သူ၏ကြယ်ကိုငါတို့တွေ့မြင်ခဲ့ရပြီ
ရှင်မဿဲခရစ်ဝင်
၂ ကို အခြေပြုသည်
“ယုဒပြည်ဗက်လင်မြို့၌
ဟေရုဒ်မင်းကြီးလက်ထက် ယေရှုသည်ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ မာဂုပညာရှိတို့သည် အရှေ့ပြည်က
ယေရုရှလင်မြို့သို့ရောက်လာကြလျှင် ယခုဖွားသောယုဒရှင်ဘုရင်သည်
အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍
ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီ ဟု မေးမြန်းပြောဆိုကြ၏။”
အရှေ့ပြည်မှရောက်လာကြသောပညာရှိများသည်
အတွေးအခေါ်ပညာရှင်များ ဖြစ်ကြပါသည်။ သူတို့သည်
မြင့်မြတ်သောမိသားစုများမှမွေးဖွားလာသူများ၊ ဥစ္စာဓနကြွယ်ဝချမ်းသာ၍ ပညာတတ်သော
လူတန်းစားများဖြင့် စုပေါင်းဖွဲ့စည်းထားသော ဩဇာတန်ခိုးထက်မြက်၍
လူပေါင်းများစွာပါဝင်သော လူမှု အဖွဲ့အစည်းတစ်ခုမှ ပုဂ္ဂိုလ်များဖြစ်ကြပါသည်။
ထိုအဖွဲ့ထဲမှ များစွာသောလူများသည် ပြည်သူများ၏ ၎င်းတို့အပေါ်ထားရှိသည်
ယုံကြည်လွန်းမှုများအပေါ် အခွင့်ကောင်းယူကြပါသည်။ အချို့မှာသဘာဝတရား တွင်ရှိသော
ဘုရားသခင်အားပြညွှန်ချက်များကို လေ့လာ၍ ၎င်းတို့၏သမ္မာဓိရှိမှုနှင့် ဉာဏ်ပညာစွမ်းရည်များ
အတွက် ရိုသေလေးစားခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သောသူများဖြစ်ကြပါသည်။
သခင်ယေရှုထံသို့ လာခဲ့ကြသောပညာရှိများတွင်
ထိုကဲ့သို့သောအကျင့်စာရိတ္တများရှိကြပါသည်။
ထာဝရဘုရား၏အလင်းတရားသည်
တစ်ပါးအမျိုးသားများ၏ အမှောင်ကမ္ဘာတွင်ထာဝစဉ် ထွန်းလင်းလျက်ရှိပါသည်။
ဤမာဂုပညာရှိများသည် ကြယ်များနှင့်ပြည့်ဝနေသော ကောင်းကင်ယံကို လေ့လာကြပြီး
၎င်းတို့၏ထွန်းလင်းနေသောလမ်းကြောင်းပေါ်တွင် တိမ်မြုပ်နေသည့် ခက်ခဲနက်နဲသောအရာ
များကို ထိုးထွင်းသိမြင်ရန် ကြိုးစားခဲ့ကြစဉ်တွင် ဖန်ဆင်းရှင်၏ဘုန်းတော်ကို
သူတို့ကြည့်မြင်ခဲ့ ကြရပါသည်။ ပိုမိုရှင်းလင်းသိသာသော အသိပညာများကိုရှာဖွေလျက်
သူတို့သည် ဟေဗြဲများ၏ သမ္မာကျမ်းစာတော်မြတ်
ကိုလေ့လာခဲ့ကြပါသည်။ဘုရားသခင်နှင့်ပတ်သက်သော
ဆရာတစ်ပါးကြွလာခြင်းအကြောင်းကိုအနာဂတ္တိပြု ထားသည့် အနာဂတ္တိစကားများကိုလည်း အရှေ့ပြည်တွင်
နေ့စဉ်သူတို့ဆည်းပူးခဲ့ကြပါသည်။ ဗာလမ်သည် တစ်ချိန်က
ထာဝရဘုရား၏ပုရောဖက်တစ်ပါးဖြစ်ခဲ့သော်လည်း
မှော်ဆရာအဖွဲ့ထဲမှပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
ကြိုတင်ဟောကြားထားခဲ့သည့် ဣသရေလလူမျိုးများ၏ ကြီးပွား ချမ်းသာမှုများကိုလည်းကောင်း၊
မေရှိယပေါ်ထွန်းလာမည့်အကြောင်းကိုလည်းကောင်း (၎င်းဟောကြားခဲ့ သည့်
အနာဂတ္တိစကားများကို) မိရိုးဖလာထုံးတမ်းစဉ်လာအနေဖြင့် ရာစုနှစ်တစ်ခုပြီးတစ်ခု
လက်ဆင့်ကမ်း လက်ခံနာယူခဲ့ကြပါသည်။ သို့သော်လည်း ကယ်တင်ရှင်၏ကြွလာခြင်းသည် ဓမ္မဟောင်းကျမ်းတွင်
ပိုမိုရှင်း လင်းစွာဖော်ပြခြင်းခံရပါသည်။ မာဂုပညာရှိများက
ကိုယ်တော်ရှင်၏ကြွလာခြင်းသည် နီးကပ်လျက်ရှိ ကြောင်းကို လည်းကောင်း၊ ၎င်းပြင်
ကမ္ဘာတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ကို သိခြင်း ပညာနှင့်
ပြည့်ဝစေတော့မည်ကိုလည်းကောင်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် လေ့လာသင်ယူခဲ့ကြပါသည်။
ထိုပညာရှိများသည် ထိုည၌
ဗက်လင်တောင်ကုန်းများအထက်ရှိ ကောင်းကင်ယံတွင်ထာဝရဘုရား ၏
ဘုန်းရောင်ခြည်တော်ဖြိုးဝေသောအချိန်၌ ပေါ်ထွန်းလာသည့် ထူးဆန်းသော
အလင်းတစ်ခုကိုမြင်တွေ့ခဲ့ ကြရပါသည်။ ထိုအလင်းမှေးမှိန်သွားသည့်အခါတွင်
အရောင်အဝါတောက်ပသော ကြယ်တစ်လုံးသည် ပေါ်ထွန်းပြီးလျှင်
ကောင်းကင်ယံတွင်ဆက်လက်တည်ရှိနေခဲ့ပါသည်။ ထိုအရာသည် နေရာအပြောင်းအရွှေ့ မရှိသော
