ကိုယ်တော်အား သခင်ဟုခေါ်ကြသော
လူငယ်တစ်စုသည်လည်း အတူပါလာပါသည်။ ဤလူငယ်များသည်
နှစ်ခြင်းမင်္ဂလာပွဲတွင်သော်လည်းကောင်း၊ အခြားနေရာများတွင်သော်လည်းကောင်း မိမိတို့
မြင်ခဲ့၊ ကြားခဲ့ရသည်များကို မာရိအားပြန်လည်ပြောပြခဲ့ကြပါသည်။ “မောရှေသည်
ပညတ္တိကျမ်း၌လည်းကောင်း၊ ပုရောဖက်တို့သည် သူတို့ကျမ်း၌ လည်းကောင်း
အကြောင်းပြု၍ရေးထားသောသူ----ကိုငါတို့သည်တွေ့ကြပြီ” ဟုသူတို့ကပြောဆိုကြ၏။
ဧည့်သည်များစုရုံးလာကြစဉ်
များစွာသောလူများသည် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာ
အချို့ကိုအာရုံစူးစိုက်နေခဲ့ကြပါသည်။
မျိုသိပ်ထားခဲ့သောစိတ်လှုပ်ရှားမှုတစ်ခုသည်ပရိသတ်အားလုံးထဲပျံ့နှံ့သွား ခဲ့ပါသည်။
မာရိ၏သားတော်အပေါ်သို့အံ့ဩစွာဖြင့်ကြည့်ရှုကြလျက် ထိုလူစုကလေးသည်တိုးညင်းသော်လည်း
စိတ်အားထက်သန်သောလေသံများဖြင့် တီးတိုးစကားပြောနေကြပါသည်။ မာရိသည်
သခင်ယေရှုနှင့်ပတ်သက်၍ တပည့်တော်များ၏သက်သေခံချက်ကို ကြားသိရသောအခါ
အချိန်ကြာမြင့်စွာကတည်းက မြတ်နိုးစွာမျှော်လင့်ခဲ့ ရသည့်မိမိ၏မျှော်လင့်ချက်သည်
အလဟဿမဖြစ်ကြောင်းသိရှိကာ ဝမ်းသာအားရဖြစ်နေခဲ့ပါသည်။ သို့စေကာမူ
သားသမီးကိုချစ်တတ်သော မိခင်များတွင်ရှိတတ်သည့် ဂုဏ်ယူဝါကြွားခြင်းများနှင့်
ဤသန့်ရှင်းသော ဝမ်းမြောက် မှုကို မရောယှက်ခဲ့ပါလျှင် သူမသည် လူသားတစ်ဦးထက်ထူးကဲသော
ဝမ်းမြောက်မှုကိုခံစားခဲ့ရလိမ့်မည်တည်း။ လူအများက ကိုယ်တော်အားကြည့်နေကြသည်ကို သူမ
မြင်သောအခါ ကိုယ်တော်ဘုရား၏ သားတော်အမှန် တကယ်ဖြစ်ကြောင်းကို ဤလူစုကလေးရှေ့တွင်
တန်ခိုးပြရန် သူမ မျှော်လင့်တောင့်တခဲ့ပါသည်။ သူတို့ရှေ့တွင်
နိမိတ်လက္ခဏာတစ်ခုပြရန် ကိုယ်တော်အတွက် အခွင့်အရေးကောင်းဖြစ်သည်ဟုလည်း သူမ
မျှော်လင့်ခဲ့ပါသည်။
လက်ထပ်ပွဲကို
ရက်ပေါင်းများစွာဆက်တိုက်ကျင်းပခြင်းသည် ထိုခေတ်ထိုအခါ၏ ဓလေ့ထုံးစံတစ်ခုဖြစ်
ပါသည်။ အရေးကြီးသောဤအခါသမယတွင် လက်ထပ်ပွဲရက်မကုန်ဆုံးမီ
စပျစ်ရည်များကုန်ခမ်းသွားခဲ့ပါသည်။ ထိုကဲ့သို့ဖြစ်သွားသည့်အတွက်
များစွာစိတ်ရှုပ်ထွေး၊ ဝမ်းနည်းမှုများကို ဖြစ်စေခဲ့ပါသည်။ လက်ထပ်ပွဲအချိန်
အတွင်းတွင် စပျစ်ရည်ဖြင့်ကျွေးမွေးခြင်းကို မဖြစ်မနေပြုရပါသည်။
တိုက်ကျွေးရန်ပျက်ကွက်ခြင်းသည် ဧည့်ဝတ်မကျေပွန်ရာရောက်ပါသည်။
သတို့သမီး၊သတို့သားတို့၏ဆွေမျိုးတစ်ဦးအနေဖြင့်မာရိသည် လက်ထပ်ပွဲ ကို
ကူညီစီစဉ်ပေးခဲ့ပြီး ယခုတွင်လည်း စပျစ်ရည်ကုန်သွားသဖြင့် “စပျစ်ရည်မရှိတော့ဘူး” ဟု
ယေရှုအား ပြောကြားခဲ့၏။ ဤစကားများသည် ၎င်းတို့၏လိုအပ်ချက်များအား
ကိုယ်တော်ရှင်မစလိုက မစနိုင်ကြောင်း အကြံပေးချက်ဖြစ်ပါသည်။ သို့သော် ယေရှုက
“အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း၊ ငါ့အတွက် အချိန်မရောက်သေး”
ဟုမိန့်တော်မူ၏။
ဤအဖြေသည်ပြေပြေပြစ်ပြစ်ရှိပုံ
မပေါ်သော်လည်းမယဉ်ကျေးမှုကိုသော်လည်းကောင်း၊ ဟက်ဟက်
ပက်ပက်မရှိခြင်းကိုသော်လည်းကောင်းမဖော်ညွှန်းပါ။
မယ်တော်အားကိုယ်တော်ခေါ်ဝေါ်သုံးစွဲသည့်ပုံစံများသည်
အရှေ့တိုင်းဓလေ့အတိုင်းပြောဆိုသုံးစွဲခဲ့ခြင်းဖြစ်ပါသည်။
လေးစားကြောင်းပြလိုသောပုဂ္ဂိုလ်များကို ထိုကဲ့သို့ခေါ် ဝေါ်အသုံးပြုပါသည်။
ကိုယ်တော်၏ပြုမူဆောင်ရွက်မှုသည် မိမိကိုယ်တိုင်ပေးခဲ့သော “သင်၏မိဘကို ရိုသေ လော့”
ဟူသော တရားတော်နှင့်ကိုက်ညီခဲ့သည်။ မယ်တော်အား ဂရုစိုက်စောင့်ရှောက်ကြရန်
အချစ်ဆုံးသော တပည့်တော်ထံအပ်နှံရန် ကပ်တိုင်ပေါ်မှ ၎င်း၏နောက်ဆုံးပြောဆို
ဆက်ဆံခဲ့ရာတွင်လည်း ခရစ်တော်သည် ထိုနည်းအတိုင်းပင် မယ်တော်အား ခေါ်ဝေါ်ခဲ့ပါသည်။
မင်္ဂလာလက်ထပ်ပွဲနှင့် ကပ်တိုင်နှစ်နေရာစလုံးတွင် အသံနေအသံထား၊
အကြည့်နှင့်ဟန်ပန်များတွင် ဖော်ပြခဲ့သည့် ကိုယ်တော်၏မေတ္တာသည်
မိမိပြောတော်မူခဲ့သော စကားများကို အနက်အဓိပ္ပါယ်ဖော်ပြနေပါသည်။
သူငယ်ဘဝတွင်
ဗိမာန်တော်သို့သွားရောက်လည်ပတ်စဉ်က မိမိရှေ့မှောက်တွင် ပွင့်လင်းလျက်ရှိသော၊
တစ်သက်ပတ်လုံးစွဲမြဲလုပ်ဆောင်ရမည့်အလုပ်၏နက်နဲမှုအနေဖြင့် “မိဘသည်
အဘယ်ကြောင့်ကျွန်ုပ်ကို ရှာရ သနည်း၊ အကျွန်ုပ်သည်အဘအိမ်၌နေရသည်ကို မသိပါသလော”
(လုကာ ၂း၄၉) ဟု ယေရှုက မာရိအားပြော တော်မူခဲ့ပါသည်။ ဤစကားများသည်
