Tuesday, April 21, 2026

အခန်းကြီး - ၃၆။ ယုံကြည်သဖြင့်တို့ခြင်း

 

ယုံကြည်သဖြင့် တို့ခြင်း

 

ရှင်မဿဲ ၉း၁၈-၂၆။ မာကု ၅း၂၁-၄၃။ လုကာ ၈း၄၀-၅၆ ကိုအခြေပြုထားပါသည်

 

         သခင်ယေရှုသည် ဂါဒရမှ အနောက်ဘက်ကမ်းသို့ ပြန်လည်ကြွချီတော်မူ ခဲ့ရာ မိမိအားဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေသော လူအုပ်ကြီးကို တွေ့မြင်တော် မူခဲ့ ရပါသည်။ ကိုယ်တော်သည် ကမ်းနား၌ပင် အချိန်ကြာမြင့် စွာတရားဒေသနာများကို ဟောကြားခြင်းနှင့် လူနာများအား ကုသခြင်းများကို ဆောင်ရွက်ပြီးနောက် အခွန်ခံ မဿဲ၏ နေအိမ်တွင် အခြားအခွန်ခံများနှင့်အတူ ထမင်းစားပွဲတက်ရန် ထွက်ခွာ သွားတော်မူပါသည်။ ထိုနေရာတွင် တရားဇရပ်မှူးယာဣရုသည် ကိုယ်တော်အား တွေ့ဆုံခဲ့ပါသည်။

         ထိုသူသည် စိတ်အားညှိုးငယ်စွာဖြင့် ကိုယ်တော်ထံသို့ ရောက်လာကာ ခြေ တော်ရင်း၌ ပျပ်ဝပ်လျက် အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ၊ သို့သော်လည်း ကိုယ် တော်သည် ကြွ၍သူ့ကို ကယ်တင်ခြင်းငှါ သူမ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု တောင်းပန် လေ၏။

         သခင်ယေရှုသည် ထိုသူနှင့်အတူ သူ၏အိမ်သို့ ချက်ချင်းလိုက်ပါသွားတော် မူခဲ့၏။ တမန်တော်များသည် ကိုယ်တော်ရှင်၏ ကရုဏာလုပ်ရပ်များကို မြင်ဖူးခဲ့ကြ သော်လည်း ဟန်ကြီးပန်ကြီး နိုင်လှသော ထိုတရားဇရပ်မှူး၏ တောင်းပန်ချက်ကို လိုက်လျောခဲ့သည့်အတွက် ကိုယ်တော်အား အံ့အားသင့်ခဲ့ကြပါသည်။ သို့စေကာမူ သူတို့သည် ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြသဖြင့် လူအပေါင်းတို့သည်လည်း စိတ်အားထက်သန်စွာဖြင့် မျှော်လင့်ချက်ကြီးစွာဖြင့် နောက်တော်သို့ လိုက်ခဲ့ကြပါ သည်။

         တရားဇရပ်မှူး၏ အိမ်သည် ထိုနေရာမှများစွာ မဝေးကွာလှသော်လည်း လူ အုပ်ကြီး၏ တိုးဝှေ့မှုကြောင့် သခင်ယေရှုနှင့်တကွ နောက်တော်မှ လိုက်ပါလာသူ များသည် ထိုအိမ်သို့ တော်တော်နှင့် မရောက်နိုင်အောင် ဖြစ်နေကြပါသည်။ စိုးရိမ်ပူ ပန်လျက် ရှိသောဖခင်ကြီးသည် နှောင့်နှေးကြန့်ကြာမှုအတွက် သည်းမခံနိုင်အောင် ဖြစ်နေခဲ့သော်လည်း ကိုယ်တော်သည် သနားကြင်နာသော စိတ်ဖြင့် ရောဂါဝေဒနာ ခံစားနေသူများအား သက်သာခွင့်ပေးရန်နှင့် စိတ်ဒုက္ခရောက်နေသူများကို နှစ်သိမ့်မှု ပေးရန် ရံဖန်ရံခါ ရပ်တန့်တော်မူခဲ့ပါသည်။

