Sunday, April 19, 2026

အခန်းကြီး - ၅။ ဆက်ကပ်အပ်နှံခြင်း

 

ဆက်ကပ်အပ်နှံခြင်း

ရှင်လုကာခရစ်ဝင် ၂း၂၁-၃၈ ကိုအခြေပြုပါသည်

            ခရစ်တော်ကိုမွေးဖွားပြီး ရက်ပေါင်း ၄၀ လောက်ကြာပြီးနောက် ကိုယ်တော်ရှင်အား ထာဝရဘုရားထံ ဆက်ကပ်အပ်နှံရန်နှင့် ပူဇော်သကာများကို ပေးလှူရန် ယောသပ်နှင့်မာရိတို့သည် သူငယ်တော်ယေရှုကို ယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ယုဒဘာသာဝင်တို့၏ ဥပဒေ စည်းမျဉ်းများအရ လုပ်ဆောင်ခြင်းဖြစ်ပြီး လူသားများကိုယ်စား အစားထိုးခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် တရားတော်နှင့်တိတိကျကျ စေ့စေ့စပ်စပ်လိုက်လျောညီထွေအောင် လုပ်‌ဆောင်ခြင်းဖြစ်ပါသည်။ ထာဝရဘုရား၏ ပညတ်တော်များကို နားထောင်ခြင်းအတွက် ခံဝန်ချက်တစ်ခုအနေဖြင့် ကိုယ်တော်သည် အရေဖျားလှီးမင်္ဂလာကိုလည်း ခံယူခဲ့ပြီးဖြစ်ပါသည်။

            ဝိနည်းထုံးဖွဲ့ဆိုင်ရာ ပညတ်များအရ တစ်နှစ်အရွယ်ရှိ သိုးထီးကလေးကိုမီးရှို့ရာယဇ်အနေဖြင့် လည်းကောင်း၊ ခိုတစ်ကောင် (သို့မဟုတ်) ချိုးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အနေဖြင့်လည်းကောင်း၊ မိခင်အနေဖြင့်ပူဇော်လှူဒါန်းရမည် ဖြစ်ပါသည်။ အကယ်၍ မိဘများသည် အလွန်ဆင်းရဲပါလျှင် သိုးသငယ် အစား၊ ခို (သို့မဟုတ်) ချိုးတစ်စုံကိုယူလာ၍ တစ်ကောင်ကို မီးရှို့ရာယဇ်အတွက်လည်းကောင်း၊ ကျန်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်လည်းကောင်း၊ ပူဇော်ရန်ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်များက ခွင့်ပြုထားပါသည်။

            ထာဝရဘုရားအားလှူဒါန်းသော ပူဇော်သက္ကာရများသည် အပြစ်အနာအဆာနှင့်ကင်းစင်ရမည် ဖြစ်ပါသည်။ ဤပူဇော်သက္ကာရများသည် ခရစ်တော်ကိုကိုယ်စားပြုထားပြီး ၎င်းအရာများအားဖြင့် ခရစ်တော်ယေရှုကိုယ်တိုင်သည် ကိုယ်ခန္ဓာအင်္ဂါချို့တဲ့မှုများနှင့်ကင်းလွတ်ကြောင်း ထင်ရှားစေပါသည်။ ကိုယ်တော်သည် “ အဘယ်ပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သောသိုးသငယ်” ဖြစ်တော်မူ၏။ ၁ပေ၊ ၁း၁၉။ ကိုယ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတွင် မည်သည့်ချွတ်ယွင်းမှုမျှမရှိပါ။ ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းနေပါသည်။ ၎င်းပြင် အသက်တာတစ်လျှောက်လုံးတွင် သဘာဝတရားများနှင့်လိုက်လျော ညီထွေစွာ ကိုယ်တော်နေထိုင်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ကာယဗလဘက်တွင်လည်းကောင်း၊ ဝိညာဉ်ရေးဘက်တွင်လည်းကောင်း ပညတ်တော်များကို လိုက်နာစောင့်ရှောက်ခြင်းအားဖြင့် ရရှိနိုင်မည့် လူသားများအပေါ် ဘုရားသခင်မျှော်မှန်းထားသည့် အသက်တာပုံစံနမူနာတစ်ခုဖြစ်ခဲ့ပါသည်။

            သားဦးကိုဆက်ကပ်အပ်နှံခြင်းဓလေ့သည် အလွန်ရှေးကျသောအချိန်များမှ အစပျိုးခဲ့ပါသည်။ ဘုရားသခင်သည် အပြစ်သားကိုကယ်တင်ရန် ကောင်းကင်သားဦးတည်းဟူသော သခင်ခရစ်တော်ကို ပေးသနားမည့်အကြောင်း ကတိပြုတော်မူပါသည်။ မိသားစုတိုင်းသည် သားဦးများကို ဆက်ကပ်အပ်နှံခြင်း အားဖြင့် ဤဆုကျေးဇူးတော်ကို အသိအမှတ်ပြုရန်ဖြစ်ပါသည်။ သားဦးကို လူသားများထဲမှ ခရစ်တော်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် ဆက်ကပ်ဖို့ဖြစ်ပါသည်။

            ဣသရေလများအား အဲဂုတ္တု (အီဂျစ်) ပြည်မှလွတ်မြောက်ရေးလုပ်ငန်းတွင် သားဦးဆက်ကပ်ခြင်း အမှုကို တစ်ဖန်မိန့်တော်မူခဲ့ပြန်ပါသည်။ ဣသရေလများသည် အီဂျစ်ပြည်တွင် ကျေးကျွန်ဘဝရောက်ရှိ နေကြစဉ်တွင် “ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏၊ ငါ့သားဦးဖြစ်၏၊ ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့်ရှိစေခြင်းငှါလွှတ်လော့၊ မလွှတ်ဖူးဟုငြင်းလျှင် သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှေအားမှာထားတော်မူ၏။” ထွက်၊ ၄း၂၂-၂၃။

