ဗတ္တိဇံဆရာယောဟန်၏အကျဉ်းချခံရခြင်းနှင့်အသေသတ်ခံရခြင်း
ရှင်မဿဲ
၁၁း၁-၁၁။ ၁၄း၁-၁၁။ ရှင်မာကု ၆း၁၇-၂၈။ ရှင်လုကာ ၇း၁၉-၂၈ တို့ကိုအခြေခံထားပါသည်
နှစ်ခြင်းဆရာယောဟန်သည်
ခရစ်တော်၏နိုင်ငံတော်အကြောင်းကို ကြွေးကြော်ရာတွင် ပထမဦးဆုံး သော
ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ ခရစ်တော်အတွက်
ပထမဦးဆုံးသောဒုက္ခဆင်းရဲခြင်းခံခဲ့ရသူလည်းဖြစ်ပါသည်။ သူ၏
သွန်သင်ချက်များကိုစွဲလမ်းသည့် များစွာသောလူထုကြီးအလယ်တွင်လည်းကောင်း၊ တော၏လွတ်လပ်လဟာ
တွင်လည်းကောင်း အမှုတော်ဆောင်ခဲ့သော၎င်းသည် ယခုတွင် မြေတိုက်ခန်းထဲတွင်
ပိတ်လှောင်ထားခြင်းကို ခံနေရပြီး ဟေရုဒ်အန္တိပ၏ အကျဉ်းသားတစ်ယောက်ဖြစ်နေခဲ့ပါသည်။
ဆရာယောဟန်အမှုတော်ဆောင်ခဲ့သော ယော်ဒန်မြစ်၏ အရှေ့ဘက်ခြမ်းသည် အန္တိပ
အုပ်ချုပ်ရသောနယ်မြေဖြစ်ပါသည်။ ဟေရုဒ်ကိုယ်တိုင်လည်း ဆရာယောဟန်၏တရားဟောချက်များကို
ကြားနာခဲ့ဖူးပါသည်။ အပျော်ကြူးသောထိုဟေရုဒ်သည် နောင်တရဖို့ ခေါ်သံကိုကြားရသောအခါ
ကြောက်ရွံ့တုန်လှုပ်ခဲ့ပါသည်။ “ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ် ကြောင်းကို
ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။-----အမှုအရာများတို့၌ သူ၏စကားနားထောင်၍
ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်---။” ဟေရုဒ်သည် ညီဖြစ်သူ၏ဇနီးဖြစ်သူ
ဟေရောဒိနှင့် လက်ထပ်ပေါင်းသင်းမှုအတွက် ဆရာယောဟန်သည်
၎င်းအားလူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့ကာ မှန်ကန်သော အနေအထားဖြင့် ဆက်ဆံခဲ့ပါသည်။
၎င်းအားရစ်ပတ်နေသောဟေရောဒိ၏အနှောင်အဖွဲ့များကို ဖြတ်တောက်ရန်
ချည့်နဲ့စွာဖြင့်ကြိုးစားခဲ့ပါသည်။ သို့သော် ဟေရောဒိသည် သူမ၏ကျော့ကွင်းတွင်
၎င်းအားပိုမိုခိုင်မြဲအောင်ချည် နှောင်ခဲ့ပြီး ဆရာယောဟန်အား အကျဉ်းချစေအောင်
ဟေရုဒ်အားသွေးဆောင်နိုင်ခဲ့ခြင်းဖြင့် ကလဲ့စားချေရန်
အခွင့်အလမ်းကိုတွေ့ရှိခဲ့ပါသည်။
ဆရာယောဟန်၏အသက်တာသည်
ထက်မြက်သောအမှုတော်ကိုစွမ်းဆောင်သောအသက်တာဖြစ်ခဲ့ပြီး မှောင်မည်း၍
လှုပ်ရှားခွင့်မရသည့် ထောင်နန်းစံဘဝသည် ၎င်းအားလေးလံစွာဖိစီးခဲ့ပါသည်။
ထူးခြားချက်များ ဖြစ်ပေါ်မလာသည့်အတွက် စိတ်ပျက်အားလျော့မှုများနှင့်
သံသယစိတ်များသည် တစ်နေ့ထက်တစ်နေ့ ၎င်း၏ စိတ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။
၎င်း၏တပည့်များသည် ဆရာယောဟန်အား မစွန့်ပစ်ခဲ့ကြချေ။ သူတို့သည်
ထိုအကျဉ်းထောင်သို့လာရောက်ခွင့်ရခဲ့ကြသောကြောင့်
ယေရှုရှင်၏အမှုတော်နှင့်ပတ်သက်သောသတင်းများနှင့် ကိုယ်တော်ရှင်ထံတွင်
လူများစုရုံးနေကြသည့်သတင်းများကို ဆရာယောဟန်အားကြားပြောပြခဲ့ကြပါသည်။ ယေရှုရှင်သည်
မေရှိယဖြစ်ခဲ့လျှင် အဘယ်ကြောင့်ဆရာယောဟန်၏လွတ်မြောက်ရေးအတွက် မည်သည့်အရာ
တစ်ခုကိုမျှ လုပ်ဆောင်ပေးတော်မမူသနည်း။
မိမိ၏သစ္စာရှိသောရှေ့ပြေးကြီး၏လွတ်လပ်ခွင့်သာမက အသက်ကို ပင်ဆုံးရှုံးစေနိုင်သည့်
အခြေအနေအထိ ကိုယ်တော်သည်မည်သည့်အတွက်ကြောင့် ခွင့်ပြုပေးခဲ့သနည်းဟူသော
မေးခွန်းများကို သူတို့မေးမြန်းလာကြပါသည်။
၎င်းမေးခွန်းများသည် အလဟဿဖြစ်မသွားခဲ့ဘဲ
အကျိုးသက်ရောက်မှုရှိခဲ့ပါသည်။ အခြားနည်းများ ကြောင့်
တစ်ခါမျှမဖြစ်ပေါ်ခဲ့ဖူးသောသံသယစိတ်များသည် ဤမေးခွန်းများကြောင့်
ဆရာယောဟန်၏စိတ်တွင် ဖြစ်ပေါ်စေခဲ့ပါသည်။
ထိုတပည့်များ၏စကားများကိုကြားခဲ့ရခြင်းနှင့် ထိုစကားများသည် စေတမန်ကြီး၏ စိတ်
ဝိညာဉ်ကို မည်ကဲ့သို့ထိခိုက်နာကျင်စေမည်ကို ကြည့်မြင်ခဲ့ရခြင်းတို့အတွက်
စာတန်ဝမ်းမြောက်ခဲ့ပါသည်။ မကြာခဏဆိုသလို လူကောင်းတစ်ယောက်၏မိတ်ဆွေများဟု
မိမိကိုယ်ကိုထင်နေကြသူများနှင့် မိမိမိတ်ဆွေများ အပေါ်မှာ သစ္စာရှိသည်ဟု
မိမိကိုယ်ကိုထင်နေကြသူများသည် ထိုလူအတွက် အန္တရာယ်အကြီးဆုံးရန်သူများ
ဖြစ်နေတတ်ပါသည်။ ၎င်းတို့ပြောဆိုသောစကားများသည် ယုံကြည်ခြင်းကို
တိုးပွားစေမည့်အစား၊ စိတ်အားငယ် ခြင်း၊ စိတ်ပျက်ခြင်းများကို
မကြာခဏဖြစ်စေခဲ့ပါသည်။
နှစ်ခြင်းဆရာယောဟန်သည်
ခရစ်တော်၏တမန်တော်များကဲ့သို့ပင် ခရစ်တော်တည်ထောင်မည့်နိုင်ငံ တော်၏သဘာဝကို
နားမလည်ခဲ့ကြချေ။ သခင်ယေရှုသည် ဒါဝိဒ်၏ပလ္လင်ကိုသိမ်းပိုက်တော်မူမည်ဟု သူမျှော်
လင့်ခဲ့ပါသည်။ သို့စေကာမူ အချိန်တွေကြာညောင်းလာသော်လည်း ခရစ်တော်သည် ဘုရင်ဖြစ်ကြောင်း ကြေညာ တော်မမူခဲ့သည့်အတွက်
ဆရာယောဟန်သည် စိတ်နှလုံးရှုပ်ထွေးပူပန်ခဲ့ရပါသည်။ သခင်ဘုရားအတွက် လမ်းခရီး
တော်ကိုပြင်ဆင်ရန်အလို့ငှါ ဟေရှာယအနာဂတ္တိပြုခဲ့သော
တောင်ကုန်းများကိုဖြိုချခြင်း၊ ကောက်သောလမ်းများ ကိုဖြောင့်စေခြင်းနှင့်
ကြမ်းတမ်းသောနေရာများကိုညီညာစေခြင်းများသည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟု ယုဒ
လူများအား ဆရာယောဟန်ဟောကြားခဲ့ပါသည်။ သူသည် လူသားများ၏မာနထောင်လွှားခြင်းနှင့်
တန်ခိုးအာဏာ ပြမှုများကို ချိုးနှိမ်ရန်ရည်ရွယ်၍ ဟောကြားခဲ့ခြင်းဖြစ်ပါသည်။
လက်တော်တွင်ဆန်ကောပါလျက် မိမိကောက် နယ်တလင်းကိုရှင်းလင်းစေသဖြင့် မိမိဂျုံစပါးကို
ကျီ၌စုသိမ်းသွင်းထား၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့်
မီးရှို့တော်မူလတ္တံ့သော မေရှိယအား သူပြညွှန်ခဲ့ပါသည်။ သူသည် ဧလိယ၏စိတ်ဝိညာဉ်
တန်ခိုးနှင့်ပြည့်စုံလျက် မီးအားဖြင့် ထူးတော်မူခဲ့သောဘုရားတစ်ပါးအဖြစ်
ကိုယ်တော်အားထင်ရှားစေရန်အတွက် ဣသရေလများထံသို့ ရောက်ရှိလာခဲ့ပါသည်။
ဆရာယောဟန်သည်
မြင့်မြတ်သောအထက်တန်းလွှာများနှင့် နိမ့်ကျသောလူတန်းစားနှစ်မျိုး စလုံးတွင်
ရှိနေသော အပြစ်များကို မကြောက်မရွံ့ပြစ်တင်ပြောဆိုသူတစ်ဦးအဖြစ်
အမှုတော်ကာလရပ်တည်ခဲ့ပါသည်။ ကျူးလွန်ခဲ့သောအပြစ်အတွက်ဆုံးမရန် သူသည်
ဟေရုဒ်မင်းကြီးအား ရဲဝံ့စွာရင်ဆိုင်ခဲ့ပါသည်။ မိမိအားပေး အပ်ထားသောတာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်ဖို့ အသက်ကိုပင်ပဓါနမထားခဲ့ချေ။ ယခုတွင်မူ နှိပ်စက်ကလူ
ပြုနေသူများ၏မာနကိုချိုးနှိမ်၍ အော်ဟစ်ငိုကြွေးနေသော မိမိနှင့်တကွ
ဆင်းရဲသားအပေါင်းအား ကယ်လွှတ်မည့် ယုဒအမျိုးမှ ခြင်္သေ့မင်းအား