ကိုယ်တော်၏အသက်တာတစ်ခုလုံးနှင့် အမှုတော် တစ်ခုလုံး ၏အဓိက
လိုရင်းအချက်ကိုထိမိစေခဲ့ပါသည်။
ဤကမ္ဘာသို့ကြွလာကာပြီးစီးအောင်ဆောင်ရွက်ရမည့်ကယ်တင်ခြင်းလုပ်ငန်း ကြီးအတွက်
အရာရာတိုင်းကို ဆက်လက်မလုပ်ဆောင်တော့ရန် ဆိုင်းငံ့ထားခဲ့ပါသည်။ ယခုတွင်
ဤသင်ခန်းစာကို ကိုယ်တော်သည်ထပ်လောင်းမိန့်မြွက်တော်မူခဲ့ပါသည်။
ခရစ်တော်သည်မိမိ၏သားဖြစ်နေသောကြောင့်သူမသည် ကိုယ်တော်ရှင်ထံတွင်
အထူးတောင်းဆိုချက်များပြုနေမည်ကိုလည်းကောင်း၊ ကိုယ်တော်၏အမှုတော်ထဲတွင်
ဝင်ရောက်ညွှန်ကြားနေမည်ကိုလည်းကောင်း စိုးရိမ်စရာရှိပါသည်။ ကိုယ်တော်သည်
နှစ်ပေါင်းသုံးဆယ်လုံးလုံး၊ မပြောင်းလဲသောမေတ္တာဖြင့် ချစ်ခဲ့၊နားထောင်ခဲ့သော
သားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတွင်မူခမည်းတော်ဘုရား ၏အမှုတော်ကို
ဆောင်ရွက်ရတော့မည်ဖြစ်ပါသည်။ ဘုရားသခင်၏သားတော်တစ်ပါးအနေဖြင့်သော်လည်း ကောင်း၊
လောကသားများ၏ကယ်တင်ရှင်တစ်ပါးအနေဖြင့်သော်လည်းကောင်းမည်သည့် လောကသံယောဇဉ်
များကမျှကိုယ်တော်အားအမှုတော်မှမသွေဖည်စေနိုင်မည့်အပြင်ကိုယ်တော်၏ဆောင်ရွက်မှုများအပေါ်၌
ဩဇာ သက်ရောက်မှုရှိစေမည်မဟုတ်ချေ။ ကိုယ်တော်သည်
အဖခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ရန်လွတ်လပ် စွာရပ်တည်ရပါမည်။ ဤအရာသည်
ကျွန်ုပ်တို့အတွက်လည်း သင်ခန်းစာဖြစ်ပါသည်။ ဘုရားသခင်၏ တောင်းဆို
ချက်များတို့သည်လူသား၏သံယောဇဉ်အနှောင်အဖွဲ့များထက်ပင်ထူးကဲသာလွန်နေပါသည်။
မည်သည့်လောက ဆွဲဆောင်မှုကမျှ ကျွန်ုပ်တို့၏ခြေများကို
ကိုယ်တော်လျှောက်လှမ်းစေလိုသော လမ်းမှမလွဲဖယ်စေသင့်ချေ။
ကျဆုံးနေသောလူသားများအတွက်
တစ်ခုတည်းသောကယ်တင်ခြင်း၏မျှော်လင့်ချက်သည်ခရစ်တော်၌ သာဖြစ်ပါသည်။
မာရိသည်လည်းဘုရားသခင်၏သိုးသငယ်အားဖြင့်သာကယ်တင်ခြင်းကိုရရှိနိုင်မည်ဖြစ်ပါသည်။
သူမသည် မိမိကိုယ်တိုင်အားဖြင့် မည်သည့်ကောင်းမှုကုသိုလ်ကိုမျှ မပိုင်ဆိုင်ချေ။
သခင်ယေရှုနှင့်သူမအကြား သွေးသားတော်စပ်မှုသည် ဝိညာဉ်ရေးဆက်သွယ်မှုတွင်
ကိုယ်တော်နှင့်အခြားလူများ၏ဆက်နွှယ်မှုကဲ့သို့ပင် ဖြစ်ပါသည်။ ဤအကြောင်းအရာများကို
ကိုယ်တော်၏စကားများတွင် ဖော်ညွှန်းထားပါသည်။ မိမိနှင့်မယ်တော်
အကြားလူသားတစ်ဦးအနေဖြင့်ဆက်ဆံခြင်းနှင့် ဘုရား၏သားတော်တစ်ပါးအနေနှင့်ဆက်ဆံခြင်းများကို
ထင်ရှား ကွဲပြားအောင် ပြုတော်မူခဲ့ပါသည်။ ယေရှုခရစ်နှင့်သားအမိတော်စပ်ခြင်းသည်
သူမအား မည်သည့်နည်းနှင့်မျှ ကိုယ်တော်နှင့်တန်းတူရည်တူမဖြစ်စေခဲ့ချေ။
ခရစ်တော်၏လောကအသက်တာတစ်လျှောက်တွင်
ပြုမူဆောင်ရွက်ခြင်းများတို့သည် ထာဝရကာလမှ စ၍ တည်ရှိခဲ့သော အစီအစဉ်ကို
ပြည့်စုံစေခြင်းဖြစ်ကြောင်းကို “ငါ့အချိန်မရောက်သေး” ဟူသော စကားများက
ညွှန်ပြနေပါသည်။ ကိုယ်တော်သည် ဤလောကသို့မကြွလာမီ အစီအစဉ်များကို
အသေးစိတ်ကြံရွယ်ထားပြီး ဖြစ်ပါသည်။ ကိုယ်တော်သည် ဤလောကအလယ်တွင်လျှောက်လှမ်းစဉ်
တစ်လှမ်းပြီးတစ်လှမ်း အဖဘုရား၏ အလိုတော်အတိုင်းလမ်းပြခြင်းကိုခံခဲ့ရပါသည်။
ကိုယ်တော်သည် သတ်မှတ်ထားသောအချိန်တွင် လုပ်ဆောင်ရန် မဆိုင်းမတွခဲ့ချေ။ ၎င်းအပြင်
စောင့်ဆိုင်းတော်မူခဲ့ပါသည်။
“ငါ့အချိန်မရောက်သေး”
ဟုမာရိအားပြောဆိုရာတွင် နှုတ်မှဖွင့်မပြောသော်လည်း အခြားဣသရေလများ
ကဲ့သို့မျှော်လင့်နေသောမယ်တော်၏တောင့်တချက်ကို
ယေရှုခရစ်တုံ့ပြန်တော်မူခြင်းဖြစ်ပါသည်။ ကိုယ်တော် သည် မိမိကိုယ်ကိုမေရှိယဟု
ကြေညာ၍ ဣသရေလပလ္လင်ကို သိမ်းယူတော်မူလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ ပါသည်။ သို့သော်
မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။ ခရစ်တော်သည် ဘုရင်တစ်ပါးအနေနှင့် မဟုတ်ဘဲ
နာကြည်းခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူတစ်ဦးအနေနှင့် လူသားများ၏အငန်းအတာကို
ခံယူတော်မူခဲ့သည်။
မာရိသည် ခရစ်တော်၏အမှုတော်နှင့်ပတ်သက်၍
အယူအဆမှန်ကန်ခဲ့သော်လည်း ကိုယ်တော်ကိုလုံးလုံး ပုံ၍ယုံကြည်ကိုးစားခဲ့သဖြင့်
ခရစ်တော်သည် ဤယုံကြည်ခြင်းကို တုံ့ပြန်တော်မူခဲ့ပါသည်။ မယ်တော်၏ ယုံကြည်
ကိုးစားမှုကိုဂုဏ်ပြုရန်နှင့် တမန်တော်များ၏ ယုံကြည်ခြင်းကို တိုးပွားလာစေရန်
