သူတို့စားစရာဖို့သင်တို့ပေးကြလော့
ရှင်မဿဲ ၁၄း၁၃-၂၁။ ရှင်မာကု ၆း၃၂-၄၄။ ရှင်လုကာ ၉း၁၀-၁၇။ ရှင်ယောဟန် ၆း၁-၃ ကိုအခြေပြုထားပါသည်
ခရစ်တော်သည် တမန်တော်များနှင့်အတူ ဆိတ်ငြိမ်သောအရပ်တွင် အနား ယူတော်မူခဲ့ရာ သာယာငြိမ်သက်သော ထိုအချိန်တိုကလေးသည် မကြာမီမှာပင် ပျက်ပြားသွားခဲ့ပါသည်။ သူတို့သည် လူအုပ်ကြီး၏ အနှောင့်အယှက်ပေးခြင်းမှ ကင်း လွတ်သောနေရာတွင် အနားယူနေကြသည်ဟု အထင်ရှိခဲ့ကြသော်လည်း ၎င်းတို့၏ မျက်စိအောက်မှ ကိုယ်တော်ရှင် ပျောက်သွားလျှင် ပျောက်သွားချင်း “ကိုယ်တော် ဘယ်မှာလဲ” ဟူ၍ မေးမြန်း လာခဲ့ကြပါသည်။ ၎င်းတို့အထဲမှ တချို့သောသူများက ခရစ်တော်နှင့် တမန်တော်များ ထွက်ခွာသွားသည့်အရပ်ကို သတိပြုမိခဲ့ကြပါသည်။ ထို့ကြောင့် များစွာသောလူများသည် ကုန်းကြောင်းမှလည်းကောင်း၊ ရေကြောင်းမှ လည်းကောင်း ကိုယ်တော်ရှင်ရှိရာအရပ်သို့ ထွက်ခွာလာကြပါသည်။ ပသခါပွဲအချိန် သည် နီးကပ်လာပြီဖြစ်သဖြင့် ယေရုရှလင်မြို့သို့ ရှေးရှု၍လာနေကြသည့် ရပ်ဝေးရပ် နီးမှ ဘုရားဖူးဧည့်သည်များသည် ယေရှုခရစ်ကိုဖူးတွေ့ရန် စုရုံးခဲ့ကြပါသည်။ စုရုံး လာသည့် လူအုပ်ကြီးသည် တဖြည်းဖြည်းများပြားလာရာ အဆုံးတွင် အမျိုးသမီးများ နှင့်ကလေးများ အလွတ်လူပေါင်းငါးထောင်အထိ ဖြစ်လာခဲ့ပါသည်။ ခရစ်တော်သည် ကမ်းသို့ မရောက်မီမှာပင် လူအုပ်ကြီးသည် ကိုယ်တော်အား ကမ်းပေါ်မှ စောင့်ကြို လျက်ရှိကြပါသည်။ သို့သော်လည်း ခရစ်တော်ကမ်းပေါ်သို့ တက်သောအချိန်တွင်မူ ၎င်းတို့ ဂရုမပြုမိလိုက်ကြသည့်အတွက် ကိုယ်တော်သည် ယခုကဲ့သို့ အချိန်တိုက လေးတွင် တပည့်တော်များနှင့်အတူ အနားယူ နိုင်ခဲ့ပါသည်။
ယေရှုသည် လှုပ်ရှားသွားလာလျက်ရှိသော ထိုလူများကို တောင်ပေါ်မှနေ၍ မြင်တွေ့တော်မူသောအခါ သနားခြင်း စိတ်ရှိတော်မူ၏။ မိမိ၏ အနားယူခြင်းကို နှောင့်ယှက်ခဲ့ကြသော်လည်း သူတို့ကို ခွင့်လွှတ်တော်မူခဲ့ပါသည်။ မိမိထံသို့ တသဲသဲ မစဲအောင် လာနေကြသောလူများကို ကြည့်လိုက်ရာ ထိုသူများသည် မိမိ၏ယုယမှု ကို အကြီးအကျယ် လိုအပ်နေကြောင်း ကိုလည်းကောင်း၊ ထိုသူတို့သည် ထိန်းသူ မရှိ၊ ပစ်ထားခံရသော သိုးများကဲ့သို့ဖြစ်နေ ကြသည်ကိုလည်းကောင်း မြင်တော်မူ၍ သနားခြင်းစိတ် ရှိတော်မူ၏။ ကိုယ်တော်သည် အနားယူရာမှ ပြန်လည်ထွက်ခွာ လာခဲ့ရာ ထိုသူများကို တရားဒေသနာဟောကြားရန် သင့်လျော်သော နေရာတစ်ခု ကို တွေ့ရှိတော်မူခဲ့ပါသည်။ သူတို့သည် ယဇ်ပုရောဟိတ်များထံမှ မည်သည့်အကူ အညီ အမအစကိုမျှ မရရှိခဲ့ကြသော်လည်း ကယ်တင်ခြင်းနှင့် စပ်ဆိုင်သော နည်း လမ်းများကို သွန်သင်နေသော ခရစ်တော်ထံမှ အနာပျောက်စေသော အသက် စမ်းရေကို ရရှိခဲ့ကြပါသည်။ ထိုလူများသည် ဘုရားသခင့်သားတော်၏ နှုတ်တော်မှ ယိုစီး၍ ကျလာသော ကရုဏာတော်စကားများတို့ကို နားထောင်ခဲ့ကြရပါသည်။ အ သက်ဝိညာဉ်များတို့၏ အနာရောဂါများတို့ကို သက်သာပျောက်ကင်းစေသော ဂိလဒ် ပြည်မှ ဆီမွှေးကဲ့သို့ အလွန်ရိုးစင်း မွန်မြတ်လှသည့် နှုတ်တော်ထွက်စကားများကို သူတို့ကြားနာခဲ့ရပါသည်။ ကိုယ်တော်၏ အနာပျောက်ကင်းစေသည့် လက်တော် သည် သေသောသူများအား အသက်ကိုပေးသနား၍ ဝမ်းမြောက်စေတော်မူပြီး နာ သောသူများကို သက်သာကျန်းမာ စေခဲ့ပါသည်။ ထိုနေ့သည် ၎င်းတို့အတွက် မြေကြီးပေါ်မှာ ကောင်းကင်နိုင်ငံရောက်ရှိနေသည်နှင့် အလားတူနေပြီး မိမိတို့အစာ မစားခဲ့ရသည်မှာ မည်မျှကြာသွားပြီကိုပင် လုံးလုံးသတိမေ့လျော့ခဲ့ကြ၏။
တဖြည်းဖြည်းနှင့် နေ့အချိန်သည် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေမင်းကြီး သည် အနောက်မိုး ကုပ်စက်ဝိုင်းအောက်သို့ သက်ဆင်းလျက်ရှိပါသည်။ သို့စေကာမူ ထိုလူများသည် ထိုနေရာမှ မပြန်သွားကြချေ။ ယေရှုခရစ်သည် အစားအစာမစား၊ အနားမယူဘဲ တစ်နေ့လုံး အမှုတော်ဆောင်ခဲ့သဖြင့် မျက်နှာတော်သည် ပင်ပန်းမှု၊ ဆာလောင်မှုများကြောင့် ဖြူရော်အားနည်း နေပါသည်။ ထို့ကြောင့် လုပ်ဆောင်မှု များကို ရပ်နားရန် တပည့်တော်များက ကိုယ်တော်အား တောင်းပန်ခဲ့ကြပါသည်။ သို့ သော်လည်း မိမိထံသို့ တိုးဝင်ချဉ်းကပ်လာသည့် လူများထံမှ ကိုယ်တော် ရှောင်ပြေး တော်မမူနိုင်ခဲ့ပါချေ။