            မောရှေသည် ကိုယ်တော်၏သတင်းစကားကို ဖါရောမင်းထံကြားပြောခဲ့သော်လည်း မာနထောင်လွှား လျက်ရှိသော ဖါရောမင်း၏အဖြေမှာ “ထာဝရဘုရား၏စကားကိုနားထောင်၍ ဣသရေလ အမျိုးသားတို့ကို ငါလွှတ်စေခြင်းငှါ ထိုဘုရားကားအဘယ်သူနည်း။ ထာဝရဘုရားကိုငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟုဆိုလေ၏” ထွက်၊ ၅း၂။ ထိုအခါ ထာဝရဘုရားသည် ဖါရောမင်းအပေါ်တွင် ကြောက်လန့်ဖွယ် စီရင်မှုများကိုကျရောက်စေလျက် အံ့ဩဖွယ်နိမိတ်လက္ခဏာများဖြင့် ကိုယ်တော်၏လူမျိုးအတွက် လုပ်ဆောင်တော်မူ၏။ အဆုံးတွင် အီဂျစ်ပြည်ရှိ လူနှင့်တိရစ္ဆာန်သားဦးများကို သုတ်သင်သတ်ဖြတ်ရန် ဖျက်ဆီးမည့် ကောင်းကင်တမန်များအား အမိန့်ပေးလိုက်ပါသည်။ ထိုဖျက်ဆီးခြင်းရန်မှ ဣသရေလများ လွတ်မြောက်ကြစေရန် ၎င်းတို့၏အိမ်တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်တို့တွင် သိုးသငယ်၏အသွေးနှင့် သုတ်လိမ်းထားရန် ညွှန်ကြားထားခဲ့ပါသည်။ သားဦးများကို သုတ်သင်မည့် ကောင်းကင်တမန်ရောက်လာ သောအခါ ဣသရေလလူများ၏ နေအိမ်များကိုမဖျက်ဆီးဘဲ ကျော်သွားနိုင်စေရန်အလို့ငှါ အိမ်တိုင်းတွင် ထိုကဲ့သို့ မှတ်သားရန်ဖြစ်ပါသည်။

            အီဂျစ်ပြည်အပေါ်တွင် အပြစ်ဒဏ်စီရင်မှုများပြုလုပ်ခဲ့ပြီးသောအခါ ထာဝရဘုရားသည် “ မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့သန့်ရှင်းစေ လော့။ ငါ့ဥစ္စာဖြစ်ကြသည်။ အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကိုငါသည် ဒဏ်ခတ်သော အခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏၊ ငါသည် ထာဝရဘုရားဖြစ်၏” ဟု မိန့်တော်မူ၏ (ထွက်၊ ၁၃း၂။ တော်လည် ၃း၁၃)။ တဲတော် တည်ဆောက် ပြီးစီးသည့်နောက်ပိုင်းတွင် တဲတော်အမှုကိစ္စများကိုဆောင်ရွက်ရန် ဣသရေလ သားဦးများ၏နေရာတွင် လေဝိအမျိုးသားများကို ဘုရားသခင်ရွေးချယ်တော်မူခဲ့သည်။ သို့ရာတွင် သားဦးများသည် ဆက်လက်၍ ဘုရားသခင်ပိုင်ဆိုင်ဆဲဖြစ်ကြောင်း မှတ်ယူထားရန်ဖြစ်ပြီး ထိုက်သင့်သောအဖိုးအခတစ်ခုအဖြစ် ပြန်လည် ရွေးယူရန်ဖြစ်ပါသည်။

            သို့အတွက် သားဦးအရာနှင့်ပတ်သက်သောဆက်ကပ်ခြင်းဆိုင်ရာ ပညတ်များသည်အထူးသဖြင့် အရေးတယူပြုကျင့်လုပ်ဆောင်ခြင်းကို ခံရပါသည်။ သားဦးများကိုဆက်ကပ်အပ်နှံခြင်းသည် ဣသရေလ လူများအပေါ်ပြုခဲ့သည့် ထာဝရဘုရား၏အံ့ဩဖွယ်ကယ်တင်ခြင်းအမှုအတွက် အထိမ်းအမှတ်တစ်ခုဖြစ် သကဲ့သို့ တစ်ပါးတည်းသောသားတော်အားဖြင့် ပြီးစီးစေမည့် မဟာကယ်တင်ခြင်းလုပ်ငန်းကြီးကို ကြိုတင် ရုပ်လုံးဖော်ခြင်းလည်းဖြစ်ပါသည်။ တံခါးထုပ်နှင့်တံခါးတိုင်များအပေါ်တွင် သုတ်လိမ်းထားသောသိုးသငယ် ၏အသွေးတော်အားဖြင့် ဣသရေလသားဦးများအားကယ်တင်ရန် တန်ခိုးရှိတော်မူ၏။

