Wednesday, April 22, 2026

အခန်းကြီး - ၇၈။ ကရာနီကုန်း

 

ကရာနီကုန်း

 

ရှင်မဿဲခရစ်ဝင် ၂၇း၃၁-၅၃။ ရှင်မာကု ၁၅း၂၀-၃၈။ ရှင်လုကာ ၂၃း၂၆-၄၆။ ရှင်ယောဟန် ၁၉း၁၆-၃၀ တို့ကိုအခြေပြုထားပါသည်။

 

         ကရာနီအမည်ရှိသောအရပ်သို့ရောက်ကြသော် ကိုယ်တော်အား----လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။

         မိမိအသွေးအားဖြင့် လူများကိုစင်ကြယ်စေခြင်းငှာခရစ်တော်သည် မြို့ တံခါးအပြင်၌ အသေခံတော်မူ၏။ ဟေဗြဲ ၁၃း၁၂။ အာဒံနှင့်ဧ၀တို့သည်  ပညတ် တော်ကိုလွန်ကျူးခဲ့ကြသဖြင့် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းကိုခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့ကိုယ်စားအသေခံမည့် ခရစ်တော်သည်လည်း ယေရုရှလင်မြို့အပြင်ဘက် တွင်အသေခံရမည်ဖြစ်ပါသည်။ ကိုယ်တော်သည် ရာဇဝတ်သားများနှင့်လူသတ် သ မားများအား ကွပ်မျက်သည့်မြို့ပြင်တွင် အသေသတ်ခြင်းကို ခံခဲ့ရပါသည်။ ခရစ် တော်သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်းကိုခံ ရသောသူဖြစ်၍ ငါတို့ကိုပညတ် တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီဟူသော ဖွင့်ဆိုချက်သည် အရေးပါလှပါ သည်။ ဂလာတိ ၃း၁၃။

         များပြားစွာသောလူအုပ်ကြီးသည် တရားစီရင်သည့်နေရာမှကရာနီ ကုန်း တိုင်အောင် ခရစ်တော်၏ နောက်မှလိုက်လာခဲ့ကြပါသည်။ ခရစ်တော် အားသေ ဒဏ်စီရင်လိုက်သည့်သတင်းသည် ယေရုရှလင်မြို့ထဲတွင်ပျံ့နှံ့သွားသဖြင့် လူတန်း စားအမျိုးမျိုးမှ လူ့အလွှာအသီးသီးတို့သည် ကပ်တိုင်တင်မည့် ထိုနေရာသို့စုရုံးလာ ခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများအား ခရစ်တော်၏ နောက်လိုက်များကို မနှောင့်ယှက်ရန် ကတိကဝတ်ထားစေခဲ့ပြီးဖြစ်သဖြင့် ရပ်နီးရပ် ဝေးမှယုံကြည်သူများသည် တမန်တော်များနှင့်ပူးပေါင်းကာ ခရစ်တော်၏ နောက် တော်မှလိုက်လာခဲ့ကြပါသည်။

         သခင်ယေရှုသည် ပိလတ်မင်း၏ နန်းတော်ဂိတ်မှထွက်လာသည့်အချိန်တွင် ဗာရဗ္ဗအတွက်ပြင်ဆင်ထားသော ကပ်တိုင်ကြီးကို စုတ်ပြတ်၍သွေးများထွက်နေ သော ပခုံးတော်ပေါ်သို့ တင်ပေးလိုက်ကြပါသည်။ ခရစ်တော်နှင့် အတူတစ်ချိန် တည်းကပ်တိုင်အတင်ခံရမည့် ဗာရဗ္ဗ၏အပေါင်းအပါနှစ်ဦးတို့သည်လည်း ကိုယ့် ကပ်တိုင်ကိုယ်ထမ်း၍ လိုက်လာခဲ့ကြပါသည်။ အင်အားကုန်ခန်း၍ ဒုက္ခဝေဒနာခံစား နေရသော ထိုအချိန်ထိုကပ်တိုင်သည် ကိုယ့်အတွက် အလွန်လေးလံလှပါသည်။ တပည့်တော်များနှင့်အတူ ပသခါပွဲဝင်ပြီးသည့်အချိန်မှစ၍ ကိုယ်တော်သည် တစ်စုံ တစ်ရာကိုမျှမစားသောက်ခဲ့ချေ။ စာတန်ကိုယ်စားလှယ်များ၏ တိုက်ခိုက်မှုကြောင့် ကိုယ်တော်သည် ဂေသရှေမန်ဥယျာဉ်တွင် ဒုက္ခဝေဒနာများကိုခံစားခဲ့ရပါသည်။ ကိုယ်တော်သည် အပ်နှံခြင်းကိုခံခဲ့ရသဖြင့် ပရိဒေ၀မီးတောက်လောင်ခဲ့ရပြီး၊ တပည့် တော်များက မိမိအားစွန့်ခွာထွက်ပြေးသွားကြသည်ကိုလည်း မြင်တွေ့တော်မူခဲ့ရပါ သည်။ ကိုယ်တော်သည် ရှေးဦးစွာအန္နတ်ထံသို့အပို့ခံခဲ့ရပါသည်။ ထိုနောက်ကယာ ဖထံသို့အပို့ခံခဲ့ရပြီး၊ ထို နောက်ပိလတ်မင်းထံသို့ အပို့ခံခဲ့ရပါသည်။ ကိုယ်တော် သည် ပိလတ်မင်းမှ တစ်ဆင့်ဟေရုဒ်မင်းထံသို့အပို့ခံခဲ့ရပြီး၊ တစ်ဖန်ပိလတ်မင်းထံ သို့ပြန်၍အပို့ခံခဲ့ရပြန်ပါသည်။ စော်ကားသည့်အပြုအမူများနှင့်ပြက်ရယ်ပြုခြင်းများကို အထပ် ထပ်ခံစားခဲ့ရပါသည်။ ကြိမ်ဒဏ်နှစ်ခါအပေးခံခဲ့ရပါသည်။ ထိုညတွင် အ သက် ဝိညာဉ်တစ်လုံးအတွက် အပြင်းထန်ဆုံးသော စစ်ဆေးမှုမျိုးကိုခံခဲ့ရပါသည်။ သို့ရာတွင် ခရစ်တော်သည်ရှုံးနိမ့်တော်မမူခဲ့ချေ။ ကိုယ်တော်သည် နှုတ်တော်မှစ ကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ထိုအပြုအမူအားဖြင့် ဘုရားသခင်၏ ဘုန်း တော်ကိုထင်ရှားစေခဲ့ပါသည်။ တရားခွင်တွင် ကိုယ်တော်ရှင်ရင်ဆိုင်ခဲ့ရသော မနှစ် မြို့ဖွယ်သောပြက်ရယ်ပြုမှုများကို သိက္ခာရှိရှိနှင့်ခိုင်ခိုင်မြဲမြဲ သည်းခံတော်မူခဲ့ပါသည်။ သို့ရာတွင် ဒုတိယအကြိမ် ကြိမ်ဒဏ်ပေးပြီးသည့်အချိန်တွင် ကပ်တိုင်ကိုအထမ်းခိုင်း သောအခါ ကိုယ်တော်၏လူသားဇာတိသည် ဆက်လက်၍ခံနိုင်စွမ်းမရှိတော့ပြီ။ လေး လံသောကပ်တိုင်ကြီးအောက်တွင် အားချည့်နဲ့ကာလဲကျသွားခဲ့ပါသည်။

         နောက်မှလိုက်လာကြသောလူအုပ်ကြီးသည် ယိုင်တိယိုင်တိုင်ဖြင့် အင်အား ချည့်နဲ့စွာလျှောက်လှမ်းနေသော ခရစ်တော်ကိုမြင်တွေ့ခဲ့ကြသော်လည်း ကရုဏာ သက်ကြောင်းမဖော်ပြခဲ့ကြချေ။ ကိုယ်တော်သည် လေးလံသောထို ကပ်တိုင်ကြီးကို မထမ်းနိုင်တော့သဖြင့် သူတို့သည် ခနဲ့တဲ့တဲ့စကားများကိုပြောကာ ဆဲရေးခဲ့ကြပါ သည်။ နောက်တစ်ဖန်ကပ်တိုင်ကြီးကို ပခုံးတော်ထက်ဝယ် တင်ပေးလိုက်ရာ တစ်ခါ ထပ်၍မြေကြီးပေါ်သို့ လဲကျသွားပြန်ပါသည်။ ကိုယ်တော်သည် ဤဝန်ကိုဆက်၍ ထမ်းဖို့မလွယ်တော့ကြောင်း ထိုသူများသိရှိလာခဲ့ကြသော်လည်း ထိုကဲ့သို့သော အ သရေယုတ်သည့် အရာတစ်ခုအားထမ်းပေးမည့်သူကို ရှာဖို့အကျပ်ရိုက်နေကြပါ သည်။ ယုဒများသည် ဤကဲ့သို့ထမ်းသော ကပ်တိုင်ကိုထမ်းလိုသဖြင့် ညစ်ညူးမှုရှိ သွားလျှင် ပသခါပွဲကိုဝင်ခွင့်ရကြတော့ မည်မဟုတ်ချေ။ နောက်တော်ပါးမှ လိုက်လာ သောလူအုပ်ထဲမှ မည်သူတစ်ဦး တစ်ယောက်မျှထိုကပ်တိုင်ကိုထမ်းခြင်းငှာ အောက် ကျမခံလိုကြချေ။

         ထိုအခိုက်တွင် ထိုနေရာသို့ရောက်ရှိလာသော ကုရေနေပြည်သားရှိမုန် သည် ထိုလူအုပ်ကြီးနှင့် တွေ့ဆုံပါတော့သည်။ ခနဲ့တဲ့တဲ့ပြောသောစကားသံများနှင့် အယုတ္တအနတ္တစကားများကို သူကြားလိုက်ရပါသည်။ ယုဒဘုရင်ကြီးအတွက် လမ်း ဖယ်ပေးပါဦးဟူသော စက်ဆုပ်ရွံရှာဖွယ်သောစကားများကိုလည်း ထပ်ခါတလဲလဲ ကြားနေရပါသည်။ သူသည်ထိုမြင်ကွင်းကြောင့်အံ့အား သင့်စွာဖြင့်ရပ်နေမိပါသည်။ သူသည်ကရုဏာသက်ကြောင်း ဖော်ပြလိုက်သဖြင့် ထိုသူများသည်သူ့ကိုဖမ်း၍ ကပ် တိုင်အထမ်းခိုင်းပါတော့သည်။

         ရှိမုန်သည် ခရစ်တော်အကြောင်းကိုကြားခဲ့ဖူးပါသည်။ သူကိုယ်တိုင် ယုံ ကြည်သူတစ်ဦးမဖြစ်သေးသော်လည်း သူ၏သားများသည် ခရစ်တော်အားယုံကြည် သော သူများဖြစ်ကြပါသည်။ ထိုကပ်တိုင်ကို ကရာနီသို့ရောက်သည်အထိ ထမ်းပို့ ခဲ့ရခြင်းသည် ရှိမုန်အတွက်မင်္ဂလာတစ်ပါးဖြစ်ခဲ့ပါသည်။ ဤကဲ့သို့လုပ်ဆောင်ခွင့်ရခဲ့ သည့်အတွက် သူသည်နောင်ပိုင်းအချိန်များ၌အမြဲတမ်း ကျေးဇူးတင်ဝမ်းမြောက်ခဲ့ ပါသည်။ သူ့အားမိမိသဘောအတိုင်း ခရစ်တော်၏ကပ်တိုင်ကို မိမိပခုံးထက်ဝယ်ယူ တင်ထမ်းရွက်စေခဲ့ပြီး ထိုကပ်တိုင်၏အောက်တွင် သူသည်ကျေနပ်နှစ်သိမ့်စွာဖြင့် မားမားမတ်မတ်ရပ်တည်ခဲ့ပါသည်။

         အမျိုးသမီးအရေအတွက်အတော်များများသည် သေဒဏ်စီရင်ခြင်းခံရ သော ကိုယ်တော်၏နောက်မှလိုက်လာကြသည့် လူအုပ်ကြီးထဲတွင်ပါဝင်ခဲ့ကြပါ သည်။ သူတို့သည်ခရစ်တော်အား အာရုံစူးစိုက်ပြီးကြည့်နေခဲ့ကြပါသည်။ သူတို့အ ထဲမှအချို့တို့သည် ကိုယ်တော်အားဖူးခဲ့ကြပါသည်။ အချို့ မှာ၎င်းတို့၏လူနာများကို ကိုယ်တော်ထံသို့ယူဆောင်ခဲ့ဖူးကြပါသည်။ ထိုကြောင့် ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံ ကိုပြန်လည်ဖောက်သည်ချနေကြပါသည်။ မိမိတို့၏စိတ်နှလုံးများတွင်နူးညွတ်ကာ ကရုဏာသက်နေသည့် ကိုယ်တော်အပေါ်ထားရှိသည့်လူအုပ်ကြီး၏ မုန်းတီးမှုများ ကိုတွေ့ရသဖြင့် သူတို့အံ့ဩခဲ့ ကြရပါသည်။

         ၎င်းပြင် စိတ်ရူးပေါက်နေသောလူအုပ်ကြီး၏အပြုအမူများနှင့် ယဇ်ပုရော ဟိတ်များ၏ စိတ်ဆိုးမာန်ဆိုးပြောဆိုနေသည့် စကားများကိုမြင်ရကြားရသော်ငြား လည်း၊ ဤအမျိုးသမီးများသည် မိမိတို့၏ကရုဏာသက်မှုကိုဖော်ပြခဲ့ကြပါသည်။ သခင်ယေရှုသည်အားအင်ချည့်နဲ့စွာဖြင့် မြေကြီးပေါ်သို့လဲကျသွား သောအချိန်တွင် ဤအမျိုးသမီးများသည် ဝမ်းနည်းပက်လက်ဖြစ်ကာ ငိုကြွေးခဲ့ကြပါသည်။

