သခင်ယေရှုထမြောက်တော်မူခြင်း
မဿဲ ၂၈း၂-၄၊ ၁၁-၁၅ တို့ကိုအခြေပြုထားပါသည်။
ခုနစ်ရက်တွင် ပထမနေ့၏ညသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပေပြီ။ မိုး လင်းအံ့ဆဲဆဲတွင်ဖြစ်ပေါ်လေ့ရှိသော အမှောင်ဆုံးအချိန်ကို ရောက်ရှိလာခဲ့ပေပြီ။ ခရစ်တော်သည် ကျဉ်းမြောင်းသောသင်္ချိုင်းဂူထဲတွင် အကျဉ်းသားတစ်ဦးအဖြစ်ဖြင့် ဆက်လက်ရှိနေဆဲပင်ဖြစ်ပါသည်။ အဝတွင်ပိတ်ထားသည့် ကျောက်တုံးကြီးသည် သူ့နေရာမှာပင် ဆက်လက်ရှိနေပါသည်။ ခတ်ထားသည့် ရောမတံဆိပ်သည်လည်း မကျိုးမပျက်ပင်ရှိနေပါသည်။ ရောမစစ်သူရဲများသည် ကောင်းမွန်စွာစောင့်ရှောက် ခဲ့ကြပါသည်။ ၎င်းပြင်၊ ထိုနေရာတွင် မျက်စိနှင့်မမြင်နိုင်သည့်အစောင့်များလည်းရှိ နေခဲ့ကြပါသည်။ ထိုနေရာပတ်ဝန်းကျင်တွင် နတ်ဆိုးထုကြီးသည် စုဝေးနေကြပါ သည်။ တတ်နိုင်မည်ဆိုလျှင် စာတန်နှင့်သူ၏ အပေါင်းပါနတ်ဆိုးများသည် သား တော်ဘုရားရှိသည့်သင်္ချိုင်းဂူမှ တံဆိပ်ကိုအမြဲတမ်းထိန်းထားလိုကြပါသည်။ သို့ ရာတွင် ကောင်းကင်တမန်များသည်လည်း ထိုသင်္ချိုင်းကိုဝိုင်းထားကြပါသည်။ ပို၍ ခွန်အားကောင်း သောကောင်းကင်တမန်များသည် ခရစ်တော်ကိုကြိုဆိုရန် စောင့် ဆိုင်းရင်း သင်္ချိုင်းဂူကိုကာကွယ်စောင့်ရှောက် ထားကြပါသည်။
“မြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာ၀ရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၏။” ဘုရားသခင်ပေးတော်မူ သည့်ဝတ်ရုံတော်ကို ဝတ်ဆင်ထားသည့် ထိုကောင်းကင်တမန်သည် ကောင်းကင် ရွှေနန်းမှထွက်ခွာလာခဲ့ပါသည်။ ဘုရားသခင်၏ ဘုန်းရောင်ခြည်များသည် ၎င်း၏ ရှေ့တွင်ထင်ရှား၍ သူ၏လမ်းခရီးကိုလင်းစေခဲ့၏။ “သူ၏ မျက်နှာသည် လျှပ်စစ် ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ဖြူ၏။ လူစောင့်တို့သည် ကောင်းကင် တမန်ကိုကြောက်ရွံ့သဖြင့် တုန်လှုပ်၍သေ မတတ်ဖြစ်ကြ၏။”
ယဇ်ပုရောဟိတ်နှင့်ယုဒလူအကြီးအကဲတို့၊ သင်တို့၏အစောင့်တပ်သားများ ၏တန်ခိုးသည် ယခုအဘယ်မှာရှိသနည်း။ လူသားအချင်းချင်း မည်သည့်အခါမျှ မ ကြောက်ရွံ့ခဲ့ဖူးသော ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ဤစစ်သည်တော်ကြီးများသည် ယ ခုတွင် ဓားလှံမကိုင်ဆောင်ထားသည့် သုံ့ပန်းများနှယ်ဖြစ် နေပါတော့သည်။ ၎င်းတို့ တွေ့မြင်နေရသောထိုမျက်နှာသည် လူသားရိုးရိုး တစ်ဦး၏မျက်နှာမဟုတ်ချေ။ ထို မျက်နှာသည် သခင်ဘုရား၏ ကောင်းကင်ဗိုလ်ခြေများထဲမှ ခွန်အားအကောင်းဆုံး သော ကောင်းကင်တမန်၏မျက်နှာသာဖြစ်ပါသည်။ ဤစေတမန်သည် စာတန်ကျ ဆုံးပြီးနောက် စာတန်၏နေရာတွင် တာဝန်ထမ်းဆောင်ရမည့် ကောင်းကင်တမန် ဖြစ်ပါသည်။ ဗက်လင်တောင်ကုန်းများပေါ်တွင် ခရစ်တော်၏ဖွားမြင်တော်မူခြင်းကို ကြွေးကြော်ခဲ့သည့်ပုဂ္ဂိုလ်မှာ သူပင်ဖြစ်ပါသည်။ သူ၏ချဉ်းကပ်လာမှုကြောင့် ကမ္ဘာ မြေ ကြီးသည်တုန်လှုပ်သွားခဲ့ပြီး နတ်ဆိုးများလည်း ထွက်ပြေးကုန်ကြပါသည်။ ကျောက်တုံးကြီးကို သူတွန်းဖယ်နေစဉ်တွင် ကောင်းကင်သည် မြေကြီးပေါ်သို့ သက် ဆင်းလာသည့်နှယ်ဖြစ်ခဲ့ပါသည်။ သူသည် ထိုကျောက်တုံးကြီးကို ကျောက်စရစ်ခဲ ကလေးတစ်လုံးနှယ် ဖယ်ရှားပစ်လိုက်သည်ကို သူတို့မြင်ကြရပြီး၊ သားတော်ဘုရား ထွက်တော်မူပါ။ အဖဘုရားသခင်သည် သင့်ကိုခေါ်ပြီဟူသော