          ခရစ်တော်ကို ဆက်ကပ်အပ်နှံခြင်းသည် ထိုအချိန်က မည်သည့်အဓိပ္ပါယ်မျိုးသက်ရောက်ခဲ့ပါ သနည်း။ ယဇ်ပုရောဟိတ်များသည် ကန့်လန့်ကာကိုကျော်ဖြတ်၍ မည်သည့်လေးနက်မှုကိုမျှ မမြင်တွေ့ခဲ့ ကြချေ။ နောက်ကွယ်တွင်ရှိသော နက်နဲမှုများကို ၎င်းတို့မသိခဲ့ကြချေ။ ကလေးငယ်များကို ဆက်ကပ်ခြင်း အရာသည် သာမန်မြင်ကွင်းတစ်ခုသာဖြစ်ခဲ့ပါသည်။ ယဇ်ပုရောဟိတ်သည် ကလေးများကို ဆက်ကပ်သည့် အခါတိုင်းတစ်နေ့ပြီးတစ်နေ့ ကယ်တင်ခြင်းအလှူငွေများကိုရရှိခဲ့ပါသည်။ ယဇ်ပုရောဟိတ်သည်ဆက်ကပ် သော ကလေး၏မိဘများ၏ ချမ်းသာကြွယ်ဝခြင်း (သို့မဟုတ်) ကြီးမြင့်သောရာထူး ဌာနန္တရများရှိခြင်းကို မတွေ့ရလျှင် ၎င်းတို့ကိုဂရုမစိုက်ဘဲ နေ့စဉ်လုပ်ဆောင်ရမည့်လုပ်ငန်းအစီအစဉ်များအတိုင်းသာ ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားတတ်ပါသည်။ ယောသပ်နှင့်မာရိတို့သည်ဆင်းရဲကြပါသည်။ ၎င်းတို့သည်ကလေး ငယ်နှင့်အတူ ရောက်ရှိလာကြသောအခါ နိမ့်ကျစုတ်နုပ်သောအဝတ်များကို ဝတ်ဆင်ထားသော ဂါလိလဲမှ လာသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးအနေဖြင့်သာ ယဇ်ပုရောဟိတ်များကမြင်ခဲ့ကြပါသည်။ ၎င်းတို့၏ပုံပန်းလက္ခဏာများသည် စွဲလမ်းစိတ်ဝင်စားစရာ တစ်စုံတစ်ခုမျှမရှိသည့်ပြင်ဆင်းရဲသား လူတန်းစားများလှူသည့် ပူဇော်သကာမျိုးကိုသာ သူတို့ပေးလှူနိုင်ခဲ့ကြသည်။

         ယဇ်ပုရောဟိတ်သည် ၎င်းလုပ်ဆောင်ရမည့်လုပ်ငန်းများ၏ အခမ်းအနားများကို ပြီးစီးအောင်လုပ် ဆောင်ခဲ့ပါသည်။ သူသည် ကလေးငယ်ကို လက်မောင်းမှကိုင်၍ ယဇ်ပလ္လင်ရှေ့တွင်မချီခဲ့ပါသည်။ ထို့နောက် မိခင်အားပြန်ပေးပြီး သားဦးများစာရင်းတွင် “ယေရှု” ဟူသောအမည်ကိုရေးသွင်းလိုက်ပါသည်။ ကလေးငယ် ကို ချီထားစဉ်တွင် ထိုကလေးငယ်သည် ကောင်းကင်၏အရှင်၊ ဘုန်းတော်နှင့်ပြည့်စုံသောဘုရင်ကြီး ဖြစ်ကြောင်းကို ယဇ်ပုရောဟိတ်သည် နည်းနည်းကလေးမျှမတွေးမိခဲ့ချေ။ ထိုကလေးငယ်သည် မောရှေ ရေးသားပြောပြခဲ့သော ပုရောဖက်ဖြစ်ကြောင်းကိုလည်း ထိုယဇ်ပုရောဟိတ်မသိခဲ့ချေ။ “မောရှေက သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနဲ့တူသောပုရောဖက်တစ်ပါးကို သင်တို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပုရောဖက်ဟောပြောသမျှသောအရာတို့ကို သင်တို့သည်နားထောင် ရကြမည်” (တမန် ၃း၂၂)။ သူ၏ဘုန်းတော်ကို ကြည့်ခွင့်ပြုရန် မောရှေတောင်းခံခဲ့သောပုဂ္ဂိုလ်သည် ထိုကလေးငယ်ဖြစ်ကြောင်းကိုလည်း ၎င်းယဇ်ပုရောဟိတ်မသိခဲ့ချေ။ သို့သော်လည်း မောရှေထက် ကြီးမြတ်သော ပုဂ္ဂိုလ်သည် ထိုယဇ်ပုရောဟိတ်၏ လက်ထဲတွင် လျောင်းစက်နေပါသည်။ ၎င်းပြင် သူသည် ကလေးငယ်၏နာမည်ကို စာရင်းသွင်းနေသောအခါ ယုဒအိမ်မှုအုပ်ချုပ်သည့်နည်းစနစ်များ၏ အခြေခံဖြစ် သော ပုဂ္ဂိုလ်၏အမည်ကို စာရင်းသွင်းနေခဲ့ခြင်းဖြစ်ပါသည်။ ထိုနာမည်သည် ထိုစနစ်အတွက် “သေစေဝရမ်းအမိန့်စာ” တည်းဟူသော ပြီးဆုံးကြောင်း အမိန့်စာတစ်ခုအဖြစ်မှတ်ယူရန်ဖြစ်ပါသည်။ အကြောင်းမူကား ယဇ်ပူဇော်ခြင်းစနစ်သည် ဟောင်းမြင်းလာပြီဖြစ်ပြီး ပုံဆောင်သောအရာသည် ပုံဆောင် ခြင်း ခံရသောအရာနှင့်လည်းကောင်း၊ အရိပ်သည်အရိပ်၏အရှင်နှင့်လည်းကောင်း တွေ့ဆုံလုနီးနီးဖြစ်နေခြင်း ကြောင့်တည်း။