ကိုယ်တော်သည် ပထမနိမိတ် လက္ခဏာကို ပြုတော်မူခဲ့သည်။ တမန်တော်များသည်
ယုံမှားသံသယရှိလာစေနိုင်သည့် များစွာသောကြီးကျယ် သည့် စုံစမ်းခြင်းများကို
ကြုံတွေ့ခဲ့ရပါသည်။ သခင်ယေရှုသည် မေရှိယဖြစ်ကြောင်းကို မငြင်းနိုင်အောင် ထင်ရှား
ပေါ်လွင်သည့် အနာဂတ္တိစကားများ သူတို့တွင်ရှိပါသည်။
သူတို့ထက်ပိုမိုစိတ်ချယုံကြည်စွာဖြင့် ကိုယ်တော်ရှင်အား လက်ခံကြိုဆိုမည့်
ဘာသာရေးခေါင်းဆောင်များကို ၎င်းတို့ရှာဖွေစောင့်စားခဲ့ကြပါသည်။ သူတို့သည်
ကိုယ်တော် ပြုမူခဲ့သော အံ့ဖွယ်နိမိတ်လက္ခဏာများနှင့် ကိုယ်တော်အမှုတော်အပေါ်
မိမိတို့၏ယုံကြည်စိတ်ချမှုများ အကြောင်းကို လူပုံအလယ်၌ ကြေညာခဲ့ကြပါသည်။ သို့သော်
ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်အပေါ်ထားရှိသောမယုံကြည်မှုများ၊
အမြစ်စွဲနေသော တစ်ဖက်သတ်အထင်လွဲမှုများနှင့် ရန်ငြိုးဖွဲ့မှု များကြောင့်
သူတို့အံ့အားသင့်ခဲ့ကြရပါသည်။ ခါးခါးသီးသီး စိတ်ပျက်ခဲ့ကြရပါသည်။
ကယ်တင်ရှင်ပြုတော်မူ သော ရှေးဦးနိမိတ်လက္ခဏာများသည် ဤအတိုက်အခံများကိုဆန့်ကျင်၍
ရပ်တည်ရန်တမန်တော်များအတွက် ခွန်အားဖြစ်စေခဲ့ပါသည်။
ခရစ်တော်၏စကားတော်ကြောင့်
မည်သို့မျှစိတ်ယောက်ယက်ခတ်သွားခြင်းမရှိဘဲ မာရိက “သူစေခိုင်း သမျှကိုပြုကြလော့” ဟု
စားပွဲ၌ရှိသော အစေခံများအား ပြောဆိုခဲ့၏။ ဤနည်းဖြင့် ခရစ်တော်၏ အမှုတော် အတွက်
လမ်းကိုပြင်ဆင်ရန် သူမတတ်တိုင်သရွေ့ဆောင်ရွက်ခဲ့၏။
ယေရှုသည် အဝင်တံခါးဝအနီးတွင်ရှိသော
ထိုကျောက်စရည်းအိုးကြီးခြောက်လုံးထဲသို့ ရေအပြည့်ဖြည့် ရန် အစေခံများအား
ခိုင်းစေလိုက်ပါသည်။ စပျစ်ရည်ကိုအရေးပေါ်လိုအပ်နေသောကြောင့် အိုးများထဲသို့
ရေဖြည့် ပြီးပြီးချင်း “ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့” ဟု ယေရှုမိန့်တော်မူခဲ့၏။
အိုးကြီးများကို ရေဖြင့်ဖြည့်ခဲ့ သော်လည်း ခပ်ယူရရှိသောအရာများသည်
စပျစ်ရည်များဖြစ်နေပါသည်။ ပွဲအုပ်မှစ၍ လက်ထပ်ပွဲသို့တက် ရောက်လာခဲ့ကြသူများသည်
စပျစ်ရည်ပြတ်တောက်သွားသည်ကိုပင် မသိလိုက်ကြရချေ။ အစေခံများယူဆောင် လာသော
စပျစ်ရည်ကိုမြည်းစမ်းကြည့်ရာ ၎င်းသောက်ဖူးသမျှစပျစ်ရည်တို့ထက် အရသာရှိပြီး
လက်ထပ်ပွဲ၏ ပထမပိုင်းတွင် တိုက်ကျွေးခဲ့သော စပျစ်ရည်နှင့်လည်းမတူကြောင်းကို
ပွဲအုပ်တွေ့ခဲ့ပါသည်။ ထိုအခါ မင်္ဂလာ ဆောင်လုလင်အား အသံလွှင့်၍
အခြားသောသူမည်သည်ကား ရှေးဦးစွာကောင်းသောစပျစ်ရည်ကိုထည့်လေ့ရှိ ၏။ သင်မူကား
ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင်သိုထားပြီဟု ဆို၏။
လူများသည် အကောင်းဆုံးစပျစ်ရည်များကို
ရှေးဦးစွာတိုက်ကျွေး၍ ထိုနောက်မှမကောင်းသော စပျစ်ရည်ကို တိုက်ကျွေးသကဲ့သို့
ကမ္ဘာလောကသည်လည်း ၎င်း၏ဆုကျေးဇူးလက်ဆောင်များကို ထိုနည်းနှင်နှင် အသုံးပြုနေပါသည်။
ပေးသောအရာများသည် လှပ၍ အာရုံဆွဲဆောင်မှုရှိသော်လည်း တင်းတိမ်မှုမရှိစေကြောင်း
ထင်ရှားပါသည်။ လောကစပျစ်ရည်များသည် ခါးသောအရသာကိုပြောင်းလဲထားပြီး အစအဦးတွင်
ပျော်မြူးစေ ၍ နောက်ပိုင်းတွင် မှိုင်တွေစေပါသည်။ လောကစပျစ်ရည်များသည် အစအဦးတွင်
သီချင်းဆိုစေ၊ မြူးထူးစေ သော်လည်း အဆုံးတွင် ပင်ပန်းနွမ်းရိဖွယ်များ၊
စက်ဆုပ်ရွံရှာဖွယ်များနှင့် နိဂုံးချုပ်တတ်ပါသည်။ သို့သော် ယေရှုခရစ်ပြုသော
စပျစ်ရည်သည် အမြဲတမ်းကြည်လင်သစ်ဆန်းနေပါသည်။ လက်ထပ်ပွဲတွင် ကိုယ်တော်စီမံ
ပေးခဲ့သော စပျစ်ရည်သည် ထာဝရကျေနပ်တင်းတိမ်မှုနှင့် ပျော်ရွှင်မှုကိုဖြစ်စေပါသည်။
အသစ်သောလက်ဆောင် မွန်တိုင်းသည် ရယူသုံးဆောင်သူများအား ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို
ပိုမို၍အလေးအမြတ်ပြုစေခဲ့ ပါသည်။ ပိုမို၍နှစ်ခြိုက်လာစေခဲ့ပါသည်။ ကိုယ်တော်သည်
ကရုဏာတော်အတွက် ကရုဏာကိုပေးသနား တော်မူသည်။ ရိက္ခာပစ္စည်းများသည်
မလုံမလောက်မဖြစ်ပါချေ။ သင်သည် ကိုယ်တော်၌ရှိလျှင် မြတ်နိုးဖွယ်သော
လက်ဆောင်တစ်ခုကို ယနေ့သင်ရရှိခြင်းသည် မနက်ဖြန်တွင်
မြတ်နိုးဖွယ်သောလက်ဆောင်တစ်ခုကို လက်ခံရ ရှိခြင်းအတွက် စိတ်ချစေပါသည်။ နာသနေလအား
ခရစ်တော်မိန့်တော်မူခဲ့သောစကားများသည် ယုံကြည်သော သားသမီးများနှင့်