         ခရစ်တော်သည် ဤမြင်ကွင်းတစ်ခုကိုသာသတိထားခဲ့မိပါသည်။ ဤ လောက၏အပြစ်များကိုယူတင်ဝတ်ဆောင်ထားရစဉ်၊ ဒုက္ခဝေဒနာများကို အကြီး အကျယ်ခံစားနေရစဉ်မှာပင် ကိုယ်တော်သည် ပူဆွေးမှုများကိုဖော်ပြကြသည့် ၎င်း တို့အား ကရုဏာမပြုဘဲနေတော်မမူခဲ့ချေ။ ထိုအမျိုးသမီးများသည် ယုံကြည်သူများ မဟုတ်ကြပါ။ ကိုယ်တော်အတွက်သူတို့ငိုကြွေးနေခြင်းမှာ ကိုယ်တော်သည် ဘုရား သခင်စေလွှတ်တော်မူသည့် သူတစ်ဦးဖြစ်သည်ဟူသော အသိစိတ်ကြောင့်မဟုတ် ဘဲ၊ လူသားချင်းစာနာသောခံစားချက်ကြောင့် ငိုကြွေးကြခြင်းဖြစ်ပါသည်။ ကိုယ် တော်သည် သူတို့ပြသောကရုဏာသက်မှုအတွက် အထင်အမြင်သေးတော်မူခဲ့ သည့်ပြင် သူတို့အားပို၍ပင် ကရုဏာသက်တော်မူခဲ့သဖြင့်၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့်ငိုကြွေးကြလော့ဟု မိန့် တော်မူခဲ့၏။ မိမိရှေ့တွင်ဖြစ်ပျက်နေသောမြင်ကွင်းမှသည် ယေရုရှလင်မြို့ကြီးပျက် စီးမည့်မြင်ကွင်းအထိဆန့်၍ ခရစ်တော်ကြည့်တော်မူခဲ့ပါသည်။ အနာဂတ်၏ ကြောက်စရာမြင်ကွင်းထဲတွင် ကိုယ်တော်မြင်တွေ့တော်မူရသည်မှာ ယခုငိုကြွေးနေ သောအမျိုးသမီး များထဲမှ တချို့တို့သည် ၎င်းတို့၏သားများနှင့်အတူ ထိုအချိန်တွင် ပျက်စီး သေဆုံးကုန်သည့်မြင်ကွင်းပင်ဖြစ်ပါသည်။

         ကိုယ်တော်ရှင်၏အတွေးများသည် ယေရုရှလင်မြို့ကြီးပျက်စီးသွားသည်မှ တရားစီရင်သောနေ့ရက်ကြီးတိုင်အောင် ရောက်ရှိသွားခဲ့ပါသည်။ နောင်တမရသော ထိုမြို့ကိုဖျက်ဆီးခြင်းအရာသည် ဤကမ္ဘာပေါ်တွင်ကျရောက်လာမည့် နောက်ဆုံး သော ဖျက်ဆီးခြင်း၏အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်ခဲ့ပါ သည်။ ]]ထိုအခါသူတို့သည် အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျပါ။ အိုကုန်းများ တို့၊ ငါတို့ကိုဖုံးအုပ်ကြပါဟုခေါ်ကြလိမ့်မည်။ အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင် ခြောက်သောအပင်များ ၌အဘယ်သို့ဖြစ်လိမ့်မည်နည်းဟု ကိုယ် တော်မိန့်တော်မူ၏။ ခရစ်တော်သည် စိမ်းသောအပင်ကို အပြစ်ကင်းသော ကယ် တင်ရှင်ဖြစ်သည့် မိမိကိုယ်တိုင်နှင့် ပုံဆောင်ထားပါသည်။ ဘုရားသခင်သည် ပညတ် တော်ကိုလွန်ကျူးသော  လူသားများခံရမည့် မိမိ၏အမျက်တော်ကို သားတော်အ ပေါ်သို့သွန်းလောင်း တော်မူခဲ့ပါသည်။ ခရစ်တော်သည် လူသားများကျူးလွန်သော အပြစ်ဒုစရိုက်များအတွက် ကပ်တိုင်အတင်ခံခဲ့ရပါသည်။ အပြစ်တွင်ဆက်လက်နစ် မျော နေသောအပြစ်သားသည် မည်သည့်ဒုက္ခဝေဒနာများကိုခံစားရလိမ့်မည်နည်း။ နောင်တမရသောသူများနှင့်ကိုယ်တော်ကိုမယုံကြည်သောသူများသည် နှုတ်အား ဖြင့်မဖော်ပြနိုင်လောက်အောင် ဆိုးယုတ်သည့်ဝမ်းနည်းကြေကွဲမှုတစ်ခုနှင့် ရင်ဆိုင် ကြရလိမ့်မည်။

         ကရာနီသို့အသွား ခရစ်တော်၏နောက်မှ လိုက်ပါလာသောလူအုပ်ကြီးထဲမှ များစွာသောသူများသည် ယေရုရှလင်မြို့ထဲသို့မြည်းကလေးကိုစီး၍ အောင်ပွဲဆင် သည့်အနေဖြင့် ခရစ်တော်ဝင်ရောက်လာစဉ်က ဟောရှဏ္ဏဟု ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ကြွေးကြော်ကာ စွန်ပလွံခက်များကိုဝှေ့ယမ်းခဲ့ ကြသူများဖြစ်ကြပါသည်။ ထိုအချိန်က ခေတ်၏ရေစီးကြောင်းကိုလိုက်ကာ ကိုယ်တော်အားကောင်းချီးဩဘာ ပေးခဲ့သူများသည် ယခုအချိန်တွင်သူ့ကို ကပ်တိုင်တင်ပါ၊ သူ့ကိုကပ်တိုင်တင်ပါဟု အော်ဟစ်နေကြပါသည်။ ခရစ်တော် သည်မြည်းကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်ခဲ့ စဉ်က တပည့်တော်များ၏မျှော်လင့်ခြင်းသည် အထွတ်အထိပ်သို့ရောက်ခဲ့ပါသည်။ ကိုယ်တော်ရှင်နှင့် ရင်းနှီးစွာဆက်ဆံခြင်းသည် ကြီးမြတ်သောအသရေ တင့်တယ်မှု တစ်ခုဖြစ်သည်ဟုထင်ကာ ကိုယ်တော့်အပါးသို့တိုးဝင်ချဉ်းကပ်ခဲ့ကြပါသည်။ သို့ရာ တွင် ကိုယ်တော်ရှင်ဒုက္ခရောက်နေသောယခုအချိန်တွင်မူ သူတို့သည်ကိုယ်တော်နှင့် ခပ်လှမ်းလှမ်းမှလိုက်လာခဲ့ကြပါသည်။ သူတို့သည်စိတ်ပျက်ဝမ်းနည်းပြီး စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းငုံ့ထားကြပါသည်။ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲ လွင့်ရကြမည်ဟုရေးထားသည်နှင့်အညီ ယနေ့ညတွင်သင်တို့ရှိ သမျှသည် ငါ့ ကြောင့်စိတ်ပျက်ကြလိမ့်မည်ဟူသော ခရစ်တော်၏ဖွင့်ဆိုချက်သည် မည်မျှမှန်ကန် လိုက်ပါသနည်း။ မဿဲ ၂၆း၃၁။

         ကွပ်မျက်မည့်နေရာသို့ ရောက်သောအခါ ထိုအကျဉ်းသားများကို ကပ်တိုင် တွင်ကပ်၍သံနှင့်ရိုက်ကြပါသည်။ သူခိုးနှစ်ဦးမှာမိမိတို့အား ကပ်တိုင်တွင်သံနှင့်ရိုက် နေသူများ၏လက်ထဲမှ လွတ်မြောက်ရန် ရုန်းကန်နေကြပါသည်။ ခရစ်တော်မှာမူ ရုန်းကန်တွန်းလှန်မှုတစ်စုံတစ်ခုမျှ ပြုတော်မမူခဲ့ချေ။ သခင်ဘုရား၏မယ်တော်သည် လည်း ချစ်သားယောဟန်၏ အကူအညီဖြင့်ကရာနီကုန်းသို့ လိုက်လာခဲ့ပါသည်။ ကိုယ်တော်သည် ကပ်တိုင်၏ဝန်အလေးကြီးအောက်တွင် မောဟိုက်နွမ်းလျနေ ကြောင်းကိုသူမမြင်သောအခါ ဒဏ်ရာများနှင့် ပြည့်၀နေသောခေါင်းတော်ကို မိမိ၏ လက်ကလေးဖြင့်ဖေးမပေးလိုလှပါသည်။ တစ်ချိန်က မိမိ၏ရင်ခွင်ထက်ဝယ် မှေး စက်တော်မူခဲ့သော သားတော်၏ နဖူးမှယိုထွက်နေသောသွေးစများကိုလည်း သုတ် ပေးလိုလှပါသည်။ သို့ရာတွင်သူမသည် ထိုသို့ပြုစုခွင့်မရခဲ့ပါချေ။ ကိုယ်တော်သည် မိမိတန်ခိုးတော်ကိုပြ၍ ရန်သူများလက်မှမိမိကိုယ်ကို လွတ်မြောက်အောင်ရုန်းထွက် တော်မူလိမ့်မည်ဟု သူမသည်တပည့်တော်များနှင့်အတူ မျှော်လင့်ထားဆဲဖြစ်ပါ သည်။ သို့ရာတွင် ထိုစဉ်ကဖြစ်ပျက်လျက်ရှိသော အရာများအကြောင်းနှင့် ပတ် သက်၍ ကြိုတင်မိန့်မြွက်ခဲ့သော စကားများကိုပြန်လည်သတိရလာသောအခါ သူမ သည် စိတ်နှလုံးကြေကွဲခဲ့ရပါသည်။ ထိုသူခိုးများကိုကပ်တိုင်တွင်ရိုက်ခတ်နေကြစဉ် သူမ၏စိတ်ထဲတွင်ဖြစ်ပေါ်လာသော မေးခွန်းများမှာ လူသေများကိုရှင်ပြန်ထမြောက် စေခဲ့သည့်သားတော်သည် ကပ်တိုင်အတင်ခံတော့မှာလား၊ ဘုရားသခင်၏သား တော်သည် ထိုကဲ့သို့နည်းမျိုးဖြင့် ရက်စက်စွာအသတ်ခံတော့မှာလား။ ခရစ်တော် သည် မေရှိယဖြစ်သည်ဟူသော မိမိ၏ယုံကြည်ခြင်းကို စွန့်လွှတ်ရတော့မှာလား။ ကိုယ်တော်ခံစားနေရသော အရှက်တကွဲအကျိုးနည်းခြင်းကိုဖြစ်စေမည့် ဝမ်းနည်း ဖွယ်အဖြစ်ကိုဘာမျှ ကူညီခွင့်မရဘဲ ဤကဲ့သို့ပင် ကြည့်နေရတော့မှာလားဟူ၍ ဟူ၍ ဖြစ်ပါသည်။ ကိုယ်တော်၏လက်များကို ကပ်တိုင်၌ကပ်၍ဖြန့်စေပြီး အသားတော်ထဲ သို့ သံများဖြင့်ရိုက်သွင်းနေကြပါသည်။ သံချွန်များသည် အသားတော်ကိုဖောက် ထွင်းသွားစဉ် စိတ်နှလုံးထိခိုက်နေသော တမန်တော်များသည် အားအင်ချည့်နဲ့နေ သောမယ်တော်ကို ထိုမြင်ကွင်း မှဝေးရာသို့ ခေါ်ဆောင်သွားခဲ့ကြပါသည်။

         ကယ်တင်ရှင်သည် လုံး၀ညည်းညူတော်မမူဘဲ မျက်နှာတော်သည် ဆက် လက်တည်ငြိမ်အေးချမ်းဆဲဖြစ်ပါသည်။ သို့သော် နဖူးတော်မှချွေးသီး ချွေးပေါက်ကြီး များကျဆင်းလာခဲ့ပါသည်။ ကိုယ်တော်၏မျက်နှာပေါ်မှ ဇောချွေးများကိုသုတ်ပေး မည့် ကြင်နာယုယသော လက်တစ်ချောင်းတစ်လေမျှမရှိခဲ့ပါချေ။ ကိုယ်တော်၏

နှလုံးတော်အားဖြေသိမ့်မှုပေးရန် ကရုဏာစကားများနှင့် သစ္စာစကားများကို ပြောပေး မည့်သူတစ်စုံတစ်ဦးမျှမရှိခဲ့ပါတကား။ ထိုရောမစစ်သားများသည် မိမိအားအဆုံးစီ ရင်မည့် လုပ်ငန်းကိုလုပ်ဆောင်နေကြစဉ် ယေရှုက အိုအဖ၊ သူတို့၏အပြစ်ကိုခွင့် လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြဟု ထိုသူများအတွက် ဆု တောင်းပေးခဲ့ပါသည်။ ခရစ်တော်သည် မိမိခံစားနေရသောဝေဒနာအတွက် စိတ်မပူ ဘဲ မိမိအားနှိပ်စက်ကလူပြုနေသူများ၏ အပြစ်များနှင့် သူတို့ခံရမည့် အပြစ်ဒဏ်များ အတွက် စိတ် နှလုံးပူပန်တော်မူခဲ့ပါသည်။ မိမိအားကြမ်းတမ်းစွာကပ်တိုင်တင်နေ သော ရောမစစ်သားများအားဒုက္ခရောက်စေရန် မည်သည့်ကျိန်ဆိုမှုမျိုးကိုမျှပြုလုပ် တော်မမူခဲ့ချေ။ မိမိတို့အကြံအောင်သွားသဖြင့် တိတ်တဆိတ်ပီတိဖြစ်နေကြသော ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများအားလည်း လက်စားချေပေး တော်မူပါရန် ဘုရားသခင်ထံ၌တစ်စုံတစ်ရာမတောင်းခံခဲ့ချေ။  ခရစ်တော်သည် ၎င်းတို့၏အသိအလိမ္မာမရှိမှုနှင့် ၎င်းတို့ပြုခဲ့သောဒုစရိုက်များအတွက် ၎င်းတို့အား သနားတော်မူခဲ့ပါသည်။ ၎င်းတို့အားအပြစ်ခွင့်လွှတ်ရန် ကိုယ်တော်ပြုခဲ့သောတစ်ခု တည်းသောလျှောက်လဲချက်မှာ သူတို့သည်ကိုယ်ပြု သောအမှုကိုမသိကြဟူ၍ဖြစ်ပါ သည်။

         မိမိတို့နှိပ်စက်ညှဉ်းဆဲနေသောပုဂ္ဂိုလ်သည် ဒုစရိုက်နွံတွင်နစ်နေသော လူ သားမျိုးနွယ်စုတစ်ခုလုံးအား ထာ၀ရပျက်စီးခြင်းမှကယ်တင်ရန် ကြွလာသောသူဖြစ် ကြောင်းသိရှိခဲ့လျှင် သူတို့သည်သံဝေဂတရားရစရာလိုကြလိမ့် မည်မဟုတ်ချေ။ ကြောက်ရွံ့တုန်လှုပ် ခဲ့ကြလိမ့်မည်မဟုတ်ချေ။ ခရစ်တော်သည် မိမိတို့၏ကယ်တင် ရှင်ဖြစ်ကြောင်းသိရှိခွင့်၊ လက်ခံနိုင်ခွင့်ရရှိကြသောကြောင့် ၎င်းတို့၏အသိပညာ ကင်းမဲ့မှုသည် ၎င်းတို့၏ ဒုစရိုက်အပြစ်ကိုမဖယ်ရှားနိုင်ခဲ့ချေ။ ထိုသူများထဲမှအချို့ သည် ထိုအချိန်တွင်မိမိတို့၏အပြစ်ကို ပြန်လည်မြင်တွေ့လာကာနောင်တရပြီး၊ ပြောင်းလဲလာခဲ့ပါသည်။ နောင်တမရသောသူတချို့က ၎င်းတို့အတွက် ခရစ်တော် ပြုခဲ့သောဆုတောင်းချက်ကို အထမမြောက်အောင်လုပ်ဆောင်ခဲ့ကြပါသည်။ သို့ရာ တွင် ဘုရားသခင်၏ အကြံအစည်တော်သည် အထွတ်အထိပ်သို့ရောက်ခဲ့ပါသည်။ အဖခမည်းတော် ဘုရား၏ရှေ့တော်မှောက်တွင် လူသားများအတွက် ဖျန်ဖြေသူ တစ်ပါးဖြစ်လာ ရန် ခရစ်တော်သည် ထိုလုပ်ပိုင်ခွင့်ကိုအသုံးပြုထိုက်တော်မူပါသည်။

