ဤသူသည်လက်သမား.သားမဟုတ်လော
ရှင်လုကာ ၄း၁၆-၃၀ ကိုအခြေပြုထားပါသည်
ဂါလိလဲပြည်တွင် ခရစ်တော်၏
အမှုတော်တိုးတက်ကြီးပွားနေသော အချိန် တွင် မလိုလားအပ်သော
ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းဖြစ်ရပ်မှာ “ဤသူ သည် လက်သမား၏သားမဟုတ်လော” ဟုမေးခွန်းထုတ်ကာ
နာဇရက်မြို့သားများ သည် ကိုယ်တော်ကိုငြင်းပယ်ခဲ့ကြခြင်းဖြစ်ပါသည်။
သခင်ယေရှုသည် ကလေးဘ၀နှင့်
လူငယ်ဘ၀များတွင် မိမိ၏ညီအစ်ကိုများ နှင့်အတူ နာဇရက်မြို့ရှိတရားဇရပ်တွင်
ဝတ်ပြုကိုးကွယ်ခဲ့ပါသည်။ အမှုတော်စတင် ထမ်းဆောင်သည့်အချိန်မှစ၍ ကိုယ်တော်သည်
သူတို့နှင့်အတူမနေခဲ့သော်လည်း ထိုအချိန်များတွင် ကိုယ်တော်၌
မည်သည့်အရာများဖြစ်ပျက်ခဲ့ကြောင်းကို ၎င်းတို့ မသိရှိခဲ့သည်မဟုတ်ပါ။ ကိုယ်တော်သည်
သူတို့အလယ်တွင် တစ်ဖန်ပြန် ပေါ်လာသောအခါ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့်
မျှော်မှန်းချက်များသည် အထွတ် အထိပ်သို့ ရောက်ခဲ့ပြန်ပါသည်။ ဤမြို့တွင်
ငယ်ရွယ်စဉ်ကပင် ကိုယ်တော်သိရှိ အကျွမ်းဝင်ခဲ့သော သူများရှိကြပါသည်။ ဤမြို့တွင်
ကိုယ်တော်၏ မယ်တော်နှင့် တကွ ညီအစ်ကိုမောင်နှမများသည်လည်း နေထိုင်လျက်ရှိကြရာ
ဥပုသ်တော်နေ့ တွင် ဗိမာန်တော်ထဲသို့ ကိုယ်တော်ဝင်လာပြီး အခြားကိုးကွယ်သူများနှင့်
အတူထိုင် တော်မူသောအခါ မျက်လုံးတိုင်းသည် ကိုယ်တော်အားစူးစိုက်ခဲ့ ကြပါသည်။
ဥပုသ်နေ့၌ ကျင်းပမြဲဖြစ်သော
ဝတ်ပြုအခမ်းအနားတွင် အသင်းလူကြီး သည် ပုရောဖက်ရေးသားချက်များကို ဖတ်ပြခဲ့ပြီး
ဘုန်းတော်ဖြင့်စိုးစံ၍ ဖိနှိပ်ညှဉ်း ပန်းသူအားလုံးကို နှင်ထုတ်တော်မူမည့်
ကြွလာတော်မူမည့် အရှင်ကို ဆက်လက် မျှော်လင့်ကြရန် ယုဒလူများအား
အားပေးတိုက်တွန်းနေပါသည်။ သူသည် မိမိ၏ တရားနာပရိသတ်အား မေရှိယကြွလာခြင်းသည်
နီးကပ်လျက်ရှိကြောင်းကို ပြန် လည်ဖတ်ရွတ်ခြင်းအားဖြင့် အားပေးရန်ကြိုးစားခဲ့ပါသည်။
ကိုယ်တော်သည် ဣသရေလများအား ကယ်တင်ရန် ချီတက်လာသော တပ်မကြီးကိုဦးဆောင်လျက်
ပေါ်ထွန်းလာလိမ့်မည် ဟူသောအတွေးကို ထင်ရှားစေလျက် ထိုသူသည် ကိုယ်
တော်ရှင်ကြွလာခြင်း၏ ဘုန်းအသရေတော်ကို ဖော်ပြနေပါသည်။
ကျမ်းတတ်ဆရာတစ်ယောက်သည်
ဗိမာန်တော်ထဲတွင်ရှိခဲ့လျှင် တရား ဒေသနာဟောကြားခွင့် ရရှိလိမ့်မည်ဖြစ်ပြီး ဣသရေလလူ
တစ်ယောက်သည် ပုရောဖက်ရေးသားချက်များကို ဖတ်ပေးရပေသည်။ ဤဥပုသ်တော် နေ့တွင်
ခရစ်တော်အား ထိုအခမ်းအနားတွင် ပါဝင်လုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့ကြပါသည်။ ကိုယ်တော်သည်
ကျမ်းစာကိုဖတ်ရွတ်ခြင်းငှါထတော်မူရာ ဇရပ်စောင့်သည် ပုရော ဖက်ဟေရှာယ၏ ကျမ်းစာကို
ကိုယ်တော်အားပေး၏။ လုကာ၄း၁၆-၁၇။ ကိုယ်
တော်ရှင်ဖတ်ရွတ်ခဲ့သော ကျမ်းချက်များသည် မေရှိယအကြောင်းကို ရည်ညွှန်းထား သည်ဟု
နားလည်ထားသည့် ကျမ်းချက်များဖြစ်ပါသည်။
“ထာ၀ရဘုရား၏ ဝိညာဉ်တော်သည်
ငါ့အပေါ်၌တည်တော်မူ၏။ အ ကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ
သတင်းကိုကြားပြော စေခြင်းငှါ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏
အနာကိုပျောက်စေခြင်းငှါ လည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား
လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း
အကြောင်းကိုပြစေခြင်းငှါလည်း ကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို
ကယ်မစေခြင်းငှါလည်းကောင်း၊ ထာ၀ရ ဘုရား၏မင်္ဂလာနှစ်ကာလကို
ကြားပြောစေခြင်းငှါလည်းကောင်း ငါ့ကိုစေလွှတ် တော်မူပြီဟုလာသတည်း။}}
လုကာ ၄း၁၈-၁၉ (ဟေရှာယ ၆၁)။
ထိုနောက်ကျမ်းစာလိပ်ကို
ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ ရှိသောသူအပေါင်းတို့သည်
ကိုယ်တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။------ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍
တင့်တယ်လျောက်ပတ်သော နှုတ် ထွက်စကားကို အံ့ဩချီးမွမ်းလျက်---ဆိုကြ၏။ လုကာ ၄း၂၀-၂၂။
သခင်ယေရှုသည် မိမိနှင့်ပတ်သက်သော
အနာဂတ္တိစကားများကို ထိ ရောက်သော ရှင်းလင်းဖော်ပြသူတစ်ပါးအနေဖြင့် လူအများရှေ့တွင်