နောက်ဆုံးတွင် တမန်တော်များသည် ကိုယ်တော်ထံသို့ ချဉ်းကပ်လာကြပြီး ထိုသူများအား စားစရာများကို သူတို့ကိုယ်တိုင် သွားရောက်ဝယ်ယူ စားသောက်စေ ခြင်းငှါ စေလွှတ်ပေးရန် တောင်းလျှောက်ကြပါသည်။ များစွာသောလူများသည် ရပ် ဝေးမှ လာကြသောသူများဖြစ်ပြီး နံနက်အချိန်မှစ၍ မည်သည့်အရာကိုမျှ မစားရ သေးချေ။ သို့အတွက် အနီးအနားမြို့ရွာများသို့ စားစရာများကို သွားရောက်ဝယ်ယူ စားသောက်မည်ဆိုလျှင် သွားရောက်ဝယ်ယူရန် မဖြစ်နိုင်သော အခြေအနေတွင် ရှိ ပါသည်။ ထို့ကြောင့် ယေရှုက သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟုမိန့်တော်မူကာ ဖိလိပ္ပု ဘက်သို့လှည့်၍ ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်းဟု ၎င်း အားစုံစမ်းခြင်းငှါ မေးမြန်းတော်မူ၏။ ဖိလိပ္ပုလည်း ကြီးမားသော လူအုပ်ကြီးကို ကြည့်ကာ ဤမျှများပြားလှသည့် လူထုကြီးကို ၀လင်အောင် ကျွေးဖို့ရန်မှာမဖြစ်နိုင် ဟုယူဆလျက် ဒေနာရီအပြားနှစ်ရာဖိုး ဝယ်၍ကျွေးလျှင်တောင် ထိုသူများတို့သည် တစ်ဖဲ့စီလောက် ငဖို့မလွယ်ကြောင်း ဖြေဆိုလိုက်ပါသည်။ ထိုအခါ ယေရှုသည် ထိုလူအုပ်ထဲတွင် စားစရာမည်ရွေ့ မည်မျှရှိကြောင်းမေးမြန်းရာ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင် ပါသောသူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှ လောက် များစွာသောလူတို့သည် ရှိကြသည်ဖြစ်၍ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ် ပြောစရာရှိပါသနည်းဟု အန္ဒြေက ဖြေဆိုလိုက်ပါသည်။ ယေရှုသည် ထို အရာများကို မိမိထံသို့ ယူဆောင်လာရန် ညွှန်ကြားလိုက်ပြီးနောက် ကိုယ်တော်ပြု တော်မူမည့်အရာကို သူတို့အားလုံးမြင်တွေ့နိုင်စေရန်အလိုငှါ ထိုသူများ တို့အား တစ်ရာအစု၊ ငါးဆယ်အစု စသည်ဖြင့် စနစ်တကျစုရုံး၍ မြက်ခင်းပေါ်တွင် အစု လိုက်ထိုင်၍ နေရာယူကြစေရန် တမန်တော်များအား မိန့်တော်မူလိုက်ပါသည်။ ထို နောက်ကိုယ်တော်သည် ထိုမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တမန်တော်တို့မှ တစ်ဆင့် လူအသီးသီးတို့အား ဝေငှပေးတော်မူခဲ့ပါသည်။ လူအားလုံး၀လင်အောင် စားပြီး နောက် မုန့်နှင့်ငါး အကျိုးအပဲ့များကို စုသိမ်းလိုက်ရာ တစ်ဆယ့်နှစ်တောင်း အပြည့် ကောက်သိမ်း ရရှိခဲ့ပါသည်။
လူတို့အား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းနည်းလမ်းများကို သွန်သင်နေ သော ကိုယ်တော်သည် ထိုသူများ၏ ဝိညာဉ်ရေး လိုအပ်ချက်များကို ဂရုပြုတော်မူ သကဲ့သို့ ပစ္စက္ခဘ၀လိုအပ်ချက်များအတွက်လည်း ဂရုပြုတော်မူခဲ့ပါသည်။ ထိုသူ များသည် ပင်ပန်းနွမ်းနယ် နေကြပါသည်။ နို့စို့ကလေးသူငယ်များကို ရင်မှာပိုက်ထား သော မိခင်များသည်လည်း ထိုလူအုပ်ထဲတွင် ပါဝင်နေကြပါသည်။ ကလေးငယ်များ သည် မိခင်များ၏ ထဘီများကိုဆွဲ၍ တကောက်ကောက် လိုက်နေကြပါသည်။ သူ တို့သည် ထိုင်ဖို့ရန်ကို မေ့လောက်အောင်ပင် ကိုယ်တော်ရှင်၏ နှုတ်တော်ထွက်စ ကားများကို အထူးစိတ်ဝင်စား ခဲ့ကြပါသည်။ လူအုပ်ကြီးသည် အလွန်များပြားသဖြင့် တစ်ယောက်နှင့်တစ်ယောက် တိုက်မိတိုးမိ၊ နင်းမိမည့်အန္တရာယ် လည်းရှိနေပါ သည်။ သို့အတွက်ယေရှုသည် ၎င်းတို့အား နားနေခွင့်ရရှိစေရန်၊ မြက်ခင်းပေါ်တွင် ထိုင်ကြရန် မိန့်တော်မူလိုက်ပါသည်။ မြက်ခင်းပြင်သည် များစွာကျယ်ပြန့်သဖြင့် သူတို့အားလုံး သက်သက်သာသာဖြင့် အနားယူနိုင်ခဲ့ကြပါသည်။