         သူတို့သည် ထိုအိမ်သို့ သွားနေကြစဉ်မှာပင် သမီးငယ်သေဆုံးသွားပြီဖြစ် ကြောင်း၊ ကိုယ်တော်အားဆက်၍ ဒုက္ခပေးနေခြင်းသည် အချည်းနှီးသာ ဖြစ်ကြောင်း လူတစ်ယောက်သည် လူအုပ်အတွင်းသို့ တိုးဝှေ့လာလျက် ယာဣရုအား သတင်း ပို့ခဲ့ပါသည်။ ယေရှုသည် ထိုစကားကို ကြားလျှင် မကြောက်ကြနှင့်၊ ယုံကြည်ခြင်းစိတ် တစ်ခုသာ ရှိစေတော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။

         ယာဣရုသည် ကိုယ်တော်၏ အနီးတွင်ကပ်လျက် အိမ်သို့အလျင်အမြန် လျှောက်လှမ်းလာခဲ့ပါသည်။ ခရစ်တော်နှင့် တပည့်တော်တို့သည် ထိုအိမ်သို့ ရောက် ရှိလာသောအခါ အငှါးငိုချင်းသည်များနှင့် အတီးအမှုတ်သမားများသည် ထိုအိမ်တွင် ရောက်ရှိထားနှင့်ပြီဖြစ်ပြီး ဆူညံစွာ အော်ဟစ်ငိုကြွေးသံများနှင့် အုံအုံသဲသဲဖြစ် လျက်ရှိပါသည်။ ထိုမြင်ကွင်းသည် ခရစ်တော်၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေပါ သည်။ သို့အတွက် သင်တို့သည် အဘယ်ကြောင့်အုံအုံသဲသဲပြု၍ ငိုကြွေးကြသ နည်း။ သူငယ်သည် သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု ၎င်းတို့အားငြိမ်သက် သွားရန် မိန့်တော်မူသည်ရှိသော် ထိုသူတို့သည် ကိုယ်တော်အား ပြက်ရယ်ပြုခဲ့ကြ ပါသည်။ အကြောင်းမှာ ကလေးငယ်သေဆုံးသည်ကို ၎င်းတို့မြင်တွေ့ခဲ့ကြသော ကြောင့်ဖြစ်ပါသည်။  ထိုနောက် ကိုယ်တော်သည် ၎င်းတို့အားအပြင်သို့ ထွက် စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ တမန်တော်များမှ ပေတရု၊ ယာကုပ်နှင့် ယောဟန် တို့ကိုလည်းကောင်း ခေါ်တော်မူ၍ သူငယ်ကိုထားသည့်အခန်းထဲသို့ တူတကွ ဝင်တော်မူခဲ့ပါသည်။

         သခင်ယေရှုသည် သူငယ်လျောင်းသည့်နေရာသို့ ချဉ်းကပ်သွားပြီး သူငယ် လက်ကိုကိုင်တော်မူလျက် မိန်းမငယ်ထလော့၊ ငါဆို၏ဟု သူမ၏ အိမ်တွင် ခေါ် ဝေါ်သုံးစွဲသည့် အသုံးအနှုန်းများကို သုံး၍ ညင်သာစွာ မိန့်တော်မူလိုက်ပါသည်။

         ထိုခဏချင်းတွင် မိန်းမငယ်သည် မေ့မြောနေရာမှပြန်လည်၍ လှုပ်ရှားလာ ခဲ့ပါသည်။ သွေးခုန်မှုများလည်း ပြန်လည်ဖြစ်ပေါ်လာခဲ့ပါသည်။ နှုတ်ခမ်းများလည်း အပြုံးပန်းနှင့် ပွင့်ဟလာခဲ့ပါသည်။ အိပ်ပျော်ရာမှ နိုးလာသည့်အလား မျက်လုံးများ လည်း ပွင့်လင်းလာကာ သူမ၏နံဘေးပတ်လည်တွင် ရှိနေကြသောလူများကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့ပါသည်။ ထို့နောက် သူမသည် ထ၍ရပ်လိုက်ရာ မိဘများသည် သူမအား ဖက်ယမ်းကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင်ကျ ခဲ့ကြပါသည်။

