Wednesday, April 22, 2026

အခန်းကြီး - ၇၀။ ငါ့ညီတို့တွင်အငယ်ဆုံးသောသူ

 

ငါ့ညီတို့တွင်အငယ်ဆုံးသောသူ

 

ရှင်မဿဲခရစ်ဝင် ၂၅း၃၁-၄၆ တို့ကိုအခြေပြုထားပါသည်။

 

         “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်း ကင်တမန်များအခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင် တော်ပေါ်မှာထိုင်၍ ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် ---လူအပေါင်း တို့ကိုအသီးအခြားခွဲ၍ --- ထားတော်မူလတ္တံ့” ဟူသော မိန့်မြွက်ချက်အားဖြင့် ခရစ်တော်သည် သံလွင်တောင်ပေါ်တွင် တပည့်တော်များအား တရားစီရင်မည့်နေ့ ကြီးအကြောင်းကို ရုပ်လုံးဖော်တော်မူခဲ့ပါသည်။ ၎င်းပြင် တရားစီရင်ဆုံးဖြတ်ခြင်း သည် အချက်တစ်ခုအပေါ်တွင်အခြေပြု၍ လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်းကို လည်း ရုပ်လုံးဖော်ခဲ့ပါသည်။ ကိုယ်တော်၏ ရှေ့တော်တွင် စုရုံးလာကြမည့်လူမျိုးအ ပေါင်းတို့တွင် အုပ်စုနှစ်စုသာရှိပါ သည်။ ခရစ်တော်၏ကိုယ်စားအဖြစ် ဆင်းရဲသား များနှင့်ရောဂါဝေဒနာရှင်များအား ပြုစုကူညီခဲ့သည်၊ (သို့မဟုတ်) လျစ်လျူရှုခဲ့သည် ဆိုသည့်အချက် ပေါ်တွင်မူတည်၍ ၎င်းတို့၏ကံကြမ္မာကိုဆုံးဖြတ်မည်ဖြစ်ပါသည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မိမိတို့၏အသက်တာကို ပေးဆပ်လုပ်ဆောင်ခဲ့ သည့် ကြီးမြတ်လှသောအမှုတော်အကြောင်းကို ထိုသူမျာအားထိုနေ့ရက်က        ကိုယ်တော်ရှင်ဖော်ပြတော်မမူခဲ့ချေ။ မိမိ၏လက်ယာဘက်တွင်ရှိကြသောသူတို့ အား ကိုယ်တော်မိန့်တော်မူသည်မှာ “ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကို ခံသောသူ တို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြလော့။ ကြောင်းမူကား၊ ငါသည်မွတ်သိပ်သောအခါ သင်တို့သည်ကျွေးမွေးကြ၏။ ငါသည်ရေ ငတ်သောအခါ သင်တို့သည်သောက်ဖို့ပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်သောအခါ သင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည်အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါစွဲသောအခါ သင်တို့ သည်ကြည့်ရှုကြ၏။ ငါသည်ထောင်ထဲမှာ နေရသောအခါ သင်တို့သည်ငါ့ထံသို့လာ ကြ၏” ဟူ၍ဖြစ်၏။ သို့သော်လည်း ကိုယ်တော်ရှင်၏ချီးမွမ်းခြင်းကို ခံရသောသူများ က ကိုယ်တော်အား ၎င်းတို့ လုပ်ကျွေးခဲ့ကြသည်ကိုမသိရှိကြချေ။ စိတ်ရှုပ်ထွေးစွာ ဖြင့် ၎င်းတို့မေးသော အမေးကိုဖြေဆိုသည့်အနေဖြင့် “သင်တို့သည် ဤသူတည်း ဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ” ဟု ပြန်၍မိန့်တော်မူပါသည်။

