ထူးခြားသောအဆင်းအရောင်နှင့်ပြည့်စုံခြင်း
ရှင်မဿဲ ၁၇း၁-၈၊ မာကု ၉း၂-၈၊ လုကာ ၉း၂၈-၃၆ ကိုအခြေပြု ထားပါ သည်။
သခင်ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့အား ခေါ်တော်မူ ၍ လယ်ကွင်းများကိုဖြတ်ကျော်ကာ မြင့်လှစွာသောတောင်ပေါ်သို့ တက်သွားသော အချိန်တွင်၊ နေအတော်စောင်းနေပေပြီ။ တစ်နေ့လုံးခရီးသွားလာပြီး တရားဒေသနာ များကို သွန်သင်နေခဲ့ရသဖြင့် ကိုယ်တော်နှင့်တကွ တပည့်တော်သုံးယောက်တို့ သည် မောပန်းနွမ်းရိစွာဖြင့် တောင်ပေါ်သို့ တက်ခဲ့ကြရပါသည်။ ခရစ် တော်သည် ဒုက္ခသည်များစွာတို့၏ ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခများကို ပေါ့ပါးစေခဲ့ပါ သည်။ အားနည်း သောသူများအား ဝမ်းသာရွှင်လန်းစေခဲ့ပါသည်။ သို့သော် လည်း လူသားဇာတိနှင့် ပတ်ရစ်ထားသည့် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ပင်ပန်းမောဟိုက် စွာဖြင့် တောင်ပေါ်သို့ တက်တော်မူခဲ့ရပါသည်။
ဝင်တော့မည့်ဆဲဆဲ နေမင်းကြီး၏အလင်းသည် တောင်ထိပ်တွင် ဆက်လက် ထွန်းလင်းနေဆဲဖြစ်ပါသည်။ မှုန်ရီမှုန်ဝါးအလင်းရောင်တွင် သူတို့ လျှောက်လှမ်းခဲ့ သည့် လမ်းကြောင်းကလေးကိုလည်း မြင်တွေ့နိုင်ကြပါသေးသည်။ သို့သော်လည်း မကြာမီတွင် အနောက်မိုးကုပ်စက်ဝိုင်းကြီးထဲသို့ နေမင်းကြီးဝင်သွားကာ ပျောက် ကွယ်သွားသဖြင့် လွင်ပြင်များ၌ အလင်းရောင်ကွယ်ပျောက်သွား သကဲ့သို့ တောင် ကုန်းများပေါ်တွင်လည်း မှောင်မည်းလာပါတော့သည်။ အဖော်မပါထိုခရီးသွားများ အား ည၏အမှောင်ထုသည် လွှမ်းခြုံထားပါသည်။ မှောင်မည်းသော ထိုပတ်ဝန်းကျင် သည် ဒုက္ခများဖြင့်ပြည့်၀နေသော ဝမ်းနည်းဖွယ်ရာ ၎င်းတို့၏အသက်တာများနှင့် ဆီ လျော်သလိုဖြစ်နေပါသည်။
တမန်တော်များသည် ဘာရည်ရွယ်ချက်နှင့် ဘယ်ကိုသွားမှာလဲဟု ခရစ် တော်ကို မမေးရဲကြချေ။ ကိုယ်တော်သည် တောင်ပေါ်တွင် တစ်ညလုံးသွား ရောက် ဆုတောင်းလေ့ရှိပါသည်။ တောင်များနှင့် လွင်ပြင်များကို ဖန်ဆင်းတော်မူသည့် လက်တော်ကိုပိုင်တော်မူသော ကိုယ်တော်ရှင်သည် သဘာ၀တောတောင် များနှင့် ရင်းနှီးပြီးဆိတ်ငြိမ်မှုကို မြတ်နိုးတော်မူပါသည်။ တမန်တော်များသည် ကိုယ်တော် ရှင်လမ်းပြတော်မူသည့်အတိုင်း လိုက်ခဲ့ကြသော်လည်း မောပန်းနွမ်း လျနေကြပြီး ကိုယ်တော်ရှင်ကိုယ်တိုင်လည်း အနားယူရန်လိုအပ်နေသောအချိန် အခါမျိုးတွင် အဘယ်ကြောင့် ယခုကဲ့သို့ကြမ်းတမ်းသော တောင်တက်ခရီးကို ၎င်းတို့အားခေါ်လာ ရသနည်းဟု စဉ်းစားနေကြပါသည်။
