Wednesday, April 22, 2026

အခန်းကြီး - ၄၁။ ဂါလိလဲအိုင်မှအကျပ်အတည်းကာလ

 

ဂါလိလဲအိုင်မှအကျပ်အတည်းကာလ

 

ရှင်ယောဟန်ခရစ်ဝင် ၆း၂၂-၇၁ ကိုအခြေပြုပါသည်

 

         ခရစ်တော်သည် မိမိကိုဘုရင်အဖြစ် မကြေညာရန် လူအုပ်ကြီးအားတား မြစ်တော်မူခဲ့သည့်အချိန်တွင် မိမိ၏ အသက်တာမှတ်တမ်း၌ အလှည့်အပြောင်း တစ်ခုဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိတော်မူခဲ့ပါသည်။ ကိုယ်တော်အား ယနေ့နန်း တင်လိုကြသော လူထုကြီးသည် မနက်ဖြန်တွင် ကိုယ်တော့်ထံမှ ကျောခိုင်းကြပေ လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များအတွက် စိတ်မချမ်းမသာ ဖြစ်မှုသည် ၎င်းတို့၏ ချစ်တတ်သောနှလုံးသားကို မုန်းမာန်ပွားစေခဲ့ပါသည်။ ၎င်းတို့ ချီးမွမ်းထောမနာ ပြုခြင်းများကို ကျိန်ဆဲခြင်းများ အသွင်သို့ ကူးပြောင်းသွားစေခဲ့ ပါသည်။ ဤကဲ့သို့ဖြစ်ပျက်လာမည်ကို သိတော်မူသော်လည်း ထိုအကျပ်အတည်း များကို တားဆီးရန် မည်သည့်စီမံချက်ကိုမျှ ပြုတော်မမူခဲ့ချေ။ ကိုယ်တော်သည် ရှေး ဦးစွာကပင် တပည့်တော်များအား လောကနှင့်ပတ်သက်သော အကျိုးကျေးဇူးများ အတွက် မျှော်လင့်ချက်မထားရန် မိန့်မှာတော်မူခဲ့ပြီးဖြစ်ပါသည်။ မြေခွေးသည် မြေ တွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသား မူကား ခေါင်းချစရာမျှမရှိဟု တမန်တော်တစ်ပါးဖြစ်ရန် ဆန္ဒပြင်းပြစွာဖြင့် မိမိတို့ ထံသို့ ချဉ်းကပ်လာသည့် သူတစ်ဦးအား ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်။ (ရှင် မဿဲ ၈း၂၀) လူသားများသည် လောကီရေးရာများကို လုပ်ကိုင်ခံစားရင်း ခရစ် တော်ကိုလက်ခံခွင့်ရနိုင် မည်ဆိုလျှင် ထိုသူတို့သည် ကိုယ်တော်ရှင်အား သစ္စာ စောင့်သိမှုပြုရန် ကမ်းလှမ်းလာကြပါလိမ့်မည်။ သို့သော် ထိုကဲ့သို့သော လုပ်ရပ်များ ကို ကိုယ်တော်လက်ခံနိုင်ခြင်းမရှိပါ။ ယခုတွင် ကိုယ်တော်ရှင်နှင့် ဆက်သွယ်ခဲ့ကြ သည့်လူများထဲမှ များစွာသောလူများသည် လောကနိုင်ငံနှင့် ပတ်သက်သည့် မျှော် လင့်ချက်ကို အာရုံစူးစိုက်ရန် ဆွဲဆောင်ခြင်း ခံခဲ့ကြရပါသည်။ ဤအရာများနှင့် ပတ် သက်၍ ဟုတ်တိုင်းမှန်ရာကို သိမြင်စေခဲ့ပါသည်။ မုန့်ငါးလုံး၊ ငါးနှစ်ကောင်နှင့် ပတ် သက်သော နိမိတ်လက္ခဏာထဲမှ နက်နဲသော ဝိညာဉ်ရေးသွန်သင်ချက်ကို နားမ လည်ခဲ့ကြချေ။ ဤအရာကို ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဆောင်ပေးရန် လို အပ်ပါသည်။ အသစ်သော ဤထုတ်ဖော်ချက်နှင့်အတူ အနီးကပ်စမ်းသပ်မှု တစ်ခု ပါဝင်နေပါသည်။

         မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နိမိတ်လက္ခဏာ သတင်းသည် ရပ်ဝေးရပ်နီးသို့ ပျံ့နှံ့သွားသဖြင့် နောက်တစ်နေ့ နံနက်လင်းအားကြီးတွင် သခင်ယေရှုကို ဖူးမြော်ရန် လူများစွာတို့သည် ဗက်ဇဲဒမြို့သို့ ကုန်းကြောင်း၊ ရေကြောင်းမှ စုရုံးရောက်ရှိလာခဲ့ ကြပါသည်။ ကိုယ်တော်ရှင်သည် တစ်ဖက်ကမ်းသို့ ကူးရန်အတွက် ထိုနေရာတွင် လှေတစ်စင်းမျှမရှိသဖြင့် ထိုနေရာ၌ပင် တွေ့ရှိဖူးမြော်ရမည် အထင်နှင့် ယမန်နေ့ည တွင် ကိုယ်တော်ရှင့်ထံမှ ထွက်ခွာသွား ခဲ့ကြသူများသည် ထိုနေရာသို့ပြန်လာ ခဲ့ကြပါသည်။ သို့ရာတွင် ထိုနေရာ၌ ကိုယ်တော်အား မတွေ့ရှိခဲ့ကြသဖြင့် လူများ စွာတို့သည် ကပေရနောင်မြို့သို့ ထွက်ခွာသွားကြကာ ကိုယ်တော်အား ဆက်လက် ရှာဖွေခဲ့ကြပါသည်။ တစ်ရက်လုံးလုံး ပျောက်ကွယ်ခဲ့ပြီးနောက် ကိုယ်တော်အား ၎င်း တို့ရှာဖွေနေကြသော အချိန်လောက်တွင် ကိုယ်တော်ရှင်သည် ဂနေသရက်နယ်သို့ ရောက်ရှိနေပါသည်။ ထိုအရပ်တွင် ကိုယ်တော်ရှင် ရောက်ရှိနေကြောင်း သိရှိသည် နှင့်တစ်ပြိုင်နက် လူများသည် ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ပြေးသွား၍---ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့်ဆောင်ခဲ့ကြ ၏။ မာကု ၆း၅၅။

         မကြာမီတွင် ကိုယ်တော်သည် တရားဇရပ်သို့ သွားတော်မူရာ ဗက်ဇဲဒမှလာ ခဲ့ကြသော သူများသည် ကိုယ်တော်အား တွေ့ရှိခဲ့ကြပါသည်။ ခရစ်တော်သည် မည် သို့မည်ပုံ ဂါလိလဲအိုင်ကို ဖြတ်ကျော်ခဲ့ကြောင်းကို တမန်တော်များထံမှ သူတို့ကြား သိခဲ့ကြပါသည်။ မုန်တိုင်း၏ ပြင်းထန်မှုများကိုလည်းကောင်း၊ လေကိုဆန်၍ အကျိုးမဲ့ စွာ နာရီပေါင်းများစွာ လှော်ခတ်ခဲ့ခြင်း များကိုလည်းကောင်း၊ ရေပေါ်တွင် လမ်း လျှောက်နေသော ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကိုလည်းကောင်း၊ ထိုပုံသဏ္ဌာန် ကိုတွေ့မြင်စက ကြောက်ဒူးတုန်ခဲ့ပုံ များကိုလည်းကောင်း၊ ကိုယ်တော်ရှင်ပြောခဲ့ သည့် နှစ်သိမ့်စကားများကိုလည်းကောင်း၊ ပေတရု၏ စွန့်စားခန်းနှင့် ဖြစ်ပျက်ခဲ့ပုံ များကိုလည်းကောင်း၊ လှိုင်းလေများသည် ချက်ချင်းငြိမ်သက်သွားပြီး ၎င်းတို့လှေ သည် ကမ်းသို့ရောက်ရှိသွားပုံများ ကိုလည်းကောင်း အံ့အားသင့်နေသော လူအုပ် ကြီးအား အဖြစ်မှန်အတိုင်း သူတို့ပြန်ပြော ခဲ့ကြပါသည်။ ကြားရသည့် စကားများနှင့် မကျေနပ်ကြသေးဘဲ ခရစ်တော်အပါးတွင် စုရုံးကြကာ အရှင်ဘုရား၊ အဘယ် သောအခါ ဤအရပ်သို့ ကြွလာတော်မူ သနည်း ဟု နိမိတ်လက္ခဏာနှင့် ပတ်သက် သော အခြားအကြောင်းအရာများကို နှုတ်တော်မှပြောသည်ကိုကြားရမည့်အထင်နှင့် သူတို့ မေးမြန်းခဲ့ကြပါသည်။

         သခင်ယေရှုသည် ၎င်းတို့၏စပ်စုမှုကို မနှစ်သက်သဖြင့် သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်၊ မုန့်ကို စား၍၀သော ကြောင့်သာရှာကြ၏ ဟု ဝမ်းနည်းစွာဖြင့် မိန့်တော်မူ၏။ ထိုသူတို့သည် မွန်မြတ် သော စိတ်သဘောထားများနှင့် ကိုယ်တော်ကိုရှာခဲ့ ကြခြင်းမဟုတ်ချေ။ မုန့်ကျွေး၍ ပြုစုခြင်းကို ခံခဲ့ရသောကြောင့် ကိုယ်တော်ရှင်နှင့် ဆက်သွယ်ပေါင်းဖက်ခြင်းအားဖြင့် လောကနှင့် ပတ်သက်သည့် ကောင်းကျိုးများကို ရရှိဦးမည်ဟု သူတို့မျှော်လင့်ခဲ့ကြ ပါသည်။ ထို့ကြောင့် ပျက်စီးတတ်သော အစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူ သားသည် သင်တို့အားပေး၍ ထာ၀ရအသက်နှင့် အမျှတည်တတ်သော အစာကို ရခြင်းငှါ ကြိုးစားကြလော့ ဟု သူတို့အား ကိုယ်တော်ရှင် မိန့်မှာတော်မူခဲ့ပါသည်။ ရုပ်ဝတ္ထုနှင့်ပတ်သက်သော ကောင်းကျိုးချမ်းသာများ အတွက်သာ မကြိုးစားကြပါ နှင့်။ ယခုပစ္စုပ္ပန်အသက်တာအတွက် လိုအပ်ချက်များတို့ကို ရရှိရန် အကြီးအကျယ် မကြိုးစားစေကြဘဲ ထာ၀ရကာလတိုင် မပျောက်မပျက်မည့် ဥာဏ်ပညာတည်းဟူ သော ဝိညာဉ်ရေးအစာအာဟာရကို ကြိုးစားရှာဖွေကြပါစေ။ ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံရသူဖြစ်သည့် သားတော် ဘုရားတစ်ပါးတည်းသာလျှင် အရာကို ပေးစွမ်းနိုင်တော်မူပါသည်။