ကြယ်တစ်လုံးမဟုတ်သည့်အပြင် ဂြိုလ်တစ်လုံးလည်းမဟုတ်ခဲ့ချေ။ ထူးဆန်းသောအရာသည်
အလွန်အမင်းစိတ်ဝင်စားမှုတစ်ခုကိုဖြစ်စေရန် နှိုးဆွပေးခဲ့ပါသည်။ ထိုကြယ်သည်
တောက်ပနေသော ကောင်းကင်တမန်များစုဝေးနေခြင်းကို အဝေးမှလှမ်းမြင်ရခြင်းဖြစ်ပါသည်။
သို့သော ထိုအကြောင်းကို မာဂုပညာရှိများမသိနားမလည်ခဲ့ကြချေ။ သို့စေကာမူ ထိုကြယ်သည်
၎င်းတို့အတွက်အရေးပါကြောင်းကို သိရှိခံစားခဲ့ကြရပါသည်။ သူတို့သည်
ထိုအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်များ၊ အတွေးအခေါ် ပညာရှင်များနှင့်
တိုင်ပင်ဆွေးနွေးခဲ့ပြီး ရှေးမှတ်တမ်းစာလိပ်များကို ရှာဖွေလေ့လာခဲ့ကြပါသည်။
“ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ပေါ်ထွန်း၍ ရာဇလှံတံသည်
ဣသရေလအမျိုး၌ထင်ရှားပါလိမ့်မည်” ဟူ၍ ဗာလမ်၏အနာဂတ္တိစကားတွင်
ထုတ်ဖော်ကြေညာခဲ့ပါသည်။ (တောလည် ၂၄း၁၇)။ ဤထူးဆန်းသော ကြယ်သည် ကယ်တင်ရှင်ပေါ်ထွန်းခြင်းအတွက်
ရှေ့ပြေးတစ်ခုဖြစ်နိုင်ပါသလား။ မာဂုပညာရှိများသည် ကောင်းကင်မှစေလွှတ်ခဲ့သော
ထိုအလင်းကို ကြိုဆိုခဲ့ကြပါသည်။ ယခုအချိန်တွင် ထိုအလင်းသည် ၎င်းတို့ အပေါ်သို့
တောက်ပသောရောင်ခြည်တန်းများအားဖြင့် သက်ရောက်လျက်ရှိပါသည်။ မွေးဖွားခြင်းကို
ခံတော်မူလျက်ရှိသော ကယ်တင်ရှင်ကိုသွားရောက်ရှာဖွေရန် အိပ်မက်အားဖြင့်
ဘုရားသခင်သည်၎င်းတို့ကို ညွှန်ကြားတော်မူခဲ့ပါသည်။
အာဗြဟံသည် အမွေခံလတ္တံ့သောပြည်သို့
ထွက်သွားရမည်အကြောင်း ဘုရားသခင်ခေါ်တော်မူ သောအခါ သူသည် အဘယ်အရပ်သို့သွားရမည်ကို
ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍
ထွက်သွားခဲ့သကဲ့သို့လည်းကောင်း၊ ကတိထားတော်မူသောပြည်သို့သွားရန် ဣသရေလလူများ သည်
ယုံကြည်ခြင်းအားဖြင့် မိုးတိမ်တိုင်နောက်သို့လိုက်ခဲ့ကြသကဲ့သို့လည်းကောင်း
ဤတစ်ပါးအမျိုးသား များသည် ကတိထားတော်မူသော ကယ်တင်ရှင်ကို
ရှာဖွေရန်ထွက်လာခဲ့ကြပါသည်။ အရှေ့တိုင်းနိုင်ငံများ သည် အဖိုးတန်ပစ္စည်းများဖြင့်
ပေါကြွယ်ဝလျက်ရှိသောကြောင့် မာဂုပညာရှိများသည် လက်ချည်းသက်သက် ဖြင့်
မသွားခဲ့ကြချေ။ ဘုရင်များနှင့်ရာထူးကြီးမြင့်သောသူများအား အရိုအသေပေးသည့်အနေဖြင့်
လက်ဆောင်များပေးခြင်းသည် အရှေ့တိုင်း၏ဓလေ့ထုံးစံတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်
ကမ္ဘာသူကမ္ဘာသား များအား ကောင်းချီးပေးမည့်ထိုပုဂ္ဂိုလ်အား ပူဇော်သကာအနေဖြင့်
ဆက်ကပ်ရန်အတွက် ၎င်းတို့တိုင်းပြည်မှ အကောင်းဆုံးလက်ဆောင်များကို
သယ်ဆောင်လာခဲ့ကြပါသည်။ ထိုကြယ်ကြီးအားမျက်ခြည်ပြတ်မသွား စေရန်
ညအခါတွင်ခရီးသွားကြစဉ် သူတို့သည်မိရိုးဖလာပုံပြင်များအား
ပြန်လည်ပြောကြားခြင်းဖြင့် သော်လည်းကောင်း၊
သူတို့ရှာဖွေနေသောကယ်တင်ရှင်နှင့်ပတ်သက်သည့် အနာဂတ္တိဆိုင်ရာစကားများတို့ကို
ရွတ်ဆိုခြင်းအားဖြင့်သော်လည်းကောင်း ပျော်ရွှင်မြူးထူးစွာ
အချိန်ကိုကုန်လွန်စေခဲ့ကြပါသည်။ သူတို့သည် ခေတ္တရက်နားသည့်အခါတိုင်း
အနာဂတ္တိကျမ်းများကို ရှာဖွေလေ့လာခဲ့ကြပါသည်။ ၎င်းပြင်သူတို့အား ဘုရားသခင်လမ်းပြ
ပို့ဆောင်နေသည်ဟူသော ယုံကြည်စိတ်ချမှုသည်နက်ရှိုင်းလာခဲ့ပါသည်။ အပြင် လက္ခဏာ
တစ်ရပ်အနေဖြင့် သူတို့၏ရှေ့တွင်ထိုကြယ်ကြီးရှိနေစဉ်တွင်
၎င်းတို့၏စိတ်နှလုံးကိုလှုပ်ရှားစေ၍ မျှော်လင့်ချက်များဖြင့်ပြည့်ဝစေသော
အတွင်းလက္ခဏာတစ်ရပ်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေထင်ရှားခြင်းကို
သူတို့ရရှိခဲ့ကြပါသည်။ ထိုခရီးသည် ရှည်လျားသော်လည်း သူတို့အတွက်
ပျော်ရွှင်စရာတစ်ခုဖြစ်ခဲ့ပါသည်။
သူတို့အား လမ်းခရီးတစ်လျှောက်လုံး