ထို့နောက် တစ်နေရာသို့ရောက်သော် ရှေ့ဆက်သွားရန်မလိုတော့ဟု ခရစ် တော်မိန့်တော်မူပြီး ၎င်းတို့နှင့် မလှမ်းမကမ်း နေရာသို့ထွက်ခွာကာ ငိုကြွေးမျက်ရည် ကျလျက် ဆုတောင်းပတ္ထနာပြုတော်မူပါသည်။ ကိုယ်တော်သည် လူသားများကိုယ် စားခံရမည့် ဒုက္ခဆင်းရဲခြင်းများကို ခံနိုင်ရည်ရှိရန်လိုအပ်သော ခွန်အားများကို တောင်းခံနေပါသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်နှင့် အသစ်သော အဆက် အသွယ်ကို ပြုရမည်ဖြစ်ပါသည်။ အကြောင်းမူကား ထိုနည်းအားဖြင့်သာ အနာဂတ် ရေးရာများကို အာရုံပြုနိုင်မည်ဖြစ်ပါသည်။ ဒုက္ခ ဆင်းရဲခြင်းကာလတွင် တမန်တော် များ၏ ယုံကြည်စိတ်များ ပျက်ပြားမသွား စေရန်လည်း ဖွင့်ဟဆုတောင်းတော်မူခဲ့ပါ သည်။ ခါးကုန်း၍ဆုတောင်းနေသော ခန္ဓာကိုယ်ပေါ်ဝယ် ဆီးနှင်းမှုန်များ သိပ်သည်း စွာ ကျနေသော်လည်း ကိုယ်တော်သည် ထိုအရာများကို အရေးမစိုက်ခဲ့ချေ။ ည မှောင်ရိပ်သည် ထူထပ်လာသော်လည်း ထိုအမှောင်ကိုကိုယ်တော်ဂရုမစိုက်ခဲ့ချေ။ အချိန်နာရီများသည် ကုန်ခဲလှပါသည်။ ရှေးဦးစွာ၌ ထိုတမန်တော်များသည် ကိုယ်တော်နှင့်အတူ ဆုတောင်းခဲ့ကြသော်လည်း ကြိုးစားလုပ်ဆောင်နေသည့်ကြားမှ ပင်ပန်းနွမ်းလျမှုကြောင့် နောက်ပိုင်းတွင်အိပ်ပျော်သွားခဲ့ကြပါသည်။ သခင်ယေရှု သည် မိမိခံစားရမည့် ဝေဒနာအကြောင်းကို ၎င်းတို့အားပြောပြထားပြီးဖြစ်ပါသည်။ မိမိနှင့်အတူ ဆုတောင်းကြရန်လည်း ၎င်းတို့အားမိန့်တော်မူခဲ့ပြီးဖြစ်ပါသည်။ သို့ရာ တွင် ယခုတွင်မူကိုယ်တော်သည် ၎င်းတို့အတွက် ဆုတောင်းပေးနေရပါသည်။ ယေရှု သည် တပည့်တော်များ၏ စိတ်ညှိုးငယ်မှုများကိုမြင်တွေ့တော်မူသဖြင့် ၎င်း တို့၏ ယုံကြည်ခြင်းအား အလဟဿဖြစ်မသွားစေရန်အလိုငှာ ၎င်းတို့ခံစားနေရ သောဝမ်းနည်းကြေကွဲမှုကို အာမခံချက်တစ်ခုအားဖြင့် ပေါ့ပါးအောင်လုပ်ပေးရန် လိုလားတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်ပေးလိုတော်မူသည့်အနာဂတ်တော်ကို