         မိမိတို့အားရန်မူသူများအတွက် ပြုတော်မူခဲ့သောခရစ်တော်၏ ဆုတောင်း ချက်သည် လောကီသားများအားလုံးနှင့်လည်း ပတ်သက်ပါသည်။ ဤဆုတောင်း ချက်သည် ကမ္ဘာဦးအစမှသည်ကမ္ဘာဆုံးသည့်တိုင်အောင် မိမိတို့၏သက်တမ်းအ ငန်းအတာအလိုက် အသက်ရှင်နေထိုင်ခဲ့ကြသော သူအားလုံးကို အကျုံးဝင်စေခဲ့ပါ သည်။ သားတော်ဘုရားကို ကပ်တိုင်တင်၍သတ်ခြင်းအမှုသည် လူသားအားလုံးအ ပေါ်တွင် ကျရောက်လျက်ရှိပါသည်။ သို့ပါ၍ အပြစ်လွှတ်ခြင်းအခွင့်ကိုလည်း လူ တိုင်းအားအကြွင်းမဲ့ ပေးတော်မူလျက်ရှိပါသည်။ အလိုရှိသောသူတိုင်းသည် ဘုရား သခင်နှင့်ရန်ငြိမ်းမှုကိုရရှိနိုင်ပြီး၊ ထာ၀ရအသက် ကိုအမွေခံခွင့်ရနိုင်ကြပါသည်။

         ခရစ်တော်ကို ကပ်တိုင်တွင်ကပ်၍ သံချွန်များနှင့်ရိုက်ကြပြီးနောက် လူ သန်ကြီးများသည် ထိုကပ်တိုင်ကိုထူလိုက်ကာ ပြင်ဆင်ထားသောတွင်းထဲသို့ကြမ်း တမ်းစွာ ဆောင့်ထည့်လိုက်ကြပါသည်။ ဤသို့လုပ်ဆောင်နေခြင်းသည် သားတော် ဘုရားအား နာကျင်မှုဝေဒနာကို ပြင်းထန်စွာခံစားစေပါသည်။ ထိုနောက်ပိလတ်မင်း သည် ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ လက်တင် ဘာသာများဖြင့်ကမ္ဗည်းရေးထိုး ကာ ဦးခေါင်းတော်အထက်နားရှိ ကပ်တိုင်ထိပ်တွင် ရိုက်ထားလိုက်ပါသည်။ ထို ကမ္ပည်းကို ]]ယုဒရှင်ဘုရင်နာဇရက်မြို့သားယေရှု}} ဟူ၍ရေးသားထားပါသည်။ ထို ကမ္ပည်းသည် ယုဒလူများအားစိတ်ဆိုးစေခဲ့ ပါသည်။ ထိုကြောင့်သူတို့သည် ပိလတ် မင်း၏နန်းတော်ဝင်းအတွင်းသို့သွား၍ ထိုသူကိုလက်ဝါးကပ်တိုင်မှာရိုက်ပါ။ ကဲသာ ဘုရင်မှတစ်ပါးအဘယ်ရှင် ဘုရင်မျှမရှိဟု အော်ဟစ်ခဲ့ကြပါသည်။ ယောဟန် ၁၉း ၁၅။ မည်သူမဆို အခြားသောဘုရင်ကိုအသိအမှတ်ပြုပါလျှင် သစ္စာဖောက်ဟု မှတ် ယူခြင်းခံရလိမ့်မည်ဟုလည်း သူတို့ကြွေးကြော်ခဲ့ကြပါသည်။ ပိလတ်မင်းသည် သူ ဖွင့်ဟ သောခံစားချက်များကို ပြည့်ပြည့်စုံစုံရေးသားထားပါသည်။ သခင်ယေရှုသည် ယုဒရှင်ဘုရင်ဖြစ်သည်ဟူသောအချက်မှလွဲ၍ မည်သည့်ထိမိလဲစရာကိုမျှသူ မပြော မဆိုခဲ့ချေ။ ထိုကမ္ပည်းက ရောမအစိုးရအပေါ်ထားရှိရမည့် ယုဒများ၏ သစ္စာစောင့် သိမှုအတွက် အကျိုးသက်ရောက်သော အသိအမှတ်ပြုချက်တစ်ရပ် ဖြစ်ပါသည်။ မည်သူမဆိုမိမိကိုယ်ကို ယုဒရှင်ဘုရင်ဟုကြေညာလျှင် သေဒဏ် စီရင်ခြင်းခံရ လိမ့်မည်ဖြစ်ကြောင်း ထိုကမ္ပည်းကဖွင့်ဆိုနေပါသည်။ ထိုယဇ်ပုရောဟိတ်များသည် ကိုယ့်ကိုကိုယ်မလိမ့်တပတ် လုပ်ခဲ့ကြပါသည်။ ယုဒလူများသည် ကိုယ်တော်အားအ ဆုံးစီရင်ဖို့ကြိုးစားကြံစည်နေသောအချိန်တွင် ကယာဖကတစ်မျိုးသားလုံးကို ကယ် တင်ရန် သူတစ်ဦးအသေခံခြင်းသည် လျော်ကန်သင့်မြတ်လှပါသည်ဟုပြောဆိုခဲ့၏။ ယခုတွင် ၎င်းတို့၏ဟန်ဆောင် လျှို့ဝှက်မှုများသည်ထင်ရှားခဲ့လေပြီ။ သူတို့သည် ခရစ်တော်ကိုအဆုံးစီရင် နိုင်စေရန်အလိုငှာ တစ်နိုင်ငံလုံးကိုစတေးဖို့ အသင့်အနေ အထားတွင်ရှိနေကြ ပါသည်။

         ထိုသူများ၏လုပ်ကိုင်ဆောင်ရွက်မှုများကို ယဇ်ပုရောဟိတ်များက မြင် တွေ့ကာ ထိုကမ္ပည်းကိုစာသားပြောင်းပေးရန် ပိလတ်မင်းအားတောင်းခံခဲ့ကြပါ သည်။ ]]ယုဒဘုရင်ဟုမရေးပါနှင့်။ ငါသည်ယုဒဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးပါ}} ဟု သူတို့ကဆိုကြ၏။ သို့သော် ပိလတ်မင်းသည် မိမိအားနည်းချက်များ ကြောင့် ကိုယ့်ကိုကိုယ်ဒေါသဖြစ်နေသဖြင့် ထိုယဇ်ပုရောဟိတ်များ၏ အကြံပြု တောင်းဆိုချက်ကိုလုံးလုံးဂရုမထားဘဲ ငါရေးပြီးသော အရာကိုငါရေးပြီဟုပြန်ဆိုခဲ့ပါ သည်။

         ပိလတ်မင်းနှင့် ထိုယုဒလူများထက် တန်ခိုးအာဏာကြီးမြတ်သူ တစ်ပါးက ထိုကမ္ပည်းကိုခရစ်တော်၏ ဦးခေါင်းအထက်တွင်ကပ်ရန် ညွှန်ကြားတော်မူခဲ့ပါသည်။ ဘုရားသခင်၏အစီအမံကြောင့် ထိုကဲ့သို့ကမ္ပည်းကပ်ထားခြင်းသည် စိတ်နှလုံးကိုနိုး ကြားစေ၍ သမ္မာကျမ်းစာကိုစူးစမ်းလေ့လာမှုကိုလည်း ပြုလုပ်စေခဲ့ပါသည်။ ခရစ် တော်အား ကပ်တိုင်တင်သောနေရာသည် ယေရုရှလင်မြို့၏ အနီးအနားမှာပင်ဖြစ် ပါသည်။ ထိုအချိန်အခါတွင် ထောင်ပေါင်းများစွာသောလူများသည် ယေရုရှလင်မြို့ တွင်စုရုံးနေကြရာ နာဇရက်မြို့သားယေရှုသည် မေရှိယဖြစ်ကြောင်းဖော်ပြထား သော ထိုကမ္ပည်းကို သတိထားမိခဲ့ကြပါလိမ့်မည်။ ထိုအရာသည် ဘုရားသခင်၏ လမ်းပြခြင်းခံရသော လက်တစ်ချောင်းကရေးသားထားသည့် အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သောသမ္မာ တရားတစ်ခုဖြစ်ပါသည်။

         ကပ်တိုင်ပေါ်တွင် ကိုယ်တော်ရှင်ခံစားခဲ့ရသော ဝေဒနာများတွင် အနာ ဂတ္တိစကားများသည် ပြည့်စုံလျက်ရှိပါသည်။ မိမိခံစားရမည့်ဒုက္ခဆင်းရဲခြင်းများအ ကြောင်းကို ကပ်တိုင်အတင်မခံရမီ ရာစုနှစ်ပေါင်းများစွာကတည်းက ကိုယ်တော် မိန့်တော်မူထားသည်မှာ ခွေးတို့သည်အကျွန်ုပ်ကို ဝိုင်းလျက်စုဝေးသော လူဆိုးတို့ သည်ဝန်းရံလျက်နေ၍ အကျွန်ုပ်၏လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ။ ကိုယ်အရိုးရှိ သမျှတို့ကိုအကျွန်ုပ်ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့် မြင်၍အားရ လျက်နေကြပါသည်ဟူ၍ဖြစ်၏။ ဆာလံ ၂၂း၁၆-၁၈။ ကိုယ်တော်ဝတ်ရုံနှင့်ပတ် သက်သည့် အနာဂတ္တိစကားများကိုမူ ကိုယ်တော်၏ရန်သူများ ထံမှလည်းကောင်း၊ မိတ်ဆွေများထံမှလည်းကောင်း မည်သည့်အကြံပေးမှုကြားဝင်စွက်ဖက်မှု တစ်စုံ တစ်ရာမရှိဘဲ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြပါသည်။ ကိုယ်တော်၏ ဝတ်ရုံ တော်ကို ကိုယ်တော်အားကပ်တိုင်တင်ခဲ့ကြသည့် ရောမစစ်သားများအား ပေးခဲ့ကြပါ သည်။ ဝတ်ရုံတော်ကိုတစ်ပိုင်း စီပိုင်း၍ယူကြရန် သူတို့ငြင်းခုံပြောဆိုနေသံကို ကိုယ် တော်ကြားခဲ့ရပါသည်။ သို့ရာတွင် ထိုဝတ်ရုံတော်သည် ချုပ်ရိုးမရှိသည့်တစ်စပ် တည်းရက်လုပ်ထား သောဝတ်ရုံဖြစ်သောကြောင့် အင်္ကျီကိုမဆုတ်ကြနှင့်၊ အ ဘယ်သူယူရမည် ကိုစာရေးတံချကြကုန်အံ့ဟုအချင်းချင်းပြောဆိုခဲ့ကြ၏။

         ကျမ်းစာ၏အခြားတစ်နေရာ၌ ကိုယ်တော်ရှင်မိန့်တော်မူထားသည် မှာ ကဲ့ ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသောသူ ကိုကြည့်၍မမြင်၊ သက်သာစေသောသူကိုရှာ၍မတွေ့ရပါ။ အကျွန်ုပ် စားစရာဖို့ဆေး ခါးကိုကျွေးကြပါ၏။ ရေငတ်သောအခါပုံးရည်ကိုတိုက်ကြပါ၏ဟူ၍ဖြစ်၏။ ဆာလံ ၆၉း၂၀-၂၁။ ကပ်တိုင်တင်၍အသတ်ခံရမည့်သူများ အား နာကျင်မှုသက်သာစေရန် ထုံထိုင်းစေသောအရည်များကိုတိုက်ခွင့်ပြုထား ပါသည်။ ထိုကြောင့် ထိုအရည်မျိုး ကိုခရစ်တော်အားတိုက်ကျွေးကြရာ ကိုယ်တော်သည်မြည်းစမ်းကြည့်ပြီး သောက်ရန် ငြင်းဆန်တော်မူခဲ့ပါသည်။  စိတ်ကိုအမှောင်လွှမ်းစေမည့် မည်သည့်အရာကိုမျှ ကိုယ်တော်သုံးဆောင်လိမ့်မည် မဟုတ်ချေ။ ကိုယ်တော်သည် မိမိ၏ယုံကြည်ကိုးစား မှုကို ဘုရားသခင်၌သာ အစဉ်စွဲမြဲထားခဲ့ပါသည်။ ဤလုပ်ဆောင်မှုသည်သာ ကိုယ် တော့်အတွက် တန်ခိုးခွန်အားဖြစ်ပါသည်။ အသိဥာဏ်များကိုမှောင်မိုက်ဖုံးလွှမ်း အောင်လုပ်ခြင်းသည် စာတန်အားအခွင့်သာအောင်လုပ်ဆောင်ပေးခြင်းသာဖြစ် ပါလိမ့်မည်။

         ကိုယ်တော်သည် ကပ်တိုင်ပေါ်တွင် အချိတ်ဆွဲခံထားရသောအချိန်၌ ကိုယ် တော်အားရန်သူများက ၎င်းတို့၏ပြင်းထန်သောဒေါသအမျက်များကို ထုတ်ဖော်ခဲ့ကြ ပါသည်။ ယဇ်ပုရောဟိတ်များ၊ ယုဒလူအကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ သည် လူအုပ်ကြီးနှင့်အတူရော၍ သေလုဆဲဆဲကိုယ်တော် အားပြောင်လှောင်သ ရော်ခဲ့ကြပါသည်။ နှစ်ခြင်းမင်္ဂလာကို ခံယူစဉ်အခါကတစ်ကြိမ်၊ အရောင်အဝါထွန်း တောက်စွာဖြင့် တောင်ပေါ်တွင်မောရှေ၊ ဧလိယတို့နှင့် တွေ့ဆုံစဉ်ကတစ်ကြိမ် ခရစ် တော်အားဘုရားသခင်၏ သားတော်ဖြစ်ကြောင်းဖွင့်ဟတော်မူသည့် ဘုရားသခင်၏ အသံကိုသူတို့ကြားခဲ့ဖူးပါသည်။ ခရစ်တော်အားမအပ်နှံမီကလေးတွင်လည်း ကိုယ် တော်၏ဘုရားဇာတိကို သက်သေခံလျက် အဖဘုရားသခင်ဖွင့်ဟခဲ့ပါသေးသည်။ သို့ ရာတွင်ယခုအချိန်တွင်မူ ကောင်းကင်နိုင်ငံမှ အသံတော်သည်တိတ်နေပါသည်။ ခရစ်တော်အား ထောက်ခံရန်ပြောဆိုသည့် အသံတစ်ခုကိုမျှ မကြားရတော့ချေ။ လူ ယုတ်မာများ၏ မတရားပြုကျင့်မှုများနှင့်ပြက်ရယ်ပြုမှုများကို ကိုယ်တော်တစ်ပါး တည်းခံစားနေရပါသည်။

         ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့။ ခရစ် တော်တည်းဟူသော ဘုရားသခင်ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကို ကယ် တင်ပါလေစေဟူ၍ သူတို့ပြက်ရယ်ပြုပြောဆိုခဲ့ကြ၏။ တောထဲတွင် စုံစမ်းနှောင့် ယှက်ခြင်းခံရစဉ်ကလည်း ကိုယ်တော်သည် ဘုရားသခင်၏သား တော်မှန်လျှင် ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှာအမိန့်ရှိတော်မူပါ” “ကိုယ်တော်သည် ဘုရား သခင်၏သားတော်မှန်လျှင် ဤဗိမာန်တော်အထွတ်မှ ကိုယ်ကိုအောက်သို့ ချလိုက် တော်မူပါဟုစာတန်ကပြောခဲ့ဖူးပါသည်။ မဿဲ၊ ၄း၃၊၆။ စာတန်နှင့်သူ၏နတ်ဆိုး များသည် လူယောင်ဆောင်၍ ထိုကပ်တိုင် အနားသို့ရောက်ရှိနေခဲ့ကြပါသည်။ ၎င်း တို့သည် ယဇ်ပုရောဟိတ်များတို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြပါသည်။ ကိုယ် တော်နှင့်ပတ်သက်၍ မမှန်သောသက်သေခံခြင်း များကို၎င်းတို့မပြုလုပ်မီအထိ ကိုယ်တော်အား တစ်ခါမျှမမြင်ဖူးခဲ့ကြသည့် လူအုပ်ကြီးထဲမှတချို့သည် ကိုယ် တော်အားစွဲချက်တင်လာအောင် ယုဒဆရာများကဆွပေးခဲ့ကြပါသည်။ ယဇ်ပုရော ဟိတ်များ၊ ယုဒလူအကြီးအကဲများနှင့် ဖာရိရှဲများသည် ဆိုးယုတ်သောကမူး ရှူး ထိုးလုပ်တတ်သည့် ဤဗရုတ်သုတ်ခလူအုပ်ကြီးနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါ သည်။ ဘာသာရေးခေါင်းဆောင်များသည် စာတန်နှင့်သူ၏ နတ်ဆိုးများအားပူးပေါင်း ခဲ့ကြပါသည်။ သူတို့ သည် စာတန်ခိုင်းစေသည့်အတိုင်းလုပ်ဆောင်နေကြပါသည်။

         ဤသူသည် သူတစ်ပါးတို့ကိုကယ်တင်တတ်၏။ ကိုယ်ကိုမကယ် တင်နိုင် ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှယခု ဆင်းပါလေစေ။ ဆင်းလျှင်ငါတို့ယုံကြည်ကြမည်ဟူ၍ယဇ်ပုရောဟိတ်များ ပြောဆိုနေသောစကား များကိုလည်း သေလုမြောပါးဒုက္ခဝေဒနာခံစားနေရသော သခင်ယေရှုသည် ကြား တော်မူခဲ့ပါသည်။ ခရစ်တော်သည်ကပ်တိုင်ထက်မှ ဆင်းလာချင်လျှင် ဆင်းလာနိုင် သည့် တန်ခိုးရှိပါသည်။ သို့ရာတွင် အပြစ်သားများသည် ဘုရားသခင်ထံမှမျှော်လင့် ခြင်း အခွင့်ရရှိစေရန်အလိုငှာ ကိုယ်တော်သည်မိမိကိုယ်ကို ကယ်တင်တော်မမူခဲ့ပါ။ အနာဂတ္တိစကားများကို နားလည်သည်ဟုပြောဆိုကြသောထိုသူများသည် ခရစ် တော်ကိုပြက်ရယ်ပြု ခြင်းအားဖြင့် ထိုအချိန်အခါမျိုးတွင်သူတို့ပြောကြလိမ့်မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဖော်ပြခဲ့သောစကားများကို ထပ်ခါတလဲလဲပြောဆိုနေ ကြပါသည်။ သို့ရာတွင် ဝိညာဉ်ရေးမှောင်မိုက်ကျမှုကြောင့် သူတို့သည်မိမိကိုယ်တိုင် ထို အနာဂတ္တိစကားများကို ပြည့်စုံစေလျက်ရှိကြောင်းမသိရှိကြချေ။ ထိုကြောင့် ပြက် ရယ်ပြုနေသောသူများက သူသည်ဘုရားသခင်ကိုကိုးစားပြီ၊ ငါသည်ဘုရားသခင် ၏ သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟုဆိုကြ၏။ မိမိတို့၏ သက်သေခံချက်များသည် ခေတ်အဆက်ဆက်မြည်ဟည်းသွားလိမ့်မည်ကို နည်းနည်းကလေးမျှ သူတို့မစဉ်း စားမိခဲ့ကြချေ။ သို့ရာတွင် ဤစကားများကို ပြက်ရယ်ပြုသည့်အနေဖြင့် ပြောဆိုခဲ့ကြ သော်လည်း လူသားများအားယခင်က နှင့်မတူ၊ တစ်မူထူးခြားစွာဖြင့် ကျမ်းစာကိုလေ့ လာချင်သောစိတ်များပေါက်ဖွား လာအောင် ဖန်တီးခဲ့ပါသည်။ ပညာရှိများသည် တရားတော်ကိုကြားနာခဲ့ကြပါသည်။ လေးနက်စွာလေ့လာရှာဖွေခဲ့ကြပါသည်။ ဆု တောင်းပတ္ထနာပြုခဲ့ကြ ပါသည်။ သူတို့သည် ခရစ်တော်၏လုပ်ဆောင်မှုများနှင့် ပတ် သက်၍ အနက်အဓိပ္ပါယ်ကိုမတွေ့မချင်း ကျမ်းပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ်နှိုင်းယှဉ်ကာ မနားမနေ လေ့လာခဲ့ကြပါသည်။ ခရစ်တော်ကိုကပ်တိုင်၌ချိတ်ဆွဲထားသည့် အချိန် ကမျှ ကိုယ်တော်အကြောင်းကိုကောင်းမွန်စွာ နားလည်သဘောပေါက်ခြင်းမရှိခဲ့ကြ ချေ။ ကပ်တိုင်အတင်ခံရမည့် မြင်ကွင်းကိုမြင်ခဲ့ရသူများနှင့် ကိုယ်တော်၏မိန့်မြွက် ချက်ကို ကြားခဲ့ရသောသူများ၏ စိတ်နှလုံးများထဲတွင် တရားတော်အလင်းသည် ထွန်းလင်းလျက်ရှိခဲ့ပါသည်။

         ကပ်တိုင်ပေါ်တွင် ပရိဒေ၀မီးတောက်လောင်နေသော ခရစ်တော်အတွက် နှစ်သိမ့်စရာဟူ၍တစ်ခုကိုသာတွေ့ခဲ့ရပါသည်။ ထိုအရာမှာ နောင်တ ရသောသူခိုး ကြီး၏ ဆုတောင်းချက်ပင်ဖြစ်ပါသည်။ ခရစ်တော်နှင့်အတူကပ်တိုင် အတင်ခံရမည့် သူခိုးကြီးနှစ်ယောက်စလုံးက အစပထမတွင်ပြောင်လှောင် သရော်ခဲ့ကြပါသည်။ တစ်ယောက်မှာမူ သူခံစားရသောဒုက္ခဝေဒနာကြောင့် ဒေါသအမျက်ခြောင်းခြောင်း ထွက်ကာ ကလန်ကဆန်လုပ်ခဲ့ပါသည်။ ကျန်တစ်ယောက်မှာမူထိုသို့မဟုတ်ပါ။ ဤ သူသည်မာကျောခက်ထန်သော ရာဇဝတ်သားတစ်ဦးမဟုတ်ချေ။ မကောင်းသော မိတ်ဆွေများကြောင့် လမ်းလွဲခဲ့ရသူ တစ်ဦးဖြစ်ပါသည်။ ခရစ်တော်အား နင်ပဲငဆ ပြောဆိုနေသော ကပ်တိုင်နားမှာ ရပ်နေကြသူများထဲမှ အတော်များများထက်လည်း၊ ဒုစရိုက်မှုနည်းပါးသူတစ်ဦး ဖြစ်ပါသည်။ သူသည်ခရစ်တော်ကိုမြင်ဖူးခဲ့ပြီး၊ ကိုယ် တော်ရှင်၏ သွန်သင်ချက်များကိုလည်း ကြားနာခဲ့ဖူးပါသည်။ ကိုယ်တော်ရှင်၏ သွန် သင်ချက်များကြောင့် အမှန်တရားကိုသိရှိလာခဲ့သော်လည်း ထိုယဇ်ပုရောဟိတ်များ နှင့် ယုဒအကြီးအကဲများ၏သွေးဆောင်မှုကြောင့် ကိုယ်တော်ရှင်အားကျောခိုင်းခဲ့ပါ သည်။ မိမိအသိစိတ်ကလေးထိမ်ဝှက်ထားရန်ကြိုးစားယင်း၊ အဖမ်းအဆီးခံရပြီး ရာဇ ဝတ်သားတစ်ဦးအဖြစ် အမှုစစ်ဆေးခြင်းခံရကာ ကပ်တိုင်တွင်သေဒဏ် ခံရန်အမိန့် ချမှတ်ခံရသည့်အခြေအထိ အပြစ်နွံတွင်ပို၍ပို၍သာနစ်ခဲ့ရပါတော့သည်။ တရားခွင် တွင်လည်းကောင်း၊ ကရာနီသို့သွားရာ လမ်းတစ်လျှောက်တွင်လည်းကောင်း သူ သည် ခရစ်တော်နှင့်အတူ လိုက်ပါခဲ့ပါသည်။ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ ဟူသော ပိလတ်မင်း၏ပြောဆိုသံကိုလည်းသူကြား ခဲ့ရပါသည်။ ယောဟန် ၁၉း၄။ ကိုယ်တော်၏မြင့်မြတ်သော ဟန်နေဟန်ထား နှင့်နှိပ်စက်ကလူပြုသူများအား အပြစ် ခွင့်လွှတ်သနားကြင်နာတတ်သော စိတ်ဓာတ်ကိုလည်း သူသတိထားမိခဲ့ပါသည်။ များစွာသောဘာသာရေးသမားများသည် ခရစ်တော်အားမထီလေးစားစကားများ ပြော၍ ပြက်ရယ်ပြုနေကြသည်ကို သူသည်ကပ်တိုင်ပေါ်မှမြင်နေရပါသည်။ ရယ် သွမ်းနေသောသူများကို သူမြင်နေရပါသည်။ သူနှင့်ဘ၀တူမိတ်ဆွေက သင်သည် ခရစ်တော်မှန်လျှင်ကိုယ် ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင်လော့ဟူ ၍ကိုယ်တော် အားကဲ့ရဲ့ပြစ်တင်နေသည်ကိုလည်း သူကြားနေရပါသည်။ အနီးမှ ဖြတ်သွားသူများက ကိုယ်တော်ကို ကာကွယ်ပြောဆိုနေသည်ကိုလည်း သူကြားနေရ ပါသည်။ ထိုသူများက ကိုယ်တော်၏သွန်သင်ချက်များနှင့် ပြုတော်မူခဲ့သော နိမိတ် လက္ခဏာများအကြောင်းကို ထပ်ခါတလဲလဲပြောနေကြသည်ကိုလည်း သူကြားနေရ ပါသည်။ ထိုကြောင့် ဤပုဂ္ဂိုလ်သည် ခရစ်တော်ဖြစ်သည်ဟု သူသိရှိလာခဲ့ပါသည်။ ထိုကြောင့် မိမိအဖော်ကိုဆုံးမ၍ သင်သည်ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကိုမကြောက်သလောဟုဆို၏။ သေလုဆဲဆဲဖြစ်နေသော ထိုသူခိုး နှစ်ယောက်အနေဖြင့် မည်သည့်လူသားကိုမှကြောက် စရာမလိုပါချေ။ သို့ရာတွင် မိမိတို့အနေနှင့် ကြောက်ရွံ့ရိုသေရမည့် ဘုရားတစ်ဆူရှိတော်မူသည်ဟူသော အသိတရားကို တစ်ယောက်သောသူခိုးကခံစားခဲ့ရပါသည်။ ယခုအချိန်တွင် အပြစ် နှင့်ညစ်ထေးနေသော ၎င်း၏အသက်တာသည် အဆုံးသတ်တော့မည့် ဆဲဆဲဖြစ်ပါ သည်။ ငါတို့သည်ကိုယ်ပြုမိ သောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသ ဖြင့်ခံရကြ၏။ ဤသူမူကား၊ အဘယ်အပြစ်ကိုမျှမပြုဟု သံဝေဂရသော သူခိုးကဆို ၏။

         ယခုအချိန်တွင် စောဒကတက်စရာ အကြောင်းတစ်စုံတစ်ရာမရှိတော့ချေ။ ဒွိဟဖြစ်စရာလုံး၀မရှိတော့ချေ။ အပြစ်တင်ဖို့လည်းမလိုတော့ချေ။ ၎င်းကျူးလွန်ခဲ့ သော ရာဇဝတ်မှုအတွက် အပြစ်ဒဏ်စီရင်ချက်ချသည့်အချိန်မှစ၍ ထိုသူခိုးကြီး သည် မျှော်လင့်ချက်ကင်းမဲ့သောသူတစ်ဦးဖြစ်နေခဲ့ပါသည်။ သို့ရာတွင် နူးညံ့သော သဘောထားကလေးသည် သူ၏နှလုံးသားတွင်အံ့ဩ စရာကောင်းလောက်အောင် ပြန်လည်ရှင်သန်လာခဲ့ပါသည်။ ခရစ်တော်၏ တရားဒေသနာများကို သူပြန်လည်သ တိရလာခဲ့ပါသည်။ လူနာများကို ကိုယ်တော်ကုသခဲ့ပုံများနှင့် အပြစ်ခွင့်လွှတ်ခဲ့ပုံများ ကိုလည်း ပြန်လည်၍သူ သတိရလာခဲ့ပါသည်။ ခရစ်တော်ကိုယုံကြည်သောသူများ၏ ပြောဆိုသံများကို သူကြားခဲ့ရပါသည်။ ယုံကြည်သူများသည်ငိုကြွေးလျက် နောက် တော်မှလိုက် နေကြသည်ကိုလည်း သူမြင်ခဲ့ရပါသည်။ ကယ်တင်ရှင်၏ဦးခေါင်းတော် နားမှာ ကပ်ထားသည့်ကမ္ပည်းစာသားကိုလည်း သူဖတ်ရှုခဲ့ပြီးချေပြီ။ အနားမှဖြတ် သွားသူများထဲမှ အချို့တို့ပြောဆိုသည့်ကရုဏာစကားသံများကိုလည်းကောင်း၊ အ ချို့ပြောဆိုသည့်ပြက်ရယ်စကားသံများကိုလည်းကောင်း သူကြားခဲ့ရချေပြီ။ သန့်ရှင်း သောဝိညာဉ်တော်သည် ၎င်း၏စိတ်နှလုံးအား အလင်းတရားပေး တော်မူသဖြင့် သက်သေအထောက်အထားများသည် နည်းနည်းချင်းဆက်စပ်မိလာခဲ့ပါသည်။ နာ ကျင်စွာထိုးနှိပ်ခြင်းခံရသော၊ ပြက်ရယ်ပြုခြင်းခံရသော၊ ကပ်တိုင်တွင်ဆွဲထားခြင်း ခံ ရသောခရစ်တော်၌ ဤလောက၏အပြစ်ကိုဆောင်ယူသွားသည့် ဘုရားသခင်၏ သိုး သငယ်ကို သူတွေ့မြင်နေရပါသည်။ သေအံ့ဆဲဆဲအကူအညီမဲ့တစ်ဦးက သေအံ့ဆဲ ဆဲကယ်တင်ရှင်အားသခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူ သောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟူ၍ အသနားခံသောပတ္ထနာသံတွင် မျှော်လင့်ချက်နှင့်စိတ်ထိခိုက် နာကျင်မှုများရောပြွမ်းနေပါသည်။