         ထာဝရဘုရား၏ဘုန်းရောင်ခြည်တော်သည် ဗိမာန်တော်မှကွယ်ပျောက်ခဲ့သော်လည်း သူငယ်တော် ယေရှုကိုမူ ဘုန်းရောင်ခြည်နှင့်ရစ်ပတ်ခဲ့ပါသည်။ ထိုဘုန်းတော်ရောင်ခြည်ရှေ့မှောက်တွင် ကောင်းကင်တမန် များသည် ဦးချကိုးကွယ်ခဲ့ကြပါသည်။ လူမှန်းမသိတတ်သေးသော ဤကလေးသူငယ်သည် ဧဒင်ဥယျာဉ် အဝင်ဝတွင် တည်ရှိခဲ့သော ပထမဦးဆုံးယဇ်ပလ္လင်မှ ပြညွှန်ခဲ့သော ကတိတော်နှင့်ပတ်သက်သည့်အမျိုး အနွယ် ဖြစ်ပါသည်။ ဤသူငယ်သည် အသက်ပေးပိုင်ရှင်ရှိလောဖြစ်တော်မူသည်။ ဤသူငယ်သည် မောရှေအား “ ငါဖြစ်သည်” ဟုထုတ်ဖော်ကြေညာခဲ့သောသူဖြစ်ပါသည်။ ဤသူငယ်သည် မိုးတိမ်အားဖြင့် လည်းကောင်း၊ မီးတိမ်တိုင်အားဖြင့်လည်းကောင်း ဣသရေလများအားလမ်းပြပို့ဆောင်ခဲ့သောသူလည်း ဖြစ်ပါသည်။ ဤသူငယ်သည် ပုရောဖက်များအချိန်ကြာမြင့်စွာကပင် ကြိုတင်ဟောကြားခဲ့သောသူလည်း ဖြစ်ပါသည်။ ဤသူငယ်သည် လူမျိုးအားလုံး၏တောင့်တချက်၊ ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်မှသက်ဆင်းသူ၊ ၎င်းအပြင်ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ ညီအစ်ကိုဟုကြေညာ လျက်ဣသရေလစာရင်းတွင် အမည်ရေးသွင်းခြင်းခံရသော ထိုအကူအညီမဲ့ကလေးငယ်၏ နာမတော်သည် ဖောက်ပြန်ပျက်စီးနေသောလူသားများ၏ မျှော်လင့်ချက်ဖြစ်ခဲ့ပါသည်။ ကယ်တင်ခြင်းအလှူငွေကို သူ့အတွက် ပေးလှူခြင်းခံခဲ့ရသော ထိုကလေးငယ်သည် ကမ္ဘာသူကမ္ဘာသားအားလုံး၏အပြစ် အတွက်ရွေးယူရန်၊အဖိုး အခကိုပေးရန်ဖြစ်ပါသည်။ ထိုသူငယ်သည်ထာဝရဘုရား၏အိမ်တော်ကို အုပ်စိုးသောယဇ်ပုရောဟိတ်မင်း၊ မပြောင်းလဲသောယဇ်ပုရောဟိတ်အကြီး၊ မြင့်သောအရပ်မှ တန်ခိုးအာနုဘော်တော်၏လက်ယာဘက်တွင် ထိုင်တော်မူသောကြားဖျန်ဖြေသူတစ်ပါးဖြစ်တော်မူပါသည်။

         ဝိညာဉ်ရေးကိစ္စများကို ဝိညာဉ်ရေးအရသာသိမြင်နိုင်ပါသည်။ မိမိလာရောက်လုပ်ကိုင်ရမည့် အရာများကိုလုပ်ကိုင်ရန် ဘုရားသခင်၏သားတော်ကို ဗိမာန်တော်တွင်ဆက်ကပ်အပ်နှံခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်သည် အခြားကလေးငယ်များအပေါ်သို့ ရှုမြင်ခဲ့သကဲ့သို့ ထိုသူငယ်တော်အပေါ်ဝယ်ရှုမြင် ခဲ့သည်။ သို့သော် ထူးခြားသောအရာများကို ယဇ်ပုရောဟိတ်အနေဖြင့် မတွေ့မြင်မခံစားခဲ့ရသော်လည်း ကမ္ဘာသူကမ္ဘာသားများအတွက် ဘုရားသခင်၏သားတော်ကိုစွန့်ခြင်းအရာတွင် ထာဝရဘုရား၏ လုပ်ဆောင်မှု ကိုအသိအမှတ်ပြုခဲ့ပါသည်။ ဤအဖြစ်အပျက်သည် ခရစ်တော်အားအသိအမှတ်တစ်စုံတစ်ရာမပြုဘဲ ကျော်လွန်ပြီးမြောက်ခဲ့သည်မဟုတ်ချေ။ “ရှုမောင်အမည်ရှိသောသူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသောသူ၊ဣသရေလအမျိုး၏သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍သူသည် ထာဝရ ဘုရား၏ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။” လုကာ ၂း၂၅-၂၆။

         ရှုမောင်သည် ဗိမာန်တော်သို့ဝင်လာစဉ် မိသားစုတစ်စုသည် သားဦးကလေးကို ယဇ်ပုရောဟိတ် ရှေ့မှောက်တွင်ဆက်ကပ်နေကြောင်းကိုမြင်တွေ့ခဲ့ရပါသည်။ သူတို့၏အသွင်အပြင်များသည်ဆင်းရဲနွမ်းပါးမှု ကို ထင်ရှားဖော်ညွှန်းနေသော်လည်း ရှုမောင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ သတိပေးချက်များကို နားလည်သဘောပေါက်ခဲ့ပါသည်။ ၎င်းပြင် ဘုရားသခင်ထံသို့ ဆက်ကပ်ခြင်းခံနေရသော ကလေးငယ်သည် ကြာမြင့်စွာကတည်းကဖူးတွေ့ရန် စောင့်မျှော်နေခဲ့သော ဣသရေလအမျိုး၏သက်သာခြင်းဖြစ်ကြောင်းကို သူသည်ထိထိမိမိ ခံစားခဲ့ရပါသည်။ ယဇ်ပုရောဟိတ်ကြီးအံ့အားသင့်ရလောက်အောင် ရှုမောင်သည် နှလုံးပီတိ ဖြစ်နေသည်မှာပေါ်လွင်ထင်ရှားနေပါသည်။ သူငယ်တော်သည် မယ်တော်မာရိထံသို့ ရောက်ရှိနေပြီ ဖြစ်သည့် အတွက် သူသည် ကလေးငယ်အားလက်နှင့်မချီပြီး ထာဝရဘုရားထံဆက်ကပ်ပါသည်။ ထိုစဉ်တွင် တစ်ခါမှမခံစားခဲ့ရဖူးသော ဝမ်းမြောက်ခြင်းကို သူခံစားခဲ့ရပါသည်။ သူသည် သူငယ်တော်ကယ်တင်ရှင်အား ကောင်းကင်သို့မြှောက်ချီ၍ “ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလျက် အစိုးရတော်မူသောအရှင် ဗျာဒိတ် တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေး တော်မူ၏။ ကိုယ်တော်၏လူဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ ကို လင်းစေခြင်းငှါလည်းကောင်း လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို ကျွန်ုပ်တို့သည် ကိုယ့်မျက်စိနှင့်မြင်ရပါ၏ဟုမြွက်ဆို၏။” (လုကာ ၂း၂၉-၃၂)။