ယုဒ လူအားလုံးမဆိုထားနှင့် တမန်တော်တစ်ဆယ့်နှစ်ပါးပင်လျှင် ခံယူနိုင်စွမ်း မရှိ ပါချေ။ သို့အတွက် ဂေသရှေမန်အရပ်တွင် ကိုယ်တော်ရှင်ခံစားရမည့် ဝေဒနာကို မြင်တွေ့ ကြရမည့် တမန်တော်သုံးပါးကိုသာ တောင်ပေါ်သို့မိမိနှင့် အတူလိုက်ပါလာရန် ကိုယ်တော်ရွေးချယ်တော် မူခဲ့ပါသည်။ ထိုနောက် ကမ္ဘာမတည်မရှိမီကတည်းက အဖဘုရားသခင်နှင့်အတူ ပိုင်ဆိုင်တော်မူခဲ့သည့် မိမိ၏ဘုန်းတော်ကိုလည်းကောင်း၊ မိမိ၏နိုင်ငံတော်ကိုလည်းကောင်း ၎င်းတို့၏ လူသားမျက်စိများဖြင့်မြင်တွေ့နိုင်ဖို့ ဖော်ပြရန်နှင့် ထိုအရာများကို မြင်တွေ့နိုင်ဖို့ ထိုတမန်တော်များအားခွန်အားပေးရန် ကိုယ်တော်ရှင် ဆုတောင်းတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် ဒုက္ခဝေဒနာခံစား နေရ သော အချိန်တွင် မိမိသည် ဘုရားသခင်သားတော်မှန်ကန်ကြောင်းနှင့် ရှက်ကြောက် ဖွယ်သောအသေခံခြင်းသည် ကယ်တင်ခြင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ် ကြောင်းကိုသိရှိကာ နှစ်သိမ့်မှုဖြစ်စေသည့် ကိုယ်တော်၏ဘုရားဇာတိ တော်အ ကြောင်းကို တမန်တော်များ ထင်ရှားစွာတွေ့မြင်နိုင်စေရန်အတွက်လည်း ကိုယ် တော်ရှင် တောင်းလျှောက်တော်မူခဲ့ပါသည်။
ထိုဆုတောင်းချက်ကို ဘုရားသခင်နားညောင်းတော်မူခဲ့ပါသည်။ ကျောက် မြေပေါ်တွင် ဦးညွှတ်ဒူးထောက်လျက်ရှိစဉ်တွင် ရုတ်တရက်ချက်ချင်း ကောင်းကင် တံခါးပွင့်လာပြီး ရောင်ခြည်တော်များသည် တောင်ပေါ်သို့ကျရောက် ထွန်းလင်းလာ ကာ ကိုယ်တော်ရှင်၏ ပတ်လည်တွင် ဘုန်းရောင်ခြည်များ ကွန့်မြူးလျက်ရှိနေပါ သည်။ ကိုယ်တော်၏ အတွင်းဘုရားဇာတိတော်သည် လူသား ဇာတိမှတစ်ဆင့် ထွန်းလင်းလာပြီး အထက်ကောင်းကင်နိုင်ငံတော်မှ ကျလာသည့် ဘုန်းတော်နှင့် ပေါင်းစည်းသွားပါသည်။ ခရစ်တော်သည် ပျပ်ဝပ်နေသောအနေ အထားမှထလိုက် ပြီး ဘုရားကဲ့သို့ရိုသေဖွယ်သော အနေအထားမျိုးနှင့် ရပ်တော်မူလိုက်ပါသည်။ ကိုယ်တော်ခံစားရသော စိတ်ဆင်းရဲမှုများလည်း ပျောက်ကွယ် သွားပေပြီ။ မျက်နှာ တော်သည် နေရောင်ကဲ့သို့တောက်ပလျက် ဝတ်ရုံတော်သည် အလင်းကဲ့သို့ ဖြူဖွေး လျက်ရှိပါသည်။