ရပ်တည်ခဲ့ပါ သည်။ မိမိဖတ်ရွတ်ခဲ့သော ကျမ်းပိုဒ်ကို ရှင်းပြလျက် မေရှိယသည်
ညှဉ်းဆဲခံရ သူများအား သက်သာစေမည့်သူဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်ထားခြင်းခံရသူများအား
ကယ်လွှတ်မည့်သူဖြစ်ကြောင်း၊ မျက်မမြင်ဒုက္ခိတများအား မျက်စိပြန်မြင်ခြင်းအခွင့်
ပေးလျက် သမ္မာတရား၏အလင်းကို ကမ္ဘာအားထွန်းလင်းလျက် ရောဂါဝေဒနာစွဲ ကပ်နေသူများအား
ကုစားပေးမည့်သူ ဖြစ်ကြောင်းများကို ကိုယ်တော်ရှင်မိန့်တော် မူခဲ့ပါသည်။ ကိုယ်တော်၏
အထူးစွဲမက်စေသော အမူအရာနှင့် အံ့ဩဖွယ်ကောင်း သော နှုတ်တော်ထွက်စကားများ၏
အရေးပါမှုများတို့သည် တရားနာပရိသတ်အား ယခင်ကမခံစားခဲ့ဖူးသော တန်ခိုးတစ်ခုကို
သည်းထိတ်ရင်ဖိုခံစားစေခဲ့ပါသည်။ ဘုရားသခင်၏ တန်ခိုးတော်ဒီရေသည် အတားအဆီးအားလုံးကို
ချိုးနှိမ်ပစ်ခဲ့သဖြင့် မောရှေသည် ဘုရားကိုမြင်တွေ့ခဲ့ရသကဲ့သို့ ၎င်းတို့သည်
ဘုရားသခင်ကို ဖူးမြော်ခဲ့ ကြရပါသည်။ ၎င်းတို့၏စိတ်နှလုံးများအား
သန့်ရှင်းသောဝိညာဉ်တော်လှုံ့ဆော်သဖြင့် ဘုရားသခင်အားအရှိန်ကြီးသော “အာမင်” ခေါ်ခြင်းများနှင့်
ချီးမွမ်းထောမနာ ပြုခြင်းအားဖြင့် တုံ့ပြန်ခဲ့ကြ ပါသည်။
သို့သော်ယေရှုက “ယနေ့ပင် ဤကျမ်းစာချက်သည်
သင်တို့ကြား သည့်အတိုင်းပြည့်စုံလေပြီ}} ဟုမိန့်တော်မူသောအခါ
သူတို့သည် ချက်ချင်းပင် မိမိတို့ကိုယ်ကိုလည်းကောင်း၊ မိမိတို့အား မိန့်တော်မူနေသူ၏
တောင်းဆိုချက်များ ကိုလည်းကောင်းစဉ်းစားရန် ပြန်လည်သတိရလာခဲ့ကြပါသည်။ အာဗြဟံ၏ သား
သမီးများဖြစ်ကြသော ထိုဣသရေလလူတို့အား ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူများ ကဲ့သို့
ရုပ်လုံးဖော်ထားပါသည်။ ၎င်းပြင် ဒုစရိုက်၏တန်ခိုးမှ ကယ်လွှတ်ပေးရမည့်
အကျဉ်းသားများ အဖြစ်ဖြင့်လည်းကောင်း၊ အမှောင်ထုတွင်ရှိနေကြသော သမ္မာ
တရားအလင်းလိုအပ်နေကြ သူများအဖြစ်ဖြင့်လည်းကောင်း မိန့်တော်မူထားပါသည်။
သူတို့၏မာနထောင်လွှားခြင်းကို အထိနာစေပြီး သူတို့၏ကြောက်ရွံ့မှုများကို နိုးကြွ
စေခဲ့ပါသည်။ ကိုယ်တော်ရှင်ဆောင်ရွက်မည့်အမှုတော်သည် ၎င်းတို့တောင့်တခဲ့
သောအရာနှင့် လုံးလုံးကြီးကွဲပြားခြားနားနေကြောင်းကို သခင်ယေရှု၏ နှုတ်ထွက်စ
ကားများက ဖော်ညွှန်းခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များကို အနီးကပ် စုံစမ်းစစ်ဆေးရ
မည်ဖြစ်ပါသည်။ သူတို့သည် အပြင်ပန်းဝိနည်းထုံးဖွဲ့ ဆိုင်ရာအခမ်းအနားများတွင်
တိတိကျကျ ဆောင်ရွက်လုပ်ကိုင်ခဲ့ကြသော်လည်း ကိုယ်တော်၏ ကြည်လင်၍ စူးစမ်းတတ်သည်
မျက်လုံးတော်များ၏ စစ်ဆေးကြည့်ရှုမှုကိုမူ နောက်တွန့်ခဲ့ပါသည်။
ယေရှုဟုခေါ်သည့်ထိုသူသည် အဘယ်သူနည်းဟု
သူတို့မေးခွန်းထုတ်ခဲ့ကြ ပါသည်။ မိမိကိုယ်ကို မေရှိယဖြစ်သည်ဟု
အခိုင်အမာပြောဆိုနေသောသူသည် လက်သမားတစ်ယောက်၏ သားဖြစ်ပြီးဖခင်ဖြစ်သူ
ယောသပ်နှင့်အတူလက်သမား အလုပ်ကိုလုပ်ခဲ့သူဖြစ်သည်။ ကိုယ်တော်သည်
ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက် ခဲ့ရသည်ကို သူတို့မြင်တွေ့ခဲ့ကြပြီး ကိုယ်တော်၏
ညီအစ်ကိုမောင်နှမများနှင့်လည်း သိကျွမ်းခဲ့ကြကာ ကိုယ်တော်၏ အသက်တာနှင့်
အလုပ်အကိုင်များကိုလည်း သိရှိထားခဲ့ကြပါသည်။ ကလေးဘ၀မှလူငယ်ဘ၀၊
လူငယ်ဘ၀မှလူကြီးဘ၀သို့ကြီး ပွားလာသည့် ကိုယ်တော်ကို သူတို့မြင်တွေ့ခဲ့ကြပြီးဖြစ်ပါသည်။
ကိုယ်တော်၏ အ သက်တာသည် အပြစ်အနာအဆာလုံး၀မရှိခဲ့သော်လည်း ကတိထားတော်မူသည့်
မေရှိယတစ်ပါးအနေနှင့်မူ ကိုယ်တော်ကို သူတို့မယုံကြည်ခဲ့ကြချေ။
အသစ်တည်ထောင်မည့်
နိုင်ငံတော်နှင့်စပ်လျဉ်းသော ခရစ်တော်၏ သွန် သင်ချက်များနှင့် ၎င်းတို့၏
အကြီးအကဲများထံမှ ကြားခဲ့ဖူးသောအရာများသည် ကွဲပြားခြားနားနေပါသည်။
၎င်းတို့အားရောမများ၏ လက်အောက်မှ ကယ်လွှတ်ခြင်း နှင့်ပတ်သက်သော မည်သည့်အရာကိုမျှ
သခင်ယေရှုမိန့်တော်မမူခဲ့ချေ။ သူတို့သည် ကိုယ်တော်ရှင်ပြတော်မူခဲ့သော
နိမိတ်လက္ခဏာများကို ကြားဖူးခဲ့ကြပြီး သူတို့၏အ ခွင့်အရေးအတွက်
ထိုတန်ခိုးတော်များကို ကိုယ်တော်အသုံးပြုတော်မူလိမ့်မည်ဟု မျှော်လင့်ခဲ့
