ကျွန်တကာတို့၏ကျွန်
ရှင်လုကာခရစ်ဝင် ၂၂း၇-၁၈၊၂၄။ ယောဟန် ၁၃း၁-၁၇ တို့ကိုအခြေပြု ထားပါသည်။
ခရစ်တော်သည် ယေရုရှလင်မြို့မှအိမ်တစ်အိမ်၏ အထက်ခန်း၌ရှိသော စားပွဲတစ်လုံးတွင် တပည့်တော်များနှင့်အတူ ထိုင်လျက်ရှိပါသည်။ သူတို့သည် ပသခါပွဲကျင်းပရန် စုရုံးနေကြခြင်းဖြစ်ပါသည်။ ကယ်တင်ရှင်သည် ဤပွဲကိုတမန် တော်တစ်ဆယ့်နှစ်ပါးနှင့် သီးသန့်ကျင်းပလိုပါသည်။ မိမိ၏အချိန်သည်ရောက် လာပြီဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိကိုယ်တိုင်သည် ပသခါသိုးသငယ်ဖြစ် ကြောင်းကိုလည်းကောင်း၊ ပသခါပွဲစားသည့်နေ့တွင် မိမိသည် အဆက်ကပ်ခံရ မည်ဖြစ်ကြောင်းကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူထားပါသည်။ ကိုယ် တော်သည်အမျက်တော်၏စပျစ်ရည်ကို သောက်ရတော့မည်ဖြစ်ပြီး မကြာတော့ မီအချိန်တွင် ဒုက္ခဆင်းရဲခြင်း၏ နောက်ဆုံးသောဗတ္တိဇံကို ခံယူရတော့မည်ဖြစ်ပါ သည်။ သို့ရာတွင် ကျန်ရှိနေသေးသည့်အချိန်အနည်း ငယ်ကလေးကို တပည့် တော်များ၏အကျိုးအလိုငှာ အသုံးပြုလိုတော်မူပါသည်။
ခရစ်တော်၏အသက်တာသည် သူတစ်ပါးအကျိုးပြုလုပ်ငန်းများကို လုပ် ဆောင်ယင်း အချိန်ကုန်လွန်ခဲ့သော အသက်တာတစ်ခုဖြစ်ခဲ့ပါသည်။ “လူသား သည်သူတစ်ပါးစေစားခြင်းငှာမလာ။ သူတစ်ပါးအစေကိုခံရန်လာ၏” ဟူသော ဆောင်ပုဒ်သည် ကိုယ်တော့်လုပ်ဆောင်မှုတိုင်း၏ ဦးတည်ချက်ဖြစ်ခဲ့ပါသည်။ သို့ ရာတွင် တမန်တော်များသည် ထိုသွန်သင်ချက်ကို ယခုအချိန် အထိနားမလည်ကြ သေးချေ။ သခင်ယေရှုသည် ဤနောက်ဆုံးသောပသခါပွဲ၌ ၎င်းတို့၏စိတ်ထဲတွင် အမြဲတမ်းစွဲမှတ်သွားစေသည့် သာဓကတစ်ခုကိုအသုံးပြု၍ မိမိ၏သွန်သင်ချက်များ ကို ထပ်လောင်းမိန့်တော်မူခဲ့ပါသည်။
ခရစ်တော်နှင့်၎င်း၏ တပည့်တော်များအကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ပြောဆိုခဲ့သောအချိန်များသည် များသောအားဖြင့် ပျော်ရွှင်စရာကောင်းသောအ ချိန်များဖြစ်ခဲ့ပြီး အများကထိုအချိန်များကို တန်ဖိုးထားခဲ့ကြပါသည်။ ပသခါစား သောက်ပွဲများသည် အထူးစိတ်ဝင်စားစရာ အချိန်များဖြစ်ခဲ့သော်လည်း ဤပသခါ ပွဲတွင်မူ ခရစ်တော်သည် စိတ်နှလုံးမသာမကြည်ဖြစ်လျက်ရှိပါသည်။ ကိုယ်တော်၏ နှလုံးသားသည်ဝန်ပိလျက်ရှိပြီး မျက်နှာတော်အပေါ်ဝယ် အရိပ်တစ်ခုကျရောက် နေလျက်ရှိပါသည်။
ကိုယ်တော်သည် အထက်ခန်း၌မိမိတို့နှင့်တွေ့ဆုံစဉ်တွင် တစ်စုံတစ်ခု သည် ကိုယ်တော်၏စိတ်တော်ကို လေးလံစေလျက်ရှိကြောင်းကို တပည့်တော်များ ရိပ်မိခဲ့ကြသော်လည်း အကြောင်းရင်းကိုမူမသိရှိခဲ့ကြချေ။ မည်သို့ ပင်ဖြစ်စေ၊ ကိုယ်တော်ကိုသူတို့သနားခဲ့ကြပါသည်။
သူတို့သည် စားပွဲပတ်လည်တွင်စုရုံးနေကြစဉ်တွင် ငါသည်အသေမခံမီ ဤ ပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှာ အလွန်အလိုရှိလေပြီ။ ငါဆိုသည်ကား ဘုရား သခင်၏နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ဤပွဲကို တစ်ဖန်ငါမ စားရဟူ၍ ဝမ်းနည်းသောအသံဖြင့် ကိုယ်တော်မိန့်တော်မူလျက် “ခွက်ဖလားကို ယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ဤခွက်ကို ယူ၍အချင်းချင်းဝေကြလော့။ ငါဆိုသည် ကား ဘုရားသခင်၏နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် မသောက်ရ” ဟုမိန့်တော်မူ၏။
မိမိသည်ဤလောကကိုစွန့်ခွာကာ အဖဘုရားသခင်ထံတော်သို့သွားရတော့ မည်ဖြစ်ကြောင်းကို ခရစ်တော်သိရှိထားပါသည်။ ကိုယ်တော်သည် လောကတွင် နေ ထိုင်လျက်ရှိကြသော မိမိမြတ်နိုးတော်မူသည့်ထိုသူများအား အဆုံးတိုင်အောင်ချစ် တော်မူခဲ့ပါသည်။ ယခုတွင်မူ ကပ်တိုင်၏အရိပ်သည် မိမိအပေါ်၌ကျရောက်လျက် ရှိသဖြင့် ထိုနာကျင်မှုသည် ကိုယ်တော်၏နှလုံး တော်ကိုညှဉ်းပန်းလျက်ရှိပါသည်။ မိမိအားအပ်နှံကြသောအချိန်တွင် အားလုံး ကစွန့်ခွာသွားကြမည်ကိုလည်းကောင်း၊ ရာဇဝတ်သားများအတွက်အသုံးပြု ကြသည့်အနိမ့်ကျဆုံးသောနည်းဖြင့် မိမိအား သတ်ကြမည်ကိုလည်းကောင်း၊ မိမိပြုရမည့်အနစ်နာခံမှုသည်မည်မျှကြီးမားကြောင်း ဤဆက်ကပ်မှုသည် လူပေါင်းမည်မျှအတွက် အကျိုးရှိမည်မဟုတ်ကြောင်းကိုလည်း ကောင်း ကိုယ်တော် သိရှိထားတော်မူပါသည်။ ကိုယ်တော်သည် မကြာမီတွင်ရင် ဆိုင်ရတော့မည့် ဤအရာအားလုံးကိုသိရှိတော်မူသဖြင့် မိမိခံစားရတော့မည့် ရှုတ်ချ မှုများ၊ အသေခံမှုများနှင့်ပတ်သက်သော အတွေးများတွင် အလိုအလျောက်နစ်မျော သွားခဲ့ပါသည်။ မိမိပိုင်ထိုက်သောသူများအဖြစ် အတူရှိနေခဲ့ကြပြီး မကြာမီတွင် မိမိ ကိုယ်တိုင်ရှက်ကြောက်ဖွယ်များ၊ ဝမ်းနည်းဖွယ်များနှင့်စိတ်ထိခိုက်ဖွယ် အပြောအဆို များကို ခံစားကြားနာရပြီးနောက် လောကအလယ်တွင်၎င်းတို့ ဘာသာရုန်းကန်ကြ စေရန်စွန့်ပစ်ခြင်းခံကြရတော့မည့် ထိုတမန်တော်တစ်ဆယ့် နှစ်ပါးအားကိုယ်တော် မျှော်ကြည့်တော်မူခဲ့ပါသည်။ မိမိကိုယ်တိုင်ခံစားရမည့် အရာများအကြောင်းကို စဉ်းစားနေသော ကိုယ်တော်၏အတွေးများသည် တမန်တော်များခံစားရမည့် အရာများနှင့်လည်း အမြဲတမ်းဆက်နွှယ်နေခဲ့ပါသည်။ မိမိသည်တစ်ဦးတည်း အ တွက်သာ ကိုယ်တော်စဉ်းစားတော်မမူခဲ့ချေ။ တပည့်တော်များအတွက် ထိပ်ဆုံးမှ ထား၍ စဉ်းစားပေးတော်မူခဲ့ပါသည်။
