Monday, April 20, 2026

အခန်းကြီး - ၂၁။ ဗေသေသဒနှင့်ဆန်ဟီဒရင်

 

ဗေသေသဒနှင့်ဆန်ဟီဒရင်

ရှင်ယောဟန် ၅ ကို အခြေပြုထားပါသည်

         “ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့်ပြည့်စုံ၏။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍ အနာရောဂါစွဲသောသူများအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကိုမျှော်လင့်၍နေကြ၏။”

          အချိန်တန်သောအခါတွင် ရေကန်ထဲမှရေများသည် လှုပ်လာခဲ့ကြပါသည်။ ထိုကဲ့သို့ရေလှုပ်ခြင်းသည် ကောင်းကင်တမန်၏လုပ်ဆောင်ချက်ဖြစ်သည်ဟူ၍လည်းကောင်း၊ ရေလှုပ်နေသောအချိန်တွင် ရေထဲသို့ပထမ ဦးဆုံးဆင်းနိုင်သောသူသည် မည်သည့်ရောဂါကိုခံစားနေရသည်ဖြစ်စေ ကျန်းမာလာလိမ့်မည်ဟူ၍ လည်းကောင်း အများအားဖြင့်ယုံကြည်ကြပါသည်။ ရာနှင့်ချီသော ရောဂါသည်များသည် ဤနေရာသို့လာရောက်စုရုံးခဲ့ကြပါ သည်။ သို့သော်လည်း စုရုံးနေသူများလွန်းသဖြင့် ရေလှုပ်သောအခါ ရေကန်ထဲသို့ရောက်ဖို့ မိမိထက်ခွန်အားနည်း သည့်ယောကျာ်း၊ မိန်းမနှင့်ကလေးငယ်များတို့ကိုကျော်နင်းကာ ရှေ့သို့တိုးဝှေ့ကြရပါသည်။ လူများစုသည် ရေကန် နားသို့မရောက်နိုင်ခဲ့ကြချေ။ လူအုပ်ထဲတွင် မရမကတိုး‌‌ဝှေ့ချဉ်းကပ်ခဲ့သူများစွာတို့သည်လည်း ရေကန်ဘောင်ပေါ် မှာပင် အသက်ဆုံးရှုံးခဲ့ကြရပါသည်။ နေ့အချိန်၏နေပူဒဏ်နှင့် ညအချိန်၏အချမ်းဒဏ်ကို ကာကွယ်နိုင်ရန် ဖျားနာ သူများနေထိုင်သည့်နေရာများတွင် အမိုးအကာများတည်ဆောက်ထားကြပါသည်။ အချို့သောလူများသည် သက်သာခြင်းအတွက် အချည်းနှီးသောမျှော်လင့်ချက်ဖြင့် တစ်နေ့ပြီးတစ်နေ့ ရေကန်ဘောင်စပ်သို့တွားသွားလျက် ဤကနားပြင်များတွင် ညအချိန်ကိုကုန်လွန်စေခဲ့ကြပါသည်။

         သခင်ယေရှုသည် ယေရုရှလင်မြို့သို့တစ်ဖန်ရောက်ရှိလာပြန်ကာ ကမ္မဌာန်းရှုခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ရန် ထိုရေကန်သို့တစ်ပါးတည်းလမ်းလျှောက်လာခဲ့သည်။ မိမိတို့အတွက် တစ်ခုတည်းသောရောဂါပျောက် ကင်းစေနိုင်သည့်နည်းဖြစ်သည်အထင်နှင့် ရေအလှုပ်ကိုစောင့်စားနေကြသော မစွမ်းမသန်ရောဂါသည်များကို ကိုယ်တော်မြင်တွေ့ခဲ့ရပါသည်။ မိမိ၏တန်ခိုးတော်ကိုအသုံးပြု၍ ရောဂါသည်များကိုကုသပေးလိုလှပါသည်။ သို့သော်ထိုနေ့သည် ဥပုသ်နေ့ဖြစ်ပါသည်။ များစွာသောလူအပေါင်းတို့သည် ဝတ်ပြုကိုးကွယ်ရန်အတွက် ဗိမာန်တော်သို့သွားလျက်ရှိကြပါသည်။ ဥပုသ်နေ့တွင် ရောဂါကုသပေးခြင်းသည် မိမိအမှုတော်ကိုရုပ်တရက်ရပ်စဲ စေရန် ယုဒလူများ၏တစ်ဖက်သတ် အထင်လွဲမှုကို နှိုးဆွလိမ့်မည်ဖြစ်ကြောင်းကို ကိုယ်တော်သိတော်မူပါသည်။

         သို့ရာတွင်ကိုယ်တော်ရှင်သည် အလွန်ဆိုးရွားစွာအတိဒုက္ခရောက်နေသောရောဂါသည်တစ်ဦးအား တွေ့ မြင်တော်မူခဲ့ပါသည်။ ထိုသူသည် နှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်လုံးလုံး ခိုကိုးရာမဲ့တုံးလုံးနေခဲ့ရသော ခြေမစွမ်းသူ တစ်ဦးဖြစ်ပါသည်။ သူ၏ရောဂါသည် အထူးသဖြင့် သူ၏အပြစ်များကြောင့်ဖြစ်ခဲ့ရပြီး ဘုရားသခင်ထံမှ တရား စီရင်ခြင်းဖြစ်သည်ဟုမှတ်ယူခဲ့ကြပါသည်။ မိမိသည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားခွင့်မရနိုင်ရန် တားဆီး ပိတ်ပင်ခြင်းခံရသည်ဟုထင်မှတ်လျက် အဖော်မဲ့သောအထီးကျန်ဘဝဖြင့် ဤရောဂါသည်မှာ စိတ်ဆင်းရဲစရာ ကောင်းသည့် နှစ်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရပါသည်။ ရေလှုပ်လာတော့မည်ဟု ထင်ရသောအချိန်များတွင် ၎င်း၏အကူအညီမဲ့သောအခြေအနေကိုသနားကြသောသူများသည် သူ့အားကနားပြင်များသို့မ၍ သယ်ယူခဲ့ကြ သော်လည်း ရေလှုပ်သောတစ်ခဏတာအချိန်တွင်မူ သူ့အား ရေကန်ထဲသို့ချပေးမည့်သူတစ်ဦး တစ်ယောက်မျှမရှိ ခဲ့ချေ။ သူသည် ရေလှိုင်းများကိုသာ မြင်တွေ့ခဲ့ရသော်လည်း ရေကန်အစွန်းနားထက်ပို၍ မရောက်နိုင်ခဲ့ချေ။ သူ့ထက်ပို၍ခွန်အားရှိသောသူများသည် သူ့အလျင်ရေကန်ထဲသို့ ဆင်းနိုင်ခဲ့ကြပါသည်။ သူသည် အတ္တများပြီး သူ့ထက်ငါအလုအယက်ဖြစ်နေသောလူအုပ်ကြီးကို မဆိုင်ပြိုင်နိုင်ခဲ့ပါချေ။ ရည်ရွယ်ချက်တစ်ခုအတွက် သူ၏မဆုတ်မနစ်ကြိုးစားမှုများ စိုးရိမ်ပူပန်ခြင်းနှင့် အဆက်မပြတ်စိတ်ပျက်ခဲ့ရခြင်းများသည် ကျန်ကြွင်းနေ သောခွန်အားကလေးကို အလျင်အမြန်ပျက်ပြုန်းဆုတ်ယုတ်စေလျက်ရှိပါသည်။ နူးညံ့သိမ်မွေ့၍ သနားကြင်နာ မည့် မျက်နှာပိုင်ရှင်တစ်ယောက်သည် သူ့အားငုံ့ကြည့်၍ “သင်သည် ကျန်းမာခြင်းသို့ရောက်လိုသလော” ဟူသော စကားလုံးများအားဖြင့် ၎င်းအားအာရုံစူးစိုက်စေသောအချိန်တွင် ထိုလူနာသည် အခါအားလျော်စွာခေါင်းထောင် လျက် ရေကန်ကိုကြည့်လိုက်၊ ဖျာပေါ်တွင်လဲလျောင်းလိုက်လုပ်နေသောအချိန်ဖြစ်ပါသည်။ သူ၏စိတ်နှလုံးတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါသည်။ သူသည် တစ်နည်းနည်းအားဖြင့် အကူအညီရမည်ဟုခံစားမိခဲ့ပါ သည်။ သို့သော် မျှော်လင့်ချက်ရောင်ခြည်သည် မကြာမီတွင်ပင် ပျောက်ကွယ်သွားခဲ့ပါသည်။ ရေကန်ထဲတွင် ရောက်‌အောင် သူဘယ်နှစ်ကြိမ်ကြိုးစားခဲ့ဖူးသည်ကို အောက်မေ့သတိရပြီး ယခုတွင် နောက်တစ်ကြိမ်ရေလှုပ် သည့်အချိန်တိုင်အောင် အသက်ရှင်ရန် အလားအလာနည်းပါးနေခဲ့ပါသည်။ သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် တစ်ဖက်သို့လှည့်သွားပြီး “သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကိုသွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာဝင်တတ်ပါသည်” ဟုလျှောက်လေ၏။

ခရစ်တော်သည်ထိုသူအားကိုယ်တော်ရှင်၌ယုံကြည်ခြင်းရှိရန်မတောင်းဆိုခဲ့ချေ။ “ထလော့၊ ကိုယ်အိပ် ယာကိုဆောင်၍ လှမ်းသွားလော့” ဟု ရိုးရိုးကလေးမိန့်တော်မူခဲ့ပါသည်။ သို့သော် ထိုသူ၏ယုံကြည်ခြင်းသည် ထိုစကားတော်ကိုဆွဲကိုင်လိုက်ပါသည်။ အကြောများ၊ ကြွက်သားများသည် အသစ်သောအသက်တာဖြင့် နိုးကြွလာပြီးကျန်းမာသန်စွမ်းသောလှုပ်ရှားမှုများသည် ၎င်း၏မသန်စွမ်းသောကိုယ်အင်္ဂါများထဲသို့ ရောက်ရှိလာ သည်။ သူသည် မေးမြန်းခြင်းမပြုလုပ်တော့ဘဲ ခရစ်တော်၏အမိန့်တော်ကိုနားထောင်ရန် ဆန္ဒပြုသတ်မှတ်လိုက် ရာ ၎င်း၏ကြွက်သားစိုင်များအားလုံးသည် ၎င်း၏ဆန္ဒကိုတုံ့ပြန်ကြပါသည်။ ရုတ်တရက်ထ၍ရပ်လိုက်ရာ မိမိ ကိုယ်ကိုဖျတ်လတ်သောသူတစ်ယောက်ဖြစ်နေကြောင်း သူတွေ့ရှိရပါသည်။

         သခင်ယေရှုသည် ၎င်းအား ဘုရားသခင်၏အမအစနှင့်ပတ်သက်သောအာမခံချက်တစ်စုံတစ်ခုကိုမျှ ပေးတော်မမူခဲ့ချေ။ ထိုသူသည် သံသယစိတ်များကင်းဝေးသွားနိုင်ခဲ့သကဲ့သို့ အနာပျောက်ကင်းခွင့်ကိုလည်း ဆုံးရှုံးသွားနိုင်ခဲ့ပါသည်။ သို့သော် သူသည် ခရစ်တော်၏စကားကိုယုံကြည်၍ မိန့်တော်မူသည့်အတိုင်း ပြုမူဆောင်ရွက်ခဲ့သဖြင့် ခွန်အားများကို ရရှိခဲ့ပါသည်။

