အောင်မြင်ခြင်း
ရှင်မဿဲ
၄း၅-၁၀။ မာကု ၁း၁၂-၁၃။ လုကာ ၄း၅-၁၃ ကိုအခြေပြုထားပါသည်။
“မာရ်နတ်သည်
ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွတ်၌ တင်ထား ပြီးလျှင်
ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို
ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကိုလက်ဖြင့်မစချီပင့်ကြလိမ့်မည်ဟု
လာ၏။ ထို့ကြောင့် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်ပါဟု
လျှောက်လေ၏။”
စာတန်သည် ယခုအချိန်တွင်
မိမိ၏ပိုင်နက်တွင် ခရစ်တော်နှင့်ရင်ဆိုင်နေရသည်ဟု ယူဆနေပါသည်။
လှည့်ဖြားတတ်သောထိုရန်သူသည် ဘုရားသခင်၏နှုတ်တော်မှထွက်တော်မူခဲ့သည့်
နှုတ်ကပတ်တော်များကို ကိုယ်တိုင်ရွတ်ဆိုပြနေပါသည်။ စာတန်သည် ယခုတိုင်အောင်
သန့်ရှင်းသော ကောင်းကင်တမန်တစ်ပါးကဲ့သို့ လက္ခဏာရှိနေပြီး
မိမိသည်သမ္မာကျမ်းစာကိုသိကျွမ်းကြောင်း၊ အရေးပါ
သောသမ္မာကျမ်းချက်များကိုနားလည်ကြောင်း ထိုသို့ပြုလုပ်ခြင်းအားဖြင့်
သက်သေထင်ရှားစေခဲ့ပါသည်။ ယခင်က ခရစ်တော်သည် မိမိ၏ယုံကြည်ခြင်းကိုထောက်မရန်
နှုတ်ကပတ်တော်ကို အသုံးပြုခဲ့သကဲ့သို့ ယခုအချိန်တွင် စာတန်သည်
မိမိ၏လိမ်ညာမှုကိုကာသာပေးရန် နှုတ်ကပတ်တော်ကိုအသုံးပြုနေပါသည်။ သူသည်
ခရစ်တော်၏စောင့်သိခြင်းကို စမ်းသပ်နေခြင်းသာဖြစ်ကြောင်း၊ ယခုတွင်ကိုယ်တော်၏
တည်ကြည် မှုအတွက် ချီးမွမ်းကြောင်းကို အခိုင်အမာပြောနေပါသည်။ ကယ်တင်ရှင်သည်
ထာဝရဘုရား၌ မိမိ၏ ယုံကြည်ကိုးစားမှုကိုထင်ရှားစွာပြသခဲ့သော်လည်း
ကိုယ်တော်၏ယုံကြည်ခြင်းအတွက် အခြားသက်သေ အထောက်အထားတစ်ခုကို ဆက်လက်ပြသရန်
စာတန်တိုက်တွန်းနေပါသည်။
သို့သော်
နောက်ထပ်စုံစမ်းခြင်းကို “ဘုရားသခင်၏သားတော်မှန်လျှင်” ဟူသော မယုံကြည်မှုကို
ထိကပါးရိကပါး ပြောပြခြင်းဖြင့် နိဒါန်းပျိုးထားပါသည်။ “လျှင်” ဆိုသော
စကားကိုဖြေရန် ခရစ်တော်သည် အစုံအစမ်းခံနေရသော်လည်း သံသယစိတ်ကို
စိုးစဉ်းမျှမရှိစေရန် ကိုယ်တော်ကြဉ်ရှောင် တော်မူခဲ့ပါသည်။ ကိုယ်တော်သည် စာတန်အား
သက်သေအထောက်အထားပြရန်အလိုငှါ၊ မိမိအသက်တာကို
ဘေးအန္တရာယ်သင့်ရောက်စေလိမ့်မည်မဟုတ်ချေ။
ထိုသွေးဆောင်ဖြားယောင်းသူသည်
ခရစ်တော်၏လူသားဇာတိအပေါ်တွင် အခွင့်အရေး ယူရန် ကြံစည်ခဲ့ပြီး
ရဲရင့်သောဒုစရိုက်ပြုခြင်းအတွက် ကိုယ်တော်အားတိုက်တွန်းနေပါသည်။ စာတန်သည်
သွေးဆောင်ဖြားယောင်းနိုင်သော်လည်း အပြစ်ကျူးလွန်ရန် အတင်းအကျပ်မပြုလုပ်နိုင်ချေ။
သူသည် ခရစ်တော်ကိုအောက်သို့တွန်းချရန် မစွမ်းနိုင်ကြောင်းသိရှိသဖြင့်
“ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ” ဟု ကိုယ်တော်အား ပြောခဲ့ပါသည်။ အကြောင်းမူကား
တွန်းချလိုက်လျှင်လည်း ဘုရားသခင်သည် ကိုယ်တော် အားကယ်ဆယ်ရန်
ကြားဝင်ဆောင်ရွက်တော်မူပါလိမ့်မည်။ ၎င်းပြင် ခရစ်တော်ကိုယ်တော်တိုင် မိမိသဘော
အတိုင်းခုန်ချရန်လည်း စာတန်သည် အနိုင်အထက်မပြုလုပ်နိုင်ချေ။ ခရစ်တော်သည်
စုံစမ်းခြင်းသို့ လိုက်ပါရန် သဘောမတူခဲ့လျှင်