         လူခပ်သိမ်းတို့သည် ကိုယ်တော်၏တပည့်တော်များအား မုန်းတီးကြလိမ့် မည်ဖြစ်ကြောင်း၊ နှိပ်စက်ညှဉ်းပန်းကာ ဒုက္ခပေးကြလိမ့်မည်ဖြစ်ကြောင်းကို ၎င်း တို့အားမိန့်တော်မူခဲ့ပြီးဖြစ်ပါသည်။ ကိုယ်တော်ရှင်၏ တပည့်ဖြစ်ခြင်းကြောင့် လူ များစွာတို့သည် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ဆင်းရဲချို့တဲ့ မှုများကိုခံရကြလိမ့်မည်။ များစွာသောသူများသည် ရောဂါဘယများနှင့် နွမ်းပါးမှုများ ကြောင့် စိတ်သောကရောက်ကြလိမ့်မည်။ အချို့သည်အကျဉ်းချခြင်းကို ခံကြရလိမ့် မည်။ ခရစ်တော်အတွက်ကြောင့် မိတ်ဆွေများ (သို့မဟုတ်) နေအိမ်များကို စွန့်ပစ် ခဲ့သူအပေါင်းတို့သည် ဤဘ၀တွင်အဆတစ်ရာသော အကျိုးကိုပေးတော်မူမည် ကြောင်း ကိုယ်တော်ကတိပြုထား တော်မူခဲ့ပြီးဖြစ်ပါသည်။ ယခုတွင်မူ မိမိ၏ညီအစ် ကိုများအား အလုပ်အကျွေးပြုမည့် သူအပေါင်းတို့အား အထူးသောကောင်းချီး မင်္ဂလာတစ်ခုကိုပေးရန် ကိုယ်တော်အာမခံနေပါသည်။ ခရစ်တော်မိန့်တော်မူသည် ကား သင်တို့သည် ငါ၏နာမကြောင့် ဒုက္ခဆင်းရဲခံရသူအပေါင်း၌ ငါ့ကိုသတိရကြ  ရန်ဖြစ်ပါသည်။ သင်တို့သည် ငါ့အားအလုပ်အကျွေးပြုမည်ဖြစ်သကဲ့သို့ ၎င်းတို့အား လည်း ပြုကြရန်ဖြစ်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် ငါ၏တ ပည့်တော်ဖြစ်ကြောင်းထင်ရှားစေပါသည်။

         ကောင်းကင်မိသားစုအဝင်ဖြစ်လာကြသည့်လူအပေါင်းတို့သည် ဘုရား သခင်၏ညီအစ်ကိုများအပေါ် အထူးတာဝန်သိကြပါသည်။ ခရစ်တော်၏ ချစ်ခြင်း မေတ္တာသည် ကိုယ်တော်၏မိသားစုဝင်များအား တပေါင်းတစည်းတည်းရှိစေပါ သည်။ ထိုမေတ္တာတည်သည့်နေရာတိုင်းတွင် ဘုရားသခင်နှင့် ဆက်နွှယ်မှုများရှိ ကြောင်းထင်ရှားစေပါသည်။ “ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ် ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကိုသိသော သူလည်းဖြစ်၏” ၁ယော ၄း၇။

         တရားစီရင်သောထိုအချိန်တွင် ခရစ်တော်၏ချီးမွမ်းတော်မူသည့် ထိုသူများ သည် ဘာသာရေးနှင့်ပတ်သက်သော ပညာရပ်ကို အနည်းငယ်လောက်သာသိရှိ ကောင်းသိရှိကြမည်ဖြစ်သော်လည်း ကိုယ်တော်၏စည်းမျဉ်းများကို နှစ်သက်မြတ် နိုးခဲ့သူများဖြစ်ကြပါသည်။ သန့်ရှင်းသောဝိညဉ်တော်၏ လွှမ်းမိုးမှုကြောင့် သူတို့ သည်အနီးပတ်ဝန်းကျင်တွင် ရှိနေသူများအတွက် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်နေ ပါသည်။ တစ်ပါးအမျိုးသားထဲမှာပင် ကြင်နာသော စိတ်ထားများကို နှစ်သက်မြတ်နိုး သူများရှိနေကြပါသည်။ အသက်ရှင်ခြင်း နှင့်ယှဉ်သောနှုတ်ကပတ်တော်များကိုမ ကြားရမီမှာပင် သူတို့သည် မိမိတို့၌ အသက်အန္တရာယ်ရှိသည်ကိုသိလျက်နှင့် သာ သနာပြုများကို လုပ်ကျွေးခယကာ မိတ်သဟာယဖွဲ့ခဲ့ကြပါသည်။ တစ်ပါးအမျိုးသား ထဲရှိအချို့လူများသည်မသိဘဲလျက် ထာ၀ရဘုရားကိုဝတ်ပြုကိုးကွယ်နေကြပါသည်။ ထိုသူများထံသို့ လူသားများကလာရောက်၍ အလင်းတရားမပေးကြသော်လည်း သူ တို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်ချေ။ ရေးသားထားသည့် ဘုရား သခင်၏ ပညတ်တော်ကိုသူတို့မဖတ်ဖူး၊ မကြားဖူးကြသော်လည်း သဘာ၀တရား၌ ကိုယ်တော်ရှင်၏မိန့်တော်မူသံများကို သူတို့ကြားခဲ့ကြရပြီး ပညတ်တော်၏ ခိုင်းစေ ချက်များအတိုင်း ၎င်းတို့ကျင့်ဆောင်ခဲ့ကြပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏နှလုံးသားကို တို့ထိနေကြောင်းကို ၎င်းတို့၏ လုပ်ဆောင်မှုများအားဖြင့်ထင် ရှားနေသဖြင့် သူတို့သည်ဘုရားသခင်၏ သားသမီးများအဖြစ် အသိအမှတ်ပြုခြင်း ကိုခံကြရပါသည်။

