တိတ်ဆိတ်ငြိမ်ဝပ်စွာနေလော့
ရှင်မဿဲ
၈း၂၃-၃၄။ ရှင်မာကု ၄း၃၅-၄၁။ ၅း၁-၂၀။ ရှင်လုကာ ၈း၂၂-၃၉ တို့ကိုအခြေပြုထားပါသည်။
ထိုနေ့သည်
ခရစ်တော်အသက်တာတွင် ထူးခြားသောအဖြစ်ပျက်များဖြစ် ပျက်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပါသည်။
ကိုယ်တော်သည် ဂါလိလဲရေအိုင်နားတွင် မိမိ ကိုယ်တိုင် တည်ထောင်မည့် နိုင်ငံတော်၏
သဘာ၀နှင့် တည်ထောင်မည့် နည်းလမ်း များတို့ကို လူများလက်ပွန်းတတီးဖြစ်နေသော
သာဓကများကို အသုံးပြု၍ ပထမဦး ဆုံးသော ပုံပမာကို မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်သည်
မိမိ၏အမှုတော်ကို မျိုးစေ့ကြဲသောသူနှင့် ခိုင်းနှိုင်းခဲ့ပြီး အမှုတော်၏
တိုးတက်ကြီးပွားမှုကို မုန်ညင်းစေ့ နှင့်လည်းကောင်း၊ မုန့်ညက်ထဲတွင်ရှိသော တဆေး၏
ဖောင်းကြွစေမှုဖြင့် လည်း ကောင်း ခိုင်းနှိုင်း ဟောကြားခဲ့ပါသည်။
နောက်ဆုံးသောလူဆိုးနှင့် လူကောင်းခွဲခြား ခြင်းကို စပါးပင်နှင့်ပေါင်းပင်ပုံပမာ
အားဖြင့်လည်းကောင်း၊ ငါးများကို အုပ်မိသော ပိုက်ကွန်အားဖြင့်လည်းကောင်း
ရုပ်လုံးဖော်ဟော ကြားခဲ့ပါသည်။ သမ္မာတရား၏ အလွန့်အလွန် အဖိုးထိုက်တန်မှုများကို
မြတ်သောပုလဲရတနာနှင့် လည်းကောင်း၊ တမန်တော်များသည် ကိုယ်တော်၏
ကိုယ်စားလှယ်များအဖြစ် လုပ်ဆောင်ရန်နည်း များကို သွန်သင်တော်မူခဲ့သော “အိမ်ရှင်” ပုံပမာအားဖြင့်လည်းကောင်း
သာဓက ပြသွန်သင်တော်မူခဲ့ပါသည်။
ကိုယ်တော်သည်
တစ်နေ့လုံးဒေသနာများကို သွန်သင်ဟောကြားခြင်း၊ လူနာများကိုကုသခြင်း
စသည်တို့ကိုလုပ်ဆောင်ခဲ့ရာ ညနေသို့ ရောက်လာသည့် တိုင်အောင် လူထုကြီးသည်
ကြိတ်ကြိတ်တိုးလာရောက် ကြဆဲဖြစ်ပါသည်။ ထမင်း စားရန်နှင့် ခေတ္တအနားယူသည့်
အချိန်မှလွဲ၍ တစ်နေ့ပြီးတစ်နေ့၊ ၎င်းတို့အားမစ တော်မူခဲ့ပါသည်။ ဖါရိရှဲများက
မနားမနေ လုပ်ဆောင်ခဲ့သော အာဃာတစိတ်နှင့်ပြု လုပ်သော ပြစ်တင်ဝေဖန်မှုများနှင့်
မှားယွင်းစွာ ရုပ်လုံးဖော်မှုများသည် ကိုယ်တော် ရှင်၏ အမှုတော်အား
ပိုမိုခက်ခဲစေပြီး အနှောင့်အယှက်လည်း ဖြစ်စေခဲ့ပါသည်။ ယခုတွင်မူ နေဝင်ဆည်းဆာချိန်သို့
ရောက်လာပြီဖြစ်ပြီး အလွန်မောပန်းနွမ်းလျနေ ပြီဖြစ်သောကြောင့် ဂါလိလဲအိုင်၏
တစ်ဖက်ကမ်းရှိ ဆိတ်ငြိမ်သော နေရာတွင် သွားရောက်အနားယူရန် ကိုယ်တော်ရှင်
ဆုံးဖြတ်ချက် ချလိုက်ပါသည်။
ဂါလိလဲအိုင်၏
နံဘေးပတ်ပတ်လည်တွင် မြို့များရွာများရှိနေ သောကြောင့် ဂနေသရက်နယ်ရှိရာ
အရှေ့ဘက်ကမ်းတွင်လည်း လူနေအိမ်ခြေများ ရှိနေပါသည်။ သို့စေကာမူ
အနောက်ဘက်ကမ်းတွင်ရှိသော နယ်များနှင့် နှိုင်းစာလျှင် လူနေကြဲ ကြောင်းကို
တွေ့ရပါသည်။ ထိုအရပ်တွင် ယုဒလူထက် တစ်ပါးအမျိုးသား လူထုက ပို၍များသည့်အတွက်
ဂါလိလဲနှင့် ဆက်သွယ်မှု နည်းပါးခဲ့ပါသည်။ ထို့ကြောင့် ထိုနေရာသည် ကိုယ်တော်ရှင်
တောင့်တတော်မူခဲ့သော ဆိတ်ငြိမ်မှုကိုပေးခဲ့သဖြင့် တပည့်တော်များအား
မိမိနှင့်အတူထိုနေရာသို့သွားရန် မိန့်တော်မူခဲ့ပါသည်။
ဌိုနောက် တပည့်တော်များသည်
လူစုဝေးရာမှထွက်၍ လှေပေါ်၌ ရှိနှင့်ပြီး သော ကိုယ်တော်နှင့်အတူ မြန်ဆန်စွာကမ်းမှ
ခွာခဲ့ကြပါသည်။ ကမ်းနားတွင် ဆိုက်ကပ်ထားသော အခြားတံငါလှေများလည်း ရှိနေကြသဖြင့်
နောက်တော်သို့ လိုက်၍ ခရစ်တော်အား ဖူးမြော်တရားနာရန် စိတ်အားထက်သန်နေကြသော လူများ
သည် ထိုလှေများပေါ်သို့ တက်ရောက်နေရာယူ ကြပါသည်။
ကယ်တင်ရှင်သည် လူအုပ်ကြီး၏
ဝန်းရံတိုးဝှေ့မှုများမှ အနည်းဆုံးသက် သာမှုရရှိခဲ့ကာ ပင်ပန်းနွမ်းလျမှုနှင့်
ဆာလောင်မှုများကြောင့် လှေပဲ့ပိုင်းတွင် လဲ လျောင်းနားနေလိုက်ရာ ခဏချင်းတွင်ပင်
အိပ်ပျော်သွားခဲ့ပါသည်။ ထိုညနေပိုင်း တွင် ဂါလိလဲအိုင်သည် သာယာငြိမ်သက်၍ နှစ်လိုဖွယ်
ရေကန်တစ်ခု ဖြစ်ခဲ့သော် လည်း ရုတ်တရက် မိုးမှောင်ကျလာကာ အရှေ့ကမ်းခြေ
တစ်လျှောက်တွင် လေ ကြမ်းများ တိုက်ခတ်လာပြီး ပြင်းထန်သော လှိုင်းတံပိုးများ
ထလာပါတော့သည်။
နေဝင်ပြီဖြစ်သဖြင့်
မုန်တိုင်းထန်နေသော ဂါလိလဲအိုင်ပေါ်တွင် မှောင်နှင့် မည်းမည်း ဖြစ်နေပါသည်။
ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် လှိုင်းလုံးကြီးများ သည် တမန်တော်များ၏
လှေကိုပြင်းထန်စွာ ပုတ်ခတ်နေကြပြီး လှေသည် နစ်မြုပ် လုမတတ်ဖြစ်နေပါသည်။
ထိုတံငါသည်များသည် ဤဂါလိလဲအိုင်ပေါ်တွင် ကြီးပြင်း လာခဲ့ကြပြီး ၎င်းတို့၏
ကျွမ်းကျင်မှုအားဖြင့် မုန်တိုင်းပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့ သော်လည်း