         တုံ့ပြန်သံမှာ လျင်မြန်စွာပေါ်ထွက်လာခဲ့ပါသည်။ သာယာပျော့ပျောင်း၍ နဝံ ပီယံရှိပြီး မေတ္တာကရုဏာနှင့်ပြည့်၀သောအသံဖြင့် ယနေ့တွင် ငါအမှန်အကန်ဆို သည်ကား၊ သင်သည် ငါနှင့်အတူပရဒိသုဘုံ၌ရှိလိမ့်မည်ဟု ကိုယ်တော်မိန့်တော် မူ၏။

         ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာကိုခံစားနေရစဉ်မှာ ကဲ့ရဲ့ပြစ်တင်သော စကားများနှင့် ပြက်ရယ်ပြုသောစကားများကိုသာ ကြားနေရပါသည်။ ကိုယ်တော် သည် ကပ်တိုင်တွင်ဆွဲထားခြင်းခံရစဉ်တွင် ပြက်ရယ်ပြုသံများနှင့် ကျိန်ဆဲသံများ ဖြင့်သာ လွင့်မျောနေပါတော့သည်။ တမန်တော်များထံမှယုံကြည် မှုနှင့်ကိုးစားမှုများ ရှိနေသေးကြောင်း ဖွင့်ဟချက်များကိုကြားနာရန် ကိုယ်တော် ဆန္ဒပြင်းပြခဲ့ပါသည်။ သို့ရာတွင် ထိုသူသည် ဣသရေလအမျိုးကိုရွေးနုတ် အံ့သောသူဖြစ်သည်ဟု ငါ တို့သည်အထက်ကမျှော်လင့်ကြပြီဟူသောဝမ်းနည်း ဖွယ်ရာစကားသံများကိုသာ ၎င်းတို့ထံမှကိုယ်တော်ကြားခဲ့ရပါသည်။ သေအံ့ ဆဲဆဲသူခိုးကြီးထံမှ ယုံကြည်ခြင်း နှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြသည့်ဖွင့်ဟချက်သည် ထိုစဉ်ကခရစ်တော်အတွက် မည်မျှကြည်နူးစရာဖြစ်လိုက်မည်နည်း။ ယုဒခေါင်းဆောင်များက ကိုယ်တော်အား ငြင်းပယ်နေကြစဉ် တမန်တော်များကလည်း ကိုယ်တော်၏ဘုရားဇာတိတော်ကို သံ သယဝင်နေကြစဉ်တွင် သေခါ နီးဆဲဆဲဖြစ်သော သနားစရာသူခိုးကြီးကခရစ်တော် အား၊ သခင်ဟုခေါ်နေပါသည်။ နိမိတ်လက္ခဏာများကိုပြနေသောအချိန်များနှင့် ရှင်ပြန်ထမြောက် ပြီးနောက်ပိုင်းတွင် ခရစ်တော်အားသခင်ဟုခေါ်မည့်သူများစွာရှိခဲ့ သော်လည်း၊ ကပ်တိုင်ပေါ်တွင်ချိတ်ဆွဲထားစေသည့်အချိန်၌ သေခါနီးကျမှကယ် တင်ခြင်းခံရသော နောင်တရသည့်သူခိုးကြီးမှလွဲ၍ မည်သူကမျှသခင်ဟုမခေါ်ခဲ့ကြ ချေ။

         သူခိုးကြီးက သခင်ယေရှုအားသခင်ဟုခေါ်လိုက်သံကို အနားတွင် ရပ်နေ သူများက ကြားလိုက်ကြရပါသည်။ နောင်တရသူတစ်ဦး၏စကားပြောသည့် လေသံ ကလေးသည် ၎င်းတို့အားအာရုံပြုစေခဲ့ပါသည်။ ကပ်တိုင်ခြေရင်းတွင် ခရစ်တော်၏ ဝတ်ရုံကိုမဲချပြီးယူဖို့ ဆူညံဆူညံဖြစ်နေသောသူများလည်း မိမိတို့၏ငြင်းခုံနေမှုများ ကို ရပ်တန့်လိုက်ကာ နားထောင်နေကြပါသည်။ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောဆိုနေ သော အသံများစဲသွားပေပြီ။ သူတို့သည်အသက် ပင်မရှူဘဲ ကိုယ်တော်အားကြည့် နေကြပြီး၊ နှုတ်ခမ်းတော်မှထွက်ပေါ်လာမည့် တုံ့ပြန်သံကို နားစွင့်နေကြပါသည်။

         ထိုကတိစကားများကိုကိုယ်တော်မိန့်တော်မူစဉ်တွင် ကပ်တိုင်အပေါ် မှမိုး ထားသယောင်ဖြစ်နေသော တိမ်လွှာမည်းကြီးသည် တောက်ပသောရောင်ခြည်တစ် ခု၏ထိုးဖောက်မှုကိုခံလိုက်ရပါသည်။ ဘုရားသခင်၏လက်ခံတော်မူခြင်း ကိုခံရသဖြင့် နောင်တရသောထိုသူခိုးကြီးသည် စုံလင်သောငြိမ်သက်မှုကို ခံစားခဲ့ရပါသည်။ ခရစ် တော်သည်အနှိမ့်ချခံရစဉ်မှာပင် ဘုန်းတော်ထင်ရှားတော်မူခဲ့ပါသည်။ အခြားသူများ တို့က အရှုံးနှင့်ရင်ဆိုင်သွားရပြီဟု ထင်မြင်ခြင်း ခံခဲ့ရသောကိုယ်တော်သည် အောင် နိုင်သူတစ်ပါးဖြစ်နေပါသည်။ ကိုယ်တော်သည် အပြစ်ကိုယူတင်ဝတ်ဆောင်သူ အ ဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ လူများတို့သည် ကိုယ်ခန္ဓာတော်ကိုအနိုင်အ ထက်ပြုနိုင်ကောင်းပြုနိုင်ကြလိမ့်မည်။ မျက်နှာတော်ကိုဆူးရစ်သရဖူဖြင့် ထိုးဖောက် နိုင်ကောင်း ထိုးဖောက်နိုင် ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏ဝတ်ရုံကိုချွတ်၍ သူနိုင်ငါ နိုင်လုယူကောင်း လုယူနိုင်ကြပါမည်။ သို့ရာတွင် ကိုယ်တော်ထံ၌ရှိတော်မူသော အ ပြစ်လွှတ်ခြင်းတန်ခိုးကို ကိုယ်တော်ထံမှမည်သူမျှလုယူနိုင်ကြလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်သည် အသေသတ်ခံခြင်းအားဖြင့် မိမိ၏ဘုရားဇာတိတော်ကိုလည်း ကောင်း၊ အဖခမည်းတော်၏ ဘုန်းတော်ကိုလည်းကောင်း တပ်တပ်အပ်အပ်အတည် ပြုဖွင့်ဟနေပါသည်။ ကိုယ်တော်ရှင်သည် မကယ်တင်နိုင်လောက်အောင်၊ လက်မတို သေးသကဲ့သို့ မကြားနိုင်လောက်အောင်လည်း နားမလေးသေးပါချေ။ မိမိအားဖြင့် အဖခမည်းတော်ထံသို့ ချဉ်းကပ်လာသည့်လူတိုင်းအား ကိုယ်တော်၌ကယ်တင်ပိုင် ခွင့်ရှိတော်မူပါသည်။

         ယနေ့တွင် ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု သူခိုးကြီးအားခရစ်တော်ကတိပြုရာ၌ ထိုသူခိုးကြီးသည် ထိုနေ့မှာပင် ကိုယ်တော်ရှင်နှင့်အတူ ပရဒိသုဘုံသို့ရောက်ရှိသွားသည် ဟုမဆိုလိုချေ။ ကိုယ် တော်ရှင်ကိုယ်တော်တိုင်လည်း ထိုနေ့တွင်ပရဒိသုဘုံ သို့မရောက်ရှိသေးချေ။ သချုØင်းတော်တွင်အိပ်စက်ခဲ့ရပြီး၊ ထမြောက်ခြင်းနံနက်တွင် ငါသည်ခမည်းတော် ထံသို့မတက်ရသေးဟုကိုယ်တော်မိန့်တော်မူခဲ့ ပါသည်။ ယောဟန် ၂ဝး၁၇။ သို့ ရာတွင် ကပ်တိုင်အတင်ခံရသောနေ့၊ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသောထိုနေ့တွင် ထိုကတိ တော်ကို ပေးခဲ့ခြင်းဖြစ်ပါသည်။ ရာဇဝတ်ကောင်တစ်ဦးကဲ့သို့ ကပ်တိုင်ထက်တွင် သေအံ့ဆဲဆဲသော ယနေ့တွင်သနားစရာထိုအပြစ်သားအား သင်သည်ငါနှင့် အတူပရဒိသုဘုံ၌ရှိလိမ့်မည်ဟု အာမခံချက်ပေးတော်မူခဲ့ပါသည်။

         ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်အတင်ခံရသော သူခိုးကြီးနှစ် ယောက်သည် ကိုယ်တော်၏တစ်ဘက်တစ်ချက်စီတွင် ကပ်တိုင်အတင်ခံခဲ့ကြရပြီး၊ ကိုယ်တော်မှာ ၎င်းတို့နှစ်ဦး၏အလယ်တွင် ကပ်တိုင်အတင်ခံခဲ့ရပါသည်။ ယဇ်ပုရော ဟိတ်များနှင့်ယုဒအကြီးအကဲများ၏ ညွှန်ကြားချက်အရ ဤကဲ့သို့နေရာချထား လိုက်ခြင်းဖြစ်ပါသည်။ သူခိုးကြီးနှစ်ဦး၏အလယ်တွင် နေရာချထားလိုက်ခြင်းအား ဖြင့် ကိုယ်တော်သည် ထိုရာဇဝတ်သားသုံးဦးတွင် အပြစ်အကြီးဆုံးရာဇဝတ်သားအ ဖြစ် ဖော်ညွှန်းလိုက်ခြင်းဖြစ်ပါသည်။ မတရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသောအနာဂတ္တိစကားသည် ဤနေရာတွင်ပြည့်စုံခြင်းသို့ရောက်ခဲ့ပါ သည်။ သို့ရာတွင် ယဇ်ပုရောဟိတ်များသည် မိမိတို့၏အပြုအမူ၏ အနက်အဓိပ္ပါယ် ကိုမသိရှိခဲ့ကြချေ။ ခရစ်တော် သည် ထိုသူခိုးကြီးများ၏အလယ်တွင် ကပ်တိုင်အ တင်ခံခဲ့ရသည့်နည်းတူ ကိုယ်တော်၏ကပ်တိုင်ကို အပြစ်နွံတွင်နစ်လျက်ရှိသော ဤ ကမ္ဘာလောက၏ အလယ်တည့်တည့်တွင် စိုက်ထူခဲ့ပါသည်။ ၎င်းပြင် နောင်တရ သောသူခိုးကြီး အားပြောခဲ့သော ကိုယ်တော်၏နှုတ်ထွက်စကားများသည် ကမ္ဘာ့အ စွန်အဖျား ဒေသများသို့တိုင် ထွန်းလင်းသွားမည့်အလင်းတော်ဖြစ်ခဲ့ပါသည်။

         ခရစ်တော်သည် ကိုယ်စိတ်နှစ်ပါးစလုံးတွင် အပြင်းထန်ဆုံးသော ဒုက္ခဝေဒ နာများခံစားနေရစဉ်မှာပင် သူတစ်ပါးအကျိုးကို ရှေးရှုကာစကားပြောကြားနေသည့် ကိုယ်တော်၏ မဟာမေတ္တာတော်ကို ကောင်းကင်တမန်များက ရင်သပ်ရှုမောကြည့် ရှုခဲ့ကြပါသည်။ ခရစ်တော်သည် ကပ်တိုင်၏ဒဏ်ရာဒဏ်ချက် များကိုခံစားနေရစဉ် မှာပင် ပုရောဖက်တစ်ပါးအနေဖြင့် ယေရုရှလင်မြို့၏သမီးများအတွက် အနာဂတ် ပြုတော်မူခဲ့ပါသည်။ ယဇ်ပုရောဟိတ်တစ်ပါးအနေဖြင့် မိမိအားသတ်နေသည့် လူ သတ်သမားများအတွက် ခမည်းတော်ဘုရားထံတွင် ထုချေလျှောက်လဲ ပေးတော်မူ ခဲ့ပါသည်။ ချစ်တတ်သော ကယ်တင်ရှင်တစ်ပါးအနေဖြင့် နောင်တရသော အပြစ် သား၏ အပြစ်များကို ခွင့်လွှတ်ဖြေရှင်းတော် မူခဲ့ပါသည်။