         ထိုကဲ့သို့သောယုံကြည်ခြင်းမျိုးအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအနာရောဂါပျောက်ကင်းမှုကို ရရှိနိုင် ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ကြောင့် ဘုရားသခင်၏အသက်တာမှအဆက်ဖြတ်ခြင်းကိုခံခဲ့ရပါသည်။ ကျွန်ုပ်တို့ ၏အသက်ဝိညာဉ်များသည် မစွမ်းမသန်ဖြစ်လျက်ရှိကြပါသည်။ ထိုရောဂါသည်မှာ လမ်းလျှောက်ခြင်းငှါမစွမ်း ဆောင်နိုင်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိမိခွန်အားအားဖြင့် သန့်ရှင်းသောအသက်တာဖြင့် နေထိုင်နိုင်ခြင်းငှါ မစွမ်းနိုင်ကြချေ။ မိမိတို့၏အကူအညီမဲ့ခြင်းကို သိရှိသူများနှင့် ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီစေနိုင်သည့် ဝိညာဉ်ရေးပြည့်စုံသောအသက်တာကို မျှော်လင့်တောင့်တသောသူများ များစွာရှိကြပါသည်။ ထိုသူများသည် ၎င်းအသက်တာမျိုးကိုရရှိရန် အချည်းနှီးကြိုးစားနေကြပါသည်။ မရသည့်အဆုံးတွင် စိတ်ပျက်စွာဖြင့် “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း” (ရောမ ၇း၂၄) ဟု သူတို့ငိုကြွေးဟစ်‌အော်ခဲ့ကြသည်။ စိတ်ပျက်အားလျော့ပြီး ကြိုးစားရုန်းကန်နေသောဤသူများအား မော့၍ အထက်သို့ကြည့်ပါစေ။ မိမိ၏အသွေးတော်နှင့်ဝယ်ထားတော်မူသောကယ်တင်ရှင်သည် ငုံ့ကြည့်တော်မူပြီးလျှင် “သင်သည် ကျန်းမာခြင်းသို့ရောက်လိုသလော” ဟု မဖော်ပြနိုင်သောနူးညံ့သိမ်မွေ့ခြင်း၊ သနားကြင်နာခြင်းတို့ဖြင့် မိန့်တော်မူနေပါသည်။ ကျန်းမာ၊ ငြိမ်သက်စွာဖြင့် မတ်တတ်ထရပ်ရန် သင့်ကို ကိုယ်တော်ရှင်အမိန့်ပေးနေပါသည်။ ကျန်းမာမှုကိုခံစားဖို့ စောင့်ဆိုင်းမနေပါနှင့်။ ကိုယ်တော်၏နှုတ်တော်ထွက်စကားများကိုယုံကြည်ပါ။ ကျန်းမာလာ ပါလိမ့်မည်။ ခရစ်တော်ဘုရားဘက်တွင် ရပ်တည်ရန်ဆုံးဖြတ်ပါ။ ကိုယ်တော်ရှင်၏ အမိန့်တော်အတိုင်းလုပ် ဆောင်ရန်ဆန္ဒရှိ၍ အမိန့်တော်အတိုင်းလုပ်‌ဆောင်လျှင် ခွန်အားကိုသင်ရပါလိမ့်မည်။ အချိန်ကြာမြင့်စွာ လိုက်စား ခဲ့ခြင်းကြောင့် စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်နှစ်ခုစလုံးကို ချုပ်နှောင်ထားသည့် ကာမဂုဏ်လိုက်စားခြင်းတည်းဟူသော မည်သည့်မကောင်းသောအကျင့်ဆိုးကိုမဆို ခရစ်တော်သည် မစနိုင်ပါသည်။ ကယ်တင်ရန်လည်း မျှော်လင့် တောင့်တနေပါသည်။ ကိုယ်တော်သည် “ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော” (ဧဖက် ၂း၂) အသက်ဝိညာဉ်အား အသက်ကိုပေးစေတော်မူလိမ့်မည်။ အားနည်းချက်ကြောင့်သော်လည်းကောင်း၊ ကံမကောင်းအကြောင်းမလှခြင်း ကြောင့်လည်းကောင်း၊ အပြစ်၏အနှောင်အဖွဲ့များတို့ကြောင့်လည်းကောင်း ဖမ်းဆီးချုပ်ထားခြင်းခံရသော ဝိညာဉ် ရေးအကျဉ်းသားများကို ကိုယ်တော်သည် လွှတ်ခြင်းအခွင့်ကိုပေးတော်မူလိမ့်မည်။

         ပြန်လည်ကျန်းမာလာသောထိုသူသည် မိမိ၏အိပ်ရာဖြစ်သော ကြမ်းခင်းစောင်ကြမ်း တစ်ထည်နှင့် ခြုံစောင်ကလေးတစ်ထည်ကို ကုန်း၍ကောက်ယူလိုက်ပြီး အားရနှစ်သက်စွာဖြင့် ကိုယ်ကိုတစ်ဖန်ပြန်၍မတ် လိုက်ကာ မိမိကိုမစသောပုဂ္ဂိုလ်အားတွေ့နိုင်ရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါသည်။ သို့သော် ခရစ်တော်သည် လူအုပ်ကြီးထဲတွင်ပျောက်သွားခဲ့ပါသည်။ နောက်တစ်ဖန်ကိုယ်တော်ကိုတွေ့လျှင် မမှတ်မိမည်ကိုသူ စိုးရိမ်နေပါ သည်။ မိမိရရှိသည့် အသစ်သောခွန်အားများကြောင့် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဘုရားသခင်အားချီးမွမ်း ထောမနာပြုလျက် ခိုင်မာသွက်လက်သော ခြေလှမ်းများဖြင့် သူလျှောက်လှမ်းလာစဉ်တွင် လမ်း၌ဖါရိရှဲများကို တွေ့ရှိရာ ချက်ချင်းပင် မိမိ၏ရောဂါကုသပျောက်ကင်းခြင်းအကြောင်းကို သူတို့အားပြောပြလိုက်သည်။ သူတို့သည် မိမိပြောပြနေသည့် အကြောင်းကို စိတ်မပါ့တပါနှင့်နားထောင်နေကြသည်ကို တွေ့ရသောအခါ သူအံ့အားသင့်သွားခဲ့ပါသည်။

         သူတို့သည် ထိုသူ၏စကားကိုဖြတ်၍ သုန်မှုန်သောမျက်နှာထားများနှင့် မည်သည့်အတွက်ကြောင့် ဥပုသ် နေ့တွင် အိပ်ရာကိုသယ်လာရကြောင်းကို မေးမြန်းကြ၏။ သခင်ဘုရား၏နေ့တွင် ဝန်များကို သယ်ပိုးခြင်းသည် ပညတ်တော်နှင့်မကိုက်ညီကြောင်းကို သူ့အား ကျပ်တည်းစွာသတိပေးခဲ့ကြပါသည်။ ဤသူသည် ပျော်ရွှင် သောကြောင့် ထိုနေ့သည် ဥပုသ်နေ့ဖြစ်ကြောင်း မေ့လျော့သွားခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်ထံတော်မှ ထိုကဲ့သို့သောတန်ခိုးတော်ကိုရရှိသော ပုဂ္ဂိုလ်တစ်ဦး၏အမိန့်ကို နားထောင်ခြင်းအတွက် အပြစ်မရှိဟု သူထင်မြင် ခံစားခဲ့ပါသည်။ သို့အတွက် ထိုသူက “အကျွန်ုပ်ကို ကျန်းမာစေသောသူက ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွား လော့” ဟုဆိုသည်ဟု ရဲရင့်စွာပြန်၍ပြောကြားလိုက်ပါသည်။ ထိုကဲ့သို့ လုပ်‌ဆောင်သောသူသည် မည်သူနည်းဟု သူတို့ကမေးသော်လည်း သူပြောမပြနိုင်ခဲ့ချေ။ ဤနိမိတ်လက္ခဏာကို လုပ်ဆောင်နိုင်ကြောင်းမိမိကိုယ်ကို ထင်ရှား စေခဲ့သော ပုဂ္ဂိုလ်တစ်ပါးတည်းရှိကြောင်းကို ဤယုဒလူအကြီးအကဲများ ကောင်းစွာသိရှိခဲ့ကြပါသည်။ သို့သော် လည်း ထိုသူအား ဥပုသ်ချိုးဖောက်သူတစ်ဦးအနေဖြင့် အပြစ်တင်ခွင့်ရနိုင်စေရန်အတွက် ဤသူက ယေရှုဖြစ် ကြောင်းဖော်ပြသည့် တိုက်ရိုက်သက်သေပြချက်တစ်ခုကို သူတို့လိုလားခဲ့ကြပါသည်။ ကိုယ်တော်သည် ဥပုသ်နေ့တွင် လူနာကိုကုသခြင်းအတွက် ပညတ်တော်ကိုချိုးဖောက်ရုံသာမက ဤသူအားအိပ်ရာကိုဆောင်သွား ရန် အမိန့်ပေးခြင်းအားဖြင့် ဘုရားသခင်ကို မခံ့မညားပြုသည်ဟု ယုဒလူအကြီးအကဲများက စီရင်ခဲ့ကြပါသည်။

         ယုဒလူများသည် ပညတ်တော်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေအောင် လွဲမှားစွာကျင့်သုံးခဲ့ကြပါသည်။ ၎င်းတို့၏ အဓိပ္ပါယ်မရှိသောလုပ်‌ဆောင်ရန်တောင်းဆိုချက်များသည် အခြားလူမျိုးများအလယ်တွင် ကဲ့ရဲ့စရာအဖြစ် ပုံခိုင်း စရာတစ်ခုဖြစ်လာခဲ့ပါသည်။ အထူးသဖြင့်ဥပုသ်နေ့ကို အဓိပ္ပါယ်မရှိသော ကန့်သတ်တားမြစ်ချက်များ အမျိုးမျိုး တို့ဖြင့် ခြံစည်းရိုးခတ်ထားခဲ့ကြပါသည်။ ထိုသို့သော လုပ်ရပ်သည် ၎င်းအတွက်နှစ်ခြိုက်ဖွယ်သောအရာ၊ ဘုရားသခင်အတွက် သန့်ရှင်းခြင်းနှင့် ဂုဏ်ပြုထိုက်သောအရာတစ်ခုမဖြစ်ခဲ့ပါချေ။ ကျမ်းတတ်ဆရာနှင့်ဖါရိရှဲများ သည် ဥပုသ်နေ့တည်ဆောက်ခြင်းကို သည်းမခံနိုင်လောက်သော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့ကြပါသည်။ ဥပုသ် နေ့တွင် ယုဒလူမျိုးတစ်ယောက်သည် ဖယောင်းတိုင်ကိုမီးညှိခြင်းအစ၊ မီးမွှေးခြင်းကိုလုပ်ဆောင်ခွင့် မရကြချေ။ အကျိုးဆက်တစ်ခုအနေဖြင့် ယုဒလူများသည် တစ်ပါးအမျိုးသားဘုရင်များအတွက်သာ ကျင်းပရန်သီးသန့် ထားခဲ့သော အခမ်းအနားများစွာတို့အတွက် တစ်ပါးအမျိုးသားများအပေါ်တွင် မှီငြမ်းလာခဲ့ကြရပါသည်။ အကယ်၍ ထိုလုပ်ဆောင်ချက်များသည် အပြစ်ရှိနေလျှင် အခြားသူများအား ငှါးရမ်း၍လုပ်ဆောင်ခိုင်းသော သူများသည် မိမိတို့ကိုယ်တိုင်လုပ်ဆောင်သကဲ့သို့ အပြစ်ရှိကြောင်းကို သူတို့ထင်ရှားစွာမသိခဲ့ကြချေ။ ကယ်တင်ခြင်းသည် ယုဒလူမျိုးများအတွက်သာ သီးသန့်သတ်မှတ်သည်ဟူ၍လည်းကောင်း၊ အခြားသူအားလုံး ၏အခြေအနေသည် မျှော်လင့်ချက်မရှိသည့်အခြေအနေတွင်ရှိနေပြီးဖြစ်သည့်အတွက် ပို၍မဆိုးဝါးနိုင်တော့ချေ ဟူ၍လည်းကောင်း သူတို့ထင်မြင်ယူဆခဲ့ကြပါသည်။ သို့သော် ခပ်သိမ်းသောလူများမစောင့်ရှောက်နိုင်သော မည်သည့်ပညတ်တော်ကိုမျှ ဘုရားသခင်ပေးတော်မမူခဲ့ချေ။ ကိုယ်တော်၏ပညတ်တော်များသည် အကြောင်း ယုတ္တိမခိုင်လုံသော (သို့မဟုတ်) တစ်ကိုယ်ကောင်းဆန်သော မည်သည့်တားမြစ်ချက်များကိုမျှ မပြုခဲ့ချေ။

         သခင်ယေရှုသည် ဗိမာန်တော်တွင် မိမိကျန်းမာစေခဲ့သောလူကို ပြန်၍တွေ့တော်မူခဲ့ပါသည်။ ထိုသူသည် မိမိခံစားရရှိခဲ့သော ဘုရားသခင်၏ကရုဏာတော်အတွက် အပြစ်ဖြေရာယဇ်နှင့် ကျေးဇူးတင်ခြင်းအတွက် ပူဇော်သကာကို ပူဇော်လှူဒါန်းရန် ဗိမာန်တော်သို့ လာခဲ့ခြင်းဖြစ်ပါသည်။ သခင်ယေရှုသည် ထိုသူကို ကိုးကွယ်သူများအလယ်တွင် တွေ့ရှိသောအခါ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသိပေးကာ “သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့်ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန်ဒုစရိုက်ကိုမပြုနှင့်” ဟု သတိပေးစကားကိုမိန့်တော်မူ၏။