         ထိုတရားဇရပ်မှူး၏ အိမ်သို့သွားလျက်ရှိစဉ် လမ်းပေါ်၌တစ်ဆယ့် နှစ်နှစ် ပတ်လုံး သွေးသွန်နာစွဲကပ်နေသော အမျိုးသမီးတစ်ဦးကို ကိုယ်တော်ရှင် တွေ့ တော်မူခဲ့ပါသည်။ သူမသည် ဥစ္စာရှိသမျှကို အကုန်ခံ၍ ဆေးကုသခဲ့သော်လည်း သက်သာရာ မရခဲ့ချေ။ သို့သော် ခရစ်တော်သည် လူနာများကို ကုသပေးခဲ့ကြောင်း သတင်းကို ကြားသိရသောအခါ သူမ၏ မျှော်လင့်ချက်များသည် ပြန်လည်အသက် ရှင်လာခဲ့ပါသည်။ မိမိသည် ကိုယ်တော်ရှင်ထံသို့ ရောက်ရုံနှင့် ခံစားနေရသော ရောဂါသည် ပျောက်ကင်းသွားလိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ပါသည်။ သူမသည် ခွန် အားချည့်နဲ့စွာဖြင့် ကိုယ်တော်ရှင် ဒေသနာတော်ဟောကြားနေသည့် ပင်လယ်ကမ်း သို့လာခဲ့ပြီး လူအုပ်ထဲတွင် တိုးဝင်ကာ ကိုယ်တော်ထံသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့ သော်လည်း အချည်းနှီးသာဖြစ်ခဲ့ပါသည်။ ထိုနောက်တစ်ဖန် အခွန်ခံမဿဲ၏ အိမ်သို့ ကိုယ်တော်သွားတော်မူစဉ်တွင် သူမသည် နောက်တော်မှ လိုက်ခဲ့သော်လည်း ကိုယ် တော်ရှင်ထံရောက်အောင် မသွားရောက်နိုင်ခဲ့ပါချေ။ ထို့ကြောင့် သူမ စိတ်အားငယ် နေစဉ်မှာပင် ကိုယ်တော်သည် လူအုပ်ထဲတွင် လမ်းထွင်၍ သွားတော်မူစဉ် သူမအ နီးသို့ ရောက်ရှိလာခဲ့ပါသည်။

         အခွင့်ကောင်းတစ်ရပ်သည် သူမထံသို့ရောက်ရှိလာပေပြီ။ သူမသည် မဟာ သမားတော်ကြီး၏ ရှေ့မှောက်တွင် ရောက်ရှိနေပေပြီ။ ရုတ်ရုတ်သဲသဲဖြစ်နေသည့် ကြားတွင် သူမသည် ကိုယ်တော်အား စကားပြောဖို့ မဆိုထားနှင့်၊ ကိုယ်တော်၏ အရိပ်အယောင်ကိုပင် ရိုးတိုးရိပ်တိပ်ကလေးသာ မြင်လိုက်ရပါသည်။ ငါသည် ဝတ်တော်ကို သာတို့ခွင့်ရလျှင် ချမ်းသာရမည်ဟု စိတ်ထဲတွင်ရေရွတ်ကာ အခွင့် ကောင်းကလေးကို ဆုံးရှုံးသွားမည်ကို စိုးရွံ့စွာဖြင့် သူမသည် ရှေ့သို့တိုးဝှေ့လာခဲ့ပါ သည်။ ကိုယ်တော်ကြွလာတော်မူစဉ် သူမသည် ရှေ့သို့ရောက်လာကာ ကိုယ်တော်၏ ဝတ်ရုံတော် အစွန်းကလေးကို ကြိုးစား၍ တို့ထိခဲ့ပါသည်။ ထိုတစ်ခဏချင်းမှာပင် မိမိခံစားနေခဲ့ရသော ရောဂါပျောက်ကင်းသွားပြီ ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ လုံး လုံးယုံကြည်မှုဖြင့် တို့ထိမှုတစ်ခုကြောင့် တစ်ခဏချင်းတွင် သူမ၏ နာကျင်မှု ဝေဒနာနှင့် အားအင်ချည့်နဲ့မှုများ ပျောက်ကင်းသွားကာ ကျန်းမာခြင်း ခွန်အားများ ပြန်လည်ရရှိလာခဲ့ပါသည်။