သူပြောဆိုလိုက်သည် ကိုလည်း သူတို့ကြားကြရပါသည်။ ခရစ်တော်သည် သင်္ချိုင်းထဲမှထမြောက်လာကာ “ငါသည်ထမြောက်ခြင်းအကြောင်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟူ၍ ကွဲသွား သည့် သင်္ချိုင်းဂူကိုကြည့်ကာ မိန့်မြွက်နေသည်ကိုလည်း သူတို့ကြားကြရ၏။ ကိုယ် တော်သည် ဘုန်းသမ္ဘာနှင့် ပြည့်စုံစွာဖြင့် သင်္ချိုင်းတွင်းမှထမြောက်လာသော အချိန် တွင် ထိုကောင်းကင်တမန်သည် ကယ်တင်ရှင်၏ရှေ့မှောက်တွင် ပျပ်ဝပ်၍ဂုဏ် တော်ကိုချီးမွမ်းသီဆိုကာ ကိုယ်တော်အားကြိုဆိုနေပါသည်။
မြေငလျင်တစ်ခုသည် ခရစ်တော်အသက်ချုပ်တော်မူခဲ့သောအချိန် နာရီကို အမှတ်အသားပြုခဲ့ပြီး အခြားမြေငလျင်တစ်ခုက အောင်မြင်စွာ ကိုယ်တော်ရှင်ထ မြောက်တော်မူခဲ့သည့်အချိန်ကို အမှတ်ပြုခဲ့ပါသည်။ သေခြင်းနှင့်သချုØင်းကို နှိမ်နင်း အောင်မြင်တော်မူခဲ့သောကိုယ်တော်သည် မြေငလျင်လှုပ်ခြင်း၊ လျှပ်စီးပြက်ခြင်းနှင့် မိုးချုန်းသံများကြားမှ အောင်နိုင်သူတစ်ပါးကဲ့သို့ သင်္ချိုင်းဂူထဲမှထမြောက်ကာ ထွက် လာတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ဤလောကသို့တစ်ဖန်ကြွလာတော်မူ သောအခါ “မြေကြီးနှင့်ကောင်းကင်ကို လှုပ်ဦးမည်” “ပြည်တော်သည် ယစ်မူး သောသူကဲ့သို့တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့လှုပ်ရှား၏။” “မိုးကောင်းကင် သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည်
ပူအားကြီး၍ပျက်ကြလိမ့်မည်။” သို့ရာတွင် “ထာ၀ရဘုရားသည် မိမိလူတို့၏ခိုလှုံရာ ဣသရေလ အမျိုးသားတို့၏အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်။” ဟေဗြဲ ၁၂း၂၆။ ဟေရှာယ ၂၄း၂၀။ ၃၄း၄။ ၂ပေ ၃း၁၀။ ယောလ ၃း၁၆။
ခရစ်တော်သည် အသက်ချုပ်တော်မူသောအချိန်တွင် ဤကမ္ဘာကြီးအား နေ့ လယ်အချိန်၌ပင် အမှောင်ထုနှင့်ပတ်ရစ်ခဲ့သည်ကို ထိုစစ်သူရဲများ မြင်ခဲ့ကြရပြီး၊ ရှင် ပြန်ထမြောက်သောအချိန်တွင် ညအချိန်ကြီး၌ပင် ကောင်းကင်တမန်၏ ဘုန်းရောင် ခြည်များဖြင့် ထွန်းလင်းတောက်ပစေခဲ့သည်ကိုမြင်ခဲ့ရ ပါသည်။ ကိုယ်တော်သည် စာတန်နှင့်တကွ အမှောင်တန်ခိုးများကိုအောင် နိုင်တော်မူပြီ။ ကိုယ်တော်သည် သေ ခြင်းကိုအောင်နိုင်တော်မူပြီဟူသော ကောင်းကင်သားများ၏အောင်ပွဲသံကိုလည်း သူ တို့ကြားခဲ့ကြရပါသည်။
ခရစ်တော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံစွာဖြင့် သင်္ချိုင်းတွင်းမှ ထ မြောက်တော်မူခဲ့သည်ကို ရောမစစ်သူရဲများမြင်တွေ့ခဲ့ကြပါသည်။ မကြာသေးခင်မှ ၎င်းတို့ပြက်ရယ်ပြုကာ လှောင်ပြောင်သရော်ခဲ့ကြသော ကိုယ်တော်၏ မျက်နှာတော် ကို စူးစိုက်၍ကြည့်နေကြပါသည်။ ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ဤသူသည် တရားခွင် တွင်သူတို့မြင်ဖူးခဲ့သောအကျဉ်းသားဖြစ်ကြောင်း၊ မိမိတို့ပြင်ဆင်ပေးခဲ့သော ဆူးရစ် သရဖူတစ်ခုကိုဆောင်းခဲ့ရသောသူသည် ထိုသူပင်ဖြစ်ကြောင်းများကို သူတို့သိရှိခဲ့ ကြပါသည်။ ပိလတ်မင်းနှင့်ဟေရုဒ်မင်း တို့ရှေ့တွင် ဆိုင်ပြိုင်တိုက်လှန်ခြင်းမပြုဘဲ ရက်စက်စွာကြိမ်ဒဏ်ပေးခြင်းခံ ရသဖြင့် စုတ်ပြဲနေသောခန္ဓာကိုယ်ကြီးဖြင့် ရပ်တည် ခဲ့သောသူမှာ ထိုသူပင်ဖြစ်ပါသည်။ ကပ်တိုင်တွင်သံနှင့်အရိုက်ခံခဲ့ရပြီး၊ ယဇ်ပုရော ဟိတ်များနှင့် ယုဒလူအကြီးအကဲများက ကျေနပ်နှစ်သိမ့်စွာဖြင့် ခေါင်းတညိတ်ညိတ် လှုပ်ကာ “ဤသူသည် သူတစ်ပါးတို့ကိုကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင် ပါတကား” ဟုပြောဆိုခဲ့သောသူသည် ထိုသူပင်ဖြစ်ပါသည်။ ယောသပ်၏ အသုံးမပြု ရသေးသည့်သချုØင်းကုန်းတွင် အထပ်ထပ်ချထားသော အစောင့်အကြပ်များသည် လည်း ကိုယ်တော်၏ထမြောက်ခြင်းကို မတားဆီးနိုင်ကြတော့ပြီ။