မိမိ၏အချုပ်ခန်းကလေးထဲမှပင် သူစောင့်စားခဲ့ပါသည်။ သို့သော် ယေရှုရှင်သည်
မိမိ၏ပတ်ပတ်လည်တွင် တပည့်တော်များဝန်းရံနေသည်ကိုလည်းကောင်း၊ လူများအားကုသပေးခြင်း၊
သွန်သင် ခြင်းများနှင့်လည်းကောင်း ကျေနပ်နှစ်သိမ့်နေပုံပေါ်နေပြီး ရောမများသည်
ဣသရေလများပေါ် လေးလံသော ထမ်းပိုးများကိုတင်နေစဉ်တွင် ဟေရုဒ်မင်းကြီးနှင့်
၎င်း၏ဆိုးယုတ်သောအမြှောင်မယားတို့သည် ၎င်းတို့၏ဆန္ဒ
အတိုင်းလုပ်ဆောင်နေကြသဖြင့်အတိဒုက္ခရောက်နေသူများနှင့်
ဆင်းရဲသားများ၏အော်ဟစ်ငိုကြွေးသံများသည် ကောင်းကင်သို့ပျံတက်နေစဉ်တွင်
ကိုယ်တော်ရှင်သည် အခွန်ခံများ၏ စားပွဲတွင် စားသောက်လျက်ရှိခဲ့ပါသည်။
တောတွင်းမှ ထိုပုရောဖက်ကြီးအတွက်
ဤအရာအားလုံးသည်ဉာဏ်မမီနိုင်သော နက်နဲမှုများဖြစ်နေ ပါတော့သည်။
နတ်ဆိုးများ၏တီးတိုးပြောသံများသည် ၎င်း၏စိတ်ကိုနာကျင်ထိခိုက်စေခဲ့ပြီး
ကြောက်လန့်စိုးရွံ့ ဖွယ်အရိပ်အယောင်များသည်
၎င်းစိတ်တွင်တဖြည်းဖြည်းပေါ်ပေါက်လာခဲ့ပါသည်။ အချိန်ကြာမြင့်စွာကတည်းက
စောင့်မျှော်ခဲ့ရသော ကယ်တင်ရှင်သည်
မပေါ်ထွန်းသေးဖူးဆိုသည်မှာဖြစ်နိုင်ပါ့မလား။---မိမိကို ဇွတ်အတင်း ဟောကြားစေခဲ့သည့်
သတင်းစကားသည် မည်သည့်အဓိပ္ပါယ်ရှိဦးမည်နည်းစသည့် မေးခွန်းများသည်
ဆရာယောဟန်၏စိတ်ထဲတွင်ပေါ်လာကာ မိမိအမှုတော်၏ရလဒ်များအတွက် အလွန့်အလွန်စိတ်ပျက်ခဲ့ရပါသည်။
ဘုရားသခင်ထံမှလာသောသတင်းစကားများသည် ယောရှိနှင့်ဇေရတို့၏အချိန်တွင်
ပညတ်တော်ကိုဖတ်ရွတ် လေ့လာသည့်အတွက် ထွက်ပေါ်လာသည့်အကျိုးသက်ရောက်မှုမျိုးကို
သူရရှိလိမ့်မည်ဟု ဆရာယောဟန်မျှော် လင့်ခဲ့ပါသည်။ (၆ရာ ၃၄ နှင့် နေဟမိ ၈-၉)။
ထိုပုဂ္ဂိုလ်များသည် ပညတ်တော်များကိုဖတ်ရှုလေ့လာခြင်းအားဖြင့်
ခိုင်မြဲသောနောင်တတရားများကိုရခဲ့ကြကာ ဘုရားသခင့်အထံတော်သို့ပြန်၍လှည့်ခဲ့ကြပါသည်။
အမှုတော် ဆောင်ခြင်း၏ အောင်မြင်မှုများအတွက် မိမိအသက်တာတစ်ခုလုံးကို
ဆရာယောဟန်ဆက်ကပ်ခဲ့ပါသည်။ ထိုသို့ ဆက်ကပ်ခြင်းသည် အလဟဿဖြစ်သွားခဲ့ပါသလား။
သူ၏တပည့်တော်များသည် သူ့အားချစ်သည့်အတွက်
သခင်ယေရှုနှင့်ပတ်သက်၍ မယုံကြည်သော စိတ်ဓာတ်များကို
မွေးမြူနေကြကြောင်းမြင်တွေ့ရသောအခါ ဆရာယောဟန်စိတ်ဒုက္ခရောက်ခဲ့ရပါသည်။ ၎င်းတို့
အတွက် မိမိဆောင်ရွက်ခဲ့မှုများသည် အလဟဿဖြစ်ခဲ့ပါသလား။ ယခုကဲ့သို့
အမှုတော်ကိုဆက်လက်လုပ် ဆောင်ခွင့်မရရှိခြင်းသည် အမှုတော်အပေါ်
မိမိသစ္စာရှိစွာမလုပ်ဆောင်ခဲ့မိသည့်အတွက်ကြောင့်လော။ ကတိ တော်နှင့်ပတ်သက်သော
ကယ်တင်ရှင်သည် ပေါ်ထွန်းပြီးဖြစ်သည်ဆိုလျှင် ဆရာယောဟန်၏လုပ်ဆောင်မှုသည်
မှန်ကန်မှုရှိကြောင်းတွေ့ရမည်ဖြစ်ပြီး သခင်ယေရှုသည် ယခုတွင် ဖိနှိပ်ချုပ်ချယ်သူများ၏
တန်ခိုးအာဏာများကို သိမ်းပိုက်၍ မိမိ၏ရှေ့ပြေးကြီးအား
အဘယ်ကြောင့်ထောင်ထဲမှလွှတ်မပေးရသနည်း။
သို့သော်ဆရာယောဟန်သည်
ခရစ်တော်အပေါ်ထားရှိသောမိမိ၏ ယုံကြည်ခြင်းကိုမစွန့်လွှတ်ခဲ့ချေ။
ကောင်းကင်မှဖြစ်ပေါ်လာသောအသံနှင့် ဆင်းသက်လာသောချိုးငှက်သည်လည်းကောင်း၊
ခြောက်ပြစ်ကင်း သဲလဲ စင်သော ခရစ်တော်၏အသက်တာသည်လည်းကောင်း၊
ကယ်တင်ရှင်ရှေ့မှောက်တွင်ရောက်ရှိလာစဉ် မိမိအပေါ် သို့ကျရောက်ခဲ့သည့်
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်နှင့် ကျမ်းစာ၏အနာဂတ္တိဆိုင်ရာ သက်သေခံချက်
များ အားလုံးသည်လည်းကောင်း နာဇရက်မြို့သားယေရှုသည်
ကတိထားတော်မူသောမေရှိယဖြစ်ကြောင်း သက်သေခံနေကြပါသည်။
ဆရာယောဟန်သည်
မိမိ၏သံသယများနှင့်စိုးရိမ်ပူပန်မှုများအကြောင်းကို မိမိမိတ်ဆွေများနှင့် မဆွေး
နွေးတော့ဘဲ စုံစမ်းရန်အတွက်စေတမန်ကိုစေလွှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ကယ်တင်ရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း အားဖြင့်
၎င်းတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေပြီး ညီအစ်ကိုများအတွက်လည်း
အာမခံချက်ကိုရယူနိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့်
ယေရှုနှင့်တွေ့ဆုံမေးမြန်းရန် တပည့်တော်နှစ်ယောက်ကိုစေလွှတ်ခဲ့ပါသည်။ ၎င်းပြင်
မိမိနှင့်တိုက်ရိုက်ပတ်သက်သည့် ခရစ်တော်၏မိန့်တော်မူချက်များကိုလည်း
ဆရာယောဟန်မျှော်လင့်တောင့်တ ခဲ့ပါသည်။
ထိုသူတို့သည် အထံတော်သို့ရောက်လျှင်
“ကိုယ်တော်သည် ကြွလာတော်မူသောသူမှန်သလော၊ (သို့မဟုတ်)
အခြားသောသူကိုမျှော်လင့်ရပါမည်လော” ဟုမေးလျှောက်ကြ၏။
နှစ်ခြင်းဆရာယောဟန်သည် ယေရှုကိုပြညွှန်၍
“ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့”---
“ငါ့နောက်မှကြွလာသော်လည်း င့ါထက်သာ၍ကြီးမြတ်၏” ဟုပြောခဲ့ပြီး
အချိန်တိုကလေးအတွင်းမှာပင် “ကိုယ်တော်သည်ကြွလာသောသူမှန်သလော” ဟု ယခုမေးခွန်း
ထုတ်ခဲ့ပြန်သည်။ ဤအရာသည် လူသားများအတွက် ပြင်းပြစွာသောခါးသီးခြင်းနှင့်
စိတ်ပျက်စရာကောင်း သောအရာတစ်ခုဖြစ်ပါသည်။ သစ္စာရှိသောဆရာယောဟန်ကဲ့သို့သော
ရှေ့ပြေးကြီးသည် ခရစ်တော်၏အမှုတော် ကို ကောင်းမွန်စွာနားမလည်ခဲ့လျှင်
တစ်ကိုယ်ကောင်းကြံတတ်သော ယုဒလူထုကြီးထံမှ မည်သည့်အရာကို မျှော် လင့်နိုင်လိမ့်မည်နည်း။
ကယ်တင်ရှင်သည် ထိုတပည့်တော်များ၏အမေးကို
ချက်ချင်းအဖြေပေးတော်မမူခဲ့ချေ။ အဖြေမပေးဘဲ ငြိမ်သက်နေသောကိုယ်တော်ကို
အံ့ဩစွာဖြင့် ၎င်းတို့ရပ်၍ကြည့်နေကြစဉ်တွင် နာမကျန်းသောသူများနှင့် ဒုက္ခ
သည်များသည် ကုသမှုကိုခံယူရန် ကိုယ်တော်၏ရှေ့တော်မှောက်သို့ရောက်လာခဲ့ကြပါသည်။ မျက်မမြင်များ
သည် လူအုပ်ထဲမှဖြတ်၍ ကိုယ်တော်ထံသို့ စိမ်းတဝါးဝါးနှင့်လျှောက်လာနေကြပါသည်။
မိမိဘာသာလမ်း လျှောက်နိုင်သောရောဂါသည်များနှင့် အခြားသူများကသယ်မ၍လာခဲ့ရသော
ရောဂါသည်ပေါင်းစုံတို့သည် ယေရှုရှင်၏ရှေ့မှောက်သို့ရောက်ရန် မရမကတိုးဝှေ့ချဉ်းကပ်နေကြပါသည်။
ကိုယ်တော်ရှင်၏အသံတော်သည် ပင်းနေသောနားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါသည်။
ကိုယ်တော်ရှင်၏နှုတ်တော်ထွက်စကားတစ်လုံး သည်လည်းကောင်း၊ လက်တော်နှင့်တစ်ချက်သာတို့တော်မူခြင်းသည်လည်းကောင်း၊
ကန်းနေသောမျက်လုံးအား နေ့၏အလင်းရောင်ကိုလည်းကောင်း၊