အိပ်နေရာမှနိုးလာသည့် တမန်တော်များသည် တစ်တောင်လုံးတွင် ဘုန်း ရောင်ခြည်များနှင့် ထွန်းလင်းနေသည်ကိုမြင်တွေ့သောအခါ ကြောက်ရွံ့အံ့ဩစွာ ဖြင့် သခင်ဘုရား၌ ကွန့်မြူးနေသော ရောင်ခြည်တော်များကို စူးစိုက်၍ ကြည့်ရှုနေ ကြပါသည်။ အံ့ဩဖွယ်လင်းရောင်ခြည်များကို ကြည့်သားကျလာသောအခါ ကိုယ် တော်ရှင်သည် တစ်ပါးတည်း ရပ်နေသည်မဟုတ်ဘဲ နံဘေးတွင်ရပ်နေသည့် ကောင်းကင်သားနှစ်ဦးနှင့် စကားပြောနေသည်ကို သူတို့တွေ့မြင်ကြရပါသည်။ ထို သူများမှာ သိနာတောင်ပေါ်တွင် ဘုရားသခင်နှင့် စကားပြောခဲ့ဖူးသည့် မောရှေ နှင့်သေခြင်းကို မမြည်းစမ်းခဲ့ရသော အာဒံ၏သားများအနက် တစ်ဦးဖြစ်သည့် ဧလိယပင်ဖြစ်ကြပါသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်ငါးရာအချိန်က မောရှေသည်ပိသဂါ တောင်ပေါ်တွင်ရပ်၍ ကတိထားတော်မူသည် ပြည်ကိုကြည့်ခဲ့ပါသည်။ သို့သော် လည်း မောရိဘစမ်းနားတွင် ကျူးလွန်မိခဲ့သော အပြစ်ကြောင့် ထိုပြည်သို့ဝင် ခွင့်မရခဲ့ချေ။ ဘိုးဘေးများအား ကတိထားခဲ့သော အမွေခံရာမြေသို့ ဣသရေလ များအား ဦးဆောင်ရခြင်းသည် ၎င်းအတွက်ပျော်ရွှင်စရာ မကောင်းခဲ့ပါချေ။ “အကျွန်ုပ်သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အ ခွင့်ပေးတော်မူပါ” ဟူသော ခံစားချက်ပြင်းပြစွာဖြင့်ပြုလုပ်ခဲ့သော တောင်းဆို မှုကိုလည်းငြင်းပယ်ခံခဲ့ရပါသည်။ (တရားဟောရာ ၃း၂၅) တောထဲတွင်လှည့် လည်သွားလာစဉ် နှစ်ပေါင်းလေးဆယ်လုံးလုံး အမှောင်ထုအတွက်အလင်း ဖြစ်စေခဲ့ သော မျှော်လင့်ချက်သည်လည်း ငြင်းဆန်ခြင်းခံရမည်ဖြစ်ပါသည်။ တော ထဲမှသင်္ချိုင်းဂူသည် စိတ်ပင်ပန်းလူပင်ပန်းဖြင့်လုပ်ဆောင်ခဲ့သော ထိုနှစ်များ၏ ပန်း တုံးတိုင်ဖြစ်ခဲ့ရပါသည်။ သို့ရာတွင် ငါတို့တောင်းပန်ကြံစည်သမျှ ထက်အလွန်ထူး ခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည် (ဧဖက် ၃း၂၀) ကိုယ်တော့်ကျွန်၏ ဆုတောင်းသံကို အတိုင်းအတာတစ်ခုအားဖြင့် အဖြေပေးတော် မူခဲ့ပါသည်။ မောရှေသည် သေမင်း၏အရိပ်တွင် လျှောက်လှမ်းခဲ့ရသော်လည်း သင်္ချိုင်းဂူထဲတွင် အစဉ်သဖြင့်နေခဲ့ရသည် မဟုတ်ချေ။ ခရစ်တော် ကိုယ်တော်တိုင် ၎င်းအား ထမြောက်စေတော်မူခဲ့ပါသည်။ (ယုဒ ၉)။ ထိုတောင်ပေါ်တွင် ရောက်ရှိနေ သော