         ထိုသူသည်မိမိအား ကုသပေးခဲ့သည့်ပုဂ္ဂိုလ်နှင့်တွေ့ရသည့်အတွက် အလွန်ဝမ်းမြောက်ခဲ့ပါသည်။ သခင်ယေရှုအပေါ် ဖာရိရှဲများရန်ငြိုးထားရှိကြောင်းကိုမသိခဲ့သောကြောင့် မိမိအားကုသပျောက်ကင်းစေသောသူ သည် ကိုယ်တော်ဖြစ်ကြောင်းကို ၎င်းအားမေးမြန်းခဲ့သော ဖါရိရှဲများအား ပြောပြခဲ့ပါသည်။ “ထိုအမှုကို ဥပုသ်နေ့ ၌ပြုတော်မူသောကြောင့် ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲခြင်းငှါလည်းကောင်း၊ သတ်ခြင်းငှါလည်းကောင်း ရှာကြံကြ၏။”

         ဥပုသ်နေ့ချိုးဖောက်ခြင်းအတွက် စွဲချက်တင်မှုကိုဖြေဆိုရန်အတွက် ခရစ်တော်ကို ဆန်ဟီဒရင်လူကြီးများ ရှေ့မှောက်သို့ခေါ်ဆောင်ခဲ့ကြပါသည်။ ထိုအချိန်တွင် ယုဒလူမျိုးများသည် လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်ခဲ့ပါလျှင် သူတို့သည် ခရစ်တော်ကို အဆုံးစီရင်ပစ်မည်ဖြစ်ပါသည်။ သို့သော် ၎င်းတို့သည် ရောမများ၏လက်အောက်ခံဖြစ် နေကြသောကြောင့် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ကြချေ။ ယုဒလူများ၌ ကြီးမားသောပြစ်မှုများအတွက် စီရင် ပိုင်ခွင့်မရှိကြချေ။ ၎င်းပြင် ခရစ်တော်အားစွဲဆိုထားသောအချက်များသည်လည်း ရောမတရားရုံးတွင် အထူး အရေးထားမည့်စွဲဆိုချက်များမဟုတ်ချေ။ မည်သို့ပင်ဆိုစေ၊ သူတို့မျှော်လင့်ထားသည့်အခြား မျှော်မှန်းချက်များ လည်းရှိပါသေးသည်။ ကိုယ်တော်၏အမှုတော်ကို အဟန့်အတားလုပ်ရန် ကြိုးစားခဲ့သော်ငြားလည်း ယေရုရှလင်မြို့၌ ပင်လျှင် ခရစ်တော်သည် ၎င်းတို့ထက် လူထုအပေါ်ဩဇာသက်ရောက်မှုများကိုရရှိနေပါသည်။ ကျမ်းတတ်ဆရာများ၏ ဟိတ်ဟန်ထုတ်၍ ပြောသောစကားများကို စိတ်ဝင်စားမှုမရှိကြသော လူထုကြီးသည် ကိုယ်တော်ရှင်၏သွန်သင်ချက်များကို စွဲမက်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်မိန့်တော်မူသောစကားများကို သူတို့ နားလည်သဘောပေါက်ကြပြီး စိတ်နှလုံးများတွင် နွေးထွေးမှုများနှင့် နှစ်သိမ့်မှုများကို ခံစားခဲ့ကြပါသည်။ ဘုရားသခင်သည် ကလဲ့စားချေတတ်သော တရားသူကြီးအနေဖြင့်မဟုတ်ဘဲ ချစ်တတ်သောဖခင်တစ်ဦး အဖြစ် ဖြင့် ထာဝရဘုရားအကြောင်းကို ကိုယ်တော်သွန်သင်တော်မူခဲ့ပါသည်။ မိမိကိုယ်ကို မှန်ထဲတွင်ပေါ်လွင်စေ သကဲ့သို့ ဘုရားသခင်၏သဏ္ဌာန်တော်ကို ကိုယ်တော်ရှင်ဖော်ပြတော်မူခဲ့ပါသည်။ ကိုယ်တော်၏စကားများသည် ဒဏ်ရာရနေသောအသက်ဝိညာဉ်တစ်လုံးအတွက် ဆီမွှေးကဲ့သို့ဖြစ်ပါသည်။ ကိုယ်တော်၏နှုတ်ထွက်စကားများ နှင့် ကရုဏာထားလုပ်ဆောင်မှုများသည် ရှေးဟောင်းမိရိုးဖလာများ၏ ဖိစီးနှိပ်စက်နေသော တန်ခိုးများနှင့် လူများတို့ တီထွင်ထားသောပညတ်များကို ချိုးဖျက်လျက်ရှိပြီး မကုန်ခန်းနိုင်အောင် ပြည့်ဝနေသောဘုရား၏ မေတ္တာတော်ကိုဖော်ပြလျက်ရှိပါသည်။

         ခရစ်တော်အကြောင်းဖော်ပြထားသည့် ရှေးအကျဆုံးအနာဂတ္တိစကားတစ်ခုမှာ “ရှိလောမရောက်မီ တိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်” ဟူသတည်း။ (ကမ္ဘာ၊ ၄၉း၁၀)။ လူထုကြီး၏ ကြင်နာ သနားတတ်သောစိတ်နှလုံးများသည် ယဇ်ပုရောဟိတ်များခိုင်းစေသည့်ကျပ်တည်းသောဝိနည်းထုံးဖွဲ့များထက် မေတ္တာနှင့်ကျေးဇူးပြုခြင်းများ၏ သင်ခန်းစာများကိုဦးစားပေး၍ လက်ခံခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများသည် ကိုယ်တော်ရှင်၏အမှုတော်ကို ကြားဝင်ဟန့်တားမှုများမပြုလုပ်ခဲ့လျှင် ကိုယ်တော်ရှင် ၏ သွန်သင်ချက်သည် ကမ္ဘာကမကြုံခဲ့ဖူးသော ဘာသာရေးပြုပြင်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့လိမ့်မည်ဖြစ်ပါ သည်။ သို့သော် ယုဒခေါင်းဆောင်များသည် မိမိတို့၏အာဏာတည်မြဲရေးအတွက် ခရစ်တော်၏ဩဇာ သက် ရောက်မှုများကို ချေဖျက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်အား ဆန်ဟီဒရင်အဖွဲ့ရှေ့မှောက်တွင် ရုံးတင် စစ်ဆေးခြင်းနှင့် ၎င်း၏သွန်သင်ချက်များအပေါ် ဗြောင်ကျကျပြစ်တင်ပုတ်ခတ်ခြင်းများသည် ထိုဆုံးဖြတ်ချက်ကို ထိရောက်ရန်ကူညီခဲ့ပါသည်။ အကြောင်းမူကား ယုဒလူများသည် ၎င်းတို့၏ဘာသာရေးခေါင်းဆောင်များအား အလွန်ရိုသေကိုင်းရှိုင်းနေကြဆဲဖြစ်သောကြောင့်ဖြစ်ပါသည်။ ကျမ်းတတ်ဆရာများ၏ ‌တောင်းဆိုချက်များ ပြစ်တင်ပုတ်ခတ်ဝံ့သောသူများ (သို့မဟုတ်) ယုဒလူများအပေါ်တွင် ကျမ်းတတ်ဆရာများတင်ထားသော ဝန်များ ကိုပေါ့စေရန် ကြိုးစားသောသူများသည် ဘုရားသခင်ကို မခန့်မညားပြုသည့်အနေဖြင့်သာမက နိုင်ငံတော်ကို သစ္စာဖောက်သည့် အပြစ်ရှိသူတစ်ဦးအနေဖြင့် မှတ်ယူခြင်းကိုခံကြရပါသည်။ ဤနေရာတွင် ကျမ်းတတ်ဆရာ များသည် ခရစ်တော်အပေါ်မယုံသင်္ကာဖြစ်လာဖို့ နှိုးဆွရန်မျှော်လင့်ခဲ့ကြပါသည်။ အတည် တကျဖြစ်နေသော ဓလေ့အကျင့်များကို ကပြောင်းကပြန်ဖြစ်အောင် ကြိုးစားနေသူတစ်ဦးအဖြစ် ခရစ်တော်အားသူတို့ ပုံဖော်ခဲ့ကြ ပါသည်။ ဤနည်းအားဖြင့် ယုဒလူအချင်းချင်း စိတ်သဘောထားကွဲပြားသွားအောင် ကြိုးစား၍ယုဒတစ်မျိုးသား လုံးအား ရောမလက်အောက်ခံလုံးလုံးဖြစ်သွားအောင် ပြင်ဆင်ကြလျက်ရှိပါသည်။

ကျမ်းတတ်ဆရာများအလွန်စိတ်အားထက်သန်စွာအကောင်အထည်ဖော်လုပ်ဆောင်နေကြသော ဤစီမံ ကိန်းကို ဆန်ဟီဒရင်အဖွဲ့မှသာမက အခြားအဖွဲ့များမှလည်း အစပျိုးလုပ်ဆောင်ခဲ့ကြပါသည်။ စာတန်သည် ခရစ်တော်အား တောတွင်စုံစမ်းအောင်မြင်နိုင်ခြင်းမရှိခဲ့သည့်နောက် သူသည် ကိုယ်တော်၏အမှုတော်တွင် ကိုယ်တော်အားဆန့်ကျင်ရန် မိမိ၏အင်အားစုများကို စုစည်းခဲ့ပါသည်။ ဖြစ်နိုင်လျှင် ကိုယ်တော်၏အမှုတော်ကို ဖျက်ဆီးပစ်ရန်ဖြစ်ပါသည်။ မိမိကိုယ်တိုင်တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် ပြီးစီးအောင်မလုပ်ဆောင်နိုင်သော ထိုလုပ်ငန်းကို နည်းဗျူဟာသုံး၍ လုပ်ဆောင်ရန် သူဆုံးဖြတ်ခဲ့ပါသည်။ သူသည် တော၌မအောင်မြင်သော စုံစမ်းမှု တွင် နောက်ဆုတ်ခဲ့ရပြီး မကြာမီတွင် ယုဒလူမျိုးများသည် ကယ်တင်ရှင်ကိုမသိရှိကြစေရန် ၎င်းတို့၏ဝိညာဉ် မျက်စိများကန်းစေဖို့ လုပ်ဆောင်မည့်မိမိ၏အကြံအစည်များကို ကျဆုံးသောကောင်းကင်တမန်များနှင့် နှီး‌နှော တိုင်ပင်ကာ အကောင်အထည်ဖော်ခဲ့ပါသည်။ ခရစ်တော်အပေါ်ထားရှိသည့် မိမိ၏ရန်ငြိုးကို ယုဒလူများ၏စိတ် တွင် စွဲမြဲစေခြင်းအားဖြင့် ဘာသာရေးလောကမှ ၎င်း၏လူသားကိုယ်စားလှယ်များမှတစ်ဆင့် ခရစ်တော်အား ဆန့်ကျင်လုပ်ဆောင်ရန် သူစီစဉ်ခဲ့ပါသည်။ ကိုယ်တော်ရှင်အား အမှုတော်ဆောင်ရာတွင် စိတ်ဓာတ်ကျစေဖို့ မျှော်လင့်ချက်ဖြင့် ယုဒလူများသည် ခရစ်တော်ကိုငြင်းပယ်ရန်နှင့် ကိုယ်တော်၏အသက်တာကို လုံးဝမနှစ်မြို့စေ ရန် သူလမ်းပြခဲ့ပါသည်။ ထိုနည်းအားဖြင့် ဣသရေလခေါင်းဆောင်များသည် ခရစ်တော်အားဆန့်ကျင်တိုက်ခိုက် ခြင်းလုပ်ငန်းတွင် စာတန်၏အသုံးတော်ခံပစ္စည်းများဖြစ်လာခဲ့ကြပါသည်။

         ခရစ်တော်သည် တရားတော်ကိုချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေရန်နှင့် တရားတော်၏ သိက္ခာ တော်ကို လျော့ပါးစေရန်အတွက် မဟုတ်ဘဲ မြှင့်တင်ပေးရန်ကြွလာတော်မူခဲ့ပါသည်။ ကျမ်းစာလာသည်ကား “မြေကြီးပေါ်တွင် တရားတော်မတည်စေမီတွင် သူသည် အားမလျော့၊ စိတ်ပျက်လိမ့်မည်မဟုတ်ချေ” ဟူ သတည်း။ ဥပုသ်တော်နေ့ကို ကောင်းချီးမင်္ဂလာဖြစ်စေရမည့်အစား ကျိန်ခြင်းအမင်္ဂလာဖြစ်စေသည့် ဝန်လေးစေ သော တောင်းဆိုချက်များကိုဖယ်ရှားပစ်ရန် ကိုယ်တော်ကြွလာတော်မူခဲ့ပါသည်။

