Wednesday, April 29, 2026

၂။ အသိဥာဏ်ပညာအစမူလ

ဆုတောင်းခြင်းဖြင့် အစပြုရန်

               ဖန်ဆင်းခြင်း မတိုင်မီ ဘုရားသခင် ပြဌာန်းသော စီမံကိန်းသည် လူသားကျဆုံးသည့် အချိန်မှစ၍ အကောင်အထည် ဖော်ဆောင်ခဲ့သော ကယ်တင်ခြင်းစနစ်ဖြစ်သည်။ အပြစ်အနာအဆာကင်သော အသက်တာဖြင့် အသက်ရှင်နေထိုင်ပြီး အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ် ပူဇော်ခံခြင်းဖြင့် လူသား၏ အပြစ်ကြွေးကို ပေးဆပ်ခဲ့သော စနစ်သည် ထာ၀ရ ဧဝံဂေလိတရား၏ မဟာဗျူဟာ ဖြစ်ပါသည်။

               ပထမကောင်းကင်တမန်မှ တစ်ဆင့် မဟာဗျူဟာ ဖြစ်သော (၁) ဘုရားသခင်ကို ကြောက်ရွံ့ပါ။ (၂) ဘုရားသခင်ကို ချီးမွမ်းပါ။ (၃) ဘုရားသခင်ကို သာကိုးကွယ်ပါ။ အမိန့်သုံးခုစလုံးကို စေခိုင်းသည့် အတိုင်း နာခံဆောင်ရွက်ကြရန် တောင်းဆိုထားပါသည်။

               ထာ၀ရအကျိုးသက်ရောက်မှုရှိသော တောင်းဆိုချက်ဖြစ်ပါသည်။ မြေမှုန့်ဖြစ်သည့် လူသားကို မီးခံနိုင်သော ရွှေစင် အကျင့် စာရိတ္တ ထုတ်လုပ်ပေးသော ဝိညာဉ်ရေးမဟာဗျူဟာလည်း ဖြစ်ပါသည်။ မောရှေ နှင့် သိုးသငယ်၏ သီချင်းကို အတူတကွ သီဆိုနိုင်ရန် ပြင်ဆင်ပေးခြင်း ဖြစ်ပါသည်။

               သခင်ခရစ်တော်သည် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရမည့် နာခံခြင်း အသက်တာ ပုံစံအတိုင်း နေထိုင် ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ခံယူရမည့် အပြစ်၏ အဖိုးအခဖြစ်သော ထာ၀ရ သေခြင်းအတွက် အသက်စတေးခံကာ ယဇ်ကောင်အဖြစ် ပူဇော်ခံခဲ့ပါသည်။ ခရစ်တော် အသက်စတေးခံခြင်း အားဖြင့် လူသားများ အသက်ပြန်လည် ရရှိရန် နှင့် အလင်းဝတ်လုံကို ပြန်လည် ဝတ်ဆင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့ပါသည်။

               မည်သူမဆိုခရစ်တော်ထံမှ အသက်နှင့် အလင်းဝတ်လုံကို တောင်းဆိုနိုင်ပါသည်။ အခွင့်အရေးကိုလည်း လူတိုင်းရရှိနိုင် ပါသည်။ နောင်တတရားနှင့် ဝန်ချတောင်းပန်ခြင်း အားဖြင့် ခရစ်တော်ထံသို့ မိမိ၏ အပြစ်ကို လွှဲပြောင်း ပေးရမည်။ ခရစ်တော်ထံမှ ဖြောင့်မတ်ခြင်း တရားကို ပြန်လည် လက်ခံခြင်းအားဖြင့် ကျွန်တော်တို့ အတွက် အသစ်သော အသက်တာ၌ တည်နေကြရမည်။

               ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို တောင်းဆိုပြီး လက်ခံသော သူများထံမှ  ဘုရားသခင် မျှော်မှန်းထားသည့် အချက်များမှာ ရရှိထားသည့် အခွင့်အရေး မဆုံးရှုံးစေရန် (၁) ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ။ (၂) ဘုရားသခင်ကို ချီးမွမ်းပါ။ (၃) ဘုရားသခင်ကို သာ ကိုးကွယ်ပါ။ သေသေချာချာ တောင်းဆိုထားပါသည်။ တောင်းဆိုချက်အတိုင်း တာဝန်ယူပြီး ဆောင်ရွက်လျှင် ကျွန်ုပ်တို့အတွက် ထူးခြားသော အကျိုး ရလဒ်များ သက်ရောက်လာမည်။

            တစ်နည်းအားဖြင့် ထာ၀ရဧဝံဂေလိတရားကို လက်ခံယုံကြည်သောအချိန် အခါမှစတင်ပြီး ကျွန်တော်တို့ နာခံလိုက်လျှောက်ရမည့် တာဝန်ဝတ္တရားများကိုလည်း လက်ခံကြောင်း သိမှတ်ထားရမည်။

