Wednesday, April 22, 2026

အခန်းကြီး - ၆၄။ အပြစ်ဒဏ်စီရင်ခြင်းခံရသောလူမျိုး

 

အပြစ်ဒဏ်စီရင်ခြင်းခံရသောလူမျိုး

 

မာကု ၁၁း၁၁-၁၄၊ ၂၀၊၂၁။ မဿဲ ၂၁း၁၇-၁၉ တို့ကိုအခြေပြုထားပါသည်။

 

         ခရစ်တော်သည် မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်လာသည့် မြင်ကွင်းသည် အောင်ပွဲခံနေသောကောင်းကင်တမန်များနှင့် ပျော်ရွှင်မြူးထူးနေ သော သူတော်စင်များအလယ်တွင် တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံစွာဖြင့် မိုးတိမ်ကိုစီး လျက် ကိုယ်တော်ကြွလာမည့်မြင်ကွင်းအတွက် မထင်ရှားသော အရိပ်ပြမြင်ကွင်း တစ်ခုသာဖြစ်ပါသည်။ ဖာရိရှဲများအား ကိုယ်တော်မိန့်မြွက်တော်မူခဲ့သည့် “ထာ၀ရ ဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာ ရှိစေသောဟု သင်တို့မပြော မီတိုင်အောင် ယခုမှစ၍သင်တို့သည် ငါ့မျက်နှာ ကိုမမြင်ရကြ” ဟူသောစကားများ သည် ထိုအချိန်တွင်ပြည့်စုံလာပါလိမ့်မည်။ မဿဲ ၂၃း၃၉။ ဇာခရိအားလည်း နောက် ဆုံးအောင်ပန်းဆွတ်သည့် နေ့ရက်မြင်ကွင်းကို ရူပါရုံအားဖြင့်ပြတော်မူခဲ့ပါသည်။ ထို မြင်ကွင်းတွင် ပထမအကြိမ်ကြွလာစဉ်က ခရစ်တော်အားငြင်းပယ်ခဲ့ကြသူများ ပေါ်သို့ကျရောက်မည့် ပြစ်ဒဏ်စီရင်မှုများကို သူမြင်တွေ့ခဲ့ရပါသည်။ “သူတို့သည် မိမိတို့ထိုးဖောက် သော ငါ့ကိုရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသော သားအ တွက် အဘသည်ငိုကြွေးမြည်တမ်းသကဲ့သို့ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်၊ သားဦးအတွက်အဘသည် နာကြည်းသကဲ့သို့နာကြည်းရကြလိမ့်မည်” ဇာခရိ ၁၂း၁၀။ ခရစ်တော်သည် ယေရုရှလင်မြို့ကိုလှမ်း၍ ကြည့်လိုက်သောအချိန် တွင် ဤမြင်ကွင်းကိုမြင်တွေ့တော်မူခဲ့ရပြီး ငိုကြွေးတော်မူခဲ့ပါသည်။ ဘုရားသခင်၏ သားတော်ကို အသွေးသွန်းစေခဲ့သည့်အပြစ်ကို ကျူးလွန်ခဲ့သူများ၏ ထာ၀ရပျက် သုဉ်းခြင်းအကြောင်းကို ယေရုရှလင်မြို့ကြီး ပျက်စီးနေသောမြင်ကွင်းအားဖြင့် ကိုယ် တော်မြင်တွေ့တော်မူခဲ့ပါသည်။

         ယုဒလူများသည် ခရစ်တော်ကိုမုန်းတီးကြောင်း တမန်တော်များသိရှိခဲ့ကြ သော်လည်း ထိုမုန်းတီးမှုသည် မည်သည့်အရာကိုဖြစ်စေလိမ့်မည်ကိုမူ သူတို့မသိရှိ ကြသေးချေ။ ဣသရေလလူများ၏ အခြေအနေမှန်ကိုလည်းကောင်း၊ ယေရုရှလင် မြို့ပေါ်သို့ကျရောက်မည့် အကျိုးအပြစ်များကိုလည်းကောင်း သူတို့နားမလည်ကြ သေးချေ။ ထို့ကြောင့် ခရစ်တော်သည် အရေးပါသော ရုပ်ပြသင်ခန်းစာတစ်ခုအား ဖြင့် ၎င်းတို့အား ဤအရာကိုဖွင့်ပြတော်မူပါသည်။

         ယေရုရှလင်မြို့အပေါ်နောက်ဆုံးပြုခဲ့သောတောင်းခံမှုသည် အချည်းနှီးဖြစ် ခဲ့ပါသည်။ ဤသူသည် မည်သူဖြစ်သနည်းဟူသော ၎င်းတို့၏အမေးကို တုံ့ပြန်ကြ သော အဖြေများထဲတွင် ပါဝင်နေသည့်အနာဂတ္တိဆိုင်ရာအသံတော်ကို ဤယဇ်ပု ရောဟိတ်များနှင့် ယုဒလူအကြီးအကဲများကြားကြသော်လည်း ထိုအသံကိုဘုရားသ ခင်ထံမှလာသောအသံတော်များအဖြစ် သူတို့လက်မခံခဲ့ ကြချေ။ သူတို့သည် ဒေါသ အမျက်ခြောင်းခြောင်းထွက်လျက်၊ အံ့အားသင့်လျက် လူထုကြီးတစ်ရပ်လုံးအား နှုတ် ဆိတ်သွားအောင် ကြိုးစားခဲ့ကြပါသည်။ ထိုလူအုပ်ထဲတွင် ရောမအရာရှိများလည်း ရောက်ရှိနေကြရာ ကိုယ်တော်အား ရန်ဖက်ပြုသူများက ၎င်းတို့ထံသို့သွား၍ သခင် ယေရှုအား ပုန်ကန်ထကြွမှု တစ်ခု၏ခေါင်းဆောင်တစ်ဦးအဖြစ် စွပ်စွဲတိုင်တန်းခဲ့ကြ ပါသည်။ ကိုယ်တော်သည် ဗိမာန်တော်ကိုအပိုင်စီးကာ ယေရုရှလင်မင်းကြီးအသွင် ဖြင့်စိုးစံတော့မည်ဖြစ်ကြောင်း သူတို့ဖော်ပြပြောဆိုခဲ့ကြပါသည်။

