Wednesday, April 22, 2026

အခန်းကြီး - ၅၃။ ဂါလိလဲသို့နောက်ဆုံးခရီးစဉ်

 

ဂါလိလဲသို့နောက်ဆုံးခရီးစဉ်

 

         ရှင်လုကာ ၉း၅၁-၅၆။ ၁ဝး၁-၂၄ တို့ကိုအခြေပြုထားပါသည်။

 

         ကိုယ်တော်၏လောက အမှုတော်လုပ်ငန်းပြီးဆုံးရန် အချိန်နီးကပ်လာသည် နှင့်အမျှ ကိုယ်တော်၏အမှုတော်ဆောင်ရွက်ပုံဆောင်ရွက်နည်းများလည်း ပြောင်း လဲမှုရှိလာခဲ့ပါသည်။ ကိုယ်တော်သည် လူအများလှုပ်လှုပ်ရှားရှားဖြစ် မသွားစေဖို့နှင့် ဟိုးလေးတကျော်ဖြစ်မသွားစေဖို့ ကြိုးစား၍ရှောင်ရှားတော်မူ ခဲ့ပါသည်။ လူအများ၏ ဂါရ၀ပြုခြင်းကို လက်ခံတော်မမူခဲ့ဘဲ၊ ထိန်းမနိုင်သိမ်း မရသည့်အခြေအနေမျိုးဖြစ် ပေါ်လာနိုင်သော မိမိအပေါ်ချစ်ခင်ဆည်းကပ်မှု ပြင်းထန်သည့်အခြေအနေမျိုးကို တွေ့ရသောအခါတွင်၊ တစ်နေရာမှတစ်နေရာ သို့ လျင်မြန်စွာပြောင်းရွှေ့သွားတော် မူတတ်ပါသည်။ မိမိအားမေရှိယဖြစ် ကြောင်း မကြေညာရန်ကိုလည်း ထပ်ခါတလဲလဲ ကိုယ်တော်တားမြစ်တော်မူခဲ့ပါ သည်။

         သကေနေပွဲတော်အချိန်တွင် ကိုယ်တော်သည်ယေရုရှလင်မြို့သို့သုတ်သီး သုတ်ပျာဖြင့် အခြားသူများမသိအောင် တိုးတိုးတိတ်တိတ်ကြွလာတော် မူခဲ့ရပါ သည်။ ကိုယ်တော်၏ညီအစ်ကိုများက ကိုယ်တော်အား မေရှိယဖြစ်ကြောင်း လူသိ ရှင်ကြားကြေညာရန်တိုက်တွန်းကြသောအခါ၊ ငါ့အချိန်မရောက်သေးဟု ဖြေကြား တော်မူခဲ့ပါသည်။ ယောဟန် ၇း၆။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ အခြားလူများ ဂရုမစိုက်သည့်လမ်းမှသွားတော်မူခဲ့ပြီး၊ လူသိ မခံဘဲမြို့ထဲသို့ဝင်ခဲ့ကာ၊ လူထုကြီး၏ ဂုဏ်ပြုကြိုဆိုခြင်းများကိုလည်း မခံမယူ ခဲ့ချေ။ သို့ရာတွင် ယခုနောက်ဆုံးခရီးစဉ် တွင်မူ ထိုကဲ့သို့မဟုတ်ပါချေ။ ကိုယ်တော်သည် ဖာရိရှဲများ၏ရန်ငြိုးဖွဲ့မှုကြောင့် ခိုက်အတန့်အားဖြင့် ယေရု ရှလင်မြို့ကိုစွန့်ခွာခဲ့ရသော်လည်း၊ ယခုအခါတွင်မူ၊ လူ သိရှင်ကြားကြေညာ၍ ထိုမြို့သို့ခရီးဆန့်တော်မူခဲ့ပါသည်။ မိမိသွားနေကျလမ်းကို သုံးပြုလျက်၊ ကြွလာခြင်းကိုကြိုတင်ကြေညာစေလျက်၊ ကြွချီတော်မူခဲ့ပါသည်။ ယခင် က ထိုကဲ့သို့တစ်ခါမျှမလုပ်ခဲ့ဖူးချေ။ မိမိကိုယ်ကိုပူဇော်သကာပြုခြင်းမြင်ကွင်းသည် နီးကပ်နေပြီဖြစ်သည့်အတွက် လူအများအားထိုမြင်ကွင်းကိုအာရုံစိုက်လာစေရန် လမ်းညွှန်ပေးတော်မူရမည်ဖြစ်ပါသည်။

         မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက် ထားခြင်းကိုခံရမည်။ ယောဟန် ၃း၁၄။ ခပ်သိမ်းသောဣသရေလ များသည် အနာ ပျောက်ကင်းစေနိုင်သော မြှောက်ထားခြင်းခံရသည့်မြွေရုပ် ကိုကြည့်ကြရန် ညွှန် ကြား ခြင်းခံခဲ့ရသကဲ့သို့ အပြစ်တွင်ကျဆုံးလျက်ရှိသော လောကီသားအပေါင်းတို့ သည် ကယ်တင်ခြင်းရစိမ့်သောငှာ၊ အပူဇော်ခံရသည့် ခရစ်တော်အားကြည့်ကြရ မည်ဖြစ်ပါသည်။

         ကိုယ်တော်၏ညီအစ်ကိုများသည် မေရှိယ၏အမှုတော်အပေါ် ထားရှိသည့် မှားယွင်းသောထင်မြင်ယူဆချက်များနှင့် ခရစ်တော်၏စာရိတ္တအပေါ် ယုံကြည်မှု နည်းပါးမှုကြောင့် ကိုယ်တော်အားသကေနေပွဲတွင် လူပုံအလယ်၌ မိမိကိုယ်ကို မေရှိ ယဖြစ်ကြောင်း ကြေညာရန်တိုက်တွန်းခဲ့ကြခြင်းဖြစ်ပါသည်။ ယခုတွင် ထိုစိတ်ထား မျိုးနှင့်ဆက်နွှယ်နေသော စိတ်ထားမျိုးဖြင့် တမန်တော်များသည် ကိုယ်တော်အား ယေရုရှလင်မြို့သို့မသွားရန် တားမြစ်နေကြပါသည်။ ယေရုရှလင်မြို့တွင် ကိုယ်တော် ရှင် တွေ့ကြုံရမည့်အန္တရာယ်များအကြောင်းနှင့် ပတ်သက်၍ ကိုယ်တော်မိန့်တော်မူ ခဲ့သမျှကို သူတို့ပြန်လည်သတိရခဲ့ကြပါသည်။ ယုဒဘာသာရေးခေါင်းဆောင်များ၏ ပြင်းထန်သောရန်လိုမှုများကိုလည်း သူတို့သိရှိထားပါသည်။ ထို့ကြောင့် ၎င်းတို့၏ သခင်အား ထိုနေရာသို့မသွား ရန် သူတို့မရမကဖျောင်းဖျခဲ့ကြပါသည်။