ဘုရားသခင်၏ဆက်ဆံရေးနှင့်ပတ်သက်သော စည်းမျဉ်းတစ်ခုကို ဖော်ညွှန်းနေပါသည်။
ကိုယ်တော်ရှင်မေတ္တာတော်၏ လန်းဆန်းသောဖော်ပြချက်များနှင့်အတူ
“သင်ယုံသလော၊ထိုမျှမကသင်သည် သာ၍ ကြီးစွာသော အကြောင်းအရာကိုမြင်လတ္တံ့” ဟူ၍
ကရုဏာတော်အားလက်ခံနိုင်သော စိတ်နှလုံးကို ကိုယ်တော်ကြေညာတော်မူပါသည်။
လက်ထပ်ပွဲတွင်
ကိုယ်တော်ပေးခဲ့သောလက်ဆောင်မွန်သည် အထိမ်းအမှတ်တစ်ခုဖြစ်ခဲ့သည်။ ရေသည်
ကိုယ်တော်၏သေခြင်း၌ ဗတ္တိဇံခံခြင်းကို ပုံဆောင်ပြီး စပျစ်ရည်သည်
ကမ္ဘာလောက၏အပြစ်အတွက် ကျခဲ့ရ သော အသွေးကိုပုံဆောင်ပါသည်။ အိုးကြီးများထဲသို့
လူသားများ၏လက်များဖြင့် ရေအပြည့်ဖြည့်ခဲ့သော်လည်း ခရစ်တော်၏နှုတ်ထွက်စကားကသာလျှင်
ထိုရေကိုအသက်ပေးပိုင်ခွင့်တန်ခိုးကို မျှဝေနိုင်ပါသည်။ ခရစ်တော်၏ သေခြင်းကို ပြညွှန်သည့်
ကိုးကွယ်မှုများသည်လည်း ထိုကဲ့သို့သောအဓိပ္ပါယ်ကိုဆောင်ပါသည်။ ယုံကြည်ခြင်း
အားဖြင့် လုပ်ဆောင်လျက် ခရစ်တော်၏တန်ခိုးတော်အားဖြင့်သာ သူတို့သည် အသက်ဝိညာဉ်ကို
ကြီးထွားရင့်သန် ရန် လုပ်ဆောင်ပြီးမြောက်မှုကို ရရှိကြပါသည်။
ခရစ်တော်၏နှုတ်ထွက်စကားသည်
လက်ထပ်ပွဲအတွက် လုံလောက်သောစပျစ်ရည်ကိုပံ့ပိုးတော်မူ ခဲ့ပါသည်။
လူသားများ၏အပြစ်များကိုဆေးကြောရန် အသက်ဝိညာဉ်များကို အသင့်ပြုပြင်ရန်နှင့်
ကျွေးမွေးပြုစု ရန်အတွက် ကိုယ်တော်ရှင်၏ကရုဏာတော်သည် အလျှံပယ်ဖြစ်တော်မူပါသည်။
သခင်ယေရှုသည် တမန်တော်များနှင့်အတူ
ပထမဦးစွာတက်ရောက်ခဲ့သောလက်ထပ်ပွဲတွင် ၎င်းတို့၏ ကယ်တင်ခြင်းအတွက်
လုပ်ဆောင်တော်မူမည့် ကိုယ်တော်ရှင်၏အမှုတော်ကိုပုံဆောင်သော ခွက်ဖလားကိုပေး
တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်၏အသေသတ်ခံခြင်းမှ ကိုယ်တော်ရှင်၏
ဒုတိယကြွလာတော်မူခြင်းတိုင်အောင် ထင်ရှားစေမည့်
သန့်ရှင်းသောအခမ်းအနားတစ်ခုဖြစ်သည့် နောက်ဆုံးကျင်းပခဲ့သော ပွဲတော်မင်္ဂလာ
တွင်လည်း ကိုယ်တော်သည် ထိုပုံပမာကို တစ်ဖန်ပေးသနားတော်မူခဲ့ပြန်သည်။
ကိုယ်တော်နှင့်ခွဲခွာရသည့်အတွက် ဝမ်းနည်း ပက်လက်ဖြစ်နေသောတမန်တော်များအား
ပြန်လည်တွေ့ဆုံရမည်ဟူသောကတိတော်အားဖြင့်အောက်ပါအတိုင်း နှစ်သိမ့်ခဲ့ပါသည်။
“ငါဆိုသည်ကား ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ
ငါမသောက်မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရ” ဟုမိန့်တော်မူ၏။ မဿဲ ၂၆း၂၉။
လက်ထပ်ပွဲတွင်
ခရစ်တော်ပြုမူပေးခဲ့သောစပျစ်ရည်သည်လည်းကောင်း၊ မိမိ၏အသွေးတော်ကို ပုံဆောင်၍
တမန်တော်များအား ပေးတော်မူခဲ့သော စပျစ်ရည်သည်လည်းကောင်း သန့်ရှင်းလတ်ဆတ်သော
စပျစ်ရည်များဖြစ်ပါသည်။ “စပျစ်သီးပြွတ်၌ စပျစ်ရည်ကိုတွေ့သောအခါမဖျက်နှင့်၊
မင်္ဂလာရှိသည်” ဟု ဟေရှာယသည် ဤအကြောင်းအရာများကိုရည်ညွှန်း၍ ပြောဆိုခဲ့ပါသည်။
ဟေရှာယ ၆၅း၈။
“စပျစ်ရည်သည်
လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်းခတ်ခြင်းအမှုကို ဖြစ်စေတတ်၏။
ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။” သုတ္တံ ၂၀း၁ ဟူ၍
ဓမ္မဟောင်းကျမ်းတွင် ဣသရေလများ အား သတိပေးခဲ့သူသည် ခရစ်တော်ပင်ဖြစ်တော်မူပါသည်။
၎င်းပြင် ကိုယ်တော်တိုင်သည် ထိုကဲ့သို့သောအဖျော် ယမကာမျိုးကို ပြုတော်မမူခဲ့ချေ။
စာတန်သည် ဆင်ခြင်တုံတရားကိုမှုန်ဝါးစေ၍ ဝိညာဉ်ရေးအသိများကို ထုံထိုင်းစေသည့်
ကာမဂုဏ်ခံစားမှုများကို လိုက်စားရန် လူသားများအား သွေးဆောင်နေပါသည်။ သို့သော်လည်း
ကိုယ်တော်၏အသက်တာတစ်ခုလုံးသည် မိမိ၏အလိုကိုငြင်းပယ်ခြင်းအတွက် ပုံသက်သေတစ်ခုဖြစ်တော်မူခဲ့ပါ
သည်။ ခံတွင်း၏လိုလားတောင့်တခြင်းတန်ခိုးကို ချေဖျက်နိုင်ရန်အလို့ငှါ
ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့ကိုယ်စား လူသားများခံနိုင်ရည်ရှိသည့်
စစ်ဆေးမှုများတို့တွင် အကြမ်းတမ်းဆုံးသောစစ်ဆေးမှုကို ခံစားခဲ့ရပါသည်။ ဗတ္တိဇံ
ဆရာယောဟန်အားစပျစ်ရည်နှင့် သေရည်သေရက်ကိုမသောက်ရန် ညွှန်ကြားခဲ့သောပုဂ္ဂိုလ်သည်
ခရစ်တော်ပင် ဖြစ်ပါသည်။ မာနော်ဇနီး၏စပျစ်ရည်နှင့်သေရည်သေရက်များ
ရှောင်ကြဉ်မှုကိုနှစ်ခြိုက်ခဲ့သောပုဂ္ဂိုလ်မှာ ကိုယ်တော်ရှင်ပင်ဖြစ်တော်မူပါသည်။
