Sunday, April 19, 2026

အခန်းကြီး - ၃။ ကာလအချိန်ပြည့်စုံခြင်း

 

ကာလအချိန်ပြည့်စုံခြင်း

         “အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့်ကိုခံရမည့်အကြောင်း၊ ပညတ်တရားလက်၌ ရှိသောငါတို့ကို ရွေးနုတ်စေခြင်းငှါ--- သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏”ဂလာတိ၄း၄-၅။

         ကယ်တင်ရှင်ကြွလာခြင်းအကြောင်းကို ဧဒင်ဥယျဉ်တွင်ပြောကြားခဲ့ပါသည်။ အာဒံနှင့်ဧဝတို့ သည် ထိုကတိတော်ကို ဦးစွာပထမ ကြားခဲ့ရစဉ်က ဆောလျင်စွာကတိတော်ပြည့်စုံစေရန်မျှော်လင့်ခဲ့ ကြပါသည်။ သူတို့သည် သားဦးကလေးကို ကတိထားတော်မူသော ကယ်တင်ရှင်ကို မမြင်လိုက်ကြရဘဲ သေကုန်ခဲ့ကြပါသည်။ ရှေးဘိုးဘေးများနှင့် ပုရောဖက်များသည် ဧနောက်အချိန်မှစ၍ကိုယ်တော်ရှင်၏ ကြွလာခြင်းအတွက် မျှော်လင့်ခြင်းစိတ်ဓာတ်များ နိုးကြားနေစေရန် ထိုကတိတော်ကို မကြာခဏ ပြောကြား ခဲ့ပါသည်။ သို့စေကာမူ ကိုယ်တော်ရှင်သည် ကြွမလာခဲ့ချေ။ ဒံယေလအနာဂတ္တိစကားသည် ကိုယ်တော်ရှင်ကြွလာမည့်အချိန်ကိုဖော်ပြခဲ့သော်လည်း ထိုသတင်းစကားကို မှန်ကန်စွာအနက်အဓိပ္ပါယ် မကောက်ယူနိုင်ခဲ့ကြချေ။ ရာစုနှစ်တစ်ခုပြီးတစ်ခုကျော်လွန်ခဲ့ပေပြီ။ ပုရောဖက်များ၏အသံများလည်း ငြိမ်သက်ကုန်ကြပေပြီ။ ဖိနှိပ်ချူပ်ချယ်သူ၏လက်များသည် ဣသရေလလူများအပေါ်သို့ လေးလံစွာ ကျရောက်ခဲ့ပြီး များစွာသောသူတို့သည် “ နေ့ရက်ကာလရွေ့လျက်ရှိ၍ ခပ်သိမ်းသောဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီ” ဟုအော်ဟစ်ရန် အသင့်ရှိခဲ့ကြပါသည်။ ယေဇကျေ၊ ၁၂း၂၂။

         သို့သော်လည်း  မိမိတို့၏လမ်းကြောင်းများအတိုင်း လှည့်ပတ်သွားလာနေသောကြယ်များကဲ့သို့ ထာဝရဘုရား၏ အကြံအစည်တော်များသည် သတ်မှတ်ထားသောအချိန်ထက်စော၍ မဖြစ်ပွားခဲ့သည့် အပြင်နှောင့်နှေးခြင်းလည်းမရှိခဲ့ချေ။ ထူထဲမှောင်မိုက်ခြင်းနှင့် မီးခိုးထွက်နေသော မီးဖိုများတို့၏ ပုံဆောင် ခြင်းများအားဖြင့် ဘုရားသခင်သည် ဣသရေလလူများတို့ အီဂျစ်ပြည်တွင်ကျွန်ခံရမည့် အကြောင်းကို လည်းကောင်း၊ ထိုကာလသည် နှစ်ပေါင်း(၄၀၀၀) ဖြစ်မည့်အကြောင်းကိုလည်းကောင်း ဖော်ပြခဲ့ပါသည်။ “ ထိုနောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်” ဟူ၍ မိန့်မြွက်တော်မူပါသည် (ကမ္ဘာဦး ၁၅း၁၄)။ ထိုနှုတ်ထွက်စကားများကို ဆန့်ကျင်၍ မာနထောင်လွှားသောဖါရောမင်း၏အင်ပါယာမှ တန်ခိုး အာဏာများက ဆိုင်ပြိုင်တိုက်လှန်ခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏ကတိ တော်အတိုင်း သတ်မှတ်ထားသောနေ့သို့ရောက်လာသောအခါ “ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့ သည် အဲဂုတ္တုပြည်မှထွက်သွားကြ၏” ကမ္ဘာဦး ၁၂း၄၁။ ထိုနည်းအတိုင်းပင် ကောင်းကင်ရွှေနန်းတော်တွင် ခရစ်တော်ကြွလာခြင်းအတွက် အချိန်နာရီကိုသတ်မှတ်ထားပြီးဖြစ်ပါသည်။ သတ်မှတ်ထားသောအချိန် နာရီသို့ ရောက်သောအခါ သခင်ယေရှုသည် ဗက်လင်မြို့တွင် ဖွားမြင်ခြင်းကိုခံယူတော်မူခဲ့ပါသည်။

