Wednesday, April 22, 2026

အခန်းကြီး - ၆၈။ ဗိမာန်တော်၏အပြင်ပရိဝုဏ်၌

 ဗိမာန်တော်၏အပြင်ပရိဝုဏ်၌

 

ရှင်ယောဟန်ခရစ်ဝင် ၁၂း၂၀-၄၃ ကိုအခြေပြုထားပါသည်။

 

         “ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ရောက်လာသောသူတို့တွင် ဟေလသလူအ ချို့ပါ၏။ ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ ကျွန်ုပ်တို့သည် ယေရှုကိုမြင်ချင်ပါသည်ခင်ဗျားဟု တောင်းပန် ကြ၏။ ဖိလိပ္ပုသည် သွား၍အန္ဒြေကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်ကြ၏။

         ဤအချိန်တွင် ခရစ်တော်၏အမှုတော်သည် အပြင်းအထန်အရေးနိမ့်မည့် လက္ခဏာပေါ်လွင်နေပါသည်။ ကိုယ်တော်သည် ဖာရိရှဲများနှင့်အချေအတင်ပြော ဆိုခဲ့ရာတွင် အောင်နိုင်သူတစ်ပါးဖြစ်ခဲ့သော်လည်း ထိုသူများသည် ကိုယ်တော်အား မေရှိယအဖြစ် မည်သည့်အခါမျှ လက်ခံကြတော့မည်မဟုတ်ကြောင်းမှာ ထင်ရှားနေ ပါသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦးခွာပြဲခဲ့ကြပေပြီ။ ဤကိစ္စသည် တပည့်တော် များအတွက် မျှော်လင့်ချက်ကင်းမဲ့သယောင် ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ခရစ်တော် သည် မိမိအမှုတော်၏ အဆုံးသတ်မည့်အချိန်သို့ ချဉ်းကပ်လျက်ရှိပါသည်။ ယုဒလူ မျိုးတစ်မျိုးနှင့်သာမက တစ်ကမ္ဘာလုံးနှင့်ပါပတ်သက်နေသည့် မဟာဖြစ်ရပ်ကြီးတစ် ခုသည် ဖြစ်ပျက်တော့မည်ဆဲဆဲ အခြေတွင်ရှိနေပါသည်။ ကိုယ်တော်ရှင်၏ မေတ္တာ ကို ဆာငတ်ခင်မွတ်နေသော ကမ္ဘာသူကမ္ဘာသားအချို့တို့၏ အော်ဟစ်သံများကို ပဲ့ တင်ထပ်စေခဲ့ပါသည်။ “ယေရှုကိုမြင်ချင်သည်” ဟူသောပြောဆိုသံကို ခရစ်တော် ကြားတော်မူသောအခါ မျက်နှာတော်သည်တောက်ပဝင်းလက်လာပြီး “လူသား သည် ဘုန်းပွင့်ရသောအချိန်ရောက်လာပြီ” ဟုမိန့်တော်မူ၏။

         ကိုယ်တော်သည် မိမိပြုလုပ်ရမည့် မဟာဆက်ကပ်မှုကြီး၏ အစဦးအကျိုး ဖြစ်ထွန်းမှုများကို ထိုဟေလသလူများ၏တောင်းဆိုသံတွင် ကြားတော်မူခဲ့ရပါသည်။

         ခရစ်တော်ကိုမွေးဖွားတော်မူစဉ်တွင် အရှေ့တိုင်းမှလာခဲ့ကြသော ပညာရှိ များကဲ့သို့ ကိုယ်တော်၏ လောကအသက်တာအဆုံးသတ်လုချိန်တွင် ကယ်တင်ရှင် အားဖူးတွေ့ရန် ဤသူများသည် အနောက်တိုင်းမှ လာခဲ့ကြသူများဖြစ်ကြပါသည်။ ခရစ်တော်ဖွားတော်မူခြင်းကို ခံယူစဉ်အချိန်က အသက်ရှင်ခဲ့ကြသော ယုဒလူများ သည် ၎င်းတို့၏ရည်မှန်းချက်ကြီးမားသော စီမံကိန်းများနှင့် စိတ်နှလုံးထွေပြားနေကြ သည့်အတွက် ကိုယ်တော်၏ကြွလာခြင်းကို မသိရှိခဲ့ကြချေ။ သို့သော် တစ်ပါးအမျိုး သားနိုင်ငံမှမာဂုပညာရှိများသည် ကယ်တင်ရှင်အား ဆက်ကပ်လှူဒါန်း၍ ဝတ်ပြုကိုး ကွယ်ကြရန် နွားစားခွက်ရှိရာသို့ရောက်ရှိလာခဲ့ကြပါသည်။ ထိုနည်းအတူ ကမ္ဘာအ ရပ်ရပ်ရှိလူမျိုးအပေါင်း တို့အားကိုယ်စားပြုသော ဤဟေလသလူများသည် သခင် ယေရှုကိုဖူးတွေ့ရန် ရောက်ရှိလာခဲ့ကြပါသည်။ ထိုနည်းအတူ ကမ္ဘာအရပ်ရပ်မှ ခေတ်အဆက်ဆက် အသက်ရှင်ခဲ့သောလူသားများကို ကယ်တင်ရှင်၏ ကပ်တိုင် အားဖြင့် ဆွဲယူတော်မူပါလိမ့်မည်။ ထိုနည်းအတူ “လူများတို့သည်အရှေ့အရပ်၊ အနောက်အရပ်မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် တကွလျောင်းကြရလတ္တံ့။” မဿဲ ၈း၁၁။

