Tuesday, April 21, 2026

အခန်းကြီး - ၂၈။ အခွန်ခံမဿဲ

 

အခွန်ခံမဿဲ

 

ရှင်မဿဲ ၉း၉-၁၇။ မာကု ၂း၁၄-၂၂။ လုကာ ၅း၂၇-၃၉

တို့ကိုအခြေပြုထားပါသည်

 

         ပါလေတိနပြည်တွင် တာဝန်ထမ်းဆောင်နေကြသော ရောမအစိုးရအရာရှိ များထဲတွင် အခွန်ခံများသည် လူမုန်းအများဆုံးဖြစ်ကြသည်။ အခြားနိုင်ငံတစ်ခု၏ အစိုးရမှ စည်းကြပ်နေသော အခွန်တော်များသည် မိမိတို့၏ လွတ်လပ်ရေးဆုံးရှုံးခဲ့ ရကြောင်းကို သတိရစေလျက် ယုဒလူများအားအမြဲ မပြတ်စိတ်ဆိုးအမျက်ထွက် စေခဲ့ပါသည်။ ၎င်းပြင်အခွန်ခံများသည် ရောမအစိုးရ၏ အသုံးခံပစ္စည်းသက်သက် သာမဟုတ်ဘဲ မိမိတို့ကိုယ်ကျိုးအတွက်လည်း ခြောက်လှန့်၍ တောင်းတတ်ကြသူ များဖြစ်ကာ ယုဒလူများကို ကုပ်သွေးစုတ်လျက် ချမ်းသာကြွယ်၀ နေကြသူများ ဖြစ်ကြသည်။ ရောမအစိုးရမှ ပေးအပ်သော ရာထူးကို လက်ခံသော ယုဒလူအား အ မျိုးသား သစ္စာဖောက်အနေဖြင့် မှတ်ယူကြပါသည်။ သူသည် ဖောက်ပြန်သူ တစ်ဦးအဖြစ် အထင်သေး ခံရပြီး လူ့အဖွဲ့အစည်းတွင် အယုတ်ညံ့ဆုံးသူအဖြစ် သတ်မှတ်ခြင်းခံရပါသည်။

         ခရစ်တော်၏ အမှုတော်အတွက် ပထမမြောက်ခေါ်တော်မူခြင်း ခံခဲ့ရသော မဿဲသည် ထိုအတန်းအစားထဲတွင် ပါဝင်သော သူတစ်ယောက် ဖြစ်ပါသည်။ ၎င်း ၏ ရာထူးတာဝန်ပေါ်မူတည်၍ ဖါရိရှဲများသည် မဿဲကို ဆုံးဖြတ်ခဲ့ကြသော်လည်း ထို သူသည် သမ္မာတရားကို လက်ခံရန်အတွက် စိတ်နှလုံးကို ဖွင့်လှစ်ထားကြောင်းကို ခရစ်တော်မြင်တွေ့ခဲ့ပါသည်။ မဿဲသည် ခရစ်တော်၏ သွန်သင်ချက်များကို ကြား နာခဲ့ပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူကျူးလွန်ခဲ့သည့် အပြစ်များကို ထင်ရှားစွာ သိသာစေခဲ့သည့်အတွက် ၎င်းသည် ခရစ်တော်ထံတွင် အမအစ တောင်းခံရန် တောင့်တခဲ့ပါသည်။ သို့သော်သူသည် ကျမ်းတတ်ဆရာများ၏ “ပ” ထားခြင်း ခံရသူဖြစ်သဖြင့် ခရစ်တော်သည် မိမိအားအလေးတယူပြုလိမ့်မည်ဟု မထင်မိခဲ့ချေ။

         တစ်နေ့သ၌ ထိုအခွန်ခံသည် မိမိ၏ အခွန်ကင်းတဲထဲတွင် ထိုင်နေစဉ် ခရစ် တော်ကြွလာတော် မူသည်ကိုမြင်တွေ့ခဲ့ရပါသည်။ ထိုစဉ်တွင် မိမိအား ငါ့နောက် သို့လိုက်လော့” ဟုမိန့်တော်မူသံကိုကြားရသောအခါ အလွန်အံ့ဩသွားခဲ့ပြီး သူ သည် ရှိသမျှကိုစွန့်ပစ်လျက် နောက်တော်သို့ လိုက်လေ၏။ နှောင့်နှေး ကြန့်ကြာ မှုမရှိခဲ့ချေ။ မေးမြန်းစုံစမ်းခြင်းကိုလည်း မပြုခဲ့ချေ။ အကျိုးစီးပွားဖြစ်ထွန်းသော လုပ်ငန်းတစ်ခုကို ဒုက္ခဆင်းရဲခြင်း များနှင့်လဲလှယ်ရမည် ဆိုသည့်အတွေးကိုလည်း မတွေးမိခဲ့ချေ။ ခရစ်တော် နှင့်အတူနေ၍ ကိုယ်တော်၏ နှုတ်ထွက်စကားများ ကိုကြားနာကာ ကိုယ်တော်နှင့်လက်တွဲ၍ အမှုတော်ဆောင်ရမည့် အခွင့်သည် ၎င်း အတွက် လုံလောက်သော လိုအပ်ချက်ဖြစ်ပါသည်။

         ၎င်း၏ အလျင်ခေါ်တော်မူခြင်းခံခဲ့ရသော တမန်တော်များသည်လည်း ထို နည်းအတိုင်း ဖြစ်ကြပါသည်။ ခရစ်တော်သည် ပေတရုနှင့် ၎င်း၏ အပေါင်းအသင်း များအား နောက်တော်သို့ လိုက်ရန်ခေါ်တော်မူသောအခါ ၎င်းတို့သည် မိမိတို့ လှေ များနှင့်ပိုက်ကွန်များကို စွန့်ပစ်ထားခဲ့ကြပါသည်။  အချို့သော တမန်တော်ကြီးများ တွင် မှီခိုသူများရှိကြသည်။ သို့သော် သူတို့သည် ခရစ်တော်ထံမှ ဖိတ်ခေါ်သံ ကိုကြားရသောအခါ မိမိမည်ကဲ့သို့ နေထိုင်ရမည်ကိုလည်းကောင်း၊ မိမိ၏မိသားစုကို မည်ကဲ့သို့ကျွေးမွေးပြုစု ရမည်ကိုလည်းကောင်း မေးမြန်းစုံစမ်းခြင်းဖြင့် နှောင့်နှေး ကြန့်ကြာမှု မရှိခဲ့ချေ။ သူတို့သည် ခရစ်တော်၏ ခေါ်တော်မူခြင်းကို လက်ခံခဲ့ကြကာ နောက်ပိုင်းတွင် ခရစ်တော်က ၎င်းတို့အား “အထက်ကငွေအိတ်၊ လွယ်အိတ်၊ ဗခြ နင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစ်စုံတစ်ခု လိုသ လောဟုမေးလျှင် တစ်စုံတစ်ခုမျှမလိုပါ” ဟုလျှောက်ကြ၏။ လုကာ ၂၂း၃၅။

         မဿဲအား ၎င်း၏ ချမ်းသာကြွယ်၀သော အခြေအနေတွင်လည်းကောင်း၊ အန္ဒြေနှင့် ပေတရုတို့ကို ၎င်းတို့၏ ဆင်းရဲသော ဘ၀တွင်လည်းကောင်း တူညီသော စမ်းသပ်မှုကို ပြုတော်မူခဲ့ပြီး ထိုသူတို့သည် တူညီသော ဆက်ကပ်အပ်နှံမှုကို ပြုခဲ့ ကြပါသည်။ ပိုက်ကွန်အပြည့်ငါးများကို ဖမ်းမိကာ တံငါသည်ဘ၀၏ စိတ်ဇောအပြင်း ထန်ဆုံးသော အချိန်တွင် ခရစ်တော်သည် ထိုတမန်တော်များအား ဧဝံဂေလိ အမှုတော်အတွက် အရာခပ်သိမ်းကိုစွန့်ပစ်ကာ နောက်တော်သို့လိုက်ကြရန် ဂါလိလဲ အိုင်တွင် မိန့်တော်မူခဲ့ပါသည်။ ထိုနည်းနှင်နှင်ပင် အသက်ဝိညာဉ်တိုင်းသည် တဒင်္ဂ ကောင်းစားရေးနှင့် ခရစ်တော်၏ နောက်တော်သို့လိုက်ရေးတွင် မည်သည့် အရာကို အလေးသာ ဆန္ဒရှိကြမည်ကို အစမ်းသပ်ခံကြရသည်။