တမန်တော်များနှင့်အတူတကွနေခွင့်ရခဲ့သည့် ထိုနောက်ဆုံးညနေခင်းတွင် ခရစ်တော်၌၎င်းတို့အား ပြောစရာများစွာရှိနေပါသည်။ ကိုယ်တော်ရှင် ပြောလိုသမျှ ကိုလက်ခံနာယူရန် ၎င်းတို့အဆင်သင့်ရှိခဲ့ကြမည်ဆိုလျှင် သူတို့သည်စိတ်နှလုံးကြေ ကွဲခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်းနှင့် မယုံကြည်ခြင်းများမှ ကင်းလွတ်ကြလိမ့်မည်ဖြစ် ပါသည်။ သို့ရာတွင် ၎င်းတို့သည် ကိုယ်တော် မိန့်တော်မူချင်သလောက်ကိုခံယူရန် အဆင်သင့်မရှိကြသေးချေ။ ၎င်းတို့၏ မျက်နှာများကိုစေ့စေ့ကြည့်ရှုတော်မူစဉ်တွင် သတိပေးစကားများနှင့်အားပေး စကားများကို ခရစ်တော်ပြော၍မထွက်ခဲ့ပါချေ။ တစ်ခန်းလုံးငြိမ်သက်နေကြပြီး သခင်ယေရှုသည် တစ်ခုခုကိုပြောရန် စောင့်ဆိုင်း သယောင်ဖြစ်နေသဖြင့် တမန်တော်များသည် အနေရခက်နေကြပါသည်။ ခရစ် တော်၏ဝမ်းနည်းမှုများကြောင့် နိုးကြားလာသောကိုယ်ချင်းစာနာစိတ်နှင့် နူးညံ့သော သဘောများသည် ၎င်းတို့၌ ခန်းခြောက်နေသယောင်ဖြစ်နေပါသည်။ မိမိအသေခံ ရမည့် အကြောင်းကိုပြညွှန်လျက် မိန့်မြွက်နေသောဝမ်းနည်းစကားများသည်လည်း ဘာမျှအရာမရောက်ခဲ့ပါချေ။ တစ်ယောက်ကိုတစ်ယောက် ကြည့်သည့်အကြည့်များ တွင် မနာလိုဝန်တိုစိတ်များနှင့်ငြင်းခုံလိုသည့်စိတ်များပေါ်လွင်နေပါသည်။
အဘယ်သူသည်သာ၍ ကြီးမြတ်သနည်းဟူသော ၎င်းတို့၏ငြင်းခုံမှုသည် ခရစ်တော်၏ရှေ့တော်သို့ ရောက်သည်အထိပင် ဆက်လက်ဖြစ်ပွားနေသဖြင့် ထို မြင်ကွင်းသည် ကိုယ်တော်အား စိတ်နှလုံးထိခိုက် ဝမ်းနည်းစေခဲ့ပါသည်။ ခရစ် တော်သည် မိမိအာဏာတော်ကိုတည်စေ၍ ဒါဝိဒ်၏ပလ္လင်တွင် စိုးစံလိမ့်မည်ဟူသော အတွေးကို တမန်တော်တိုင်း၏စိတ်တွင် စွဲလမ်းနေကြ ပါသည်။ ၎င်းပြင် နိုင်ငံတော် တည်ထောင်သည့်အခါ ကြီးမြတ်သောရာထူး တစ်ခုကိုပိုင်ဆိုင်ရန် တမန်တော်တိုင်း ဆန္ဒပြင်းပြနေကြပါသည်။ မိမိ၏ညီ အစ်ကိုများကိုတန်ဖိုးထားရမည့်အစား၊ မိမိကိုယ် ကိုကြိုက်သလိုတန်ဖိုးဖြတ်ကာ အကြီးမြတ်ဆုံးဖြစ်သည်ဟု သူတို့သတ်မှတ်နေကြပါ သည်။ ယာကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်ပလ္လင်၏ ညာဘက်တွင်တစ် ယောက်၊ ဘယ်ဘက်တွင်တစ်ယောက် ထိုင်ခွင့်တောင်းခဲ့ကြသဖြင့် ကျန်တမန် တော်များအနေနှင့် အမျက်ထွက်ခဲ့ကြပါသည်။ ထိုညီအစ်ကိုနှစ်ယောက်သည် ကြီး မြတ်သော ရာထူးများကိုတောင်းခံခဲ့ကြခြင်းအားဖြင့် ကျန်တမန်တော်တစ်ဆယ် ပါး၏ စိမ်းကားမှုကိုဆွပေးနေကြပါသည်။ မိမိတို့အားမှားယွင်းစွာ အကဲဖြတ်ခဲ့ကြ ကြောင်း၊ မိမိတို့၏သစ္စာစောင့်သိခြင်းနှင့် စွမ်းရည်များကို အလေးအမြတ်မပြုကြ ကြောင်း သူတို့ခံစားကြရပါသည်။ ယုဒသည် ယာကုပ်နှင့်ယောဟန်အား အမျက် အထွက်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါသည်။
တမန်တော်များသည် အထက်ခန်းသို့ဝင်လာကြသောအချိန်တွင် ၎င်းတို့၏ စိတ်နှလုံးများသည် မကျေနပ်မှုများနှင့် ပြည့်၀လျက်ရှိကြပါသည်။ ယုဒသည်ခရစ် တော်၏ ဘယ်ဘက်တွင်ကပ်ထိုင်လိုက်ပြီး ယောဟန်သည်ညာဘက်မှကပ်၍ ထိုင်လိုက်ပါသည်။ ခရစ်တော်ပြီးလျှင်အကြီးဆုံး ရာထူးဟုမှတ်ယူသည့် ရာထူး ကိုရယူရန် ယုဒဆုံးဖြတ်ထားပါသည်။ ယုဒသည် သစ္စာဖောက်တစ်ဦး ဖြစ်ပါသည်။
စိတ်ဝမ်းကွဲပြားစေသည့် အခြားအကြောင်းအရာတစ်ခုလည်းဖြစ်ပွားခဲ့ပါ သေးသည်။ ယုဒလူများ၏ဓလေ့ထုံးစံအရ ကျွန်တစ်ဦးသည် ရောက်ရှိလာသည့် ဧည့်သည်များ၏ခြေထောက်ကို ရေနှင့်ဆေးပေးရပြီး ထိုကျွန်သည် ဤကဲ့သို့သော ပွဲများတွင် လိုအပ်သည်များကို ပြင်ဆင်ပေးကြရပါသည်။ ခြေဆေးရန်အတွက် ရေအိုးအင်တုံနှင့် သုတ်စရာပဝါများသည် အသင့်ရှိနေပြီဖြစ်သော်လည်း ကျွန် တစ်ဦးတစ်ယောက်မျှ ထိုအိမ်တွင်မရှိကြသည့်အတွက် ဤကဏ္ဍကိုတမန်တော် များကိုယ်တိုင် လုပ်ဆောင်ရတော့မည်ဖြစ်ပါသည်။ သို့သော်လည်း တမန်တော် အားလုံးသည် မာန်မာနများထောင်လွှားနေကြကာ အစေခံကျွန်တစ်ဦးလုပ်ရမည့် အလုပ်ကိုမလုပ်ဖို့ ဆုံးဖြတ်ထားကြပါသည်။ မိမိတို့လုပ်ဆောင်ရမည့် အရာတစ်စုံ တစ်ခုရှိသည်ကို မသိကျိုးကျွန်ပြုကာ သူတို့အားလုံးသည် ခိုင်ခိုင်မာမာလျစ်လျူရှု ခဲ့ကြပါသည်။ ဆိတ်ဆိတ်နေခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချရန် သူတို့ငြင်းပယ်ခဲ့ကြ ပါသည်။