         သူမသည် ထိုအခါတွင် ကျေးဇူးတင်ဝမ်းသာသော စိတ်နှလုံးဖြင့် လူအုပ်ထဲ မှ နောက်သို့ဆုတ်၍ ချန်နေရန်ကြိုးစားခဲ့သော်လည်း ခရစ်တော်သည် ရုတ်တရက် ရပ်တန့်တော်မူလိုက်ရာ လူအုပ်ကြီးသည်လည်း ကိုယ်တော်နှင့်အတူ ရပ်တန့်လိုက် ပါသည်။ ကိုယ်တော်သည် ဘေးပတ်လည်ကို ကြည့်တော်မူလိုက်ပြီး ရုတ်ရုတ် သဲသဲဖြစ်နေသော လူအုပ်ကြီးအား ပြတ်သားသော အသံဖြင့် ငါ့အဝတ်ကို ဘယ်သူ တို့သနည်းဟု မေးတော်မူလိုက်ပါသည်။ လူများတို့သည် ထိုအမေးကို အံ့အားသင့် သော အကြည့်များအားဖြင့် အဖြေပေးခဲ့ကြပါသည်။ ကိုယ်တော်ရှင်အား ဘေးပတ် လည်မှတိုးဝှေ့ကာ လူအုပ်ကြီးသည် ကြမ်းတမ်းစွာ တွန်းတိုက်နေကြစဉ်တွင် ထိုကဲ့ သို့သောအမေးသည် ထူးဆန်းနေသယောင် ဖြစ်နေပါသည်။

         ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုတတ်သောပေတရုက၊ လူအစုအဝေးသည် ကိုယ် တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင် ငါ့ကိုအဘယ်သူ တို့သနည်းဟု မေး တော်မူပါသည်တကားဟု လျှောက်ထားရာ ယေရှုက တစ်စုံတစ်ယောက်သော သူ သည် ငါ့ကိုတို့လေပြီ၊ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟုပြန်လည်၍ မိန့်တော် မူလိုက်သည်။ ကိုယ်တော်ရှင်သည် ယုံကြည်ခြင်းကြောင့်ပြုသည့် တို့ထိခြင်းနှင့် နမော်နမဲ့တို့ထိခြင်းကို ခွဲခြားသိမြင် တော်မူခဲ့ပါသည်။ ထိုကဲ့သို့သော ယုံကြည်ကိုး စားမှုမျိုးကို ဋီကာမချဲ့ဘဲ မနေသင့်ချေ။ ကိုယ်တော်သည် သူမအတွက် ဝမ်းမြောက် ခြင်းစမ်းရေ ဖြစ်စေရုံသာမက နောက်ဆုံးသောခေတ်ကာလတွင် အသက်ရှင်နေထိုင် ကြမည့် ကိုယ်တော်၏ နောက်လိုက်များအတွက် ကောင်းချီးမင်္ဂလာဖြစ်စေမည့် စကားများကို ထိုနိမ့်ကျသော အမျိုးသမီးအား မိန့်တော်မူခဲ့ပါသည်။