         နိယာမတရားသည် အမြဲတမ်းတိကျမှုရှိပါသည်။ မည်သူမဆို မိမိ၏ အသက် တာတစ်ခုလုံးကို အမှုတော်တွင်မြှုပ်နှံ၍ ခရစ်တော်ကို အထူးသိကျွမ်းမှုအတွက် အရာခပ်သိမ်းတို့ကို ဆုံးရှုံးသောအရာဟူ၍ မမှတ်ယူလျှင် ထာ၀ရဘုရား၏ အမှု တော်တွင် အောင်မြင်မှုကို မရနိုင်ကြချေ။ ဆက်ကပ်အပ်နှံမှုကို ခြွင်းချန်ထားသော သူသည် ခရစ်တော်၏ တမန်တော်မဖြစ်နိုင်သည့်အပြင် ကိုယ်တော်၏ လုပ်ဖော် ဆောင်ဖက်တစ်ဦးဖြစ်နိုင်ဖို့လည်း အလှမ်းကွာဝေးလှပါသည်။ လူများသည် ကြီးမြတ် သောကယ်တင်ခြင်းကို မှန်ကန်စွာ နားလည်သဘောပေါက်လာသောအခါ ခရစ် တော်၏ အသက်တာတွင်တွေ့ရသော ကိုယ်ကျိုးစွန့်သည့် စိတ်ထားများကို ၎င်းတို့၏ အသက်တာတွင် တွေ့ရပါလိမ့်မည်။ ကိုယ်တော်ရှင်ပို့ဆောင်သော လမ်းကိုသူတို့ သည် ဝမ်းမြောက်ပျော်ရွှင်စွာ လိုက်လျှောက်ကြပါလိမ့်မည်။

         မဿဲအား ခရစ်တော်၏ တမန်တော်တစ်ပါးဖြစ်လာရန် ခေါ်တော်မူခြင်း သည် ကြီးကျယ်သော အမျက်ဒေါသများကို နှိုးဆွခဲ့ခြင်းဖြစ်ပါသည်။ ဘာသာတရား ကိုင်းရှိုင်းသော ဆရာတစ်ပါးအတွက် အခွန်ခံတစ်ဦးကို မိမိနှင့်အတူလုပ်ကိုင် ဆောင်ရွက်သူ တစ်ဦးအနေဖြင့် ရွေးချယ်ခြင်းသည် ဘာသာရေး ထုံးစံကိုလည်း ကောင်း၊ လူမှုရေးနှင့် အမျိုးသားရေးဓလေ့ထုံးစံ များကိုလည်းကောင်း ဆန့်ကျင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ယုဒလူများအား တစ်ဖက်သတ် အထင်လွဲမှားမှုဖြစ် စေဖို့ စိတ်ပြောင်းလဲစေခြင်းအားဖြင့် ခရစ်တော်၏ ရေပန်းစားမှုကို ဆန့်ကျင်ဖီလာ လုပ်ရန် မျှော်လင့်ခဲ့ကြပါသည်။

         အခွန်ခံများ၏ အသိုက်အဝန်းတွင်မူ စိတ်ဝင်စားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ခရစ်တော်ဘက်သို့ ယိမ်းယိုင် ခဲ့ကြပါသည်။ တမန်တော်အဖြစ် ခေါ်တော်မူခြင်းခံရခြင်း အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ကာ မဿဲသည် မိမိ၏ လုပ်ဖော်ဆောင်ဖက်ဟောင်းများကို သခင်ယေရှု ထံသို့ခေါ်ဆောင်ရန် လိုလားခဲ့ပါသည်။ သို့ဖြစ်၍ သူသည် ထမင်းစားပွဲတစ်ခုကို မိမိ၏ အိမ်တွင်ကျင်းပကာ ဆွေမျိုးများနှင့် မိတ်ဆွေများကို စုရုံးစေခဲ့ပါသည်။ ထို စားပွဲတွင် အခွန်ခံများသာမက သံသယမကင်းဖွယ်သော နာမည်သတင်းရှိသူများ နှင့် အပြစ်ရှာတတ်သော အိမ်နီးချင်းမိတ်ဆွေများ၏ မတရားသင်းကြေညာခြင်းခံ ထားရသူများလည်း ပါဝင်ခဲ့ကြပါသည်။

         ထိုဧည့်ခံပွဲကို ခရစ်တော်အား ဂုဏ်ပြုသည့်အနေနှင့် ကျင်းပခဲ့ခြင်းဖြစ် သဖြင့် ၎င်းတို့၏ ဖော်ရွေမှုကို ကိုယ်တော်လက်ခံခဲ့ပါသည်။ ဤကဲ့သို့ လက်ခံ ခဲ့ခြင်းသည် ဖါရိရှဲများအား စိတ်ဆိုးစေလိမ့်မည်ကိုလည်းကောင်း၊ ယုဒလူများမျက်a မှာက်တွင် ကိုယ်တော်အား သင်္ကာမကင်းဖွယ်များ ဖြစ်လိမ့်မည်ကို လည်းကောင်း ကိုယ်တော်ရှင်ကောင်းစွာ သိရှိတော်မူခဲ့ပါသည်။ ထိုစီမံအုပ်ချုပ်ရေးနည်းစနစ်များ၏ မည်သည့်ယုံမှားသံသယကမျှ ကိုယ်တော်၏ လှုပ်ရှားမှုအပေါ်တွင် ဩဇာသက် ရောက်မှု မပြုနိုင်ကြချေ။ ကိုယ်တော်၌ အပြင်ပန်းထူးခြားချက်များသည် ဘာမျှအ ရေးမပါခဲ့ချေ။ ကိုယ်တော်၏ နှလုံးသားတွင် အပူတပြင်းတောင်းခံနေသော ထို ပုဂ္ဂိုလ်သည် အသက်စမ်းရေကို ဆာလောင်မွတ်သိပ်နေသော အသက်ဝိညာဉ် တစ်လုံး ဖြစ်ခဲ့ပါသည်။ ခရစ်တော်သည် မိမိ၏ ကိုယ်ချင်းစာနာတတ်သော စိတ်နှင့် သနားကြင်နာတတ်သော အပြုအမူများအားဖြင့် လူသားများ၏ ဂုဏ်အသရေကို အသိအမှတ်ပြုကြောင်း ပြတော်မူလျက် အခွန်ခံများ၏ စားပွဲတွင် ဂုဏ်ပြုခံဧည့် သည် တစ်ယောက်အနေနှင့် ထိုင်တော်မူခဲ့ပါသည်။ ၎င်းပြင် ထိုသူများအနေနှင့် မိမိတို့သည် ကိုယ်တော်၏ ယုံကြည်စိတ်ချထိုက်သော သူများဖြစ်လာရန် တောင့်တ ခဲ့ကြပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ရေငတ်နေသော နှလုံးသားများအပေါ်သို့ အသက်ကိုပေးသည့် မင်္ဂလာတန်ခိုးတော်များနှင့် အတူကျ ရောက်ခဲ့ပါသည်။

