Monday, April 20, 2026

အခန်းကြီး - ၁၆။ ဘုရားသခင်၏ဗိမာန်တော်၌

 

ဘုရားသခင်၏ဗိမာန်တော်၌

ယောဟန် ၂း၁၂-၂၂ ကို အခြေပြုထားပါသည်

         ထိုနောက် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်တို့နှင့်တကွ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ ယုဒပသခါပွဲခံချိန်နီးသည် ရှိသော် ယေရုရှလင်မြို့သို့ကြွတော်မူ၏။

          ဤခရီးစဉ်တွင် ခရစ်တော်သည် ယေရုရှလင်မြို့တော်သို့ ဦးတည်သွားနေသော လူအုပ်တစ်အုပ် နှင့် အတူ ခရီးသွားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် မိမိ၏အမှုတော်ကို လူသိရှင်ကြားမကြေညာရသေးသည့် အတွက် လူအုပ်ကြီးနှင့်အတူ မသိမသာရောနှောပြီး ခရီးသွားခဲ့ပါသည်။ ရှင်ယောဟန်၏အမှုတော်လုပ်ငန်း တွင် အထင်ကရပြောကြားခဲ့သည့် မေရှိယကြွလာခြင်းအကြောင်းကို ဤအခါသမယမျိုးတွင် ခရီးသွားများ ၏စကားဝိုင်း၌ မကြာခဏအဓိကအကြောင်းအရာအဖြစ် ပြောဆိုလေ့ရှိခဲ့ပါသည်။ ယုဒနိုင်ငံကြီးပွား တိုးတက် ရေးမျှော်လင့်ချက်အပေါ်  ရဲရဲတောက်စိတ်အားထက်သန် မှုများအားဖြင့် အာရုံစူးစိုက်နေခဲ့ကြပါသည်။ ကျမ်းစာကို လွှဲမှားစွာအနက်ဖွင့်ခဲ့ကြကာ ဤမျှော်လင့်ချက်များကို ထားခဲ့ကြသဖြင့် စိတ်ပျက်ကြရလိမ့်မည် ကို ခရစ်တော်သိရှိတော်မူခဲ့ပါသည်။ အလွန်စိတ်အားထက်သန်စွာဖြင့် ကိုယ်တော်သည် အနာဂတ္တိစကားများ ကို ရှင်းလင်းပြောဆိုခဲ့ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို စေ့စေ့စပ်စပ်လေ့လာကြရန်၊ ဣသရေလလူ များအားနှိုးဆွရန် ကြိုးစားတော်မူခဲ့ပါသည်။

         ယုဒလူများသည် ယေရုရှလင်မြို့တွင် ထာဝရဘုရားအား လာရောက်ကိုးကွယ်ဝတ်ပြုကြဖို့ သွန်သင်ပေးရန် လူများအား ယုဒခေါင်းဆောင်များက ညွှန်ကြားထားပြီးဖြစ်ပါသည်။ ဤနေရာတွင် ပသခါပွဲအချိန်အတွင်း၌ ဖိလိတ္တိပြည်အနှံ့အပြားနှင့် အလွန်ဝေးလံသောနေရာများမှ လူပေါင်းများစွာတို့သည် လာရောက်စုရုံးခဲ့ကြပါသည်။ ဗိမာန်တော်ဝင်းသည် ရော‌နှောရှုပ်ထွေးနေသော လူအုပ်ကြီးနှင့် ပြည့်နှက်နေခဲ့ ပါသည်။ များစွာသောလူများသည် ကယ်တင်ရှင်ကိုပုံဆောင်၍ ပူဇော်ရမည့်ယဇ်ကောင်များကို ယူမလာနိုင်ခဲ့ ကြချေ။ လိုအပ်သူများ အလွယ်တကူဝယ်ယူပူဇော်နိုင်ရန် ဗိမာန်တော်၏အပြင် ပရိဝုဏ်တွင် တိရိစ္ဆာန်များကို ရောင်းချခဲ့ပါသည်။ ဤနေရာတွင် လူအလွှာအသီးသီးတို့သည် ပူဇော်သကာများကို ဝယ်ကြရန် စုဝေးနေကြ ပါသည်။ ဤနေရာတွင် အရပ်ရပ်မှပိုက်ဆံများကို ဗိမာန်တော်သုံးပိုက်ဆံများနှင့် လဲလှယ်ပေးခဲ့ကြပါသည်။

         ယုဒလူတိုင်းသည် “မိမိတို့၏အသက်အတွက် အရွေးငွေအဖြစ် ငွေအကျပ်တစ်ဝက် (ဂေရနှစ်ဆယ်) ကိုနှစ်စဉ်ပေးဆောင်ရပါသည်။ ကောက်ခံရရှိသော ထိုငွေများကို ဗိမာန်တော်စရိတ်အဖို့အလို့ငှါ အသုံးပြုခဲ့ကြ ပါသည်။ (ထွက်မြောက်ရာ ၃၀း၁၂-၁၆)။ ထိုငွေများအပြင် စိတ်စေတနာအလျောက်လှူဒါန်းကြသည့် ဗိမာန် တော်ဘဏ္ဍာတော်တိုက်တွင် သိမ်းဆည်းထားရှိမည့် အလှူငွေများကိုလည်း လှူဒါန်းရန်ယူဆောင်ခဲ့ကြပါ သည်။ အရပ်ရပ်မှဆောင်ယူလှူဒါန်းကြသော ထိုအလှူငွေများကို ဗိမာန်တော်အခမ်းအနားများအတွက် အသုံးပြုသော ဗိမာန်တော်သုံးငွေများနှင့် လဲလှယ်ကြရပါသည်။ ငွေကြေးလဲလှယ်ခြင်းသည် မတန်တဆ အမြတ်ထုတ်မှုများနှင့် လိမ်လည်လှည့်ဖြားခြင်းများအတွက် အခွင့်အရေးရစေခဲ့ပါသည်။ ဤငွေလဲလှယ် ခြင်းများသည် ယဇ်ပုရောဟိတ်များအတွက် အခွန်ငွေရရှိစေသော ပင်မအချက်အချာဖြစ်သည့် စက်ဆုပ်ဖွယ် ရာကူးသန်းရောင်းဝယ်မှုအသွင်သို့ ရောက်ရှိသွားခဲ့ပါသည်။

         ရောင်းချသူများသည်တိရစ္ဆာန်များကို မတန်တဆစျေးများနှင့်ရောင်းချကြပြီး လူအများအနစ်နာခံ ခြင်းအားဖြင့် ကြီးပွားချမ်းသာလာသော ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများတို့အား အမြတ်ငွေ များကို မျှဝေပေးကြရပါသည်။ ဝတ်ပြုကိုးကွယ်ရန် လာရောက်ကြသူများသည် ပူဇော်သကာကို မပူဇော် ခဲ့လျှင် ၎င်းတို့၏သားသမီးများအပေါ်တွင်သော်လည်းကောင်း၊ နေထိုင်သောတိုင်းပြည်များ အပေါ်တွင် သော်လည်းကောင်း ဘုရားသခင်၏ကောင်းချီးမင်္ဂလာကျရောက်လိမ့်မည်မဟုတ်ကြောင်းကို ယုံကြည်ရန် သွန်သင်ခြင်းကို ခံခဲ့ကြရပါသည်။ လူများသည် ယခုလောက်ဝေးလံသော ခရီးကိုလာခဲ့ကြပြီး ဖြစ်သည့် အတွက် ၎င်းတို့လုပ်ဆောင်ရန် ရည်စူး၍လာခဲ့သောအရာများကို မပြုလုပ်ဘဲပြန်ကြလိမ့်မည်မဟုတ်ချေ။ စျေးကြီးပေး၍ ဝယ်ယူဆက်ကပ်ပူဇော်ခဲ့ကြရသည်။

         မရေမတွက်နိုင်အောင်များပြားသည့် ပူဇော်သကာများကို ပသခါပွဲအချိန်တွင်ပူဇော်ကြသည်။ ထိုအချိန်တွင် ဗိမာန်တော်၌အကြီးအကျယ် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တိရစ္ဆာန်များကို ရောင်းဝယ် ဖောက်ကားခြင်းကြောင့် ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်းစင်ကြယ်ရိုသေဖွယ်ဖြစ်ရမည့်အစား တိရစ္ဆာန်အော်သံများဖြင့် ဆူညံရှုပ်ထွေးနေပါတော့သည်။ ထိုနေရာတွင် အော်ကြီးဟစ်ကျယ်စျေးဆစ်သံများ၊ နွားအော်သံများ၊ သိုးအော်သံများ၊ ချိုးကူသံများ၊ ငွေဒင်္ဂါးသံနှင့် စိတ်ဆိုးမာန်ဆိုးဖြင့်ငြင်းခုံသံများကို ကြားနိုင် ပါသည်။ အထူးစိတ်ရှုပ်စရာကောင်းသောအရာမှာ ကိုးကွယ်ရန်လာသူများသည် ယောက်ယက်ခတ်နေခြင်း ဖြစ်ပြီး ဘုရားသခင့်ထံတော်သို့တောင်းလျှောက်နေသော စကားသံများသည် ဗိမာန်တော်ထဲသို့ဝင်လာသော ရုန်းရင်းဆန်ခတ်သံများတွင် နစ်မြုပ်ပျောက်ကွယ်သွားခြင်းပင်ဖြစ်ပါသည်။ ယုဒလူမျိုးများသည် ၎င်းတို့၏ ဘုရားတရားရှိမှုအပေါ် အထူးဂုဏ်ယူဝင့်ကြွားခဲ့ကြပါသည်။ သူတို့သည် မိမိတို့၏ဗိမာန်တော်အပေါ် အားရဝမ်းမြောက်ကြပြီး ဗိမာန်တော်အတွင်း အသရေမရှိသောစကားတစ်လုံးပြောခြင်းကို ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းဟူ၍ မှတ်ယူခဲ့ကြပါသည်။ ၎င်းတို့သည် ဗိမာန်တော်နှင့်ဆက်နွှယ်သော အခမ်းအနားများ ကို ပြုလုပ်ကျင်းပရာတွင် အလွန်တိကျသေချာလွန်းသောသူများဖြစ်ကြသော်လည်း ငွေကိုတပ်မက်ခြင်း သည် ၎င်းတို့၏စည်းစနစ်ကြီးလွန်းခြင်းအပေါ် စိုးမိုးသွားခဲ့ပါသည်။ သူတို့သည် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့သော ဤအခမ်းအနားများ၏ မူရင်းအကြံအစည်နှင့်မည်ရွေ့မည်မျှ ဝေးကွာသွားပြီဆိုသည်ကို သိရှိရန်ခဲယဉ်းလာခဲ့ပါသည်။

         ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ကြွဆင်းလာသောအချိန်တွင် ထိုနေရာသည် ဘုရားသခင် အတွက် သီးသန့်ထားသည့်နေရာဖြစ်လာခဲ့ပါသည်။ သိနာတောင်ပတ်လည်တွင် နိမိတ်လက္ခဏာများ သတ်မှတ်ကာ သန့်ရှင်းအောင်ပြုလုပ်ထားရန် မိန့်တော်မူခဲ့၍ “လူတို့မကျော်ရသော အဆီးအတားတို့ကို သိနာတောင်ပတ်လည်၌ စီရင်၍ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြ---တောင်ကိုထိသူမည်သည်ကား ဧကန်အမှန်အသေခံစေ။ ထိုသူကိုလက်နှင့်မထိရ၊ အကယ် စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ” ဟု မောရှေအားဘုရားသခင်သတိပေးမြွက်ဆိုတော်မူခဲ့ပါသည်။ (ထွက်မြောက် ၁၉း၁၂-၁၃)။ ဘုရားသခင်ရှိ တော်မူသောနေရာတိုင်းသည် သန့်ရှင်းတော်မူ‌ကြောင်းကို ထိုနည်းအားဖြင့်သွန်သင်တော်မူခဲ့ပါသည်။ ဘုရားသခင်၏ဗိမာန်တော်ပရိဝုဏ်ကိုလည်း မြင့်မြတ်သန့်ရှင်းသော နေရာတစ်ခုအဖြစ်မှတ်ယူသင့်ပါသည်။ သို့သော် ငွေကြေးအမြတ်ရရှိရေးအတွက် ရုန်းကန်လှုပ်ရှားနေခြင်းအားဖြင့် ထိုအရာများအားလုံးကို မျက်ခြည်ပြတ်ကုန်ခဲ့ကြပါသည်။

         ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲတို့သည် ဣသရေလလူမျိုးများအလယ်တွင် ဘုရား၏ ကိုယ်စားလှယ်များအဖြစ် ရပ်တည်ရန်ခေါ်တော်မူခြင်းခံခဲ့ရပါသည်။ ဗိမာန်တော်ဝင်းအတွင်းမှ ဆိုးရွားသော အကျင့်ဓလေ့များကိုလမ်းမှန်ဖြစ်အောင်ပြုပြင်ပေးသင့်ပါသည်။ သူတို့သည်ယုဒလူများအား သမာဓိရှိခြင်းနှင့် သနားကြင်နာမှုများအတွက် ပုံသက်သေပြသင့်ပါသည်။ မိမိတို့ကိုယ်ကျိုးကိုသာကြည့်မည့်အစား ဝတ်ပြုကိုး ကွယ်ခြင်းငှါလာကြသူများ၏ အခြေအနေနှင့်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ သတ်မှတ် ထားသည့်ပူဇော်သကာများကို မဝယ်နိုင်သူများအား ကူညီဖေးမရန် အဆင်သင့်ရှိသင့်ပါသည်။ သို့သော် ဤအရာများကိုသူတို့မလုပ်ဆောင်ခဲ့ကြချေ။ ဥစ္စာဓနကိုတပ်မက်လွန်းခြင်းသည် ၎င်းတို့၏စိတ်နှလုံးကို မာကျောစေခဲ့ပါသည်။

         ဤပွဲတော်သို့လာကြသည့်ပရိသတ်ထဲတွင် ဆင်းရဲဒုက္ခရောက်သူများ၊နွမ်းပါးသူများနှင့်စိတ်အားငယ် နေသူများ ပါဝင်ခဲ့ကြပါသည်။ မျက်စိကန်းသောသူများ၊ ခြေဆွံ့သောသူများနှင့် နားပင်းသူများလည်း ပါဝင်ခဲ့ ကြပါသည်။ တချို့ကိုထမ်းစင်များနှင့်သယ်ဆောင်လာခဲ့ကြပါသည်။ များစွာသောသူများသည် ဘုရားသခင်ကို ပူ‌ဇော်ရန် အညံ့ဆုံးပူဇော်သကာကိုပင် မဝယ်နိုင်လောက်အောင် ဆင်းရဲကြပြီး ထမင်းဝအောင်မစားနိုင် လောက်အောင် နွမ်းပါးကြပါသည်။ ဤပုဂ္ဂိုလ်များသည် ယဇ်ပုရောဟိတ်များ၏ ပြောဆိုချက်များကြောင့် အထူးစိတ်အားငယ်လျက်ရှိကြပါသည်။ ယဇ်ပုရောဟိတ်များသည် မိမိကိုယ်ကို ဣသရေလများ၏ ကာကွယ်စောင့်ရှောက်သူများဖြစ်သည်ဟု အခိုင်အမာပြောကြပြီး မိမိတို့၏ဘုရားတရားသရှိမျှအတွက် ဝါကြွားနေကြသော်လည်း သူတို့၌ ကိုယ်ချင်းစာတရား (သို့မဟုတ်) သနားကြင်နာမှုများမရှိခဲ့ကြချေ။ ဆင်းရဲသားများ၊ နာမကျန်းသူများနှင့် သေလုမြောပါးလူအများသည် ၎င်းတို့ထံမှအမအစများတို့ကို အချည်းနှီးတောင်းခံနေကြပါသည်။ သူတို့ခံစားရသော ဒုက္ခဆင်းရဲခြင်းများသည် ယဇ်ပုရောဟိတ်တို့၏ စိတ်နှလုံးထဲဝယ်ရှိသောသနားကြင်နာခြင်းများကို မနှိုးဆွနိုင်ခဲ့ကြချေ။

         ခရစ်တော်သည် ဗိမာန်တော်ထဲသို့ဝင်ရောက်လာစဉ် မြင်ကွင်းတစ်ခုကိုကြည့်လိုက်ရာ တရားမျှတမှု မရှိသော အရာများကိုတွေ့မြင်တော်မူခဲ့ရပါသည်။ တိရစ္ဆာန်များကို ယဇ်မပူဇော်နိုင်လျှင် အပြစ်ခွင့်လွှတ်ခြင်း မရတော့မည်အထင်နှင့် စိတ်အားငယ်သော ဆင်းရဲသားများကိုလည်းကောင်း၊ ဗိမာန်တော်အပြင်ပရဝုဏ်တွင် မသန့်ရှင်းသောရောင်းဝယ်မှုများ လုပ်ဆောင်နေသောနေရာတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်းကို လည်းကောင်း ကိုယ်တော်ရှင်မြင်တွေ့တော်မူခဲ့ရပါသည်။ မွန်မြတ်သန့်ရှင်းသော ဗိမာန်တော်ဝင်းသည် ကြီးကျယ်စွာငွေလဲလှယ်သည့်နေရာ တစ်ခုဖြစ်နေပါသည်။