         ထိုဟေလသလူများသည် ယေရုရှလင်မြို့ထဲသို့ အောင်မြင်စွာကြွေးကြော် ၍ဝင်တော်မူခဲ့သည့် ကိုယ်တော်ရှင်၏အကြောင်းကို ကြားဖူးခဲ့ကြပါသည်။ ကိုယ် တော်သည် ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများကို ဗိမာန်တော်မှမောင်းထုတ် ကာ ဒါဝိဒ်၏ပလ္လင်ကိုသိမ်းပိုက်ပြီး ဣသရေလဘုရင်တစ်ပါးအဖြစ် စိုးစံတော့မည်ဟု အချို့ကအထင်ရှိကာ သတင်းဖြန့်ဝေခဲ့ကြပါသည်။ ထိုဟေလသလူများသည် ကိုယ် တော်ရှင်၏အမှုတော်နှင့် စပ်လျဉ်းသောသမ္မာတရားကို သိလိုခဲ့ကြပါသည်။ ထို့ ကြောင့် အကျွန်ုပ်တို့သည် ယေရှုကိုမြင် ချင်ပါသည်ဟု သူတို့တောင်းခံခဲ့ကြပါသည်။ ထိုသတင်းကို သခင်ယေရှုထံ ကြားပြောသောအချိန်တွင် ကိုယ်တော်သည် ယုဒလူ မျိုးများမှလွဲ၍ မည်သည့်လူမျိုးများမှမဝင်ရသည့် ဗိမာန်တော်၏ အခန်းတစ်ခုထဲတွင် ရှိနေသော်လည်း၊ ထိုသူများရှိရာအပြင် ပရိဝုဏ်သို့ထွက်ကြွတော်မူ၍ ၎င်းတို့နှင့်စ ကားပြောတော် မူခဲ့ပါသည်။

         ခရစ်တော်၏ဘုန်းပွင့်သောအချိန်သည် ရောက်လာပေပြီ။ ကိုယ်တော်သည် ကပ်တိုင်၏မှောင်ရိပ်တွင် ရပ်တော်မူလျက်ရှိပြီး မိမိပြုတော်မူတော့မည့် ပူဇော်ဆက် ကပ်ခြင်းသည် များစွာသောသားသမီးများအား ဘုရားသခင်ထံတော်သို့ ပို့ဆောင် မည် ဖြစ်ကြောင်းကို ထိုဟေလသလူများ၏ တောင်းဆိုမှုများက ထင်ရှားပေါ်လွင်စေ ခဲ့ပါသည်။ ထိုဟေလသလူများသည် ၎င်းတို့တစ်ခါ မျှမတွေးမိခဲ့သောအခြေအနေ မျိုးတွင် ကိုယ်တော်ရှင်ရောက်ရှိနေလိမ့်မည်ကို မကြာမီတွင်တွေ့ရတော့မည်ဖြစ် ကြောင်း ခရစ်တော်သိရှိတော်မူခဲ့ပါသည်။ ဘုရား၏သားတော်ထက်အရင်ဦး၍ ကျဉ်းထောင်မှလွတ်မြောက်ခွင့်ပေးရန် ရွေးချယ်ခြင်းခံရသော ဓားပြတစ်ယောက်ဖြစ် သည့်ပြင် လူသတ်သမားတစ်ဦး လည်းဖြစ်သောဗာရဗ္ဗနှင့်ယှဉ်၍ ကိုယ်တော်ရှင်ရပ် တော်မူသည်ကို သူတို့တွေ့ ကြရလိမ့်မည်။ ခရစ်ဟုခေါ်ဝေါ်သောယေရှုကို အဘယ် သို့ပြုရမည်နည်းဟူသော ပိလတ်မင်း၏အမေးကို ထိုယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲ တို့၏လှုံ့ဆော်ပေးမှုကြောင့် သူသည်လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေ စေဟူ၍ လူထု၏ပြန်လည်ဖြေဆိုသံများကိုလည်း သူတို့ကြားကြရပါလိမ့်မည်။ မဿဲ  ၂၇း၂၂။ လူသားများကျူးလွန်ခဲ့သည့်အပြစ်ဒုစရိုက်များအတွက် မိမိကိုယ်ကို အပြစ် ဖြေစရာဖြစ်စေခြင်းအားဖြင့် မိမိ၏နိုင်ငံတော်သည် ပြည့်စုံလိမ့်မည် ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့ကျယ်ပြန့်သွားလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်သိ တော်မူပါသည်။ ခရစ် တော်သည် ကယ်တင်ရှင်တစ်ပါးအနေဖြင့် အမှုတော်ကိုဆောင်ရွက်လိမ့်မည်ဖြစ်ပြီး သူ၏ဝိညာဉ်သည်လည်း အောင်ပွဲဆင်တော် မူလိမ့်မည်။ ခေတ္တခဏမျှ အနာဂတ်ကို မျှော်ကြည့်တော်မူလိုက်ရာ “ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင် သိုးသငယ်ကိုကြည့်လော့” ဟူသော ကြွေးကြော်သံများကို ကမ္ဘာအနှံ့တွင်ကြား ခဲ့ရပါသည်။ ယုဒလူများနှင့်တစ်ပါး အမျိုးသားတို့အကြား ကာရံထားသည့် တံတိုင်း ကြီးကိုဖြိုချပြီးသောအချိန်တွင် လူမျိုးအပေါင်းတို့သည် ကယ်တင်ခြင်းသတင်းစကား ကိုကြားနာရလိမ့်မည့် အချိန်၌ဖြစ်ပေါ်လာမည့် မဟာရိတ်သိမ်းပွဲကြီး၏ အထိမ်းအ မှတ်ကို ဤဧည့်သည်အာဂန္တုများတွင် ခရစ်တော်တွေ့ရှိတော်မူခဲ့ပါသည်။ ဤကိစ္စ အပေါ်တွင်ထားရှိသည့် မိမိ၏မျှော်မှန်းချက်နှင့် မိမိမျှော်လင့်ချက်များ၏ ပြည့်စုံမှုများ ကို စကားအားဖြင့်ဖွင့်ဟတော်မူသည်ကား၊ လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီဟူ၍ဖြစ်၏။ သို့ရာတွင် မည်ကဲ့သို့ဘုန်းပွင့်တော်မူလိမ့်မည်ဆိုသည့် ချက်ကို မည်သည့်အခါမျှ ခရစ်တော်သတိမလစ်ခဲ့ချေ။ ဤတစ်ပါးအမျိုးသားများ၏ စုရုံးလာမှုပြီးလျှင် ကိုယ်တော်၏အသေခံခြင်းကဏ္ဍသည် ဆက်တိုက်ဖြစ်ပေါ်လာရ မည်ဖြစ်ပါသည်။ ကိုယ်တော်အသေခံတော်မူခြင်းအားဖြင့်သာလျှင် လောကီသား များတို့ကို ကယ်တင်နိုင်ပါလိမ့်မည်။ စပါးစေ့ကလေးတစ်စေ့နှယ် သားတော်သည် သေခံတော်မူ၍ မြေတွင်မြှုပ်နှံခြင်းကိုခံရမည် ဖြစ်သော်လည်း တစ်ဖန်ရှင်ပြန်ရဦး မည်သာတည်း။