ဘုန်းတော်နှင့်တောက်ပနေသောကယ်တင်ရှင်နှင့် ကောင်းကင်တမန် များ၏ရှေ့မှောက်ဝယ် ထိုရောမစစ်သားများသည် သူရဲဘောကြောင်နေကြပြီး လူ သေများနှယ်ဖြစ်နေခဲ့ကြပါသည်။ ကောင်းကင်သားများပျောက်ကွယ်သွား သောအခါ သူတို့သည် မတ်တတ်ထရပ်လိုက်ကြပြီး၊ ဥယျာဉ်ဂိတ်တံခါးဆီသို့ အမြန်ဆုံးပြေးသွား ကြပြီး တွေ့သမျှသောသူအား၊ အံ့ဖွယ်သတင်းများကို ပြောပြနေကြပါသည်။ ပိလတ် မင်းထံတော်သို့ သူတို့ဦးတည်သွားခဲ့ကြသော်လည်း သူတို့ပြောသောစကားများကို ယုဒအာဏာပိုင်များကကြားသိထားနှင့် ပြီဖြစ်သဖြင့် ၎င်းတို့အားမိမိတို့ထံသို့အရင် လာရန် အခေါ်လွှတ်ခဲ့ကြပါသည်။ ထိုစစ်သူရဲများက ထူးဆန်းသောလက္ခဏာတစ်ခု ကို ဖော်ပြခဲ့ကြပါသည်။ ကြောက်ရွံ့တုန်လှုပ်၍ ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာ များဖြင့် ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကို သူတို့သက်သေခံခဲ့ကြပါသည်။ ထိုစစ်သူရဲများသည် မိမိတို့တွေ့သမျှမြင်သမျှအားလုံးကို ပြောပြခဲ့ကြပါသည်။ သူ တို့၌ အမှန်တရားမှလွဲ၍ မည်သည့်အရာကိုမျှ ပြောဖို့စဉ်းစားဖို့အချိန်မရပြီ။ ကပ်တိုင် အတင်ခံရသောသူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ ၎င်းအားကောင်း ကင်နိုင်ငံတော်၏ တန်ခိုးတော်အရှင်၊ ဘုန်းတော်အရှင်အဖြစ် ကောင်းကင်တမန် တစ်ပါးကြွေးကြော်ဂုဏ်ပြုနေသည်ကို မိမိတို့ကြားခဲ့ရကြောင်းများကို စိတ်ထိခိုက်စွာ ဖြင့် သူတို့ပြောပြခဲ့ကြ၏။
ယဇ်ပုရောဟိတ်များ၏ မျက်နှာများသည် လူသေများ၏မျက်နှာများကဲ့သို့ ဖြစ်နေကြပါသည်။ ကယာဖသည် စကားပြောဖို့ကြိုးစားခဲ့ပါသည်။ သူ၏နှုတ်ခမ်း အစုံသည်လှုပ်နေသော်လည်း အသံကားမထွက်ခဲ့ချေ။ ထိုစစ်သူရဲများသည် ထိုအ ခန်းထဲမှထွက်ခွာသွားတော့မည်အလုပ်တွင် အသံတစ်ခုက ၎င်းတို့အားဟန့်တား လိုက်ပါသည်။ ကယာဖသည် အဆုံးတွင်စကားပြော နိုင်လာပြီး၊ စောင့်ပါဦး။ သင် တို့မြင်ခဲ့သောဤအရာများကို မည်သူ့ကိုမျှ မပြောနှင့်ဟု တားမြစ်ခဲ့ပါသည်။
ထို့ပြင် ယဇ်ပုရောဟိတ်များက “ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကိုခိုးသွားကြသည်ဟု သင်တို့ပြော ကြလော့” ဟု ထိုစစ်သူရဲများအား မှားယွင်းသောသတင်းတစ်ခုကို ကြွေးကြော်ကြရန် သင်ပေး လိုက်ကြပါသည်။ ယဇ်ပုရောဟိတ်များသည် ကိုယ့်ကိုကိုယ် လှည့်စားနေကြခြင်း သာဖြစ်ပါသည်။ မိမိတို့အိပ်ပျော်နေစဉ်တွင် တပည့်တော်များကလာ၍ အလောင်း တော်ကိုခိုးသွားသည်ဟု ထိုစစ်သူရဲများက အဘယ်သို့ပြောနိုင်ပါမည်နည်း။ အ ကယ်၍ သူတို့အိပ်ပျော်နေခဲ့ကြလျှင် သူတို့သည် အဘယ်သို့သိနိုင်ကြပါမည်နည်း။ ၎င်းပြင်၊ အလောင်းကိုတပည့်တော်များ ခိုးယူသွားကြကြောင်း သက်သေထူခဲ့လျှင် ယဇ်ပုရောဟိတ်များက သူတို့ အားရှေးဦးစွာအပြစ်စီရင်ကြလိမ့်မည်မဟုတ်ပါလား။ အကယ်၍ ထိုကင်းစောင့် များသည် သင်္ချိုင်းဂူတွင်အိပ်ပျော်ခဲ့ကြမည်ဆိုလျှင် ယဇ် ပုရောဟိတ်များက ၎င်းတို့အားပိလတ်မင်းထံတွင် ရှေးဦးစွာစွဲချက်တင်ကြလိမ့်မည် မဟုတ်ပါလား။
