ဥပုသ်တော်နေ့
ဥပုသ်နေ့ကို ဖန်ဆင်းခြင်း အချိန်မှပင်စ၍
သန့်ရှင်းစေတော်မူခဲ့ပါသည်။ ဥပုသ်နေ့သည် လူအတွက်ဖြစ်သောကြောင့် “နံနက်ကြယ်တို့သည်
တညီတညွတ် တည်းသီချင်းဆို၍ ဘုရားသခင်၏ သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်
ကြွေးကြော်ကြသော” (ယောဘ ၃၈း၇) အချိန်ကတည်းက
ထိုနေ့သည် အစ ပျိုးတည်ရှိခဲ့ပါသည်။ လောကကမ္ဘာသည် ကောင်းကင်နိုင်ငံနှင့်
ဆီလျော်သင့်တင့် နေသဖြင့် ကမ္ဘာကြီးသည် ငြိမ်သက်ခြင်းနှင့် ပြည့်စုံခဲ့ပါသည်။
ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်လျှင်
အလွန်ကောင်းသည်ကိုမြင်တော်မူ၍ မိမိ၏ လက်စသတ်တော်မူ ခဲ့ပြီးသည့်ဖန်ဆင်းခြင်းအလုပ်မှ
ဝမ်းမြောက်စွာဖြင့် နား နေတော်မူခဲ့၏။
ကိုယ်တော်သည် ဥပုသ်တော်နေ့၌
ငြိမ်ဝပ်စွာနေတော်မူ၍ ထိုသတ္တမနေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းစေတော်မူ၏။
သန့်ရှင်းခြင်းနှင့် ဆိုင်သောလုပ်ငန်းများ အတွက် သီးသန့်ထားတော်မူ၏။ ကိုယ်တော်သည်
ထိုနေ့ကိုနားနေရာနေ့အဖြစ် အာဒံအား ပေးသနားတော်မူခဲ့သည်။ ထိုနေ့သည် ဖန်ဆင်းခြင်းအမှု၏
အထိမ်း အမှတ်တစ်ခု ဖြစ်ခဲ့ပါသည်။ သို့အတွက် ဘုရားသခင်၏ တန်ခိုးတော်နှင့် မေတ္တာ
တော်၏ အမှတ်လက္ခဏာတစ်ခုဖြစ် လာခဲ့ပါသည်။ ကျမ်းစာလာသည်ကား “အံ့ဖွယ်သောအမှုတို့ကို
အောက်မေ့ဖို့ရာ စီရင်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်
ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရအဖြစ် တော်တည်းဟူ သော မျက်မြင်မရသော ဘုရားသခင်၏
အရာတို့သည် ကမ္ဘာတည်သည့် ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။” ဆာလံ ၁၁၁း၄။ ရောမ ၁း၂၀။
ခပ်သိမ်းသောအရာတို့ကို
သားတော်ဘုရားအားဖြင့် ဖန်ဆင်းတော်မူခဲ့ပါ သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။
နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။...ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော
အရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ရှိသော
အရာတစ်စုံတစ်ခုမျှမရှိ။” ယောဟန် ၁း၁-၃။ ၎င်းပြင် ဥပုသ်နေ့သည် ဖန်ဆင်းခြင်း၏
အထိမ်းအမှတ်တစ် ခုဖြစ်သောကြောင့် ထိုနေ့သည် ခရစ်တော်၏ တန်ခိုးတော်နှင့်
မေတ္တာတော်၏ သင်္ကေတတစ်ခု လည်းဖြစ်ပါသည်။
ဥပုသ်နေ့သည် ကျွန်ုပ်တို့အား သဘာ၀တရားကို
ဆင်ခြင်စဉ်းစားစေပြီး ဖန်ဆင်းရှင်နှင့် ရင်းနှီးပွန်းတီးစေပါသည်။ ကျွန်ုပ်တို့သည်
အာဒံနှင့် ဧ၀အားဧဒင် ဥယျာဉ်၌ ညနေခင်းများတွင် လာရောက်စကားပြောတော်မူခဲ့သော
ကိုယ်တော်ရှင်၏ အသံတော်ကို ငှက်ကလေးများ၏ သီချင်းသံများတွင်လည်းကောင်း၊ သစ်ပင်မှ
သစ်ရွက်လှုပ်သံများ တွင်လည်းကောင်း၊ ပင်လယ်လှိုင်းခတ်သံများတွင် လည်း ကောင်း၊
ယခုတိုင်ကြားနိုင်ကြပါသေးသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကို
သဘာ၀တရားတွင် တွေ့မြင်ရသောအခါ စိတ်နှစ်သိမ့်မှုကို ရရှိကြပါသည်။ အကြောင်းမူကား
ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူသော နှုတ်ကပတ်တော်သည် အသက်ဝိညာဉ်များအား
အသက်ရှင်ခြင်း အကြောင်းကို မိန့်တော်မူ၏။ “မှောင်မိုက်ထဲက
အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူ သော ဘုရားသခင်သည် ယေရှုခရစ်၏ မျက်နှာ၌
ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကို သိသောဥာဏ်၏ အရောင်ကိုပေးလိုသောငှါ
ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။” ၂ကော၊ ၄း၆။
“အိုထာ၀ရဘုရား၊ အမှုတော်များအားဖြင့်
အကျွန်ုပ်ကိုဝမ်းမြောက် စေ တော်မူသည်ဖြစ်၍ လက်တော်နှင့်
ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာသီချင်း ဆိုပါမည်။ အိုထာ၀ရဘုရား၊
စီရင်တော်မူသောအမှုတို့သည် ကြီးမား၍ အကြံအစည် တော်လည်း အလွန်နက်လှပါ၏။” ဆာလံ
၉၂း၄-၅။
၎င်းပြင် ဟေရှာယအားဖြင့်
သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည် ကား “ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။
ဘုရားသခင်နှင့် အဘယ်မည် သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။---သင်တို့သည်မသိ
ကြသလော၊ မ ကြားကြသလော၊ ရှေးဦးစွာမှစ၍ သင်တို့အား မဖော်မပြသလော၊ မြေကြီးတည်သည့်