သဘာဝရှုမျှော်ခင်းများကိုလည်းကောင်း၊ မိတ်ဆွေများ၏မျက်နှာများကို လည်းကောင်း၊
ကယ်တင်ရှင်၏မျက်နှာတော်အားလည်းကောင်း မြင်တွေ့နိုင်ရန် ပွင့်လင်းစေခဲ့ကြပါသည်။
ယေရှုရှင်သည် ရောဂါများကိုပျောက်ကင်းစေ၍ ဖျားနာမှုများကို လွင့်ပျောက်စေခဲ့ပါသည်။
ကိုယ်တော်၏ အသံတော်သည် သေအံ့ဆဲဆဲရှိသော လူနာ၏နားထဲသို့ဝင်သွားတော်မူ၍ သူတို့သည်
ကျန်းမာသန်စွမ်းစွာဖြင့် နိုးထခဲ့ကြပါသည်။ နတ်ဆိုးစွဲနေသောခြေလက်သေနေသူသည်
ကိုယ်တော်၏အမိန့်တော်ကိုနားထောင်ခဲ့ပြီး ရူးသွပ်မှုများပျောက်ကင်းကာ
ကိုယ်တော်အားပျပ်ဝပ်ကိုးကွယ်ခဲ့ကြပါသည်။ ကိုယ်တော်သည် ရောဂါများကို
ကုသပေးနေစဉ်မှာပင် ၎င်းတို့အား သွန်သင်တော်မူခဲ့ပါသည်။ ကျမ်းတတ်ဆရာများက
မသန့်ရှင်းသူများ ဟူ၍ သတ်မှတ်ကာ ရှောင်ရှားခြင်းခံရသည့် ဆင်းရဲသား၊
လယ်သမားများနှင့် အလုပ်သမားများသည် ကိုယ်တော့်အနီး တွင် လာရောက်စုရုံးကြသဖြင့်
ယေရှုရှင်သည် ၎င်းတို့အား ထာဝရအသက်နှင့်ပတ်သက်သော နှုတ်ကပတ်တော် များကို ဟောကြားတော်မူခဲ့ပါသည်။
ထိုနည်းအားဖြင့်
ဆရာယောဟန်၏တပည့်တော်များသည် အရာခပ်သိမ်းအားကြည့်ရှုကြားနာရင်း တစ်နေ့တာသည်
တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါသည်။ နောက်ဆုံးတွင် သခင်ယေရှုသည် ထိုသူများအားအထံ
တော်သို့ ခေါ်ဆောင်တော်မူ၍ မြင်သမျှကြားသမျှကို ဆရာယောဟန်အားပြန်၍ပြောရန်
မိန့်တော်မူပြီး “ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟု
ထပ်လောင်းသွန်သင်တော်မူပါသည်။ (လုကာ ၇း၂၃)။ အတိဒုက္ခ
ရောက်နေသောလူသားများတို့၏လိုအပ်ချက်များအား ဆီလျော်သင့်လျော်အောင်
ဖြည့်ဆည်းလုပ်ဆောင်ပေးမှု များတွင် ကိုယ်တော်၏ဘုရားဇာတိတော်အတွက်
အထောက်အထားများကိုမြင်တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏ နိမ့်ကျသောအခြေအနေသို့တိုင်
ကိုယ်တော်၏မိမိကိုယ်ကိုနှိမ့်ချတော်မူခြင်းတွင် ကိုယ်တော်၏ဘုန်းတော်ကို
ထင်ရှားစေတော်မူခဲ့ပါသည်။
တပည့်များသည် ထိုသတင်းများကိုပြောပြကြရာ
ကြားရသောသတင်းများသည် ဆရာယောဟန်အတွက် လုံလောက်မှုရှိခဲ့ပါသည်။ ထိုနောက်သူသည်
မေရှိယနှင့်ပတ်သက်သောအနာဂတ္တိ စကားကိုပြန်လည် သတိရခဲ့ပါ သည်။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား
ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှါ ငါ့ကိုဘိသိက်ပေးတော်မူပြီ။
နှလုံးကြေကွဲသော သူတို့၏အနာကို စည်းစေခြင်းငှါလည်းကောင်း၊
ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံ
လျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကိုပြုစေခြင်းငှါလည်းကောင်း၊
ထာဝရဘုရား၏မင်္ဂလာ နှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို
ကြားပြောစေခြင်းငှါလည်းကောင်း ငါ့ကိုစေလွှတ် တော်မူပြီ” ဟေရှာ ၆၁း၁-၂။
ခရစ်တော်၏လုပ်ဆောင်မှုများသည် မိမိအနေနှင့် မေရှိယဖြစ်ကြောင်း ကြေညာရုံ သာမကဘဲ
မိမိ၏နိုင်ငံတော်ကိုမည်သည့်နည်းဖြင့် တည်ထောင်မည်ကိုလည်း ပြသတော်မူနေပါသည်။
“အားကြီး သောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍ ထာဝရဘုရားရှေ့တော်၌
ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင် ထာဝရ ဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာမြေလှုပ်ခြင်းရှိ၏။
သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ခြင်း၌ လည်းရှိတော်မမူ။ မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။
သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ။ မြေလှုပ် ခြင်းနောက်မှာမီးရှိ၏။
သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ။ မီးနောက်မှဖြည်းညင်းသောအသံရှိ ၏” ဟူ၍
ဧလိယအား တောထဲတွင်မိန့်တော်မူခဲ့သော သမ္မာတရားမျိုးကို ဆရာယောဟန်အားလည်း ဖွင့်ဟတော်မူ
နေပါသည်။ (၃ရာ၊ ၁၉း၁၁-၁၂)။ ခရစ်တော်သည် ထိုကဲ့သို့ငြိမ်သက်သာယာစွာ
မိမိ၏အမှုတော်ကိုပြီးစီးစွာဆောင် ရွက်ရမည်ဖြစ်ပါသည်။ လက်နက်စွဲကိုင်၍
ရာဇပလ္လင်များနှင့် တိုင်းနိုင်ငံများကို မှောက်လှန်ခြင်းအားဖြင့် မဟုတ် ဘဲ
ကိုယ်ကျိုးစွန့်၍ သနားခြင်းကရုဏာနှင့် ပြည့်ဝသောအသက်တာအားဖြင့်
လူသားများ၏စိတ်နှလုံးများကို တရားဟောခြင်းအားဖြင့် ကိုယ်တော်ရှင်သည်
အမှုတော်ကိုပြီးစီးအောင်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ကိုယ်အလို
ကိုငြင်းခြင်းတည်းဟူသောဆရာယောဟန်၏အသက်တာစည်းမျဉ်းသည်
မေရှိယ၏နိုင်ငံတော်စည်းမျဉ်းပင်ဖြစ်ပါ သည်။ ဣသရေလ ခေါင်းဆောင်များ၏မျှော်လင့်ချက်များနှင့်
၎င်းတို့၏အသက်တာစည်းမျဉ်း များသည် ဤအရာ နှင့်တခြားစီဖြစ်နေကြောင်းကို
ဆရာယောဟန်ကောင်းမွန်စွာသိခဲ့ရသည်။ ခရစ်တော်၏ဘုရားဇာတိတော်နှင့် ပတ်
သက်သောအထောက်အထားများသည် သူ့အတွက် နားလည်သဘောပေါက်နေသော်လည်း ထိုသူများအတွက်မူ
သဘောမပေါက်နိုင်စရာများဖြစ်နေခဲ့ပါသည်။ ၎င်းတို့သည် ကတိထားတော်မမူခဲ့သော
မေရှိယတစ်ပါးကို မျှော် လင့်နေကြပါသည်။ ကိုယ်တော်ရှင်၏အမှုတော်သည်
၎င်းတို့ထံမှမုန်းတီးခြင်းများနှင့် အပြစ်စီရင်ခြင်းများကို သာရရှိမည်ကိုလည်း
ဆရာယောဟန်တွေ့မြင်ခဲ့ပါသည်။ အနည်ကိုရောက်သည့်တိုင် ခရစ်တော်ဘုရားစစ်ယူ သောက်သုံးရမည့်ခွက်ဖလားကို
ဆရာယောဟန်သောက်နေခြင်းသာဖြစ်ပါသည်။
“ငါ့ကြောင့်စိတ်မပျက်သောသူသည်
မင်္ဂလာရှိသည်” ဟူသောကိုယ်တော်ရှင်၏နှုတ်ထွက်စကားများသည်
ဆရာယောဟန်အားညင်သာစွာဆုံးမနေခြင်းဖြစ်ပါသည်။ ထိုစကားသည်
သူ့အတွက်ခရီးရောက်ခဲ့ပါသည်။ ခရစ်တော်၏အမှုတော်အကြောင်းကို
ယခုတွင်ပိုမို၍ရှင်းလင်းစွာနာလည်လာပြီဖြစ်သည့်အတွက် မိမိကိုယ်ကို
ဘုရားသခင်ထံလုံးလုံးလျားလျား ဆက်ကပ်အပ်နှံခဲ့ပါသည်။
ယောဟန်စေလွှတ်လိုက်သော
စေတမန်များပြန်သွားကြသောခါ ဆရာယောဟန်ကိုရည်စူး၍ သာဓက တစ်ခုဖြင့်လူထုအား
မိန့်တော်မူခဲ့ပါသည်။ ယခုအချိန်တွင် ဟေရုဒ်မင်းကြီး၏အကျဉ်းခန်းထဲ၌
ဖမ်းဆီးချုပ်နှောင် ခြင်းခံနေရသည့် သစ္စာရှိသောထိုသက်သေခံအား ကိုယ်တော်ဘုရားသည်
ကြင်နာသနားတော်မူခဲ့ပါသည်။ ထာဝရ ဘုရားသည် ဆရာယောဟန်အား
စွန့်ပစ်တော်မမူကြောင်းကိုလည်းကောင်း၊ ဆရာယောဟန်၏ယုံကြည်ခြင်းသည်