         ကိုယ်တော်အား မည်သူသည်တို့ကြောင်း ထိုအမျိုးသမီးအား ကြည့်လျက် မိမိသိရှိတော်မူကြောင်း အခိုင်အမာ မိန့်တော်မူခဲ့ပါသည်။ သူမသည် ပုန်းရှောင်၍ မရနိုင်ကြောင်းကို သိရှိကာတုန်လှုပ်စွာဖြင့် ရှေ့သို့ထွက်လာပြီး ခြေတော်ရင်းတွင် ပျပ်ဝပ်ခဲ့ပါသည်။ မိမိခံစားခဲ့ရသည့်ဝေဒနာ အကြောင်းကိုလည်းကောင်း၊ သက်သာ ပျောက်ကင်း ခဲ့ပုံများကိုလည်းကောင်း ဝမ်းသာမျက်ရည်များ ကျဆင်းလျက်ပြန် လည်ပြောပြခဲ့ပါသည်။ သခင်ယေရှုက နူးညံ့သိမ်မွေ့စွာဖြင့် ငါ့သမီး၊ မစိုးရိမ်နှင့်၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ၊ ငြိမ်ဝပ်စွာသွားလော့ဟုမိန့် တော်မူ ၏။ ဤနေရာတွင် ကိုယ်တော်ရှင်၏ ဝတ်ရုံတော်ကိုတို့ထိရုံနှင့် အနာပျောက်ကင်း စေနိုင်သည့်တန်ခိုးကို တောင်းခံရရှိနိုင်သည်ဟူသော အယူသီးမှုအတွက် ကိုယ် တော်အခွင့်အရေး ပေးတော်မမူခဲ့ချေ။ အနာပျောက်ကင်းခြင်းတန်ခိုး ကိုရရှိခြင်း သည် ကိုယ်တော်အား အပေါ်ယံတို့ထိမှုကြောင့်မဟုတ်ဘဲ ကိုယ်တော်အား ယုံကြည် ကိုးစားခြင်းကြောင့်ဖြစ်ပြီး ထိုယုံကြည်ခြင်းသည် အနာပျောက်ကင်းမှုကို ဖြစ်စေ သော ဘုရားသခင်၏ တန်ခိုးတော်ကို ကိုင်စွဲခဲ့ခြင်း ဖြစ်ပါသည်။

         ခရစ်တော်၏ အနီးတွင် တိုးဝင်ချဉ်းကပ်ခဲ့ကြသော အံ့ဩတွေဝေနေကြ သည့်လူအုပ်ကြီးသည် အသက်ရှင်ခြင်းနှင့်ဆိုင်သော တန်ခိုးတော်၏ ဆက်သွယ်ခွင့် ကို မသိလိုက်ကြရချေ။ သို့သော်လည်း မိမိသည် ကိုယ်တော်အား တို့ထိရရုံနှင့် အနာရောဂါသက်သာခွင့် ရမည်ဟုယုံကြည်လျက် ကိုယ်တော်၏ ဝတ်ရုံအား တို့ လိုက်သောအခါ ဝေဒနာခံစားနေရသော ထိုအမျိုးသမီးသည် တန်ခိုးတော်ကို ခံစား ရကာ ရောဂါပျောက်ကင်းခဲ့ရပါသည်။ ဝိညာဉ်ရေး အသက်တာတွင်လည်း ထိုနည်း နှင်နှင်ပင်ဖြစ်ပါသည်။ ဘာသာတရားများကို ပေါ့ပေါ့တန်တန် အမှုမဲ့အမှတ်မဲ့ ပြော ဆိုခြင်းများနှင့် ဝိညာဉ်ရေးဆာလောင်မှု၊ အသက်ရှင်သော ယုံကြည်မှုများမရှိကြဘဲ ဆုတောင်းခြင်းများတို့သည် မည်သည့်အရာတို့ကို မျှရရှိနိုင်မည်မဟုတ်ချေ။ ကိုယ် တော်အား ကမ္ဘာ့ကယ်တင်ရှင် တစ်ပါးအနေဖြင့် လက်ခံရုံသက်သက်သာဖြစ်စေ သည့် အမည်ခံယုံကြည်ခြင်းသည် အသက်ဝိညာဉ်များအား မည်သည့်အခါမျှ အနာ ပျောက်ကင်းခြင်းတန်ခိုးကို မရရှိနိုင်ပါချေ။ ကယ်တင်ခြင်းကိုဖြစ်စေသော ယုံကြည် ခြင်းသည် သမ္မာတရားကို တွေးခေါ်ဆင်ခြင်တတ်သော အစွမ်းတစ်ခုထက်ပိုသည်။ မိမိ၏ယုံကြည်ခြင်းကို လက်တွေ့အသုံးမချမီ အလုံးစုံသော ဗဟုသုတများကိုရရှိရန် စောင့်စားနေသူသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာကို ခံစားနိုင်မည်မဟုတ် ချေ။ ခရစ်တော်၏ အကြောင်းကို ယုံကြည်ခြင်းသည် လုံလောက်ခြင်းမရှိဘဲ ကျွန်ုပ် တို့သည် ခရစ်တော်ကိုယ်တော်တိုင်ကို ယုံကြည်ရမည်ဖြစ်ပါသည်။ ကိုယ်တော်ရှင် အား မိမိ၏ပုဂ္ဂလိကကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ၍ ကိုယ်တော်၏ ကောင်းမှု ကုသိုလ်များကို မိမိ၏ကောင်းမှုကုသိုလ်များအဖြစ် သတ်မှတ်ယုံကြည်ခြင်း သည် သာလျှင် ကျွန်ုပ်တို့အား ကယ်တင်ခြင်းကျေးဇူးကို ဖြစ်စေပါလိမ့်မည်။ များစွာသော လူများသည် ယုံကြည်ခြင်းကို ထင်မြင်ယူဆချက်တစ်ခု အနေဖြင့်သာ စွဲကိုင်တတ် ကြပါသည်။ ကယ်တင်နိုင်သော ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် ပဋိညာဉ် ပြုခြင်းတွင် ခရစ်တော်ကိုရရှိထားသည့် လူများအချင်းချင်းဆက်သွယ် ပေါင်းစည်းမှု ကိုဖြစ်စေသော ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ စစ်မှန်သော ယုံကြည်ခြင်းသည် အသက်ဖြစ်ပါသည်။ အသက်ရှင်လျက်ရှိသော ယုံကြည်ခြင်းသည် အသက်ဝိညာဉ် များအား အောင်နိုင်သော တန်ခိုးတစ်ခုကိုဖြစ်စေသည့် ခွန်အားကြံ့ခိုင်ခြင်းနှင့် ယုံ ကြည် သက်ဝင်ကိုးစားမှု၏ တိုးပွားဖွံ့ဖြိုးလာမှုတစ်ရပ် ဖြစ်ပါသည်။