         ခရစ်တော်သည် မိမိအနီးပတ်ဝန်းကျင်တွင် ရှိနေကြသောလူများကို တစ် ချက်ဝှေ့ကြည့်လိုက်ရာ ပုဂ္ဂိုလ်တစ်ဦးကိုအာရုံပြုမိခဲ့ပါသည်။ ထိုပုဂ္ဂိုလ်မှာ ကပ်တိုင် ခြေရင်းတွင်မတ်တတ်ရပ်နေသောမယ်တော်ပင်ဖြစ်ပါသည်။ ယောဟန်သည် မယ် တော်အားဖေးမထားပါသည်။ သူမသည် သားတော်ဘုရားနှင့်ခွဲခွာနေနိုင်စွမ်း မရှိ တော့သဖြင့် ကိုယ်တော်၏အသက်တော်ချုပ်ခါနီး ပြီဖြစ်ကြောင်းကိုသိသော ယောဟန်က သူမအား ကပ်တိုင်သို့တစ်ဖန်ပြန်၍ခေါ် လာခဲ့ပါသည်။ ခရစ်တော်သည် အ သက်တော်ချုပ်ခါနီးအချိန်မှာပင် မယ်တော် ကိုသတိရအောက်မေ့တော်မူခဲ့ပါသည်။ ဝမ်းနည်းပူဆွေးနေသောမယ်တော်၏ မျက်နှာကိုကြည့်တော်မူလျက် မယ်တော်၊ သင်၏သားတို့အားကြည့်ပါဟူ၍ လည်းကောင်း၊ ယောဟန်ဘက်သို့လှည့်ကာ သင်၏ အမိကိုကြည့်ပါဟူ၍လည်း ကောင်းမိန့်တော်မူ၏။ ယောဟန်သည် ခရစ်တော်၏ စကားများကိုနားလည် သဘောပေါက်သဖြင့် ပေးအပ်တော်မူသောတာဝန်ကို လက် ခံခဲ့ပါသည်။ သူသည်ချက်ချင်းပင်မယ်တော်အား အိမ်သို့ခေါ်သွားခဲ့ပြီး၊ ထိုအချိန်မှစ ၍ သူမအားပြုစုစောင့်ရှောက်ပေးခဲ့ပါသည်။ ကယ်တင်ရှင်သည် ချစ်ခင်ကြင်နာမှုနှင့် ပြည့်၀ပါတကား။ စိတ်ရောကိုယ်ပါ ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်နေရစဉ်မှာပင် မယ် တော်အားဂရုစိုက်စောင့်ရှောက်ဖို့ သတိရတော်မူခဲ့သေးပါသည်။ မယ်တော်၏ ရှေ့ ရေးအတွက်စီစဉ်ပေးရန် ကိုယ်တော်၌ငွေကြေးမရှိသော်လည်း၊ မိမိကိုယ်တိုင် ယော ဟန်၏နှလုံးသားဝယ်ကိန်းဝပ်တော်မူ၍ မယ်တော်အား မွန်မြတ်သော အမွေပစ္စည်း တစ်ခုအနေဖြင့် သူ့ထံတွင်ပေးအပ်တော်မူခဲ့ပါသည်။ ဤနည်းအားဖြင့် သူမအနေ ဖြင့် အထူးလိုအပ်သည့် ကြင်နာယုယမှုကိုရရှိခံစားနိုင်ဖို့ ကိုယ်တော်စီစဉ်ပေးတော်မူ ခဲ့ပါသည်။ သူမသည် ခရစ်တော်အားချစ်သောကြောင့် ယောဟန်၏ကရုဏာသက်မှု ကို သူမရရှိခံစားခဲ့ရပါသည်။ ယောဟန်သည် သန့်ရှင်းမွန်မြတ်သော တာဝန်တစ်ခု အနေဖြင့် သူမအားလက်ခံပြုစုခြင်းသည် ကြီးမားသောကောင်းချီးမင်္ဂလာတစ်ပါးကို လက်ခံရရှိခြင်းပင် ဖြစ်ပါသည်။ သူမသည်ယောဟန်အား၊ ၎င်း၏သခင်ဘုရားကို ထာ ၀စဉ်သတိရ စေသောသူတစ်ဦးဖြစ်စေခဲ့ပါသည်။

         ခရစ်တော်ပြတော်မူခဲ့သော သားသမီးပီသသည့်မေတ္တာ၏စုံလင်သော

ပုံသက်သေသည် ခေတ်အဆက်ဆက်တွင်တောက်ပစွာထွန်းလင်းခဲ့ပါသည်။ 

နှစ်ပေါင်းသုံးဆယ်လုံးလုံး လုပ်ငန်းဆောင်တာများကို နေ့စဉ်လုပ်ဆောင်ကာ အိမ်မှု တာဝန်များကိုထမ်းရွက်တော်မူခဲ့ပါသည်။ ၎င်းပြင် နောက်ဆုံးသောဒုက္ခဝေဒနာ များကိုခံစားနေရသည့် ယခုအချိန်မှာပင် ဝမ်းနည်းပက်လက်ဖြစ်နေသော မုဆိုးမ ကြီးအတွက် စီစဉ်ပေးရန်သတိရအောက်မေ့တော်မူခဲ့ပါသည်။ ကိုယ်တော် ဘုရား၏ သားစစ်သမီးမှန်တိုင်းတို့၏ အသက်တာများတွင်လည်း ဤစိတ်ဓာတ် မျိုးကိုတွေ့မြင် ရပါလိမ့်မည်။ မိဘနှစ်ပါးအားလုပ်ကျွေးခယခြင်းသည် မိမိတို့ယုံကြည်သက်ဝင် သော ဘာသာတရား၏ အခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု ခရစ်တော်၏နောက်လိုက် များကခံယူကြပါလိမ့်မည်။ ထိုကဲ့သို့သောပြုစု စောင့်ရှောက်မှုမျိုးနှင့်ကရုဏာထားမှု မျိုးကို မိဘတိုင်းကလက်ခံရန်လက်နှေးကြ လိမ့်မည်မဟုတ်ချေ။

         ယခုတွင်သခင်ဘုရားသည် လူသားများအား အပြစ်ကမ္ဘာမှရွေးနုတ်ရန် အ သေခံရတော့မည်ဖြစ်ပါသည်။ မိမိအသက်တော်ကို စွန့်တော်မူခြင်းအရာ တွင် ခရစ် တော်သည် အောင်ပွဲဆင်သောဝမ်းမြောက်သံများဖြင့် အားပေးထောက်ခံခြင်းကိုမခံ ခဲ့ရချေ။ အရာရာသည် အဆမတန်ဖိစီးသောစိတ်အား ငယ်စရာများသာဖြစ်ခဲ့ပါ သည်။ ခရစ်တော်သည် ဒုက္ခဆင်းရဲခံရသူအပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ ခဲ့ပါသည်။ သို့ရာတွင် ၎င်းခံစားရသောဒုက္ခဆင်းရဲခြင်းသည် အပြစ်ကြောင့်ဖြစ်ပွား လာသော မစ္ဆေရစိတ်၏အသိစိတ်ကလေးမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဒုစရိုက် မှုများနှင့်အကျွမ်းတဝင်ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသောထိုမစ္ဆေရစိတ်ကလေးသည် လူသားများအား အပြစ်၏ဆိုးယုတ်မှုများကိုမမြင်တွေ့စေတော့ချေ။ အပြစ်သည် လူသားများ၏ စိတ်နှလုံးထဲတွင် မည်မျှနက်ရှိုင်းစွာ အမြစ်စွဲနေသည်ကိုလည်း ကောင်း၊ အနည်းငယ်မျှသောလူနည်းစုကသာ အပြစ်၏စိုးမိုးမှုများကိုဖြိုဖျက်ပစ်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်းကိုလည်းကောင်း ခရစ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ ဘုရားသခင်၏အမအစမပါလျှင် လူသားများသည် ပျက်စီးဆုံးရှုံးသွားကြမည်ကို ကိုယ်တော်သိရှိထားတော်မူပြီး၊ လူအများသည် ကြွယ်၀သောအမအစအကူအညီ များကို လက်လှမ်းမီနိုင်သည့် အခြေအနေမှာပင် ပျက်စီးဆုံးရှုံးသွား ကြကြောင်းကို ခရစ်တော်မြင်တွေ့တော်မူခဲ့ပါသည်။

         ကျွန်ုပ်တို့အတွက် အစားထိုးခံရသူဖြစ်ရုံမက အာမခံတစ်ဦးလည်းဖြစ်တော် မူသော ခရစ်တော်အပေါ်တွင် ကျွန်ုပ်တို့၏မကောင်းမှုဒုစရိုက်များကို စုပုံခဲ့ကြပါ သည်။ ပညတ်တော်၏တရားစီရင်မှုမှ ကျွန်ုပ်တို့အားကယ်တင်နိုင် စေရန်အလိုငှာ ကိုယ်တော်သည်ပညတ်တော်ကိုလွန်ကျူးသူတစ်ဦးအဖြစ် မှတ်ယူခြင်းကိုခံခဲ့ရပါ သည်။ အာဒံ၏သားမြေးများ ကျူးလွန်ခဲ့သည့်အပြစ်များသည် ခရစ်တော်၏ နှလုံး သားပေါ်ဝယ် ဖိစီးကျရောက်လျက်ရှိပါသည်။ ဒုစရိုက် မှုများကိုမနှစ်မြို့ကြောင်း ထင်ရှားစေသည့် ကြောက်လန့်ဖွယ်ရာကောင်းသော ကိုယ်တော်၏အမျက်တော် သည် သားတော်၏စိတ်နှလုံးတော်၌ ထိတ်လန့်မှု များဖြင့်ပြည့်၀စေခဲ့ပါသည်။ ခရစ်တော်သည် ခမည်းတော်ဘုရား၏ကရုဏာနှင့် အပြစ်ခွင့်လွှတ်တတ်သည့် မဟာမေတ္တာတော် အကြောင်းကို အသက်တာတစ်လျှောက်လုံးတွင် လူသားများအား ဖွင့်ဟမိန့်မြွက်တော်မူခဲ့ပါသည်။ အပြစ် အများဆုံးအပြစ်သားအား ကယ်တင်ခြင်းရရှိ အောင်လုပ်ဆောင်ရန်မှာ ခရစ်တော်၏ ဦးတည်ချက်ဖြစ်ပါသည်။ သို့သော်ယခုတွင် အလွန်လေးလံလှသော အပြစ်ဝန်များက ၎င်းအားဖိစီးထားသောကြောင့် ခမည်း တော်ဘုရား၏ ရန်ငြိမ်းသည့်မျက်နှာတော်ကိုပင် ကိုယ်တော်မြင်နိုင်စွမ်းမရှိတော့ချေ။ ယခု ကဲ့သို့ပရိဒေ၀မီးအပြင်းအထန်တောက်လောင်နေသောဤအချိန်အခါမျိုးတွင် ဘုရားသခင်၏မျက်နှာတော်လွဲခြင်းခံရသဖြင့် ကိုယ်တော်၏နှလုံးသားသည် မည် သည့်အခါမျှ လူသားများအနေနှင့် ပြည့်စုံစွာနားမလည်နိုင်သည့်ဝမ်းနည်းမှုဖြင့် ထိုး ဖောက်ခြင်းကို ခံတော်မူနေရပါသည်။ စိတ်နှလုံးကြေကွဲမှုသည် အလွန်ပြင်းထန်လှ သဖြင့် ခန္ဓာကိုယ်၏နာကျင်မှုကိုခံစားဖို့ပင် မေ့လျော့နေခဲ့ပါသည်။

         စာတန်သည် ပြင်းထန်သော ထိုစုံစမ်းနှောင့်ယှက်ခြင်းများအားဖြင့် ခရစ် တော်၏စိတ်နှလုံးကို မချိမဆံ့ဒုက္ခရောက်စေခဲ့ပါသည်။ ကယ်တင်ရှင်သည် သချုØင်း ဂူတံခါး၀မှနေ၍ မည်သည့်အရာကိုမျှမမြင်နိုင်ခဲ့ချေ။ အောင်မြင်သူတစ်ပါးအနေဖြင့် ကိုယ်တော်ရှင် ပြန်လည်ထမြောက်လိမ့်မည်ဟူသော မျှော်လင့်ချက်သတင်းကို လည်းကောင်း၊ မိမိ၏ဆက်ကပ်မှုကို အဖဘုရားသခင် အနေနှင့်လက်ခံတော်မူသည့် သတင်းကိုလည်းကောင်း မကြားမသိရတော့ပြီ။ အပြစ်တရားသည် ဘုရားသခင်အား အလွန်စိတ်နာကြည်းထိခိုက်စေသောကြောင့် မိမိတို့၏ခွဲခွာခြင်းသည် ထာ၀ရခွဲခွာ ခြင်း ဖြစ်သွားမည်ကို ကိုယ်တော်စိုးရိမ်ကြောင့်ကြ တော်မူခဲ့ပါသည်။ ခရစ်တော် ခံစားရသော အလွန်ပြင်းပြသည့် ဝေဒနာသည် ကရုဏာတံခါးပိတ်သည့်အချိန်တွင် အပြစ်သူအပြစ်သားများ ခံစားကြရမည့် ဒုက္ခဝေဒနာမျိုးပင်ဖြစ်ပါသည်။ ဘုရားသ ခင်၏အမျက်တော်ကို လူသားများကိုယ်စား သားတော်အပေါ်သို့ကျရောက်စေသော အပြစ်၏ မကောင်းမှုများသည် ကိုယ်တော်သောက်ရမည့်ခွက်ဖလားအားခါးစေပြီး၊         သားတော်၏နှလုံးသားကို ကွဲအက်ကြေမွစေခဲ့ပါသည်။

         ကောင်းကင်တမန်များသည် အံဩတွေဝေစွာဖြင့် ကယ်တင်ရှင်ခံစားနေရ သောဒုက္ခဝေဒနာများကိုကြည့်ရှုနေကြပါသည်။ ကောင်းကင်သားများသည် ထို ကြောက်လန့်စရာကောင်းသည့်မြင်ကွင်းကို မကြည့်ဝံ့ကြသဖြင့် ၎င်းတို့၏မျက်နှာ များကို အတောင်များနှင့်ကွယ်ထားကြပါသည်။ သက်မဲ့အရာများကလည်း အစော် ကားခံနေရသော သေလုမြောပါးဖြစ်နေသည့် ၎င်းတို့၏ဖန်ဆင်းရှင်အား ကရုဏာ သက်ကြောင်းဖော်ပြခဲ့ကြပါသည်။ နေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်မြင်ကွင်း ကြည့်ရန်ငြင်းဆန်ခဲ့ပါသည်။ နေမင်းကြီး၏လင်းရောင်ခြည်များသည် နေ့လယ်အ ချိန်ကြီးတွင် ကမ္ဘာပေါ်သို့တောက်ပစွာဖြင့် အစွမ်းကုန်ထွန်းလင်းလျက်ရှိပါသည်။ သို့ရာတွင် ရုတ်တရက်လင်းရောင်ခြည်များ ကွယ်သွားခဲ့ပါသည်။ အသုဘခေါင်း ပေါ်တွင် အမည်း ရောင်အဝတ်ကြီးဖြင့်ဖုံးထားသည့်နှယ် လက်ဝါးကပ်တိုင်၌ အ မှောင်ထုဖုံးလွှမ်းနေခဲ့ပါသည်။ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက် အတိဖြစ်လေ၏လနှင့်ကြယ်များမထွက်သည့် ညသန်းခေါင်ကြီးကဲ့သို့ မှောင်မိုက်အတိဖြစ်နေသော ထိုအမှောင်ထုကြီးသည် နေကြတ်ခြင်းကြောင့်သော် လည်းကောင်း၊ အခြားသဘာ၀တရားတစ်ခုခုကြောင့်သော်လည်းကောင်း ဖြစ်ပေါ် လာခြင်းမဟုတ်ပါချေ။ ထိုအရာသည် နောက်ပိုင်းအချိန်များတွင် ကမ္ဘာပေါ်၌ အ သက်ရှင်နေထိုင်ကြမည့် လူသားများ၏ယုံကြည်ခြင်းကိုခိုင်မြဲ စေရန်အလိုငှာ ဘုရား သခင်ပေးတော်မူသော အံ့ဖွယ်သက်သေခံအထောက် အထားတစ်ခုဖြစ်ပါသည်။

