Wednesday, April 22, 2026

အခန်းကြီး - ၄၅။ ကပ်တိုင်၏အရိပ်နိမိတ်

 

ကပ်တိုင်၏အရိပ်နိမိတ်

 

ရှင်မဿဲ ၁၆း၁၃-၂၈။ မာကု ၈း၂၇-၃၈။ ရှင်လုကာ ၉း၁၈-၂၇ တို့ကိုအခြေပြုသည်

 

         လောကတွင် ခရစ်တော်ဆောင်ရွက်ရမည့် အမှုတော်လုပ်ငန်းသည် အဆုံး သို့ ရောက်တော့မည် ဖြစ်ပါသည်။ တွေ့ကြုံခံစားရမည့် အရာများသည် ရှေ့တော် မှောက်တွင် ထင်ရှားလျက်ရှိနေပါသည်။ ကိုယ်တော်သည် လူဇာတိမခံယူမီကပင် ပျောက်ဆုံးနေသော လူသားများကို ကယ်ဆယ်ရာတွင် မိမိတွေ့ကြုံခံစားရမည့် ငန်းအတာအလုံးစုံကို သိရှိတော်မူခဲ့ပြီး ဖြစ်ပါသည်။ ဘုရားဇာတိမှ လူသားဇာတိကို ခံယူရန် မိမိ၏သရဖူနှင့် ဝတ်ရုံတော်ကို မချွတ်မီ သလွန်တော်မှ မဆင်းမီပင် နှလုံး တော်ကို နာကျင်စေသည့် နာကြည်းစရာ အလုံးစုံကိုလည်းကောင်း၊ မိမိအားအရှက် ရစေမည့် စော်ကားမှုများကိုလည်းကောင်း၊ မိမိခံစားရမည့် ချို့တဲ့မှုများကို လည်း ကောင်း မြင်တွေ့တော်မူခဲ့ပြီး ဖြစ်ပါသည်။ နွားစားခွက်မှသည် ကပ်တိုင်သို့တိုင် မိမိ လျှောက်ရမည့် လမ်းအလုံးစုံကို မြင်တွေ့တော်မူခဲ့ပါသည်။ မိမိခံစားရမည့် အလွန် ပြင်းပြသည့် ဝေဒနာများကို သိရှိတော်မူခဲ့သော်လည်း အကျွန်ုပ်သည် သွားပါမည် ဟုဝန်ခံပါ၏။ အကျွန်ုပ်၏ ဘုရားသခင်ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ အကျွန်ုပ် သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲ မှာရှိပါ၏ဟူ၍မိန့်မြွက်တော်မူခဲ့၏။ ဆာလံ ၄ဝး၇-၈။

         ရှေ့တော်မှောက်တွင် မိမိလုပ်ဆောင်မည့် အမှုတော်၏ ရလဒ်ကိုလည်း မြင် တွေ့တော်မူခဲ့ပါသည်။ ကိုယ်တော်၏ လောကအသက်တာသည် ရုန်းကန်လုပ် ဆောင်မှုများ၊ အနစ်နာခံမှုများနှင့် ပြည့်၀နေသော်လည်း ထိုအနစ်နာခံမှုများသည် အလဟဿ ဖြစ်သွားလိမ့်မည် မဟုတ်ဟူသော မျှော်လင့်ချက်ဖြင့် နှစ်သိမ့်ကျေနပ် ခဲ့ရပါသည်။ လူသားများထာ၀ရအသက် ရရှိရေးအတွက် မိမိ၏အသက်တော်ကို ပေးအပ်ခြင်းအားဖြင့် လောကီသားများအား ထာ၀ရဘုရားအပေါ် ပြန်လည်သစ္စာ စောင့်သိစေခဲ့ပါသည်။ မိမိ၏ အသွေးသွန်းရမည်ကိုလည်းကောင်း၊ တစ်ကမ္ဘာလုံး၏ အပြစ်များသည် အပြစ်မဲ့သောမိမိအပေါ်သို့ ကျရောက်လာမည်ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြောပြခြင်းငှါ မစွမ်းနိုင်လောက်အောင် ကြီးမားသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ် များ၏ အရိပ်အယောင်များကိုလည်းကောင်း၊ သိရှိတော်မူသော်လည်း ရှေ့တော် မှောက်တွင်ရှိနေသော ဝမ်းမြောက်ဖွယ်ရာအမှုကြောင့် ကပ်တိုင်ကို ရွေးချယ်ခဲ့ပြီး သရေရှုတ်ချခြင်းကို ခံတော်မူခဲ့ပါသည်။