         ထိုအကြောင်းကြောင့် ကိုယ်တော်ရှင်သည် ဗေသေသဒရေကန်တွင် လူနာကုသခြင်းအမှုကို ဆောင်ရွက် ရန် ဥပုသ်တော်နေ့ကိုရွေးချယ်ခဲ့ပါသည်။ ကိုယ်တော်သည် ထိုလူနာအား အခြားနေ့တစ်နေ့၌လည်း ကုသလိုက ကုသနိုင်တော်မူပါသည်။ (သို့မဟုတ်) ကိုယ်တော်သည် ထိုလူနာအား အိပ်ရာကိုသယ်မသွားခိုင်းဘဲ အနာပျောက် အောင်ကုသပေးရုံသာလုပ်ဆောင်မည်ဆိုလျှင်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ထိုကဲ့သို့လုပ်ဆောင်မည် ဆိုလျှင် ကိုယ်တော်အလိုရှိသော အခွင့်အလမ်းပေါ်လာခဲ့လိမ့်မည်မဟုတ်ချေ။ အမြော်အမြင်ရှိသော အကြံအစည် တစ်ခုသည် ခရစ်တော်၏လောကဘဝအသက်တာတွင် လုပ်ဆောင်ခဲ့သောလုပ်ဆောင်မှုတိုင်း၌ ပါရှိနေပါသည်။ ကိုယ်တော်ရှင်၏လုပ်ဆောင်မှုတိုင်းသည် အရေးပါလှပါသည်။ မိမိ၏အနာပျောက်ကင်းခြင်းတန်ခိုးတော်ကို အသုံးပြုရန် ထိုရေကန်၌ စုရုံးနေကြသောလူနာများတွင် အဆိုးဆုံးသောလူနာကိုကုသပေးရန် ကိုယ်တော်ရွေး ချယ်ခဲ့ပြီး ၎င်းအပေါ်တွင်ပြု‌တော်မူခဲ့သည့် ကြီးမားသောအမှုတော်ကို လူသိရှင်ကြားကြေငြာစေရန်အလို့ငှါ ကိုယ်တော်သည် ထိုသူအား ၎င်း၏အိပ်ရာကိုသယ်ဆောင်သွားရန် အမိန့်ပေးခဲ့ပါသည်။ ထိုကဲ့သို့ခိုင်းစေ လိုက်ခြင်း အားဖြင့် ဤအမှုကို ဥပုသ်နေ့တွင် ပြုလုပ်ရန် ပညတ်တော်ကခွင့်ပြုသလားဟူသော မေးခွန်းပေါ်လာမည်ဖြစ်ပြီး သခင်ဘုရား၏နေ့နှင့်ပတ်သက်၍ ယုဒလူများသတ်မှတ်ထားကြသော တားမြစ်ကန့်သတ်ချက်များကို လူသိရှင် ကြားအပြစ်တင်ရန်နှင့် ၎င်းတို့၏မိရိုးဖလာဓလေ့များသည် အချည်းနှီးဖြစ်ကြောင်းကြေညာရန် လမ်းပွင့်သွား လိမ့်မည်ဖြစ်ပါသည်။

         အနာရောဂါကင်းငြိမ်းစေခြင်းအမှုသည် ဥပုသ်ပညတ်နှင့်ကိုက်ညီကြောင်းကို သူတို့အား ကိုယ်တော်သည် အစပျိုးဖော်ပြခဲ့ပါသည်။ ဤအရာသည် လူနာများအားမစရန် မြေကြီးနှင့်ကောင်းကင်အကြား လူးလာဆန်ခတ် လှုပ်ရှားသွားလာနေသော ဘုရားသခင်၏ကောင်းကင်တမန်များ၏ အမှုဆောင်ခြင်းနှင့်လည်း ကိုက်ညီနေပါသည်။ “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏” ဟု ခရစ်တော်မိန့် တော်မူခဲ့ပါသည်။ ဘုရားသခင်သည် လူသားများအတွက်ထားရှိသည့်မိမိ၏စီမံကိန်းများကို နေ့စဉ်အကောင် အထည်ဖော်လုပ်ဆောင်တော်မူ၏။ ပညတ်‌တော်အပေါ် ယုဒလူများ၏အနက်ဖွင့်မှု မှန်ကန်ခဲ့မည်ဆိုလျှင် ဤကမ္ဘာ၏တိုက်မြစ်ကို ပထမဦးဆုံးချသည့်အချိန်မှစ၍ ယခုတိုင်အောင် ဝေနေယျသတ္တဝါများအား အသက်ရှင်လှုပ်ရှားစေရန် ကျွေးမွေးထောက်ပံ့တော်မူခဲ့သော အလုပ်များကို ပြုတော်မူသည့်ထာဝရဘုရားသည် ကြံရာမရဖြစ်ခဲ့မည်ဖြစ်ပါသည်။ ထိုနောက် မိမိ၏လက်ရာတော်များကို ကြည့်ရှုပြီး ကောင်းသည်ဟုကြေညာခဲ့ ကာ ဖန်ဆင်းခြင်းပြီးဆုံးကြောင်း အမှတ်တရဖြစ်စေရန် ဥပုသ်နေ့ကိုတည်ထောင်တော်မူခဲ့သော ကိုယ်တော်သည် မိမိ၏အမှုကို အဆုံးသတ်တော်မူ၍ အဆုံးမရှိသောစကြဝဠာ၏လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ရပ်တန့်စေတော်မူ ရမည်ဖြစ်ပါသည်။

         ထာဝရဘုရားသည် ဥပုသ်တော်နေ့တွင် ကမ္ဘာလောကအားအနွေးဓာတ်ပေး၍ ဟင်းသီးဟင်းရွက်များကို ကြီးထွားစေသည့်ရောင်ခြည်များကိုဖြတ်တောက်၍ နေမင်းကြီး၏လုပ်ငန်းများကိုရပ်ဆိုင်းစေခဲ့ပါသလား။ ကမ္ဘာ များ၏စီမံလုပ်ဆောင်မှုများကို ထိုသန့်ရှင်းသောနေ့တစ်နေ့လုံးတွင် ရပ်တန့်ထားရမည်လား။ ကိုယ်တော်သည် လယ်ကွင်းများနှင့် သစ်‌တောများအား ရေပေးဝေနေသောရေချောင်းများကို ရေစီးရပ်တန့်ရန် ထိုနေ့တွင်အမိန့်ပေး ရမည်လား။ ၎င်းပြင် ထိုနေ့တွင် ဒီရေအတက်အကျရပ်ဆိုင်းသွားရန် ပင်လယ်လှိုင်းများကို အမိန့်ပေးရမည်လား။ ဂျုံစပါးနှင့်ပြောင်းသီးနှံများသည် ဥပုသ်နေ့တွင် ကြီးထွားမှုရပ်တန့်ရမည်လား။ မှည့်နေသော အသီးအနှံများသည် ဥပုသ်နေ့တွင် ၎င်း၏ခရမ်းရောင်အပွင့်တွင် ဆက်လက်ကြန့်ကြာနေရမည်လား။ သစ်ပင်များနှင့်ပန်းပွင့်များတို့ သည် ဥပုသ်တော်နေ့တွင် အဖူးအပွင့်များတို့ကို မဖူးပွင့်ရဖူးလား။

         ထိုကဲ့သို့သာဖြစ်မည်ဆိုလျှင် လူများသည် ကမ္ဘာ့အသီးအနှံများကိုလည်းကောင်း၊ နှစ်သက်ဖွယ်သော အသက်တာကိုဖြစ်စေသော ကောင်းချီးမင်္ဂလာများလည်းကောင်း ခံစားကြရတော့မည်မဟုတ်ချေ။ သဘာဝ တရားသည် မပြောင်းမလဲသောလမ်းစဉ်ဖြင့် အဆက်မပြတ်လုပ်ဆောင်နေရပါမည်။ ထာဝရဘုရားသည် ကိုယ်တော်၏ရွှေလက်တော်ကို တစ်ခဏမျှပင်မရပ်တန့်နိုင်ပါချေ။ ရပ်တန့်တော်မူခဲ့လျှင် လူသားများသည် ခွန်အားဆုတ်ယုတ်၍ သေကျေကုန်ကြပေလိမ့်မည်။ လူသားများ၌လည်း ဤနေ့မြတ်တွင် လုပ်ဆောင်ရန် အလုပ် များရှိသည်။ အသက်တာအတွက်မလုပ်လျှင်မဖြစ်သောလုပ်ငန်းများကို လုပ်ဆောင်ရပါမည်။ လူနာများကို ပြုစု စောင့်ရှောက်ရပါမည်။ ဆင်းရဲသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရပါမည်။ အနာရောဂါခံစားနေရသူ အား သက်သာမှုရှိစေရန် လုပ်ဆောင်ခြင်းအတွက် ဥပုသ်နေ့တွင်လျစ်လျူရှုထားသည့်သူအား အပြစ်ကင်းသောသူ ဟူ၍ မှတ်တော်မူမည်မဟုတ်ချေ။ ဘုရားသခင်၏သန့်ရှင်းသော နားနေရာနေ့သည် လူအတွက်ဖြစ်ပြီး သနားခြင်း ကရုဏာနှင့်ဆိုင်သောပြုမူဆောင်ရွက်မှုများသည် ဥပုသ်တော်နေ့၏ရည်ရွယ်ချက်လုံးလုံးကိုက်ညီပါသည်။ ဥပုသ် တော်နေ့တွင်ဖြစ်စေ၊ အခြားနေ့တွင်ဖြစ်စေ ပျောက်ကင်းသက်သာစေနိုင်သည့် ခဏတာခံစားရမည့် နာကျင်မှုကို ပင် ကိုယ်တော်၏သားသမီးများခံစားရန် ထာဝရဘုရားအလိုတော်မရှိချေ။

         ဥပုသ်နေ့တွင် အခြားနေ့များထက် ဘုရားသခင်အပေါ်တောင်းဆိုချက်များပြားလှပါသည်။ ထိုနေ့တွင် သားသမီးများသည် မိမိတို့၏လုပ်မြဲအလုပ်များကိုမလုပ်ကြတော့ဘဲ ဘုရားသခင်ကိုအာရုံပြုခြင်းနှင့် ဝတ်ပြု ကိုးကွယ်ခြင်းများအားဖြင့်သာ အချိန်ကုန်လွန်စေခဲ့ကြပါသည်။ သူတို့သည် အခြားနေ့များမှာထက် ဥပုသ်နေ့တွင် ကောင်းချီးများကိုပိုမိုတောင်းခံတတ်ကြပါသည်။ ကိုယ်တော်၏ဂရုစိုက်မှုကို သူတို့တောင်းခံတတ်ကြပါသည်။ ကိုယ်တော်၏အထူးရွေးချယ်ထားသည့် ကောင်းချီးမင်္ဂလာများကိုရယူရန် သူတို့အသနားခံကြပါသည်။ ကိုယ်တော်သည် ဤတောင်းခံချက်များကို မပေးသနားမီ ဥပုသ်နေ့ကို ကုန်ုဆုံးသွားရန် စောင့်ဆိုင်းတော်မမူချေ။ ကောင်းကင်နိုင်ငံ၏လုပ်ငန်းများသည် ရပ်တန့်ခြင်းမရှိသကဲ့သို့ လူများသည်လည်း ကောင်းသောလုပ်ငန်းများကို လုပ်ကိုင်ခြင်းမှမရပ်ဆိုင်းသင့်ကြချေ။ ဥပုသ်တော်နေ့ကို အလဟဿလှုပ်ရှားလုပ်ကိုင်ခြင်း မရှိသောအချိန်ဖြစ်ရန် မရည်ရွယ်ချေ။ လောကနှင့်ပတ်သက်သောစားဝတ်နေရေးအတွက် အမြတ်အစွန်းရရန်လုပ်သောအလုပ်များနှင့် ပျော်ပွဲရွှင်ပွဲများအတွက် လုပ်ဆောင်မှုများကို ဥပုသ်တော်နေ့တွင် မပြုလုပ်ကြရန် ပညတ်တော်ကတားမြစ်ပါ သည်။ သို့သော် ဘုရားသခင်သည် ဖန်ဆင်းခြင်းအလုပ်ကို ဥပုသ်တော်နေ့တွင် ရပ်နားတော်မူ၍ ထိုနေ့ကို ကောင်းချီးပေးတော်မူခဲ့သကဲ့သို့ လူသားများသည် နေ့စဉ်အသက်တာ၏လုပ်ငန်းများကို နေ့တွင်စွန့်ပစ်ကာ ကျန်းမာစွာနားနေခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် သန့်ရှင်းမွန်မြတ်သောအလုပ်များအတွက် ထိုအချိန်ကိုဆက်ကပ် ကြရပါမည်။ ထိုကြောင့် ခရစ်တော်၏လူနာကိုကုသခြင်းအလုပ်သည် ပညတ်တော်နှင့်တိတိကျကျကိုက်ညီပြီး တစ်နည်းအားဖြင့် ဥပုသ်တော်နေ့ကို ဂုဏ်ပြုခဲ့ခြင်းလည်းဖြစ်ပါသည်။