         ထိုအမှောင်အတိထဲတွင် ဘုရားသခင်ရှိနေတော်မူပါသည်။ ထာ၀ရဘုရား သည် မိမိ၏တဲတော်ကို အမှောင်အတိဖြစ်စေတော်မူ၍ မိမိ၏ဘုန်းကို လူသားများ၏ မျက်စိမှကွယ်ဝှက်ထားတော်မူပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်နှင့် သန့်ရှင်း သော ကောင်းကင်တမန်များသည် ထိုလက်ဝါးကပ်တိုင် ၏နံဘေးတွင်ရှိနေတော်မူ ကြပါ သည်။ ခမည်းတော်ဘုရားသခင်သည် သားတော်ဘုရားနှင့်အတူရှိနေတော်မူ ခဲ့ပါသည်။ သို့စေကာမူ ကိုယ်တော်သည်ကိုယ်ထင် ပြတော်မမူခဲ့ချေ။ မိမိဘုန်းတန် ခိုးတော်ကို ထင်ရှားစေခဲ့လိမ့်မည်ဆိုလျှင် ထိုနေရာတွင်ကြည့်နေကြသော လူသား များအားလုံးသည် သေကျေပျက်စီးကုန် ကြပေလိမ့်မည်သာတည်း။ ၎င်းပြင် ခရစ် တော်သည် ကြောက်လန့်ဖွယ်သော ထိုအချိန်နာရီတွင် ခမည်းတော်ဘုရားနှင့်အတူ ရှိကာ နှစ်သိမ့်မှုကိုခံယူရန် မဟုတ်ပါချေ။ အမျက်တော်တည်းဟူသော စပျစ်သီးနယ် ရာကျင်းကြီးထဲတွင် တစ်ကိုယ်တည်း လျှောက်လှမ်းရန်ဖြစ်ပါသည်။ မည်သူမျှ ကိုယ် တော်နှင့်အတူ ရှိကြလိမ့်မည်မဟုတ်ချေ။

         ထာ၀ရဘုရားရှင်သည် နောက်ဆုံးအနေဖြင့် သားတော်ခံစားရလျက်ရှိသော ဒုက္ခကိုမကြည့်ရက်သဖြင့် မျက်နှာတော်ကိုလွှဲတော်မူခဲ့ပါသည်။ ခရစ်တော်ဒုက္ခဆင်း ရဲခြင်းခံစားရသည်ကို တွေ့မြင်ခဲ့ရသမျှသောသူအားလုံးသည် ကိုယ်တော်၏ ဘုရား ဇာတိတော်ကို သဘောပေါက်ခဲ့ကြပါသည်။ ထိုအချိန်ကလူသားမျိုးနွယ်များမြင် တွေ့ခဲ့ကြရသော ထိုမျက်နှာတော်ကို ဘယ် တော့မှမမေ့ပျောက်နိုင်ခဲ့ကြပါ။ ကာဣ န၏မျက်နှာထားက လူသတ်သမားတစ်ဦးအဖြစ်ဖြင့် မိမိကျူးလွန်ခဲ့သော ဒုစရိုက် များကို ဖော်ပြနေသကဲ့သို့ ခရစ်တော်၏မျက်နှာတော်သည် ဘုရားသခင်၏ ရုပ်လုံး တော် ဖြစ်သောအပြစ်မဲ့ခြင်း၊ တည်ငြိမ်ခြင်းနှင့်ကျေးဇူးပြုခြင်းသဘောများကို ဖော်ပြ နေပါသည်။ သို့ရာတွင် ကိုယ်တော်ရှင်အားအပြစ်ရှာသူများသည် ကောင်းကင်မှပြ သော ထိုအမှတ်တံဆိပ်ကို ဂရုမထားခဲ့ကြချေ။ ပြောင်လှောင်သရော်နေကြသောထို လူအုပ်ကြီးသည် ခရစ်တော်ဒုက္ခခံစားနေရသည်ကို နာရီပေါင်းများစွာစူးစိုက် ကြည့် ရှုခဲ့ကြပါသည်။ ယခုတွင်မူ ကိုယ်တော်သည် ဘုရားသခင်၏ဝတ်ရုံတော်ဖြင့် ကရုဏာ သက်စွာဖုံးအုပ်ခြင်းကိုခံခဲ့ရပါသည်။

         ကရာနီကုန်းတစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားသယောင်ဖြစ်ခဲ့ပါ သည်။ ကပ်တိုင်နားတွင်စုရုံးနေကြသော လူအုပ်ကြီးသည် အမျိုးအမည်မဖော်ပြ နိုင်သော ကြောက်ရွံ့တုန်လှုပ်မှုမျိုးကို ခံစားခဲ့ရပါသည်။ တစ်ပိုင်းတစ်စသာ ဖော်ပြ ထားသည့် ပြစ်ဒဏ်စီရင်မှုများအလယ်တွင် ဆဲဆိုသံများနှင့် ကဲ့ရဲ့ပြစ်တင်သံများ သည် စဲသွားခဲ့ပါသည်။ ယောက်ျm;ကြီးများ၊ အမျိုးသမီး ကြီးများနှင့်ကလေးသူငယ် များအားလုံးသည် မြေကြီးပေါ်တွင်မှောက်ချလိုက်ကြပါသည်။ ထင်ရှားသောလျှပ်စစ် ပြက်ခြင်းများသည်လည်း ရံဖန်ရံခါထို တိမ်တိုက်ကြီးထဲမှထွန်းလင်းလာကာ၊ ကပ် တိုင်နှင့်တကွ ထိုကပ်တိုင်ပေါ်တွင် ရောက်နေသောကယ်တင်ရှင်ကို ထင်ရှားစွာ မြင်သာစေခဲ့ပါသည်။ မိမိတို့အား အကျိုးအပြစ်ဆပ်ပေးမည့်အချိန်ရောက်ရှိလာပြီဟု ယဇ်ပုရောဟိတ်များ၊ ယုဒ  လူအကြီးအကဲများ၊ ကျမ်းတတ်ဆရာများ၊ အာဏာပါး ကွက်သားများနှင့်လူထုကြီးက ထင်မြင်ခဲ့ကြပါသည်။ ခဏအကြာတွင်မူ အချို့လူ များက ခရစ်တော်သည် ကပ်တိုင်မှဆင်းလာတော်မူလိမ့်မည်ဟု တီးတိုးပြောဆိုခဲ့ကြ ပါသည်။ အချို့လူများကမူ မိမိတို့၏ရင်ဘတ်များကိုထုလျက် ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးလျက် ယေရုရှလင်မြို့ဘက်သို့စမ်းတဝါးဝါးဖြင့် ပြန်သွားရန်ကြိုးစား ခဲ့ကြပါသည်။

         သုံးချက်တီးအချိန်တွင် ထိုယုဒလူအုပ်ကြီး၏ အပေါ်မှလွှမ်းမိုးထားသော အ မှောင်ထုကြီးပျောက်ကွယ်သွားခဲ့သော်လည်း ကယ်တင်ရှင်ကိုမူ ဖုံးအုပ်ထားဆဲဖြစ် ပါသည်။ ထိုအရာသည် ခရစ်တော်၏နှလုံးသားထက်ဝယ်ဖိစီးခဲ့ သောဒုက္ခဝေဒနာ များနှင့် ကြောက်လန့်မှုများ၏ အထိမ်းအမှတ်တစ်ခုဖြစ်ခဲ့ပါသည်။ ကပ်တိုင်အားဖုံး လွှမ်းထားသော အမှောင်ထုကြီးကို မည်သည့်မျက်စိနှင့်မျှထိုးဖောက်မြင်နိုင်စွမ်းမရှိ ခဲ့ပါချေ။ ၎င်းပြင် ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်နေရသော ခရစ်တော်၏အသက် ဝိညာဉ်ကို ရစ်ပတ်ထားသည့် စိတ်ညှိုးငယ်မှုများကိုလည်း မည်သူတစ်ဦးတစ် ယောက်မျှ ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပါချေ။ ကပ်တိုင်တွင်ချိတ်ဆွဲထားစဉ်တွင် ကိုယ်တော်အားမိုးကြိုးတစ်ချက်ပြင်းထန်စွာ ပစ်ခဲ့သယောင်ဖြစ်ခဲ့ပါသည်။ ထိုအ ချိန်တွင် ကိုယ်တော်က ဧလိ၊ ဧလိ လာမာရှာဗခသာနိ ဟုကြီးသောအသံနှင့်ကြွေး ကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊  အဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ် တော်မူသနည်းဟုဆိုလိုသတည်း။ ကယ်တင်ရှင်၏နှုတ်တော်မှ ပေါ်ထွက်လာသဖြင့် ဘုရားသခင်၏ အမျက်တော်သည် ကိုယ်တော်အပေါ်သို့ကျရောက်ပြီ။ ဘုရားသခင် ၏ သားတော်ဟု ကိုယ့်ကိုကိုယ်သမုတ်ခဲ့သောကြောင့် ထာ၀ရဘုရား၏အမျက်တော် မိုးကြိုးသည် ကိုယ်တော်အားပစ်ခဲ့ပြီဟု လူများကပြောဆိုခဲ့ကြပါသည်။ ယုံကြည်သူ များအနေနှင့်မူ ကိုယ်တော်၏ညည်းတွားသံများကိုကြားခဲ့ရပါသည်။ သူတို့အတွက် မျှော်လင့်ချက်မဲ့ခဲ့ရချေပြီ။ ဘုရားသခင်သည် ခရစ်တော်အား စွန့်ပစ်တော်မူခဲ့လျှင် ကိုယ်တော်၏နောက်လိုက်များသည် မည်သူ့ကိုယုံကြည် ကိုးစားရတော့မည်နည်း။

         ဒုက္ခဖိစီးနေသည့် ခရစ်တော်၏စိတ်နှလုံးထဲမှ အမှောင်ထုကြီးပျောက်ကွယ် သွားသောအခါ ခန္ဓာကိုယ်နာကျင်မှုကို တစ်ဖန်ခံစားလာရပြန်ကာ ရေ ငတ်သည်ဟု ကိုယ်တော်မိန့်တော်မူ၏။ ကိုယ်တော်၏နှုတ်ခမ်းများသည် အလွန်ခြောက်သွေ့ နေသည်ကို မြင်ရသောရောမစစ်သားတစ်ဦးက သနားသောစိတ်ဖြင့် ရေမှိုတံတွေး ကို အနားတွင်ရှိသော ပုံးရှည်အိုးထဲထည့်ကာ ဟုဿုပ်ပင်အကိုင်းရိုးတံဖြင့်တပ်၍ ခံ တွင်းတော်၌ တေ့ပေးလိုက်ပါသည်။ ထိုယဇ်ပုရောဟိတ်များကမူ ကိုယ်တော်ရှင်ခံ စားနေရသောနာကျင်မှုကို ပြက်ရယ်ပြုနေခဲ့ကြပါသည်။ ကမ္ဘာကြီးကိုအမှောင်ထုကြီး ဖုံးလွှမ်းထားစဉ်အချိန်က သူတို့သည် အလွန်ကြောက်လန့်ခဲ့ကြပြီး ယခုတွင်ထိတ် လန့်မှုလျော့နည်းသွားသည်နှင့် အမျှ ခရစ်တော်ထွက်ပြေးလွတ်မြောက်သွားမည်ကို သူတို့စိုးရိမ်လာကြပြန်ပါသည်။ ကိုယ်တော်ရှင်မိန့်မြွက်ခဲ့သော ဧလိ၊ ဧလိ လာမာ ရှာဗခသာနိဟူသောစကားများကို မှားယွင်းစွာသူတို့အနက်ဖွင့်ကြကာ သူသည် ဧလိယကို ခေါ်သည်ဟု ခါးသီးသောစက်ဆုပ်ရွံရှာမှုအပြည့်ဖြင့် မခန့်လေးစားပြောခဲ့ ကြပါသည်။ ကိုယ်တော်ခံစားနေရသောဒုက္ခဝေဒနာများကို သက်သာစေမည့် နောက်ဆုံးအခွင့်အရေးတစ်ခုကို သူတို့ငြင်းဆန်ကာ ရှိစေတော့၊ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှာလာမည်မလာမည်ကိုကြည့်ကြကုန်အံ့ဟုဆို ကြ၏။

         အပြစ်မရှိသောသားတော်ဘုရားသည် ကပ်တိုင်ထက်တွင်ချိတ်ဆွဲခြင်းကို ခံခဲ့ရပြီး ခန္ဓာကိုယ်သည် ကြိမ်နှင့်အရိုက်ခံထားရသဖြင့် စုတ်ပြဲနေပါသည်။ ကောင်း ချီးပေးခဲ့သောလက်တော်ကို သစ်သားကပ်တိုင်ကြီးတွင် ကပ်၍ရိုက်ထားကြပါသည်။ မေတ္တာလုပ်ငန်းများကိုလုပ်ဆောင်ရန် မမောမပန်းတမ်းသွားလာခဲ့သောခြေထောက် များကိုလည်း သစ်တိုင်တွင်ကပ်၍သံနှင့် ရိုက်ထားကြပြီး၊ ခေါင်းတော်၌လည်း ဆူးရစ် သရဖူမှဆူးများဖြင့် စူးစေလျက်ရှိပါသည်။ တုန်ယင်နေသောနှုတ်ခမ်းအစုံသည် ဝမ်း နည်းဖွယ်အော်ဟစ်သံများကို ဟစ်ကြွေးတော့မည်နှယ်ဖြစ်နေပါသည်။ သားတော် ဘုရားသည် သင့်အတွက်ဒုစရိုက်ဝန်များကို ယူတင်ဝတ်ဆောင်ရန် သဘောတူခဲ့ ကြောင်းကိုလည်းကောင်း၊ သင့်အတွက်မရဏာနိုင်ငံ၏ တန်ခိုးများကိုဖြိုဖျက်၍ ပရဒိ သုဘုံ၏ တံခါးများကိုဖွင့်ပေးခဲ့ကြောင်းကိုလည်းကောင်း ကိုယ်တော်ရှင်၏ဦးခေါင်း၊ လက်နှင့်ခြေထောက်များမှယိုစီးခဲ့သောသွေးများ၊ ကပ်တိုင်၏ဒဏ်များနှင့် အဖ ဘုရားသခင်၏မျက်နှာလွှဲမှုများကြောင့် ခံစားခဲ့ရသောဒုက္ခဝေဒနာများက လူသား အသီးသီးအားဖွင့်ဟလျက်ရှိပါသည်။ လှိုင်းလေထန်သောပင်လယ်လှိုင်းတံပိုးကြီး များကိုငြိမ်သက်စေ၍ ရေမြှုပ်ထနေသောလှိုင်းလုံးကြီးများပေါ်တွင် လမ်းလျှောက် တော်မူခဲ့သော၊ နတ်ဆိုးများကိုကြောက်ရွံ့တုန်လှုပ်စေ၍ ရောဂါဘယများကို ကင်း ရှင်းစေခဲ့သော၊ မျက်မမြင်များကိုအလင်းရစေ၍ လူသေများကို ရှင်ပြန်ထမြောက်စေ ခဲ့သောကိုယ်တော်သည် သင့်ကိုချစ်သည့်အတွက်ကြောင့် မိမိကိုယ်ကိုယဇ်ကောင် တစ်ကောင်အနေဖြင့် ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ပါသည်။ အပြစ်ကိုယူတင် ဝတ်ဆောင်ခဲ့ရသူကိုယ်တော်ရှင်သည် မြင့်မြတ်သောဖြောင့်မတ်ခြင်း၏ အမျက် တော်ကို ခံယူတော်မူပြီး သင့်အတွက်မိမိကိုယ် ကိုအပြစ်သားဖြစ်စေခဲ့ပါသည်။