         သို့ရာတွင် မိမိသည်လောကီနိုင်ငံတစ်ခုကိုတည်ထောင်ရန် ကြွလာခဲ့ခြင်း မဟုတ်ကြောင်း၊ မကြာမီအချိန်တွင် အဖဘုရားသခင်ထံတော်သို့ တက်ကြွသွား တော့မည်ဖြစ်သဖြင့် မိမိသည် ဘုန်းတော်နှင့်နောက်တစ်ဖန် ကြွမလာမီတိုင်အောင် ၎င်းတို့သည် မိမိအားမြင်ကြရတော့မည်မဟုတ်ကြောင်း စသည်ဖြင့် နောက်တစ်ခါ ထပ်၍ ကိုယ်တော်မိန့်တော်မူလိုက်သောအခါ ဆူဆူညံညံလုပ်နေသော လူအုပ်ကြီး သည် ငြိမ်ကျသွားခဲ့ပါသည်။ ထိုအချိန်ကျမှကိုယ်တော်အား အသိအမှတ်ပြုမည်ဆို လျှင် မိမိတို့၏ကယ်တင်ခြင်းအတွက် အချိန် အလွန်နောက်ကျပေလိမ့်မည်။ သခင် ယေရှုသည် ဤစကားများကို အတု မရှိသောတန်ခိုးတော်နှင့် ဝမ်းနည်းစွာဖြင့်မိန့် မြွက်တော်မူခဲ့ပါသည်။ ရောမအရာရှိများသည် နှုတ်ဆိတ်ကာငြိမ်နေခဲ့ကြပါသည်။ ၎င်းတို့၏နှလုံးသားများသည် ဘုရားသခင်၏စိုးမိုးမှုအတွက် အစိမ်းသက်သက်ဖြစ် နေကြသော်လည်း ယခင်ကနှင့်မတူသည့် ထူးခြားသောစိတ်လှုပ်ရှားမှုများကို ခံစားခဲ့ ကြရပါသည်။ တည်ငြိမ်ခံ့ညားသောခရစ်တော်၏ မျက်နှာတော်ဝယ်ချစ်ခြင်းမေတ္တာ ကျေးဇူးပြုခြင်းနှင့်တည်ငြိမ်သော ဂုဏ်အသရေများကို သူတို့တွေ့ခဲ့ကြရပါသည်။ သူ တို့သည် မိမိတို့နားမလည်နိုင်သော ကြင်နာသနားမှုတစ်ခုကြောင့် စိတ်လှုပ်ရှားခဲ့ရ ပါသည်။ ခရစ်တော်ကိုဖမ်းရမည့်အစား ကိုယ်တော်ကို အရိုအသေပေးရန် ပို၍စိတ် ညွှတ်နေခဲ့ကြပါသည်။ ထိုနောက်ယဇ်ပုရောဟိတ်များ ယုဒလူအကြီးအကဲများ ဘက် သို့လှည့်ကာ ၎င်းတို့အားဤရုန်းရင်းဆန်ခတ်ဖြစ်မှုကို ဖန်တီးသူများအဖြစ်စွပ်စွဲပြစ် တင်ခဲ့ကြပါသည်။ ဤခေါင်းဆောင်များသည် ရှုံးနိမ့်မှုနှင့် မခံချိမခံသာ ခံစားရမှုများ ကြောင့် လူထုကြီးဘက်သို့ လှည့်၍အပြစ်ရှာလိုက်ပြီး အချင်းချင်းလည်းဒေါသတကြီး ငြင်းခုံနေခဲ့ကြပါ သည်။

         ထိုစဉ်တွင် ခရစ်တော်သည် ၎င်းတို့ကိုဂရုမစိုက်ဘဲ ဗိမာန်တော်ထဲသို့ဝင် သွားခဲ့ပါသည်။ သံလွင်တောင်ပေါ်မှ မြင်ကွင်းကြောင့် လူအများသည် ဗိမာန်တော်မှ ထွက်သွားကြသည့်အတွက် ဗိမာန်တော်တစ်ခုလုံးသည် ငြိမ်သက်နေပါသည်။ သခင် ယေရှုသည် တစ်ခဏမျှ ဗိမာန်တော်ထဲတွင်နေတော်မူခဲ့ပြီး ဝမ်းနည်းသောမျက်လုံး များဖြင့် ဗိမာန်တော်ကိုကြည့်တော်မူခဲ့ပါသည်။ ထိုနောက် တမန်တော်များနှင့်အတူ ဗေသနိသို့ ထွက်ခွာသွားတော်မူခဲ့ပါသည်။ လူထုကြီးကကိုယ်တော်အား ဘုရင် မြှောက်ရန်ရှာကြသောအခါ ကိုယ်တော်ကိုမတွေ့ရတော့ချေ။

         ထိုနောက် ခရစ်တော်သည် တစ်ညလုံးဆုတောင်းခြင်းဖြင့် အချိန်ကုန်လွန် စေခဲ့ပြီး နံနက်မိုးသောက်သောအခါ ဗိမာန်တော်သို့တစ်ဖန်ကြွလာ တော်မူခဲ့ပါသည်။ လမ်းတွင် သင်္ဘောသဖန်းပင်ခြံတစ်ခုကို ကျော်ဖြတ်တော်မူစဉ် ဆာလောင်မှုဝေဒနာ ကို ခံစားရပါသည်။ ထိုအချိန်တွင် “အရွက်နှင့်ပြည့် စုံသောသင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင် သင်္ဘောသဖန်းသီးဆွတ်သော အချိန်ကာလမရောက်သေးသော ကြောင့် ထိုအပင်၌အသီးကိုတွေ့ကောင်းတွေ့ လိမ့်မည်အထင်နှင့် ကြွသွား၍ ရောက်သောအခါ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော် ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်” ဟုမိန့်တော်မူ၏။

         အချို့နေရာဒေသများမှလွဲ၍ နေရာတော်တော်များများတွင် ဤရာသီသည် သင်္ဘောသဖန်းသီးမှည့်သောရာသီမဟုတ်ချေ။ ယေရုရှလင်မြို့ပတ်ဝန်းကျင်တွင်ရှိ သော ကုန်းပြင်မြင့်များအပေါ်တွင် “သင်္ဘောသဖန်းသီးဆွတ်သော အချိန်ကာလမ ရောက်သေး” ဆိုသည်မှာ မှန်ကောင်းမှန်မည်ဖြစ်သော်လည်း ယခုခရစ်တော် ရောက်ရှိနေသည့်သစ်သီးခြံတွင်မူ သင်္ဘောသဖန်းပင်တစ်ပင်သည် အခြားအပင်များ ထက်ဦး၍ အသီးများပုံပေါ်နေပါသည်။ အရွက်များလည်းဖုံးထားပါသည်။ သင်္ဘော သဖန်းပင်များ၏သဘာ၀အရ အရွက်များမပေါက်မီ အသီးများသီးတတ်ပါသည်။ ထို ကြောင့် အရွက်စုံနေပြီဖြစ်သည့် ဤအပင်သည် ကောင်းမွန်ကြီးထွားသော အသီးရှိ မည့်လက္ခဏာကို ဖော်ပြနေပါသည်။ သို့ရာတွင် အမြင်နှင့်အရှိသည် တခြားစီဖြစ်နေ ပါသည်။ အောက်ဆုံးကိုင်းများမှသည် အထက်ဆုံးကိုင်းများအထိ ရှာဖွေကြည့်သော် လည်း အရွက်မှလွဲ၍ မည်သည့်အသီးတစ်စုံတစ်ရာကိုမျှ ခရစ်တော်မတွေ့ရချေ။ အရွက်များမှတစ်ပါး အခြားမည့်သည့်အရာမျှမရှိချေ။