ယခုတွင်မူ သူတို့၏ ကျွမ်းကျင်မှုနှင့် ခွန်အားများတို့သည် အရာမ ရောက်တော့ချေ။
သူတို့သည် လှိုင်းတံပိုးများကြားဝယ်
အကူအညီမဲ့ဖြစ်နေပြီး လှေထဲသို့ ရေများဝင်နေသည်ကို တွေ့ရသောအခါ အသက်ရှင်ရန်
မျှော်လင့်ချက် ကင်းမဲ့သလိုခံစား ကြရပါသည်။
သူတို့သည် မိမိကိုယ်ကို
အသက်ရှင်ရန် ကြိုးစားနေခြင်းဖြင့် အချိန်ကုန်နေ ကြပြီး သခင်ယေရှုလှေပေါ်တွင်
ပါလာတော်မူကြောင်းကို သူတို့သတိမေ့ခဲ့ကြပါ သည်။ ယခုအချိန်တွင်
သူတို့၏ကြိုးစားမှုများသည် ဘာမျှအရာမထင်ဘဲ သေပွဲဝင် ရတော့မည်ကို
မြင်တွေ့သောအချိန်ရောက်မှ မည်သူ့အမိန့်နှင့် ဤဂါလိလဲအိုင်ကို ဖြတ်၍
လှော်ခတ်ခဲ့ကြကြောင်းကို သတိရခဲ့ကြပါသည်။ ခရစ်တော်၌သာ ၎င်း တို့အတွက် တစ်ခုတည်းသော
မျှော်လင့်ချက်ရှိပါတော့သည်။ သူတို့သည် စိတ်ပျက် အားငယ်စွာဖြင့် “အရှင်ဘုရား၊
အရှင်ဘုရား”ဟု အော်ဟစ်ကာ အကူအညီ တောင်းခဲ့ကြသော်လည်း အလွန်မှောင်မည်း နေသောကြောင့်
ကိုယ်တော်ကို မမြင်တွေ့နိုင်ကြချေ။ ၎င်းပြင် သူတို့၏ အော်ဟစ်၍ခေါ်နေသော အသံများသည်
လှိုင်းသံလေသံများကြားတွင် ပျောက်ကွယ်သွားခဲ့သဖြင့် မည်သည့်တုံ့ပြန်ချက်ကိုမျှ
မရရှိခဲ့ကြ ချေ။ သူတို့သည် ကြောက်ရွံ့တုန်လှုပ်လာကြပြီး ခရစ်တော်သည် သူတို့ကို
စွန့်ပစ်ခဲ့ပြီလား၊ အနာရောဂါများ၊ နတ်ဆိုးများနှင့် သေခြင်းကိုပင်
အောင်နိုင်ခဲ့သော ကိုယ်တော်သည် ယခုတွင်မူ သူတို့အား မကယ်တင်နိုင်တော့ဖူးလား။
သူတို့ခံစား နေရသောဒုက္ခကို ကိုယ်တော်ရှင် ဂရုမစိုက်တော့ဖူးလား ဟူသော
မေးခွန်းများဖြင့် သံသယ ဝင်လာခဲ့ကြပါသည်။
နောက်တစ်ဖန် သူတို့အော်ဟစ်
တောင်းခံခဲ့ကြသော်လည်း ကျယ်လောင် စူးရှသော လှိုင်းသံလေသံများမှလွဲ၍
မည်သည့်အရာကိုမျှ မကြားခဲ့ရချေ။ သူတို့၏ လှေသည်လည်း မြုပ်လုမြုပ်ခင်ဖြစ်နေပြီး
မကြာမီအချိန်အတွင်းတွင် သူတို့သည် ဒေါမာန်ပွားနေသော လှိုင်းလေများ၏
ဝါးမျိုခြင်းကို ခံရပေတော့မည်။
ထိုအချိန်တွင် လျှပ်စီးသည်
ရုတ်တရက်ထွန်းလက်လာကာ အမှောင်ထုကို ခွင်းလိုက်ရာ အနှောင့်အယှက်ကင်းမဲ့စွာဖြင့်
ကျိန်းစက်နေသော ခရစ်တော်ကို သူ တို့မြင်တွေ့ကြပါသည်။ ထိုအခါအံ့ဩပူပန်စွာဖြင့် “အရှင်ဘုရား၊
အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ် ရှိတော်မူသလော” ဟုလျှောက်
ကြပါသည်။ တမန်တော်များသည် အန္တရာယ်ကိုရင်ဆိုင်ပြီး သေခြင်းနှင့် တိုက်ပွဲဝင် နေသော
အချိန်တွင် ကိုယ်တော်သည် နှစ်နှစ်ခြိုက်ခြိုက် ကျိန်းစက်နိုင်သည်မှာ အဘယ်သို့နည်း။
ကိုယ်တော်သည် ထိုသူများ၏
အော်ဟစ်သံများကြောင့် ကျိန်းစက်ရာမှနိုး လာခဲ့ပါသည်။ လျှပ်ပန်းလျှပ်နွယ်များ၏
အလင်းရောင်ကြောင့် ကိုယ်တော်၏ မျက်နှာတော်ပေါ်တွင် ကောင်းကင်နိုင်ငံ၏
ငြိမ်သက်ခြင်းကို သူတို့တွေ့မြင်လိုက်ရ ပါသည်။ သူ၏အကြည့်တွင်လည်း အတ္တကင်းသော
စိတ်နှင့် နူးညံ့သိမ်မွေ့သော မေတ္တာတော်ကို သူတို့တွေ့ရှိကာ “သခင်၊
အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါ” ဟု လျှောက်ကြ၏။
အသက်ဝိညာဉ်များသည်
ထိုသို့သော အော်ဟစ်သံများကို အမှုမဲ့အမှတ်မဲ့ ဖွင့်ဟခြင်း မဟုတ်ချေ။
တမန်တော်များသည် နောက်ဆုံးကြိုးစားခြင်းကို လုပ်ဆောင် ရန် တက်မများကို
ဆွဲကိုင်လိုက်ကြစဉ်တွင် ခရစ်တော်သည် ရပ်တော်မူလိုက်ပါ သည်။ မုန်တိုင်းထန်၍
လှိုင်းလေများပြင်းထန်ကာ မျက်နှာတော်အား လျှပ်ပန်းလျှပ် နွယ်များ ဖြင့်ထွန်းပစဉ်၌
ကိုယ်တော်သည် တမန်တော်များ၏ အလယ်တွင် ရပ်တော် မူ၍ ကရုဏာတော် လုပ်ရပ်အသွင်ကို
ဆောင်သည့်အနေဖြင့် လက်တော်ကို မြှောက် လျက် လေနှင့်ပင်လယ်အား တိတ်ဆိတ်ငြိမ်ဝပ်စွာ
နေလော့ဟုမိန့်တော်မူ၏။
ထိုအခါတွင်
မုန်တိုင်းစဲသွားကာ လှိုင်းများလည်း ငြိမ်သက်သွားပါတော့ သည်။
မိုးတိမ်များကင်းစင်သွားပြီး ကောင်းကင်ယံတွင် ကြယ်များ ပေါ်ထွန်းလာခဲ့ပါ သည်။
လှေသည် ငြိမ်သက်သာယာနေသော ဂါလိလဲအိုင်ပေါ်တွင် မျောပါနေပါ သည်။ ကိုယ်တော်သည်
တပည့်တော်များဘက်သို့ လှည့်လိုက်ပြီး သင်တို့သည် အ ဘယ်ကြောင့် ဤမျှလောက်
ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်း စိတ်နှင့် ကင်းသနည်းဟု မေးတော်မူ ၏။
မာကု ၄း၄၀။
တမန်တော်များသည်
ဘာမျှပြန်၍မပြောဘဲ ဆိတ်ဆိတ်နေခဲ့ကြပါသည်။ ပေတရုပင်လျှင် မိမိခံစားခဲ့ရသော
ကြောက်လန့်မှုများကို ဖော်ပြရန် မကြိုးစားခဲ့ချေ။ ခရစ်တော်ကိုယ်တော်တိုင် ပါလာသည့်
တမန်တော်များ၏ လှေသည် ဘေးအန္တရာယ် နှင့်တွေ့ခဲ့ရပါသည်။ လှေစီးလာကြသော ထိုသူများအား
ကြောက်ရွံ့မှုများနှင့် ပူပင်သောကများကို ဖြစ်စေခဲ့သော်လည်း ခရစ်တော်၏