         သန့်ရှင်းမွန်မြတ်သောအလုပ်များကို လုပ်ဆောင်ခြင်းအားဖြင့် မိမိသည် ဘုရားသခင်ကဲ့သို့လုပ်ပိုင်ခွင့်ရှိ ကြောင်းကိုလည်းကောင်း၊ ဘုရားသခင်နှင့်တူညီသော စာရိတ္တတော်ရှိကြောင်းကိုလည်းကောင်း သခင်ယေရှုမိန့် တော်မူခဲ့ပါသည်။ ဖါရိရှဲများနားလည်သဘောပေါက်ထားသည့်အတိုင်း ကိုယ်တော်သည် ပညတ်တော်ကိုချိုး ဖောက်ရုံသာမက ဘုရားသခင်ကိုမိမိအဘဟုခေါ်၍ ဘုရားသခင်နှင့်ပြိုင်နှိုင်းတော်မူသောကြောင့် ၎င်းတို့သည် ပို၍ပင်ဒေါသအမျက်ထွက်ခဲ့ကြပါသည်။ ယုဒတစ်မျိုးသားလုံးသည် ဘုရားသခင်ကို မိမိတို့၏အဘဟု ခေါ်ဝေါ် ကြ သဖြင့် ၎င်းတို့ခံယူသောအနေအထားမျိုးနှင့် ခရစ်တော်သည် မိမိကိုယ်ကိုရုပ်လုံးဖော်လျှင် ယခုလောက်စိတ်ဆိုး ကြမည်မဟုတ်ချေ။ ယခုတွင်မူ ခရစ်တော်သည် မိမိကိုယ်ကို ဘုရားသခင်ကဲ့သို့ဖြစ်ကြောင်း ပြောဆိုနေသည်ဟု ၎င်းတို့သဘောပေါက်ကြကြောင်း ထင်ရှားစေလျက် ကိုယ်တော်ရှင်အား ဘုရားကိုပြစ်မှားပြောဆိုသူတစ်ဦးအဖြစ် ၎င်းတို့စွပ်စွဲခဲ့ကြပါသည်။

         ခရစ်တော်အား ရန်ဖက်ပြုသူများသည် ၎င်းတို့၏ဩတ္တပ္ပစိတ်တွင် ထင်ရှားစေခဲ့သော သမ္မာတရားများကို ဆန့်ကျင်တားဆီးရန် ဆင်ခြင်မရှိကြချေ။ သူတို့သည် မိမိတို့၏ဓလေ့ထုံးစံများနှင့် မိရိုးဖလာအလုပ်များကို ကိုးကားရည်ညွှန်းနိုင်ရုံသာရှိကြပါသည်။ ခရစ်တော်မိန့်တော်မူသည့်နှုတ်ကပတ်တော်နှင့်မပြီးဆုံးနိုင်သောသဘာဝ တရားများမှ ကျိုးကြောင်းဆင်ခြင်ချက်များနှင့် ထိုအရာများကို နှိုင်းယှဉ်လိုက်သောအခါ ၎င်းအရာများသည် အားနည်း၍ အနှစ်သာရမရှိသယောင်ဖြစ်နေပါသည်။ ကျမ်းတတ်ဆရာများသည် အလင်းတရားကိုလက်ခံရရှိရန် အလိုဆန္ဒအနည်းငယ်ရှိခဲ့ပါလျှင် ခရစ်တော်သည် သမ္မာတရားများကိုဟောကြားနေကြောင်း သဘောပေါက်ကြပါ လိမ့်မည်။ သို့သော် ၎င်းတို့သည် ဥပုသ်နေ့နှင့်ပတ်သက်သော ကိုယ်တော်ရှင်၏ဆောင်ရွက်ချက်များကို ဝေ့လည် ကြောင်ပတ်ပြုလုပ်ခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော်သည် မိမိအနေဖြင့် ဘုရားသခင်နှင့်တန်းတူရည်တူဖြစ်ကြောင်း မိန့်တော်မူခြင်းကြောင့် ကိုယ်တော်ရှင်အား အမျက်ဒေါသထွက်စေဖို့ ယုဒလူများကိုနှိုးဆွပေးရန် သူတို့ကြိုးစားခဲ့ ကြသဖြင့် ယုဒအကြီးအကဲများသည် အထောက်မတန်အမျက်ဒေါသထွက်ခဲ့ကြပါသည်။ လူထုကိုသာမကြောက် ရဘူးဆိုလျှင် သူတို့သည် ခရစ်တော်အား ထိုနေရာ၌ပင် အဆုံးစီရင်ကောင်းစီရင်ကြပါလိမ့်မည်။ သို့သော်လည်း ကိုယ်တော်ရှင်ဘက်သို့လိုက်လိုသောဆန္ဒများသည် ပြည့်ဝသူများ၏စိတ်တွင် ပြင်းထန်နေပါသည်။ သခင်ယေရှု သည် မိမိတို့၏ရောဂါဝေဒနာများကို ပျောက်ကင်းစေပြီး မိမိတို့၏ဝမ်းနည်းမှုကို နှစ်သိမ့်စေသည့် မိတ်ဆွေ တစ်ယောက်ဖြစ်ကြောင်း လူများစွာတို့က အသိအမှတ်ပြုခဲ့ကြပါသည်။ ဗေသေသဒရေကန်တွင် ထိုလူနာအား ကိုယ်တော်ရှင်၏ကုသပေးခြင်းသည် သင့်မြတ်လျော်ကန်သည်ဟုလည်း ထိုသူတို့ကပြောခဲ့ကြပါသည်။ ထို့ကြောင့် အခိုက်အတန့်အားဖြင့် ယုဒခေါင်းဆောင်များသည် မိမိတို့၏မလိုမုန်းထားမှုများကို ချုပ်ထိန်းထားခဲ့ ကြပါသည်။ ၎င်းတို့၏စွပ်စွဲချက်များကိုလည်း ယေရှုရှင်ငြင်းဆန်တော်မူခဲ့သည်။ ယခုကိုယ်တော်အား စွပ်စွဲထား သည့် လူနာကို ကုသခြင်းအခွင့်အာဏာသည် ကိုယ်တော်အား ဇာတိတော်အရာတွင်သော်လည်းကောင်း၊ အလိုတော်နှင့်အကြံအစည်တော်တွင်လည်းကောင်း ဘုရားနှင့်တစ်လုံးတစ်ဝတည်းရှိသော ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကို ထင်ရှားစေခဲ့ပါသည်။ ခပ်သိမ်းသောအရာများကို ဖန်ဆင်းခြင်းတွင်လည်းကောင်း၊ စောင့်မ ကြည့်ရှုခြင်းများတွင်လည်းကောင်း ကိုယ်တော်သည် ထာဝရဘုရားသခင်နှင့်အတူ ပူးတွဲလုပ်ဆောင်တော်မူခဲ့ပါ သည်။ “သားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော် မူသမျှအတိုင်း သားတော်လည်းပြု၏။” ကိုယ်တော်ရှင်လုပ်ဆောင်ရန် ဘုရားသခင်ခိုင်းစေ လိုက်သောအလုပ်အတွက် ယဇ်ပုရော ဟိတ်များနှင့် ကျမ်းတတ်ဆရာများသည် ခရစ်တော်အားအပြစ်ရှာလျက်ရှိကြပါသည်။ သူတို့သည် မိမိတို့၏ အပြစ်များကြောင့် ဘုရားသခင်နှင့်ဝေးကွာခဲ့ကြပြီး မိမိတို့၏ မာနထောင်လွှားမှုများကြောင့် ခရစ်တော်နှင့် တသီး တခြားစီဖြစ်လျက်ရှိကြပါသည်။ ၎င်းတို့သည် အရာရာတွင်ပြည့်စုံသည်ဟု မိမိကိုယ်ကိုထင်နေကြပြီး မိမိတို့၏ ပြုမူဆောင်ရွက်မှုများကိုလမ်းညွှန်ရန်အတွက် ပို၍မြင့်မြတ်သော ဉာဏ်ပညာများမလိုတော့ဟုလည်း မှတ်ယူထား ကြပါသည်။ သို့သော် သားတော်မူကား အဖဘုရားသခင်၏အလိုတော်အတိုင်းပြုတော်မူရန် မိမိကိုယ်ကို ဆက်ကပ်၍ အဖဘုရား၏တန်ခိုးတော်ကိုသာ မှီခိုတော်မူခဲ့ပါသည်။ ယေရှုရှင်သည် မိမိ၏ကိုယ်ကျိုးအတွက် မည်သည့်အကြံအစည်ကိုမျှကြံစည်တော်မမူလောက်အောင် တစ်ကိုယ်ကောင်းစိတ်ကင်းရှင်းသူ တစ်ပါးဖြစ် တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထာဝရဘုရား၏အစီအစဉ်များကိုသာ လက်ခံလုပ်ဆောင်ခဲ့ပြီး အဖခမည်း တော်သည် ၎င်းလုပ်ဆောင်ရမည့်အစီစဉ်များကို တစ်နေ့ပြီးတစ်နေ့ ထင်ရှားစေတော်မူခဲ့ပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့၏အသက်တာများသည် ကိုယ်တော်၏အလိုတော်ကို အကောင်အထည်ဖော်နိုင်စေရန်အလိုငှါ ကျွန်ုပ်တို့ သည်လည်း ထာဝရဘုရားကိုမှီခိုသင့်ကြပါသည်။

         မောရှေသည် ဘုရားသခင်စံပယ်တော်မူရန် ဗိမာန်တော်တည်‌ဆောက်မည့်ဆဲဆဲအချိန်တွင် တောင်ပေါ်၌ ပြသခဲ့သည့် ပုံစံနမူနာအတိုင်းအရာခပ်သိမ်းကိုတည်ဆောက်ရန် ၎င်းအားညွှန်ကြားတော်မူခဲ့သည်။ မောရှေသည် ထာဝရဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် စိတ်အားထက်သန်မှုအပြည့်အဝရှိသူတစ်ဦးဖြစ်ပါသည်။ စွမ်းရည်ရှိ သူများ၊ ကျွမ်းကျင်သူများသည် ၎င်း၏ညွှန်ကြားချက်အတိုင်းလုပ်‌ဆောင်ရန် အနီးတွင်ရှိကြပါသည်။ သို့စေကာမူ မောရှေသည် ၎င်းအားပြသည့်ပုံစံအတိုင်းမှလွဲ၍ ခေါင်းလောင်းတစ်လုံးကိုမျှ၊ သလဲသီးတစ်လုံးကိုမျှ၊ ပန်းဖွား တစ်ခုကိုမျှ၊ ပန်းဆွဲတစ်ခုကိုမျှ၊ ကန့်ကန့်ကာတစ်ခုကိုမျှ၊ သို့မဟုတ် ဗိမာန်တော်သုံးခွက်တစ်လုံးကိုမျှ မလုပ်ကိုင် မတည်ဆောက်ခဲ့ချေ။ ဘုရားသခင်သည် ၎င်းအားတောင်ပေါ်သို့ခေါ်ဆောင်တော်မူ၍ ကောင်းကင်ဗိမာန်တော်မှ ပစ္စည်းများကို ပြသတော်မူခဲ့ပါသည်။ ခပ်သိမ်းသောအရာများကို အရှိအတိုင်းမြင်တွေ့နိုင်စေရန်အလိုငှါ ဘုရားသခင်သည် ကိုယ်တော်၏ဘုန်းအာနုဘော်‌တော်အားဖြင့် ၎င်းအားကာကွယ်တော်မူခဲ့ပါသည်။ ကိုယ်တော် ကိန်းဝပ်တော်မူရန် ဗိမာန်တော်ကိုတည်ဆောက်စေလိုသော ဣသရေလများအားလည်း ၎င်းတို့တွင်ရှိရမည့် အကျင့်စာရိတ္တစံကို ထိုနည်းအတူ ကိုယ်တော်ပြသတော်မူခဲ့သည်။ သိနာတောင်ပေါ်၌ ပညတ်တော်ကိုပေးသနား‌ တော်မူနေသောအချိန် “ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူစေသော အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်မတော်မူထသော----ဘုရားသခင်”ဟု မောရှေကြွေးကြော်နေသောအချိန်တွင် ထိုပုံစံနမူနာကို ‌တောင်ပေါ်တွင် သူတို့အားပေးတော်မူခဲ့ပါသည်။