ဘုရားသခင်ကိုမည်ကဲ့သို့ ကြောက်ရွံ့ရိုသေရမည်နည်း။

        မည်ကဲ့သို့ ကြောက်ရွံ့ရိုသေရမည့် အကြောင်းကို လေ့လာကြပါစို့။ ကြောက်ရွံ့ ရိုသေမှုသည် စစ်မှန်လျှင် ဝမ်းမြောက်ခြင်း ငြိမ်သက်ခြင်းကို ဧကန်အမှန်ခံစားရမည်။

        ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄း၇ တွင် ကြောက်ရွံ့ရိုသေခြင်း ဆိုသည်မှာ ဘုရားသခင် ဖြစ်တော်မူသည့် အတိုင်း သိမြင်နားလည်ခြင်းမှ ရရှိလာသော အကျိုးရလဒ် ဖြစ်ပါသည်။ "ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။"

         ဆာလံကျမ်းအခန်းကြီး ၂း၁၁ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောမှတစ်ဆင့် ဝမ်းမြောက်ခြင်းကိုရရှိကြောင်း ဒါဝိဒ်မင်းကြီးက "ကြောက်ရွံ့သောစိတ်နှင့် ထာ၀ရဘုရား အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။"

(၁)    ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် မိဘ၊ ဆရာကို ရိုသေလေးစား ခြင်းမှ စတင်သင်ကြားရမည်။

         ဝတ်ပြုရာကျမ်း ၁၉း၃ တွင် မိဘကိုရိုသေဖို့ ဘုရားသခင် ဆင့်ဆိုထားပါ သည်။ "လူတိုင်းကိုယ့်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်းစောင့်ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာ၀ရဘုရားဖြစ်၏။"

        သုတ္တံကျမ်း ၉း၁၀ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘော မရှိခြင်းသည် ဥာဏ်ပညာ၏ မူလအစကို မရရှိခြင်းဖြစ်သည်။ သတိဉာဏ်မရှိသော ကြောင့် မိုက်သောသူသည် ဘုရားသခင်မရှိ ဆိုသည့် အယူအဆကို ရရှိပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။ "ထာ၀ရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။"

        ကျောင်းများတွင် ဘာသာရပ်အမျိုးမျိုးကို လေ့ကျက်သင်ကြားသော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောမရှိလျှင် ဉာဏ်ပညာ၏ အစမူလ ကိုမရရှိခြင်း ဖြစ်ပါသည်။ စိတ်ကူးအတွေးဖြင့် မိမိကိုယ်တိုင် ထုတ်လုပ်၍ မရနိုင်သော ကြောင့် ကြောက်ရွံ့ရိုသေခြင်း စိတ်သဘောကို ဘုရားသခင်သာလျှင် သွတ်သွင်းပေး နိုင်ပါသည်။

        ယေရမိအနာဂတ္တိကျမ်း ၃၂း၄၀ တွင် ကြောက်ရွံ့ရိုသေတတ်သော စိတ်နေသဘောထားကို ကျွန်တော်တို့ နှလုံးသားထဲသို့ ဘုရားသခင်သွတ်သွင်းပေးမှ ရနိုင်သည့် စိတ်နေသဘောထားဖြစ်ပါသည်။ "သူတို့ကိုမစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြု ခြင်းငှါ သူတို့၌ ထာ၀ရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက် မသွားမည် အကြောင်း ငါ့ကိုကြောက်ရွံ့သောသဘော နှင့်ပြည့်စုံစေမည်။"

(၂)     ဘုရားကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘောသည် လောကီဘဏ္ဍာ ထက်ပို၍အဖိုးထိုက်တန်သည်။

        သုတ္တံကျမ်း ၁၅း၁၆ တွင် ရှောလမုန်မင်းကြီးက "နှောင့်ယှက်ခြင်းနှင့် ယှဉ်၍ ကြီးစွာသော စည်းစိမ်ထက် ထာ၀ရဘုရားကို ကြောက်ရွံ့ခြင်းနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည် သာ၍ကောင်း၏။"

(၃)    ကြောက်ရွံ့ရိုသေသော စိတ်နှင့် ဥာဏ်ပညာကို မိမိကိုယ်ပိုင်ရွေးချယ် မှုဖြင့် အစပြုရမည်။

        နေဟမိမှတ်စာ ၁း၁၁ "အိုဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပတ္ထနာစကား နှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကိုနားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်းချီးပေးတော်မူပါ။ ဤလူရှေ့မှာမျက်နှာရပါမည် အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။"

        ရိုသေလေးမြတ်ခြင်းနှင့် ဆိုင်သော စိတ်သဘောထားကို ရွေးချယ်ခြင်း အားဖြင့်သာ ရရှိမည် ဆိုသည့် အကြောင်းကို ရှောလမုန်မင်းကြီးက၊