         ဝိညာဉ်ဆုကျေးဇူးများသည် ဘုရားသခင်၏လူဖြစ်သော ဤပုဂ္ဂိုလ်အပေါ်တွင်ကျရောက်တော်မူ ခဲ့၏။ ၎င်းပြင် ယောသပ်နှင့်မာရိတို့သည် ၎င်း၏နှုတ်ထွက်စကားများကို အံ့အားသင့်လျက် အနားတွင်ရပ် နေကြစဉ် ရှုမောင်သည် ၎င်းတို့အား ကောင်းချီးပေး၍ မာရိအား “ဤသူငယ်အား ဣသရေလလူအများ လဲမည့်အကြောင်း၊ အများထမည့်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည့်အကြောင်းခန့်ထားသောသူဖြစ်၏။” (လုကာ ၂း၃၄) ဟု ဆို၏။

         ပုရောဖက်မ အန္နသည် ဗိမာန်တော်အတွင်းသို့ဝင်ပြီး ခရစ်တော်နှင့်ပတ်သက်သောရှုမောင်၏ သက်သေခံချက်ကို အတည်ပြုပြောဆိုပေးခဲ့ပါသည်။ ရှုမောင်စကားပြောစဉ်တွင် သူမ၏မျက်နှာသည် ဘုရားသခင်၏ဘုန်းရောင်ခြည်များနှင့်တောက်ပနေပြီး သခင်ခရစ်တော်အားဖူးမြော်ခွင့်ပေးသည့်အတွက် သူမသည် နှလုံးတွင်းမှထွက်ပေါ်လာသော ကျေးဇူးတင်စကားများကို ရေရွတ်နေခဲ့ပါသည်။

         စိတ်နှလုံးနှိမ့်ချစွာဖြင့်ကိုးကွယ်သော ဤသူများသည် အနာဂတ္တိစကားများကို အချည်းနှီးလေ့လာ ခဲ့ကြသည်မဟုတ်ချေ။ သို့သော် ဣသရေလနိုင်ငံရှိ ရာထူးများရရှိထားသည့် အုပ်ချုပ်သူများနှင့် ယဇ်ပုရောဟိတ်များသည် တန်ဖိုးရှိလှသည့် အနာဂတ္တိစကားများကိုရရှိခဲ့ကြသော်လည်း ၎င်းတို့သည် ထာဝရဘုရားလမ်းတော်သို့ မလိုက်လျှောက်ခဲ့သည့်အပြင် ကိုယ်တော်ကို ဖူးတွေ့ရန် ၎င်းတို့၏မျက်စိများကို မဖွင့်ခဲ့ကြချေ။

         ယခုအချိန်တိုင်အောင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်နေလျက်ရှိပါသည်။ ကောင်းကင်နိုင်ငံတစ်ခုလုံးမှ အာရုံပြုလျက်ရှိသော ဤအဖြစ်အပျက်ကို လူအများဂရုမစိုက်ခဲ့ကြချေ။ ၎င်းအပြင်ဖြစ်ပျက်နေသည့် ဖြစ်အင်များကို ဘာသာရေးခေါင်းဆောင်များနှင့် ထာဝရဘုရား၏အိမ်တော်မှဝတ်ပြုကိုးကွယ်သူများသည် အရေးမစိုက်ခဲ့ကြချေ။ လူသားများသည် အသက်ရှင်သောခရစ်တော်ကို ကျောခိုင်းသွားခဲ့ကြသော်လည်း သမိုင်းတွင်မူ ခရစ်တော်ကိုအသိအမှတ်ပြုခဲ့ကြပါသည်။ သက်သာခြင်းကိုတောင်းခံနေသော ဆင်းရဲသားများ၊ ဒုက္ခဝေဒနာခံစားနေရသူများနှင့် ဥစ္စာဓနနွမ်းပါးခြင်း၊ ပင်ပန်းခြင်း၊ အပြစ်တင်ခံရခြင်းများခံစားနေရသည့် ဖြောင့်မတ်သောဘက်တော်သားများအတွက် ခရစ်တော်သည် ကိုယ်ကျိုးစွန့်ကြရန် နှုတ်တော်ထွက်စကား များဖြင့် ခေါ်တော်မူခြင်းကို လွန်ခဲ့သောအနှစ် (၁၀၀၀) ကကဲ့သို့ပင် ယခုအချိန်တွင်လည်း အလွယ်တကူ လက်ခံခြင်းမပြုကြချေ။

         မာရိသည် ရှုမောင်၏ကျယ်ပြန့်နက်ရှိုင်းသောအနာဂတ္တိစကားကို အလေးအနက်စဉ်းစားနေပါသည်။ လက်ထဲတွင်ပွေ့ထားသောသူငယ်တော်ကိုကြည့်ရှု၍ ဗက်လင်မြို့မှသိုးထိန်းများ၏စကားသံကို ပြန်လည် တွေးတောမိသောအခါ သူမသည် ဝမ်းမြောက်ပီတိဖြစ်ပြီး မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ပါသည်။