ခရစ်တော်သည် သနားစရာကောင်းလှသော ဤအသက်ဝိညာဉ်များအား စာတန်မစိုးမိုးနိုင်သည့်နေရာသို့ မည်ကဲ့သို့ခေါ်ဆောင်သွားရမည်နည်း။ တပည့်တော် အမည်ခံရုံမျှဖြင့် တပည့်တော်တစ်ပါး ဖြစ်မလာနိုင်ကြောင်း၊ ကောင်းကင်နိုင်ငံတော် သို့ ဝင်စားရန်မဖြစ်နိုင်ကြောင်းများကို မည်ကဲ့သို့ကိုယ်တော်ရှင်းပြတော်မူရမည် နည်း။ နှစ်သက်ဖွယ်သော လုပ်ဆောင်မှုနှင့်မှန်ကန်သော နှိမ့်ချမှုများသည် စစ်မှန် သောကြီးမြတ်မှုဖြစ်ကြောင်းကို မည်ကဲ့သို့ကိုယ်တော် ပြသတော်မူရမည်နည်း။ ၎င်း တို့၏စိတ်နှလုံးထဲတွင် မေတ္တာတရားများကို မည်ကဲ့သို့ကိုယ်တော်အစပျိုးပေးရမည် နည်း။ ၎င်းတို့အားမိမိပြောလိုသောအရာ များကိုနားလည်နိုင်အောင် မည်ကဲ့သို့ကိုယ် တော် လုပ်ဆောင်ရမည်နည်း။
တမန်တော်များသည် တစ်ဦး၏ခြေကိုတစ်ဦးကဆေးပေးရန် တုတ်တုတ်မျှ မလှုပ်ကြချေ။ ၎င်းတို့သည် မည်သည့်အရာဆက်လုပ်မည်ကို ခေတ္တခဏမျှ ခရစ် တော်စောင့်ကြည့်တော်မူခဲ့ပါသည်။ ထိုနောက် ကောင်းမြတ်သော ဆရာဖြစ်တော်မူ သောကိုယ်တော်သည် စားပွဲမှထ၍ ဖိုသီဖတ်သီဖြစ်နေသည့် မိမိအပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး ပဝါတစ်ထည်ကိုယူလိုက်ကာ ခါး၌ပတ်လိုက်ပါသည်။ တမန်တော်များ သည် အံ့အားသင့်စွာဖြင့်ကြည့်နေကြပြီး မည်သို့ဆက်လက်လုပ်ဆောင်မည်ကို စောင့်ကြည့်နေကြပါသည်။ “ထိုနောက်မှရေကို အင်တုံ၌လောင်း၍ တပည့်တော် တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။” ဤလုပ်ဆောင် ချက်သည် တမန်တော်များ၏ဝိညာဉ် ရေးမျက်စိကိုပွင့်စေခဲ့ပါသည်။ ၎င်းတို့၏စိတ်နှ လုံးထဲဝယ် ခါးသီးသောရှက်ကြောက်မှုများဖြင့် ပြည့်၀စေခဲ့ပါသည်။ စကားမပြော သော ထိုဆုံးမမှုကို သူတို့နားလည်ခဲ့ကြပြီး အသစ်သောအလင်းတရားတွင် မိမိတို့ ကိုယ်ကိုလုံးလုံးလျားလျားတွေ့မြင်ခဲ့ကြပါသည်။
ခရစ်တော်သည် တမန်တော်များအပေါ်ထားရှိသည့် မိမိ၏မေတ္တာတော်ကို ထိုနည်းအားဖြင့် ဖွင့်ဟတော်မူခဲ့ပါသည်။ ၎င်းတို့၏တစ်ကိုယ်ကောင်းဆန်သော စိတ် ဓာတ်သည် ကိုယ်တော်ရှင်အား ဝမ်းနည်းစေခဲ့သော်လည်း ၎င်းတို့ရင်ဆိုင်နေရ သော အခက်အခဲများနှင့်စပ်လျဉ်း၍ ငြင်းခုံမှုတစ်စုံတစ်ခုကိုမျှ ကိုယ်တော်ပြုတော် မမူခဲ့ချေ။ ထိုသို့ပြုတော်မူမည့်အစား၊ မည်သည့်အခါမျှမမေ့ပျောက်နိုင်သော ပုံသက် သေတစ်ခုကို ၎င်းတို့အားပေးတော်မူခဲ့ပါသည်။ ၎င်းတို့အပေါ်ထားရှိသော ကိုယ်တော်၏ မေတ္တာတော် ကို အဘယ်အရာကမျှအလွယ် တကူဟန့်တားငြိမ်းသတ်နိုင် ခြင်းမရှိပါချေ။ အဖဘုရားသခင်သည် အရာခပ်သိမ်းကို မိမိ၏လက်တော်တွင် ပေး အပ်ထားကြောင်းကို လည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာခဲ့ပြီး ဘုရားသခင်ထံသို့ ပြန်သွားမည်ဖြစ်ကြောင်းကိုလည်း ကိုယ်တော်သိရှိထားတော်မူပါသည်။ ကိုယ်တော်သည် မိမိ၏ဘုရားဇာတိအကြောင်းကို အပြည့်အစုံသိရှိထား တော်မူသော်လည်း မိမိ၏ရာဇသရဖူနှင့် မင်းဝတ်တန်ဆာများကို ခေတ္တဘေးဖယ် ထားခဲ့ကာ အစေခံကျွန်တစ်ဦး၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပါသည်။ ဤလောက အ သက်တာတွင် နောက်ဆုံးတစ်ခုအနေဖြင့် ကိုယ်တော်လုပ်ဆောင်ရမည့် အလုပ် တစ်ခုမှာ အစေခံကျွန်တစ်ဦးအနေဖြင့်ခံယူ၍ ကျွန်တစ်ဦး၏အလုပ်ကို လုပ်ဆောင် ရန်ဖြစ်ပါသည်။
ယုဒရှကာရုတ်သည် ပသခါပွဲမတိုင်မီတွင် ယဇ်ပုရောဟိတ်များနှင့် နှစ်ကြိမ် တိုင်တိုင်တွေ့ဆုံခဲ့ပြီး ခရစ်တော်ကို ၎င်းတို့၏လက်တွင်အပ်နှံရန် သဘောတူခဲ့ပါ သည်။ သို့စေကာမူ မည်သည့်ပြဿနာကိုမျှ မသိသည့်သဘော၊ ပသခါပွဲအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို စိတ်ဝင်စားသည့်သဘောဖြင့် သူသည်တမန်တော်များ နှင့် နောက်ပိုင်းအချိန်များတွင် ရောယှက်ပေါင်းသင်းခဲ့ပါသည်။ တမန်တော်များကမူ ယုဒ၏အကြံအစည်ကို လုံး၀မသိရှိခဲ့ကြချေ။ ထိုလျှို့ဝှက်ချက်ကို ခရစ်တော်တစ်ပါး တည်းသာ သိရှိတော်မူခဲ့ပါသည်။ သို့သော်လည်း ခရစ်တော်သည် ယုဒ၏အသက် ဝိညာဉ်ကို လိုလားတော်မူသည့်အတွက် ၎င်း၏အခြေအနေမှန်ကို မဖော်ပြခဲ့ချေ။ အပြစ်စီရင်ခြင်းခံရမည့် ယေရုရှလင်မြို့အတွက် ကိုယ်တော်ငိုကြွေးသော အချိန်က ကဲ့သို့ပင် ယုဒအတွက် လည်းပူပန်သောကရောက်ခဲ့ရပါသည်။ သင့်ကိုငါမစွန့်လွှတ် နိုင်ဘူးဟု ကိုယ်တော်၏နှလုံးသားက ဟစ်ကြွေးနေပါသည်။ ကိုယ်တော်ရှင်၏ အနိုင် အထက်ပြုတော်မူသောမေတ္တာတော်ကို ယုဒလည်းခံစားခဲ့ရပါသည်။ ကယ်တင်ရှင်၏ လက်များသည် ၎င်း၏ခြေထောက်များကိုရေဖြင့်ဆေးကြောကာ ပဝါဖြင့်သုတ်ပေး နေစဉ်တွင် ထိုအချိန်ထိုနေရာ၌ပင် မိမိ၏အပြစ်ကိုဝန်ချတောင်းပန်ရန် ယုဒ၏စိတ် သည်တုန်ခါသွားခဲ့ပါသည်။ သို့ရာတွင်သူသည် မိမိကိုယ်ကို မနှိမ့်ချဘဲ နောင်တမရ ရန် စိတ်နှလုံးခိုင်မာခဲ့ပါသည်။ တစ်ခဏမျှ ပျောက်ကွယ်သွားခဲ့သော စိတ်ထားအ ဟောင်းသည် ၎င်းအားတစ်ဖန် ထိန်းချုပ်ခဲ့ပြန်ပါသည်။ ယုဒသည် ယခုတွင်တမန် တော်များ၏ခြေထောက်များကို ဆေးပေးနေသော ခရစ်တော်၏လုပ်ရပ်များကို အ ထအနကောက်ခဲ့ပါသည်။ ခရစ်တော်သည် အောက်တန်းကျသောအလုပ်များကို ယခုကဲ့သို့ မိမိကိုယ်တိုင်လုပ်ကိုင်နေသဖြင့် ၎င်းသည် ဣသရေလလူမျိုး၏ ဘုရင်မ ဟုတ်ဟု သူထင်ခဲ့ပါသည်။ လောကနိုင်ငံတစ်ခုတည်ထောင်သောအချိန်တွင် လော ကနှင့်စပ်ဆိုင်သော ဂုဏ်အသရေများအတွက် ၎င်းထားရှိခဲ့သည့် မျှော်လင့်ချက်အား လုံးပျက်ပြားခဲ့ရပါသည်။ ခရစ်တော်၏နောက်သို့ဆက်၍ လိုက်နေလျှင် မည်သည့်အ ကျိုးကျေးဇူးကိုမျှ မရရှိနိုင်ဟု ယုဒသဘောပေါက်ခဲ့ပါသည်။ မိမိကိုယ်ကိုဂုဏ်အသ ရေယုတ်အောင် လုပ်ဆောင်နေသောကိုယ်တော်ကိုကြည့်ကာ အတွေးနယ်ချဲ့နေ စဉ်တွင် ကိုယ်တော်အားစွန့်ခွာရန်နှင့် မိမိကိုယ်တိုင်အလိမ်ခံလိုက်ရကြောင်းဖွင့်ဟ ပြော ကြားရန် သူအတည်ပြုလိုက်ပါသည်။ နတ်ဆိုးသည်သူ့အားစီးထားသဖြင့် ကိုယ် တော်ရှင်အားအပ်နှံရန်၊ သဘောတူချက်ကိုပြီးမြောက်အောင် လုပ်ဆောင်ရန် သူဆုံး ဖြတ်ချက်ချလိုက်ပါသည်။