လမ်းပြခဲ့သောထိုကြယ်ကြီးသည် ဗိမာန်တော်အပေါ်၌ ရပ်တန့်နေသောအချိန်တွင် သူတို့သည်
ဣသရေလနိုင်ငံသို့ရောက်ရှိလာကြပြီး ယေရုရှလင်မြင်ကွင်းကို ကြည့်ရှုရင်း
သံလွင်တောင်ကျောတစ်လျှောက်ဆင်းလာခဲ့ကြသည်။ ခဏကြာသောအခါ ထိုကြယ်သည် ၎င်းတို့၏မြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပါသည်။
မေရှိယ၏မွေးဖွားခြင်းပတ်သက်သော ဝမ်းမြောက်ဖွယ်များ ကို
လူတိုင်း၏ပါးစပ်ဖျားတွင်အရေးတယူလုပ်၍ ပြောနေကြမည်ဟု မျှော်လင့်လျက်
ယုံကြည်စိတ်ချစွာ ဖြင့်သူတို့သည် စိတ်အားထက်သန်သော ခြေလှမ်းများအားဖြင့်
ရှေ့သို့တက်လှမ်းခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့၏မေးမြန်းစုံစမ်းမှုများသည်
အချည်းနှီးသာဖြစ်ခဲ့ရပါသည်။ မြို့ထဲသို့ရောက်လာသောအခါ သူတို့သည်
ဗိမာန်တော်သို့သွားရောက်ခဲ့ရာ အသစ်မွေးဖွားခြင်းခံယူသည့်
ဘုရင်၏အကြောင်းကိုသိရှိထားသည်ဟု မှတ်ယူရသောသူတစ်စုံတစ်ယောက်ကိုမျှ
ဗိမာန်တော်တွင်မတွေ့ရှိခဲ့ရ၍ သူတို့အံ့ဩခဲ့ကြရပါသည်။ သူတို့၏ မေးခွန်းများတွင်
ဝမ်းမြောက်သောခံစားချက်တစ်ရာကိုမျှ ထုတ်ဖော်ခြင်းမရှိကြောင်းတွေ့ရပြီး
အံ့အားသင့်မှု၊ ကြောက်လန့်မှုနှင့် မထီလေးစားပြုမှုများကိုသာ ဖော်ပြနေခဲ့ပါသည်။
ယဇ်ပုရောဟိတ်များသည်
မိရိုးဖလာကိစ္စတို့ကို ပြန်လည်ပြောပြနေသည်။ သူတို့သည် ဂရိလူမျိုးများ နှင့်
ရောမလူမျိုးများအား တစ်ပါးအမျိုးသားများအနေဖြင့်သော်လည်းကောင်း၊ အခြားသူများ
ထက်ဆိုးသော အပြစ်သားများအဖြစ်ဖြင့်သော်လည်းကောင်း
လူသိရှင်ကြားစွပ်စွဲပြောဆိုနေစဉ်တွင် မိမိတို့ကိုးကွယ်သော ဘာသာတရားများနှင့်
မိမိတို့ကိုယ်တိုင်၏ ဘုရားတရားရှိမှုကို အမွှမ်းတင်နေကြပါသည်။ ထိုပညာရှိများသည်
ရုပ်တုကိုးကွယ်သူများမဟုတ်ကြပါ။ ၎င်းပြင်ထိုသူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင်
ကိုယ်တော်ရှင် အားယုံကြည်သက်ဝင်ကြောင်း ဝန်ခံထားသည့်ယုဒလူမျိုးများထက်ပင်များစွာသာလွန်သော
အခြေအနေတွင် ရပ်တည်နေကြပါသည်။ သို့ပါသော်လည်း ယုဒလူများကသူတို့အား
တစ်ပါးအမျိုးသားရုပ်တုကိုးကွယ်သူများ အနေဖြင့် မြင်ခဲ့ကြပါသည်။
ခန့်အပ်ထားခြင်းခံရသော ယုဒဘာသာရေးအဖွဲ့ဝင်များထဲ၌ပင်လျှင် ထိုပညာရှိ များ၏
မေးခွန်းများအပေါ်တွင် ခံစားချက်တစ်စုံတစ်ရာမရှိခဲ့ကြချေ။
မာဂုပညာရှိများရောက်ရှိလာခြင်းသတင်းသည်
ယေရုရှလင်မြို့အနှံ့အပြားသို့ လျင်မြန်စွာပျံ့နှံ့သွား ခဲ့ပါသည်။
သူတို့၏ထူးဆန်းသော လုပ်ဆောင်မှုများသည် ယုဒလူများအကြားတွင် စိတ်လှုပ်ရှားမှုကို
ဖြစ်ပေါ် စေခဲ့ပြီး ထိုသတင်းသည် ဟေရုဒ်မင်းကြီး၏နန်းတော်သို့တိုင် ပျံ့နှံ့စိမ့်ဝင်သွားခဲ့ပါသည်။
စဉ်းလဲသောဧဒုံ လူမျိုးဟေရုဒ်သည် ပြိုင်ဘက်တစ်ယောက်ဖြစ်လာနိုင်သည့်
ထိုအရိပ်အမြွက်သတင်းကြောင့်စိတ်လှုပ်ရှား လာခဲ့ပါသည်။ သူသည်
မရေမတွက်နိုင်သောလူသတ်မှုများကိုကျူးလွန်၍ ထီးနန်းကိုရရန်သွေးစွန်းသော လမ်းများကို
လျှောက်လှမ်းခဲ့ရသည်။ သူသည် ယုဒသွေးမဟုတ်သောကြောင့် ၎င်းအုပ်ချုပ်ရသည့် ယုဒ
ပြည်သူများ၏ မုန်းတီးခြင်းကိုလည်းခံခဲ့ရသည်။ သူ၏တစ်ခုတည်းသောဘေးကင်းလုံခြုံမှုသည်
ရောမအစိုးရ ၏ မျက်နှာသာပေးခြင်းပင်ဖြစ်ပါသည်။ သို့သော် အသစ်မွေးဖွားလာသော
သူငယ်တော်ယေရှုတွင်ပို၍ မြင့်မြတ်သောရိုးရာအလိုက် အခွင့်အရေးတစ်ရပ်ရှိနေခဲ့ပါသည်။၎င်းမှာသူသည်ယုဒနိုင်ငံတွင်မွေးဖွားခံရခြင်း
ပင်ဖြစ်ပါသည်။
ယဇ်ပုရောဟိတ်များသည်
ထိုသူစိမ်းဧည့်သည်များနှင့်ပူးပေါင်းကာ အုတ်အုတ်ကျက်ကျက်ဖြစ်ရန် နှိုးဆွနေပြီး
၎င်းအားထီးနန်းမှချရန် ကြံစည်နေကြသည်ဟု ဟေရုဒ်မင်းကြီးမယုံသင်္ကာဖြစ်ခဲ့ပါသည်။
သို့သော်လည်း ဟေရုဒ်သည် ပို၍ပါးနပ်လိမ္မာသောနည်းများဖြင့်