         ခရစ်တော်သည် “ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကိုအဘယ် သူမျှမ စားစေနှင့်” ဟုထိုအပင်အားခြောက်သွေ့ညှိုးနွမ်းသွားအောင် ကျိန်ဆိုလိုက်ပါ သည်။ နောက်တစ်နေ့နံနက်တွင် ခရစ်တော်နှင့်တပည့်တော်များသည် ထိုလမ်းအ တိုင်းယေရုရှလင်မြို့သို့သွားစဉ် ညှိုးနွမ်းနေသော သစ်ကိုင်းသစ်ရွက်များကို ဂရုစိုက် မိကြလျှင် ပေတရုက “အရှင်ဘုရားကြည့်တော်မူပါ၊ ကျိန်တော်မူသော သင်္ဘောသ ဖန်းပင်သည် သွေ့ခြောက်ပါပြီတကား” ဟုလျှောက်လေ၏။

         သင်္ဘောသဖန်းပင်ကိုကျိန်ဆိုခဲ့သည့် ခရစ်တော်၏အပြုအမူသည် တမန် တော်များအားအံ့အားသင့်စေခဲ့ပါသည်။ ကိုယ်တော်၏လုပ်ဆောင်မှုသည် မိန့်ဆို ချက်နှင့် တခြားစီဖြစ်နေသယောင် ဖြစ်နေပါသည်။ မိမိသည် ဤလောကကို အပြစ် စီရင်ရန်ကြွလာတော်မူသည်မဟုတ်ဘဲ ကမ္ဘာကြီးကိုကယ် တင်ရန်ကြွလာတော်မူ ကြောင်း မိန့်မြွက်ခဲ့သည်ကို သူတို့မကြာခဏကြားဖူး ခဲ့ကြပါသည်။ “လူသားသည် လူတို့၏အသက်ကိုသတ်အံ့သောငှာ ကြွလာ သည်မဟုတ်၊ ကယ်တင်အံ့သောငှာကြွ လာသည်” ဟူသောစကားများကိုလည်း သူတို့သတိရခဲ့ကြပါသည်။ လုကာ ၉း၅၅။ ကိုယ်တော်ပြုတော်မူခဲ့သည့် အံ့ဖွယ်အမှုတော်များသည်လည်း ပြန်လည်ကောင်းမွန် လာစေရန်အတွက်သာ ဖြစ်ပြီး ဖျက်ဆီးရန်အတွက်မဟုတ်ခဲ့ပါချေ။ တပည့်တော် များအနေနှင့်        ကိုယ်တော်အား အနာပျောက်ကင်းစေသူတစ်ပါး အဖြစ်သာသိရှိ ခဲ့ကြပါသည်။ သို့ရာတွင် ဤလုပ်ရပ်မှာမူ အထက်ပါလုပ်ရပ်များနှင့် တခြားစီဖြစ်နေ ပါတကား။ မည်သည့်ရည်ရွယ်ချက်နှင့် ထိုသို့လုပ်ဆောင်ခဲ့သနည်းဟု သူတို့စောဒ ကတက်ခဲ့ကြပါသည်။

         ဘုရားသခင်သည် “ကရုဏာ၌မွေ့လျော်တော်မူ၏” မိက္ခာ ၇း၁၈။ “အရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား ငါအသက်ရှင်သည် အတိုင်းဆိုးသော သူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်” ယေဇကျေ ၃၃း၁၁။ ဖျက်ဆီးသုတ် သင်သောအလုပ်နှင့် အပြစ်ပေးရှုတ်ချသောအလုပ်များသည်    ကိုယ်တော်အတွက် “ထူးခြားသောအမှုတော်” တစ်ခုသာဖြစ်ပါသည်။ ဟေရှာယ ၂၈း၂၁။ သို့ရာတွင် ကိုယ်တော်သည် ကရုဏာတော်နှင့်မေတ္တာတော်အားဖြင့် အနာဂတ်ကို ဖွင့်ပြတော်မူ ဒုစရိုက်လုပ်ရပ်များ၏အကျိုးဆက်များကို လူ သားများအားဖော်ပြတော်မူပါသည်။

         သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်းအမှုသည် ပုံပမာပြု၍လုပ်ဆောင်မှုတစ် ရပ်သာဖြစ်ခဲ့ပါသည်။ ခရစ်တော်၏မျက်နှာတော်ရှေ့တွင် မာန်ဝင့်နေသော အရွက် များနှင့်ပြည့်လျက် အသီးမသီးသောထိုအပင်သည် ယုဒလူမျိုးများအား ပုံဆောင် ထားပါသည်။ ဣသရေလတိုင်းပြည်အပေါ် ကျရောက်မည့် အပြစ်စီရင်ချက်၏ ကြောင်းရင်းနှင့် သေချာသောအချက်ကို တပည့်တော် များအားရှင်းလင်းစွာ သိစေ လိုတော်မူပါသည်။ ဤရည်ရွယ်ချက်ဖြင့် ကိုယ်တော်သည် ဤသစ်ပင်အား ကောင်း သော အရည်အသွေးများနှင့်အပ်နှင်းခဲ့ပြီး ဘုရားသခင်၏သမ္မာတရားတော်ကို ထင် ရှားစွာဖော်ပြသည့် အရာတစ်ခုဖြစ်စေခဲ့ပါသည်။