ခရစ်တော်သည် အမှန်တကယ်လိုအပ်မှုများ အတွက်မှလွဲ၍ တော်ရုံတန်ရုံ ကိစ္စများအတွက် နိမိတ်လက္ခဏာ တစ်ခုကိုမျှ ပြတော်မမူခဲ့ချေ။ ပြုတော်မူသည့် နိ မိတ်လက္ခဏာတိုင်းသည်လည်း လူသားများ၏ အနာရောဂါကို ပျောက်ကင်းစေသည့် အရွက်များဖြင့် ဝေဆာနေသော အသက်ပင်သို့ လူသားများအား ပို့ဆောင်ရန်ဖြစ် ပါသည်။ တမန်တော်များ၏ လက်ဖြင့်ဝေငှခဲ့သော ထိုအစာများတွင်များစွာ အဖိုး ထိုက်တန်သော သင်ခန်းစာများ ပါဝင်နေသည်။ စီစဉ်ကျွေးမွေးခဲ့သော အစာများ သည် အဆင့်အတန်းမြင့်သော အစာများမဟုတ်ကြပါ။ မုယောမုန့်နှင့် ငါးများသည် ဂါလိလဲအိုင်အနီးအနားရှိ တံငါသည်များ နေ့စဉ်စားသုံးသည့် အစားအစာများဖြစ်ပါ သည်။ ခရစ်တော်သည် ထိုသူများအတွက် အလွန်မတန်ကောင်းမွန်သည့် တစ်နပ် စာအစာကို ကျွေးမွေးနိုင်တော်မူသော်လည်း ခံတွင်းအရသာ ရှိရုံသာရှိသော အစာ များ၌ ၎င်းတို့ကောင်းကျိုးအတွက် မည်သည့်သင်ခန်းစာကိုမျှ ပေးနိုင်လိမ့်မည်မ ဟုတ်ချေ။ လူသားများအတွက် ဘုရားသခင် ပြင်ဆင်တော်မူသည့် ပကတိအစာများ ကို သုံးဆောင်ခြင်းမှ သွေဖည်သွားကြပြီဖြစ်ကြောင်းကို ခရစ်တော်သည် ဤသင်ခန်း စာတွင် ၎င်းတို့အား သွန်သင်တော် မူခဲ့ပါသည်။ လူသားများစတင်တည်ရှိလာ သည့်အချိန်မှစ၍ ယခုအချိန်အထိ ထိုနေ့က ခရစ်တော်ကျွေးမွေးခဲ့သော ရိုးရိုးအ စာများကို ထိုသူများ နှစ်ခြိုက်စွာ စားသုံးခဲ့သကဲ့သို့ မည်သူမျှခံတွင်းအရသာအတွက် ပြင်ဆင်ထားသော သွေဖည်သည့် အစားအစာများကို နှစ်ခြိုက်စွာမစားသုံးခဲ့ဖူးချေ။
ယနေ့လူသားများသည် ကမ္ဘာဦးအစမှ အာဒံနှင့်ဧ၀ကဲ့သို့ သဘာ၀တရား နှင့် ကိုက်ညီစွာနေထိုင်ကာ ဆန်းပြားသော ဓလေ့အကျင့်များကို မကျင့်သုံးခဲ့ကြလျှင် လူသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းမည့် အသုံးအဆောင်များသည် အ လျှံပယ် ပေါများနေပေလိမ့်မည်။ စိတ်ကူးယဉ် ဖြင့်လိုချင်သော အရာများလည်း လျော့နည်းလာမည်ဖြစ်ပြီး ဘုရားသခင် စီစဉ်ထားသည့် နည်းလမ်းများအတိုင်း လုပ် ဆောင်ရန်လည်း အခွင့်အလမ်း ပို၍များလာပါလိမ့်မည်။ သို့သော်လည်း တစ်ကိုယ် ကောင်းစိတ်များနှင့် သဘာ၀အတိုင်း မဟုတ်သည့် ခံတွင်းအရသာကို လိုက်စားခြင်း သည် တစ်ဦးတစ်ယောက်အတွက် အလျှံပယ်ဖြစ်စေ၍ တစ်ဦးတစ်ယောက်အတွက် မလောက်မငဖြစ်စေခြင်းဖြင့် ကမ္ဘာကြီးတွင် အပြစ်ဒုစရိုက်များနှင့် စိတ်ဆင်းရဲခြင်း များကို ဖြစ်စေခဲ့ပါသည်။
ကိုယ်တော်ရှင်သည် အသာစံလိုသောဆန္ဒများကို အလိုလိုက်အကြိုက် ဆောင်ခြင်းအားဖြင့် မိမိဘက်သို့ လူအများပါလာအောင် မကြိုးစားခဲ့ချေ။ တစ်နေ့ တာလုံးပင်ပန်းနွမ်းနယ်၍ ဆာလောင်မွတ်သိပ်နေသော ထိုလူအုပ်ကြီးအား ကျွေး မွေးခဲ့သော ထိုရိုးရိုး အစားအစာကလေးသည် ကိုယ်တော်ရှင်၏ တန်ခိုးတော်အ တွက်သာမက အသက်တာ၏ သာမန်လိုအပ်ချက်များကို မစသောကိုယ်တော်၏ မြတ်နိုးယုယမှုများအတွက်လည်း အာမခံချက်တစ်ခု ဖြစ်ခဲ့ပါသည်။ ကယ်တင်ရှင် သည် မိမိ၏ နောက်လိုက်များအား စည်းစိမ်နှင့်ပြည့်၀သော ကမ္ဘာကြီးကို ပေးမည်ဟု ကတိတော် မထားခဲ့ချေ။ သူတို့စားရမည့်အစားအစာများသည် ညံ့ကောင်းညံ့ပေလိမ့် မည်။ မလောက်မင ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဥစ္စာဓနချို့တဲ့ကောင်း ချို့တဲ့ပေ မည်။ သို့သော် သူတို့အမှန်တကယ် လိုအပ်နေသည့် လိုအပ်ချက်များကိုမူ ဖြည့်စွမ်း ပေးလိမ့်မည် ဖြစ်ကြောင်းကို နှုတ်တော်ထွက် စကားများအားဖြင့် သစ္စာပန္နက်ရိုက် ထားတော်မူခဲ့ပြီး လောကတွင်ရှိသော အရာများထက် အတိုင်းအဆမရှိ ကောင်းမြတ် တော်မူသော ကိုယ်တော်ရှင် အတူရှိခြင်း တည်းဟူသော နှစ်သိမ့်မှုကို ပေးမည်ဖြစ် ကြောင်း ကတိထားတော်မူခဲ့ပါသည်။
