ဖာရိရှဲများအပေါ်ကျရောက်သည့်အမင်္ဂလာများ
ရှင်မဿဲခရစ်ဝင် ၂၃။ ရှင်မာကု ၁၂း၄၁-၄၄။ ရှင်လုကာ ၂ဝး၄၅-၄၇။ ၂၁း၁-၄ တို့ကိုအခြေပြုထားပါသည်။
ထိုနေ့သည် ဗိမာန်တော်တွင် ခရစ်တော်သွန်သင်ခြင်းပြုခဲ့သည့်နေ့များ၏ နောက်ဆုံးသောနေ့ဖြစ်ပါသည်။ ယေရုရှလင်မြို့တွင် စုရုံးရောက်ရှိနေကြသော လူအုပ်ကြီးသည် ကိုယ်တော်ကို အာရုံစူးစိုက်နေကြပါသည်။ ဗိမာန်တော်တွင် စုရုံးနေကြသောလူအုပ်ကြီးသည် တဖြည်းဖြည်းပြင်းထန်လာသော ထိုအချေအတင်ပြောဆို နေခြင်းကိုစောင့်ကြည့်နေကြပြီး ကိုယ်တော်ရှင်၏နှုတ်တော်မှထွက်လာသည့် စကား တစ်လုံးတလေကိုမျှ လွတ်မသွားစိမ့်သောငှာ နားစွင့်လျက်ရှိနေကြပါသည်။ ဤကဲ့ သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှသူတို့ မမြင်စဖူးခဲ့ကြချေ။ ထိုဂါလိလဲလူငယ်သည် လောကအဆောင်အယောင်များမပါဘဲ လူထုအလယ်တွင်မတ်တတ်ရပ်နေပြီး ၎င်း၏ပတ်လည်တွင်မူ ဝတ်ကောင်းစားလှများကိုဝတ်ဆင်ထားသည့်ဖာရိရှဲများ၊ သက်ဆိုင်ရာအဖွဲ့အစည်း များ၏တံဆိပ်များတပ်ဆင်ထားသည့်ဝတ်ရုံများကို ဝတ် ဆင်ထားကြသည့် ယုဒအကြီးအကဲများနှင့်အကိုးအကားပြုရန် စာလိပ်ကြီးများကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည့်ကျမ်းပြုဆရာများသည် ဝန်းရံလျက်ရှိကြ ပါသည်။ သခင်ယေရှုသည် ဘုရားတစ်ပါး၏သိက္ခာမျိုးဖြင့် ၎င်းတို့ရှေ့မှောက်တွင် တည်ငြိမ်စွာရပ်နေပါသည်။ ကောင်းကင်မှပေးသော တန်ခိုးအာဏာကိုရရှိထားသူ တစ်ဦးနှယ် ကိုယ်တော်သည် မိမိအားရန်ရှာသူများအားစူးစိုက်လျက် ရဲဝံ့စွာကြည့် နေတော်မူပါသည်။ ထိုသူများသည် ကိုယ်တော်၏ သွန်သင်ချက်များကို မထီမဲ့မြင် ပြုကာငြင်းဆိုခဲ့ကြပြီး ကိုယ်တော်အားလုပ်ကြံရန် ဆန္ဒပြင်းပြ နေသူများဖြစ်ကြပါ သည်။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ်တိုက်ခိုက် ခဲ့ကြဖူးသော်လည်း ၎င်း တို့၏လှည့်ဖြားလုပ်ကြံမှုများသည် အချည်းနှီးသာ ဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် ယဇ်ပုရောဟိတ်များ၊ ဖာရိရှဲများ၏မိုက်မဲ သောမှားယွင်းမှုများနှင့် ကွဲပြားခြားနား သည့် သန့်စင်မွန်မြတ်သော သမ္မာတရား ကိုတင်ဆက်ယင်း၊ စိန်ခေါ်မှုအဖုံဖုံကို ရင်ဆိုင်တော်မူခဲ့ပါသည်။ ဤအကြီး အကဲများရှေ့တွင် ၎င်းတို့၏အခြေအနေမှန်ကို လည်းကောင်း၊ ၎င်းတို့၏မှားယွင်းသော ဒုစရိုက်လုပ်ရပ်များကြောင့် မမှိတ်မသုန် ခံစားရမည့် ဆိုးကျိုးများကိုလည်းကောင်း ကိုယ်တော်ပြောပြခဲ့ဖူးပါသည်။ သူတို့အား အမှန်အတိုင်း သတိပေးနှိုးဆော်ခဲ့ပြီးသော်လည်း ရည်ရွယ်ချက်တစ်ခုကိုပြည့် မြောက်စေရန် ဆောင်ရွက်စရာအမှုတစ်ခုခု ခရစ်တော်တွင်ကျန်ရှိနေပါသေးသည်။
လူထုကြီးသည် ခရစ်တော်အပေါ်တွင်လည်းကောင်း၊ အမှုတော်မြတ်ကို လည်းကောင်း တစ်စထက်တစ်စပို၍ စိတ်ဝင်စားလာကြပါသည်။ သူတို့သည် ကိုယ်တော်၏သွန်သင်ချက်များကို ကြားနာရသဖြင့် နှစ်ထောင်းအားရရှိကြသော် လည်း အကြီးအကျယ်စိတ်ရှုပ်နေကြပါသည်။ ယဇ်ပုရောဟိတ်များ နှင့်ရဗ္ဗိများကို ၎င်းတို့၏အသိပညာကြွယ်၀မှုများနှင့် ထင်ရှားသောဘုရားတရား ရှိမှုများကြောင့် သူတို့လေးစားခဲ့ကြပါသည်။ သာသာရေးကိစ္စအားလုံးတွင် ထိုယဇ်ပုရောဟိတ်ကြီး များခိုင်းသမျှကို သူတို့လုပ်ဆောင်ခဲ့ကြပါသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်ကြီးများသည် ယခုအချိန်တွင် ပင်ကိုအစွမ်းသတ္တိနှင့်အသိ ပညာဘက်တွင် ပို၍ထွန်းတောက်သော ဆရာတစ်ဦးဖြစ်သည့်ခရစ်တော်အား အသရေပျက်အောင်ကြိုးစားနေကြကြောင်းကို သူတို့တွေ့မြင်နေကြရပါသည်။ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများ၏ သုန်မှုန်သော မျက်နှာများတွင် အကြံအိုက်နေသည့်အသွင်နှင့် စိတ်ရှုပ်ထွေးမှုများကို သူတို့မြင် တွေ့နေကြရပါသည်။ ကိုယ်တော်၏သွန်သင်ချက်များသည် ရိုးရိုးရှင်းရှင်းကလေး ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်ကြီးများက ကိုယ်တော်အားမယုံကြည်ကြသည့်အတွက် ကြောင့် သူတို့အံ့ဩခဲ့ကြရပါသည်။ မိမိတို့သည် မည်သည့်လမ်းကိုလိုက်လျှောက် ရမည်ကို ထိုသူများကိုယ်တိုင်မသိရှိကြချေ။ သူတို့သည် မိမိတို့အမြဲတမ်းအကြံ တောင်းခဲ့ရသည့် ထိုယဇ်ပုရောဟိတ်ကြီးများ၏ လုပ်ကိုင်လှုပ်ရှားမှုများကိုသာ စိုး ရိမ်ပူပန်စွာဖြင့် စောင့်ကြည့်ခဲ့ကြပါသည်။
ခရစ်တော်သည် ယုဒလူအကြီးအကဲများကို သတိပေးရန်နှင့် သွန်သင်မှု ကိုလက်ခံဖို့ဆန္ဒရှိနေကြသော လူထုကြီးအားပဲ့ပြင်ရန် ရည်ရွယ်ချက်များဖြင့် ဤပုံ ပမာကိုမိန့်မြွက်တော်မူခဲ့ပါသည်။ ထိုယုဒလူများသည် မိမိတို့၏ရိုးရာ ဓလေ့များအ ပေါ်ရိုသေလေးစားမှုများနှင့် ယိုယွင်းပျက်စီးနေသောယဇ်ပုရောဟိတ်များ၏ လုပ် ရပ်များအပေါ် အကြွင်းမဲ့ယုံကြည်နေကြသဖြင့် ကျွန်ဘ၀ကိုကျရောက်နေကြရပါ သည်။ ထိုကြောင့် သူတို့အားယခုထက်ပို၍ ရှင်းရှင်းလင်း လင်းသွန်သင်ပေးရန်လို အပ်နေပါသည်။ ခရစ်တော်သည် ၎င်းတို့အားကျွန် ဘ၀ရောက်စေသည့်အနှောင်အ ဖွဲ့များကို ဖြတ်တောက်ပစ်ရပါမည်။ ထိုယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများ၏ ဇာတိ ရုပ်မှန်ကိုလည်း ပို၍ထင်ရှားအောင်ထုတ် ဖော်ပေးရပါမည်။
“ယေရှုသည် တပည့်တော်တို့နှင့်လူအပေါင်းတို့အား ဟောပြောတော်မူ သည်ကား၊ ကျမ်းပြုဆရာဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့၊ သူတို့၏အကျင့် အတိုင်းမကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ် တိုင်မကျင့်ကြ။” မြင့်မြတ်သောတန်ခိုးအာဏာများကို မောရှေအားပေးအပ်တော်မူ သကဲ့သို့ ၎င်းတို့အားလည်း ဘုရားသခင်ပေးအပ်ထားသည်ဟု ထိုကျမ်းပြုဆရာများ က အခိုင်အမာပြောဆိုခဲ့ကြပါသည်။ သူတို့သည် ပညတ်တော်ကိုအနက်ဖွင့်သူများ၊ လူထုကိုတရားစီရင်သည့်တရား သူကြီးများအဖြစ် မောရှေ၏နေရာတွင် အစားထိုး ဆောင်ရွက်ခဲ့ကြပါသည်။ ယုဒလူထုအား မိမိတို့ခိုင်းသည့်အတိုင်းလုပ်ဆောင်၍ မိမိ တို့သွန်သင်သည့် အတိုင်းလိုက်နာရန် အတင်းအကျပ်ခိုင်းစေကြပါသည်။ ယုဒလူ များသည် ထိုရဗ္ဗိများ၏သွန်သင်ချက်အတိုင်း လိုက်နာလုပ်ဆောင်ကြရန်ဖြစ်သော် လည်း ၎င်းတို့ကျင့်ဆောင်သည့်အတိုင်းမလုပ်ဆောင်ကြရန် ကိုယ်တော်မြစ်တား တော်မူပါသည်။ အကြောင်းမူကား၊ ၎င်းတို့သည် မိမိတို့သွန်သင်သည့်အတိုင်း မ ကျင့်ဆောင်ကြသောကြောင့်ဖြစ်ပါသည်။