ယုဒသည် စားပွဲ၌နေရာရွေးချယ်ရာတွင်လည်း မိမိကိုယ်ကိုအကြီးမြတ်ဆုံး သောနေရာတွင်ရောက်ရှိရန်၊ ခရစ်တော်သည် ကျွန်တစ်ဦးအနေဖြင့် မိမိအားပထ မဦးဆုံးအလုပ်အကျွေးပြုရန် ကြိုးစားခဲ့ပါသည်။ ၎င်းအနေနှင့်အခါး သီးဆုံးလူဖြစ် သည့် ယောဟန်အား နောက်ဆုံးနေရာတွင်အလုပ်အကျွေးပြုခံစေ ခဲ့ပါသည်။ သို့ ရာတွင် ယောဟန်အနေနှင့် ဤအရာကိုအပြစ်တင်မှုတစ်ခု အနေဖြင့်သော်လည်း ကောင်း၊ အရေးမပါသော အမှုတစ်ခုအနေဖြင့်သော်လည်းကောင်း မမှတ်ယူခဲ့ချေ။ တမန်တော်များသည် ခရစ်တော်၏လုပ်ကိုင်ဆောင်ရွက်ပုံများကို စောင့်ကြည့်နေစဉ် တွင် အထူးစိတ်လှုပ်ရှားနေပါသည်။ ပေတရု၏ ခြေထောက်အားဆေးရန် အလှည့် ရောက်လာသောအခါ “သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူ မည်လော” ဟု အလန့်တကြားမေးလိုက်ပါသည်။ ခရစ်တော်၏နှိမ့်ချမှုသည် ပေတရု၏စိတ်နှလုံးကို ကြေကွဲစေခဲ့ပါသည်။ ဤအလုပ်ကိုတမန်တော်တစ်ပါးကမျှ မလုပ်ဆောင်ခဲ့သည်ကို စဉ်းစားမိသောအခါ သူရှက်အားပိုခဲ့ရပါသည်။ ထိုအချိန် တွင်ယေရှုက “သင်သည် ငါပြုသောအမှုကိုယခုနားမလည်သေး၊ နောက်မှသိလိမ့် မည်ဟုမိန့်တော်မူ၏။” ၎င်းအနေဖြင့် ဘုရားသခင်၏သားတော်ပါဟု ယုံကြည်ခဲ့ရ သောသခင်ယေရှုသည် ကျွန်တစ်ဦး၏အလုပ်ကို လုပ်ဆောင်နေကြောင်း တွေ့မြင်ရ သဖြင့် စိတ်ထဲတွင်မခံချိမခံသာဖြစ်ခဲ့ရပါသည်။ သူ၏အသက်ဝိညာဉ်တစ်ခုလုံး သည် ဤနှိမ့်ချမှုကိုဆန့်ကျင်ရပ်တည်ခဲ့ပါသည်။ ဤနှိမ့်ချမှုအတွက်ပုံသက်သေကို ပြသရန် ခရစ်တော်သည် ဤလောကသို့ကြွလာကြောင်းကိုသူမသိရှိခဲ့ချေ။ ထို့ကြောင့် “ကိုယ်တော်သည် အကျွန်ုပ်၏ခြေကိုအလျှင်းဆေးတော်မမူရ” ဟုသူအပြင်းအထန်ကန့် ကွက်ခဲ့ပါသည်။
သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရဟု သိက္ခာသမာဓိနှင့် ပြည့်စုံစွာဖြင့် ယေရှုမိန့်တော်မူခဲ့ပါသည်။ ပေတရုငြင်းပယ်နေသောခြေဆေးမင်္ဂလာ သည် စိတ်နှလုံးတွင်ရှိသည့် အပြစ်များကိုဆေးကြောခြင်းအတွက် ပုံစံနမူနာဖြစ်ပါ သည်။ စိတ်နှလုံးတွင်ရှိသောအပြစ်၏အစွန်းအကွက်များကို ဆေးကြောပေးရန် ခရစ် တော်ကြွလာခဲ့ပါသည်။ မိမိ၏ခြေအားဆေးကြောရန်၊ ခရစ်တော်အားခွင့်ပြုရန်ငြင်း ဆန်ခြင်းအားဖြင့် ပေတရုသည်စိတ်နှလုံးဆေး ကြောခြင်းကိုပါ ငြင်းဆန်နေခြင်းဖြစ် ပါသည်။ သူသည် ခရစ်တော်အားအမှန် တကယ်ငြင်းပယ်နေပါသည်။ ကျွန်ုပ်တို့တွင် ရှိနေသည့်အပြစ်များကို သန့်စင်ပေးရန် ကိုယ်တော်ရှင်အားခွင့်ပြုလိုက်သဖြင့် ကိုယ် တော်အား အသရေယုတ်အောင်လုပ်ခြင်းမမည်ပါ။ အစစ်မှန်ဆုံးသော နှိမ့်ချခြင်းဆို သည်မှာ ကျွန်ုပ်တို့ ကိုယ်စားပြုတော်မူခဲ့သော ပြင်ဆင်မှုမှန်သမျှကို ကျေးဇူးတင် သောစိတ်သဘောဖြင့်လက်ခံ၍ ခရစ်တော်အတွက်စိတ်အားထက်သန်စွာဖြင့် အမှု တော်ဆောင်ခြင်းဖြစ်ပါသည်။
သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့် မဆက်ဆံရဟူသောစကားသံကို ကြားရသည့် အချိန်တွင် ပေတရုသည် မိမိမာနထောင်လွှားမှုနှင့်အစွဲအလမ်းကြီး မှုကို ကိုယ်တော်အားဆက်ကပ်အပ်နှံခဲ့ပါသည်။ သူသည်ခရစ်တော်နှင့် မခွဲခွာရန် စိတ်ကူးမျှပင်မထည့်မိခဲ့ချေ။ ထိုသို့ခွဲခွာရခြင်းသည် သူ့အတွက် သေဆုံးခြင်းတမျှ ဖြစ်စေခဲ့ပါသည်။ ထိုကြောင့် အကျွန်ုပ်၏ခြေကိုသာမဆေးပါနှင့်။ လက်ကိုလည်း ကောင်း၊ ခေါင်းကိုလည်းကောင်းဆေးပါ” ဟု ပေတရုလျှောက်ထားရာ ယေရှုက “ရေချိုးပြီးသောသူမည်သည်ကား ခြေဆေးခြင်း မှတစ်ပါးဆေးရသောအကြောင်း မရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏” ဟုမိန့်တော်မူ၏။