စမ်းသပ်စစ်ဆေးသောနေ့တွင် ချည့်နဲ့ခဲ့ကြောင်းကိုလည်းကောင်း
သိသာထင်ရှားစေရန်ယေရှုသည် အနီးအနား တွင်ရှိနေသော ပရိသတ်အား “သင်တို့သည်
အဘယ်မည်သောအရာကိုကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသ နည်း။
လေလှုပ်သောကျူပင်ကိုကြည့်ရှုခြင်းငှါသွားကြသလော” ဟူ၍ မိန့်တော်မူခဲ့၏။
ယော်ဒန်မြစ်ကမ်းနားတွင်
ပေါက်ရောက်နေသောလေယူရာတိမ်းနေသည့်ကျူပင်များသည် နှစ်ခြင်းဆရာ
၏အမှုတော်ကိုဝေဖန်စီရင်နေကြသူများဖြစ်သည့် ကျမ်းတတ်ဆရာများ၏ကိုယ်စားလှယ်များနှင့်
တူလှပါသည်။ သူတို့သည် ရေပန်းစားသော၊ ထင်မြင်ယူဆချက်တည်းဟူသော
လေတိုက်ခတ်ခြင်းကြောင့် ဟိုဘက်၊ ဒီဘက်ကို ယိမ်းယိုင်တတ်ကြသည်။ သူတို့သည်
ဆရာယောဟန်၏အရင်းခံသဘောများကို ထင်ရှားသိသာစေရန် စိတ်နှလုံး
ကိုစစ်ဆေးခြင်းနှင့်ဆိုင်သော ဒေသနာတော်ကိုလက်ခံရန် မိမိကိုယ်ကို
မနှိမ့်ချကြသော်လည်း လူထုကိုကြောက် သဖြင့် ထိုသူ၏လုပ်ငန်းများကိုလည်း
ပွင့်ပွင့်လင်းလင်းမဆန့်ကျင်ရဲကြချေ။ သို့သော် ဘုရားသခင်၏စေတမန်ကြီး တွင်မူ
ထိုကဲ့သို့သောသူရဲဘောကြောင်သည့် စိတ်ဓာတ်မျိုးမရှိပါချေ။
ခရစ်တော်အနားတွင်စုရုံးနေကြသောလူထု ပရိသတ်သည် ဆရာယောဟန်အမှုတော်အတွက်
သက်သေခံများဖြစ်ခဲ့ကြပါသည်။ သူတို့သည် ဆရာယောဟန် ၏ မကြောက်မရွံ့ဆုံးမသံများကိုလည်း
ကြားခဲ့ဖူးကြပါသည်။ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု အထင်ရှိကြသော
ဖါရိရှဲများအားလည်းကောင်း၊ ယဇ်ပုရောဟိတ်အနွယ်ဇဒ္ဒုကဲများအားလည်းကောင်း၊
မင်းညီမင်းသားများနှင့် စစ်သည်တော်များအားလည်းကောင်း၊ ဟေရုဒ်မင်းကြီးနှင့်
၎င်း၏နန်းတွင်းသားများအားလည်းကောင်း၊ အခွန်ခံ များနှင့်လယ်သမားများ၊ ဆင်းရဲသားများအားလည်းကောင်း
မည်သူကိုမျှမျက်နှာမလိုက်ဘဲ ဆရာယောဟန်သည်
ဘွင်းဘွင်းရှင်းရှင်းသွန်သင်ဆုံးမခဲ့ပါသည်။ အကျဉ်းချခြင်းကိုခံရသောအခါတွင်လည်း
သူသည် ယခင်ကကဲ့သို့ပင် ဘုရားသခင်ကိုသစ္စာစောင့်သိခဲ့ပြီး
တောထဲတွင်ဘုရားသခင်၏သတင်းစကားကိုဟောကြားစဉ်ကကဲ့သို့ပင် ဖြောင့် မတ်ခြင်းတရားအတွက်စိတ်အားထက်သန်မှုရှိခဲ့ပါသည်။
ကောင်းမြတ်သည့်ကျင့်စဉ်ကို သစ္စာရှိမှုတွင် သူသည်
ကျောက်တစ်လုံးကဲ့သို့ခိုင်မာလှပါသည်။
ယေရှုသည် ဆက်လက်၍ “သို့မဟုတ်
နူးညံ့သောအဝတ်ကိုဝတ်ဆင်သောသူကိုကြည့်ရှုခြင်းငှါ သွား သလော၊ တင့်တယ်သောအဝတ်ကို
ဝတ်ဆင်၍ကောင်းမွန်စွာစားသောက်သောသူသည် မင်းအိမ်၌နေတတ်ကြ၏” ဟု မိန့်တော်မူ၏။
အပြစ်ကျူးလွန်ခြင်းနှင့် ပေါက်လွှတ်ပဲစားနေထိုင်စားသောက်ခြင်းများကို ပြစ်တင်ဆုံးမပေးရန်
ဆရာယောဟန်အား ခေါ်တော်မူခဲ့ခြင်းဖြစ်သည်။ သူ၏ရိုးသားသောဝတ်စားပုံနှင့်
မိမိအလိုကို ငြင်းပယ်သော အသက်တာသည်
၎င်းလုပ်ဆောင်ရမည့်လုပ်ငန်းနှင့်ဆီလျော်ကိုက်ညီခဲ့ပါသည်။ တင့်တယ်သောအဝတ်တန်ဆာ
များနှင့် ဇိမ်ခံအပျော်ကျူးသောအသက်တာသည် ဘုရားသခင့်အစေခံများ၏အငန်းအတာမဟုတ်ဘဲ
တန်ခိုးများ၊ အာဏာများ၊ ချမ်းသာကြွယ်ဝမှုများနှင့်ဆက်နွှယ်နေသော
ဘုရင့်နန်းတော်တွင်နေထိုင်သော ကမ္ဘာ့ခေါင်းဆောင် ကြီးများ၏အငန်းအတာသာဖြစ်ကြပါသည်။
ဆရာယောဟန်၏ဝတ်ဆင်ပုံနှင့်ယဇ်ပုရောဟိတ်အကြီးအကဲများ၏
ဝတ်ဆင်ပုံကွဲပြားခြားနားမှုများကို ပရိသတ်အာရုံပြုလာရန် ယေရှုရှင်လိုလားတော်မူပါသည်။
ဤအရာရှိကြီးများ သည် အလွန်တင့်တယ်သောဝတ်ရုံများနှင့်
တန်ဖိုးကြီးလှသောလက်ဝတ်လက်စားများကို ဝတ်ဆင်ကြပါသည်။ ပကာသနကိုမြတ်နိုးကြပြီး
မိမိတို့၏ဝတ်စားဆင်ယင်ပုံဖြင့် လူထုအား မိန်းမောတွေဝေသွားစေရန်ရည်ရွယ်ကာ
ထိုသို့နည်းအားဖြင့် ကြီးမားသောအဖိုးအခများကိုဆင့်ဆိုကြပါသည်။ သူတို့သည်
ဘုရားသခင်၏နှစ်သက်မှုကို ရရှိ နိုင်သော စိတ်နှလုံးသန့်ရှင်းမှုကိုရယူရန်ထက်
လူများ၏ချီးမွမ်းမှုကိုရယူရန် ပို၍စိတ်အားထက်သန်ခဲ့ကြပါသည်။ သူတို့သည်
ဘုရားသခင်အပေါ်သစ္စာစောင့်သိမှုမပြဘဲ လောကီသားများအား သစ္စာစောင့်ကြောင်း
ပြသနေသည် ကို ထိုနည်းအားဖြင့် ထင်ရှားစေခဲ့ကြသည်။
“ပုရောဖက်ကိုကြည့်ရှုခြင်းငှါသွားသလော၊
မှန်ပေ၏။ ပုရောဖက်ထက်ကြီးမြတ်သောသူ လည်းဖြစ်သည် ဟု ငါဆို၏။ ကျမ်းစာလာသည်ကား၊
ကြည့်ရှုလော့၊ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါ စေလွှတ်၏
ဟုဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။ ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်
ထက် ကြီးမြတ်သောပုရောဖက်တစ်ယောက်မျှမရှိ” ဟု ယေရှုမိန့်တော်မူ၏။
ဆရာယောဟန်မမွေးဖွားမီတွင် ဇာခရိအား ကောင်းကင်တမန်မိန့်တော်မူသည်ကား “ထိုသားသည်
ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ် လိမ့်မည်” ဟူသတည်း။ (လုကာ ၁း၁၅)။
ဘုရားသခင်၏အကဲဖြတ်မှုတွင် မည်သည့်အရာသည် အမြတ်ဆုံးဖြစ် သနည်း။ လောကအနေနှင့်
တန်ဖိုးထားကြသည့် ချမ်းသာကြွယ်ဝမှုများမဟုတ်ပါ။ ရာထူးရာခံများလည်း မဟုတ် ပါ။
မြင့်မြတ်သောမျိုးရိုးဇာတိများလည်းမဟုတ်ပါ။ ဉာဏ်ပညာဆုကျေးဇူးလည်းမဟုတ်ပါ။
ပိုမိုမြင့်မြတ်သော မည်သည့်အကြောင်းရင်းများမှမပါသော ဉာဏ်ပညာဆိုင်ရာကြီးကျယ်မှုကို
ရိုသေကိုင်းရှိုင်းထိုက်သည်ဟု မှတ်ယူ လျှင် ကျွန်ုပ်တို့၏ကိုင်းရှိုင်းမှုသည်
မည်သည့်လူသားနှင့်မျှ ဉာဏ်ပညာတန်ခိုးတွင်မယှဉ်သာသောစာတန်ကို ကိုး
ကွယ်နေခြင်းဖြစ်သည်။ မိမိကိုယ်ကို
အလုပ်အကျွေးပြုခြင်းဘက်သို့သွေဖည်တိမ်းယိမ်းသွားသောအချိန်တွင် ကြီးမားသောဆုမင်္ဂလာသည်
ကြီးမားသောကျိန်ခြင်းအမင်္ဂလာဖြစ်လာခဲ့ပါသည်။ ထာဝရဘုရားတန်ဖိုးထားသော အရာသည်
ကျွန်ုပ်တို့၏အကျင့်စာရိတ္တပင်ဖြစ်ပါသည်။
ချစ်ခြင်းမေတ္တာနှင့်စာရိတ္တကောင်းမွန်ခြင်းသည် ကိုယ်တော်ရှင်၏တန်ဖိုးအထားဆုံးသောအရာများဖြစ်ပါသည်။
ဆရာယောဟန်သည် ဆန်ဟီဒရင်အဖွဲ့ဝင်များ၏ စေတမန်များရှေ့တွင်သော်လည်းကောင်း၊
ယုဒလူထုရှေ့တွင်သော်လည်းကောင်း၊ မိမိ၏တပည့်တော်များရှေ့တွင် သော်လည်းကောင်း၊
မိမိကိုယ်ကိုဂုဏ်ပြုချီးမြှောက်ခြင်းမပြုဘဲ မေရှိယဖြစ်သော သခင်ယေရှုကိုသာ
ဂုဏ်ပြုချီး မြှောက်ခဲ့သည့်အတွက် သူသည်
ထာဝရဘုရားရှေ့မှောက်တွင်ကြီးမြတ်သောသူဖြစ်လာခဲ့ပါသည်။ ခရစ်တော်၏