         ထိုကဲ့သို့သော လူစုလူဝေးများတွင်ရှိသော လူများစွာတို့သည် ခရစ်တော်၏ သွန်သင်ချက်များကို စွဲမှတ်ခဲ့ကြသော်လည်း ကောင်းကင်သို့ ကိုယ်တော် မတက်ကြွ သွားမီ အသိအမှတ်မပြုခဲ့ကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းသော အချိန်တွင် လူသုံးထောင်သည် နှလုံးပြောင်းလဲခဲ့ကြပါသည်။ ထိုလူသုံးထောင်တွင် အခွန်ခံများ၏ ထမင်းစားပွဲများတွင် သမ္မာတရားကို ပထမဦးစွာကြားနာခဲ့သူများ များ စွာပါဝင်ကြပြီး ထိုသူများထဲမှ တချို့သောတပည့်တော်များသည် ဧဝံဂေလိဟော ကြားသည့် ဓမ္မအမှုဆောင်များ ဖြစ်လာခဲ့ကြပါသည်။ မဿဲအတွက်မူ ထမင်းစားပွဲ တွင် ခရစ်တော်ပေးတော်မူခဲ့သော ပုံသက်သေသည် တည်မြဲသောသင်ခန်းစာ တစ် ခုဖြစ်ခဲ့ပါသည်။ သူတစ်ပါး၏ အထင်သေးခြင်းကို ခံခဲ့ရသော အခွန်ခံတစ်ယောက် သည် မိမိ၏ကိုယ်ထူကိုယ်ထ တရားဟောခြင်းလုပ်ငန်းတွင် သခင်၏ခြေတော်ရာ များကို နီးနီးကပ်ကပ်လိုက်လျှောက်လျက် အဆက်ကပ် ဆုံးသောတရား ဟောဆရာ များ၌ တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါသည်။

         သခင်ယေရှုသည် အခွန်ခံများ၏ စားသောက်ပွဲတွင် ရောက်ရှိနေတော်မူ ကြောင်းကို ကျမ်းတတ်ဆရာများ သိရှိကြသောအခါ ကိုယ်တော်အား အပြစ်ရှာရန် အခွင့်ကောင်းယူလိုက်ကြပါသည်။ သို့သော်တမန်တော်များကို အသုံးပြု၍ လုပ် ဆောင်ရန် သူတို့ရွေးချယ်ခဲ့ကြပါသည်။ တစ်ဖက်သတ် အထင်လွဲမှုများကို နှိုးဆွ ပေးခြင်းအားဖြင့် တပည့်တော်များအား ၎င်းတို့၏ သခင်ထံမှခွဲထွက်လာဖို့ရန် သူတို့ မျှော်လင့်ခဲ့ကြပါသည်။ ထိခိုက်ဒဏ်ရာ အရနိုင်ဆုံးသောနေရာကို ၎င်းတို့၏မြားများ အားချိန်ရွယ်လျက် ခရစ်တော်နှင့် တမန်တော်များအကြား တစ်ဦးကတစ်ဦးကို အ ပြစ်တင်ကြစေဖို့ လုပ်ဆောင်ရန်မှာ သူတို့ကျင့်သုံးသော ဝါဒဖြစ်ပါသည်။ ကောင်း ကင်နိုင်ငံတွင် မသင့်မမြတ်ဖြစ်ခဲ့သည့် အချိန်မှစ၍ ဤနည်းကို စာတန်အသုံးပြုခဲ့ပြီး အချင်းချင်းစိတ်ဝမ်းကွဲပြား၍ စိမ်းကားသွားဖို့ကြိုးစားသူအားလုံးကို စာတန်၏ ဝိညာဉ် သည် လှုံ့ဆော်ပေးနေပါသည်။

         “သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ် ကြောင့်စားသနည်း” ဟု ငြူစူသော ကျမ်းတတ်ဆရာဖါရိရှဲများက တမန်တော်များ အားမေးမြန်းခဲ့ကြပါသည်။

         ယေရှုသည် တမန်တော်များ၏ ဖြေဆိုမှုကို မစောင့်တော့ဘဲ ]]ကျန်းမာ သောသူတို့သည် ဆေးသမားကို အလိုမရှိကြ၊ နာသောသူတို့ သာလျှင်အလိုရှိကြ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို ငါနှစ်သက်၏ ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သော သူ တို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာ သတည်းဟု မိန့်တော်မူ၏။” ဖါရှိရှဲများသည် အခွန်ခံများနှင့်တစ်ပါးအမျိုး သားတို့ အား ဝိညာဉ်ရေးရောဂါစွဲကပ်ကာ ပျက်စီးဆုံးပါးသွားမည့်သူများကဲ့သို့ မှတ်ယူ၍ မိမိ တို့မှာမူ ဝိညာဉ်ရေးခွန်အား နှင့်ပြည့်စုံသူများဖြစ်ပြီး ဆေးဆရာမလိုအပ်ဟု အခိုင် အမာပြောဆိုနေ ခဲ့ကြပါသည်။ မိမိထံမှအမအစများကို လိုအပ်နေသော လူတန်း စားများထံသို့ ဆေးဆရာတစ်ပါးအနေဖြင့် သွားရောက်စေရန်မှာ ကိုယ်တော်၏ အ လုပ်မဟုတ်ပါလား။

         ဖါရိရှဲများသည် မိမိကိုယ်ကို အထင်ကြီးနေကြသော်လည်း အမှန်မှာ၎င်းတို့ အထင်သေးခဲ့သော သူများထက်ပင် ၎င်းတို့၏ အခြေအနေသည် ပို၍ဆိုးဝါးခဲ့ပါ သည်။ အခွန်ခံတို့သည် တစ်ယူသန်မှုနှင့် ကိုယ့်ကိုကိုယ် အထင်ကြီးမှုများ ပိုမိုနည်း ပါးကြပြီး သမ္မာတရား၏ တန်ခိုးတော်အတွက် စိတ်နှလုံးကိုပို၍ဖွင့်ဟထားကြပါသည်။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသော ကျမ်းစကားကိုနားလည် ခြင်းငှါသင်တို့သွား၍ သင်ကြလော့ဟု ဖါရိရှဲများကို သခင် ယေရှုမိန့်တော်မူခဲ့ပါသည်။ ထိုသူတို့သည် ထာ၀ရဘုရား၏ နှုတ်ကပတ်တော်ကို အဓိပ္ပါယ် ရှင်းပြရန်ပြောဆိုနေစဉ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုမူ လုံးလုံးမ သိမြင်ခဲ့ကြချေ။

         ဖါရိရှဲများသည် အခိုက်အတန့်အားဖြင့် ဆိတ်ဆိတ်နေခဲ့ကြသော်လည်း ကိုယ်တော်အပေါ်ထားရှိသည့် ၎င်းတို့၏ ရန်ငြိုးဖွဲ့မှုသည် ပိုမို၍ ခိုင်မာလာခဲ့ကြ ပါသည်။ ထိုနောက်သူတို့သည် ဗတ္တိဇံဆရာယောဟန်၏ တပည့်တော်များကို ကြိုး စားရှာဖွေ၍ ၎င်းတို့အား ခရစ်တော်နှင့်ဆန့်ကျင်ဘက်ပြုရန် ကြိုးစားလှုံ့ဆော်ခဲ့ ကြပါသည်။ ဤဖါရိရှဲများသည် နှစ်ခြင်းဆရာယောဟန် လုပ်ဆောင်နေသည့် အ မှုတော်ကို လက်မခံခဲ့ကြချေ။ ထိုသူတို့သည် ယောဟန်၏ ခြိုးခြံစွာနေထိုင်သော အသက်တာကိုလည်းကောင်း၊ သူ၏ရိုးသားသောအကျင့်နှင့် သူဝတ်သောအင်္ကျီ ကြမ်းကြီးများကိုလည်းကောင်း မထီလေးစားပြုကာ လက်ညှိုးထိုးခဲ့ကြပါသည်။ ၎င်း ပြင် ဆရာယောဟန်အား အယူသီးသူတစ်ဦးအဖြစ် ကြေညာခဲ့ကြပါသည်။ သူသည် ၎င်းတို့၏ သူတော်ကောင်းအရေခြုံခြင်း လုပ်ငန်းများတို့ကို လူသိရှင်ကြားပြစ်တင် ဝေဖန်ခဲ့သောကြောင့် သူတို့သည် ၎င်း၏စကားများကို လက်မခံခဲ့ကြဘဲ ယုဒလူများ အား ၎င်းနှင့်ဆန့်ကျင်ဖို့ လှုံ့ဆော်ပေးရန် ကြိုးစားခဲ့ကြပါသည်။