ဤစကားများသည် ခန္ဓာကိုယ်စင်ကြယ်ခြင်းထက်သာ၍လေးနက်သော အဓိပ္ပါယ်ကိုဆောင်နေပါသည်။ ခရစ်တော်သည် ခြေဆေးမင်္ဂလာအားဖြင့် ဖော် ညွှန်းနေသော စိတ်နှလုံးဆေးကြောခြင်းကို မိန့်မြွက်နေခြင်းဖြစ်ပါသည်။ ရေချိုး ပြီးသောသူသည် စင်ကြယ်မှုရှိသော်လည်း ခြေညှပ်ဖိနပ်စီးပြီးလမ်းလျှောက်သော ခြေထောက်မှာမူ မကြာမီတွင်ညစ်ပတ်လာပြီး နောက်တစ်ဖန်ဆေးကြောပေးရန် လိုအပ်လာပါသည်။ ထိုနည်းအတူ ပေတရုနှင့်တကွ၎င်း၏ ညီအစ်ကိုများအား အ ပြစ်ဒုစရိုက်နှင့်တကွ စင်ကြယ်မှုများအတွက် ဖွင့်ထားပေးသည့် မဟာစမ်းရေတွင်း၌ ဆေးကြောခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့အားမိမိပိုင်ထိုက် သောသူများအဖြစ် ခရစ်တော်အ သိအမှတ်ပြုခဲ့ပါသည်။ သို့ရာတွင် စုံစမ်းနှောင့်ယှက်ခြင်းများသည် ၎င်းတို့အားဒုစ ရိုက်အပြစ်များကို ကျူးလွန်စေခဲ့သဖြင့် ၎င်းတို့သည်အပြစ်မှကင်းစင်စေသည့် ကိုယ် တော်၏ကျေးဇူးတော်ကို လိုအပ်နေဆဲဖြစ်ပါသည်။ ၎င်းတို့၏ခြေများမှဖုန်မှုန့်များကို သုတ်ပေးရန် ပဝါကိုခါးတွင်စည်းတော်မူသောအချိန်တွင် ထိုလုပ်ဆောင်မှုအားဖြင့် တပည့်တော် များ၏စိတ်နှလုံး၌ရှိသော စိမ်းကားသောစိတ်၊ မနာလိုဝန်တိုသော စိတ် နှင့်မာန်မာနစိတ်များကို ဆေးကြောသန့်စင်ပေးရန် အလိုတော်ရှိတော်မူလျက်ရှိပါ သည်။ ထိုသို့ဆေးကြောသန့်စင်ခြင်းသည် ၎င်းတို့၏ခြေထောက်များကိုဆေးကြော သန့်စင်ခြင်းထက် များစွာပို၍အကျိုးသက်ရောက်မှုရှိခဲ့ပါသည်။ ထိုစဉ်အချိန်က ၎င်း တို့၌ရှိသောစိတ်နေသဘောထားမျိုးဖြင့် ၎င်းတို့အထဲမှ မည်သူတစ်ဦးတစ်ယောက် မျှ ခရစ်တော်နှင့်ဆက်ဆံရန် အသင့်မရှိခဲ့ကြချေ။ နှိမ့်ချခြင်းနှင့်ချစ်ခြင်း ပြည့်၀သော အခြေအနေသို့ မရောက်မချင်း၊ သူတို့သည် ပသခါစားသောက်ပွဲကို ဝင်ရန်သော် လည်းကောင်း၊ ခရစ်တော်ပြုတော့မည့်ဆဲဆဲအထိမ်းအမှတ်ပွဲ၌ ပါဝင်ရန်သော် လည်းကောင်း၊ အသင့်မရှိကြသေးချေ။ ၎င်းတို့၏ စိတ်နှလုံးများကိုဖြူစင်အောင် လုပ်ပေးရပါမည်။ မာနထောင်လွှားခြင်းနှင့် ကိုယ့်ဘက်ကိုသာယက်တတ်သော စိတ်ထားများသည် စိတ်ဝမ်းကွဲပြားမှုနှင့် မုန်းတီးမှုများကိုဖြစ်ပေါ်စေသော်လည်း ခရစ်တော်သည် ဤအရာအားလုံးကို ၎င်းတို့၏ခြေထောက်များအား ဆေးကြော သောအချိန်တွင် သန့်စင်စေခဲ့ပါသည်။ ခံစားမှုအသစ်များကို သူတို့ခံစားလာခဲ့ရ ပါသည်။ ခရစ်တော်သည် ၎င်းတို့အားကြည့်တော်မူ၍ “သင်တို့သည်စင်ကြယ်ပြီ” ဟုမိန့်တော်မူခဲ့ပါသည်။ ယခုတွင်မူ နှလုံးသားချင်းဆက်ကာ တစ်ဦးနှင့်တစ်ဦး မေတ္တာနှောင်ဖွဲ့လျက် ရှိကြပါသည်။ သူတို့နှိမ့်ချမှုရှိလာကြပြီး သွန်သင်ခြင်းကို လက်ခံမည့်အခြေ အနေသို့ရောက်ရှိလာခဲ့ကြပါသည်။ ယုဒမှတစ်ပါး တမန်တော် အားလုံးသည် ကြီးမြတ်သောရာထူးအတွက် အခြားသူများကိုဦးစားပေးရန် အဆင် သင့်ရှိ ခဲ့ကြပေပြီ။ ယခုတွင်မူ ကျိုးနွံ၍နှစ်မြို့ဖွယ်သောစိတ်နှလုံးများကိုပိုင်ဆိုင်လာ ကြသည့် ခရစ်တော်၏မိန့်မှာစကားများကိုခံယူရန် အသင့်ရှိလာခဲ့ကြပါ သည်။
ကျွန်ုပ်တို့အားလုံးသည်လည်း ပေတရုအမှူးပြုသော ထိုတမန်တော်များကဲ့ သို့ပင် ခရစ်တော်၏အသွေးတော်အားဖြင့် ဆေးကြောခြင်းခံခဲ့ရသူများ ဖြစ်ကြသော် လည်း ဒုစရိုက်အပြစ်များနှင့်မကြာခဏထိတွေ့မှုကြောင့် ဖြူစင်သောနှလုံးသားများ သည် ညစ်ညမ်းသွားခဲ့ရပါသည်။ အပြစ်ဆေးကြောခြင်း နှင့်ဆိုင်သော ကိုယ်တော်၏ ကျေးဇူးတော်ကိုခံရန် ခရစ်တော်ထံသို့ကျွန်ုပ်တို့ လာကြပါသည်။ ပေတရုသည် ၎င်း ၏ ညစ်ပတ်သောခြေထောက်အား ခရစ်တော်၏လက်တော်နှင့် ထိတွေ့ခွင့်ပေးရန် ရွံ့နေပါသည်။ ကျွန်ုပ်တို့လည်း မိမိတို့ ၏အပြစ်ဒုစရိုက်နှင့်ညစ်ထေးနေသည့် နှလုံး သားကို ခရစ်တော်၏နှလုံးသားနှင့် အဆက်အသွယ်ပြုရန် အကြိမ်မည်မျှတွန့်ဆုတ် ခဲ့ကြပါသနည်း။ ကျွန်ုပ်တို့၏ ဒုစရိုက်နှင့်ပြည့်၀သော အမျက်ဒေါသဘဝင်မြင့်ခြင်းနှင့် မာန်မာနထောင်လွှားခြင်းများသည် ကိုယ်တော်ရှင်အားအလွန်ဝမ်းနည်းကြေကွဲစေ ခဲ့ပါသည်။ သို့ စေကာမူ၊ ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များနှင့် မစင်ကြယ်မှုအစုစုကို ကိုယ်တော် ထံသို့ကျွန်ုပ်တို့ယူဆောင်လာကြရပါမည်။ ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ် တို့အားသန့်စင်အောင် ဆေးကြောပေးနိုင်တော်မူပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် ၏တန်ခိုးတော်အားဖြင့်ပြုလုပ်သည့် အပြစ်ဆေးကြောခြင်းကို မခံယူရ သေးလျှင် ကိုယ်တော်နှင့်ဆက်ဆံရန် အသင့်မဖြစ်ကြသေးချေ။
သင်တို့သည်စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု တပည့်တော်များ အား ယေရှုရှင်မိန့်တော်မူ၏။ ကိုယ်တော်သည် ယုဒ၏ခြေကိုဆေးပေးခဲ့သော်လည်း ယုဒသည် ၎င်း၏စိတ်နှလုံးကိုခရစ်တော်ထံ၌ မဆက်ကပ် မအပ်နှံခဲ့ချေ။ သူ၏နှလုံ သားသည် ညစ်ထေးဆဲရှိနေပါသေးသည်။ ယုဒသည် မိမိကိုယ်ကိုခရစ်တော်ထံ၌ မ အပ်နှံခဲ့ချေ။
ခရစ်တော်သည် တပည့်တော်များ၏ ခြေကိုဆေးပြီးနောက် အပေါ်ဝတ်ရုံကို ပြန်လည်ဝတ်ဆင်ကာ စားပွဲ၌တစ်ဖန်ထိုင်တော်မူ၏။ ထိုနောက်မိန့် တော်မူသည် ကား၊ သင်တို့၌ငါပြုသောအမှုကို နားလည်ကြသလော။ သင်တို့သည် ငါ့ကိုအရှင် ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်းခေါ်တတ်ကြ၏။ ထိုစကား လည်းဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား သင်တို့ခေါ်သည့်အတိုင်း ငါမှန် ၏။ “ငါသည်သခင်ဖြစ်လျက်၊ အရှင်ဘုရား လည်းဖြစ်လျက်နှင့်သင်တို့၏ခြေကို ဆေးလျှင် သင်တို့သည်အချင်းချင်းတို့၏ ခြေကိုဆေးရကြမည်။ ငါသည် သင်တို့၌ပြု သကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။ ငါအမှန်အကန်ဆိုသည် ကား၊ ကျွန်သည်သခင် ထက်သာ၍မြတ်သည်မဟုတ်၊ တမန်သည်လည်းစေလွှတ် သော သူထက်သာ၍ မြတ်သည်မဟုတ်” ဟူ၍ဖြစ်၏။