         ခရစ်တော်သည် ထိုမြင်ကွင်းကိုကြည့်ကာ တစ်ခုခုပြုပြင်ပေးရန်လိုကြောင်း တွေ့မြင်ခဲ့ပါသည်။ သက်ဆိုင်ရာအခမ်းအနားများ၏ အရေးပါမှုများအတွက် လိုအပ်သောညွှန်ကြားချက်များကို ယဇ်ပုရောဟိတ် များက မပြောပြကြဘဲ မရေမတွက်နိုင်သော ဘာသာရေးအခမ်းအနားများကို ကျင်းပရန် ယုဒလူများအား ကြပ်တည်းစွာပြဌာန်းခဲ့ကြပါသည်။ ပူဇော်သူများသည်ကယ်တင်ရှင်၏စုံလင်သောအပူဇော်ခံခြင်းကိုပုံဆောင် ကြောင်းနားမလည်ကြဘဲနှင့် ၎င်းတို့၏ယဇ်ကောင်များကို ပူဇော်ခဲ့ကြပါသည်။ မည်သူကမျှအသိအမှတ် ပြုခြင်း၊ ဂုဏ်ပြုခြင်းမပြုခဲ့သော်လည်း အခမ်းအနားအားလုံးကပုံဆောင်၍ ကျင်းပနေသည့်ပုဂ္ဂိုလ်တစ်ပါး သည် ၎င်းတို့အလယ်တွင် ရပ်တော်မူနေပါသည်။ ထိုပုဂ္ဂိုလ်ကပင် ပူဇော်သကာများနှင့်ပတ်သက်သော ညွှန်ကြားချက်များကို ပေးတော်မူခဲ့ပြီး အထိမ်းအမှတ်ပြုသောအရာ၏ တန်ဖိုးကိုနားလည်တော်မူခဲ့ပါသည်။ ၎င်းပြင် ယုဒလူများသည် ယခုတွင် ထိုအခမ်းအနားများ၏ မူရင်းရည်ရွယ်ချက်မှသွေဖည်ကာ နားလည်မှု မှားကုန်ကြကြောင်းကိုလည်း ကိုယ်တော်မြင်တွေ့ခဲ့ပါသည်။ ဝိညာဉ်ရေးနှင့်ပြည့်ဝသော ကိုးကွယ်မှုသည် လျင်မြန်စွာပျောက်ကွယ်လျက်ရှိပါသည်။ ထိုယဇ်ပုရောဟိတ်များ၊ ယုဒခေါင်းဆောင်များနှင့် ဘုရားသခင့် အကြားတွင် ဆက်နွှယ်မှုများပြတ်တောက်ခဲ့ပါသည်။ ခရစ်တော်၏အမှုတော်သည် ၎င်းသူ၏ ကိုးကွယ်မှုများ နှင့်လုံးလုံးမတူသည့် ကိုးကွယ်မှုတစ်ခုကို တည်ထောင်ရန်ဖြစ်ပါသည်။

         ကိုယ်တော်ရှင်သည် ဗိမာန်တော်အဝင်လှေကားထစ်များပေါ်တွင် ရပ်နေစဉ် မိမိရှေ့တွင်ရှိနေသော မြင်ကွင်းကို စိတ်ထိခိုက်စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ပါသည်။ ကိုယ်တော်ရှင်သည် အနာဂတ်ကာလ အတွက် နောင်ရေးကိုကြိုတင်သိမြင်နိုင်သည့် မျက်လုံးတော်ဖြင့်ကြည့်လိုက်ရာ လပိုင်းနှစ်ပိုင်းအတွင်း ဖြစ်မည့်အရာများသာမက ရာစုနှစ်များနှင့် ခေတ်အဆက်ဆက်ဖြစ်ပေါ်မည့် အဖြစ်အပျက်များကို မြင်တွေ့ တော်မူခဲ့ပါသည်။ ထိုသူတို့သည် ဆင်းရဲသား၏အခွင့်အရေးများတို့ကို ဖျက်သိမ်းကာ ဧဝံ‌ဂေလိသတင်းစကား အား ၎င်းတို့ထံမရောက်အောင် ပိတ်ပင်တားမြစ်နေကြောင်းကို ကိုယ်တော်မြင်တွေ့တော်မူပါသည်။ ဘုရားသခင်၏မေတ္တာတော်ကို အပြစ်သားများမသိစေရန် ၎င်းတို့ဖုံးကွယ်ကြလိမ့်မည်ကိုလည်းကောင်း၊ လူများသည် ဘုရား၏ကရုဏာတော်ကို အရောင်းအဝယ်ပြုလုပ်ကြလိမ့်မည်ကိုလည်းကောင်း ကိုယ်တော်သိ တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုမြင်ကွင်းကိုတွေ့မြင်သောအခါ ကရုဏာဒေါသ၊ အာဏာတော်နှင့် တန်ခိုးတော်များသည် မျက်နှာတော်ပေါ်တွင်ထင်ဟပ်ပေါ်လွင်လာခဲ့ပါသည်။ လူများ၏အာရုံပြုမှုသည်လည်း ကိုယ်တော်အပေါ်သို့ရောက်ရှိသွားခဲ့ပါသည်။ ဗိမာန်တော်အတွင်းရောင်းဝယ်ဖောက်ကားမှုများကို ကြည့်နေ သော မျက်လုံးများသည် ကိုယ်တော်၏မျက်နှာတော်ကိုအာရုံစူးစိုက်လာခဲ့ကြကာ ကိုယ်တော်အားမကြည့်ဘဲ မနေနိုင်ကြတော့ချေ။ ဤပုဂ္ဂိုလ်သည် မိမိတို့၏ စိတ်တွင်းအကြံအစည်များကို ဖတ်တော်မူ၍ မိမိတို့ဖုံးကွယ် ထားသော စိတ်ထားများကိုသိရှိသွားလေပြီဟု သူတို့ခံစားကြရသည်။ အချို့လူများသည် မိမိတို့၏ဒုစရိုက်မှု များသည် မိမိတို့၏မျက်နှာပေါ်၌ထင်ပေါ်နေသဖြင့် စေ့စေ့ပေါက်ပေါက် ကြည့်နေတော်မူသော မျက်လုံး‌တော် မှလွတ်ကင်းရန်မျက်နှာလွဲဖို့ကြိုးစားခဲ့ကြပါသည်။

         ဆူညံသံများငြိမ်သက်သွားခဲ့ပေပြီ။ ရောင်းဝယ်သံများနှင့် စျေးဆစ်သံများလည်း ရပ်သွားခဲ့လေပြီ။ ဖြစ်ပေါ်လာသော ဆိတ်ငြိမ်မှုသည် စိတ်နှလုံးကို ထိခိုက်နာကျင်လာစေပါသည်။ ထိုလူများသည် ကြောက်ရွံ့ တုန်လှုပ်နေကြပါသည်။ မိမိတို့၏မကောင်းမှုလုပ်ရပ်များအတွက် ဖြေဆိုရန် ဘုရားသခင်၏တရားရုံးရှေ့တွင် ရုံးတင်စစ်ဆေးခြင်းခံနေရသကဲ့သို့ ခံစားခဲ့ကြရပါသည်။ သူတို့သည် ခရစ်တော်ကို ကြည့်ရှုနေကြစဉ် လူသားအမူအရာများမှ ဘုရားဇာတိတော် ထွန်းတောက်နေသည်ကို မြင်တွေ့ခဲ့ရပါသည်။ ခရစ်တော်ဘုရား သည် နောက်ဆုံး‌သောနေ့ရက်ကြီးတွင် ကိုယ်တော်အားရစ်ပတ်မည့်ဘုန်းတော်သည် ယခုတွင် ကိုယ်တော်၌ မရစ်ပတ်ထားသော်လည်း အသက်ဝိညာဉ်များကို ဖတ်နိုင်သောတန်ခိုးတော်မှာ အတူတူပင်ဖြစ်ပါသည်။ မျက်လုံးတော်သည် လူတစ်ဦးချင်းပါဝင်သောလူအုပ်ကြီးတစ်ခုလုံးကို သိမ်းခြုံကြည့်လိုက်ပါသည်။ ကိုယ်တော်၏ပုံပန်းလက္ခဏာသည် တန်ခိုးနှင့်ပြည့်ဝသောကာယိန္ဒြေရှိသောကြောင့် အခြားသူများထက် ထူးခြားနေပြီး မျက်နှာတော်တွင်လည်း ဘုန်းရောင်ခြည်တော်သည် ထွန်းလင်းတောက်ပနေပါသည်။ “ဤဥစ္စာကိုယူသွားကြ၊ ငါ့အဘ၏အိမ်တော်ထဲတွင် ပွဲတဲမလုပ်ကြနှင့်” ဟူ၍ ကြည်လင်ပြတ်သား၍ ချိုသာအေးမြသော အသံဖြင့် မိန့်‌တော်မူလိုက်ရာ ဗိမာန်တော်စင်္ကြံများတစ်လျှောက်၌ ပဲ့တင်ထပ်သွားခဲ့ပါ သည်။ ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများ ချိုးဖောက်ခဲ့သော ပညတ်တော်ကို သိနာတောင် တွင် ဤအသံမျိုးဖြင့် မိန့်မြွက်တော်မူခဲ့ပါသည်။

         လှေကားထစ်များအတိုင်း ဖြည်းညင်းစွာဆင်းလာပြီး ရိုက်စရာကြိုးများကို မြှောက်ယမ်းလျက် တိရစ္ဆာန်များလှောင်ထားသောနေရာသို့ ဝင်သွားခဲ့ပါသည်။ ထိုနောက်ရောင်းဝယ်နေသောသူများအား ဗိမာန်တော်ပရိဝုဏ်မှထွက်ခွာသွားကြရန် စေခိုင်းလိုက်ပါသည်။ ကိုယ်တော်သည် ယခင်ကတစ်ခါမျှ ထင်ရှား စွာ ပြသတော်မမူဖူးသည့် စိတ်ထက်သန်မှု၊ တင်းမာမှုမျိုးနှင့် ပွဲစားတို့၏ငွေတင်ခုံများကို တွန်းလှန်မှောက်ပစ် တော်မူခဲ့ပါသည်။ ကျောက်ဖြူသားဖြင့်ပြီးသောလမ်းပေါ်တွင် ငွေဒင်္ဂါးများကျသွားသဖြင့် စူးရှသောအသံဗလံ များထွက်လာခဲ့ပါသည်။ ကိုယ်တော်ရှင်အား မည်သူမျှပြန်၍ မေးခွန်းမထုတ်ရဲကြချေ။ ကျနေသော ငွေများ ကိုလည်း မည်သူမျှရပ်၍ မကောက်သိမ်းရဲကြချေ။ ခရစ်တော်သည် ထိုသူများအား ထိုကြာပွတ်ကြိုးနှင့် မရိုက်သော်လည်း ကိုယ်တော်၏လက်ထဲတွင်ရှိနေသော ထိုကြာပွတ်ကလေးသည် မီးလျှံထနေသောဓါး တစ်ချောင်းကဲ့သို့ ကြောက်ရွံ့စရာသဖွယ်ဖြစ်နေပါသည်။ ဗိမာန်တော်အရာရှိများ၊ စောင့်ကြည့်နေသော ယဇ်ပုရောဟိတ်များ၊ ပွဲစားများ၊ တိရစ္ဆာန်ကုန်ကူးရောင်းဝယ်သူများတို့သည် ကိုယ်တော်၏ အပြစ်ဒဏ်စီရင် ခြင်းမှ လွတ်မြောက်ရန် အကြံအစည်ဖြင့် မိမိတို့၏သိုးများ၊ နွားများရှိသည့်နေရာမှ တစ်ဟုန်ထိုး ထွက်ပြေး သွားကြပါသည်။