အမှုတော်ကိုထမ်းဆောင်ခြင်းအားဖြင့် ခံစားခဲ့ရသောသူ၏
အတ္တမဲ့သောပျော်ရွှင်ဝမ်းမြောက်မှုသည် လူသားများ ၏အသက်တာတွင်
တွေ့ရှိခဲ့ဖူးသမျှထဲတွင် အမြင့်မြတ်ဆုံးသောဂုဏ်သရေဖြစ်ပါသည်။
ဆရာယောဟန်သေဆုံးသွားပြီးနောက်
ခရစ်တော်အကြောင်း၎င်း၏သက်သေခံချက်များကို ကြားခဲ့ရ သောသူများက “ယောဟန်သည်
နိမိတ်လက္ခဏာကိုမပြ၊ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြော သမျှမှန်ပေ၏” ဟု
သက်သေခံကြ၏။ ဧလိယကဲ့သို့ ကောင်းကင်မှမီးကိုကျလာအောင် တောင်းဆိုနိုင်ဖို့အတွက်
သော်လည်းကောင်း၊ လူသေများကိုထမြောက်စေရန်အတွက်သော်လည်းကောင်း၊
သူ့အားတန်ခိုးပေးခြင်းမခံခဲ့ရ ချေ။ ဘုရားသခင်၏နာမတော်အားဖြင့်
မောရှေ၏လှံတံတန်ခိုးကိုအသုံးပြုရန် အခွင့်ပေးခြင်းမခံခဲ့ရချေ။
ကိုယ်တော်ရှင်၏ကြွလာခြင်းအတွက် ယုဒလူများကိုပြင်ဆင်ဖို့ဆင့်ခေါ်ရန်နှင့်
ရှေ့ပြေးတာဝန်ကို ထမ်းဆောင်ရန် သူသည် စေလွှတ်ခြင်းကိုခံခဲ့ရပါသည်။ ယုဒလူများသည်
ခရစ်တော်၏အကြောင်းကို ပြန်လည်သတိရစဉ်းစားကြ သောအခါ “ဤသူ၏အကြောင်းကို
ယောဟန်ပြောသမျှမှန်ပေ၏” ဟူ၍ ပြန်လည်ပြောပြနိုင်သည့်တိုင် သူသည် သစ္စာရှိရှိဖြင့်
မိမိတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ တမန်တော်တိုင်းသည် ခရစ်တော်အတွက်
ထိုကဲ့သို့သော သက်သေခံများဖြစ်ရန် ခေါ်တော်မူနေပါသည်။
ဆရာယောဟန်သည်
မေရှိယ၏ရှေ့ပြေးတော်ကြီးအနေဖြင့် ပုရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်ပါသည်။
အကြောင်းမူကားအခြားပုရောဖက်များသည် ခရစ်တော်၏ကြွလာခြင်းကို ကိုယ်တိုင်ကိုယ်ကြပ်
မမြင်တွေ့ခဲ့ရဘဲ ဆရာယောဟန်အနေနှင့်မူ ကိုယ်တော်ရှင်အား
ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြော်ရသောအခွင့်၊ ကိုယ်တော်သည်
မေရှိယဖြစ်ကြောင်းကောင်းကင်နိုင်ငံ၏ သက်သေခံချက်ကိုကြားရသောအခွင့်နှင့် ကိုယ်တော်
သည် ကောင်းကင်မှစေလွှတ်ခံရသူဖြစ်ကြောင်းကို ဣသရေလများအား
တင်ပြရသောအခွင့်များကိုရရှိခဲ့ပါသည်။ “သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင်
အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။
ပုရောဖက်ယောဟန်သည်
ဘုရားသခင်၏ပြဌာန်းထားရာ ဥပဒေတည်သည့်ခေတ်နှစ်ခေတ်အကြား
ဆက်စပ်ပေးခဲ့သူတစ်ဦးဖြစ်ပါသည်။ သူသည် ခရစ်တော်ပေါ်ထွန်းပြီးခေတ်နှင့် ပညတ္တိကျမ်း၊
အနာဂတ္တိကျမ်းတို့ အကြားဆက်နွှယ်မှုကိုဖော်ပြရန် ပေါ်ထွက်လာခဲ့ပါသည်။ သူသည်
သေးငယ်သောအလင်းသာဖြစ်ပြီး ပို၍ ကြီးမား လာသောအလင်းသည်
၎င်း၏နောက်မှဆက်တိုက်ပေါ်ထွန်းလာမည်ဖြစ်ပါသည်။ သူသည် ယုဒလူများအပေါ်
အလင်းတရားထွန်းလင်းနိုင်ရန် ဘုရားသခင်သည် ၎င်း၏စိတ်နှလုံးကို
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထွန်းလင်းတောက်ပစေခဲ့ပါသည်။
သို့သော်ခရစ်တော်၏အသက်တာပုံစံနမူနာနှင့် သွန်သင်ချက်များမှ ထွက်ပေါ်
လာခဲ့သောအလင်းလောက် လူသားများအပေါ် ကြည်လင်စွာထွန်းလင်းခဲ့သည့်အလင်းမျိုးသည်
တစ်ခါမျှ မထွန်း လင်းခဲ့ဖူးချေ။ နောင်တွင်လည်း ထွန်းလင်းလိမ့်မည်မဟုတ်ချေ။
ပုံရိပ်ဖြစ်သောယဇ်ပူဇော်မှုများအားဖြင့် ရုပ်လုံးဖော်လုပ်ဆောင်သောအချိန်များက
ခရစ်တော်နှင့်ကိုယ်တော်၏အမှုတော်အကြောင်းကို အနည်းငယ်သာ နားလည်ခဲ့ကြသည်။
ဆရာယောဟန်သည်ပင်လျှင် ခရစ်တော်အားဖြင့်ရရှိမည့် ထာဝရအသက်နှင့်ပတ်သက်သော
အနာဂတ်ရေးကိုပြည့်ပြည့်စုံစုံနားမလည်ခဲ့ချေ။
ဆရာယောဟန်သည် မိမိ၏အမှုတော်တွင်
ပျော်ရွှင်မှုများကိုတွေ့ခဲ့ရသော်လည်း ၎င်း၏အသက်တာ သည်
ဝမ်းနည်းဖွယ်အသက်တာတစ်ခုသာဖြစ်ခဲ့ပါသည်။ သူ၏အသံကို တောထဲမှာကြားခဲ့ရသည်မှလွဲ၍
အခြား နေရာတွင်မကြားရတော့ချေ။ သူ့ဘဝသည် အထီးကျန်ဘဝသာတည်း။
မိမိလုပ်ဆောင်မှုများ၏ရလဒ် အကျိုးများ ကိုလည်း သူတွေ့မြင်ခွင့်မရခဲ့ချေ။ သူသည်
ခရစ်တော်ဘုရားနှင့်အတူ နေထိုင်လုပ်ကိုင်ခွင့်မရရှိခဲ့ဘဲ
ကြီးကျယ်သောအလင်းတော်များဖြင့် ဒွန်တွဲနေသော
ဘုရားသခင်၏တန်ခိုးတော်ထင်ရှားပေါ်ထွန်းခြင်းများကို လည်း မမြင်တွေ့လိုက်ရချေ။
မျက်မမြင်များအလင်းပြန်ရလာကြခြင်းကိုလည်းကောင်း၊ သေသောသူများပြန် လည်၍
အသက်ရှင်လာကြသည်ကိုလည်းကောင်း သူမမြင်တွေ့လိုက်ရချေ။ အနာဂတ်ကတိတော်များအပေါ်
ဘုန်းတော်ဖြာထွက်လျက် ခရစ်တော်၏နှုတ်တော်ထွက်စကားများအားဖြင့်
ထွန်းလင်းခဲ့သောအလင်းများကို လည်း သူမြင်တွေ့ခဲ့ပြီး နှုတ်တော်ထွက်စကားများကို
ကြားခဲ့ရသည့်အငယ်ဆုံးသောတပည့်တော်သည် ဤအရာ တွင် ဆရာယောဟန်ထက်
အခွင့်အရေးသာခဲ့ပါသည်။ ထိုကြောင့် ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသော သူသည်
၎င်းထက်သာလွန်သည်ဟု မိန့်တော်မူခဲ့ခြင်းဖြစ်သည်။
ဆရာယောဟန်၏သွန်သင်ချက်ကိုနားထောင်ခဲ့ကြသည့်
များပြားစွာသောလူအုပ်ကြီးမှတစ်ဆင့် သူ၏ ကျော်ကြားမှုများသည်
ယုဒပြည်အနှံ့သို့ပျံ့သွားခဲ့ပါသည်။ သူ၏အကျဉ်းချခံရမှုအတွက် အကျိုးသက်ရောက်မှု
များနှင့် စပ်လျဉ်း၍ အထူးစိတ်ဝင်စားခဲ့ကြပါသည်။ သို့စေကာမူ ၎င်း၏အပြစ်ကင်းသောအသက်တာနှင့်
လူထု၏ အားကြီးသောထောက်ခံမှုသည် ၎င်းနှင့်ဆန့်ကျင်၍ မည်သည့်အကြမ်းဖက်မှုကိုမျှ
မဖြစ်ပေါ်စေခဲ့ချေ။
ဟေရုဒ်မင်းသည် ဆရာယောဟန်အား
ဘုရားသခင်၏ပုရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပေးရန်
အပြည့်အဝရည်စူးထားခဲ့သော်လည်း ဟေရောဒိကိုစိုးရွံ့နေရသဖြင့် လွှတ်ပေးရန်နှောင့်နှေး
ခဲ့ပါသည်။
သူမသည် ဆရာယောဟန်အား အသေသတ်ရန် ဟေရုဒ်ကို
တိုက်ရိုက်တောင်းဆိုလျှင်မရနိုင် ကြောင်းကို သိသဖြင့် မိမိ၏အကြံကို အောင်မြင်စေရန်
မဟာဗျူဟာကိုအသုံးပြုခဲ့ပါသည်။ ဟေရုဒ်မင်းကြီး၏ မွေးနေ့တွင်
နိုင်ငံတော်အကြီးအကဲများနှင့် နန်းတော်မှဂုဏ်အသရေရှိပုဂ္ဂိုလ်များအား
ဧည့်ခံကျွေးမွေးရန် အစီအစဉ်ပြုလုပ်ခဲ့ ပါသည်။ ထိုမွေးနေ့ပွဲတွင် သူတို့သည်
စားသောက်ကြူးကာ ယစ်မူးခဲ့ကြပါသည်။ ဟေရုဒ်သည်လည်း သတိလက် လွတ်ဖြစ်ကာ ထိုအချိန်တွင်
ဟေရောဒိလိုသလိုဆွဲသည့်နောက်သို့ ကောက်ကောက်ပါအောင်လိုက်ခဲ့ ပါသည်။
မွေးနေ့သို့ရောက်လာသောအခါ
ဟေရုဒ်မင်းကြီးနှင့် ၎င်း၏အပေါင်းအပါများတို့သည် သောက်စားမူး ယစ်နေကြသောအချိန်တွင်