မိမိသည် တပည့်တော်များ၏ခြေကိုဆေးပေးခဲ့သော်လည်း ထိုလုပ်ရပ်သည် မိမိ၏ဂုဏ်အသရေကိုမယုတ်လျော့စေကြောင်း ခရစ်တော်အနေနှင့် တမန်တော်များ အား နားလည်သဘောပေါက်စေလိုတော်မူပါသည်။ ထို့ကြောင့် သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစ ကားလည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည် အ တိုင်းငါမှန်၏ဟု ကိုယ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် တမန်တော် များထက်ထူးကဲသာလွန်မြင့်မြတ် တော်မူသောကြောင့် ထိုလုပ်ရပ်အပေါ်တွင် ကျေး ဇူးတော်နှင့်တကွ လေးနက်သော အဓိပ္ပါယ်နှင့်ပြည့်စုံမှုများကို မျှဝေတော်မူခဲ့ပါ သည်။ ခရစ်တော်လောက် မည်သူမျှမြှောက်စားခြင်းကို မခံခဲ့ရဖူးသော်လည်း ကိုယ် တော်သည်အနိမ့်ကျဆုံးသော တာဝန်တစ်ခုကိုထမ်းဆောင်ရန် မိမိကိုယ်ကိုနှိမ့်ချ တော်မူခဲ့ပါသည်။ မိမိ၏လူတို့ကို အတ္တများသောပင်ကို စိတ်နှလုံးတွင်တည်ရှိနေ သော တစ်ကိုယ် ကောင်းဆန်သည့်စိတ်၏စေစားမှုနှင့် ကိုယ်ကျိုးကိုသာငဲ့တတ် သောစိတ်၏ လှုံ့ဆော်မှုများက လမ်းမှားသို့မပို့ဆောင်စေရန် ခရစ်တော်သည် နှိမ့်ချခြင်း အတွက်ပုံသက်သေတစ်ခုကို ပြတော်မူခဲ့ပါသည်။ အရေးကြီးသော ဤ ကိစ္စကို လူသားများကိုယ်တိုင်တာဝန်ယူလုပ်ဆောင်ရန် ကိုယ်တော်အပ်နှံတော်မမူ ခဲ့ဘဲ ထာ၀ရဘုရားသခင်နှင့် တစ်လုံးတစ်၀တည်းဖြစ်တော်မူသော ကိုယ်တော်ရှင် ကိုယ်တိုင် အစေခံကျွန်တစ်ဦးကဲ့သို့ တမန်တော်များအတွက် လုပ်ဆောင်ပေးခဲ့ပါ သည်။ သူတို့သည် မည်သူကသာ၍ကြီးမြတ်ကြောင်း အချင်းချင်း ငြင်းခုံနေစဉ်တွင် ခပ်သိမ်းသောသတ္တဝါများ၏ အရိုအသေပြုခြင်းနှင့် ကောင်းကင်တမန်များ၏ အလုပ် အကျွေးပြုခြင်းခံရသော ကိုယ်တော်ရှင်သည် မိမိအားအရှင်ဘုရားဟုခေါ်ကြသော သူများ၏ခြေကိုဆေးပေးရန် ဦးညွှတ်နှိမ့်ချခဲ့ပါသည်။
ခရစ်တော်သည် မိမိအသက်တာအားဖြင့်သော်လည်းကောင်း၊ မိန့်တော်မူခဲ့ သောသင်ခန်းစာအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံမှ အစပျိုးလာခဲ့သော တစ်ကိုယ်ကောင်းမဆန်သော လုပ်ဆောင်မှုများ၏စုံသော ပြယုဂ်တစ်ခုကိုပေးတော် မူခဲ့ပြီဖြစ်ပါသည်။ ဘုရားသခင်သည် မိမိတို့အဖို့အလိုငှာ အသက်ရှင်နေတော်မူ သည်မဟုတ်ချေ။ ဤကမ္ဘာလောကကြီးကိုဖန်ဆင်းခြင်း အားဖြင့်လည်းကောင်း၊ ခပ်သိမ်းသောအရာများကို မပျက်မယွင်းရအောင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်း အားဖြင့်လည်းကောင်း ကိုယ်တော်သည်လူသားများအတွက် အမြဲတမ်းအလုပ်အ ကျွေးပြုတော်မူလျက်ရှိပါသည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည် ကောင်းသောသူ၊ မကောင်းသောသူ တို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော် မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” မဿဲ ၅း၄၅။ အမွန် မြတ်ဆုံးသောဤလုပ်ဆောင်မှုများကိုလုပ်ဆောင်ရန် ဘုရား သခင်သည် မိမိ၏သားတော်၌တာဝန်ပေးအပ်တော်မူခဲ့ပါသည်။ အလုပ်အကျွေးပြု ခြင်း၏ အနက်အဓိပ္ပါယ်ကို မိမိ၏ပုံသက်သေအားဖြင့် သွန်သင်တော်မူရန်အလိုငှာ ခရစ်တော် အားလူသားစု၏ ခေါင်းဆောင်နေရာတွင် ရပ်စေတော်မူခဲ့ပါသည်။ ကိုယ် တော်၏ အသက်တာတစ်ခုလုံးသည် သူတစ်ပါးအား အလုပ်အကျွေးပြုခြင်းစည်းမျဉ်း အောက်တွင် အသက်ရှင်ခဲ့ရပါသည်။ လူတိုင်းကိုအလုပ်အကျွေးပြုတော်မူခဲ့ပါ သည်။ လူတိုင်းအတွက် အစေခံတော်မူခဲ့ပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ ပညတ်တော်အတိုင်း ကိုယ်တော်အသက်ရှင်နေထိုင်တော်မူခဲ့ပြီး ပညတ်တော်အား မည်ကဲ့သို့လိုက်လျှောက်နိုင်ကြောင်းကို မိမိ၏အသက်တာ အားဖြင့်ထင်ရှားစေခဲ့ပါ သည်။
ခရစ်တော်သည် ဤစည်းမျဉ်းများကို တပည့်တော်များ၌တည်ဆောက် ပေးရန် အခါခါကြိုးစားတော်မူခဲ့ပါသည်။ ယာကုပ်နှင့်ယောဟန်တို့သည် အထူး အခွင့်အရေးတစ်ရပ်ကို တောင်းခံနေကြစဉ်က “သင်တို့တွင်အကဲအမှူးပြုလို သောသူကို အစေခံဖြစ်စေ” ဟုမိန့်တော်မူခဲ့ဖူးပါသည်။ မဿဲ ၂ဝး၂၆။ ကိုယ်တော်၏ နိုင်ငံတော်တွင် မျက်နှာလိုက်ဦးစားပေးခြင်းနှင့် အကြီးအကဲဖြစ် လိုခြင်းလမ်းစဉ် များအတွက် နေရာမရှိချေ။ တစ်ခုတည်းသော ကြီးမြတ်ဆုံးအရာမှာ နှိမ့်ချခြင်းတည်း ဟူသောကြီးမြတ်မှုပင်ဖြစ်ပါသည်။ သူတစ်ပါးအား အလုပ်အကျွေးပြုရန်ဆက်ကပ် လုပ်ဆောင်မှု၌ တစ်ခုတည်းသောထူးခြားချက် ကိုတွေ့ရှိရပါသည်။