မိမိမိတ်ဆွေများအား အရက်တိုက်သောသူများအပေါ် ကျိန်ခြင်းပြုခဲ့သော ပုဂ္ဂိုလ်သည်
ကိုယ်တော်ရှင်သာတည်း။ ခရစ်တော်သည် မိမိကိုယ်တိုင်ပြုခဲ့သော သွန်သင်ချက်များအား
ဆန့်ကျင် တော်မမူခဲ့ချေ။ လက်ထပ်ပွဲသို့လာရောက်ကြသည့် ဧည့်သည်များအတွက်
ကိုယ်တော်စီစဉ်ပေးခဲ့သော ကစော် မပေါက်သေးသည့် စပျစ်ရည်သည်
ကျန်းမာရေးအတွက်ကောင်းသော သန့်ရှင်းလတ်ဆတ်သည့် စပျစ်ရည်မျိုး ဖြစ်ပါသည်။
ထိုစပျစ်ရည်ကိုသောက်ခြင်းသည် ကျန်းမာရေးကောင်းမွန်စေသည့် ခံတွင်းတောင့်တမှုနှင့်
ကိုက်ညီ သည့် အရသာခံစားမှုကို ဖြစ်စေပါသည်။
လက်ထပ်ပွဲမှဧည့်သည်များသည်
စပျစ်ရည်၏အရည်အသွေးကို မှတ်ချက်ချလျက်ပြတော်မူခဲ့သော နိမိတ်လက္ခဏာကို
သိချင်ကြသည့်အတွက် အစေခံများအားမေးမြန်းစုံစမ်းနေကြပါသည်။ ထိုအချိန်ပိုင်းအတွင်း
တွင် လက်ထပ်ပွဲလာသူများသည် အံ့ဖွယ်အမှုတစ်ခုကိုပြုတော်မူခဲ့သော
ကိုယ်တော့်အကြောင်းကို မစဉ်းစားတတ် လောက်အောင် အံ့အားသင့်ခဲ့ကြပါသည်။ အဆုံးတွင်
သူတို့သည် ကိုယ်တော်ကိုလိုက်လံရှာဖွေကြသောအခါ ကိုယ်တော်သည်
တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့ရာ မည်သည့်အချိန်ကစ၍ ထိုနေရာတွင် မရှိတော့သည်ကို
တမန်တော်များပင်မသိလိုက်ကြရချေ။
ယခုအချိန်တွင် လူစုကလေးသည်
တမန်တော်များအပေါ် အာရုံပြုလာကြပါသည်။ တမန်တော်များသည် ပထမဦးဆုံးအကြိမ်အဖြစ်
ခရစ်တော်အပေါ် ၎င်းတို့၏ယုံကြည်မှုကို အသိအမှတ်ပြုခွင့်ရခဲ့ကြပါသည်။
ယော်ဒန်မြစ်တွင် သူတို့မြင်ခဲ့၊ ကြားခဲ့သောအရာများကို ထိုသူတို့အား
ပြောပြခဲ့ကြသည်။ ထို့ကြောင့် လူတို့၏ စိတ် နှလုံးတွင် မိမိတို့အတွက်
ကယ်တင်ရှင်တစ်ပါးကို ပေါ်ထွန်းစေခဲ့ပြီဟူသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေခဲ့ပါ
သည်။ နိမိတ်လက္ခဏာပြခြင်းသတင်းသည် ထိုဒေသရှိနေရာအနှံ့အပြားနှင့်တကွ
ယေရုရှလင်မြို့သို့တိုင် ရောက်ရှိ သွားခဲ့ပါသည်။ ထိုအခါ ယဇ်ပုရောဟိတ်များနှင့်ပတ်သက်သော
အနာဂတ္တိစကားကို စိတ်ဝင်တစားလေ့လာခဲ့ ကြပါသည်။ သာမန်လူတန်းစားများအလယ်တွင်
ဟိတ်ဟန်မပါဘဲ ပေါ်ထွန်းလာခဲ့သော ဤဆရာသစ်၏ အထူး လုပ်ငန်းများကို
လေ့လာရန်ဆန္ဒပြင်းပြနေခဲ့ကြပါသည်။
ခရစ်တော်၏အမှုတော်လုပ်ငန်းသည်ယုဒလူအကြီးအကဲများ၏
လုပ်ငန်းနှင့်သိသိသာသာကွဲပြားခြားနား လှပါသည်။ ၎င်းတို့၏မိရိုးဖလာ ထုံးစံများနှင့်
အပြင်ပန်းဘာသာရေးလုပ်ဆောင်မှုများကို အရေးပေးမှုများသည် အတွေးအခေါ်၊ အပြုအမူတို့၏
စစ်မှန်သောလွတ်လပ်ခွင့်ကို ဖျက်ဆီးခဲ့ပါသည်။ သူတို့သည် ညစ်ညူးသော အရာများ၏
အဆက်မပြတ်ခြောက်လှန့်မှုများတွင် အသက်ရှင်ခဲ့ကြပါသည်။ မသန့်ရှင်းသောအရာများကို
ရှောင်ရှားနိုင်ရန်တစ်ပါးအမျိုးသားများကိုသာမက၎င်းတို့၏ယုဒလူအများစုကိုပင်ကောင်းကျိုးပြုဖို့
မိတ်သဟာယ ဖွဲ့ရန် မကြိုးစားတော့ဘဲ ဝေးဝေးမှရှောင်ခဲ့ကြပါသည်။ သူတို့သည်
ဤကိစ္စအပေါ်တွင်သာ အမြဲတမ်းအာရုံစူးစိုက် နေခြင်းကြောင့် အသက်တာများသည်
ကျဉ်းမြောင်းလာပြီး စိတ်နေသဘောထားများသည်လည်း သေးနုပ်လာခဲ့ ကြပါသည်။ ၎င်းတို့၏
ပုံသက်သေသည် ဣသရေလလူများ၏ လူတန်းစားအားလုံးအလယ်တွင် ကိုယ့်ကိုကိုယ်
အထင်ကြီးလွန်းသောစိတ်ဓာတ်နှင့် သူတစ်ပါးအား သည်းမခံသည့်
စိတ်ဓာတ်များကိုတိုးတက်ဖြစ်ပေါ်စေခဲ့ ပါသည်။
သခင်ယေရှုသည် လူသားများနှင့်
နီးကပ်စွာနေထိုင်မေတ္တာပြခြင်းအားဖြင့် ဘာသာရေးပြန်လည် ပြုပြင် ရေးလုပ်ငန်းကို
အစပြုတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ပညတ်တော်ကို လေးနက်စွာရိုသေ
ကိုင်းရှိုင်းကြောင်း ထင်ရှားစေတော်မူစဉ်တွင် ဘုရားဝတ်၌မွေ့လျော် ယောင်ဆောင်သောဖါရိရှဲများကို
ဆုံးမပဲ့ပြင်
၍ဣသရေလလူများအား၎င်းတို့ကိုချည်နှောင်ထားသည့်အနှစ်သာရမရှိသောစည်းမျဉ်းဥပဒေများမှ
လွတ်မြောက် ရန် ကြိုးစားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် လူသားများအား တစ်မိသားစုမှ
သားသမီးများကဲ့သို့ စုစည်းနိုင်ရန် မတူညီသော လူ့အလွှာများအကြားတွင် ကာဆီးနေသောအရာများကို
ဖြိုဖျက်ပစ်ရန် ကြိုးစားလျက်ရှိခဲ့ပါသည်။ မင်္ဂလာလက်ထပ်ပွဲသို့
တက်ရောက်ခဲ့ခြင်းသည် ဤအရာကိုအကျိုးသက်ရောက်စေရန် ပထမခြေလှမ်း အဖြစ် ရည်စူး၍
တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ယဇ်ပုရောဟိတ်နှင့် ကျမ်းတတ်ဆရာများ၏ ဩဇာသက်ရောက်မှုမှ
ကာကွယ်နိုင်စေရန်နှင့် အထူးသောတာဝန်ကို ထမ်းဆောင်ဖို့ပြင်ဆင်နိုင်ရန်အတွက်
ဘုရားသခင်သည် ဗတ္တိဇံဆရာ ယောဟန်အား တောတွင်သွားရောက်နေထိုင်ရန်
ညွှန်ကြားတော်မူခဲ့ပါသည်။ သို့သော် ခက်ထန်ကြမ်းတမ်း၍ တစ်ဦးတည်းနေထိုင်ခဲ့သော
၎င်း၏အသက်တာသည် ဣသရေလလူများတို့အတွက် စံနမူနာတစ်ခုမဖြစ်ခဲ့ချေ။ မိမိတို့၏ ယခင်တာဝန်ဝတ္တရားများတို့ကို
စွန့်ပစ်ခဲ့ကြရန်အတွက် တရားနာရန်လာရောက်သူများအား
ဆရာယောဟန်ကိုယ်တိုင်မညွှန်ကြားခဲ့ဖူးချေ။ ၎င်းတို့အား
ကိုယ်တော်ရှင်ခေါ်တော်မူခဲ့သောနေရာတွင် ဘုရားသခင်အား သစ္စာရှိသောအားဖြင့်
နောင်တရခြင်းနှင့်ပတ်သက်သော အထောက်အထားများကိုပြကြရန် ဆရာယောဟန်ဖိတ်ခေါ်ခဲ့ပါသည်။
ကိုယ်တော်ရှင်သည်
လူများနှင့်ပေါင်းသင်းနေထိုင်လိုသော သဘာဝရှိသူတစ်ပါးဖြစ်သော်လည်း ပုံစံ
အမျိုးမျိုးနှင့် မိမိ၏အလိုကိုလိုက်စားခြင်းများအား ပြစ်တင်ဆုံးမတော်မူခဲ့၏။
ဆင်းရဲ၊ ချမ်းသာမရွေး၊ ပညာတတ်၊ ပညာမဲ့မရွေး၊ အိမ်များသို့သွားရောက်လည်ပတ်လျက်
သာမန်အသက်တာ၏ကိစ္စရပ်များမှ ဝိညာဉ်ရေးနှင့် ပတ်သက်သော ထာဝရကာလကိစ္စရပ်များသို့
၎င်းတို့၏စိတ်ကူးစိတ်သန်းများကို မြှင့်တင်ပေးရန် ကြိုးစားလျက်
လူတန်းစားအလွှာအသီးသီး၏ ဧည့်ဝတ်ပြုမှုများကို ကိုယ်တော်လက်ခံတော်မူခဲ့ပါသည်။
ကိုယ်တော်သည် အပျော်ကြူးမှုကို ခွင့်ပြုတော်မူခြင်းမရှိခဲ့ချေ။ ၎င်းပြင်
မည်သည့်လောကဆန်သော နမော်နမဲ့နေခြင်းများကမူ
ကိုယ်တော်၏ကျင့်ကြံနေထိုင်ပုံကိုမပျက်ယွင်းစေခဲ့ချေ။ သို့စေကာမူ ကိုယ်တော်သည်
အပြစ်ကင်းသောပျော်ရွှင် မှုများတွင် နှစ်သက်တော်မူခဲ့ပါသည်။ ၎င်းတို့နှင့်
ကိုယ်တော်ရှင်အတူရှိခြင်းအားဖြင့် လူမှုရေးစုရုံးမှုများကို သဘောတူကြောင်းပြတော်မူခဲ့ပါသည်။
ယုဒလက်ထပ်ပွဲသည် စိတ်လှုပ်ရှားစေသောအခါ သမယတစ်ခုဖြစ်ပြီး ထိုအခါသမယ၏
ပျော်ရွှင်ဝမ်းမြောက်မှုသည် သားတော်အားနှစ်သက်စေတော်မူခဲ့ပါသည်။ ခရစ်တော်သည်
ထိုပွဲသို့တက်ရောက်တော်မူခဲ့ခြင်းအားဖြင့် ဘုရားသခင်နှင့်ပတ်သက်သော
အခမ်းအနားတစ်ခုအဖြစ် လက်ထပ်ပွဲ ကိုဂုဏ်ပြုတော်မူခဲ့ပါသည်။
မင်္ဂလာဆောင်လက်ထပ်ထိမ်းမြားခြင်းသည်
ခရစ်တော်နှင့်ကိုယ်တော်၏လူများအကြားတည်ရှိသော မွန်မြတ်သန့်စင်သည့် ပေါင်းဖက်မှုကို
ပုံဆောင်ရန်အတွက် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း၊ နှစ်ကျမ်းစလုံးထဲ တွင်
အသုံးပြုထားခဲ့ပါသည်။ ခရစ်တော်၏စိတ်နှလုံးထဲတွင် ခံစားလျက်ရှိသောလက်ထပ်ပွဲနှင့်
ပတ်သက်သည့် ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုသည် ကိုယ်တော်၏သားသမီး (အသင်းတော်) အား
အဘ၏အိမ်တော်သို့ခေါ်ဆောင်သွား ပြီး ကယ်တင်ခြင်းခံရသည့်သူများသည်
ကယ်တင်ရှင်နှင့်အတူ သိုးသငယ်၏ မင်္ဂလာဆောင်ညစာစားပွဲ၌ အတူတူ
ထိုင်ကြရမည့်အချိန်တွင် ခံစားရမည့် ပျော်ရွှင်ဝမ်းမြောက်မှုများကို
ပြညွှန်ခဲ့ပါသည်။ “မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌
ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ဝမ်းမြောက်တော်မူလိမ့်မည်” (ဟေရှာယ
၆၂း၅) ဟူ၍လည်းကောင်း၊ “သင့်ကိုစွန့်ပစ်ခြင်းခံရသောသူဟူ၍မခေါ်ရဘဲ ငါနှစ်သက်သောသူ
ဟူ၍ ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသည်” (ဟေရှာယ ၆၂း၄)
ဟူ၍ လည်းကောင်း၊ “သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။
ချစ်ခြင်းမေတ္တာနှင့်ကိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်
တကွသင်၌ဝမ်းမြောက်တော်မူလိမ့်မည်” (ဇေဖနိ ၃း၁၇) ဟူ၍လည်းကောင်း
ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ တမန်တော်ရှင်ယောဟန်သည်
ကောင်းကင်အရာများနှင့်ပတ်သက်သော ရူပါရုံကိုတွေ့မြင်ပြီးသောအခါ “ဟာလေလုယ၊
အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည်စိုးစံတော်မူ၏။
ငါတို့ သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။
အကြောင်းမူကား သိုးသငယ်၏မင်္ဂလာ ဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို
တန်ဆာဆင်ပြီဟု စည်းဝေးသောသူများတို့၏အသံ၊ သမုဒ္ဒရာသံ၊