အမိန့်တော်တစ်ခုသည် ရုန်းရင်းခတ်နေသည့် မြင်ကွင်းကို ငြိမ်သက်သွား စေခဲ့ပါသည်။
ပြင်းထန်သော မုန်တိုင်းသည် လှေများအား တစ်စင်းနှင့် တစ်စင်းပူးကပ်သွားစေခဲ့ပြီး
လှေပေါ်တွင် လိုက်ပါလာသူများသည် နိမိတ်လက္ခဏာကို မြင်တွေ့ခဲ့ကြရပါသည်။ မုန်တိုင်း
နောက်တွင် ဖြစ်ပေါ်လာသော ငြိမ်သက်မှုသည် ကြောက်ရွံ့မှုကို မေ့လျော့သွားစေခဲ့
ပါသည်။ ထိုနောက် သူတို့သည် ဤသူကား အဘယ်သူနည်း။ လေနှင့်ပင်လယ်သည် သူ၏
စကားကိုနားထောင်ပါသည် တကားဟု အချင်းချင်းတီးတိုး ပြောဆိုကြပါသည်။
ခရစ်တော်သည်
မုန်တိုင်းကိုဆုံးမဖို့ရန် အိပ်ရာမှထလာသော အချိန်တွင် ပြည့်စုံသော
ငြိမ်သက်မှုဖြင့် နိုးထလာခြင်းဖြစ်ပါသည်။ ကိုယ်တော်၏ စိတ်နှလုံးတွင်
ကြောက်ရွံ့မှုတစ်စုံတစ်ရာ မရှိသည့်အတွက် စကားတော်တွင်လည်းကောင်း၊ မျက်
နှာတော်တွင်လည်းကောင်း ကြောက်ရွံ့မှု တစ်စွန်းတစ်စကို မျှမတွေ့ခဲ့ရချေ။ သို့
သော်ကိုယ်တော်သည် မိမိပိုင်ဆိုင်ခဲ့သည့် အနန္တတန်ခိုးတို့
အပေါ်မှီခိုတော်မမူခဲ့ချေ။ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်တို့၏
အရှင်သခင်အနေဖြင့် လှေထဲတွင် ဆိတ်ငြိမ်စွာ လျောင်းစက်တော်မူခဲ့ခြင်း မဟုတ်ချေ။
ထိုတန်ခိုးများကို စွန့်လွှတ်တော်မူခဲ့ပြီးဖြစ်သဖြင့် ငါသည်အလိုအလျောက်
အဘယ်အမှုကိုမျှ မပြုနိုင် ဟု မိန့်တော်မူခဲ့၏။ ယောဟန် ၅း၃၀။ ကိုယ်တော်သည်
ခမည်းတော်ဘုရား၏ တန်ခိုး တော်ကိုသာအားကိုးပြီး အဖဘုရား၏ မေတ္တာတော်နှင့်
စောင့်ရှောက်မှုများ ကိုသာ ခိုလှုံတော်မူခဲ့ပါသည်။ မုန်တိုင်းကို ငြိမ်သက်စေခဲ့သော
နှုတ်ထွက်စကားတော် များ၏ တန်ခိုးတော်သည် ဘုရားသခင်၏ တန်ခိုးတော်သာဖြစ် ပါသည်။
ယေရှုသည် အဖဘုရားသခင်၏
မေတ္တာတော်နှင့် ပြုစုစောင့်ရှောက်မှုကို ယုံကြည်ခြင်းအားဖြင့် မှီခိုခဲ့သကဲ့သို့
ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ ခိုလှုံကြရ ပါမည်။ တမန်တော်များသည်
ကိုယ်တော်ရှင်အား ယုံကြည်ကိုးစား ခဲ့ကြလျှင် သူတို့ သည် ငြိမ်သက်သာယာစွာဖြင့်
စောင့်ရှောက်မှုကို ခံကြရလိမ့်မည် ဖြစ်ပါသည်။ အန္တရာယ် ကျရောက်လာသောအချိန်တွင်
ဖြစ်ပေါ်လာသော စိုးရိမ်ကြောက်ရွံ့မှုများ သည် ၎င်းတို့၏ မယုံကြည်မှုများကို
ဖော်ပြနေပါသည်။ မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစားခြင်းအားဖြင့် သူတို့သည်
ခရစ်တော်ကို မေ့လျော့ခဲ့ကြပါသည်။ ကိုယ့်ကို ကိုယ် အားကိုးမိသောအချိန်တွင် စိတ်သောက ရောက်ခဲ့ကြပါသည်။ သို့သော် ခရစ်
တော်ထံသို့ ပြန်၍ဦးလှည့်လာသော အချိန်တွင်မူ ကိုယ်တော်ရှင်သည် ၎င်းတို့အား
မစပေးတော်မူခဲ့ပါ သည်။
တမန်တော်များ၏
အတွေ့အကြုံများကဲ့သို့ ကျွန်ုပ်တို့လည်း မကြာခဏကြုံ တွေ့ဖူး ကြမည်သာတည်း။
စုံစမ်းခြင်းမုန်တိုင်းဆင်းလာကာ လျှပ်စီးများဝင်းလက်၍ လှိုင်းတံပိုးများ ထလာသောအခါ
ကျွန်ုပ်တို့သည် မိမိတို့အား မစကူညီနိုင်သော အရှင်ကို မေ့လျော့လျက်
မိမိတို့ဘာသာမုန်တိုင်းကို တွန်းလှန် တိုက်ခိုက်ခဲ့ကြပါ သည်။ မျှော်လင့်ချက်များ
ပျက်ပြားကာ ပျက်စီးတော့မည် အချိန်တိုင်အောင် ကိုယ့် ခွန်အားကို ကိုးစားခဲ့ကြပါသည်။
ထိုနောက်မှ ခရစ်တော်ကို ကျွန်ုပ်တို့ သတိရခဲ့ကြ ပါသည်။ ကျွန်ုပ်တို့သည်
မိမိတို့အား ကယ်တင်ရန် ကိုယ်တော့်ထံ တောင်းလျှောက် ကြလျှင်
ထိုတောင်းလျှောက်သံတို့သည် အချည်းနှီး ဖြစ်လိမ့်မည်မဟုတ်ချေ။ ကိုယ် တော်သည်
ကျွန်ုပ်တို့၏ မယုံကြည်မှုများနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့အား ဝမ်း
နည်းစွာဖြင့် ဆုံးမပဲ့ပြင်တော်မူမည် ဖြစ်သော်လည်း ကျွန်ုပ်တို့လိုအပ်နေသော အကူ
အညီများကို ပေးရန် မည်သည့်အခါမျှ ပျက်ကွက်တော်မူမည် မဟုတ်ချေ။ ကုန်း
လမ်းခရီးတွင်ဖြစ်စေ၊ ရေလမ်းခရီးတွင်ဖြစ်စေ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ခရစ်
တော်ရှိနေမည်ဆိုလျှင် စိုးရွံ့စရာမလိုပါချေ။ ကယ်တင်ရှင်အား ယုံကြည်ကိုးစားခြင်း
သည် အသက်တာပင်လယ်ကြီးကို ညင်သာတည်ငြိမ် စေလိမ့်မည်ဖြစ်ပြီး အကောင်း ဆုံးသော
နည်းလမ်းအားဖြင့် အန္တရာယ်အသွယ်သွယ်မှ ကျွန်ုပ်တို့အား ကယ်လွှတ်
တော်မူလိမ့်မည်ဖြစ်ပါသည်။
လေနှင့်ပင်လယ်ကို
ငြိမ်သက်စေခဲ့သော နိမိတ်လက္ခဏာတွင် အခြား ဝိညာဉ်ရေးသင်ခန်းစာ
တစ်ခုလည်းပါရှိနေသေးသည်။ “မတရားသောသူတို့မူကား မငြိမ်နိုင်ဘဲလှုပ်ရှား၍
ရွှံ့နှင့်အမှိုက်ကိုပက်သော ပင်လယ်ရေနှင့်တူကြ၏။ မတရား သောသူတို့၌