         ချစ်သောတပည့်တော်များ၏ကြောက်ရွံ့မှုများ၊ စိတ်ပျက်အားငယ်မှုများ နှင့် မယုံကြည်မှုများကိုဆန့်ကျင်၍ ယေရုရှလင်မြို့သို့သွားရမည့်အရေးသည် ကိုယ်တော် ရှင်၏စိတ်နှလုံးတွင် ခါးသီးသောဝေဒနာများကို ဖြစ်ပေါ်စေခဲ့ပါသည်။ စိတ်သောက ရောက်မှုများနှင့် စိတ်ပျက်အားလျော့စရာများဖြင့်စောင့် ကြိုနေသော ယေရုရှလင် မြို့သို့ ၎င်းအားခေါ်ဆောင်သွားဖို့ အရေးသည်လည်း အခက်ပွေလှပါသည်။ ၎င်းပြင် စာတန်သည် သားတော်အားစုံစမ်းခြင်းပြုရန် ချဉ်းကပ်လာပြီး၊ ---အသေသတ်ခံရ မည်မှာသေချာသည့်ယေရုရှလင်မြို့ကို အဘယ်ကြောင့် ယခုကိုယ်တော်သွားသင့် သနည်း၊ ကိုယ်တော်၏ပတ်လည်တွင် အသက်မုန့်ကိုဆာငတ်ခင်မွတ်နေကြသော အသက်ဝိညာဉ်များနှင့် ကုသမှုကို ခံယူရန် အသင့်စောင့်ဆိုင်းနေကြသည့် ရောဂါ သည်များရှိနေကြပါသည်။ ကိုယ် တော်၏ကရုဏာတော်နှင့်ဆိုင်သော ဧဝံဂေလိ တရားတော်ဟောကြားခြင်း လုပ်ငန်းသည်လည်း ယခုမှအစပြုရုံသာရှိသေးပါသည်။ ၎င်းပြင် ကိုယ်တော်သည်လည်း အရွယ်ကောင်းတုန်းခွန်အားနှင့် ပြည့်၀တုန်းရှိပါ သေးသည်။ မည်သည့် အတွက်ကြောင့်လူအများထံသွား၍ ကရုဏာစကားကို မပြော တော့ဘဲနေမည် နည်း။ အနာပျောက်ကင်းခြင်းလက်တော်နှင့် မတို့ဘဲနေတော်မူ မည်နည်း။ မည်သည့်အတွက်ကြောင့် သန်းပေါင်းများစွာသော ဝိညာဉ်ရေးမှောင် မိုက်ကျနေသည့် ဝမ်းနည်းပူဆွေးနေသူများထံသို့ ဝမ်းမြောက်ကြည်နူးဖွယ်သော လင်းတရားများကို ကိုယ်တိုင်မယူဆောင်သွားဘဲ နေမည်နည်း။ ယုံကြည်မှုနည်းပါး သည့်ပြင်၊ နားလည်မှုနှေးကွေးပြီး၊ သွက်လက်ချက်ချာမှုမရှိကြသည့်တပည့် တော် များထံ၌ ရိတ်သိမ်းခြင်းလုပ်ငန်းကို အဘယ်ကြောင့်အပ်ထားခဲ့မည်နည်း။ အစပြုခါစ သာရှိသေးသည့်အမှုတော်ကိုပစ်ထားပြီး၊ အဘယ်ကြောင့်သေခြင်း နှင့်ရင်ဆိုင်ချင်ရ သနည်း။ စသည့်စသည်ဖြင့် တော၌ရင်ဆိုင်တိုက်လှန်ခဲ့ဖူးသော ရန်သူကြီးစာတန် သည် ယခုတွင်ကောက်ကျစ်စဉ်းလဲသော စုံစမ်းခြင်းများကိုအသုံးပြုလျက် ခရစ်တော် အားတိုက်ခိုက်နေပါသည်။ သခင်ယေရှုသည် ယခုအခါတွင် အလျော့ပေးလိုက်မည် ဆိုလျှင်သော်လည်းကောင်း၊ မိမိကိုယ်ကို ကယ်တင်ရန်ချမှတ်ထားသော လုပ်ငန်းစဉ် အားအနည်းငယ်ပြောင်းပစ်လိုက် မည်ဆိုလျှင်သော်လည်းကောင်း စာတန်၏အဖွဲ့ သည် အောင်ပွဲဆင်သွားလိမ့် မည်ဖြစ်ပြီး၊ လောကီသားအပေါင်းတို့သည် အရှုံးနှင့် ရင်ဆိုင်ကြရလိမ့်မည် ဖြစ်ပါသည်။

         သို့ရာတွင်သခင်ယေရှုသည် ယေရုရှလင်မြို့သို့တူရူကြွအံ့သောငှာ ဘောထားတော်မူ၏။ ကိုယ်တော့်ဘ၀အသက်တာတွင် ကျင့်သုံးခဲ့သော တစ်ခု တည်းသောနိယာမမှာ အဖခမည်းတော်၏အလိုတော်ကိုဆောင်ခြင်း ပင်ဖြစ်ပါသည်။ ငယ်ရွယ်စဉ်ကလေးဘ၀အချိန်က၊ ဗိမာန်တော်သို့ရောက် ရှိစဉ် အကျွန်ုပ်သည် အဖ၏အိမ်၌နေရသည်ကိုမသိပါသလော ဟုမယ်တော် မာရိအား ပြေကြားခဲ့ဖူးပါ သည်။ လုကာ ၂း၄၉။ ကာနမြို့တွင်မိမိ၏အံ့ဖွယ် တန်ခိုးတော်ကိုပြသရန် မယ်တော် မာရိတောင်းဆိုစဉ်ကလည်း ငါ့အချိန်မ ရောက်သေး ဟုမိန့်ကြားတော်မူခဲ့ပါ သည်။ ယောဟန် ၂း၄။ ကိုယ်တော်၏ ညီအစ်ကိုများက ယေရုရှလင်မြို့တွင် ကျင်းပ မည့် သကေနေပွဲသို့သွားရန် တိုက် တွန်းခဲ့ကြစဉ်ကလည်း ထိုစကားကိုပင်ပြန်လည် အသုံးပြုကာ မိန့်တော်မူခဲ့ ပါသည်။ သို့ရာတွင် လူသားများ၏အပြစ်အတွက် မိမိ ကိုယ်ကိုပူဇော်ရန် အချိန်ကို ဘုရားသခင်၏မဟာစီမံကိန်းကြီးထဲတွင် သတ်မှတ်ထား ပြီးဖြစ်ရာ၊ ထိုအချိန်နာရီသည်လည်း မကြာမီတွင်ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ကိုယ် တော်သည်ဆိုင်းတွနောက်တွန့်ခြင်းမပြုဘဲ၊ မိမိအသက်ကိုရန်ရှာမည့်သူများ ရောက်ရှိနေသည့် ယေရုရှလင်မြို့ကြီးဆီသို့ ဦးတည်ထွက်ခွာလာခဲ့ပါသည်။ ယခုတွင် ကိုယ်တော်သည် မိမိအသက်ကိုစွန့်ရတော့မည်ဖြစ်ပါသည်။ နှိပ်စက် ညှဉ်းပန်းခြင်း၊ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ အပြစ်စီရင်ခြင်းများနှင့် အသေသတ်ခြင်းများပြုလုပ် ကျူးလွန်လျက်ရှိသည့် ယေရုရှလင်မြို့ဆီသို့ရှေးရှုလျက် ကိုယ်တော်ထွက်ခွာလာခဲ့ ပါသည်။

         ၎င်းပြင်ကိုယ်တော်သည် ရှေ့တော်သို့တမန်တော်တို့ကိုစေလွှတ်တော်မူ သဖြင့် သူတို့သည်ကိုယ်တော်၏အဖို့ကိုပြင်ဆင်ခြင်းငှာသွား၍ ရှမာရိရွာ တစ်ရွာသို့ ဝင်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့ သောအခြင်းအရာ ကို ထိုသူတို့ရှုမြင်ကာ ကိုယ်တော်ကိုလက်မခံကြချေ။ အဓိပ္ပါယ်မှာ ၎င်းတို့အလွန် မုန်တီးသည့်ယုဒလူများကို ခရစ်တော်ကဦးစား ပေးသည်ဟုအထင်ရှိကာ၊ ကိုယ်‌ေတာ်ကို ၎င်းတို့ငြင်းပယ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် ဂေရဇိမ်တောင်ပေါ် တွင် ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပြီးဝတ်ပြုကိုးကွယ်ခဲ့မည်ဆိုလျှင် သူတို့ သည် ကိုယ်တော်အား ဝမ်းမြောက်ဝမ်း သာလက်ခံကြိုဆိုခဲ့ကြလိမ့်မည်ဖြစ်ပါသည်။ သို့ရာတွင် ယခု၌ကိုယ်တော်သည် ယေရုရှလင်မြို့သို့တူရူ၍သွားနေသဖြင့် သူတို့ သည်ကိုယ်တော်အား ကြိုဆို ဧည့်ခံမှုများမပြုလုပ်ခဲ့ကြချေ။ မိမိတို့သည် ကောင်းကင် နိုင်ငံမှအကောင်းဆုံး ဆုကျေးဇူးအား မိမိတို့၏တံခါးပေါက်များမှ ကျောခိုင်းသွား စေ လျက်ရှိကြောင်းကို နည်းနည်းကလေးမျှသူတို့မရိပ်မိခဲ့ကြချေ။ ၎င်းတို့အားကြွယ်၀ သော ကောင်းချီး မင်္ဂလာများကိုချပေးဖို့၊ ၎င်းတို့၏ အနီးသို့ချဉ်းကပ်လာနိုင်စေရန် အလိုငှာ၊ မိမိ အားလက်ခံကြရန် ကိုယ်တော်ရှင်ပန်ကြားတော်မူခဲ့ပါသည်။ ၎င်းတို့၏ လက် များဖြင့်အလုပ်အကျွေးပြုကြရန် ကိုယ်တော်ရှင်တောင်းခံတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်အားသဘောကျလက်ခံသူများကို သာ၍ကောင်းမွန်သောကရုဏာ တော်အားဖြင့် တုံ့ပြန်တော်မူခဲ့ပါသည်။ သို့ရာတွင် ရှမာရိများသည် ၎င်းတို့၏ တစ် ဖက်သတ်အထင်လွဲသည့် စိတ်ဓာတ်များနှင့် တစ်ယူသန်မှုများကြောင့် ထိုအရာအား လုံးကိုဆုံးရှုံးခဲ့ကြရပါသည်။