ယေရှုခရစ်သည် လူငါးထောင်ကို ကျွေးမွေးခဲ့ခြင်းဖြင့် သဘာ၀လောကမှ ကန့်လန့်ကာကို ပင့်တင်တော်မူခဲ့ပြီး ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် မခြားမလပ် လုပ်ဆောင်ပေးနေသည့် တန်ခိုးတော်ကို ဖော်ပြတော်မူ ခဲ့ပါသည်။ ထာ၀ရဘုရား သည် ကမ္ဘာမြေကြီး၏ ကောက်ရိတ်သိမ်းခြင်းကို ဖြစ်ထွန်းမှုများတွင်လည်း နေ့စဉ် နေ့တိုင်း နိမိတ်လက္ခဏာတစ်ခု ပြလျက်ရှိပါသည်။ လူအုပ်ကြီးကို ကျွေးမွေးခဲ့ရာ တွင်လည်း ပကတိကြားခံပစ္စည်းကို အသုံးပြုခြင်းအားဖြင့် လုပ်ဆောင်ရမည့် လုပ် ငန်းကို ပြီးမြောက်စေခဲ့ပါသည်။ လူသည် မြေကိုပြင်ဆင်၍ မျိုးစေ့ကြဲသော်လည်း အပင်ပေါက်စေသည့် တန်ခိုးသည် ဘုရားသခင်ထံတော်မှ ရရှိပါသည်။ ထာ၀ရ ဘုရားသခင်၏ မိုးရေ၊ လေနှင့် နေရောင်ခြည်များသည် ထိုမျိုးစေ့ကို “ရှေးဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက်အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေ တတ် ၏။” မာကု ၄း၂၈။ မြေကြီးပေါ်ရှိ သန်းပေါင်းများစွာသော လူများအား အ သက်ရှင်သန်စေရန် ပြုစုစောင့်ရှောက်လျက် ရှိသောပုဂ္ဂိုလ်မှာ ထာ၀ရဘုရား ဖြစ် တော်မူပါသည်။ မုန့်များကိုပြင်ဆင်ခြင်းနှင့် ဂျုံစပါးများကို ဂရုစိုက်ကြည့်ရှုခြင်း လုပ် ငန်းများတွင် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြရန် လူများအား ဆင့်ခေါ် တော်မူခဲ့ပါသည်။ လူတို့၏စွမ်းဆောင်မှုကို ကြည့်ခြင်းအားဖြင့် သူတို့သည် ဘုရား သခင်ပြုတော်မူခဲ့သည့် မစခြင်းတန်ခိုးကို မျက်ခြည်ပြတ် ခဲ့ကြပါသည်။ ထာ၀ရ ဘုရားအား ကိုယ်တော်၏ သန့်ရှင်းသော နာမတော်နှင့် ထိုက်တန်သော ချီးမွမ်းခြင်း ကို မပေးခဲ့ကြချေ။ ကိုယ်တော်ရှင်၏ တန်ခိုးတော်ဖြင့် လုပ်ဆောင်ချက်များကို သဘာ၀တရား ဟူ၍လည်းကောင်း၊ လူသားများ၏ လုပ်ဆောင်ချက် ဟူ၍လည်း ကောင်း ယူဆနေကြပါသည်။ ဘုရားသခင်အစား လူသားများကို ချီးမွမ်းထောမနာ ပြု၍ ကိုယ်တော်၏ ကောင်းမြတ်လှသော ဆုမင်္ဂလာများကို အတ္တအကျိုးအတွက် လွဲမှားစွာ အသုံးပြုခဲ့ကြခြင်းအားဖြင့် ထိုအရာများကို ကောင်းချီးမင်္ဂလာ ဖြစ်စေရ မည့်အစား ကျိန်ခြင်းအမင်္ဂလာ ဖြစ်စေခဲ့ကြပါသည်။ ထိုကြောင့် ဤအရာများ အား လုံးကို ပြောင်းလဲပစ်ရန် ထာ၀ရဘုရား ကြိုးစားတော်မူခဲ့ပါသည်။ မိမိတန်ခိုးတော်၏ လုပ်ဆောင်မှုများအတွက် ကိုယ်တော်အား ချီးမွမ်းထောမနာပြုရန်နှင့် ကိုယ်တော်၏ ကရုဏာတော်အရ လုပ်ဆောင်မှုများကို သိရှိနားလည်ရန်အတွက် ကျွန်ုပ်တို့၏ ထုံ ထိုင်းနေသော အသိစိတ်ဓာတ်များကို ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ရန် ကိုယ်တော်အလို ရှိတော်မူပါသည်။ ရည်ရွယ်ထား တော်မူသည့်အတိုင်း ကိုယ်တော် ပေးသနားတော်မူသည့် ဆုကျေးဇူးများသည် ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာ ဖြစ်ကြောင်းကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြရန် ကိုယ်တော်ရှင်လိုလားတော် မူပါ သည်။ ဤရည်ရွယ်ချက်ကို ပြီးမြောက်စေရန်အတွက် နိမိတ်လက္ခဏာများကို ကိုယ် တော်ပြတော် မူခဲ့ခြင်းဖြစ်ပါသည်။
ထိုလူအုပ်ကြီးအား ကျွေးမွေးပြီးနောက် အကျန်အကြွင်းများသည် များစွာ ကျန်ရှိနေပါသေးသည်။ အမိန့်တော်ရှိရုံနှင့် ခပ်သိမ်းသောအရာများကို ရရှိနိုင်သည့် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သော်လည်း ကိုယ်တော်သည် “ဘာမျှ မပျောက်စေခြင်းငှါ ကျန် ကြွင်းသောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့” ဟုမိန့်တော်မူခဲ့ပါသည်။ ဤစ ကားများသည် ထိုအကျန်အကြွင်းများကို တောင်းထဲသို့ ထည့်ရန်ကိုသာ ဆိုလိုခဲ့ခြင်း မဟုတ်ဘဲ သင်ခန်းစာနှစ်မျိုးကို သွန်သင်နေခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ ကျွန်ုပ်တို့ အနေဖြင့် ယာယီအခွင့်အရေး တစ်ခုကိုမျှ အလဟဿမ ဖြစ်သင့်ကြောင်းနှင့် လူ သားတစ်ဦးကို အကျိုးပြုစေနိုင်သည့် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ လျစ်လျူရှု မထားသင့်ကြောင်းတို့ဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် ရှိကြသော ဆာလောင်မွတ်သိပ် သူများကို သက်သာခြင်းရရှိစေသော အရာတိုင်းကို စုသိမ်းကြပါစေ။ ဝိညာဉ်ရေး ဘက်တွင်လည်း ထိုနည်းအတူ ဂရုပြုသင့်ပါသည်။ အစာအကြွင်းအကျန်များကို တောင်းများဖြင့် စုသိမ်းနေကြသော အချိန်တွင် အိမ်တွင်ကျန်ရစ်ခဲ့သော သူတို့၏ မိတ်ဆွေများကို သူတို့သတိရခဲ့ကြပါသည်။ ခရစ်တော်ကိုယ်တော်တိုင် ကောင်းချီး