         ဤမထီလေးစားပြုနေသူများ၏ စိတ်နှလုံးကို ဘုရားသခင်၏ ဝိညာဉ်တော် သည် အပြစ်ကိုထင်ရှားစွာသိမြင်ရန် လှုပ်ရှားပေးခဲ့သော်လည်း ၎င်းတို့သည် ဘုရား သခင်၏ ပြုပြင်တော်မူခြင်းကိုငြင်းပယ်ခဲ့ကြပြီး ဆရာယောဟန်သည် နတ်ဆိုးစွဲနေ သူတစ်ဦးဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

         ယခုတွင် သခင်ယေရှုသည် လူများနှင့်ရောယှက်လျက် ၎င်းတို့၏စားပွဲ၌ ၎င်းတို့နှင့်အတူ စားသောက်သောအခါတွင် ကိုယ်တော်အား အစားကြူးသူ၊ စပျစ် ရည်သောက်ကြူးသူဖြစ်သည်ဟု သူတို့စွပ်စွဲခဲ့ကြပါသည်။ ဤစွပ်စွဲမှုကိုပြုသောသူ တို့သည် မိမိကိုယ်တိုင်အပြစ်ရှိသောသူများ ဖြစ်နေခဲ့ကြပါသည်။ စာတန်သည် ထာ၀ရဘုရားအား မှားယွင်းစွာရုပ်လုံးဖော်ပြီး မိမိ၏ ကြန်အင်လက္ခဏာများကို ဆင်မြန်းပေးခဲ့သကဲ့သို့ ဤလူဆိုးများသည်လည်း ဘုရားသခင်၏ စေတမန်ကို မှား ယွင်းစွာ စွပ်စွဲပြောဆိုနေခဲ့ကြပါသည်။

         ဝိညာဉ်ရေးအမှောင်ကမ္ဘာမှ အခွန်ခံများနှင့် ဆိုးသွမ်းသောသူများထံသို့ ကောင်းကင်မှ အလင်းတရားကိုဖြန့်ဝေပေးရန် အလိုငှါ ခရစ်တော်သည် ထိုသူတို့နှင့် အတူစားသောက်နေသည်ကို ဖါရိရှဲများမစဉ်းစားမိခဲ့ကြချေ။ ကိုယ်တော်ရှင်၏ နှုတ် တော်မှယိုစီးလာသော စကားလုံးတိုင်းသည် အညှောက်အစို့များပေါက်ကာ ထာ၀ရ ဘုရား၏ ဘုန်းတော်ကို ထွန်းလင်းစေမည့် အသီးအပွင့်များ သီးပွင့်လာမည့် အ သက်ရှိသောမျိုးစေ့များ ဖြစ်ကြောင်းကိုလည်း သူတို့မမြင်တွေ့ခဲ့ကြချေ။ သူတို့သည် ထိုအလင်းတရားကို လက်မခံရန် ဆုံးဖြတ်ကြပြီး ဆရာယောဟန်၏ လုပ်ငန်းကို ဆန့် ကျင်ခဲ့ကြသော်လည်း အတူတကွပူးပေါင်း၍ ခရစ်တော်ကို ဆန့်ကျင်ဖို့မျှော်လင့် လျက် ဆရာယောဟန်၏ တပည့်များနှင့် မိတ်ဆွေပြုလုပ်ရန် သူတို့အသင့်ရှိ ခဲ့ကြပါသည်။ သခင်ယေရှုသည် ရှေးရိုးရာဓလေ့များကို အာခံဆန့်ကျင်နေသည်ဟု သူတို့ ဖော်ပြပြောဆိုကြပြီး ဆရာယောဟန်၏ အလွန်ခြိုးခြံသော ဘုရားတရား ရိုသေခြင်းနှင့်အခွန်ခံများ၊ ဆိုးသွမ်းသူများနှင့်အတူ စားသောက်နေသည့် ခရစ် တော်၏ အပြုအမူများကို ကွဲပြားခြားနားအောင် ဖော်ပြခဲ့ကြပါသည်။

         ယောဟန်၏ တပည့်များသည် မိမိဆရာအမေးခိုင်းသည့် အရာများကို ခရစ် တော်ထံတွင် လာရောက်မမေးမြန်းကြမီတွင် ဝမ်းနည်း၍ စိတ်ဒုက္ခရောက်နေကြပါ သည်။ သူတို့ချစ်ကြသော ဆရာယောဟန်သည် ထောင်ကျနေသဖြင့် ဝမ်းနည်း မှုများဖြင့်သာ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်ခဲ့ပါသည်။ သခင်ယေရှုသည် ဆရာ ယောဟန်လွတ်မြောက်ရေးအတွက် မည်သည့်ကြိုးစားမှုကို မျှမလုပ်ခဲ့သည့်အပြင် ဆရာယောဟန်၏ သွန်သင်ချက်ကိုပင် အသရေပျက်စေမည့် လက္ခဏာရှိနေခဲ့ပါ သည်။  အကယ်၍  ဆရာယောဟန်ကို ဘုရားသခင်စေလွှတ်တော်မူခဲ့လျှင် သခင် ယေရှုနှင့် ၎င်း၏ တပည့်တော်များ၏ ပြုမူဆောင်ရွက်ပုံများသည် အဘယ်ကြောင့် ဆရာယောဟန်၏ လုပ်နည်းလုပ်ဟန်များနှင့် သိသိသာသာကွဲပြားခြားနား နေရသ နည်း။

         ယောဟန်၏ တပည့်များသည် ခရစ်တော်၏ အမှုတော်အကြောင်းကို ရှင်း ရှင်းလင်းလင်းနားမလည်ခဲ့ကြဘဲ ဖါရိရှဲတို့၏ စွပ်စွဲချက်များအတွက် အခြေအမြစ် များရှိ ကောင်းရှိနိုင်လိမ့်မည်ဟု သူတို့ထင်မြင် ယူဆခဲ့ကြပါသည်။ သူတို့သည် ဖါရိရှဲများ ပြဌာန်းထားသည့် ဥပဒေစည်းကမ်းများစွာတို့ကို စောင့်ထိန်းခဲ့ကြပြီး ပညတ်တော်အတိုင်း ကျင့်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်ဟု မျှော်လင့်ထားကြသူများ ဖြစ်ခဲ့ကြပါသည်။ ယုဒလူမျိုးများသည် အစာရှောင်ခြင်းကို ကောင်းမှုကုသိုလ် တစ်ခုအနေနှင့် ကျင့်သုံးခဲ့ကြပြီး ၎င်းတို့အထဲမှ တိတိကျကျ ကျင့်ဆောင်သူများသည် ရက်သတ္တတစ်ပတ်တွင် နှစ်ရက်အစာရှောင်ကြပါသည်။

         ဆရာယောဟန်၏ တပည့်များသည် ခရစ်တော်ထံသို့လာ၍ “အကျွန်ုပ် တို့နှင့်ဖါရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍ အဘယ်ကြောင့် ကိုယ်တော်၏ တပည့်တော်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်း” ဟု လာ ရောက်မေးမြန်းသော အချိန်တွင် ၎င်းတို့နှင့်ဖါရိရှဲများသည် အစာရှောင်နေသော အ ချိန်ဖြစ်ပါသည်။

         ခရစ်တော်သည် ထိုသူတို့အား အလွန်နူးညံ့သိမ်မွေ့စွာဖြင့် ဖြေကြားတော် မူခဲ့ပါသည်။ ကိုယ်တော်သည် အစာရှောင်ခြင်းနှင့် ပတ်သက်သည့် ၎င်းတို့၏ မှား ယွင်းသော အယူအဆများကို အမှားပြင်ရန် ကြိုးစားတော်မမူဘဲ မိမိ၏ အမှုတော်နှင့် ပတ်သက်၍ အမြင်မှန်ရအောင်သာ ကြိုးစားတော်မူခဲ့ပါသည်။ ဤကြိုးစားမှုကို ဆောင်ရွက်ရန် မိမိအကြောင်းကို ဆရာယောဟန် သက်သေခံစဉ်က အသုံးပြုခဲ့ သည့်တင်စားဖော်ပြမှုကိုပင် အသုံးပြုတော်မူခဲ့ပါသည်။ “မင်္ဂလာဆောင်သတို့သမီး ကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာ နေ၍ သူ၏စကားသံကို ကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ ဝမ်းမြောက်ခြင်း ပြည့်စုံ၏” ဟု ဆရာယောဟန်ပြောကြားခဲ့ဖူးပါသည်။ (ယောဟန် ၃း၂၉)။ ယေရှုက “မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာညည်းတွားတတ်ကြသလော” ဟု သာဓကပြ၍ မိန့်တော်မူသောအခါ ယောဟန်၏ တပည့်များသည် မိမိတို့ဆရာပြောခဲ့သည့် မင်္ဂလာဆောင်လုလင်နှင့် ပတ်သက်သည့်စကားများကို ပြန်လည်သတိရအောက် မေ့ခဲ့ကြပါသည်။