        သုတ္တံကျမ်း ၁း၂၈-၃၀ တွင် ရိုသေလေးမြတ်ခြင်းနဲ့ ဆိုင်သော စိတ်သဘောထားကို မိမိ၏ရွေးချယ်ခြင်းဖြင့်သာ ရရှိနိုင်ကြောင်းကို ရှောလမုန်မင်းကြီးက၊ "ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး၊ ငါ့ကိုကြိုးစား၍ ရှာသော်လည်းမတွေ့ရကြ။ အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာ၀ရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။ ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။"

        ဣသရေလလူမျိုးကျဆုံးရသည့် အကြောင်းရင်းမှာ ကြောက်ရွံ့ရိုသေတတ်သော စိတ်သဘောထားကို ပေးနိုင်သည့် ဘုရားသခင်ကို မရွေးချယ်ဘဲ ငြင်းပယ်သော ကြောင့်ဖြစ်ပါသည်။ စိတ်နှလုံးအထဲတွင် ဘုရားသခင်ထည့်ပေးဖို့၊ ထုတ်လုပ်ပေးဖို့ တတ်နိုင်တော်မူသော ဘုရားသခင်ကို ရွေးချယ်ပါ။ ဘုရားသခင်ကို ရွေးချယ်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံခြင်းဖြစ်ပါသည်။

(၄)    ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် ကြောက်ရွံ့ ရိုသေတတ်သောစိတ် သဘောကို သင်ကြား လေ့ကျင့်ရမည်။

        ဆာလံကျမ်း ၃၄း၁၁ တွင် ကြောက်ရွံ့ရိုသေတတ်သော စိတ်သဘောကို အမြဲတမ်း လေ့လာသင်ကြားရမည်။ "အချင်းသူငယ်တို့၊ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာ၀ရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။"

        နေ့ရက်အစဉ်အတိုင်း လူမှုဆက်ဆံရေးနှင့် သက်ဆိုင်သော အရာများတွင် သင်ကြားရမည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေမှု အဓိပ္ပါယ် အားလုံးကို သဘောပေါက်ရန် ကျမ်းစာတွင် ဖော်ပြထားသော အချက်အားလုံးကို သိရှိဖို့လိုပါသည်။ ကြောက်ရွံ့ရိုသေတတ်သော စိတ်သဘောသည် စိန်နှင့်တူပါသည်။ မျက်နှာပြင်အမျိုးစုံလင်ပြီး ညီညာမှုရှိသည်။ ကြောက်ရွံ့ ရိုသေခြင်း၊ ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်း၊ လေးစား နာခံခြင်း၊ ကိုးစားခြင်း၊ အားလုံးဆက်နွယ်မှု ရှိပါသည်။

               ဆာလံကျမ်း ၃၃း၆-၉ တွင် လူသား၏ အရင်းအမြစ်၊ ဘူမိနက်သန်ဖြစ် သောကြောင့် ဖန်ဆင်းရှင်ကို ကြောက်ရွံ့ ရိုသေရန် ဘုရားသခင်၏ ဆင့်ဆိုချက်ကို ကျွန်ုပ်တို့ ရွေးချယ်ရမည်။ "ထာ၀ရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မိုးကောင်းကင်ကို လည်းကောင်း၊ နှုတ်တော် အသက်အားဖြင့် မိုးကောင်းကင်တန်ဆာများကို လည်းကောင်း ဖန်ဆင်းတော်မူ၏။ သမုဒ္ဒရာရေကို စုပုံဝေးစေတော်မူ၏။ နက်နဲသော သမုဒ္ဒရာကိုလည်း လုံခြုံရာ အရပ်တို့၌ သိုထားတော်မူ၏။ ထာ၀ရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသား အပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ အကြောင်းမူကား ထာ၀ရဘုရား မြွတ်ဆို၍ မြွတ်ဆိုတော်မူသည် အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။"

               ယေရမိအနာဂတ္တိကျမ်း ၁ဝး၆-၇ တွင် ဘုရားသခင် ဖန်ဆင်းခြင်းကြောင့် အရာခပ်သိမ်းဖြစ်ပေါ်လာသလို ဘုရားသခင် မပါလျှင် ကျွန်ုပ်တို့သည် မည်သည့် အရာမျှ တတ်နိုင်မည် မဟုတ်ပါ။ "အိုထာ၀ရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း တန်ခိုးတော် အားဖြင့် ကြီးမြတ်တော်မူ၏။ အိုလူအမျိုးအမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌ လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌ လည်းကောင်း၊ ကိုယ်တော်နှင့် တူသော သူတစ်စုံတစ်ယောက်မျှမရှိပါ။"

(၅)    ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် ဘုရားသခင်ဖြစ်တော်မူသည့် အတိုင်း သိမြင်ခြင်း ဖြစ်သည်။

      

          Child Guidance p. 538 “True reverence for God is inspired by a sense of his infinite greatness and a realization of His presence.”