         ခရစ်တော်သည် မိမိ၏အနာဂတ်ရေးကိုဖော်ပြရာတွင် တပည့်တော်များနား လည်သဘောပေါက်စေရန်အလိုငှာ သဘာ၀တွင်ရှိနေကြသော အရာများကိုသာ သာဓကပြုလျက်မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်အမှုတော်၏ စစ်မှန်သောရလဒ်ကို ကိုယ်တော်အသေခံတော်မူခြင်းအားဖြင့်သာ ရရှိနိုင်မည်ဖြစ်သဖြင့် “ငါအမှန်အ ကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည်မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက် လျှင်မူကား၊ များစွာသောအသီးကိုသီးတတ်၏” ဟူ၍သာဓကပြုကာ မိန့်တော်မူခဲ့ပါ သည်။ စပါးစေ့သည် မြေတွင်ကျ၍ ပျက်သွားကာ အညှောက်များထွက်လာပြီးမှ သီးကိုသီးနိုင်ပါသည်။ ထိုနည်းအတူ ခရစ်တော်၏အသေခံခြင်းသည်လည်း ဘုရား သခင်၏နိုင်ငံတော်အတွက် အသီးအပွင့်များကို သီးပွင့်စေခြင်းအားဖြင့် အကျိုးပြုပါ လိမ့်မည်။ ထိုသို့သော သစ်ပင်လောက၏နိယာမအတိုင်း ကျွန်ုပ်တို့၏ အသက်ရှင် ခြင်းသည် ကိုယ်တော်အသေခံခြင်း၏ ရလဒ်ဖြစ်ပါသည်။

         မြေကိုထွန်ယက်နေကြသူများသည် ဤသာဓကကို အမြဲတမ်းမြင်တွေ့နေ ကြရပါသည်။ လူများသည်၎င်းတို့၏မျိုးစေ့များကို သင့်လျော်သောနေရာများတွင် ကြဲ ဖြန့်ထားခြင်းအားဖြင့် သိုထားတတ်ကြပါသည်။ ထိုနောက် အခိုက်အတန့်အားဖြင့် ထယ်ကြောင်းထဲတွင် မြေကြီး၏ဖုံးဖိခြင်းကိုခံရပြီး၊ မကြာမီမှာပင် ထိုအစေ့သည် ညှောက်များ၊ အစို့များထွက်လာခဲ့ပါသည်။ သို့ရာတွင် ထိုအစေ့ကလေးကို မြေကြီးထဲ တွင်မြှုပ်နှံ၍ မပျက်စီးစေခဲ့လျှင် ထိုကဲ့သို့တိုးတက်ဖွံ့ဖြိုးမှုဖြစ် ပေါ်စေခဲ့လိမ့်မည်မ ဟုတ်ချေ။

         မြေကြီးထဲတွင်မြှုပ်နှံထားသည့် ထိုမျိုးစေ့သည် အသီးများကိုသီးပွင့်ခဲ့ပြီး ထို အသီးများကို တစ်ဖန်ထပ်မံ၍ မြေတွင်မြှုပ်နှံခြင်းအားဖြင့် များစွာသောအသီးများကို တိုးပွားလာစေပါသည်။ ထိုနည်းအတူ ကရာနီကုန်းပေါ်မှလက်ဝါး ကပ်တိုင်ထက်ဝယ် အသေခံတော်မူခဲ့သော ခရစ်တော်၏သေခြင်းအားဖြင့် ထာ၀ရကာလတိုင် အသီး များသီးပွင့်ပါလိမ့်မည်။ ဤပူဇော်ဆက်ကပ်ခြင်းကို  ဘာ၀နာပွားခြင်းအမှုသည် ခေတ်အဆက်ဆက် အသက်ရှင်နေထိုင်ကြမည့်သူများအတွက် ထိုဆက်ကပ်ခြင်း၏ အသီးဖြစ်သော ဘုန်းပွင့်ခြင်းပင်ဖြစ်ပါလိမ့်မည်။