၎င်းပြင် သူတို့၏သွန်သင်ချက်အများစုသည်လည်း ကျမ်းစာတော်မြတ် ၏သွန်သင်ချက်များနှင့် ဆန့်ကျင်ဖီလာနေပါသည်။ ထိုကြောင့် အလွန်လေး၍ထမ်း ခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏။ မိမိတို့မူကား၊ လက် ဖျားနှင့်မျှမရွှေ့လိုကြဟု ယေရှုရှင်မိန့်တော်မူ၏။ ဖာရိရှဲ များသည် ရိုးရာဓလေ့များ အ ပေါ်တွင်အခြေခံ၍ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်မှုကို တရားလွန်ကန့်သတ်ချုပ် ထားသည့်အတိုင်း မသိများပြားလှစွာသော စည်းကမ်းဥပဒေများကို ပြဌာန်းခဲ့ကြပါ သည်။
အချို့စည်းကမ်းဥပဒေများကို သူတို့ကိုယ်တိုင်လျှို့ဝှက်စွာ လျစ်လျူရှုထား ခဲ့ကြပါသည်။ သို့သော် လူအများကိုလိုက်နာစောင့်ထိန်းရန် သူတို့ ပြဌာန်းခဲ့ကြပါ သည်။ ထိုပြဌာန်းချက်များသည် ၎င်းတို့၏လုပ်ဆောင်ချက် များနှင့်ငြိစွန်းလာသော အချိန်တွင် ထိုပြဌာန်းချက်များမှ မိမိတို့ကင်းလွတ်ခွင့်ရကြောင်း အတိအလင်းပြော ဆိုလာတတ်ကြပါသည်။
သူတို့၏ခိုင်မြဲသောရည်မှန်းချက်မှာ မိမိတို့ဘုရားတရားရှိကြောင်းကို လူအ များသိစေရန်ပင် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ကိ kဖြည့်ဆည်းနိုင်သည့် သန့်ရှင်းစင် ကြယ်မှုတစ်စုံတစ်ခုမျှ သူတို့၌မရှိချေ။ ပညတ်တော်များ နှင့်စပ်လျဉ်း၍ မောရှေအား ဘုရားသခင်၏မိန့်တော်မူသည်ကား၊ “ထိုစကား ကိုလည်း သင်၏လက်၌ လက္ခဏာ သက်သေဖို့ရာလည်းကောင်း၊ သင်၏ မျက်စိကြားမှသင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်” ဟူ၍ဖြစ်၏။ တရားဟော ၆း၈။ ဤကျမ်းချက်၌ လေးနက်သော အဓိပ္ပါယ်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဆင်ခြင်သုံးသပ်၍ လက် တွေ့ကျင့်သုံးသော အချိန်တွင် လူတစ်ကိုယ်လုံးသည်မြင့်မြတ်လာပါလိမ့်မည်။ လက်များသည် လည်းဖြောင့်မတ်၍ သနားခြင်းကရုဏာနှင့်ပြည့်၀သောလုပ်ဆောင် မှုများတွင် ဘုရားသခင့်ပညတ်တော်၏စည်းမျဉ်းများကို အမှတ်တံဆိပ်တစ်ခုကဲ့သို့ ထုတ် ဖော်လာကြပါလိမ့်မည်။ ထိုလက်များသည် မေတ္တာကရုဏာနှင့်ဆိုင်သောလုပ် ငန်းများတွင် လှုပ်ရှားလုပ်ဆောင်ပါလိမ့်မည်။ မြင့်မြတ်သောရည်မှန်းချက် များကို ရှေးရှုလျက်ရှိသည့် မျက်ဝန်းအစုံတို့သည်လည်း ကြည်လင်တောက်ပနေပါလိမ့် မည်။ အတွင်းစိတ်ကိုဖော်ပြနေသည့် မျက်နှာထားနှင့် စကားပြောနေသော မျက်လုံး များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြတ်နိုးလေးစားသော ထိုသူ၏အပြစ် ကင်းစင်မှုကို သက်သေခံပါလိမ့်မည်။ သို့ရာတွင် ခရစ်တော် အချိန်ကယုဒလူများ သည် ဤအရာအားလုံးကို မသိနားမလည်ခဲ့ကြချေ။ သမ္မာကျမ်းစာမှပညတ်ချက်များ ကို လူပုဂ္ဂိုလ်တစ်ဦးအပေါ်တွင် ဝတ်ဆင်ထားသင့်သည်ဟူ၍ မောရှေအား ပေးတော် မူသည့်အမိန့်တော်ကို တစ်မျိုးအဓိပ္ပါယ် ကောက်ယူခဲ့ကြပါသည်။ ထိုကြောင့်ပညတ် ချက်များကို အဝတ်စများပေါ်မှာ ရေးသား၍ ထင်ထင်ရှားရှားမြင်သာ သောဦးခေါင်း နှင့် လက်ကောက်ဝတ်များ တွင်ချည်နှောင်စည်းပတ်ထားတတ်ကြပါသည်။ သို့ရာ တွင် ဤအပြုအမူသည် ဘုရားသခင်၏ပညတ်တော်အား စိတ်နှလုံးထဲတွင်အခြေ ခိုင်မြဲမှု မဖြစ်စေနိုင်ချေ။ ထိုအဝတ်စများကို သူတစ်ပါးစိတ်ဝင်စားလာအောင် တံ ဆိပ်များအဖြစ် ဝတ်ဆင်ခြင်းမျှသာဖြစ်ပါသည်။ ထိုသို့ဝတ်ဆင်သောသူများသည် ဘုရား တရားရှိသည့်ပုံပန်းမျိုးပေါ်လွင်နေသည်ဟုထင်ရပါသည်။ ခရစ်တော်သည် ထိုကဲ့သို့အချည်းနှီးဟန်ဆောင်မှုမျိုးကို ထိုးနှိပ်သည့်အနေဖြင့်-
“သူတို့သည် ပြုသမျှအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်း ငှာပြု ကြ၏။ ကျယ်သောလက်ဖွဲ့ကိုလည်းကောင်း၊ ကြီးသောပန်းပွားတို့ကို လည်းကောင်း ဝတ်လေ့ရှိကြ၏။ ပွဲသဘင်တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်း ကောင်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား၊ အရှင်ဘုရား ဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက် ကြ၏။ သင်တို့မူကား၊ အရှင်ဘု ရားဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းတို့သည် ညီအစ်ကိုချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌သင်တို့အဘတစ်ပါး တည်းရှိတော်မူ၏။ ဥပဇ္ဈာယ်ဆရာဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူ သော သင် တို့၏ဥပဇ္ဈာယ်ဆရာတစ်ပါးတည်းရှိ၏” ဟု ခရစ်တော်မိန့်တော်မူ၏။ ဥစ္စာဓနကိုတပ်မက်ပြီး မနာလိုဝန်တိုမှုများနှင့်ပြည့်၀နေစဉ်မှာပင် ရာထူးနှင့် တန်ခိုးအာဏာများကို လက်လှမ်းလျက် ဟန်ပြနှိမ့်ချမှုအတုများနှင့်ပြီးသော တစ် ကိုယ်ကောင်းစိတ်များနှင့်ပြည့်လျှံနေသည့် ၎င်းတို့၏သဘောထားများကို ထိုကဲ့သို့ ရှင်းလင်းသောစကားလုံးများအားအသုံးပြုကာ ကိုယ်တော်ဖွင့်ဟ တော်မူခဲ့ပါသည်။ ဧည့်ခံပွဲများသို့တက်ရန် ဖိတ်ကြားခြင်းခံရသောဧည့်သည် တော်များသည် ၎င်းတို့၏ ရာထူးအဆင့်အလိုက်ခုံနေရာများကို ထိုင်စေတတ် ပါသည်။ အမြင့်မြတ်ဆုံးသော နေရာတွင် ထိုင်ခွင့်ရသောသူသည် ပထမဦးစားပေးခြင်းနှင့် အထူးဂရုပြုခြင်းကို ခံ ကြရပါသည်။ ဖာရိရှဲများသည် ဂုဏ်ရှိ သောနေရာများကိုထိုင်ခွင့်ရအောင် အမြဲတမ်း ကြံစည်ခဲ့ကြပါသည်။ ဤအကျင့် ဆိုးကို ခရစ်တော်ပြစ်တင်ဆုံးမတော်မူခဲ့ပါသည်။
၎င်းပြင် ရဗ္ဗိ (သို့မဟုတ်) အရှင်ဘုရားစသည့်ဘွဲ့နာမများ အခေါ်ခံချင် သော အချည်းနှီးသော ပကာသနကိစ္စများကိုလည်း ကိုယ်တော်ပြစ်တင်တော်မူခဲ့ ပါသည်။ ထိုဘွဲ့နာမသည် လူသားများနှင့်မသက်ဆိုင်ဘဲ ခရစ်တော်ပိုင်ဆိုင်သော ဘွဲ့နာမဖြစ်ကြောင်း မိန့်တော်မူခဲ့ပါသည်။ အားလုံးသောယဇ်ပုရော ဟိတ်များ၊ ကျမ်းပြုဆရာများ၊ ယုဒလူအကြီးအကဲများနှင့်ပညတ်တော်၏ အနက်ကိုဖွင့်ဆိုကြ သည့်ကျမ်းတတ်ဆရာများသည် တစ်ပါးတည်းရှိတော်မူသော အဖဘုရားသခင်၏ သားသမီးများတည်းဟူသော ညီအစ်ကိုများသာဖြစ်ကြပါသည်။ မိမိတို့၏ဩတ္တပ္ပစိတ် (သို့မဟုတ်) ယုံကြည်ခြင်းကိုထိန်းချုပ်သည့်အဓိပ္ပါယ်ကို ဖော်ညွှန်းနေသော ဂုဏ်ပြု သည့်ဘွဲ့နာမတစ်ခုကို မည်သည့်လူသားကိုမျှပေး အပ်ဖို့မလိုကြောင်း၊ ထိုသူများ အား ခရစ်တော်သိရှိနားလည်စေခဲ့ပါသည်။