အကြောင်းကို နားမလည်ကြသလော၊ မြေကြီးစက်အပေါ်မှာထိုင်၍ မြေကြီးသား တို့ကို
နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့
သို့ဖြန့်တော်မူထသော၊ မင်းတို့ကိုရှုတ်ချ၍ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့
သို့ဖြစ်စေတော်မူသော သူပေတည်း။
---သို့ဖြစ်၍ ငါ့ကိုအဘယ် သို့ပုံပြ ရအံ့နည်း။ ငါသည် အဘယ်သူနှင့်တူရအံ့နည်းဟု
သန့်ရှင်းသော ဘုရားသခင် မေး တော်မူ၏။ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို
အဘယ်သူဖန်ဆင်း သနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်
တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်
ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။ အိုယာကုပ်အမျိုး၊
သင်သွားသောလမ်းကို ထာ၀ရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အိုဣသရေလအမျိုး၊
သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု အဘယ် ကြောင့်ဆိုရသနည်း။ ထာ၀ရဘုရားသည်
အစဉ်အမြဲ တည်တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကိုလည်းကောင်း၊
မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊
မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ။ စစ်၍မကုန်နိုင်သော
ဥာဏ်နှင့်ပြည့်စုံတော်မူ ကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။
ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ ၏။ နွမ်းနယ်သောသူတို့အား
အစွမ်းသတ္တိနှင့်ပြည့်စုံသော အခွင့်ကိုပေးတော်မူ၏။ “သင်သည် ငါ့ဘက်မှာရှိ၏။
မကြောက်နှင့်၊ သင်၏ဘုရားသခင်ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။
ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်မမည်။” “မြေကြီးစွန်းသားအပေါင်းတို့၊
ငါ့ကိုမျှော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကိုခံ ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။
ငါမှတစ်ပါး အခြားသောဘုရားမရှိ။” ဟေရှာ ၄ဝး၁၈-၂၉။ ၄၁း၁၀။ ၄၅း၂၂။ ဥပုသ်နေ့ကို
သတိရအောက်မေ့၍ စောင့်ထိန်းရန် သက်မှတ်ထားကြောင်း သတင်းစကားကို သဘာ၀တရားတွင်
ရေးသားထားပါသည်။ ထာ၀ရဘုရားသည် ကိုယ်တော်၏ ဥပုသ်နေ့များကို သန့်ရှင်းအောင် တည်ဆောက်
ကြရန် မိန့်တော်မူသောအခါ “ငါသည် သင်တို့၏ ဘုရားသခင်ထာ၀ရဘုရား ဖြစ် သည်ဟု
သင်တို့သည်သိမည်အကြောင်း ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ
လက္ခဏာသက်သေဖြစ်စေကြလော့” ဟု မိန့်တော်မူ၏။ ယေဇကျေ၊ ၂ဝး၂၀။
ဥပုသ်နေ့အကြောင်းကို သိနာတောင်တွင်
ပေးအပ်ခဲ့သော ပညတ်တော် (၁၀) ပါးထဲတွင် ထည့်သွင်းဖော်ပြခဲ့သော်လည်း ထိုနေ့ကို
နားနေရာနေ့အဖြစ် ထို အချိန်ကျမှ ပထမအကြိမ်အနေနှင့် လူသားများအား အသိပေးခဲ့ခြင်း
မဟုတ်ချေ။ ဣသရေလလူများသည် သိနာတောင်ကို မရောက်လာမီကတည်းက ဥပုသ်နေ့ အကြောင်းကို
သိရှိခဲ့ကြပြီး ဖြစ်ပါသည်။ ထိုနေရာသို့ လာသည့်လမ်းတစ်လျှောက် လုံးတွင် ဥပုသ်နေ့ကို
စောင့်ရှောက်ခဲ့ကြပါသည်။ အချို့သောသူများသည် ဥပုသ်နေ့ ကို ရှုတ်ချကြသောအခါ “သင်တို့သည်
ငါ့ပညတ်တရားများတို့ကို အဘယ်မျှ ကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း”ဟု ၎င်းတို့ကို
ဘုရားသခင်ဆုံးမပဲ့ပြင် တော်မူခဲ့ပါသည်။ ထွက်မြောက် ၁၆း၂၈။
ဥပုသ်နေ့သည် ဣသရေလများ အတွက်သာမဟုတ်ဘဲ
တစ်ကမ္ဘာလုံး အတွက်ဖြစ်ပါသည်။ ပညတ်တော် (၁၀)ပါးမှ အခြားပညတ်များကဲ့သို့
ဥပုသ်နေ့နှင့် ပတ်သက်သော ပညတ်ကိုလည်း ဧဒင်ဥယျာဉ်တွင် လူသားအား ပေးအပ်ခဲ့ပါသည်။
မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ခုဖြစ်ပါသည်။ ဥပုသ်နေ့နှင့် ပတ်သက် သောပညတ်တော်
(၁၀)ပါးအကြောင်းကို ခရစ်တော် မိန့်တော်မူသည်မှာ၊ “ကောင်း ကင်နှင့်
မြေကြီးမပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံး
ဗိန္ဓုတစ်လုံးမျှပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ” ဟူ၏။ မဿဲ ၅း၁၈။ ကောင်း
ကင်နှင့် မြေကြီးတည်ရှိနေသမျှ ကာလပတ်လုံး ဥပုသ်နေ့သည် ဖန်ဆင်းရှင်၏
တန်ခိုးတော်လက္ခဏာတစ်ခု အနေဖြင့် ဆက်လက်တည်ရှိနေလိမ့်မည်။ ကမ္ဘာတွင် ဧဒင်ဥယျာဉ်သည်
တစ်ဖန်ပြန်လည် ဝေဆာလာသောအခါ နေအောက်တွင် အ သက်ရှင်ကြသော သတ္တဝါခပ်သိမ်းတို့သည်