         စပါးစေ့သည်မပျက်လျှင်မူကား၊ အသီးသီးနိုင်လိမ့်မည်မဟုတ်ချေ။ တစ်စေ့ တည်းသာရှိနေပါလိမ့်မည်။ အကယ်၍ ကိုယ်တော်သည်အလိုရှိပါလျှင်  မိမိကိုယ်ကို သေခြင်းမှကယ်တင်နိုင်တော်မူပါသည်။ သို့ရာတွင် ထိုသို့ကိုယ်တော် ပြုတော်မူခဲ့ မည်ဆိုလျှင် တစ်ပါးတည်းသာ နေထိုင်တော်မူရမည်ဖြစ်ပါသည်။ ဘုရားသခင့်ထံ တော်သို့ မည်သည့်သားသမီးတစ်ဦးတစ်ယောက်ကိုမျှ ပို့ဆောင်နိုင်လိမ့်မည်မဟုတ် ချေ။ မိမိ၏အသက်တော်ကို ပေးအပ်ခြင်းအားဖြင့်သာလျှင် ကိုယ်တော်သည် မဟာ ရိတ်သိမ်းပွဲကြီးကိုဖြစ်စေမည့် မျိုးစေ့တစ်စေ့ဖြစ်လာနိုင်ပါသည်။ ထိုမဟာရိတ်သိမ်း ပွဲတွင် လူမျိုးတကာတို့မှများစွာသော လူအုပ်ကြီးသည် ဘုရားသခင်ထံတော်၌ ကယ် တင်ခြင်းဆုကျေးဇူးကို ခံယူရရှိကြမည် ဖြစ်ပါသည်။

         လူအပေါင်းတို့ နားလည်သဘောပေါက်နိုင်စေရန်အလိုငှာ ခရစ်တော်သည် ဤသမ္မာတရားကို ကိုယ်ကျိုးစွန့်ခြင်းသင်ခန်းစာနှင့်ဆက်နွှယ်၍ မိန့်တော်မူသည် ကား၊ မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိ အသက်ကိုမုန်းသောသူဟူမူကား၊ ထာ၀ရအသက်ကိုစောင့် ရှောက်လျက်နေ၏ ဟူ ၍ဖြစ်၏။ ခရစ်တော်နှင့်အတူ အမှုတော်ဆောင်သောသူများအဖြစ် အသီးသီးမည့် သူများသည် ရှေးဦးစွာမြေတွင်မြှုပ်နှံခြင်းကို ခံကြရပါမည်။ အသက်တာကို လောက လိုအပ်ချက်များတည်းဟူသော ထယ်ကြောင်းများထဲတွင် စွန့်ပစ်ထားရပါမည်။ ကိုယ် ကိုကိုယ်ချစ်သောစိတ်များ၊ တစ်ကိုယ် ကောင်းကြံချင်သောစိတ်များသည် ပပျောက် စေရပါမည်။ ၎င်းပြင် အနစ်နာခံခြင်းစည်းမျဉ်းသည် မိမိကိုယ်ကိုဘေးကင်းအောင် ကာကွယ်ထိန်းသိမ်းခြင်း နိယာမပင်ဖြစ်ပါသည်။ လယ်လုပ်သူသည် မိမိ၏မျိုးစေ့များ ကိုကြဲဖြန့်ခြင်း အားဖြင့် ထိုမျိုးစေ့အားဆက်လက်ထိန်းသိမ်းထားသည့်နည်းတူ လူ သားများ၏ အသက်တာများကိုလည်း သူတစ်ပါးအတွက် အနစ်နာခံခြင်းအားဖြင့် ဆက်လက်၍တည်မြဲစေပါသည်။ ပေးကမ်းခြင်းသည်ချစ်ခြင်းမေတ္တာဖြစ်၏။ ဘုရား သခင်အတွက်သော်လည်းကောင်း၊ လူသားများအတွက်သော်လည်းကောင်း တားအဆီးမရှိအလုပ်အကျွေးပြုသောအသက်တာသည် ပျက်စီးခြင်းနှင့်ကင်းလွတ် အောင်စောင့်ရှောက်မှုကိုခံရပါလိမ့်မည်။ လောကအသက်တာတွင် ခရစ်တော်အ တွက် အနစ်နာခံသူများသည် ထာ၀ရကာလတိုင် ထိန်းသိမ်းစောင့်ရှောက်မှုကို ခံရပါ လိမ့်မည်။

         မိမိအတွက်အသက်ရှင်နေထိုင်သော အသက်တာသည် စားသောက်ပစ် ခြင်းခံရသောစပါးစေ့နှင့်တူပါသည်။ တိုးပွားမှုမရှိသည့်အပြင် ပျောက်ပျက်သွားလိမ့် မည်သာဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ကျိုးအတွက်သာ တတ်နိုင်သမျှစုသိမ်း မည်ဆိုက မိမိသဘောအတိုင်းစုသိမ်းနိုင်ပါသည်။ မိမိကောင်းစားရေးအတွက်သာ တွေးတောစီမံလုပ်ဆောင်မည်ဆိုကလည်း မိမိသဘော အတိုင်းလုပ်ဆောင်နိုင်ပါ သည်။ သို့ပါသော်လည်း ၎င်း၏အသက်တာသည် ဆုံးခန်းတိုင်သို့ရောက်ရှိသွားသော အချိန်တွင် သူပိုင်ဆိုင်သည့်အရာတစ်စုံတစ်ခု မျှရှိတော့မည်မဟုတ်ချေ။ မိမိအ တွက်သာ အလုပ်အကျွေးပြုခြင်းသည် ပျက်စီးရာပျက်စီးကြောင်းအတွက် နိယာမ တစ်ခုဖြစ်ပါသည်။

