Wednesday, April 29, 2026


ဗျာဒိတ်ကျမ်းအခန်းကြီး (၁၄) နှင့်

ကောင်းကင်တမန်သုံးပါး သတင်းစကား

 

ဆုတောင်းခြင်းဖြင့် အစပြုရန်

               တရားဟောချက် (၂၁) ခုဖြင့် ကောင်းကင်တမန်သုံးပါးသတင်းစကားကို အသေးစိတ်လေ့လာကြမည်။ ခရစ်ယာန်များ၏ ထာ၀ရကြမ္မာဖြစ်သောကောင်းကင်တမန်သုံးပါးသတင်းစကား အသေးစိတ်ကို အလေးထား ဂရုစိုက်လေ့လာကြရန် တိုက်တွန်းအားပေးလိုပါသည်။

ကောင်းကင်တမန်အဘယ်နည်း

               ကောင်းကင်တမန်သည် လူသားကို ကူညီမစသော အစေခံနံဝိညာဉ်ဖြစ်ပါသည်။

               ဗျာဒိတ်ကျမ်း ၁း၁-၃ တွင် အစေခံနံဝိညာဉ်များသည် လူသားကိုယ်စားလှယ်များမှ တစ်ဆင့် အသံထွက်စေပြီး ဘုရားသခင်၏ ဂုဏ်တော်နှင့် ကျေးဇူးကရုဏာတရားကို ကြွေးကြော် ဟောပြောခြင်းဖြစ်ပါသည်။ ဥပမာ-ကျမ်းစာက၊ "ကာလမကြာမမြင့်မိဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံ ကျွန်တို့အား ပြစေခြင်းငှါ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။ ကာလအချိန်ရောက်လုနီးပြီ ဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏"

               အနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ် နားထောင်ပြီး ရေးထားသမျှတို့ကို စောင့်ရှောက်လျှင် ယုံကြည်သူ အသင်းသားများကို ပေးထားသော ကတိတော်ပြည့်စုံကြောင်း မြင်တွေ့ကြရမည်။

               တမန်တော် ဝတ္ထု ၁း၈ အစေခံနံဝိညာဉ်များနှင့် အတူ လက်တွဲဆောင်ရွက်ခြင်းဖြင့် ခရစ်တော်အတွက် သက်သေခံကောင်းများ ဖြစ်လာပါသည်။ "သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏"

               သတင်းစကားသယ်ဆောင်သော ကောင်းကင်တမန် (အစေခံနံဝိညာဉ်) များနှင့် ပတ်သက်သည့် အရေးကြီးသော အဓိက အကြောင်းအရာ ဆယ်ချက် ရှိပါသည်။

(၁)    ထာ၀ရဧဝံဂေလိသတင်းကောင်းကို ကောင်းကင်တမန်များ ကူညီပံ့ပိုးပြီး ယုံကြည်သူ တပည့်တော်များမှ ဟောပြောကြပါသည်။

               ဥပမာ- တပည့်တော်တစ်ဦးကို ကောင်းကင်တမန်မှ ကူညီပံ့ပိုးခဲ့သော သက်သေ သာဓက တစ်ခုက်ို ကြည့်ပါ။ တပည့်တော်ဖိလိပ္ပုနှင့် အဲသရောပိအမတ်တွေ့ဆုံပုံကို သတိရပါသလား။

               တမန်တော်ဝတ္ထု ၈း၂၆ တွင် ထိုသူနှစ်ဦး ဆုံတွေ့ဖြစ်အောင် ဘယ်နံဝိညာဉ်က စွမ်းဆောင်ပေးသနည်း။ ထို့ကြောင့် ဧဝံဂေလိသတင်းစကားကို ကောင်းကင်တမန်များက ကူညီပံ့ပိုးပြီး တပည့်တော်များက ကြွေးကြော် ဟောပြောခြင်း ဖြစ်ပါသည်။ "တစ်ဖန် ထာ၀ရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့ သွားရာတောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ဟု ဆိုသည်အတိုင်း ဖိလိပ္ပုသည် ထ၍ သွားလေ၏"

(၂)     ထာ၀ရဧဝံဂေလိသတင်းစကားသည် ကောင်းကင်မှလာသည့်အတိုင်း စကားဖြစ်ပြီး လူသား၏ အတွေးအခေါ် ယူဆချက်များမဟုတ်ပါ။

               ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်သည် သတင်းစကား၏ ဗဟို ဖြစ်ပါသည်။ ဧဝံဂေလိသတင်းစကားသည် ဘုရားသခင်ထံမှလာပြီး ကောင်းကင်တမန်ယူဆောင် လာခြင်းဖြစ်ပါသည်။ လူသား၏ ရင်တွင်းဖြစ်တင်းစကား မဟုတ်ဘဲ ပြင်ပမှ ကောင်းကင်တမန်သုံးပါး ယူဆောင် လာသော ဧဝံဂေလိတရားဖြစ်ပါသည်။ စာတန်၏ တန်ခိုးသည် ပင်လယ်၊ တွင်းနက်၊ နဂါးမြွေဆိုးမှ လာပါသည်။ မကောင်းသတင်းစကား ဖြစ်သော မိစ္ဆာအယူဝါဒများသည် နတ်ဆိုး၏ ခံတွင်း၊ ဆိုးညစ်သော ဝိညာဉ်သုံးပါးမှ လာပါသည်။

(၃)        လူသားတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်စွာ ကြွေးကြော်သည်။

               ရှင်မဿဲခရစ်ဝင် ၂၄း၁၄ တွင် လူသားတိုင်းကြားရအောင် ကြွေးကြော်ရမည်။ နေရာတိုင်းသို့ အသံရောက်ရမည်။ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ ဗျာဒိတ်ကျမ်း ၁၄း၆ တွင် အသီးသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကောင်းကင်တမန်သည် ထာ၀ရဧဝံဂေလိတရားကို ယုံကြည်သူများနှင့် ပူးပေါင်းလက်တွဲ၍ အချိန်တိုင်း နေရာတိုင်းသို့ ဟောပြောပါသည်။

(၄)    ကောင်းကင်တမန်ပျံသန်းသည်။ ရပ်နားခြင်းမရှိပါ။

               ယေဇကျေလ အနာဂတ္တိကျမ်း ၁း၁၃-၁၄ ကောင်းကင်တမန်ပျံသန်းသော အမြန်နှုန်းဖြင့် ရပ်နားခြင်း မရှိဟောရမည်။ ကောင်းကင်တမန်တစ်ပါး၏ အမြန်နှုန်းကို ကျမ်းစာထဲတွင် "ထိုသတ္တိဝါတို့၏ အဆင်းရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက် အရောင်နှင့်တူ၏။ မီးသည် တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။ သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍ ပြေးလျက် ပြန်လာလျက် ရှိကြ၏။"

               လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော နှုန်းဖြင့် ဟောပြောရမည့်အစား လိပ်သွားသည့် နှုန်းဖြင့် ယနေ့ ဟောပြောကြပါသည်။ ဘုရားသခင်သည် ဆက်သွယ်သိရှိစေရန် ကျွန်ုပ်တို့ကို အသုံးပြုလိုပါသည်။ လုံးလုံးလျားလျားအသုံးခံခွင့် မပေးသောကြောင့် လိပ်သွားသော အမြန်နှုန်းဖြင့် ကျွန်ုပ်တို့ဟောပြောခြင်းဖြစ်သည်။

(၅)    အသီးသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းထံ သတင်းဆောင်ရမည်။

               ရှင်မဿဲခရစ်ဝင် ၂၄း၁၄ ကျွန်ုပ်တို့၏အမျိုး၊ အသိုက်ဝန်းအတွက်သာ ဟောပြောရမည့် သဘောတရား မဖြစ်သင့်ပါ။ "လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည် အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ။ကောင်းကင်တမန်သုံးပါး သတင်းစကား၏ ရည်မှန်းချက်သည် မီးခံနိုင်သည့် ရွှေစင်ကဲ့သို့သော စာရိတ္တပိုင်ရှင်၊ နိုင်ငံသားဦးရေ တိုးပွားလာရန် ရည်ရွယ်ပါသည်။

               ဗျာဒိတ်ကျမ်း ၁၆း၁၃-၁၄ ထာ၀ရ ဧဝံဂေလိတရား ဟောပြောသော ကောင်းကင်တမန် အဖွဲ့ရှိသည်နည်းတူ မိစ္ဆာအယူဝါဒကို ဟောပြောသော ညစ်ညူးသည့် ဝိညာဉ်သုံးပါးအဖွဲ့လည်း ရှိပါသည်။ "ထိုအခါ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပုရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင် ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။"