ဘုရားသခင်၏ ထိုနားနေရာနေ့ရက်ကို ရိုသေလေးမြတ်ကြလိမ့်မည်။
ဘုန်းတော်နှင့်ပြည့်စုံသော ကမ္ဘာသစ်မှ “လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ
ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်ဟု
ထာ၀ရဘုရားမိန့်တော်မူ၏။” ဟေရှာ ၆၆း၂၃။
ပတ်ဝန်းကျင်တိုင်းပြည်များနှင့်
ခွဲခြားသိမြင်နိုင်စေရန်ရည်ရွယ်၍ဣသရေလ လများအား ဘုရားသခင်ပေးအပ်ထားသော အရာမှာ
ဥပုသ်နေ့ကို စောင့်ရှောက်ခြင်း ပင်ဖြစ်ပါသည်။ ဥပုသ်နေ့ကို တည်ဆောက်ခြင်းအားဖြင့်
ကိုယ်တော်ရှင်၏ စစ်မှန် သော ကိုးကွယ်သူများဖြစ်ကြောင်း ထင်ရှားစွာသိသာ စေလိမ့်မည်ဟု
ဘုရားသခင် စီမံတော်မူခဲ့ပါသည်။ ဥပုသ်စောင့်ခြင်းသည် ရုပ်တုကိုးကွယ်ခြင်းမှ
ကင်းရှင်းစေ ကြောင်း၊ စစ်မှန်သော ဘုရားနှင့်အဆက်အသွယ်ပြု နေကြောင်းများအတွက်
သင်္ကေတတစ်ခု ဖြစ်ပါသည်။ ထိုသူတို့သည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို
ယုံကြည်ခြင်းအားဖြင့် မျှဝေခံစားကြသူများ ဖြစ်လာကြပါမည်။ “ဥပုသ်နေ့ကို
သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့”ဟု ဣသရေလများအား
မိန့်တော်မူသောအချိန်တွင် ထာ၀ရဘုရားသည် ၎င်းတို့အား “သင်တို့သည် ငါ့ထံ၌
သန့်ရှင်းသော သူဖြစ် ကြရမည်” ဟူ၍လည်း မိန့်တော်မူခဲ့ပါသည်။ ထွက်မြောက် ၂ဝး၈။
၂၂း၃၁။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့်သာ ဣသရေလလူများသည် ထာ၀ရဘုရားကို
ကိုးကွယ်သူများအဖြစ် သိသာထင်ရှား စေနိုင်ခဲ့ပါသည်။
ယုဒလူများသည်
ထာ၀ရဘုရားကိုစွန့်ခွာခဲ့ကြပြီး ခရစ်တော်၏ ဖြောင့် မတ်ခြင်းကို
မိမိတို့၏ဖြောင့်မတ်ခြင်းအဖြစ် လက်ခံရန် ပျက်ကွက်ခဲ့ကြသောကြောင့် ဥပုသ်နေ့၏
အရေးပါမှုကို သူတို့မသိရှိကြတော့ချေ။ စာတန်သည် မိမိကိုယ်ကို ချီးမြှောက်ရန်နှင့်
လူများကို ခရစ်တော်ထံမှ ပြန်လည်သိမ်းသွင်းရန် ကြိုးစားနေပြီး
ကိုယ်တော့်တန်ခိုးတော်၏ လက္ခဏာတစ်ခုဖြစ်သော ဥပုသ်နေ့ကို အလွဲအဓိပ္ပါယ် ကောက်စေရန်
လုပ်ဆောင်ခဲ့ပါသည်။ ယုဒခေါင်းဆောင်များသည် ဘုရားသခင်၏ ဥပုသ်တော်နေ့ကို
ဝန်ထုပ်ဝန်ပိုးဖြစ်စေသော တောင်းဆိုချက်များနှင့် ကာရံထား ခြင်းအားဖြင့် စာတန်၏ အလိုတော်ကို
ပြီးမြောက်စေခဲ့ပါသည်။ ခရစ်တော်ပေါ်ထွန်း သော အချိန်တွင် ဥပုသ်စောင့်ခြင်းသည်
မေတ္တာတော်အရှင်အဖဘုရား၏ စာရိတ္တ တော်ကို ရောင်ပြန်ဟပ်ရမည့်အစား
တစ်ကိုယ်ကောင်းဆန်၍ နိုင်ထက်စီးနင်း ပြု လုပ်တတ်သော လူသားများ၏ စာရိတ္တကို
ရောင်ပြန်ဟပ်သည့် အခြေအနေသို့ ရောက်အောင် အလွန်လမ်းလွဲနေခဲ့ပါသည်။ ဘုရားသခင်သည်
လိုက်နာစောင့် ရှောက်ရန် မဖြစ်နိုင်သော ပညတ်တော်ကို လူသားများအား ပေးအပ်သော
ပုဂ္ဂိုလ် တစ်ပါးဖြစ်သည်ဟု နှုတ်အားဖြင့် မပြောသော်လည်း အမှန်တကယ် ထိုကဲ့သို့သော
အဓိပ္ပါယ်ကို သက်ရောက်စေရန် ဖါရိရှဲများသည် ရုပ်လုံးဖော်ခဲ့ကြပါသည်။ ယုဒလူ များသည်
ဘုရားသခင်အပေါ်တွင် နှိပ်စက်ကလူပြုသူ တစ်ပါးအနေဖြင့် ရှုမြင်ရန်
ကိုယ်တော်ရှင်ခိုင်းစေခဲ့သော ဥပုသ်နေ့စောင့်ခြင်းသည် လူသားများ၏ စိတ်နှလုံးကို
မာကျောစေ၍ ရက်စက်ကြမ်းကြုတ်စေသည်ဟု တွေးထင်လာရန် ယုဒဘာသာရေး ခေါင်းဆောင်များသည်
လမ်းပြလုပ်ဆောင် ခဲ့ကြပါသည်။ ထိုကဲ့သို့သော မှားယွင်းစွာ ထင်မြင်ယူဆမှုများကို
ရှင်းလင်းပစ်ရန် ခရစ်တော်သည် ကြွလာတော်မူခဲ့ပါသည်။ သူတို့သည် အကြင်နာကင်းမဲ့၍
ရန်လိုသော စိတ်များဖြင့် ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြသော်လည်း ကိုယ်တော်သည်
၎င်းတို့၏ တောင်းဆိုချက်များကို လိုက် လျောလုပ်ဆောင်တော်မမူဘဲ ထာ၀ရဘုရား၏
ပညတ်တော်အရ ဥပုသ်နေ့ကို မှန် မှန်ကန်ကန် စောင့်ရှောက်ခဲ့ပါ သည်။
တစ်နေ့သော ဥပုသ်နေ့တွင် ခရစ်တော်နှင့်
တမန်တော်များသည် မှည့်ဝင်း နေသော လယ်ကွင်းကြီးကိုဖြတ်၍ ဗိမာန်တော်မှပြန်လည်
ထွက်ခွာလာခဲ့ကြပါ သည်။ ယေရှုခရစ်သည် နေမြင့်သည်အထိ အမှုတော်ကို ဆက်လက်ဆောင်ရွက်
တော်မူခဲ့ပါသည်။ လူတို့သည် လယ်ကွင်းကြီးကို ဖြတ်၍လျှောက်သွားကြစဉ် ဂျုံစပါး
သီးများကို လက်ဖြင့်ပွတ်၍ စားရန်စပါးအသီးအနှံများကို ခူးဆွတ်ကြပါသည်။ အခြား
နေ့ရက်များတွင် ဤကဲ့သို့ အပြုအမူကိုပြုလုပ်ခဲ့လျှင် မည်သည့် ဝေဖန်ပြစ်တင်မှုကို
မျှဖြစ်စေခဲ့လိမ့်မည် မဟုတ်ချေ။ အကြောင်းမူကား ဂျုံစပါးခင်းများ၊