စုံစမ်းခြင်းကိုအောင်မြင်ကျော်လွှားနိုင်မည်သာဖြစ်ပါသည်။ ကိုယ်တော်အား ဘုရားသခင်
၏အလိုတော်မှသွေဖည်သွားရန် လောကအာဏာစက်အားလုံးတို့သည်လည်းကောင်း၊ မရဏာနိုင်ငံမှ
အာဏာ စက်များသည်လည်းကောင်း စိုးစဉ်းမျှအနိုင်အထက်ပြုနိုင်စွမ်းမရှိကြချေ။
သွေးဆောင်ဖြားယောင်းသူသည်
ကျွန်ုပ်တို့အား ဒုစရိုက်ပြုရန် အနိုင်အထက်မပြုနိုင်ပါချေ။
၎င်း၏ထိန်းချုပ်မှုအောက်သို့ အလျှော့ပေးအညံ့ခံခြင်းမပြုခဲ့ပါလျှင် စာတန်သည်
လူတို့၏စိတ်ကိုမထိန်းချုပ် နိုင်ပါချေ။ သူသည် မိမိ၏တန်ခိုးကို
ကျွန်ုပ်တို့၏အသက်တာတွင် အသုံးမချမီ ကျွန်ုပ်တို့သည် အလိုတော်ကို လိုက်လျော၍
ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုကိုင်ဆွဲရပါမည်။ သို့သော်
ကျွန်ုပ်တို့မြတ်နိုးသည့်အပြစ် များသောအလိုဆန္ဒတိုင်းသည် စာတန်အားခြေကုပ်ရစေပါသည်။
ဘုရားခင်ပေးထားသည့်အသက်တာ “စံ” အတိုင်းနေထိုင်လုပ်ဆောင်ရန်
ပျက်ကွက်သောအရာတိုင်းသည် ကျွန်ုပ်တို့ကို စာတန်စုံစမ်းဖျက်ဆီးရန်
ဝင်ရောက်လာနိုင်သည့်တံခါးပေါက်များဖြစ်နေပါသည်။ ကျွန်ုပ်တို့၏ပျက်ကွက်မှုများသည်
ခရစ်တော်ကို အပြစ်တင်ရန် စာတန်အတွက်အခွင့်ကောင်းများဖြစ်စေပါသည်။
စာတန်သည်ကတိတော်ကို ကိုးကားဖော်ပြရာတွင်
“ကောင်းကင်တမန်တို့အား သင့်အဖို့မှာ ထားတော်မူသည်ဖြစ်၍” ဟူသော စာကြောင်းကိုသာသုံး၍
“သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှါ” ဆိုသည့် စကားစုကိုချန်ထားခဲ့ပါသည်။
“သွားလေရာရာ၌” ဟုဆိုရာတွင် ဘုရားသခင်ရွေးချယ်ထားသော လမ်းများကိုဆိုလိုပါသည်။
ယေရှုခရစ်သည် နားထောင်ခြင်းလမ်းကြောင်းမှ အပြင်သို့ကျော်သွားရန် ငြင်းဆန်
တော်မူခဲ့ပါသည်။ အဖခမည်းတော်အပေါ် စုံလင်သောယုံကြည်ကိုးစားမှုကို ထင်ရှားစေစဉ်တွင်
မိမိအား သေခြင်းမှကယ်ရန် ဘုရားသခင်၏ကြားဝင်ဆောင်ရွက်ခြင်းကို မလွဲမသွေဖြစ်စေမည့်
အနေအထားမျိုးတွင် ဘုရားသခင်၏အမိန့်မပါဘဲ ကိုယ်တော်သည်
မိမိကိုယ်ကိုထားတော်မူလိမ့်မည်မဟုတ်ချေ။ မိမိ၏လွတ် မြောက်ရေးအတွက် ကြွလာရန်
ဘုရားသခင်အား အတင်းအကျပ်တောင်းခံလိမ့်မည်မဟုတ်ချေ။ ထိုသို့လုပ် မိလျှင်
ယုံကြည်ကိုးစားခြင်းနှင့်အပ်နှံခြင်းအတွက် လူသားများအားပေးရမည့် ပုံသက်သေကို
ကိုယ်တော်ပေး နိုင်တော့မည်မဟုတ်ချေ။
ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို
အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန် သည်ဟု မိန့်တော်မူ၏။ “ထာဝရဘုရားသည်
ငါတို့တွင်ရှိသလော၊ မရှိသလော” ဟု အော်ဟစ်ကာရေငတ်နေ သော ဣသရေလများသည်
မောရှေအားရေပေးရန် တောင်းခံကြသောအခါ ဤစကားများကို မောရှေပြော ကြားခဲ့ပါသည်။
ထာဝရဘုရားသည် ထိုသူများအတွက် အံ့ဩဖွယ်ပြုတော်မူခဲ့သော်လည်း ဒုက္ခနှင့်ရင်ဆိုင်ရ
သောအခါ သူတို့သည် သံသယစိတ်များဝင်လာကာ ကိုယ်တော်သည် ၎င်းတို့နှင့်အတူရှိကြောင်း
အထောက် အထားများကို တောင်းခံလာခဲ့ကြပါသည်။ မယုံကြည်သောကြောင့် ကိုယ်တော်ရှင်ကို
အစုံအစမ်းပြုခဲ့ကြပါ သည်။ စာတန်သည် ထိုနည်းနှင်နှင်ပင် ခရစ်တော်အား
တိုက်တွန်းနေပါသည်။ ယေရှုခရစ်သည် မိမိ၏ သားတော်ဖြစ်ကြောင်း ထာဝရဘုရားသည်