ငြိမ်သက်ခြင်းမရှိ” ဟူသော ကျမ်းစာမှနှုတ်ထွက်စကား အမှန်တရား ကို လူတိုင်း၏
အတွေ့အကြုံများက သက်သေခံနေကြပါသည်။ ဟေရှာ ၅၇း၂၀-၂၁။ အပြစ်တရားသည် ကျွန်ုပ်တို့၏
ငြိမ်သက်မှုကို ဖျက်ဆီးခဲ့ပါသည်။ ငါတည်း ဟူသောအတ္တကို မချိုးနှိမ်လျှင်
ကျွန်ုပ်တို့သည် သက်သာခြင်းအခွင့်ကို မတွေ့ နိုင် ကြချေ။ စိတ်နှလုံးတွင်ရှိသော
ငါတကော-ကောတတ်သော စိတ်ဓာတ်ကို မည်သည့် လူသားအစွမ်းသတ္တိကမျှ မထိန်းသိမ်းနိုင်ချေ။
ကျွန်ုပ်တို့သည် ပြင်းထန်နေသော မုန်တိုင်းကို ငြိမ်သက်စေခြင်းငှါ မတတ်နိုင်သော
တမန်တော်များကဲ့သို့ ဤလောက တွင်
ခွန်အားမဲ့သော သူများဖြစ်ကြပါသည်။ သို့သော်ဂါလိလဲအိုင်မှ လှိုင်းတံပိုးများ ကို
ငြိမ်သက်သွားစေရန် မိန့်တော်မူခဲ့သော ကိုယ်တော်ရှင်သည် ငြိမ်သက်ခြင်းနှင့်
ဆိုင်သော နှုတ်ထွက်စကားများကို လူတိုင်းအတွက် မိန့်တော်မူနေပါသည်။ မည်မျှ
ပင်ကြမ်းတမ်းသော မုန်တိုင်းကို ရင်ဆိုင်ရသည်ဖြစ်စေ ခရစ်တော်ထံသို့ ဦးလှည့်၍ သခင်၊
ကျွန်ုပ်တို့အား ကယ်တင်တော်မူပါဟု တောင်းလျှောက်သော သူများသည် ကယ်လွှတ်ခြင်း
အခွင့်ကိုရရှိကြပေ လိမ့်မည်။ လူသားများကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေခဲ့သော
ကိုယ်တော်၏ ကရုဏာတော်သည် လူသားများ၏ ရန်ဖက်ပြုလိုသောစိတ်များကို ငြိမ်သက်စေပြီး
ကိုယ်တော်ရှင်၏ မေတ္တာတော် ကြောင့် စိတ်နှလုံးများသည် သက်သာခြင်းအခွင့်ကို
ရကြပါသည်။ ကိုယ်တော်သည် “လေပြင်းကို ပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်း
ငြိမ်ဝပ်ကြ၏။ ထိုသို့ငြိမ်ဝပ် သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ
သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။” ဆာလံ ၁၀၇း၂၉-၃၀။
ငါတို့သည်
ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ငါတို့သခင် ယေရှုခရစ်အားဖြင့်
ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ ရောမ ၅း၁။ “ဖြောင့်မတ်ခြင်း
တရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့် မတ်ခြင်းအကျိုးမူကား
ထာ၀ရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။ ဟေရှာ ၃၂း၁၇။
အရုဏ်ဦးအချိန်တွင်
ခရစ်တော်နှင့် တပည့်တော်များသည် အရှေ့ဘက် ကမ်းသို့ ရောက်ရှိလာခဲ့ကြပါသည်။
ထွက်ပြူလာသော နေမင်းကြီး၏ လင်းရောင် ခြည်များသည် ငြိမ်သက်ခြင်း
ကောင်းချီးမင်္ဂလာနှင့်အတူ ရေပြင်ပေါ်နှင့် ကုန်းမြေ ပေါ်သို့ ကျရောက်လာခဲ့ပါသည်။
ကမ်းပေါ်သို့တက်၍ မကြာမီမှာပင် ပြင်းထန်သော လေမုန်တိုင်းထက် ကြောက်စရာကောင်းသည့်
မြင်ကွင်းတစ်ခုသည် ၎င်းတို့အား ကြိုဆိုနှုတ်ဆက် နေပါသည်။ နတ်ဆိုးစွဲနေသော
လူနှစ်ယောက်သည် ၎င်းတို့အား အပိုင်းပိုင်းဆုတ်ဖဲ့ ပစ်တော့မည့်
ပုံမျိုးနှင့်ပုန်းအောင်းနေရာ သင်္ချိုးဂူတို့မှ တစ်ဟုန် ထိုးပြေးထွက် လာခဲ့ကြပါသည်။
ချုပ်နှောင်ထားစဉ် အသုံးပြုသည့်
သံကြိုးများကို ရုန်းကန်ဖြတ်တောက် ခဲ့ကြသဖြင့် ၎င်းတို့သည်
သံကြိုးတွဲတိတွဲလောင်းဖြင့် ပြေးလာ ကြပါသည်။ မိမိကိုယ်ကို ကျောက်စောင်းများဖြင့်
ရှနာစေခဲ့ကြသဖြင့် တစ်ကိုယ်လုံး စုတ်ပြတ်နေကြပြီး သွေးများပင်ထွက်နေပါသည်။ သူတို့၏
မျက်လုံးများသည် ရှည် လျားရှုပ်ထွေးနေသော ဆံပင်များကြားမှ ပြူး၍ထွက်နေကြပါသည်။
သူတို့သည် လူ နှင့်ပင်မတူတော့ဘဲ တောရိုင်းတိရစ္ဆာန်များနှင့်သာ တူနေ ကြပါသည်။
တမန်တော်များနှင့်
၎င်းတို့၏ အပေါင်းအသင်းများသည် ကြောက်အားလန့် အားဖြင့် ထွက်ပြေးသွားကြပါသည်။
သို့သော် ခရစ်တော်သည် သူတို့နှင့်အတူ ထွက် ပြေးသည့် အထဲတွင်ပါမလာကြောင်းကို
သတိပြုမိကြသောအခါ နောက်ကိုလှည့်၍ ကိုယ်တော်အား ရှာဖွေကြည့်ရှုရာ ကိုယ်တော်သည်
သူတို့ချန်ထားခဲ့သည့် နေရာ၌ ပင် ရပ်နေတော်မူကြောင်း တွေ့မြင်ခဲ့ကြပါသည်။
မုန်တိုင်းများကိုငြိမ်သက်စေ တော်မူခဲ့သော၊ ယခင်က စာတန်အား အောင်မြင်တော်မူခဲ့သော
ကိုယ်တော်သည် ဤနတ်ဆိုးများ ရှေ့မှောက်မှထွက်ပြေးတော်မမူချေ။ အံသွားကြိတ်ခဲ၍
ပါးစပ်မှ အမြှုပ်များ ထွက်နေသော ထိုလူများသည် ကိုယ်တော်အနားသို့ ချဉ်းကပ်လာသော အခါ
လှိုင်းလေများကိုငြိမ်သက်ရန် ပြယမ်းခဲ့သော လက်တော်ကို မြှောက်ပြတော်မူ ခဲ့ပါသည်။
ထိုသူများသည် ပို၍နီးကပ်စွာ မချဉ်းကပ်နိုင်ခဲ့ကြချေ။ သူတို့သည်
စိတ်ဆိုးမာန်ဆိုးနှင့် ရပ်နေကြသော်လည်း ကိုယ်တော်ရှင်၏ ရှေ့မှောက်တွင် ဘာမျှ
မတတ်နိုင်ကြချေ။
ထိုနောက်ကိုယ်တော်သည်
နတ်ဆိုးများအား ၎င်းတို့နှစ်ယောက်ထံမှ ထွက် သွားရန် တန်ခိုးအာဏာဖြင့်