         ထိုနေရာတွင်ကြည့်ရှုနေကြသူများသည် ထိုကြောက်စရာမြင်ကွင်း၏ နိဂုံးကို ငြိမ်သက်စွာဖြင့်စောင့်စားကြည့်ရှုနေကြပါသည်။ သို့ရာတွင် ကပ်တိုင် တစ်ခုလုံးတွင် အမှောင်ထုဖုံးလွှမ်းထားဆဲဖြစ်ပါသည်။ ယဇ်ပုရောဟိတ်များ နှင့်ယုဒလူအကြီးအကဲ များသည် ယေရုရှလင်မြို့ဆီသို့မျှော်ကြည့်လိုက်ရာ ထူထပ်သောထိုတိမ်တိုက်ကြီး သည် ထိုမြို့ကြီးပေါ်တွင်လည်းကောင်း၊ ယုဒလွင်ပြင်များပေါ်တွင်လည်းကောင်း တည်နေသည်ကိုတွေ့ရှိကြရပါသည်။ ဤလောက၏အလင်းဖြစ်တော်မူသော တရားတော်နေမင်းကြီးသည် တစ်ချိန် ကမျက်နှာသာပေးခဲ့ဖူးသော ထိုမြို့မှမိမိ၏ ရောင်ခြည်များကို ပြန်လည်ရုပ်သိမ်းလျက်ရှိပါသည်။ ဘုရားသခင်၏ အမျက်တော် နှင့်စပ်ဆိုင်သော ပြင်းစွာ သောမိုးကြိုးထစ်ချုန်းသံများသည် ပြစ်ဒဏ်စီရင်ခြင်းခံရ သော ထိုမြို့တော်ကို ဦးတည်၍မြည်ဟည်းနေပါသည်။

         ထိုနောက်အမှောင်ထုသည် ကပ်တိုင်တွင်ရုတ်တရက်ရှင်းသွားခဲ့ပြီး ဖန် ဆင်းခြင်းခံရသည့်အရာများအားလုံးတွင် ပဲ့တင်ထပ်သွားသယောင်ဖြစ်သွားစေ သည့် အောင်မြင်သောအသံဖြင့် အမှုပြီးပြီ၊ အိုအဖ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌အပ်နှံပါ၏ဟု ကိုယ်တော်ဟစ်ကြွေးတော်မူ၏။ ကပ်တိုင်ပတ် လည်တွင် ရောင်ခြည်တော်များကွန့်မြူးနေပါသည်။ ကယ်တင်ရှင်၏ မျက်နှာတော်မှ အရောင်အဝါများသည် နေကဲ့သို့တောက်ပနေပါသည်။ ထိုနောက်ဦးခေါင်းတော် သည် ငိုက်စိုက်ကျသွားကာ အသက်ချုပ်သွားတော်မူခဲ့ပါသည်။

         ဘုရားသခင်ကစွန့်ပစ်တော်မူကြောင်း ထင်ရှားစွာသိသာစေနိုင်သည့် ဒုက္ခ မှောင်မိုက်အလယ်တွင် ခရစ်တော်သည် ဒုက္ခဆင်းရဲခြင်းကိုအဆုံးတိုင်အောင်ခံစား တော်မူခဲ့ပါသည်။ ထိုသို့သောကြောက်လန့်စရာအချိန်နာရီတွင် ထိုအချိန်အထိ ၎င်း အားဘုရားသခင်လက်ခံတော်မူကြောင်း ပြသတော်မူသည့် သက်သေအထောက်အ ထားအပေါ်တွင် အမှီပြုတော်မူခဲ့ပါသည်။ သူသည် ခမည်းတော်ဘုရား၏ ဂုဏ်တော် ကို သိတော်မူထားပါသည်။ အဖဘုရား၏ တရားမျှတခြင်း၊ ကရုဏာကြီးခြင်းနှင့် မဟာမေတ္တာတော်များကို နားလည်သဘောပေါက်တော်မူခဲ့ပါသည်။ ကိုယ်တော် သည် ယုံကြည်ခြင်းအားဖြင့် အဖဘုရားသခင်၌နားနေတော်မူခဲ့ပါသည်။ အဖဘုရား ၏ အမိန့်တော်များကို  လိုက်လျှောက်ရန်လည်း နှစ်ထောင်းအားရရှိခဲ့ပါသည်။ အပ်နှံ သည့်အနေဖြင့် အဖဘုရားသခင်က မိမိအားမျက်နှာလွှဲတော်မူသည်ဟူသောခံစား ချက်သည် မိမိကိုယ်ကိုဘုရားသခင်ထံ၌ ဆက်ကပ်သောအချိန်တွင် ပျောက်ကွယ် သွား ခဲ့ပါသည်။ ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် အောင်ပွဲဆင်သူတစ်ပါးဖြစ် ခဲ့ပါသည်။

         ဤမြင်ကွင်းမျိုးကို မည်သူမျှယခင်ကမမြင်ခဲ့ဖူးချေ။ လူအုပ်ကြီးသည် အံ့ အားသင့်ပြီးရပ်နေကြကာ၊ ကယ်တင်ရှင်အားအသက်မရှူဘဲ စိုက်ကြည့်နေကြပါ သည်။ အမှောင်ထုကြီးသည် ကမ္ဘာလောကကြီးအား တစ်ဖန်လွှမ်းမိုး လိုက်ပြန်ပြီး မိုး ချုန်းသံကဲ့သို့သော ပြင်းထန်သည့်မြည်ဟည်းသံကြီးတစ်ခုကို ကြားခဲ့ကြရပါသည်။ ထိုအရာမှာ ပြင်းထန်သောမြေငလျင်တစ်ခုဖြစ်ပါသည်။ မြေငလျင်လှုပ်မှုကြောင့် လူ များသည် တစ်နေရာတည်းတွင် စုပုံသွားခဲ့ကြပါ သည်။ ကစဉ့်ကလျား ဖရိုဖရဲဖြစ် သွားကာ ကြောက်ရွံ့တုန်လှုပ်မှုများဆက် လက်ဖြစ်ပေါ်လာခဲ့ပါသည်။ ပတ်ဝန်းကျင် အရပ်များတွင်ရှိသော တောင်များနှင့်ကျောက်တောင်များကွဲကုန်ကြပြီး၊ ကြီးစွာသော အသံများဖြင့် လွင်ပြင်များဆီသို့ပြိုကျကုန်ခဲ့ကြပါသည်။ သချုØင်းဂူများကွဲအက်ကုန်ပြီး လူသေများထ မြောက်လာခဲ့ကြပါသည်။ ဘုရားသခင်ဖန်ဆင်းထားသည့် အရာများ သည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်ကြသယောင်ဖြစ်ခဲ့ပါသည်။ ယဇ်ပုရောဟိတ် များ၊ ယုဒအကြီးအကဲများ၊ ရောမစစ်သားများ၊ အာဏာပါးကွက်သားများ နှင့်ယုဒလူ အပေါင်းတို့သည် ကြောက်လန့်မှုကြောင့် စကားတစ်လုံးတစ်ပါဒ မျှမပြောနိုင်ကြဘဲ မြေကြီးပေါ်တွင်ပြားပြားဝပ်မှောက်လိုက်ကြပါသည်။

         ခရစ်တော်၏နှုတ်ခမ်းမှအမှုပြီးပြီဟု ကျယ်လောင်စွာ ဟစ်အော်လိုက်သော အချိန်တွင် ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်အတွင်း၌ အမှုတော်ဆောင် လျက်ရှိကြပါသည်။ ထိုအချိန်သည် ညနေပိုင်းယဇ်ပူဇော်ရမည့် အချိန်ဖြစ်ပါသည်။ ခရစ်တော်ကိုပုံဆောင်သောသိုးသငယ်ကိုပူဇော်ရန် ယူဆောင် လာခဲ့ကြပါသည်။ တင့်တယ်ခမ်းနားသောဝတ်ရုံကြီးကိုဝတ်ထားသည့် ယဇ်ပုရောဟိတ်မင်းကြီးသည် ဣဇာက်ကိုသတ်ရန်အာဗြဟံပြုသကဲ့သို့ ဓားကိုင်ထားသောလက်ကို မြှောက်လိုက်ပါ သည်။ ထိုမြင်ကွင်းကို လူအပေါင်းကစိတ် ဝင်တစားကြည့်နေကြပါသည်။ သို့ရာတွင် ဘုရားသခင်ကိုယ်တော်တိုင် ချဉ်းကပ်လာတော်မူသဖြင့် ကမ္ဘာကြီးသည်ကြောက် လန့်တုန်လှုပ်သွားခဲ့ပါသည်။ ဗိမာန်တော်အတွင်းပိုင်းရှိကန့်လန့်ကာကို လူမျက်စိဖြင့် မမြင်နိုင်သည့်လက်တော်က အထက်မှအောက်သို့ ခွဲလိုက်သောအသံနှင့်အတူ ကန့် လန့်ကာကြီးသည် နှစ်ခြမ်းကွဲသွားခဲ့ရာ တစ်ချိန်ကဘုရားသခင်ကိုယ်တော်တိုင်စံ မြန်းတော်မူခဲ့သော အသန့်ရှင်းဆုံးသောအခန်းကို လူအများကောင်းမွန်စွာ တွေ့မြင် နိုင်ခဲ့ပေပြီ။ ဤနေရာတွင် ရှကီနာဟုခေါ်သည့် ရောင်ခြည်တော်ကွန့်မြူးခဲ့ဖူးပါသည်။ ဤနေရာတွင်ရှိသော ကရုဏာပလ္လင်ထက်ဝယ် ဘုရားသခင်သည် မိမိ၏ ဘုန်းတော် ကိုထွန်းလင်းခဲ့ဖူးပါသည်။ ဗိမာန်တော်၏အခြားအပိုင်းများနှင့်ပိုင်း ခြားထားသည့် ဤ ကန့်လန့်ကာကို ယဇ်ပုရောဟိတ်မင်းကြီးမှလွဲ၍ မည်သူမျှမဖွင့်မတင်ခဲ့ဖူးပါချေ။ သူ သည် ယုဒလူများအတွက် အပြစ်ဖြေခြင်းအမှုကို ဆောင်ရွက်ရန် တစ်နှစ်လျှင် တစ် ကြိမ် ဤအခန်းထဲသို့ဝင်ရပါသည်။ သို့ရာတွင်ယခု၌ ထိုကန့်လန့်ကာကြီးသည် နှစ် ခြမ်းကွဲသွားခဲ့ချေပြီ။ ဗိမာန်တော်၏ အသန့်ရှင်းဆုံးအခန်းဟု ခေါ်တွင်သည့်ထိုနေရာ သည် ထိုအချိန်မှစ၍မသန့်ရှင်းတော့ပြီ။

         လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်နေကြပါသည်။ ထိုယဇ်ပုရော ဟိတ်ကြီးသည် ယဇ်ကောင်ကိုသတ်မည့်ဆဲဆဲတွင် ဓားသည်ချည့်နဲ့ နေသော၎င်း၏ လက်ထဲမှလွတ်ကျသွားပြီး၊ သိုးသငယ်သည် လွတ်မြောက်သွားခဲ့ပါသည်။ ဘုရား သခင်၏ သားတော်အသေသတ်ခံခြင်းဖြင့် ပုံဆောင်သောအရာနှင့် ပုံဆောင်ခြင်းခံ ရသောအရာနှစ်ခုတို့သည် တွေ့ဆုံခဲ့ကြချေပြီ။  မဟာယဇ်ပူဇော်ပွဲကြီးကို လုပ် ဆောင်ပြီးခဲ့ချေပြီ။ အသန့်ရှင်းဆုံးအခန်းသို့ သွားရန် လမ်းပွင့်သွားခဲ့ချေပြီ။ အသစ် သောလုပ်နည်းလုပ်ဟန်တစ်ခုကို လူသားအားလုံးအတွက် ပြင်ဆင်လိုက်ပါသည်။ အပြစ်ကြောင့် ဝမ်းနည်းပူဆွေးနေသောလူများသည် မိမိတို့၏အပြစ်များကို ဖြေ လွှတ်ခွင့်ရရန် ယဇ်ပုရောဟိတ် မင်းကြီးအလာကို စောင့်နေစရာမလိုတော့ချေ။ ထို အချိန်မှစ၍ ကယ်တင်ရှင်ဘုရားသည် ယဇ်ပုရောဟိတ်ကဲ့သို့လည်းကောင်း၊ ကြား ဖျန်ဖြေသူတစ်ပါးကဲ့သို့လည်းကောင်း၊ ကောင်းကင်နိုင်ငံတော်တွင် အမှုတော်ဆောင် တော့မည် ဖြစ်ပါသည်။ အပြစ်အတွက်ယဇ်ပူဇော်ခြင်း လုပ်ငန်းအားလုံးတို့သည် အ ဆုံးသို့ရောက်ပြီဟု ဝတ်ပြုကိုးကွယ်နေသောထိုယုဒများကို အသံတော်ဖြင့်မိန့်မြွက် သည့်အလား ထိုအဖြစ်အပျက်က အဓိပ္ပါယ်ဖော်ညွှန်းနေပါသည်။ ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှီပြု၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှာသွားပါမည်။

         ခရစ်တော်သည်ငါတို့အဖို့ ထာ၀ရရွေးနုတ်ခြင်းကျေးဇူးကိုခံရ၍          ----မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏ ဟူ၍ ကျမ်းစာလာသည်နှင့်အညီ သားတော်ဘုရားသည်ကြွလာလုပ်ဆောင် တော်မူပါ သည်။ ဟေဗြဲ ၁ဝး၇။ ၉း၁၂။

No comments:

Post a Comment