         ကာလအချိန်ပြည့်စုံသောအခါ ဘုရားသခင်သည် သားတော်ကိုစေလွှတ်တော်မူခဲ့ပါသည်။ ကမ္ဘာကြီးသည် ကယ်တင်ရှင်၏ကြွလာခြင်းအတွက် အဆင်သင့်ရှိသည့်အခြေအနေသို့ ရောက်သည့် တိုင်အောင် ဘုရားသခင်သည် တိုင်းနိုင်ငံများ၏ လှုပ်ရှားမှုများနှင့် လူသားများ၏လှုံ့ဆော်မှုများ၊ ဆွဲဆောင်မှုများ၏ အတက်အကျအပြောင်းအလဲများကို ညွှန်ကြားထားတော်မူခဲ့သည်။ တစ်နိုင်ငံလုံးကို အစိုးရတစ်ခုတည်းလက်အောက်တွင် စုစည်းခဲ့ကြသည်။ ဘာသာစကားတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြောဆိုကြပြီး ထိုဘာသာစကားကို အမျိုးသားစာပေ၏စကားဟူ၍ တိုင်းပြည်၏နေရာတိုင်းတွင် အသိအမှတ်ပြုခဲ့ကြသည်။ အရပ်ရပ်တွင် ကွဲလွင့်ခဲ့ကြသော ယုဒလူမျိုးများသည် နှစ်စဉ်ကျင်းပမြဲဖြစ် သောပွဲကို တက်ရောက်ရန် ယေရုရှလင်မြို့တွင် စုရုံးခဲ့ကြပါသည်။ ၎င်းတို့သည် ထိုပွဲမှနေရင်းအရပ်များ သို့ပြန်လည်ရောက်ရှိသွားကြသောအခါ မေရှိယကြွလာခြင်းနှင့်ပတ်သက်သော သတင်းစကားများကို ကမ္ဘာအနှံ့သာသနာဖြန့်ခဲ့ကြပါသည်။

         ဤအချိန်တွင် တစ်ပါးအမျိုးသားများ၏ဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သော စနစ်များသည် ဣသရေလများအပေါ်တွင် ဆွဲဆောင်မှုနည်းပါးလာခဲ့ပါသည်။ လူများပြသသည့်အခင်းအကျင်းများနှင့် ယုံတမ်းစကား ဒဏ္ဍာရီပုံပြင်များဖြင့်သာ သူတို့ငြီးငွေ့ခဲ့ကြရပါသည်။ သူတို့သည်နှလုံးသား၏ လိုအပ်ချက် ကို ဖြည့်စွမ်းပေးနိုင်မည့် ဘာသာတရားတစ်ခုကို တောင့်တခဲ့ကြပါသည်။ သမ္မာတရား၏အလင်းသည် လူသားများအတွင်းမှ ပျောက်ကွယ်သယောင်ရှိစဉ်တွင် အလင်းတရားကိုတောင့်တနေသည့် စိတ်ရှုပ်ထွေး မှုများနှင့် ဝမ်းနည်းမှုများကိုခံစားနေရသော အသက်ဝိညာဉ် များစွာရှိပါသည်။ ၎င်းတို့သည် အသက်ရှင် လျက်ရှိတော်မူသော ဘုရားသခင်ကို ချစ်ခြင်းပညာနှင့် သေခြင်း၏တစ်ဖက်တွင်ရှိသော အာမခံချက်ကို တောင့်တမျှော်လင့်နေခဲ့ကြပါသည်။

         ဣသရေလများသည် ထာဝရဘုရားသခင်ထံမှ ဝေးကွာခဲ့ကြစဉ် ယုံကြည်ခြင်းနည်းလာပြီး အနာဂတ်မျှော်လင့်ချက်များလည်း မှေးမှိန်လုနီးနီးဖြစ်ပျက်ခဲ့ကြပါသည်။ ပုရောဖက်စကားများကိုလည်း သဘောပေါက်နားလည်မှုမရှိကြတော့ချေ။ ပြည်သူလူထုအတွက် သေခြင်းတရားသည် စိုးရွံ့ထိတ်လန့် ဖွယ် နက်နဲမှုတစ်ခုဖြစ်နေပြီး သေခြင်း၏တစ်ဖက်တွင် မသေချာမှုနှင့်အမှောင်ထုသာ ရှိခဲ့ပါသည်။ “ရာမအရပ်၌ သည်းစွာသောညည်းတွား ငိုကြွေးမြည်တမ်းခြင်းအသံကိုကြားရ၍ ရာခေလသည် မိမိသားတို့မရှိသောကြောင့် ငို၍စိတ်မပြေနိုင်” ဟူသော ပုရောဖက်စကားသည် ဗက်လင်တွင်ရှိကြသော မိခင်များတို့၏ ငိုကြွေးမြည်တမ်းခြင်းအတွက်သာမကဘဲ လူသားထုတစ်ခုလုံး၏ နှလုံးသားများမှ အော်ဟစ်သံများလည်းဖြစ်ပါသည်။ သေမင်း၏အရိပ်လွှမ်းမိုးသော အရပ်တွင် လူသားများသည် ဖြေသိမ့်ခြင်းမရှိဘဲ နေထိုင်ခဲ့ကြရပါသည်။ သူတို့သည် အမှောင်ထုကွယ်ပျောက်၍ အနာဂတ်လျှို့ဝှက်မှု များကို ထင်ထင်ရှားရှားသိရှိနိုင်မည့်အချိန်တည်းဟူသော ကယ်တင်ရှင်ကြွလာမည့်အချိန်ကိုတောင့်တ သောမျက်လုံးများဖြင့် မျှော်လင့်ခဲ့ကြပါသည်။