ဧည့်သည်တော်များကို အကဖြင့်ဖျော်ဖြေရန် ဟေရောဒိသည် မိမိ၏သမီးဖြစ်သူ ဆိုလိုမီအား
ထိုစားသောက်ပွဲကျင်းပနေသောအခန်းထဲသို့လွှတ်လိုက်သည်။ သူမ၏သမီးသည် စိုစိုပြည်ပြည်
လှလှပပရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိလေသာစိတ်ကိုနိုးကြွစေသောသူမ၏အလှသည်
အပျော်ကြူး နေကြသော ထိုသူများကိုဖမ်းစားခဲ့ပါသည်။ နန်းတွင်းသူတစ်ယောက်သည်
ဤကဲ့သို့သော ပွဲမျိုးတွင် ယခုကဲ့သို့ ပါဝင်လာခြင်းသည် ထုံးစံမဟုတ်သည့်အတွက်
ဧည့်သည်တော်များပျော်မြူးစေရန် ဣသရေလယဇ်ပုရောဟိတ် များနှင့်
မင်းသားများ၏သမီးဖြစ်သူ၊ နန်းတွင်းသူမင်းသမီးကလေးသည် ကခုန်ကာဖျော်ဖြေသောအခါ ဟေရုဒ်
မင်းကြီးအား မြှောက်ပင့်ချီးမွမ်းခဲ့ကြပါသည်။
မင်းကြီးသည် စပျစ်ရည်သောက်ကြူး၍
မူးယစ်နေပေပြီ။ ကိလေသာစိတ်များဖောက်ပြန်လာကာ ဆင်ခြင်တုံတရားများလည်း
ပျောက်လွင့်ကုန်ကြပေပြီ။ မြူးထူးနေသော ဧည့်သည်တော်များ၊ စားသောက် ဖွယ်ရာ
များဖြင့်ပြီးသောစားပွဲ၊ ပလုံစီထနေသော စပျစ်ရည်၊ ထွန်းတောက်နေသောမီးရောင်များနှင့်
မိမိရှေ့တွင်ကနေ သောမိန်းမငယ်ကလေးစသည့်မြင်ကွင်းများပါရှိသည့် အပျော်ကြူးနေသော
ခန်းမကြီးကိုသာ သူမြင်တွေ့ပါတော့ သည်။ ထိုကဲ့သို့သတိလက်လွတ်ဖြစ်နေသောအချိန်တွင်
၎င်းသည်မိမိလက်အောက်ရှိလူကြီး လူကောင်းများရှေ့ မှောက်၌ မိမိအားအထင်ကြီးသွားစေရန်
ဟန်ပန်လုပ်လိုစိတ်များပေါ်ပေါက်လာကာ ဟေရောဒိ၏သမီးကတောင်း ခံလျှင်
နိုင်ငံတော်တစ်ဝက်အထိပေးမည်ဟု ကျိန်ဆိုကတိပြုခဲ့ပါသည်။
ဆိုလိုမီသည်
မည်သည့်အရာတောင်းခံရမည်ကိုမေးရန် သူမ၏မိခင်ထံသို့အမြန်သွားရောက်ခဲ့ပါသည်။
ဟေရောဒိတွင် အဖြေရှိထားနှင့်ပြီးဖြစ်ပါသည်။ ၎င်းအဖြေမှာ ဆရာယောဟန်၏
ဦးခေါင်းပင်ဖြစ်ပါသည်။ ဆိုလိုမီသည်
သူမမိခင်၏ကလဲ့စားချေလိုစိတ်ပြင်းပြမှုကိုမသိရှိခဲ့ချေ။ ထိုတောင်းခံချက်ကို
ဟေရုဒ်အားတင်ပြရန် တွန့်နေခဲ့သော်လည်း ဟေရောဒိ၏ဆုံးဖြတ်ချက်သည်
အောင်နိုင်သွားခဲ့ပါသည်။ မိန်းမငယ်သည် မင်းကြီးထံသို့ ပြန်လာခဲ့ပြီး “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို
ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မ အလိုရှိပါသည်” ဟု
ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်းလျှောက်ထားခဲ့ပါသည်။
ဟေရုဒ်သည်
အံ့ဩတွေဝေသွားခဲ့ပါသည်။ ရုန်းရင်းခတ်ပျော်မြူးနေခြင်းများသည်လည်း ရပ်စဲသွားခဲ့ပြီး
နိမိတ်မကောင်းသောငြိမ်သက်မှုသည်အပျော်ကြူးနေသောမြင်ကွင်းကိုငြိမ်ကျသွားစေခဲ့ပါသည်။
ဆရာယောဟန် ၏အသက်ကို သတ်ရမည်ဟူသောအတွေးသည် မင်းကြီးအား
တုန်လှုပ်ချောက်ချားစေခဲ့ပါသည်။ သို့စေကာမူ ကတိပေးထားပြီးဖြစ်သည့်အတွက်
ပေးသောကတိကိုဖျက်ရန် သူဆန္ဒမရှိခဲ့ချေ။ ဧည့်သည်တော်များကို ဂုဏ်ပြု သည့်အနေဖြင့်
ကျိန်ဆိုခဲ့ခြင်းဖြစ်သဖြင့် အကယ်၍ဧည့်သည်များထဲမှ တစ်ယောက်ယောက်သည် မိမိ၏ကတိကို
မဖြည့်စွမ်းရန် စကားတစ်လုံးကမ်းလှမ်းခဲ့ပါလျှင် သူသည် ဝမ်းမြောက်ဝမ်းသာဖြင့်
ထိုပုရောဖက်ကြီးကို အသက် ချမ်းသာခွင့်ပေးခဲ့ပါလိမ့်မည်။ ထိုပုရောဖက်ကြီးကိုယ်စား
ထိုကဲ့သို့တောင်းပန်ပေးရန် ၎င်းတို့အား အခွင့်အရေး
ပေးခဲ့ပါသည်။ သူတို့သည် ဆရာယောဟန်၏သွန်သင်ချက်ကို ကြားနာရန်အလိုငှါ
အဝေးကြီးမှလာခဲ့ကြဖူးပါ သည်။ ထိုသူသည် ရာဇဝတ်မှုတစ်စုံတစ်ခုကိုမျှ
ကျူးလွန်ခဲ့သူမဟုတ်ဘဲ ဘုရားသခင်၏ကျွန်တစ်ဦးဖြစ်ကြောင်း ထိုသူတို့သိရှိခဲ့ကြပါသည်။
မိန်းမငယ်၏တောင်းခံသံကြောင့် တုန်လှုပ်ချောက်ချားခဲ့ကြသော်လည်း ဝင်ရောက်
တားမြစ်ပိတ်ပင်ခြင်းမပြုလုပ်နိုင်လောက်အောင် သူတို့သည် မောဟဖုံးနေခဲ့ကြပါသည်။
ဘုရားသခင့်စေတမန်၏ အသက်ကိုကယ်ဆယ်ရန် အသံတစ်သံမျှမထွက်ပေါ်ခဲ့ချေ။ ဤသူများသည်
နိုင်ငံတော်၏ယုံကြည်ကိုးစားမှုခံရ သည့် ရာထူးကြီးများကို ရရှိထားကြပြီး
ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေရသူများဖြစ်သော်လည်း
အာရုံခံစားမှုများထုံထိုင်းသွားသည့်တိုင်အောင်သောက်စားမူးယစ်ခဲ့ကြသဖြင့်၎င်းတို့၏ဦးခေါင်းများသည်
တေးဂီ တ နှင့်အကအခုန်မြင်ကွင်းများနှင့် မူးဝေနေပြီးဩတ္တပ္ပစိတ်သည်
ငြိမ်ဆိတ်နေပါသည်။ ၎င်းတို့သည် ဆိတ်ဆိတ် နေခြင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းသော
မိန်းမယုတ်၏ကလဲ့စားချေမှုကို ကျေနပ်သွားစေရန် ဘုရားသခင်၏ ပုရောဖက်ကြီးအပေါ်
ချမှတ်ထားသောသေဒဏ်ကို ကြေညာနေပါသည်။
ဟေရုဒ်သည်
မိမိ၏ကျိန်ဆိုချက်မှကင်းလွတ်ခွင့်ပြုရန် အချည်းနှီးစောင့်စားခဲ့သော်လည်း
နောက်ဆုံးတွင် ပုရောဖက်ကြီးအားသတ်ရန်
နှောင့်နှေးဆိုင်းတွစွာဖြင့်အမိန့်ပေးခဲ့ပါသည်။ မကြာမီတွင်ပင် ဆရာယောဟန်၏
ဦးခေါင်းကို မင်းကြီးနှင့်တကွ ဧည့်သည်များ၏ရှေ့မှောက်သို့ယူဆောင်ခဲ့ကြပါသည်။
အပြစ်နှင့်ပြီးသော အသက် တာကိုကျောခိုင်းရန် ဟေရုဒ်မင်းကြီးအား
ဖြောင့်မှန်စွာသတိပေးခဲ့သော ပုရောဖက်ကြီး၏နှုတ်ခမ်းများသည် ထာဝရပိတ်သွားခဲ့လေပြီ။
လူအများအားနောင်တရရန် ခေါ်တော်မူသံကို မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်ချေ။
တစ်ညတာ၏အပျော်ကြူးမှုသည် ကြီးမြတ်သောပုရောဖက်ကြီးများထဲမှ တစ်ပါးသောပုရောဖက်၏
အသက်ကိုဆုံးရှုံးစေခဲ့ပါသည်။ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သင့်သော
ပုဂ္ဂိုလ်များ၏ချုပ်တည်းမှုမရှိ ခြင်းအားဖြင့် အပြစ်မဲ့သောအသက်များကို
ဘယ်နှစ်ကြိမ်ဆုံးရှုံးခဲ့ဖူးပြီလဲ။ သေရည်သေရက်ကို မိမိပါးစပ်ထဲသို့
လောင်းထည့်သောသူသည် မောဟဖုံးပြီ။ မိမိကျူးလွန်နိုင်သောမတရားမှုအားလုံးအတွက်
မိမိကိုယ်ကိုတာဝန်ရှိ သောသူဖြစ်စေပါသည်။
အာရုံခံစားမှုထုံထိုင်းနေခြင်းကြောင့်တည်ငြိမ်စွာဆုံးဖြတ်ချက်ချရန်အတွက် သော်
လည်းကောင်း၊ အမှားနှင့်အမှန်ကိုခွဲခြားသိမြင်နိုင်ရန်အတွက်သော်လည်းကောင်း
မဖြစ်နိုင်တော့ချေ။ စာတန်သည် ၎င်းအားအသုံးပြုကာအပြစ်မဲ့သူများအား
ညှဉ်းပန်းနှိပ်စက်၍ သုတ်သင်ဖျက်ဆီးရန် လမ်းဖွင့်ပေးခဲ့ပါသည်။ “စပျစ်ရည်သည်
လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏။ ထိုသို့
သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။” သု၊ ၂၀း၁။ “ဖြောင့်မတ်စွာစီရင်ခြင်းသည်