ကြသော်လည်း အရိပ်အမြွက်ကိုမျှ သူတို့မတွေ့မြင်ခဲ့ရချေ။
သူတို့သည် သံသယစိတ်အတွက်
နှလုံးတံခါးကိုဖွင့်ထားကြသောကြောင့် တဒင်္ဂအချိန်ကလေးတွင် နူးညံ့ရန်အတွက်ပင်
မဖြစ်နိုင်လောက်အောင် သူတို့နှလုံး သားများသည် အလွန့်အလွန်မာကျောလျက်
ရှိခဲ့ကြပါသည်။ ထိုနေ့ရက်များတွင် မျက်မမြင်များသည် မျက်စိအလင်းပြန်၍
မရစေရန်သော်လည်းကောင်း၊ သူ့ကျွန် ဘ၀တွင် ချုပ်နှောင်ခြင်းခံနေရသူများအား
လွတ်ခြင်းအခွင့်ကို ပြန်လည်မရရှိစေရန် အတွက်သော်လည်းကောင်း
စာတန်သန္နိဌာန်ချထားခဲ့ပါသည်။ သူသည် အကြီးအ ကျယ်ခွန်အားသုံး၍
၎င်းတို့ကိုမယုံကြည်စေရန် ကြိုးစားခဲ့ပါသည်။ မိမိတို့အားမိန့် တော်မူနေ
သောထိုပုဂ္ဂိုလ်သည် မိမိတို့၏ကယ်တင်ရှင်ဖြစ်သည်ဟု ထင်ထင်ရှားရှား
သိမြင်ခြင်းကြောင့် သူတို့စိတ်လှုပ်ရှားလာသော အချိန်တွင် စာတန်သည် ယေရှု
ရှင်ပြတော်မူခဲ့ပြီးသည့် အမှတ်လက္ခဏာကိုဂရုမမူခဲ့ချေ။
သို့သော်ယခုတွင် သခင်ယေရှုသည်
၎င်းတို့၏လျှို့ဝှက်သော အကြံအစည် များကိုဖော်ပြတော်မူခြင်းအားဖြင့် မိမိ၏ဘုရားဇာတိ
အထောက်အထားတစ်ခုကို ပေးတော်မူခဲ့ပါသည်။ “ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကို
ဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကိုငြိမ်းစေလော့၊ ငါတို့သည်
သတင်းကြားသည့်အတိုင်း သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာ တို့ကို
ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အားပြောဆိုကြလိမ့်မည်။ သို့သော်လည်း
ငါအမှန်အကန်ဆိုသည်ကား အဘယ်ပုရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်၊
ငါအမှန်ဆိုပြန်သည်ကား ပုရောဖက်ဧလိယလက်ထက်၌ သုံးနှစ်ခြောက်လ ပတ်လုံး မိုးခေါင်၍
ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရအလွန် ခေါင်းပါးခြင်းရှိသော အခါ
ဣသရေလအမျိုးဖြစ်သော မုဆိုးမအများရှိကြ၏။ သို့သော်လည်း ထိုမုဆိုးမ
ဆိုးတစ်ယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သူဖြစ်
သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။ ပုရောဖက်ဧလိရှဲ လက်ထက် တွင်လည်း
ဣသရေလအမျိုး၌ နူနာစွဲသောသူအများရှိကြသော်လည်း နေမန်အ မည်ရှိသော ရှုရိလူမှတစ်ပါး
အဘယ်သူမျှသန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော် မူ၏။” လုကာ ၄း၂၄-၂၇။
ပုရောဖက်များ၏ အသက်တာတွင်
ဖြစ်ပျက်ခဲ့သောအရာများနှင့် ဆက်နွှယ် ၍ သခင်ယေရှုသည် မိမိတရားနာပရိသတ်၏
မေးခွန်းများကို ဖြေရှင်းတော်မူခဲ့ ပါသည်။ အထူးလုပ်ငန်းများအတွက်
ဘုရားသခင်ရွေးချယ် သောအစေခံကျွန်များကို စိတ်နှလုံးမာကျော၍ မယုံကြည်သောသူများအတွက်
အမှုတော်ဆောင်ရန် ခွင့်ပြု တော်မမူခဲ့ချေ။ သို့သော်လည်း ခံစားတတ်သော
စိတ်နှလုံးများနှင့် ယုံကြည်ခြင်း စိတ်ရှိသောသူများအား ပုရောဖက်များမှတစ်ဆင့်
ကိုယ်တော်၏ တန်ခိုးတော်နှင့် ပတ်သက်သောအထောက် အထားများကို အထူးသဖြင့်
ပေးသနားတော်မူပါသည်။ ဧလိယခေတ်တွင် ဣသရေလလူများသည် ဘုရားသခင်ထံမှသွေဖည်ခဲ့ကြပြီး
မိမိ တို့၏အပြစ်များကို စွဲလမ်းနေကြကာ သခင်ဘုရား၏ စေတမန်များမှတစ်ဆင့်ပေး တော်မူ
သောဝိညာဉ်တော်၏ သတိပေးချက်များကို ငြင်းပယ်ခဲ့ကြပါသည်။ ထိုနည်း အားဖြင့်
၎င်းတို့ထံသို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများစီးဆင်းမည့် လမ်း ကြောင်းမှ
မိမိတို့ကိုယ်ကိုဖြတ်တောက်ခဲ့ကြပါသည်။ ဘုရားသခင်သည် ဣသရေလ အိမ်ထောင်များကို
ကျော်သွားတော်မူခဲ့ပြီး ရွေးချယ်ထားသည့် လူမျိုးအဝင်မဟုတ် သော
တစ်ပါးအမျိုးသားနိုင်ငံတစ်နိုင်ငံမှ အမျိုးသမီးတစ်ဦးတွင် မိမိ၏ပုရော ဖက်ကြီးအတွက်
ခိုလှုံရာနေရာတစ်ခုကိုတွေ့ရှိ တော်မူခဲ့ပါသည်။ သူမသည် မိမိရ ရှိခဲ့သောအလင်းတရားကို
လိုက်လျှောက်ခဲ့သောကြောင့် ဘုရားသခင်၏ မျက်နှာ သာပေးခြင်းကိုခံခဲ့ရပါသည်။ ၎င်းပြင်
မိမိ၏ပုရောဖက်မှတစ်ဆင့် သူမအား ဘုရား သခင်ပေးသနားမည့် ပို၍ ကြီးမားသောအလင်းကိုရရန်
သူမ၏စိတ်နှလုံးကို ဖွင့်ဟ ထားခဲ့ပါသည်။
ထိုကဲ့သို့သော အကြောင်းများကြောင့်