         ဣသေရလလူများသည် ကိုယ်ပိုင်နည်းစနစ်များကိုသာ ရွေးချယ်ခဲ့ကြပါသည်။ ပေးထားသည့်ပုံစံနမူနာ အတိုင်း တည်ဆောက်ခြင်းမပြုခဲ့ကြချေ။ သို့သော် ဘုရားသခင်ကိန်းဝပ်ရန်အတွက် ဗိမာန်အစစ်ဖြစ်တော် မူသော ခရစ်တော်သည် ဘုရားသခင်အလိုရှိသော အသက်တာပုံစံအတိုင်း လောကအသက်တာကိုတည်ဆောက်ခဲ့ပါ သည်။ “ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။” ဆာလံ ၄၀း၈။ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကိန်းဝပ်တော်မူခြင်းအလိုငှါ ကျွန်ုပ်တို့၏ အကျင့်စာရိတ္တများကိုလည်း ထိုနည်းအတူတည်ဆောက်ကြရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပြသခဲ့သည့်ပုံစံနမူနာနှင့်အညီ အလုံးစုံတို့ကို လုပ်ဆောင်ရန်လိုသကဲ့သို့ ကျွန်ုပ်အတွက်အသေခံတော်မူသော ကိုယ်တော်၏ခြေတော်ရာကိုလျှောက်လိုက်ရန် လိုအပ်ကြသည်။

         ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော အဖဘုရားနှင့်ခွဲခြားခြင်းငှါမပြုနိုင်သည့် ချည်နှောင်မှုများ ရှိသူများဟု မိမိကိုယ်ကိုမှတ်ယူရမည်ဖြစ်ကြောင်း ကိုယ်တော်ရှင်သွန်သင်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်ရာထူးကိုရရှိထားသည်ဖြစ်စေ၊ လက်တော်တွင်အနာဂတ်ခရီးဆုံးများကို ချုပ်ကိုင်ထားတော်မူသော ဘုရားသခင်ကိုမှီခိုရပါမည်။ ကိုယ်တော်ရှင်သည် ထိုရာထူးများတွင် ကျွန်ုပ်တို့အားခန့်အပ်တော်မူ၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် စွမ်းအားများနှင့် နည်းစနစ်များကိုပေးသနားတော်မူပါသည်။ ကိုယ်တော်၏ အလိုတော်အတိုင်း ပြုတော်မူရန် မိမိကိုယ်ကို ဆက်ကပ်၍ ကိုယ်တော်ရှင်၏အစွမ်းသတ္တိနှင့် ဉာဏ်ပညာများအပေါ်ကိုးစားသရွေ့ ကာလပတ်လုံး ကိုယ်တော်၏မဟာစီမံကိန်းတွင် ကျွန်ုပ်တို့အားခန့်အပ်ထားသည့်အလုပ်များကို ပြီးမြောက်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ လုံခြုံသောလမ်းသို့လမ်းပြပို့ဆောင်တော်မူပါလိမ့်မည်။ မိမိ၏ပညာနှင့်တန်းခိုးများကို အမှီပြုနေသူများသည် မိမိကိုယ်ကို ဘုရားသခင်နှင့်ကွဲပြားအောင် ခွဲခြားနေကြခြင်းဖြစ်ပါသည်။ ခရစ်တော်ဘုရား နှင့်လက်တွဲညီညီလုပ်ဆောင်ရမည့်အစား ထိုသူသည် ဘုရားသခင်နှင့်လူသားများတို့၏ ရန်သူ၏အလိုကိုဆောင် နေခြင်းသာဖြစ်ပါသည်။

         ယေရှုက “ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။ ခမည်းတော်သည် သေလွန်သော သူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူသားတော်ကိုလည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ ၏” ဟု ဆက်လက်၍မိန့်တော်မူခဲ့၏။ ဇဒ္ဒုကဲများသည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု မှတ်ယူထားကြပါသည်။ သို့သော် ခမည်းတော်ဘုရား၏အရေးကြီးဆုံးသောအလုပ်သည် လူသေများကိုထမြောက်စေရန် ဖြစ်ကြောင်းကို လည်းကောင်း၊ ထမြောက်စေရန်အတွက်လည်း မိမိ၌တန်ခိုးရှိတော်မူကြောင်းကိုလည်းကောင်း ထိုသူများအား ခရစ်တော်မိန့်တော်မူနေပါသည်။ “သေလွန်သောသူတို့သည် ဘုရားသခင့်သားတော်၏စကားသံကိုကြား၍ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။” ဖါရိရှဲများသည် ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ကြပါသည်။ သေလွန်သူများအား အသက်ပေးနိုင်သောတန်ခိုးသည် ယခုပင် ၎င်းတို့အထဲတွင်ရှိသဖြင့် ထိုတန်ခိုးတော်၏ထင်ရှားတော်မူခြင်းကိုကြည့်ရှုကြရန် ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ထိုထမြောက်ခြင်းတန်ခိုးသည် ဒုစရိုက်အပြစ်၌သေလျက်ရှိနေသောလူများကိုပင် အသက်ရှင်ခြင်းအခွင့်ကိုပေး နေပါသည်။ ထမြောက်ခြင်းအခွင့်ကိုပေးနိုင်သည့် တန်ခိုးတည်းဟူသော ခရစ်တော်၌ရှိသည့် အသက်ရှင်စေသော ဝိညာဉ်တော်သည် အပြစ်တရား၏လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း ကင်းလွတ် တော်မူပါသည်။ (ဖိလိပ္ပိ ၃း၁၁။ ရောမ ၈း၂) ယုံကြည်ခြင်းအားဖြင့် ဒုစရိုက်၏အစိုးတရပြုခြင်းကိုချိုးဖျက်၍ လူသားများကို အပြစ်တရားမှကင်းဝေးစေပါသည်။ ခရစ်တော်၏ဝိညာဉ်တော်အား မိမိစိတ်နှလုံးထဲသို့ဝင်ရောက် စိုးစံတော်မူရန် စိတ်နှလုံးဖွင့်ထားသူများသည် မိမိ၏ခန္ဓာကိုယ်ကို သင်္ချိုင်းတွင်းမှပြန်လည်ရှင်ပြန်စေနိုင်ပြီး မဟာ တန်ခိုးတော်ကို မျှဝေခံစားခွင့်ရသူများဖြစ်လာပါမည်။

         သခင်ယေရှုသည် မိမိ၏စစ်မှန်သောဂုဏ်အသရေကို အခိုင်အမာဖြစ်စေ‌တော်မူခဲ့ပါသည်။ ကိုယ်တော် သည် လူသားများအလယ်တွင် ထင်ရှားပေါ်လွင်လျက်ရှိပါသည်။ အပြစ်နှင့်ရှက်ကြောက်ဖွယ်ရာ အသွင်အပြင် များကို ရှောင်ရှားတော်မူခဲ့ပါသည်။ စကြဝဠာ၏ဖန်ဆင်းရှင်ဖြစ်တော်မူသော ကောင်းကင်ဗိုလ်မင်းဖြစ်သည့် သားတော်ဘုရားဖြစ်ကြောင်းကို ထင်ရှားပေါ်လွင်အောင် ရပ်တည်‌တော်မူခဲ့ပါသည်။

         တရားနာပရိသတ်များသည် ကိုယ်တော်၏တရားတော်တွင် အာရုံကပ်ငြိနေခဲ့ကြပါသည်။ ကိုယ်တော်မိန့် တော်မူခဲ့သော စကားမျိုးကို မည်သူမျှ မပြောခဲ့ဖူးချေ။ မည်သူမျှလည်း ယခုကဲ့သို့ကြီးမြတ်သောဂုဏ်အသရေကို မဆောင်ခဲ့ဖူးချေ။ မိမိ၏အမှုတော်နှင့် ကမ္ဘာသူကမ္ဘာသားများ၏ လုပ်ဆောင်ရမည့်တာဝန်များကို ထုတ်ဖော် ကြေညာတော်မူသည့် ယေရှုရှင်၏မိန့်တော်မူချက်တို့သည် ရှင်းလင်းပြတ်သားလှပါသည်။ “ခမည်းတော်သည် အဘယ်သူကိုမျှတရားစီရင်တော်မမူ၊ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကိုမရိုသေသောသည်ကား သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ် ၏။---ခမည်းတော်သည် ကိုယ်၌အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။ သား‌တော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။

         ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ခရစ်တော်၏ လုပ်ဆောင်မှုများကို အပြစ်တင် ဝေဖန်ရန် မိမိတို့ကိုယ်ကို တရားသူကြီးများအဖြစ်ခန့်အပ်ကြပါသည်။ သို့သော်လည်း မိမိသည် ၎င်းတို့အား တရား စီရင်မည့်သူဖြစ်ကြောင်းနှင့် ကမ္ဘာသူကမ္ဘာသားများအား တရားစီရင်မည့်သူဖြစ်ကြောင်း ကိုယ်တော်မိန့်တော်မူခဲ့ သည်။ ကမ္ဘာကြီးအား ခရစ်တော်၏လက်တော်တွင်အပ်နှံတော်မူထားသဖြင့် ကိုယ်တော်အားဖြင့်သာ ဘုရားသခင့် ထံမှကောင်းချီးမင်္ဂလာများသည် ကျဆုံးနေသောလူသားများထံသို့ သက်ဆင်းလျက်ရှိပါသည်။ လူသားဇာတိကို ခံယူပြီးသည့်အချိန်မှစ၍ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သကဲ့သို့ ဇာတိတော်ကိုမခံယူမီကလည်း ကယ်တင်ရှင်ပင်ဖြစ်တော်မူပါသည်။ အပြစ်တရားရှိလာသည်နှင့်တစ်ပြိုင်နက် ကယ်တင်ရှင်တစ်ပါးသည်လည်း ရှိတော်မူခဲ့ပါသည်။ ကိုယ်တော်သည် လူသားများအား အသက်နှင့်အလင်းကိုပေးသနားတော်မူ၍ လူသားများ သည် မိမိတို့ရရှိထားသည့်အလင်းတရားပမာဏအတိုင်း တရားစီရင်ခြင်းကိုခံကြရပါမည်။ လူသားများကို အလင်းတရားပေးတော်မူ၍ အပြစ်တရားမှ သန့်ရှင်းခြင်းသို့ရောက်ရှိလာရန် ကြိုးစားလျက် အနူးအညွှတ်တောင်း ပန်ကာ ၎င်းတို့၏နောက်မှလိုက်တော်မူခဲ့သော ကိုယ်တော်သည် ထိုအသက်ဝိညာဉ်များအတွက် ကြားဖျန်ဖြေသူ နှင့် တရားစီရင်သောအရှင်ပင်ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတွင် တိုက်လှန်ပွဲကို လူသိရှင်ကြားအစပြုခဲ့သည့် အချိန်မှစ၍ စာတန်သည် မိမိ၏လုပ်ငန်းများကိုလိမ်ညာခြင်းအားဖြင့် ဆက်လက်တည်မြဲစေခဲ့ပါသည်။ ၎င်းပြင် ခရစ်တော်သည် စာတန်၏ကြံစည်ချက်များကို သိသာထင်ရှားစေရန်နှင့် စာတန်၏တန်ခိုးအာဏာကိုချိုးဖျက်ပစ် ရန် လုပ်ဆောင်တော်မူခဲ့ပါသည်။ စာတန်နှင့်ဆိုင်ပြိုင်တိုက်လှန်ခဲ့ပြီး စာတန်၏လက်အတွင်းသို့ကျရောက်နေသော အသက်ဝိညာဉ်များကို ပြန်လည်လုယူရန် ခေတ်အဆက်ဆက်ကြိုးစားကာ အသက်ဝိညာဉ်တိုင်းအား တရားစီရင် ဆုံးဖြတ်တော်မူမည့် ပုဂ္ဂိုလ်သည် ယေရှုရှင်ပင်ဖြစ်တော်မူပါသည်။