         ယုဒများသည် ထာ၀ရဘုရားအား သစ္စာစောင့်သူများအဖြစ် ဝန်ခံလျက်အ ခြားနိုင်ငံများအထက်တွင် ထူးခြားစွာရပ်တည်ခဲ့ပါသည်။ သူတို့သည် ကိုယ်တော် ရှင်၏ အထူးမျက်နှာသာပေးမှုကို ခံခဲ့ကြရပြီး အခြားလူမျိုးများထက် မိမိတို့က ဖြောင့်မတ်သည်ဟု ဖွင့်ဟခဲ့ကြပါသည်။ သို့ရာတွင် လောကကိုချစ် သောစိတ်များ နှင့်  အလိုရမ္မက်ကြီးမှုများသည် ၎င်းတို့အားစာရိတ္တပျက်ပြား စေခဲ့ပါသည်။ သူတို့ သည် မိမိတို့ရရှိထားသည့်ပညာဗဟုသုတများအတွက် ကြွားဝါခဲ့ကြသော်လည်း ထာ၀ရဘုရား၏ တောင်းဆိုချက်များကိုမူ မသိနားမလည်ခဲ့ကြဘဲ သူတော်ကောင်း အရေခြုံများဖြစ်လာခဲ့ကြပါသည်။ အသီးမသီးသော ထိုသဖန်းပင်ကဲ့သို့ ၎င်းတို့သည်  မိမိတို့၏ဟန်ဆောင်မှုအကိုင်းအခက်များကို လှပတင့်တယ်သောအသွင်နှင့် ဖြန့် ကြက်ထားကြသော်လည်း အရွက်မှတစ်ပါး အသီးတစ်လုံးကိုမျှမသီးခဲ့ကြချေ။ ကြီး ကျယ်ခမ်းနားသော ဘုရားရှိခိုးကျောင်းကြီးများသန့်ရှင်းသောယဇ်ပလ္လင်များ၊ ဒေါက် ခြာများ (ခရစ်ယာန် ဘုန်းကြီးများဆောင်းသည့်ဦးသျှောင်တစ်မျိုး) ကိုဆောင်းထား သည့်ယဇ်ပုရော ဟိတ်များနှင့် စိတ်ဝင်စားစရာကောင်းသော အခမ်းအနားများဖြင့် ပြီးသော ယုဒဘာသာရေးသည် အပြင်ပန်းအသွင်အားဖြင့် အလွန်တင့်တယ်လှ သော်လည်း နှိမ့်ချခြင်း၊ ချစ်ခြင်းနှင့်ကျေးဇူးပြုခြင်းများတွင်မူ လစ်ဟင်းလျက်ရှိပါ သည်။

         ထိုသစ်သီးခြံထဲတွင် ပေါက်ရောက်နေသော သဖန်းပင်အားလုံး၌အသီးမရှိ ကြချေ။ သို့ရာတွင် အခြားအပင်များသည် အရွက်တစ်ရွက်မျှမပေါက် သေးသဖြင့် အသီးကိုရှာရန်မည်သူကမျှ မျှော်လင့်ချက်မထားခဲ့သကဲ့သို့ မည်သူကိုမျှလည်း စိတ် ပျက်စရာအကြောင်း မဖြစ်စေခဲ့ချေ။ အရွက်မရှိသေးသော ထိုအပင်များသည် တစ် ပါးအမျိုးသားများကို ပုံဆောင်ပါသည်။ ထိုသူများသည် ယုဒလူများကဲ့သို့ပင် ဘုရား တရားမရှိခဲ့ကြသော်လည်း ထာ၀ရဘုရားကိုကိုးကွယ်ရန် အတိအလင်းထုတ်ဖော် ဝန်ခံခဲ့ကြခြင်းလည်းမရှိကြသေးချေ။ ကောင်းမြတ်သောလက္ခဏာများအတွက် ဟန် ဆောင်ကာကြွားဝါမှုများကိုလည်း မလုပ်ခဲ့ကြချေ။ ဘုရားသခင်၏ လက်ရာတော်များ နှင့် ကျင့်စဉ်နည်းလမ်းများကိုလည်း သူတို့မသိခဲ့ကြချေ။ သူတို့အတွက် အသီးသီး သောကာလသည် မရောက်သေးချေ။ မိမိတို့ထံသို့အလင်းတရားနှင့် မျှော်လင့်ခြင်း သတင်းများကို ယူဆောင်လာမည့်အချိန်ကို သူတို့စောင့်မျှော်ဆဲဖြစ်ပါသည်။ ဘုရား သခင့်ထံမှ သာ၍များပြားစွာသော ကောင်းချီးမင်္ဂလာများကို ရရှိထားသော ထိုယုဒ များသည် လက်ခံရရှိခဲ့သည့် ဆုကျေးဇူးများကို အလွဲသုံးစားလုပ်ခဲ့ခြင်းအတွက် ထု ချေဖြေရှင်းရန် တာဝန်ရှိလာပါသည်။ သူတို့ကြွားဝါခဲ့ကြသည့် အခွင့်အရေးဆိုသည့် အရာများသည် ၎င်းတို့၏ဒုစရိုက်အကျင့်ဆိုးများကို သာ၍တိုးပွားစေခဲ့ပါသည်။

         သခင်ယေရှုသည် စားစရာအသီးကိုရှာရန် ဆာလောင်မွတ်သိပ်စွာဖြင့် ထို သဖန်းပင်ဆီသို့ကြွလာတော်မူခဲ့ပါသည်။ ထိုနည်းတူ ဖြောင့်မတ်ခြင်း အသီးများကို ရှာဖွေရန်ဆန္ဒဖြင့် ဣသရေလများထံသို့ကြွလာတော်မူခဲ့ပါသည်။ ကမ္ဘာသူကမ္ဘာ သားများ၏ကောင်းချီးမင်္ဂလာအတွက် အသီးများကိုသီးပွင့်နိုင် စေရန်အလို့ငှာ ကိုယ် တော်သည် ဆုကျေးဇူးများကို၎င်းတို့အပေါ်သို့ အလျှံပယ်ချပေးမစခဲ့ပါသည်။ အခွင့် အခါကောင်းများနှင့်အခွင့်အရေးကောင်းများ အားလုံးကို သူတို့အားပေးတော်မူခဲ့ပြီး အကျိုးဆက်အနေဖြင့် သူတို့ထံ မှချစ်ခြင်းမေတ္တာများနှင့် အမှုတော်တွင် ပူးတွဲ ဆောင်ရွက်မှုများကို ကိုယ်တော် တောင်းဆိုခဲ့ပါသည်။ ကိုယ်ကျိုးစွန့်သောစိတ်များ၊ ကြင်နာသနားခြင်းများ ဘုရားအမှုတော်အတွက် စိတ်အားထက်သန်မှုများနှင့် မိမိ တို့၏ မိတ်ဆွေများအား ကယ်တင်ခြင်းရစေလိုသည့် ပြင်းထန်သော တောင့်တစိတ် များကို သူတို့ ၌ကိုယ်တော်မြင်တွေ့လိုလှပါသည်။ ဘုရားသခင်၏ပညတ်တော်ကို သူတို့ စောင့်ရှောက်ခဲ့ကြပါသည်။ ခရစ်တော်လုပ်ဆောင်ခဲ့သော ကိုယ်ကျိုးမဖက် သည့်အလုပ်များကို သူတို့လုပ်ဆောင်ပြီးစီးခဲ့ကြပါလိမ့်မည်။ သို့ရာတွင် ဘုရားသခင် နှင့်လူသားများအပေါ်ထားရှိရမည့် ချစ်ခြင်းမေတ္တာသည် မာနထောင်လွှားခြင်းများ နှင့် ကိုယ့်ကိုကိုယ်အထင်ကြီးသော စိတ်များ၏ဖမ်းစားမှုများကို ခံခဲ့ရပါသည်။ တစ်ပါး သူများအတွက် အလုပ်အကျွေးပြုရန်ငြင်းဆန်ခြင်းအားဖြင့် သူတို့သည်ကိုယ့်ကို ကိုယ်ပျက်စီးဆုံးရှုံးစေခဲ့ကြပါသည်။ ထာ၀ရဘုရားက မိမိတို့အားပေးတော်မူသည့် သမ္မာတရားဘဏ္ဍာများကို လောကသားများထံသို့ သူတို့မပေးအပ်ခဲ့ကြချေ။ ၎င်းတို့ သည် အသီးမသီးသည့် သင်္ဘောသဖန်းပင်၌ မိမိတို့၏အပြစ်နှင့် မိမိတို့ခံရမည့် ပြစ်ဒဏ်များကို သူတို့သိရှိနိုင်ခဲ့ကြပါသည်။ ကယ်တင်ရှင်၏ကျိန်ဆဲမှုကြောင့် ညှိုး နွမ်းသွေ့ခြောက်၍ အမြစ်ပါခြောက်သွားခဲ့ရသည်။ သူတို့ထံမှဖယ်ရှားလိုက်ပါက ယုဒလူမျိုးများ၌ဖြစ်ပေါ်လာမည့် အရာများကို ထိုသင်္ဘောသဖန်းပင်က ပြသခဲ့ပါ သည်။ ကောင်းချီးမင်္ဂလာများကို သူတို့မရရှိကြတော့ချေ။ “အိုဣသရေလ၊ သင့်ကို ကယ် တင်နိုင်သောအရှင် ငါ့ကိုသင်သည်ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုး နည်း ရှိ၏။” ဟောရှေ ၁၃း၉။