         ရှုမောင်၏နှုတ်ထွက်စကားများသည် သူမအား ဟေရှာယ၏ အနာဂတ္တိဆိုင်ရာမြွက်ဆိုချက်များကို သတိရစေခဲ့သည်။ “ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူမ၏အမြစ်တို့တွင် အညွှန့်သည် အသီးသီးလိမ့်မည်။ ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသဘောကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာကျိန်းဝပ်တော်မူလိမ့်မည်။---တရားနှင့်သစ္စာသည် သူ၏ခါးပန်း ခါးစည်းဖြစ်လိမ့်မည်။” “မှောင်မိုက်ထဲမှာသွားလာသောသူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။ ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။” (ဟေရှာ၊ ၁၁း၁-၅။ ၉း၂-၆)။

         သို့စေကာမူ မာရိသည် ခရစ်တော်၏အမှုတော်ကို နားမလည်ခဲ့ချေ။ ကိုယ်တော်သည် ဣသရေလများ အတွက် ဘုန်းတော်ဖြစ်သကဲ့သို့ တစ်ပါးအမျိုးသားများအတွက် ထွန်းလင်းမည့်အလင်းတစ်ခုဖြစ်ကြောင်း ရှုမောင်သည် ကိုယ်တော်အကြောင်းဟောကြားခဲ့ပါသည်။ ထိုနည်းအတိုင်းပင် ကောင်းကင်တမန်များသည် ကမ္ဘာသူကမ္ဘာသားအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းစကားအနေဖြင့် ကယ်တင်ရှင်၏ဖွားမြင်ခြင်းကို ကြေညာခဲ့ကြပါသည်။ ထာဝရဘုရားသည် မေရှိယ၏အမှုတော်အပေါ်ထားရှိသော ယုဒလူမျိုးများ၏ ကျဉ်းမြောင်းသည့်သဘောထားများကို ပြုပြင်ပေးရန် ကြိုးစားခဲ့ပါသည်။ ဣသရေလလူများ၏ ကယ်တင်ရှင် တစ်ပါးအနေနှင့်သာမက ကမ္ဘာ့ကယ်တင်ရှင်အနေဖြင့် လူအများသည် ကိုယ်တော်ရှင်အား မျှော်ကြည့်ကြရန် ထာဝရဘုရားလိုလားခဲ့သည်။ သို့ပါသော်လည်း သခင်ယေရှု၏မယ်တော်သည်ပင်လျှင် နှစ်ပေါင်းများစွာ ကျော်လွန်ပြီးမှ ကိုယ်တော်ရှင်၏အမှုတော်ကို နားလည်လိမ့်မည်ဖြစ်ပါသည်။

         မာရိသည် ဒါဝိဒ်၏ပလ္လင်ပေါ်တွင် မေရှိယ၏စိုးစံမှုကိုမျှော်မှန်းခဲ့ပါသည်။ သို့သော်လည်း ဒုက္ခဆင်းရဲ ခြင်းဗတ္တိဇံအားဖြင့် ထိုအရာကိုအောင်မြင်ရမည်ကို သူမ မသိမြင်ခဲ့ချေ။ မေရှိယလျှောက်ရမည့် လမ်းသည် ကမ္ဘာ့အလယ်တွင် အတားအဆီးအခက်အခဲမရှိသော လမ်းမဟုတ်ကြောင်းကို ရှုမောင်အားဖြင့် ထုတ်ဖော် ထားပါသည်။ “သံလျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်” ဟူသောစကားများအားဖြင့် ထာဝရဘုရား သည် သနားခြင်းကရုဏာအားဖြင့် ကိုယ်တော်အတွက် သူမစတင်ခံစားခဲ့ရပြီးဖြစ်သည့် သောကမီး၏အရိပ် အမြွက်ကို ခရစ်တော်၏မယ်တော်အား မိန့်တော်မူခဲ့ပါသည်။ ဤသူငယ်သည် ဣသရေလလူအများလဲမည် ဖြစ်ကြောင်း၊ အများထမည်ဖြစ်ကြောင်း၊ လူအများတို့၏အကြံအစည်ကိုထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏ဟု ရှုမောင်ပြောကြားခဲ့ပါသည်။ တစ်ဖန်ပြန်၍ထမည့်သူများသည် လဲကြရမည်။ ခရစ်တော်၌မြှောက်တင်ခြင်းမခံရမီကျွန်ုပ်တို့သည် “ကျောက်မြတ်”ပေါ်တွင်ကျ၍ ကြေမွ ပျက်စီးခြင်းခံကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော ဘုန်းတော်ကို သိခဲ့ကြမည်ဆိုလျှင် ကိုယ်ကျိုးစွန့်၍ မာနတရားကိုချိုးနှိမ်ရပါမည်။ ယုဒလူများသည် နှိမ့်ချခြင်းအားဖြင့်သာ တက်လှမ်းနိုင်သော ဂုဏ်အသရေကိုလက်မခံကြချေ။ ထိုကြောင့် သူတို့သည် ကယ်တင်ရှင်ကို မရရှိခဲ့ကြချေ။ ကိုယ်တော်သည် ငြင်းခုံစရာဖြစ်မည့်အကြောင်း ခန့်ထားသောသူဖြစ်နေပါသည်။   