         “ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏ အမှုဆောင်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ် လျှင် ထိုသူကိုခမည်းတော်ချီးမြှောက်တော်မူလတ္တံ့။” ခရစ်တော်နှင့်အတူ အနစ်နာ ခံခြင်းတည်းဟူသော ကပ်တိုင်ထမ်းသောသူအပေါင်းတို့သည် ကိုယ်တော်နှင့်အတူ ဘုန်းဝင်စားကြရပါလိမ့်မည်။ တပည့်တော်များသည် မိမိနှင့်အတူ ဘုန်းဝင်စားနိုင် စေရန်အလိုငှာ မိမိခံစားခဲ့ရသော နာကျင်မှုဝေဒနာများနှင့် နှိမ့်ချမှုများအတွက် ခရစ် တော်ဝမ်းမြောက်တော်မူပါသည်။ ထိုသူများသည် ကိုယ်တော့်အနစ်နာခံမှု၏ အသီး အပွင့်များဖြစ်ကြပါသည်။ ၎င်းတို့၏ အသက်တာတွင် ကိုယ်တော်၏စာရိတ္တနှင့် စိတ် နေသဘောထားများကို ပေါ်လွင်အောင်လုပ်ဆောင်မှုသည် ကိုယ်တော်အတွက် ဆု လာဘ်တစ်ခုဖြစ်ပါသည်။ ထာ၀ရကာလတစ်လျှောက်လုံးအတွက်လည်း ဝမ်းမြောက် စရာဖြစ်ပါလိမ့်မည်။ မိမိတို့၏လုပ်ဆောင်မှုများနှင့် အနစ်နာခံမှုများ၏ အသီးအပွင့် အနေဖြင့် ကိုယ်တော်နှင့်အတူ မျှဝေခံစားခဲ့ရသော ဤဝမ်းမြောက်မှုမျိုးကို အခြား သူများ၏စိတ်နှလုံး များနှင့်အသက်တာများတွင်လည်း တွေ့မြင်ကြရပါသည်။ ထိုသူ တို့သည် ခရစ်တော်နှင့်လုပ်ဆောင်ကြသည့် အမှုတော်ဆောင်များဖြစ်ကြပြီး အဖဘု ရားသခင်သည် မိမိသားတော်ကိုချီးမြှောက်သည့်နှယ် ထိုသူများကိုလည်းချီးမြှောက် တော်မူပါလိမ့်မည်။

         တစ်ပါးအမျိုးသားများ၏စုရုံးခြင်းကို ပြညွှန်ထားသည့် ထိုဟေလသလူများ ၏သတင်းသည် မိမိအမှုတော်တစ်ခုလုံးကို ခရစ်တော်၏စိတ်ထဲတွင်မြင်ယောင်လာ စေခဲ့ပါသည်။ ကောင်းကင်နိုင်ငံတော်တွင် ကယ်တင်ခြင်း စီမံကိန်းချမှတ်တော်မူ သည့် အချိန်မှသည် မကြာမီအချိန်တွင် မိမိခံယူရမည့်အသေခံခြင်း အထိတိုင် အောင် ကယ်တင်ခြင်းစီမံကိန်း၏ လုပ်ဆောင်မှုအဆင့်ကို ကိုယ်တော်မြင်ယောင် လာခဲ့ပါသည်။ နားလည်ဖို့ရန် ခက်လှသောမိုးတိမ်လွှာတစ်ခုသည် ဘုရားသခင်၏ သားတော်အပေါ်၌ လွှမ်းခြုံထားသယောင်ဖြစ်နေပါသည်။ ထိုအမှောင်ရိပ်ကို ကိုယ် တော်အပါးတွင်ရှိနေကြသူများလည်း ခံစားခဲ့ကြရပါသည်။ ကိုယ်တော်သည် ထိုင် တော်မူယင်း ဘဝင်ဆိုက်လျက်ရှိပါသည်။ နောက်ဆုံးတွင် ထိုဆိတ်ငြိမ်မှုကို ဝမ်း နည်းနေသောအသံဖြင့် ဖြိုခွင်းတော်မူလိုက်သည်ကား ငါသည်ယခုစိတ်နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှအကျွန်ုပ်ကို ကယ်တင် တော်မူပါအဖ ဟူ၍ဖြစ်၏။ ခရစ်တော် သည် မျှော်လင့်ချက်အပြည့်ဖြင့် ခါးသီးသော ထိုခွက်ဖလားကို သောက်လျက်ရှိပါသည်။ ဖြစ်ပျက်နေသော အရာအားလုံးကို ကြည့် ခြင်းအားဖြင့် ဘုရားသခင်သည် ကိုယ်တော်အား စွန့်ပစ်ထားမလိုဖြစ်နေသော ချိန်တွင် အများအမြင်၌ ဘုရားသခင်သည် ကိုယ်တော်အားအဆုံးစီရင်လိုက်သလို၊ ထိုးနှိပ်လိုက်သလို ဖြစ်နေသောဤအချိန်တွင် လူသားဇာတိကို ခံယူထားသည့် ကိုယ် တော်အနေနှင့် တွန့်ရွံ့မိခဲ့ပါသည်။ ကိုယ်တော်သည် မိမိအားအထင်ကရဖြစ်စေ သည့် လူမြင်ကွင်းတွင်ရပ်တည်ရန် နောက်တွန့်နေပါသည်။ အဆိုးရွားဆုံးသော ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံမှုကို ခံယူရန်သော်လည်းကောင်း၊ ရှက်ကြောက် ဖွယ်အသရေယုတ်သော အသေခံခြင်းကို ခံယူရန်သော်လည်းကောင်း နောက်တွန့် နေပါသည်။ အမှောင်၏တန်ခိုးရှင်များနှင့် ပြုလုပ်နေသည့် တိုက်လှန်ပွဲ၏မကောင်း သောနိမိတ်တစ်ခုသည်လည်းကောင်း၊ လူသားများကျူးလွန်ခဲ့သော အပြစ်များအ တွက် ရွံရှာဖွယ်သောအပြစ်ဝန်များ၏ ဖိစီးမှုသည်လည်းကောင်း၊ အပြစ်ဒုစရိုက်အ ပေါ်ထားရှိသည့် ဘုရားသခင်၏ ဒေါသအမျက်သည်လည်းကောင်း ကိုယ်တော် ၏စိတ်နှလုံးကိုပူပန်စေ၍ မျက်နှာတော်ကိုလည်း ဖြူရော်စေခဲ့ပါသည်။