               ဟေရှာယအနာဂတ္တိကျမ်း ၅၇း၁၅ တွင် ငါဖြစ်တော်မူသည် အတိုင်း ငါဖြစ်သည်ဟု ဆိုသော ဘုရားသခင်ဖြစ်သည်အတိုင်း မြင်ခြင်းဖြင့် ကြောက်ရွံ့ရိုသေသော စိတ်သဘောကို ရရှိပါသည်။ "အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသော သူနှင့် နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှါ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသော သူတို့၌လည်း ငါနေ၏။"

               တရားဟောရာကျမ်း ၁၃း၄ တွင် ကျွန်ုပ်တို့နှင့် မည်မျှနီးကပ်စွာ တည်ရှိနေသည်ဆိုသော အကြောင်းကို ခံစားမှုဖြင့်အတူ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘောဖြစ် ပေါ်လာပါသည်။ "သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားနောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သော စိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍ ကိုယ်တော်၌ ဆည်းကပ်မှီဝဲ ရကြမည်။"

(၆)    ခရစ်တော်နောက်သို့ နေ့စဉ် လိုက်လိုခြင်းသည် ကြောက်ရွံ့ရိုသေသော စိတ်သဘော ဖြစ်ပါသည်။

               တရားဟောရာကျမ်း ၂၈း၅၈၊ ၅၉ တွင် ပညတ်တော်ကို စောင့်ထိန်းလိုသော စိတ်သဘော၊ နာခံပြီးဆည်းကပ်မှီဝဲလိုသော စိတ်သဘောသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘောမှ ရရှိခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ဂုဏ်တော်၊ စာရိတ္တနှင့် သက်ဆိုင်သော နာမတော်ကို ရိုသေလေးစားရန် ပျက်ကွက်မှုသည် ဘေးဒုက္ခကို ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ "သင်၏ ဘုရားသခင် ထာ၀ရဘုရားသည် ဘုန်းကြီး၍ ကြောက်မတ်ဖွယ်သော နာမတော်ကို ကြောက်စေခြင်းငှါ ဤကျမ်းစာ၌ရေးထားသော ဤတရားတော်စကား အလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင် ထာ၀ရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသော ဘေးတို့ကို အံ့ဩသောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံသောရောဂါ ဝေဒနာ ဖြစ်စေတော် မူမည်။"

               ဆာလံကျမ်း ၁၁၁း၉ တွင် ပညတ်တော်ကို စောင့်ထိန်းနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အရိုးနဲ့ အသားကပ် နေသလိုမျိုး နီးကပ်စွာတည်ရှိနေ ခြင်းဖြစ်ပါသည်။ "မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏။"

               ထွက်မြောက်ရာကျမ်း ၂ဝး၇ တွင် "သင်၏ ဘုရားသခင် ထာ၀ရဘုရား၏ နာမတော်ကို မုသားနှင့် ဆိုင်၍ မမြွက်အဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့် ဆိုင်၍ မြွတ်ဆိုသောသူကို အပြစ်မရှိဟု ထာ၀ရဘုရား မှတ်တော်မမူ။ဆုတောင်းပတ္ထနာပြုတဲ့အခါ နာမတော်ကို ရိုသေလေးမြတ်ခြင်း ရှိပါစေသော် ဆိုပြီး သခင်ခရစ်တော် သွန်သင်ထားပါသည်။ ဘုရားသခင် ပြဋ္ဌာန်းပြီး ဆင့်ဆိုထားသည့် အတိုင်း လုပ်ဖို့ ပထမကောင်းကင် တမန်၏ သတင်းစကားဖြင့် တစ်ဖန်ပြန်လည်တောင်းဆိုနေခြင်း ဖြစ်ပါသည်။

               ရာဇဝင်ချုပ် ပထမစောင် ၁၆း၂၉၊ ၃၀ တွင် ယနေ့ခရစ်ယာန်များသည် ဘုရားကျောင်းကို ပါတီပွဲလို သဘောထားပြီး ဝတ်ပြုကိုးကွယ်ရန် လာကြသည်။ ပြန်လည်ပြုပြင်သင့်သောကြောင့်  "ထာ၀ရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်ကပ်ကြလော့။ သန့်ရှင်းသော တန်ဆာကို ဆင်၍ ထာ၀ရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ကြောက်ရွံ့ခြင်း ရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။

               ရာဇဝင်ချုပ်ဒုတိယစောင် ၇း၃ ဓမ္မဟောင်းခေတ်အချိန်တွင် ဟေဗြဲ လူမျိုးများ ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကြသနည်း။ နှိမ့်ချသော စိတ်သဘောဖြင့် ကိုးကွယ်ကြသည်။ စိတ်နေမြင့်သောသဘောဖြင့် တဲတော်အနားသို့ ချဉ်ကပ်ခြင်းကို ကြောက်ကြသည်။ "ထိုသို့ မီးကျ၍ ထာ၀ရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်း အရပ်၌ မြေပေါ်မှာ ဦးချ ပျက်ဝပ်လျက် ကောင်းမြတ်တော်မူသည်၊ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာ၀ရဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏"