         ဤသတိပေးချက်သည် ခေတ်အဆက်ဆက်အတွက်လည်းဖြစ်ပါသည်။ မိမိတို့၏တန်ခိုးတော်အားဖြင့် ဖန်ဆင်းတော်မူခဲ့သောထိုသစ်ပင်ကို ကျိန်ဆိုခြင်းပြု တော်မူသည့် ခရစ်တော်၏လုပ်ဆောင်မှုသည် အသင်းတော် တိုင်းနှင့်ခရစ်ယာန် တိုင်းအတွက် သတိပေးချက်တစ်ခုသဖွယ်ဖြစ်နေပါသည်။ မည်သူမဆို အခြားသူ များကို အလုပ်အကျွေးမပြုဘဲ ဘုရားသခင်၏ပညတ်တော်၌ အသက်မရှိနိုင်ကြချေ။ ၎င်းပြင် ခရစ်တော်၏ကရုဏာနှင့်ပြည့်၀၍ ကိုယ်ကျိုးမဖက်သော အသက်တာအ တိုင်းများစွာသောလူတို့သည် အသက်ရှင်နေထိုင်ခြင်းမရှိကြချေ။ မိမိကိုယ်ကို ကောင်းမွန်သောခရစ်ယာန်များဟု အထင် ရှိနေသောလူအချို့တို့သည် ဘုရားသ ခင်၏အမှုတော်အား မည်သည့်လုပ်ဆောင်မှုများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ကို မသိနားမလည်ကြချေ။ သူတို့သည် မိမိတို့သဘောကျသည့်အတိုင်း စီစဉ်လေ့ကျက် နေကြပါသည်။ ကိုယ်ကျိုးအတွက်ရည်ညွှန်းလျက်သာ သူတို့လုပ်ဆောင်ခဲ့ကြပါ သည်။ ကိုယ်ကျိုးအတွက် ဆည်းပူးနိုင်စဉ်၌သာ အချိန်သည်၎င်းတို့အတွက် အရေး ပါအရာရောက်လောက်အောင် အသုံးဝင်နေပါသည်။ အသက်တာ၏ကိစ္စအဝ၀တွင် ၎င်း တို့၏ဦးတည်ချက်မှာ ကိုယ်ကျိုးအတွက်ပင်ဖြစ်ပါသည်။ အခြားသူများအတွက် ဘာမျှလုပ်ဆောင်ပေးခြင်းမရှိဘဲ မိမိတို့အတွက်သာသူတို့လုပ်ဆောင် ခဲ့ကြပါသည်။ ကိုယ်ကျိုးမဖက်သည့်လုပ်ငန်းများကို လုပ်ဆောင်ရမည့်ကမ္ဘာတစ်ခုတွင် ၎င်းတို့အား ဘုရားသခင်ဖန်ဆင်းထားတော်မူခဲ့ပါသည်။ ထိုသူများသည် မိမိတို့၏မိတ်ဆွေများ အတွက် ဖြစ်သည့်နည်းလမ်းဖြင့်ကူညီမစကြရန် ကိုယ်တော်ရှင်ရည်စူးတော်မူခဲ့ပါ သည်။ သို့ရာတွင် ငါတည်းဟူသော အတ္တစိတ်သည် အခြားမည်သည့်အရာကိုမျှ သူ တို့မမြင်နိုင်လောက်အောင် ကြီးမားလွန်းခဲ့ပါသည်။ သူတို့သည် လူသားမျိုးနွယ်များ နှင့် အဆက်အသွယ်ပြတ်ခဲ့ကြပါသည်။ “ငါ” တည်းဟူသောအတ္တအတွက်သာ သက်ရှင်နေထိုင်ခဲ့ကြသည့် ထိုသူများသည် အရွက်များသာရှိပြီး အသီးမသီးသော ထိုသင်္ဘောသဖန်းပင်နှင့် တူလှပါသည်။ သူတို့သည် ဘုရားဝတ်၌မွေ့လျော်နေကြ သော် လည်း နောင်တတရားနှင့် ယုံကြည်ခြင်းစိတ်များကင်းမဲ့လှပါသည်။ နှုတ်အား ဖြင့် ဘုရားသခင်၏ ပညတ်တော်ကိုချီးမြှောက်နေသော်လည်း နားထောင်လိုက် လျှောက်မှုကား လစ်ဟင်းချို့ငဲ့လျက်ရှိပါသည်။ အပြောသက်သက်သာဖြစ်ပြီး ကျင့်မပါကြချေ။ အချည်းနှီးဟန်ဆောင်မှုမျိုးကို ခရစ်တော်သည် မည်သို့ရွံရှာတော် မူသည်ကို ဤသင်္ဘောသဖန်းပင်ပေါ်တွင် ချမှတ်ခဲ့သော အပြစ်ဒဏ်အားဖြင့် ဖော်ပြ တော်မူထားပါသည်။ ဘုရားသခင်၏အမစကိုခံ ရန် နှုတ်အားဖြင့်ကတိပြုသော်လည်း ကိုယ်တော်၏ဘုန်းတော်နှင့်ပတ်သက် သည့်အသီးများကို မသီးသောသူများထက် ပရိယာယ်ကင်းသောအပြစ်သားသည် ပို၍အပြစ်နည်းသည်ဟု သခင်ခရစ်တော် မိန့်မြွက်တော်မူခဲ့ပါသည်။