    ထိုနောက် ဘုရားသခင်၏အလိုတော်ကိုဝန်ခံသည့်အနေဖြင့် “အကြောင်း ရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ၊ အိုအဖ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက် တော်မူပါ” ဟူ၍ကိုယ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ ခရစ်တော်အသေခံခြင်းအား ဖြင့်သာ စာတန်၏နိုင်ငံကို အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ထိုနည်းအားဖြင့်သာ လူ သားများကိုကယ်တင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်ကိုလည်း ချီးမြှောက်နိုင်မည်ဖြစ်ပါ သည်။ သခင်ယေရှုသည် ဒုက္ခဝေဒနာ များကိုခံစားရန် အလိုတူတော်မူခဲ့ပြီး ဆက် ကပ်ပူဇော်ရန် လက်ခံတော်မူခဲ့ပါသည်။ ကောင်းကင်ဗိုလ်ခြေအရှင်သည် အပြစ်ကို ယူတင်ဝတ်ဆောင်သူအနေ ဖြင့် ဒုက္ခဝေဒနာများကိုခံစားရန် အလိုတူတော်မူခဲ့ပါ သည်။ “အိုအဖ၊ ကိုယ်တော် ၏နာမတော်ကိုချီးမြှောက်တော်မူပါ” ဟုပြောဆိုနေ စဉ်တွင် ကိုယ်တော်၏ ဦးခေါင်းပေါ်မှာရစ်ဝဲနေသော မိုးတိမ်တိုက်ထဲမှ “ငါချီး မြှောက်ခဲ့ပြီ။ တစ်ဖန်ချီးမြှောက်ဦးမည်” ဟုတုံ့ပြန်သံတစ်ခု ထွက်ပေါ်လာခဲ့ပါသည်။ ခရစ်တော်သည် နွားစားခွက်မှသည် ယခုအချိန်တိုင်အောင် ဘုရားသခင်ကို ချီး မြှောက်တော်မူခဲ့ပါသည်။ ၎င်းပြင် မကြာမီတွင်ပြုလုပ်တော့မည့် စုံစမ်းစစ်ဆေးမှုတွင် ဘုရားဇာတိနှင့် လူသားဇာတိ ပေါင်းစပ်ထားသူအနေဖြင့် ကိုယ်တော်ခံစားရမည့် ဒုက္ခဝေဒနာများသည် အဖဘုရားသခင်၏နာမတော်ကို အထူးချီးမြှောက်တော်မူပါ လိမ့်မည်။

         ထိုအသံတော်ကိုကြားနေရစဉ်တွင် အလင်းတန်းတစ်ခုသည် မိုးတိမ်တိုက် ထဲမှလျှပ်တစ်ပြက်ပေါ်လာပြီး၊ အနန္တတန်ခိုးရှင်၏ လက်မောင်းတော်များသည် ခရစ် တော်ကို မီးတံတိုင်းကြီးနှင့်ပတ်ရစ်ထားသည့်နှယ် ရစ်ဝိုင်းဖက်ယမ်းထားပါသည်။ လူ ထုကြီးသည် ဤမြင်ကွင်းကိုစိုးရွံ့အံ့ဩစွာဖြင့် ကြည့်ရှုခဲ့ကြရပါသည်။ မည်သူတစ်စုံ တစ်ယောက်မျှ စကားမပြောဝံ့ကြချေ။ လူအပေါင်းတို့သည် နှုတ်ဆိတ်လျက် သက်ပင်မရှူရဲကြဘဲ သခင်ယေရှုကိုစူးစိုက်ပြီး ကြည့်နေကြပါသည်။ ပြုတော်မူခဲ့ သော အဖဘုရားသခင်၏ သက်သေခံချက် နှင့်မြှင့်တက်သွားသော မိုးတိမ်တိုက်တို့ သည် ကောင်းကင်ယံဝယ်ပျံ့လွင့်သွား ခဲ့ပါသည်။ ထိုအခိုက်တွင် အဖဘုရားသခင် နှင့် သားတော်တို့အကြားမြင် သာသောဆက်နွှယ်မှုများသည် ပြီးဆုံးသွားခဲ့ပါသည်။