(၇)    ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို ဝန်ခံခြင်းသည် ကြောက်ရွံ့ရိုသေမှု ဖြစ်ပါသည်။

               ဆာလံကျမ်း အခန်းကြီး ၉း၂၀ တွင် စိတ်နှလုံးနှိမ့်ချမှုသည် မိမိကိုယ်ကို မြေမှုန့် ဖြစ်ကြောင်း သိမှတ်ခြင်း ဖြစ်၏။ ဝတ်ပြုကိုးကွယ်မှုသည်လည်း မိမိကိုယ်ကိုမြေမှုန့်ဖြစ်ကြောင်း ဘုရားသခင် ရှေ့တွင် ဝန်ခံခြင်းဖြစ်ပါသည်။ ထိုကြောင့် မိမိကိုယ်ကို မြေမှုန့်ဖြစ်ကြောင်း သိမှတ်ခြင်းသည် ဥာဏ်ပညာဖြစ်ပါသည်။ "အိုထာ၀ရဘုရား သူတို့ကို ခြောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။မိမိကိုယ်ကို မြေမှုန့်ဖြစ်ကြောင်း သိမှတ်သောကြော်င့် ပညာရှိများ ဖြစ်ပါသည်။

(၈)    ဘုရားကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် စိတ်နှလုံးနှိမ့်ချမှုကို ဖြစ်ပေါ်စေပါသည်.

               ဟေရှာယ အနာဂတ္တိကျမ်း ၄၅း၉ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေခြင်း ကုန်ကြမ်းမှ တစ်ဆင့် စိတ်နှလုံး ဖြူစင်ခြင်း ဖြစ်ပေါ်လာပါသည်။ "အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိဟု သင်လုပ်သော အရာက ဆိုရမည်လော။"

               ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်းကြီး၏ မာန်မာနကို သတိရပါ။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေသော စိတ်သဘော ပျောက်ဆုံးချိန်မှစ၍ လူ၏ စိတ်သဘောဆုံးရှုံးခဲ့သည်။ လူ၏ စိတ်သဘော ပျောက်ဆုံးချိန်မှစ၍ သားရဲတိရစ္ဆာန်ဖြစ် လာသည်။

               ဆာလံကျမ်း အခန်းကြီး ၁၁၅း၁၁ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် လူသားပီတဖို့ ဖြစ်ပါသည်။ လူမှန်လျှင် လူ၏ စိတ်သဘော ရှိရပါမည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် လူသားအတွက် အကောင်းဆုံးဖြစ်ပါသည်။ "ထာ၀ရဘုရားကို ကြောက်ရွံ့သော သူတို့၊ ထိုဘုရားကို ကိုးစားကြလော့၊ ထာ၀ရဘုရားသည် ထိုသို့သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။"

(၉)    ဘုရားသခင်စေခ်ိုင်းသည် အတ်ိုင်း လုပ်ဆောင်ခြင်းသည် ကြောက်ရွံ့ ရိုသေသော စိတ်သဘောဖြစ်ပြီး အဆင့်အတန်း မြင့်သည့် ဝတ်ပြုကိုးကွယ်မှုဖြစ်ပါသည်။


        ကြောက်ရွံ့ ရိုသေသော ကိုးစားမှုသည် လိုလိုလားလား နာခံသည့် စိတ်သဘောဖြစ်သည်။ အာဗြဟံ ပြုလုပ်ခဲ့သည့် အမှားကို သတိရပါ။

               ကမ္ဘာဦးကျမ်း ၂ဝး၁၁ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘော မရှိသည် လူမှုပတ်ဝန်းကျင်တွင် လူ့အသက်ကို တန်ဖိုးမထားကြပါ။ အဘိမလက်မင်းကို ကြောက်လန့် ၍ လိမ်လည်သူ ဖြစ်လာခဲ့သည်။ အာဗြဟံကို ဘုရားသခင်မေးသောအခါမှာ "အာဗြဟံက ဤအရပ်သားတို့သည် ဘုရားသခင်ကို မကြောက်၊ အကျွန်ုပ်၏ မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့် ထိုသို့ ပြုမိပါပြီ။မှန်ပါတယ်။ လူ့အသက်ကို သတ်သောအမှုသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘောမရှိသည့် လူ၏ အပြုအမူများ ဖြစ်ပါသည်။

               ထွက်မြောက်ရာကျမ်း ၁း၁၇ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် အရပ်ဒေသတွင် လူ့အသက်ကို တန်ဖိုးထားကြပါသည်။ "ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍ ၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည် အတိုင်း မပြု။ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘော မရှိသည့် လူ့အသိုက်အဝန်းတွင် လူ၏ အသက်ကို သတ်ခြင်းသည် ကစားစရာ အားကစားနည်း တစ်မျိုး ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်မှာ ဤလို အားကစားနည်း မျိုးမရှိပါ။