         ယေရုရှလင်မြို့သို့ခရစ်တော်ကြွမလာမီတွင် ပြောကြားတော်မူခဲ့သည့် င်္ဘောသဖန်းပင်နှင့် ပတ်သက်သည့်ပုံပမာသည် အသီးမသီးသောဤအပင်အား ကျန်ဆဲခြင်းတွင် ကိုယ်တော်သွန်သင်တော်မူခဲ့သော သင်ခန်းစာများနှင့် တိုက်ရိုက်  ဆက်စပ်မှုရှိနေပါသည်။ ထိုပုံပမာတွင် “ဥယျာဉ်မှူးက သခင်ယခု နှစ်ရှိပါစေဦး၊ အကျွန်ုပ်သည်အပင်နားပတ်လည်ကိုတူးဆွ၍ နောက်ချေးကို ဖို့ပါမည်။ အသီးသီး ကောင်းသီးပါလိမ့်မည်။ သို့မဟုတ်နောက်မှခုတ်ပစ်တော်မူပါ” ဟုအသီးမသီးသော သင်္ဘောသဖန်းပင်အတွက် တောင်းပန်ပေးခဲ့ပါသည်။ ၎င်းပြင် ဆတက်ထမ်းပိုးတိုး၍ လည်း ထိုအပင်ကိုပြုစုခဲ့ပါသည်။ ဤသစ်ပင်သည် အခွင့်အရေးတိုင်းကို ရရှိခဲ့ပါ သည်။ သို့ရာတွင် ဆက်လက်၍အသီးမသီးခဲ့ပါလျှင် မည်သူကမျှ၎င်းအား ကယ် ဆယ်နိုင်လိမ့်မည်မဟုတ်ချေ။ ဥယျာဉ် မှူး၏လုပ်ဆောင်မှုသည် မည်သည့်ရလဒ်ကို ဖြစ်စေခဲ့သည်ကို ထိုပုံပမာတွင် ကြိုတင်ပြောကြားခဲ့ခြင်းမရှိချေ။ ထိုရလဒ်သည် ခရစ်တော်၏နှုတ်ထွက်စကား များကိုကြားနာခဲ့ရသည့်လူများပေါ်တွင် မူတည်နေ ပါသည်။ ထိုသူများသည် အသီးမသီးသော သင်္ဘောသဖန်းပင်နှင့် ရုပ်လုံးအဖော်ခံ ခဲ့ရပြီး ၎င်းတို့၏ကံကြမ္မာကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြရန်ဖြစ်ပါသည်။ ဘုရား သခင်အနေဖြင့် ၎င်းတို့အားပေးနိုင်သမျှသော အခွင့်အလမ်းတိုင်းကို ပေးတော်မူခဲ့ သော်လည်း ထိုကောင်းချီးမင်္ဂလာများ၏ အကျိုးကျေးဇူးကို ၎င်းတို့မခံစားခဲ့ရချေ။ သီးမသီး သောသင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်းပြုခဲ့သော ခရစ်တော်၏အပြုအမူ အားဖြင့် ဖြစ်ပေါ်လာမည့်ရလဒ်ကို ပြသတော်မူခဲ့ပါသည်။ သူတို့သည် ကိုယ့်ကို ကိုယ်ပျက်စီးဆုံးရှုံးခြင်းသို့ရောက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

         ယုဒလူများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ဘုရားသခင်၏ကရုဏာတော်ကို တလွဲအသုံးပြု၍ အမျက်တော်ကိုဖိတ်ခေါ်ခဲ့ကြ ပါသည်။ သူတို့သည် ကိုယ်တော်ရှင်ပေးတော်မူခဲ့သော သတိပေးစကားများကို ငြင်းပယ်ပြီး ကိုယ်တော်စေလွှတ်တော်မူခဲ့သည့် ပုရောဖက်များကိုသတ်ဖြတ်ခဲ့ကြ ပါသည်။ ခရစ်တော်၏နေ့ရက်များတွင် အသက်ရှိခဲ့ကြသော ထိုသူများသည် ထို လမ်းစဉ်များအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ဤအပြစ်များအတွက် မိမိကိုယ် တိုင်အား တာဝန်ရှိစေခဲ့ကြပါသည်။ လတ်တလောအချိန်များတွင် ပေးတော်မူသော ကရုဏာတော်များနှင့်သတိပေးစကားများကို ငြင်း ဆန်ခြင်းအားဖြင့် ၎င်းတို့သည် ထို မျိုးနွယ်စုအတွက် ဒုစရိုက်အပြစ်များကို စည်းကြပ်နေကြပါသည်။ ထိုလူမျိုးများရာစု နှစ်အဆက်ဆက် ထုလုပ်ထားကြသည့် သံခြေချင်းများကို ခရစ်တော်၏နေ့ရက်မှ ယုဒလူများကယူ၍ မိမိကိုယ်ကိုထူးခတ်လျက်ရှိကြပါသည်။

         လူသားများသည် ဘုရားသခင်နှင့်ရန်ပြေမာန်ပြေလုပ်နိုင်ရန် ကရုဏာ အချိန်များကို လူတိုင်းအားခေတ်အဆက်ဆက်တွင် ဘုရားသခင်ပေးသနားတော် မူခဲ့ပါသည်။ သို့ရာတွင် ထိုကရုဏာကာလသည် အငန်းအတာရှိပါ သည်။ ကရုဏာ တော်သည် နှစ်ပေါင်းများစွာအသနားခံကောင်းခံလိမ့်မည် ဖြစ်ပြီး ထိုကရုဏာကို မထီလေးစားပြုကာ ငြင်းပယ်ကောင်းငြင်းပယ်ကြပါ လိမ့်မည်။ သို့ရာတွင် ထိုကရုဏာ တော်၏ နောက်ဆုံးသောတောင်းခံသံပြုမည့် အချိန်တစ်ချိန်သည် ရောက်လာတတ် ပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်အား တုံ့ပြန်မှုပေးခြင်းကို ရပ်ဆိုင်းသွားလောက် အောင် နှလုံးသားများသည် အလွန်မာကျောလာပါသည်။ ထိုအချိန်တွင် ချိုသာ၍ အောင်မြင်သောအသံသည် ထိုအပြစ်သားကိုနောက်ထပ်အသနားမခံတော့ဘဲ ဆုံး မပဲ့ပြင်မှုများနှင့် သတိပေးစကားများလည်းရပ်စဲသွားကြပါသည်။