         “ဝန်းရံလျက်ရှိသောလူအစုအဝေးတို့ကြားလျှင် မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အားကောင်းကင်တမန်မြွက်သည်ဟုဆို ကြ၏။” သို့ရာ တွင် ခရစ်တော်နှင့်တွေ့ရန်အခွင့်တောင်းနေကြသော ထို ဟေလသလူများမှာမူ မိုး တိမ်ကိုမြင်တွေ့ခဲ့ကြပြီး အသံတော်ကိုလည်းကြားရကာ အနက်အဓိပ္ပါယ်ကို သိရှိ ကြသဖြင့် ခရစ်တော်ကိုနားလည်ခဲ့ကြပါသည်။ ၎င်းတို့အတွက်ကိုယ်တော်သည် ဘုရားသခင်စေလွှတ်တော်မူသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထင်ရှားခဲ့ပါသည်။

         ဘုရားသခင်၏အသံတော်ကို အမှုတော်အစနှစ်ခြင်းမင်္ဂလာခံယူစဉ်က တစ်ကြိမ်၊ အရောင်အဆင်းနှင့်ပြည့်စုံတော်မူခဲ့သည့်ကိုယ်တော်အား ဧလိယနှင့် မောရှေတို့လာရောက်တွေ့ဆုံခဲ့သည့် တောင်ပေါ်တွင်တစ်ကြိမ် ကြားခဲ့ဖူးကြပါ သည်။ ယခုအမှုတော်အဆုံးသတ်ချိန်တွင် များပြားစွာသောလူအုပ်ကြီးသည် ထူးခြားသောအခြေအနေတွင် တတိယအကြိမ်အဖြစ် ကြားခဲ့ရပြန်ပါသည်။ ခရစ်တော်သည် ယုဒလူများ၏အခြေအနေမှန်ကို ယခုတွင်ပင်မိန့်တော်မူခဲ့ပြီး နောက်ဆုံးအကြိမ်အနေဖြင့်တောင်းခံမှုကိုပြုတော်မူခဲ့ကာ ၎င်းတို့ ခံယူရမည့် အပြစ်ဒဏ်များကို စီရင်မိန့်မြွက်တော်မူခဲ့ပါသည်။ ယခုတွင်တစ်ဖန် ဘုရားသခင် သည် မိမိသားတော်၏အမှုတော်အတွက် တံဆိပ်ခတ်တော်မူပြန်ပါသည်။ ထာ၀ရ ဘုရားသခင်သည် ဣသရေလများက ငြင်းပယ်နေသူတစ်ဦးအား အသိအမှတ်ပြု တော်မူခဲ့ပါသည်။ ယေရှုကလည်း “ထိုစကားသံသည် ငါ့အဖို့အလိုငှာလာသည် မဟုတ်၊ သင်တို့အဖို့အလိုငှာလာ၏” ဟုမိန့်တော် မူ၏။ ဤအရာသည် ကိုယ်တော် အားမေရှိယဖြစ်ကြောင်း ထင်ရှားစေသော အထောက်အထားတစ်ခုဖြစ်ပြီး ခရစ် တော်ပြောသောစကားများသည်မှန်ကန်၍ ကိုယ်တော်သည် ဘုရားသခင်၏ သား တော်ဖြစ်ကြောင်း အမှတ်အသားတစ်ခုဖြစ်ပါသည်။

         “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလော ကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော် မိမိသည်အဘယ် သို့သေရမည့် အရိပ်ကိုပေး တော်မူ၏။” ဤအချိန်သည် ဤကမ္ဘာလောကအတွက် အရေးကြီးသော အချိန်ဖြစ် ပါသည်။ ခရစ်တော်သည် လူသားများ၏အပြစ်အတွက် အပြစ်ဖြေရာဖြစ်လာခဲ့ပါ လျှင် ဤလောကသည် အလင်းနှင့်ပြည့်စုံ ပါလိမ့်မည်။ အသက်ဝိညာဉ်များအပေါ် စာတန်၏ချုပ်ကိုင်မှုသည်လည်း ကျိုးပျက်သွားခဲ့လိမ့်မည်ဖြစ်ပါသည်။ လူသားများ၌ ရှိသောဘုရားသခင်၏ ရုပ်လုံးတော်သည်လည်း ပျက်ယွင်းရာမှ ပြန်လည်ပေါ်လာပါ လိမ့်မည်။ ယုံကြည်သော သန့်ရှင်းသူမိသားစုများသည် နောက်ဆုံး၌ ကောင်းကင်ရွှေ အိမ်တော်တွင် အမွေခံကြရပါလိမ့်မည်။ ဤအရာသည် ခရစ်တော်အသေခံခြင်း ကြောင့် ပေါ်ထွက်လာမည့် ရလဒ်တစ်ခုဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ၏ရှေ့တွင် မြင် ယောင်နေသော ထိုအောင်မြင်မှုမြင်ကွင်းကို အာရုံစူးစိုက်ကြည့်ရှုတော်မူပါ သည်။ ကြောက်ရွံ့စရာများနှင့်လည်းကောင်း၊ ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း ရစ်ပတ်ထွန်းတောက်နေသော ရက်စက်ကြမ်းကြုတ်၍ရှက်ဖွယ်အလိ ဖြစ်သော ထို ကပ်တိုင်ကိုလည်း ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။