               ဒေသနာကျမ်း ၈း၁၁-၁၃ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘော မရှိသည့် လူ့အသိုက်အဝန်းတွင် အပြစ်ဒုစရိုက်သည် လျင်မြန်စွာ ကြီးထွားလာသည်။ "အဓမ္မအမှုကို အလျင်အမြန် စစ်ကြော၍ ဒဏ်မပေးသောကြောင့် လူသားတို့သည် အဓမ္မအမှုကို ပြုခြင်းငှါ ခိုင်မာစွာ သဘောထားကြ၏။ အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကို ပြု၏။ အသက်တာရှည်သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ရှေ့တော်၌ ကြောက်ရွံ့သောကြောင့် ကောင်းသော အကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ အဓမ္မလူမူကား၊ ဘုရားသခင့် ရှေ့တော်၌ မကြောက်ရွံ့သောကြောင့် ကောင်းသော အကျိုးကို မခံရ၊ အရိပ်နှင့် တူသော မိမိအသက်သည်လည်း မရှည်ရ။"

(၁၀)  ဘုရားကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘောမရှိသူကို အဓမ္မလူဟု ခေါ်ပါသည်။

               ရောမဩဝါဒစာ ၃း၁၀-၁၈ တွင် ရှင်ပေါလုသည် ကျွန်ုပ်တို့၏ ဇာတိစိတ်သဘော အဖြစ်မှန်ကို ဖော်ပြထားပါသည်။ အဓမ္မလူတွေလည်း အသက်ရှည်ကြပါသည်။ သို့သော် ထာ၀ရအကျိုးရလဒ်သည် မတူညီဘဲ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် ခြားနားစေသော အကြောင်းရင်း ဖြစ်ပါသည်။ "ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သော မရှိ၊ တစ်ယောက်မျှမရှိ၊ နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊ တညီတညွတ်တည်း အသုံးမရသော သူဖြစ်ကြပြီ၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။ သူတို့ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ်အတောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်၀၏။ သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်း ရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို့ မျက်စိ၌ မထင်ဟု ကျမ်းစာလာသတည်း။"

(၁၁)  ကြောက်ရွံ့ရိုသေသည့် စိတ်သဘောကို ပညတ်တော် ဆယ်ပါးဖြင့် အလင်းပေးလမ်းပြသည်။

               တရားဟောရာကျမ်း ၄း၁၀-၁၃ တွင် ကြောက်ရွံ့ရိုသေသော စိတ်သဘောမပါလျှင် မှောင်မိုက်သော ည၌ အလင်းမပါဘဲသွားသော သူနှင့်တူပါသည်။ "ထိုအခါ ထာ၀ရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှါ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း သင်တို့သည် အနီးတော်သို့ အချဉ်းကပ်၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။ ထာ၀ရဘုရားသည်လည်း မီးထဲက သင်တို့အား မိန့်မြွတ်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကို မမြင်ရဘဲ  စကားတော်အသံကို သာကြားရကြ၏။ သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွတ်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။} ကြောက်ရွံ့ရိုသေသည့် စိတ်သဘောမပါဘဲ မွေးဖွားလာသော ကမ္ဘာ့လူသားများကို ပထမကောင်းကင်တမန်မှ တစ်ဆင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေဖို့ ပထမဦးဆုံးတောင်းဆိုခြင်းဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးမှ ဆင့်ဆိုချက်နှင့်လည်း တူပါသည်။

(၁၂)   ဘုရားကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် လူသားအချင်းချင်း၏ ဆက်ဆံရေးကိုလည်း အရည်အသွေး မြင့်မားစေပါသည်။

               ဝတ်ပြုရာကျမ်း အခန်းကြီး ၁၉း၁၄၊ ၃၂ လူသားအချင်းချင်း အပေါ်ထားရမည့် ဆက်ဆံရေးကို နာခံကျင့်သုံးပါက လူသား၏ အရည်အသွေးမြင့်မြတ်လာမည်။ "နားပင်သောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သော သူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာ၀ရဘုရား ဖြစ်၏။ ဆံပင်ဖြူသော သူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာ၀ရဘုရားဖြစ်၏။"

               ဝတ်ပြုရာကျမ်း အခန်းကြီး ၂၅း၁၇း၄၃ ပညတ်တော်ဆယ်ပါးကို နာခံခြင်းအားဖြင့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ရရှိပါလိမ့်မည်။ "သင်တို့သည် တစ်ယောက်ကို တစ်ယောက် မညှဉ်းဆဲရ၊ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားဖြစ်၏။ သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။"

               တရားဟောရာကျမ်း ၅း၂၉ တွင် ကြောက်ရွံ့ရိုသေသော စိတ်သဘောရှိစေရန် သားသမီးများကို လည်း သွန်သင်ပေးရပါမည်။ "သူတို့နှင့် သားမြေးအစဉ် အဆက်တို့သည် ချမ်းသာရမည် အကြောင်း ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော။"