         လူမျိုးအပေါင်းနှင့် တစ်ပါးအမျိုးသားများမှနိမ့်ကျသော သာမန်လူတန်းစား များအနေဖြင့် “သင်တို့သည် ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” ဟူ၍ကိုယ်တော်ရှင် မိန့်တော်မူ သည် ကိုကြားရသောအခါ အလွန်အံ့အားသင့်ကာဝမ်းမြောက်ကြ ပေလိမ့်မည်။ ကိုယ်တော်၏နောက်လိုက်များက ဘုရားသခင်၏အတည်ပြု မိန့်ဆိုချက်များကို ဝမ်း မြောက်အံ့ဩစွာဖြင့် မော့၍နားထောင်နေကြစဉ်တွင် အနန္တမေတ္တာတော်ရှင်သည် လည်း အလွန်ဝမ်းမြောက်တော်မူပါလိမ့်မည်။

         သို့ရာတွင် ခရစ်တော်၏မေတ္တာတော်ကို မည်သည့်လူတန်းစား အတွက်မျှ ကန့်သတ်ထားခြင်းမရှိပါ။ ကိုယ်တော်သည် မိမိကိုယ်ကိုလူသား မိသားစုထဲမှ ကလေးတစ်ယောက်နှင့်ထပ်တူထပ်မျှ ဖြစ်စေတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်မိသားစုဝင် ဖြစ်လာနိုင်စေရန်အလိုငှာ ကိုယ်တော်သည် လူသားမိသား စုဝင်ဖြစ်ခဲ့ရပါသည်။ ကိုယ်တော်သည် လူသားဇာတိ ကိုခံယူတော်မူခဲ့ပါသည်။ နည်းအားဖြင့် အာဒံ၏သားသမီးများတို့၏ညီ အစ်ကိုတစ်ဦးဖြစ်လာခဲ့ပါသည်။ မိမိ တို့သည် ပတ်ဝန်းကျင်တွင်ရှိသော ပျက်ယွင်းနေသည့်ကမ္ဘာနှင့် တစ်သီးတခြားစီ ဖြစ်ကြသည်ဟု ကိုယ်တော်၏နောက် လိုက်များအနေဖြင့်မထင်ကြပါနှင့်။ သူတို့ သည် လူသားအဖွဲ့အစည်းတစ်ခုမှ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြပါသည်။ ဘုရား သခင်သည် သူတော်စင်များကို ညီအစ်ကိုများဟုမှတ်ယူသကဲ့သို့ အပြစ်သားများကို လည်း ထိုကဲ့သို့ပင် မှတ်ယူတော်မူပါသည်။ ခရစ်တော်၏မေတ္တာတော်သည် အပြစ် တွင်ကျဆုံး နေသောမှားယွင်းမှုများဖြင့်ပြီးသော ဒုစရိုက်များကိုကျူးလွန်နေသော ထို သူများကို ဖက်ယမ်းတော်မူပါသည်။ အပြစ်တွင် ကျဆုံးနေသူတစ်ဦးအတွက်ပြုသည့် ကရုဏာလုပ်ငန်းတိုင်းကို မိမိအားလုပ်ဆောင်ပေးသကဲ့သို့ ကိုယ်တော်မှတ်ယူတော် မူပါသည်။

         ကယ်တင်ခြင်း အမွေခံကြမည့်သူများကို အလုပ်အကျွေးပြုရန် ကောင်းကင် တမန်များကို စေလွှတ်ထားတော်မူပါသည်။ အမွေခံမည့်ထိုသူများသည် မည်သူ မည်ဝါဖြစ်သည်ကို ကျွန်ုပ်တို့မသိရှိကြပါ။ မည်သူသည် အပြစ်ကို ကျော်လွှားအောင် မြင်၍ အလင်းတော်၌သူတော်စင်များ၏ အမွေကိုမျှဝေခံစားရမည်ကို ယခုတိုင်မ ထင်ရှားသေးပါ။ သို့သော်လည်း ကောင်းကင်တမန်များသည် စိတ်နှလုံးကြေကွဲသူ များအားနှစ်သိမ့်မှုပေးရန်၊ အန္တရာယ်နှင့်ရင်ဆိုင်နေရသူများအား ကာကွယ်စောင့် ရှောက်ရန်၊ လူသားများ၏စိတ်နှလုံးကို ခရစ်တော်ဘက်သို့ ပြောင်းလဲလာရန် ကမ္ဘာ အနှံ့သို့သွားရောက် အမှုဆောင်လျက်ရှိကြပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျစ်လျူရှုမထားပါ။ ဘုရားသခင်သည် လူမျက်နှာကိုမထောက်ဘဲ မိမိဖန်ဆင်းထား သောလူသားအားလုံးကို သာတူညီမျှကြည့်ရှုစောင့်ရှောက်တော်မူပါသည်။