ခရစ်တော်သည် ကမ္ဘာလောကတွင် ယနေ့အသက်ရှင်နေထိုင်တော်မူခဲ့ပါ လျှင် ကိုယ်တော်၏အနားတွင်ဝိုင်းနေသည့် “ရက်ဗရင့်ထ် (သို့မဟုတ်) ရိုက်ထ်ရက် ဗရင့်” ဟူသောဘွဲ့နာမများကိုခံယူထားသူများအား “သင်တို့မူကား အရှင်ဘုရား ဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်၊ ခရစ်တော်တည်းဟူသော သင်တို့အရှင် ဘုရားတစ်ပါး တည်းရှိ၏}} ဟုထပ်လောင်းမိန့်မြွက်တော်မူလိမ့်မည်လား။ ဆာလံကျမ်း ၁၁၁း၉ တွင် ဘုရားသခင်၏နာမတော်နှင့်ပတ်သက်၍ သမ္မာ ကျမ်းစာကဖွင့်ဆိုထားသည်မှာ ]]နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေ ဖွယ် (ရက်ဗရင့်ထ်) ဖြစ်၏” ဟူ၍ ဖြစ်၏။ ဤဘွဲ့နာမမျိုးကို မည်သည့် လူသားနှင့်ထိုက်တန်ပါသနည်း။ လူသားများ သည် ထိုနာမတော်ကဖော်ညွှန်းနေသည့် ဥာဏ်တော်နှင့်ဖြောင့်မတ်ခြင်း တရားများ ကို မည်မျှသေးသိမ်စွာဖော် ပြနေကြပါသနည်း။ ထိုနာမတော်ကို အသုံးပြုနေကြသူ များထဲမှ မည်မျှများစွာ သောသူများသည် ဘုရားသခင်၏နာမတော်နှင့်ဂုဏ်တော်ကို မှားယွင်းစွာ ရုပ်လုံးဖော်နေကြပါသနည်း။ လောကဆန်သောရည်မှန်းချက်များ၊ အ ကန့် အသတ်မရှိသည့်အာဏာတန်ခိုးများနှင့် အယုတ်ညံ့ဆုံးသောအပြစ်များကို ကြီး မြတ်သန့်ရှင်းသောရာထူးတစ်ခုအတွက် ဝတ်ဆင်ထားသည့်လှပစွာရက် လုပ်ထား သော ဝတ်ရုံကြီးအောက်တွင် အကြိမ်မည်မျှဝှက်ထားခဲ့ဖူးကြပြီနည်း။ ထိုနောက် ကယ်တင်ရှင်ကဆက်လက်၍-
“သင်တို့တွင်အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။ အကြင်သူ သည်မိမိကိုယ်ကိုချီးမြှောက်အံ့။ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူ သည် မိမိကိုယ်ကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ရောက် လတ္တံ့}} ဟုမိန့် တော်မူ၏။ စစ်မှန်သောကြီးမြတ်ခြင်းကို ကိုယ်ကျင့်တရား၏ တန်ဖိုးဖြင့်တိုင်းတာ ကြောင်းကို ခရစ်တော်သည် ထပ်ခါတလဲလဲမိန့်တော်မူခဲ့ပါသည်။ ကောင်းကင်နိုင်ငံ တော်၏အကဲဖြတ်ချက်အရ စာရိတ္တကောင်းမြတ်ခြင်းတွင် ကျွန်ုပ်တို့လုပ်ဖော် ဆောင်ဖက်မိတ်ဆွေသူငယ်ချင်းများ၏ သာရေးနာရေးကိစ္စများအတွက် မစကူညီ ခြင်းနှင့် မေတ္တာကရုဏာနှင့်စပ်ဆိုင်သော လုပ်ဆောင်မှုများတို့ ပေါင်းစပ်ပါဝင်နေပါ သည်။ ဘုန်းတော်၏ဘုရင်ခရစ်တော် ရှင်သည် အပြစ်တွင်ကျဆုံးနေသော လူသားတစ်ရပ်လုံး၏အစေကျွန်တစ်ဦး ဖြစ်ခဲ့ပါသည်။
လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အ ကြောင်းမူကား ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့ လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်းဆီးတားကြ၏။ “ထို ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများသည် သမ္မာကျမ်းစာကို အလွဲအဓိပ္ပါယ် ကောက်စေခြင်းအားဖြင့် ခရစ်တော်၏နိုင်ငံတော်နှင့်ဆိုင်သော အသိပညာများကို အခြားနည်းများဖြင့် ရရှိ ထားသူများ၏ စိတ်နှလုံးများနှင့် မှန်ကန်သောသန့်ရှင်းခြင်းအတွက် အဓိကကျသော မြင့်မြတ်သည့်အတွင်း အသက်တာများကို မှောင်မိုက်ကျစေကြပါသည်။
လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိ၏။ အ ကြောင်းမူကား၊ မုဆိုးမအိမ်ကိုလုယူသိမ်းထား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကိုရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ကြီးစွာသော ဒဏ်ကိုခံကြရလတ္တံ့ ။” ဖာရိရှဲများသည် လူထုအပေါ်တွင်ဩဇာညောင်းကြ ပါသည်။ ဤသည်ကို အခွင့် ကောင်းယူ၍ မိမိတို့၏ကိုယ်ကျိုးအတွက် အမြတ် ထုတ်ခဲ့ကြပါသည်။ သူတို့သည် ဘုရားတရားရှိသော မုဆိုးမများ၏ယုံကြည်မှု ကိုခံကြရပါသည်။ ထိုသို့ယုံကြည်မှု ရရှိ နေသောအချိန်တွင် ဘာသာရေးလုပ်ငန်း များအတွက်အသုံးပြုရန် မိမိတို့ပိုင်ပစ္စည်း များကို လှူဒါန်းဖို့တာဝန်ရှိသည်ဟု မုဆိုးမများအားသူတို့တိုက်တွန်းလာကြပါသည်။ ၎င်းတို့၏လှူဒါန်းပစ္စည်းများ ကို လက်ဝယ်ရရှိလာကြသောအခါ ထိုမသမာသူများ သည် ထိုဥစ္စာပစ္စည်းများ ကို မိမိတို့အကျိုးအလို့ငှာ အသုံးပြုခဲ့ကြပါသည်။ မိမိတို့၏ မရိုးသားသော လုပ်ဆောင်မှုများကိုဖုံးဖိရန် သူတို့သည်လူပုံအလယ်တွင် အရှည်ကြီး ဆုတောင်းတတ်ကြပါသည်။ ဘုရားတရားရှိ ဟန်ဆောင်တတ်ကြပါသည်။ ထိုကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းများသည် သူတို့အားသာ၍ကြီးမားသော ဒဏ်ကို ခံစေလိမ့်မည်ဟု ခရစ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ ထိုမိန့်မြွက်ချက်သည် ဘုရား ဝတ်၌မွေ့လျော်ယောင်ဆောင်နေသော ယခုလူသားများ အတွက်လည်းအကျုံးဝင် ပါသည်။ သူတို့၏အသက်တာများသည် တစ်ကိုယ်ကောင်းဆန်မှုများ၊ ဥစ္စာဓနတပ် မက်ခြင်းများနှင့်ညစ်စွန်းနေသော်လည်း သန့်စင်သည့်ဟန်ရှိသော အပေါ်ယံဝတ်ရုံ ဖြင့် ထိုအရာများကိုဖုံးအုပ်ထားခြင်းဖြင့် အခိုက်အတန့်အားဖြင့် မိမိတို့၏အပေါင်းအ သင်းရောင်းရင်းများကို လှည့်စားနိုင်ခဲ့ကြပါသည်။ သို့သော် ဘုရားသခင်ကို သူတို့မ လှည့်ဖြားနိုင်ကြပါ ချေ။ ကိုယ်တော်သည် စိတ်နှလုံးများတွင်ကြံစည်နေသော အကြံ အစည်တိုင်း ကိုဖတ်တော်မူ၍ မိမိ၏အကျင့်အတိုင်း ထိုသူကိုတရားစီရင်တော်မူပါ လိမ့်မည်။
ခရစ်တော်သည် မတရားမှုများကို မခြွင်းမချန်ဆုံးမပြစ်တင်တော်မူခဲ့ သော်လည်း လူသားများပြုရမည့်ဝတ်ကို ယုတ်ညံ့သေးသိမ်မသွားစေရန် ဂရုပြု တော်မူပါသည်။ မုဆိုးမထံမှဥစ္စာပစ္စည်းများကို မရမကတောင်းခံကာ အလွဲအ သုံးပြုခြင်းများကိုဖြစ်စေသည့် တစ်ကိုယ်ကောင်းစိတ်ကို ပြစ်တင်ဆုံးမနေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ဘဏ္ဍာတော်တိုက်တွင် ထည့်ဝင်လှူဒါန်းမှု များအတွက် မုဆိုးမများကိုချီးမွမ်းတော်မူခဲ့ပါသည်။ လှူဒါန်းသည့်လှူဖွယ်ဝတ္ထုများ ကို လူသားများကအလွဲအသုံးပြုခြင်းကြောင့် ဘုရားသခင်ထံတော်မှ ကောင်းချီး မင်္ဂလာများသည် အလှူရှင်ထံမှ သွေဖည်မသွားနိုင်ပါချေ။