ယခုတွင် ကိုယ်တော်သည် တပည့်တော်များ၏ခြေကို ဆေးပေးတော်မူပြီး နောက် ငါသည်သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာပုံသက်သေကိုပြခဲ့ပြီ ဟု မိန့်တော်မူခဲ့ပါသည်။ ခရစ်တော်သည် ဤစကားများအားဖြင့် ဧည့်ဝတ်ပြုခြင်းအ လေ့အကျင့်တစ်ခုကို ပြဌာန်းနေခြင်းသက်သက်မဟုတ်ချေ။ ဤစကားများသည် ခရီးသွားဧည့်သည်၏ ခြေထောက်မှဖုန်များကို ဖယ်ရှားပစ်ရန် ဆေးကြောခြင်းအမှု ထက်ပို၍လေးနက်ပါသည်။ ခရစ်တော်သည် ဤနေရာတွင်ဘာသာရေးအခမ်း အ နားတစ်ခုကို တည်ထောင်နေခြင်းဖြစ်ပါသည်။ သခင်ဘုရားသည် ဤအမှုအားဖြင့် နှိမ့်ချခြင်းနှင့်ဆိုင်သော ဤအခမ်းအနားကို ဘာသာရေးအခမ်းအနားတစ်ခုဖြစ်စေ ခဲ့ပါသည်။ တမန်တော်များသည် နှိမ့်ချ ခြင်းနှင့်ပတ်သက်၍ ကိုယ်တော်ရှင်သွန်သင် ခဲ့သောသင်ခန်းစာများကိုအမြဲ သတိရနိုင်စေရန် ဤအခမ်းအနားကို ဆက်လက် ကျင်းပကြရန်လိုအပ်ပါသည်။
ခြေဆေးမင်္ဂလာသည် ပွဲတော်မင်္ဂလာဝင်ရန်အတွက် ခရစ်တော်ပြဌာန်းခဲ့ သည့်ပြင်ဆင်မှု လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အကြင်သူသည် အကြီးအကဲဖြစ်လိုမှု ကြောင့် မာနထောင်လွှားမှု၊ စိတ်ဝမ်းကွဲပြားမှုနှင့်ငြင်းခုံတိုက်လှန်မှု များစွဲလမ်းကျင့် သုံးနေစဉ်တွင် ထိုသူသည် ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်း ငှာမဝင်စားနိုင်ပါချေ။ ကိုယ်တော်၏အသွေးတော်နှင့် အသားတော်၏ဆက်ဆံ မှုကိုလက်ခံရန် အဆင်သင့် မဖြစ်သေးချေ။ သို့အတွက် နှိမ့်ချမှုကိုသတိရစေသော ဤအခမ်းအနားကို ရှေးဦးစွာ ကျင်းပရန် ခရစ်တော်ပြဌာန်းတော်မူခဲ့ပါသည်။
သင်တို့၌ငါပြုသောအမှုကိုနားလည်ကြလော့။ သင်တို့သည်ငါ့ကို အရှင် ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကား လည်းဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ် ကြသည့်အတိုင်း ငါမှန်၏။ ငါသည်သခင်ဖြစ်လျက်၊ အရှင်ဖြစ်လျက်နှင့်သင်တို့၏ ခြေကိုဆေးလျှင် သင်တို့သည်အချင်းချင်းတို့၏ ခြေကိုဆေးရကြမည်။ ငါသည်သင်တို့ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။ “ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည်သခင်ထက်သာ ၍ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ် သည်မဟုတ်၊ ဤအရာများကို သင်တို့သိ၍သိသည့်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏” ဟူသောကိုယ်တော်ရှင်၏ စကားများကို ခြေဆေးမင်္ဂလာဝင်သော ဘုရားသခင် ၏သားသမီးတိုင်း သတိရအောက်မေ့သင့်ကြပါသည်။ လူတိုင်း၌ မိမိကိုယ်ကို အခြား သူများထက်သာ သည်ဟု အထင်ကြီးတတ်သည့်သဘော၊ မိမိ၏ကိုယ်ကျိုးအတွက် သာလုပ်ဆောင်တတ်သည့်သဘော၊ ကြီးမြတ်သည့်နေရာသို့ရောက်အောင် ကြိုးစား ချင်သည့် သဘောများရှိတတ်ပါသည်။ ဤသဘောထားများသည် မနာလိုသော ကြံ စည်ခြင်းနှင့် ခါးသီးသောစိတ်ထားများကို ဖြစ်ပေါ်စေပါသည်။ ပွဲတော်မင်္ဂလာမစားမီ ကျင်းပသောခြေဆေးမင်္ဂလာပွဲသည် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားရန်ဖြစ်ပါ သည်။ လူများအား ၎င်းတို့၏တစ်ကိုယ်ကောင်းဆန် သောအခြေအနေမှ ကယ်ထုတ် ရန်လည်းဖြစ်ပါသည်။ မိမိကိုယ်ကိုအထူးချီးမြှောက်သည့် အခြေမှသည် မိမိညီအစ် ကိုအတွက်အလုပ်အကျွေးပြုရန် မိမိစိတ်နှလုံးကိုနှိမ့်ချသည့် အခြေသို့ရောက်သည့် အထိ ပြုပြင်ပေးရန်ဖြစ်ပါသည်။
ဤအခမ်းအနားကို စိတ်ဝိညာဉ်ကိုစစ်ဆေးသော၊ အပြစ်ဒုစရိုက်ကို သိသာ ထင်ရှားစေသော၊ လွှတ်ခြင်းခံရသော အပြစ်သားများအတွက် မင်္ဂလာအာမခံချက် ဖြစ်စေသော အခမ်းအနားတစ်ခုဖြစ်စေရန် ကောင်းကင်နိုင်ငံမှ ဘုရားသခင်သည် ထိုအချိန်နာရီ၌၎င်းတို့နှင့်အတူရှိနေပါသည်။ အတ္တရေစီး ကြောင်းတွင်မျောပါလျက် ရှိသော အတွေးရေစီးကြောင်းကို လမ်းကြောင်းပြောင်းပေးရန် ခရစ်တော်သည် ကျေးဇူးတော်နှင့်ပြည့်စုံစွာဖြင့် ထိုနေရာတွင်ရောက် ရှိနေတော်မူပါသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် ကိုယ်တော်ရှင်၏ပုံ သက်သေအတိုင်း လိုက်လျှောက်နေကြ သူများ၏အာရုံစွဲလမ်းမှုများကို အသက်ရှင်လှုပ်ရှားစေလျက်ရှိပါသည်။ ကျွန်ုပ်တို့အ တွက်ကိုယ်တော်ရှင်ထားတော်မူခဲ့သည့် နှိမ့်ချခြင်းပုံသက်သေကို သတိရအောက် မေ့သောအချိန်တွင် အတွေးအခေါ်ချင်းဆက်စပ်လာပါသည်။ ဘုရားသခင်၏ မဟာ ကောင်းမြတ်ခြင်းနှင့် လောကမိတ်ဆွေများ၏ပစားပေးခြင်း၊ နူးညံ့သိမ်မွေ့စွာဆက် ဆံခြင်းများကို တသီတတန်းကြီးပြန်လည်မြင်ယောင်လာပါသည်။ မေ့လျော့ခဲ့သော ကောင်းချီး မင်္ဂလာများ၊ အလွဲသုံးခဲ့သောကရုဏာများနှင့် မထီလေးစားပြုခဲ့သောကြင် နာမှုများကို ပြန်လည်သတိရလာပါသည်။ အဖိုးထိုက်တန်သောမေတ္တာပန်းပင်က လေးများအတွက် နေရာမရနိုင်အောင် ပြည့်နှက်နေသည့် ခါးသီးခြင်း၏ အမြစ်များ အား ထင်ရှားစွာသိမြင်စေလာပါမည်။ အကျင့်စာရိတ္တ၏ချို့ယွင်းချက်များ၊ တာဝန်မ ကျေပွန်မှုများ၊ ဘုရားသခင်ကိုကျေးဇူးကန်းခဲ့မှုများ၊ ညီအစ်ကိုများအပေါ် စိမ်းကား ခဲ့မှုများကို ပြန်လည်သတိရလာပါလိမ့်မည်။ အပြစ်ကို