         ကောင်းကင်နိုင်ငံ၏ ဘုရင်သည် ကိုယ်တော်၏ လူမျိုးများထဲတွင် ရှိနေခဲ့ပါ သည်။ ထာ၀ရဘုရားရှင်၏ အကြီးမြတ်ဆုံးသော လက်ဆောင်မွန်ကို ကမ္ဘာသူကမ္ဘာ သားများအား ပေးသနားတော်မူခဲ့ပြီး ဆင်းရဲသားများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ခဲ့ ပါသည်။ အကြောင်းမူကား ခရစ်တော်သည် ၎င်းတို့အား နိုင်ငံတော်ကို အမွေခံသူ များဖြစ်စေအောင်ပြုလုပ်ရန် ကြွလာတော်မူခဲ့ပါသည်။ လူချမ်းသာများအတွက်လည်း ဝမ်းမြောက်စရာဖြစ်ခဲ့ပါသည်။ အကြောင်းမူကား ကိုယ်တော်ရှင်သည် ၎င်းတို့အား ထာ၀ရ ကြွယ်၀မှုကို မည်ကဲ့သို့ရယူရမည်အကြောင်းကို သွန်သင်တော်မူပါလိမ့်မည်။ ပညာမတတ်သူများတို့အတွက်လည်း ဝမ်းမြောက်စရာဖြစ်ခဲ့ပါသည်။ အကြောင်းမူ ကား ကိုယ်တော်ရှင်သည် ၎င်းတို့အား ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးတော်မူ လိမ့်မည်။ ပညာရှိများတို့အတွက်လည်း ဝမ်းမြောက်စရာ ဖြစ်ခဲ့ပါသည်။ အကြောင်း မူကား ၎င်းတို့ နားလည်ထားသည်ထက်ပို၍ နက်ရှိုင်းသော အရာများတို့ကို ၎င်းတို့ အားဖွင့်ပြတော်မူလိမ့်မည်။ ကမ္ဘာဦးမှစ၍ တိမ်မြုပ်ဖုံးကွယ်နေသော သမ္မာတရား များသည် ခရစ်တော်၏ အမှုတော်အားဖြင့် လူသားများအား ဖွင့်ပြတော်မူလိမ့်မည်။

         ဆရာယောဟန်သည် ကယ်တင်ရှင်ကို ဖူးမြော်ခဲ့ရသဖြင့် ဝမ်းမြောက်ခဲ့ပါ သည်။ ကယ်တင်ရှင်နှင့် လျှောက်လှမ်းခွင့်၊ စကားပြောဆိုခွင့် ရခဲ့ကြသောတမန် တော်များမှာမူ အလွန်ဝမ်းမြောက်ဖွယ်သော အခါအခွင့်ကို ရရှိခဲ့ကြသည်မဟုတ် ပါလား။ ထိုအချိန်တွင် ၎င်းတို့အနေနှင့် ဝမ်းနည်းနေပြီး အစာရှောင်နေရန်မဟုတ် ချေ။ အမှောင်ထုနှင့် သေမင်း၏ အရိပ်လွှမ်းမိုးနေသော ကမ္ဘာတွင်ရှိနေကြသော သူများအား အလင်းတရား ဖြန့်ချိနိုင်ရန်အလို့ငှါ သူတို့သည် ကိုယ်တော်ထံမှ အလင်းတရားများကို ရရှိရန် မိမိတို့၏ စိတ်နှလုံးကို ဖွင့်ထားရမည့်အချိန်ဖြစ်ပါသည်။

         ခရစ်တော်၏ မိန့်ဆိုချက်များသည် လှပသော အရုပ်ကားတစ်ချပ်ကို သတိ ရအောက်မေ့စေ ခဲ့သော်လည်း ကိုယ်တော်ရှင် တစ်ပါးတည်းသာ သိမြင်ခဲ့သည့် အရိပ်မည်းကြီးတစ်ခုသည် ထိုအရုပ်ကိုကား ကန့်လန့်ဖြတ်၍တည်ရှိ နေခဲ့ပါသည်။ ထိုအကြောင်းအရာကို ရည်စူး၍ “မင်္ဂလာဆောင်လုလင်ကို သူ၏ အပေါင်းအဖော် တို့နှင့်ခွာ၍ ယူသွားသော အချိန်ကာလရောက်လိမ့်မည်။ ထိုအခါသူတို့သည် အစာ ရှောင်ကြလိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ သခင်ယေရှုကို ဖမ်းဆီး၍ ကပ်တိုင်တင်ကြသည်ကို တွေ့မြင်သောအချိန်တွင် တမန်တော်များသည် စိတ်မသာ ညည်းတွား၍ အစာရှောင်ကြပါလိမ့်မည်။ အထက်ခန်းတွင် တမန်တော်များအား နောက်ဆုံးမိန့်တော်မူခဲ့သော စကားများတွင် “ခဏကြာပြီးမှ သင်တို့သည် ငါ့ကို မမြင်ရကြ၊ တစ်ဖန်ခဏကြာပြီးမှ ငါ့ကိုတစ်ဖန်မြင်ကြပြန်လိမ့်မည်ဟု ငါပြောသော စကားကို သင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော။ ငါအမှန်အကန် ဆိုသည် ကား သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်း ရှိသော်လည်း ထို ဝမ်းနည်းခြင်းသည် တစ်ဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်}} (ယောဟန် ၁၆း၁၉-၂၀) ဟူ၍ပါဝင်ခဲ့၏။

         ကိုယ်တော်ရှင်သည် သချုØင်းတွင်းမှ ထမြောက်လာသောအခါ သူတို့၏ ဝမ်း နည်းမှုများသည် ဝမ်းမြောက်မှုများသို့ ပြောင်းလဲသွားခဲ့လိမ့်မည်။ ကောင်းကင် နိုင်ငံသို့ တက်ကြွသွားခဲ့ပြီးနောက် ကိုယ်တော်ရှင်သည် ထိုသူများ အလယ်တွင် ကိုယ်တိုင်ကိုယ်ကြပ် ရှိတော်မမူခဲ့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့နှင့်အတူ ဆက်လက်၍ ရှိနေတော်မူသဖြင့် မိမိတို့၏ အချိန်များကို စိတ်မသာ ညည်းတွားခြင်းအားဖြင့် ကုန်လွန်စေရ မည်မဟုတ်ချေ။ သို့သော် ထိုနည်းအားဖြင့် အချိန်ဖြုန်းရန် စာတန်လိုလားခဲ့ပါသည်။ မိမိတို့သည် အလိမ်ခံခဲ့ရကာ အကြံမထ မြောက်အောင် ဟန့်တားခြင်းခံခဲ့ရသော်လည်း ယုံကြည်ခြင်းအားဖြင့် မိမိတို့အတွက် ခရစ်တော် အမှုတော်ဆောင်နေသည့် အထက်ကောင်းကင်ဘုံမှ ဗိမာန်တော်ကိုသာ မျှော်ကြည့်ကြဖို့ လူသားများအနေဖြင့် သိရှိကြရန် ကိုယ်တော်ရှင်လိုလား တော်မူခဲ့ ပါသည်။ ၎င်းပြင် တမန်တော်များအနေဖြင့် ကိုယ်တော်ရှင်၏ ကိုယ်စားလှယ် တော်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်ဝင်ရောက်လာနိုင်ရန် စိတ်နှလုံးကို ဖွင့်ထားရန်နှင့် ကိုယ်တော်ရှင်၏ အလင်းတော်တွင် ဝမ်းမြောက်ခြင်းရှိကြရန် ကိုယ် တော်ရှင်လိုလားတော် မူခဲ့ပါသည်။ သို့စေကာမူ တမန်တော်များသည် ဤကမ္ဘာ၏ အကြီးအကဲအုပ်ချုပ်သူများ၊ အမှောင်ကမ္ဘာမှ ခေါင်းဆောင်များနှင့် တိုက်လှန်မှုများ ဖြစ်လာသော အခါတွင်သော်လည်းကောင်း၊ ခရစ်တော်သည် ၎င်းတို့နှင့် ကိုယ်တိုင် ကိုယ်ကြပ် ရှိတော်မမူ၍ သန့်ရှင်းသောဝိညာဉ်တော်ကိုခွဲခွဲခြားခြား မသိရှိကြသော အခါတွင်သော်လည်းကောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း ကာလ သည် ရောက်လာမည်ဖြစ်သဖြင့် ထိုအချိန်သည် ၎င်းတို့အတွက် အစာရှောင်ရန် ပို၍ သင့်လျော်သော အချိန်ဖြစ်ပါလိမ့်မည်။