         သို့ရာတွင် လူသားများအားကယ်တင်ရန် ကပ်တိုင်တွင်ဆောင်ရွက်ပြီးစီးခဲ့ သည့်အရာများသည် အလုံးစုံသောလုပ်ငန်းများမဟုတ်ကြသေးချေ။ ဘုရားသခင်၏ မေတ္တာတော်သည် စကြ၀ဠာအတွက်ထင်ရှားနေပါသည်။ ဤလောကကို အစိုးရ သောမင်းကို အပြင်သို့နှင်ထုတ်တော်မူခဲ့ပါသည်။ ထာ၀ရဘုရားအပေါ် စာတန်ပြု လုပ်ခဲ့သည့် စွပ်စွဲပြစ်တင်မှုများကို မဟုတ်မမှန်ကြောင်း ထင်ရှားစွာဖော်ပြခဲ့ပါသည်။ ကောင်းကင်နိုင်ငံတော်အပေါ် ၎င်းပြုလုပ်ခဲ့သော အပြစ်တင်မှုများကိုလည်း ထာ၀ စဉ်ဖယ်ရှားပစ်လိုက်ပါသည်။ လူသားများကို ကယ်တင်ရှင်ထံသို့ ဆွဲယူတော်မူသကဲ့ သို့ ကောင်းကင်တမန်များကိုလည်း  ဆွဲယူတော်မူနေပါသည်။ “ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်း ကိုခံရလျှင် လူအပေါင်းတို့ကို ငါ့ထံ သို့ငါဆွဲမည်ဟု” ကိုယ်တော်မိန့်တော်မူ၏။

         ထိုသို့မိန့်တော်မူစဉ်တွင် အနားပတ်ဝန်းကျင်၌ လူအများစုရုံးနေသည် ဖြစ် ရာ အချို့လူများက “ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟုပညတ္တိကျမ်း၌ လာ ကြောင်းကို အကျွန်ုပ်တို့ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကို ခံရမည်ဟု သင်သည်အဘယ်သို့ဆိုသနည်း၊ ထိုလူသားသည် အဘယ်သို့သော သူ နည်းဟုဆိုကြ၏။ “ယေရှုကလည်း အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်း ရှိစဉ်အခါသွားလာကြလော့။ သို့မဟုတ် လျှင် မှောင်မိုက်သည်သင်တို့ကိုမီလိမ့်မည်။ မှောင်မိုက်၌သွားလာသောသူ သည် အဘယ်သို့မိမိသွားသည်ကိုမိမိမသိ၊ အလင်းရှိ စဉ်အခါအလင်း၏ သားဖြစ်အံ့သောငှာ အလင်းကိုယုံကြည်ကြလော့” ဟုမိန့်တော်မူ ၏။

         ထိုသူများသည် တစ်ချိန်က “အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့် မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကိုပြတော်မူ သနည်းဟု ကယ်တင်ရှင်အားမေးခဲ့ဖူးကြပါသည်။ သို့ရာတွင် “ထို မျှလောက်ကြီးစွာ သောနိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့မရောက်ကြ။” မရေမတွက်နိုင်အောင် များပြားလှသည့် နိမိတ်လက္ခ ဏာများကိုပြခဲ့သော်လည်း သူတို့သည်မျက်စိကို ပိတ်ထားကြပြီး စိတ်နှလုံးခိုင်မာ လျက်ရှိကြပါသည်။ ယခုတွင် အဖဘုရားသခင်ကိုယ်တော်တိုင် မိန့်တော်မူခဲ့သဖြင့် နောက်ထပ်နိမိတ်လက္ခာတစ်ခုပြရန် သူတို့တောင်းခံစရာမလိုတော့သော်လည်း ယုံ ကြည်ရန်ကိုမူငြင်းဆန်နေကြဆဲ ဖြစ်ပါသည်။

         “သို့သော်လည်း အရာရှိများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရား ဇရပ်မှ ဖာရိရှဲတို့သည်နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။” သူတို့သည် ဘုရားသခင်ပြုတော်မူမည့် ချီးမွမ်းခြင်းထက် လူအချင်းချင်းပြုမည့် ချီး မွမ်းခြင်းကို ပို၍နှစ်သက်ခဲ့ကြပါသည်။ မိမိတို့အားသူတစ်ပါးက အပြစ်မတင်နိုင်စေ ရန်အလိုငှာ သူတို့သည်ခရစ်တော်ကိုငြင်းပယ်၍ ပေးအပ်တော်မူသည့် ထာ၀ရအ သက်ကိုရယူရန် ငြင်းဆန်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက်တွင် ထိုနည်းနှင်နှင်ငြင်း ပယ်မှုများကို မည်မျှများစွာသောလူသားများ ပြုလုပ်ခဲ့ကြပါသနည်း။ ထိုသူများအား ခရစ်တော်သတိပေးပြောကြားတော်မူသည်ကား၊ မိမိတို့အသက်ကိုနှမြောသောသူ သည် အသက်ဆုံးလိမ့်မည်။ “ငါ့ကိုပယ်၍ငါ့စကားကို နားမခံသောသူအား အပြစ် စီရင်သူရှိသေး၏။ ငါဟော ပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား ပြစ်စီရင်လိမ့်မည်။” ယောဟန် ၁၂း၄၈။

         အလိုလေး၊ ထိုသူများသည် မိမိတို့အားအပြစ်ဒဏ်စီရင်မည့်အချိန်ကို မသိ ကြပါတကား။ ခရစ်တော်သည် ဗိမာန်တော်ပရိဝုဏ်မှ ဝမ်းနည်းကြေကွဲသောစိတ်ဖြင့် ဖြည်းညင်းစွာထာ၀ရထွက်ကြွတော်မူခဲ့ပြီတကား။

 


No comments:

Post a Comment