သစ်သီးခြံများနှင့် စပျစ်ဥယျာဉ်များထဲသို့ ဖြတ်သန်းသွားသော သူများသည်
မိမိကြိုက်သလောက် စား ခွင့်ရှိသောကြောင့်ဖြစ်သည်။ (တရားဟော ၂၃း၂၄၊၂၅)။ သို့သော်
ဤအပြုအမူ မျိုးကို ဥပုသ်နေ့တွင်ပြုလုပ်ခြင်းသည် ဘုရားသခင်ကို မလေးမစားပြုလုပ်ခြင်း
အဖြစ် မှတ်ယူခဲ့ကြပါသည်။ စပါးအနှံများကို ဆွတ်ခူးခြင်းသည် စပါးရိတ်သိမ်းခြင်း
တစ်မျိုးဖြစ်ရုံသာမကဘဲ စပါးကိုလက်ထဲတွင် ပွတ်ခြင်းသည် စပါးနယ်ခြင်း တစ် မျိုးဖြစ်သည်ဟု သူတို့ယူဆခဲ့ကြပါသည်။
သို့အတွက် ကျမ်းတတ်ဆရာများ၏ ထင် မြင်ယူချက်အရ ခရစ်တော်နှင့် တမန်တော်များသည်
အပြစ်၏ နှစ်ထပ်ကွမ်း ကျူး လွန်ခဲ့ကြသည်ဟု သတ်မှတ်ခဲ့ကြပါသည်။
ဖါရိရှဲများက စေလွှတ်ထားသော
သူလျှိုများတို့သည် ခရစ်တော်အား ချက် လချင်းအပြစ်တင်ကာ “ဥပုသ်နေ့၌
မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါ သည်တကား” ဟုလျှောက်ထားခဲ့ကြ၏။
ဗေသေသဒရေကန်တွင် ဥပုသ်နေ့ကို
ချိုးဖောက်သည်ဟုဆိုကာ စွပ်စွဲပြော ဆိုခံရစဉ် မိမိသည် ဘုရားသခင်၏
သားတော်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလျက် မိမိ၏ လုပ်ဆောင်မှုများသည် ဘုရားသခင်၏
အလိုတော်နှင့် ကိုက်ညီကြောင်း မိန့်တော်မူကာ မိမိကိုယ်ကို သခင်ယေရှုကာကွယ်
တော်မူခဲ့ပါသည်။ တမန်တော် များသည် ယခုအချိန်တွင် တိုက်ခိုက်ပြောဆို
မှုကိုခံနေရသောအခါ ဓမ္မဟောင်း ကျမ်းမှပုံသက်သေများနှင့် ဥပုသ်နေ့တွင် ဘုရားသခင်၏
အမှုတော်ဆောင်များ၏ လုပ်ဆောင်ခဲ့သော အပြုအမူများအကြောင်းကို ထိုစွပ်စွဲသူများအား
ကိုယ်တော် သည် ပြန်လည်ရွတ်ဆိုဖော်ပြ တော်မူခဲ့ပါသည်။
ယုဒကျမ်းတတ်ဆရာများသည်
မိမိတို့ရရှိထားသည့် ကျမ်းစာအသိပညာ များကြောင့် ဘဝင်မြင့်နေသူများဖြစ်ကြပါသည်။
သို့သော် ခရစ်တော်၏အဖြေထဲတွင် ကျမ်းစာကို ၎င်းတို့နားမလည်ကြောင်း
အဓိပ္ပါယ်သက်ရောက်စေသည့် ဆုံးမပဲ့ပြင်မှု များကိုတွေ့ရပါသည်။ ကိုယ်တော်က “ဒါဝိဒ်သည်
မိမိအဖော်တို့နှင့်တကွမွတ် သိပ်သောအခါ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍
ယဇ်ပုရောဟိတ်တို့မှတစ်ပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုယူစား၍
မိမိအဖော်တို့အား ပေးသည့် အကြောင်းကိုမျှ သင်တို့သည် မဖတ်ဖူးသလော။” “ယဇ်ပုရောဟိတ်တို့သည်လည်း
ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း အပြစ်မသင့်သည်ကို ပညတ္တိ ကျမ်း၌
မဖတ်ဖူးသလော။ ငါဆိုသည်ကား ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီး မြတ်သောအရာရှိ၏။” “ထိုမှတစ်ပါး
ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ် နေ့အဖို့ဖြစ်သည်မဟုတ်၊ သို့ဖြစ်၍ လူသားသည်
ဥပုသ်နေ့ ကိုပင်အစိုးရသည်ဟု” မိန့်တော်မူ၏။ လုကာ ၆း၃-၄။ မဿဲ ၁၂း၅-၆။ မာကု ၂း၂၇၊၂၈။
သီးသန့်ထားသည့် ရှေ့တော်မုန့်ကိုယူ၍
စားလိုက်ခြင်းအားဖြင့် အဆာပြေ စေရန် ဒါဝိဒ်၏လုပ်ဆောင်မှုသည် မှန်ကန်မှုရှိလျှင်
ဥပုသ်နေ့၏ သန့်ရှင်းသော အချိန်တွင် အဆာပြေစားရန် စပါးနှံများကိုခူးဆွတ်သော
တမန်တော်များ၏ လုပ် ဆောင်မှုသည်လည်း မှန်ကန်မှုရှိပါသည်။ တစ်ဖန် ယဇ်ပုရောဟိတ်များသည်
အခြား နေ့များထက် ဥပုသ်တော်နေ့တွင် ပို၍ကြီးမားသော အလုပ်များကို လုပ်ဆောင်
ခဲ့ကြပါသည်။ လောကအရောင်း အဝယ်ကိစ္စများတွင် ထိုကဲ့သို့အားထုတ် လုပ်
ကိုင်မှုများသည် အပြစ်ကျူးလွန် ခြင်းဖြစ်ပါလိမ့်မည်။ သို့သော်ဘုရားသခင်၏ အ
မှုတော်တွင် ယဇ်ပုရောဟိတ်များ၏ လုပ်ဆောင်မှုများသည် အပြစ်ကျူးလွန်ခြင်း မ ဟုတ်ချေ။
ခရစ်တော်၏ ကယ်တင်ခြင်း တန်ခိုးတော်ကိုပြညွှန်နေသည့် အခမ်းအ နားများကို
သူတို့လုပ်ဆောင် နေကြခြင်းဖြစ်ပြီး ၎င်းတို့၏ အားထုတ်လုပ်ကိုင်မှု များသည်
ဥပုသ်နေ့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီခဲ့ပါသည်။ သို့သော် ယခုတွင် ခရစ်တော်ကိုယ်တော်
တိုင်ကြွလာတော်မူခဲ့ပေပြီ၊ တမန်တော်များသည် ခရစ်တော် ၏ အမှုတော်တွင်
လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်တွင် ပါဝင် ခဲ့ခြင်းဖြစ်ပြီး
အမှုတော်ပြီးစီးမှုအတွက် မရှိမဖြစ် လုပ်ဆောင်ရန် လိုအပ်သောအရာ များကို
ဥပုသ်နေ့တွင် လုပ်ဆောင်ခွင့်ရရှိ ကြပါသည်။
ဘုရားသခင်၏ အမှုတော်သည်
အရာခပ်သိမ်းတို့တွင် အရေးအကြီးဆုံးဖြစ် ကြောင်းကို မိမိ၏တမန်တော်များနှင့်