(၁၃)  ဘုရားကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် ပညတ်တော် (၁၀) ပါးကို နာခံနိုင်သည့် အစွမ်းသတ္တိ ဖြစ်ပါသည်။

               တရားဟောရာကျမ်း ၈း၆ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောနှင့် သက်ဆိုင်သည့် အချိတ်အဆက်အားလုံးမှာ တရားတော်ကို နာခံခြင်း၊ စောင့်ထိန်းခြင်း၊ လိုက်လျှောက်ခြင်း၊ တရားလမ်းမှ မလွဲမသွေစေဘဲ လိုက်နာသည့် သဘောထားများ ဖြစ်ပါသည်။ "သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာ၀ရဘုရားစီရင်တော်မူသော လမ်းသို့ လိုက်၍ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။"

               တရားဟောရာကျမ်း ၁ဝး၁၂၊ ၁၃ တွင် ဘုရားသခင်၏ တောင်းဆိုချက်ကို မောရှေ သေချာစွာ ဖော်ပြထားပါသည်။ ]အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင် ထာ၀ရဘုရားကို ကြောက်ရွံ့၍ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ သင်၏ အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆိုသော ထာ၀ရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှ တစ်ပါး၊ သင်၏ ဘုရားသခင် ထာ၀ရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။

               ဆာလံကျမ်းအခန်းကြီး ၁၀၃း၁၇၊ ၁၈ တွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် ကရုဏာတော်သက်ရောက်သည့် လမ်းဖြစ်ပါသည်။ "ထာ၀ရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့ အပေါ် သို့ ကာလအစဉ်အဆက် ရောက်တတ်၏။ သစ္စာတော်ကို စောင့်၍ပညတ်တော်တို့ကို ကျင့်ခြင်းငှာ သတိပြုသော သူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။"

(၁၄)  ဘုရားကို ကြောက်ရွံ့ရိုသေခြင်းသည် တရားတော်ကာကွယ်မှု၏ အတိုင်းအတာ ဖြစ်ပါသည်။

               ဓမ္မရာဇဝင်ပထမစောင် ၁၂း၁၄၊ ၁၅ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘော ရှိသူအတွက် တရားတော်၏ အံ့ဩဖွယ် ကွယ်ကာမှုကို ခံစားရမည်။ "သင်တို့သည် ထာ၀ရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင်ကို ထာ၀ရဘုရား နောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။ သို့မဟုတ် ထာ၀ရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင် ထာ၀ရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။"

               ဒေသနာကျမ်း ၁၂း၁၃-၁၄ တွင် ပထမကောင်းကင်တမန်၏ သတင်းစကားနှင့် အားလုံးတူသော ရှောလမုန်မင်းကြီး၏ နိဂုံးချုပ်စကားများမှာ "အချုပ်အခြာစကား ဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်း မှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။ဗျာဒိတ်ကျမ်းတွင်လည်း ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြရန် တောင်းဆိုထားပါသည်။ တရားသဖြင့် စီရင်မည့် တရားစီရင်ခြင်း သတင်းစကားသည် ပထမကောင်းကင်တမန်၏ သတင်းစကား ဖြစ်သည်။

               ကမ္ဘာဦးကျမ်း ၂၂း၁၂ မိမိ၏ တစ်ဦးတည်းသောသားကို ပူဇော်မည့် အာဗြဟံအား ဘုရားသခင် ပြောခဲ့သော စကားများမှာ "ထိုလုလင်ကို မထိမခိုက်နှင့်၊ အလျှင်မပြုနှင့်၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသော သားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။"

(၁၅)  ဘုရားကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် အကြွင်းမဲ့နာခံခြင်းသို့ အစဉ် ဦးဆောင်ပါသည်။

               ယောဘဝတ္ထု အခန်းကြီး ၁း၈ ဘုရားကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ပူဇော်နိုင်သော အခြေအနေ အထိနာခံစေပါသည်။ "ထာ၀ရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော၊ မြေကြီးပေါ်မှာ သူနှင့် တူသော သူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။"

               ယောဘဝတ္ထုအခန်းကြီး ၂၈း၂၈ တွင် "လူတို့အားလည်း ထာ၀ရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် ဒုစရိုက်ကို ရှောင်ခြင်းသည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွတ်ဆို၏။"

               သုတ္တံကျမ်းအခန်းကြီး ၈း၁၂-၁၃ တွင် "ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့် ပေါင်း၍ လိမ္မာသော သိပ္ပံအတတ်များကို ဖော်တတ်၏။ ထာ၀ရဘုရားကို ကြောက်ရွံ့သော သဘောကား၊ ဒုစရိုက်ကို မုန်းသော သဘောတည်း။"

               သုတ္တံကျမ်းအခန်းကြီး ၁၆း၆ တွင် "ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာ၀ရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။"

               သုတ္တံကျမ်းအခန်းကြီး ၃း၇ တွင် "ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်၊ ထာ၀ရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။"