         ကိုယ်တော်ရှင် တွေ့ကြုံခံစားရမည့်အရာများကို တပည့်တော်များအား သိမပေးသေးဘဲ လျှို့ဝှက်ထားခဲ့သော်လည်း ကိုယ်တော်၏ ဝမ်းနည်းပူဆွေးမှုများကို သူတို့မြင်ကြရမည့် အချိန်သည် မဝေးတော့ပြီ။ မိမိတို့ချစ်ခင်ကိုးစားသော သခင် သည် ရန်သူလက်သို့ အပ်နှံခြင်းခံရကာ ကရာနီကုန်းပေါ်မှ ကပ်တိုင်ပေါ်တွင် ရိုက် ထားခြင်း ခံရမည်ကို သူတို့မြင်ကြ ရတော့မည်။ မိမိသည် ၎င်းတို့နှင့်အတူရှိကြောင်း မြင်သာသည့် နှစ်သိမ့်မှုများမပါဘဲ လောကီသားများနှင့် ရင်ဆိုင်ရန် မကြာမီတွင် တပည့်တော်များအား ကိုယ်တော်ထားရစ် ရပေတော့မည်။ ခါးသီးသော မုန်းတီးခြင်း နှင့် မယုံကြည်ခြင်းများသည် ၎င်းတို့အား မည်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းလိမ့်မည်ကို ကိုယ်တော်သိတော်မူခဲ့သဖြင့် ထိုခက်ခဲသော အခြေအနေများကို ရင်ဆိုင်နိုင်ရန် သူတို့အား ပြင်ဆင်ပေး လိုတော်မူပါသည်။

         ယခုတွင် သခင်ယေရှုသည် တမန်တော်များလိုက်ပါလျက် ဖိလိပ္ပုကဲသရိ မြို့နယ်ရှိ ကျေးရွာများသို့ လှည့်လည်ကြွချီ တော်မူနေပါသည်။ ဂါလိလဲနယ်ကို ကျော်၍ ရုပ်တုကိုးကွယ်မှုများ လွှမ်းမိုးနေသည့်နေရာတွင် သူတို့ရောက်ရှိနေကြပါ သည်။ ဤနေရာတွင် တမန်တော်များအား ယုဒဘာသာအယူဝါဒ၏ ဩဇာသက် ရောက်မှုရှိသည့် နေရာများမှဝေးကွာစေ၍ ရုပ်တုကိုးကွယ်သူများနှင့် ရင်းနှီးစွာ ဆက် ဆံခွင့်ကို ရရှိစေခဲ့ပါသည်။ ၎င်းတို့၏ ဘေးပတ်လည်တွင် ကမ္ဘာအနှံ့တွင် တည်ရှိနေ သော အယူသီးမှုပုံစံများကို ရုပ်လုံးဖော်သည့် အရာများရှိနေပါသည်။ ဤအရာများ ကို တွေ့မြင်ခြင်းအားဖြင့် ထိုရုပ်တုကိုးကွယ်သူများ၏ ကယ်တင်ခြင်းအတွက် မိမိတို့ တာဝန်ရှိကြောင်း ၎င်းတို့သိလာစေရန် ကိုယ်တော် အလိုတော်ရှိခဲ့ပါသည်။ ထိုဒေ သတွင် နေထိုင်တော်မူစဉ် ကိုယ်တော်သည် အခြားသူများကို သွန်သင်ဟောကြား သည်ထက် တမန်တော်များကို ပိုမိုပြည့်စုံစွာ အချိန်ယူသွန်သင် တော်မူခဲ့ပါသည်။