         ဘုရားသခင်၏ကာကွယ်စောင့်ရှောက်မှုကိုခံစားနေရသော လူထုကြီးသို့တိုင်ရုတ်ရုတ်သဲသဲဖြစ်မှု သည် ဂယက်ရိုက်သွားခဲ့ပါသည်။ ဖြူရော်နေသော နှုတ်ခမ်းများမှ ‌ကြောက်ရွံ့အော်ဟစ်သံများ ထွက်ပေါ်လာ ခဲ့ပါသည်။ တမန်တော်များသည်ပင်လျှင် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြပါသည်။ သခင်ယေရှု၏နဂိုနှင့် မတူသည့် အမူအရာများနှင့် စကားသံများကြောင့် ၎င်းတို့စိုးရွံ့ထိတ်လန့်ခဲ့ကြပါသည်။ “ကိုယ်တော်၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏” (ဆာလံ ၆၉း၉) ဟူ၍ ကိုယ်တော်အကြောင်း ရေးသားချက်များကို သူတို့သတိရခဲ့ကြပါသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကြီးသည် မကြာမီတွင် ပင် ဘုရားသခင်၏ဗိမာန်တော်မှ ဝေးရာသို့ဖယ်ရှားခြင်းခံခဲ့ရပါသည်။ ဗိမာန်တော်ဝင်းသည် မသန့်ရှင်းသော ရောင်းဝယ်ဖောက်ကားမှုများ ကင်းရှင်းသွားပြီးနောက် နက်ရှိုင်းသောဆိတ်ငြိမ်မှုနှင့် ကြည်ညိုလေးမြတ် ခြင်းများသည် ပြန်လည်အခြေခိုင်လာခဲ့ပါသည်။ သိနာတောင်ကို သန့်ရှင်းစေတော်မူခဲ့သော ဘုရားသခင်သည် ယခုတွင် ဗိမာန်တော်ကို မွန်မြတ်သန့်ရှင်းစေတော်မူခဲ့ပါသည်။

         ဗိမာန်တော်အားသန့်ရှင်းအောင်ပြုတော်မူခြင်းအားဖြင့် သခင်ယေရှုသည် ကြွလာတော်မူသော မေရှိယအနေနှင့် မိမိအမှုတော်ကို ကြေညာကာအစပြုခဲ့ပါသည်။ ဘုရားသခင်စိုးစံရန်အတွက် တည်ဆောက် ထားသည့် ထိုဗိမာန်တော်သည် ဣသရေလများနှင့်တကွ ကမ္ဘာသူကမ္ဘာသားများအတွက် သရုပ်ပြသင်ခန်းစာ တစ်ခုဖြစ်ရန် ရည်စူးခဲ့ပါသည်။ ကောင်းကင်တမန်များမှ လူသားများအထိ အားလုံးသောဖန်ဆင်းခြင်း ခံရသည့်သူများသည် ဖန်ဆင်းရှင်ကိန်းဝပ်ရာဗိမာန်တော်များဖြစ်စေရန် ထာဝရကာလမှစ၍ ဘုရားသခင် ကြံရွယ်တော်မူခဲ့ပါသည်။ အပြစ်တရားကြောင့် လူသားများသည် ဘုရားသခင်အတွက် ဗိမာန်တော်ဖြစ်ခြင်းမှ ရပ်စဲခဲ့ကြပါသည်။ အပြစ်ဒုစရိုက်ကြောင့် မှောင်မိုက်ညစ်ညူးနေသောလူသားများ၏ စိတ်နှလုံးများသည် ဘုရားသခင်၏ဘုန်းတော်ကိုမဖော်ထုတ်ခဲ့ကြတော့ချေ။ သို့သော် ဘုရားသခင်၏သားတော်သည် လူဇာတိကို ခံယူခြင်းအားဖြင့် ကိုယ်တော်၏အကြံအစည်တော်ကို ပြည့်ဝစေတော်မူခဲ့ပါသည်။ သားတော်ဘုရားသည် လူသားများတွင် လာရောက်နေထိုင်တော်မူ၍ ကယ်တင်ခြင်းဆိုင်ရာကရုဏာတော်အားဖြင့် လူသားများ၏ စိတ်နှလုံးသည် ကိုယ်တော်၏ဗိမာန်တော် ဖြစ်လာခဲ့ပြန်ပါသည်။ ယေရုရှလင်မြို့တွင်ရှိသော ထိုဗိမာန်တော် သည် အသက်ဝိညာဉ်တိုင်းအတွက် နောင်တွင်ဖြစ်မည့်မြင့်မြတ်သော အကြောင်းအရာများရှိနေကြောင်း အမြဲတမ်းသက်သေဖြစ်စေရန်ဘုရားသခင်ကြံရွယ်တော်မူခဲ့ပါသည်။ သို့သော်ဣသရေလလူများသည် ၎င်းတို့ များစွာဂုဏ်ယူဝင့်ကြွားသော ဗိမာန်တော်အဆောက်အအုံ၏ အရေးပါမှုကိုနားမည်ခဲ့ကြချေ။ သူတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ဝိညာဉ်တော်ကိန်းဝပ်ရန် သန့်ရှင်းသောဗိမာန်တော်များအဖြစ် ကိုယ်တော်အား မပေးအပ်ခဲ့ကြချေ။ ယေရုရှလင်မြို့ရှိ ဗိမာန်တော်ဝင်းထဲတွင် မသန့်ရှင်းသောရောင်းဝယ်မှုများနှင့် ရုန်းရင်း ခတ်နေခြင်းများသည် ကာမဂုဏ်ခံစားလိုသော စိတ်များနှင့် ညစ်ညမ်းသော အတွေးအဆများဖြင့် ညစ်ညူးနေ သော နှလုံးသား ဗိမာန်တော်ကို ထိထိမိမိပုံဆောင်နေပါသည်။ ဗိမာန်တော်ထဲမှ လောကအရောင်းအဝယ် သမားများကို ရှင်းလင်းပယ်ရှားခြင်းတွင် ခရစ်တော်သည် စိတ်နှလုံးထဲမှ အပြစ်၏ညစ်ညမ်းမှုများဖြစ်သော အသက်ဝိညာဉ်ကို ပျက်ယွင်းစေသည့် လောကီအလိုဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သည့် ကာမဂုဏ် လိုက်စားမှုများ၊ ဒုစရိုက်အကျင့်များကို ရှင်းလင်းဖယ်ရှားရန် အတွက် မိမိ၏အမှုတော်ကို ကြေညာခြင်း ဖြစ်ပါသည်။ “သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသောပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့၊ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းရှောင်ဘဲနေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူသောအခါ အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည် သုံးသော ဆပ်ပြာကဲ့သို့ဖြစ်တော်မူမည်။ ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ် သကဲ့သို့ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ် ခြင်းပူဇော်သကာကို ပူဇော်ကြလိမ့်မည်။” မာလခိ ၃း၁-၃။

         “သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူသည်ကိုလည်းကောင်းမသိကြသလော၊ အကြင်သူသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း ထိုဗိမာန်တော်ဖြစ်ကြ၏။” ၁ကော၊ ၃း၁၆-၁၇။ မိမိစိတ်နှလုံးကိုပိုင်စိုးထားသော ဒုစရိုက်သားကောင်များကို မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိစွမ်းအားနှင့် နှင်ထုတ်နိုင်ကြလိမ့်မည်မဟုတ်ချေ။ ခရစ်တော်တစ်ပါးတည်းကသာလျှင် စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေ နိုင်ပါသည်။ သို့သော် ကိုယ်တော်သည် စိတ်နှလုံးထဲသို့ အတင်းအဓမ္မဝင်ရောက်လာလိမ့်မည်မဟုတ်ချေ။ ယေရုရှလင်မြို့ရှိဗိမာန်တော်ထဲသို့ ဝင်ရောက်လာသကဲ့သို့ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ဝင်ရောက် လာမည် မဟုတ်ဘဲ “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့။ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူစားသောက်မည်။” ဗျာဒိတ် ၃း၂၀ ဟူ၍ ကိုယ်တော်မိန့်တော်မူ ခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အထဲ၌ တစ်ရက်သာနေတော်မူမည်မဟုတ်ချေ။ အကြောင်းမူကား “သူတို့တွင် ငါကိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်၊ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်" ဟူ၏။ ၂ကော ၆း၁၆။ “ကိုယ်တော်သည် အကျွန်ုပ်တို့ကို တစ်ဖန်သနား၍ အကျွန်ုပ်တို့၏ဒုစရိုက်ရှိသမျှတို့ကိုကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ချပစ် တော်မူလိမ့်မည်။” မိက္ခာ ၇း၁၉။ အသက်ဝိညာဉ်တစ်ခုသည် ဘုရားသခင်၏ သန့်ရှင်းသောဗိမာန်တော်တစ်ဆောင်ဖြစ်လာ၍ ဘုရားသခင်၏အိမ်တော်သားတစ်ယောက်ဖြစ်လာနိုင်စေရန် ကိုယ်တော်ရှင်သည် ထိုအသက်ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးလိမ့်မည် ဖြစ်ပါသည်။

         ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ကြောက်ရွံ့တုန်လှုပ်ကာ ဗိမာန်တော်ဝင်းမှ သော်လည်းကောင်း၊ မိမိတို့၏စိတ်နှလုံးကိုဖတ်နေသော စူးရှသည့်အကြည့်မှသော်လည်းကောင်း ဝေးရာသို့ ထွက်ပြေးခဲ့ကြပါသည်။ လမ်းတွင် ဗိမာန်တော်သို့လာနေသော သူများကိုတွေ့သောအခါ ၎င်းတို့မြင်ခဲ့၊ ကြားခဲ့ရသည့်အရာများကိုပြောပြကာ နောက်ကြောင်းသို့ ပြန်၍သွားကြရန် တိုက်တွန်းခဲ့ကြပါသည်။ ခရစ်တော်သည် ထွက်ပြေးသွားသူများ၏ ကြောက်ရွံ့မှုများနှင့် စစ်မှန်သော ကိုးကွယ်မှုအကြောင်းကို မသိခြင်းများအတွက် သနားကြင်နာစွာဖြင့် လှမ်းမျှော်၍ ကြည့်တော်မူခဲ့ပါသည်။ ဆိုးသွမ်း၍ အပြစ်ကို နောင်မကြဉ်မှုများအတွက် အရပ်ရပ်ပျံ့လွင့်ခဲ့သော ဣသရေလအမျိုးတစ်ခုလုံးကို ဤမြင်ကွင်းသည် ပုံဆောင်ကြောင်းမြင်တွေ့တော်မူခဲ့ပါသည်။

         ယဇ်ပုရောဟိတ်များသည် အဘယ်ကြောင့်ဗိမာန်တော်မှ ထွက်ပြေးခဲ့ကြရသနည်း။ အဘယ်ကြောင့် သူတို့သည် ဆိုင်ပြိုင်တိုက်လှန်မှုမပြုခဲ့ကြသနည်း။ သူတို့အားထွက်သွားရန် အမိန့်ပေးသောပုဂ္ဂိုလ်သည် လက်သမား၏သား၊ ဂါလိလဲပြည်က ဆင်းရဲသားတစ်ဦးသာဖြစ်သည်။ ထို့ပြင် လောကရာထူးရာခံတန်ခိုး အာဏာရှိသူလည်းမဟုတ်ပါချေ။ အဘယ်ကြောင့်ထိုပုဂ္ဂိုလ်အား သူတို့မတွန်းလှန်ခဲ့ကြသနည်း။ အဘယ် ကြောင့် မတရားရရှိခဲ့သော အမြတ်အစွန်းများကိုစွန့်၍ ထားခဲ့ကာ အပေါ်ယံပုံပန်းအားဖြင့် နုံချာလှသောသူ တစ်ဦး၏ အမိန့်ကြောင့်ထွက်ပြေးခဲ့ကြသနည်း။

         ခရစ်တော်သည် ဘုရင်တစ်ပါး၏အာဏာသံဖြင့် စကားပြောတော်မူခဲ့ပြီး ကိုယ်တော်ရှင်၏အသွင် အပြင်လက္ခဏာနှင့် အသံနေအသံထားကြောင့် သူတို့၌တွန်းလှန်နိုင်စွမ်းမရှိကြတော့ချေ။ သူတို့၏အခြေ အနေမှန်သည် လျှို့ဝှက်သောသူများ၊ ဓါးပြများဟူ၍ ယခင်ကသူတို့မသိရှိခဲ့သော အရာများကို ကိုယ်တော်၏ အမိန့်ပေးသောစကားများထဲတွင် သူတို့သိရှိခဲ့ကြပါသည်။ လူသားဇာတိ၌ ဘုရားဇာတိတော် ထွန်းတောက် လာသောအခါ ကရုဏာဒေါသကို ခရစ်တော်၏မျက်နှာတော်ပေါ်တွင် သူတို့တွေ့မြင်ကြရရုံမျှမက စကားတော်များတွင်လည်း အရေးပါသည့်အကြောင်းများပါဝင်နေကြောင်းကို သူတို့သိရှိလိုက်ရပါသည်။ သူတို့သည် ထာဝရကာလအတွက် မိမိတို့အားစီရင်ချက်ချမည့် ဘုရားသခင်၏ပလ္လင်တော်ရှေ့တွင် ‌ရောက်နေ သကဲ့သို့ခံစားခဲ့ကြရပါသည်။ သူတို့သည် အခိုက်အတန့်အားဖြင့် ခရစ်တော်သည် ပုရောဖက်တစ်ပါး ဖြစ်ကြောင်း သဘောပေါက်ခဲ့ကြပြီး များစွာသောလူများက ကိုယ်တော်ရှင်ကို မေရှိယအနေနှင့် ယုံကြည်ခဲ့ ကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်နှင့်ပတ်သက်သော ပုရောဖက်များ၏နှုတ်ထွက် စကားများကို ၎င်းတို့၏စိတ်တွင် ပြန်လည်သတိရစေခဲ့ပါသည်။ သူတို့သည် မိမိတို့၌အပြစ်ရှိကြောင်း ဖော်ပြချက်ကို သဘောတူလက်ခံခဲ့ကြပါသလား။

         သူတို့သည် နောင်တမရခဲ့ကြချေ။ ဆင်းရဲသားများအပေါ်တွင် ခရစ်တော်၏စာနာသနားမှုသည် နိုးထခဲ့ပြီဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလလူများနှင့်ဆက်ဆံရာတွင် အနိုင်ကျင့်မိခဲ့သော မိမိတို့၏ အပြစ်များကိုလည်းကောင်း သူတို့သိခဲ့ကြသည်။ မိမိတို့၏သဘောထားများကို ခရစ်တော်သိရှိသွားသည့် အတွက်ကြောင့် ကိုယ်တော်ကိုမုန်းတီးခဲ့ကြပါသည်။ သူများ၏ရှေ့တွင် ကိုယ်တော်၏ အပြစ်တင်ဆုံးမမှုသည် သူတို့ကို သိက္ခာကျစေပြီး လူထုအပေါ်တိုးပွားနေသော ကိုယ်တော်၏ဩဇာသက်ရောက်မှုများကြောင့် သူတို့သည် ငြူစူခဲ့ကြပါသည်။ မိမိတို့အားနှင်ထုတ်ရာတွင် အသုံးပြုခဲ့သော တန်ခိုးအာဏာ အကြောင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်အားမေးမြန်းကြရန် သူတို့စိတ်ဆုံးဖြတ်ခဲ့ကြပါသည်။

         သူတို့သည် ဗိမာန်တော်သို့ဖြည်းဆေးစွာဖြင့် ဂရုတစိုက်ပြန်လာခဲ့ကြသော်လည်း မုန်းတီးမှုများသည် သူတို့၏နှလုံးထဲတွင်ပါလာခဲ့ပါသည်။ ၎င်းတို့ဗိမာန်တော်၌မရှိစဉ်တွင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပါသည်။ သူတို့ထွက်ပြေးသွားကြစဉ်က ဆင်းရဲသားများသည် နောက်နားမှာကျန်ရစ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသူများသည် ခရစ်တော်ကိုဖူးမြော်ကြလျက် ၎င်းတို့၏မျက်နှာများတွင်လည်း ကိုယ်တော်၏မေတ္တာတော် နှင့် စာနာသနားမှုများကို ဖော်ပြနေကြပါသည်။ ကိုယ်တော်၏မျက်လုံးတော်မှ မျက်ရည်များကျလျက် မကြောက်ကြနှင့်၊ ငါသည်သင့်ကိုကယ်တင်မည်၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်။ ဤကိစ္စအတွက် ငါသည် ဤလောကသို့ကြွလာတော်မူခဲ့ခြင်းဖြစ်သည်ဟု အနားတွင်ကြောက်ရွံ့ တုန်လှုပ်လျက်ဖူးမြော်နေကြ သူများအား ကိုယ်တော်သည် အားပေးတော်မူနေပါသည်။

         လူထုကြီးသည် မရမနေသနားကြင်နာဖွယ်တောင်းဆိုချက်များနှင့်အတူ ခရစ်တော်ရှေ့မှောက်သို့ သိုးဝင်လာခဲ့ကြကာ သခင်၊ ကျွန်ုပ်တို့အား ကောင်းချီးပေးတော်မူပါဟု တောင်းခံကြ၏။ ကိုယ်တော်ရှင်၏ နား‌တော်သည် အော်ဟစ်တောင်းလျှောက်သံတိုင်းကိုကြားတော်မူခဲ့သည်။ ချစ်တတ်သော မိခင်၏ထူးကဲ သော သနားကြင်နာမှုမျိုးနှင့် ဒုက္ခခံစားနေရသူများအား ကိုယ်တော်အာရုံစူးစိုက်ခဲ့ပါသည်။ လူတိုင်းသည် မိမိတို့၏ရောဂါများပျောက်ကင်းခဲ့ကြသည်။ ဆွံ့အသူများသည် ကိုယ်တော်ကိုချီးမွမ်းနိုင်လာခဲ့ကြသည်။ မျက်မမြင်များသည် ကယ်တင်ရှင်၏မျက်နှာတော်ကို ဖူးမြော်ခဲ့ကြရသည်။ ဆင်းရဲဒုက္ခခံစားရသူများ၏ စိတ်နှလုံးများသည် ဝမ်းမြောက်မှုကို ခံစားကြရသည်။

         ယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများသည် ကြီးကျယ်သောဤအမှုတော်ကို မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့စဉ်တွင် ဖွင့်ဟထုတ်ဖော်ပြောဆိုသံများကို သူတို့၏နားနှင့်ဆတ်ဆတ်ကြားခဲ့ကြရပါသည်။ လူအများသည် ၎င်းတို့ခံစားခဲ့ရသောနာကျင်မှုဝေဒနာများကိုလည်းကောင်း၊ မျှော်လင့်ချက်ပျက်ခဲ့ရကြောင်း များကိုလည်းကောင်း၊ မျှော်လင့်ချက်ရောင်ခြည်ကလေးပျောက်ကွယ်တော့မလို ဖြစ်နေသည့်အချိန်တွင် ခရစ်တော်သည် ၎င်းတို့အား ကုသပေးခဲ့ကြောင်းများကိုလည်းကောင်း ပြန်ပြောင်းပြောပြနေခဲ့ကြပါသည်။ တစ်ယောက်သောသူကမူ “မိမိထမ်းခဲ့ရသောဝန်သည် အတော်လေးလံကြောင်း၊ သို့သော် ကူညီမည့်သူကို တွေ့ခဲ့ကြောင်း၊ ထိုသူသည် ခရစ်တော်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှုတော်အတွက် အသက်တာကိုဆက်ကပ်ပြီးဖြစ်ကြောင်း” စသည်ဖြင့် ပြောပြနေခဲ့ပါသည်။ “ကိုယ်တော်သည် သင်၏ အသက်ကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်ကိုအသံမြှင့်၍ချီးမွမ်းပါ” ဟု မိဘများက သားသမီးများအား ပြောနေကြပါသည်။ ကလေးများ၊ လူငယ်များ၊ မိဘများနှင့် ဘေးနားမှ ကြည့်နေသူများသည် အသံအားဖြင့် စုပေါင်း၍ ကျေးဇူးတော်၊ ဂုဏ်တော်ကိုချီးမွမ်းခဲ့ကြသည်။ ၎င်းတို့၏ စိတ်နှလုံး၌ မျှော်လင့်ချက်များ၊ ဝမ်းမြောက်မှုများနှင့်ပြည့်ဝနေကြပြီး စိတ်နှလုံးတွင် ငြိမ်သက်မှုများရရှိခဲ့ကြပါသည်။ သူတို့၏ကိုယ်စိတ် နှစ်ပါးသည် ပြန်လည်ကောင်းမွန်လာပြီး သခင်ယေရှု၏အတုမရှိသော မေတ္တာတော်အကြောင်းကို နေရာ တကာတွင် ဖွင့်ဟချီးမွမ်းလျက် အိမ်သို့ပြန်သွားခဲ့ကြပါသည်။

         ထိုကဲ့သို့ကုသခြင်းခံခဲ့ရသူများသည် ယေရှုကိုကပ်တိုင်တင်စဉ်က “ကိုယ်တော်ကိုကပ်တိုင်တင်ပါ၊ ကိုယ်တော်ကိုကပ်တိုင်တင်ပါ” ဟုဟစ်အော်ကာ တောင်းခံနေသော ပေါက်ကရလူအုပ်ထဲတွင် မပါဝင်ခဲ့ ကြ ချေ။ သူတို့သည် ခရစ်တော်ကိုချစ်ခင်စာနာခဲ့ကြသည်။ အကြောင်းမူကား ကိုယ်တော်၏ကြီးမားလှသော ချစ်ခင်စာနာမှုနှင့် အံ့ဖွယ်သောတန်ခိုးတော်ကိုခံစားခဲ့ရပြီး ဖြစ်သောကြောင့်တည်း။ မိမိတို့၏ ကိုယ်စိတ် နှစ်ဖြာအား ကျန်းမာစေခဲ့သည့်အတွက်ကြောင့်လည်း ကိုယ်တော်ရှင်သည် ကယ်တင်ရှင်တစ်ပါးဖြစ်ကြောင်း သူတို့သိရှိခဲ့ကြပါသည်။ သူတို့သည် တမန်တော်များ၏ သွန်သင်ချက်များကိုကြားနာကာ နှုတ်ကပတ်တော် အသိပညာများကို ရရှိခဲ့ကြသည်။ ၎င်းပြင် ဘုရားသခင်၏မေတ္တာတော်ကို စွမ်းဆောင်သူများဖြစ်လာကြပြီး ကိုယ်တော်ရှင်၏ကယ်တင်ခြင်းစီမံကိန်းအတွက် အသုံးခံပစ္စည်းများဖြစ်လာခဲ့ကြပါသည်။

         ဗိမာန်တော်မှထွက်ပြေးသွားကြသူများသည် တဖြည်းဖြည်းနှင့် ဗိမာန်တော်သို့ပြန်လည် ရောက်ရှိ လာခဲ့ကြပါသည်။ သူတို့သည် ထိတ်လန့်ကြောက်ရွံ့မှုသက်သာသွားသော်လည်း ခရစ်တော်အပေါ် ဇဝေဇဝါ ဖြစ်နေခြင်းနှင့် လန့်ဖျပ်နေခြင်းများသည်မျက်နှာပေါ်ဝယ်ထင်ပေါ်နေဆဲဖြစ်ပါသည်။ သူတို့သည် ခရစ်တော်၏ လုပ်ဆောင်မှုများကို အံ့အားသင့်စွာ ကြည့်ရှုခဲ့ကြပြီး မေရှိယနှင့်ပတ်သက်သော အနာဂတ္တိစကားများသည် ကိုယ်တော်၌ ပြည့်စုံကြောင်းကိုသိရှိခဲ့ကြရပါသည်။ ဗိမာန်တော်ကို မလေးမစားပြုခဲ့သည့်အပြစ်သည် ယဇ်ပုရောဟိတ်များအပေါ်သို့ ပို၍ ကျရောက်ခဲ့ပါသည်။ သူတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ယုဒလူတို့သည် အပြစ်ကင်းကြပြီး ၎င်းတို့၏အစီအစဉ်ကြောင့် ဗိမာန်တော်ဝင်းသည် စျေးနေရာကဲ့သို့ဖြစ်ခဲ့ရသည်။ ယုဒလူများအား ခရစ်တော်၏ဘုရားတန်ခိုးအာဏာတော်အားဖြင့် အမှန်တရားကိုသိမြင်စေခဲ့သော်လည်း ယဇ်ပုရောဟိတ်များနှင့် ယုဒအကြီးအကဲများ၏ဩဇာသက်ရောက်မှုသည် သူတို့အပေါ်တွင် လွှမ်းမိုးလျက်ရှိ နေသေးသည်။ ခရစ်တော်၏လုပ်ဆောင်မှုသည် အသစ်တီထွင်မှုတစ်ခုအနေဖြင့်သာ သူတို့ယူဆကြပြီး ဗိမာန်တော်အာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့် ရောင်းဝယ်ခြင်းများကို မည်သည့်အခွင့်နှင့်ဟန့်တားကြောင်းကို မေးခွန်းထုတ်ခဲ့ကြပါသည်။ အရောင်းအဝယ်များကို ကြားဝင်တားမြစ်ခြင်းခံလိုက်ရသောကြောင့် သူတို့ကိုအထိနာစေခဲ့ပါသည်။ ၎င်းပြင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပြစ်ထင်ရှားကြောင်းပြသမှု များကိုလည်း စိတ်ထဲတွင် မျိုသိပ်ထိမ်ချန်ထားခဲ့ကြပါသည်။

         မိမိတို့လက်ထဲတွင် ခရစ်တော်၏အမှုတော်အကြောင်းဖော်ပြထားသည့် ကျမ်းစာများရှိနေကြပြီး ဗိမာန်တော်ကို သန့်စင်စေခြင်းအလုပ်သည် လူသား၏တန်ခိုးထက်ပို၍ကြီးမားကြောင်း ထင်ရှားပေါ်လွင် ကြောင်းကို ၎င်းတို့သိရှိခဲ့ကြသဖြင့် ခရစ်တော်သည် ဘုရားသခင်၏ဘိသိက်ပေးခြင်းခံရသောသူ တစ်ပါး ဖြစ်ကြောင်း အခြားလူများထက် ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ပို၍သိဖို့ကောင်း ပါသည်။ သူတို့သည် ခရစ်တော်ကို များစွာမုန်းတီးကြသော်လည်း ကိုယ်တော်သည် ဗိမာန်တော်အား ဆေးကြောသန့်စင်ရန် ဘုရားသခင်စေလွှတ်တော်မူသော ပုရောဟိတ်တစ်ပါးဖြစ်ကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ကြချေ။ ထိုကြောင့် “သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း” ဟူ၍ ထိုလူများသည် ကိုယ်တော်အနားသို့ချဉ်းကပ်၍ မေးမြန်းခဲ့ကြပါသည်။