မိမိတို့တာဝန်ထမ်းဆောင်စဉ်တွင် အိပ်ပျော်နေသဖြင့် စွဲချက်အတင်ခံရ မည်ကိုလည်း သူတို့စိုးရွံ့နေကြပါသည်။ ဤပြစ်မှုမျိုးသည် သေဒဏ်ပေးနိုင်သည့် ပြစ်မှုမျိုးဖြစ်ပါသည်။ လူများကိုလိမ်ညာရန် မမှန်သောသက်သေကို ခံမည်ဆိုလျှင် သူတို့သည်စိုးရိမ်ဖွယ် အသက်အန္တရာယ်ရှိလာနိုင်ပါသည်။ သူတို့သည် မိမိတို့၏ ကင်းစောင့်တာဝန်ကို မအိပ်ဘဲမစောင့်ခဲ့ကြဖူးလား။ ငွေမျက်နှာကိုကြည့်၍ လိမ်ညာ ပြီးထွက်ဆိုခဲ့ကြမည်ဆိုလျှင် အမှုအစစ်ခံရာတွင် မည်ကဲ့သို့၎င်းတို့အနေဖြင့် အမှု နိုင်နိုင်ပါမည်နည်း။
မိမိတို့မလိုလားသော ထိုသက်သေခံချက်ကို တိတ်သွားစေရန်အလိုငှာ ခရစ်တော်ထမြောက် သွားသည်ဆိုသည့်သတင်းကို ပိလတ်မင်းအနေနှင့်လည်း မိမိတို့ထက်ပို၍ နှစ်မြို့မည်မဟုတ်ကြောင်းပြောလျက် ယဇ်ပုရောဟိတ်များသည် ထိုအစောင့်တပ်သားများ၏အသက်အန္တရာယ်ကိုအာမခံရန် ကတိပြုခဲ့ကြပါသည်။ ထိုရောမစစ်သူရဲများသည် အမှန်တရားကိုပိုက်ဆံနှင့်လဲခဲ့ကြချေပြီ။ ထိုသူများသည် အမှန်တရား၏ထိတ်လန့်စရာ အကောင်းဆုံးသတင်း စကားတစ်ခုကိုကြားပြောရန် ထိုယဇ်ပုရောဟိတ်များထံသို့ ရောက်ရှိလာခဲ့ကြပြီး၊ ပိုက်ဆံကိုအဓိကထားလျက် ယဇ်ပုရောဟိတ်များသင်ပေးလိုက်ကြသည့် မမှန်သောသတင်းများကို လှည့်လည် ပြောကြားရန် ပြန်ထွက်သွားခဲ့ကြပါသည်။
ထိုစဉ်မှာ ခရစ်တော်ထမြောက်သည့်သတင်းစကားသည် ပိလတ်မင်းထံသို့ ရောက်ရှိသွားခဲ့ပါသည်။ ပိလတ်မင်းသည် ခရစ်တော်ကိုသေဒဏ်ပေးရာတွင် တာ ဝန်ရှိသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သော်လည်း ထိုသူများနှင့်နှိုင်းယှဉ်ကြည့်ခဲ့လျှင် စိတ်မပူ သယောင်ဖြစ်ခဲ့ပါသည်။ စိတ်မပါ့တပါနှင့် ကယ်တင်ရှင် အားကွပ်မျက်ခဲ့ရသဖြင့် သနားသောစိတ်ရှိသော်လည်း စစ်မှန်သောနောင်တတရားကို ယခုတိုင်မရရှိသေး ချေ။ သူသည်ကြောက်ရွံ့တုန်လှုပ်စွာဖြင့်မည် သူ့ကိုမျှမတွေ့ရန်ဆုံးဖြတ်ကာ တံခါး ပိတ်နေခဲ့ပါသည်။ သို့ပါသော်လည်း၊ ယဇ်ပုရောဟိတ်များသည် သူ့ထံသို့မရမကအ ရောက်လာခဲ့ကြပြီး၊ မိမိတို့တီထွင်ထားသည့် အစီအစဉ်ကိုပြောပြကာ ထိုကင်းစောင့် များ၏တာဝန်ပျက်ကွက်မှုကို လျစ်လျူရှုပေးရန် တောင်းပန်ခဲ့ကြပါသည်။ ထိုတောင်းဆိုချက်ကိုသဘောမတူမီ သူသည်ထိုအစောင့်တပ်သားများနှင့် သီးသန့်တွေ့ဆုံကာ မေးမြန်းကြည့်ခဲ့ပါသည်။ သူတို့သည် မိမိတို့၏အသက်အန္တရာယ်ကိုစိုးရိမ် ရသဖြင့် တစ်စုံတစ်ခုကိုမျှဖုံးကွယ်ခြင်းမပြုဘဲ ဖြစ်သမျှကိုပြောပြခဲ့ကြပါသည်။ ပိလတ်မင်း သည် ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအားလုံးကို သူတို့ထံမှကြား သိခဲ့ရပါသည်။ သူ သည် ထိုကိစ္စကိုဆက်လက်မဆောင်ရွက်ခဲ့သော်လည်း ထိုအချိန်မှစ၍ စိတ်နှလုံး ငြိမ်သက်မှုမရရှိခဲ့တော့ချေ။