သခင်ယေရှုသည် ဘဏ္ဍာငွေသေတ္တာထားသည့် ဗိမာန်တော်ထဲတွင် ရှိနေ တော်မူသဖြင့် အလှူဘဏ္ဍာများကိုလာရောက်ထည့်ဝင်သူများအားကြည့်ရှုတော် မူခဲ့ပါသည်။ များစွာသောသူဌေးသူကြွယ်များသည် အလှူငွေအများ ကြီးယူဆောင် လာကြကာ လူမြင်ကွင်းတွင်လူသိရှင်ကြား ထည့်ဝင်လှူဒါန်းကြပါသည်။ ၎င်းတို့၏ ရက်ရောစွာထည့်ဝင်လှူဒါန်းမှုအပေါ် တစ်စုံတစ်ရာ ဝေဖန်မှုမပြုသော်လည်း သူတို့ အားဝမ်းနည်းစွာဖြင့်ကြည့်တော်မူခဲ့ပါသည်။ ထိုစဉ်တွင် အခြားသူများမြင်သွားမှာစိုး ၍ သုတ်သီးသုတ်ပျာဖြင့် အလှူငွေသေတ္တာရှိရာသို့ ချဉ်းကပ်လာသော မုဆိုးမတစ် ယောက်ကိုမြင်သောအခါ ကိုယ်တော်၏မျက်နှာတော်သည် တောက်ပလာခဲ့ပါသည် ။ သူဌေးသူကြွယ်များသည် အလှူငွေထည့်ရန် ချဉ်းကပ်လာကြသောအခါတွင် သူမ သည်ရှေ့သို့မတိုးရဲတော့ဘဲ နောက်သို့ဆုတ်သွားခဲ့ပါသည်။ သို့ရာတွင် မိမိလှူဒါန်း မည့် အလှူငွေသည် နည်းပင်နည်းငြားသော်လည်း မိမိမြတ်နိုးသောအမှုတော် အတွက်ထည့်ဝင်လှူဒါန်းရန် သူမလိုလားတောင့်တခဲ့ပါသည်။ လက်ထဲတွင် အသင့် ပါလာသည့်အလှူငွေကို ပြန်၍သူမကြည့်လိုက်ပါသည်။ အနားတွင် ထည့်ဝင်နေသူ များ၏ အလှူငွေများနှင့် မနှိုင်းယှဉ်နိုင်အောင်နည်းပါးလှကြောင်း သူမတွေ့ခဲ့ရပါ သည်။ သို့ရာတွင် ထိုအလှူငွေသည် သူမ၌ရှိသမျှဘဏ္ဍာအား လုံးဖြစ်ပါသည်။ သူမ သည် အခွင့်အရေးရမည့်အချိန်ကိုစောင့်ကြည့်လျက် အခွင့်ရသည်နှင့်တစ်ပြိုင်နက် သူမလက်ထဲတွင်ရှိနေသည့် ကြေးနီဒင်္ဂါးနှစ်ပြားကို အလျင်အမြန်ပစ်ထည့်လိုက်ပါ သည်။ ထိုနောက် သုတ်ခြေတင်ကာလှည့် ထွက်သွားခဲ့ပါသည်။ သို့ရာတွင် ထိုလုပ် ဆောင်မှုသည် ခရစ်တော်၏မျက်စိအစုံကို သူမအားအာရုံစူးစိုက်ကြည့်ရှုစေခဲ့ပါ သည်။
ကယ်တင်ရှင်သည် တပည့်တော်များကိုအနားသို့ခေါ်တော်မူ၍ ထိုမုဆိုးမ၏ ဆင်းရဲနွမ်းပါးမှုကို အာရုံစိုက်စေတော်မူပြီးနောက် “ငါအမှန်အကန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချခဲ့ပြီ” ဟု ကိုယ်တော်ပြောဆိုခဲ့သော ချီးမွမ်း စကားများသည် သူမနား ထဲသို့ဝင်ရောက်သွားခဲ့ပါသည်။ မိမိ၏လုပ်ဆောင် မှုကိုနားလည်သဘောပေါက်ကာ အသိအမှတ်ပြုခြင်းခံခဲ့ရသဖြင့် သူမ၏မျက်လုံးအစုံတွင် ဝမ်းသာမျက်ရည်များဖြင့် ပြည့်နေခဲ့ပါသည်။ ကြွယ်၀သော ယဇ်ပုရောဟိတ်များ၏လက်ထဲသို့ ပေးကမ်းလိုက် လျှင် ထိုအရာကလေးသည် ဘဏ္ဍာတိုက်ထဲသို့ယူဆောင်လာကြသည့် အဖိုးတန် လက်ဆောင်ပစ္စည်းများအလယ်တွင် ဘာမျှအရာမရောက်ဘဲပျောက်သွားမည်ဖြစ် သဖြင့် မဖြစ်စလောက် ထိုငွေကလေးကို လိုတာရှိလျှင်အသုံးပြုနိုင်ရန်သိမ်းဆည်း ထားဖို့ မိတ်ဆွေများကသူမအား အကြံပေးခဲ့ကြပါသည်။ သို့ရာတွင် သူမ၏သဘော ထားကို သခင်ယေရှုနားလည်တော်မူပါသည်။ ဗိမာန်တော်၏အမှုတော်လုပ်ငန်းဖြစ် ကြောင်းကို သူမယုံကြည်ထားပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းအတွက် တတ်နိုင် သမျှပေးကမ်းလှူဒါန်းခဲ့သော သူမ၏အပြုအမှုသည် ခေတ်အဆက်ဆက်တွင် သူမ ကို သတိရစေဖို့ မှတ်တိုင်တစ်ခုသဖွယ်ဖြစ်ခဲ့ပြီး သူမအတွက်လည်း ထာ၀ရပျော်ရွှင် မှုကိုဖြစ်စေခဲ့ပါသည်။ သူမ၏နှလုံးသားသည် သူမပေးခဲ့သော အလှူငွေနှင့်လိုက် ဖက်ညီခဲ့ပါသည်။ ကိုယ်တော်သည် ထိုအရာ၏ တန်ဖိုးကို ငွေဒင်္ဂါးတန်ကြေးအားဖြင့် မဟုတ်ဘဲသူမအား ထိုသို့လုပ်ဆောင် ရန်လှုံ့ဆော်ပေးခဲ့သော ဘုရားသခင်အပေါ် တွင် ထားရှိခဲ့သည့် သူမ၏ချစ်ခြင်းမေတ္တာနှင့် ကိုယ်တော်၏အမှုတော်အပေါ်တွင် ထားရှိသည့် သူမ၏စိတ်ဝင် စားမှုများအားဖြင့် တိုင်းတာခဲ့ပါသည်။
ထိုသူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချ ခဲ့ပြီဟူ၍ သူမအကြောင်းကို ထိုကဲ့သို့ခရစ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ လူချမ်းသာများ သည် မိမိတို့၏ကြွယ်၀ချမ်းသာမှုများထဲမှနုတ်၍ များစွာသော အလှူငွေများကို ပေး ကမ်းခဲ့ကြသဖြင့် လူများတို့၏ဂုဏ်ပြုခြင်းကိုခံခဲ့ကြရပါသည်။ ထိုအလှူငွေများကို နုတ်ယူလှူဒါန်းလိုက်သည့်အတွက် သူတို့၌ဘာမျှမထိခိုက်ခဲ့ချေ။ မည်သည့်နစ်နာမှု မျှမရှိခဲ့ချေ။ ထိုကြောင့် ဆင်းရဲသူမုဆိုးမထည့်ဝင် လိုက်သောကြေးနီဒင်္ဂါးနှစ်ပြားနှင့် တန်ဖိုးရှိမှုတွင် မယှဉ်သာအောင်ဖြစ်နေပါသည်။
ကျွန်ုပ်တို့၏လုပ်ဆောင်မှုများတွင် အကျင့်စာရိတ္တကိုပေါ်လွင်စေသော ကျွန်ုပ်တို့၏ စိတ်နေသဘောထားသည် အရှက်ရခြင်းကိုသော်လည်းကောင်း၊ မြင့် မြတ်သောစာရိတ္တတန်ဖိုးကိုသော်လည်းကောင်း၊ တစ်ခုခုကိုထင်ရှားစေလျက်ရှိပါ သည်။ မျက်လုံးအစုံတိုင်းနှင့် မမြင်နိုင်သောနှုတ်ခမ်းတိုင်းနှင့် မချီးမွမ်းနိုင်သောကြီး မြတ်သည့်အရာများကို ဘုရားသခင်သည် အထူးမွန်မြတ်သောအရာအဖြစ် မှတ်ယူ တော်မူပါသည်။ နှစ်ထောင်းအားရစွာဖြင့်ထမ်းဆောင်ခဲ့သော သေးငယ်သည့် တာ ဝန်များ၊ သူတစ်ပါးမသိအောင်လှူဒါန်းခဲ့သော သေး မွှားသည့်အလှူအတန်းများနှင့် လူသားများ၏မျက်စိထဲတွင် တန်ဖိုးမရှိဟု ထင်ရသောအရာများသည် တစ်ခါတစ်ရံ တွင် ဘုရားသခင့်ရှေ့မှောက်တွင် အမြင့်မြတ်ဆုံးသော အရာများဖြစ်နေတတ်ပါ သည်။ ယုံကြည်၍ချစ်ခြင်းမေတ္တာ နှင့်ပြည့်၀သောနှလုံးသားတစ်ခုသည် အဖိုးထိုက် တန်ဆုံးသောလက်ဆောင် ပစ္စည်းတစ်ခုထက် ဘုရားသခင်၏ရှေ့တော်တွင် တန်ဖိုး ကြီးလှပါသည်။ ဆင်းရဲသူထိုမုဆိုးမသည် အနည်းငယ်သော ထိုအလှူငွေကလေးကို ထည့်ဝင်နိုင်ရန် ကြိုးစားလုပ်ဆောင်ခဲ့ရပါသည်။ မြတ်နိုးသောအမှုတော်မြတ်အတွက် ထိုကြေး နီဒင်္ဂါးနှစ်ပြားကိုလှူဒါန်းနိုင်စေရန်အလိုငှာ ထမင်းနပ်ကျော်ရသည့်အခါများ လည်းရှိခဲ့ပါသည်။ အဖဘုရားသခင်သည် သူမ၏လိုအပ်ချက်ကို မစမှုမရှိဘဲ ကျော် သွားလိမ့်မည်မဟုတ်ကြောင်း၊ သူမယုံကြည်လျက် ထိုယုံကြည်ခြင်းဖြင့် အလှူကိုလှူ ဒါန်းခဲ့ခြင်းဖြစ်ပါသည်။ တစ်ကိုယ်ကောင်းမဆန်သော ဤစိတ်ဓာတ်နှင့် ကလေးငယ် နှင့် တူသောသူမ၏ယုံကြည်ခြင်းသည် ခရစ်တော် ၏ချီးမွမ်းမှုကိုရယူနိုင်ခဲ့ပါသည်။