ဧလိရှဲလက်ထက်တွင် ဣသရေလ လူမျိုးအနာကြီးရောဂါသည် ကုသပျောက်ကင်းခွင့်ကို မရခဲ့ကြချေ။
သို့သော် ဗိုလ်ချုပ်နေမန်သည် အမှန်တရားနှင့်ပတ်သက်သော မိမိ၏ သိမြင်မှုအပေါ် သစ္စာ
ရှိစွာဖြင့်လုပ်ဆောင်ခဲ့ပြီး မိမိတွင်အကူအညီအကြီး အကျယ်လိုအပ်နေကြောင်းကို
ခံစားခဲ့ရပါသည်။ သူသည် ဘုရားသခင့်ကရုဏာတော်၏ ဆုကျေးဇူးကို ခံစားရ
ရှိနိုင်သောအခြေအနေတွင်ရှိခဲ့ပြီး အနာကြီးရောဂါပျောက်ကင်းမှုကိုသာမက စစ်မှန်
သောဘုရားကို သိရသော အခွင့်အားဖြင့်လည်း ကောင်းချီးပေးခြင်းခံခဲ့ရပါသည်။
ဘုရားသခင်၏ရှေ့တော်မှောက်တွင်
ကျွန်ုပ်တို့၏ ရပ်တည်မှုသည် ကျွန်ုပ်တို့ ရရှိထားသော
အလင်းတရားပမာဏပေါ်တွင်မူမတည်ဘဲ ကျွန်ုပ်တို့ ရရှိထားသော အလင်းတရားကို
အသုံးပြုမှုအပေါ်တွင် မူတည်နေပါသည်။ ထိုကြောင့်သိရှိသမျှ သောအမှန်တရားကို
ရွေးချယ်ခဲ့သော တစ်ပါးအမျိုးသား များသည်ကြီးမားသော အလင်းတရားကိုရရှိထားပြီး
ထာ၀ရဘုရားထံအမှုတော်ဆောင်ရန် ဝန်ခံခဲ့ကြသော် လည်း ၎င်းဝန်ခံချက်ကို
နေ့စဉ်အသက်တာအားဖြင့် ဆန့်ကျင်ကာထိုအလင်းတ ရားကိုဂရုမပြုခဲ့ကြသော သူများထက်ပိုမို၍
လိုလားနှစ်သက်ဖွယ်သော အခြေအနေ များတွင်ရှိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်အထံတော်မှ
ထွက်ခွာလာခဲ့ကြ ကြောင်း ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း၊
အခိုင်အမာပြောဆိုခွင့်ကိုဆုံးရှုံးခဲ့ကြ ကြောင်း စသည့်ခါးသီးသောအမှန်တရားကို
မိမိရရဖိအားပေးလျက် တရားဇရပ် အတွင်းရှိ တရားနာပရိသတ်အား မိန့်မြွက်ခဲ့သည့်
ခရစ်တော်၏ နှုတ်ထွက်စ ကားတို့သည် မိမိကိုယ်ကိုဖြောင့်မတ်နေသည်ဟုထင်နေသည့်
၎င်းတို့၏စိတ်ကို အ မြစ်မှလှန်ခဲ့ပါသည်။ ၎င်းတို့၏ အခြေအနေမှန်ကို ၎င်းတို့
ရှေ့မှောက်တွင် တင်ပြခဲ့သောအခါ ကိုယ်တော်၏နှုတ်ထွက်စကားတိုင်းသည်
ဓါးတစ်ချောင်းကဲ့သို့ သူတို့အား နာကျင်စေခဲ့ပါသည်။ ခရစ်တော်သည် သူတို့အားရှေးဦးစွာ
လှုပ်ရှား စေခဲ့သောယုံကြည်ခြင်းကို ယခုတွင်သူတို့ မထီလေးစားပြုခဲ့ကြပါသည်။ ဆင်းရဲ၍
နိမ့်ကျသောအသက်တာမှ ပေါ်ထွန်းလာခဲ့သော ကိုယ်တော်သည် သာမန်လူသား တစ်ဦးထက်ကြီးမြတ်ကြောင်းကို
သူတို့ဝန်မခံခဲ့ကြချေ။
သူတို့၏ မယုံကြည်မှုသည်
အငြိုးထားခြင်းကို ပေါက်ဖွားစေခဲ့သည်။ စာတန်သည် ၎င်းတို့အားထိန်းချုပ်ထားပြီး
သူတို့သည် ကယ်တင်ရှင်နှင့် ဆန့်ကျင်၍ ဒေါသကြီးစွာဖြင့် အော်ဟစ်ခဲ့ကြပါသည်။
အနာပျောက်ကင်းရန်နှင့် မူရင်းအခြေ အနေသို့ပြန်လည်ရောက်ရှိရန် လုပ်ဆောင်သည့်
ကိုယ်တော်အား သူတို့ကျောခိုင်း ခဲ့ကြပြီး ယခုတွင်အဖျက်သမား၏ ကြန်အင်လက္ခဏာများကို
မိမိတို့၏အသက်တာ တို့တွင် ထင်ရှားစေခဲ့ကြပါသည်။
သခင်ယေရှုသည် တစ်ပါးအမျိုးသားအား
ပေးသနားသော ကောင်းချီး မင်္ဂလာအကြောင်းကို ရည်ညွှန်းမိန့်တော်မူသောအခါ ကိုယ်တော့်
တရားနာပရိ သတ်၏ ပြင်းထန်သော အမျိုးသားရေးမာနထောင်လွှားသော စိတ်သည် ထကြွလာ ခဲ့ပြီး
ကိုယ်တော်၏ အသံတော်သည် ရုန်းရင်းခတ်နေသော အသံများတွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါသည်။
ဤသူများသည် ပညတ်တော်စောင့်ခြင်းအပေါ်
မိမိတို့ကိုယ်ကို ဂုဏ်ယူဝင့်ကြွားခဲ့ကြသော်လည်း ယခုတွင် ၎င်းတို့၏ တစ်ဖက်သတ်
ထင်မြင်ယူဆချက်ကို တိုက်ခိုက်ထိပါးလာသောအခါ လူသတ်မှုကို ကျူးလွန်ရန်
အဆင်သင့်ရှိခဲ့ကြပါသည်။ ထိုလူစုလူဝေးကြီးသည် ကွဲလွင့်သွားခဲ့ပြီး သူတို့သည်
သခင်ယေရှုကိုဖမ်းဆီး၍ တရားဇရပ်မှလည်းကောင်း၊ မြို့ထဲမှလည်းကောင်း နှင် ထုတ်ခဲ့
ကြပါသည်။ လူအားလုံးသည် ကိုယ်တော်ကိုသုတ်သင်ရှင်းလင်းရန် စိတ်အား
ထက်သန်နေကြသယောင်မြင်တွေ့နေရပါသည်။ ကိုယ်တော်အား ဇောက်ထိုးကျ သွားအောင်
တွန်းချဖို့ရည်ရွယ်၍ ချောက်ကမ်းပါးတစ်ခုသို့ အလျင်အမြန်ခေါ် ဆောင်သွားခဲ့ကြပါသည်။
အော်ဟစ်သံများနှင့် ကျိန်ဆဲသံများသည် ဆူညံနေခဲ့ပါ သည်။ ကိုယ်တော်သည်
ထိုသူတို့အလယ်မှ ရုတ်တရက်ပျောက် သွားသောအ ချိန်တွင် တချို့သောသူများသည်
ကိုယ်တော်အား ခဲနှင့်ပေါက်ခဲ့ကြပါသည်။ ကိုယ်တော်သည် တရားဇရပ်တွင်ရှိစဉ် ကောင်းကင်တမန်များသည်
ကိုယ်တော့် အပါးတွင်ရှိနေခဲ့ကြသကဲ့သို့ စိတ်ရူးပေါက်နေသော ဤလူအုပ်ကြီးအလယ်၌လည်း