သက်သေခံတော်မူခဲ့ပြီးဖြစ်သဖြင့် ကိုယ်တော်သည် ဘုရားသခင် ၏သားတော်ဖြစ်ကြောင်း သက်သေအထောက်အထားကို ယခုတောင်းခံနေခြင်းသည်
ဘုရား၏နှုတ်ထွက် စကားများကို အစုံအစမ်းပြုနေခြင်းဖြစ်ပြီး
ဘုရားသခင်အားစုံစမ်းနေခြင်းဖြစ်ပါသည်။ ၎င်းပြင် ဘုရားသခင်
ကတိတော်ပေးမထားခဲ့သောအရာများကို တောင်းခံခြင်းသည်လည်း မယုံကြည်မှုကို
ထင်ရှားစေသည့်အပြင် ဘုရားသခင်ကိုအမှန်တကယ်စုံစမ်းနေခြင်းဖြစ်ပါသည်။ ကိုယ်တော်သည်
မိမိနှုတ်ကပတ်တော်များကို ပြည့်စုံ စေလိမ့်မည်ဖြစ်သောကြောင့်
နှုတ်ကပတ်တော်ကိုပြည့်စုံစေမည်၊ မပြည့်စုံစေမည်ကို စမ်းသပ်ရန်အတွက်
ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့ ဆုမတောင်းသင့်ကြချေ။ ကိုယ်တော်သည်
ကျွန်ုပ်တို့အားချစ်သောကြောင့် ချစ်၊မချစ်အတွက် မစုံစမ်းသင့်ချေ။
“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်း ကောင်း၊
ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” ဟေဗြဲ
၁၁း၆။
သို့သော် ယုံကြည်ခြင်းသည်
ရဲရင့်သောဒုစရိုက်ပြုခြင်းနှင့် မည်သို့မျှမဆက်နွယ်ပါချေ။ စစ်မှန်သော
ယုံကြည်ခြင်းရှိသူသည် ရဲရင့်သောဒုစရိုက်ပြုခြင်း၏ အန္တရာယ်မှ ကင်းလွတ်ပါသည်။
အကြောင်းမူကား ရဲရင့်သောဒုစရိုက်ပြုခြင်းသည်
စာတန်၏ယုံကြည်ခြင်းအတုဖြစ်သောကြောင့်တည်း။ ယုံကြည်ခြင်းသည်
ဘုရားသခင်၏ကတိတော်များကို တောင်းဆို၍ နားထောင်ခြင်းအသီးအပွင့်ကိုဖြစ်စေပါသည်။
ရဲရင့်သော ဒုစရိုက်ပြုခြင်းသည် ထိုကတိတော်များကို အခိုင်အမာပြောဆိုသော်လည်း
စာတန်ကဲ့သို့ပင် အပြစ်ကျူးလွန် ခြင်းကို ခွင့်ပြုရန်အတွက် ထိုကတိတော်များကို
အသုံးပြုပါသည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏မိဦးဖဦး အား
ဘုရားသခင်၏မေတ္တာတော်ကိုကိုးစား၍ ကိုယ်တော်၏ပညတ်ချက်များအား လိုက်နာစေခဲ့ပါသည်။
ရဲရင့် သောဒုစရိုက်ပြုခြင်းမှာမူ ကိုယ်တော်၏ကြီးမားလှသော မေတ္တာတော်သည်
၎င်းတို့အား အပြစ်၏အဖိုးအခ ထဲမှ ကယ်တင်လိမ့်မည်ဟုယုံကြည်စေလျက် ၎င်းတို့အား ပညတ်တော်ကိုချိုးဖောက်ရန်ပို့ဆောင်ပါသည်။
ကရုဏာတော်ရနိုင်မည့်အခြေအနေနှင့် ကိုက်ညီအောင်မဆောင်ရွက်ဘဲ
ထိုယုံကြည်ခြင်းသည်ဘုရားသခင် ၏ ကျေးဇူးပြုခြင်းကို မတောင်းခံချေ။
စစ်မှန်သောယုံကြည်ခြင်းသည် ကတိတော်များနှင့် သမ္မာကျမ်းစာ၏
ပြဌာန်းချက်များအပေါ်တွင် အခြေခံထားပါသည်။
စာတန်သည် တစ်ခါတစ်ရံတွင်
ကျွန်ုပ်တို့အားမယုံကြည်အောင် မလုပ်နိုင်သော်လည်း ရဲရင့်သော ဒုစရိုက်ကိုပြုရန်
သွေးဆောင်နိုင်ပါသည်။ အကယ်၍မလိုအပ်ဘဲ မိမိကိုယ်ကိုစုံစမ်းခြင်းခံရမည့် အခြေအနေ
တွင် ရှိစေရန် ကျွန်ုပ်တို့အား စာတန်လုပ်ဆောင်နိုင်မည်ဆိုလျှင်
အောင်မြင်မှုသရဖူသည် သူ့အတွက်ဖြစ်မည် ကို စာတန်သိပါသည်။ ဘုရားသခင်သည်
နားထောင်ခြင်းရှိသောသူအပေါင်းကို စောင့်ရှောက်တော်မူမည်ဖြစ် ပြီး
တရားလမ်းမှသွေဖည်သွားသူသည် စာတန်၏ပိုင်နက်တွင် စွန့်စားနေခြင်းသာဖြစ်ပါသည်။
ထိုနေရာတွင် ကျွန်ုပ်တို့သည် သေချာပေါက်ကျဆုံးကြမည်သာတည်း။ “စုံစမ်းနှောင့်ခြင်းနှင့်
ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့” ဟု ကိုယ်တော်ရှင်သည်
ကျွန်ုပ်တို့အားမိန့်မှာတော်မူခဲ့ပါသည်။ တရား တော်ကိုဆင်ခြင်သုံးသပ်ခြင်းနှင့်
ဆုတောင်းခြင်းများသည် အန္တရာယ်လမ်းထဲသို့ပို့ဆောင်သော အလျင်စလို
လုပ်ဆောင်ခြင်းများမှ ကျွန်ုပ်တို့အားကင်းဝေးစေပါလိမ့်မည်။ ထိုနည်းအားဖြင့်
ကျွန်ုပ်တို့အားများစွာသော ချို့ယွင်းမှုများမှကယ်တင်ပါလိမ့်မည်။
သို့စေကာမူ ကျွန်ုပ်တို့သည်
စုံစမ်းခြင်းခံရသောအခါ အားမလျော့သင့်ကြချေ။ စုံစမ်းခြင်းခံရသော အခြေအနေသို့
ရောက်သောအချိန်တွင် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားပို့ဆောင်ခဲ့ခြင်းဖြစ်
သည် ဟု မကြာခဏကျွန်ုပ်တို့သံသယဖြစ်တတ်ကြပါသည်။ သို့သော် မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို
ခံစေမည့်အကြောင်း ဝိညာဉ်တော်သည် ယေရှုကိုတောသို့ ပို့ဆောင်တော်မူခဲ့၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ အား စုံစမ်းခြင်းခံရန် ခေါ်ဆောင်လာသောအခါ
ကိုယ်တော်၌ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ပြီးစီးစွာ ဆောင်ရွက်ရန်
အကြံအစည်တစ်ခုရှိတော်မူပါသည်။ ခရစ်တော်သည် အမိန့်တော်မရှိဘဲ စုံစမ်းခြင်းထဲသို့
ဝင်စားခြင်းအားဖြင့် ဘုရားသခင်၏ ကတိတော်များကို တလွဲအသုံးမချခဲ့သည့်ပြင်
စုံစမ်းခြင်းခံရသောအခါ တွင်လည်း စိတ်ပျက်အားလျော့ခြင်းရှိတော်မမူခဲ့ချေ။
ကျွန်ုပ်တို့သည်လည်း ထိုနည်းအတူဖြစ်သင့်ကြ ပါသည်။ “ဘုရားသခင်သည်
သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို
သင်တို့၌ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည့်အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်းနှင့် တကွ ထွက်မြောက်သောလမ်းကိုလည်း
စီရင်ပြုပြင်တော်မူလိမ့်မည်။” ၁ကော ၁၀း၁၃။ “ကျေးဇူးတော်ကို ချီးမွမ်းခြင်းယဇ်ကို
ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည့်အတိုင်း အမြင့်ဆုံးသောဘုရား၌
သစ္စာဝတ်ကိုဖြေလော့။ အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့၊ ငါသည်ကယ်လွှတ်မည်၊
သင်သည် လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။” ဆာလံ ၅၁း၁၄-၁၅။
ခရစ်တော်သည် ဒုတိယအကြိမ်ခံရသော
စုံစမ်းခြင်းတွင်လည်း အောင်နိုင်သူတစ်ပါးဖြစ်ခဲ့ပါသည်။ ယခုတွင် စာတန်သည်
မိမိ၏ဇာတိရုပ်မှန်ကိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။ သို့သော်လည်း သူသည် ကွဲနေ
သောခွာကြီးများ၊ လင်းနို့အတောင်များနှင့် ကြောက်လန့်စက်ဆုပ်ဖွယ်ကောင်းသော
ဧရာမသတ္တဝါကြီး တစ်ကောင်ကဲ့သို့ ပေါ်ထွန်းမလာခဲ့ချေ။
ကျဆုံးနေသောကောင်းကင်တမန်ဖြစ်သော်လည်း ခွန်အားကြီးသော
ကောင်းကင်တမန်တစ်ပါးဖြစ်နေဆဲဖြစ်ပြီး မိမိကိုယ်ကိုဆန့်ကျင်မှု၏ခေါင်းဆောင်အနေဖြင့်
လည်းကောင်း၊ လောကကမ္ဘာ၏ဘုရားတစ်ဆူအနေဖြင့်လည်းကောင်း
သူအတိအလင်းသတ်မှတ်ထားခဲ့ပါသည်။
မာရ်နတ်သည်ယေရှုကို
တောင်ပေါ်သို့ဆောင်သွား၍ ကမ္ဘာလောကတွင်ရှိသော တိုင်းနိုင်ငံများ၏