         ယခုအခါတွင် ကြားနာရသောသူများသည် စိတ်ဝင်တစား ဖြစ်လာခဲ့ကြကာ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ပြုရပါ မည်နည်း ဟု မေးမြန်းခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင့်ရှေ့မှောက်တွင် မျက် နှာရစေရန်အလို့ငှါ များပြားစွာသောဝန်လေးဖွယ် အကျင့်များကို ကျင့်ဆောင်လျက် ရှိခဲ့ကြပါသည်။ ၎င်းပြင် ပို၍များပြားသော ကုသိုလ်ကိုရရှိနိုင်မည့် မည်သည့်အသစ် သော ကျင့်ဆောင်မှုမျိုးကိုမဆို နာခံရန် သူတို့အသင့်ရှိခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်နှင့် ထိုက်တန်စေရန် မည်သည့်အရာကို ကျင့်ရမည်နည်း။ ထာ၀ရ အသက်ကိုရရှိစေရန်အလိုငှါ မည်သည့်အဖိုးအခကို ကျွန်ုပ်တို့ပေးရမည် နည်းဟူ၍ သူတို့၏မေးခွန်းသည် အဓိပ္ပါယ်သက်ရောက်ခဲ့ပါသည်။

         ထိုအခါ ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသော သူကိုယုံ ကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့်ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။ ကောင်းကင်မှပေးဆပ်ခဲ့သည့် အဖိုးအခသည် သခင်ယေရှု ပင်ဖြစ်ပါသည်။ ကောင်း  ကင်နိုင်ငံတော်သို့ ဝင်စားနိုင်သည့်နည်းလမ်းမှာ ဤလောက၏ အပြစ်ကိုဆောင် သွားသော   ဘုရားသခင်၏ သိုးသငယ်ကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်ပါသည်။ ယောဟန် ၁း၂၉။

         သို့သော် ထိုလူများသည် မွန်မြတ်သော သမ္မာတရားနှင့် ပတ်သက်သော ဤဖော်ပြချက်ကို မလက်ခံခဲ့ကြချေ။ မေရှိယ ကျင့်ဆောင်တော်မူမည်ဟု အနာ ဂတ္တိစကားအားဖြင့် ကြိုတင်မိန့်ဆိုထားသည့် ထိုအကျင့်ကို ခရစ်တော် ကျင့်ဆောင် ခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့၏ အတ္တများသော မျှော်မှန်းချက်များ၏ ရုပ်လုံးဖော်ချက်များကို သူတို့သက်သေမခံခဲ့ကြချေ။ ခရစ်တော်သည် ထိုလူများအား မုယောမုန့်ဖြင့် တစ်ကြိမ်တည်းသာ ကျွေးမွေးခဲ့ဖူးသော်လည်း မောရှေအချိန်တွင် ဣသရေလများအား နှစ်ပေါင်းလေးဆယ်လုံးလုံး မန္နမုန့်နှင့်ကျွေးခဲ့ပါသည်။ ၎င်းပြင် ပို၍များပြားသော ကောင်းချီးမင်္ဂလာများကိုလည်း မေရှိယထံမှရရှိရန် သူတို့မျှော် လင့်ခဲ့ကြပါသည်။ သူတို့သက်သေခံခဲ့သကဲ့သို့ ကိုယ်တော်သည် များစွာသောအံ့ဖွယ် အရာများကို ပြုတော်မူနိုင်သည်ဆိုလျှင် သူ၏လူမျိုးများအား ကျန်းမာခြင်း ခွန်အား၊ ကိုယ်ခန္ဓာခွန်အားနှင့် ချမ်းသာကြွယ်၀မှုများဖြင့် ပြည့်၀စေလျက် ရောမများ လက် အောက်မှ ကင်းလွတ်ခွင့်ပြု၍ တန်ခိုးအာဏာကြီးမားသော သူများဖြစ်ကြရန် မည် သည့်အတွက်ကြောင့် မမြှောက်စားသနည်းဟူ၍ သူတို့၏ မကျေနပ်သော  နှလုံး သားများက စောဒကတက်လာခဲ့ကြပါသည်။ ကိုယ်တော်သည် မိမိကိုယ်ကို ဘုရား သခင်စေလွှတ်တော်မူလိုက်သည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသော်လည်း ဣသရေလဘုရင်အဖြစ် လက်မခံခြင်းသည် သူတို့အတွက်  မစဉ်းစားတတ်လောက် အောင် ခက်ခဲသည့် နက်နဲမှုတစ်ရပ်ဖြစ်နေပါသည်။ ထိုလက်မခံခြင်းကို သူတို့မှား ယွင်းစွာ အနက်ဖွင့်ခဲ့ကြပါသည်။ မိမိ၏အမှုတော်သည် ဘုရားသခင်နှင့် ဆိုင်သော သီးခြားလက္ခဏာရှိခြင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်တိုင် သံသယရှိနေသောကြောင့် အခိုင်အမာမပြောဝံ့ခြင်း ဖြစ်သည်ဟု များစွာသောလူများက ထင်မြင်ခဲ့ကြပါသည်။ ထိုသို့နည်းအားဖြင့် မိမိတို့၏ နှလုံးသားများတွင် မယုံကြည်မှုများကို ဖြစ်စေကာ စာတန်ကြဲခဲ့သည့်မျိုးစေ့သည် အမျိုးတူအသီးအပွင့်များကို နားလည်မှုလွဲမှားခြင်း၊ ချို့ယွင်းခြင်းများတွင် သီးပွင့်စေခဲ့ပါသည်။

         ယခုတွင် ကျမ်းတတ်ဆရာသည် လှောင်သလိုလိုနှင့် အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကို ယုံကြည်မည့်အကြောင်း အဘယ်နိမိတ်လက္ခ ဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။ ကျမ်းစာ၌ လာသည် ကား၊ ထိုသူတို့စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ ငါတို့ဘိုးဘေးများသည် တော၌ မန္နကို စားနေကြသည်ဟုလျှောက်ကြ၏။

         ယုဒလူများသည် ဘုရားသခင်အသုံးပြုခဲ့သည့် အသုံးခံပုဂ္ဂိုလ် မောရှေ အား မန္နမုန့်ချပေးသူအဖြစ် ချီးမွမ်းထောမနာပြုခဲ့ကြပြီး မန္နမုန့်ချပေးခဲ့သူ ကိုယ် တော်ရှင်အား မျက်ခြည်ပြတ်ခဲ့ကြပါသည်။ သူတို့၏ ဘိုးဘေးများသည် မောရှေအား ဆန့်ကျင်၍ အော်ဟစ်မြည်တွန်ခဲ့ကြပြီး ၎င်းလုပ်ဆောင်နေသည့် မြင့်မြတ်သော မှုတော်ကိုလည်း သံသယစိတ်ရှိကာ ငြင်းပယ်ခဲ့ကြပါသည်။ ယခုတွင်လည်း ဣသရေ လများသည် ထိုစိတ်ဓာတ်မျိုးဖြင့် ဘုရားသခင်ထံမှ သတင်းစကားကို မိမိတို့ထံသို့ သယ်ဆောင်လာသည့် ထိုပုဂ္ဂိုလ်ကို ငြင်းပယ်ခဲ့ကြပါသည်။

         ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင် မုန့်ကို သင်တို့အားမပေးဟု သူတို့အားမိန့်တော်မူ၏။ မန္နမုန့်ကို ချပေးခဲ့သော ပုဂ္ဂိုလ်သည် သူတို့အလယ်တွင် ရှိနေခဲ့ပါသည်။ ဣသရေလများအား တောထဲတွင် လမ်းပြပို့ဆောင်ကာ နေ့စဉ်နှင့်အမျှ ကောင်းကင်မှ မုန့်နှင့်ကျွေးမွေးခဲ့သော သူမှာ ခရစ်တော် ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ထိုမုန့်သည် ကောင်းကင်မှကျလာမည့် ကယ့်မုန့်ကို ပုံဆောင်ထားပါသည်။ ထာ၀ရဘုရားသခင်၏ အနန္တပြည့်စုံမှုမှ ယိုစီး လာသည့် အသက်ပေးပိုင်တော်မူသော ကိုယ်တော်ရှင်သည် မန္နမုန့်အစစ်အမှန် ဖြစ်ပါသည်။ ဘုရားသခင်၏ မုန့်မူကားကောင်းကင်မှ ဆင်းသက်၍ လောကီသား တို့အား အသက်ပေးသော မုန့်ပေတည်းဟု ယေရှုရှင်မိန့်တော်မူခဲ့၏။ ယောဟန် ၆း၃၃။

         သခင်ယေရှုသည် စားစရာမုန့်ကိုရည်ဆောင်၍ မိန့်တော်မူနေသည်ဟု ယခု တိုင်အောင်ထင်မှတ်လျက် သခင်၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေး တော်မူပါဟု လူအချို့က တောင်းလျှောက်ကြ၏။ ထိုအခါ ယေရှုကလည်း ငါ သည် အသက်မုန့်ဖြစ်သည် ဟုရှင်းလင်းစွာ မိန့်တော်မူ လိုက်၏။

         ခရစ်တော်မိန့်တော်မူခဲ့သော တင်စားမှုသည် ယုဒလူများအတွက် အကျွမ်း ဝင်ထားပြီးသည့် အရာတစ်ခုဖြစ်ပါသည်။ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည် ဟု ဝိညာဉ်တော် စေ့ဆော်ခြင်းအားဖြင့် မောရှေပြောခဲ့ဖူးပါသည်။ (တရားဟော ၈း၃) ၎င်းပြင် အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏ ဟုလည်း ပုရောဖက်ယေရမိ ရေးသားခဲ့ဖူးပါသည်။ (ယေရမိ ၁၅း၁၆) ဝိညာဉ်ရေးအရေးပါ မှုတွင် မုန့်ကိုစားခြင်းဆိုရာ၌ ပညတ္တိကျမ်းကို လေ့လာ၍ ကောင်းသောအကျင့်များ ကျင့်ခြင်းဖြစ်သည်ဟု ကျမ်းတတ်ဆရာများတွင် ပြောရိုးစကားတစ်ခု ရှိပါသည်။ မေရှိယ ကြွလာသောအခါတွင် ဣသရေလလူအားလုံးတို့သည် ထိုမုန့်ဖြင့် ကျွေးမွေး ခြင်းခံရလိမ့်မည်ဟူ၍လည်း မကြာခဏ ပြောဆိုလေ့ရှိကြပါသည်။ ပုရောဖက်များ၏ သွန်သင်ချက်များသည် ထိုမုန့်များနှင့် ပတ်သက်သော နိမိတ်လက္ခဏာတွင်ပါဝင် သည့် နက်နဲသောဝိညာဉ်ရေး သင်ခန်းစာကို ရှင်းလင်း ပြသထားပါသည်။ ခရစ် တော်သည် ဤသင်ခန်းစာကိုပင် တရားဇရပ်တွင် ရှိနေကြသော တရားနာပရိသတ် များအား နားလည်ရန် ကြိုးစား၍ဟောပြောလျက် ရှိခဲ့ပါသည်။ ထိုသူတို့သည် သမ္မာ ကျမ်းစာကို နားလည်သဘောပေါက် ကြမည်ဆိုလျှင် ငါသည် အသက်မုန့်ဖြစ် သည်ဟူသော ကိုယ်တော်ရှင်၏ မိန့်တော်မူချက်တို့ကို နားလည်သဘောပေါက် ကြလိမ့်မည်ဖြစ်ပါသည်။ လွန်ခဲ့သောနေ့က မောပန်းချည့်နဲ့နေသော ထိုလူအုပ်ကြီး သည် ခရစ်တော် ပေးတော်မူသည့်မုန့်ဖြင့် ကျွေးမွေးခြင်းကို ခံခဲ့ကြရပါသည်။ သူ တို့သည် ထိုမုန့်မှကိုယ်ခန္ဓာ ခွန်အားများရရှိကာ လန်းဆန်းလာခဲ့ကြသကဲ့သို့ ခရစ် တော်ထံမှ ထာ၀ရအသက်နှင့်ယှဉ်သည့် ဝိညာဉ်ရေးခွန်အားများကို ရရှိနိုင်ကြပါ သည်။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ၊ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန်ရေငတ်မခံရ၊ သို့သော်လည်း သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြ ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။

         သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေခံခြင်းအားဖြင့်သော် လည်းကောင်း၊ အသက်ဝိညာဉ်များထံ ဖော်ပြသည့် ဘုရားသခင်၏ ဗျာဒိတ်တော်အားဖြင့်သော် လည်းကောင်း သူတို့သည် ခရစ်တော်ကို တွေ့ဖူးခဲ့ကြပါသည်။ သူတို့ရှေ့မှောက်တွင် ကိုယ်တော်၏ တန်ခိုးတော်နှင့် ပတ်သက်သော သက်သေအထောက်အထားများ သည် တစ်နေ့ပြီးတစ်နေ့ ထင်ရှားလျက် ရှိခဲ့ငြားသော်လည်း သူတို့သည် နိမိတ် လက္ခဏာနောက်တစ်ခုကို ပြတော်မူရန် တောင်းဆိုခဲ့ကြပါသည်။ တောင်းဆိုသော နိမိတ်လက္ခဏာကို ပြတော်မူခဲ့မည် ဆိုလျှင်လည်း သူတို့သည် ယခင်က မယုံကြည် သကဲ့သို့ပင် ဆက်လက်၍ မယုံကြည်ဘဲ ရှိကြမည်သာဖြစ်ပါသည်။ မိမိတို့မြင်တွေ့ ကြားနာခဲ့ရသည့် နိမိတ်လက္ခဏာများအားဖြင့် သဘောမပေါက်ခဲ့ကြပါလျှင် နောက် ထပ်ပြမည့် နိမိတ်လက္ခဏာများသည် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ချေ။ မယုံကြည်သောစိတ်သည် သံသယဖြစ်ရန်အတွက် အမြဲတမ်းဆင်ခြေ ဆင်လက် ဘက်နေမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်နိုင်သည့် သက်သေပြုချက်များကို ထည့်သွင်း စဉ်းစားခြင်း ပြုကြလိမ့်မည်မဟုတ်ချေ။ ငါ့ထံသို့လာသောသူကို ငါသည်အလျှင်း မပယ်ဟူ၍ နှလုံးမာသော ထိုသူများအား ခရစ်တော်သည် တစ်ဖန်မိန့်တော်မူခဲ့ပါ သည်။ ကိုယ်တော်ရှင်အား ယုံကြည်ခြင်းအားဖြင့် လက်ခံရယူသော သူအားလုံးသည် ထာ၀ရအသက်ကို ရလိမ့်မည်ဟူ၍လည်း ယေရှုရှင် မိန့်မှာတော်မူခဲ့ပါသည်။ မည်သူ တစ်ဦးတစ်ယောက်မျှ မပျက်စီးမဆုံးရှုံးနိုင်သည့် အခြေအနေ၌ရှိသည်။ တမလွန် ဘ၀နှင့်ပတ်သက်၍ ဖါရိရှဲများ၊ ဇဒ္ဒုကဲများနှင့်လည်း ငြင်းပွားစရာမလိုပါချေ။ သေဆုံး သူများအတွက်လည်း မျှော်လင့်ချက်မဲ့စွာဖြင့် ဝမ်းနည်းပူဆွေးနေစရာ မလိုပါချေ။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား---နောက်ဆုံး သောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက် စေခြင်းငှါလည်းကောင်း၊ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှ တို့သည် ထာ၀ရအသက်ကို ရစေခြင်းငှါလည်း ကောင်း အလိုတော်ရှိ၏။

         သို့သော် ယုဒခေါင်းဆောင်များက ဤသူသည် ယောသပ်၏ သားယေရှု ဖြစ်သည်မဟုတ်လော၊ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော၊ ငါသည် ကောင်း ကင်မှဆင်းသက်သည်ဟု သူသည်အဘယ်သို့ ဆိုရသနည်းဟု တိုက်ခိုက်ပြောဆို ခဲ့ကြပါသည်။ သူတို့သည် ခရစ်တော်ခံယူခဲ့သည့် နိမ့်ကျသော ဇာတိတော်ကို မခံ့ မညားပြုကာ ပြညွှန်၍ တစ်ဖက်သတ်အထင် လွဲမှားမှုများကိုလှုံ့ဆော်နေကြသည်။ သူတို့သည် အထင်သေးစွာဖြင့် ကိုယ်တော်ရှင်၏ အသက်တာကို ဂါလိလဲအလုပ် သမားတစ်ဦးအနေဖြင့် လည်းကောင်း၊ ကိုယ်တော်ရှင်၏မိသားစုအား ဆင်းရဲနိမ့်ကျ သောမိသားစု အနေဖြင့်လည်းကောင်း ရည်စူးပြောကြားခဲ့ကြပါသည်။ ပညာမဲ့သော ဤသူ၏ ပြောဆိုချက်များကို ဂရုစိုက်ရန်မထိုက်ကြောင်း သူတို့ပြောခဲ့ကြပါသည်။ နားလည်ရန်ခက်သည့် ကိုယ်တော်ရှင်ခံယူခဲ့သော မွေးဖွားခြင်းကြောင့် ကိုယ်တော် သည် သံသယဖြစ်ဖွယ်သော မိဘမျိုးရိုးမှ သက်ဆင်းလာသူဖြစ်သည်ဟူ၍ ကိုယ် တော်၏ လူ့ဇာတိခံယူခြင်းကို ကိုယ်တော်၏ ဘ၀သမိုင်းစဉ်တွင် အစွန်းအကွက် တစ်ခုအနေဖြင့် ရုပ်လုံးဖော်လျက် ထိကပါးရိကပါး ပြောဆိုလာခဲ့ကြပါသည်။

         သခင်ယေရှုသည် မိမိ၏မွေးဖွားခံယူခြင်းနှင့် ပတ်သက်သည့် နက်နဲရှုပ် ထွေးမှုကိုရှင်းပြရန် ကြိုးစားတော်မမူခဲ့ချေ။ ဂါလိလဲအိုင်ကို မည်ကဲ့သို့ဖြတ်ကျော်ခဲ့ ကြောင်းနှင့် ပတ်သက်သည့် မေးခွန်းများကို တစ်လုံးတစ်ပါဒမျှဖြေကြား တော်မမူခဲ့ သကဲ့သို့ မိမိသည် ကောင်းကင်မှ ကြွလာခဲ့ခြင်းနှင့် ပတ်သက်သည့် မေးမြန်းခြင်း များကိုလည်း တစ်လုံးတစ်ပါဒမျှ ကိုယ်တော်ဖြေဆိုတော်မမူခဲ့ချေ။ ကိုယ်တော်သည် မိမိ၏သက်တော်စဉ်အား ထင်ရှားပေါ်လွင်စေသည့် နိမိတ်လက္ခဏာများကို သတိပြု ရန်လည်း ပြညွှန်တော်မမူခဲ့ချေ။ မိမိအလိုတော်အတိုင်း နိမ့်ကျသော အသရေကို ဆောင်၍ အစေခံကျွန်တစ်ဦး၏ ပုံသဏ္ဌာန်ကို ယူတင်ဝတ်ဆောင်ခဲ့ပါသည်။ သို့ပါ သော်လည်း ကိုယ်တော်ရှင်မိန့်တော်မူသော စကားများနှင့် ပြုတော်မူခဲ့သည့် အကျင့် များသည် စာရိတ္တတော်ကို ဖော်ညွှန်းခဲ့ပါသည်။ မြင့်မြတ်သော ရောင်ခြည်တော် ကို မြင်တွေ့ရန် စိတ်နှလုံးကို ဖွင့်ထားသောသူအားလုံးသည် ကိုယ်တော်ရှင်၏ အသက် တာတွင် ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်း တော်ကို ငါတို့သည်မြင်ရကြပြီ ဟု အသိအမှတ် ပြုကြပါလိမ့်မည်။

         ဖါရိရှဲများ၏ တစ်ဖက်သတ် အထင်လွဲမှားမှုများသည် ၎င်းတို့ မေးမြန်းသော မေးခွန်းများ၏ ရည်ညွှန်းမှုထက်ပို၍ နက်နဲကြပါသည်။ ထိုအထင်လွဲမှုသည် ၎င်းတို့ စဉ်းလဲဖောက်ပြန်နေသော စိတ်နှလုံးများတွင် အမြစ်စွဲလျက်ရှိသဖြင့် သခင်ယေ ရှုပြုတော်မူသည့် လုပ်ဆောင်မှုတိုင်းနှင့် ပြောတော်မူသည့် စကားလုံးတိုင်းသည် ၎င်းတို့အား ရန်ဖက်ပြုခြင်း စိတ်ဓာတ်ကို နှိုးဆွပေးခဲ့ပါသည်။ အကြောင်းမူကား သူ တို့ခင်တွယ်မြတ်နိုးသော စိတ်သဘောထားအရ ကိုယ်တော်၌ သဘောကျစရာတစ် စုံတစ်ခုကိုမျှ မတွေ့နိုင်ကြချေ။

         ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော် မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသော နေ့၌ ငါထ မြောက်စေမည်။ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရား သခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ ခမည်း တော်ထံ၌ နားထောင်၍ နည်းခံသောသူ မှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။ ခမည်းတော်ဘုရားသခင်၏ မေတ္တာတော်ဆွဲယူ တော်မူခြင်းကို တုံ့ပြန်သော သူများမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ခရစ်တော်ထံသို့ မလာနိုင်ကြချေ။ ဘုရားသခင် သည် ကိုယ်တော့်ထံသို့ လူတိုင်းအား ဆွဲယူလျက်ရှိသော်လည်း ဘုရားသခင်၏ ဆွဲ ယူတော်မူခြင်းကို တားဆီးသူများသာလျှင် ခရစ်တော်ထံသို့ လာရန်ငြင်းဆန်ကြမည် ဖြစ်ပါသည်။

         ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြလိမ့်မည် ဟုဆိုရာတွင် သခင်ယေရှုသည် ဟေရှာယအနာဂတ္တိ စကားတွင် ပါဝင်သည့် သင်၏သားသမီးအပေါင်းတို့သည် ထာ၀ရဘုရား ဆုံးမသွန်သင်တော်မူ သောသူဖြစ်၍ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည် ဟူသော စကားကိုရည်စူး၍ မိန့်တော်မူခြင်းဖြစ်ပါသည်။ (ဟေရှာ ၅၄း၁၃) ဤကျမ်းချက် သည် ယုဒလူများအတွက် လျော်ကန်သည့် ဖွင့်ဆိုချက်တစ်ရပ်ဖြစ်ပါသည်။ ဘုရား သခင်သည် ၎င်းတို့၏ဆရာဖြစ်ကြောင်း သူတို့ကြွားဝါခဲ့ကြပါသည်။ သို့သော်လည်း သူတို့၏ပြောဆိုချက်များသည် အရာမထင်ကြောင်းကို ခမည်းတော်ထံ၌ နား ထောင်၍ နည်းခံသော သူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏ ဟူသောမိန့်ဆိုချက် အားဖြင့် ထင်ရှားစေခဲ့ပါသည်။ သူတို့သည် ခရစ်တော်အားဖြင့်သာ ခမည်းတော် ဘုရားသခင်ကို သိကျွမ်းနိုင်ကြပါသည်။ လူသားဇာတိအားဖြင့် ဘုရားသခင်၏ ဘုန်း တော်ကို ကြည့်ရှုနိုင်ခြင်းငှါ မစွမ်းပါချေ။ ဘုရားသခင်ထံတွင် နည်းခံသောသူများ သည် သားတော်၏အသံကို နားထောင်လျက်ရှိကြ လိမ့်မည်ဖြစ်ပြီး သူတို့သည် နာဇ ရက်မြို့သားယေရှု၌ သဘာ၀တရားအားဖြင့် သော်လည်းကောင်း၊ ဗျာဒိတ်ရူပါရုံအား ဖြင့်သော်လည်းကောင်း အဖဘုရားသခင်အား ဖော်ပြတော်မူခဲ့သည့် ကိုယ်တော်အား တွေ့မြင်ရကြ ပါလိမ့်မည်။ သက်သေခံတော် မူချက်ဟူမူကား ဘုရားသခင်သည် ငါ တို့အား ထာ၀ရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏ ၁ယော ၅း၁၁-၁၂။ ၎င်းပြင် ထို သူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည် ဟုလည်း ယေရှုရှင်မိန့်မှာတော် မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်လာ စေရန်အလိုငှါ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့ကဲ့သို့ အသွေးအသားကို ယူတင်ဝတ် ဆောင်ခဲ့ပါသည်။ ခရစ်တော်၏ တန်ခိုးတော်ကို ထင်ရှားစေရုံသက်သက် အတွက် သာမဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ အသက်တာသည် ကျွန်ုပ်တို့၏ အသက်တာဖြစ်လာသောကြောင့် ဤကဲ့သို့သော ပေါင်းစည်းခြင်းအားဖြင့် ကျွန်ုပ်တို့ သည် သင်္ချိုင်းမှထမြောက် လာရမည်ဖြစ်ပါသည်။ ခရစ်တော်အား ၎င်း၏စာရိတ္တ တော်အမှန်ကို မြင်တွေ့၍ ကိုယ်တော်အား စိတ်နှလုံးထဲတွင် ရယူနိုင်သောသူသည် ထာ၀ရအသက် ကိုရ၏။ ဝိညာဉ်တော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၌ ကိန်းဝပ် တော်မူ၍ ကိုယ်တော်အား ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိသော ဘုရား၏ ဝိညာဉ် တော်သည် ထာ၀ရအသက်အတွက် အစပျိုးခြင်းဖြစ်ပါသည်။

         ထိုလူများသည် ၎င်းတို့၏ ဘိုးဘေးများစားခဲ့ရသည့် တောမှမန္နမုန့်များကို ယခုခရစ်တော်ပြုတော်မူသည့် နိမိတ်လက္ခဏာထက် ကြီးမြတ်သည့် အနေဖြင့် ကိုယ်တော်အား ထိုမန္နမုန့်အကြောင်းကို ရည်ညွှန်း၍ ပြောပြခဲ့ကြသော်လည်း ကိုယ် တော်ကမူ ထိုမန္နမုန့်ဆုမင်္ဂလာသည် မိမိလာရောက် ပေးကမ်းမည့် ကောင်းချီးမင်္ဂ လာနှင့်နှိုင်းစာလျှင် မည်မျှသေးသိမ်ညံ့ဖျင်းကြောင်းကို ဖော်ပြတော်မူခဲ့ပါသည်။ မန္န မုန့်သည် လောကီအသက်ရှင်ရေး အတွက်သာ အထောက်အကူပြုနိုင်ပြီး ချဉ်းကပ် လာနေသည့် သေခြင်းတရားကို မတားဆီးနိုင်ရုံသာမက အစဉ်ထာ၀ရ အသက်ရှင် ခြင်းကိုလည်း အာမခံချက်မပေးနိုင်ချေ။ သို့သော်လည်း ကောင်းကင်မှ ဆင်းသက် လာသည့် အသက်မုန့်သည် အသက်ဝိညာဉ်များအတွက် ထာ၀ရအသက်ကို ရရှိ သည့်တိုင် တိုးတက်ကြီးပွားစေပါသည်။ ငါသည် အသက်မုန့်ဖြစ်၏။ သင်တို့ ဘိုး ဘေးများသည် တော၌မန္နကို စားလျက်သေရကြ၏။ ကောင်းကင်မှ ဆင်းသက်သော မုန့်ကို စားသောသူသည် သေခြင်းနှင့် ကင်းလွတ်၏။ ငါသည် ကောင်းကင်မှ ဆင်း သက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသော သူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ခရစ်တော်သည် ယခုတွင် တင်စားဖော်ပြခြင်းကို အခြား အရာနှင့် ပေါင်းစပ်ထားပါသည်။ မိမိ၏ အသေသတ်ခံခြင်း အားဖြင့်သာ လူသားများ အား အသက်ကိုမျှဝေနိုင်မည် ဖြစ်သောကြောင့် ကိုယ်တော်သည် ကယ်တင်ခြင်း ပေးနိုင်သည့် နည်းလမ်းအနေဖြင့် မိမိ၏သေခြင်းအကြောင်းကို နောက်ပိုင်းစကား များတွင် ညွှန်ပြတော်မူခဲ့ပါသည်။ ငါပေးသောမုန့်ကား လောကီသားတို့၏ အသက် အဖို့အလိုငှါ စွန့်သောငါ၏ အသားပေတည်း ဟု ယေရှုရှင်မိန့်တော်မူခဲ့ပါသည်။

         အချိန်မှာဖျက်ဆီးတတ်သော ကောင်းကင်တမန်သည် အဲဂုတ္တုအိမ်ထောင် စုများအား သတ်ဖြတ်လုပ်ကြံသော အချိန်တွင် ၎င်းတို့အား လွတ်ငြိမ်းခွင့်ပေး၍ ကယ်တင်ခဲ့သောညကို သတိရအောက်မေ့သည့်အနေဖြင့် ယုဒလူများသည် ယေရု ရှလင်မြို့၌ ပသခါပွဲ ကျင်းပတော့မည့်ဆဲဆဲ အချိန်ဖြစ်ပါသည်။ ပသခါသိုးသငယ်မှ တစ်ဆင့် ဘုရားသခင်၏ သိုးသငယ်ကို ၎င်းတို့မြင်တွေ့စေရန် ထာ၀ရဘုရားအလို ရှိတော်မူခဲ့ပါသည်။ ပုံဆောင်သောအရာအားဖြင့် လောကီသားများတို့၏ အသက် အဖို့အလိုငှါ မိမိကိုယ်ကို စွန့်သွားသည့် ကိုယ်တော်အား မြင်တွေ့လက်ခံရယူကြရန် လိုလားတော်မူပါသည်။ သို့သော်လည်း ယုဒလူများသည် ပုံဆောင်ကျင်းပမှုများ၏ အရေးပါမှုကို ဂရုမထားခဲ့ကြဘဲ ပုံဆောင်ကျင်းပသည့် အရာကိုသာ အားပေး ရေးတယူ ပြုခဲ့ကြပါသည်။ သူတို့သခင်ဘုရား၏ ကိုယ်ခန္ဓာတော်ကို မသိနားမလည် ခဲ့ကြချေ။ ပသခါပွဲကျင်းပခြင်းတွင် ပုံဆောင်လုပ်ဆောင်သည့် သမ္မာတရားကိုပင် ခရစ်တော်၏ နှုတ်ထွက်စကားများတွင် သွန်သင်ထားခဲ့ပါသည်။ သို့သော်လည်း ထို အရာကို သူတို့ယခုတိုင် သဘောပေါက်နားလည်ခြင်း မရှိခဲ့ကြပါ။

         ထိုအခါ ယုဒလူတို့က ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့ အဘယ် သို့ ပေးနိုင်သနည်းဟူ၍ စိတ်ဆိုးမာန်ဆိုး မေးမြန်းခဲ့ကြသည်။ အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း ဟူ၍ နိကောဒင် ပြောခဲ့သကဲ့သို့ သူတို့သည် ကိုယ်တော်၏ စကားများကို တိုက်ရိုက် အဓိပ္ပါယ်ကောက်ရန် လိုလားခဲ့ ကြ၏။ သူတို့သည် ခရစ်တော်၏ ဆိုလိုရင်းကို ထိုက်သင့်သလောက် နားလည်ခဲ့ သော်လည်း ထိုအရာများကို အသိအမှတ်ပြုရန် ဆန္ဒမရှိခဲ့ကြချေ။ ကိုယ်တော်၏ စကားများကို အဓိပ္ပါယ်ကောက်လွဲ ခဲ့ကြခြင်းအားဖြင့် ယုဒလူများသည် ကိုယ်တော် ရှင့်အပေါ် အာဃာတရှိခဲ့ ကြပါသည်။

         ခရစ်တော်သည် ၎င်းအား ပုံဆောင်ရုပ်လုံးဖော်ခြင်းများကို အားနည်းပျက် ပြယ် မသွားစေခဲ့ဘဲ ပိုမိုခိုင်မာသော စကားအသုံးအနှုန်းများဖြင့် ထိုသမ္မာတရားကို ထပ်ခါတလဲလဲ မိန့်တော်မူခဲ့သည်မှာ ငါအမှန်အကန်ဆိုသည်ကား လူသား၏ သားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏ အသွေးကိုလည်းသောက် သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ငါ၏အသား၊ အသွေးကိုသောက်စား သော သူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏ ဟူ၏။

         ခရစ်တော်၏ အသွေးနှင့်အသားကို စားသောက်ခြင်းဟု ဆိုရာတွင် ကိုယ် တော်ရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူကြောင်းကို လည်း ကောင်း၊ ကိုယ်တော်ရှင်၌ ကျွန်ုပ်တို့သည် ပြည့်စုံခြင်းရှိသည်ကို လည်းကောင်း၊ ယုံ ကြည်လျက် ကိုယ်တော်အား မိမိ၏ ပုဂ္ဂလိက ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြစ် ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ မေတ္တာတော်ကို မျှော်ကြည့်ကာ ထို မေတ္တာတော်၌ ခိုလှုံလျက် ထိုမေတ္တာရေစင်များကို သောက်သုံးခြင်းအားဖြင့် ကိုယ် တော်ရှင်၏ သဘာ၀ကို မျှဝေခံစားသူများ ဖြစ်လာကြပါသည်။ အစာသည် ခန္ဓာ ကိုယ်အတွက် ဖြစ်သကဲ့သို့ ခရစ်တော်သည် အသက်ဝိညာဉ် အတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အစာကို မစားသုံးလျှင် သော်လည်းကောင်း၊ ထိုအစာသည် ကျွန်ုပ် တို့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်မလာလျှင် သော်လည်းကောင်း၊ ၎င်းအရာ သည် ကျွန်ုပ်တို့အား အကျိုးဖြစ်ထွန်းစေလိမ့်မည် မဟုတ်ချေ။ ထိုနည်းအတူ ကျွန်ုပ် တို့သည် ကိုယ်တော်ရှင်အား မိမိ၏ပုဂ္ဂလိကကယ်တင်ရှင် အဖြစ်သိရှိမထားခဲ့လျှင် ခရစ်တော်သည် ကျွန်ုပ်တို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ ဖြစ်ထွန်းစေလိမ့် မည်မဟုတ်ချေ။ ကိုယ်တော်ရှင်အား နှလုံးကမသိဘဲ ခေါင်းမှသိခြင်းသည် ကျွန်ုပ် တို့အား အကျိုးပြုလိမ့်မည် မဟုတ်ချေ။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ကျက်စား၍ ကိုယ်တော်၏ အသက်တာသည် ကျွန်ုပ်တို့၏ အသက်တာဖြစ်လာစေရန် အလိုငှါ ကိုယ်တော်အား စိတ်နှလုံးထဲတွင် လက်ခံရယူထားရပါသည်။ ကိုယ်တော်၏ မေတ္တာ တော်နှင့် ကရုဏာတော်ကို ကျွန်ုပ်တို့၏ အသွေးအသားတွင် တစ်သားတည်းဖြစ် ရပါမည်။

         သို့သော်လည်း ယုံကြည်သူများသည် ခရစ်တော်နှင့် ဆက်နွှယ်ခြင်းအားဖြင့် ရရှိမည့် အခွင့်အရေးများကို ဤပုံဆောင်မှုများကပင် တင်ဆက်ရန် ပျက်ကွက်နေ ကြပါသည်။ ထိုအခါ ယေရှုက အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကို စားသောသူသည် ငါ့အားဖြင့် အသက်ရှင် လိမ့်မည် ဟုမိန့်တော်မူခဲ့၏။ သားတော် ဘုရားသည် ခမည်းတော်ဘုရားကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ခရစ်တော်ဘုရားကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြရပါ မည်။ ခရစ်တော်သည် မိမိအသက်တာအားဖြင့် ခမည်းတော်ဘုရား တစ်ပါးတည်းကို သာထင်ရှားစေရန် အဖဘုရား၏ အလိုတော်အတိုင်း လုံးလုံးဆက်ကပ် အပ်နှံတော် မူခဲ့ပါသည်။ ကျွန်ုပ်တို့ကဲ့သို့ အဘက်ဘက်မှ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရသော်လည်း လောကသားများ ရှေ့မှောက်တွင် အပြစ်အနာအဆာ ကင်းစင်စွာဖြင့် ရပ်တည်တော် မူခဲ့ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည်လည်း ခရစ်တော် အောင်နိုင်တော်မူသကဲ့သို့ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်မြင် ကျော်လွှားကြရပါသည်။

         သင်သည် ခရစ်တော်၏ နောက်လိုက်တစ်ဦး ဖြစ်ပါသလား၊ ဖြစ်ခဲ့ပါလျှင် ဝိညာဉ်ရေးအသက်တာနှင့် ပတ်သက်၍ ရေးသားထားချက် အားလုံးသည် သင့်အ တွက် ဖြစ်ပါသည်။ ၎င်းပြင် သင့်ကိုသင်ယေရှုခရစ်နှင့် ပေါင်းစည်းခြင်းအားဖြင့် ထို အရာများကို ရယူနိုင်ပါသည်။ သင်၏စိတ်အား ထက်သန်မှုများ ယုတ်လျော့သွား ပြီလား။ သင်၏ရှေးဦးစွာသော အချစ်ပေါ့သွားပြီလား။ ကမ်းလှမ်းနေသော ခရစ်တော် မေတ္တာတော်ကို နောက်တစ်ဖန်လက်ခံပါ။ ကိုယ်တော်၏ အသားကိုစား၍ အသွေး တော်သောက်ပါ။ သို့ပြုလျှင် သင်သည် ခမည်းတော်ဘုရားနှင့် လည်းကောင်း၊ သား တော်ဘုရားနှင့် လည်းကောင်း တစ်လုံးတစ်၀တည်း ဖြစ်လာပါလိမ့်မည်။

         မယုံကြည်သော ယုဒလူများသည် ခရစ်တော်၏ တိုက်ရိုက်အဓိပ္ပါယ်ရှိသည့် နှုတ်တော်ထွက် စကားများမှလွဲ၍ အခြားမည်သည့် အရာကိုမဆို လက်ခံရန်ငြင်း ဆန်ခဲ့ကြပါသည်။ ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာပညတ္တိကျမ်းများ အားဖြင့် အသွေးကို မမြည်းစမ်းရန် တားမြစ်ထားသဖြင့် ယခုတွင် ခရစ်တော်၏ စကားအသုံးအနှုန်းများ သည် ဘုရားသခင်အား မလေးမစား ပြုသည့်အသုံးအနှုန်းများ ဖြစ်သည်ဟု သူတို့ အဓိပ္ပါယ် ကောက်ယူခဲ့ကြကာ ထိုကိစ္စအတွက် အချင်းချင်းငြင်းခုံ ခဲ့ကြပါသည်။ မန်တော်များ ကိုယ်တိုင်ပင် ထိုစကားကိုကြားလျှင် ထိုစကားသည် အလွန်ခက်လှ ၏။ အဘယ်သူ နားခံနိုင်မည်နည်း ဟုပြောဆိုခဲ့ကြ၏။

         ထိုအခါ ယေရှုက ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသ လော။ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကို မြင်ရလျှင် ဘယ်သို့ ထင်မှတ်ကြမည်နည်း။ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယ သည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏၊ အသက်လည်း ဖြစ်၏ ဟုမိန့်တော်မူ၏။

         လောကီသားများအတွက် ပေးတော်မူသော ခရစ်တော်၏ အသက်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ထဲတွင် ရှိတော်မူပါသည်။ ကိုယ်တော် သည် နှုတ်ကပတ်တော်အားဖြင့် အနာရောဂါများကို ပျောက်ကင်းစေ၍ နတ်ဆိုးများကို နှင် ထုတ်တော်မူခဲ့ပါသည်။ ထိုနှုတ်ကပတ်တော်အားဖြင့် ပယ်လယ်ရေကိုငြိမ်သက်စေ၍ လူသေများကို ရှင်ပြန်ထမြောက် စေခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော်၏ နှုတ်ကပတ် တော်တွင် တန်ခိုးရှိကြောင်းကိုလည်း ထိုလူများသည် သက်သေခံခဲ့ကြသည်။ ကိုယ် တော်သည် ဓမ္မဟောင်းကျမ်းမှ ပုရောဖက်များနှင့် ဆရာများအားဖြင့် မိန့်တော်မူသ ကဲ့သို့ မိမိကိုယ်တိုင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်တော်မူခဲ့ပါ သည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးသည် ခရစ်တော်ကို ထင်ရှားစေသော အရာတစ် ခုသာဖြစ်ပြီး ခရစ်တော်၏ နောက်လိုက်များသည် ထိုနှုတ်ကပတ်တော်အပေါ်တွင် စွဲစွဲမြဲမြဲယုံကြည်မှုရှိရန် ကိုယ်တော်ရှင် လိုလားတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် ကို ကျွန်ုပ်တို့ မတွေ့မြင်နိုင်တော့သည့် အချိန်တွင် ထိုနှုတ်ကပတ်တော်သည် တန်ခိုး ရရှိနိုင်မည့် မူလအချက်အချာနေရာ ဖြစ်နေပါသည်။ ထိုသူတို့သည် မိမိတို့၏ သခင် ကဲ့သို့ပင် ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရမည် ဖြစ်ပါသည်။ (မဿဲ ၄း၄)

         ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အသက်တာကို အစာအားဖြင့် အင်အား ဖြည့်တင်း သကဲ့သို့ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာကိုလည်း ဘုရားသခင်၏ နှုတ်ကပတ် တော်အားဖြင့် အင်အားဖြည့်တင်း ကြရပါမည်။ လူတိုင်းသည် ဘုရားသခင်၏ နှုတ် ကပတ်တော်မှ အသက်ကို မိမိတို့ဘာသာ ရယူကြရပါမည်။ ကိုယ်ခန္ဓာဖွံ့ဖြိုးလာရန် မိမိတို့ဘာသာ အစာစားကြရသကဲ့သို့ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို မိမိတို့ ဘာသာ ရယူကြရပါမည်။ တစ်ပါးသူ တစ်ဦးထံမှ ကြားသိရသော နှုတ်ကပတ်တော် များကို သာရယူကြရန် မဟုတ်ချေ။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို နားလည် သဘောပေါက်စေရန် အလိုငှါ ဘုရားသခင့်ထံတော်တွင် သန့်ရှင်းသော ဝိညာဉ် တော်၏ အမအစကို တောင်းလျက် သမ္မာကျမ်းစာကို စေ့စေ့စပ်စပ်လေ့လာသင့် ကြပါသည်။ ကျမ်းစာတစ်ပိုဒ်ကိုဖတ်၍ ထိုကျမ်းပိုဒ်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အတွေးအခေါ်ကို သွန်သင်ထားကြောင်းသိရှိရန် အာရုံပြု သင့်ပါသည်။ ထိုကျမ်းပိုဒ်ကို သေချာစွာ နားလည်လာသည့်တိုင်အောင် စဉ်းစားဆင် ခြင်သင့်ကြပါသည်။ ထိုနောက်တွင် ဘုရားသခင် မိန့်တော်မူသည့်အရာ ကို ကျွန်ုပ်တို့ သိကြလိမ့်မည်။