ထိုကောင်းကင်သားများသည် ကိုယ်တော်နှင့် အတူရှိနေခဲ့ကြပါသည်။ ထိုကောင်း
ကင်သားများသည် ရန်သူများ၏ရန်မှ ကိုယ်တော်ကိုကွယ်ကာတော်မူ၍ လုံခြုံသော နေရာသို့ပို့ဆောင်ခဲ့ကြပါသည်။
ထိုကဲ့သို့နည်းအားဖြင့်
ကောင်းကင်တမန်များသည် လောတကိုကာကွယ် ခဲ့ပြီးသောဒုံမြို့လယ်မှ လုံခြုံသောနေရာသို့
လမ်းပြခဲ့ကြပါသည်။ ထိုကဲ့သို့နည်း အားဖြင့် တောင်ပေါ်မြို့ငယ်ကလေးတွင်ရှိသော
ဧလိရှဲအားလည်း သူတို့ကာကွယ် ခဲ့ကြပါသည်။ ၎င်းနေထိုင်သောတောင်ကုန်းကလေးကို ရှုရိဘုရင်၏
စစ်မြင်းရထား များနှင့်တကွ များပြားလှသော လက်နက်ကိုင်စစ်သားများဖြင့်
ဝန်းရံထားသောအခါ ၎င်း၏ပတ်လည်တွင် မီးမြင်းရထားများနှင့်တကွ ဘုရားသခင်၏
ကောင်းကင်တမန် များသည် ဝန်းရံထားလျက်ရှိကြောင်း ဧလိရှဲမြင်တွေ့ခဲ့ရပါသည်။
ထိုနည်းအားဖြင့် ခေတ်အဆက်ဆက်တွင်
ဘုရားသခင်၏ ကောင်းကင် တမန်များသည် ခရစ်တော်၏ သစ္စာရှိသောနောက်လိုက်များ၏
အနီးအပါးတွင်ရှိ နေကြပါသည်။ ဒုစရိုက်သားများ၏ ကျယ်ကျယ်ပြန့်ပြန့်
ပူးပေါင်းကြံစည်မှုသည် အောင်ပန်းဆွတ်ခူးမည့်သူများအား
ဆန့်ကျင်တိုက်ခိုက်နေသော်လည်း ခရစ်တော် သည် ဘုရားသခင်အား ချစ်သောသူ
များကိုကယ်လွှတ်ဖို့ တပ်ချနေကြသော မျက်စိဖြင့်မမြင်နိုင်သည့်
ကောင်းကင်သားများကိုသာ ကျွန်ုပ်တို့အား ကြည့်ရှုစေခဲ့ ပါသည်။ မျက်မြင်ရသော
အန္တရာယ်များနှင့် မျက်မြင်မရသော မည်သည့် အန္တရာယ် များမှမဆို ကောင်းကင်တမန်များ၏
ကြားဝင်မစမှုများကြောင့် ကျွန်ုပ်တို့အသက် ချမ်းသာရာရခဲ့ကြကြောင်းများကို
ထာ၀ရအလင်းတော်တွင် ဘုရားသခင်၏ စီစဉ် လုပ်ဆောင်မှုများအဖြစ်
ကျွန်ုပ်တို့မမြင်တွေ့မီ ကျွန်ုပ်တို့သည် မည်သည့် အခါမျှ သိရှိကြလိမ့်မည်မဟုတ်ချေ။
ကောင်းကင်မိသားစုအားလုံးသည် ကမ္ဘာပေါ်ရှိ မိသားစုအားလုံးကို စိတ်ဝင်စားကြကြောင်းကိုလည်းကောင်း၊
ဘုရားသခင်၏ ပလ္လင် တော်မှစေတမန်များသည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများတွင်
တစ်နေ့ပြီးတစ်နေ့ Yအတူပါရှိနေကြောင်းကိုလည်းကောင်း
ထိုအချိန် တွင် ကျွန်ုပ်တို့သိရှိကြပါလိမ့်မည်။
သခင်ယေရှုသည် တရားဇရပ်တွင်
အနာဂတ္တိစကားမှကျမ်းချက် များကို ဖတ်ရွတ်သောအချိန်၌ မေရှိယ၏
အမှုတော်နှင့်ပတ်သက်သည့် နောက်ဆုံးသီခြား ဖော်ပြချက်များအကြောင်းကိုဖတ်ပြပြီးနောက်
ဗြုန်းကနဲ ရပ်တန့်ပစ်လိုက်ပါသည်။ ကိုယ်တော်သည် “ထာ၀ရဘုရား၏မင်္ဂလာနှစ်ကို
ကြားပြောစေခြင်းငှါ” ဟု ဖတ်ရွတ်ပြီး “ငါတို့ဘုရားသခင်အပြစ်ပေးရာ နေ့ရက်ကာလကို
ကြားပြောစေခြင်း ငှါ” ဟူသောစာပိုဒ်ကို ချန်လှပ်ထားတော်မူခဲ့ပါသည်။
ချန်လှပ်ထားခဲ့သော ကျမ်း ပိုဒ်သည် ဖွင့်ဟမိန့်တော်မူခဲ့ သောကျမ်းပိုဒ်ကဲ့သို့ပင်
မှန်ကန်မှုရှိပါသည်။ သို့ သော်လည်း ဤနောက်ဆုံး ဖွင့်ဟမိန့်တော်မူချက်များကို
တရားနာပရိသတ်တို့သည် နှစ်သက်ခဲ့ပြီး ပြည့်စုံစေရန် ၎င်းတို့ဆန္ဒရှိခဲ့ကြပါသည်။
သူတို့သည် တစ်ပါးအ မျိုးသား များခံရမည့်တရားစီရင်ခြင်းများကို
လူသိရှင်ကြားပြစ်တင်ပြောဆိုခဲ့ကြ သော်လည်း ထိုသူများတို့၏ ဒုစရိုက်အပြစ်များထက်
ကြီးမားသောမိမိတို့၏ ဒုစရိုက် အပြစ်များတို့ကို မသိမြင်ခဲ့ကြချေ။ သူတို့သည်
မိမိတို့ကိုယ်တိုင် အတွက် ကရုဏာကို အထူးလိုအပ်နေပြီး တစ်ပါးအမျိုးသားများတို့ကို
ငြင်းပယ်ရန် အထူး အဆင်သင့်ရှိခဲ့ကြပါသည်။ သခင်ယေရှုသည် တရားဇရပ်တွင် သူတို့၏ အလယ်၌
ရပ်တော်မူသောနေ့တွင် ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုလက်ခံရန် သူတို့အခွင့်
အရေးရရှိခဲ့ကြပါသည်။ ]]ကရုဏာ၌မွေ့လျော်ခြင်း}}ကို
နှစ်သက်အားရတော်မူ သောကိုယ်တော်သည် သူတို့၏ အပြစ်များကဖိတ်ခေါ်နေသော
ပျက်စီးခြင်းများမှ သူတို့အား ကယ်တင်တော်မူခဲ့ပြီးဖြစ်ပါသည်။
နောင်တရကြဖို့
နောက်ထပ်တစ်ခါခေါ်တော်မူခြင်းမပြုဘဲ ကိုယ်တော်ရှင် သည် ထိုသူတို့အား
စွန့်လွှတ်တော်မမူချေ။ ဂါလိလဲတွင် ပြုသည့် မိမိ၏အမှု တော်အဆုံးပိုင်းကလေး၌
ကိုယ်တော်သည် ငယ်ရွယ်စဉ် ကလေးဘ၀တွင် နေထိုင်ခဲ့ သောအိမ်သို့
တစ်ဖန်သွားရောက်လည်ပတ်ခဲ့ပါသည်။ ထိုမြို့ကိုကိုယ်တော် ရှင်ငြင်း