ကိုယ်တော်၏ကျေးဇူးတော်နှင့်သမ္မာတရားများအတွက် ဘုရားသခင်အား ကျေးဇူးတင်လိုသူများသည် ဆင်းရဲသားများထဲတွင် များစွာရှိနေကြပါသည်။ သူတို့ သည် မိမိတို့ထက်ပို၍ချမ်းသာကြွယ်၀သူများနှင့်ယှဉ်၍ အမှု တော်မြတ်အတွက် ထောက်ပံ့လိုကြပါသည်။ ဤအသက်ဝိညာဉ်များကိုငြင်း ပယ်ဖို့မသင့်ပါချေ။ ကောင်းကင်ဘဏ္ဍာတော်တိုက်တွင် ၎င်းတို့အား ကြေးနီ ဒင်္ဂါးပြားကလေးများကို ထည့်ဝင်ခွင့်ပြုကြပါသည်။ ဘုရားသခင်ကိုချစ်သည့် မေတ္တာစိတ်ဖြင့်ပေးလှူပါလျှင် သေးသိမ်သည်ဟုထင်ရသည့် ထိုအလှူငွေ များသည် ဆက်ကပ်သောအလှူငွေများ၊ ဘုရားသခင်နှစ်သက်တော်မူ၍ ကောင်းချီးပေးတော်မူသော တန်ဖိုးမဖြတ်နိုင်သည့် အလှူငွေများဖြစ်လာပါသည်။
“သူမသည် ထိုသူအပေါင်းတို့ထက်သာ၍သွင်းချခဲ့ပြီ” ဟုမိန့်တော်မူရာ တွင် အလှူငွေထည့်သည့်သဘောထားအတွက်သာမက ထိုအလှူငွေ၏ အကျိုး သက်ရောက်မှုများအတွက်လည်း ထိုစကားများသည် မှန်ကန်လှပါသည်။ တစ်ပဲ လောက်တန်သော ထိုကြေးနီနှစ်ပြားသည် ချမ်းသာသောယုဒများ၏ အလှူငွေများ ထက် အလွန်များပြားသောငွေများကို ဘုရားသခင်၏ ဘဏ္ဍာတိုက်ထဲတွင် ဖြစ်ပေါ် စေခဲ့ပါသည်။ အနည်းငယ်သောထိုအလှူငွေ၏ အကျိူးသက်ရောက်မှုသည် ချောင်း ကလေးတစ်ခုနှယ် အစပထမတွင်သေးငယ်သော်လည်း၊ ဗခတ်အဆက်ဆက်စီး ဆင်းလာစဉ်တွင် တဖြည်းဖြည်းကျယ် ပြန့်နက်ရှိုင်းလာခဲ့ပါသည်။ ဤအလှူငွေသည် ဆင်းရဲသားများကိုမစရာတွင် လည်းကောင်း၊ ဧဝံဂေလိတရားတော်ကို ဟောပြောရာ တွင်လည်းကောင်း နည်းလမ်းပေါင်းတစ်ထောင်ဖြင့် အကျိုးပြုခဲ့ပါသည်။ ကမ္ဘာအရပ် ရပ်တွင် ခေတ်အဆက်ဆက် အသက်ရှင်ခဲ့ကြသော ထောင်ပေါင်းများစွာသော လူ သားများသည် သူမ၏အနစ်နာခံသော အသက်တာပုံစံကိုနမူနာယူကာ ထပ်ခါတလဲ လဲကျင့် သုံးခဲ့ကြပါသည်။ သူမ၏အပြုအမူကလေးက လူချမ်းသာ၊ လူဆင်းရဲနှစ်မျိုး စလုံးအားအလှူငွေထည့်ရန် ပန်ကြားတောင်းခံခဲ့ပြီး ထိုအလှူငွေများအားဖြင့် သူမ ၏ အလှူငွေကလေးကို တန်ဖိုးကြီးမားလာစေခဲ့ပါသည်။ ထိုမုဆိုးမ၏ အလှူငွေအ ပေါ်တွင်ချပေးခဲ့သော ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည် ထိုအလှူငွေကို ကြီးမားသောအကျိုးရလဒ်များ၏အခြေအမြစ်တစ်ခုဖြစ်စေခဲ့ ပါသည်။ ဘုရားသခင် ၏ ဘုန်းတော်အတွက် ရိုးသားသောစိတ်ဆန္ဒဖြင့် လုပ်ဆောင်ခဲ့သည့်အပြုအမူတိုင်း နှင့် လှူဒါန်းခဲ့သောအလှူအတန်းတိုင်းသည်လည်း ထိုနည်းအတူဖြစ်စေပါလိမ့်မည်။ ထိုအရာသည် အနန္တတန်ခိုးရှင်၏အကြံ တော်နှင့်ဆက်နွှယ်နေပါသည်။ ထိုအလှူငွေ ၏ကောင်းကျိုးပြုမှုများကို မည် သည့်လူသားကမျှတိုင်းတာနိုင်မည်မဟုတ်ချေ။
ကယ်တင်ရှင်သည် ဖာရိရှဲနှင့်ကျမ်းပြုဆရာများအား ဆက်လက်၍ မိန့်တော် မူသည်ကား၊ လမ်းပြသောလူကန်းတို့ သင်တို့သည်အမင်္ဂလာရှိကြ၏။ ဗိမာန်တော် ကိုတိုင်တည်၍ ကျိန်ဆိုခြင်းပြုလျှင်မတည်၊ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန် ဆိုခြင်းပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။ လူမိုက် လူကန်းတို့ အဘယ်အရာ သည် သာ၍မြတ်သနည်း၊ ထိုရွှေကားမြတ်သလော၊ တစ်နည်းကား ယဇ်ပလ္လင်ကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင်မတည်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင်တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်း တို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း၊ ထိုပူဇော်သကာကားမြတ်သလော။ ထို ပူဇော်သကာကိုသန့်ရှင်း စေသောယဇ်ပလ္လင်ကားမြတ်သလော။ ထိုယဇ်ပုရောဟိတ် များသည် ဘုရား သခင်၏တောင်းဆိုချက်များကို ၎င်းတို့၏မှားယွင်း၍ ကျဉ်းမြောင်း သောစံများ ကိုအသုံးပြု၍အနက်ဖွင့်တတ်ကြပါသည်။ သူတို့သည် ဒုစရိုက်အပြစ်အ မျိုးမျိုးမှတချို့ကို ပေါ့သောအပြစ်များဟူ၍လည်းကောင်း၊ အချို့ကိုအပြစ်မလွှတ်နိုင် သောဒုစရိုက်များဟူ၍လည်းကောင်း တူညီသောအပြစ်များအလိုက် အဆင့်အတန်း ခွဲခြားခြင်းသည် မှန်ကန်သည်ဟုသူတို့မှတ်ယူခဲ့ကြပါသည်။ သူတို့သည် ငွေကြေး မျက်နှာကိုကြည့်၍ အသင်းသားများအား ၎င်းတို့၏ကတိကဝတ်များမှ ကင်းလွတ်ခွင့် ပြုခဲ့ကြပါသည်။ ဤယဇ်ပုရောဟိတ်များသည် တစ်ခါတစ်ရံတွင်အလှူငွေများရသ ဖြင့် အလွန်ဆိုးရွားသောဒုစရိုက်များကိုပင် လျစ်လျူရှုနေသည့်တစ်ချိန်တည်းမှာပင် အသေးအဖွဲပြစ်မှုများအတွက် ပြင်းထန်သောအပြစ်ဒဏ်များ ပေးတတ်ကြပါသည်။
လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အ ကြောင်းမူကား၊ ပင်စိမ်း၊ စမွတ်၊ ဇီယာအသီးအရွက်ကိုဆယ်ဖို့တစ်ဖို့လှူကြသည် တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာ စောင့်ခြင်းတည်းဟူ သောပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆို သော အရာတို့ကိုလှပ်မထား၊ နောက်ဆိုသောအရာ တို့ကိုကျင့်ရမည်ဟု ကိုယ်တော် ရှင်မိန့်မြွက်တော်မူခဲ့ပါသည်။ ခရစ်တော်သည် ၎င်းတို့လုပ်ဆောင်သင့်သည့် မွန် မြတ်သောတာဝန်များကို အလွဲအသုံးပြုမှု များအတွက် ဤစကားများအားဖြင့် တစ် ဖန်ပြစ်တင်ဆုံးမတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုတာဝန်များကို မလုပ်ဆောင် တော့ရန် ဖယ်ရှားတော်မူခဲ့ ခြင်းမဟုတ်ပါ။ ဆယ်ဖို့တစ်ဖို့ထည့်ဝင်ခြင်းစနစ်ကို ဘုရား သခင်ကိုယ်တော် တိုင်စတင်ပြဌာန်းခဲ့သဖြင့် ထိုစနစ်ကိုရှေးဦးမှစ၍ ကျင့်သုံးလာခဲ့ ကြပါသည်။ ယုံကြည်ခြင်း၏အဖဟုသမုတ်ခြင်းခံရသည့်အာဗြဟံသည် မိမိ၏ဥစ္စာ ပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကိုပေးလှူခဲ့ပါသည်။ ဤယုဒခေါင်းဆောင်များသည် ဆယ်ဖို့တစ်ဖို့ထည့်ဝင်ရမည့်တာဝန်ကို အသိအမှတ်ပြုခြင်းအရာတွင် မှန်ကန်မှုရှိလှ ပါသည်။ သို့ရာတွင် သူတို့သည် ယုဒလူများအားအသိစိတ်ဓာတ်ဖြင့် ထိုတာဝန်ကို လုပ်ဆောင်စေခြင်းမဟုတ်ဘဲ ဥပဒေစည်းမျဉ်းများချမှတ်ကာ ဇွတ်အတင်းထည့်ဝင် စေခဲ့ကြခြင်းဖြစ်ပါသည်။ ခိုင်းစေချက်များသည် လိုက်နာလုပ်ဆောင်ရန် မဖြစ်နိုင် လောက်သည့် အခြေသို့ရောက်သည့်တိုင်အောင် အထူးရှုပ်ထွေးလာခဲ့ပါသည်။ မိမိ တို့၏တာဝန်ဝတ္တရားများကိုကျေပွန်အောင်မည် သူမျှမဆောင်ရွက်နိုင်ခဲ့ကြချေ။ ဤ စနစ်ကိုဘုရားသခင်ပေးတော်မူခဲ့သော ကြောင့် တရားမျှတမှုရှိ၍ လုပ်ထိုက်သောစ နစ်တစ်ခုဖြစ်ပါသည်။ သို့သော် ယဇ်ပုရောဟိတ်များနှင့်ရဗ္ဗိများက ထိုစနစ်ကိုငြီးငွေ့ ဖွယ်ကောင်းသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့ကြပါသည်။