               သုတ္တံကျမ်းအခန်းကြီး ၁၄း၂ တွင် "ဖြောင့်သောလမ်းသို့ လိုက်သော သူသည် ထာ၀ရဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းကို လိုက်သော သူမူကား၊ မထီမဲ့မြင်ပြုတတ်၏။"

(၁၆)  ဓမ္မသစ်ကျမ်းတွင်လည်း ကြောက်ရွံ့ရိုသေသော စိတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုချက် ရှိပါသည်။

               ဟေဗြဲ ဩဝါဒစာ ၁၁း၇ တွင် ကြောက်ရွံ့ရိုသေသော စိတ်သဘောနှင့် အပြုအမူများသည် နီးကပ်စွာတည်ရှိပါသည်။ "နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။"

               ဟေဗြဲဩဝါဒစာ ၁၂း၂၈၊ ၂၉ တွင် ကြောက်ရွံ့ရိုသေသော စိတ်သဘောကို စွဲကိုင်ထားခြင်းဖြင့် စင်ကြယ်သန့်ရှင်းခြင်းကို ရရှိပါသည်။ "ထိုကြောင့် ငါတို့သည် မလှုပ်နိုင်သော နိုင်ငံကို ရသည် ဖြစ်၍ ခန့်ညား ကြောက်ရွံ့သော သဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည် အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ငါတို့ ဘုရားသခင်သည် လောင်သော မီးဖြစ်တော်မူ၏။"

(၁၇)  ကြောက်ရွံ့ရိုသေသော စိတ်သဘောကို ဘုရား၏ ကျေးဇူးတော်ဖြင့် ပြုပြင်၍ သန့်ရှင်းစေပါသည်။

               ၂ကော ၇း၁ တွင် မည်သည့် အကြောင်း ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့၍ ရိုသေရမည်နည်း။ ကျွန်ုပ်တို့၏ အသစ်သော အသက်တာတွင် သန့်ရှင်းခြင်း ရရှိစေဖို့ ဘုရားသခင်၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်ပါသည်။ "ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည် ဖြစ်၍ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကို ကိုယ်ကင်းစင်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့သန့်ရှင်းခြင်း ပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။ပထမကောင်းကင်တမန်၏ တောင်းဆိုချက်နှင့် ထပ်တူထပ်မျှ ဖြစ်ပါသည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် စိန်ကဲ့သို့ မျက်နှာပြင် စုံလင်လှပါသည်။ လှပခြင်းအသွေး အရောင်သည်လည်း စုံလင်လျက်ရှိသည်။

               မာလခိ အနာဂတ္တိကျမ်း ၃း၅ ဘုရားသခင်ကို ကြောက်ရွံ့၍ ရိုသေသော စိတ်သဘောကို ဘုရားသခင် စစ်ဆေးတော်မူမည်။ "သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေးညှဉ်ဆဲသောသူ၊ မိဘမရှိသော သူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကို မကြောက်ရွံ့သောသူ တို့ တစ်ဖက်၌ ငါသည် လျင်မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။"

               ဆာလံကျမ်း အခန်းကြီး ၁၀၃း ၁၁၊ ၁၄ တွင် ကတိတော် အားလုံး ပိုင်ဆိုင်နိုင်ရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် စိတ်သဘော ရှိသောသူ၏ မျှော်လင့်ချက်ဖြစ်ပါသည်။ "မြေကြီးပေါ်တွင် ကောင်းကင်အမြင် ရှိသည့်အတိုင်း ထာ၀ရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အကြောင်းမူကား၊ ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။"

(၁၈)  ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူအတွက် မဟာကတိတော်များမှာ-

               သုတ္တံကျမ်းအခန်းကြီး ၁ဝး၂၇ တွင် ရှည်သော အသက်တာ၏ ကတိတော်သည် ထာ၀ရကာလကို ပြန်လည် ရရှိခြင်းဖြစ်ပါသည်။ "ထာ၀ရဘုရားကို ကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏ တရားသော သူနှစ်ပေါင်း ကာလမူကား တိုတက်၏။"

               ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်သဘောသည် ပညတ်တရားကို နာခံခြင်း ဖြစ်ပါသည်။ ပညတ်တော်ကို စောင့်ထိန်းခြင်းလည်း ဖြစ်သည်။ ကောင်းကင်တမန်၏ သတင်းစကားကို ယခုအချိန်မှစပြီး နာခံကြပါစို့။ နာခံခြင်း ဆိုသည်မှာ စေခ်ိုင်းသည်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ကောင်းကင်တမန် သုံးပါး၏ သတင်းစကားကို ယခုအချိန် မှစပြီး စေခိုင်းသည် အတိုင်း လုပ်ဆောင်ရန် လိုအပ်နေပါပြီ မိတ်ဆွေ။

               အားလုံးအပေါ် ဘုရားသခင် ကောင်းချီး သွန်းလောင်းချပေးပါစေ။ အာမင်။

No comments:

Post a Comment