         မိမိတို့၏ စိတ်နှလုံးများသည် မနာလိုငြူစူသောစိတ်များ၊ ရန်လို သောစိတ် များဖြင့်ပြည့်၀နေ ကြစဉ်တွင် ထုံးတမ်းစဉ်လာများကို တိကျကျပ်တည်းစွာ စောင့် ရှောက်မှုများအားဖြင့် မိမိကိုယ်ကိုချီးမြှောက်ရန် ဖါရိရှဲများကြိုးစား ခဲ့ကြပါသည်။ “သင်တို့သည် ငြင်းခုံရန်တွေ့လျက် အဓမ္မလက်ဆုပ်နှင့် ထိုးလျက်အစာရှောင်ကြ ၏။ မြင့်သောအရပ်၌ မိမိတို့အသံကိုကြားစေခြင်းငှါ ယခုကာလအခါအစာ ရှောင်ကြ သည်မဟုတ်။ ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သောလက္ခဏာရှိ သ လော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ဦးချခြင်း၊ အိပ်ရာဖို့လျော်တေနှင့် ပြာကိုခင်းခြင်း၊ လက္ခဏာရှိလျှင် အစာရှောင်ခြင်းဟူ၍ လည်းကောင်း၊ ထာ၀ရဘုရားနှစ်သက်တော်မူသော နေ့ရက်ဟူ၍လည်းကောင်း မှည့်အပ် သလော။” ဟေရှာ ၅၈း၄-၅။

         စစ်မှန်သော အစာရှောင်ခြင်းသည် အပြင်ပန်းလုပ်ဆောင်မှု သက်သက် သာမဟုတ်ချေ။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့် ဘုရားသခင်နှစ်သက်သော အစာရှောင်ခြင်းမှာ “မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကို ချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကိုချိုးခြင်း” များနှင့် “မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့် ချမ်းသာပေး ခြင်း” များဖြစ်ကြပါသည်။ (ဟေရှာ ၅၈း၆၊၁၀)။ ဤနေရာတွင် ခရစ်တော်၏ စိတ်ဓာတ်နှင့် စာရိတ္တတော်ကို အစချီထားပါသည်။ ကိုယ်တော်ရှင်၏ သက်တော် စဉ်တစ်ခုလုံးသည် ကမ္ဘာသူကမ္ဘာသားများ၏ ကယ်တင်ခြင်းအတွက် မိမိကိုယ်ကို ဆက်ကပ်ခဲ့ပါသည်။ စုံစမ်းခြင်းခံခဲ့ရသော၊ တောထဲ၌ အစာရှောင်နေသော အချိန် တွင်ဖြစ်စေ၊ မဿဲ၏ စားပွဲတွင် အခွန်ခံများနှင့်အတူ စားသောက်နေသည့် အချိန် တွင်ဖြစ်စေ ကိုယ်တော်သည် ပျောက်ဆုံးနေသော လူသားများ၏ ကယ်တင်ခြင်း အတွက် မိမိ၏အ သက်ကိုပေးလျက် ရှိခဲ့ပါသည်။ မည်သည့်အရာကိုမျှ မလုပ်ဘဲ ငိုကြွေးညည်းတွားနေခြင်း များတွင်လည်းကောင်း၊ ခန္ဓာကိုယ်ကို နှိမ့်ချအသရေ ယုတ်စေခြင်းနှင့် များပြားစွာသော ယဇ်ပူဇော်ခြင်းများတွင် လည်းကောင်း၊ ဆက်ကပ် အပ်နှံခြင်းအတွက် စစ်မှန်သော စိတ်သဘောထား ကိုမထင်ရှား၊ မပေါ်လွင်စေချေ။ သို့သော် ထာ၀ရဘုရား အတွက်သော်လည်းကောင်း၊ လူသားများအတွက်သော် လည်းကောင်း မိမိအလိုဆန္ဒအလျောက် မစဆောင်ရွက်မှုများတွင် မိမိကိုယ်ကို လုံးလုံးဆက်ကပ်ခြင်း၌သာ ဆက်ကပ်အပ်နှံခြင်းအတွက် စစ်မှန်သောစိတ်ထားကို ပြသနိုင်ပါသည်။

         သခင်ယေရှုသည် ဆရာယောဟန်၏ တပည့်များအား ပုံပမာအားဖြင့် ဆက် လက်ဖြေကြားသည်မှာ “အဝတ်ဟောင်းကို အဝတ်သစ်နှင့် ဖါလေ့မရှိ၊ ထိုသို့ဖါလျှင် ဖါသောအထည်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏” ဟူသ တည်း။ ဗတ္တိဇံဆရာယောဟန်၏ သတင်းစကားများကို ရိုးရာဓလေ့များ၊ အစွဲအလမ်း ကြီးမှုများနှင့် ရောယှက်၍မရချေ။ ဖါရိရှဲများ၏ ဘာသာရေး အရေခြုံမှုကို ဆရာယောဟန်၏ ဆက်ကပ်အပ်နှံခြင်းနှင့် ရောယှက်ရန် ကြိုးစားခြင်းသည် ၎င်းတို့ အကြား ဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုထင်ရှားစေခဲ့ပါသည်။