ပယ်ပြီးသည့်နောက်ပိုင်းတွင် ကိုယ်တော်၏ တရားဒေသနာဟောကြားခြင်းနှင့်တကွ
နိမိတ်လက္ခဏာ ပြုတော်မူခြင်းနှင့်ပတ်သက်သော ဂုဏ်သတင်းများသည် ယုဒပြည်
အနှံ့ပျံ့နှံ့ခဲ့ပါသည်။ ကိုယ်တော်ရှင်သည် သာမန်လူသားတစ်ဦးထက်သာ လွန်သော
တန်ခိုးများကို ပိုင်ဆိုင်တော်မူကြောင်း ယခုတွင် မည်သူမျှမငြင်းနိုင်တော့ ချေ။
ကိုယ်တော်သည် ကောင်းသောအလုပ်များကို လုပ်ဆောင်သော အလုပ်များကို လုပ် ဆောင်တော်မူ၍
စာတန်၏ဖိစီးနှိပ်စက်မှုကို ခံစားနေရသူအားလုံးကို ကုသပေးတော် မူခဲ့ကြောင်းကို
နာဇရက်မြို့သားများ သိရှိခဲ့ကြပါသည်။ ၎င်းတို့၏ အနီးအနားတွင် ရှိ သော
မည်သည့်အိမ်တွင်မျှ ဖျားနာမှုကြောင့် ညည်းတွားသံတစ်သံမျှ မကြားရတော့ သည့်
ရွာများရှိခဲ့ကြပါသည်။ အကြောင်းမူကား ကိုယ်တော်သည် ၎င်းရွာများထဲ
သို့ဖြတ်သွားတော်မူပြီး နာမကျန်းသူအားလုံးကို ကုသပေးခဲ့သောကြောင့်ဖြစ်ပါသည်။
ကိုယ်တော်၏ အသက်တာတွင် လုပ်ဆောင်ခဲ့သည့် အပြုအမူတိုင်းတွင် ဖော်ပြ ခဲ့သည့်
ကရုဏာသည် ကိုယ်တော်၏ ဘုရားဇာတိဘိသိက်သွန်းလောင်းမှုကို သက် သေခံခဲ့ပါသည်။
နာဇရက်မြို့သားများသည် ကိုယ်တော်၏
နှုတ်ကပတ်တော်များကို တစ်ဖန် ကြားနာခဲ့ကြစဉ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်လှုံ့ဆော်
တိုက်တွန်းမှုကိုခံခဲ့ကြ ရပါသည်။ သို့သော် ယခုအချိန်တိုင်ပင် ၎င်းတို့နှင့်
အတူကျွေးမွေးပြုစုခြင်း ခံခဲ့ရ သောကိုယ်တော်သည် မိမိတို့ထက်သာလွန်ကြီးမြတ်ကြောင်းကို
သူတို့ဝန်မခံခဲ့ကြ ချေ။ ကိုယ်တော်သည် မိမိကိုယ်ကိုကတိထားတော်မူသော
မေရှိယဖြစ်ကြာင်း အ ခိုင်အမာမိန့်တော်မူစဉ် ထိုနာဇရက်မြို့သားများသည်
တစ်ပါးအမျိုးသား၊ အမျိုးသမီး တစ်ယောက်ယောက်လောက်မျှ ဘုရားသခင်၏မစမှုကို
မခံစားထိုက်ကြာင်း ကိုယ် တော်ရှင်ပြသကာ ဣသရေလများကို ၎င်းတို့နှင့်တစ်တန်းတစ်စား
တည်းထား၍ ငြင်း ပယ်ခဲ့သဖြင့် ၎င်းတို့၌ခါးသီးနာကြည်းစိတ်များ ရှိနေဆဲဖြစ်ပါသည်။
ထိုကြောင့် သူတို့က “ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးတော်ကိုလည်းကောင်း
အဘယ်မှာရသနည်း” ဟုမေးကြသော်လည်း ကိုယ်တော်အား ထာ၀ရဘုရားစေ
လွှတ်တော်မူသည့်မေရှိယအနေနှင့် သူတို့လက်မခံခဲ့ကြချေ။ သူတို့၏မယုံကြည်မှု
များကြောင့် ကိုယ်တော်သည် ၎င်းတို့အလယ်တွင် အံ့ဖွယ်နိမိတ်လက္ခဏာများကို
လုပ်နိုင်တော်မမူခဲ့ချေ။ လူအနည်းငယ်ကသာ ကိုယ်တော်ထံမှကောင်းချီးများ ကိုခံစားရန်
စိတ်နှလုံးများကို ဖွင့်ပေးခဲ့ကြသဖြင့် ယေရှုရှင်သည် စိတ်မပါ့တပါနှင့်
၎င်းတို့ထံမှ ထွက်ခွာတော်မူခဲ့ပြီး တစ်ခါမျှပြန်၍ကြွလာတော်မမူတော့ချေ။
တစ်ကြိမ်တစ်ခါသာ မြတ်နိုးတွယ်တာခဲ့မိသည့်
မယုံကြည်မှုသည် နာဇရက် မြို့သားများအား အဆက်မပြတ်အုပ်စိုးသွားတော့သည်။
ဆန်ဟီဒရင်အဖွဲ့ဝင်များနှင့် ယုဒလူများသည်လည်း ထိုကဲ့သို့ပင် မယုံကြည်မှု၏
အုပ်စိုးမှုအောက်တွင် အသက် ရှင်ခဲ့ကြရပါသည်။ နာဇရက်မြို့သားများသည် ယဇ်ပုရောဟိတ်များ၊
ယုဒလူများနှင့် အတူ သန့်ရှင်းသောဝိညာဉ်တော်၏ ထင်ထင်ရှားရှားလက်တွေ့ပြသခြင်းကို ပထမ
အကြိမ်ငြင်းပယ်ခြင်းသည် အဆုံးခရီး၏အစဖြစ်ခဲ့ပါသည်။ သူတို့၏ပထမအကြိမ်
ခုခံဆီးတားမှုကိုမှန်ကန်ကြောင်း သက်သေပြရန် ခရစ်တော်၏နှုတ်ထွက် စကားများ
ကိုနောက်ပိုင်းတွင် အမြဲတမ်းအကြောင်းမဲ့အပြစ်ရှာခဲ့ကြပါသည်။ သန့်ရှင်းသော
ဝိညာဉ်တော်အား ၎င်းတို့ငြင်းပယ်ခြင်းသည် ကရာနီမှ ကပ်တိုင်တွင်လည်းကောင်း၊
ယေရုရှလင်မြို့ကြီး အဖျက်ဆီးခံရမှုတွင်လည်းကောင်း၊ ကမ္ဘာအရပ်ရပ်သို့
ယုဒလူများကွဲလွင့်သွားခြင်းများတွင်လည်းကောင်း အထွတ်အထိပ်သို့ ရောက်ခဲ့ပါ သည်။
ကိုယ်တော်သည် သမ္မာတရား၏
အဖိုးထိုက်သောဘဏ္ဍာများကို ဣသရေလ လူများအားဖွင့်ပေးရန်
များစွာအလိုရှိတော်မူခဲ့ပါသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ် ရေးမျက်စိကန်းမှုကြောင့်
နိုင်ငံတော်နှင့်ဆက်နွှယ်နေသော သမ္မာတရားကို ၎င်းတို့ အားဖော်ပြရန်
မဖြစ်နိုင်တော့ချေ။ ဘုရားသခင်ထံမှ သမ္မာတရားသည် ၎င်းတို့ လက်ခံမည့်အချိန်ကို
စောင့်စားနေစဉ် သူတို့သည် မိမိတို့၏ဘာသာအယူဝါဒနှင့်