         ကိုယ်တော်ရှင်၏ ကတိတော်များနှင့် သတိပေးစကားများထဲတွင် ကျွန်ုပ် အားရည်စူး၍ ယေရှုရှင်မိန့်တော်မူနေပါသည်။ ဘုရားသခင်၏ သားတော်ကို ယုံ ကြည်သော ကျွန်ုပ်သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင် အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြန်ပြောင်းဖော်ပြထားသည့် အတွေ့အကြုံများသည် ကျွန်ုပ်၏ အတွေ့အကြုံ များ ဖြစ်ရပါမည်။ ဆုတောင်းချက်များ၊ ကတိတော်များ၊ ပညတ်များနှင့် သတိပေး ချက်များသည် ကျွန်ုပ်တို့ အတွက်ဖြစ်ကြပါသည်။ ငါသည် ခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခု ငါ ရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည် ၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ဂလာတိ ၂း၂၀။ ထိုကဲ့သို့ယုံကြည်ခြင်းသည် သမ္မာတရားစည်းမျဉ်းများကို လက်ခံရယူ၍ တစ် သားတည်း ဖြစ်သွားသောအခါ ထိုပေါင်းစပ်ထားသည့် အရာသည် ပုဂ္ဂိုလ်တစ်ဦး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကာ အသက်တာ၏ လှုပ်ရှားလှုံ့ဆော်သော တန်ခိုးတစ် ခု ဖြစ်လာပါသည်။ စိတ်နှလုံးထဲတွင် ခံယူရရှိထားသည့် ဘုရားသခင်၏ နှုတ်ကပတ် တော်သည် ၎င်း၏ အတွေးအခေါ်များကို ပြုပြင်ပေးကာ စာရိတ္တဖွံ့ဖြိုးတိုးတက်မှု တွင် ပါဝင်ဖက်စပ်လာပါသည်။

         ကျွန်ုပ်တို့သည် ယုံကြည်သော မျက်လုံးများဖြင့် ခရစ်တော်အား အဆက် မပြတ်မျှော်ကြည့်ခြင်းဖြင့် ခွန်အားဖြည့်တင်းခြင်းသို့ ခံကြရပါမည်။ ဘုရားသခင် သည် ဝိညာဉ်ရေး ဆာငတ်ခင်မွတ်နေသူများအတွက် အလွန်မွန်မြတ်၍ အဖိုးတန် သည့် ဗျာဒိတ်တော်များတို့ကို ပြုတော်မူလိမ့်မည်။ ထိုကြောင့် ယေရှုခရစ်တော်သည် မိမိတို့၏ ပုဂ္ဂလိက ကယ်တင်ရှင်ဖြစ်ကြောင်းကို သူတို့တွေ့မြင်ကြလိမ့်မည်။ ကိုယ် တော်ရှင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလေ့ကျက်နေစဉ်မှာပင် ထိုနှုတ်က ပတ်တော်သည် ဝိညာဉ်ပကတိဖြစ်ကြောင်းနှင့် အသက်ဖြစ်ကြောင်းကို သူတို့တွေ့ မြင်ကြရပါသည်။ ထိုနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ ဇာတိပကတိ သဘာ၀များ ကိုချေဖျက်၍ ခရစ်တော်ယေရှု၌ အသစ်သော အသက်တာကို ပေးသနားတော်မူပါ သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ဥပဇ္ဈာယ်ဆရာတစ်ပါး အနေဖြင့် အသက်ဝိညာဉ်များထံသို့ ကြွရောက်လာပါသည်။ ကိုယ်တော့် ကရုဏာတော်၏ အသစ်ပြုပြင်ပြောင်းလဲပေးသည့် တန်ခိုးတော်အားဖြင့် တပည့်တော်တစ်ဦးတွင် ဘုရားသခင်၏ ရုပ်လုံးကိုပြန်လည်ဖြစ်ပေါ်စေကာ ၎င်းအား အသစ်သော သတ္တဝါ တစ်ယောက် ဖြစ်လာစေပါသည်။ မေတ္တာတရားသည် မုန်းတီးခြင်း၏ နေရာတွင် စားထိုးနေရာယူကာ နှလုံးသားသည် မြင့်မြတ်သော အသွင်အပြင်များကို ရရှိလာပါ သည်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ဟုဆိုရာ တွင် ဤအချက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဤအရာသည် ကောင်းကင်မှ ကျလာ သည့် မုန့်ကိုစားခြင်းပင် ဖြစ်ပါ သည်။

         ခရစ်တော်သည် မိမိနှင့်မိမိ၏ တပည့်တော်များအကြား ဆက်နွှယ်မှုနှင့် ပတ်သက်သော မွန်မြတ်လှသည့် ထာ၀ရသမ္မာတရားကို မိန့်တော်မူခဲ့ ဖူးပါသည်။ မိမိ၏ တပည့်တော်များအဖြစ် လက်ခံရန် တောင်းဆိုလာကြသည့် ထိုသူများ၏ အကျင့်စာရိတ္တကို သိတော်မူခဲ့သဖြင့် ကိုယ်တော်၏ နှုတ်ထွက်စကားများသည် ၎င်း တို့၏ ယုံကြည်ခြင်းကို စမ်းသပ်ခဲ့ပါသည်။ တပည့်တော်များသည် မိမိအားယုံကြည် ခြင်းရှိရန်နှင့် မိမိ၏သွန်သင်ချက်များကို လိုက်လျှောက်ကြရန် ကိုယ်တော်ရှင်မိန့်မှာ ခဲ့ပါသည်။ ကိုယ်တော်ရှင်ကို ရရှိသောသူအားလုံးသည် ကိုယ်တော်၏ ထူးခြားသော သဘာ၀များကို လက်ခံဆက်ဆံ၍ စာရိတ္တတော်နှင့်လည်း ကိုက်ညီသော အသက် တာရှိကြပါလိမ့်မည်။ ဤအရာသည် ၎င်းတို့မြတ်နိုး တွယ်တာနေသည့် ရည်မှန်း ချက်များကို စွန့်လွှတ်ခြင်းနှင့် ပတ်သက်ပါသည်။ ထိုသို့စွန့်လွှတ်နိုင်ရန် ခရစ်တော်၌ မိမိကိုယ်ကို လုံးလုံးဆက်ကပ်အပ်နှံရန် လိုအပ်ပါသည်။ ထိုသူများအား ကိုယ်ကျိုး စွန့်ရန်နှင့် နူးညံ့သိမ်မွေ့၍ စိတ်နှလုံးနှိမ့်ချရန် တောင်းဆိုခဲ့ပါသည်။ ကောင်းကင်၏ ဘုန်းတော်ကို ဝင်စား၍ ထာ၀ရအသက်ကို ပါဝင်ဆက်ဆံလိမ့်မည် ဆိုလျှင် သူတို့ သည် ကရာနီမှလူသား လျှောက်လှမ်းခဲ့သည့် လမ်းကျဉ်းကို လျှောက်ရပါမည်။

         စုံစမ်းစစ်ဆေးမှုသည် အလွန်ကြီးမားလှပါသည်။ ကိုယ်တော်ရှင်အား တင်းအဓမ္မ ဘုရင်မြှောက်လိုကြသည့် ထိုသူတို့၏ စိတ်အားထက်သန်မှု များသည် လည်း သွေးအေးသွားခဲ့ပေပြီ။ ထိုတရားဇရပ်တွင် ပြုတော်မူခဲ့သော ဟောကြားချက် သည် ၎င်းတို့၏ ဝိညာဉ်ရေးမျက်စိကို ပွင့်လင်းစေခဲ့ပြီဟူ၍ သူတို့ကြေညာခဲ့ကြပါ သည်။ ယခုတွင် သူတို့အား အမှန်ကိုသိမြင်စေခဲ့ပေပြီ။ မိမိသည် မေရှိယမဟုတ် ကြောင်း၊ ကိုယ်တော်၏ စကားများသည် တိုက်ရိုက်ဝန်ခံနေကြောင်း ကိုလည်း ကောင်း၊ ကိုယ်တော်နှင့် ဆက်သွယ်ခြင်းအားဖြင့် လောကီအကျိုးကျေးဇူး မရရှိနိုင် ကြောင်းကိုလည်းကောင်း သူတို့သည် စိတ်နှလုံး၌ စွဲမှတ်နေကြပါသည်။ သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာ ပြုခြင်းများကို ကြိုဆိုလက်ခံခဲ့ကြပါသည်။ အနာ ရောဂါဒုက္ခဝေဒနာများမှ ကင်းလွတ်ခွင့်ပြုပေးရန် စိတ်အားကြီးခဲ့ကြပါသည်။ သို့ သော် သူတို့သည် ကိုယ်တော်ရှင်၏ ကိုယ်ကျိုးစွန့်သော အသက်တာကို ကရုဏာမ သက်ခဲ့ကြချေ။ ကိုယ်တော်ရှင် မိန့်တော်မူခဲ့သော ဝိညာဉ်ရေးနိုင်ငံတော်နှင့် ပတ် သက်သည့် နက်နဲမှုများကိုလည်း သူတို့ဂရုမထားခဲ့ကြချေ။ မရိုးသားသည့် စိတ်ထား၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ထားဖြင့် ကိုယ်တော်အား ရှာဖွေခဲ့ကြသည့် ထိုသူ များသည် ကိုယ်တော်ရှင်ကို မလိုလားကြတော့ပြီ။ ကိုယ်တော်သည် ရောမများထံမှ ၎င်းတို့အတွက် လွတ်မြောက်မှုရအောင် မိမိ၏တန်ခိုး အာဏာများကို အသုံးမပြုခဲ့ လျှင် သူတို့သည် ကိုယ်တော်နှင့် ကင်းကွာသွား ကြလိမ့်မည်ဖြစ်ပါသည်။

         သင်တို့တွင် မယုံကြည်သော သူအချို့ရှိ၏။ ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေးတော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင် ဟု ယေရှုရှင်သည် ထိုသူများအား ရှင်းလင်းစွာ မိန့်တော်မူခဲ့ပါသည်။ သူတို့သည် ကိုယ်တော့်ထံသို့ ဆွဲ ယူခြင်းကို မခံကြရလျှင်လည်း သူတို့၏ စိတ်နှလုံးများကို သန့်ရှင်းသော ဝိညာဉ် တော်ဝင်ရောက်စိုးစံရန် ဖွင့်ဟမပေးကြသောကြောင့် ဖြစ်ကြောင်းကို ထိုသူတို့အား သဘောပေါက် နားလည်ရန် ကိုယ်တော်ဆန္ဒ ပြုတော်မူခဲ့ပါသည်။ ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင် ၁ကော ၂း၁၄။ လူသည် ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်၏ ဘုန်းတော်ကို မြင်တွေ့ရပါသည်။ သက်ဝိညာဉ်အထဲတွင် ယုံကြည်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မနှိုးဆွ၊ မလှုံ့ဆော်မီ ဤဘုန်းတော်ကို ကျွန်ုပ် တို့ထံမှကွယ်ဝှက်ထားပါသည်။