         ကိုယ်တော်ရှင်အပေါ်ပြုလုပ်ခဲ့သည့်စော်ကားမှုများကို တွေ့မြင်ရသော ခရစ် တော်၏စေတမန်များဖြစ်သည့် ယာကုပ်နှင့်ယောဟန်တို့သည် အလွန်စိတ်ဆိုးခဲ့ကြ ပါသည်။ အကြောင်းမှာ ၎င်းတို့အားဂုဏ်ပြုရန်ကြွလာတော်မူ သည့်ကိုယ်တော်ရှင် အား ရှမာရိလူများကရိုင်းစိုင်းစွာ ဆက်ဆံခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။ ထိုတမန် တော်နှစ်ပါးသည် မကြာသေးမီအချိန်က တောင်ပေါ်တွင် ခရစ်တော်နှင့်အတူရှိခဲ့ ကြပြီး၊ ကိုယ်တော်၌ဘုရားသခင်၏ရောင်ခြည်တော် များကွန့်မြူးခဲ့သည်ကို လည်း ကောင်း၊ မောရှေနှင့်ဧလိယတို့၏ဂါရ၀ပြုခြင်းကို ခံတော်မူခဲ့ခြင်းကိုလည်းကောင်း မြင်တွေ့ခဲ့ကြရပါသည်။ ထိုကြောင့် ရှမာရိများ ပြုလုပ်နေသည့် မခန့်လေးစားအ ပြုအမူများကို အပြစ်ပေးသင့်သည်ဟု သူတို့ ယူဆခဲ့ကြပါသည်။

         သူတို့သည် ခရစ်တော်၏အပါးသို့ ချဉ်းကပ်လာကြကာ၊ ရှမာရိလူများအနေ နှင့် တစ်ညတာနားနေခွင့်ကိုပင်ပေးရန် ငြင်းဆန်နေကြကြောင်း၊ ထိုသူများပြော လိုက်သည့်စကားများကို ကိုယ်တော်ထံသို့သတင်းပို့ခဲ့ကြပါသည်။ သူတို့သည် မှား ယွင်းသောယဇ်ပုရောဟိတ်များကို ဧလိယသုတ်သင်ခဲ့သည့် နေရာဖြစ်သော အဝေး မှမြင်နေရသည့် ကရမေလတောင်ကြီးကိုကြည့်လျက် ရှမာရိများအနေဖြင့် ဝမ်း နည်းဖွယ်သောအမှားများကိုကျူးလွန်ခဲ့ကြပြီအထင်နှင့် ဧလိယပြုသကဲ့သို့ ကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိ တော်မူသလော ဟုလျှောက်ထားကြ၏။ မိမိ၏ စကားများကိုကြားရသော ကိုယ် တော်သည် စိတ်နှလုံးထိခိုက်နာကျင်ကြောင်း မြင်တွေ့ရသောအခါ သူတို့အံ့အား သင့်ခဲ့ကြပါသည်။ ၎င်းပြင် ယေရှုသည် ၎င်းတို့ဘက်သို့လှည့်တော်မူ၍ သင်တို့သည် ကိုယ်စိတ်သဘောကိုကိုယ်မသိ ကြ။ လူသားသည် လူတို့၏အသက်ကို သတ်အံ့ သောငှာ ကြွလာသည်မဟုတ်၊ ကယ်တင်အံ့သောငှာကြွလာသည်ဟုဆုံးမသောအခါ ပို၍ပင်အံ့အားသင့်ခဲ့ကြ ရပါသည်။ ထိုနောက်ကိုယ်တော်သည် နောက်ရွာတစ်ရွာသို့ ပြောင်းရွှေ့ကြွ မြန်းတော်မူခဲ့ပါသည်။

         ခရစ်တော်သည် မိမိအားလက်ခံကြိုဆိုရန် မည်သူ့ကိုမျှအတင်းအကျပ် ခိုင်းစေတော်မမူချေ။ စာတန်နှင့်သူ၏စိတ်သဘောထားမျိုးရှိသူများသည်သာ ဩတ္တပ္ပစိတ်ကိုအနိုင်အထက်ပြုရန် ကြိုးစားတတ်ကြပါသည်။ မကောင်းသော နတ်ဆိုးများနှင့်အပေါင်းအဖော်ပြုခဲ့ကြသူများသည် ဖြောင့်မတ်ခြင်းပါရမီအတွက် စိတ်အားကြီးဟန်ဆောင်၍ မိမိတို့၏ဘာသာတရားယုံကြည်ချက်များဘက်သို့ ပြောင်း လဲလာစေရန်အလိုငှာ၊ မိမိ၏မိတ်ဆွေသင်္ဂဟများအား အနာရောဂါများ ကိုကျ ရောက်စေတတ်ပါသည်။ သို့ရာတွင် ခရစ်တော်အနေဖြင့်မူ၊ ကရုဏာ တော်အမြဲ တမ်းပြတော်မူပြီး၊ မိမိ၏မေတ္တာတော်ကိုထင်ရှားစေခြင်းအားဖြင့် အသက်ဝိညာဉ် များကို မိမိဘက်သို့ပါလာရန် ကြိုးစားတော်မူပါသည်။   ကိုယ်တော်သည် ထိုအ သက်ဝိညာဉ်အား မည်သည့်ရန်တုဖက်ပြိုင်မှုများကိုမပြုခဲ့သည့်အပြင်၊ မပြည့်၀သော ဆက်ကပ်လုပ်ဆောင်မှုများကိုလည်း လက်ခံတော် မမူနိုင်ပါချေ။ မဟာမေတ္တာ တော်၏ အနိုင်အထက်ပြုမှုကြောင့် မိမိ၏နှလုံးသား ကိုစိတ်အားကြီးစွာဖြင့် ဆက် ကပ်လုပ်ဆောင်သည့်အမှုတော်မျိုးကိုသာ ကိုယ် တော်အလိုရှိတော်မူပါသည်။ ကျွန်ုပ်တို့သည် စာတန်၏စိတ်သဘောထားမျိုး ရှိကြောင်းကို မိမိတို့၏အတွေးအခေါ် နှင့်ဆန့်ကျင်သူများ (သို့မဟုတ်) မိမိတို့၏ လုပ်ဆောင်မှုကို အလေးအမြတ်မပြုသူ များအား ထိခိုက်ပျက်စီးစေလိုသောစိတ် သဘောမျိုးပြခြင်းထက်၊ ဒွိဟမဖြစ်နိုင် သော အထောက်အထားမရှိတော့ပြီ။

         ကိုယ်စိတ်ဝိညာဉ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသောလူသားတိုင်း သည် ဘုရားသခင်၏ကိုယ်ပိုင်ပစ္စည်းများဖြစ်ကြပါသည်။ လူသားများ၏ ကိုယ်စိတ်ဝိညာဉ် အားလုံးကိုကယ်တင်ရန် ကိုယ်တော်အသေခံတော်မူခဲ့ပါသည်။ ဘာသာရေးတစ်ယူ သန်မှုများကြောင့် ခရစ်တော်၏အသွေးတော်ဖြင့်ဝယ်ယူထား သည့်လူများအား ဒုက္ခ ဝေဒနာခံစားအောင်ပြုလုပ်ခြင်းထက် ဘုရားကိုပြစ်မှား သောအရာမရှိတော့ပြီ။

         ထိုအရပ်မှကိုယ်တော်သည်ထ၍ ယော်ဒန်မြစ်တစ်ဖက်ကမ်းကို လျှောက် သွားသဖြင့် ယုဒပြည်စွန်းသို့ရောက်တော်မူ၏။ လူများတို့သည်အထံ တော်၌စုဝေး ပြန်၍ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန်ဆုံးမဩဝါဒပေးတော် မူ၏။ မာကု ၁ဝး၁။

         ခရစ်တော်၏အမှုတော်ပြည့်စုံခါနီး၊ ကျော်ကြား၍အရေးပါသောလုပ်ဆောင် မှုများကို ယော်ဒန်မြစ်တစ်ဖက်ကမ်း၊ ယုဒပြည်စွန်း ရှိပါရီးယားဒေသတွင် လုပ် ဆောင်တော်မူခဲ့ပါသည်။ ဂါလိလဲနယ်တွင်ပြုတော်မူခဲ့သော အစပိုင်းအမှုတော်မှာ ကဲ့သို့ ယခုအချိန်တွင် ဤဒေသ၌လည်းကိုယ်တော်ရှင်၏ ပတ်ပတ်လည်တွင် လူအ များစုဝေးခဲ့ကြရာ၊ ယခင်ကသွန်သင်ချက်များထဲမှ အများစုကိုပြန်လည် ဟောကြား တော်မူခဲ့ပါသည်။

         ကိုယ်တော်သည် တမန်တော်ဆယ့်နှစ်ပါးတို့ကို စေလွှတ်တော်မူခဲ့ဖူး သကဲ့ သို့၊ ယခုတွင်လည်း အခြားသောတပည့်တော်ခုနစ်ကျိပ်တို့ကိုခန့်ထား တော်မူ၍ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ် ယောက်စီ၊ နှစ် ယောက်စီစေလွှတ်တော်မူ၏။ လုကာ ၁ဝး၁။ ဤတပည့် တော်များသည် ကိုယ်တော် ရှင်ထံတွင် အမှုတော်အတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ကြဖူးသူများဖြစ်ပါ သည်။ တမန်တော်တစ်ဆယ့်နှစ်ပါးကို ပထမ အကြိမ်အဖြစ်နှစ်ယောက်တစ်တွဲစီခွဲ၍ အမှုတော်ဆောင်စေခဲ့စဉ်က ကျန်ရှိ နေသည့်အခြားတပည့်တော်များသည် ဂါလိလဲ နယ်တစ်လျှောက်သို့ သွားရောက် အမှုတော်ဆောင်ခဲ့သည့်သခင်ယေရှုအား ကူညီ မစခဲ့ကြပါသည်။ သူတို့သည် ဤနည်းအားဖြင့် ကိုယ်တော်ရှင်နှင့် ရင်းရင်းနှီးနှီး ဆက်ခံခွင့်ရခဲ့ကြပါသည်။ အနီးကပ်သွန်သင်မှုများကိုလည်းရရှိခဲ့ကြပါသည်။ ယခု အချိန်တွင် ခုနစ်ကျိပ်သာ ဤတပည့်တော်များသည်လည်း တစ်ယောက်တစ်နေရာ စီခွဲခွာ၍ အမှု တော်ဆောင်ကြရတော့မည်ဖြစ်ပါသည်။