               သတင်းစကား သယ်ဆောင်သော အစေခံနံဝိညာဉ်သုံးပါး အဖွဲ့နှစ်ဖွဲ့ ရှိကြောင်း သတိထားကြပါ။ မည်သည့် ဩဝါဒ သွန်သင်ချက်ဖြင့် ကျွန်ုပ်တို့ကို ရစ်ပတ်နှောင်ဖွဲ့ခွင့် ရရှိကြောင်း ဆန်းစစ်ကြပါ။ မည်သည့် ဧဝံဂေလိသတင်း အမျိုးအစားသည် ကျွန်ုပ်တို့၏ နားထဲသို့ ဝင်ခွင့် ရရှိသနည်း။ မည်သည့်အရာကို ကျွန်ုပ်တို့ကြည့်သနည်း။ ကျွန်ုပ်တို့ကြည့်သောအရာ၊ မြင်သောအရာဖြင့် ကျွန်ုပ်တို့၏ စိတ်သဘော ဖြစ်ပေါ်လာသည်။ လူ၏ကိုယ်ခန္ဓာသည် စားသောအစာအာဟာရဖြင့် တည်ဆောက်သည် နည်းတူ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည်လည်း မိမိကြည့်မြင်သည့်အရာ၊ နားထောင်သောအရာ ဖြင့် တည်ဆောက်ပါသည်။

               ဗျာဒိတ်ကျမ်း ၁၇း၁ မိစ္ဆာအယူဝါဒကို ဟောပြောသော ညစ်ညူးသည့် ဝိညာဉ်သုံးပါးအမှုကို ဘုရားသခင် စီရင်မည်။ "ဖလားခုနစ်လုံး ရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တစ်ပါးသည် လာပြီးလျှင် ငါ့ကို နှုတ်ဆက်၍ လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး၏ စီရင်ခြင်းအမှုကို ငါပြမည်။"

               ဗျာဒိတ်ကျမ်း ၁၇း၁၅ ညစ်ညူးသည့် ဝိညာဉ်သုံးပါး၏ မိစ္ဆာအယူဝါဒကို အသီးသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစုသည် လက်ခံယုံကြည်ကြပါသည်။ "ယခုမြင်၍ ပြည့်တန်ဆာထိုင်သောရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။"

               လောကီကို ကြည့်ခြင်းဖြင့် လောကနည်းတူတွေးခြင်းသည် ပြည့်တန်ဆာ၏ စိတ်သဘောသက်ဝင် လာခြင်းဖြစ်သည်။ မိစ္ဆာအယူဝါဒကို နာခံခြင်းဖြင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော အစုအဝေးထဲသို့ ရောက်ရှိခြင်းဖြစ်သည်။

(၆)        ထာ၀ရဧဝံဂေလိသတင်းစကားကို ဘုရားသခင်၏ နည်းဗျူဟာဖြင့် ဟောပြောပါ။

               လူသား၏နည်းဗျူဟာ မဖြစ်စေရန် သတိထားပါ။ အစီအစဉ်ဇယားအရ ဟောပါ။ နံပါတ်ပြီးမှ နှစ်ကိုဟောပါ။ အဆက်အစပ်မရှိလျှင် နားလည်မှု ရှုပ်ထွေးတတ်ပါသည်။ သတင်းစကား ထိရောက်မှု မရှိခြင်းမှာ အစီအစဉ်ဇယားအတိုင်း မဟောဘဲ မိမိနှစ်သက်ရာကိုသာ ပြောခြင်း ကြောင့်ဖြစ်သည်။ ချန်လှပ်ထားခြင်း ကြောင့်ဖြစ်သည်။

               ဗျာဒိတ်ကျမ်း ၁၄း၆ "အသီးသီး ဘာသာစကား၊ လူအမျိုးအနွယ်ခပ်သိမ်း၊ ထာ၀ရဧဝံဂေလိတရား၊ ကောင်းကင်တမန်သတင်း၊ ဘုရားသခင်ကို ကြောက်ရွံ့၊ ဘုရားသခင်ကို ချီးမွမ်း၊ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြရန် ကြီးသော အသံနှင့် ပြောဆိုပါ။ ကောင်းကင်အလယ်၌ ပျံဝဲလျက် မနားတမ်းဟောပါ။"

               ဗျာဒိတ်ကျမ်း ၁၄း၉ "ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က အကြင်သူသည် သားရဲအကြောင်း၊ သူ၏ရုပ်တုကို ကိုးကွယ်မှု အကြောင်း၊ သူ၏ တံဆိပ်လက်မှတ် နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ။"

               အစီအစဉ်ဇယားအတိုင်းမပြောလျှင် တရားနာသူအတွက် အဓိပ္ပါယ်မရှိသောကြောင့် နားမထောင်ခြင်း ဖြစ်ပါသည်။ ပထမကောင်းကင်တမန်သတင်းစကားကိုငြင်းခြင်းကြောင့် ထာ၀ရအသက် ဆုံးရှုံးရခြင်း ဖြစ်သလို ဒုတိယကောင်းကင်တမန် သတင်းစကား ဟောရခြင်းမှာ ခရစ်တော်ကို လက်ခံယုံကြည်ပြီးမှ ခရစ်တော်အပေါ် သစ္စာဖောက်ခြင်းကြောင့် ထာ၀ရအသက် ဆုံးရှုံးတတ်ကြောင်း ကရုဏာတရားအားဖြင့် ထပ်သတိပေးခြင်း ဖြစ်သည်။