ပေးထားသည့် ထိုမုန့်များကို မိမိတို့၏ မိတ်ဆွေများအား မျှဝေလိုကြပါသည်။ တောင်းထဲတွင် စုသိမ်းထားသည့်မုန့်များကို အလိုရှိသောသူများအား မျှဝေခဲ့ကြရာ အနီးအပါး အရပ်ဒေသများသို့ မုန့်များကို ဆောင်ယူသွားခဲ့ကြပါသည်။ ထိုနည်းအ တူလူများသည် ဝိညာဉ်ရေး ဆာလောင်မွတ်သိပ်နေသူများအား ကျေနပ်နှစ်သိမ့်မှုa ပးရန် ကောင်းကင်မှ သက်ဆင်းလာသောမုန့်ကို အခြားသူများအား ပေးကြရန်ဖြစ်ပါ သည်။ သူတို့တွေ့မြင်သိရှိခဲ့ရသော ဘုရားသခင်၏ အံ့ဖွယ်အမှုများကို ဖောက်သည် ချကြရန် ဖြစ်ပါသည်။ တစ်စုံတစ်ခုမျှ ပျက်စီးဆုံးပါး မသွားစေဘဲ ကယ်တင်ရှင်နှင့် ပတ်သက်သည့် နှုတ်တော်ထွက်စကား တစ်လုံးတစ်ပါဒမျှ အလဟဿဖြစ်မသွား စေရန် လုပ်ဆောင်ကြဖို့ဖြစ်ပါသည်။
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူငါးထောင်အား ကျွေးမွေးခဲ့ခြင်း အားဖြင့် ထာ၀ရဘုရားကို မှီခိုအားထားခြင်းနှင့်ဆိုင်သည့် သင်ခန်းစာတစ်ခုကို သွန်သင်ထား ပါသည်။ ခရစ်တော်သည် လူငါးထောင်အား ကျွေးမွေးသောအချိန်တွင် ၎င်းတို့၌ မုန့် အနည်းငယ်သာ ရှိခဲ့ပါသည်။ တောထဲတွင် ကိုယ်တော်နှင့်အတူ အမျိုးသမီးများနှင့် ကလေးများမှတစ်ပါး ယောက်ျားအရေအတွက် ငါးထောင်ရှိနေသောကြောင့် ကိုယ် တော်ကျွေးလိုသည့်အတိုင်း ကျွေးနိုင်မည့်အခြေအနေတွင် မရှိကြောင်းမှာ ထင်ရှား နေပါသည်။ ကိုယ်တော်သည် မိမိနောက်တော်သို့လိုက်ခဲ့ရန် ထိုလူအုပ်ကြီးအား မဖိတ်ခေါ်ခဲ့ပါ။ လိုက်လာရန်အမိန့်ပေးခြင်း၊ ဖိတ်ခေါ်ခြင်းမရှိဘဲ သူတို့သဘောနှင့် သူတို့ လိုက်လာခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့သည် အချိန်ကြာမြင့်စွာ တရားနာယူ ခဲ့ကြသဖြင့် ဆာလောင်မွတ်သိပ်၍ အားနည်းနေကြကြောင်းကို ကိုယ်တော်သိရှိ တော်မူခဲ့ပါသည်။ အကြောင်းမူကား ၎င်းတို့နှင့်အတူ ရှိနေသည့် ကိုယ်တော်တိုင် ပင်လျှင် အစာအာဟာရ သုံးဆောင်ဖို့လိုအပ်နေသောကြောင့်တည်း။ ထိုသူများသည် ရပ်ဝေးမှ လာကြသူများဖြစ်ပြီး နေ့အချိန်ကုန်ဆုံး၍ ညအချိန်ရောက်တော့မည့် ဆဲဆဲ လည်းဖြစ်နေသည့်ပြင် ၎င်းတို့အထဲမှ များစွာသောသူတို့သည် အစာဝယ်စားစရာ ငွေကြေးများလည်း မရှိကြချေ။ ထိုသူများ အကျိုးအလိုငှါ တောထဲတွင် ရက်ပေါင်း လေးဆယ် အစာရှောင်ခဲ့သော ကိုယ်တော်သည် ၎င်းတို့အား အစာမကျွေးဘဲ အိမ် သို့ပြန်လွှတ်မည် မဟုတ်ချေ။ ခရစ်တော် ရှိတော်မူသည့်နေရာတွင်ပင် ဘုရားသခင် သည် ကိုယ်တော်အား စီစဉ်ဆောင်ရွက် ပေးတော်မူခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော် အနေနှင့်လည်း လိုအပ်ချက်များတို့ကို ရရှိဖို့နည်းလမ်းများအတွက် ကောင်းကင် ဗိုလ်ခြေ အရှင်ထာ၀ရဘုရားသခင်အား မှီခိုအားကိုးတော်မူခဲ့ပါသည်။
ကျွန်ုပ်တို့သည် အကျဉ်းအကျပ်ဖြစ်လာသောအခါ ထာ၀ရဘုရား သခင်ကို မှီခိုအားကိုးကြရပါမည်။ နမော်နမဲ့ လုပ်ဆောင်မှုများအားဖြင့် စုံစမ်းခြင်းထဲသို့ မကျ ရောက်စေရန်အလိုငှါ အသက်တာ၏ လှုပ်ရှားမှုတိုင်းတွင် ဥာဏ်ပညာဆုံးဖြတ်ချက် များကို ကျင့်သုံးကြရပါမည်။ ဘုရားသခင် စီမံပေးထားသည့် နည်းလမ်းများကို ဂရု မပြုခြင်းကြောင့် သော်လည်းကောင်း၊ ကျွန်ုပ်တို့အား ဘုရားသခင်ပေးသနားတော်မူ သော စွမ်းအားများကို တလွဲအသုံးချနေခြင်းအားဖြင့် သော်လည်းကောင်း အကျပ် အတည်းထဲသို့ ရောက်သွားအောင် မလုပ်သင့်ကြချေ။ ခရစ်တော်၏ အမှုတော် ဆောင်များသည် ကိုယ်တော်၏ သွန်သင်ချက်များကို လုံး၀ဥဿုံယုံကြည်စွာဖြင့် လိုက်နာကျင့်ဆောင်ကြရပါမည်။ ဤအမှုတော်သည် ထာ၀ရဘုရားသခင်၏ အမှု တော်ဖြစ်ပြီး ကျွန်ုပ်တို့သည် သူတစ်ပါးအား ကောင်းချီးပေးလိုကြမည် ဆိုလျှင် ကိုယ်တော်၏ အကြံအစည်တော်ကို လိုက်နာကြရမည် ဖြစ်ပါသည်။ “ငါတည်း ဟူသောအတ္တ”ကို ဗဟိုမဖြစ်စေသင့်ပါ။ အတ္တသဘောသည် မည်သည့် ဂုဏ်ပြုခြင်း ကိုမျှ မရရှိနိုင်ပါချေ။ ကျွန်ုပ်တို့သည် မိမိတို့၏ အတွေးအခေါ်များအတိုင်း