         သခင်ယေရှုသည် သူတို့အား နိမိတ်လက္ခဏာတစ်ခုပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့၏စိတ်နှလုံးတွင် အလင်းတရားထွန်းလင်းခြင်းအားဖြင့်သော်လည်းကောင်း၊ ၎င်းတို့၏ရှေ့တွင် မေရှိယလုပ်ဆောင်မည့်အလုပ် များ ကိုလုပ်ဆောင်ပြခဲ့ခြင်းအားဖြင့်သော်လည်းကောင်း မိမိစာရိတ္တတော်အတွက်သဘောပေါက် လောက် သော အထောက်အထားများကို ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုတွင် ထိုသူတို့သည် နိမိတ်လက္ခဏာတစ်ခုကို တောင်းလာသောအခါ ကိုယ်တော်သည် ၎င်းတို့၏အငြိုးထားခြင်းကို သိတော်မူ၍ ထိုစိတ်ဓာတ်သည် ၎င်းတို့အားပို့ဆောင်သွားမည့်ခရီးဆုံးကို မြင်တွေ့တော်မူကြောင်း ထင်ရှားစေရန် ပုံပမာတစ်ခုအားဖြင့် အဖြေ ပေးတော်မူခဲ့ပါသည်။ ထိုအဖြေမှာ “ဤ‌ဗိမာန်တော်ကိုဖြိုဖျက်ကြလော့၊ သုံးရက်အတွင်းတွင် ငါတည် ဆောက်မည်” ဟူ၏။ ယောဟန် ၂း၁၉။

         ဤစကားများတွင် အဓိပ္ပါယ်နှစ်မျိုးရှိပါသည်။ ယုဒဗိမာန်တော်ကို ဖြိုဖျက်ခြင်းသာမက ကိုယ်တော်၏ခန္ဓာကိုယ်ဗိမာန်တော်ဖြိုဖျက်ခြင်းတည်းဟူသောကိုယ်တော်၏အသေခံခြင်းကိုလည်း ရည်ညွှန်း မိန့်မြွက်ထားပြီးဖြစ်ကြပါသည်။ ယုဒလူများသည် ဤကိစ္စအတွက်ပူးပေါင်းကြံစည်ထားပြီးဖြစ်ကြပါသည်။ ယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများသည် ဗိမာန်တော်သို့ပြန်လာခဲ့ကြစဉ် ၎င်းတို့အားဒုက္ခပေးနေ သူ ယေရှုခရစ်အား သုတ်သင်ရှင်းလင်းရန် တိုင်ပင်ခဲ့ကြပြီးဖြစ်ပါသည်။ သို့စေကာမူ ကိုယ်တော်သည် ၎င်းတို့ ၏အကြံအစည်များကို ၎င်းတို့အားပြောပြနေသော်လည်း သူတို့သည် ကိုယ်တော်မိန့်တော်မူသည်ကို နားမလည်ကြချေ။ ကိုယ်တော်၏စကားများသည် ယေရုရှလင်မြို့မှ ဗိမာန်တော်ကိုသာ ဆိုလိုသည်ဟု သူတို့ ထင်မှတ်ကြပြီး “အနှစ်လေးဆယ့်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကိုတည်ဆောက်ရ၏။ သင်မူကား သုံးရက်တည်းနှင့်တည်ဆောက်မည်လော” ဟု ဒေါသတကြီးမေးမြန်းကြ၏။ ယခုတွင် ခရစ်တော်သည် ၎င်းတို့၏မယုံကြည်မှုကို ဆုံးဖြတ်ပြီးဖြစ်သည်ဟု သူတို့သိရှိကာ ကိုယ်တော်အား ငြင်းပယ်ရန် အတည်ပြုခဲ့ ကြပါသည်။

         မယုံကြည်သောယုဒများသာမက ထိုအချိန်က ကိုယ်တော်၏တမန်တော်များပင်လျှင် ကိုယ်တော်၏ စကားတော်များကို နားလည်ကြလိမ့်မည်ဟု ခရစ်တော်ထင်တော်မမူခဲ့ချေ။ မိမိ၏စကားများကို အဓိပ္ပါယ် ကောက်လွဲကာ သူတို့သည် မိမိအား ဆန့်ကျင်ကြမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူခဲ့ပါသည်။ စစ်ဆေး မေးမြန်းစဉ်တွင် ထိုစကားများကို စွဲချက်များအဖြစ် အသုံးပြုကြလိမ့်မည်။ ၎င်းပြင်ကရာနီကုန်းတွင် ထိုစကားများကို ခနဲ့သောစကားများအဖြစ် အသုံးပြုကာ ကိုယ်တော်အားမထီမဲ့မြင်ပြုကြမည်ဖြစ်သည်ကို ကိုယ်တော်သိတော်မူခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် ရှင်းလင်းပြခဲ့မည်ဆိုလျှင် ကိုယ်တော်ရှင်ခံစားရမည့် ဆင်းရဲဒုက္ခကို တမန်တော်များသိရှိသွားလိမ့်မည်ဖြစ်ပြီး ထိုအချိန်အတွင် ၎င်းတို့ခံနိုင်ရည်မရှိသေးသော ဝမ်းနည်းပူဆွေးမှုကို သူတို့ခံစားကြရလိမ့်မည်။ ၎င်းပြင် ထိုသို့ရှင်းလင်းပြောပြခြင်းသည် ယုဒလူများအား ၎င်းတို့၏တစ်ဖက်သတ် အထင်လွဲမှားခြင်းနှင့် မယုံကြည်မှုများ၏ အကျိုးဆက်ကို အချိန်မတိုင်မီ ထုတ်ဖော်ပြောပြခြင်းဖြစ်လိမ့်မည်။ အသေသတ်ခြင်းခံရသော သိုးသငယ်ကဲ့သို့ ကိုယ်တော်အားပို့ဆောင်ရန် သူတို့ကို ဖြည်းဖြည်းချင်း ဆောင်ရွက်လုပ်ဆောင်ခဲ့သည့်လမ်းထဲသို့ဝင်ရောက်ခဲ့ကြပါသည်။

         ခရစ်တော်သည် မိမိအားယုံကြည်ကြမည့်သူများ၏အကျိုးအဖို့အလို့ငှါ ဤစကားများကို မိန့်မြွက် တော်မူခဲ့ပါသည်။ ပသခါပွဲတွင် မိမိပြောကြားခဲ့သော စကားများကို ထပ်မံပြောပြကြမည်ကိုလည်းကောင်း၊ ထိုသို့ပြောပြကြခြင်းအားဖြင့် ကမ္ဘာအနှံ့တွင်ရှိသော လူများစွာတို့၏နားထဲသို့ ရောက်ရှိသွားလိမ့်မည်ကို လည်းကောင်း ကိုယ်တော်သိရှိတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်ထမြောက်ပြီးသည့်နောက်မှ ထိုစကားများ၏ အဓိပ္ပါယ်များသည် ရှင်းသွားကြပေလိမ့်မည်။ ထိုစကားများသည် များစွာသောယုဒများအတွက် ကိုယ်တော်၏ ဘုရားဇာတိနှင့်ပတ်သက်သော ဒွိဟမရှိသည့် အထောက်အထားဖြစ်ပါလိမ့်မည်။

         ဝိညာဉ်ရေးမှောင်မိုက်ကျမှုကြောင့် တမန်တော်များပင်လျှင် ကိုယ်တော်၏သွန်သင်ချက်များကို မကြာခဏနားလည်သဘောပေါက်မှု မရှိခဲ့ကြချေ။ သို့သော် နောင်အခါတွင် ဖြစ်ပျက်မည့်အရာများအားဖြင့် ဤသွန်သင်ချက်များမှ အများစုကို ၎င်းတို့အားရှင်းရှင်းလင်းလင်းသွန်သင်ထားခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့နှင့်အတူမရှိတော့သည့်အချိန်တွင် ကိုယ်တော်၏နှုတ်ထွက်စကားများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် အားကိုးမှီခိုရာ ထောင့်တိုင်တစ်ခုဖြစ်ခဲ့ပါသည်။

         ကိုယ်တော်ရှင်သည် ယေရုရှလင်မြို့ရှိဗိမာန်တော်ကို ရည်ညွှန်း၍ “ဤဗိမာန်တော်ကို ဖြိုဖျက်ကြ လော့၊ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟု မိန့်တော်မူသောစကားများ၌ ကြားနာသူများ နားလည် သည်ထက် ပို၍ နက်ရှိုင်းသော အဓိပ္ပါယ်ရှိနေပါသည်။ ခရစ်တော်သည်ဗိမာန်တော်၏တိုက်မြစ်၊ ဗိမာန်တော် ၏အသက်ဖြစ်တော်မူ၏။ ဗိမာန်တော်တွင် ကျင်းပသောအခမ်းအနားများသည် ခရစ်တော်ဘုရား၏ ဆက်ကပ်ပူဇော်ခံခြင်းကို ပုံဆောင်ပါသည်။ ဗိမာန်တော်တွင် အမှုဆောင်နေသောယဇ်ပုရောဟိတ်လုပ်ငန်း သည် ခရစ်တော်၏ကြားဖျန်ဖြေခြင်း လုပ်ငန်းကိုပုံဆောင်ပါသည်။ ယဇ်ပူဇော်ခြင်းအစီအစဉ်တစ်ခုလုံးသည် လောကီသားများကိုကယ်တင်ရန် ကိုယ်တော်ရှင်၏အသေခံခြင်းကို ကြိုတင်ပြညွှန်ခြင်းဖြစ်ပါသည်။ ဤပူဇော်သကာများသည် ခေတ်အဆက်ဆက်ပြညွှန်ခဲ့သော မဟာအဖြစ်အပျက်ကြီး ဆုံးခန်းတိုင်ရောက် သွားသောအချိန်တွင် ၎င်းတို့၌တန်ခိုးအာနိသင်ရှိတော့မည်မဟုတ်ချေ။