         ဣသရေလနိုင်ငံ၏ပြင်ပတွင်လည်း သခင်ယေရှုပေါ်ထွန်းမည့်အကြောင်းကို ကြိုတင်အနာဂတ်ပြု သည့်သူများ ရှိခဲ့ကြပါသည်။ ဤလူများသည် သမ္မာတရားကိုရှာဖွေခဲ့ကြသဖြင့် ဝိညာဉ်တော်တန်ခိုးကို ရရှိခဲ့ကြပါသည်။ မှောင်မည်းနေသော ကောင်းကင်ပြင်တွင် ကြယ်များထွန်းတောက်သကဲ့သို့ ထိုကျမ်း တတ်ဆရာများသည် တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွန်းခဲ့ကြပါသည်။ ၎င်းတို့၏အနာဂတ္တိစကား များသည် တစ်ပါးအမျိုးသားတို့၏ ကမ္ဘာမှထောင်ပေါင်းများစွာသော လူများ၏စိတ်နှလုံးများတွင် မျှော်လင့်ခြင်းရောင်ခြည် တောက်ပစေခဲ့ပါသည်။

         နှစ်ပေါင်းများစွာအတွင်းတွင် သမ္မာကျမ်းစာကို ထိုအချိန်၌ ရောမအင်ပါယာအနှံ့အပြားတွင် အသုံးပြုခဲ့သော ဂရိဘာသာအားဖြင့် ဘာသာပြန်ဆိုခဲ့ပါသည်။ ဣသရေလများသည် နေရာအနှံ့ကွဲလွင့်ခဲ့ ကြပြီး ၎င်းတို့၏ မေရှိယကြွလာခြင်းနှင့်ပတ်သက်သော မျှော်လင့်ချက်သည်လည်း တစ်ပါးအမျိုးသားများ အားဖြင့် အတော်အတန်ပျံ့နှံ့ခဲ့ပါသည်။ ဣသရေလများအနေဖြင့် တစ်ပါးအမျိုးသားဟုခေါ်ဝေါ်ခြင်း ခံနေရသူများထဲတွင် မေရှိယနှင့်ပတ်သက်သော အနာဂတ္တိကျမ်းစာများကို ယုဒပြည်တွင်ရှိသော ကျမ်းတတ်ဆရာများထက် ပို၍နားလည်သောသူများရှိခဲ့ကြပါသည်။ အချို့သောတစ်ပါးအမျိုးသားများ အနေနှင့် ကယ်တင်ရှင်၏ကြွလာခြင်းသည် အပြစ်မှကယ်လွှတ်မည့်သူတစ်ဦးအနေဖြင့် ကြွလာမည် ဖြစ်ကြောင်း မျှော်လင့်ခဲ့ကြပါသည်။ သို့သော ယုဒလူမျိုးများ၏ တစ်ယူသန်မှုသည် အလင်းတရားပျံ့နှံ့မည့် အရေးကို အတားအဆီးဖြစ်လျက်ရှိပါသည်။ သူတို့နှင့်အခြားလူမျိုးများအကြား ကွဲပြားခြားနားမှုကို ဆက်လက်ထိန်းသိမ်းလိုသည့်သဘောဖြင့် ၎င်းတို့လက်ဝယ်ပိုင်ဆိုင်ထားသည့် ပုံဆောင်မှုဆိုင်ရာဝတ်ပြု ကိုးကွယ်မှုများနှင့် ပတ်သက်သောအရာများကို ဣသရေလလူများသည် အခြားသူများအားမမျှဝေ လိုကြချေ။ အနက်အဓိပ္ပါယ်ကိုဖွင့်ဆိုမည့်သူတည်းဟူသော ပုံဆောင်မှုများဖြင့် ရှေ့ပြေးနိမိတ်ပြုခြင်း ခံရသော ပုဂ္ဂိုလ်တစ်ပါးသည် ကြွလာ၍ထိုပုံဆောင်မှုများ၏ ထူးခြားသည့်အဓိပ္ပါယ်ရှိမှုများကိုရှင်းလင်း ပေးမည်ဖြစ်ပါသည်။