               ဗျာဒိတ်ကျမ်း ၁၄း၈ "ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ ပြောဆို၏"

               ဗာဗုလုန်မြို့ကြီးမှ ထွက်ခွာသင့်သော အကြောင်းများမှာ ပထမကောင်းကင်တမန်၏ သတင်းစကားတွင် ပါဝင်သော အကြောင်းအရာ သုံးချက်ကို ပြန်အလေးထားဖို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်။ (၁) ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ။ (၂) ဘုရားသခင်ကို ချီးမွမ်းပါ။ (၃) ဖန်ဆင်းရှင် ဘုရားသခင်ကိုးကွယ်ပါ။

               ဗာဗုလုန်သည် ကျရှုံးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မကြောက်မရွံ့ မရိုသေခြင်းသည် ကျရှုံးခြင်း ဖြစ်ကဲ့သို့ မိမိကိုယ်ကို ကိုးကွယ်ချီးမွမ်းပြီး တရားစီရင်ခြင်းကို အလေးမထားခြင်းသည်လည်း ကျရှုံးခြင်း ဖြစ်သည်။ လူသားများ မြေမှုန့်သို့ ဦးတည်ပြန်သွားစေသည့် စာတန်၏ မဟာဗျူဟာ ဝိညာဉ်ရေး စနစ်ဖြစ်ပါသည်။

(၇)    ကရုဏာတံခါးမပိတ်မီ ဘုရားသခင်၏ နောက်ဆုံးသတိပေးစကား ဖြစ်သည်။

               ဒံယေလအနာဂတ္တိကျမ်း ၇း၁၃-၁၄ သခင်ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းကြီး၏ လုပ်ငန်းအားလုံး အဆုံးသတ်ပြီးမှ ဘုရင်တကာတို့၏ ဘုရင်လုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်မည်။ လူသားအားလုံးအတွက် ကြားဖြန် ဖြေခြင်းအလုပ် အဆုံးသတ်ခြင်းကို ကရုဏာတံခါးပိတ်ခြင်းဟု ခေါ်ပါသည်။ "ထိုညဉ့်အခါ ငါသည် အာရုံပြု၍ လူသားနှင့်တူသော သူတစ်ဦးသည် မိုးတိမ်ကို စီးလျက် အသက်ကြီးသော သူ၏ အထံတော်သို့ ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို  အုပ်စိုးစေခြင်းငှါ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ"

               ဗျာဒိတ်ကျမ်း ၁၄း၁၄ ခွဲခြားသတ်မှတ်ထားသော လူနှစ်စု၏ အဖွဲ့စာရင်းကို အစီရင်ခံပြီး ခမည်းတော်ထံမှ အာဏာတန်ခိုးကို ရယူပြီး ကျမ်းစာတွင်ဆက်၍ ဖော်ပြထားသည်မှာ "တစ်ဖန်ငါကြည့်လျှင် ဖြူသော မိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သောတံစဉ်ကို ကိုင်လျက် မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏"

               ဇာခရိ ၃း၅ သခင်ခရစ်တော် ဤလောကသို့ ဒုတိယ အကြိမ်ပြန် ကြွလာမည်။

               ငါကလည်း၊ စင်ကြယ်သောပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်၍အဝတ်ကို ဝတ်စေကြ၏။ ထာ၀ရဘုရား၏ ကောင်းကင်တမန်သည်လည်း အနားမှာ ရပ်နေ၏။

(၈)    ကောင်းကင်တမန် သုံးပါးသတင်းစကား ဟောပြောသော လှုပ်ရှားမှု မုန်တိုင်းတွင် နောက်မိုးတည်းဟူသော ဝိညာဉ်တော်တန်ခိုးသက်ရောက်မည်။

               ဗာလဘုရားမှန်လျှင် ဗာလဘုရားကို ကိုးကွယ်ကြပါ။ ထာ၀ရဘုရားမှန်လျှင် ထာ၀ရဘုရားကို ကိုးကွယ်ကြပါ။ ကောင်းကင်တမန်သုံးပါးသတင်းသည် ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာ ဆုံးဖြတ်ချက်ကို တောင်းဆိုခြင်းဖြစ်သည်။