         ထိုနည်းအတူ ခရစ်တော်၏ သွန်သင်ချက်စည်းမျဉ်းများကို ဖါရိရှဲများ၏ ထုံးတမ်းဓလေ့များနှင့်အတူ ပူးပေါင်းရန်မှာ မဖြစ်နိုင်ချေ။ ဆရာယောဟန်၏ သွန်သင်ချက်များကြောင့် ဖြစ်ပွားခဲ့သော မသင့်မတင့်ဖြစ်ခြင်းကို သင့်တင့်သွား အောင် ခရစ်တော်လုပ်တော်မူမည် မဟုတ်ချေ။ ၎င်းတို့အကြားတွင် ကွဲပြားခြားနား မှုကို ပို၍ထင်ရှားစေတော်မူ လိမ့်မည်ဖြစ်ပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ သာဓကပြ၍ ခရစ်တော် မိန့်တော်မူသည်မှာ “ဟောင်းသောသားရေဘူး၌ အသစ် သောစပျစ်ရည်ကို ထည့်လေ့မရှိ၊ ထိုသို့ထည့်လျှင် သားရေဘူးသည် စုတ်ကွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏” ဟူ၍ဖြစ်၏။ စပျစ်ရည် အသစ်ကိုထည့်ရန် အသုံးပြုဖူးသော သားရေဘူးများသည် အချိန်အနည်းငယ် အသုံးပြုပြီးလျှင် ခြောက်သွေ့လာပြီး ကွဲလွယ်ကြပါသည်။ စပျစ်ရည်အသစ်ကို နောက်တစ်ဖန်ထည့်ရန် မသင့်လျော်တော့ချေ။ ၎င်းတို့နှင့် အကျွမ်းဝင်သော ဤ သာဓကအားဖြင့် ခရစ်တော်သည် ယုဒခေါင်းဆောင်များ၏ အခြေအနေကို မိန့်တော် မူခဲ့ပါသည်။ ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများသည် ဝိနည်းထုံးဖွဲ့နှင့်ရိုးရာ ဓလေ့ဆိုင်ရာ လုပ်ရိုးလုပ်စဉ်များတွင်သာ အာရုံစူးစိုက်ခဲ့ကြပါသည်။ ၎င်းတို့၏ နှလုံးများသည် ခြောက်သွေ့နေသော စပျစ်ရည်ဘူးများကဲ့သို့ ကျုံ့လာခဲ့ကြပါသည်။ သူတို့သည် အများအသိအမှတ် ပြုထားသော ဘာသာတရားကို လက်ခံစောင့်ထိန်း သူများဖြစ်လာရန် မဖြစ်နိုင်တော့ချေ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖြောင့်မတ်ခြင်း နှင့်လုံလောက်နေပြီဟု ထင်နေခဲ့ကြပြီး ၎င်းတို့၏ ဘာသာရေးအယူအဆများ ထဲသို့ အသစ်သော အကြောင်းအရာများ ရောက်လာမည်ကို မလိုလားခဲ့ကြချေ။ လူသား များ အပေါ်ထားရှိသော ဘုရားသခင်၏ မေတ္တာကရုဏာကို ၎င်းတို့နှင့်မသက်ဆိုင် သောအရာတစ်ခုကဲ့သို့ သူတို့လက်မခံခဲ့ကြချေ။ သူတို့သည် ဘုရားသခင်၏ မေတ္တာ ကရုဏာကို မိမိတို့၏ ကောင်းမှုကုသိုလ်များနှင့် ပေါင်းစပ်ခဲ့ကြပါသည်။ မေတ္တာ အားဖြင့် အကျင့်ကိုကျင့်၍ အသက်ဝိညာဉ်ကို သန့်စင်စေသော ယုံကြည်ခြင်းသည် ဝိနည်းထုံးဖွဲ့များ၊ လူများအတွက်ပြဌာန်းထားသော ပညတ်ချက်များကို အခြေခံ၍ ဖွဲ့စည်းထားသော ဘာသာတရားနှင့် ပေါင်းစပ်ရန်မှာ မဖြစ်နိုင်ပါချေ။ ခရစ်တော်၏ သွန်သင်ချက်များကို တည်ရှိပြီးဖြစ်သော ဘာသာတရားများနှင့် ပေါင်းစပ်ရန်ကြိုး စားပါက အချည်းနှီးသာဖြစ်လိမ့်မည်။ ကစော်ပေါက်လျက်ရှိသော စပျစ်ရည်ကဲ့သို့ ဘုရားသခင်၏ အသက်ရှင်ခြင်းနှင့် ဆိုင်သောသမ္မာတရားသည် ဖါရိရှဲများပြဌာန်း ထားသော ရိုးရာဓလေ့တည်းဟူသော ဘူးများကို ပေါက်ကွဲသွား စေလိမ့်မည်ဖြစ်ပါ သည်။

         ဖါရိရှဲများသည် မိမိကိုယ်ကို သွန်သင်စရာမလိုတော့အောင် အလွန်ပညာ ရှိကြသည် ဟူ၍လည်းကောင်း၊ ကယ်တင်ရန်မလိုလောက်အောင် အလွန်ဖြောင့်မတ် ကြသည်ဟူ၍လည်းကောင်း၊ ခရစ်တော်ထံမှဂုဏ်ပြုခြင်းကို မလိုလောက်အောင် အလွန်မြင့်မားသော  ဂုဏ်ပြုခြင်းကို ခံနေရသည်ဟူ၍လည်းကောင်း ထင်မြင်နေ ခဲ့ကြပါသည်။ သို့အတွက် ကောင်းကင်နိုင်ငံတော်နှင့် ဆိုင်သောသတင်းစကားကို လက်ခံကြမည့်သူများကို ရှာရန် ခရစ်တော်သည် ထိုသူတို့အား ကျောခိုင်းခဲ့ရပြီး အသိပညာမရှိသော တံငါသည်များ ထဲတွင်လည်းကောင်း၊ ဈေးထဲမှ အခွန်ခံများထဲ တွင်လည်းကောင်း၊ ရှမာရိအမျိုးသမီး ထဲတွင်လည်းကောင်း၊ ကိုယ်တော်၏ သတင်းစကားကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြားနာခဲ့ကြသော သာမန်လူတန်းစားများ တို့ထဲတွင်လည်းကောင်း အသစ်သောစပျစ်ရည်ထည့်ရန် စပျစ်ရည်ဘူးသစ်များကို ကိုယ်တော်တွေ့ရှိခဲ့ပါသည်။ ဧဝံဂေလိ အမှုတော်လုပ်ငန်းတွင် အသုံးခံကြမည့် အသုံးခံပစ္စည်းများသည် ဘုရားသခင်ပေးသနားတော်မူသော အလင်းတရားကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြသော အသက်ဝိညာဉ်များ ဖြစ်ကြပါသည်။ ထိုသူများ သည် သမ္မာတရားအသိပညာကို လောကသားများအား မျှဝေခြင်းလုပ်ငန်းအတွက် ကိုယ်တော်၏ ကိုယ်စားလှယ်တော်ကြီးများ ဖြစ်ကြပါသည်။ ခရစ်တော်၏ ကရုဏာ တော်ကြောင့် ကိုယ်တော်၏ လူသားများသည် အသစ်သောစပျစ်ရည်ဘူးများ ဖြစ် လာကြလိမ့်မည်ဆိုလျှင် ၎င်းတို့တွင် အသစ်သောစပျစ်ရည်ဖြင့် ကိုယ်တော်ဖြည့် တော်မူလိမ့်မည်။

         ခရစ်တော်၏သွန်သင်ချက်များကို အသစ်သောစပျစ်ရည်နှင့် ပုံနှိုင်းဖော်ပြခဲ့သော်လည်း ထိုသွန်သင်ချက်များသည် အသစ်သောဩဝါဒ များမဟုတ်ပါချေ။ ကမ္ဘာဦးအစကပင် သွန်သင်တော်မူခဲ့သောဗျာဒိတ်တော် များဖြစ်ကြပါသည်။ သို့သော် ဖါရိရှဲများအတွက် ဘုရားသခင်၏သမ္မာတရား သည် ၎င်းတို့၏မူလအရေးပါမှုများနှင့် တင့်တယ်မှုများပျောက်ကွယ်နေခဲ့ ပါသည်။ ထို့ကြောင့် ခရစ်တော်၏သွန်သင်ချက်များသည် ၎င်းတို့အတွက် အဘက်ဘက်တိုင်းလောက်နီးပါးတွင် အသစ်အဆန်းဖြစ်နေခဲ့သဖြင့် သူတို့ အသိအမှတ်မပြု၊ လက်မခံခဲ့ကြချေ။

         ယေရှုက “ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသောသူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်းအလိုမရှိတတ်၊ ဟောင်းသော စပျစ်ရည်သာ၍ ကောင်းသည်ကိုသိ၏’ ဟုမိန့်တော်မူလျက် သမ္မာတရားကို လိုလားတောင့်တသော စိတ်ကို ဖျက်ဆီးမည့်မှားယွင်းသော သွန်သင်ချက်များ၏ တန်ခိုးသတ္တိကို ထောက်ပြ တော်မူခဲ့ပါသည်။ ရှေးဘိုးဘေးများနှင့် ပုရောဖက်များအားဖြင့် လောကကမ္ဘာအား ပေးတော်မူထားခဲ့သော သမ္မာတရားအားလုံးကို ခရစ်တော်၏ နှုတ်ထွက်စကားများ အားဖြင့် အသစ်သောတင့်တယ်မှုတွင် ထွန်းလင်းတော်မူခဲ့ပါသည်။ သို့ပါသော်လည်း ကျမ်းတတ် ဆရာများနှင့် ဖါရိရှဲများသည် အလွန်အဖိုးထိုက်တန်သည့် အသစ်သော စပျစ်ရည်ကို လိုလားတောင့်တခြင်း မရှိခဲ့ကြချေ။ ရှေးရိုးရာဓလေ့များ၊ ရှေးဟောင်း အကျင့်ဓလေ့များဖြင့် ကျင့်သုံးလုပ်ဆောင်မှုများ မကင်းစင်သမျှ ကာလပတ်လုံး စိတ်နှလုံးထဲတွင် ခရစ်တော်၏ သွန်သင်ချက်များအတွက် နေရာမရှိချေ။ သူတို့သည် အသက်မရှိတော့သော ထုံးစံဓလေ့များကို စွဲလမ်းကြကာ အသက်ရှင်ခြင်းနှင့် ဆိုင်သော သမ္မာတရားနှင့် ဘုရားသခင်၏ တန်ခိုးတော်ကို ကျောခိုင်းခဲ့ကြပါသည်။