         ထာဝရဘုရားသည် သဘာဝတရားအားဖြင့်သော်လည်းကောင်း၊ ပုံဆောင်မှုများအားဖြင့်သော် လည်းကောင်း၊ ရှေးဘိုးဘေးများနှင့် ပုရောဖက်များအားဖြင့်သော်လည်းကောင်း၊ ကမ္ဘာသားများအားပြော ကြားခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် လူသားများကို၎င်းတို့အသုံးပြုသည့် ဘာသာစကားများအားဖြင့် သင်ခန်းစာ ပေးရမည်ဖြစ်ပါသည်။ ပဋိညာဉ်ပြုခဲ့သော ထာဝရဘုရားကိုယ်တိုင်မိန့်မြွက်တော်မူ၍ ကိုယ်တော် ၏အသံတော်ကို ကိုယ်တော်၏ဗိမာန်တော်ထဲတွင်ကြားနာရမည်ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နားလည်သင့်သောနှုတ်ကပတ်တော်များကို မိန့်မြွက်တော်မူရန် ခရစ်တော်ကြွလာ မည်ဖြစ်ပါသည်။ သမ္မာတရားကို ရေးသားခဲ့သူဖြစ်သော ကိုယ်တော်ရှင်ဘုရားသည် သမ္မာတရား အတွက် လူသားများထုတ်ဖော်ခဲ့သော အကျိုးမဲ့သေးနုပ်သည့် အရာများနှင့် စစ်မှန်သော သမ္မာတရားကို ခွဲခြား၍ ပြသရပါမည်။ ဘုရားသခင်နိုင်ငံတော်၏စည်းမျဉ်းများနှင့် ကယ်တင်ခြင်းစီမံကိန်းများကို ရှင်းလင်းစွာ ဖော်ပြရမည်။ ဓမ္မဟောင်းကျမ်းမှ သင်ခန်းစာများကို လူများရှေ့တွင် ပြည့်စုံစွာတင်ပြရမည်ဖြစ်ပါသည်။

         ဣသရေလလူများထဲ၌ ယုံကြည်ခြင်းတွင် ခိုင်မြဲသောသူများတည်းဟူသော သန့်ရှင်းသော အမျိုးအနွယ်များအားဖြင့် ဘုရားသခင်ကိုသိခြင်းပညာကို ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ပါသည်။ ထိုသူများသည် ဘိုးဘေးများကို ပေးထားခဲ့သောကတိတော်၏ မျှော်လင့်ချက်ကို မျှော်လင့်ကြဆဲ ဖြစ်ပါသည်။ သူတို့၏ယုံကြည်ခြင်းကို မောရှေမှတစ်ဆင့် ဘုရားသခင်ပေးတော်မူခဲ့သည့် “သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပုရောဖက် တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပုရောဖက်ဟောပြောသမျှသောအရာတို့ကို သင်တို့သည်နား ထောင်ကြရမည်” ဟူသော အာမခံချက်အပေါ်တွင် ရပ်တည်၍ ခွန်အားယူခဲ့ကြပါသည်။ တစ်ဖန် ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှါလည်းကောင်း၊ နှလုံးကြေကွဲသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် အကျဉ်းချခြင်းခံရသောသူတို့အားထောင်တံခါးဖွင့်ပေးမည့် အကြောင်း ကို ပြောစေခြင်းငှါလည်းကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်အကြောင်းကို ပြောစေခြင်းငှါ လည်းကောင်း ထာဝရဘုရားသည် ကိုယ်တော်ကို ဘိသိက်ပေးတော်မူခဲ့ကြောင်းကို သူတို့ဖတ်ခဲ့ကြရပါသည်။ (ဟေရှာ ၆၁း၁-၂)။ ကိုယ်တော်သည် မြေကြီးပေါ်တွင် တရားတော်ကိုတည်စေမည့်အကြောင်းနှင့် ကိုယ်တော်၏ တရားတော်ကို တစ်ကျွန်းတစ်နိုင်ငံသားတို့သည် မျှော်လင့်ကြမည့်အကြောင်းများကိုလည်းကောင်း၊ တစ်ပါးအမျိုးသားများသည် ကိုယ်တော်၏ပေါ်ထွန်းခြင်းအရောင်သို့ လာရောက်ချဉ်းကပ်ကြမည့် အကြောင်းများကိုလည်းကောင်း သူတို့ဖတ်ရှုခဲ့ကြပါသည်။

         “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏ အမျိုးအနွယ်မှလည်းကောင်း မရွှေ့ရ” ဟူသောသေခါနီးဖြစ်သော ယာကုပ်ပြောသွားခဲ့သောစကား များသည် သူတို့အားမျှော်လင့်ချက်နှင့်ပြည့်ဝစေခဲ့ပါသည်။ ဣသရေလများ၏ ဆုတ်ယုတ်လျော့ပါး နေသော တန်ခိုးအာဏာများသည် မကြာတော့မီအချိန်တွင် မေရှိယကြွလာမည်ကိုသက်သေ ပြုခဲ့ပါသည်။ ဒံယေလအနာဂတ္တိကျမ်းသည် လောကီနိုင်ငံရှိသမျှကိုအောင်နိုင်ကာ တည်ထောင်မည့်နိုင်ငံ တစ်ခုကို အုပ်စိုးမည့်ကိုယ်တော်ရှင်၏ဘုန်းတော်ကို ရုပ်လုံးဖော်ထားပါသည်။ ၎င်းပြင် “ ထိုနိုင်ငံတော် သည် အစဉ် အမြဲတည်လိမ့်မည်” ဟု ဒံယေလကပြောကြားခဲ့ပါသည်။ လူအနည်းငယ်ကသာ ခရစ်တော်၏ အမှုတော် အကြောင်းကိုနားလည်ခဲ့ကြပြီး တန်ခိုးကြီးသောမင်းသား တစ်ပါးသည် ဣသရေလနိုင်ငံကြီးကို တည်ထောင်၍ ရောမတို့၏လက်မှ ၎င်းတို့ကိုကယ်တင်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြ ပါသည်။