နှင်ထုတ်တော်မူပါသည်။ ကိုယ်တော်၏ စကားသံသည် ကံဆိုးမိုးမှောင်ကျနေသော ထိုသူများ၏
မှောင်မိုက်နေသော စိတ်နှလုံးထဲသို့ ထိုး ဖောက်ဝင်ရောက် သွားခဲ့ပါသည်။ မိမိတို့အား
နတ်ဆိုး၏ ဖိစီးနှိပ်စက်မှုများမှ ကယ် တင်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦးသည် အနီးတွင်
ရောက်ရှိနေကြောင်းကို သူတို့မထင်မရှား သိရှိခဲ့ကြပါသည်။ သူတို့သည် ကယ်တင်ရှင်
အားကိုးကွယ်ရန် ခြေတော်ရင်းတွင် ပျပ်ဝပ်လိုက်သော်လည်း မစသနားဖို့ အသနားခံရန်
ပါးစပ်ကိုဖွင့်လိုက်သော အချိန် တွင် နတ်ဆိုးကြီးသည် သူတို့အားဖြင့် “ဘုရားသခင်၏
သားတော်ယေရှု၊ ကိုယ် တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။
အချိန်မရောက်မီ အကျွန်ုပ် တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလော” ဟုအော်ဟစ်၍
လျှောက်လေ၏။
ယေရှုကသင်သည် အဘယ်အမည်
ရှိသနည်းဟု မေးတော်မူလျှင် ကျွန်ုပ်အ မည်သည် လေဂေါင်ဖြစ်ပါသည်။ အကျွန်ုပ်တို့သည်
အများဖြစ်ကြပါသည် ဟု လျှောက်ထား၏။ ထိခိုက်နာကျင်နေသော ထိုသူများကို ကြားခံအဖြစ်
အသုံးပြု၍ သူတို့သည် မိမိတို့အား ထိုနယ်မှအပြင်သို့ မနှင်ပစ်ရန် တောင်းပန်ခဲ့ကြပါသည်။
ထို နေရာမှများစွာ မဝေးကွာသော တောင်စောင်းပေါ်တွင် ဝက်များအစာစား နေကြပါ သည်။
ထိုဝက်များထဲသို့ ဝင်ခွင့်ပြုရန် ယေရှုအား တောင်းပန်ကြသဖြင့် ကိုယ်တော် သည်
ချက်ချင်းအခွင့် ပေးတော်မူခဲ့၏။ ညစ်ညူးသော နတ်တို့သည် ထိုဝက်များထဲ
သို့ဝင်ကြသဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်သို့ တစ်ဟုန်ထိုးပြေးဆင်း၍ ၎င်းတို့ အား
မည်သူကမျှ မတားဆီးနိုင်မီမှာပင် ရေထဲတွင်နစ်၍ သေဆုံးကုန်ကြပါသည်။
ထိုအချိန်
အတောအတွင်းမှာပင် နတ်ဆိုးအစွဲခံခဲ့ရသူနှစ်ဦး၏ အခြေအနေ သည်
အံ့ဩဖွယ်ပြောင်းလဲခဲ့ပါသည်။ သူတို့၏ စိတ်နှလုံးတွင် အလင်းတော်ထွန်း လင်းခဲ့ပေပြီ။
သူတို့၏မျက်စိများသည် အသိဥာဏ် ဝင်လာကာတောက်ပနေပါသည်။ အချိန်ကြာမြင့်စွာ
စာတန်၏သဏ္ဌာန်ကို ဆောင်ခဲ့သောသူတို့၏ ရုပ်သွင်များသည် လည်း နူးညံ့သိမ်မွေ့လာပြီး
သွေးစွန်းသောလက်များသည် ငြိမ်သက်မှုရှိ လာကြပါ သည်။ ထိုနောက် ထိုသူများသည်
မိမိတို့ခံစားရရှိခဲ့သော လွတ်မြောက်မှုအတွက် ဝမ်းမြောက်ဝမ်းသာသော အသံများဖြင့်
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြပါ သည်။
တောင်များပေါ်တွင်ရှိနေသော
ဝက်ကျောင်းသမားများသည် အဖြစ်အပျက် အားလုံးကို တွေ့မြင်ခဲ့ကြရသဖြင့် ထိုသတင်းကို
ဝက်ပိုင်ရှင်များနှင့် လူအများအား ပြောကြားရန်အတွက် မြို့ထဲသို့ အလျင်အမြန်သွား
ခဲ့ကြပါသည်။ မြို့ထဲရှိလူအား လုံးသည် ကြောက်ရွံ့အံ့ဩစွာဖြင့် ယေရှုထံတွင် စုရုံးလာခဲ့ကြပါသည်။
တစ်မြို့လုံးက နတ်ဆိုးစွဲနေသော ထိုသူနှစ်ယောက်အား ကြောက်ရွံ့ခဲ့ကြသည်။
ထိုသူများရှိသည့် ထိုနေရာကိုဖြတ်သွားခြင်း အတွက်မည်သူ၌ မျှလုံခြုံမှုမရှိချေ။
အကြောင်းမူကား ထိုသူများသည် ဖြတ်သန်းသွားသည့် ခရီးသွားများထံသို့ အမျက်ဒေါသ
ပြင်းထန်စွာ ဖြင့် တစ်ဟုန်ထိုး ပြေးလာတတ်ကြခြင်း ကြောင့်ဖြစ်ပါသည်။ ယခုတွင်မူ
ထိုသူများ သည် စိတ်နှလုံးကြည်ကြည်သာသာနှင့် ကောင်းမွန်စွာ ဝတ်စားကာ ခရစ်တော်၏
ခြေတော်ရင်းတွင် ထိုင်လျက်၊ ကိုယ်တော်၏ နှုတ်ထွက်စကား များကိုနားထောင် လျက်၊
မိမိတို့အား ကျန်းမာစေခဲ့သော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် ရှိကြပါသည်။
သို့သော် ထိုအံ့ဩဖွယ်ရာမြင်ကွင်းကို မြင်ရသူများသည် မပျော်ရွှင်နိုင် ခဲ့ကြချေ။
ထိုလူနှစ်ယောက်ကို စာတန်၏အနှောင်အဖွဲ့မှ လွတ်မြောက်စေသည် ထက် ဝက်များ၏
ဆုံးရှုံးမှုသည် ၎င်းတို့အား ပိုမို၍တုန်လှုပ်စေခဲ့ပါသည်။
ကိုယ်တော်ရှင်သည်
ဝက်ပိုင်ရှင်များအား သနားတော်မူသည့် အတွက် ထို ဆုံးရှုံးမှုကို ၎င်းတို့အပေါ်သို့
ကျရောက်စေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသူများသည် လောကီရေးရာများတွင်သာ နစ်မျောနေကြပြီး
ဝိညာဉ်ရေး အသက်တာ၏ ကြီးမား သော အကျိုးကျေးဇူးများကို ဂရုမစိုက်ခဲ့ကြချေ။ သူတို့သည်
ကိုယ်တော်၏ ကရုဏာ တော်ကို ခံစားခွင့်ရရှိစေရန်အလို့ငှါ
တစ်ကိုယ်ကောင်းစိတ်မှိုင်းကို ချေဖျက်ရန် ယေရှုရှင်အလိုရှိတော်မူပါသည်။ သို့သော်
၎င်းတို့လောကပစ္စည်းများ ဆုံးရှုံးခြင်းအ တွက် ဖြစ်ပေါ်လာသော နှမြောစိတ်များ၊
ဒေါသစိတ်များသည် ၎င်းတို့၏ မျက်စိများ အား ကယ်တင်ရှင်၏ ကရုဏာတော်ကို
မျက်ကွယ်စေခဲ့ပါသည်။
သဘာ၀ထက်လွန်ကဲသော