         ရောဂါကုသမှုကို ခံယူရရှိခဲ့သည့် ထိုအမျိုးသမီးအား ၎င်းခံစားခဲ့ရသည့် ကောင်းချီးမင်္ဂလာအတွက် အသိအမှတ်ပြုရန် ကိုယ်တော် အလိုရှိတော်မူခဲ့ပါသည်။ ထိုနည်းအတူ ကျွန်ုပ်တို့သည်လည်း ဧဝံဂေလိတရားတော်အားဖြင့် ရရှိခံစားကြရ သည့် ဆုကျေးဇူးများကို မသိမသာလျှို့ဝှက်စွာဖြင့် ရရှိခံစားကြရန်မဟုတ်ချေ။ ထို ကြောင့် ငါသည်ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏ဟူ၍ ကိုယ်တော်၏ ကောင်းမြတ်ခြင်းများကို ဝန်ခံကြရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား ခေါ်တော်မူနေပါသည်။ (ဟေရှာ ၄၃း၁၂)

         ကိုယ်တော်ရှင်၏ သစ္စာစောင့်သိမှုအတွက် ကျွန်ုပ်တို့၏ဝန်ခံခြင်း အရာ သည် ကမ္ဘာလောကအား ခရစ်တော်အကြောင်း ဖော်ပြခြင်းအတွက် ဘုရားသခင် ရွေးချယ်တော်မူသော ကိုယ်စားလှယ်လုပ်ငန်း တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသူရှေးဘိုးဘေးများအားဖြင့် လောကသားများအား သိရှိစေခဲ့သော ကိုယ် တော်၏ ကရုဏာတော်ကို အသိအမှတ်ပြုကြရန် ဖြစ်ပါသည်။ သို့သော် ထိုသို့အ သိအမှတ်ပြုရာတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများအားဖြင့် သက်သေခံ ခြင်းသည် အထိရောက်ဆုံးသော နည်းဖြစ်ပါသည်။ ဘုရားသခင်နှင့် ပတ်သက်သော တန်ခိုးတော်တစ်ခု၏ လုပ်ဆောင်မှုသည် ကျွန်ုပ်တို့၏ အသက်တာတွင် ထင်ရှား တော်မူသည်ဖြစ်၍ ကျွန်ုပ်တို့သည် ထာ၀ရဘုရားသခင်အတွက် သက်သေခံများ ဖြစ် ကြပါသည်။ ပုဂ္ဂိုလ်တစ်ဦးစီတို့တွင် အခြားသူများနှင့် ကွဲပြားခြားနားသော အသက် တာများရှိသကဲ့သို့ အခြားသူများနှင့် မတူညီသော အတွေ့အကြုံများလည်း ရှိကြပါ သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ ကိုယ်ပိုင်ပုဂ္ဂလိက ထူးခြားမှုများအလိုက် ပြုလုပ်ကြ သည့် ချီးမွမ်းထောမနာပြုမှုများတို့သည် ကိုယ်တော်ထံသို့ တက်လွင့်သွားရန် ထာ၀ရ ဘုရားအလိုတော်ရှိပါသည်။ ခရစ်ယာန် အသက်တာအားဖြင့် ကိုယ်တော်ရှင်၏ တန်ခိုးတော်အား ချီးမွမ်းထောမနာပြုခြင်းသည် အသက်ဝိညာဉ်များအား ကယ်တင် သည့်လုပ်ငန်းတွင် အလွန်အမင်းအာရုံစွဲငြိစေသည့် တန်ခိုးတစ်ခုဖြစ်ပါသည်။