         ယေရှုရှင်သည် ဘုရားသခင်၏သားတော်ဖြစ်သည့်အတွက်ကြောင့်သော်လည်းကောင်း၊ ကိုယ်တော်သည် လူသားများခံစားနေရသည့် ပူပန်သောကများနှင့် စုံစမ်းခြင်းတိုင်းကိုခံစားဖူးပြီး လူသားများ၏အားနည်း ချို့ယွင်း ချက်များနှင့် အပြစ်များကိုနားလည်တော်မူသည့်အတွက်ကြောင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ကိုယ်စား စာတန်၏စုံစမ်းခြင်းများကို အောင်မြင်စွာခုခံတွန်းလှန်ခဲ့ပြီး ၎င်းတို့ကယ်တင်ခြင်းရရှိရန် မိမိအသွေးတော်ကို သွန်းလောင်းခဲ့ပြီးဖြစ်သည့်အတွက် တရားမျှတစွာနှင့် နူးညံ့သိမ်မွေ့စွာပြုမူဆောင်ရွက်ပေးတော်မူလိမ့်မည်ဖြစ် သောကြောင့်သော်လည်းကောင်း ဘုရားသခင်သည် သားတော်အား တရားစီရင်ခွင့်အာဏာကိုပေးအပ်တော်မူခဲ့ ပြီး တရားစီရင်သူအဖြစ် ခန့်အပ်တော်မူခဲ့ပါသည်။

         သို့သော် ခရစ်တော်‌ဆောင်ရွက်မည့်အမှုတော်သည် အပြစ်စီရင်ခြင်းအတွက်မဟုတ်ဘဲ ကယ်တင်ခြင်း အတွက်ဖြစ်ပါသည်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်း သားတော်ကိုစေလွှတ်တော်မူပါသည်။ ခရစ်တော်သည် ဆန်ဟီဒရင်အဖွဲ့ဝင်များရှေ့တွင် မိန့်တော်မူသည်ကား “ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည် ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ၊ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။” ယောဟန် ၅း၂၄။

         ခရစ်တော်သည် မိမိ၏တရားနာပရိသတ်အား အံ့ဩခြင်းမရှိကြရန်မိန့်တော်မူလျက် အနာဂတ်၏နက်နဲမှု များကို ၎င်းတို့ရှေ့မှောက်တွင် ကျယ်ပြန့်စွာဖွင့်ဟတော်မူခဲ့ပါသည်။ “ဤအရာကိုအံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သော အကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။” ယောဟန် ၅း၂၈-၂၉။

         အနာဂတ်အသက်တာအတွက် အာမခံချက်ကို ဣသရေလလူများသည် ကြာမြင့်စွာကတည်းက စောင့်စားမျှော်လင့်ခဲ့ကြပြီး မေရှိယကြွလာသောအချိန်တွင် ထိုမျှော်လင့်ချက်ပြည့်စုံလိမ့်မည်ဟုထင်မြင်ခဲ့ကြပါ သည်။ သင်္ချိုင်း၏မှောင်မိုက်ကို ထွန်းလင်းစေနိုင်သည့် တစ်ခုတည်းသောအလင်းတော်သည် ၎င်းတို့အပေါ်တွင် ထွန်းလင်းလျက်ရှိခဲ့ပါသည်။ သို့သော် အစွဲအလမ်းကြီးသောစိတ်ဓာတ်သည် ၎င်းတို့၏ဝိညာဉ်ရေးမျက်စိများ အားကန်းစေခဲ့ပါသည်။ ယေရှုသည် ကျမ်းတတ်ဆရာများ၏ မိရိုးဖလာများကို ချိုးဖောက်ကာ ထိုဆရာများ၏ ဩဇာအာဏာကိုမခံယူသောကြောင့် ကိုယ်တော်ကိုသူတို့မယုံကြည်ခဲ့ကြချေ။

         အချိန်အခါ၊ နေရာဒေသ၊ အခွင့်အခါ၊ စုရုံးနေကြသောလူထုတွင် ပျံ့နှံ့နေသောခံစားချက်ပြင်းပြမှု စသည် တို့သည် ဆန်ဟီဒရင်ရှေ့မှောက်တွင် မိန့်တော်မူခဲ့သော ခရစ်တော်၏ နှုတ်ထွက်စကားများကို ပိုမိုထိရောက်စေခဲ့ ပါသည်။ ယုဒလူမျိုးများ၏အမြင့်ဆုံးသောဘာသာရေးအာဏာပိုင်များသည် ဣသရေလလူများအား မူရင်းအခြေ အနေသို့ရောက်စေမည်ဟု မိန့်မြွက်နေသော ကိုယ်တော်ရှင်၏အသက်တော်ကိုရန်ရှာရန် ကြိုးစားနေခဲ့ကြပါသည်။ ဥပုသ်နေ့၏အရှင်သည် ဥပုသ်ပညတ်တော်ချိုးဖောက်နေသည်ဟူသော စွဲဆိုချက်ကိုဖြေကြားရန် လောကတရား ရုံးရှေ့မှောက်တွင် တရားစစ်ဆေးခြင်းခံနေရပါသည်။ မိမိ၏အမှုတော်အကြောင်းကို မကြောက်မရွံ့ဘဲမိန့်တော်မူ သောအခါ ကိုယ်တော်အားတရားစီရင်မည့်သူများသည် အံ့ဩတုန်လှုပ်၍ ဒေါသအမျက်ခြောင်းခြောင်းထွက်ခဲ့ကြ သော်လည်း ကိုယ်တော်၏နှုတ်ထွက်စကားများကို ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ကြချေ။ သူတို့သည် ကိုယ်တော်ကို ပြစ်ဒဏ်မစီရင်နိုင်ခဲ့ကြတော့ချေ။ ထိုယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများ၏မေးမြန်းမှုများနှင့် ဝင်ရောက်စွက်ဖက်မှုများကို ကိုယ်တော်ငြင်းပယ်တော်မူခဲ့ပါသည်။ ၎င်းတို့သည် ထိုကဲ့သို့သောအခွင့်အာဏာများ ကိုအပ်နှင်းခြင်းမခံခဲ့ကြချေ။ ၎င်းတို့၏စေခိုင်းမှုများသည်လည်း မာနထောင်လွှားမှုများအပေါ်တွင်သာ အခြေပြု ထားပါသည်။ ကိုယ်တော်သည် ၎င်းတို့၏စွဲဆိုချက်များတွင် အပြစ်ရှိကြောင်းကို ချေပရန်အတွက်သော်လည်း ကောင်း၊ သူတို့၏ခရေစေ့တွင်းကျစစ်ဆေးမေးမြန်းမှုများကို ဖြေဆိုရန်အတွက်သော်လည်းကောင်း ငြင်းဆိုတော် မူခဲ့ပါသည်။ ၎င်းတို့အပြစ်တင်သော ကိုယ်တော်၏ပြုမူဆောင်ရွက်ချက်အတွက်သော်လည်းကောင်း၊ ထိုကဲ့သို့ပြု မူခြင်းအတွက် မိမိ၏အကြံအစည်တော်ကိုရှင်းပြရန်အတွက်သော်လည်းကောင်း တောင်းပန်ရမည့်အစား သခင် ယေရှုသည် ယုဒလူအကြီးအကဲများအပေါ် အမျက်ဒေါသထွက်ကြောင်းပြသခဲ့ပါသည်။ စွဲချက်အတင်ခံရသူသည် စွဲချက်တင်သောသူဖြစ်လာခဲ့ပါသည်။ ၎င်းတို့၏ စိတ်နှလုံးခိုင်မာမှုနှင့် သမ္မာကျမ်းစာကိုမသိနားမလည်မှုများ အတွက် ကိုယ်တော်သည် ထိုအကြီးအကဲများအား ပြစ်တင်ဆုံးမတော်မူခဲ့ပါသည်။ ဘုရားသခင်စေလွှတ်တော်မူ သော မိမိအားလက်ခံယုံကြည်ရန် ငြင်းဆန်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုငြင်း ပယ်ခဲ့ကြသည်ဟု ယေရှုရှင်မိန့်မြွက်တော်မူခဲ့ပါသည်။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာသည် ငါ၏သက်သေဖြစ်၏” (ယောဟန် ၅း၃၉)။

         ဓမ္မဟောင်းကျမ်းတွင်ပါရှိသော ရာဇဝင်ဖြစ်စေ၊ ဆုံးမသွန်သင်ချက်များတွင်ဖြစ်စေ၊ အနာဂတ္တိစကားများ တွင်ဖြစ်စေ ရေးသားဖော်ပြထားသည့်စာမျက်နှာတိုင်းသည် ဘုရားသခင့်သားတော်၏ဘုန်းတော်နှင့် ထွန်းလင်း တောက်ပနေပါသည်။ ဘုရားသခင်တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ယုဒဘာသာရေးထုံးစံများ အားလုံးသည် ဧဝံဂေလိတရားတော်၏ကျစ်လျစ်သိပ်သည်းသောအနာဂတ္တိစကားတစ်ခုဖြစ်ပါသည်။ “ပု‌ရောဖက် အပေါင်းတို့သည် ထိုသခင်၏သက်သေခံဖြစ်ကြသည်။” (တမန်တော် ၁၀း၄၃)။ အာဒံကိုပြုတော်မူသော ကတိ တော်မှသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏သားစဉ်မြေးဆက်များနှင့် တရားဥပဒေအရ အသိအမှတ်ပြုခြင်းခံ ရသော အိမ်ထောင်မှုစီမံအုပ်ချုပ်သည့်နည်းစနစ်များသို့တိုင် ကောင်းကင်၏ အသရေတော်နှင့် ပြည့်စုံသော အလင်းတော်သည် ကယ်တင်ရှင်၏ခြေတော်ရာများကို ထင်ရှားစေခဲ့ပါသည်။ အနာဂတ်ရေးအကြောင်းအရာ များသည် သိရှိဖို့ခက်ခဲနက်နဲလှသောအစီအစဉ်အဖြစ် အပျက်များအားဖြင့် ၎င်းတို့ရှေ့မှောက်တွင် အောင်မြင်စွာ ဖြစ်ပျက်စဉ်တွင် ပုရောဖက်များသည် ရှိ‌လောလာရန်လက္ခဏာဖြစ်သည့် ဗက်လင်မြို့မှကြယ်ကြီးကို မြင်တွေ့ခဲ့ရ ပါသည်။ ဆက်ကပ်ပူဇော်မှုတိုင်းတွင် ခရစ်တော်၏အသေခံခြင်းကိုထင်ရှားစေခဲ့ပါသည်။ နံ့သာပေါင်းမီးရှို့သော မီးခိုးများထဲတွင် ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်သို့တက်ကြွလျက်ရှိခဲ့ပါသည်။ ရတုသဘင်၏တံပိုး မှုတ်သံတိုင်းတွင် ကိုယ်တော်၏နာမတော်အားကြားသိစေခဲ့ပါသည်။ အသန့်ရှင်းဆုံးသော ရိုသေကြောက်ရွံ့ဖွယ် နက်နဲမှုထဲတွင် ကိုယ်တော်၏ဘုန်းတော်သည် ကိန်းဝပ်တော်မူခဲ့ပါသည်။

         ယုဒလူများတွင် ကျမ်းစာကိုယ်ပိုင်ရှိကြပါသည်။ ကျမ်းစာအသိပညာများကိုအပေါ်ယံသိထားရုံနှင့် ထာဝရအသက်ကိုရမည်ဟု သူတို့ထင်ခဲ့ကြပါသည်။ သို့သော် ယေရှုရှင်မိန့်တော်မူသည်ကား “နှုတ်ကပတ်တော် သည်လည်း သင်တို့၌မတည်၊ အကြောင်းမူကား စေလွှတ်တော်မူသောသူကို သင်တို့သည်မယုံကြည်ကြဘဲနေ ကြ၏” ဟူ၏။ သူတို့သည် နှုတ်ကပတ်တော်တွင်ရှိသော ခရစ်တော်အား ငြင်းပယ်ခဲ့ကြပြီးနောက် ကိုယ်တော်အား ကိုယ်တိုင်ကိုယ်ကြပ်ငြင်းပယ်ခဲ့ကြပြန်သည်။ ထို့ကြောင့် “သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ” ဟု ကိုယ်တော်က မိန့်တော်မူခဲ့၏။