ဘုရားသခင်ခိုင်းစေသည့်အရာတိုင်းသည် အရေးစိုက်၍လုပ်ဆောင်ရမည့် အရာများဖြစ်ကြပါသည်။ ခရစ်တော်အနေနှင့် ဆယ်ဖို့တစ်ဖို့ပေးခြင်းကို တာဝန်တစ် ရပ်အနေဖြင့် အသိအမှတ်ပြုတော်မူခဲ့သော်လည်း လုပ်ဆောင်ရမည့် အခြားတာဝန် များကိုလုပ်ဆောင်ရန် ပျက်ကွက်မှုအား ခွင့်ပြုတော်မမူကြောင်း ကိုယ်တော်ဖော်ပြ တော်မူခဲ့ပါသည်။ ဖာရိရှဲများသည် တန်ဖိုးနည်း သည့်ပင်စိမ်း၊ စမွတ်၊ ဇီယာ စသည့် ဥယျာဉ်ထွက်ပစ္စည်းများအတွက် ဆယ် ဖို့တစ်ဖို့ပေးကြသဖြင့် ၎င်းတို့၏တိကျမှုနှင့် ဘုရားဝတ်၌မွေ့လျော်မှုများအတွက် ဂုဏ်သတင်းကျော်စောခဲ့ကြပါသည်။ တစ်ချိန် တည်းမှာပင် ၎င်းတို့၏အသုံး မဝင်သည့်တားမြစ်ချုပ်ချယ်မှုများသည် ယုဒလူများ အားဖိစီးခဲ့ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ခန့်ခွဲသတ်မှတ်ထားသည့် မွန်မြတ်သော ထိုစနစ်အပေါ်ထား ရှိသည့်လူအများ၏လေးစားမှုကို ပျက်စီးစေခဲ့ပါသည်။ သူတို့ သည် လူအများ၏ စိတ်နှလုံးကိုအသေးအဖွဲအရာများနှင့်သာပြည့်၀နေစေပြီး၊ အဓိ ကကျသော သမ္မာတရားများမှလွဲဖည်စေခဲ့ကြပါသည်။ ပညတ်တရားတွင် ပို၍အရေး ပါသည့်တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်းနှင့် သစ္စာစောင့်ခြင်း အကျင့် များကိုမူ လျစ်လျူရှုခဲ့ကြပါသည်။ အရင်ဆိုခဲ့သော အရာများကိုချန်လှပ်ထားခြင်းမရှိ ဘဲ နောက်ဖော်ပြသည့်အရာများကိုလည်း ကျင့်ဆောင်သင့်သည်ဟု ကိုယ်တော်မိန့် တော်မူခဲ့ပါသည်။
ဤရဗ္ဗိများသည် အခြားပညတ်များကိုလည်း ဤနည်းအတိုင်းပင် လမ်းလွဲ စေခဲ့ကြပါသည်။ သွေးသားမသန့်စင်မှုများနှင့် အသက်တိုမှုများကိုဖြစ် စေနိုင်သဖြင့် ဝက်သားနှင့်တကွ မသန့်ရှင်းသောအခြားအစားအစာများကို မစားကြရန် ဘုရား သခင်သည် မောရှေအားဖြင့်ညွှန်ကြားတော်မူကာ တားမြစ်ခဲ့ပါသည်။ ဖာရိရှဲများ သည် ဘုရားသခင်ပြုတော်မူခဲ့သော ထိုတားမြစ်ချက် များကို ချန်လှပ်ထားခြင်းမရှိပါ။ သို့ရာတွင် ခွင့်ပြုထားခြင်းမရှိသည့်တစ်ဖက် စွန်းရောက်မှုများကို သူတို့ကျင့်သုံးခဲ့ကြ ပါသည်။ မသန့်ရှင်းဟုသတ်မှတ်ထား သည့်အကောင်ကလေးများကို မသောက်မိ စေရန် ရေကိုစစ်၍သောက်ရမည်ဟု သူတို့ခိုင်းစေခဲ့ကြပါသည်။ ထိုကြောင့် ကြီးမား သောပြစ်မှုများကို ကျူးလွန်နေစဉ်တွင် အသေးအဖွဲများကို တိတိကျကျလုပ်ဆောင် နေသော၎င်းတို့အား သင်တို့သည်ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကိုစစ် လျက်နှင့်ကုလားအုတ် ကိုမျို၏ဟု ခရစ်တော်ဆုံးမတော်မူခဲ့ပါသည်။
လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အ ကြောင်းမူကား အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကားလူသေအရိုး၊ အညစ်အကြေး အမျိုးမျိုးနှင့်ပြည့် လျက်ရှိကြ၏။ အဖြူရောင်သုတ်၍လှပစွာမွမ်းမံထားသော သင်္ချိုင်းဂူများသည် အ တွင်း၌ပုပ်သိုးနေသော အညစ်အကြေးများနှင့်ပြည့်လျက် ရှိသကဲ့သို့ အပေါ်ယံသန့် ရှင်းမှုများနှင့်ပြည့်၀နေသော ဖာရိရှဲများနှင့်ယဇ်ပုရောဟိတ်များ၏ အတွင်းစိတ်၌ လည်း မကောင်းမှုများနှင့်ပြည့်လျက်ရှိပါသည်။
ခရစ်တော်ဆက်လက်မိန့်တော်မူသည်ကား၊ လျှို့ဝှက်သောကျမ်းပြု ဆရာ ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ပုရောဖက်မှစ၍ ဖြောင့် မတ်သောသူတို့၏ သချုØင်းတွင်းနှင့်အရိုးအိုးတို့ကို တည်လုပ် ၍တန်ဆာဆင်သဖြင့် ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိသော ပုရောဖက်တို့ကို သတ်သည့်အမှုကို လက်မခံပြီဟုဆိုကြ၏။ ထိုသို့ဆိုသော် သူတို့သည် ပုရောဖက်ကိုသတ်သော သူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ့်အဖို့သတ် သေခံကြ၏ဟူ၍ဖြစ်၏။ ယုဒလူများသည် သေဆုံးသွားကြသည့်ပုရောဖက် များ၏သင်္ချိုင်းဂူများကို အလှအပမွမ်းမံခြင်းအားဖြင့် မိမိတို့၏ရိုသေလေးမြတ် မှုကိုဖော်ပြကြသော်လည်း၊ မိမိတို့၏သွန်သင်ချက်များအား ဖြင့်သော်လည်းကောင်း၊ ထိုသွန်သင်ချက်များကို မိမိတို့ကိုယ်တိုင်လိုက်လျှောက်မှုမ ရှိခြင်း အားဖြင့်သော်လည်းကောင်း အကျိုးကျေးဇူးမဖြစ်စေခဲ့ကြပါ။
ခရစ်တော်၏နေ့ရက်များတွင် သေသောသူများကိုမြှုပ်နှံထားသည့် သချုØင်း ကုန်းများအား ငွေကြေးအမြောက်အမြားအသုံးပြုကာ အလှအပမွမ်းမံသည့် အယူ သီးမှုတစ်ခုကို ကျင့်သုံးခဲ့ကြပါသည်။ ဤလုပ်ရပ်သည် ဘုရားသခင်၏ရှေ့မှောက် တွင် ရုပ်တုကိုးကွယ်မှုတစ်ရပ်သာဖြစ်နေပါသည်။ သူတို့သည် လူသေများအပေါ် တွင် တော်လျော်သောအရေးတယူပြုမှုထက် လွန် ကဲစွာအလေးထားခြင်းအားဖြင့် သူတို့အတွက်အချစ်ခင်အမြတ်နိုးဆုံးပုဂ္ဂိုလ် သည် ဘုရားသခင်မဟုတ်ကြောင်း၊ အိမ်နီးနားချင်းများကို ကိုယ်နှင့်အမျှ မချစ်ကြောင်းများကို ဖော်ပြခဲ့ကြပါသည်။ ယုဒ လူများသည် လူသေများအတွက် အထိမ်းအမှတ်သင်္ချိုင်းဂူများကို ငွေကြေးအ မြောက်အမြားအသုံးပြုကာ တည်ဆောက်နိုင်စေရန်အလိုငှာ၊ မုဆိုးမများ၊ မိဘမဲ့များ၊ လူနာများနှင့်ဆင်းရဲသားများကို လျစ်လျူရှုခြင်းတည်းဟူသောဒုစရိုက်ကို ကျူးလွန် နေကြပါသည်။ လူသေများအတွက်ငွေကြေး၊ အချိန်နှင့်လုပ်အားများကို အဟန့်အ တားမရှိ အသုံးပြုနေစဉ်တွင် ခရစ်တော်ကိုယ်တော်တိုင်ပြဌာန်းခဲ့သည့် အသက်ရှင် လျက် ရှိသော လူသားများအားပြုရမည့်ဝတ်များကိုမလုပ်ဘဲ သူတို့ချန်လှပ်ခဲ့ကြပါ သည်။