တန်ခိုးတော်ထင်ရှားမှုသည် ထိုသူများ၏ အယူ သီးမှုကိုဖြစ်စေခဲ့ပြီး
ကြောက်ရွံ့မှုကိုလည်း တိုးပွားစေခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ကို သူတို့ အထဲတွင်
ရှိနေခြင်းအားဖြင့် နောက်ထပ်ဘေးဒုက္ခများသည် ဆက်တိုက်လိုက်လာ လိမ့်မည်ဟု
ထင်ခဲ့ကြပါသည်။ ငွေကြေးဆုံးရှုံး မှုများကို စိုးရိမ်ခဲ့ကြသဖြင့် ကိုယ်
တော်ရှင်နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန် သူတို့ဆုံးဖြတ်ခဲ့ကြပါသည်။ ယခင် ညက
ခရစ်တော်နှင့်အတူ လှေစီး၍ ဂါလိလဲအိုင်ကို ဖြတ်လာခဲ့ကြသူများက တွေ့
ကြုံခဲ့ရသောမုန်တိုင်းများ အကြောင်းကိုလည်းကောင်း၊ လေနှင့်ပင်လယ်ကို မည်ကဲ့ သို့ငြိမ်သက်စေခဲ့
ကြောင်းများကိုလည်းကောင်း ထိုသူတို့အား ပြောပြကြသော်လည်း သူတို့၏ စကားများသည်
အရာမရောက်ခဲ့ကြချေ။ လူအများသည် ကြောက်ရွံ့တုန် လှုပ်စွာဖြင့် ကိုယ်တော်ထံတွင်
စုရုံးလာခဲ့ကြပြီး ၎င်းတို့ထံမှထွက်ခွာသွားရန် အနူး အညွတ်တောင်းပန်ခဲ့ကြသဖြင့်
ကိုယ်တော်ရှင်သည် ၎င်းတို့၏ ဆန္ဒများကို လိုက် လျောကာ ချက်ချင်းပင်
အနောက်ဘက်ကမ်းသို့ ပြန်၍လှေနှင့် ကူးတော်မူခဲ့ပါသည်။
ခရစ်တော်၏ ကရုဏာတော်နှင့်
တန်ခိုးတော်အတွက် ထင်ရှားသော အ ထောက်အထားများကို ဂါဒရမြို့သားများ
မြင်တွေ့ခဲ့ရပါသည်။ မူလအခြေ အနေမှန် ကိုပြန်လည်ရောက်ရှိခဲ့သော သူများကို
၎င်းတို့မြင်တွေ့ခဲ့ကြရသော်လည်း ၎င်းတို့၏ လောကဘဏ္ဍာများကို ထိပါးလာမည်ကို
စိုးရိမ်သောကြောင့် သူတို့၏ရှေ့မှောက်တွင် နတ်ဆိုးကိုနှင်ထုတ်ခဲ့သော ကိုယ်တော်အား
ကျူးကျော်ဝင်ရောက်လာခဲ့သူ တစ်ဦး ပမာ ဆက်ဆံခဲ့ကြပြီး ကောင်းကင်နိုင်ငံမှ
ဆုလာဘ်အဖြစ် ပေးသနားတော်မူ သော ကိုယ်တော်ရှင်အား ၎င်းတို့၏ အိမ်တံခါးမှ
လှည့်ပြန်စေခဲ့ကြပါသည်။ ကျွန်ုပ်တို့တွင် ခရစ်တော်အား ဂါဒရမြို့သားများကဲ့သို့
ကိုယ်ထိလက်ရောက် နှင်ထုတ်နိုင်ခွင့်မရကြ သော်လည်း နားထောင်ခြင်းသည်
လောကီဥစ္စာများကို ဆက်ကပ်ပူဇော် ခြင်းနှင့် ပတ်သက်နေသောကြောင့် ကိုယ်တော်၏
နှုတ်ကပတ်တော်များကို နားထောင်ရန် ငြင်းဆန်ခြင်းအားဖြင့် လူများစွာတို့သည်
ကိုယ်တော်ကို နှင်ထုတ်နေကြပါသည်။ ကိုယ်တော်ရှင်အတူ ရှိနေခြင်းသည် ၎င်းတို့အား
ငွေကြေးဆုံးရှုံးမှုကို ဖြစ်စေမည်ဟု စိုးရိမ်သောကြောင့် လူများစွာတို့သည်
ကိုယ်တော်ရှင်၏ ကရုဏာတော်ကိုငြင်းပယ်၍ သန့်ရှင်းသောဝိညာဉ်တော်ကို
၎င်းတို့ထံမှနှင်ထုတ်ခဲ့ကြပါသည်။
သို့သော်လည်း
နတ်ဆိုးနှင်ထုတ်ခြင်းခံခဲ့ရသော ထိုလူနှစ်ယောက်၏ ခံစား ချက်သည်
၎င်းတို့နှင့်များစွာ ကွာခြားလှပါသည်။ သူတို့နှစ်ယောက်သည် ကိုယ်တော် ရှင်အား
အပေါင်းအဖော်ပြုလိုကြပါသည်။ ကိုယ်တော်ရှင်၏ ရှေ့တော်မှောက်တွင်
နေထိုင်ရခြင်းအားဖြင့် ၎င်းတို့အား ဖိစီးနှိပ်စက်၍ အသရေပျက်စေခဲ့သည့် နတ်
ဆိုးရန်မှ လုံခြုံသည်ဟု သူတို့သိရှိခဲ့ကြပါသည်။ ခရစ်တော်သည် လှေထဲသို့ ဝင်
တော်မူမည့်ဆဲဆဲတွင် ထိုသူတို့သည် ကိုယ်တော်ရှင်၏ နံဘေးမှကပ်၍ လိုက်လာ ကြကာ
ခြေတော်ရင်းတွင် ဒူးထောက်လိုက်ကြပြီး နှုတ်ထွက်စကားများကို အမြဲတမ်း နာကြားခွင့်
ရရှိပါမည့်အကြောင်း ကိုယ်တော်ရှင်နှင့်အတူ လိုက်ပါနေထိုင်ခွင့်ပြုပါရန်
တောင်းပန်ခဲ့ကြပါသည်။ သို့သော်လည်း ခရစ်တော်သည် ၎င်းတို့အား မိမိတို့၏ အိမ်
သို့ပြန်၍ ခံစားခဲ့ရသော ဘုရားသခင်ပြုတော်မူသည့် ကြီးမြတ်လှသော အရာများကို
ပြောပြကြရန် အမိန့်ပေးတော်မူခဲ့ပါသည်။
ဤနေရာတွင်
၎င်းတို့လုပ်ဆောင်ရန်အလုပ်မှာ တစ်ပါးအမျိုးသား အိမ်တစ် အိမ်ကိုသွား၍ ခရစ်တော်ထံမှ
မိမိတို့ခံစားရရှိခဲ့သော ကောင်းချီးမင်္ဂလာများ အ ကြောင်းကို
ပြောပြကြရန်ဖြစ်ပါသည်။ သူတို့သည် ကိုယ်တော်နှင့် မခွဲခွာလိုကြချေ။
တစ်ပါးအမျိုးသားဖြစ်သော ၎င်းတို့၏ နယ်သားများတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း
အားဖြင့် ကြီးမားသော အခက်အခဲများတို့နှင့် သေချာပေါက် တွေ့ကြုံကြရမည်ဖြစ် သည်။
လူ့အသိုက်အဝန်းနှင့် အချိန်ကြာမြင့်စွာ ခွဲခွာ၍နေထိုင်ခြင်းသည်လည်း ၎င်း တို့အား
ကိုယ်တော်ရှင်စေခိုင်းခဲ့သော အလုပ်အတွက် မသင့်လျော်သယောင် ဖြစ်နေပါသည်။ သို့သော်လည်း
ခရစ်တော်သည် ၎င်းတို့လုပ်ဆောင်ရန် တာဝန်ကို ညွှန်ပြ လိုက်သည်နှင့်တစ်ပြိုင်နက်
နားထောင်ရန် အဆင်သင့်ရှိခဲ့ကြပါသည်။ သူတို့ သည် ခရစ်တော်အကြောင်းကို မိမိတို့၏
အိမ်သူအိမ်သားများနှင့် အိမ်နီးနားချင်းများ ကို ပြောပြကြရုံသာမက
ဒေကာပေါလိပြည်အနှံ့အပြား သို့သွား၍ ကိုယ်တော်ရှင်၏ ကယ်တင်ခြင်း