         ကိုယ်တော်သည် အနာပျောက်ကင်းအောင် ကုသပေးရန် တောင်းဆိုကြ သည့် နူနာသည်ဆယ်ယောက်အား ယဇ်ပုရောဟိတ်ထံသို့ သွား၍ မိမိတို့ကိုယ်ကိုပြ သရန် မိန့်တော်မူခဲ့ပါသည်။ ထိုသူများသည် ယဇ်ပုရောဟိတ်များထံသို့ သွားနေစဉ် မှာပင် သန့်ရှင်းခြင်းသို့ ရောက်ခဲ့ကြသော်လည်း ၎င်းတို့အထဲမှ တစ်ဦးတည်းသော သူကသာ ကျေးဇူးတော်ချီးမွမ်းရန် ကိုယ်တော့်ထံသို့ ပြန်လာခဲ့ပါသည်။ အခြားသူ များမှာမူ မိမိတို့အား သန့်ရှင်းစေခဲ့သော ကိုယ်တော်ကိုမေ့လျော့ကာ မိမိတို့သွားလို သည့် နေရာများသို့ ထွက်ခွာသွားခဲ့ကြပါသည်။ ထိုကဲ့သို့သော လုပ်ဆောင်ချက် များကို လူမည်မျှယနေ့တိုင် လုပ်ဆောင်နေကြပါသနည်း။ ဘုရားသခင်သည် လူသား များကို ကောင်းကျိုးပြုရန် မရပ်မနားလုပ်ဆောင်တော်မူပါသည်။ ကိုယ်တော်သည် ဆုကျေးဇူးအဖြာဖြာကို ထာ၀စဉ်မျှဝေလျက်ရှိပါသည်။ ကိုယ်တော်သည် နွမ်းလျပင် ပန်းနေသော လူနာများကို အိပ်ရာပေါ်မှ ကူမတော်မူ၏။ လူများအား ၎င်းတို့မတွေ့ မမြင်ခဲ့ရသည့် ဘေးအန္တရာယ်များမှ ကယ်နုတ်တော်မူ၏။ မှောင်မိုက်ထဲမှာလည် တတ်သောကာလနာမှလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်မှ လည်းကောင်း၊ အတိဒုက္ခအမျိုးမျိုးမှလည်းကောင်း ကင်းလွတ်ကာကွယ်ရန် ကောင်း ကင်တမန်များကို တပ်ချစောင့်ကြပ်ရန် တာဝန်ပေးထားတော်မူပါသည်။ သို့သော် လည်း  ထိုသူများ၏ စိတ်နှလုံးများသည် ကိုယ်တော်အား မသိမြင်မစွဲလမ်းခဲ့ကြချေ။ ၎င်းတို့အား ကယ်တင်ရန် ကောင်းကင်နိုင်ငံ၏ အကောင်းဆုံးအရာကို ပေးသနား တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော်၏ မဟာမေတ္တာတော် ကိုဂရုမပြုခဲ့ကြ ချေ။ မိမိတို့၏ ကျေးဇူးကန်းတတ်သော စိတ်ထားများအားဖြင့် ဘုရားသခင်၏ ကရုဏာတော်ကို ငြင်းဆန်ရန် မိမိတို့၏စိတ်နှလုံးများကို ပိတ်ထားခဲ့ကြပါသည်။ သူ တို့သည် ကန္တာရထဲမှ ဖုန်းဆိုးတောကလေးအလား ကောင်းကျိုးချမ်းသာ ရောက်ရှိ လာမည့်အချိန်ကို မသိရှိခဲ့ကြဘဲ သူတို့၏ အသက်ဝိညာဉ်များသည် ကန္တာရ၏ ခြောက်သွေ့သော နေရာများတွင် နေထိုင်အသက်ရှင်လျက် ရှိကြပါသည်။