         ခုနစ်ကျိပ်သောဤတပည့်တော်များအား ပေးခဲ့သောညွှန်ကြားချက်များ သည်၊ တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့အား ပေးခဲ့သောညွှန်ကြား ချက်များနှင့် အတူတူပင်ဖြစ်သော်လည်း တစ်ပါးအမျိုးသားများ၊ ရှမာရိများ နေထိုင်သည့်မြို့ရွာ များသို့ မဝင်ကြနှင့်ဟူသော ညွှန်ကြားချက်မပါဝင်တော့ချေ။ ခရစ်တော်သည် ထိုရှမာရိများကြောင့် စိတ်မကြည်မသာဖြစ်ခဲ့ရသော်လည်း ၎င်းတို့အပေါ်ထားရှိ သည့်မဟာမေတ္တာတော်သည် အပြောင်းအလဲမရှိခဲ့ချေ။ ခုနစ်ကျိပ်မျှသော တပည့်တော်များသည် ကိုယ်တော်၏နာမတော်ကိုခိုလှုံ၍ အမှုတော်ဆောင်ရန် ရှမာရိမြို့ရွာများသို့ရှေးဦးစွာသွားရောက်ခဲ့ကြပါသည်။

         ရှမာရိမြို့ရွာများသို့ ခရစ်တော်ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့ခြင်းသည် လည်းကောင်း၊ နောက်ပိုင်းတွင်ကောင်းသောရှမာရိတစ်ယောက်အား ချီးမွမ်းခဲ့ခြင်း သည် လည်းကောင်း၊ ပျောက်ကင်းအောင်ကုသမှုခံခဲ့ရသော ကိုယ်ရေပြားရောဂါ သည် ဆယ်ဦးထဲမှ ခရစ်တော်ထံကျေးဇူးတင်ရန်ပြန်၍လာခဲ့သော ကျေးဇူးသိတတ် သည့်ရှမာရိနူနာသည်၏ဝမ်းမြောက်မှုသည်လည်းကောင်း ဤတပည့်တော်များအ တွက် အရေးပါခဲ့ပါသည်။ ဤသင်ခန်းစာသည် ၎င်း တို့၏စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါသည်။ ရှမာရိ များအတွက်အမှုတော်ဆောင်ရန် စေ လွှတ်တော်မူခြင်းအားဖြင့် ရှမာရိနယ်၊ ယုဒနယ်နှင့်ယေရုရှလင်မြို့များသည် ပထမ ဦးစွာ ဧဝံဂေလိတရားဟောကြား မည့်နေရာများအဖြစ် ကိုယ်တော်ကောင်းကင်သို့ တက်ကြွမသွားမီကလေးတွင် ဖွင့်ဆိုမိန့်ကြားတော်မူခဲ့ပါသည်။ ဤအမှုတော်ကို ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန် ကိုယ်တော်ရှင်၏သွန်သင်ချက်များဖြင့် ၎င်းတို့အား ပြင်ဆင်ပေးတော်မူခဲ့ပါ သည်။ သူတို့သည်ရှမာရိပြည်သို့ ခရစ်တော်၏နာမတော် အားဖြင့် အမှုတော် ဆောင်ရန်ထွက်ခွာသွားကြသောအခါ မိမိတို့အားကြိုဆိုရန် အဆင်သင့်ရှိနေ ကြသော ရှမာရိလူများကိုတွေ့ခဲ့ကြရပါသည်။ ထိုရှမာရိလူများ သည် ခရစ် တော်၏ချီးမွမ်းစကားများကိုလည်းကောင်း၊ မိမိလူမျိုးအပေါ်ပြုတော် မူခဲ့သည့် ကောင်းကျိုးချမ်းသာများအကြောင်းကိုလည်းကောင်း ကြားသိခဲ့ကြပြီးဖြစ်ပါ သည်။ မိမိတို့သည်ကိုယ်တော်အား ရိုင်းစိုင်းကြမ်းတမ်းစွာဆက်ဆံနေကြသည့် ကြား မှ ကိုယ်တော်သည် မိမိအားမေတ္တာထားကြောင်း တွေ့မြင်ကြရသဖြင့် ၎င်းတို့၏ စိတ်နှလုံးသည် ကိုယ်တော်ဘက်သို့ယိမ်းယိုင်သွားကြပါသည်။ ကောင်းကင်နိုင်ငံ တော်သို့ ကိုယ်တော်ရှင်တက်ကြွသွားပြီးနောက်ပိုင်းတွင် ကယ်တင်ရှင်၏ စေတမန် များကို ကြိုဆိုခဲ့ကြပြီး၊ တမန်တော်များသည် တစ်ချိန်ကခါးသီးသော ရန်သူများဖြစ်ခဲ့ သည့် ၎င်းတို့ထံမှ များစွာသောအဖိုးတန်ဝိညာဉ် များကို ရိတ်သိမ်းခဲ့ကြရပါသည်။ နင်းနယ်လျက်ရှိသောကျူပင်ကိုမချိုး၊ အတောက်သေးသောမီးစာကိုမသတ်၊ တရားသည်မြဲမြံခြင်းသို့ရောက်မည် အကြောင်းစီရင်လိမ့်မည်။ သူ၏နာမကို လည်း လူအမျိုးမျိုးတို့သည် ကိုးစား  ကြလိမ့်မည်။ ဟေရှာ ၄၂း၃။ မဿဲ ၁၂း၂၁။

         အကြင်မြို့သို့ဝင်၍ မြို့သားတို့သည်လက်မခံအံ့။ ထိုမြို့၏လမ်းသို့ ထွက် ပြီးလျှင် ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ခါလိုက်၏။ သို့သော်လည်း ဘုရား သခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့ အားပြောလော့ ဟူ၍ တမန်တော်တစ်ဆယ့်နှစ်ပါးအား စေလွှတ်တော်မူစဉ်က မိန့်တော်မူခဲ့သကဲ့သို့ ခုနစ်ကျိပ်သောဤတပည့်တော် များကို စေလွှတ်သော အချိန် တွင်လည်း မကြိုဆိုသောမြို့များကိုမသွားကြရန် မိန့်တော်မူခဲ့ပါသည်။ သို့ရာတွင် ထို ကဲ့သို့ပြုမူရာတွင် နာကြည်းသောသဘော (သို့မဟုတ်) ကာယိန္ဒြေထိခိုက်သည့် တွက်တုံ့ပြန်သည့်သဘောဖြင့် လုပ်ဆောင် ကြရန်မဟုတ်ဘဲ၊ ဘုရားသခင်၏ တင်းစကားကိုလည်းကောင်း၊ ကိုယ်တော်၏ စေတမန်များကိုလည်းကောင်း ငြင်း ပယ်ခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းကြောင်း ပြသရန်အတွက်သာ လုပ် ဆောင်ကြရန်ဖြစ်ပါသည်။ သခင်ဘုရား၏ စေတမန်များကိုငြင်းပယ်ခြင်းသည် ခရစ်တော်ကိုယ်တော်တိုင်ကို ငြင်းပယ်ခြင်း ဖြစ်ပါသည်။

         ငါဆိုသည်ကား - နောက်ဆုံးသောနေ့၌ ထိုမြို့သည်သောဒုံမြို့ထက် သာ၍ခံရလတ္တံ့ ဟု ယေရှုရှင်မိန့်တော်မူ၏။ ထိုအချိန်တွင်ကိုယ်တော်သည် ကြီး ကျယ်သောအမှုတော်များကို လုပ်ဆောင်ခဲ့ဖူးသည့်ဂါလိလဲမြို့များကို ပြန်လည်၍ စဉ်းစားမိခဲ့ပါသည်။ ထို့ကြောင့် ဝမ်းနည်းသောအသံဖြင့် ကိုယ်တော်မိန့်တော်မူ သည်ကား၊ အို - ခေါရာဇိန်မြို့ သင်သည်အမင်္ဂလာရှိ၏။ အို- ဗက်ဇဲဒမြို့၊ သင် သည်အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင် ထိုမြို့တို့သည် ရှေးကာလတို့ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။ တရားဆုံးဖြတ်တော်မူသောအခါ သင် တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ၍ ခံကြရလတ္တံ။ အိုကပေရနောင်မြို့ သင်သည် မိုးကောင်းကင်တိုင်အောင်မြှောက် စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင် အောင် နှိမ့်ချခြင်းကိုခံရလတ္တံ့။