         ကာလအချိန်ပြည့်စုံလာခဲ့ပေပြီ။ ခေတ်အဆက်ဆက် အပြစ်ကျူးလွန်မှုကြောင့် ပို၍ယုတ်ညံ့ လာသော လူသားများသည် ကယ်တင်ရှင်၏ကြွလာခြင်းကို အထူးလိုအပ်လာခဲ့ပါသည်။ စာတန်သည် ကောင်းကင်နှင့်မြေကြီးအကြား မကျော်ဖြတ်နိုင်လောက်အောင် အလွန်နက်ရှိုင်းသောချိုင့်ဝှမ်းကြီးကို ဖန်တီးလျက်ရှိပါသည်။ လူသားများအား အပြစ်ပြုရန် ရဲဆေးတင်ပေးခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ဤကမ္ဘာကြီးအား စာတန်၏တရားစီရင်မှုအောက်တွင် စွန့်ပစ်ထားခဲ့စေရန် အလို့ငှါထာဝရဘုရား၏ သည်းခံမှုကို တဖြည်းဖြည်းပျောက်ကွယ်သွားစေရန်နှင့် လူသားများအပေါ်ထားရှိသည့် ဘုရား၏မေတ္တာ တော်ချုပ်ငြိမ်းသွားစေရန်မှာ စာတန်၏အကြံအစည်ဖြစ်ပါသည်။

         လူသားများအနေနှင့် ဘုရားသခင်ကို သိခြင်းပညာကိုမရအောင် ပိတ်ပင်တားဆီးရန်အတွက် သော်လည်းကောင်း၊ ၎င်းတို့၏ အာရုံပြုမှုကို ဘုရားသခင်၏ဗိမာန်တော်မှ ကျောခိုင်းစေရန်အတွက် သော်လည်းကောင်း၊ ၎င်း၏ကိုယ်ပိုင်နိုင်ငံတော်တည်ထောင်ရန်အတွက်သော်လည်းကောင်း စာတန်သည် ကြိုးစားလျက်ရှိပါသည်။ အထွတ်အမြတ်ရာထူးအတွက် စာတန်၏ ယှဉ်ပြိုင်တိုက်လှန်ခြင်းသည် လုံးလုံးလျားလျား အောင်မြင်တော့မလိုလိုဖြစ်ခဲ့ပါသည်။ ခေတ်အဆက်ဆက်တွင် ထာဝရဘုရား၌ ကိုယ်စားလှယ်တော်များရှိခဲ့သည်ဆိုသည်မှာမှန်ပါသည်။ တစ်ပါးအမျိုးသားများထဲ၌ပင်လျှင် အပြစ်နှင့် ယုတ်ညံ့ဆုတ်လျော့မှုများမှ ၎င်းတို့အားမြှင့်တင်ရန် ထိုလူများအားဖြင့်ခရစ်တော်သည်အလုပ်လုပ် တော်မူခဲ့ပါသည်။ သို့သော် ထိုလူများသည် အထင်အမြင်သေးမှုနှင့် မုန်းတီးမှုကို ခံကြရပါသည်။ ၎င်းတို့အထဲမှ လူများစွာတို့သည် ရက်စက်စွာအသတ်ခံခဲ့ကြရပါသည်။ ကမ္ဘာကြီးအပေါ်သို့စာတန် လွှမ်းခြုံထားသည့် အမှောင်ထုကြီးသည် ပို၍ပို၍ သာမည်းမှောင်လာပါတော့သည်။