         ကိုယ်တော်ရှင်သည် မိမိတွေ့ကြုံခံစားရမည့် အရာများအကြောင်းကို တမန် တော်များအား ပြောပြရတော့မည့် အချိန်သို့ရောက်လာပါပြီ။ သို့ရာတွင် မိမိပြောပြ မည့်စကားများကို ၎င်းတို့ခံယူနိုင်ရန် သူတို့၏စိတ်နှလုံးကို ပြင်ဆင်ခြင်းအလိုငှါ ရှေး ဦးစွာ ဆိတ်ကွယ်ရာအရပ်သို့သွား၍ တစ်ကိုယ်တည်း ဆုတောင်းတော်မူ၏။ ထို နောက် ၎င်းတို့ကို စုရုံးစေလျက် မိမိပြောလိုသော စကားများကို ချက်ချင်းမပြော သေးဘဲ ချဉ်းကပ်လာလျက်ရှိသည့် စုံစမ်းစစ်ဆေးခြင်းအတွက် ဝိညာဉ်ရေးခွန်အား တောင့်တင်းနိုင်စေရန် မိမိအပေါ်တွင် ထားရှိသည့် ၎င်းတို့၏ ယုံကြည်ခြင်း ကြောင်းကို ဖွင့်ဟဝန်ခံရန် အခွင့်ကို ပေးတော်မူခဲ့ပါသည်။ လူများတို့သည် လူ သားဖြစ်သောငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြသနည်း ဟု တပည့်တော်တို့ အား ကိုယ်တော် မေးတော်မူ၏။

         ဣသရေလလူများသည် ၎င်းတို့ စောင့်မျှော်ခဲ့ကြသော မေရှိယအား ကြိုဆို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြကြောင်းကို တမန်တော်များ ဝမ်းနည်းစွာဖြင့် သိရှိ ခဲ့ပြီး ဖြစ်ပါသည်။ အချို့သော ဣသရေလများမှာမူ ကိုယ်တော်ပြတော်မူသည့် နိမိတ် လက္ခဏာများကို မြင်တွေ့ရသောအခါ ယေရှုအား ဒါဝိဒ်၏ သားတော်ဖြစ်ကြောင်း ကြေညာခဲ့ကြပါသည်။ ဗက်ဇဲဒတွင် ကျွေးမွေးပြုစုခြင်း ခံခဲ့ရသော လူအုပ်ကြီးက လည်း ကိုယ်တော်အား ဣသရေလဘုရင်မြှောက်ရန် အလိုရှိနေခဲ့ကြသည်။ များစွာ သောသူများကမူ ကိုယ်တော်အား ပုရောဖက်တစ်ပါးအနေဖြင့် အသိအမှတ်ပြုထား ခဲ့ကြသော်လည်း မေရှိယအရှင် ဖြစ်သည်ဟု မယုံကြည်ခဲ့ကြချေ။

         သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည်ဆိုကြသနည်း ဟု တမန်တော် များ၏ သဘောထားကို ထပ်ဆင့်မေးမြန်းတော်မူလိုက်ရာ ကိုယ်တော်သည် ခရစ် တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူ သည် ဟု ပေတရုလျှောက်လေ၏။

         အစဦးမှစ၍ ပေတရုသည် သခင်ယေရှုအား မေရှိယဖြစ်ကြောင်း ယုံကြည် ခဲ့ပါသည်။ ဆရာယောဟန်၏ တရားတော်ကြောင့် မိမိအပြစ်ကို သိရှိပြီးဝန်ခံလာကာ ခရစ်တော်ကို လက်ခံခဲ့ကြသည့် လူများစွာတို့သည် အကျဉ်းထောင်ထဲတွင် ကွပ် မျက်ခြင်း ခံခဲ့ရသော ဆရာယောဟန်၏ အမှုတော်လုပ်ငန်းနှင့် ပတ်သက်၍ သံသယ ဝင်စ ပြုလာခဲ့ကြပါသည်။ ၎င်းပြင် ယခုတွင်လည်း ယေရှုသည် ၎င်းတို့အချိန်ကြာမြင့် စွာကတည်းက မျှော်လင့်စောင့်စားခဲ့ရသော မေရှိယဖြစ်ကြောင်းနှင့် ပတ်သက်၍ သူ တို့သံသယ ရှိခဲ့ကြပြန်သည်။ သခင်ယေရှုသည် ဒါဝိဒ်၏ပလ္လင်ပေါ်တွင် တက်ရောက် နန်းစံ မည်ဟု တထစ်ချ မျှော်လင့်ခဲ့ကြသူများသည် ကိုယ်တော်၌ ထိုကဲ့သို့သော ရည်စူးချက်များ မရှိကြောင်းသိလာရသောအခါ ကိုယ်တော်ကို စွန့်ခွာခဲ့ကြပါသည်။ သို့သော်လည်း ပေတရုနှင့် အပေါင်းအဖော်များတို့သည် ကိုယ်တော်အား ဆက် လက်၍ သစ္စာစောင့်ခဲ့ကြပါသည်။ မနေ့တုန်းက ချီးမွမ်း၍ ယနေ့ပြစ်တင်ရှုတ်ချသည့် စိတ်ယိမ်းယိုင်သော လုပ်ရပ်များသည် ခရစ်တော်၏ စစ်မှန်သော နောက်လိုက်များ ယုံကြည်ခြင်းကို မဖျက်ဆီးနိုင်ခဲ့ချေ။ ထို့ကြောင့် ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည် ဟု ပေတရု လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ သူသည် ကိုယ်တော်အား ရှင်ဘုရင့် အသရေအပ်နှင်း ဘိသိက်ပေးမည့် အခြေအနေထိ မစောင့်စားခဲ့ဘဲ နိမ့်ကျသော အခြေအနေ၌ပင် ကိုယ်တော်အား လက်ခံခဲ့ပါသည်။