         ဂါလိလဲအိုင်အနီးရှိ လူစည်ကားသောမြို့များအပေါ်သို့ ကြွယ်၀သော ကောင်းချီးမင်္ဂလာများကို ချပေးလျက်ရှိခဲ့ပါသည်။ အသက်ပေးပိုင်အရှင်သည် ထိုမြို့များထဲသို့ တစ်နေ့ပြီးတစ်နေ့ ဝင်ထွက်သွားလာတော်မူခဲ့ပါသည်။ ရှေးအခါမှ စ၍ပုရောဖက်များ၊ ဘုရင်များမျှော်လင့်တောင့်တခဲ့ကြသော ဘုရားသခင်၏ ဘုန်း အသရေတော်သည် ခရစ်တော်အနီး၌ရှိနေကြသောလူအုပ်ကြီးအပေါ်တွင် ကျ ရောက်ထွန်းတောက်လျက်ရှိပါသည်။ သို့စေကာမူ ၎င်းတို့ သည် ကောင်းကင်မှ ကြွလာတော်မူသော ထိုဆုကျေးဇူးတော်ကြီးတည်းဟူသော ယေရှုကိုလက်ခံရန် ငြင်းဆန်နေကြပါသည်။

         ဖာရိရှဲများသည် ပညာသတိရှိသည့်ဟန်မျိုးဖြင့် ဤဆရာအသစ်၏ အသစ် သောယုံကြည်ချက်များကို လက်မခံကြရန်သတိပေးခဲ့ကြပါသည်။ အကြောင်းမူကား ကိုယ်တော်၏ဆင်ခြင်တွေးဆချက်များနှင့် ကျင့်ကြံပြုမူမှုများသည် ၎င်းတို့ဘိုးဘေး များ၏ သွန်သင်ချက်များနှင့် ဆန့်ကျင်နေပါသည်။ထိုလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနားလည်ရန် မိမိကိုယ်တိုင် ကြိုးစားလေ့လာခြင်းမပြုဘဲ၊ ဖာရိရှဲ များနှင့်ယဇ်ပုရောဟိတ်များသွန်သင်သည့် အရာများကိုသာ ယုံကြည်လက်ခံခဲ့ကြပါ သည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ရိုသေရမည့်အစား၊ ယဇ်ပုရောဟိတ် များနှင့်ယုဒလူအကြီးအကဲတို့ကို ရိုသေကိုင်းရှိုင်းခဲ့ကြပြီး၊ မိမိတို့၏ရိုးရာဓလေ့များကို ဆက်လက်ကျင့်ဆောင် နိုင်ရန် သမ္မာတရားကိုငြင်းပယ်ခဲ့ကြပါသည်။ လူများစွာတို့ သည် သဘောပေါက်နားလည်ခဲ့ကြကာ၊ ကိုယ်တော်ဘက်၌ ရပ်တည်လုနီးနီးဖြစ်ခဲ့ သော်လည်း အထင်အရှားသိမြင်ခဲ့သည့်အတိုင်း လိုက်လျှောက်ခဲ့ခြင်း မရှိသည့်အ တွက် ခရစ်တော်၏ ဘက်သားများအဖြစ် ရေတွက်ခြင်းမခံကြရချေ။ စာတန်သည် အလင်း တရားကို အမှောင်ကျသွားသည့်တိုင်အောင် စုံစမ်းနှောင့်ယှက်ခဲ့ပါသည်။ ဤနည်းအားဖြင့် များစွာသောအသက်ဝိညာဉ်များသည် မိမိတို့၏ကယ်တင်ခြင်းအ တွက်ခိုင်မာစေသည့်သမ္မာတရားကို ငြင်းပယ်ခဲ့ကြပါသည်။

         ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏ ဟု ထာ၀ရဘုရား မိန့် တော်မူနေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင်ပါရှိသည့် (သို့မဟုတ်) ကိုယ်တော်၏စေတမန်များအားဖြင့် မိန့်မှာသောသတိပေးချက်တိုင်း ဆုံးမစကား တိုင်းနှင့် တိုးလျှိုးတောင်းပန်မှုတိုင်းသည် နှလုံးတံခါးကိုခေါက်နေသည့် တံခါးခေါက် သံများဖြစ်ကြပါသည်။ ထိုအရာများသည် နှလုံးသားထဲသို့ ဝင်ရန်တောင်းပန်နေ သည့် ခရစ်တော်၏အသံများ ဖြစ်ကြပါသည်။ နှလုံး တံခါးခေါက်သံတိုင်းကို ဂရုမမူ သဖြင့် နှလုံးတံခါးကိုဖွင့်ပေးလိုသောစိတ် သဘောထားများသည် အားနည်းလာကြ ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်၏ပဲ့ပြင်မှုကို ယနေ့ဂရုမစိုက်ခဲ့လျှင် မနက်ဖြန် တွင်သင်သည် ခွန်အား တောင့်တင်းလာလိမ့်မည်မဟုတ်ချေ။ သင်၏စိတ်နှလုံးသည် မာကျောလာ လိမ့်မည်ဖြစ်ပြီး၊ အသက်တာ၏တိုတောင်းမှုကိုလည်းကောင်း၊ တမ လွန်ဘ၀၏ ထာ၀ရကာလနှင့်ဆိုင်သော ကိစ္စရပ်များကိုလည်းကောင်း၊ မသိမြင်နိုင် တော့သည့် အန္တရာယ်ထဲသို့ သက်ဆင်းကျရောက်သွားပါမည်။ တရားစီရင်ရာ ကာ လတွင် ကျွန်ုပ်တို့ခံယူရမည့်အပြစ်ဒဏ်များသည် ကျွန်ုပ်တို့၏မှားယွင်း ခဲ့မိသည့် အတွက်ကြောင့်ခံရသည်ထက်၊ ကောင်းကင်မှပေးအပ်တော်မူသည့် သမ္မာတရားကို လေ့လာသိရှိခွင့်အား လျစ်လျူရှုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

         ခုနစ်ကျိပ်သောထိုတပည့်တော်များသည်၊ တမန်တော်ဆယ့်နှစ်ပါး ကဲ့သို့ပင် အမှုတော်၏အမှတ်အသားတစ်ခုအနေဖြင့် ထူးခြားသောတန်ခိုးများ ကိုရရှိခဲ့ကြပါ သည်။ ထိုတပည့်တော်များသည် အမှုတော်ဆောင်ရွက်ပြီးစီး၍ ဝမ်းမြောက်သော စိတ်နှင့်ပြန်လာကာ သခင်၊ ကိုယ်တော်၏နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုး ကိုပင်နိုင်ကြပါသည်ဟု လျှောက်ကြလျှင် စာတန် သည်လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကိုငါမြင်ပြီ ဟု ယေရှုရှင်မိန့်တော် မူပါသည်။

         အတိတ်နှင့်အနာဂတ်မြင်ကွင်းများသည် ကိုယ်တော်ရှင်၏စိတ်အာရုံတွင် ပေါ်လာပြီး၊ လူစီဖာအား ကောင်းကင်မှပထမဦးဆုံးနှင်ထုတ်လိုက်သော မြင်ကွင်းကို မြင်တွေ့တော်မူလိုက်ရပါသည်။ လှည့်ဖြားသူစာတန်၏စာရိတ္တ အမှန်ကိုကမ္ဘာအား လုံးရှေ့မှောက်တွင် ထင်ရှားစေမည့်ကိုယ်တော်ခံစားရမည့် အနိဌာရုံမြင်ကွင်းကို လည်း မြင်တွေ့တော်မူခဲ့ပါသည်။ အပြစ်တွင်ကျဆုံးနေ သောလူသားများ၏ ကယ် တင်ခြင်းကို သေချာအောင်လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကောင်းကင်နိုင်ငံတော် သည် စာတန်နှိုးဆွခဲ့သောစွပ်စွဲပြစ်တင်မှု များ၊ လိမ်လည်လှည့်ဖြားမှုများနှင့် ဟန် ဆောင်မှုအပေါင်းတို့မှကင်းဝေးသွား ပြီဖြစ်ကြောင်းများကို ကြေညာလိုက်သည့် အမှု ပြီးပြီဟူသော အော်သံကိုလည်း ကိုယ်တော်ကြားတော်မူခဲ့ပါသည်။ ဒုက္ခဝေဒနာနှင့် ရှက်ကြောက်မှုတို့ဖြင့်ပြီးသော ကရာနီကပ်တိုင်၏ နောက်ကွယ်တွင်ရှိနေသော အာ ကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသောမင်းသည်၊ ၎င်း၏ပုန်ကန်ခြားနားမှု ကြောင့် ပျက်ယွင်းနေသော ဤကမ္ဘာတွင် ၎င်းကိုယ်တိုင်ပျက်စီးခြင်းသို့ရောက်မည့် နောက်ဆုံး သောနေ့ရက်ကြီးကို သခင်ယေရှုမျှော်ကြည့်တော်မူခဲ့ပါသည်။ ဒုစရိုက် လုပ်ငန်းများသည် ထာ၀ရကာလအဆုံးသတ်သွားပြီး၊ ကောင်းကင်သစ်နှင့် မြေကြီး သစ် တွင် ဘုရားသခင်၏ငြိမ်သက်ခြင်းလွှမ်းမိုးနေသည်ကိုလည်း ကိုယ်တော်မြင် တွေ့တော်မူခဲ့ပါသည်။