၎င်းတို့၏အကြံအစည်များကို ချေဖျက်ရန် ဆုံးဖြတ်လျက် သူ၏သင်္ကာမကင်းမှုများကို
မထုတ်ဖော်ခဲ့ချေ။ ယဇ်ပုရောဟိတ်အကြီးများနှင့် ကျမ်းတတ် ဆရာများကို
နန်းတော်သို့ဆင့်ခေါ်လျက် မေရှိယအရှင်မွေးဖွားမည့်နေရာနှင့်ပတ်သက်သော
သမ္မာကျမ်းစာ၏ သွန်သင်ချက်များကိုမေးမြန်းခဲ့ပါသည်။
ထီးနန်းကိုအဓမ္မသိမ်းပိုက်ထားသည့်
ဟေရုဒ်၏စုံစမ်းမေးမြန်းချက်နှင့် သူစိမ်းဧည့်သည်များပြုလုပ်ခဲ့ သော
တောင်းဆိုချက်များသည် ယုဒကျမ်းတတ်ဆရာများ၏ဂုဏ်ရောင်ကို ထိခိုက်စေခဲ့ပါသည်။
စိတ်မဝင်စား စွာဖြင့် သူတို့သည် အနာဂတ္တိစာလိပ်များကို လှန်လျောနေကြခြင်းသည်
မနာလိုငြူစူနေသော ဘုရင်ကြီးအား အမျက်ဒေါသထွက်စေခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍
သူတို့သိသောအရာများကိုထိမ်ချန်ရန် ကြိုးစားနေ ကြသည်ဟု ၎င်းတို့အပေါ်
ဟေရုဒ်ထင်ခဲ့ပါသည်။ ကျမ်းစာကိုအသေးစိတ်ရှာဖွေလေ့လာ၍ ၎င်းတို့မျှော်လင့် ထားသော
ဘုရင်၏မွေးဖွားသည့်နေရာကိုဖော်ထုတ်ရန် ဟေရုဒ်မင်းကြီးသည် ၎င်းတို့အား
မလွန်ဆန်နိုင်သော အာဏာကိုအသုံးပြု၍ အမိန့်ပေးခဲ့ပါသည်။ ထိုသူတို့ကလည်း
ပုရောဖက်တစ်ပါးရေးထားသော အချက် ဟူမူကား “ အိုယုဒပြည်ဗက်လင်မြို့အစိုးရသော
ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်၊
အကြောင်းမူကားငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည်
သင်၏အထဲမှာပေါ်ထွန်းလတ္တံ့” ဟုကျမ်းစာလာပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌
ခရစ်တော်ကိုဖွားမြင်ပါလိမ့်မည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။ မဿဲ ၂း၆။
ယခုတွင် ဟေရုဒ်မင်းကြီးသည်
မာဂုပညာရှိများအား မထင်မရှားဖိတ်ခေါ်ခဲ့၏။ ၎င်း၏စိတ်နှလုံးထဲတွင်
အမျက်ဒေါသများနှင့်စိုးရိမ်ကြောက်ရွံ့မှုတို့သည် ဗလောင်ဆန်နေသော်လည်း
တည်ငြိမ်သောအသွင်ကိုဆောင်လျက် သူသည် ဧည့်သည်များကို ယဉ်ကျေးပျူငှါစွာဖြင့်
လက်ခံတွေ့ဆုံခဲ့ပါသည်။ သူသည် မည်သည့်အချိန်တွင် ကြယ်ကြီးပေါ်ထွန်းကြောင်းမေးမြန်း၍
ခရစ်တော်၏မွေးဖွားခြင်းသတင်းကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုမည့်အကြောင်းကို
ထုတ်ဖော်ပြောပြခဲ့ပါသည်။ သူသည် ထိုပညာရှိများအား “ သင်တို့သွား၍ ထိုသူငယ်ကို
ကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်း ထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါ”
ဟု မှာကြားခဲ့ပါသည်။ ထိုကဲ့သို့ပြော၍ သူတို့အား ဗက်လင်မြို့သို့ဆက်လက်သွားကြရန်
စေလွှတ်ခဲ့ပါသည်။
ယေရုရှလင်မှ ယဇ်ပုရောဟိတ်များနှင့်
လူအကြီးအကဲများသည် ခရစ်တော်၏မွေးရပ်မြေနှင့် ပတ်သက်၍ မသိနားမလည်ခြင်းမဟုတ်ချေ။
သိုးထိန်းများကို ကောင်းကင်တမန်များ ပြောကြားခဲ့သည့် သတင်းများသည်
ယေရုရှလင်မြို့သို့တိုင်ရောက်ရှိခဲ့ပါသည်။ သို့သော် ထိုဆရာများသည် ကြားရသည့်
သတင်းစကားများကို ဂရုစိုက်ရလောက်အောင် တန်ဖိုးမရှိသောအရာအဖြစ် မှတ်ယူခဲ့ကြပါသည်။
သူတို့သည် သခင်ယေရှုကို ကိုယ်တိုင်သွားရောက်ရှာဖွေတွေ့ရှိနိုင်ပြီး
မာဂုပညာရှိများအား ကိုယ်တော်ရှင်၏မွေးရပ်မြေ သို့သွားရောက်ပို့ဆောင်ရန်
အသင့်အနေအထားတွင်ရရှိနိုင်ခဲ့ကြပါသည်။ သို့သော် ထိုသို့ဖြစ်ရမည့်အစား
ခရစ်တော်မွေးဖွားသည့်နေရာကိုရှာရန် မာဂုပညာရှိများက
၎င်းတို့အားလာရောက်သတိပေးနေရပါသည်။ “ယခုဖွားမြင်သောယုဒရှင်ဘုရင်သည်
အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကိုငါတို့မြင်ရ သည်ဖြစ်၍
ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာကြပြီ” ဟု သူတို့ဆိုကြ၏။
ယခုတွင်မာနတရားများနှင့်