မောရှေသည် အပြစ်နှင့်သေခြင်းတရားအပေါ် အောင်ပန်းဆွတ်ခဲ့သော ခရစ် တော်၏အောင်ပန်းအတွက် သက်သေခံတစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် သင်္ချိုင်းတွင်း မှ ရှင်ပြန်ထမြောက်လာမည့် ဖြောင့်မတ် သူများကိုယ်စားပြုပါသည်။ သေခြင်းကို မမြည်းစမ်းရဘဲ ကောင်းကင်နိုင်ငံ တော်သို့ရောက်သွားသည့်ဧလိယသည် ခရစ် တော်ဒုတိယအကြိမ်ကြွလာသော အချိန်၌ အသက်ရှင်လျက်ရှိနေကြပြီး နောက်ဆုံး တံပိုးမှုတ်သောအချိန်၌ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း၊ ယခုမျက်မှောက်ပုပ် တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့လည်းကောင်း ပြောင်းလဲသွားမည့်သူများကို ကိုယ်စားပြုပါသည်။ (၁ကော ၁၅း၅၁-၅၃) နောက်တစ်ဖန် ထိုသခင်အား မျှော်လင့် လျက်နေသော သူတို့ကို ကယ်တင်ရန်အလိုငှာ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းလာ မည့် အချိန်ကဲ့သို့ ယခုတွင်သခင်ယေရှုကို ကောင်းကင်၏ အလင်းဖြင့်ပတ်ရစ်ထား ခဲ့ပါ သည်။ (ဟေဗြဲ ၉း၂၈)။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖခမည်း တော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာမည်ဖြစ်သောကြောင့်တည်း။ မာကု ၈း၃၈။ တမန်တော်များအား ပေးတော်မူခဲ့သော ကတိတော်များသည် ယခုတွင် ပြည့် စုံလျက်ရှိပါသည်။ ဘုန်းဝင်စားမည့် အနာဂတ်နိုင်ငံတော် အသေးစားကလေးကို ထို တောင်ပေါ်တွင် ရုပ်လုံးဖော်ခဲ့ခြင်းဖြစ်ပါသည်။ ခရစ်တော် သည်ဘုရင်ကြီးဖြစ်၍ မောရှေသည်ထမြောက်သော သန့်ရှင်းသောသူများကို ကိုယ်စားပြုပြီး ဧလိယသည် သေခြင်းကို မမြည်းစမ်းရဘဲ ပြောင်းလဲသွားသော သူများကိုကိုယ်စားပြုပါသည်။
တမန်တော်များသည် ဤမြင်ကွင်း၏ အနက်အဓိပ္ပါယ်ကို မသိမြင်ကြသေး သော်လည်း ခိုကိုးရာမဲ့ဧည့်သည်တစ်ဦးအနေဖြင့် လှည့်လည်သွားလာနေရသည့် နူးညံ့၍ နိမ့်ကျသော်လည်း သည်းခံခြင်းနှင့်ပြည့်၀သော ၎င်းတို့၏ သခင်ဘုရားအား ကောင်းကင်သားများက ဂုဏ်ပြုကြသည့်အတွက်ကြောင့် ဝမ်းမြောက်ဝမ်းသာရှိခဲ့ကြ ပါသည်။ ဧလိယသည် မေရှိယ၏ နိုင်ငံတည်ထောင်ခြင်းကို ကြေညာရန်အတွက် ကြွ လာခဲ့သည်ကိုလည်းကောင်း၊ ခရစ်တော်၏ နိုင်ငံတော်သည် ဤကမ္ဘာမြေပေါ်တွင် မကြာမီအတွင်းတည်ထောင်တော့ မည်ကိုလည်းကောင်း သူတို့ယုံကြည်ခဲ့ကြပါ သည်။ ၎င်းတို့တွေ့ကြုံခဲ့ရသော ကြောက်လန့်စရာများနှင့် စိတ်ပျက်စရာများကို သူတို့အမြဲ ပယ်ရှားထား ရပါလိမ့်မည်။ ဘုရားသခင်၏ ဘုန်းရောင်ခြည်တော် ကွန့် မြူးရာဤနေရာတွင် သူတို့နေထိုင်လိုကြပါသည်။ ထို့ကြောင့် “သခင်ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့တဲတစ်ဆောင်၊ မောရှေဖို့တဲတစ်ဆောင်၊ ဧလိယ ဖို့တစ်ဆောင် တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါ မည်” ဟု လျှောက်ထားကြ၏။ ဘုရားသခင်သည် မောရှေနှင့်ဧလိယအား ဘုရင် တစ်ပါးအဖြစ် နိုင်ငံတော်တည်ထောင်မည့် ၎င်းတို့၏သခင်ကို ကာကွယ်စောင့် ရှောက်ရန် စေလွှတ်တော်မူခဲ့သည်ဟု ၎င်းတို့ယုံကြည်ခဲ့ကြပါသည်။
သို့ရာတွင် သရဖူမဆောင်းမီ ကပ်တိုင်တက်ရမည်ဖြစ်ပါသည်။ ထိုသူတော် စင်နှစ်ပါးသည် ခရစ်တော်နှင့် တိုင်ပင်ဆွေးနွေးနေသည့် အရာမှာ ခရစ်တော်၏ ဘိ သိက်ခံပွဲအကြောင်းမဟုတ်ဘဲ၊ ယေရုရှလင်မြို့တွင် ကိုယ်တော် တွေ့ကြုံရမည့် အ သေခံခြင်း အကြောင်းပင်ဖြစ်ပါသည်။ သခင်ယေရှုသည် ဝမ်းနည်းမှုနှင့် အပြစ် တရား၏ ဝန်ထုပ်ဝန်ပိုးများအောက်တွင် လူသားများ၏အား နည်းချက်များကို ယူ တင်ဝတ်ဆောင်လျက် လူ့လောကအလယ်တွင် တစ်ကိုယ်တည်း လျှောက်လှမ်း ခဲ့ရပါသည်။ ချဉ်းကပ်လာလျက်ရှိသော ဒုက္ခဆင်းရဲခြင်း၏ အမှောင်ထုသည် ကိုယ်တော်အပေါ်သို့ ဖိစီးလာသည်နှင့်အမျှ မိမိအားမသိရှိ ကြသောကမ္ဘာတွင် ကိုယ်တော်သည် စိတ်အားငယ်ခဲ့ရပါသည်။ သံသယစိတ် များ၊ ဝမ်းနည်းခြင်းများနှင့် မျှော်လင့်ချက် ကြီးမားလွန်းခြင်းများတွင် မျောပါနေသော ကိုယ်တော်၏ ချစ်သား တပည့်တော်များပင်လျှင် အမှုတော်မြတ်၏ နက်နဲမှုကိုမသိနားမလည်ခဲ့ကြချေ။ ကိုယ်တော်သည် ကောင်းကင်အသိုက် အဝန်း၏မေတ္တာပတ်ဝန်းကျင်တွင် စိုးစံ တော်မူခဲ့ရသော်လည်း၊ မိမိဖန်ဆင်း သောဤကမ္ဘာတွင်မူ အထီးကျန်နေထိုင်တော် မူခဲ့ရပါသည်။ ယခုတွင်မူ ဆင်းရဲဒုက္ခများနှင့် ဝမ်းနည်းမှုများကို ကိုယ်တိုင်ခံစားခဲ့ ကြပြီး၊ ခရစ်တော်၏လောက အသက်တာကို စာနာထောက်ထားနိုင်ကြသည့် ကောင်းကင်နိုင်ငံတော်တွင် ဘုန်းဝင်စားနေကြသော ကောင်းကင်တမန်မဟုတ် သည့်လူသားများကို ကိုယ်တော်ထံသို့ ဘုရားသခင် စေလွှတ်တော်မူခဲ့ပါသည်။ မောရှေနှင့်ဧလိယတို့သည် ခရစ်တော်နှင့်အတူ အမှုတော်ဆောင်ခဲ့ သူများဖြစ် ကြပါသည်။ လူသားများ၏ ကယ်တင်ခြင်းအလိုငှာ ကိုယ်တော်၏ တောင့်တချက် များကို သူတို့မျှဝေ ခဲ့ကြပါသည်။ သူတို့အပြစ်ကိုလွှတ်ခြင်းငှာ အလိုတော်ရှိလျှင် လွှတ်တော်မူပါ။ (သို့မဟုတ်) ကိုယ်တော်စီရင်တော်မူသော စာရင်း၌ အကျွန်ုပ် နာမည်ကို ချေတော်မူပါဟူ၍ မောရှေသည်ဣသရေလများအတွက် ဘုရားသခင် ထံတွင် တောင်းလျှောက်ခဲ့ပါသည်။ (ထွက် ၃၂း၃၂)။
ဧလိယသည် အထီးကျန်ဘ၀၏ စိတ်အားငယ်မှုများကို ခံစားခဲ့ဖူးပါသည်။ ယုဒပြည်တွင် သုံးနှစ်ခွဲလုံးလုံး ငတ်မွတ်ခေါင်းပါးစဉ် ပြည်သူများ၏ မုန်းတီးမှုနှင့် ငြိုငြင်မှုများကို ခံခဲ့ရပါသည်။ ကရမေလတောင်ပေါ်တွင် သူတစ်ဦးတည်းသာ ဘုရား သခင်ဘက်၌ ရပ်တည်ခဲ့ပါသည်။ သူတစ်ဦးတည်းသာ ဝမ်းနည်းပူဆွေးစွာဖြင့် တော ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ပလ္လင်တော် နားတွင်ခစားနေကြသော ကောင်းကင်တမန်များအထက် ရွေးချယ်ခြင်းခံရသော ဤသူများသည် ကိုယ်တော် ခံစားရမည့်အရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်နှင့် ကောင်းကင်မှ စာနာ ထောက် ထားမှုများကို ဖော်ပြ၍ ကိုယ်တော်အား နှစ်သိမ့်မှုပေးရန် လောကသို့ ဆင်းသက် လာခဲ့ကြပါသည်။ လူသတ္တဝါတိုင်း ကယ်တင် ခြင်းရရှိရေးတည်းဟူသော လောက ကမ္ဘာအပေါ်ထားရှိမည့် မျှော်လင့်ခြင်းအကြောင်းကို အလေးပေး၍ ဆွေးနွေးတိုင် ပင်ခဲ့ကြပါသည်။
တမန်တော်များသည် အိပ်ငိုက်နေကြသဖြင့် ခရစ်တော်နှင့်ကောင်းကင် သားများ ပြောဆိုကြသည့်စကားများကို အနည်းငယ်သာ ကြားလိုက်ကြရပါသည်။ သူတို့သည် ဆုတောင်းလျက် စောင့်ဆိုင်းနေရန် ပျက်ကွက်ခဲ့ကြသဖြင့် ဘုရားသခင် အသိပေးလိုတော်မူသည့် ခရစ်တော်ခံစားရမည့် ဒုက္ခဝေဒနာများ နှင့် ဆက်တိုက် ဖြစ်ပျက်လာမည့် သုခချမ်းသာများအကြောင်းကို သူတို့မကြား လိုက်ကြရချေ။ ကိုယ်တော်၏ အနစ်နာခံမှုကြောင့် ၎င်းတို့ရရှိကြမည့် ကောင်းချီးမင်္ဂလာများကို သူတို့လက်လွှတ်ခဲ့ကြရသည်။ တမန်တော်များသည် ယုံကြည်မှုနှေးကွေးခဲ့ကြပြီး၊ ဘုရားသခင်က ၎င်းတို့ကြွယ်၀ချမ်းသာစေဖို့ ပေးလိုသည့်ရတနာများကို တန်ဖိုးမထားခဲ့ကြချေ။