တန်ခိုးတော်အကြောင်းကို ကြွေးကြော်ကာ ၎င်းတို့အား နတ်ဆိုးဖိစီး မှုမှ မည်ကဲ့သို့
လွတ်ကင်းစေခဲ့ကြောင်းများကို ဖော်ပြပြောဆိုခဲ့ကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်း
အားဖြင့် မိမိတို့အတွက်သာ ဘေးကင်းလုံခြုံဖို့ ခရစ်တော်ဘုရား၏ ရှေ့မှောက်တွင်
နေသည်ထက်ပို၍ ကောင်းချီးခံစားနိုင်ကြပါသည်။ ကယ်တင် ခြင်းနှင့်ပတ်သက်သော
သတင်းစကားများကို ဖြန့်ချိရန် လုပ်ဆောင်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏
အနီးသို့ ပို့ဆောင်ခြင်းကိုခံကြရပါသည်။
နတ်ဆိုးစွဲခြင်းမှ
ပြန်လည်ကောင်းမွန်လာခဲ့သော ထိုလူနှစ်ယောက်သည် ဒေကာပေါလိနယ်တွင် ဧဝံဂေလိတရားဟောရန်
ခရစ်တော်စေလွှတ် တော်မူခဲ့သည့် ပထမဦးဆုံးသော သာသနာပြုများ ဖြစ်ကြပါသည်။
ထိုသူတို့သည် ခရစ်တော်၏ ဒေသနာတော်ကို ခေတ္တခဏသာ ကြားနာခွင့် ရရှိခဲ့ကြပါသည်။
ကိုယ်တော်ရှင်၏ နှုတ်တော်မှထွက်လာသော မည်သည့်တရား ဒေသနာကိုမျှ
သူတို့မကြားဖူးခဲ့ကြချေ။ ခရစ်တော်နှင့် နေ့စဉ်အတူနေထိုင်ခဲ့ကြသော
တမန်တော်များကဲ့သို့လည်း သူတို့ သည် လူများကို မသွန်သင်တတ်ကြချေ။ သို့သော်
သူတို့သည် မိမိတို့၏ ပုဂ္ဂလိက အသက်တာအားဖြင့် ခရစ်တော်သည် မေရှိယဖြစ်ကြောင်း အထောက်အထားများ
ကိုပြသခဲ့ကြသည်။ မိမိတို့မြင်ခဲ့ရသော အရာများကိုပြောပြနိုင်ခဲ့ကြပြီး ခရစ်တော်၏
တန်ခိုးတော်ကိုလည်း သူတို့ခံစားခဲ့ကြရပါသည်။ ဤအရာသည် ဘုရားသခင်၏ ကရုဏာတော်နှင့်
ထိတွေ့မှုရှိသော စိတ်နှလုံးပိုင်ရှင်တိုင်းက လုပ်ဆောင်နိုင်သော အရာဖြစ်ပါသည်။
ကိုယ်တော်ချစ်သော တပည့်တော်ရှင်ယောဟန်က ]]ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်
စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ် ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော
နှုတ်ကပတ်တော်နှင့် ဆိုင်သော အရာကို သင်တို့အားပြသကြ၏။---ငါတို့ကြားမြင်ရသောအရာကို
သင်တို့အား ပြ သကြ၏။}} ၁ယော၊ ၁း၁-၃။ ကျွန်ုပ်တို့သည်
ခရစ်တော်၏သက်သေခံများအနေဖြင့် မိမိသိရှိ ခဲ့သော၊ ကြားခဲ့မြင်ခဲ့၊
ခံစားခဲ့ရသောအရာများကိုပြောဟောကြရပါမည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏
ခြေတော်ရာများကို လိုက်လျှောက်လျက် ရှိခဲ့ကြလျှင် ခရစ်တော်လမ်းပြခဲ့သည့်
နည်းလမ်းများနှင့်ပတ်သက်၍ ထိထိမိမိ ပြောပြနိုင်ကြပါ လိမ့်မည်။ ကိုယ်တော်၏
ကတိတော်များကို ကျွန်ုပ်တို့မည်ကဲ့သို့ စမ်းသပ်ခဲ့ကြပြီး
မည်မျှပြည့်စုံခဲ့ကြောင်းကိုလည်း ပြောပြနိုင်ကြလိမ့်မည်ဖြစ် ပါသည်။ ခရစ်တော်၏
ကရုဏာတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရှိခဲ့ပြီး ဖြစ်သည့်အရာများကိုလည်း
သက်သေခံနိုင်ကြပါသည်။ ဤကဲ့သို့သော သက်သေခံမျိုးကို ခရစ်တော်ရှင်ခေါ် တော်မူလျက်
ရှိပါသည်။ အကြောင်းမူကား ထိုသို့သော သက်သေခံများ မရှိခဲ့ပါလျှင် လူအများ
ပျက်စီးကြရလိမ့်မည fဖြစ်သောကြောင့်တည်း။
ဂါဒရပြည်သားများသည်
ခရစ်တော်ကို လက်မခံခဲ့ကြသော်လည်း ကိုယ်
တော်သည် ၎င်းတို့အား အမှောင်ထဲတွင် ပစ်ထားတော်မမူခဲ့ချေ။ ကိုယ်တော်ရှင်အား
မိမိတို့ထံမှ ထွက်သွားရန် တောင်းဆိုခဲ့ကြသော်လည်း သူတို့သည် ကိုယ်တော်၏
တရားစကားများကို မကြားနာဖူးသေးချေ။ မိမိတို့သည် မည်သည့်အရာကိုငြင်းပယ်
နေကြောင်းကိုလည်း သူတို့မသိခဲ့ ကြချေ။ ထို့ကြောင့် ၎င်းတို့အနေနှင့်နားထောင်ရန်
မငြင်းပယ်မည့်သူများ အားဖြင့် ကိုယ်တော်သည် အလင်းတော်ကို သူတို့ထံတစ်ဖန်
ပေးပို့တော်မူခဲ့ပါသည်။
ဝက်များကို
ပျက်စီးစေခြင်းအမှုတွင် လူအများအား ခရစ်တော်ထံမှ ဦးလှည့် သွားရန်နှင့်
ထိုဒေသနာတွင် ဧဝံဂေလိတရားဟောကြားခြင်း လုပ်ငန်းကိုတားဆီးရန် လုပ်ဆောင်ခြင်းသည်
စာတန်၏ အကြံအစည်ပင် ဖြစ်ပါသည်။ သို့သော် ထိုဖြစ်ရပ် သည် အခြားသောဖြစ်ရပ်များထက်
တစ်ပြည်လုံးကို နိုးကြားစေခဲ့ပြီး ခရစ်တော်ကို အာရုံပြုစေခဲ့ပါသည်။
ခရစ်တော်ကိုယ်တော်တိုင် ထွက်ခွာသွားခဲ့သော်လည်း ကုသ ပေးတော်မူခဲ့သည့် ထိုလူများသည်
ကိုယ်တော်၏ တန်ခိုးတော်အတွက် သက်သေခံ များအဖြစ် ဆက်လက်ရှိနေခဲ့ကြပါသည်။ စာတန်၏
ကြားခံဆက်သွယ်မှုများ ဖြစ်ခဲ့ သော ၎င်းတို့သည် အလင်းတော်၏ ဆက်သွယ်ရေးမြောင်းများ၊
သားတော်ဘုရား၏ စေတမန်များဖြစ်လာခဲ့ကြပါသည်။ လူများသည် ဝမ်းမြောက်ဖွယ်ရာ သတင်းစကား
များ ကို နားထောင်ရသောအခါ အံ့ဩခဲ့ကြရပါသည်။ ထိုနယ်အနှံ့အပြားတွင် ဧဝံဂေ
လိတရားတော်အတွက် တံခါးပွင့်သွားပေပြီ။ ဒေကာပေါလိပြည်သို့ ခရစ်တော်ပြန်