         ဤပုဂ္ဂိုလ်များသည် မိမိတို့၏ မယုံကြည်မှုများကို လူသိရှင်ကြား ထုတ်ဖော် ခြင်းအားဖြင့် ယခုတိုင် ခရစ်တော်ထံမှပို၍ ဝေးကွာစွာကင်းကွာ သွားခဲ့ကြပါသည်။ သူတို့သည် များစွာမနှစ်မြို့မှုများကို ခံစားခဲ့ကြပြီး ကယ်တင်ရှင်အား ထိခိုက်နာကျင် စေလိုသောအားဖြင့် ဖါရိရှဲများ၏ အာဃာတစိတ်များကို ကျေနပ်စေလျက် ကိုယ် တော်ရှင်ကို ကျောခိုင်းကာ မထီလေးစားပြု၍ စွန့်ခွာခဲ့ကြပါသည်။ သူတို့သည် သက်မပါသောရုပ်၊ အဆန်မပါသောအခွံများကို ရွေးချယ်မှုပြုခဲ့ကြပါသည်။

         လက်တော်တွင် ဆန်ကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်း စေသဖြင့် မိမိဂျုံစပါးကို ကျီ၌စုသိမ်းသွင်းထား၏ မဿဲ ၃း၁၂။ ဤအချိန်သည် အပြစ်ကြေးညှော်များကို သုတ်သင်သန့်ရှင်းနေသော အချိန်ဖြစ်ပါသည်။ သမ္မာ တရား၏ နှုတ်ကပတ်တော် စကားများအားဖြင့် အဖျင်းများသည် စပါးစေ့များနှင့် တသီးတခြားစီ ခွဲခြားပစ်နေပါသည်။ သူတို့သည် အလွန်မိုက်မဲ၍ ဆုံးမမှုကို မနာမ ယူနိုင်လောက်အောင် ကိုယ့်ကိုကိုယ် ဖြောင့်မတ်သည်ဟူ၍ အထင်ကြီးနေခဲ့ကြပါ သည်။ နှိမ့်ချမှုနှင့် ပြည့်၀သော အသက်တာကို လက်မခံနိုင်လောက်အောင် လော ကကို အလွန်ချစ်မြတ်နိုးနေကြသဖြင့် များစွာသောသူတို့သည် ခရစ်တော်ကို ကျော ခိုင်းခဲ့ကြပါသည်။ ယခုအချိန်တိုင်အောင် များစွာသော သူများသည် ထိုနည်းနှင်နှင် လုပ်ဆောင် ကြလျက်ရှိပါသည်။ ကပေရနောင်မြို့ရှိ တရားဇရပ်မှ ထိုတပည့်တော် များတို့ကို စုံစမ်းစစ်ဆေးနေသည့်နည်းတူ ယနေ့လူသားများကိုလည်း စုံစမ်းစစ်ဆေး နေပါသည်။ သမ္မာတရားသည် စိတ်နှလုံးထဲတွင် ထင်ရှားလာသောအခါ မိမိတို့၏ အသက်တာများတို့သည် ထာ၀ရဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီကြောင်း သူတို့တွေ့မြင်လာကြပါသည်။ မိမိတို့တွင် လုံးလုံးလျားလျားပြောင်းလဲမှု တစ်ခုလို အပ်နေကြောင်း တွေ့မြင်ကြသော်လည်း မိမိ၏အလိုကိုငြင်းသည့် အကျင့်ကိုကျင့် ဆောင်ရန် သူတို့ဆန္ဒမရှိခဲ့ကြချေ။ ထိုကြောင့် မိမိတို့၏ အပြစ်များကို ဖော်ပြဆုံးမ သောအခါ သူတို့စိတ်ဆိုး အမျက်ထွက်ခဲ့ကြပါသည်။ ထိုစကားသည် အလွန်ခက် လှသည်။ အဘယ်သူ နာခံနိုင်မည်နည်း ဟူ၍ညည်းတွားကာ ခရစ်တော်ထံမှ ပည့်တော်များ ထွက်ခွာသွားခဲ့သကဲ့သို့ သူတို့သည် နာကြည်းစွာဖြင့် ထွက်ခွာသွားခဲ့ ကြပါသည်။

         ချီးမွမ်းခြင်းများနှင့် မြှောက်ပင့်စကားများကိုသာ သူတို့နှစ်သက် ခဲ့ကြပြီး သမ္မာတရားကိုမူ မကြိုဆိုခဲ့ကြချေ။ နားထောင်ရန်ကိုပင် မစွမ်းနိုင် ခဲ့ကြချေ။ နောက် တော်သို့လိုက်သော လူထုကြီးကို ကျွေးမွေးပြုစုလိုက်သောအခါ အောင်မြင်သော ကြွေးကြော်သံများကို ကြားရကာ ချီးမွမ်းသံများဖြင့် ဆူညံနေခဲ့ပါသည်။ သို့သော် ဘုရား၏ ဝိညာဉ်တော်အားဖြင့် သူတို့၏အပြစ်များကို ဖော်ပြကာ ထိုအပြစ်များကို စွန့်လွှတ်ကြရန် မိန့်တော်မူသောအခါ သူတို့သည် သမ္မာတရားကို ကျောခိုင်းကြကာ ခရစ်တော်နှင့်အတူ နောက်တစ်ခါ အတူမလျှောက်လှမ်းကြတော့ချေ။

         မကျေမနပ်ဖြစ်နေသော ထိုတပည့်တော်များသည် ခရစ်တော်ထံမှ ကျော ခိုင်းခဲ့သောအချိန်၌ စာတန်၏ဝိညာဉ်သည် ၎င်းတို့အားစိုးမိုးခဲ့၏။ တစ်ချိန်က ၎င်းတို့ အလွန်စိတ်ဝင်စားခဲ့သည့် ကိုယ်တော်ထံတွင် ကောင်းကွက်တစ်ကွက်ကိုမျှ သူတို့ မမြင်နိုင်တော့ချေ။ သူတို့သည် မိမိတို့နှင့်စိတ်တူ သဘောတူဖြစ်ခဲ့သည့် ကိုယ်တော့် အား ရန်မူနေသူများကို ရှာဖွေမိတ်ဖွဲ့ခဲ့ကြကာ ကိုယ်တော်၏ စကားများကို မှားယွင်း စွာ အနက်ဖွင့်ခဲ့ကြပါသည်။ မိန့်တော်မူချက်များကို လိမ်လည်ပြောကြားခဲ့ကြပြီး ကိုယ်တော်၏ သဘာထားများကို စောဒကတက်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်အား ဆန့်ကျင်ဘက် ဖြစ်စေသည့် အချက်အလက်တိုင်းကို စုဆောင်းတင်ပြခြင်းအားဖြင့် သူတို့၏ လမ်းစဉ်များကို အားဖြည့်ခဲ့ကြပါသည်။ ထိုကဲ့သို့သော အမျက်နှိုးဆွမှုကို ဖြစ်စေသော သတင်းပေးမှုများကြောင့် ကိုယ်တော်ရှင်၏ အသက်ကိုပင် အန္တရာယ် ရှိလာခဲ့ပါသည်။

         နာဇရက်မြို့သားယေရှုသည် မိမိကိုယ်တိုင် မေရှိယမဟုတ်ကြောင်း ဝန်ခံ သည်ဟူသော သတင်းစကားသည် အလျင်အမြန်ပျံ့နှံ့ သွားခဲ့ပါသည်။ ဤသို့သော နည်းများဖြင့် လွန်ခဲ့သည့်နှစ်တွင် ယုဒပြည်မှာဖြစ်သကဲ့သို့ ဂါလိလဲပြည်တွင်လည်း ခရစ်တော်လူကြိုက်များမှု ရေစီးကြောင်းသည် ကိုယ်တော်ရှင်အား အကျိုးယုတ်စေ ပါသည်။ ဣသရေလများတို့အတွက် ဝမ်းနည်းစရာမဟုတ်ပါလား။ ၎င်းတို့အားလော ကတန်ခိုးအာဏာများ ပေးနိုင်မည့် အောင်နိုင်သူတစ်ဦးအား သူတို့မျှော်လင့်တောင့် တခဲ့ကြသောကြောင့် ကယ်တင်ရှင်ကို သူတို့ငြင်းပယ်ခဲ့ကြပါသည်။ သူတို့သည် ပျက်စီးတတ်သော အစာကိုသာလိုချင်ခဲ့ကြပြီး ထာ၀ရကာလတိုင် တာရှည်ခံသည့် အစာကို မလိုချင်ကြချေ။

         သခင်ယေရှုသည် လူသားများအတွက် အသက်နှင့် အလင်းဖြစ်တော်မူ သော၊ မိမိထံမှ ထွက်ခွာသွားကြသော မိမိ၏တပည့်တော်ဖြစ်ခဲ့ဖူး သူများအားတမ်း တသောနှလုံးသားဖြင့် မျှော်ကြည့်တော်မူခဲ့၏။ မိမိ၏ သနားခြင်းကရုဏာကို အလေး အမြတ်မထားကြောင်း၊ မိမိ၏မေတ္တာတော်ကို တုံ့ပြန်မှုမပြုကြောင်း၊ မိမိ၏ ကြင်နာ သနားမှုကို မခန့်လေးစားပြုကြကြောင်း စသည့်အကြောင်းများကို အသိတရားက လေးသည် ကိုယ်တော်အား မဖော်ပြနိုင်လောက်အောင် ကြီးမားသော ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေများသည် ကိုယ်တော်အား ဝမ်းနည်း သော လူသားတစ်ဦး (သို့မဟုတ်) ပူဆွေးသော လူသားတစ်ဦး ဖြစ်စေခဲ့ပါသည်။

         ယေရှုသည် မိမိထံမှထွက်ခွာသွားရန် ကြိုးစားနေကြသည့် ထိုသူများကို ဟန့် တားရန် ကြိုးစားခြင်း ပြုတော်မမူဘဲ တမန်တော်များ ဘက်သို့လှည့်၍ သင်တို့ သည်လည်း ထွက်သွားခြင်းငှါအလိုရှိကြသလော ဟု မိန့်တော်မူ၏။

         ထိုအခါ ရှိမုန်ပေတရုက သခင်၊ အကျွန်ုပ်တို့ အဘယ်သူ့ထံသို့ သွားရ မည်နည်း။ ထာ၀ရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည် လျှောက် လေ၏။