         ပေတရုသည် တမန်တော်တစ်ဆယ့်နှစ်ပါး၏ ယုံကြည်ခြင်းကို ကိုယ်စားပြု ဖွင့်ဟခဲ့ခြင်း ဖြစ်ပါသည်။ သို့စေကာမူ တမန်တော်များသည် ကိုယ်တော်၏ အမှု တော်အကြောင်းကို ယခုတိုင်နားမလည်ကြသေးချေ။ ဖါရိရှဲများ၏ ဆန့်ကျင်မှုများနှင့် မှားယွင်းစွာ ရုပ်လုံးဖော်မှုများသည် ၎င်းတို့အား ခရစ်တော်ထံမှ ကျောခိုင်းသွား စေ ရန် မတတ်နိုင်သော်လည်း အကြီးအကျယ် စိတ်ပျက်မှုများကို ဖြစ်စေခဲ့ပါသည်။ ငယ်ရွယ်စဉ်အခါက ၎င်းတို့သင်ကြားခဲ့ရသော အရာများ၏ ဩဇာသက်ရောက်မှုများ၊ ဖါရိရှဲများ၏ သွန်သင်ချက်များ၊ ရိုးရာဓလေ့များ၏ အရှိန်အဟုန် စသည်တို့သည် ခုတိုင်အောင် ၎င်းတို့အား သမ္မာတရားကို မသိမြင်နိုင်အောင် တားဆီးပိတ်ပင်လျက် ရှိသဖြင့် မိမိတို့လျှောက်ရမည့်လမ်းကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ကြချေ။ ခရစ် တော်ထံမှ အဖိုးထိုက်တန်လှသော အလင်းတော်သည် မကြာခဏ၎င်းတို့အပေါ်သို့ ထွန်းတောက်ခဲ့သော်လည်း မှောင်မိုက်ထဲတွင် စမ်းတဝါးဝါးဖြင့် သွားလာနေသည့် လူများကဲ့သို့ သူတို့မကြာခဏ ဖြစ်ခဲ့ကြပါသည်။ သို့ရာတွင် ဤနေရာတွင်မူ သူတို့၏

ယုံကြည်ခြင်းကို အကြီးအကျယ် အစမ်းအသပ်မခံရမီတွင် သန့်ရှင်းသောဝိညာဉ် တော်သည် တန်ခိုးတော်ဖြင့် ၎င်းတို့အပေါ်သို့ကျရောက်ခဲ့ပါသည်။ ထို့ကြောင့် သူတို့၏ မျက်စိများကို ခေတ္တခဏမျှ ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ် စေခဲ့ပါသည်။ (၂ကော၊ ၄း၁၈) သူတို့သည် လူသားသဏ္ဌာန်အောက်တွင် ဘုရားသခင့်သားတော်၏ ဘုန်းတော်ကိုတွေ့မြင်ခဲ့ကြ ပါသည်။

         ယေရှုကလည်း ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်းဟု မိန့်တော်မူ၏။