ခရစ်တော်အား သင်္ချိုင်းဂူထဲ၌မြှုပ်နှံထားသောအချိန်တွင် စာတန်သည် အသာရနေခဲ့ပါသည်။ ကယ်တင်ရှင်အနေဖြင့် နောက်တစ်ဖန်ပြန်လည်အသက်မရှင် နိုင်တော့ဟုလည်း မျှော်လင့်ခဲ့ပါသည်။ ခရစ်တော်၏အလောင်းတော်ကို တောင်း ပန်၍ သင်္ချိုင်းဂူကိုသူ၏နတ်ဆိုးများအား စောင့်ကြပ်စေကာ ကိုယ်တော်အားအ ကျဉ်းသားတစ်ဦးအဖြစ် ထိန်းချုပ်ထားရန်ကြိုးစားခဲ့ပါသည်။ ၎င်း၏နတ်ဆိုးများသည် ကောင်းကင်တမန်များ ချဉ်းကပ်လာသောအချိန်တွင် ထွက်ပြေးသွားကြသည်ကိုမြင် သောအခါ သူအလွန်စိတ်ဆိုးခဲ့ပါသည်။ ခရစ်တော်သည် အောင်မြင်မှုသရဖူကို ဆောင်းလျက် ထမြောက်လာသည်ကို တွေ့ရသောအခါတွင် မိမိ၏တိုင်းနိုင်ငံသည် အဆုံးသို့ရောက်တော့မည်ဖြစ်ကြောင်း၊ မိမိသည်နောက်ဆုံးတွင်သေရမည်ဖြစ် ကြောင်း သူသိရှိခဲ့ပါသည်။
ထိုယဇ်ပုရောဟိတ်များသည် ခရစ်တော်ကိုကွပ်မျက်လိုက်ကြခြင်းအားဖြင့် မိမိတို့ကိုယ်ကို စာတန်၏အသုံးခံပစ္စည်းများ ဖြစ်စေခဲ့ကြပါသည်။ ယခုတွင်သူတို့ သည် ၎င်း၏ဩဇာခံလုံးလုံးဖြစ်ခဲ့ရချေပြီ။ လွတ်လမ်းမရှိသော စာတန်၏ထောင် ချောက်တွင် အဖမ်းခံထားကြရပေရာ ခရစ်တော်ကိုသာ ဆက်လက်၍တိုက်လှန်ခဲ့ကြ ပါတော့သည်။ ခရစ်တော်ရှင် ပြန်ထမြောက်ကြောင်းသတင်းကို သူတို့ကြားသိရ သောအခါ လူထုကြီး၏အမျက်ထွက်ခံရမည်ကိုလည်း သူတို့စိုးရိမ်မိခဲ့ကြပါသည်။ သူ တို့၌အသက်အန္တရာယ်ရှိနေကြောင်း ကိုလည်းသိထားခဲ့ကြပါသည်။ ဤပြဿနာမှ ထွက်ပေါက်တစ်ခုသာရှိပါ သည်။ ၎င်းမှာ ခရစ်တော်ထမြောက်သည်ဆိုသည်မှာ မ မှန်ကန်ကြောင်း ငြင်းဆို၍ ကိုယ်တော်အား အယောင်ဆောင်သမားတစ်ဦးအဖြစ် ထင်ရှားအောင် သက်သက်ပြရန်သာဖြစ်ပါသည်။
စစ်သူရဲများကိုလာဘ်ထိုးကာ ပိလတ်မင်းကိုလည်း နှုတ်ပိတ်ထားဖို့တောင်း ပန်လျက် ၎င်းတို့၏မှားယွင်းသောသတင်းကို ရပ်နီးရပ်ဝေးတွင်ပျံ့နှံ့စေခဲ့ပါသည်။ သို့ ရာတွင် ၎င်းတို့၏နှုတ်ပိတ်ခြင်းငှာမစွမ်းနိုင်သည့် သက်သေများလည်းရှိနေပါသေး သည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ထိုစစ်သူရဲများပြုလုပ်ခဲ့ သော သက်သေခံချက်ကို လူအတော်များများက ကြားခဲ့ကြလေပြီ။ ၎င်းပြင် ခရစ် တော်နှင့်အတူထမြောက်ခဲ့ကြသော အချို့လူသေများကလည်း များစွာသောလူများ ထံသွား၍ ကိုယ်တော်ထမြောက်ပြီ ဖြစ်ကြောင်းကို ကြွေးကြော်ခဲ့ကြပေပြီ။ ကိုယ်တော်ရှင်၏ထမြောက်တော်မူခြင်းကို မြင်ခဲ့ကြားခဲ့ရသူများအကြောင်းကို ယဇ်ပုရော ဟိတ်များထံသတင်း ပို့ခဲ့ကြပါသည်။ လမ်းမတွင်လမ်းလျှောက်စဉ်တွင်ဖြစ်စေ၊ မိမိ တို့နေအိမ်ရှိ သီးသန့်အခန်းများတွင်နေထိုင်စဉ်၌ဖြစ်စေ၊ ခရစ်တော်နှင့်ပက်ပင်းတိုး မိမည်ကိုပင် ထိုယဇ်ပုရောဟိတ်များစိုးရွံ့နေကြရပါသည်။ မိမိတို့အတွက် လုံခြုံ သောနေရာဟူ၍မရှိတော့ကြောင်းကို သူတို့သိရှိထားကြပါသည်။ မည်သည့် မင်း တုပ်နှင့်ကန့်လန့်များကမျှ ကိုယ်တော်ရန်မှမကာကွယ်နိုင်ပြီ။ “သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်းတည်ရှိ ပါစေ” ဟူ၍အော်ဟစ်ကြသောအချိန်၌ ထိုတရားခွင်တွင် ဖြစ်ပျက်ခဲ့သောမြင်ကွင်း သည် နေ့ရောညပါ သူတို့ရှေ့တွင်ထင်ရှားနေပါသည်။ (မဿဲ ၂၇း၂၅)။ ထိုမြင်ကွင်း သည် ၎င်းတို့၏စိတ်အာရုံထဲမှ မည်သည့်အခါမျှ ကွယ်ပျောက်သွားခဲ့လိမ့်မည်မ ဟုတ်ချေ။ သူတို့သည် မည်သည့်အခါမျှ အေးချမ်းသာယာစွာဖြင့် အိပ်စက်နိုင်ကြ လိမ့်မည်မဟုတ်ချေ။