         အကျွန်ုပ်တို့သည် အဘယ်သူ့ထံသို့ သွားရပါမည်နည်း။ ဣသရေလ ဆရာများတို့သည် အပြင်ပန်းစည်းကမ်း နည်းလမ်းလိုက်လွန်ခြင်း ဝါဒ၏ကျွန်များ ဖြစ်ကြပါသည်။ ဖါရိရှဲနှင့်ဇဒ္ဒုကဲများသည် တစ်ဦးနှင့်တစ်ဦး ထာ၀စဉ်အငြင်းပွား နေကြသူများတို့ ဖြစ်ကြပါသည်။ ယေရှုရှင်ကို စွန့်ခွာခဲ့ခြင်းသည် ဝိနည်းထုံးဖွဲ့ဝတ် ပြုကိုးကွယ်မှု အစီအစဉ်များတွင် စည်းကမ်းကြီးလွန်းသူများနှင့် မိမိတို့၏ ဘုန်းတန် ခိုးကြီးထွားရေးအတွက် ရည်မှန်းချက် ထားလွန်းသူများထဲသို့ အမှတ်မထင်ရောက် ရှိသွားခြင်း ဖြစ်ပါသည်။ တမန်တော်များသည် မိမိတို့၏  ယခင်အသက်တာများမှာ ထက် ယေရှုခရစ်တော်ကို လက်ခံပြီးသော အသက်တာများတို့တွင် ပို၍များပြား သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများကို တွေ့ရှိခဲ့ရပါသည်။ အပြစ်သား များ မိတ်ဆွေစစ်ဖြစ်သည့် ယေရှုကိုနှိပ်စက်ကလူပြု၍ ကြုံးဝါးနေသည့် ထိုသူများထံ သို့ မည်ကဲ့သို့ သူတို့ပြန်သွား နိုင်ကြပါမည်နည်း။ သူတို့သည် မေရှိယအား အချိန် ကြာမြင့်စွာကပင် မျှော်လင့်ခဲ့ကြရာ ယခုတွင် မေရှိယသည် ကြွလာတော်မူခဲ့ပြီးဖြစ် သဖြင့် ကိုယ်တော်ရှင်ထံမှ ကိုယ်တော်၏ အသက်ကိုလုပ်ကြံရန် ရှာကြံနေကြသူများ နှင့် ကိုယ်တော်၏ နောက်လိုက်များ ဖြစ်လာခဲ့သည့်အတွက် မိမိတို့အား နှိပ်စက်က လူပြုခဲ့ကြသည့် သူများထံသို့ သူတို့ပြန်၍ မသွားနိုင်ကြတော့ပြီ။

         အကျွန်ုပ်တို့သည် အဘယ်သူ့ထံသို့ သွားရပါမည်နည်း။ မေတ္တာနှင့် ကရု ဏာတော်၏ သင်ခန်းစာဖြစ်တော်မူသည့် ခရစ်တော်၏ သွန်သင်ချက်မှ ဒုစရိုက် ကမ္ဘာတည်းဟူသော မယုံကြည်မှု၏ မှောင်မိုက်ထဲသို့ပြန်၍ သွားရမည် မဟုတ်ပါချေ။ အံ့ဖွယ်မှုရာများကို ကိုယ်တွေ့မျက်မြင်တွေ့ရှိခဲ့သူများစွာ တို့သည် ကိုယ်တော်အား စွန့်ပစ်ထားခဲ့ကြသော်လည်း ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါ၏ ဟူ၍ တပည့် တော်များ၏ ယုံကြည်ခြင်းကို ပေတရု ထုတ်ဖော်ခဲ့ပါသည်။ မိမိတို့အသက်ဝိညာဉ် များ၏ ကျောက်ဆူးကြီး ဆုံးပါးသွားပြီဟူသော ဤအတွေးသည် ၎င်းတို့အား ကြောက်ရွံ့မှုနှင့် နာကျင်မှုများကို ဖြစ်စေခဲ့ပါသည်။ ကယ်တင်ရှင်ခရစ်တော် သူတို့ နှင့်အတူမရှိခြင်းသည် မှောင်မည်း၍ မုန်တိုင်းကျနေသော ပင်လယ်ထဲတွင် တွယ် ရာမဲ့မျောပါနေ ခြင်းဖြစ်သည်။

         ယေရှုရှင်၏ နှုတ်ထွက်စကားများနှင့် အပြုအမူများသည် ဥာဏ်နည်းသော သူများအတွက် ခက်ခဲနက်နဲပုံပေါ်နေသော်လည်း စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်း တွင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် လုပ်ဆောင်မှုများ၌ တိကျသောအကြံအ စည်များ ပါရှိနေပါသည်။ စကားလုံးတိုင်း၊ အပြုအမူတိုင်းသည် အကျိုးသက်ရောက် မှု တစ်ခုစီဖြစ်ပေါ်လာမည်ဟု မှန်းဆခဲ့ပါသည်။ ကျွန်ုပ်တို့သည် အကြံအစည်တော် များကို နားလည်နိုင်စွမ်းရှိကြမည်ဆိုလျှင် အကြံအစည်တော်အားလုံးသည် အရေး ကြီးကြောင်း၊ စုံလင်ကြောင်းနှင့် ကိုယ်တော်၏ အမှုတော်နှင့် လိုက်လျောညီထွေ ကြောင်း ထင်ရှားလာပါလိမ့်မည်။

         ကျွန်ုပ်တို့သည် ယခုတွင် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် လုပ်ဆောင် သည့် နည်းလမ်းများကို နားမလည်နိုင်ကြသော်လည်း လူသားများနှင့် ဆက်ဆံရာ တွင် အလေးပေးဖော်ပြထားသည့် ကိုယ်တော်ရှင်၏ မဟာမေတ္တာတော်ကိုမူ ခွဲခြား သိမြင်နိုင်ကြပါသည်။ ခရစ်တော်နှင့်နီးကပ်စွာ အသက်ရှင်သောသူသည် ဘုရားဝတ် မွေ့လျော်ခြင်း၏ နက်နဲမှုကို များစွာနားလည်သဘောပေါက် လာပါလိမ့်မည်။ ဆုံးမပဲ့ပြင်ခြင်းကို ပြုတော်မူသည့် ကရုဏာတော်ကိုလည်းကောင်း၊ စာရိတ္တကို စမ်း သပ်စစ်ဆေး၍ စိတ်နှလုံးအကြံအစည်ကို အလင်းတော်သို့ ဆောင်ယူပေးသည့် ထို ကရုဏာတော်ကိုလည်းကောင်း သူတို့သိရှိကြပါလိမ့်မည်။

         သခင်ယေရှုသည် များစွာသော တပည့်တော်များအား နောက်ကြောင်းသို့ ပြန်သွားစေသည့် စမ်းသပ်မှုဆိုင်ရာ သမ္မာတရားများကို တင်ဆက်သောအခါ မိမိ စကားများ၏ အကျိုးသက်ရောက်မှုများကို သိရှိတော်မူခဲ့ပါသည်။ သို့သော် ဖြည့် ဆည်းရန် ကရုဏာအကြံတစ်ခု ကိုယ်တော်၌ ရှိတော်မူခဲ့ပါသည်။ စုံစမ်းနှောင့် ယှက်ခြင်းဆိုင်ရာကာလ အချိန်တွင် မိမိ၏ ချစ်လှစွာသော တပည့်တော်တိုင်းသည် ပြင်းထန်ကြမ်းတမ်း သောစုံစမ်းစစ်ဆေးမှုများကို ခံရမည်ဖြစ်ကြောင်းကို ကိုယ်တော် ကြိုတင်၍ သိရှိတော်မူခဲ့ပါသည်။ ဂေသရှေမန်ဥယျာဉ်တွင် မိမိခံစားရမည့်ဒုက္ခ ဝေဒ နာများသည်လည်းကောင်း၊ မိမိအားအပ်နှံ၍ ကပ်တိုင်တင်ခြင်းသည် လည်းကောင်း ၎င်းတို့အတွက် အလွန်မတန်ပြင်းထန်သည့် မချိတင်ကဲဖြစ်ရပ် များဖြစ်ကြပါလိမ့် မည်။ မည်သည့်စစ်ဆေးစုံစမ်းမှုကိုမျှ မပြုလုပ်ခဲ့ပါလျှင် အတ္တသဘော၏ နှိုးဆွမှု ကြောင့် များစွာသောလူများသည် ထိုတပည့်တော် များနှင့်ပေါင်းစည်း လာပေလိမ့် မည်။ သူတို့၏ သခင်ဘုရားသည် လွှတ်တရားရုံးတွင် ပြစ်ဒဏ်စီရင်ခြင်းကို ခံရသော အခါတွင်လည်းကောင်း၊ ကိုယ်တော်အား ဘုရင်တစ်ပါးအနေဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ သောလူထုကြီးသည် ပါးစပ်မှဖွင့်ဟ၍ ကဲ့ရဲ့ပြစ်တင်လာကြသော အခါတွင်လည်း ကောင်း၊ ပြောင်လှောင်နေသော လူအုပ်ကြီးသည် ကိုယ်တော်အား ကပ်တိုင်တင်ပါ ဟု အော်ဟစ်နေကြသော အခါတွင်လည်းကောင်း၊ ၎င်းတို့၏ လောကီရည်မှန်း ချက်များ အလိုမပြည့်ဖြစ်လာသော အချိန်တွင်လည်းကောင်း၊ တစ်ကိုယ်ကောင်း ဆန်သည့် ထိုသူများသည် ခရစ်တော်အား သစ္စာဖောက်လျက် မြတ်နိုးတွယ်တာ သည့် မျှော်လင့်ချက်များ ပျက်ပြားသွားရသဖြင့် ပူဆွေးစိတ်ပျက်နေသော တမန် တော်များအား ခါးသီးသော စိတ်နှလုံးနာကြည်းဖွယ် ဝမ်းနည်းခြင်းတစ်ခုကို ထပ်ဆင့် ဖြစ်စေခဲ့လိမ့်မည် ဖြစ်ပါသည်။ ပူဆွေးဒုက္ခရောက်နေသော ထိုအချိန်တွင် ကိုယ် တော့်ထံမှလှည့်၍ ထွက်ခွာသွားကြသည့် ထိုသူများ၏ ပုံသက်သေကြောင့် အခြားသူ များသည်လည်း ကိုယ်တော်အား စွန့်ခွာသွားခဲ့ကြလိမ့်မည် ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်သည် မိမိကိုယ်တိုင်စစ်မှန်သော တပည့်တော်များ၏ ယုံကြည်ခြင်းကို အားပေးနိုင်ဆဲအချိန်တွင် ဤအကျပ်အတည်း ကာလတစ်ခုကို ဖြစ်စေခဲ့ပါသည်။ မိမိအား စောင့်ကြိုနေသည့် ကံကြမ္မာကို ကောင်းမွန်စွာ သိတော်မူသည့် ကရုဏာ တော်အရှင်ယေရှုသခင်သည် တမန်တော်များ လျှောက်လှမ်းရမည့် လမ်းကို ချော မွေ့စေလျက် အထွတ်အထိပ် စုံစမ်းစစ်ဆေးခြင်းအတွက် ပြင်ဆင်ပေးကာ နောက် ဆုံးသော စုံစမ်းခြင်းကာလအတွက် ၎င်းတို့အား ခွန်အားပေးတော်မူခဲ့ပါသည်။

 


No comments:

Post a Comment