ကြံရွယ် လုပ်ဆောင်ကြမည်ဆိုလျှင် အမှားအယွင်းများတွင် ကျွန်ုပ်တို့အား ဘုရားသခင် စွန့် ထားတော်မူလိမ့်မည်။ ကိုယ်တော်၏ လမ်းညွှန်မှုအတိုင်း လိုက်လျှောက်ခြင်းကြောင့် အကျဉ်းအကျပ်ထဲသို့ ကျွန်ုပ်တို့ရောက်ရှိသွားမည်ဆိုလျှင် ကိုယ်တော်သည် ထိုအ ခြေအနေမှ ကျွန်ုပ်တို့အား ကယ်လွှတ်တော်မူလိမ့်မည်။ တွေ့ရှိသော အခက်အခဲ များကြောင့် စိတ်ဓာတ်ကျစရာမလိုဘဲ အရေးတကြီးလိုအပ်ချက်များကို အနန္တတန် ခိုးရှင်ဘုရားသခင်ထံတွင် တောင်းခံကြရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မကြာခဏ ဆိုသလို ခက်ခဲသည့်အခြေအနေများကို ကြုံတွေ့ရသောအခါ ယုံကြည်စိတ်ချမှုအ ပြည့်ဖြင့် ထာ၀ရဘုရားကို အားကိုးကြရပါမည်။ ဘုရားသခင်၏ တရားလမ်းအတိုင်း စောင့်ရှောက်စေရန်အလိုငှါ စုံစမ်းခြင်းအားဖြင့် စိတ်နှလုံးရှုပ်ထွေးမှု ခံနေရသော အ သက်ဝိညာဉ်တိုင်းကို ကိုယ်တော်သည် ထိန်းသိမ်းစောင့်ရှောက်တော်မူလိမ့်မည်။
ခရစ်တော်သည် ကျွန်ုပ်တို့အား ပုရောဖက်တစ်ပါးအားဖြင့် “မွတ်သိပ်သော သူများကို အစာကျွေးရန် နေရာမရှိဆင်းရဲသောသူများကို ကိုယ့်အိမ်သို့ဆောင်ခဲ့ရန် အဝတ်မရှိသော သူများကိုမြင်လျှင် အဝတ်ပေးရန်” မိန့်မှာတော်မူခဲ့ပါသည်။ (ဟေ ရှာ ၅၈း၇-၁၀)။ ၎င်းပြင် “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ဟူ၍လည်း မိန့်မှာတော်မူ ထားပါသေးသည်။ (မာကု ၁၆း၁၅)။ လိုအပ်ချက်သည် ကြီးမား၍ ကျွန်ုပ်တို့တွင် လုပ်ကိုင်နိုင်စွမ်းမည်မျှ နည်းပါးကြောင်း တွေ့မြင်သောအခါ ကျွန်ုပ် တို့သည် အကြိမ်ပေါင်းမည်ရွေ့မည်မျှ စိတ်ဓာတ်ကျခဲ့ကြပြီး ယုံကြည်ခြင်းပျက်ပြားခဲ့ ကြပါသနည်း။ မုန့်ကလေးငါးလုံးနှင့် ငါးနှစ်ကောင်ကိုကြည့်ပြီး ဤမျှလောက် များ စွာသောသူတို့သည် ရှိကြသည်ဖြစ်၍ ထိုမုန့်နှင့်ငါးနှစ်ကောင်တို့ကို အဘယ်ပြောစ ရာရှိပါသနည်း” ဟု အန္ဒြေကဲ့သို့ ကျွန်ုပ်တို့ပြောဆိုကြမည်လား။ အခြားသူများ အ တွက်သုံးပစ်လျှင် ကုန်သွားမည်ကို စိုးရိမ်ကြသဖြင့် မိမိတွင်ရှိသမျှတို့ကို ပေးရန် ကျွန်ုပ်တို့မကြာခဏ နှောင့်နှေးတတ်ကြပါသည်။ သို့သော် “သူတို့အားစားရန် ဝေငှလော့” ဟု ကျွန်ုပ်တို့အား ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော် ရှင်၏ အမိန့်တော်က ကတိတော်တစ်ခုဖြစ်ပြီး ထိုကတိတော်၏ နောက်ကွယ်တွင် ဂါလိလဲအိုင်နံဘေးရှိ ထိုလူထုကြီးအား ကျွေးမွေးတော်မူခဲ့သည့် တန်ခိုးတော်မျိုးရှိ နေတော်မူပါသည်။
ဆာမွတ်နေသော လူအုပ်ကြီး၏ တဒင်္ဂလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ခရစ်တော်၏ လုပ်ဆောင်မှုတွင် ဓမ္မအမှုတော်ဆောင်အားလုံးအတွက် နက်နဲသော ဝိညာဉ်ရေးဆိုင်ရာ သင်ခန်းစာတစ်ခု ပူးတွဲပါရှိနေပါသည်။ ခရစ်တော်သည် အဖဘု ရားသခင်ထံမှ လက်ခံရယူခဲ့ပြီး တပည့်တော်များကို မျှဝေပေးကာ တပည့်တော်များ သည် လူထုကြီးအား ဝေငှပေးခဲ့ပါသည်။ ထိုနောက်မှ လူအုပ်ကြီးအတွင်းရှိ လူသား အချင်းချင်း မျှဝေခဲ့ကြပါသည်။ ထိုနည်းတူစွာ ခရစ်တော်နှင့် တစ်လုံးတစ်၀တည်း ရှိခြင်းအားဖြင့် ကိုယ်တော်ရှင်ထံတော်မှ ရရှိကြမည့် အသက်မုန့်တည်းဟူသော ကောင်းကင်မှ မုန့်ကို အခြားသူများအား မျှဝေပေးကမ်းကြရန်ဖြစ်ပါသည်။
သခင်ယေရှုသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားကိုးလျက် ထိုမုန့် အနည်းငယ်ကို ယူတော်မူခဲ့ပါသည်။ ထိုမုန့်များသည် တမန်တော်များအတွက်ပင် မစားလောက်အောင် နည်းပါးသော်လည်း ၎င်းတို့အား ရှေးဦးစွာမစားစေဘဲ လူအ များအား ဝေငှပေးကမ်းရန် မိန့်တော်မူခဲ့ပါသည်။ လက်တော်တွင် မုန့်များသည် ပွား များလာပြီး အသက်မုန့်တည်းဟူသော ခရစ်တော်ကိုယ်တော်တိုင်သို့ လက်ကမ်းယူ နေသော တမန်တော်များ၏ လက်များထဲတွင်လည်း မည်သည့်အခါမျှ မုန့်များကုန် ခန်းမသွားခဲ့ချေ။ အနည်းငယ်သောမုန့်သည် လူသားအားလုံးအတွက် လုံလောက်ခဲ့ ပါသည်။ စားသုံးပြီးနောက် အကျန်အကြွင်း အကျိုးအပဲ့များကို စုသိမ်းခဲ့ကြပါသည်။ တမန်တော်များသည် ဘုရားသခင် ပေးသနားတော်မူသည့် အဖိုးတန် မွန်မြတ်လှ သောမုန့်ကို ခရစ်တော်နှင့်အတူ စားသောက်ခဲ့ကြရပါသည်။