         ထိုအချိန်မှစ၍ ခရစ်တော်၏တပည့်တော်များသည် စာတန်အားရှုံး နိမ့်သွား ပြီဖြစ်သော ရန်သူတစ်ဦးအနေဖြင့် ရှုမြင်ခဲ့ကြပါသည်။ ခရစ်တော် သည်ကပ်တိုင် ပေါ်တွင် ထိုသူများအတွက်အောင်မြင်မှုသရဖူကိုဆောင်းခဲ့ပါ သည်။ ထိုအောင်မြင် မှုသည် မိမိတို့၏အောင်မြင်မှုဖြစ်ကြောင်း၊ တပည့်တော် များမှတ်ယူကြရန် ကိုယ် တော်အလိုတော်ရှိတော်မူသဖြင့် သင်တို့သည် မြွေ၊ကင်းမြီးကောက်တို့ကို နိုင်ရ သောအခွင့်နှင့် ရန်သူများကိုနိုင်ရသောအခွင့်တန်ခိုး ကိုငါပေး၏။ သင်တို့ကို ဘယ်ဘေးမျှမညှဉ်းဆဲရဟု ကိုယ်တော်မိန့်မှာတော် မူခဲ့ပါသည်။

         သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်သည် ကျိုးပဲ့သောစိတ်နှလုံးများ အတွက် အကာအကွယ်ဖြစ်တော်မူပါသည်။ နောင်တရ၍ ယုံကြည်သော အသက် ဝိညာဉ်တိုင်းက ခရစ်တော်သည်မိမိ၏ အကာအကွယ်ပေးမှုကို ရန်သူ၏ တန်ခိုး အောက်တွင်အညံ့ခံရန် ခွင့်ပြုတော်မူလိမ့်မည်ဟု မည်သည့်အခါမျှပြော ဆိုကြလိမ့် မည်မဟုတ်ချေ။ ကိုယ်တော်ရှင်သည် စုံစမ်းနှောင့်ယှက်ခြင်းခံနေရသူများ၏ နံဘေး တွင် အစဉ်ရှိနေတော်မူပါသည်။ ကိုယ်တော်၌ထိုကဲ့သို့သော အညံ့ခံမှုများ၊ အရှုံးပေး မှုများမရှိနိုင်သည့်ပြင်၊ ရှုံးနိမ့်မှုတစ်စုံတစ်ရာလည်း မရှိနိုင်ပါချေ။ ကျွန်ုပ်တို့သည် ခွန် အားနှင့်ပြည့်စုံစေသောကိုယ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို တတ်စွမ်းနိုင် ကြပါသည်။ စုံစမ်းခြင်းကျရောက်လာသောအခါ အခက်အခဲများကိုဖြေရှင်းရန် စောင့် ဆိုင်းမနေကြဘဲ၊ သင်၏မစရှင် ခရစ်တော်သခင်အားကြည့်ကြပါလော့။

         စာတန်၏တန်ခိုးများအကြောင်းကိုသာ စဉ်းစားပြောဆိုနေသောခရစ်ယာန် များရှိကြပါသည်။ သူတို့သည် ၎င်းတို့၏ရန်သူအကြောင်းကိုသာ စဉ်းစားနေကြပါ သည်။ သူ့အတွက်ဆုတောင်းပေးနေကြပါသည်။ သူ့အကြောင်း ကိုသာပြောဆိုနေ ကြပါသည်။ ထိုသူများ၏စိတ်ကူးထဲတွင် စာတန်၏ပုံရိပ်သည် ကြီးသည်ထက်ကြီး လာပါသည်။ စာတန်သည်တန်ခိုးကြီးသူတစ်ဦးဖြစ် သည်ဆိုသည်မှာမှန်ပါသည်။ သို့ ရာတွင် စာတန်ကိုကောင်းကင်မှနှင်ထုတ် တော်မူခဲ့သည့်တန်ခိုးရှင်သည် ကျွန်ုပ်တို့၌ ရှိသောကြောင့် ဘုရားသခင်ကိုကျေးဇူး တင်မိပါသည်။ ကျွန်ုပ်တို့သည် စာတန်၏ ဣဒ္ဓိပါဒ်ကိုချီးမွမ်းနေသောအချိန် တွင် စာတန်သည်ကျေနပ်အားရလျက်ရှိပါသည်။ မည်သည့်အတွက်ကြောင့် ခရစ်တော်အကြောင်းကိုမပြောကြသနည်း။ အဘယ် ကြောင့်ကိုယ်တော်၏ တန်ခိုးတော်နှင့်မေတ္တာတော်ကိုမချီးမွမ်းကြသနည်း။

         အထက်အရပ်တွင်ရှိသောပလ္လင်တော်ကို ဝန်းရံထားသည့်ကတိတော် ဆိုင် ရာသက်တံသည် ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှာ မိမိ၌တစ်ပါး တည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ် တော်မူ၏ဟူသော အစဉ်အမြဲတည်နေသည့်သက်သေခံချက်တစ်ခုဖြစ်ပါသည်။ ယောဟန် ၃း၁၆၊ ဘုရားသခင်သည် ဒုစရိုက်နှင့်ဆန့်ကျင်ရုန်းကန်နေသော ကိုယ်တော်၏ သားသမီး များကို မည်သည့်အခါမျှစွန့်ပစ်ထားတော်မမူကြောင်း ကို စကြ၀ဠာရှေ့မှောက်တွင် ထိုကျမ်းချက်ကသက်သေခံနေပါသည်။ ထိုပလ္လင် တော်ကြီးတည်ရှိနေသရွေ့ကာ လပတ်လုံး ခွန်အားနှင့်အကာအကွယ်များကို ကျွန်ုပ်တို့အားပေးမည့်အကြောင်း အာ မခံချက်တစ်ခုလည်းဖြစ်ပါသည်။

         ထိုနောက်ယေရှုက နတ်ဆိုးကိုနိုင်ရသောကြောင့်သာ ဝမ်းမြောက် ခြင်းမရှိ ကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက် ခြင်း ရှိကြလော့ဟုမိန့်တော်မူ၏။ ဘုရားသခင်ကိုအားထားမှီခိုနေသည် ဟူသောအ သိကို မျက်ခြည်ပြတ်သွားမည်စိုးသဖြင့် သင်ပိုင်ဆိုင်ထားသည့်  တန်ခိုးများတွင်သာ ဝမ်းမြောက်မနေပါနှင့်။ ကိုယ့်ကိုကိုယ်အထင်မကြီးမိစေ ဖို့သတိပြုပါ။ သခင်ဘုရား၏ စိတ်ထား၊ သခင်ဘုရား၏ခွန်အားနှင့်မဟုတ်ဘဲ မိမိခွန်အားကိုအားကိုးပြီး၊ လုပ်ကိုင်မိ မည် စိုးသဖြင့်သတိပြုပါ။ အောင်မြင်သော လုပ်ငန်းတိုင်းတွင် ငါတည်းဟူသော အတ္တသည် အသားယူရန်အမြဲတမ်းအသင့် အနေအထားတွင်ရှိပါသည်။ ငါ ကို မြှောက်စားချီးမွမ်းသောအချိန်တွင် ဘုရား သခင်သည် အလုံးစုံတို့၏ အလုံးစုံဖြစ် တော်မူသည်ဟူသောခံစားချက်ကို အခြား သူများ၌ မဖြစ်ပေါ်စေနိုင်တော့ပါ။ တမန် တော်ရှင်ပေါလုက ငါသည် အားနည်းသောအခါ၊ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏ ဟု ပြောဆိုခဲ့၏။ ၂ကော ၁၂း၁၀။ ကျွန်ုပ်တို့သည် မိမိ၏အားနည်းချက်များကို သိမြင်လာ သောအချိန်တွင် ပင်ကိုရှိရင်းစွဲမဟုတ်သည့်တန်ခိုးတစ်ခုကို အားကိုးမှီခိုရန်လေ့ ကျက်လာပါသည်။ ကျွန်ုပ်တို့၌ ဘုရားသခင်ထံပြုရမည့်ဝတ်များရှိနေကြောင်း အသိ တရားရှိခြင်း လောက် မည်သည့်အရာကမျှစိတ်နှလုံးကို ခိုင်ခိုင်မာမာ မချုပ်ကိုင်နိုင် ပါချေ။  ခရစ်တော်၏အပြစ်ခွင့်လွှတ်တတ်သော မေတ္တာတော်အကြောင်းနှင့် ပတ် သက် သော အသိစိတ်ဓာတ်လောက်မည်သည့်အရာကမျှ အကျင့်စာရိတ္တ၏အနက် ရှိုင်းဆုံးသောရည်စူးချက်များအထိ ပြည့်၀စွာမပေါက်ရောက်နိုင်ပါချေ။ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့် ဆက်သွယ်ထိတွေ့နိုင်ရန် ကိုယ်တော်ထံသို့လာရပါမည်။ ထိုသို့လာကြပါလျှင် ကျွန်ုပ်တို့အား မိမိတို့၏အပေါင်းအဖော်များ ထံသွားရောက်ကူး လူးဆက်ဆံနိုင်စေမည့် ဝိညာဉ်တော်အားဖြင့်ပြည့်၀လာစေ လိမ့်မည်ဖြစ်ပါသည်။ ထိုအချိန်တွင်သင်သည် ခရစ်တော်အားဖြင့် ဘုရားသခင် နှင့်အဆက်အသွယ်ရရှိ လာပြီး၊ ကောင်းကင်မိသားစုအဝင်ဖြစ်လာပြီဖြစ်သည့် အတွက်ဝမ်းမြောက်ခြင်းရှိပါ လော့။ သင်သည် မိမိထက်မြင့်မြတ်သောအရာ ကိုကြည့်ခြင်းအားဖြင့် မိမိလူသား ဇာတိ၏အားနည်းမှုများကို အဆက်မပြတ် ခံစားမှုရှိလာပါလိမ့်မည်။ မိမိကိုယ်ကိုမြတ် နိုးတွယ်တာမှုလျော့နည်းလာသည် နှင့်အမျှ သင့်ကယ်တင်ရှင်၏ကောင်းမြတ်ခြင်းကို ပို၍ထင်ရှားစွာသိမြင်လာ ပါလိမ့်မည်။ အလင်း၏သခင်၊ တန်ခိုးရှင်နှင့်ပို၍ နီးကပ်စွာ သင်ဆက်သွယ်မှု ရှိလေလေ၊ ကိုယ်တော်အတွက်အမှုတော်ဆောင်ရန် ပို၍များ ပြားသောအလင်း များသည် သင့်အပေါ်သို့ကျရောက်လေလေဖြစ်ပြီး၊ ပို၍ကြီးမား သောတန်ခိုးကိုလည်း သင်ပိုင်ဆိုင်လာပေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် တစ်လုံး တစ်၀တည်းဖြစ်ခြင်းအတွက်ဝမ်းမြောက်ပါ။ ခရစ်တော်နှင့်တစ်လုံးတစ်၀ တည်း ဖြစ်ခြင်းအတွက်ဝမ်းမြောက်ပါ။ ကောင်းကင်မိသားစုအဝင်ဖြစ်လာခြင်းအ တွက်  ဝမ်းမြောက်ပါ။