သင်၏ခမည်းတော်ဘုရားသည် သင့်အားခေါ်တော်မူပြီဟူသော အားကြီး သည့် ကောင်းကင်တမန်တစ်ပါး၏ အသံသည် ခရစ်တော်၏သင်္ချိုင်း ၌ပေါ်ထွက် လာသောအချိန်တွင် ကယ်တင်ရှင်သည် အသက်ရှင်လျက်နှင့် သင်္ချိုင်းတွင်းမှထွက် လာတော်မူခဲ့ပါသည်။ ထိုအချိန်တွင် “ငါသည်ကိုယ် အသက်ကိုစွန့်၍ နောက်တစ် ဖန်ယူဦးမည်။ ---- ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အ သက်ကိုယူပြန်၍ ရသောအခွင့်သည် ငါ၌ရှိ၏” ဟူ၍ ကိုယ်တော်မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်သည် မှန်ကန်ကြောင်းထင်ရှားခဲ့၏။ ထိုအချိန်တွင် “ဤဗိမာန် တော်ကိုဖြိုဖျက်ကြလော့၊ သုံးရက်အတွင်းတွင်ငါတည်ဆောက်မည်” ဟု ယဇ်ပုရောဟိတ်များအား ကိုယ်တော်မိန့်မြွက်ခဲ့သောအနာဂတ္တိစကားသည် ပြည့်စုံခြင်းသို့ ရောက်ခဲ့၏။
ခရစ်တော်သည် ကွဲသွားခဲ့သောယောသပ်၏ သချုင်းဂူအပေါ်တွင် “ငါ သည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း” ဖြစ်၏ဟုအောင် မြင်သောအသံနှင့် ကြွေးကြော်တော်မူခဲ့ပါသည်။ ဤစကားများကို ဘုရားသခင် တစ်ဆူတည်းကသာ ပြောဆိုခွင့်ရှိသောစကားများဖြစ်ပါသည်။ ဖန်ဆင်းခြင်းခံရသော ဝေနေယျသတ္တဝါအပေါင်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့်တန်ခိုးတော် ကြောင့်သာ အသက်ရှင်နေကြပါသည်။ ထိုသူတို့သည် ဘုရားသခင်ထံမှအသက်ကို လက်ခံရယူထားကြသည့် အင်အားချည့်နဲ့သော သူများသာဖြစ်ကြပါသည်။ အကြီး မြတ်ဆုံးသောကောင်းကင်တမန်မှသည် အနိမ့်ကျဆုံးသောသတ္တဝါကလေးတိုင်း အားလုံးသောဝေနေယျသတ္တဝါများသည် ဘုရားသခင်ထံမှ အသက်ကိုရယူထားကြ သူများသာဖြစ်ကြပါသည်။ ထာ၀ရဘုရားနှင့် တစ်လုံးတစ်၀တည်းရှိသော ကိုယ် တော်တစ်ဦးတည်းကသာ “ငါ၌၊ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တစ် ဖန်ကိုယ်အသက်ကို ပြန်ယူရသောအခွင့်ရှိသည်” ဟုပြောဆိုပိုင်ခွင့်ရှိပါသည်။ ခရစ် တော်သည် မိမိ၏ဘုရားဇာတိတော်အားဖြင့် သေခြင်း၏အနှောင်အဖွဲ့ကို ချိုး ဖောက်နိုင်သည့်တန်ခိုးဣဒ္ဓိပါဒ်ကို ပိုင်ဆိုင်တော်မူခဲ့ပါသည်။
ခရစ်တော်သည် အိပ်ပျော်လျက်ရှိနေကြသောသူများ၏အဦးသီးအဖြစ် သေခြင်းမှထမြောက်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် နိမ့်တုံမြင့်တုံလှုပ်ရှား နေသောကောက်လှိုင်းကို ပုံဆောင်ခြင်းခံရသူတစ်ပါးဖြစ်ခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော်သည် ထိုကောက်လှိုင်းကို ဘုရားသခင်ထံတော်တွင်ဆက်ကပ်သော အချိန်တွင် ရှင်ပြန်ထမြောက်တော်မူခဲ့ပါသည်။ ပုံဆောင်ကျင်းပသော ဤအခမ်း အနားကို နှစ်ပေါင်းတစ်ထောင်ကျော်ပြုလုပ်ကျင်းပခဲ့ပါသည်။ ကောက်လှိုင်းများကို ရိတ်သိမ်းရာသီတွင် စပါးပင်မှအဦးသီးများကိုစုသိမ်းကာ ပသခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ရောက်ရှိလာသောအခါ ထိုအဦးသီးကောက်လှိုင်းကို ကျေးဇူးတော်ခံရာပူ ဇော်သကာအဖြစ် ဘုရားသခင်ထံဆက်ကပ်ကြရပါသည်။ ဤကောက်လှိုင်းကို ဘုရားသခင်ထံဆက်ကပ်မပြီးမချင်း၊ ကောက်လှိုင်းများကိုရိတ်သိမ်းခြင်း၊ ချည် နှောင်ခြင်းမပြုလုပ်ရချေ။ ဘုရားသခင်ထံ ဆက်ကပ်သည့်ထိုကောက်လှိုင်းသည် ရိတ်သိမ်းပွဲကိုပုံဆောင်ပါသည်။ ထိုနည်းအတူ အဦးသီးဖြစ်တော်မူသောခ ရစ်တော် သည် ဘုရားသခင်၏နိုင်ငံ တော်တွင်စုရုံးကြမည့် မဟာဝိညာဉ်ရေးရိတ်သိမ်းပွဲကြီးကို ပုံဆောင်ထားပါသည်။ ကိုယ်တော်ရှင်၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြောင့်မတ် လျက်အိပ်ပျော်နေသော လူသေအားလုံး၏ ထမြောက်ခြင်းအတွက် ပုံဆောင်မှုတစ် ရပ်နှင့် အာမခံချက်တစ်ရပ်ဖြစ်ပါသည်။ “ယေရှုသည် သေပြီးမှတစ်ဖန်ထမြောက် တော်မူသည်ကို ငါတို့သည်ယုံလျှင် ထိုနည်းတူယေရှု၌အိပ်ပျော်သောသူတို့ကို လည်း ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်” ၁သက်၊ ၄း၁၄။