         ယုဒလူများသည် မေရှိယ၏နိုင်ငံတော်နှင့်ပတ်သက်သော ပုရောဖက်များ၏သွန်သင်ချက်များကို လေ့လာ ကြပြီးသော်လည်း သမ္မာတရားကိုသိရှိလိုသောဆန္ဒမွန်ဖြင့် လေ့လာကြခြင်းမဟုတ်ဘဲ မိမိတို့၏ကြီးပွားလိုသော မျှော်မှန်းချက်များတို့ကိုထောက်မရန် လိုအပ်သည့်သက်သေအထောက်အထားများကိုတွေ့ရှိအောင်သာ လေ့လာ ခဲ့ကြခြင်းဖြစ်ပါသည်။ ခရစ်တော်ကြွလာသောအခါ ၎င်းတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအချိန်တွင် ကိုယ်တော်ကိုသူတို့လက်ခံကြိုဆိုမှုမပြုခဲ့ကြချေ။ ၎င်းပြင် မိမိတို့၏လုပ်ရပ်မှန်ကန်ကြောင်း ထင်ရှားစေရန် ကိုယ်တော်ရှင်အား လူလိမ်လူညာတစ်ဦးအနေဖြင့် စွပ်စွဲရန် သူတို့ကြိုးစားခဲ့ကြပါသည်။ သူတို့သည် ထိုကဲ့သို့ တစ်ခါစွပ်စွဲဖူးရုံနှင့် သူတို့အား ခရစ်တော်နှင့်ဆန့်ကျင်ဘက်ပြုဖို့အားပေးရန် စာတန်အတွက်လွယ်ကူသွားစေခဲ့ပါ သည်။ ကိုယ်တော်ရှင်၏ ဘုရားဇာတိတော်ကိုထင်ရှားစေသောသက်သေအထောက်အထားများဖြစ်စေသည့် နှုတ်ထွက်စကားများကိုလည်းဆန့်ကျင်၍ အနက်ဖွင့်ခဲ့ကြပါသည်။ ထိုနည်းအားဖြင့် သူတို့သည် ဘုရားသခင်၏ သမ္မာတရားကို မုသားစကားတစ်ခုအသွင်သို့ပြောင်းလဲခဲ့ကြပြီး ကိုယ်တော်ရှင်သည် မိမိ၏မေတ္တာလုပ်ငန်းများ ဖြင့် ၎င်းတို့အား တိုက်ရိုက်သွန်သင်လေလေ၊ အလင်းတရားကိုတွန်းလှန်ရန်အတွက် သူတို့ဆုံးဖြတ်လေလေဖြစ်ခဲ့ ကြပါသည်။

         ယေရှုက “လူပေးသောဘုန်းအသရေကိုငါမခံ” ဟုမိန့်တော်မူခဲ့ပါသည်။ ဆန်ဟီဒရင်အဖွဲ့မှပေးသော အာဏာတန်ခိုးကိုလည်းကောင်း၊ ခွင့်ပြုမိန့်ကိုလည်းကောင်း ကိုယ်တော်တောင့်တတော်မမူခဲ့ချေ။ ၎င်းတို့၏ ဂုဏ်ပြုခြင်းကိုလည်း ကိုယ်တော်ရှင်လက်မခံခဲ့ချေ။ ထာဝရဘုရားသည် ကိုယ်တော်အား မိမိ၏ဂုဏ်အသရေနှင့် အာဏာတန်ခိုးများကို အပ်နှင်းပေးတော်မူခဲ့သည်။ ကိုယ်တော်ရှင်အလိုတော်ရှိလျှင် ကောင်းကင်တမန်များသည် ကိုယ်တော်ရှင်အားလာရောက်ကိုးကွယ်ကြမည်ဖြစ်ပြီး အဖဘုရားသခင်သည် ကိုယ်တော်၏ဘုရားဇာတိအတွက် တစ်ဖန်ထပ်၍ သက်သေခံလိမ့်ဦးမည်ဖြစ်ပါသည်။ သို့သော် ယုဒနိုင်ငံနှင့်ထိုနိုင်ငံအားဦးဆောင်နေသော ၎င်းတို့၏အကျိုးကိုထောက်ထား၍ ကိုယ်တော်ရှင်အားအမြင်ကြည်ကာ ပေးသနားတော်မူမည့်ကောင်းချီး မင်္ဂလာ များကို သူတို့ခံစားနေကြရန်ယေရှုရှင်လိုလားတော်မူခဲ့ပါသည်။

         “ငါသည် ခမည်းတော်၏အခွင့်နှင့်ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူ သည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကိုလက်ခံကြလိမ့်မည်” ဟုလည်း ကိုယ်တော်မိန့်တော်မူခဲ့၏။ ယေရှုရှင် သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ကိုဆောင်ပြီး ဘုရားသခင်၏နှုတ်ကပတ်စကားကိုပြည့်စုံစေလျက်၊ ဘုရား သခင်၏ဘုန်းတော်ကိုထွန်းလင်းစေလျက် ဘုရားသခင်၏အခွင့်နှင့်ကြွလာတော်မူခဲ့သော်လည်း ယုဒခေါင်းဆောင် များသည် ကိုယ်တော်အား လက်မခံခဲ့ကြချေ။ သို့သော် မိမိအလိုအတိုင်း မိမိ၏ဘုန်းကိုထင်ရှားစေလိုသောသူကိုမူ ၎င်းတို့လက်ခံကြလိမ့်မည်ဖြစ်ပါသည်။ အဘယ်ကြောင့်လက်ခံကြပါလဲ။ အကြောင်းမူကားမိမိဘုန်းကိုထင်ရှား စေမည့်ထိုသူသည် မိမိကိုယ်ကိုချီးမြှောက်စေသောအလိုဆန္ဒကို နှိုးဆွပေးသောကြောင့်ဖြစ်ပါသည်။ ထိုသို့သော နှိုးဆွတောင်းဆိုမှုကို ယုဒလူများတုံ့ပြန်လိုကြပါသည်။ သူတို့သည် အတုအယောင်ဆရာသမားများကိုကြိုဆို လက်ခံကြပါလိမ့်မည်။ အကြောင်းမူကား ၎င်းတို့နှစ်သက်မြတ်နိုးသောထင်မြင်ယူဆချက်များနှင့် မိရိုးဖလာများ ကိုလုပ်ခွင့်ပြုခြင်းအားဖြင့် ၎င်းတို့၏မာနထောင်လွှားမှုကို မြှောက်ပင့်ပေးသောကြောင့်ဖြစ်ပါသည်။ ခရစ်တော်၏ သွန်သင်ချက်သည် ၎င်းတို့၏အတွေးအခေါ်နှင့် တစ်သားတည်းမကျခဲ့ချေ။ ကိုယ်တော်သွန်သင်ချက်များသည် ဝိညာဉ်ရေးသက်သက်ဖြစ်ပြီး “ငါ” ဟူသော အတ္တစိတ်ကိုဆက်ကပ်ရန်ဖြစ်သောကြောင့် သူတို့လက်မခံခဲ့ကြချေ။ ထိုသူများသည် ထာဝရဘုရားနှင့်ပွန်းတီးမှုမရှိခဲ့ဘဲ ခရစ်တော်အားဖြင့် မိန့်တော်မူသော ဘုရားသခင်၏အသံတော် သည် ၎င်းတို့အတွက် သူစိမ်းဧည့်သည်တစ်ဦး၏အသံကဲ့သို့ဖြစ်ခဲ့ပါသည်။

         ထိုသတင်းစကားကိုကျွန်ုပ်တို့၏ခေတ်အတွက်လည်း အထပ်ထပ်မိန့်တော်မူနေသည်မဟုတ်ပါလား။ ဘုရားသခင်၏အသံတော်ကိုမမှတ်မိစေရန်လုပ်ဆောင်ပြီး ဘာသာရေးခေါင်းဆောင်များသည်ပင် သန့်ရှင်းသော ဝိညာဉ်တော်ကိုဆန့်ကျင်ကာ မိမိတို့၏စိတ်နှလုံးများကိုမာကျောစေလျက်ရှိကြသည်မဟုတ်ပါလား။ ထိုသူတို့ သည် မိမိတို့၏မိရိုးဖလာကိစ္စရပ်များကို စောင့်ရှောက်နိုင်ရန် ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုငြင်းပယ်နေကြ သည်မဟုတ်ပါလား။

         “သင်တို့သည်မောရှေ၏စကားကိုယုံလျှင် ငါ့စကားကိုမယုံကြည်ဘဲနေနိုင်ကြ။ အကြောင်းမူကား မောရှေ သည် ငါ့အကြောင်းကိုရေးထား၏။ ရေးထားသောစာကို သင်တို့သည်မယုံလျှင် ငါ့စကားကိုအဘယ်သို့ယုံနိုင်မည် နည်း" ဟု ယုဒလူတို့အားမိန့်တော်မူ၏။ မောရှေအားဖြင့် ဣသရေလလူများအား မိန့်တော်မူခဲ့သောပုဂ္ဂိုလ်သည် ခရစ်တော်ပင်ဖြစ်ပါသည်။ သူတို့သည် မိမိတို့၏ခေါင်းဆောင်ကြီးမောရှေမှတစ်ဆင့် မိန့်တော်မူခဲ့သောစကားများ ကို နားထောင်ခဲ့ကြပါလျှင် ခရစ်တော်၏သွန်သင်ချက်များထဲတွင် ပါဝင်နေသည့်ထိုစကားများကို အသိအမှတ်ပြု ခဲ့ကြလိမ့်မည်သာတည်း။ သူတို့သည် မောရှေကိုယုံကြည်ခဲ့ကြပါလျှင် ၎င်းစာများကိုရေးသားစေခဲ့သည့် ကိုယ်တော်ကိုယုံကြည်ကြလိမ့်မည်ဖြစ်ပါသည်။

         ထိုယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများသည် မိမိအသက်ကိုအန္တရာယ်ပြုရန် ဆုံးဖြတ်ထားကြ ကြောင်း ယေရှုရှင်သိရှိခဲ့သော်လည်း မိမိနှင့်ထာဝရဘုရားသည် တစ်လုံးတစ်ဝတည်းရှိကြောင်းကိုလည်းကောင်း၊ ကမ္ဘာကြီးနှင့်မိမိအကြားဆက်နွှယ်မှုကိုလည်းကောင်း ရှင်းလင်းစွာမိန့်ကြားတော်မူခဲ့ပါသည်။ ခရစ်တော်ကို မိမိတို့ ဆန့်ကျင်သည့်အတွက် အပြစ်လွှတ်ခွင့်ရမည်မဟုတ်ကြောင်းကို ထိုသူများသိရှိကြသော်လည်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော မိမိတို့၏မုန်းတီးမှုကို မငြိမ်းသတ်နိုင်ခဲ့ကြချေ။ ကိုယ်တော်ရှင်၏အမှုတော်တွင် ပြတော်မူသောတန်ခိုးတော်များကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ကြသောအခါ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသော် လည်း ကိုယ်တော်ရှင်၏တောင်းဆိုသံကို ငြင်းဆန်ခဲ့ကြပြီး အမှောင်ထဲမှာပင် မိမိတို့ကိုယ်ကို တံခါးပိတ်ထားခဲ့ကြ ပါသည်။

         ခရစ်တော်၏ဩဇာအာဏာကို ပျက်ပြုန်းသွားစေရန်အတွက်သော်လည်းကောင်း၊ ခရစ်တော်အပေါ် ထား ရှိသည့် ယုဒလူတို့၏ရိုသေလေးစားမှုနှင့် အာရုံစွဲလမ်းမှုများကို ပျက်ပြားသွားစေရန်အတွက်သော်လည်းကောင်း သူတို့မစွမ်းဆောင်နိုင်ခဲ့ကြချေ။ ထိုသို့မစွမ်းဆောင်နိုင်သည့်အပြင် များစွာသောလူများသည် ကိုယ်တော်၏ နှုတ်ကပတ်တော်အားဖြင့် သမ္မာတရားကိုသိရှိသွားခဲ့ကြပါသည်။ ကိုယ်တော်သည် ၎င်းတို့၏ဒုစရိုက်များ အကြောင်းကို ဩတ္တပ္ပစိတ်များတွင် ထင်ရှားစေခဲ့သဖြင့် သူတို့ကိုယ်တိုင်လည်း နက်ရှိုင်းသောပြစ်ဒဏ်စီရင်ခြင်း ကိုခံစားခဲ့ကြရပါသည်။ သို့စေကာမူ ထိုခံစားမှုသည် ကိုယ်တော်အားပိုမို၍ခါးသီးမှုကို ဖြစ်စေခဲ့ပါသည်။ ကိုယ်တော်ကိုလုပ်ကြံရန် သူတို့ဆုံးဖြတ်ခဲ့ကြပါသည်။ ခရစ်တော်သည် လိမ်လည်ဖြားယောင်းသူတစ်ဦးဖြစ် ကြောင်း ပြည်သူလူထုအားသတိပေးရန် စေတမန်များကို ယုဒပြည်အနှံ့စေလွှတ်ခဲ့ကြပါသည်။ ကိုယ်တော်ရှင် အား စောင့်ကြည့်ထားရန်နှင့် ကိုယ်တော်ရှင်ပြောသည့်စကား၊ လုပ်သည့်အရာများအားလုံးကိုသတင်းပို့ရန် သူလျှိုများကိုလည်းစေလွှတ်ခဲ့ကြပါသည်။ မွန်မြတ်သန့်စင်တော်မူသော ကယ်တင်ရှင်သည် ယခုအချိန်တွင် ကပ်တိုင်၏အရိပ်အောက်တွင် မုချဧကန်ရပ်လျက်ရှိတော်မူပါသည်။

No comments:

Post a Comment