ပြင်းစွာသောမိုးကြိုးသံကဲ့သို့ငါကြား၏။
---သိုးသငယ်၏မင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏”
ဟူ၍ ရေးသားထားခဲ့ပါသည်။ ဗျာဒိတ် ၁၉း၆၊၇၊၉။
သခင်ယေရှုသည် အသက်ဝိညာဉ်တိုင်းအား
ကိုယ်တော်၏နိုင်ငံတော်သို့ ခေါ်တော်မူခြင်းခံရမည့်သူ တစ်ဦးစီအဖြစ်
မြင်တွေ့တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့အား ကောင်းစားစေလိုသည့်ဆန္ဒဖြင့်
လူများ အလယ်တွင် သွားလာအမှုတော်ဆောင်ခြင်းအားဖြင့်
စိတ်နှလုံးများကိုထိတွေ့တော်မူခဲ့ပါသည်။ အများသုံး လမ်းများတွင်သော်လည်းကောင်း၊
နေအိမ်များထဲတွင်သော်လည်းကောင်း၊ လှေသင်္ဘောများထဲတွင်သော်လည်း ကောင်း၊
ဗိမာန်တော်တွင်သော်လည်းကောင်း၊ ပင်လယ်ကမ်းနားများတွင်သော်လည်းကောင်း၊
လက်ထပ်ပွဲတွင် သော်လည်းကောင်း ၎င်းတို့အား ကိုယ်တော်ရှာဖွေတော်မူခဲ့ပါသည်။ ယေရှုသည်
၎င်းတို့၏နေ့စဉ်လုပ်ငန်းများတွင် သူတို့အားသွားရောက်တွေ့ဆုံခဲ့ပြီး
၎င်းတို့၏လောကီရေးရာများတွင် မိမိစိတ်ဝင်စားကြောင်းကို ထင်ရှားစေခဲ့ပါ သည်။
ကိုယ်တော်ရှင်သည် မိသားစုများကို မိမိတို့၏နေအိမ်များထဲတွင်ရှိစဉ်
ဘုရားသခင်၏တန်ခိုးတော် အောက်၌ရှိစေလျက် ဘုရားသခင်၏သွန်သင်ချက်တို့ကို
မြဲမြံစေခဲ့သည်။ ကိုယ်တော်၏ ပုဂ္ဂလိကစာနာသနား တတ်မှုသည် အသက်ဝိညာဉ်များကို
ဘုရားသခင်ထံသို့ခေါ်ယူရန် အထောက်အကူပြုခဲ့ပါသည်။ ကိုယ်တော်သည်
တစ်ကိုယ်တည်းဆုတောင်းရန်အတွက် တောင်ပေါ်သို့ မကြာခဏသွားရောက်တော်မူခဲ့ပါသည်။
ထိုကဲ့သို့ပြုလုပ်ရ ခြင်းသည် လူများအလယ်တွင် ထက်မြက်သောအသက်တာအားဖြင့်
လုပ်ဆောင်ရန်မိမိ၏ လုပ်ငန်းများအတွက် ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါသည်။
ထိုသို့ပြုတော်မူပြီးမှ ကိုယ်တော်သည် နာမကျန်းသူများအားသက်သာစေရန် မသိ
နားမလည်သူများအား သွန်သင်ရန်နှင့် စာတန်၏အနှောင်အဖွဲ့များကို
ချိုးဖျက်ရန်ထွက်ကြွတော်မူခဲ့ပါသည်။
သခင်ယေရှုသည်
တမန်တော်များအား တစ်ဦးချင်းထိတွေ့မှုနှင့် ပုဂ္ဂလိကရင်းနှီးမှုအားဖြင့်
သင်ကြားပို့ချ ခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ကိုယ်တော်သည် တောင်စောင်းများတွင်
တမန်တော်များ၏အလယ်၌ထိုင်လျက် တစ်ခါတစ်ရံတွင် ပင်လယ်ကမ်းနား၌ ၎င်းတို့နှင့်အတူ
ထိုင်နေစဉ်တွင် သော်လည်းကောင်း၊ လမ်းလျှောက်နေစဉ် တွင် သော်လည်းကောင်း
ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သော နက်နဲမှုများကို ဖော်ပြတော်မူခဲ့ပါသည်။
ကိုယ်တော်သည် ယနေ့လူများတရားဟောသကဲ့သို့ ဟောတော်မမူခဲ့ချေ။ ဘုရားသခင်၏သတင်းစကားကို
လက်ခံ ရန် ဖွင့်ထားသည့် စိတ်နှလုံးတိုင်းအား ကယ်တင်ခြင်းလမ်းစဉ်နှင့်
ပတ်သက်သောသမ္မာတရားကို ကိုယ်တော်ရှင် ထုတ်ဖော်ဟောကြားခဲ့ပါသည်။ ကိုယ်တော်သည်
တမန်တော်များအား ဤအရာကိုလုပ်ပါ၊ ထိုအရာကိုလုပ်ပါဟု မိန့်တော်မူခဲ့သော်လည်း
“ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် မြို့ရွာများကို
ဖြတ်သန်းသွားလာစဉ် မိမိသည် မည်ကဲ့သို့လူများအား သွန်သင်သည်ကိုသိကြရန်
တမန်တော်များအား မိမိနှင့် အတူခေါ်ဆောင်သွားတော်မူခဲ့ပါသည်။ ကိုယ်တော်သည်
မိမိ၏ဝါသနာနှင့်တမန်တော်များ၏ ဝါသနာကိုပေါင်း ဖက်ဆက်စပ်လိုက်သဖြင့် သူတို့သည်
အမှုတော်၌ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိခဲ့ကြပါသည်။
လူသားများ၏စိတ်ဝင်စားမှုများကို
မိမိ၏စိတ်ဝင်စားမှုနှင့်ပေါင်းဖက်လုပ်ဆောင်သောခရစ်တော်၏ ပုံသက်သေကို
နှုတ်ကပတ်တော်များကို ဟောပြောသောသူများနှင့် ဧဝံဂေလိသတင်းစကားကိုရရှိထားပြီးသော
သူများသည် လိုက်လျှောက်သင့်ပါသည်။ ကျွန်ုပ်တို့သည် လူမှုဆက်ဆံရေးကို
စွန့်ပယ်ရန်မဟုတ်ချေ။ ကျွန်ုပ်တို့ သည် အခြားသူများနှင့်မပေါင်းသင်းဘဲ
တသီးတခြားမနေသင့်ချေ။ လူတန်းစားအလွှာအသီးသီးကို လက်လှမ်းမီ စေရန်အလို့ငှါ
သူတို့ရှိသောနေရာသို့ သွားရောက်တွေ့ဆုံရပါမည်။ သူတို့သဘောနှင့်သူတို့၊
ကျွန်ုပ်တို့ အားရှာခဲ့ လိမ့်မည်ဖြစ်သည်။ လူသားများ၏စိတ်နှလုံးကို သမ္မာတရားအလင်းနှင့်တွေ့ထိပေးနိုင်သည့်
နေရာများမှ တစ်ဆင့် သမ္မာတရားအလင်းကို ထွန်းလင်းခြင်းသည်
ပို၍အောက်တန်းကျသကဲ့သို့ဖြစ်သော်လည်း ကတိထားတော်မူ သကဲ့သို့