ခရစ်တော်သည် မိမိနှင့်အတူများစွာသော လူသေများအား ထမြောက်စေ တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် အသက်ချုပ်တော်မူစဉ်က လှုပ်လိုက်သော မြေ ငလျင်သည် ထိုသူများ၏သင်္ချိုင်းကို ကွဲအက်ပွင့်လစ်စေခဲ့ပြီး၊ ကိုယ်တော်ရှင်ပြန် ထမြောက်သောအချိန်၌ ထိုသူများလည်းထမြောက်လာခဲ့ကြပါသည်။ ထိုသူများ သည် ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသော လုပ်ဖော်ဆောင်ဖက်များ၊ သမ္မာတရားကို သက်သေခံရန် မိမိတို့၏အသက်ကို စွန့်ပြီးအမှုတော်ဆောင်ခဲ့သူ များဖြစ်ကြပါသည်။ ယခုတွင် သေခြင်းမှထမြောက်သွားသည့် ကိုယ်တော်ရှင်အ တွက် သက်သေခံကြရန်ဖြစ်ပါသည်။
ခရစ်တော်သည် ဤလောကတွင်အမှုတော်ထမ်းဆောင်စဉ် လူသေကို ရှင်ပြန်ထမြောက်စေခဲ့ပါသည်။ ကိုယ်တော်သည် နာဣနမြို့မှမုဆိုးမကြီး၏ သားကလေးကိုလည်းကောင်း၊ တရားဇရပ်မှူး၏သမီးအားလည်းကောင်း၊ လာဇရုအား လည်းကောင်း ရှင်ပြန်ထမြောက်စေခဲ့ပါသည်။ သို့ရာတွင် ထိုသူများကိုမသေနိုင် တော့သည့်အခြေအနေမျိုးဖြင့် ထမြောက်စေခဲ့ခြင်းမဟုတ်ပါ။ ရှင်ပြန်ထမြောက်ပြီး သည့်နောက်မှာပင်၊ သေတတ်သောသတ္တဝါများဖြစ်ကြ ဆဲဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခဲ့ကြသူများမှာ ထာ၀ရအသက်ကို ဝင်စားရန် ထမြောက်ခဲ့ကြခြင်းဖြစ်ပါသည်။ သေခြင်း အပေါ်တွင် ကိုယ်တော်၏ အောင်နိုင်မှုအ တွက် ဆုမင်္ဂလာများကဲ့သို့ ၎င်းတို့ သည်ကိုယ်တော်နှင့်အတူ ကောင်းကင်နိုင်ငံ တော်သို့တက်ကြွသွားကြပါသည်။ “ဤသူများသည် စာတန်၏သုံ့ပန်းများမဟုတ်ကြ တော့ပြီ။ သူတို့ကိုငါကယ်တင်ခဲ့ပြီ။ သူတို့သည် ငါရှိသောနေရာတွင် ငါနှင့်အတူရှိ စေခြင်းငှာ အဦးသီးများအဖြစ် သူတို့အားသချုင်းထဲမှငါခေါ်ထုတ်ခဲ့ပြီ။ သူတို့သည် ဝမ်းနည်းပူဆွေးစရာများကိုလည်းကောင်း၊ သေခြင်းကိုလည်းကောင်း မည်သည့် အခါမျှ၊ မရင်ဆိုင်ရတော့ပြီ” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။
ထိုသူများသည် မြို့ထဲသို့ထွက်ခွာသွားခဲ့ကြပြီး လူအများထံသွားရောက်ကာ “ခရစ်တော်သည် ထမြောက်တော်မူပြီ။ ငါတို့သည် ကိုယ်တော် နှင့်အတူထမြောက် ခြင်းကိုခံခဲ့ရပြီဟု ကြွေးကြော်ကြ၏။ ဤသို့နှယ်ထမြောက်ခြင်းနှင့်ပတ်သက်သည့် မွန်မြတ်သောသမ္မာတရားကို မမေ့နိုင်အောင်ဖြစ်စေ ခဲ့ပါသည်။ ရှင်ပြန်ထမြောက် ခဲ့ကြသော သန့်ရှင်းသူများက “ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့် မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်” ဟူ၍ နှုတ်က ပတ်တော်၏သမ္မာတရားများကို သက်သေခံကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့ နိုး၍သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကို ပေါက်စေသောနှင်း ကဲ့သို့ဖြစ်၍ မြေသည်လည်းမိမိသချုင်းသားတို့ကို ထုတ်ဖော်ရပါ လိမ့်မည်” ဟူသော အနာဂတ္တိစကား၏ ပြည့်စုံခြင်းအတွက် ၎င်းတို့၏ရှင်ပြန်ထ မြောက် ခြင်းသည် သာဓကတစ်ခုဖြစ်ခဲ့ပါသည်။ ဟေရှာယ ၂၆း၁၉။