အသုံးမဝင်သောဝိနည်းထုံးဖွဲ့ဆိုင်ရာအခမ်း အနားများကိုသာ စိတ်စွဲနေကြပါသည်။
အသက်မုန့်သည် ၎င်းတို့၏ လက်တစ်ကမ်းအတွင်း၌ ရှိနေစဉ်တွင် သူတို့သည်
မိမိတို့၏ငွေကြေးများကို အသုံးမရသောအရာများအတွက် သုံးဖြုန်းပစ်နေကြပါ သည်။
မိမိတို့သည် မှားသည်မှန်သည်ကိုသိရှိရန် မည်သည့်အတွက်ကြောင့် ဘုရား သခင်၏
နှုတ်ကပတ်တော်ကို စိတ်အားထက်သန်စွာ မရှာဖွေမလေ့လာကြသနည်း။ ဓမ္မဟောင်းကျမ်းသည်
ခရစ်၏ အမှုတော်အကြောင်းကို အသေးစိတ်ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ပုရောဖက်ရေးသားချက်များမှ
အဖန်တလဲလဲကိုးကားလျက် “ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည့်
အတိုင်းပြည့်စုံလေပြီ” ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ သူတို့သည် မိမိတို့၏
ယူဆချက်များတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်တိုက်ရိုက် စစ်ဆေးပြီး
ကျမ်းစာတော်မြတ်ကို ရိုးသားစွာဖြင့် ရှာဖွေလေ့လာမည်ဆိုလျှင် ၎င်းတို့၏
နောင်တမရခြင်းအတွက် ခရစ် တော်မျက်ရည်ကျစရာလိုမည်မဟုတ်ချေ။ “သင်တို့နေသောအိမ်သည်
သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟူ၍လည်း မိန့်တော်မူစရာလိုတော့မည်မဟုတ်ချေ။
၎င်းပြင် သူတို့သည် ကိုယ်တော်၏ မေရှိယဖြစ်ကြောင်း အထောက်အထားများကို ကောင်းမွန်စွာ
သိရှိခဲ့ကြလိမ့်မည်ဖြစ်ပြီး ယေရုရှလင်မြို့ပေါ်သို့ကျရောက် အံ့သော
ဘေးဒုက္ခကြီးကိုလည်း လွှဲဖယ်စေတော်မူခဲ့ပါလိမ့်မည်။ သို့ပါသော်လည်း ယုဒလူ များ၏
စိတ်နေသဘောထားများသည် ၎င်းတို့၏ ယုတ္တိမရှိသောတစ်ယူသန်မှုများ ကြောင့်
ကျဉ်းမြောင်းလာခဲ့ပါသည်။ ခရစ်တော်ပြတော်မူခဲ့သော သင်ခန်းစာများ သည်
၎င်းတို့၏အကျင့်စာရိတ္တ ချို့ယွင်းချက်များကိုဖော်ပြခဲ့ပြီး နောင်တရဖို့တောင်း
ဆိုခဲ့ပါသည်။ သူတို့သည် ခရစ်တော်၏ သွန်သင်ချက်များကိုလက်ခံခဲ့ကြလျှင်
၎င်းတို့၏အကျင့်ဓလေ့များသည် ပြောင်းလဲသွားကြမည်ဖြစ်ပြီး ၎င်းတို့မြတ်နိုးတွယ်
တာသော မျှော်လင့်ခြင်းများကိုလည်း စွန့်လွှတ်နိုင်ကြပါလိမ့်မည်။ သူတို့သည် ဘုရား
သခင်၏ ဂုဏ်ပြုခြင်းကိုခံယူရန် လူ၏ဂုဏ်ပြုခြင်းကို စွန့်လွှတ်ရပါမည်။ အသစ်
သောဤကျမ်းတတ်ဆရာ၏ စကားများကို သူတို့နားထောင်ခဲ့ကြလျှင် ထိုခေတ်မှ ဆရာများ၊
အတွေးအခေါ်သမားများ၏ ထင်မြင်ယူဆချက်များကို ဖီလာဆန့်ကျင် ကြရပါမည်။
ခရစ်တော်ပေါ်ထွန်းသောအချိန်တွင်
သမ္မာတရားသည် လူကြိုက်မများလှ ချေ။ ကျွန်ုပ်တို့ခေတ်တွင်လည်း လူကြိုက်မများလှပါ။
စာတန်သည် သမ္မာတရားအ စား မိမိကိုယ်ကိုချီးမြှောက်လိုသော စိတ်ထားများကိုဖြစ်စေ
သောယုံတမ်းစကားများ ကိုဖော်ပြခြင်းအားဖြင့် မနှစ်မြို့စရာတစ်ခုကို လူသားများအားပေးအပ်ခဲ့သည့်အချိန်
မှစ၍ သမ္မာတရားသည် လူကြိုက်မများခဲ့တော့ချေ။ ကျွန်ုပ်တို့သည် နှုတ်ကပတ် တော်ကို
အခြေမပြုသော ယူဆချက်များ၊ ဩဝါဒများနှင့် ယနေ့တွေ့ဆုံနေရပါသ လား။ ယုဒလူများသည်
၎င်းတို့၏ မိရိုးဖလာများကိုစွဲလမ်းခဲ့ကြသကဲ့သို့ ယနေ့လူ သားများသည်လည်း ထိုယူဆချက်များ၊
ဩဝါဒများကို ခိုင်ခိုင်မြဲမြဲစွဲလမ်းနေကြပါ သည်။
ယုဒခေါင်းဆောင်များ၏ စိတ်နှလုံးတွင်
ဝိညာဉ်ရေးမာနစိတ်များ ဖြင့်ပြည့်၀ နေခဲ့ကြပါသည်။
မိမိကိုယ်ကိုကျော်စောကိတ္တိဖြစ်လိုသော အလိုဆန္ဒများသည် ဗိမာန်တော်အတွင်း ကျင်းပသော
အခမ်းအနားများ၌ပင် ထင်ရှားပေါ်လွင်လာခဲ့ပါ သည်။ သူတို့သည် တရားဇရပ်ထဲတွင်
အမြင့်မြတ်ဆုံးသော ထိုင်ခုံများတွင် ထိုင်ရန် အတွက်သော်လည်းကောင်း၊ ဈေး၌ရိုသေစွာ
နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ နှစ် သက်ကြသဖြင့် လူများ၏ပါးစပ်ဖျားတွင် ၎င်းတို့၏
ဘွဲ့နာမများကိုရွတ်ဆို၍ ၎င်းတို့ နှစ်သက်စေခဲ့ကြပါသည်။ စစ်မှန်သော
ဘုရားတရားရှိမှုသည် ပျက်ပြုန်း၍ သူတို့ သည် မိရိုးဖလာဓလေ့များနှင့်
ဝိနည်းထုံးဖွဲ့များကိုသာ ပို၍မြတ်နိုးတွယ်တာခဲ့ကြပါ သည်။
တစ်ကိုယ်ကောင်းဆန်သော
တစ်ဖက်သတ်အထင်လွဲမှုအားဖြင့် လူတို့၏ တတ်သိနားလည်မှုကို မိုက်မှောင်စေသောကြောင့်