မိမိအားရန်ဘက်ပြုနေ သူများအား ခရစ်တော် သွန်သင်တော်မူခဲ့ပါသည်။
ဘုရားသခင့်အမှုတော်၏ ရည်ရွယ်ချက်သည် လူသား များကို ကယ်တင်ရန်ဖြစ်ပြီး
ထိုရည်ရွယ်ချက်ကို ပြည့်စုံရန်အတွက် ဥပုသ်နေ့တွင် မလုပ်မဖြစ်လုပ်ဆောင်ရသောအလုပ်
များသည် ဥပုသ်ပညတ်နှင့် ဆီလျော်ပါသည်။ ထို့နောက် ယေရှုခရစ်သည်
မိမိ၏မိန့်တော်မူချက်ကို “ဥပုသ်နေ့၏ အရှင်” အဖြစ် မိမိကိုယ်ကို
ဖော်ပြခြင်းအားဖြင့် လက်စသတ်တော်မူခဲ့ပါသည်။ ချိုးဖောက်ကျူးလွန် ကြောင်း
စွပ်စွဲထားသည့် အပြစ်တင်ဝေဖန်မှုများမှ တမန်တော်များအား ခရစ်တော် လွတ်ကင်း
စေခဲ့ပါသည်။
သခင်ယေရှုသည် မိမိအားရန်ဘက်ပြုသူများအား
ပြစ်တင်ဆုံးမမှု ပြုခြင်း အားဖြင့် ထိုကိစ္စကိုပြီးဆုံး မသွားခဲ့ချေ။ ထိုသူတို့သည်
၎င်းတို့၏ နားမလည်မှု များကြောင့် ဥပုသ်နေ့၏ ရည်ရွယ်ချက်ကို မှားယွင်းစွာယူဆ
ခဲ့ကြောင်းပြောဆိုကာ “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို
ငါနှစ်သက်၏ ဟူသောကျမ်းစကားကို သင်တို့သည်နားလည်လျှင် အပြစ်ကင်းသောသူတို့ကို
အပြစ်မတင်မစီရင်ကြပြီ” ဟု ကိုယ်တော် မိန့်တော်မူ၏။ မဿဲ ၁၂း၇။ ထိုသူတို့၏
အကြင်နာကင်းမဲ့သည့် များစွာသော ထုံးတမ်းစဉ်လာအရ လုပ်ဆောင်မှုများသည် စစ်မှန်သော
ကိုးကွယ်သူများဖြစ်ကြောင်း သိသာထင်ရှားစေရန် ၎င်းတို့လိုအပ်နေ သော မှန်ကန်သည့်
သစ္စာရှိမှုနှင့်နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာတို့ကို မပေး စွမ်းနိုင်ခဲ့ချေ။
ပူဇော်သော ယဇ်ကောင်သက်သက်တွင်
မည်သည့်အရေးပါမှု တစ်စုံတစ်ခု မျှမရှိကြောင်းကို ခရစ်တော်သည် အထပ်ထပ်
မိန့်တော်မူခဲ့ပါသည်။ ထိုအရာ များသည် အထောက်အကူများသာဖြစ်ပြီး ပဓါနကျသော
အရာများမဟုတ်ကြချေ။ ထိုယဇ်ကောင်များ၏ ရည်ရွယ်ချက်သည် လူသားများအား
ကယ်တင်ရှင်ကိုပြညွှန်၍ ထာ၀ရဘုရားနှင့် ဆီလျော်ညီညွတ်စေအောင်
လုပ်ဆောင်ရန်ဖြစ်ပါသည်။ မေတ္တာ ကို အရင်းခံသော လုပ်ဆောင်မှုကိုသာ ဘုရားသခင်
တန်ဖိုးထားတော်မူပါသည်။ မေတ္တာမပါသော ယဇ်ပူဇော်ခြင်းများသည်
ကိုယ်တော်ကိုပြစ်မှားခြင်းဖြစ်ပါသည်။ ဥပုသ်စောင့်ခြင်းသည်
ထိုနည်းနှင်နှင်ပင်ဖြစ်ပါသည်။ ဥပုသ်နေ့ကို စောင့်ရှောက် ခြင်းသည်လည်း လူသားများအား
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်ရန်ကြံရွယ်ခဲ့
သော်လည်း မောပန်းပြီး ငြီးငွေ့ဖွယ်အခမ်းအနားများတွင် စိတ်နှလုံးကို
နစ်မျောစေ သောအခါ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်ကို ပျက်ပြားစေခဲ့ပါသည်။ အပြင်ပန်း
ဥပုသ်စောင့်ခြင်း သက်သက်သည် အချည်းနှီးအားထုတ်ခြင်းသာ ဖြစ်ပါသည်။
တစ်နေ့သော ဥပုသ်တော်နေ့တွင် ခရစ်တော်သည်
ဗိမာန်တော် ထဲသို့ဝင် သွားစဉ် လက်တစ်ဖက်သေနေသူ တစ်ယောက်ကိုမြင်တော်မူ၏။
ဖါရိရှဲများသည် ကိုယ်တော်ရှင် မည်သည့်အရာကို လုပ်ဆောင်မည်ကို
စိတ်ဝင်တစားစောင့်ကြည့် နေကြသည်။ ဥပုသ်တော်နေ့တွင် ထိုရောဂါရှင်အား ကုသလိုက်လျှင်
ပညတ်တော် ချိုးဖောက်သူတစ်ဦးအနေနှင့် မိမိအား စွပ်စွဲကြမည်ကို
ကိုယ်တော်ကောင်းမွန်စွာ သိတော်မူခဲ့သော်လည်း ဥပုသ်တော်နေ့ကို အကာအရံပြုလုပ်ထားသည့်
မိရိုးဖလာ ပြဌာန်းသတ်မှတ်ချက် တံတိုင်းကိုဖြိုချပစ်ရန် ကိုယ်တော်ရှင်
မနှောင့်နှေးခဲ့ချေ။ သခင်ယေရှုက “အလယ်၌ မတ်တတ်ရပ်နေလော့ဟု လက်တစ်ဖက် သေသောသူ အား
မိန့်တော်မူပြီးမှ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သတ်အပ်သလော” ဟု ပရိသတ်တို့အား
မေးတော်မူ၏။ ကောင်းမှုကုသိုလ်တစ်ခုကို လုပ်ဆောင်ရန် အခွင့် အရေးရသည့် အချိန်တွင်
မလုပ်ခဲ့မိပါက အပြစ်ကျူးလွန်ခြင်း ဖြစ်သည်ဟူ၍ လည်းကောင်း၊ အသက်တစ်ချောင်းကို
ကယ်ဆယ်ရန် လျစ်လျူရှုခြင်းသည် ထိုအ သက်ကိုသတ်ခြင်း ဖြစ်သည်ဟူ၍လည်းကောင်း
ယုဒလူများတို့တွင် ဆိုရိုးစကား တစ်ခုရှိပါသည်။ ခရစ်တော်သည် ထိုကဲ့သို့ကျမ်းတတ်
ဆရာများအား ၎င်းတို့စကား နှင့် ၎င်းတို့ကိုချည်ခဲ့ပါသည်။ “ထိုသူတို့သည်
တိတ်ဆိတ်စွာနေကြ၏။ ထိုအခါ အမျက်တော်နှင့် သူတို့ကိုပတ်လည်ကြည့်ရှု၍
သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကို
ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည်
လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ် လေ၏။” မာကုခရစ်ဝင် ၃း၅။