         ဤအရာသည် ယုဒလူများ၏ ပျက်စီးဆုံးရှုံးခြင်းကို ထင်ရှားစေသော အ ချက်ဖြစ်ပြီး ကျွန်ုပ်တို့ခေတ်တွင် အသက်ရှင်နေကြသော သူများ၏ ပျက်စီးဆုံးရှုံး ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါလိမ့်မည်။ မဿဲ၏ ထမင်း စားပွဲတွင် ခရစ်တော်သွန်သင်ဆုံးမခဲ့သော ဖါရိရှဲများကဲ့သို့ပင် ထောင်ပေါင်း များစွာ သော လူသားများသည် ထိုအမှားများကို လုပ်ဆောင်လျက် ရှိကြပါသည်။ အချို့ သော နှစ်သက်မြတ်နိုးဖွယ် အတွေးအခေါ်တို့ကို စွန့်လွှတ်ရမည့်အစား၊ မှားယွင်း သော အယူအဆများကို စွန့်ပစ်ရမည့်အစား အဖဘုရား၏ အလင်းတော်မှ ဆင်းလာ သော သမ္မာတရားကို များစွာသောသူတို့သည် စွန့်ပယ်နေခဲ့ကြပါသည်။ သူတို့သည် မိမိကိုယ်ကို အားကိုး၍ မိမိ၏ ကိုယ်ပိုင်ဥာဏ်ကိုသာ မှီခိုခဲ့ကြပြီး မိမိတို့၏ ဝိညာဉ်ရေး ဆင်းရဲမွဲတေခြင်းကို မူမသိမြင်ခဲ့ကြချေ။ အရေးပါသော အကျင့်ကို ၎င်းတို့ လုပ် ဆောင်နိုင်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံစားရမည့်အကြောင်းကို သူတို့ထပ်ခါ တလဲ လဲပြောဆိုခဲ့ကြပါသည်။ “ငါ” တည်းဟူသော အတ္တသဘောတရားကို အကျင့်တွင် ရောယှက်၍ မရကြောင်းဟောကြားချက်များကို ကြားနာမြင်တွေ့လာသောအခါ သူ တို့သည် ဘုရားသခင်ပြင်ဆင်ထားသော ကယ်တင်ခြင်းကို ငြင်းပယ်လိုက်ကြပါ သည်။

         ကိုယ်ကျင့်တရားကို အားကိုးသော ဘာသာတရားသည် အသက်ဝိညာဉ် များကို ခရစ်တော်ထံသို့ မည်သည့်အခါမျှ မပို့ဆောင်နိုင်ချေ။ အကြောင်းမူကား ထိုဘာသာတရား၌ မေတ္တာမရှိဘဲ ခရစ်တော်မပါသော ဘာသာတရားသာဖြစ်ပါ သည်။ ကိုယ့်ကိုကိုယ် ဖြောင့်မတ်စေလိုသော စိတ်ထား၏ လှုံ့ဆော်မှုကြောင့် လုပ် ဆောင်သော ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းများသည် ထာ၀ရဘုရား၏ ရှေ့ တော်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တော်မူ၏။ ဝတ်ပြုကိုးကွယ်ရန်အတွက် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် စုရုံးလာကြသူများ သည်လည်းကောင်း၊ ဝိနည်းထုံးဖွဲ့နှင့် ဆိုင် သော ဘာသာရေး အခမ်းအနားများတွင် ပါဝင်လုပ်ဆောင် သူများသည် လည်းကောင်း၊ အပေါ်ယံနှိမ့်ချမှုများကို ကျင့်ဆောင်သူများ သည်လည်းကောင်း၊ ခမ်းနားကြီးကျယ်သော ယဇ်ပူဇော်ခြင်းများကို ဆက်ကပ်ပူဇော် ခဲ့ကြသူများသည် လည်းကောင်း မိမိတို့ကိုယ်ကို ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ကြပြီး ကောင်း ကင်နိုင်ငံတော်သို့ ဝင်စားထိုက်သူများအဖြစ် ကြေညာခဲ့ကြသော်လည်း ၎င်းအရာ များအားလုံးသည် လိမ်ညာမှု သက်သက်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အ ကျင့်များဖြင့် ကယ်တင်ခြင်း ဆုကျေးဇူးကို မည်သည့်အခါမျှ ဝယ်ယူနိုင်ကြမည်မ ဟုတ်ချေ။

         ခရစ်တော်၏ နေ့ရက်များတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း ဖြစ်ပျက်လျက်ရှိပါသည်။ ဖါရိရှဲများသည် မိမိတို့၏ ဝိညာဉ်ရေးဆင်းရဲ နွမ်းပါးမှုကို မသိရှိကြချေ။ ၎င်းတို့ထံသို့ ရောက်ရှိလာသော သတင်းစကားမှာ “သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှ မလိုဟုပြော ဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကိုမသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍ သူတစ်ပါးရှေ့ တွင် မရှက်စေခြင်းငှါ ခြုံစရာဖို့ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှဝယ်လော့။ သင်၏ မျက်စိမြင်စေခြင်းငှါ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အ ကြံပေး၏” ဟူ၏။ ဗျာဒိတ် ၃း၁၇-၁၈။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် မီးနှင့် ချွတ်ပြီးသော ရွှေစင်ဖြစ်၏။ သို့သော် လူများစွာတို့အတွက် ထိုရွှေသည် အရောင် မှိန်လာခဲ့ပြီး ကြွယ်၀သော ဘဏ္ဍာများသည် ဆုံးရှုံးခြင်းသက်သက် ဖြစ်ခဲ့ပါသည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းသည် ၎င်းတို့အတွက် မဝတ်ရသောဝတ်ရုံ၊ မတို့ထိရ သောစမ်းရေ တစ်ခုဖြစ်လာခဲ့ပါသည်။ “သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာ လျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။ ထို့ကြောင့် သင်သည် မရွေ့လျော့မီ အလျင် နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေးဦးစွာသော အကျင့်ကိုကျင့် လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင် သင်၏မီးခွက်ကိုနေရာမှ ရွှေ့မည်။” ဗျာဒိတ် ၂း၄-၅။

         “ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သောစိတ်ပေ တည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ” ဆာလံ ၅၁း၁၇။ လူသည် ခရစ်တော်၏ စစ်မှန်သော ယုံကြည်သူ တစ်ဦးဖြစ်မလာနိုင်မီ “ငါ”တည်းဟူသော အတ္တကိုကင်းရှင်း စေရပါမည်။ ကိုယ်အ လိုကိုငြင်းပယ်သော အချိန်တွင် ထာ၀ရဘုရားသည် ထိုသူကိုအသစ်သော သတ္တဝါ အဖြစ်ပြုပြင်နိုင်တော်မူသည်။ အသစ်သောဘူးတွင် စပျစ်ရည်အသစ်ကို ထည့်နိုင် ပါသည်။ ခရစ်တော်၏ မေတ္တာတော်သည် ထိုယုံကြည်သူအား အသစ်သော အသက် တာအားဖြင့် အသက်ရှင်စေလိမ့်မည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အစပျိုး၍ ထိုယုံကြည်ခြင်းကို အဆုံးသတ်ပေးနိုင်တော်မူသော ကိုယ်တော်ကို မျှော်ကြည့်သော ထိုသူ၌ ခရစ်တော်၏ စာရိတ္တတော်သည် ထင်ရှားတော်မူပါလိမ့်မည်။

No comments:

Post a Comment