         ထိုနေ့ရက်ကြီးသည် ယေရုရှလင်မြို့၌ကျရောက်လာခဲ့ပေပြီ၊ သခင်      ယေရှုသည် အပြစ်စီရင်ခြင်းခံရသည့်ထိုမြို့အတွက် ပူဆွေးစွာဖြင့်ငိုကြွေးခဲ့သော် လည်း သူမကိုကိုယ်တော်ရှင်မကယ်ဆယ်နိုင်တော့ပြီ၊ ကိုယ်တော်သည် စွမ်းအား အားလုံးကို ကုန်ခန်းအောင်သုံးခဲ့ပြီးချေပြီ၊ ဝိညာဉ်တော်၏ သတိပေးချက်များကို ငြင်းပယ်ခြင်းအားဖြင့် ဣသရေလများသည် တစ်ခုတည်းသော အမအစရနိုင်မည့် နည်းလမ်းကို ငြင်းပယ်ခဲ့ကြလေပြီ။ ၎င်းတို့အားကယ်တင်နိုင်ရန် အသုံးပြုနိုင်သည့် အခြားတန်ခိုးစွမ်းအားတစ်စုံတစ်ခုမျှမရှိတော့ပေ။

         ဤယုဒလူများသည် မဟာမေတ္တာတော်၏တောင်းခံသံများကို မထီလေး စားပြုခဲ့ကြသော ခေတ်အဆက်ဆက်မှ လူသားများအား ပုံဆောင်ထားသည့် ထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။ ယေရုရှလင်မြို့အတွက် ငိုကြွေးစဉ်ကျခဲ့သော ခရစ် တော်၏မျက်ရည်များသည် ခေတ်အဆက်ဆက်တွင် ကျူးလွန်ခဲ့သည့် အပြစ်များအ တွက်ဖြစ်ပါသည်။ ဝိညာဉ်တော်၏ဆုံးမပဲ့ပြင်မှုများနှင့် သတိပေးစကားများကို ငြင်း ပယ်ခဲ့သော ထိုသူများသည် ဣသရေလလူများ အပေါ်ချမှတ်ခဲ့သည့် အပြစ်ဒဏ်စီ ရင်ချက်များ၌ မိမိတို့အတွက်အပြစ်ဒဏ် စီရင်ချက်များကိုလည်း ဖတ်ရှုနိုင်ကြပါ သည်။

         မယုံကြည်သော ထိုယုဒလူများလျှောက်လှမ်းခဲ့သည့် လမ်းဟောင်းကြီးကို ဤခေတ်တွင်လည်း လျှောက်လိုက်နေသူများစွာရှိပါသည်။ သူတို့သည် ဘုရားသခင် ပြတော်မူသည့် တန်ခိုးတော်ကို ထင်ထင်ရှားရှားတွေ့မြင် ခဲ့ဖူးကြပါသည်။ သန့်ရှင်း သောဝိညာဉ်တော်ကလည်း ၎င်းတို့၏နှလုံးသားကို စကားပြောတော်မူခဲ့ပါသည်။ သို့ တိုင်အောင်သူတို့သည် မယုံကြည်မှုများနှင့် တော်လှန်ကန့်ကွက်မှုများဘက်သို့ ယိမ်း ယိုင်ခဲ့ကြပါသည်။ ဘုရားသခင်သည်  ၎င်းတို့အားသတိပေးစကားများနှင့် ဆုံးမစ ကားများကို ပြောတော်မူခဲ့သော်လည်း သူတို့သည်မိမိတို့၏အမှားများကို ဝန်ချ တောင်းပန်ရန် ဆန္ဒမရှိကြဘဲ ကိုယ်တော်၏သတင်းစကားနှင့်တကွ သတင်းပေးပို့ သူကိုပါ ငြင်းပယ်ခဲ့ကြပါသည်။ ၎င်းတို့အားနေရာမှန်သို့ ပြန်လည်ရောက်ရှိစေဖို့ ကိုယ်တော်ရှင် အသုံးပြုတော်မူသော ထိုနည်းစနစ်သည် သူတို့အတွက် ထိမိလဲစရာ ဖြစ်သော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်နေပါသည်။