         ဆင်းရဲနွမ်းပါးပြီး ဒုက္ခဝေဒနာခံစားနေရသော ခရစ်တော်သားသမီးတစ်စုံ တစ်ယောက်အတွက် သင်၏တံခါးကိုဖွင့်ထားခြင်းသည် မျက်စိနှင့်မမြင် ရသော ကောင်းကင်တမန်များကို သင်ကြိုဆိုနေခြင်းဖြစ်ပါသည်။ သင်သည် ကောင်းကင် သားများ၏မိတ်သဟာယဖွဲ့မှုကို ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။ ထိုအခါသူတို့သည် သင့်အတွက်ပျော်ရွှင်ငြိမ်သက်သောအသက်တာတစ်ခုကို ဖန်တီးပေးကြပါလိမ့်မည်။ သူတို့သည် နှုတ်အားဖြင့်ချီးမွမ်းထောမနာပြုလာ ကြမည်ဖြစ်သဖြင့် ညီညာသောတုံ့ ပြန်သံများကို ကောင်းကင်နိုင်ငံတော်တွင် ကြားကြရပါမည်။ ထိုနေရာ၌ကရုဏာလုပ် ငန်းတိုင်းသည် သာယာနာပျော်ဖွယ် အသံများနှယ်ဖြစ်နေပါသည်။ ဘုရားသခင် သည် ပလ္လင်တော်ထက်တွင် ထိုင်တော်မူလျက် မိမိ၏အလွန်အဖိုးထိုက်တန်သော ကျောက်မြတ်များထဲမှ ကိုယ်ကျိုးစွန့်ကြသည့်အမှုတော်ဆောင်များကို ရေတွက် လျက်ရှိပါသည်။

         ခရစ်တော်၏ လက်ဝဲဘက်တွင်ရှိနေကြသည့် ဆင်းရဲသားများနှင့် ဝေဒနာ သည် များကိုလျစ်လျူရှုခဲ့ကြသောထိုသူများသည်  မိမိတို့၏အပြစ်ကျူးလွန်ခဲ့သည် ကိုပင် မသိရှိကြချေ။ စာတန်သည် ၎င်းတို့အားမျက်စိကန်းစေခဲ့သဖြင့် မိမိတို့၏ ညီ အစ်ကိုများအပေါ်တွင်ပြုရမည့် ဝတ်များကိုပင် သူတို့မသိရှိခဲ့ကြချေ။ သူတို့သည် မိမိတို့အကျိုးအတွက်သာ စဉ်းစားတွေးတော နေခဲ့ကြပြီး အခြားသူများ၏လိုအပ် ချက်များကို ဂရုမစိုက်ခဲ့ကြချေ။