ငြူစူစောင်းမြောင်းခြင်းများသည် အလင်းတော်ကိုတားမြစ်ပိတ်ပင် ထားလေပြီ။ အကယ်၍သာ
သိုးထိန်းများနှင့် ပညာရှိများယူဆောင်လာခဲ့သော သတင်းစကားများကိုယုံကြည်
လက်ခံခဲ့ကြလျှင် ထိုသူများသည် ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများကို
သမ္မာတရားအား မှားယွင်းစွာဖြင့် အဓိပ္ပါယ်ဖော်ပြသူများဖြစ်ကြောင်း သက်သေပြကာ
အလွန်နိမ့်ကျသောရာထူးများတွင် ပြောင်းရွှေ့ခန့်အပ်ကြပါလိမ့်မည်။
ဤပညာတတ်ကျမ်းပြုဆရာများသည် တစ်ပါးအမျိုးသားများဟု ၎င်းတို့ ခေါ်ဝေါ်ထားသည့်သူများ၏
သွန်သင်ခြင်းကိုခံရန် အောက်ကျို့ကြလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်သည်
သူတို့ကိုကျော်၍ပညာမဲ့သိုးထိန်းများနှင့်
အရေဖျားလှီးခြင်းမခံယူသည့်တစ်ပါးအမျိုးသားများကို ဆက်သွယ် ရန်မဖြစ်နိုင်ပါဟု
သူတို့ကဆိုကြသည်။ ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်တစ်မြို့လုံးကို စိတ်လှုပ်ရှားစေသော
ထိုသတင်းကိုသူတို့အထင်မကြီးကြောင်းပြရန် စိတ်ဆုံးဖြတ်ခဲ့ကြပါသည်။
ဤအရာများတကယ်ဟုတ်သည် မဟုတ်သည်ကိုကြည့်ရန် သူတို့သည်
ဗက်လင်မြို့ကိုသွားကြလိမ့်မည်မဟုတ်ချေ။ ၎င်းပြင်သူတို့သည် ယုဒလူများအား
သခင်ယေရှုအပေါ်စိတ်ဝင်စားခြင်းကို တစ်ယူသန်မှားယွင်းသောစိတ်လှုပ်ရှားစေမှုတစ်ခု
အနေဖြင့် မှတ်ယူကြရန် လမ်းပြသွန်သင်ခဲ့ပါသည်။ ဤအချိန်မှစ၍ ခရစ်တော်အပေါ်
ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာတို့၏ငြင်းပယ်ခြင်းအစပျိုးခဲ့ပါသည်။ ထိုအချက်မှ
အစပြုခဲ့သောသူတို့၏မာနထောင်လွှား ခြင်းနှင့် ခေါင်းမာခြင်းများသည် ကယ်တင်ရှင်အပေါ်
တင်းမာသောမုန်းတီးခြင်းသို့တိုင် တိုးပွားခဲ့ပါသည်။ ထာဝရဘုရားသခင်သည် တစ်ပါးအမျိုးသားများအတွက်
တံခါးဖွင့်ပေးနေစဉ် ယုဒခေါင်းဆောင်များသည် ၎င်းတို့ကိုယ်တိုင်အတွက်
တံခါးပိတ်လျက်ရှိကြပါသည်။
ပညာရှိများသည်
အခြားမည်သည့်ယုဒလူတစ်ယောက်မျှမပါဘဲနှင့် ယေရုရှလင်မြို့မှထွက်ခွာခဲ့ကြ ပါသည်။
သူတို့သည် မြို့တံခါးမှထွက်လာကြစဉ် ညမှောင်ရိပ်ကျလျက်ရှိသော်လည်း
ဝမ်းမြောက်ဝမ်းသာစွာ ဖြင့် ထိုကြယ်ကြီးကို တစ်ဖန်မြင်တွေ့ခဲ့ရပြန်ပြီ။ သူတို့အား
ဗက်လင်မြို့ဘက်သို့ လမ်းညွှန်ခဲ့ပါသည်။ သိုးထိန်းများအား ပေးသနားခဲ့သော သခင်ယေရှု၏
နိမ့်ကျသည့်အခြေအနေများ၏ အရိပ်အမြွက်မျိုးကို မာဂုပညာရှိများမရခဲ့ကြချေ။
ခရီးရှည်ကြီးကို လျှောက်လှမ်းလာခဲ့ပြီးသည့်နောက် ယုဒခေါင်းဆောင်များ၏
ခရစ်တော်မွေးဖွားခြင်းအပေါ် စိတ်မဝင်စားမှုများကြောင့် စိတ်ပျက်ခဲ့ကြရပြီး
မြို့ထဲကိုဝင်လာစဉ်အခါက ထက် နည်းပါးသောယုံကြည်စိတ်ဖြင့် ယေရုရှလင်မြို့မှ
ထွက်ခွာခဲ့ကြပါသည်။ သူတို့သည် မွေးဖွားလာမည့် ကယ်တင်ရှင်အား ကာကွယ်စောင့်ရှောက်ရန်
တပ်ချထားသောမည်သည့် ဘုရင့်တပ်ကိုမျှ ဗက်လင်မြို့တွင် မတွေ့ခဲ့ရချေ။
မည်သည့်ကမ္ဘာ့ဂုဏ်အသရေရှိပုဂ္ဂိုလ်တစ်စုံတစ်ယောက်မျှ ထိုနေရာသို့ မတက်ရောက်ခဲ့ကြ
ချေ။ သခင်ယေရှုသည် နွားစားခွက်တွင်သိပ်ထားခြင်းကိုခံရပါသည်။
ပညာမတတ်သောလယ်သမားလူတန်း စား ဖြစ်သည့် သူ၏မိဘများသည်
ကိုယ်တော်၏သက်တော်စောင့်များဖြစ်ကြပါသည်။ “ယာကုပ်အမျိုးအနွယ်
တို့ကိုချီးမြှောက်ခြင်း၊ ဘေးလွတ်သောဣသရေလသားတို့ကို
အလျင်ကကဲ့သို့ဖြစ်စေခြင်းငှါပြုမည့်သူ” ဖြစ်နိုင်မည်လား၊ ထိုပုဂ္ဂိုလ်သည် “
မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကိုပြုမည့်သူ၊ တစ်ပါးအမျိုးသားတို့ အတွက်
အလင်းတရားဖြစ်စေမည့်သူ” ဖြစ်နိုင်ပါမည်လား။ ဟေရှာ ၄၉း၆။
သူတို့သည် အိမ်သို့ဝင်လေသော်
မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပျပ်ဝပ် ကိုးကွယ်ကြ၏။