         ခုနစ်ကျိပ်သော ထိုတပည့်တော်များသည် ခရစ်တော်၏မိန့်တော်မူချက် များကိုနာကြားနေစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့အားအဖြစ်မှန်များကို သိစေလျက် သမ္မာတရားကို၎င်းတို့၏စိတ်နှလုံးပေါ်တွင် ရေးတော်မူလျက် ရှိပါသည်။

         ထိုသူများသည် ဝိညာဉ်တော်ရရှိနေကြောင်း သခင်ယေရှုသိရှိတော်မူသော ကြောင့် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့် ကောင်းကင်နှင့်မြေကြီး ကိုအစိုးရ တော်မူသောအဖ၊ ကိုယ်တော်သည်ပညာအလိမ္မာနှင့်ပြည့်စုံသော သူတို့အား ဤအ ရာများကိုထိမ်ဝှက်ထားလျက် သူငယ်တို့အားဖော်ပြတော် မူသည်ဖြစ်၍ ကျေးဇူး တော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသော ကြောင့်မှန်ပါ၏အဖ။ ငါ့ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌ အပ်တော်မူပြီ၊ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်သည်ကို သားတော်နှင့်သားတော်လင်းစေလိုသော သူမှတစ်ပါး ဘယ်သူမျှမသိ ဟုမိန့်တော်မူ၏။

         လောက၏ဂုဏ်အသရေများနှင့် မိမိတို့၏ဥာဏ်ပညာများဖြင့် ကြွားဝါနေကြ သော လူကြီးလူကောင်းပညာရှိများဟု ခေါ်သောသူများတို့သည် ခရစ်တော်၏ စာရိတ္တတော်ကို မသိမြင်နိုင်ကြချေ။ သူတို့သည်ကိုယ်တော်အား အပြင်ပန်းလက္ခ ဏာများနှင့် ကိုယ်တော်ယူတင်ဝတ်ဆောင်ထားသည့် နိမ့်ကျသော လူသားဇာတိကို သာကြည့်ပြီး ဆုံးဖြတ်ကြပါသည်။ သို့ရာတွင် တံငါသည် များနှင့်အခွန်ခံများ သည် ထိုသူများမမြင်နိုင်ကြသည့် ကိုယ်တော်၏ ဇာတိတော်ကို တွေ့မြင်နိုင်ခဲ့ကြပါ သည်။ တမန်တော်များသည်ပင်လျှင် ၎င်းတို့အား ခရစ်တော်ဖော်ပြလိုသော အရာအားလုံး ကို နားမလည်ခဲ့ကြချေ။ သို့ရာတွင် သူတို့သည် မကြာခဏမိမိကိုယ်ကို သန့်ရှင်း သောဝိညာဉ်တော်၌ ဆက်ကပ်အပ်နှံခဲ့ကြသဖြင့် သူတို့၏စိတ်နှလုံးများသည် လင်းရလာကြပါသည်။ တန်ခိုးခွန်အားနှင့်ပြည့်စုံတော်မူသော ဘုရားသခင်သည် လူ ဇာတိကိုခံယူကာ ၎င်းတို့၏အလယ်တွင်ရောက်ရှိနေကြောင်းကို သူတို့သိရှိလာ ခဲ့ကြ ပါသည်။  ဤအသိကလေးကို ပညာအလိမ္မာနှင့်ပြည့်စုံသူများအားမဖော်ပြဘဲ၊ နိမ့် ကျ သောသူများအားဖော်ပြခြင်းအတွက် ခရစ်တော်သည် ဝမ်းမြောက်တော်မူပါ သည်။ ကိုယ်တော်သည်ဓမ္မဟောင်းကျမ်းကိုမကြာခဏဖွင့်ဆိုခဲ့ပြီး၊ ထိုကျမ်းချက်များ ဖွင့်ဆိုမှုများသည် မိမိအားလည်းကောင်း၊ မိမိ၏အပြစ်ဖြေခြင်းဆိုင်ရာအမှုတော် အားလည်းကောင်း၊ ရည်စူးလျက်ရှိကြောင်းမိန့်မြွက်တော်မူပါသည်။ ထိုအခါ၎င်းတို့ သည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုကိုခံရကာ၊ ကောင်းကင်သို့ဆောင် ခြင်းကို ခံခဲ့ရပြီး၊ အနာဂတ္တိကျမ်းများကိုရေးသားခဲ့ကြသည့်ပုရော ဖက်များထက်ပင် ပို၍နားလည်သဘောပေါက်ခဲ့ကြပါသည်။ ထိုအချိန်မှစ၍ သူတို့သည် ဓမ္မဟောင်း ကျမ်းကို ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများ၏ ယုံကြည်ချက်များအနေဖြင့်သော် လည်းကောင်း၊ သေလွန်ခဲ့ကြပြီးသည့် ရှေးပညာရှိ များ၏ဖွင့်ဆိုချက်အနေဖြင့်သော် လည်းကောင်း၊ မမှတ်ယူကြတော့ဘဲ၊ ဘုရား သခင်ထံမှလာသော အသစ်သော ဗျာ ဒိတ်တော်အနေဖြင့် မှတ်ယူကြကာ ကောင်းမွန်စွာ ဖတ်ရှုလေ့လာခဲ့ကြပါသည်။ ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည် နေ၍ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရှိကြ၏။ လောကီသားတို့သည်  မသိမမြင်သောကြောင့် မခံမယူနိုင်ကြ သည့်ကိုယ်တော်ကို သူတို့တွေ့မြင်ခဲ့ကြ ပါသည်။ ယောဟန် ၁၄း၁၇။

         သမ္မာတရားအသိပညာကို ပိုမိုစုံလင်စွာသိမြင်စေနိုင်သည့် တစ်ခုတည်း သောနည်းလမ်းမှာ စိတ်နှလုံးကိုခရစ်တော်၏ ဝိညာဉ်တော်အားဖြင့် နူးညံ့ပျော့ ပျောင်းစေခြင်းအားဖြင့်သာဖြစ်ပါသည်။ စိတ်နှလုံးကိုအချည်းနှီးသောအရာများ၊ လွှားဝါကြွားမှုများ စသည်တို့နှင့်ကင်းရှင်းစေရမည်ဖြစ်ပြီး၊ ၎င်းအား မင်းမူနေသော အရာအားလုံးကိုဖယ်ရှားပစ်၍ ခရစ်တော်ကို စိုးစံခွင့်ပြုရမည်ဖြစ်ပါသည်။ လူသား များ၏သိပ္ပံပညာသည် အပြစ်ဖြေခြင်းအကြောင်းကို သိရှိနားလည်နိုင်စွမ်းမရှိ  လောက်အောင် သေးနုပ်လှပါသည်။ ကယ်တင်ခြင်းစီမံကိန်းသည် လူ့အတွေးအ ခေါ်အားဖြင့် ရှင်းမပြနိုင်လောက်အောင် ကျယ်ပြန့်လှပါသည်။ အနက်နဲဆုံးသော ဆင်ခြင်တုံတရားနှင့်ပင် ရှင်းမပြနိုင်လောက်အောင် နားလည်ရန်ခက်ခဲလှပါသည်။ ကယ်တင်ခြင်း၏ သိပ္ပံကိုရှင်းလင်းတင်ပြရန် မစွမ်းနိုင်သော်လည်း မိမိ၏ကိုယ်တွေ့ ဗဟုသုတအားဖြင့် သိရှိနားလည်နိုင် ပါသည်။ မိမိ၏အပြစ်ဒုစရိုက်များ ကိုမြင်တွေ့ သောသူများသည်သာလျှင် ကယ်တင်ခြင်း၏အဖိုးထိုက်တန်မှုကို နားလည်သိမြင် နိုင်ကြပါသည်။