လူအချို့တို့က ဥပုသ်နေ့၌
ရောဂါကိုငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကိုရှာ၍ မေးလျှောက်သောအခါ
ကိုယ်တော်က “မိမိ၌ သိုးတစ် ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်
မဆွဲမတင်ဘဲနေမည့် သူတစ်စုံတစ်ယောက်မျှ သင်တို့တွင်ရှိသလော၊ လူသည် သိုးထက်အလွန်မြတ်
ပေ၏။ ထိုကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူ၏။” မဿဲ ၁၂း၁၀-၁၂။
ထိုသူလျှိုများသည်
မိမိတို့ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် လူအုပ် ကြီး၏ ရှေ့မှောက်တွင်
ခရစ်တော်ကို မချေပဝံ့ကြချေ။ ကိုယ်တော်သည် အမှန် တရားကို ပြောတော်မူသည်ကိုလည်း
သူတို့သိရှိခဲ့ကြပါသည်။ သူတို့ မကယ်ဆယ် လျှင် ပိုင်ရှင်ကို
ထိခိုက်ဆုံးရှုံးသွားမည် ဖြစ်သဖြင့် တိရစ္ဆာန်တစ်ကောင်ကို ကယ် ဆယ်နေစဉ်တွင်
မိရိုးဖလာဥပဒေများတို့ကို ချိုးဖောက်မည့်အစား လူတစ်ယောက် အား ရောဂါဝေဒနာကို
ဆက်လက်ခံစားစေရန် စွန့်ပစ်ထားကြလိမ့်မည်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏
ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထားသောလူထက် စကားမပြောနိုင်သော တိရစ္ဆာန်တစ်ကောင်ကို
ပို၍ဂရုစိုက်ကြောင်း ပြသခဲ့ကြသည်။ ဤအရာသည် မှားယွင်းသော ဘာသာတရားများအားလုံး၏
လုပ်ဆောင်နေခြင်း များကို သရုပ်ဖော်နေပါသည်။ သူတို့သည် လူသားများအား
မိမိတို့ကိုယ်ကို ဘုရား သခင်အထက်တွင် ချီးမြှောက်စေရန် ဆန္ဒများကို
အစပျိုးပေးခဲ့သော်လည်း နောက် ဆုံးတွင် တိရစ္ဆာန်ထက်
ယုတ်ညံ့မှုကိုဖြစ်စေခဲ့ကြပါသည်။ ထာ၀ရဘုရားနှင့် ဆန့် ကျင်ဘက်ပြုသော
ဘာသာတရားတိုင်းသည် ဖန်ဆင်းခြင်း အချိန်ကပိုင်ဆိုင်ခဲ့သော လူ၏ဂုဏ်အသရေနှင့်
ခရစ်တော်အားဖြင့် ၎င်းအား နဂိုမူလအခြေအနေသို့ ရောက် စေသောအခါ
ရရှိမည့်ဂုဏ်အသရေများကို မပေးအပ်ဘဲ ချန်လှပ်ထားတတ်ပါသည်။ မှားယွင်းသော
ဘာသာတရားတိုင်းသည် ထိုဘာသာကို ယုံကြည်စွဲမြဲသူများအား လူသားများ၏ လိုအပ်ချက်များ၊
လူသားများခံစားနေရသော ဒုက္ခဝေဒနာများနှင့် လူ့အခွင့်အရေးများကို ဂရုမပြုကြရန်
သွန်သင်လေ့ရှိကြပါသည်။ ဧဝံဂေလိတရား တော်သည် ခရစ်တော်၏ အသွေးတော်နှင့်
ဝယ်ယူခြင်းခံရသူများအဖြစ် လူသား များကို တန်ဖိုးထားပြီး လူသားများ၏
လိုအပ်ချက်များ၊ ၎င်းတို့ခံစားရသော အမင်္ဂ လာများအတွက် အရေးတယူပြုမှုများကို
သွန်သင်ပါသည်။ “လူသည် ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည်
ဩဖိရရွှေကျောက် ထက်အဖိုးထိုက် မည်အကြောင်း ငါပြုမည်” ဟု ထာ၀ရဘုရားမိန့်တော်မူ၏။
ဟေရှာယ ၁၃း၁၂။
သခင်ယေရှုသည် ဖါရိရှဲများဘက်သို့လှည့်၍
ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သ လော၊ သူ့အကျိုးကိုဖျက်အပ်သလော၊ အသက်ကိုကယ်အပ်သလော၊
သတ်အပ်သ လောဟု မေးမြန်းတော်မူသောအခါ ကိုယ်တော်သည် ၎င်းတို့၏ ဆိုးသွမ်းသော အ
ကြံအစည်များကို ၎င်းတို့ကိုယ်တိုင်အား သိရှိစေရန် ပြသတော်မူခြင်းဖြစ်ပါသည်။
အကြောင်းမှာ ကိုယ်တော်သည် အသက်များကို ကယ်တင်၍ လူထုကြီးအား ပျော်ရွှင်မှုရရှိအောင်
လုပ်ဆောင်နေစဉ် ထိုသူတို့သည် ခါးသီးသော မုန်းတီးမှုများ ဖြင့် ကိုယ်တော်၏ အသက်ကို
သတ်ဖြတ်ရန် ရှာကြံနေကြပါသည်။ ကိုယ်တော်ရှင်ပြု တော်မူခဲ့သည့်အတိုင်း
နာမကျန်းသူများအား အနာရောဂါပျောက်ကင်းစေခြင်းထက် ၎င်းတို့ ကြံစည်ထားသည့်အတိုင်း
ဥပုသ်နေ့တွင် သတ်ဖြတ်ခြင်းသည် ပို၍ကောင်း မွန်ပါသလား။ ကရုဏာလုပ်ရပ်များတွင်
ဖော်ပြထားသည့် လူသားအားလုံးအား ချစ် ခင်မြတ်နိုးခြင်းထက် သန့်ရှင်းသောဥပုသ်နေ့တွင်
စိတ်နှလုံးထဲ၌ လူသတ်မှုကျူး လွန်ခြင်းက ပို၍ဖြောင့်မတ်ပါသလား။
လက်တစ်ဖက်သေသူအား ကုသပျောက်ကင်း
စေခြင်းအားဖြင့် ခရစ်တော် သည် ယုဒလူမျိုးများ၏ အကျင့်ဓလေ့ကို ပြစ်တင်ရှုတ်ချ၍
စတုတ္ထမြောက် ပညတ် ကို ဘုရားသခင် ပေးသနားတော်မူခဲ့သည့် အချိန်ကကဲ့သို့သော
အခြေအနေတွင် ရပ်တည်စေခဲ့ပါသည်။ ထို့ကြောင့် “ဥပုသ်နေ့၌ကျေးဇူး ပြုအပ်သည်” ဟု
ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်ကို အပြစ်တင်နေသော သူများသည်
ဘုရားသခင်၏ သန့်ရှင်းသောဥပုသ်နေ့ကို ရှုတ်ချနေကြစဉ်တွင် ခရစ်တော်သည် ယုဒလူများ၏
အဓိပ္ပါယ်မဲ့သော တားမြစ်ကန့်သတ်ချက်များကို ပယ်ရှားလိုက်ခြင်း အားဖြင့်