               ဗျာဒိတ်ကျမ်း ၁၄း၁၅ သတင်းစကားကို တာဝန်ယူဟောပြောသော တပည့်တော်နှင့် အတူ လိုက်ပါသော နောက်မိုးကြောင့် အဖွဲ့နှစ်ဖွဲ့အပြီး ခွဲခြားမည်။ "ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲကထွက်၍ ကိုယ်တော်၏ တံစဉ်ကို လွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသော အချိန်ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါးမှည့် ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။"

(၉)    ကောင်းကင်တမန်သုံးပါးသတင်းစကားသည် ဗိမာန်တော်ကို စီရင်ဆေးကြောသော နှစ်တစ်နှစ်၏ အဆုံးချိန်ဖြစ်သည်။


    ဝတ်ပြုရာကျမ်း ၂၃း၂၄၊ ၂၅ ကောင်းကင်တမန်သုံးပါး သတင်းစကား ဟောပြောသော အချိန်သည် စီရင်ချက်ချသော နေ့မတိုင်မီ သတိပေးသော တံပိုးခရာ အသံဖြစ်သည်။ မိမိ၏ ရွေးချယ်မှုကို စီရင်သတိပေးခြင်း ဖြစ်ပါသည်။ "သင်တို့သည် သတ္တိမလ၊ ပထမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီ အလုပ်ကို မလုပ်ရ။ ထာ၀ရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။"

(၁၀)  သတင်းစကားကို လက်ခံခြင်း၊ ငြင်းပယ်ခြင်းသည် ကျွန်ုပ်တို့၏ ထာ၀ရကြမ္မာဖြစ်သည်။

               ထာ၀ရသေခြင်းနှင့် ထာ၀ရရှင်ခြင်း ကြမ္မာဖြစ်သည်။ ယုံကြည်ခံသူသည် ဘုရား၏ အမှတ်သင်္ကေတကို ရမည်။ စာတန်၏ သင်္ကေတဖြစ်သော သားရဲ တံဆိပ်ဖြင့် နာခံခြင်းမရှိသောသူသည် ရေတွက်ခြင်း ခံရမည်။

               ဗျာဒိတ်ကျမ်း ၁၅း၂-၄ သားရဲကို ကိုးကွယ်ခြင်းမှ ရှောင်ရှားနိုင်ရန် ထာ၀ရ ဧဝံဂေလိတရားကို နားလည်ရမည်။ သားရဲ အကြောင်း သိမြင်နားလည်ရမည်။ စာတန်၏ လှည့်စားမှု ဗျူဟာဖြစ်သော ဝိညာဉ်ရေးစနစ် ကျော့ကွင်းမှ ထွက်ခွာ ရမည်။ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းသည် အဖွဲ့နှစ်ဖွဲ့ကို ခြားနားစေသော သင်္ကေတဖြစ်၏။

               "မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့် လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့် လည်းကောင်း လွတ်၍ အောင်မြင်သောသူတို့သည် ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက် ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ ထိုသူတို့သည် ဘုရားသခင်၏ ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏ သီချင်းကို သီ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာ၀ရအရှင် ဘုရားသခင် ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ် ဖြစ်ကြပါ၏။ လူမျိုးတို့၏ ဘုရင်၊ ကိုယ်တော်၏ အကျင့် ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန် ကြပါ၏။ အိုထာ၀ရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည် ဖြစ်၍ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။"

    ဗျာဒိတ်ကျမ်း ၁၄း၆-၇ "မြေကြီးပေါ်မှာ နေသော သူတည်းဟူသော အသီးသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။"

               ထာ၀ရဘုရားကို ကြောက်ရွံ့ ရိုသေကြပါ။ ထာ၀ရဘုရားကို ချီးမွမ်းကြပါ။ ထာ၀ရဘုရားကို ကိုးကွယ်ကြပါ။ ကောင်းကင်တမန်သုံးပါး ယူဆောင်လာသော သတင်းစကားဖြင့် စေခိုင်း သမျှလုပ်ဆောင်ကြပါ။ ဘုရားသခင် ဆင့်ဆိုထားသော သတိပေးချက်များကို အလေးထား ဂရုစိုက်ပြီး လုပ်ဆောင်ကြရန် လိုအပ်နေပါပြီ မိတ်ဆွေ။

               ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာကို ရယူပိုင်ဆိုင်နိုင်ပါစေ။ အာမင်

               နောက်လာမည့် ပထမ ကောင်းကင်တမန် သတင်းစကားမှ "ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြလော့။တရားဟောချက်ကို ကြွလာပြီး အတူတကွ လေ့လာရန် ဖိတ်ခေါ်ပါသည်။


No comments:

Post a Comment