လည်ကြွလာသောအခါ ထိုပြည်တွင် နေထိုင်သူများသာမက အနီးပတ်ဝန်းကျင်မှ
လူထောင်ပေါင်းများစွာတို့သည် သုံးရက်လုံးလုံး ကိုယ်တော်ထံသို့ လာရောက်စုရုံး
ကြပြီး ကယ်တင်ခြင်း သတင်းစကားကို နားထောင်ခဲ့ကြပါသည်။ နတ်ဆိုးများ၏ တန်ခိုးသည်
ကျွန်ုပ်တို့၏ ကယ်တင်ရှင် လက်အောက်တွင်ရှိပြီး ၎င်းတို့ လုပ်ဆောင် မှုများကို
ကောင်းသောအရာများအတွက် ဖယ်ရှားတော်မူ ခဲ့ပါသည်။
ဂါဒရမှ
နတ်ဆိုးစွဲခံရသူများနှင့် တွေ့ဆုံခဲ့ခြင်းတွင် တမန်တော်များ အတွက် သင်ခန်းစာတစ်ခု
ရရှိခဲ့ပါသည်။ စာတန်သည် လူသားမျိုးစု တစ်စုလုံးအား ယုတ်ညံ့ သိမ်ဖျင်းစေသော
တွင်းနက်ကြီးထဲသို့ ယူသွားရန် ကြိုးစားနေကြောင်းကို ထိုအဖြစ် အပျက်များတို့က
ပြသခဲ့သကဲ့သို့ ခရစ်တော်၏ အမှုတော်သည် လူသားများတို့အား စာတန်၏
တန်ခိုးမှလွတ်မြောက်အောင် လုပ်ဆောင်ရန် ဖြစ်ကြောင်းကိုလည်း ထင် ရှားစေခဲ့ပါသည်။
သချုØင်း
တစ်စပြင်တွင်နေထိုင်လျက် နတ်ဆိုးအစွဲခံနေရသော အ ထိန်းအသိမ်းမရှိ ခံစားနေရသည့်
စိတ်ဝေဒနာများတို့နှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်း သည့် အလိုရမ္မက်များတို့၏
ကျေးကျွန်ဘ၀တွင် အတိဒုက္ခရောက်နေကြသော ထိုသူ များတို့သည် စာတန်၏
စိုးစံအုပ်ချုပ်မှုတွင် လက်မြှောက်အရှုံးပေးလျှင် ဖြစ်ပေါ်လာ မည့် လူသားများ၏
အခြေအနေကို ပုံဆောင်ထားပါသည်။ စာတန်၏ တန်ခိုးသည် လူသားများအား စိတ်အာရုံကို
သွေဖည်စေရန် စိတ်နှလုံးကို ဒုစရိုက်များက ထိန်း ချုပ်စေရန် အကြမ်းဖက်မှုများနှင့်
ရာဇဝတ်မှုများကို ကျူးလွန်ဖို့လှုံ့ဆော်ရန် မနား မနေ ကြိုးစားနေပါသည်။ သူသည်
လူသားများ၏ကိုယ်ခန္ဓာကို အင်အားချည့်နဲ့စေပြီး အသိဥာဏ်များကို မိုက်မဲစေကာ
အသက်ဝိညာဉ်ကို ယုတ်ညံ့သိမ်ဖျင်း စေပါသည်။ လူသည် ခရစ်တော်၏
ဖိတ်ခေါ်သံကိုငြင်းပယ်လျှင် မိမိကိုယ်ကို စာတန်ထံတွင် အပ်နှံနေခြင်း ဖြစ်ပါသည်။
အလုပ်ဌာနတိုင်း၊ အသက်တာတိုင်း၊ အိမ်ထောင်တိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်းနှင့်
အသင်းတော်တိုင်းတွင် ရှိနေကြသော လူများစွာတို့သည် ဤအရာကို
ယနေ့လုပ်ဆောင်ကြလျက်ရှိပါသည်။ ထိုအကြောင်းကြောင့် လောက ကမ္ဘာတွင်
အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများသည် အဆမတန်ပျံ့နှံ့ခဲ့ပြီး အကျင့်
စာရိတ္တဖောက်ပြန်မှုများသည် သေမင်းဝတ်ရုံကဲ့သို့ ကမ္ဘာ့လူသားများအပေါ် လွှမ်းခြုံ
ခဲ့ပါသည်။ စာတန်သည် ၎င်း၏ယုတ္တိညီဟန်ရှိသော စုံစမ်းနှောင့်ယှက်ခြင်းများ အား ဖြင့်
လုံးလုံးအကျင့်ပျက်ပြား၍ ပျက်စီးဆုံးရှုံးခြင်းရလဒ်ကို ဖြစ်ပေါ်လာသည်အထိ
လူများကိုဆိုးသည် ထက်ဆိုးအောင် ပို့ဆောင်နေပါသည်။ ၎င်း၏တန်ခိုးမှ လုံခြုံမှု
ပေးနိုင်သော တစ်ခုတည်းသောနေရာကို ခရစ်တော်၌သာ တွေ့ရှိရပါသည်။ လူသား များနှင့်
ကောင်းကင်တမန်များ ရှေ့မှောက်တွင် စာတန်ကို လူသားတို့၏ ရန်သူ
အဖြစ်ဖြင့်လည်းကောင်း၊ ဖျက်ဆီးသူ အနေဖြင့်လည်းကောင်း၊ ထင်ရှားပေါ်လွင် စေသကဲ့သို့
ခရစ်တော်သည် လူသားများ၏ မိတ်ဆွေအဖြစ်ဖြင့်လည်းကောင်း၊ ကယ် လွှတ်ရှင်
အနေဖြင့်လည်းကောင်း ပေါ်လွင်စေလျက် ရှိပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် လူသားများ၏
စာရိတ္တကိုကြီးမြတ်စေပြီး လူ့သဘာ၀ကို ရိုသေ လေးမြတ်ဖွယ်ဖြစ်စေမည့်
အရာခပ်သိမ်းတို့ကို လူသားများ၌ တိုးတက်ဖွံ့ဖြိုး စေလိမ့် မည်ဖြစ်ပါသည်။
ထိုဝိညာဉ်တော်သည် ထာ၀ရဘုရား၏ ဘုန်းတော်ကို လူသားများ ၏ကိုယ်၊ စိတ်၊
နှလုံးသုံးပါးစလုံးတွင် တည်ဆောက်ပေးပါလိမ့်မည်။ ဘုရားသခင် သည် ကြောက်တတ်သော
စိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်၊ တတတန် ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊
ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။” ၂တိ ၁း၇။ ကျွန်ုပ်တို့သည် သခင်ယေရှု၏
ဘုန်းတည်းဟူသော အကျင့်စာရိတ္တကို ပိုင်ဆိုင်ရန်နှင့် သားတော်၏ ပုံသဏ္ဌာန်တော်နှင့်
တစ်ညီတည်းဖြစ်စေခြင်းငှါ ကိုယ် တော်ရှင်ခေါ်တော်မူခဲ့ပါသည်။ ၂သက် ၂း၁၄။ ရောမ ၈း၂၉။
စာတန်၏
အသုံးတော်ခံများအဖြစ် ယုတ်ညံ့သိမ်ဖျင်းဖူးခဲ့ကြသော အသက် ဝိညာဉ်များကို ခရစ်တော်၏
တန်ခိုးတော်ဖြင့် ဖြောင့်မတ်ခြင်း တရား၏ စေတမန် များတို့အဖြစ် ပြုပြင်ပြောင်းလဲကာ
ဘုရားသခင်သည် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောစေခြင်းငှါ
သားတော်ဘုရားအားဖြင့် စေလွှတ် တော်မူပါသည်။
No comments:
Post a Comment