         “လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ခန့်ထားခြင်းခံရသော သူဖြစ်၏။” ကယ်တင်ရှင်၏အသက်တာမှ ထင်ရှားသောအလင်းတရားအားဖြင့် ဖန်ဆင်းရှင်ဘုရားသခင်၏ အကြံအစည် မှစ၍ အမှောင်၏သခင့် (စာတန်) အကြံအစည်အထိ အားလုံးသောစိတ်နှလုံးအကြံအစည်များကို ထင်ရှားစေ ခဲ့ပါသည်။ စာတန်သည် ဘုရားသခင်အားအပေးမရှိဘဲ အတောင်းသက်သက်ရှိသောအတ္တများ၏ ဖိနှိပ်ချုပ် ချယ်သူတစ်ဦးအနေဖြင့်သော်လည်းကောင်း၊ မိမိ၏ဘုန်းတန်ခိုးကြီးထွားရေးအတွက် ဝေနေယျသတ္တဝါများ ၏ ဝတ်ပြုကိုးကွယ်မှုကို တောင်းခံ၍ လူသားများ၏ကောင်းစားရေးအတွက် မည်သည့်အနစ်နာခံမှုကိုမှ မပြုလုပ်သော ပုဂ္ဂိုလ်တစ်ပါး အနေဖြင့်သော်လည်းကောင်း၊ ရုပ်လုံးဖော်ခဲ့ပါသည်။ သို့သော် ခရစ်တော် ပေးသနားတော်မူသောလက်ဆောင်သည် အဖခမည်းတော်၏ စိတ်နှလုံးအကြံအစည်ကို ထင်ရှားစေခဲ့ပါ သည်။ ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားသခင်၏ အကြံအစည်သည် “ အကျိုးနည်းစေခြင်း ငှါ ကြံစည်သော အကြံမဟုတ်ဘဲ ငြိမ်ဝပ်စေခြင်းငှါ ကြံစည်သောအကြံအစည်ဖြစ်ကြောင်းကို” ထိုလက်ဆောင်ကသက်သေ ပြုခဲ့ပါသည်။ ဘုရားသခင်၏အပြစ်တရားအပေါ်တွင် ရွံရှာမုန်းတီးခြင်းသည် သေခြင်းတရားအပေါ်တွင် မုန်းတီးသကဲ့သို့ ပြင်းထန်ပြီးအပြစ်သားအပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာတော်သည် သေခြင်းတရား ထက်ပိုမိုခွန်အားကြီးပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး သည့်နောက် ကိုယ်တော်သည် အမှုတော်ပြီးစီးရန်အတွက် မရှိမဖြစ်လိုအပ်သောမည်မျှတန်ဖိုးကြီးသည့် အရာကိုမဆို ချန်ထားလိမ့်မည်မဟုတ်ချေ။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော မည်သည့် အမှန်တရားကိုမျှမပေးဘဲ သိမ်းမထားခဲ့ချေ။ မည်သည့်သနားခြင်းကရုဏာ၏ နိမိတ်လက္ခဏာကိုမှ မပြုလုပ် ဘဲမနေခဲ့ချေ။ မည်သည့် ကောင်းကင်တမန်တစ်ပါးကိုမျှ လူသားများအတွက် မခိုင်းစေဘဲမထား ခဲ့ချေ။ အကျိုးကျေးဇူးတစ်အပေါ်မှာ တစ်ခုကိုထပ်၍ထပ်၍စုပုံထားခဲ့ပါသည်။ ကယ်တင်ခြင်းရရှိရန် ကြိုးစားရှာဖွေ သောသူများအတွက် ကောင်းကင်ဘဏ္ဍာများကို ဖွင့်ပေးနေပါသည်။ စကြဝဠာ၏ကြွယ်ဝမှု များကိုစုသိမ်း၍ အနန္တတန်ခိုးတော်၏အစွမ်းသတ္တိများကို ဖွင့်လှစ်ထားပြီးနောက်ထာဝရဘုရားသည် ဤအရာအားလုံးကို ခရစ်တော်၏လက်တော်တွင် အပ်နှံပြီးလျှင်အရာအားလုံးသည် လူသားများအတွက် ဖြစ်ကြောင်း၊ ကောင်းကင်အောက်မြေကြီးပေါ်တွင် ငါ့မေတ္တာထက်ကြီးမားသောမေတ္တာမရှိကြောင်းကို စာတန်အား နား လည်သဘောပေါက်ရန် ဤအရာများကိုအသုံးပြုရန်ဖြစ်ကြောင်း၊ ကြီးမားသောဝမ်းမြောက်ရွှင်လန်းခြင်း သည် ငါ့ကိုချစ်ခြင်း၌သာတွေ့နိုင်လိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့်မိန့်မှာတော်မူပါသည်။

         ချစ်ခြင်းမေတ္တာနှင့် တစ်ကိုယ်ကောင်းဆန်မှုသည် ကရာနီမှကပ်တိုင်တော်တွင် မျက်နှာချင်းဆိုင်ရပ် တည် ခဲ့ကြသည်။ ဤနေရာတွင် ၎င်းတို့အတွက် အထွတ်အထိပ်ဖြစ်သော ထင်ရှားစွာထုတ်ဖော်ချက်များကို တွေ့မြင်ရပါမည်။ ခရစ်တော်သည် သူတစ်ပါးအားနှစ်သိမ့်ရန်နှင့် ကောင်းချီးပေးရန်အတွက်သာ အသက်ရှင်ခဲ့ ပါသည်။ စာတန်သည် ကိုယ်တော်ကိုသတ်ဖြတ်လိုက်ခြင်းအားဖြင့် ထာဝရဘုရားအပေါ်ထားရှိသော ၎င်း၏ မုန်းတီးခြင်းနှင့် ရန်ငြိုးထားခြင်းများကို ပေါ်လွင်ထင်ရှားစေပါသည်။ သူ့ဆန့်ကျင်မှု၏စစ်မှန်သော ရည်ရွယ် ချက်သည် ထာဝရဘုရားအားနန်းချရန်နှင့် မေတ္တာတော်ကိုထင်ရှားစေသော ခရစ်တော်ကိုသုတ်သင်ဖျက်ဆီး ရန်ဖြစ်ကြောင်းကို ထိုလုပ်ရပ်အားဖြင့် ပေါ်လွင်ထင်ရှားစေခဲ့ပါသည်။      