         ဘုရားသခင်သည် မိမိ၏ဆင်းရဲသောသားသမီးများကိုမစရန်အတွက် သူ ဌေးသူကြွယ်များအား စည်းစိမ်ဥစ္စာများကို ပေးသနားတော်မူခဲ့သော်လည်း ထိုသူများ သည် ဆင်းရဲသားများ၏လိုအပ်ချက်များကို ကြိမ်ဖန်များစွာစိတ် ဝင်စားခြင်းမရှိခဲ့ကြ ချေ။ မိမိတို့သည် ထိုဆင်းရဲသားများထက် သာလွန်ကောင်းမွန်သည်ဟု ကိုယ်ကို ကိုယ် အထင်ရှိကြကာ ကိုယ်ချင်းမစာခဲ့ကြချေ။ သူတို့သည် ဆင်းရဲသားများ ရင်ဆိုင် နေရသည့် စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ရုန်းကန်မှုများကို နားမလည်ကြဘဲ ၎င်းတို့ စိတ်နှလုံးထဲတွင် ကြင်နာသနားတတ်သည့် စိတ်သဘောထားများကုန်ခန်းနေကြ ပါသည်။ ထိုသူဌေးသူကြွယ်များသည် အလွန်အဖိုးထိုက်တန်သော နေအိမ်များတွင် နေထိုင်ကြပြီး ကြီးကျယ်ခမ်းနားသော ဘုရားရှိခိုးကျောင်းများကို တည်ဆောက် ဝတ်ပြုကြကာ ဆင်းရဲသားများနှင့် အဆက်ဖြတ်ခဲ့ကြပါသည်။ ဆင်းရဲသားများအား ကောင်းချီးပေးရန် ဘုရားသခင်ပေးသနားတော်မူသည့် ဥစ္စာစည်းစိမ်များကို ဟိတ် ဟန်ထုတ် ခြင်းနှင့်တစ်ကိုယ်ကောင်းဆန်သည့် ကာမဂုဏ်ခံစားမှုများတွင် အသုံးပြု ခဲ့ကြပါသည်။ မိမိတို့သိသင့်သိထိုက်သော ဘုရားသခင်၏နူးညံ့သိမ်မွေ့သည့်သနား ခြင်းကရုဏာများကို ထိုဆင်းရဲသားများသည် နေ့စဉ်နှင့်အမျှသိရှိခွင့်မရခဲ့ကြချေ။  ၎င်းတို့သည် အသက်တာ၏ လိုအပ်ချက်များနှင့်ပြည့်စုံလုံလောက်စွာ နေထိုင်အ သက်ရှင်နိုင်ရန် ကိုယ်တော်သည်လိုအပ်သည့် အရာများကို ၎င်းတို့အား ကြွယ်၀စွာ မစတော်မူခဲ့သော်လည်း အသက်တာကို ကျဉ်းမြောင်းတိုတောင်းစေသည့် ဆင်းရဲ နွမ်းပါးမှုများကို သူတို့ခံစားလာကြရပါသည်။ ၎င်းပြင်မကြာ ခဏဆိုသလို မနာလိုဝန် တိုသောစိတ်များ၊ ငြူစူသောစိတ်များနှင့် ဒုစရိုက်လုပ်လိုသော စိတ်များပေါ်လာ အောင် အစုံစမ်းခံကြရပါသည်။ ချို့တဲ့မှုဒဏ် ကိုမခံစားဖူးကြသည့် ထိုသူဌေးများ သည် ဆင်းရဲသားများကို စက်ဆုပ်ရွံရှာ ဖွယ်သောနည်းများဖြင့်ဆက်ဆံခဲ့ကြပြီး ၎င်းတို့အားလူမွဲများအဖြစ် မိမိကိုယ် ကိုရှုမြင်အောင် ခံစားမှုဖြစ်စေခဲ့ကြပါသည်။

         သို့ရာတွင် ခရစ်တော်သည် ထိုအရာအားလုံးကိုကြည့်ရှုကာ အစာငတ် မွတ်နေသော၊ ရေငတ်နေသောထိုသူသည် ငါပင်ဖြစ်သည်။ ထိုဧည့်သည် သည် လည်း ငါပင်ဖြစ်သည်။ နာမကျန်းသောသူသည်လည်း ငါပင်ဖြစ်သည်။ ထောင်ကျ ခဲ့သောသူသည်လည်း ငါပင်ဖြစ်သည်ဟုမိန့်တော်မူ၏။ အလျှံပယ် သောစားစရာများ ဖြင့် တည်ခင်းထားသည့် စားပွဲတွင်သူစားသုံးနေစဉ်တွင် ငါသည် တဲပုတ်ကလေးထဲ မှာ အစာငတ်နေပါသည်။ လူသူမရှိသောလမ်းထဲတွင် လျှောက်သွားရင်းမွတ်သိပ်နေ ပါသည်။ သင်သည် အိမ်ကြီးမဟာထဲမှာဇိမ်ခံ နေစဉ်တွင် ငါ၌ခေါင်းချစရာနေရာပင် မရှိပါတကား။-

         သင်၏ဗီရိုထဲတွင် ဝတ်ကောင်းစားလှများဖြင့် အပြည့်အသိပ်ရှိနေ ချိန်မှာငါ့ မှာမူကား အဝတ်အချည်းစည်းဖြစ်နေပါတကား။ သင်သည်အပျော် အပါးလိုက်စား နေစဉ်မှာ ငါသည်ထောင်ထဲတွင် နွမ်းရိပန်းလျနေပါတကား။

         သင်သည်ငတ်မွတ်နေသော ဆင်းရဲသားများအား မလောက်မငအစာက လေးကို တွန့်တွန့်တိုတိုနှင့်ပေးကမ်းခဲ့သော အချိန်တွင်သော်လည်းကောင်း၊ ၎င်း တို့အားအချမ်းလုံလောက်အောင် ပါးလွှာသောဝတ်ရုံကလေးဖြင့် ခြုံပေးနေသော အချိန်တွင်သော်လည်းကောင်း သင်သည်ဘုန်းတော်အရှင်ထာ၀ရဘုရားအား မစနေ ခြင်းဖြစ်ကြောင်းသိရှိပါသလား။ ငါသည် ဒုက္ခရောက်နေသော ထိုပုဂ္ဂိုလ်များအားဖြင့် သင်တို့နှင့်တစ်သက်လုံးအတူရှိခဲ့ပါသော်လည်း သင်တို့ သည်ငါ့ကိုမရှာခဲ့ကြ။ ထို ကြောင့် သင်တို့သည် ငါနှင့်အပေါင်းအဖော်ဖြစ် ကြလိမ့်မည်မဟုတ်၊ သင့်ကိုငါမသိ ဟု ကိုယ်တော်မိန့်တော်မူနေပါသည်။