ဘုန်းစည်းစိမ်များကို ကိုယ်တော်၏ရှေ့မှောက်၌ မြင်ကွင်းကျယ်ရှုခင်းအသွင်ဖြင့်
ထင်ရှားစေခဲ့ပါသည်။ နေရောင်ခြည်သည် ဗိမာန်တော်များစွာရှိနေသောမြို့တော်များ၊
သလင်းကျောက်များဖြင့် တည်ဆောက်ထား သော နန်းတော်များ၊
မြေဩဇာကောင်းမွန်သောလယ်ကွင်းများနှင့် အသီးတို့ပြွတ်နေသော စပျစ်ဥယျာဉ်များ
အပေါ်သို့ ကျရောက်ထွန်းလင်းနေပါသည်။ ဒုစရိုက်၏အစအနများကိုဖုံးကွယ်ထားပါသည်။
ယခင်ကစိတ် ပျက်ဖွယ်ရာများ၊ ပျက်စီးခြင်းများနှင့် တွေ့ထိခံစားခဲ့ရသော
ခရစ်တော်၏မျက်ဝန်းတော်များသည် ယခုတွင် ချစ်လိုဖွယ်ကောင်းခြင်းနှင့်
သာယာလှပမှုများ၌ မည်သည့်အရာကမျှသာလွန်နိုင်ခြင်းမရှိသောမြင်ကွင်းတစ်ခု ကို
စူးစိုက်၍ကြည့်တော်မူခဲ့ပါသည်။ ထိုအချိန်တွင် စာတန်၏အသံသည် ပေါ်ထွက်လာသည်ကား
“ဤဘုန်း တန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ပြီ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ်၍
ကိုယ်တော်အားပေးပါ မည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်
ကိုယ်တော်၏ဥစ္စာဖြစ်လိမ့်မည်” ဟုလျှောက်လေ၏။
ခရစ်တော်၏အမှုတော်သည်
ဒုက္ခဆင်းရဲခံစားခြင်းအားဖြင့်သာ ပြည့်စုံပြီးမြောက်စေနိုင်ပါသည်။
ကိုယ်တော်၏ရှေ့တော်မှောက်တွင် ဝမ်းနည်းခြင်းနှင့်ပြည့်ဝပြီး ခဲယဉ်းကျပ်တည်း၍
တိုက်လှန်ပွဲနှင့်ပြည့်ဝ သော အသက်တာများနှင့် ရှက်ဖွယ်ကောင်းသော
အသေခံခြင်းများရှိနေခဲ့ပါသည်။ ကိုယ်တော်သည် ကမ္ဘာ တစ်ခုလုံး၏ အပြစ်များကို
ယူတင်ဝတ်ဆောင်မည်ဖြစ်ပြီး ခမည်းတော်၏မေတ္တာတော်နှင့် ခွဲခွာခြင်းကို
ခံရမည်ဖြစ်သည်။ ယခုတွင်သွေးဆောင်သူသည် မိမိအဓမ္မရယူထားခဲ့သော
တန်ခိုးအာဏာကိုပေးအပ်ရန် ထုတ်ဖော်နေပါသည်။ ခရစ်တော်သည်
စာတန်၏အချုပ်အခြာအာဏာရှိခြင်းကို အသိအမှတ်ပြုခြင်းအားဖြင့် ကြောက်လန့်ဖွယ်အနာဂတ်မှ
မိမိကိုယ်ကို လွတ်မြောက်စေနိုင်ပါမည်။ သို့သော် ဤကဲ့သို့ပြုလုပ်ခြင်းသည်
တိုက်လှန်ပွဲကြီးတွင်ရရှိမည့် အောင်မြင်မှုသရဖူကို
အရှုံးပေးလက်လျှော့လိုက်ခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို ဘုရားသခင်၏သားတော်၏အထက်တွင်
ချီးမြှောက်ရန်ကြိုးစားခြင်းဖြင့် စာတန်သည် ကောင်းကင်နိုင်ငံတွင်
အပြစ်ကျူးလွန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန်တွင် သူအောင်နိုင်မည်ဆိုလျှင်လည်း
ထိုအောင်မြင်မှုသည် ခြားနားမှု၏ အောင်မြင်မှုသာဖြစ်ပေလိမ့်မည်။
ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို
ငါ၌အပ်ခဲ့ပြီ။ ငါသည်ပေးလိုသောသူအား ပေးရသည်ဟူသော စာတန်၏လျှောက်ထားချက်သည်
အမှန်တစ်ပိုင်းကိုသာကွက်၍ ဖော်ပြထားခြင်းဖြစ်ပါသည်။ ၎င်းပြင် ထိုမှန်
သောအပိုင်းကလေးကိုလည်းမိမိ၏လိမ်ညာလှည့်စားခြင်း
အကြံထမြောက်စေရန်သာသူပြောဆိုအသုံးပြုခဲ့ပါ သည်။
စာတန်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုသည်ဖန်ဆင်းရှင်၏ကိုယ်စားဖြစ်သည့်အာဒံမှလုယူထားသော
အရာဖြစ်ပါသည်။ သူရရှိထားသော အချုပ်အခြာအာဏာသည်