ဆုတ်သွားပြီ။---ဒုစရိုက်ကိုရှောင်သောသူသည် လုယူခြင်းကိုခံရ၏။” ဟေရှာ ၅၉း၁၄-၁၅။
မိမိ၏အပေါင်းအဖော်များအပေါ် တရားစီရင်ပိုင်ခွင့်ရှိသောသူများသည် ချုပ်တည်းခြင်းမရှိမှုနောက်သို့
လိုက်ပါသွားသောအချိန်တွင် မိမိကိုယ်တိုင် ရာဇဝတ်မှုမကျူးလွန်မိစေရန်
ချုပ်ထိန်းသင့်ပါသည်။ တရားဥပဒေများကိုအတည်ဖြစ်စေသောသူအားလုံးသည်
ဥပဒေကိုစောင့်ရှောက်သူများဖြစ်သင့်ပါသည်။ ၎င်းတို့သည်
ကိုယ့်ကိုကိုယ်ချုပ်တည်းသောသူများ ဖြစ်ရပါမည်။ ဉာဏ်ပညာစွမ်းအားနှင့်
အမှားအမှန်ခွဲခြားခြင်းတန်ခိုးများကို ပိုင်ဆိုင်နိုင်ရန်အလိုငှါ ကာယ၊ ဉာဏနှင့်
စာရိတ္တ တန်ခိုးများကို လုံးလုံးလျားလျားအုပ်ထိန်းထားရန်လိုအပ်ပါသည်။
ဗတ္တိဇံဆရာယောဟန်၏ခေါင်းကို
ဟေရောဒိထံသို့ယူဆောင်လာခဲ့ရာ မစ္ဆရိယစိတ်နှင့်ပြီးသော ကျေနပ်မှု ဖြင့် သူမသည်
လက်ခံရယူခဲ့ပါသည်။ သူမသည် ကလဲ့စားချေခဲ့ရသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်နေပြီး
ဟေရုဒ်ကို စိတ်ဒုက္ခရောက်အောင်ပြုမည့်သူမရှိတော့သဖြင့် နှစ်ထောင်းအားရဖြစ်နေခဲ့ပါသည်။
သို့သော် သူမ၏ အပြစ်ကျူးလွန်မှုသည် သူမအား မည်သည့်ဝမ်းမြောက်မှုကိုမှ
မဖြစ်ထွန်းစေခဲ့ပါ။ သူမ၏နာမည်သည် မကောင်း သတင်းကျော်စောခဲ့ပြီး
စက်ဆုပ်ရွံရှာခြင်းကိုခံခဲ့ရပါသည်။ ဟေရုဒ်သည်လည်း ဆရာယောဟန်၏သတိပေး စကားထက်
နောင်တသံဝေဂရခြင်းကြောင့် ပို၍စိတ်ဒုက္ခရောက်ခဲ့သည်။ ဆရာယောဟန်သွန်သင်ချက်များ၏
ဩဇာသက်ရောက်မှုသည် ရပ်ဆိုင်းငြိမ်သက်သွားခြင်းမရှိဘဲ ကမ္ဘာဆုံးသည့်တိုင်အောင်
လူမျိုးအဆက်သို့ပျံ့နှံ့ သွားမည် ဖြစ်ပါသည်။
ဟေရုဒ်သည်
မိမိကျူးလွန်ခဲ့သောအပြစ်ခြောက်လှန့်မှုကို အမြဲတမ်းခံနေခဲ့ရပါသည်။ ထိုကြောင့်
မိမိ၏ အပြစ်ကျူးလွန်ခဲ့သောဩတ္တပ္ပစိတ်၏ စွဲဆိုချက်မှသက်သာမှုရရှိရန်
အမြဲတမ်းသူကြိုးစားခဲ့ရပါသည်။ သူသည် ဆရာယောဟန်အပေါ်တွင်
ခိုင်မြဲစွာစိတ်ချယုံကြည်ခဲ့သည်။ မိမိအလိုကိုငြင်းပယ်သောဆရာယောဟန်၏ အသက်
တာကိုလည်းကောင်း၊ သူ၏မွန်မြတ်၍ စိတ်အားထက်သန်မှုရှိလှသော
တောင်းဆိုချက်များကိုလည်းကောင်း၊ သူ၏ခိုင်မာသောဆုံးဖြတ်ချက်ကိုလည်းကောင်း၊ သူသည်
မည်ကဲ့သို့သေပွဲဝင်ခဲ့ရသည်ကိုလည်းကောင်း ဟေရုဒ် မင်းကြီးပြန်လည်သတိရမိတိုင်း
နေမထိထိုင်မသာဖြစ်ခဲ့ပါသည်။ သူသည် တိုင်းရေးပြည်ရာကိစ္စများကို ထမ်း ဆောင်သောအခါ
ကျိန်ခြင်းအမင်္ဂလာတစ်ခုသည် မိမိအပေါ်သို့ ကျရောက်ခဲ့ပြီဟူသော ကြောက်ရွံ့မှုတစ်ခု၏
ဖိစီး မှုကိုရင်မှာဝှက်ကာ လူအများ၏အရိုအသေပေးမှုကို ပြုံးရွှင်စွာလက်ခံလျက်
အိန္ဒြေဆောင်ခဲ့ရပါသည်။
ထာဝရဘုရား၏ရှေ့တော်မှောက်တွင်မည်သည့်အရာကိုမျှဖုံးကွယ်ထား၍မရကြောင်း
ဆရာယောဟန်၏ သွန်သင်ချက်သည်ဟေရုဒ်မင်း၏ စိတ်နှလုံးတွင်စွဲမြဲနေခဲ့ပါသည်။
ထာဝရဘုရားသည်နေရာတိုင်း၌ ရှိတော်မူ ကြောင်းကိုလည်းကောင်း၊
စားသောက်ပွဲခန်းမကြီးထဲမှ မိမိတို့၏အပျော်ကြူးမှုများကို မြင်တော်မူသည်ကိုလည်း
ကောင်း၊ ဆရာယောဟန်၏ခေါင်းကိုဖြတ်ရန် မိမိပေးခဲ့သောအမိန့်ကို ကိုယ်တော်ကြားတော်မူခဲ့မည်ကိုလည်း
ကောင်း၊ ဟေရောဒိ၏ကျေနပ်ဝမ်းသာနေပုံနှင့် သူမအားအပြစ်တင်ခဲ့သောဆရာယောဟန်၏
ခေါင်းပြတ်ကြီးရှေ့ တွင် သူမ၏မထီလေးစားလုပ်နေပုံများကို ကိုယ်တော်မြင်တွေ့တော်မူမည်ကိုလည်းကောင်း
ဟေရုဒ်သဘော ပေါက်ခဲ့ပါသည်။ ဆရာယောဟန်၏နှုတ်ဖျားမှထွက်လာသည့် ဟေရုဒ်ကြားဖူးခဲ့သောစကားများသည်
တောတွင် ကြားခဲ့ရသည်ထက် ယခုအချိန်တွင် သူ၏ဩတ္တပ္ပစိတ်၌
ပိုမိုထင်ရှားရှင်းလင်းစွာကြားနေရပါသည်။
ခရစ်တော်၏လုပ်ဆောင်မှုများအကြောင်းကို ဟေရုဒ်မင်းကြီးကြားသောအခါ
အလွန်ကြောက်ရွံ့တုန်လှုပ် သွားခဲ့ပါသည်။ ဘုရားသခင်သည် ဆရာယောဟန်အား
သေခြင်းမှထမြောက်စေတော်မူပြီး မိမိအပြစ်များကိုစီရင် ရန် ထိုသူအား ပို၍ကြီးမားသောတန်ခိုးများဖြင့်
စေလွှတ်တော်မူခဲ့သည်ဟု သူထင်မြင်ယူဆခဲ့ပါသည်။ ဆရာ ယောဟန်သည် မိမိနှင့်တကွ
နန်းတော်သူနန်းတော်သားများအား အပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ကလဲ့စားချေမည် ကို
အစဉ်သဖြင့်စိုးရိမ်ခဲ့ပါသည်။ “ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊
နေရာမကျရာ၊ နှလုံးတုန်လှုပ် ခြင်း၊ မျက်စိမြော်၍အားကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို
ထာဝရဘုရားစီရင်တော်မူသဖြင့် သင်သည် အသက်ဆုံး လုသည်ဖြစ်၍
နေ့ညမပြတ်စိုးရိမ်လျက်သေဘေးနှင့်လွတ်မည် မလွတ်မည်ကိုမသိဘဲလျက် နေရလိမ့် မည်။
သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအကြောင်း၊ သင့်မျက်စိနှင့်မြင်ရသောအရာကြောင့်
နံနက်အချိန်၌ သင်ကညဉ့်ရောက်ပါစေဟူ၍လည်းကောင်း၊
ညဉ့်အချိန်၌နံနက်ရောက်ပါစေဟူ၍လည်းကောင်း ဆုတောင်းရ လိမ့်မည်” (တရား ၂၈း၆၅-၆၇) ဟူ၍
ထာဝရဘုရားမိန့်တော်မူထားသည့် အပြစ်အတိုင်းအတာတစ်ခု၏ ဆိုးကျိုးများကို ဟေရုဒ်မင်းကြီးရိတ်သိမ်းနေရခြင်းဖြစ်ပါသည်။
အပြစ်သား၏ကိုယ်ပိုင်ထင်မြင်ချက်များသည် ၎င်းအားစွပ်စွဲသူများဖြစ်ကြပါသည်။ ၎င်းအား
နေ့ရောညပါနေမထိထိုင်မသာဖြစ်စေသော အပြစ်ရှိနေသည့်
ဩတ္တပ္ပစိတ်တစ်ခု၏နာကျင်မှုများထက် ပိုမိုထက်မြက်သည့်
နှိပ်စက်ညှဉ်းဆဲမှုမရှိနိုင်ချေ။
ဆရာယောဟန်၏ကံကြမ္မာနှင့်ပတ်သက်၍
လူများစွာတို့၏စိတ်နှလုံးတွင်နက်ရှိုင်း၍ လူ့ဉာဏ်နှင့်မမီနိုင် အောင်
နက်နဲသိမ်မွေ့သည့်အရာတစ်ခုကိုခံစားနေကြရပါသည်။ အကျဉ်းထောင်ထဲ၌
လုံးပါးပါး၍သေဆုံးသွားရန် သူ့အားအဘယ်ကြောင့်စွန့်ပစ်ထားခဲ့သနည်းဟု
သူတို့ကမေးလာကြပါသည်။ ဤရင်လေးဖွယ်စီစဉ်မှု၏နက်နဲ သိမ်မွေ့မှုကို
ကျွန်ုပ်တို့လူသားများ၏ဉာဏ်ဖြင့် မသိစွမ်းနိုင်ချေ။ သို့သော် ဆရာယောဟန်သည်
ခရစ်တော်၏ ဆင်းရဲမှု၌ မျှဝေခံစားခဲ့ရသူတစ်ဦးဖြစ်ကြောင်းကို
ကျွန်ုပ်တို့အောက်မေ့သတိရသောအချိန်တွင် ထိုနက်နဲမှုသည် ဘုရားသခင်အား
ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှတုန်လှုပ်နိုင်မည်မဟုတ်ချေ။
ခရစ်တော်၏ နောက်တော်သို့လိုက်သောသူအပေါင်းတို့သည် ဆက်ကပ်ခြင်းသရဖူကို
ဆောင်းကြရလိမ့်မည်။ ထိုသူတို့သည်
တစ်ကိုယ်ကောင်းဆန်သောသူများ၏နားလည်မှုလွဲမှားခြင်းကို