         လောကအသက်တာတွင် ခရစ်တော်သွားလာလုပ်ကိုင်ခဲ့သောနေရာများသို့ သွားရောက်လည်ပတ်ရခြင်း၊ ကိုယ်တော်လျှောက်ခဲ့သောနေရာများ၌ လျှောက်လှမ်း ရခြင်း၊ ကိုယ်တော်ရှင်တရားဟောရန် နေရာရွေးရာတွင် နှစ်သက်တော်မူခဲ့သော ဂါလိလဲအိုင်ကိုမျှော်ကြည့်ရခြင်း၊ ကိုယ်တော်ရှင်ရှုကြည့်ခဲ့သော တောင်ကုန်းများနှင့် လျှိုမြောင်များကိုကြည့်ရခြင်းများသည် အထူးအခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု လူအများမှတ်ယူတတ်ကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ခရစ်တော်၏ ခြေ တော်ရာများအတိုင်း လျှောက်လိုက်နိုင်ရန် နာဇရက်မြို့၊ ကပေရနောင်မြို့နှင့် ဗေ သနိမြို့များသို့ သွားဖို့မလိုပါချေ။ လူနာခုတင် များနံဘေးတွင်သော်လည်းကောင်း၊ လူဆင်းရဲများ၏ တဲပုတ်ထဲတွင်လည်းကောင်း၊ မြို့ကြီးများရှိ လူစည်ကားနေသော လမ်းကြားတွင်လည်းကောင်း၊ နှစ်သိမ့်မှုလိုအပ်နေသော လူသားများရှိသည့် နေရာ ထိုင်ရာတွင်လည်းကောင်း ကိုယ်တော်၏ခြေတော်ရာများကို ကျွန်ုပ်တို့တွေ့ရှိရပါ မည်။ လောကတွင် ခရစ်တော်အသက်ရှင်နေထိုင်စဉ်က လုပ်ဆောင်သကဲ့သို့ လုပ် ဆောင်ခြင်းအားဖြင့် ကိုယ်တော်၏ခြေတော်ရာအတိုင်း လိုက်လျှောက်နိုင်ကြပါ သည်။

         လူအပေါင်းတို့သည် မိမိတို့လုပ်ဆောင်ရမည့် အရာများရှိနေကြောင်းတွေ့ရှိ နိုင်ကြပါသည်။ “ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏” ယော ၁၂း၈ ဟု ခရစ်တော်မိန့်တော်မူခဲ့သဖြင့် ကိုယ်တော်အတွက် မိမိတို့လုပ်ဆောင်နိုင်မည့်အရာ မရှိဟု မည်သူတစ်ဦးတစ်ယောက်ကမျှ မထင်သင့်ကြချေ။ ခရစ်တော်၏ မေတ္တာ တော်အကြောင်းကို လူပေါင်းများစွာကြားသိခဲ့ကြပြီဖြစ်ပါသည်။ သို့သော်လည်း အပြစ်၏အနှောင်အဖွဲ့တွင် ကျရောက်ကာပျက်စီးခြင်းသို့ ရောက်ရန်အသင့်ဖြစ် နေကြသော သန်းနှင့်ချီသည့်လူသားများသည် ၎င်းတို့အပေါ်ထားရှိသည့် ခရစ်တော် မေတ္တာတော်အကြောင်းကို တစ်ခါမျှ မကြားဖူးကြသေးချေ။ ကျွန်ုပ်တို့နှင့်သူတို့၏ အခြေအနေအသီးသီးကိုပြောင်း ပြန်ပြုခဲ့ပါလျှင် ကျွန်ုပ်တို့သည် မိမိတို့အတွက် ထို သူများအား မည်သည့်အရာကို လုပ်စေချင်ကြလိမ့်မည်နည်း။ ထိုသူများအတွက် တတ်အားသရွေ့ကူညီမစရန် ကျွန်ုပ်တို့၌တာဝန်ရှိကြပါသည်။ တရားစီရင်သော ချိန်တွင် ကျွန်ုပ်တို့ တစ်ဦးစီအားတရားနိုင်ဖို့ (သို့မဟုတ်) တရားရှုံးဖို့ဆုံးဖြတ်ပေး မည့် ခရစ်တော် ပေးတော်မူခဲ့သည့်အသက်တာစည်းမျဉ်းမှာ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြု စေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူ၍ဖြစ်ပါသည်။ မဿဲ ၇း၁၂။