ဖာရိရှဲများသည် ရှေးပုရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ၍ မွမ်းမံခြယ်သကာ ကျွန်ုပ်တို့သာရှေးဘိုးဘေးများအချိန်ကအသက်ရှင်ခဲ့ ကြပါလျှင် ဘုရားသခင်၏ ထိုပုရောဖက်များအား သတ်ဖြတ်သူများထဲတွင် ကျွန်ုပ်တို့ပါဝင်ခဲ့ကြ လိမ့်မည်မဟုတ်ဟု တစ်ဦးကိုတစ်ဦးပြောဆိုကြပါသည်။ ထိုသို့ပြောဆိုနေစဉ်မှာပင် သားတော်ဘုရား၏အသက်ကိုလုပ်ကြံရန် သူတို့စီစဉ် နေကြပါသည်။ ဤအရာသည် ကျွန်ုပ်တို့အတွက်သင်ခန်းစာတစ်ခုဖြစ်ပါ သည်။ သမ္မာတရားအလင်းမှ ကျောခိုင်း လာသောသူများအား လှည့်ဖြားရန် ကြံစည်နေသည့် စာတန်၏တန်ခိုးကို ဤဖြစ်ရပ် က ကျွန်ုပ်တို့အားမြင်တွေ့စေပါသည်။ များစွာသောလူများသည် ဖာရိရှဲများ၏ လမ်း စဉ်ကိုလိုက်လျှောက်ကြ ကာ မိမိတို့၏ယုံကြည်ခြင်းအတွက် သေဆုံးခဲ့သူများအား ရို သေသမှုပြုကြပါ သည်။ ခရစ်တော်ကိုငြင်းပယ်ခဲ့ကြသည့် ထိုယုဒလူများ၏ မသိနားမ လည်မှု ကိုလည်း သူတို့အံ့ဩခဲ့ကြပါသည်။ ကျွန်ုပ်တို့သာကိုယ်တော် အသက်ရှင် သော အချိန်တွင် အသက်ရှင်နေထိုင်ခွင့်ရကြမည်ဆိုလျှင် ကိုယ်တော်၏သွန်သင် ချက်များကို ဝမ်းပန်းတသာလက်ခံကြမည်သာတည်း။ ကယ်တင်ရှင်အားငြင်း ပယ် သူများနှင့်ရော၍ မည်သည့်အခါမျှ ဒုစရိုက်ကျူးလွန်ခဲ့လိမ့်မည်မဟုတ်ဟု သူတို့ဖွင့် ဆိုနေကြပါသည်။ သို့ရာတွင် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန် ကိုယ် ကိုကိုယ်ငြင်းပယ်၍ နှိမ့်ချမှုရှိကြဖို့တောင်းဆိုလာသောအခါ ထိုပုဂ္ဂိုလ်များသည် မိမိ တို့၏ဩတ္တပ္ပစိတ်၏အသိကလေးကိုမသိကျိုးကျွန်ပြုကာ အလိုတော်ကိုလိုက် လျှောက်ရန် ငြင်းဆန်နေကြပါသည်။ သူတို့သည် ဤနည်းအားဖြင့် ခရစ်တော်ကို ကွပ်မျက်ခဲ့ကြသောဖာရိရှဲများနှင့် စိတ်သဘော တူသူများအဖြစ် သိသာထင်ရှားစေ ကြပါသည်။
ခရစ်တော်ကို ငြင်းပယ်ခြင်းနှင့်ဆက်နွှယ်နေသော ကြောက်မက်ဖွယ်ရာ တာဝန်ဝတ္တရားများအကြောင်းကို ထိုယုဒများသည် ကောင်းမွန်စွာသိရှိခဲ့ခြင်းမရှိ ကြချေ။ အပြစ်မဲ့သောအာဗေလ၏ အသွေးသည် ကာဣနကြောင့် ကျခဲ့သည့်အ ချိန်မှစ၍ ဒုစရိုက်များသည် တိုးပွားများပြားလျက်ရှိပြီး ထိုကဲ့သို့ သောဖြစ်ရပ်များ သည် ထပ်ခါတလဲလဲဖြစ်ပျက်လျက်ရှိပါသည်။ ခေတ်အဆက်ဆက်တွင် ပုရောဖက် များသည် ၎င်းတို့အား ဘုရားသခင်ပဲ့ပြင်တော်မူသည့်အတိုင်း ဘုရင်များ၊ အကြီးအ ကဲများနှင့် လုပ်သားပြည်သူများ၏အပြစ်များကို ဖော်ပြကာ သွန်သင်ခဲ့ကြပါသည်။ ၎င်းတို့ကိုယ်တိုင်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်ကိုသိလျက်နှင့် ကိုယ်တော် ၏ အလိုတော်ကို နာခံလိုက်လျှောက်ခဲ့ ကြပါသည်။ အလင်းတော်နှင့် သမ္မာတရား ကိုငြင်းပယ်သူများအတွက် ကြောက်လန့်စရာကောင်းသော အပြစ်ဒဏ်များကို ၎င်း တို့အပေါ်သို့ကျရောက်စေကြ လျက်ရှိပါသည်။ ထိုယဇ်ပုရောဟိတ်များနှင့် အကြီးအ ကဲများ၏ဒုစရိုက်အပြစ်များသည် ရှေးယခင်လူမျိုးဆက်များကျူးလွန်ခဲ့သော ဒုစရိုက် များထက် ကြီးမားခဲ့ပါသည်။ ခရစ်တော်ကိုငြင်းပယ်ခြင်းအားဖြင့် သူတို့သည် အာဗေ လအချိန်မှသည် ခရစ်တော်အချိန်တိုင် သွန်းလောင်းခဲ့ရသည့် ဖြောင့်မတ်သူအား လုံး၏ အသွေးများအတွက် မိမိကိုယ်ကိုတာဝန်ရှိစေလျက်ရှိကြပါသည်။ သူတို့သည် မိမိ တို့၏ဒုစရိုက်ခွက်ဖလားကို လျှံသွားစေခြင်းငှာ ဖြည့်ကြတော့မည်ဖြစ်ပါသည်။
အကျိုးအပြစ်ကို တရားမျှတစွာ ဆပ်ပေးသည့်အနေဖြင့် ထိုဒုစရိုက် အ ပြစ်များကို မကြာမီတွင် ၎င်းတို့အပေါ်သို့ သွန်းလောင်းတော့မည်ဖြစ်ပါသည်။ ဤ ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား ခရစ်တော်သတိပေးတော်မူသည်ကား၊ ဖြောင့် မတ်သောအာဗေလ၏ အသွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်အကြား၌ သင်တို့ သတ်ကြသောဗာရခိသား၊ ဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်မှာသွန်းပြီး သမျှသော သူတော်ကောင်းတို့၏အသွေးသည် သင်တို့ခေါင်းပေါ်သို့ရောက်လိမ့် မည်၊ ငါအမှန်အကန်ဆိုသည်ကား၊ ဤအရာများတို့ သည် ယခုပင်ဖြစ်သော လူများ အပေါ်သို့ ရောက်ကြလိမ့်မည်ဟူ၍ဖြစ်၏။
ကိုယ်တော်၏ စကားများသည်မှန်ကန်ကြောင်း၊ သခင်ယေရှုမိန့်တော်မူ သည်ကို ကြားနာလျက်ရှိသော ဖာရိရှဲများနှင့်ကျမ်းပြုဆရာများသိရှိကြပါသည်။ ပုရာ ဖက်ဇာခရိသေဆုံးခဲ့ရပုံကိုလည်း သူတို့သိရှိခဲ့ကြပါသည်။ ဇာခရိသည် ဘုရားသခင် ထံမှလာသော နှုတ်ထွက်စကားများကိုဟောကြားနေစဉ်တွင် အယူမှားနေသော ဘုရင်ကြီးသည် ဒေါသူပုန်ထလာကာ ထိုပုရောဖက်အားအဆုံးစီရင်ရန် အမိန့်ပေး လိုက်ပါသည်။ သူ၏အသွေးများသည် ဗိမာန်တော်ရှိ ကျောက်တုံးများအပေါ်သို့ ကျ ရောက်စွန်းထင်းခဲ့ပြီး ဖျက်မရအောင်ရှိခဲ့ကာ ထိုအသွေးများသည် အယူဖောက်ပြန် သော ဣသရေလများ၏တစ်ဖက်တွင်သက် သေခံရန် ဆက်လက်တည်ရှိခဲ့ပါသည်။ ထိုဗိမာန်တော်ကြီးတည်ရှိနေသရွေ့ ကာလပတ်လုံး ဖြောင့်မတ်သူများ၏ ထိုအသွေး များသည် မိမိတို့အတွက်လက်စားချေပေးရန် ဘုရားသခင်ထံ၌ အော်ဟစ်တောင်းခံ လျက် ဗိမာန်တော်တွင် ဆက်လက်စွန်းထင်းနေကြပါလိမ့်မည်။ ခရစ်တော်သည် ကြောက်မက်ဖွယ် ကောင်းလှသည့်ထိုဒုစရိုက်အပြစ်များကို အကြောင်းပြုမိန့်တော်မူ စဉ်တွင် ယုဒလူထုကြီးတစ်ရပ်လုံးသည် ဘဝင်တုန်ရင်ခုန်ခဲ့ကြရပါသည်။ ယုဒလူ များ၏ နောင်တသံဝေဂမရမှုများနှင့် ဘုရားသခင်၏ ကျွန်များကိုသည်းမခံခဲ့မှုများ သည် ယခုမျက်မှောက်အချိန်တွင်လည်း ရှေးယခင်ကကဲ့သို့ပင်ရှိနေသေးကြောင်း ခရစ်တော်သည် အနာဂတ်ကိုမျှော်ကြည့်လျက်မိန့်တော်မူသည်ကား၊ “ပုရောဖက်၊ ပညာရှိ၊ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ် မျက်၍ လက်ဝါးကပ်တိုင်၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ရိုက်၍ တစ် မြို့မှတစ်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်” ဟူ ၍ဖြစ်၏။ သတေဖန်နှင့် ယာကုပ် မှစ၍ ပုရောဖက်ပညာရှိများ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၀သော ယုံကြည်သူ များကို ကွပ်မျက်ခဲ့ကြလိမ့်မည်။ ခရစ်တော်သည် လက်တော်ကိုမြှောက်လျက် ကိုယ် တော်၏ပတ်လည်တွင်လည်း ကောင်းကင်၏ဘုန်းထွန်းတောက်လျက် ရှေ့တော်တွင် ရှိနေကြသူများအား တရားစီရင်သူတစ်ဦးကဲ့သို့ မိန့်တော်မူခဲ့ပါသည်။ နူးညံ့သိမ်မွေ့ ၍ တိုးလျှိုးတောင်းပန်သည့်လေသံဖြင့် မကြာခဏကြားနေရသည့် ကိုယ်တော်၏ အ သံသည် ယခုအချိန်တွင်မူ ဆုံးမပြစ်တင်သည့် စကားများပြောနေသည်ကို ကြားနေ ရပါသည်။ ကြားနေသူများသည်ထိတ်လန့်၍ သိမ့်သိမ့်တုန်သွားခဲ့ကြပါသည်။ ကိုယ် တော်၏နှုတ်ထွက်စကားများသည် မည်သည့်အခါကမျှယခု လောက်စွဲမှတ်စရာမ ဖြစ်ခဲ့ဖူးသည့်အပြင် ကိုယ်တော်၏အကြည့်ကိုလည်း မေ့မရနိုင်အောင်ဖြစ်ခဲ့ကြရပါ သည်။