ဆင်ခြင်သုံးသပ်ရာတွင် ဘုရားသခင်အသုံးပြုခဲ့သော အလင်းတော်၌ မိမိ၏ အပြစ်များကိုထင်ရှားစွာတွေ့ မြင်လာပါလိမ့်မည်။ ကျွန်ုပ်တို့၏စိတ်သဘော ထားများသည်လည်း ကိုယ့်ကိုကိုယ် ကျေနပ်အကြည်ဆိုက်နေသည့်အခြေမှ ကိုယ့်ကိုကိုယ်အပြင်းအထန်အပြစ်ရှာတတ် သောစိတ်နှင့် နှိမ့်ချတတ်သောစိတ် သဘောထားအသွင်သို့ပြောင်းသွားပါသည်။ ကွဲ ပြားခြားနားမှုများကိုဖြစ်စေခဲ့သော အတားအဆီးတိုင်းကိုဖြိုဖျက်ရန် စိတ်တန်ခိုးခွန် အားရှိလာပါသည်။ မကောင်းမှုများကိုတွေးတတ်သောစိတ်များနှင့် အတင်းအဖျင်း ပြောတတ်သော အကျင့်များသည် ကွယ်ပျောက်သွားပါသည်။ ကျူးလွန်မိခဲ့သမျှ သောအပြစ်များကို ဝန်ချတောင်းပန်သဖြင့် အပြစ်လွှတ်ခြင်းကိုခံကြရပါသည်။ ခရစ် တော်၏ နူးညံ့ပျော့ပျောင်းစေသည့်ကျေးဇူးတော်သည် အသက်ဝိညာဉ်ထဲသို့ ရောက် ရှိလာပြီး၊ ခရစ်တော်၏မေတ္တာတော်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စည်းလုံး ညီညွတ်မှုကိုရရှိရန် စိတ်နှလုံးများကိုပေါင်းစည်း၍ဆွဲယူတော်မူပါသည်။
ပြင်ဆင်ခြင်းနှင့်ဆိုင်သောဤသင်ခန်းစာကို ဤကဲ့သို့လေ့ကျက်နေ စဉ်တွင် ပို၍မြင့်မြတ်သော ဝိညာဉ်ရေးအသက်တာကို ရလိုသည့်တောင့်တမှုတစ်ခုဖြစ်ပေါ် လာပါသည်။ ဘုရားသခင်၏ သက်သေခံကြီးသည် ဤတောင့်တ ချက်ကိုတုံ့ပြန်ပါ လိမ့်မည်။ ထိုအသက်ဝိညာဉ်သည် မြှောက်တင်ခြင်းကိုခံရပါလိမ့်မည်။ ကျွန်ုပ်တို့ သည် ထိုအချိန်တွင် အပြစ်လွှတ်ခြင်းကိုခံရပြီဟူသော အသိစိတ်ဓာတ်ဖြင့် ပွဲတော် မင်္ဂလာဝင်နိုင်ကြမည်ဖြစ်ပါသည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းရောင်ခြည်တော်များ သည် အသက်ဝိညာဉ်၏ဗိမာန်တော်တစ် ခုလုံးကိုထွန်းလင်းပေးပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဤလောက အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြပါလိမ့်မည်။ ယောဟန် ၁း၂၉။
ခြေဆေးမင်္ဂလာနှင့်ပတ်သက်သော ဤသဘောတရားကိုသိရှိထား သူများ အတွက် ဤကျင့်ဆောင်မှုသည် ဝိနည်းထုံးဖွဲ့ဆိုင်ရာ အခမ်းအနားသက် သက်မ ဟုတ်ကြောင်း သဘောပေါက်လာကြပါသည်။ ဤအခမ်းအနားကျင်းပခြင်း၏မ ပြောင်းလဲသောသင်ခန်းစာမှာ “အချင်းချင်းချစ်၍ အမှုချင်းကိုဆောင် ရွက်ကြလော့” ဟူသောအချက်ပင်ဖြစ်ပါသည်။ ဂလာတိ ၅း၁၃။ ခရစ်တော်သည် တပည့် တော်များအား ကောင်းကင်ဘဏ္ဍာ၏ထာ၀ရသရဖူကို မိမိနှင့်အတူဆောင်းစေမည့် အရာမှန်သမျှကို မည်မျှပင်နိမ့်ကျသည်ဖြစ်စေ၊ မိမိအနေ ဖြင့်လုပ်ဆောင်မည်ဖြစ် ကြောင်း တပည့်တော်များ၏ ခြေထောက်ကိုဆေးပေးခြင်းအားဖြင့် ထင်ရှားစေခဲ့ပါ သည်။ ကိုယ်တော်၏တပည့်တော်များသည် ခြေဆေးမင်္ဂလာဝင်ခြင်းအမှုတွင် ထိုနည်းအတိုင်း မိမိညီအစ်ကိုများကိုအလုပ်အကျွေးပြုရန် မိမိကိုယ်ကိုသစ္စာပြုသင့်ကြ ပါသည်။ ဤအခမ်းအနားကိုမှန် ကန်စွာကျင်းပသောအချိန်တိုင်းတွင် အခြားသူများ ကိုကူညီမစ၍ကောင်းချီးပေးရန် ဘုရားသခင်၏သားသမီးများအား သန့်ရှင်းသော ပေါင်းသင်းဆက်ဆံ မှုတစ်ခုတွင် ဖြစ်ပွားစေလျက်ရှိပါသည်။ ထိုအခါ မိမိတို့၏အ သက်တာကို တစ်ကိုယ်ကောင်းမဆန်သော လုပ်ဆောင်မှုများအတွက် ပေးအပ်မည် ဟု၎င်းတို့ ပဋိညာဉ်ပြုလာကြပါသည်။ ဤသို့ပဋိညာဉ်ပြုခြင်းသည် တမန်တော်အ ချင်းချင်းအတွက်သာမကဘဲ ၎င်းတို့၏လုပ်ငန်းခွင်အငန်းအတာသည် သခင်ဘုရား လုပ်ဆောင်ခဲ့သည့် အငန်းအတာမျှကျယ်ဝန်းအောင် လုပ်ဆောင်ကြမည်ဖြစ်ပါ သည်။ ဤကမ္ဘာကြီးသည် ကျွန်ုပ်တို့၏အမအစကိုလိုအပ်နေသူများနှင့် ပြည့်လျှံနေ ပါသည်။ ဆင်းရဲသားများ၊ အကူအညီမဲ့နေသူများနှင့် မသိနားမလည်သူများသည် နေရာတကာတွင်ရှိနေကြပါသည်။ အထက်ခန်းတွင် ခရစ်တော်နှင့်အတူပွဲတော် မင်္ဂလာဝင်ခဲ့သူများသည် ကိုယ်တော်ရှင်ပြုတော်မူ သကဲ့သို့ သူတစ်ပါးအားအလုပ် အကျွေးပြုရန် သွားရောက်လုပ်ဆောင်ကြပါ လိမ့်မည်။
ခပ်သိမ်းသောသူများအား အစေအပါးပြုတော်မူခဲ့သော သခင်ယေရှုသည် ခပ်သိမ်းသောသူတို့၏အစေခံဖြစ်လာခဲ့ရပါသည်။ ကိုယ်တော်သည် လူအပေါင်းတို့ ၏အစေကိုခံတော်မူသဖြင့် ခပ်သိမ်းသောလူအပေါင်းတို့၏အလုပ် အကျွေးပြုခြင်း၊ ဂုဏ်ပြုခြင်းကိုတစ်ဖန်ခံရလိမ့်ဦးမည်။ ကိုယ်တော်၏မြင့်မြတ် သောဂုဏ်တော်များကို အသက်တာတွင်ထင်ရှားစေကာ ကယ်တင်ခြင်းခံစား ရသည့်အသက် ဝိညာဉ်များကို မြင်တွေ့ရသဖြင့် ကိုယ်တော်နှင့်အတူ ဝမ်းမြောက်ဝမ်းသာရှိနေကြသူများသည် သူ တစ်ပါးအကျိုးဆောင်သည့် ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ကြပေလိမ့် မည်။
ငါသည်သင်တို့၌ ပြုသကဲ့သို့သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ ဟူသော ခရစ်တော်၏စကားများထဲတွင် ဤအရာအားလုံးသည် အကျုံးဝင်နေပါ သည်။ ဤအရာသည် ကိုယ်တော်ရှင်တည်ထောင်သော ၎င်းအခမ်းအနား၏ ရည် ရွယ်ချက်ပင်ဖြစ်ပါသည်။ “ဤအရာများကိုသင်တို့သိ၍၊ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”
No comments:
Post a Comment