         စာတန်သည် ရုပ်တုကိုးကွယ်ခြင်းဝါဒအားဖြင့် လူသားများအားဘုရားသခင်ထံမှ ခေတ်အဆက် ဆက်သွေဖည်လမ်းလွဲစေခဲ့ပါသည်။ သို့သော်လည်း ဣသရေလများ၏ ယုံကြည်ခြင်းဖောက်ပြန်နေခြင်း များတွင် သူသည်အကြီးအကျယ်အောင်မြင်မှုရရှိခဲ့ပါသည်။ တစ်ပါးအမျိုးသားများသည် မိမိတို့၏ကိုယ်ပိုင် တွေးဆချက်များအပေါ်တွင်သာ အာရုံပြုဦးစားပေးကြခြင်းဖြင့် ထာဝရဘုရားကိုသိခြင်းပညာဆုံးရှုံးပြီး ပို၍ပို၍ဖောက်ပြန် ပျက်စီးလာခဲ့ကြပါသည်။ ထိုနည်းနှင့်ပင် ဣသရေလများသည်လည်း ဖောက်ပြန် ပျက်စီးလာခဲ့ကြပါသည်။ မိမိ၏အကျင့်အားဖြင့် ကယ်တင်ခြင်းရောက်နိုင်သည်ဆိုသည့် လမ်းစဉ်သည် ရုပ်တုကိုးကွယ်သောဘာသာတိုင်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ထိုလမ်းစဉ်သည် ယခုအချိန်တွင် ယုဒဘာသာရေး၏လမ်းစဉ်ဖြစ်လာခဲ့ပါသည်။ ထိုလမ်းစဉ်ကို စာတန်စိုက်ထူခဲ့ပါသည်။ ထိုလမ်းစဉ်ကို ကျင့်သုံးသော မည်သည့်နေရာတွင်မဆို လူ၌အပြစ်နှင့်ဆန့်ကျင်၍ မည်သည့်အဆီးအတားမျှမရှိတော့ချေ။

         ကယ်တင်ခြင်းသတင်းစကားကို လူသားကိုယ်စားလှယ်များမှတစ်ဆင့် လူများထံသို့ပျံ့နှံ့စေခဲ့ ပါသည်။ သို့သော် ယုဒလူများသည် ထာဝရအသက်တည်းဟူသော သမ္မာတရားကို လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့ပါသည်။ သူတို့သည်အသက်နှင့်ပြည့်စုံသော မန္နမုန့်ကိုစုဆောင်းသိမ်းဆည်းခဲ့ကြသဖြင့် ထိုမုန့် များသည် ပျက်စီးကုန်ခဲ့ကြပါသည်။ မိမိတို့အတွက်သာ ကျင့်ဆောင်ရန် သီးသန့်ထားရှိသည့် ဘာသာ တရားသည် ထိမိလဲစရာအဆီးအတားတစ်ခု ဖြစ်လာခဲ့ပါသည်။ သူတို့သည် ထာဝရဘုရား၏ ဘုန်းတော် ကို မှေးမှိန်စေပြီး မှားယွင်းသောဧဝံဂေလိသတင်း စကားနှင့် ကမ္ဘာကြီးကို လိမ်လည်ခဲ့ကြပါသည်။ သူတို့သည် ကမ္ဘာကြီးတစ်ခုလုံး၏ ကယ်တင်ခြင်းအတွက် မိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ် အပ်နှံရန် ငြင်းဆန်ခဲ့ကြသဖြင့် ၎င်းတို့သည် အဖျက်လုပ်ငန်းအတွက် စာတန်၏ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြ ပါသည်။

         သမ္မာတရားအတွက်  အခြေခံမဏ္ဍိုင်များဖြစ်ရန် ဘုရားသခင်ခေါ်တော်မူခဲ့သောသူများသည် စာတန်၏ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြပေပြီ။ သူတို့သည် ထာဝရဘုရား၏စာရိတ္တတော်ကို မှားယွင်းစွာ ရုပ်လုံးဖော်ရေးလမ်းစဉ်ကို လိုက်လျှောက်လျက် စာတန်လုပ်ဆောင်စေလိုသည့် အလုပ်များကိုလုပ်လျက်ရှိကြပါသည်။ ၎င်းပြင် ကိုယ်တော်အားနိုင်ထက်စီးနင်း အုပ်ချုပ်သောသူကဲ့သို့ ကမ္ဘာကရှုမြင်လာအောင် လှုံ့ဆော်နေပါသည်။ ဗိမာန်တော်တွင် အမှုတော်ထမ်းဆောင်နေသော ယဇ်ပုရောဟိတ်များသည်ပင်လျှင် မိမိတို့လုပ်ဆောင်နေသော အခမ်းအနားများ၏ ထူးခြားသော ပုံဆောင်မှုများကို မျက်ချည်ပြတ်ခဲ့ကြပါသည်။ သူတို့သည် ပုံဆောင်ထားသောအရာများ၏ နောက်ကွယ် တွင်ရှိသော ထူးခြားသည့် လေးနက်မှုများကို မကြည့်ရှုကြတော့်ချေ။ ပူဇော်သကာများကို ဆက်ကပ်ခြင်း များတွင် သူတို့သည် ပြဇာတ်ထဲမှ မင်းသားများကဲ့သို့ ဖြစ်နေခဲ့ကြပါသည်။ ဘုရားသခင်ကိုယ်တော်တိုင် သတ်မှတ်ခဲ့သောဝိနည်းအထုံးအဖွဲ့များကို ဝိညာဉ်ရေးမျက်စိကန်းခြင်းနှင့် စိတ်နှလုံးမာကျောခြင်းများ ဖြစ်စေသည့် နည်းလမ်းများဖြစ်စေခဲ့ကြပါသည်။ ထာဝရဘုရားသည်လူသားများအတွက် ဤနည်းလမ်း များအရ ယခုထက်ပို၍ မလုပ်ဆောင်နိုင်တော့ချေ။ နည်းစနစ်ကြီးတစ်ခုလုံး ဖျက်သိမ်းရှင်းလင်းပစ်ရမည် ဖြစ်ပါသည်။