သို့စေကာမူ ကြီးမားသောအလင်းကို သူတို့ရရှိခဲ့ကြပါသည်။ ခရစ်တော်ကို ငြင်းဆန်ခဲ့ခြင်းကြောင့် ယုဒလူများတွင် အပြစ်ရှိသည်ကို ကောင်းကင်နိုင်ငံတော် တစ်ခုလုံးမှသိရှိကြောင်း သူတို့အား စိတ်ချစေခဲ့ပါသည်။ ကယ်တင်ရှင်၏ အမှုတော် အကြောင်းကိုလည်း ရှင်းလင်းစွာ သိရှိလာခဲ့ကြပါသည်။ လူသတ္တဝါများ နားလည်နိုင် စွမ်းမရှိသော အရာများကို မျက်စိနှင့်မြင်၍ နားဖြင့်ကြား ခဲ့ကြရပါသည်။ သူတို့သည် “ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူ” များဖြစ်ကြပါသည်။ (၂ပေ ၁း၁၆)။ ၎င်းပြင် သခင်ယေရှုသည် ရှေးဘိုးဘေး ပုရောဖက်များသက်သေခံခဲ့သော မေရှိယ အစစ်အမှန် ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်အား မေရှိယအနေဖြင့် ကောင်းကင်မှ အသိအမှတ်ပြုခဲ့သည် ကိုလည်းကောင်း သူတို့သိရှိခဲ့ကြပါသည်။
သူတို့သည် တောင်ပေါ်မှထိုမြင်ကွင်းကိုကြည့်ရှုနေကြစဉ်တွင် ထွန်းလင်း သောမိုးတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍ “ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း၊ သူ၏စကားကိုနားထောင်ကြလော့” ဟု မိုးတိမ်ထဲမှထွက်ပေါ် လာသောအသံတော်ကို ကြားခဲ့ကြရပါသည်။ တောထဲတွင် ဣသရေလများ၏ ရှေ့ မှသွားခဲ့သော မိုးတိမ်ထက်ထွန်းတောက်သော၊ ဘုန်းတော်နှင့်ပြည့်၀သော ထိုမိုး တိမ်ကိုမြင်ကြရပြီး၊ တောင်များကို လှုပ်ခါသွားစေသည့် ဩဇာတိက္ကမနှင့် ပြည့်စုံ သော အသံတော်ကိုကြားရသဖြင့် တပည့်တော်များသည် ကြောက်ရွံ့ထိတ်လန့် စွာဖြင့် ပျပ်ဝပ်လိုက်ကြပါသည်။ ခရစ်တော်သည် သူတို့အနားသို့ချဉ်းကပ်လာပြီး တို့ထိလိုက်ကာ “ထကြ၊ မကြောက်ကြနှင့်” ဟူ၍အကြောက်ပြေသွားစေရန် ၎င်း တို့ကျက်မိသော အသံဖြင့်မပြောမီတိုင်အောင် သူတို့သည် မျက်နှာများကို ငုံ့ထား ကာ မြေတွင်ပျပ်ဝပ်လျက်နေ ကြပါသည်။ အရဲစွန့်၍ မော့ကြည့်လိုက်သော အခါ ကိုယ်တော်အား ရစ်ပတ်ထားသည့် ရောင်ခြည်တော်များနှင့်တကွ မောရှေ၊ ဧလိယ တို့သည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူတို့တွေ့လိုက်ကြရပါသည်။ တောင် ပေါ်တွင် ခရစ်တော်နှင့်အတူ သူတို့သုံးဦးသာ ရှိနေကြပါတော့သည်။
No comments:
Post a Comment