လွတ်လပ်သောအုပ်စိုးမှုတစ်ခုမဟုတ်ခဲ့ချေ။ ကမ္ဘာလောကသည်
ကိုယ်တော်ပိုင်တော်မူသောအရာဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့ကို ထာဝရဘုရား သည်
သားတော်ကိုအပ်နှင်းတော်မူခဲ့ပြီးဖြစ်သည်။ အာဒံသည် ခရစ်တော်၏လက်အောက်တွင်
ကမ္ဘာကြီးကို အုပ်စိုးရန်ဖြစ်ပါသည်။ မိမိ၏အုပ်စိုးခွင့်အာဏာကို
စာတန်၏လက်ထဲသို့အပ်နှံခဲ့သောအချိန်တွင် ခရစ်တော် သည် တရားဝင်ဘုရင်ကြီးအနေဖြင့်
ဆက်လက်တည်ရှိနေပါသေးသည်။ ဘုရားသခင်သည် နေဗုခဒ်နေဇာ မင်းကြီးအား
မိန့်မြွက်တော်မူခဲ့သည်မှာ “အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို
အုပ်စိုးတော်မူ၍ ပေးလို တော်မူသောသူအား ပေးတော်မူသည်” ဟူ၏။ ဒံယေလ ၄း၁၇။ စာတန်သည်
မတရားလုယူထားသော မိမိ၏တန်ခိုးအာဏာတော်ကို ဘုရားသခင်ခွင့်ပြုသလောက်သာ
အသုံးပြုနိုင်ပါသည်။
သွေးဆောင်ဖြားယောင်းသူသည်
လောကီနိုင်ငံများနှင့် ဘုန်းတန်ခိုးအာနုဘော်တော်များကို ခရစ်တော် အား
ပေးအပ်နေသောအချိန်တွင် ခရစ်တော်အနေနှင့် ကမ္ဘာလောက၏စစ်မှန်သော ဘုရင်အရိုက်အရာကို
စွန့်လွှတ်၍ ၎င်းကိုလက်အောက်ခံသည့် အချုပ်အခြာအာဏာကို ကိုင်စွဲရန်
အဆိုပြုနေခြင်းဖြစ်ပါသည်။ ယုဒလူမျိုးများတို့ မျှော်လင့်ခဲ့သော
အုပ်စိုးမှုမျိုးသည် ထိုကဲ့သို့သောအုပ်စိုးမှုမျိုးဖြစ်ပါသည်။ ခရစ်တော်သည်
ထိုသို့သော တိုင်းနိုင်ငံမျိုးကို ၎င်းတို့အားပေးအပ်ရန် သဘောတူတော်မူခဲ့လျှင်
ယုဒများသည် ကိုယ်တော်ကို ဝမ်းပန်းတသာ ကြိုကြပေလိမ့်မည်။ သို့သော် အမင်္ဂလာများနှင့်ပြည့်ဝသော
အပြစ်၏ကျိန်ခြင်းသည် ကမ္ဘာလောကအပေါ်သို့ကျရောက်ခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့်
ခရစ်တော်သည် စာတန်အားမိန့်တော်မူသည် ကား “အချင်းစာတန်၊ နောက်သို့ဆုတ်လော့၊
သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။
ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်” ဟူ၏။
ကောင်းကင်နိုင်ငံတွင်ထကြွခဲ့သောစာတန်သည်
ကိုယ်တော်အား ဒုစရိုက်လမ်းစဉ်များကို ကိုးကွယ်မှု ပြုရန် လောကီနိုင်ငံများကို
လာဘ်ထိုးနေပါသည်။ သို့ပါသော်လည်း ကိုယ်တော်ကို ထိုကဲ့သို့ပြု၍ ရလိမ့်မည် မဟုတ်ချေ။
ခရစ်တော်သည် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောနိုင်ငံတစ်ခုကို တည်ထောင်ရန်ကြွလာခဲ့ပြီး
ထိုအကြံအစည်တော်ကို စွန့်လွှတ်တော်မူလိမ့်မည်မဟုတ်ချေ။ ထိုကဲ့သို့ ထပ်တူထပ်မျှသော
စုံစမ်းခြင်းမျိုးကို အသုံးပြု၍ စာတန်သည် လူများထံသို့ချဉ်းကပ်ခဲ့ရာ
ခရစ်တော်ကိုစုံစမ်းခဲ့သည်ထက်ပို၍ အောင်မြင်မှုရရှိခဲ့ပါ သည်။
မိမိ၏အုပ်စိုးခွင့်ကို အသိအမှတ်ပြုခြင်းအခြေအနေပေါ်တွင် မူတည်၍စာတန်သည်
ဤလောကီနိုင်ငံ နှင့်ပတ်သက်သောအရာများကို လူသားများအားပေးအပ်ခဲ့ပါသည်။ လူများသည်
ရိုးသားတည်ကြည်မှုကို စွန့်လွှတ်ရန်၊ ဩတ္တပ္ပစိတ်၏နှိုးဆော်မှုကို ဂရုမပြုရန်နှင့်
တစ်ကိုယ်ကောင်းကြံခြင်းများကို လိုက်စားကြရန် သူတောင်းဆိုခဲ့ပါသည်။ ခရစ်တော်သည်
၎င်းတို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြရန်