         အပြစ်၏လိမ်ညာမှုသည် အထွတ်သို့ရောက်ရှိခဲ့ပါသည်။ စာတန်၏လက်အောက်တွင် တန်ခိုး ဩဇာရှိသော ပုဂ္ဂိုလ်အားလုံးသည် လူသားများ၏အကျင့်စာရိတ္တများ ဖောက်ပြန်ပျက်ပြားလာရန် အတွက် လုပ်ကိုင်ဆောင်ရွက်ရန် ကြိုးစားခဲ့ကြပါသည်။ ဘုရားသခင်၏သားတော်သည်ကမ္ဘာ လောကကြီးကို ကြည့်ရှုလိုက်သောအခါ ကိုယ်ဆင်းရဲခြင်းများနှင့် စိတ်ဆင်းရဲခြင်းများကို တွေ့မြင်ခဲ့ရပါသည်။ လူသားများ သည်အလွန်ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ၏ သားကောင်များဖြစ်နေကြ ကြောင်းကို ရင်ထုမနာတွေ့မြင်ခဲ့ရပါသည်။ ပျက်ယွင်းညစ်ညူးအောင်ပြုမူခံနေရသူများ၊ အသတ်အဖြတ်ခံနေရသူ များနှင့် ပျောက်ဆုံးနေသူများကို ကရုဏာသက်ဝင်စွာဖြင့် ကိုယ်တော်ရှင်ကြည့်ရှုတော်မူ၏။ သူတို့အား သုံ့ပန်းအဖြစ် ဖမ်းဆီးချည်နှောင်မည့်သူကို ဘုရင်အဖြစ်လည်းကောင်း သူတို့သည်ရွေးချယ် ခဲ့ကြသည်။ စိတ်ရှုပ်ထွေးပြီး လိမ်လည်လှည့်ဖျားမှုကို ခံခဲ့ကြရသဖြင့် ၎င်းတို့သည် စိတ်ညိုးငယ်စွာဖြင့် တန်းစီလျက် အသက်ရှင်ရန်မျှော်လင့်ချက်လုံးဝမရှိတော့သည့် ပျက်စီးခြင်းသို့ ဦးတည်သွားလာနေကြ ပါသည်။ စာတန်၏ ဘက်တော်သားကိုယ်စားလှယ်များသည် လူသားများနှင့်ပူးပေါင်းခဲ့ကြသည်။ ဘုရားသခင်ကိန်း အောင်းရန်နေရာအဖြစ် ဖန်ဆင်းထားသောလူသားများ၏ ကိုယ်ခန္ဓာများသည် နတ်ဆိုးများ၏ဘုံဗိမာန် များဖြစ်လာခဲ့ပါသည်။ လူသားများ၏အာရုံခံစားမှုများ၊ အာရုံကြောများ၊ စိတ်ဆန္ဒများနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများတို့သည် အယုတ်ညံ့ဆုံးသောကာမဂုဏ်လိုက်စားခြင်းတွင် နတ်ဆိုးများ၏အသုံးပြု ခြင်း ကိုခံနေရပေသည်။ နတ်ဆိုးများတို့၏ တံဆိပ်ကိုလူသားများ၏ မျက်နှာများတွင် ၎င်းတို့အားစီးထားသော နတ်ဆိုးတပ်ကြီး၏ ရုပ်လုံးများသည် ရောင်ပြန်ဟပ်လျက်ရှိပါသည်။ ကမ္ဘာ့ကယ်တင်ရှင်သည် ထိုကဲ့သို့သော မြင်ကွင်းများကို ရှုမြင်တော်မူခဲ့သည်။ ကယ်တင်ရှင် အတွက် ကြည့်ရှုရန်မနှစ်မြို့စရာ ကောင်းသော မြင်ကွင်းတစ်ခုပါတကား။

         အပြစ်သည်သိပ္ပံပညာရပ်တစ်ခုဖြစ်လာခဲ့ပြီး ဆိုးညစ်မှုသည် ဘာသာတရား၏ကဏ္ဍတစ်ခုအနေ ဖြင့်ဆက်ကပ်အပ်နှံခြင်းကိုခံခဲ့ရ၏။ ဘုရားရှင်အားဆန့်ကျင်သည့်စိတ်ဓာတ်သည် လူသားတို့၏ နှလုံးသားဝယ် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲခဲ့ပေပြီ။ ၎င်းအပြင် လူသားများ၏ ရန်လိုမှုများသည် ကောင်းကင် နိုင်ငံတော်နှင့်ဆန့်ကျင်၍ ပြင်းပြင်းထန်ထန်အကြမ်းဖက်ခဲ့ကြ၏။ ဘုရားသခင်မပါဘဲ လူသားများကို မြှောက်တင်၍ မရနိုင်ကြောင်းကို စကြဝဠာ၏ရှေ့မှောက်တွင် သိသာထင်ရှားစေခဲ့ပါသည်။ အသက်နှင့် တန်ခိုးအာဏာများ၏ အသစ်သောအခြေခံအင်အားစုတစ်ခုကို ကမ္ဘာ့ဖန်ဆင်းရှင်အားဖြင့်သာပေးဝေရ မည်ဖြစ်ပါသည်။