         ဤဝတ်ပြုကိုးကွယ်မှုအလုံးစုံတို့သည် ခရစ်တော်၏အမှုတော်နှင့်အသေခံခြင်းများကို ပုံဆောင်ခြင်း ဖြစ်သောကြောင့် ခရစ်တော်ကိုယုံကြည်လက်ခံခြင်းမရှိခဲ့လျှင် ထိုလုပ်ဆောင်မှုများသည် အကျိုးရှိလိမ့်မည် မဟုတ်ချေ။ ခရစ်တော်အား အသေသတ်ခံရန် လက်ရောက်အပ်ပေးခြင်းအားဖြင့် ယုဒလူများသည် ကိုယ်တော်ရှင်အပေါ် မိမိတို့၏ ငြင်းပယ်မှုကို အပြီးသတ်ဆုံးဖြတ်ကြသောအချိန်တွင် ဗိမာန်တော်နှင့်တကွ ကိုးကွယ်မှုအခမ်းအနားများအား အရေးပါကြောင်းဖော်ပြသည့်အရာအားလုံးကို သူတို့ငြင်းပယ်ခဲ့ကြပါသည်။ ဗိမာန်တော်၏မွန်မြတ်သန့်ရှင်းမှုသည် ကွယ်ပျောက်ခဲ့ပေပြီ။ ၎င်းသည်ဖြိုဖျက်ရန် အပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရ ပေပြီ။ ထိုနေ့မှစ၍ ယဇ်ပူဇော်ခြင်းများနှင့် ဆက်နွှယ်နေသော ကိုးကွယ်ဝတ်ပြုမှုများသည် အဓိပ္ပါယ်ကင်းမဲ့ ခဲ့သည်။ ကာဣန၏ ပူဇော်သကာကဲ့သို့ပင် ထိုယဇ်ပူဇော်ခြင်းများနှင့် ကိုးကွယ်မှုများသည် ခရစ်တော်အား ယုံကြည်ကိုးစားကြောင်းမဖော်ပြခဲ့ကြချေ။ ယုဒလူများသည် ခရစ်တော်ကိုအသေသတ်ခြင်းအားဖြင့် မရည်ရွယ်ဘဲနှင့် မိမိတို့၏ဗိမာန်တော်ကို ဖြိုဖျက်ခဲ့ကြပါသည်။ ခရစ်တော်သည် ကပ်တိုင်တွင် အသက်တော် ကိုစွန့်သောအချိန်တွင် မဟာယဇ်ပူဇော်ခြင်းကို ပြုလုပ်ပြီးစီးကြောင်းနှင့် ယဇ်ပူဇော်ခြင်းစနစ်သည် လုံးဝ အဆုံးသတ်သွားပြီဖြစ်ကြောင်း နိမိတ်ပြသည့်အနေဖြင့်ဗိမာန်တော်မှ အတွင်းကန့်လန့်ကာသည်အထက်မှ အောက်သို့ နှစ်ခြမ်းကွဲသွားခဲ့ပါသည်။

         “သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်၊” ကိုယ်တော်ရှင်၏အသေသတ်ခံခြင်းတွင် အမှောင်၏ တန်ခိုးများသည် အောင်မြင်နေသယောင်ရှိပြီး မိမိတို့၏အောင်နိုင်ခြင်းအတွက် ဝမ်းမြောက်ပီတိဖြစ်နေ ခဲ့ကြပါသည်။ သို့သော်လည်းခရစ်တော်ရှင်သည် ယောသပ်၏သင်္ချိုင်းကွဲထဲမှ ‌အောင်နိုင်သူတစ်ပါးကဲ့သို့ ထမြောက်တော်မူခဲ့ပါသည်။ “အထွတ်အမြတ် အာဏာစက်များကိုလုယူလျှင် ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။” ကော ၂း၁၅။ အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းတို့ကြောင့် ကိုယ်တော်သည် လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်၏ ယဇ်ပုရောဟိတ်ဖြစ်လာတော်မူခဲ့ပါသည်။ လူများသည် ယုဒတဲတော်ကိုလည်းကောင်း၊ ယုဒဗိမာန်တော်ကို လည်းကောင်း တည်ဆောက်ခဲ့ကြသော်လည်း လောကတဲတော်ကပုံစံယူထားသည့် ကောင်းကင်တဲတော်ကို လူသားဗိသုကာများ တည်ဆောက်ခဲ့သည် မဟုတ်ချေ။ “အညွှန့်အမည်ရှိသောသူတို့ကိုကြည့်ရှုလော့၊ မိမိဒေသအရပ်၌ပေါက်၍ ထာဝရဘုရား၏ ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။ ထာဝရဘုရား၏ ဗိမာန်တော်ကိုတည်ဆောက်ပြီးလျှင် ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက်စိုးစံလိမ့်မည်။ ရာဇပလ္လင် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်လိမ့်မည်။” ဇာခရိ ၆း၁၂-၁၃။

         ခရစ်တော်ကိုပြညွှန်သော ယဇ်ပူဇော်ခြင်းအစီအစဉ်များသည် ကုန်ဆုံးခဲ့ပေပြီ။ သို့သော် ဘုရားသခင် သည် လောက၏အပြစ်အတွက်အသေခံမည့်ယဇ်ကောင်ကြီးကို အာရုံပြုကြည့်ရှုကြရန် လူသားများအား ဦးလှည့်ပေးတော်မူခဲ့သည်။ သို့သော် ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုကိုလည်းကောင်း၊ အာဗေလ၏အသွေးကတရားဟောသောအရာထက်သာ၍ မြတ်သောအရာကိုတရား‌ဟောသော ဖျန်းဆွတ် ခြင်း၏အသွေးကိုလည်းကောင်း၊ ကျွန်ုပ်တို့ကြည့်ရှုကြရန်ဖြစ်ပါသည်။ (ဟေဗြဲ ၁၂း၂၄)။ ၎င်းပြင် “ပထမတဲ တော်မပျက်မီတိုင်အောင် သန့်ရှင်းရာဌာနသို့သွားသောလမ်းမဖွင့်သေးကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်အရိပ်ပေးတော်မူ၏။--- ယခုမှာလူလက်တော်ဖြင့်မလုပ်၊ဤလောကဓာတ် နှင့်မဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်---မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ခါတည်းဝင်တော်မူ၏။” ဟေဗြဲ ၉း၈-၁၂။

         “ထိုကြောင့်အကြင်သူသည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည်စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။” ဟေဗြဲ ၇း၂၅။ အမှုဆောင်ခြင်းလုပ်ငန်းကို မြေကြီးဗိမာန်တော်မှ ကောင်းကင်ဗိမာန်တော် သို့ ပြောင်းရွှေ့သွားသော်လည်း တဲတော်နှင့်ယဇ်ပုရောဟိတ်မင်းကြီး၏ လုပ်ငန်းများသည် လူသားမျက်စိဖြင့် မြင်နိုင်စွမ်းမရှိသော်လည်း တမန်တော်များသည် ထိုအကြောင်းကြောင့်  ဆုံးရှုံးသည်ဟု မခံစားကြရချေ။ မိမိတို့၏ဆက်ဆံပေါင်းသင်းခြင်းများတွင် ပြတ်တောက်မှုမရှိကြောင်းကို လည်းကောင်း၊ ကိုယ်တော်ရှင်သည် ၎င်းတို့နှင့် အတူမရှိတော့သည့်အတွက် တန်ခိုးအာဏာသေးသိမ်လျော့ပါးမသွားကြောင်းကိုလည်းကောင်း သူတို့သိရှိခဲ့ကြပါသည်။ ခရစ်တော်သည် အထက်ဗိမာန်တော်တွင် အမှုတော်ဆောင်စဉ် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဤလောကတွင်ရှိသော အသင်းတော်၏အမှုဆောင်တစ်ပါးအဖြစ် ဆက်လက်ရပ်တည်တော်မူပါသည်။ ကိုယ်တော်သည် လူသားများ၏မျက်စိအောက်တွင်မရှိတော့သော်လည်း ခွဲခွာသွားစဉ် ကိုယ်တော်ရှင်မိန့်တော်မူခဲ့သော “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူအစဉ်မပြတ်ရှိသည်” ဟူသောကတိတော်သည် ပြည့်စုံလျက်ရှိပါသည်။ ကိုယ်တော်သည် မိမိ၏ တန်ခိုးတော်ကိုသာ၍ နိမ့်ကျသောအမှုဆောင်များထံလွှဲအပ်တော်မူခဲ့သော်လည်း ကိုယ်တော်၏တန်ခိုး ခွန်အားသည် အသင်း‌တော်နှင့်အတူ ဆက်လက်တည်ရှိတော်မူပါသည်။

         “ယခုမူကား ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့် ငါတို့သည် ဝန်ခံခဲ့ ပြီးသော အရာ၌တည်ကြည်ကြကုန်အံ့၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်၊ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသော သူဖြစ်‌တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်းလွတ်‌တော်မူ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” ဟေဗြဲ ၄း၁၄-၁၆။

No comments:

Post a Comment