            ခရစ်‌တော်၏သက်တော်စဉ်နှင့် ကိုယ်တော်၏အသေခံခြင်းအားဖြင့် လူသားများ၏အတွေးအခေါ် များကိုလည်း သိမြင်စေနိုင်ခဲ့ပါသည်။ နွားစားခွက်မှသည် ကပ်တိုင်သို့တိုင် ထင်ရှားစေခဲ့သောကိုယ်တော်ရှင် ၏သက်တော်စဉ်သည် မိမိကိုယ်ကိုဆက်ကပ်အပ်နှံရန်နှင့် ဒုက္ခဆင်းရဲခံရစဉ်တွင်မိတ်သဟာယဖွဲ့ရန် တောင်းဆိုနေသောအော်သံတစ်ခု ဖြစ်ခဲ့ပါသည်။ လူသားများတို့၏ အကြံအစည်များကိုလည်း ဖွင့်ပြခဲ့ ပါသည်။ သခင်ယေရှုသည် ကောင်းကင်သမ္မာတရားနှင့်အတူ ကြွလာတော်မူခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော် ၏အသံတော်ကို နားထောင်သောသူအားလုံးတို့သည် အထံတော်သို့ ဆွဲယူခြင်းကိုခံရကြပါမည်။ မိမိကိုယ်ကို ကိုးကွယ်သူတို့သည် စာတန်၏တိုင်းနိုင်ငံမှပြည်သူများဖြစ်ကြသည်။ ခရစ်တော်အပေါ်ထားရှိသော ၎င်းတို့၏ သဘောထားများအားဖြင့် မိမိတို့သည် မည်သူ့ဘက်တွင်ရပ်တည်ကြောင်းကို လူခပ်သိမ်းတို့သည်ပြကြ လိမ့်မည်။ ထိုနည်းအားဖြင့် လူတိုင်းသည် မိမိကိုယ်ကိုတရားစီရင်နေကြပါသည်။ အပြီးသတ်တရားစီရင် သောနေ့တွင် ကယ်တင်ခြင်းဆုံးရှုံးသော ဝိညာဉ်တိုင်းသည် သမ္မာတရားအပေါ်မိမိတို့ငြင်းပယ်ခဲ့မှုများ၏ သဘာဝကိုနားလည်လာကြပါလိမ့်မည်။ ကပ်တိုင်ကို ၎င်းတို့၏ရှေ့မှောက်တွင် ထင်ရှား‌စေလိမ့်မည်။ ၎င်းပြင် အပြစ်ကျူးလွန်မှုကြောင့် ဝိညာဉ်ရေးမှောင်မိုက်ကျခဲ့သော လူသားတိုင်းတို့သည် ကပ်တိုင်၏စစ်မှန်သော ရှုခင်းကိုမြင်တွေ့ကြရပါလိမ့်မည်။ လူတိုင်းနားလည်ရန်ခက်လှသော အပြစ်၏သားကောင်ကို ချိတ်ဆွဲထား သော ကရာနီမြင်ကွင်း၏ရှေ့တွင် အပြစ်သားများသည် မတ်တပ်ရပ်၍တရားစီရင်ခြင်းခံကြရမည် ဖြစ်ပါသည်။ လိမ်ညာ၍ ပြောသောဆင်ခြေတိုင်းသည် ဖယ်ရှားခြင်းကိုခံရလိမ့်မည်။ လူသားများ၏အယူဝါဒ ဖောက်ပြန်မှုများသည ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်သော စာရိတ္တများဖြင့် ပေါ်ထွက်လာကြလိမ့်မည်။ လူသားများသည် ၎င်းတို့၏ရွေးချယ်မှုများကို မြင်တွေ့ကြရလိမ့်မည်။ အချိန်ကြာမြင့်စွာအငြင်းပွားခဲ့သော အမှားနှင့်အမှန်တို့၏ မေးခွန်းတိုင်းကိုလည်း ထိုအချိန်တွင် ရှင်းလင်းအောင်ပြုလုပ်ပေးလိမ့်မည်ဖြစ်ပါသည်။ စကြဝဠာ၏ တရားစီရင်ခြင်းလုပ်ငန်းတွင် ထာဝရဘုရားသည် အပြစ်ဒုစရိုက်တည်ရှိခြင်းနှင့် အဆက်မပြတ် ဒုစရိုက်ကျူးလွန်မှုများအတွက် အပြစ်တင်ခွင့်နှင့် ကင်းရှင်းစွာရပ်တည်ပါလိမ့်မည်။ ထာဝရဘုရားစီမံထား တော်မူသော အရာများသည် အပြစ်ကျူးလွန်ရန်အထောက်အကူမပြုကြောင်းကိုလည်း သိသာထင်ရှားပါ လိမ့်မည်။ ထာဝရဘုရား၏ အုပ်စိုးမှုတွင် အပြစ်အနာအဆာတစ်စုံတစ်ရာမရှိသည့်ပြင် အကြည်ညိုပျက်စေ သော အကြောင်းတစ်စုံတစ်ရာလည်း မရှိပါချေ။ လူသားအားလုံး၏ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေပြီးသောအခါ သစ္စာစောင့်သောသူများနှင့် မစောင့်သောသူများသည် အတူတကွပူးပေါင်း၍ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်း မြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါသည်။---ကိုယ်တော်သည် မကြောက်ရွံ့ဘဲ၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူ နေရပါအံ့နည်း။ အကြောင်းမူကား၊ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားပါ၏”(ဗျာဒိတ် ၁၅း၃-၄) ဟူ၍ ဟစ်ကြော်ကြပါလိမ့်မည်။

 

No comments:

Post a Comment