ဥပုသ်တော်နေ့ကို အလေးအမြတ fပြုတော်မူခဲ့ပါသည်။
ခရစ်တော်သည် ပညတ်တော်ကို ပယ်ဖျက်ခဲ့ပြီဟု
ခံယူသောသူများက ကိုယ်တော်သည်
ဥပုသ်ကိုချိုးခဲ့ပြီး တမန်တော်များအားလည်း ထိုကဲ့သို့ လုပ်ဆောင် ခြင်းတွင်
သင့်လျော်မှန်ကန်ကြောင်း ပြောခဲ့သည်ဟု သွန်သင်နေကြပါသည်။ ထို ကဲ့သို့နည်းအားဖြင့်
၎င်းတို့သည် အကြောင်းမဲ့ အပြစ်ရှာတတ်သော ယုဒလူများတို့ လုပ်ဆောင်ခဲ့သကဲ့သို့
အမှန်တကယ် လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။ ဤနေရာတွင် သူတို့သည် “ငါသည် ငါ့ခမည်းတော်၏
ပညတ်တို့ကို စောင့်ရှောက်၍ ခမည်း တော်၏မေတ္တာ၌ တည်နေသည်”
(ယောဟန် ၁၅း၁၀) ဟူ၍မိန့်တော်မူခဲ့သော ခရစ်တော်၏ သက်သေခံချက်နှင့်
ဖီလာဆန့်ကျင်နေပါသည်။ ကယ်တင်ရှင်သာမက ၎င်း၏နောက်လိုက်များသည် ဥပုသ်နေ့ကို
မချိုးဖောက်ခဲ့ကြချေ။ သန့်ရှင်း သောပညတ်ချက်များကို ဖောက်ဖျက်ကျူးလွန်
ခဲ့ကြောင်းများကို ကိုယ်တော်၏ အသက်တာတွင် မတွေ့ခဲ့ရချေ။ မိမိအားကယ်တင်ရန်
ရှာကြံနေကြသော ယုဒ နိုင်ငံ၏ သက်သေခံများကို မျှော်ကြည့်လျက် “ငါ၌အပြစ်ရှိကြောင်းကို
သင်တို့တွင် အဘယ်သူဖော်ပြသနည်း”ဟု ဒွိဟကင်းစွာဖြင့်
ကိုယ်တော်မေးတော်မူနိုင်ခဲ့ပါသည်။ (ယောဟန် ၈း၄၆)။
ကိုယ်တော်သည် ရှေးဘိုးဘေးများနှင့်
ပုရောဖက်များသွန်သင်ခဲ့သော အရာ များကို ပစ်ပယ်ခြင်းငှါ ကြွလာခဲ့သည်မဟုတ်။
အကြောင်းမူကား ထိုသွန်သင်ချက် များကို ကိုယ်တော်တိုင် ထိုပုရောဖက်များအားဖြင့်
လူသားများအား မိန့်တော်မူခဲ့ သောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ
သမ္မာတရားအားလုံး သည် ကိုယ်တော့်ထံမှ လာခဲ့ပါသည်။ သို့သော် အဖိုးမဖြတ်နိုင်သော
ဤကျောက် မြတ်များကို မှားယွင်းသော အနေအထားများတွင် အသုံးပြုခဲ့ကြပါသည်။ မှားယွင်း
မှုကို ထောက်ပံ့ရန်လည်း အသုံးပြုခဲ့ကြပါသည်။ ဘုရားသခင်သည် ထို ကျောက် မြတ်များကို
မှားယွင်းသော အနေအထားမှ ပြောင်းရွှေ့၍ သမ္မာတရားတော်ထဲတွင် ပြန်လည်နေရာချထားရန်
အလိုတော်ရှိပါသည်။ ဘုရားသခင်၏ လက်တော်က သာ၍ အမှုကိုပြီးစီးစေနိုင်ပါသည်။
သမ္မာတရားသည် မှားယွင်းမှုများနှင့် ဆက်နွှယ် နေခြင်းအားဖြင့်
ဘုရားသခင်နှင့်လူတို့၏ ရန်သူ၏အမှုကိုပြီးမြောက်စေလျက် ရှိပါ သည်။ ခရစ်တော်သည်
ပညတ်တော်အား ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှား စေမည့်အနေအထား၊ လူသားများ၏
ကယ်တင်ခြင်းကို အကျိုးဖြစ်စေမည့် အနေ အထားတွင် ပြန်လည်ရောက်ရှိနိုင်ရန်
ကြွလာတော်မူခဲ့ပါသည်။
“ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည်
ဥပုသ်နေ့အဖို့ဖြစ်သည် မဟုတ်” ဟု ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်။
ဘုရားသခင်တည်ထောင် တော်မူခဲ့သော အရာများသည် လူသားများအကျိုးအတွက် ဖြစ်ပါသည်။ “ခပ်သိမ်းသော
အရာတို့ သည် သင်တို့အဖို့အလိုငှါ ဖြစ်သတည်း။” “ပေါလု ဖြစ်စေ၊ အာပေါလုဖြစ်စေ၊
ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊
မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတ္တံ့သောအရာဖြစ်စေ၊ ခပ်သိမ်းသော အရာ တို့သည်
သင်တို့အဖို့ဖြစ်ကြ၏။ သင်တို့သည်လည်း ခရစ်တော်အဖို့ဖြစ်ကြ၏။ ခရစ် တော်သည်လည်း
ဘုရားသခင်အဖို့ဖြစ်တော်မူ၏။” ၂ကော၊ ၄း၁၅။ ၁ကော၊ ၃း၂၂-၂၃။ ဥပုသ်နေ့နှင့်ပတ်သက်သည့်
ပညတ်ပါရှိသော ပညတ်တော်(၁၀)ပါးကို ကောင်း ချီးမင်္ဂလာတစ်ခုအနေနှင့် လူသားများအား
ဘုရားသခင်ပေးသနားတော်မူခဲ့ပါသည်။ “ထာ၀ရဘုရားသည် ယနေ့တိုင်အောင်
ကျေးဇူးပြုတော်မူသကဲ့သို့ ငါတို့အသက်ကို စောင့်တော်မူမည့်အကြောင်း
ငါတို့အကျိုးကိုထောက်၍ ငါတို့ဘုရားသခင် ထာ၀ရ ဘုရားကိုကြောက်ရွံ့လျက်
ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှါ မှာထားတော်မူ ၏” တရား၊ ၆း၂၄။ ၎င်းပြင်
ဆာလံဆရာ အားဖြင့်လည်း ဣသရေလလူများတို့အား သတင်းစကားကို ပေးသနားတော်မူခဲ့ပါသည်။ “ထာ၀ရဘုရား၏
အမှုတော်ကို ဝမ်း မြောက်စွာ ဆောင်ရွက်ကြလော့၊ ရွှင်လန်းစွာသီချင်းဆိုလျက်
အထံတော်သို့ ဝင်ကြ လော့၊ ထာ၀ရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့၊
ထာ၀ရ ဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍ ငါတို့အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း