ခရစ်တော်၏နှိမ့်ကျသောအသွင်အပြင်အောက်တွင် ဖုံးကွယ်ထားသော ကိုယ်တော်၏ ဘုရား
ဇာတိတော်ကို သူတို့အသိအမှတ်ပြုခဲ့ကြသည်။ သူတို့သည် ကိုယ်တော်ရှင်အား
၎င်းတို့၏ကယ်တင်ရှင် အနေဖြင့် စိတ်နှလုံးများကိုပေးအပ်ခဲ့ကြပြီး
မိမိတို့၏ဘဏ္ဍာဥစ္စာတို့ကိုဖွင့်၍ လောဗန်နှင့် မုရန်တည်းဟူသော
နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။
သူတို့၏ယုံကြည်ခြင်းသည်ကြီးမား လှပါတကား။ “ဤမျှလောက်သော ယုံကြည်ခြင်းကို
ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး” ဟု အညွှန်းခံခဲ့ ရသော
ရောမတပ်မှူးကလေး၏ယုံကြည်ခြင်းကဲ့သို့ အရှေ့ပြည်မှလာသောဤပညာရှိများ၏ယုံကြည်ခြင်းကို
ခိုင်းနှိုင်းပြောဆိုနိုင်ပါသည်။
မာဂုပညာရှိများသည်
သခင်ယေရှုအပေါ်ထားရှိသည့် ဟေရုဒ်၏အကြံအစည်ကိုထိုးဖောက်မသိမြင် ခဲ့ကြပါ။
သူတို့ခရီးစဉ်၏ရည်ရွယ်ချက် ပြည့်စုံပြီးမြောက်သွားသောအခါ
၎င်းတို့၏အောင်မြင်မှုများကို ဟေရုဒ်မင်းကြီးအား သတိပေးကြားပြောရန်ရည်ရွယ်လျက်
ယေရုရှလင်မြို့သို့ပြန်သွားကြရန်သူတို့ပြင်ဆင်ခဲ့ ကြသည်။ သို့သော်သူတို့သည် ဟေရုဒ်မင်းကြီးနှင့်
နောက်ထပ်အဆက်အသွယ်မလုပ်တော့ရန် ညွှန်ကြားသော ဘုရားသခင်ထံမှ သတင်းစကားကို
အိပ်မက်အားဖြင့်ရရှိခဲ့ကြပါသည်။ ထိုကြောင့်သူတို့သည် ယေရုရှလင်ကို ရှောင်ကွင်း၍
အခြားလမ်းမှ မိမိတို့၏တိုင်းပြည်သို့ ပြန်ခဲ့ကြပါသည်။
ထိုပုံစံမျိုးအတိုင်းပင်
မာရိနှင့်သူငယ်တော်ယေရှုကိုခေါ်ဆောင်၍အီဂျစ်ပြည်သို့ထွက်ပြေးရန် သတိ ပေး စကားကို
ယောသပ်ရရှိခဲ့ပါသည်။ ၎င်းပြင် ကောင်းကင်တမန်က “ တစ်ဖန်ငါပြောဆိုသည်တိုင်အောင်
ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါ
ရှာလိမ့်မည်ဟုဆိုလေ၏။” ယောသပ်သည် လုံခြုံမှုပိုမိုရရှိနိုင်စေရန်အတွက် ထိုညတွင်ပင်
ခရီးကိုအစပြုခဲ့ခြင်းအားဖြင့်နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ နားထောင်ခဲ့ပါသည်။
ထာဝရဘုရားသခင်သည်
ထိုပညာရှိများအားဖြင့် ခရစ်တော်၏မွေးဖွားခြင်းကို ယုဒအမျိုးသားများ အာရုံပြုလာရန်
လုပ်ဆောင်ခဲ့သည်။ မာဂုပညာရှိများ ယေရုရှလင်မြို့တွင်
ပြုလုပ်ခဲ့သောစုံစမ်းမှုများသည် လည်းကောင်း၊ ထိုအကြောင်းနှင့်ပတ်သက်၍
လူအများ၏စိတ်ဝင်စားမှုသည်လည်းကောင်း၊ ယဇ်ပုရောဟိတ် များနှင့်ကျမ်းတတ်ဆရာများအား
ဇွတ်အတင်းအာရုံပြုစေခဲ့သော ဟေရုဒ်မင်းကြီး၏မနာလိုမှုသည်လည်း ကောင်း
မေရှိယနှင့်ပတ်သက်သော အနာဂတ္တိစကားများနှင့် မကြာမီကဖြစ်ပျက်ခဲ့သော ကြီးကျယ်သည့်
ဖြစ်ရပ်ကြီးအပေါ်သို့ စိတ်ဝင်စားရန် လမ်းညွှန်ခဲ့ပါသည်။
စာတန်သည် ဘုရားသခင်၏ထိုအလင်းတော်ကို
ကမ္ဘာထဲသို့ရောက်ရှိမလာရန် ပိတ်ဆို့ခြင်းလုပ်ငန်း
ကိုလုပ်ဆောင်ရန်အာရုံစူးစိုက်ခဲ့ပါသည်။ ၎င်းပြင်
သူသည်ကယ်တင်ရှင်ကိုသုတ်သင်ဖျက်ဆီးရန်အကောင်း ဆုံးပါးနပ်မှုများကို
အသုံးပြုခဲ့ပါသည်။ သို့သော် ငိုက်မျဉ်းခြင်း၊အိပ်ငိုက်ခြင်းမရှိသောထာဝရဘုရားသခင်
သည် ချစ်လှစွာသောသားတော်ကို ကြည့်ရှုစောင့်ကြပ်လျက်ရှိခဲ့သည်။ ဣသရေလများအတွက်
ကောင်းကင် မှ မန္နမုန့်မိုးရွာပေးခဲ့သော ငတ်မွတ်ခေါင်းပါးရာကာလတွင်
ဧလိယအားကျွေးမွေးတော်မူခဲ့သောထာဝရဘုရား သည် တစ်ပါးအမျိုးသားများ၏တိုင်းပြည်တွင်
မာရိနှင့်သူငယ်တော်ယေရှုအတွက် ခိုလှုံရာတစ်ခုကို ပြင်ဆင် ပေးတော်မူခဲ့သည်။
တစ်ပါးအမျိုးသားတိုင်းပြည်မှ မာဂုပညာရှိများ၏ လက်ဆောင် များအားဖြင့် အီဂျစ်ပြည်
သို့သွားမည့် ခရီးစဉ်အတွက်သော်လည်းကောင်း၊ သူစိမ်းလူများ၏နိုင်ငံတော်တွင်
ခေတ္တယာယီတည်းခိုသည့် ကာလအတွက်သော်လည်းကောင်း ပစ္စည်းကြေးငွေများကို