ခရစ်တော်သည် ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းများနှင့် ညစ် ညမ်းသောအပြစ်များကြောင့် အမျက်ဒေါသထွက်ခဲ့ခြင်းဖြစ်ပါသည်။ လူသားများ သည် ထိုအပြစ်များအားဖြင့် မိမိတို့၏အသက်ဝိညာဉ်များကို ဖျက်ဆီးနေကြပါသည်။ အခြားလူသားများကိုလှည့်ဖြားနေကြပါသည်။ ဘုရား သခင်၏အသရေတော်ကို ရှုတ် ချနေကြပါသည်။ ထိုယဇ်ပုရောဟိတ်များနှင့် အကြီးအကဲတို့၏ယုတ္တိဟန်ညီမရှိသည့် လှည့်ဖြားသော ဆင်ခြေပေးမှုများတွင် စာတန်၏လုပ်ဆောင်မှုများကို ကိုယ်တော် တွေ့မြင်တော်မူပါသည်။ ကိုယ်တော်သည် ဒုစရိုက်များကို အပြင်းအထန်ပြစ်တင် ဝေဖန်တော်မူခဲ့သော်လည်း လက်စားချေတုံ့ပြန်သည့် မည်သည့်စကားတစ်လုံးကိုမျှ မိန့်တော်မမူခဲ့ချေ။ ကိုယ်တော်သည် အမှောင်၏သခင်စာတန်ကိုသာ အမျက်ထွက် တော်မူခဲ့သော် လည်း စိတ်တိုသည့်သဘော၊ စိတ်ဆိုးသည့်သဘောများကို ဖော်ပြ တော်မမူခဲ့ချေ။ ထိုနည်းတူစွာ မေတ္တာကရုဏာစိတ်များနှင့်ပြည့်၀လျက် ဘုရားသ ခင်၏ အလိုတော်နှင့်အညီအသက်ရှင်လျက်ရှိကြသော ခရစ်ယာန်များသည် အပြစ် အတွက်အမျက်ဒေါသထွက်ကြရမည်ဖြစ်သော်လည်း၊ မိမိအားနင်ပဲငဆဆဲရေး တိုင်းထွာလာသူများအားတုံ့ပြန်၍ နင်ပဲငဆလုပ်ကြလိမ့်မည်မဟုတ်ပါချေ။ မှား ယွင်းမှုများကို ဆက်လက်အတည်ဖြစ်စေသော တန်ခိုးတစ်ခု၏လွှမ်းမိုးမှုအောက် တွင် ကျရောက်နေသူများနှင့်တွေ့ကြုံရသောအခါများတွင်ပင် ထိုသူသည် ခရစ် တော်၌ ဆက်လက်၍ စိတ်တည်ငြိမ်မှုရှိနေပါလိမ့်မည်။
ကိုယ်တော်သည် ဗိမာန်တော်နှင့်တကွ တရားနာပရိသတ်ကြီးကို ကြည့် ရှုကာ ထိုသူများကိုပြစ်တင်ရှုတ်ချနေတော်မူစဉ်တွင် မျက်နှာတော်၌ ဘုရားသခင်၏ ကြင်နာမှုမျိုးသည် ပေါ်လွင်နေလျက်ရှိပါသည်။ စိတ်နှလုံးမှ ပေါ်ထွက်လာသော ဝမ်း နည်းမှုများကြောင့် တစ်ဆို့နေသောအသံဖြင့် မျက်ရည်များကျလျက် မိန့်တော်မူ သည်ကား “အိုယေရုရှလင်မြို့၊ သင်သည်ပုရောဖက် တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူကိုလည်း ကျောက်ခဲနှင့်ပစ် မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ငါအလိုရှိပြီ၊ သင်မူကားအလိုမရှိ” ဟူ၍ ဖြစ်၏။ ဤစကားသည် ယေရုရှလင်မြို့နှင့်ဘုရားသခင် အကြားခွဲခွာခြင်းအတွက် ရုန်းကန်လှုပ်ရှားမှုဖြစ်ပါသည်။ ခရစ်တော်၏မြည်တမ်းမှု တွင် ဘုရားသခင်၏နှလုံးသားကို သွန်ချလျက်ရှိပါသည်။ ဤမြည်တမ်းညည်းတွား ခြင်းသည် စိတ်ရှည်တော်မူသောဘုရားသခင့်မေတ္တာတော်၏ခွဲခွာမှုအတွက် နှုတ် ဆက်ခြင်းဖြစ်ပါသည်။
ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည် တိတ်ဆိတ်လျက်ရှိနေကြပါသည်။ ထိုအ ချိန်တွင် ခရစ်တော်သည် တပည့်တော်များကိုခေါ်တော်မူ၍ မိမိအား ရန်ဖက်ပြုသူ များရှေ့မှရှုံးနိမ့်သူ တစ်ပါးအနေဖြင့်မဟုတ်ဘဲ လုပ်ဆောင်ရန်အမှုပြီးသွားသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဗိမာန်တော်မှပြန်ထွက်ခွာရန် ပြင်ဆင်တော်မူခဲ့ပါသည်။ ထို နောက် အချေအတင်ငြင်းခုံပွဲမှ အောင်နိုင်သူတစ်ပါးအသွင်ဖြင့် ကိုယ်တော်ထွက်ခွာ သွားခဲ့ပါသည်။
ထူးခြားသောထိုနေ့တွင် ခရစ်တော်၏နှုတ်တော်မှ ထွက်ပေါ်လာခဲ့သော သမ္မာတရား၏အရေးပါသောအချက်များကို များစွာသောနှလုံးသားများတွင် သိုမှီး သိမ်းဆည်းထားခဲ့ပါသည်။ ထိုသူများအတွက် အသစ်သော အတွေးအခေါ်များသည် ၎င်းတို့၏အသက်တာတွင်စတင်ခဲ့ပြီး အသစ်သော လှုံ့ဆော်မှုများနိုးကြားစေခဲ့ကာ အသစ်သောသမိုင်းစဉ်တစ်ခုကို အစပျိုးခဲ့ပါ သည်။ ခရစ်တော်အသေခံတော်မူပြီး နောက် ရှင်ပြန်ထမြောက်ပြီးသောအချိန်တွင် ထိုပုဂ္ဂိုလ်များသည် ကြီးမားသောအမှု တော်နှင့်တော်လျော်သောဥာဏ် ပညာ၊ ဇွဲလုံ့လများနှင့်ပြည့်၀စွာဖြင့် ဘုရားပေးတာ ဝန်များကို ရှေ့တန်းမှနေ၍ ကျေပွန်အောင်ဆောင်ရွက်ခဲ့ကြပါသည်။ သူတို့သည် လူ အများ၏စိတ်နှလုံးကိုထိခိုက်စေပြီး ထောင်ပေါင်းများစွာသော လူသားများအား အ ချိန်ကြာမြင့် စွာကတည်းက သေးသိမ်စေခဲ့သည့်ရှေးအယူသီးမှုများကို အားနည်းစေ သော သတင်းစကားများကို ဟောကြားခဲ့ကြပါသည်။ ၎င်းတို့၏သက်သေခံ မှုများ ရှေ့မှောက်တွင် လူသားများတီထွင်ထားသည့် အယူအဆများနှင့်ဒဿနများသည် ပျင်းစရာကောင်းသော ဒဏ္ဍာရီပုံပြင်များနှယ် ဖြစ်လာခဲ့ကြပါသည်။ ခရစ်တော်၏နှုတ် ထွက်စကားများသည် ယေရုရှလင်မြို့၏ဗိမာန်တော်ထဲတွင် ရှိသောအံ့အားသင့်ကာ အထူးစိုးရွံ့ကြောက်လန့်နေကြသည့်လူထုကြီးအတွက် များစွာအကျိုးကျေးဇူး ရှိခဲ့ပါ သည်။
သို့ရာတွင် ဣသရေလများသည် လူမျိုးတစ်မျိုးအနေဖြင့် ဘုရားသခင်နှင့် လုံး၀ကတ္တားခြားခဲ့ချေပြီ။ သံလွင်ပင်၏ နဂိုအကိုင်းများသည်ကျိုးခဲ့ရချေပြီ။ ခရစ် တော်သည် ဗိမာန်တော်၏အတွင်းပိုင်းသို့ နောက်ဆုံးအကြိမ် အဖြစ်ကြည့်တော်မူ လျက် သနားစဖွယ်ရေရွတ်တော်မူသည်ကား သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား ထာ၀ရဘုရား၏အခွင့်နှင့် ကြွလာ သောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့ သည်ငါ့မျက်နှာကို မမြင်ကြရဟူ၍ဖြစ်၏။ ထိုကဲ့သို့ မိန့်တော်မူနေသည့်အချိန်အထိ ထိုဗိမာန်တော်ကို ငါ့အဖ၏ အိမ်တော်ဟု ကိုယ်တော်ခေါ်ဝေါ်ခဲ့သော်လည်း ထိုဗိမာန် တော်၏တံတိုင်းများမှ သားတော်ဘုရားထွက်ခွာသွားသည့် ထိုအချိန်မှစ၍ မိမိ၏ ဘုန်းတော်ကို ထင်ရှားစေရန် တည်ဆောက်ထားသည့် ထိုဗိမာန်တော်မှဘုရားသခင် သည် ထာ၀ရရုပ်သိမ်းထွက်ခွာသွားတော်မူခဲ့ပါသည်။ ထိုအချိန်မှစ၍ ပြုလုပ်ကျင်းပ သောဝိနည်းထုံးဖွဲ့ဆိုင်ရာလုပ်ဆောင်မှုများသည် အဓိပ္ပါယ်ကင်းမဲ့ခဲ့ပြီး ဝတ်ပြုကိုး ကွယ်မှုများမှာလည်း အချည်းနှီးအားထုတ်လုပ်ဆောင်မှုများသာ ဖြစ်ခဲ့ကြပါတော့ သည်။
No comments:
Post a Comment