         ကျွန်ုပ်တို့သည် မိမိတို့၏ ကောင်းကျိုးချမ်းသာအလို့ငှါ ဘုရားသခင် ပေး သနားတော်မူသည့် ဆုကျေးဇူးအဖြာဖြာကို အမြဲသတိရနေရန် လိုအပ်ပါသည်။ ထို နည်းအားဖြင့် ဆတက်ထမ်းပိုးတောင်းခံရန် ယုံကြည်ခြင်း ခွန်အားကို တိုးပွားစေမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘုရားသခင်ထံမှ ရရှိခံစားရသည့် အသေးငယ်ဆုံး သော ကောင်းချီးမင်္ဂလာတစ်ခုသည် အခြားသူများ၏ ယုံကြည်ခြင်းနှင့် အတွေ့ အကြုံများကို ဖတ်ရှုသိရှိရခြင်းထက်ပို၍ အားတက်စေသည့် အရာဖြစ်ပါသည်။ ဘုရားသခင်၏ ကရုဏာတော်ကို တုံ့ပြန်မှုပေးသည့် အသက်ဝိညာဉ်သည် မြစ်နားမှ ဥယျာဉ်တစ်ခုနှင့် တူပါသည်။ သူ၏ကျန်းမာခြင်း ခွန်အားသည် လျင်မြန်စွာတိုးပွား ကောင်းမွန်လာ၍ သူ၏အလင်းသည် မှောင်မိုက်တွင် ထွန်းတောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဘုန်းတော်ကို သူ၏အသက်တာတွင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပါ သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှစ်လိုဖွယ်ကြင်နာသနားမှုများ နှင့် ကရုဏာတော်၏ ပေါကြွယ်၀မှုများကို သတိရအောက်မေ့ကြပါစို့။ ကျွန်ုပ်တို့ သည် ဣသရေလများကဲ့သို့ သက်သေခံကျောက်တိုင်များကို တည်ထောင်ကြကာ ထိုကျောက်တိုင်များပေါ်တွင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သော အဖိုး ထိုက်တန်သည့် အကြောင်းအရာများကို ကမ္ပည်းထိုးကြပါစို့။  ကျွန်ုပ်တို့၏ လောက ဧည့်သည်ဖြစ်ချိန်များတွင် ကိုယ်တော်ရှင်၏ လုပ်ဆောင်မှုများကို ပြန်ပြောင်း ရှု မြင်ကြစဉ်တွင် ငါ၌ ထာ၀ရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ် သို့ဆပ်ရမည်နည်း။ ကယ်တင်ခြင်း ခွက်ဖလားကို ကိုင်ယူ၍ ထာ၀ရဘုရား၏ နာမ တော်ကို ပတ္ထနာပြုမည်။ ထာ၀ရဘုရားအား သစ္စာကတိထားသည့်အတိုင်း ထာ၀ရ ဘုရား၏လူများရှေ့၌ သစ္စာဝတ်ကိုဖြေမည် ဟူ၍ အသည်းလှိုက်အူလှိုက် ကျေးဇူးတင်စွာဖြင့် ကြွေးကြော်ကြပါစို့။ (ဆာလံ ၁၁၆း၁၂-၁၄)

 


No comments:

Post a Comment