တောင်းပန်တော်မူသော်လည်း စာတန်သည် ၎င်းတို့၏နံဘေးသို့ လျှောက်လာကာ
“ထာဝရအသက်နှင့်စပ်လျဉ်း၍ မည်သည့်အရာမဆို မှန်သည်ဟု ပြောဆိုနိုင်စေကာမူ၊ ဤလောကတွင်
အောင်မြင်မှုရရှိနိုင်စေရန်အလို့ငှါ သင်သည် ငါ့ကိုကိုးကွယ်ရမည်။ သင်၏သာရေးနာရေးသည်
ငါ့လက်ထဲ တွင်ရှိသည်။ ကြွယ်ဝချမ်းသာခြင်း၊ စည်းစိမ်ခံစားခြင်း၊
ဂုဏ်အသရေနှင့်ပျော်ရွှင်မှုများကို သင့်အားငါပေးနိုင် သည်။ ငါ့စကားကိုနားထောင်ပါ။
ရိုးသားဖြောင့်မတ်ခြင်း(သို့မဟုတ်)မိမိကိုယ်ကိုအနစ်နာခံခြင်းများနှင့်
ပတ်သက်သောစိတ်ရူးပေါက်ရာတွေးခေါ်ရာမှ ဖြစ်ပေါ်လာသောအာသာရမ္မက်များနောက်သို့
ပါသွားရန် သင့်ကိုယ်သင်ခွင့်မပြုပါနှင့်။ ငါသည် သင့်ရှေ့တွင် လမ်းပြင်ဆင်ထားမည်”
စသည့်စကားများဖြင့် လူသားများ သည် လိမ်ညာမှုကိုခံနေကြရပါသည်။ လူတို့သည်
မိမိကောင်းစားရေးအတွက် အသက်ရှင်ရန် သဘောတူကြ ပါသည်။
စာတန်သည်ထိုအချက်ကိုကျေနပ်ခဲ့ပါသည်။ သူသည် လောကီအချုပ်အခြာအာဏာ တန်ခိုးများနှင့်
ပတ်သက်သော မျှော်လင့်ချက်များကိုပြ၍ ဖြားယောင်းနေစဉ် အသက်ဝိညာဉ်များအပေါ်
အုပ်စိုးမှုကို စာတန် ရရှိနေပါသည်။ သို့သော် သူသည် မိမိပစ္စည်းမဟုတ်သော
မကြာမီတွင်သူ့ထံမှ ပြန်လည်သိမ်းပိုက်သွားတော့ မည့်အရာကို ပေးနေခြင်းသာတည်း။
အကျိုးဆက်အနေနှင့် သူသည် လူသားများအား ဘုရားသခင်၏ သားသမီးများ၏
အမွေဆက်ခံခြင်းနှင့် ပတ်သက်သောပိုင်ဆိုင်ခွင့်များအကြောင်းကို လှည့်ဖြားခဲ့ပါသည်။
သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်
မဖြစ်သည်ကို စာတန်မေးခွန်းထုတ်ခဲ့ပါသည်။ ကောင်းကင်မှ
အဆောတလျင်ဖယ်ရှားခံရခြင်းအားဖြင့် သူသည် ဤကိစ္စအတွက်
မငြင်းဆိုနိုင်ကြောင်းထင်ရှားစေပါသည်။ ဘုရားဇာတိတော်သည် ဒုက္ခဆင်းရဲခံနေရသော
လူဇာတိအားဖြင့် ထွန်းတောက်ခဲ့ပါသည်။ ချမှတ်လိုက်သောအမိန့်ကို တွန်းလှန်ရန်အတွက်
စာတန်၌ တန်ခိုးမရှိချေ။ အရှက်ကွဲခြင်းနှင့် ဒေါသထွက်ခြင်းများကြောင့်
လူးလွန့်လျက်ရှိသော စာတန်သည် ကမ္ဘာ့ကယ်တင်ရှင်၏ အထံတော်မှ ဆုတ်ခွာသွားရန်
အနိုင်အထက်ပြုခြင်းကိုခံခဲ့ရပါသည်။ ခရစ်တော်၏ အောင်မြင်ခြင်းသည် အာဒံ၏ကျဆုံးမှုကို
လုံးဝကာမိခဲ့ပါသည်။
ထို့ကြောင့်ကျွန်ုပ်တို့သည်
စုံစမ်းခြင်းကိုဆီးတား၍ စာတန်အားကျွန်ုပ်တို့ထံမှ ထွက်ခွာသွားရန် အနိုင်
အထက်ပြုနိုင်ကြပါသည်။ ယေရှုခရစ်သည် ဘုရားသခင်ထံယုံကြည်အပ်နှံခြင်းအားဖြင့်
အောင်ပွဲဆင်ခဲ့ပြီး တမန်တော်တစ်ပါးအားဖြင့် ကျွန်ုပ်တို့အား
ကိုယ်တော်ရှင်မိန့်တော်မူသည်ကား “ထို့ကြောင့် ဘုရားသခင်၏ အလိုတော်သို့လိုက်ကြလော့။
မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွား လိမ့် မည်။
ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” ယာကုပ်
၄း၇-၈။ ကျွန်ုပ်တို့သည် မိမိတို့၏ခွန်အားများအားဖြင့်
စာတန်၏တန်ခိုးကိုမကာကွယ်နိုင်ကြချေ။ သူသည် လူသားများ ကို အောင်နိုင်ခဲ့လေပြီ။
ကျွန်ုပ်တို့သည်မိမိ၏ခွန်အားဖြင့်ရပ်တည်ရန်ကြိုးစားသောအချိန်တွင်စာတန်ဆင်ထား