         ဂါလိလဲမှယေရုရှလင်မြို့သို့ ဖြည်းနှေးစွာခရီးသွားနေစဉ်၊ ခရစ်တော် သွန် သင်တော်မူခဲ့သောသင်ခန်းစာများသည် ပြည့်စုံသောညွှန်ကြားချက်များ ဖြစ်ကြပါ သည်။ လူအများသည် ထိုနှုတ်တော်ထွက်စကားများကို အားပါး တရနာယူခဲ့ကြပါ သည်။ ပါးရီးယားနယ်တွင် နေထိုင်လျက်ရှိကြသောလူများသည် ဂါလိလဲသားများကဲ့ သို့ပင် တစ်ယူသန်ယုဒများ၏ထိန်းချုပ်မှုကို ယုဒနယ် မှလူများခံရသည်ထက် ပို၍ သက်သာပါသည်။ ထို့ကြောင့် ကိုယ်တော်ရှင်သည် ၎င်းတို့၏နှလုံးသားတွင် တုံ့ပြန်မှု များကိုတွေ့ရှိတော်မူခဲ့ရပါသည်။

         ခရစ်တော်အမိန့်ရှိခဲ့သော ပုံပမာအများစုကို အမှုတော်အဆုံးသတ်ခါနီး နောက်ဆုံးသောကာလတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများသည် ကိုယ်တော့်အပေါ်တွင်မုန်းမာန်ပွားနေကြသောကြောင့်၊ ၎င်းတို့အား ပုံပမာများအားဖြင့် ကိုယ်တော်သတိပေးဟောကြားခဲ့ခြင်းဖြစ်ပါသည်။  သူတို့သည် ပုံပမာများ၏ဆိုလိုရင်းကို မှန်ကန်စွာသိရှိခဲ့ကြသော်လည်း ကိုယ်တော် အားစွဲချက် တင်နိုင်လောက်သောအရာ တစ်စုံတစ်ခုကိုမျှနှုတ်ထွက်စကား တွင်မတွေ့ရှိခဲ့ကြ ချေ။ ဖာရိရှဲနှင့်အခွန်ခံတို့၏ပုံပမာထဲတွင် ကိုယ့်ကိုကိုယ်အထင် ကြီးနေသည့်ဖာရိရှဲ ၏ဆုတောင်းချက်မှာ ဤအခွန်ခံကဲ့သို့ပင်မဟုတ်သော ကြောင့် ကျေးဇူးတော် ကြီးလှပေ၏ ဟူ၍ဖြစ်ပြီး၊ ထိုစကားများနှင့်လုံး၀ ကွဲပြားခြားနားသည့် နောင်တရ သောအခွန်ခံ၏တောင်းလျှောက်ချက်မှာ အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါ ဟူ၍ဖြစ်၏။ လုကာ ၁၈း၁၁၊၁၃။ ခရစ်တော်သည် ယုဒ များ၏ သူတော်ကောင်းယောင်ဆောင်မှုများကို ဤနည်းအားဖြင့် ဆုံးမတော်မူခဲ့ပါ သည်။ ၎င်းပြင် အသီးမသီးသောသဖန်း ပင်နှင့် စားသောက်ပွဲကြီးဆိုင်ရာ ပုံပမာများ အားဖြင့်လည်း နောင်တမရသောသူ များအပေါ်ကျရောက်မည့်အပြစ်ဒဏ်များကို ကြိုတင်မိန့်တော်မူခဲ့ပါသည်။ ဧဝံဂေလိဆိုင်ရာ စားသောက်ပွဲ၏ဖိတ်ခေါ်ချက်ကို ထီလေးစားပြု၍ငြင်းပယ်ခဲ့ သူများသည် အထက်ကခေါ်ဖိတ်သော သူတစ်ယောက် မျှ ငါ့ပွဲသို့မဝင်ရ ဟူသောကိုယ်တော်ရှင်၏သတိပေးစကားများကို ကြားခဲ့ကြရပါ သည်။ လုကာ ၁၄း၂၄။

         တမန်တော်များအားပေးတော်မူခဲ့သောသွန်သင်ချက်များသည် အလွန်အ ဖိုးတန်လှပါသည်။ ကံမကောင်းအကြောင်း မလှခဲ့သည့်မုဆိုးမ၏ပုံပမာသည်လည်း ကောင်း၊ ညဉ့်သန်းခေါင်အချိန်တွင် အဆွေခင်ပွန်းအိမ်သို့သွား၍ စားစရာတောင်း သည့် မိတ်ဆွေတစ်ဦး၏ပုံပမာသည်လည်းကောင်း၊ တောင်းကြလော့၊ တောင်းလျှင် ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည် ဟူသော ကိုယ်တော်၏နှုတ်ထွက်စကားများအတွက် အသစ် သောတွန်းအားများကို ဖြစ်စေခဲ့ပါသည်။ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့သည် နေ့ညမပြတ် အော်ဟစ်၍တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန်တရားစီရင် တော်မူမည် ဟူသော ကိုယ်တော်၏နှုတ်ထွက်စကားများကို သတိရအောက်မေ့ ခြင်းသည် ၎င်းတို့၏လှုပ်ရှားနေသောယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့ပါသည်။ လုကာ ၁၈း၇-၈။

         ခရစ်တော်သည် ပျောက်သောသိုး၏ပုံပမာကောင်းတစ်ခုကိုလည်း ထပ် တလဲလဲမိန့်မြွက်တော်မူခဲ့ပါသည်။ ဤပုံပမာမှသင်ခန်းစာများကို ပျောက်သောဒင်္ဂါး နှင့်သားထွေးတို့၏ပုံပမာများတွင်လည်း ဆွဲယူအသုံးပြုထားပါသည်။ တပည့်တော် များသည် ဤသင်ခန်းစာများ၏ခရီးရောက်ပုံကို ထိုအချိန်ကပြည့်ပြည့်စုံစုံတန်ဖိုး မထားခဲ့ကြသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိလာပြီး သည့်နောက်ပိုင်းတွင် လူအမျိုးမျိုးတို့စုဝေးယုံကြည်လာခြင်းများကို တွေ့မြင် ရသောအချိန်၌ သားထွေးပုံ ပမာ၏သင်ခန်းစာကို ပို၍နားလည်သဘောပေါက် လာကြပြီး၊ ယခုတွေ့ပြန်၏။ ထို ကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏ ငါ့သားသည် အထက်ကသေ ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏ ဟူသော စကားများ၏ ဝမ်းမြောက်မှုများကို သူတို့ခံစား တတ်လာကြပါသည်။ လုကာ ၁၅း၃၂၊၂၄။ ၎င်းပြင် အမှုတော်ဆောင်ရွက်ရန် ထွက်ခွာသွားကြစဉ်တွင် အပြစ်တင်မှုများ၊ ဆင်းရဲချို့တဲ့မှု များနှင့် နှိပ်စက် ညှဉ်းပန်းမှုများကို ရင်ဆိုင်ရသောအချိန်များ၌၊ နောက်ဆုံးအကြိမ် ခရီးထွက် စဉ်က ၎င်းတို့အားကိုယ်တော်ပဲ့ပြင်တော်မူခဲ့သော အောက်ပါဆုံးမစကား များ အားဖြင့် ခွန်အားယူခဲ့ကြပါသည်။ သိုးစုငယ်၊ သင်တို့သည်မကြောက်ကြ နှင့်၊ သင်တို့အဘသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာအလိုရှိတော်မူ၏။ သင်တို့ဥစ္စာများ ကိုရောင်း၍ ဆင်းရဲသားတို့အားစွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဖို့လုပ်ကြလော့။ သူခိုးတို့မရောက်၊ ပိုးများမဖျက်ဆီးရာ အရပ်ကောင်း ကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကိုဆည်း ပူးကြလော့။ အကြောင်းမူကား ကြင်အရပ်၌သင်တို့၏ဘဏ္ဍာရှိ၏။ ထို အရပ်သို့သင်တို့စိတ်နှလုံးရောက်တတ်၏}} လုကာ ၁၂း၃၂-၃၄။

 


No comments:

Post a Comment