ထာဝရဘုရားထောက်ပံ့ခဲ့ပါသည်။
မာဂုပညာရှိများသည်
ကယ်တင်ရှင်ကိုကြိုဆိုကြသည့် ပထမဦးဆုံးအဖွဲ့ထဲမှ ပုဂ္ဂိုလ်များဖြစ်ခဲ့ကြပါ သည်။
၎င်းတို့ပေးလှူခဲ့ကြသည့်လက်ဆောင်ပဏ္ဏာများသည် ကိုယ်တော်၏ခြေတော်ရင်းတွင်ရောက်ရှိလာ
သည့်ပထမဦးဆုံးသောလက်ဆောင်များဖြစ်ခဲ့ပါသည်။
ထိုလက်ဆောင်ပဏ္ဏာများအားဖြင့်အမှုတော်ဆောင်
ခြင်း၏အခွင့်အရေးတစ်ရပ်ကိုရရှိခဲ့ကြပါသည်တကား၊
ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသောစိတ်နှလုံးထဲမှထွက် ပေါ်လာသည့် ပူဇော်သကာကို
ကိုယ်တော်၏အမှုတော်တွင် အထိရောက်ဆုံးဖြစ်စေလျက် ထာဝရဘုရားသည်
ဂုဏ်ပြုရန်နှစ်ခြိုက်တော်မူပါသည်။ ကျွန်ုပ်တို့သည်လည်း မိမိတို့၏စိတ်နှလုံးများကို
သခင်ယေရှုအားဆက် ကပ်ထားကြပြီးဆိုလျှင် ကျွန်ုပ်တို့သည်ကိုယ်တော်ထံသို့
လက်ဆောင်ပဏ္ဏာများကိုယူဆောင်လာကြလိမ့်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည်ပိုင်သောရွှေများ၊ငွေများ၊လောကတွင်ရှိသောအဖိုးတန်ပစ္စည်းများ၊
အကောင်းဆုံး သောဉာဏ်ပညာစွမ်းရည်များနှင့် ဝိညာဉ်ရေးစွမ်းအားများကို
ကျွန်ုပ်တို့အားချစ်၍ မိမိကိုယ်ကိုကျွန်ုပ်တို့ အတွက်ပေးသနားတော်မူသော
ကိုယ်တော်ထံအကြွင်းမဲ့ဆက်ကပ်လှူဒါန်းကြပါလိမ့်မည်။
ယေရုရှလင်မြို့တွင်ရှိသော
ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိများ၏ပြန်အလာကိုသည်းခံ၍ မစောင့် ဆိုင်းနိုင်တော့ချေ။
ရောက်ချိန်တန်သော်လည်း သူတို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မယုံသင်္ကာစိတ်
များ ပေါ်ပေါက်လာခဲ့ပါသည်။ မေရှိယမွေးဖွားသည့်နေရာကိုပြညွှန်ရန် ကျမ်းတတ်ဆရာများ၏
စိတ်ပါဝင်စား မှုမရှိခြင်းသည် ၎င်းတို့အနေနှင့် ဟေရုဒ်မင်းကြီး၏အကြံအစည်ကို
သိသွားပြီဖြစ်ကြောင်းကိုလည်းကောင်း၊ မာဂုပညာရှိများသည်မင်းကြီးအား
သက်သက်ရှောင်ကွင်းသွားခြင်း ဖြစ်ကြောင်းကိုလည်းကောင်း ဖော်ညွှန်း
နေသကဲ့သို့ဖြစ်နေပါသည်။ ထိုအတွေးများသည်မင်းကြီးအား စိတ်နှလုံးနောက်ကျိစေပါသည်။
လိမ္မာပါးနပ် စွာလုပ်ဆောင်ခြင်းအားဖြင့် မအောင်မြင်သော်လည်း
အင်အားကိုသုံး၍လုပ်ဆောင်ရန်နည်းလမ်းကျန်ပါသေး သည်။ သူသည် ဤသူငယ်တော်ဘုရင်ကလေးအတွက်
စံပြအနေနှင့်အပြစ်ဒဏ်စီရင်လေ၏။ မာနကြီးဘဝင် မြင့် နေသောဂျူးများသည်
သက်ဦးစံပိုင်ဘုရင်တစ်ပါးကိုနန်းတင်ရန်ကြိုးစားခဲ့သဖြင့် ၎င်းတို့မျှော်လင့်ထားခဲ့
သည့်အရာကို တွေ့မြင်သင့်ပါသည်။
ဤဘေးဒုက္ခကြီးကို
ယုဒလူမျိုးများကိုယ်တိုင် ဖြစ်ပွားအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ သည်
ထာဝရဘုရားရှေ့တော်တွင်သစ္စာရှိစွာ၊ နှိမ့်ချစွာဖြင့်အသက်ရှင်ခဲ့ကြမည်ဆိုလျှင်
ကိုယ်တော်သည်ထူး ကဲသောနည်းနိဿယအားဖြင့် ဟေရုဒ်မင်းကြီး၏အမျက်ဒေါသကို
သူတို့အတွက်ဘေးမဖြစ်အောင်ပြုလုပ် တော်မူလိမ့်မည်ဖြစ်ပါသည်။ သို့ပါသော်လည်း
ယုဒလူများသည်၎င်းတို့၏အပြစ်များအားဖြင့်ထာဝရဘုရား နှင့်တသီးတခြားစီဖြစ်သည့်ပြင်
၎င်းတို့အတွက်တစ်ခုတည်းသောကာကွယ်ရာဖြစ်တော်မူသည့်သန့်ရှင်းသော
ဝိညာဉ်တော်ကိုလည်းငြင်းပယ်ခဲ့ကြပါသည်။ သူတို့သည်ထာဝရဘုရား၏အလိုတော်နှင့်ညီသောအသက်တာ
ကိုရရန်ဆန္ဒဖြင့် ကျမ်းစာကိုလေ့လာခဲ့ကြသည် မဟုတ်ဘဲ
မိမိတို့ကိုယ်ကိုချီးမြှောက်နိုင်ရန်နှင့်ထာဝရဘုရား သည် အခြားလူမျိုးများအား
မည်ကဲ့သို့အထင်အမြင်သေးကြောင်း ဖော်ပြရန်များအတွက် အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော
အနာဂတ္တိစကားများကိုသာ ရှာဖွေလေ့လာခဲ့ကြပါသည်။ မေရှိယအရှင်သည် ရန်သူများကို
အောင်နိုင်လျက်၊ တစ်ပါးအမျိုးသားများကို အမျက်တော်အားဖြင့်နင်းချေလျက်၊