ထိုတမန်တော်များသည် ခရစ်တော်နှင့် ထိုလူအုပ်ကြီးအကြား ဆက်သွယ် ရေးမြောင်းများ ဖြစ်ခဲ့ကြပါသည်။ ယနေ့အသက်ရှင်နေသော ကိုယ်တော်၏ တပည့် တော်များအတွက် ထိုအရာသည် အားတက်စရာတစ်ခု ဖြစ်သင့်ပါသည်။ ခရစ်တော် သည် တန်ခိုးခွန်အား အားလုံးတို့၏ မြစ်ဖျားခံ ရာမဟာပင်မအချက်အချာ ဖြစ်တော် မူပါသည်။ ကိုယ်တော်၏ တပည့်တော်များသည် မိမိတို့အတွက် လိုအပ်သော အမ အစများကို ကိုယ်တော့်ထံမှ ရယူကြရန်ဖြစ်ပါသည်။ အသိဥာဏ်အထက်မြက်ဆုံး သောသူများနှင့် ဝိညာဉ်ရေးစိတ်ထား အပြည့်အဝဆုံးသော သူများသည် မိမိတို့ခံ ယူရရှိသည့်အတိုင်းသာ ပြန်လည်ပေးဝေနိုင်ကြပါသည်။ သူတို့သည် အသက် ဝိညာဉ်များ၏ လိုအပ်ချက်များအတွက် မည်သည့်အရာကိုမျှ မိမိတို့အစွမ်း၊ မိမိတို့ တန်ခိုးများအားဖြင့် မပေးစွမ်းနိုင်ကြချေ။ ကျွန်ုပ်တို့သည် ခရစ်တော်ထံမှ ရရှိသ လောက်သာ မျှဝေနိုင်ကြမည်ဖြစ်ပြီး အခြားသူများအား မျှဝေသလောက်သာ ရရှိနိုင် ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့မျှ ဝေပေးကမ်းနေသော အချိန်တွင် ဆက်လက်ရယူ နေပါသည်။ ပို၍မျှဝေလျှင် ပို၍ရရှိကြလိမ့်မည် ဖြစ်ပါသည်။ ဤနည်းအားဖြင့် ခိုင် မြဲတည်တံ့စွာ ယုံကြည်လျက်၊ ကိုးစားလျက်၊ ရယူလျက်၊ ပေးဝေလျက်ရှိကြပါလိမ့် မည်။
အသွင်အပြင်ခပ်သိမ်းတို့တွင် ရှေ့သို့တိုးတက်မှု နှေးကွေးပြီး စွမ်းဆောင် ရန် မဖြစ်နိုင်သောအရာများသည် တိုးတက်မှုကို အဟန့်အတား ပြုနေသယောင် ဖြစ်နေသော်လည်း ခရစ်တော်၏ နိုင်ငံတော်တည်ထောင်မှု လုပ်ငန်းသည် ရှေ့သို့ တိုးတက် သွားပါလိမ့်မည်။ ဤအမှုတော်သည် ထာ၀ရဘုရား၏ အမှုတော်ဖြစ်ပြီး ငွေကြေးအမအစများကို ကိုယ်တော်ထောက်ပံ့ တော်မူပါလိမ့်မည်။ ၎င်းပြင် ငတ် မွတ်နေသော လူအများအားကျွေးမွေးရန် အစာများကို လက်အပြည့်ဆုပ်ယူလာ ကြမည့် စိတ်အားထက်သန်၍ သစ္စာရှိသော တမန်တော်များနှင့် မစမည့်သူများကို စေလွှတ်တော်မူလိမ့်မည်ဖြစ်ပါသည်။ ပျက်စီးခြင်းထဲတွင် ရှိနေကြသော အသက် ဝိညာဉ်များအတွက် အသက်ရှင်ခြင်းနှင့်ယှဉ်သော နှုတ်ထွက်စကားများကို မျှဝေရန် မေတ္တာတော် ကိုအရင်းခံ၍ လုပ်ဆောင်နေကြသူများ အားလည်းကောင်း၊ ဆာမွတ် နေသော အသက်ဝိညာဉ်များအတွက် အစာပေးရန် လက်ကမ်းနေသော သူများအား လည်းကောင်း ထာ၀ရဘုရားသည် ဂရုပြုတော်မမူဘဲ နေတော်မူမည် မဟုတ်ချေ။
ဘုရားသခင်၏ အမှုတော်တွင် ပင်ကိုအစွမ်းအစများနှင့် အရည်အချင်းရှိ သော လူသားများ၏ စွမ်းဆောင်နိုင်မှုများအပေါ်တွင် အလွန်အကျွံ အားကိုးခြင်း သည် အန္တရာယ်ရှိတတ်ပါသည်။ ထိုကဲ့သို့ အားကိုးမိခြင်းကြောင့် ထာ၀ရဘုရားကို မျက်ခြည်ပြတ်သွားပါသည်။ ခရစ်တော်အတွက် လုပ်ဆောင်နေသည့် အမှုတော် ဆောင်သည် မိမိ၏ပုဂ္ဂလိကတာဝန်ဝတ္တရားကို မကြာခဏလုပ်ဆောင်ရန် ပျက်ကွက် တတ်ပါသည်။ သူသည် မိမိထမ်းဆောင် ရမည့်တာဝန်များကို ခပ်သိမ်းသော ခွန်အားတို့၏ မူလအခြေအမြစ်ဖြစ် တော်မူသောကိုယ်တော်ကို အားကိုးရမည့်အစား အဖွဲ့အစည်းများအပေါ်သို့ ပခုံးပြောင်းလိုသည့်အန္တရာယ်ရှိနေပါသည်။ ဘုရားသခင် ၏ အမှုတော်တွင် လူအရေအတွက်ကိုလည်းကောင်း၊ လူသားများ၏ အသိပညာ များကိုလည်းကောင်း ကိုးစားခြင်းသည် မဟာအမှားတော်ကြီးဖြစ်နေပါသည်။ ခရစ် တော်၏ အမှုတော်အောင်မြင်မှုသည် လူအရေအတွက်နှင့် လုပ်ဆောင်သည့် လူများ ၏ ပင်ကိုအစွမ်းများအပေါ်တွင် များစွာမူမတည်ဘဲ ဖြူစင်သော အကြံအစည်များ၊ စိတ်အားထက်သန်၍ ထာ၀ရဘုရားကို အားကိုးမှီခိုတတ်သော ယုံကြည်ခြင်း၏ ဖြူ စင်မှုများအပေါ်၌ မူတည်နေပါသည်။ ပုဂ္ဂလိကတာဝန်များကိုလည်းကောင်း၊ ပုဂ္ဂလိ ကဝတ္တရားများကိုလည်းကောင်း ထမ်းဆောင်ရပါမည်။ ခရစ်တော်ကို မသိရှိသေး သောသူများအတွက် ပုဂ္ဂလိကကြိုးစားမှုများကို လုပ်ဆောင်ရမည်။ မိမိထက်တတ် စွမ်းနိုင်သည်ဟု ထင်သည့်သူများအပေါ်သို့ မိမိ၏တာဝန်ကိုလွှဲပြောင်းပုံချမည့်အစား သင်၌ စွမ်းအားရှိသမျှအတိုင်း လုပ်ဆောင်ပါ။
ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟူသော မေးခွန်းမျိုး စိတ် ထဲတွင် ဖြစ်ပေါ်လာသောအခါ သင်၏အဖြေသည် မယုံကြည်မှုနှင့် ဆိုင်သော တုံ့ပြန်ချက်မဖြစ်စေနှင့်။ “သူတို့ကိုစားစရာပေးလော့” ဟူသော ကယ်တင်ရှင်၏ ညွှန်ကြားချက်ကို တမန်တော်များ ကြားရသောအခါ စိတ်ထဲတွင် အကျပ်ရိုက်လာခဲ့ ပါသည်။ အစာဝယ်ဖို့ ရွာထဲကိုသွားရမလားဟူ၍ သူတို့မေးခဲ့ကြပါသည်။ ထိုနည်းတူ ယခုတွင်လည်း လူများသည် အသက်မုန့် ချို့တဲ့နေကြသောအခါ ထိုသူတို့ကိုa ကျွးမွေးရန် ရပ်ဝေးတွင်ရှိသော လူတချို့ထံသို့ ကျွန်ုပ်တို့စေလွှတ်ရမလားဟု ဘုရား သခင်၏ သားသမီးများက မေးကြပါသည်။ သို့သော် ခရစ်တော်မည်ကဲ့သို့ မိန့်တော် မူခဲ့ပါသနည်း။ “လူအပေါင်းတို့ကို လျောင်းစေပြီး ထိုနေရာမှာပင် လူတို့အား ကိုယ် တော်ရှင် ကျွေးမွေးတော်မူခဲ့ပါသည်။” ထိုနည်းအတူ ဆင်းရဲချို့တဲ့သော သူများ သည် ကျွန်ုပ်တို့ကို ဝန်းရံလာသောအချိန်တွင် ခရစ်တော်သည် ထိုနေရာတွင် ရှိ တော်မူကြောင်း သင်သိပါ။ ကိုယ်တော်ကို ထိုနေရာတွင် မိတ်သဟာယဖွဲ့ပါ။ သင်၏ မုန့်ကလေးများကို ကိုယ်တော်ထံသို့ ယူဆောင်လာပါ။
ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် ငွေကြေးများသည် အမှုတော်အတွက် လုံ လောက်မှု မရှိသယောင်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဘုရားသခင်၏ အနန္တ တန်ခိုးတော်ကို ကိုးစားလျက် ယုံကြည်ခြင်းအားဖြင့် ဆက်လက် လုပ်ဆောင်လိမ့် မည်ဆိုလျှင် ကြွယ်၀များပြားစွာသော ငွေကြေးပစ္စည်းများကို ကျွန်ုပ်တို့ ရရှိကြပါလိမ့် မည်။ အမှုတော်သည် ဘုရားသခင်၏ အမှုတော်ဖြစ်သည့် အလျောက် ကိုယ်တော် ရှင်ကိုယ်တော်တိုင် အမှုတော်ပြီးမြောက်မှုအတွက် လိုအပ်သည့် ငွေကြေးများကို စီစဉ်ပေးတော်မူလိမ့်မည်။ ဘုရားသခင်၏ အမှုတော်အတွက် ဥာဏ်အမြော်အမြင် ပြည့်စုံစွာဖြင့် ချွေချွေတာတာအသုံးပြုသည့် အနည်းငယ်သော ဘဏ္ဍာများသည် မျှဝေပေးကမ်းမှုတိုင်းတွင် တိုးပွားပါလိမ့်မည်။ ခရစ်တော်၏ လက်တော်တွင်ရှိသော မုန့်အနည်းငယ်သည် လူအုပ်ကြီး၀လင်စွာ စားပြီးသည့်တိုင်အောင် လျော့ပါးသွား ခြင်း မရှိခဲ့ချေ။ ကျွန်ုပ်တို့သည် လက်ခံရယူရန် ယုံကြည်သောလက် များကိုဆန့်၍ ကိုယ်တော်ရှင်ထံသို့ ချဉ်းကပ်ခဲ့ကြလျှင် အကျပ်တည်းဆုံး အခြေအနေ၌ပင် ကျွန်ုပ် တို့အားအမှုတော်အတွက် မစတော်မူလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့သည် အခြားသူများ အား အသက်မုန့်ကို မျှဝေပေးနိုင်ကြ မည်ဖြစ်ပါသည်။ ‘သူတစ်ပါးအား ပေးကြ လော့၊ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။” “အနည်းငယ် သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရလိမ့်မည်။ များစွာကြဲ သောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။---သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း အမျိုးစုံ သော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံစေခြင်းငှါ ဘုရားသခင် တတ်နိုင်တော် မူ၏။”ကျမ်းစာလာသည်ကား-
“သူသည် စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အားပေးကမ်းပြီ၊ သူ၏ဖြောင့်မတ် ခြင်းသည် အစဉ်အမြဲတည်တတ်၏”ဟုလာသတည်း။
“မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရ ကို လည်းကောင်း ပေးတော်မူသောသူသည် သင်တို့အား မျိုးစေ့ကိုပေး၍ ပွားများစေ တော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်၀စေတော်မူမည်။ ထိုသို့ သင်တို့သည် စေတနာစိတ်ဖြင့် အမျိုးမျိုးသောစွန့်ကြဲ ပေးကမ်းခြင်းအလိုငှါ အရာ ရာ၌ ကြွယ်၀ခြင်း ရှိသည်ဖြစ်၍ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီး မွမ်းစရာအကြောင်း ရှိလိမ့်မည်။” လုကာ ၆း၃၈။ ၂ကော၊ ၉း၆-၁၁။
No comments:
Post a Comment