ထာ၀ရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။ ကျေးဇူးတော်ကြီးပါသည်ဟု
ဝန်ခံလျက် တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော် ကိုချီးမွမ်းလျက်
တံတိုင်းတော်တို့ကို လည်းကောင်းဝင်ကြလော့၊ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို
ကောင်းချီးပေးကြလော့။” ဆာလံ ၁၀ဝး၂-၄။ ၎င်းပြင် “ဥပုသ်နေ့ကိုမရှုတ်ချ၊
စောင့်ရှောက်၍ ငါ၏ ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်း တို့ကို
ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက် စေမည်။” ဟေရှာ ၅၆း၆-၇။
“သို့ဖြစ်၍ လူသားသည်
ဥပုသ်နေ့ကိုပင်အစိုးရသည်” ဟူသော စကား များတွင် ညွှန်ကြားမှုများနှင့်
နှစ်သိမ့်မှုများ အပြည့်အဝ ပါရှိနေပါသည်။ ဥပုသ်နေ့ သည် လူသားများအဖို့
တည်ထောင်ထားသောကြောင့် ထိုနေ့သည် သခင်ဘုရား၏ နေ့ဖြစ်ပါသည်။ အကြောင်းမူကား
ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့်
ကင်းလွတ်လျက်ရှိသော အရာတစ်စုံတစ်ခုမျှမရှိ” ယောဟန် ၁း၃။ ကိုယ်တော်သည်
အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောကြောင့် ဥပုသ်နေ့ကိုလည်း
ကိုယ်တော်ဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဥပုသ်နေ့ကို ဖန်ဆင်းခြင်း၏
အထိမ်းအမှတ်တစ်ခုအနေဖြင့် သီးသန့်ခွဲထားတော်မူခဲ့ပါသည်။ ဥပုသ်နေ့သည်
ကိုယ်တော်ရှင်အား ဖန်ဆင်းရှင်နှင့် သန့်ရှင်းစေသော အရှင်ဖြစ်ကြောင်းကို
ညွှန်ပြပါသည်။ ကောင်းကင်နှင့် မြေကြီး ပေါ်တွင်ရှိသော ခပ်သိမ်းသောအရာတို့ကို
ဖန်ဆင်းတော်မူထသော၊ ခပ်သိမ်းသော အရာများကို တစ်လုံးတစ်စည်းတည်း ရှိစေတော်မူထသော၊
ကိုယ်တော်သည် အ သင်းတော်၏ ဦးခေါင်းဖြစ်တော်မူ ကြောင်းကိုလည်းကောင်း
ကျွန်ုပ်တို့အား ကိုယ် တော်၏ တန်ခိုးတော်အားဖြင့် ဘုရားသခင်နှင့်
ရန်ငြိမ်းစေခဲ့ကြောင်း ကိုလည်း ကောင်း ဥပုသ်တော်နေ့သည် ဖော်ညွှန်းနေပါသည်။
အကြောင်းမူကား ]]ငါထာ၀ရ ဘုရားသည် သူတို့ကိုသန့်ရှင်းစေခဲ့သည်ဟု သူတို့သည် သိမည်အကြောင်း
ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေ ဖြစ်စေခြင်းငှါ ငါ၏ဥပုသ်နေ့တို့ကို
ငါခန့်ထား ၏” ဟု ကိုယ်တော်သည် ဣသရေလ လူများအား မိန့်တော်မူခဲ့သည်။ ယေဇကျေ၊ ၂ဝး၁၂။
ဥပုသ်နေ့သည် ထိုသူတို့အား သန့်ရှင်းစေသည်ဟု ကျမ်းစာတွင် မိန့် တော်မူထားပါသည်။
၎င်းပြင် ဥပုသ်နေ့သည် ကျွန်ုပ်တို့ကိုလည်း သန့်ရှင်းစေသော ခရစ်တော် တန်ခိုးတော်၏
လက္ခဏာတစ်ခုဖြစ်နေပြီး ကိုယ်တော်သန့်ရှင်းစေတော်မူ သောသူအားလုံးအား ထိုနေ့ကို
ပေးသနားတော်မူပါသည်။ ခရစ်တော် အားဖြင့် ဘုရားသခင်၏ ဣသရေလအမျိုးအဝင်ဖြစ်လာကြမည့်
သူအားလုံးတို့အား ကိုယ် တော်..၏ သန့်ရှင်းစေခြင်း လက္ခဏာတစ်ခုအနေဖြင့် ဥပုသ်နေ့ကို
ပေးသနားတော် မူပါသည်။ “သင်သည်---ငါ့သန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊
ဥပုသ်နေ့ ကိုမွေ့လျော်ရာနေ့၊ ထာ၀ရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သော
နေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြော
ဘဲနေ၍ ထိုနေ့ကိုရိုသေလျှင် သင်သည် ထာ၀ရဘုရား၌ မွေ့လျော်ရလိမ့်မည်။” ဟေရှာ
၅၈း၁၃-၁၄။ ဥပုသ်နေ့ကို ခရစ်တော်၏ ဖန်ဆင်းခြင်းနှင့် ကယ်တင်ခြင်း တန်ခိုးတော်၏
အထိမ်းအမှတ်တစ်ခုအဖြစ် လက်ခံရယူသော သူအားလုံးအတွက် ထိုနေ့သည် မွေ့လျော်ရာ
နေ့တစ်နေ့ဖြစ်ပါလိမ့်မည်။ ထိုနေ့၌ ခရစ်တော်ကိုမြင် တွေ့ရခြင်းအတွက် သူတို့သည်
ကိုယ်တော်၌ မွေ့လျော်ကြပါသည်။ ကယ်တင် ခြင်းစီမံကိန်းအတွက် ကိုယ်တော်ရှင်၏
ကြီးမားသောတန်ခိုးတော်၏ သက်သေ အထောက်အထား တစ်ခုအနေဖြင့် ဥပုသ်နေ့သည်
ဖန်ဆင်းခြင်းအမှုကို သူတို့အား ပြညွှန်နေပါသည်။ ဥပုသ်နေ့သည် ဧဒင်ဥယျာဉ်တွင်
ဆုံးရှုံးခဲ့ရသော ငြိမ်သက်ခြင်း ကို သတိရစေသကဲ့သို့ ခရစ်တော်အားဖြင့်
ပြန်လည်ရရှိမည့်ငြိမ်သက်ခြင်း အ ကြောင်းကိုလည်း ဖွင့်ဟနေပါသည်။ ၎င်းပြင်
သဘာ၀တွင်ရှိသော အရာဝတ္ထု တိုင်းသည် “ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့၊
ငါ့ထံသို့လာကြလော့၊ ငါသည် ချမ်းသာပေးမည်” ဟူသော ကိုယ်တော်၏ ဖိတ်ခေါ်ချက်ကို
ထပ်ခါတလဲလဲ ရွတ်ဆိုနေကြပါသည်။ မဿဲ ၁၁း၂၈။
No comments:
Post a Comment