ခရစ်တော်သည် ယုံကြည်သူများအတွက် ထမြောက်ခြင်းအကြောင်း၊ အ သက်ရှင်ခြင်းအကြောင်းဖြစ်တော်မူ၏။ အပြစ်ကြောင့်ဆုံးရှုံးသွားခဲ့သော အသက်ကို ခရစ်တော်၌ပြန်လည်ရရှိပါသည်။ အကြောင်းမူကား၊ အလိုတော် ရှိသည့်သူကိုထ မြောက်စေရန် ကိုယ်တော်တိုင်၌အသက်ရှိတော်မူ၏။ ကိုယ်တော်သည် ထာ၀ရ အသက်ပေးပိုင်သည့် အခွင့်လည်းရှိတော်မူ၏။ လူသားဇာတိတွင် မိမိစွန့်တော်မူခဲ့ သော အသက်ကိုတစ်ဖန်ယူပြန်၍ လူသားဇာတိတွင် ရှင်စေတော်မူ၏။ “သိုးတို့ သည် အသက်လွတ်ရုံမျှမက အထူးသဖြင့်အသက် နှင့်ပြည့်စုံစေခြင်းငှာလာသ တည်း။” “ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မ ပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ ၌ထာ၀ရအသက်ရှင်ခြင်း အ လိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။” “ငါ၏ အသားကိုစား၍ ငါ၏အသွေးကို သောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါ ထမြောက်စေမည်” ယောဟန် ၁ဝး၁၀။ ၄း၁၄။ ၆း၅၄။
ယုံကြည်သူများအတွက်သေခြင်းတရားသည် အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်ပါသည်။ ဤအရာကို ကျွန်ုပ်တို့နှင့်တဒင်္ဂသာ စပ်ဆိုင်မည့်အရာတစ်ခုကဲ့သို့ လည်း၊ သေခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ခရစ်တော်မိန့်တော်မူထား ပါသည်။ “ငါ အမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်သောသူသည် သေခြင်းနှင့်အစဉ် မပြတ်ကင်းလွတ်လိမ့်မည်။” သေခြင်းကိုဘယ်တော့မှ မြည်းစမ်းရတော့မည်မ ဟုတ်။ ခရစ်ယာန်များအတွက်သေခြင်းသည် အိပ်ပျော်ခြင်းတစ်ခုသာ ဖြစ်ပါသည်။ ခေတ္တခဏဆိတ်ငြိမ်ခြင်း၊ ခေတ္တခဏအမှောင်ကျ ခြင်းသာဖြစ်ပါသည်။ ထိုအသက် သည် ဘုရားသခင်၏ထံတော်၌ ခရစ်တော်နှင့် အတူဝှက်ထားလျက်ရှိ၏။ “ငါတို့ အသက်တည်းဟူသောခရစ်တော်သည် ထင်ရှားတော်မူသောအခါ ငါတို့သည်လည်း ထိုသခင်နှင့်အတူဘုန်းကြီး၍ ထင်ရှားကြလတ္တံ့” ယောဟန် ၈း၅၁၊၅၂။ ကောလော သဲ ၃း၄။
အမှုပြီးပြီဟူ၍ ကပ်တိုင်ထက်မှ ဟစ်ကြွေးခဲ့သောအသံတော်ကို လူသေများ ကြားခဲ့ကြပါသည်။ ထိုအသံတော်သည် သင်္ချိုင်းဂူများကိုကွဲစေ၍ အိပ်ပျော်နေသူ များအားထလာရန်ဆင့်ဆိုတော်မူ၏။ ကောင်းကင်ယံမှထွက်ပေါ်လာမည့် ခရစ်တော် ၏အသံတော်ကိုကြားသော အချိန်တွင်လည်း ထိုနည်းအတူ ဖြစ်ပျက်ပါလိမ့်မည်။ ထို အသံတော်သည် သင်္ချိုင်းဂူများအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားပြီး၊ ခရစ်တော် ၌ သေလွန်သောသူများအား ထမြောက်စေပါလိမ့်မည်။ ခရစ်တော်ရှင်ပြန်ထမြောက် စဉ်အချိန်က သချုင်းဂူအနည်းငယ်သည် ပွင့်လစ်ခဲ့သော်လည်း ကိုယ်တော်ရှင်ဒုတိ ယအကြိမ်ကြွလာသောအခါ ခရစ်တော် ၌သေလွန်သူအားလုံးသည် ကိုယ်တော်၏ အသံတော်ကိုကြားကာ ဘုန်းတော်နှင့်ပြည့်စုံသော မသေနိုင်တော့သည့်အသက်ဖြင့် ထမြောက်လာကြပါလိမ့်မည်။ ခရစ်တော်အား ရှင်ပြန်ထမြောက်စေခဲ့သည့် ထိုတန် ခိုးတော်သည် ကိုယ်တော်၏အသင်းတော်အား အာဏာစက်များ၊ အာဏာတန်ခိုးများ အားလုံးတို့၏အထက်အမည်နာမမှည့်ခေါ်ထားသည့် အရာအားလုံးတို့၏ အထက်၌ ထူမမြှင့်တင်တော်မူကာ၊ ဤပစ္စုပ္ပန်ကမ္ဘာတွင်သာမက နောင်လာမည့်ကမ္ဘာသစ် တွင်လည်း ကိုယ်တော်နှင့်အတူ အသရေတင့်တယ်စေတော်မူ ပါလိမ့်မည်။
No comments:
Post a Comment