         ဘုရားသခင်၏ ပုရောဖက်များသည် အယူဝါဒဖောက်ပြန်သော ဣသရေ လများ၏မုန်းတီးမှုကို ခံခဲ့ကြရပါသည်။ အကြောင်းမှာ သူတို့ကြောင့် ထိုသူများ၏ လျှို့ဝှက်သောအပြစ်များသည် ထိုပုရောဖက်များအားဖြင့် ထင်ရှားပေါ်လွင်လာခဲ့ကြ ပါသည်။ ဧလိယသည် ဘုရင်ကြီး၏ လျှို့ဝှက်သောအပြစ်များကို သစ္စာရှိစွာဖြင့်ဆုံးမ သွန်သင်ခဲ့သဖြင့် ၎င်းအားရန်သူတစ်ဦးဖြစ်သည်ဟု အာဟပ်မင်းကမှတ်ယူခဲ့ပါ သည်။ ထိုနည်းတူစွာ အပြစ်ကိုဆုံးမသွန်သင်သော ဘုရားသခင်၏ကျွန်များသည် မထီလေးစားလုပ်မှုများ အကြောက် အကန်ငြင်းဆန်မှုများနှင့် တွေ့ဆုံတတ်ပါသည်။ ခရစ်တော်တည်ထောင်သည့် ဘာသာတရားတည်းဟူသော သမ္မာကျမ်းစာမှအမှန် တရားသည် အလွန်ပြင်းထန်သည့် ကိုယ်ကျင့်တရားညစ်ထည်းမှု ရေစီးကြောင်းကြီး ကို ဆန်၍ရုန်းကန်နေရပါသည်။ တစ်ဖက်သတ်အထင်လွဲမှုများသည်လည်း ခရစ် တော်အချိန်က လူသားများမှာထက် ယခုခေတ်လူသားများ၌ ပို၍ပြင်းထန်နေပါ သည်။ ခရစ်တော်သည် လူသားများ၏အလိုများကို ဖြည့်စွမ်းတော်မမူခဲ့ဘဲ ကိုယ် တော်၏ သက်တော်စဉ်သည် ၎င်းတို့၏အပြစ်များအတွက် ဆုံးမပဲ့ပြင်မှုတစ်ခုဖြစ်နေ သဖြင့် သူတို့သည်ကိုယ်တော်ကို ငြင်းပယ်ခဲ့ကြပါသည်။ ထိုနည်းအတူ ယခုခေတ် တွင်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်များသည် လူတို့၏လက်တွေ့ကျင့်သုံး မှုများ၊ ၎င်းတို့၏ကြိုက်နှစ်သက်သော အရာများတို့နှင့်မကိုက်ညီသဖြင့် ထောင်ပေါင်း များစွာသောသူတို့က သမ္မာတရားအလင်းကို ငြင်းပယ်ခဲ့ကြပါသည်။ စာတန်၏လှုံ့ ဆော်မှုကို ခံရသောလူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သံသယ ဖြစ်ခဲ့ကြပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချကာ ကျင့်ဆောင်ခဲ့ကြပါသည်။ သူ တို့သည် အလင်းတော်ထက်အမှောင်ကို ရွေးချယ်နေကြပါသည်။ သို့သော်လည်း မိမိတို့၌ဘေးအန္တရာယ် ရှိနေကြောင်း သိလျက်နှင့် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်ပါ သည်။ ခရစ်တော်၏ နှုတ်တော်ထွက်စကားများကို အပြစ်အနာအဆာရှာခဲ့သော ထို သူများသည် သမ္မာတရားလည်းဖြစ်၍ အသက်လည်းဖြစ်တော်မူသော ကိုယ်တော် အား ကျောခိုင်းသွားသည့်တိုင်အောင် အပြစ်အနာအဆာရှာစရာအချက်များကို ပို၍ တွေ့ရှိလာခဲ့ကြပါသည်။ ထိုနည်းအတူ ယခုခေတ်တွင်လည်း ဖြစ်လျက်ရှိပါသည်။ ဇာတိပကတိနှလုံးသားက သမ္မာတရားနှင့်ဆန့်ကျင်၍ ဖြစ်ပွားစေသော ကန့်ကွက် ငြင်းဆိုချက်တိုင်းကို ဖယ်ရှားပစ်ရန် ကိုယ်တော်ကမ်းလှမ်းတော်မမူခဲ့ချေ။ အမှောင် ကိုခွင်း၍ အလင်းကိုဆောင်မည့် အသင်းတော်၏ရောင်ခြည်များကို လက်ခံရန်ငြင်း ဆန်သောသူများအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ခက်ခဲနက်နဲမြဲခက် ခဲနက်နဲနေမည်သာတည်း။ သမ္မာတရားကိုသူတို့ထံမှ ကွယ်ဝှက်ထားသဖြင့် မိမိတို့ ရှေ့တွင်ပျက်စီးခြင်းရှိနေကြောင်းကို မသိဘဲလျက် မျက်မမြင်များကဲ့သို့ သူတို့ လျှောက်လှမ်းနေကြပါသည်။

         ခရစ်တော်သည် သံလွင်တောင်ပေါ်မှနေ၍ ဤလောကနှင့်တကွခေတ်အ ဆက်ဆက်လူသားများကို မျှော်ကြည့်တော်မူလိုက်ပါသည်။ ကိုယ်တော်၏နှုတ်ထွက် စကားများမှာမူ ကရုဏာတော်အရပြုတော်မူသော ဘုရားသခင်၏တောင်းခံမှုများကို မထီလေးစားပြုကြသည့် အသက်ဝိညာဉ်တိုင်းနှင့် သက်ဆိုင်ပါသည်။ မေတ္တာတော် ကို မထီလေးစားပြုသူဖြစ်သောသင့်အား ကိုယ်တော်ရှင် တိုက်ရိုက်မိန့်တော်မူနေပါ သည်။ သင့်အတွက်သက်သာခြင်းများကို ဖြစ်စေသည့်အရာများသည် မည်သည့်အ ရာဖြစ်ကြောင်း သိသင့်သောသူမှာ သင်ပင်ဖြစ်သည်။ ခရစ်တော်သည် သင့်အတွက် ခါးသီးသော မျက်ရည်များကျလျက်ရှိသော်လည်း သင်မှာမူကား မိမိအတွက် မျက် ရည်မကျပါတကား။  ဖာရိရှဲများအားပျက်စီးစေခဲ့သော စိတ်နှလုံးမာကျောခြင်းများ သည်လည်း သင်၌ထင်ရှားလျက်ရှိပါသည်။ ၎င်းပြင် ဘုရားသခင့်ကရုဏာတော်၏ အထောက်အထားတိုင်း၊ ဘုရားသခင့်အလင်းတော်၏ ရောင်ခြည်တိုင်းသည် ထိုအ သက်ဝိညာဉ်ကို နူးညံ့ပျော့ပျောင်းစေလျက်ရှိပါသည်။ သို့တည်းမဟုတ် ထိုအသက် ဝိညာဉ်အား နောင်တသံဝေဂမရသည့် မျှော်လင့်ချက်မဲ့သောအခြေတွင် အတည် ဖြစ်စေလျက်ရှိပါသည်။

         ယေရုရှလင်မြို့သည် ဆက်လက်၍ခေါင်းမာကာ နောင်တမရဘဲနေမည်ကို ခရစ်တော်ကြိုတင်မြင်တွေ့တော်မူခဲ့ပါသည်။ ဒုစရိုက်အပြစ်အားလုံး နှင့်ကရုဏာ တော်တိုင်းကို ငြင်းပယ်ခဲ့သည့်အတွက် ခံရမည့်အပြစ်၏ အဖိုးအခများအတွက် သူမ ၌သာတာဝန်ရှိပါသည်။ ဤလမ်းစဉ်ကို လိုက်လျှောက်သောသူတိုင်းသည် ထိုနည်း အတိုင်းပင် တာဝန်ရှိကြလိမ့်မည်ဖြစ်ပါသည်။ “အိုဣသရေလ၊--- ငါ့ကိုသင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။” “အိုမြေကြီးသားတို့၊ နားထောင် ကြလော့။ ဤလူမျိုးသည်ငါ့ စကားကိုနားမထောင်၊ ငါ့တရားကိုလည်ငြင်းပယ်သော ကြောင့် သူတို့အလိုအလျောက် ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော ကြီးစွာ သောဘေးဥပဒ်ကို သူတို့အပေါ်သို့ငါသက်ရောက်စေမည်။” ဟောရှေ ၁၃း၉။ ယေ ရမိ ၆း၁၉။

 


No comments:

Post a Comment