ပြည့်စုံခြင်းရှိပါသည်။ ဆင်းရဲသောအိမ်များတွင်သော်လည်းကောင်း၊
အကြီးအကဲများ၏ခမ်းနားသော အိမ်ခန်းများထဲတွင်သော်လည်းကောင်း၊
ကလေးများ၏လူမှုရေးနှင့် ပတ်သက်သောပျော်ရွှင်မှုများအတွက် ဧည့်ခံ ပြုစုခြင်းနှင့်
စုရုံးခြင်းများအားဖြင့်လည်းကောင်း သမ္မာတရားအလင်းကို ထွန်းလင်းပေးနိုင်ပါသည်။
ကျွန်ုပ်တို့သည်ခရစ်တော်၏တပည့်တော်များအနေနှင့်
အပျော်အပါးကိုနှစ်ခြိုက်သည့်သဘောသက်သက်
ဖြင့်မကောင်းမှုများတွင်လောကီသားများနှင့်ပေါင်းဖက်ရန်ရောယှက်ကြလိမ့်မည်မဟုတ်ချေ။
ထိုကဲ့သို့ ပေါင်းဖက် ခြင်းများသည်အဆုံး၌ ပျက်ဆီးခြင်းသို့သာ ပို့ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့သည်စကားအားဖြင့်သော်လည်း ကောင်း၊ အလုပ်အားဖြင့်သော်လည်းကောင်း၊
ဆိတ်ဆိတ်နေခြင်းအားဖြင့်သော်လည်းကောင်း၊ အတူရှိနေခြင်း အားဖြင့်သော်လည်းကောင်း
အပြစ်ကျူးလွန်ရန် မည်သည့်အခါမျှ ခွင့်မပြုသင့်ချေ။ ကျွန်ုပ်တို့သွားသည့်
နေရာတိုင်းသို့ ခရစ်တော်ကိုဆောင်ယူသွား၍ အခြားသူများအား ခရစ်တော်၏
မွန်မြတ်မှုများကို ဖော်ပြရန်ဖြစ် ပါသည်။ သို့သော် မိမိရရှိထားသောအလင်းတရားကို
ကျောက်နံရံများအထဲတွင် သိမ်းဆည်းထားရန် ကြိုးစားနေ သောသူများသည် ကောင်းမြတ်သော
လုပ်ငန်းကိုလုပ်ကိုင်ရန် ရရှိထားသည့်တန်ဖိုးရှိသော အခွင့်အရေးများကို
ဆုံးရှုံးနေကြပါသည်။ လူမှုပေါင်းသင်းဆက်ဆံခြင်းရေးအားဖြင့် ခရစ်ယာန်ဘာသာသည်
ကမ္ဘာနှင့်ထိတွေ့လာပါ သည်။ ဘုရားသခင်ထံမှ အလင်းတရားကိုရရှိပြီးထားသူများသည်
အသက်တာ၏အလင်းသခင်အား မသိရှိသေး သောသူများ၏လမ်းကို ထွန်းလင်းပေးရန်ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်အတွက်
သက်သေခံများဖြစ်သင့်လှပါသည်။ ခရစ်တော်၏ ကရုဏာ တော်အားဖြင့်
သန့်စင်ပြီးသောလူမှုဆက်ဆံရေးအစွမ်းသတ္တိများကို ကိုယ်တော်ထံသို့ ဝိညာဉ်များပြန်လည်
ရောက်ရှိလာအောင်ကြိုးစားခြင်းအားဖြင့် တိုးတက်စေရပါသည်။ ကျွန်ုပ်တို့သည်
အတ္တလွန်ကဲစွာဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများတွင်သာ နစ်မျောနေသည်ဟု
ကမ္ဘာကမမြင်စေဘဲ မိမိတို့၏ကောင်းချီးမင်္ဂလာများနှင့် အခွင့်ထူးများကို
သူတစ်ပါးအားမျှဝေခံစားရန် ဆန္ဒရှိသူများအဖြစ် ကမ္ဘာက မြင်တွေ့စေပါ။
ကျွန်ုပ်တို့၏ဘာသာ အယူဝါဒသည် ကျွန်ုပ်တို့အား ကိုယ်ချင်းမစာတတ်သူများမဖြစ်စေကြောင်းကို
သူတို့သိစေပါ။ ခရစ်တော်ကို တွေ့မြင်ပြီးဖြစ်သည်ဟု
ဝန်ခံထားသောသူအားလုံးသည်ကိုယ်တော်လုပ်ဆောင်ခဲ့သည်နည်းတူ သူတစ်ပါး
ကောင်းစားရေးအတွက် အလုပ်အကျွေးပြုစေပါ။
ခရစ်ယာန်များသည် မှိုင်တွေစိတ်ပျက်နေသော
ပျော်ရွှင်မှုမရှိသည့် လူများဖြစ်သည်ဟု မှားယွင်းသော ရုပ်လုံးဖော်မှုကို
ကျွန်ုပ်တို့သည် ကမ္ဘာအားမည်သည့်အခါမျှမပြသင့်ကြချေ။ ကျွန်ုပ်တို့၏မျက်လုံးများသည်
သခင်ယေရှုကိုသာ စူးစိုက်ကြည့်ရှုနေပါလျှင် မြတ်နိုးဖွယ်ကယ်တင်ရှင်ကို
မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး ကိုယ်တော်ရှင်၏မျက်နှာတော်မှ
အလင်းတော်ကိုမြင်တွေ့ကြရပါလိမ့်မည်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကို
စိုးစံသောနေရာတိုင်းတွင် ငြိမ်သက်ခြင်းသည် တည်ရှိနေပါသည်။
ထို့အပြင်ဝမ်းမြောက်ခြင်းသည်လည်း ထိုနေရာတွင်ရှိနေပေလိမ့်မည်။ အကြောင်းမူကား ထိုနေရာတွင်
ဘုရားသခင်၌တည်ကြည်၍ သန့်ရှင်းသော ယုံကြည်ကိုးစားမှုရှိသောကြောင့်တည်း။
တမန်တော်များအနေနှင့်မိမိတို့သည်
လူသားများဖြစ်ကြသော်လည်း ဘုရားဇာတိတော်နှင့်ပါဝင်ဆက်ဆံ ခွင့်ရသူများဖြစ်ကြောင်း
ထင်ရှားစေကြသောအခါ ခရစ်တော်သည် နှစ်ထောင်းအားရရှိတော်မူခဲ့၏။ သူတို့သည်
ပန်းပုရုပ်တုများမဟုတ်ကြဘဲ သက်ရှင်လှုပ်ရှားနေသော လူယောကျာ်း၊ လူမိန်းမများဖြစ်ကြပါသည်။
ကရုဏာ တော်မိုးပွင့်အားဖြင့် လန်းဆန်းစေသော ၎င်းတို့၏စိတ်နှလုံးများသည်
တရားတော်နေမင်းအတွက် ပွင့်ဟလျက် ရှိပါသည်။ ထိုသူတို့သည် မိမိတို့အပေါ်ကျရောက်သော
အလင်းတော်ကို ခရစ်တော်၏မေတ္တာတော်ကိုသိမြင် လွယ်သော မိမိတို့၏ အကျင့်များအားဖြင့်
အခြားသူများအပေါ်သို့ရောင်ပြန်ဟပ်စေကြပါသည်။
No comments:
Post a Comment