သောပရိယာယ်၏သားကောင်တစ်ကောင်ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း “ထာဝရဘုရား၏နာမတော်
သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်
လုံခြုံစွာနေရကြ၏” သုတ္တံ ၁၈း၁၀။ စာတန်သည် ဘုရား၏နာမတော်ကိုခိုလှုံသော
ခွန်အားအနည်းဆုံးအသက်ဝိညာဉ်တစ်လုံး၏ထံမှ ကြောက်ရွံ့ တုန်လှုပ်လျက်
ထွက်ပြေးသွားမည်သာတည်း။
ရန်သူထွက်သွားပြီးနောက် ယေရှုသည်
မျက်နှာတော်၌သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်ကာ အားပြတ်၍
မြေပေါ်သို့လဲကျသွားတော်မူပါသည်။ ကျွန်ုပ်တို့အတွက် လွတ်မြောက်ရေးနည်းလမ်းပြုလုပ်
ပေးရန် နှုတ်အားဖြင့် မဖော်ပြနိုင်လောက်အောင် ကြီးမားသောဒုက္ခဆင်းရဲခြင်းများကို
ခံစားနေရသည်။ ၎င်းတို့၏ဗိုလ်မင်းခရစ်တော်ယေရှုအား ကြည့်ရှုလျက်
ကောင်းကင်တမန်များသည် တိုက်လှန်ပွဲကြီးကို စောင့်၍ကြည့်ခဲ့ကြသည်။
ကျွန်ုပ်တို့ခံစားကြရမည့် စမ်းသပ်စစ်ဆေးခြင်းထက် ကြီးမားသော စမ်းသပ်
စစ်ဆေးခြင်းကို ကိုယ်တော်ရှင်ခံစားခဲ့ရသည်။ ကိုယ်တော်သည် အသေကောင်ကဲ့သို့လဲနေစဉ်တွင်
ကောင်းကင်တမန်များသည် ဘုရားသခင်၏သားတော်ထံ ချဉ်းကပ်၍ အလုပ်အကျွေးပြုခဲ့ကြပါသည်။
ကိုယ်တော်သည် အစားအစာအားဖြင့် အားဖြည့်၍ မိမိခမည်းတော်ဘုရား၏မေတ္တာသတင်းစကားနှင့်
ကိုယ်တော်၏အောင်မြင်မှုအတွက် ကောင်းကင်သားအားလုံး အောင်ပွဲခံခဲ့ကြကြောင်း၊
အာမခံချက်များအား ဖြင့် နှစ်သိမ့်မှုကိုခံတော်မူခဲ့ပါသည်။
တစ်ဖန်အသက်ပြန်လည်ရှင်သန်နွေးထွေးလာကာ လူသားများအပေါ် သနားစာနာစိတ်များသည်
ကိုယ်တော်၏နှလုံးတော်မှ ယိုထွက်လာသဖြင့် မိမိအစပြုခဲ့သောအမှုတော်ကို
အဆုံးသတ်ရန်နှင့် ရန်သူစာတန်အား မသုတ်သင်မပြီးမချင်း ကျဆုံးနေသော လူသားများကို ကယ်တင်ရန်၊
လုပ်ငန်းမပြီးမချင်းလုပ်ဆောင်ရန် ထွက်ခွာသွားတော်မူပါသည်။
ကယ်တင်ခြင်းခံရသူများသည်
ဘုရားသခင်၏ပလ္လင်ရှေ့မှောက်တွင် မရပ်ရမီတိုင်အောင် ကယ်တင် ခြင်းအတွက်
ပေးဆပ်ခဲ့ရသည့် တန်ဖိုးကို မည်သူမျှသိမြင်နားလည် ကြလိမ့်မည်မဟုတ်ချေ။
ထိုအချိန်တွင် ထာဝရအိမ်တော်၏ ဘုန်းအာနုဘော်တော်များသည် ကျွန်ုပ်တို့၏ပီတိဖြစ်နေသော
နှလုံးသားများအပေါ်သို့ ယိုဖိတ်လာသောအခါခရစ်တော်သည် ကျွန်ုပ်တို့အတွက်
အရာခပ်သိမ်းကိုစွန့်ခွာခဲ့ရကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ရှင်သည်
ကောင်းကင်ရွှေနန်းတော်မှ တစ်ကျွန်းတစ်နိုင်ငံတွင် အပြစ်ဒဏ်ခံရမည့်သူတစ်ဦးဖြစ်
လာခဲ့ရုံမျှမက ကျွန်ုပ်တို့အတွက် ထာဝရဆုံးရှုံးမှုနှင့်ကျဆုံးမှုအဖို့အလိုငှါ
စွန့်စားခန်းတစ်ခုကို လုပ်ကိုင်ခဲ့ရ ကြောင်းကိုလည်းကောင်း
ကျွန်ုပ်တို့သတိရကြပါလိမ့်မည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် မိမိတို့၏
သရဖူများကို ကိုယ်တော်၏ခြေတော်ရင်းသို့ ချထားလျက် “အသေသတ်ခြင်းကိုခံခဲ့ပြီးသော
သိုးသငယ်သည် တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်နှင့်
ကောင်းချီးမင်္ဂလာကိုခံထိုက် တော်မူ၏” ဟူ၍ သီဆိုချီးမွမ်းကြလိမ့်မည်။ ဗျာဒိတ်
၅း၁၂။
No comments:
Post a Comment