သူတို့သည် ခရစ်တော်၏ အပြစ် ကိုထင်ရှားစေသည့် နှုတ်ထွက်စကား၏ တန်ခိုးတော်နှင့်
ကိုယ်တော့်အသက်တာ တွင် ထင်ရှားခဲ့သောနှိမ့်ချခြင်းတို့ကို ဆီလျော်ညီညွတ်စေအောင်
မစွမ်းဆောင်နိုင် ခဲ့ကြချေ။ စစ်မှန်သောကြီးမြတ်မှုသည် အပြင်ပန်းပကာသနကို
မကျင့်ဆောင်ဘဲနေ နိုင်သည်ဟူသော အမှန်တရားကို သူတို့အလေးအမြတ်မထားခဲ့ကြချေ။
ကိုယ်တော် ရှင်ခံစားနေရသော ဆင်းရဲမွဲတေခြင်းသည် မေရှိယဖြစ်ကြောင်း ၎င်း၏အခိုင်အမာ
ပြောဆိုချက်နှင့် လုံးလုံးကြီးမဆီလျော်သလိုဖြစ်နေခဲ့ပါသည်။ ကိုယ်တော်သည် မိမိ
ပြောသည့်အတိုင်း မေရှိယဖြစ်နေလျှင် မည်သည့်အတွက်ကြောင့် အထူးပပလွှား
လွှားနေတော်မမူသနည်း။ ကိုယ်တော်သည် လက်နက်အင်အားမပါဘဲ ယခုကဲ့သို့ ပင်
ကျေနပ်တင်းတိမ်နေခဲ့လျှင် မိမိတို့အမျိုးသားများအတွက် မည်သည့်အခြေအ နေများ
ဖြစ်ပေါ်လာလိမ့်မည်နည်း။ အချိန်ကြာမြင့်စွာကတည်းက မျှော်လင့်စောင့် စားခဲ့ရသော
ထိုတန်ခိုးအာဏာနှင့် ဘုန်းကျက်သရေများသည် သူတစ်ပါးလက် အောက်ခံများအနေဖြင့်
ယုဒလူမျိုးများကို ယုဒပြည်တော်သို့ ပို့ဆောင်နိုင်မည်နည်း။ ဣသရေလများသည်
စည်းမျဉ်းဥပဒေများကို ကမ္ဘာအနှံ့သယ်ဆောင်သွားရန်ဖြစ် သည်ဟု ယဇ်ပုရောဟိတ်များ
သွန်သင်ခဲ့သည်မဟုတ်ပါလား။ သို့သော် ဘာသာရေး အကြီးအကဲများသည်
အမှားမှားအယွင်းယွင်းလုပ်ကြသောကြောင့် ထိုလုပ်ငန်းကို
လုပ်ဆောင်ရန်ဖြစ်နိုင်ပါမည်လား။
သို့ရာတွင် ယုဒလူများက
ကိုယ်တော်အားငြင်းပယ်စေခဲ့သည့် ကိုယ်တော် အသက်တာ၏ အပြင်ပန်းဘုန်းအသရေသည်
လုံးလုံးလျားလျား မရှိခြင်းမျိုးမဟုတ် ချေ။ ကိုယ်တော်သည် ဖြူစင်သန့်ရှင်းမှုအတွက်
ရုပ်လုံးဖော်သူတစ်ပါးဖြစ်ပြီး သူ တို့မှာမူ သန့်ရှင်းခြင်းနှင့်
ကင်းလျက်ရှိကြပါသည်။ ကိုယ်တော်သည် ခြောက်ပြစ် ကင်းသဲလဲစင်ရိုးသားဖြောင့်မှန်ခြင်း၏
ပုံသက်သေတစ်ခုအနေဖြင့် လူသားများအ လယ်တွင် နေထိုင်အသက်ရှင်ခဲ့တော်မူပါသည်။
ကိုယ်တော်၏ အပြစ်တင်ခွင့်ကင်း သောအသက်တာသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင်
အလင်းတော်ကို ထွန်းလင်းစေ ခဲ့ပါသည်။ ကိုယ်တော်ရှင်၏ ရိုးဖြောင့်မှုသည် ၎င်းတို့၏
မရိုးဖြောင့်မှုကိုပေါ်လွင်စေခဲ့ ပါသည်။ ထိုအလင်းတော်သည် အတုအလိမ်ဖြစ်သော
၎င်းတို့၏ အနှစ်သာရမဲ့ သည့် ဘုရားတရားရှိမှုများကို ထင်ရှားစေခဲ့ပြီး
စက်ဆုပ်ရွံရှာဖွယ်သော အကျင့် စာရိတ္တကို ပိုင်ဆိုင်သောသူတို့၏ ဆိုးညစ်မှုများကို
ထုတ်ဖော်ခဲ့ပါသည်။ ထိုအလင်း တော်မျိုးကို သူတို့မကြိုဆိုခဲ့ကြချေ။
ခရစ်တော်သည် လူထုအားဖါရိရှဲများကို
အာရုံပြုကြရန်ညွှန်ပြပေးကာ ထိုသူ တို့၏ ပညာရှိမှုများနှင့် ဘုရားတရားရှိမှုများကို
ချီးမွမ်းထောမနာပြုပေးခဲ့မည်ဆိုလျှင် ၎င်းတို့သည် ကိုယ်တော်အား
ဝမ်းမြောက်ဝမ်းသာဖြင့်ကြိုဆိုကြ ပေလိမ့်မည်။ သို့သော် ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်ကို
လူသားအားလုံးအတွက် ကရု ဏာအရ ပေးကမ်းဝေငှသော အရာတစ်ခုအဖြစ် မိန့်တော်မူသောအခါ
ဘာသာရေး အသွင်အနေဖြင့် တင်ပြသောကြောင့် သူတို့သည် မခံနိုင်ခဲ့ကြချေ။ ဘုရားသခင်အ
တွက် ကျင်းပခဲ့သော အခမ်းအနားများကို နှစ်သက်ဖွယ်သော အရာများဖြစ်စေရန် ၎င်းတို့၏
အသက်တာပုံသက်သေများနှင့် သွန်သင်ချက်များသည် ထိုအလင်းတော် ကဲ့သို့
တစ်ခါမျှမဖြစ်ခဲ့ဖူးချေ။ ၎င်းတို့အနေနှင့် မုန်းတီးပြီး အော့နှလုံးနာသော သူများကို
ခရစ်တော်အလေးတယူပြုနေသည်ကို သူတို့မြင်သောအခါ မာနထောင် လွှားသော ၎င်းတို့၏
စိတ်နှလုံးများမှ အဆိုးဝါးဆုံးသော စိတ်ထားများသည် ထကြွ လာခဲ့ကြပါသည်။
ယုဒအမျိုး၏ ခြင်္သေ့မင်း (မေရှိယ)
လက်ထက်တွင် ဣသရေလများသည် အခြားသော လူမျိုးများထက် အလွန်ကြီးမြတ်အောင်
ချီးမြှောက်ခံရလိမ့်မည်ဟု သူတို့ဝါကြွားကြသော်လည်း ၎င်းတို့၏ အပြစ်များအတွက်
ခရစ်တော်၏ ဆုံးမမှုများ နှင့် ကိုယ်တော်ရှင်၏ ရှေ့မှောက်၌ သူတို့ခံစားခဲ့ရသော
အပြစ်ဖော်ပြ၍ သွန်သင် မှုများကို ခံနိုင်ရည်ရှိသည်ထက် မိမိတို့၏
ငမ်းငမ်းတက်တမ်းတသော မျှော်လင့်ချက် များကြောင့် ခံစားရသည့် စိတ်ပျက်စရာများကို
ပို၍ခံနိုင်ရည်ရှိခဲ့ကြပါသည်။
No comments:
Post a Comment