         ထာဝရဘုရားသခင်သည် ထတော်မူ၍ ဤကမ္ဘာမှလူသားများအား သုတ်သင်ရှင်းလင်းမည်ကို မြင်နိုင်ရန် မကျဆုံးသေးသောကမ္ဘာများမှ အလွန့်အလွန်စိတ်ပါဝင်စားစွာဖြင့် စောင့်ကြည့်ခဲ့ကြပါသည်။ ထာဝရဘုရားသည် ထိုကဲ့သို့လုပ်ဆောင်လိုက်မည်ဆိုလျှင် ကောင်းကင်သားများ၏ သစ္စာခံမှုကိုရယူရန်၊ မိမိ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် စာတန်သည် အသင့်အနေအထားတွင်ရှိခဲ့ပါသည်။ ဘုရားသခင်အုပ်စိုးမှု၏ စည်းမျဉ်းများသည် အပြစ်ခွင့်လွှတ်ခြင်းအတွက် မဖြစ်နိုင်ကြောင်း သူကထုတ် ဖော်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အကယ်၍သာ ဤကမ္ဘာကို ဘုရားသခင်အပေါ်အပြစ်တင်ရန်နှင့် ကိုယ်တော်အားဆန့်ကျင်မှုများကို အခြားကမ္ဘာများသို့ ပျံ့နှံ့သွားစေဖို့လုပ်ဆောင်ရန် အသင့်ရှိနေခဲ့ ပါသည်။ သို့သော်လည်း ထာဝရဘုရားသည် ကမ္ဘာကို ဖျက်ဆီးမပစ်သည့်အပြင် ဤကမ္ဘာကိုကယ်တင်ရန် သားတော်ကိုစေလွှတ်တော်မူခဲ့ပါသည်။ ပျက်စီးယိုယွင်းမှုများနှင့် အန်တုဖက်ပြိုင်မှုများကို ဤဆန့်ကျင် ဖီလာပြုသော ကမ္ဘာကလေး၏နေရာတိုင်းတွင် တွေ့မြင်နိုင်သော်လည်း မူမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်သည့် နည်းလမ်းတစ်ခုကိုစီမံထားပါသည်။ ထိုအကျပ်အတည်းတွင် စာတန်သည် အောင်နိုင်တော့မလိုလို ဖြစ်နေသောအချိန်တွင် သားတော်သည် ဘုရားသခင်၏ကရုဏာတော်နှင့် ပတ်သက်သော အထူးသတင်းစကားကိုယူဆောင်လျက် ကြွလာတော်မူခဲ့ပါသည်။ ခေတ်အဆက်ဆက်၏ နာရီမိနစ်တိုင်းတွင် ဘုရားသခင်၏မေတ္တာတော်သည် လူသားများအတွက် အလုပ်လုပ်ခဲ့ပါသည်။ ၎င်းပြင် ကာလအချိန်စေ့စုံလာသောအခါ ကယ်တင်ခြင်းစီမံကိန်းမပြီးမချင်းမည်သည့်အခါမျှပိတ်ပင်တားဆီးခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းမပြုမည့် တသွင်သွင်စီးနေသော ကရုဏာတော်ကို ကမ္ဘာပေါ်သို့သွန်းလောင်း တော်မူခြင်းအားဖြင့် ဘုရားသခင်သည် ချီးမွမ်းထောမနာပြုခြင်းကို ခံယူလျက်ရှိခဲ့ပါသည်။

         ထာဝရဘုရား၏ပုံသဏ္ဌာန်တော်ကို လူသားဇာတိတွင် နှိမ့်ချခြင်းခံရစေရန် ဖြစ်မြောက်အောင် ဖန်တီးနိုင်ခဲ့သဖြင့် စာတန်သည် ဝမ်းသာရွှင်မြူးနေပါသည်။ ထို့နောက် သခင်ယေရှုသည်ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်ကို ပြန်လည်ရယူရန်ကြွလာခဲ့ပါသည်။ အပြစ်ကြောင့် ပျက်ယွင်းသွားခဲ့သော အကျင့်စရိတ္တများကို အသစ်ပြန်ဖြစ်ရန် ခရစ်တော်မှလွဲ၍ လုပ်ဆောင်နိုင်သူမရှိတော့ချေ။ ကိုယ်တော် သည် လူသားများအား စီးထားသောနတ်ဆိုးများကို နှင်ထုတ်ရန်ကြွလာခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ယုတ်ညံ့သောအခြေအနေမှ ပြန်လည်မြှင့်တင်ရန်အတွက်သော်လည်းကောင်း၊ ကိုယ်တော်၏ဘုန်းတော်အားဖြင့် ကျွန်ုပ်တို့အား လှပတင့်တယ်အောင်ပြုလုပ်ပေးရန်အတွက်သော် လည်းကောင်း ဤလောကသို့ ကြွလာတော်မူခဲ့ပါသည်။

 

No comments:

Post a Comment