သေချာပေါက်ခံကြရလိမ့်မည်ဖြစ်ပြီး စာတန်၏ ပြင်းထန်သောတိုက်ခိုက်မှုအတွက်
ပစ်မှတ်တစ်ခုဖြစ်လာလိမ့်မည်။ ထိုတိုက်ခိုက်မှုများကို ဖျက်ဆီး၍ တွေ့သည့်
နေရာတိုင်းတွင် တိုက်ခိုက်ချေမှုန်းရန်
ကိုယ့်ကိုကိုယ်ဆက်ကပ်ခြင်းစည်းမျဉ်းအားဖြင့် ကိုယ်တော်၏နိုင်ငံတော်ကို
တည်ထောင်ခဲ့ပါသည်။
ဆရာယောဟန်၏ကလေးဘဝ၊ လူငယ်ဘဝနှင့်
လူကြီးဘဝများသည် ခိုင်မာကြံ့ခိုင်ခြင်းနှင့် စာရိတ္တ တန်ခိုး များအားဖြင့်
ထင်ရှားပေါ်လွင်ခဲ့ပါသည်။ “ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။
လမ်းခရီးတော်ကို ဖြောင့်စေကြလော့” ဟူ၍
တောတွင်းဟစ်ကြော်သောဆရာယောဟန်၏အသံကိုကြားရသောအချိန်တွင် စာတန် သည်
မိမိနိုင်ငံ၏လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြခဲ့ပါသည်။ အပြစ်၏ကျူးလွန်မှုကို
လူများကြောက်ရွံ့ကြ သော ဤနည်းဤဟန်များဖြင့် ဖော်ပြခဲ့ပါသည်။
စာတန်၏ထိန်းချုပ်မှုအောက်၌ရှိသော လူများစွာတို့အပေါ် လွှမ်းမိုးနေသည့်
စာတန်၏တန်ခိုးအာဏာသည် ကျိုးပျက်ခဲ့ပါသည်။ ထာဝရဘုရားအား လုံးလုံးလျားလျား
ဆက်ကပ်အပ်နှံသော အသက်တာအခြေအနေမှ ဆရာယောဟန်အား ဝေးစေရန် စာတန်သည် မမောတမ်းမပန်း
တမ်းကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ၎င်းပြင်
သခင်ယေရှုကိုလွှမ်းမိုးရန်ကြိုးစားမှုတွင်လည်း မအောင် မြင်ခဲ့ချေ။ စာတန်သည်
တောတွင်ခရစ်တော်အားစုံစမ်းနှောင့်ယှက်ခြင်းတွင် ရှုံးနိမ့်ခဲ့သဖြင့် အမျက်ခြောင်း
ခြောင်းထွက်ကာ ယခုတွင် ဆရာယောဟန်ကို တိုက်ခိုက်ခြင်းအားဖြင့်
ခရစ်တော်အားဝမ်းနည်းအောင်လုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ စာတန်သည်
အပြစ်ပြုဖို့လှည့်ဖြားသွေးဆောင်ရန် မိမိမစွမ်းဆောင်နိုင်ခဲ့သည့် သခင်ယေရှု အား
ဒုက္ခဝေဒနာခံရစေရန် လုပ်ဆောင်ခဲ့ပါသည်။
သခင်ယေရှုသည် မိမိအစေခံကျွန်ကြီးအား
ကြားဝင်၍ကယ်တင်တော်မမူခဲ့ချေ။ ဆရာယောဟန်အနေနှင့် ထိုစစ်ဆေးမှုကို
ခံနိုင်ရည်ရှိလိမ့်မည်ဟု ကိုယ်တော်သိတော်မူခဲ့ပါသည်။ မှောင်မည်းနေသောအချုပ်ခန်း
ကလေး ကို လင်းထိန်သွားအောင် သခင်ယေရှုသည် ဆရာယောဟန်ထံသို့ ဝမ်းမြောက်ဝမ်းသာဖြင့်
ကြွချီသွားနိုင်ပါသော် လည်း ကိုယ်တော်သည် မိမိကိုယ်ကိုရန်သူလက်တွင်းအကျခံ၍
မိမိအမှုတော်ကိုအပျက်ခံလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်သည်
မိမိ၏သစ္စာရှိအစေခံကျွန်ကြီးအား ကယ်တင်နိုင်ပါသော်လည်း နောင်လာမည့်နှစ်များတွင်
အကျဉ်းထောင်မှသည် အသေသတ်ခြင်းအထိ ခံစားကြရမည့်ထောင်ပေါင်းများစွာသောသူတို့၏
အကျိုးအလို့ငှါ ဆရာယောဟန်သည် မာတုရသေခြင်းကိုခံယူရပါမည်။
ခရစ်တော်၏နောက်လိုက်များသည် ဆိတ်ညံသော အကျဉ်းခန်းထဲတွင် အင်အားဆုတ်ယုတ်နေကြစဉ်
(သို့မဟုတ်) ဓါးဖြင့်လည်းကောင်း၊ ကပ်တိုင်တင်ခြင်းအားဖြင့် လည်းကောင်း၊
ကွပ်မျက်ခြင်းကိုခံနေကြရစဉ် ဘုရားသခင်နှင့်တကွ လူသားများသည်
၎င်းတို့အားစွန့်ပစ်ထားကြ ပြီဟု ခံစားနေရစဉ်များတွင် ၎င်း၏သစ္စာရှိမှုကို
ခရစ်တော်ကိုယ်တော်တိုင်သက်သေခံခြင်းကိုခံခဲ့ရသော ဗတ္တိဇံ ဆရာယောဟန်သည်လည်း
ထိုကဲ့သို့ခံစားခဲ့ရသည်ဟူသော အသိကလေးသည် ၎င်းတို့၏စိတ်နှလုံးတွင် အားကိုး
မှီခိုရာတစ်ခုဖြစ်စေပါလိမ့်မည်။
ဆရာယောဟန်၏လောကသက်တမ်းကိုတိုစေရန်
စာတန်အားခွင့်ပြုခဲ့သော်လည်း ဘုရားသခင်၌ဝှက် ထားလျက်ရှိသော ၎င်း၏အသက်ကိုမူ
စာတန်လက်လှမ်းမမီခဲ့ချေ။ ၎င်းသည် ခရစ်တော်အား ဝမ်းနည်းစေနိုင်ခဲ့ သဖြင့်
ဝမ်းမြောက်ပီတိဖြစ်နေသော်လည်း ဆရာယောဟန်ကိုအောင်နိုင်ရန် မစွမ်းနိုင်ခဲ့ချေ။ သေခြင်းသည်
ဆရာ ယောဟန်အား စုံစမ်းနှောင့်ယှက်ခြင်းတန်ခိုးလက်လှမ်းမမီနိုင်သည့်နေရာသို့
ထာဝစဉ်ပို့ဆောင်ထားခဲ့ပါ သည်။ ဤတိုက်လှန်ပွဲတွင် စာတန်သည်
မိမိ၏ဇာတိမှန်ကိုထုတ်ဖော်ခဲ့ပါသည်။ စကြဝဠာကိုသက်သေခံခြင်းမပြုမီ သူသည်
ဘုရားသခင်နှင့်လူသားများအပေါ်ထားရှိသည့် မိမိ၏ရန်ငြိုးကိုထင်ရှားစေခဲ့ပါသည်။
ဆရာယောဟန်အား အံ့ဖွယ်နိမိတ်လက္ခဏာများပြ၍
မကယ်လွှတ်ခဲ့သော်လည်း သူသည် စွန့်ပစ်ခြင်းကို မခံခဲ့ရချေ။ သူသည်
မိမိအားခရစ်တော်နှင့်ပတ်သက်သောအနာဂတ္တိစကားများနှင့် အလွန်အဖိုးထိုက်တန်သော
ကတိတော်များကို အသိပေးခဲ့သည့် ကောင်းကင်သားများ၏အပေါင်းအဖော်ပြုမှုကို အမြဲတမ်းရရှိခဲ့ပါသည်။
ဤအရာများသည် ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏သားသမီးများအတွက် အားကိုးအားထားပြုစရာ
ဖြစ်သကဲ့သို့ ဆရာယောဟန်အတွက်လည်း အားထားစရာဖြစ်ခဲ့ပါသည်။ “ငါသည်လည်း
ကပ်ကမ္ဘာကုန်သည့် တိုင် အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်” ဟူသောအာမခံချက်ကို
နောက်ပိုင်းလူသားများကို ပေးခဲ့သကဲ့သို့ ဆရာယောဟန်အားလည်း ပေးတော်မူခဲ့ပါသည်။
ဘုရားသခင်၏သားသမီးများသည်
အစမှသည်အဆုံးတိုင်အောင်မြင်တွေ့နိုင်ကြပြီး ကိုယ်တော်နှင့်အတူ လက်တွဲ၍
၎င်းတို့ဖြည့်ဆည်းနေကြသောအကြံအစည်တော်၏ ဘုန်းအာနုဘော်တော်ကို သိရှိနားလည်ကြမည်ဆို
လျှင် ၎င်းတို့ရွေးချယ်သည့်အရာများနှင့်မတူသည့်အရာတို့ကို ဘုရားသခင်သည်
မည်သည့်အခါမျှ ရွေးချယ်စေ တော်မူမည်မဟုတ်ချေ။ သေခြင်းကိုမခံစားလိုက်ရဘဲ
ကောင်းကင်သို့တက်ကြွသွားခဲ့သော ဧနောက်သည်လည်း ကောင်း၊ မီးမြင်းရထားဖြင့်
ကောင်းကင်သို့ယူဆောင်ခြင်းခံခဲ့ရသော ဧလိယသည်လည်းကောင်း၊ အကျဉ်းထောင်
ထဲတွင်အထီးကျန်ဘဝဖြင့် သေဆုံးခဲ့ရသော ဆရာယောဟန်ထက် ပိုမို၍ဂုဏ်ပြုခြင်းမခံခဲ့ကြရချေ။
“သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်းကြားသည့်အတိုင်း
ငါခံရသောတိုက်လှန်ခြင်းကိုခံရသည်နည်းတူ သင်တို့ သည် ခံရကြသည်ဖြစ်၍
ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်မှတစ်ပါး ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်း
အခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏” ဖိလိပ္ပိ ၁း၂၉။ ၎င်းပြင် လူသားများအပေါ်
ဘုရားသခင်ချပေးတော်မူ သောဆုကျေးဇူးများတွင် ကိုယ်တော်နှင့်အတူလက်တွဲ၍
ဒုက္ခဆင်းရဲခံခြင်းသည် အလေးနက်ဆုံးကိုးစားမှုဖြစ်ပြီး
အကြီးမြတ်ဆုံးဂုဏ်ပြုခြင်းလည်းဖြစ်ပါသည်။
No comments:
Post a Comment