ဘုရင်တစ်ပါးအနေဖြင့်ကြွ လာမည်ဆိုသည်မှာ
၎င်းတို့၏ဂုဏ်ယူသောကြွားလုံးတစ်ခုဖြစ်ပါသည်။ ထိုနည်းအားဖြင့် သူတို့သည်
၎င်းတို့၏ရောမဘုရင်များမုန်းတီးမှုကို နှိုးဆွခဲ့ကြပါသည်။
ခရစ်တော်၏အမှုတော်အပေါ်သူတို့၏ မှားယွင်း သော ရုပ်လုံးဖော်မှုအားဖြင့် စာတန်သည်
ကယ်တင်ရှင်အား သုတ်သင်ရှင်းလင်းရန် စဉ်းလဲသောအကြံကိုကြံ စည်ခဲ့ပါသည်။ သို့သော်လည်း
ကိုယ်တော်ရှင်အား သုတ်သင်ဖျက်ဆီးနိုင်မည့်အစား ထိုအကြံအစည်သည်
သူတို့ခေါင်းပေါ်သို့ ပြန်၍ကျခဲ့ပါသည်။
ဤရက်စက်စွာလုပ်ဆောင်မှုသည်
ဟေရုဒ်မင်းကြီး၏ထီးသက်နန်းသက်တွင် မှောင်မိုက်စေသည့် နောက်ဆုံးဖြစ်ရပ်များမှ
လုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အပြစ်မဲ့သောကလေးငယ်များကို သတ်ဖြတ်ပြီး၍
မကြာမီတွင်သူသည် မည်သူတစ်စုံတစ်ဦးကမျှ လွှဲပယ်၍မရသော ကံကြမ္မာဆိုးကို
လက်မြှောက်အရှုံးပေး၍ မိမိကိုယ်ကိုမိမိအနိုင်အထက်ပြုခဲ့ပါသည်။ ဟေရုဒ်မင်းကြီးသည်
သေခြင်းဆိုးနှင့်သေခဲ့ရပါသည်။
ယခုတိုင်
အီဂျစ်ပြည်တွင်နေထိုင်လျက်ရှိသော ယောသပ်အား ဣသရေလတိုင်းပြည်သို့ပြန်ရန်
ဘုရားသခင်၏ကောင်းကင်တမန်သည် ယခုအချိန်တွင်ဖိတ်ခေါ်ခဲ့ပါသည်။
ဒါဝိဒ်၏ထီးနန်းကိုဆက်ခံမည့်သူ တစ်ဦးဖြစ်သော သခင်ယေရှုကိုထောက်ထားလျက် ယောသပ်သည်
ဗက်လင်မြို့တွင်ပြန်၍နေလိုသော်လည်း ဟေရုဒ်မင်းကြီးအရာတွင် သားတော်အာခေလသည်
ယုဒပြည်တွင်မင်းပြုနေကြောင်းကြားရလျှင် ခရစ်တော် ကိုသတ်ဖြတ်မည့် ဖခင်၏စီမံကိန်းကို
ဆက်လက်အကောင်အထည်ဖော်မည်ကို ယောသပ်စိုးရိမ်ခဲ့သည်။
ဟေရုဒ်မင်းကြီး၏သားများထဲတွင်အာခေလသည်ဖခင်နှင့်အကျင့်စရိုက်အတူဆုံးဖြစ်ပါသည်။
၎င်း၏ထီးနန်း ဆက်ခံမှုကို ယေရုရှလင်မြို့တွင်ဖြစ်ပွားခဲ့သည့် အုတ်အုတ်ကျက်ကျက်၊
ရုန်းရင်းခတ်မှုတစ်ခုအားဖြင့်သော် လည်းကောင်း၊
ယုဒထောင်ပေါင်းများစွာကိုအစုလိုက်အပြုံလိုက် ရောမလူမျိုးများကသတ်ဖြတ်မှုအားဖြင့်
သော်လည်းကောင်း အမှတ်အသားပြုခဲ့ပါသည်။
ယောသပ်သည်
လုံခြုံစိတ်ချရသောနေရာတစ်ခုသို့ တစ်ဖန်လမ်းညွှန်ခြင်းကိုခံခဲ့ရပါသည်။ သူသည်
ယခင်ကနေထိုင်ခဲ့ဖူးသော နာဇရက်မြို့သို့ပြန်လာခဲ့ပါသည်။ ဤနေရာတွင် သခင်ယေရှုသည်
အနှစ်သုံးဆယ် နီးပါးနေထိုင်ခဲ့သဖြင့် “ ခရစ်တော်ကိုနာဇရက်လူဟု
ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပုရောဖက်တို့၏နှုတ်ထွက် စကား” ပြည့်စုံခဲ့ပါသည်။
ဂါလိလဲပြည်သည် ဟေရုဒ်မင်းကြီး၏သားတစ်ယောက်၏ အုပ်ချုပ်မှု အောက်တွင် ရှိခဲ့သော်လည်း
ယုဒပြည်မှာထက် အခြားလူမျိုးများ၊ များစွာရောယှက်နေသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။
သို့အတွက် ယုဒများနှင့်သာအထူးပတ်သက်သောကိစ္စများကို စိတ်ဝင်စားမှုနည်းပါးသည့်အပြင်
သခင်ယေရှု နှင့်ပတ်သက်သောအခိုင်အမာပြောဆိုချက်များသည်
အုပ်ချုပ်သူအဖွဲ့အစည်းမှသူများ၏ဝန်တိုမှုကိုနှိုးဆွရန်
ဖြစ်တန်မှုနည်းပါးလိမ့်မည်ဖြစ်ပါသည်။
ကယ်တင်ရှင်သည် လောကကိုကြွလာစဉ်အခါက
ထိုသို့သော အဖြစ်အပျက်များကို ကိုယ်တော်ရှင် ခံယူခဲ့ပါသည်။
သူငယ်တော်ယေရှုရှင်အတွက် လုံခြုံသောနေရာ (သို့မဟုတ်) နားနေရန်နေရာ တစ်စုံတစ်ခုမျှ
မရှိသလောက်ရှိခဲ့ပါသည်။ လူသားများ၏ကယ်တင်ခြင်းအတွက် အမှုတော်ဆောင်စဉ်မှာပင်
ထာဝရဘုရားသည် ချစ်လှစွာသောသားတော်ကို လူတို့၏လက်ထဲတွင်ပုံ၍ မအပ်နိုင်ခဲ့ချေ။
ခရစ်တော်သည် ဤကမ္ဘာတွင် လုပ်ဆောင်ရမည့်အမှုတော်လုပ်ငန်းပြီးစီး၍
မိမိကယ်တင်ရန်လာခဲ့သောလူများ၏ လက်ချက်ဖြင့် အသေသတ်ခံပြီးသည့်တိုင် ကိုယ်တော်ကို
ပံ့ပိုးမစ၍ ကူညီရန် ထာဝရဘုရားသည် ကောင်းကင်တမန်များကို အထူးတာဝန်ပေးအပ်တော်မူခဲ့ပါသည်။
No comments:
Post a Comment