         စုံစမ်းခြင်းခံနေရသဖြင့် ဝမ်းနည်းပူဆွေးနေသော အသက်ဝိညာဉ်များအား ပြုစုစောင့်ရှောက်နိုင်စွမ်းရှိသော အသင်းတော်တစ်ခုကို တည်ထောင်ရန်အလိုငှာ ကယ်တင်ရှင်သည် မိမိအသက်တော်ကို စွန့်တော်မူခဲ့ရပါသည်။ ယုံကြည်သူတစ်စု သည် ဆင်းရဲကောင်းဆင်းရဲပေမည်။ အသိပညာနည်းပါးကောင်း နည်းပါးပေမည်။ သို့စေကာမူ ၎င်းတို့သည် မိမိတို့၏နေအိမ်တွင်လည်းကောင်း၊ အနီးပတ်ဝန်းကျင် တွင်လည်းကောင်း၊ အသင်းတော်တွင်လည်းကောင်း၊ အခြားတိုင်းပြည်များ၌ပင် လည်းကောင်း အမှုတော်မြတ်ကို ထမ်းဆောင်နိုင်သည့်အခြေတွင်ရှိပါသည်။ ၎င်းတို့၏ လုပ်ဆောင်မှုများသည် ထာ၀ရကာလတမျှကျယ် ပြန့်စွာအကျိုးသက်ရောက်ပါ လိမ့်မည်။

         ဤလုပ်ငန်းကို လျစ်လျူရှုထားသောကြောင့် များပြားစွာသောတပည့်တော် များသည် ခရစ်ယာန်အတွေ့အကြုံတွင် မည်သည့်အခါမျှအခြေခံအဆင့်ထက်မတိုး တက်ခဲ့ကြချေ။ ခရစ်တော်က “သင်၏အပြစ်ကိုလွတ်စေပြီ” ဟု မိန့်တော်မူသော အချိန်တွင် မိမိတို့၏နှလုံးသားဝယ်ထွန်းတောက်နေသော အလင်းတရားကို ဆင်းရဲ သားများအား မစကူညီခြင်းအားဖြင့် သူတို့ဆက်လက် ထွန်းတောက်စေနိုင်ပါသည်။ လူငယ်များအတွက် မကြာခဏအန္တရာယ်ဖြစ်စေသော လှုပ်ရှားကြီးထွားနေသည့် စွမ်းအားများကို ကောင်းချီးမင်္ဂလာဖြစ်စေ မည့်နည်းလမ်းအသွင်သို့ လမ်းလွှဲပေးနိုင် ပါသည်။ သူတစ်ပါးအတွက်စိတ် အားထက်သန်စွာကောင်းကျိုးပြုခြင်းဖြင့် ငါတည်း ဟူသောအတ္တစိတ်ကို မေ့ပျောက်သွားကြပါလိမ့်မည်။

         သူတစ်ပါးအား အလုပ်အကျွေးပြုသူများသည် သိုးထိန်းကြီး၏အလုပ်အ ကျွေးပြုခြင်းကိုခံရပါလိမ့်မည်။ ၎င်းတို့ကိုယ်တိုင် အသက်ရေကိုသောက်ရလိမ့်မည် ဖြစ်ပြီး စိတ်ကျေနပ်မှုရကြပါလိမ့်မည်။ စိတ်လှုပ်ရှားဖွယ်ပျော်ပွဲရွှင်ပွဲများကိုလည်း ကောင်း၊ အသက်တာ၏ အပြောင်းအလဲများကိုလည်းကောင်း သူတို့တောင့်တကြ တော့မည်မဟုတ်ချေ။ ၎င်းတို့စိတ်အဝင်စားဆုံးအရာမှာ ပျက်စီးခြင်းသို့ရောက် တော့မည့် အသက်ဝိညာဉ်များအား မည်သို့မည်ပုံနည်း ဖြင့်ကယ်တင်ရမည်ဟူ သည့်အချက်ကိုပင်ဖြစ်ပါသည်။ လူမှုပေါင်းသင်းဆက် ဆံခြင်းများသည်လည်း အကျိုးရှိလာပါလိမ့်မည်။ ကယ်တင်ရှင်၏ မေတ္တာတော်သည် စည်းလုံးညီညွတ်မှု ရှိစေရန်စိတ်နှလုံးများကို ဆွဲယူတော်မူပါလိမ့် မည်။

         ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ် ကြောင်းသိရှိလာသောအချိန်တွင် ကိုယ်တော်ပေးတော်မူသည့် ကတိတော်များကို စိတ်ဝင်တစားပြောလာကြပါလိမ့်မည်။ ထိုကတိတော်များသည် ကျွန်ုပ် တို့စိတ်နှလုံး ထဲတွင် လောင်ကျွမ်းကာ ကျွန်ုပ်တို့၏နှုတ်ခမ်းများမှဖွင့်ဟလာရန် ဆွပေးပါလိမ့်မည်။ အသိဥာဏ်ကင်းမဲ့သော၊ စည်းစိမ်မရှိသော၊ ပုန်ကန်ထကြွတတ်သော မိမိလူမျိုးများ ထံသို့ သွားရောက်အမှုတော်ဆောင်ရန် မောရှေအား ခေါ်တော်မူသောအချိန်တွင် “ငါကိုယ်တိုင်သွား၍ငြိမ်ဝပ်ခြင်းချမ်းသာကိုပေး မည်။” “အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်” ဟု ဘုရားသခင် ကတိပြုခဲ့ပါသည်။ ထွက် ၃၃း၁၄၊ ၃း၁၂။ ဤကတိတော်သည် ခရစ်တော်ကိုယ်စား ဒုက္ခဆင်းရဲရောက်နေသူများထံသို့ သွား ရောက်မစသော သူအပေါင်းတို့အတွက်လည်း ဖြစ်ပါသည်။

         လူသားများကိုချစ်ခြင်းသည် လောကအသက်တာတွင် ဘုရားသခင်ကို ချစ်ကြောင်းဖော်ပြခြင်း တစ်ရပ်ဖြစ်ပါသည်။ ဤမေတ္တာကိုခိုင်မြဲစေရန်နှင့် ကျွန်ုပ်တို့ အား မိသားစုတစ်စု၏သားသမီးများဖြစ်စေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကဲ့သို့ လူ ဇာတိကိုခံခဲ့ခြင်းဖြစ်ပါသည်။ ခွဲခွာခါနီးတွင် ကိုယ်တော်ရှင်မိန့်တော်မူခဲ့သော “ငါ သည်သင်တို့ကိုချစ်သည်နည်းတူ သင်တို့ သည်အချင်းချင်းချစ်ကြလော့” ဟူသော အမိန့်စကားပြည့်စုံကာ လောကကို ကိုယ်တော်ရှင်ချစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့ ချစ်ကြသောအချိန်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ကိုယ်တော်ရှင်၏ အမှုတော် သည် ပြီးမြောက်သွားပါလိမ့်မည်။ ကောင်းကင်နိုင်ငံသည် ကျွန်ုပ်တို့၏နှလုံးသားတွင် တည်ရှိနေပြီဖြစ်သဖြင့် ကျွန်ုပ် တို့သည် ကောင်းကင်နိုင်ငံတော်သို့ဝင်စားရန် အဆင့် မီသူများဖြစ်ကြပါသည်။

         သို့ရာတွင် “သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ် အံ့သောငှာ အားမထုတ်ဘဲနေလျက် ငါတို့မသိဟုဆိုသော်လည်း နှလုံးသဘောကို ဆင်ခြင်သောသူသည်မမှတ်၊ သင်၏စိတ်ဝိညာဉ်ကိုစောင့်သော သူသည်မသိဘဲ လူအသီးသီးတို့အား သူတို့အကျင့်နှင့်အလျောက်အကျိုးအပြစ် ကိုမဆပ်မပေးဘဲ နေတော်မူမည်လော” သုတ္တံ ၂၄း၁၁-၁၂။ တစ်ကမ္ဘာလုံး အားတရားစီရင်မည့် ခရစ်တော်သည် တရားစီရင်သောနေ့ကြီး၌ ကိုယ်တော်အတွက် အမှုတော်မဆောင် ခဲ့သူများနှင့် မိမိကိုယ်ကျိုးအတွက်သာစဉ်စားပြီး မိမိကိုယ်ကိုသာ ဂရုစိုက်ခဲ့သောသူ များသည် လူဆိုးများနှင့်အတူနေရာချခြင်းကို ခံကြရလိမ့်မည်။ သူတို့သည် ထိုလူဆိုး များနှင့်အတူ အပြစ်စီရင်ခြင်းကိုခံ ကြရလိမ့်မည်။

         လူတိုင်းအားတစ်စုံတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားသခင်အပ်နှံ ထားတော်မူပါသည်။ “သင့်အားငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိ သနည်း။” “သင်သည်ဆုံးမတော်မူခြင်းကိုခံရသောအခါ အဘယ်သို့ပြောလိမ့်မည်နည်း” ဟူ၍သိုးထိန်းကြီးကလူတိုင်းအားမေးမြန်းပါလိမ့်မည်။

 


No comments:

Post a Comment