         ပေတရုဖွင့်ဟဝန်ခံခဲ့သော သမ္မာတရားသည် ယုံကြည်သူများ၏ အခြေခံ ယုံကြည်ခြင်း တိုက်မြစ်ဖြစ်ပါသည်။ ထာ၀ရအသက်ဖြစ်သည်ဟု ခရစ်တော်ကိုယ် တော်တိုင် မိန့်မြွက်ခဲ့သည့်အရာသည် ထိုအရာပင်ဖြစ်ပါသည်။ သို့ရာတွင် ဤအ သိဥာဏ်ကိုရရှိထားခြင်းအတွက် ဂုဏ်မောက်စရာ အကြောင်းမရှိချေ။ မိမိ၏ ပင်ကို ဥာဏ်ပညာနှင့်ကောင်းမြတ်ခြင်းများကြောင့် ထိုအသိဥာဏ်ကိုရရှိသည်မဟုတ်ချေ။ လူဇာတိသက်သက်အားဖြင့် ဘုရားနှင့် ပတ်သက်သော ထိုအသိပညာမျိုးကို မည် သည့်အခါမျှမရရှိနိုင်ချေ။ ထာ၀ရ ဘုရားသခင်၏ဇာတိတော်သည် မိုးကောင်းကင် ကိုမီသည်ဖြစ်၍ သင်သည်  အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက်နက်သည် ဖြစ်၍ သင်သည်  အဘယ်သို့ပြုနိုင်သနည်း ယောဘ ၁၁း၈။ လူမျက်စိဖြင့်မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့်မကြံစည်သေးသည့် ဘုရားသခင်၏ နက်နဲသော အရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ၁ကော၊ ၂း၉-၁၀။ ထာ၀ရဘုရားကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော် ကိုသိရသောအခွင့်ရှိကြ ၏။ ဆာလံ ၂၅း၁၄။ ပေတရုသည် ခရစ်တော်၏ ဘုန်းတော်ကိုသိမြင်ရခြင်းမှာ ၎င်းသည် ဘုရားသခင်သွန်သင်တော်မူ သောသူ ဖြစ်ကြောင်း အထောက် အထားပင်ဖြစ်ပါသည်။ ယောဟန် ၆း၄၅။ ထိုကြောင့် ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည်မဟုတ် ဟု ယေရှုရှင်မိန့်မြွက်ခဲ့ခြင်းဖြစ်ပါသည်။

         ထို့ပြင်ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ် မှာငါ့  အသင်းကိုငါတည်ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံ၏တံခါး တို့သည် မနိုင် ရာ ဟု ယေရှုရှင်ဆက်လက်၍ မိန့်မြွက်တော်မူသည်။

         ပေတရု ဟူသောစကားသည် ရွေ့လျားနိုင်သောကျောက်တုံး ကိုဆို လိုပါသည်။ အသင်းတော်တည်ဆောက်ထားခြင်းခံရသော ကျောက်မြတ်သည် ပေတရုမဟုတ်ချေ။ သူသည် ကျိန်ဆိုမှုများကိုပြု၍ ကိုယ်တော်အား ငြင်းဆိုသော အချိန်တွင် မရဏာနိုင်ငံ၏တံခါးတို့သည် သူ့အားအနိုင်ယူခဲ့ပါသည်။ အသင်းတော် ကို မရဏာနိုင်ငံ၏တံခါးများမနိုင်နိုင်သည့်ပုဂ္ဂိုလ် တစ်ပါးအပေါ်တွင် တည်ထောင် ခဲ့ပါသည်။

         ခရစ်တော်ကြွမလာမီ နှစ်ပေါင်းများစွာကတည်းက မောရှေသည်ဣသရေလ  လူများ၏ ကယ်တင်ခြင်းအသက်ကျောက်မြတ်ကို ပြညွှန်ခဲ့ပါ သည်။ ဆာလံ ဆရာ ကြီးက ငါတို့အားပေးသောကျောက် ဟူ၍ သီချင်းစပ်ဆိုခဲ့ပါသည်။ (ဆာလံ ၆၂း၇) အရှင်ထာ၀ရဘုရားက စုံစမ်းသော အမြစ်ကျောက်တည်းဟူသော မလှုပ် နိုင်အောင်မြဲမြံသော တိုက်ထောင့် အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချ ထား၏ ဟူ၍ ဟေရှာယက ရေးသားခဲ့ပါသည်။ ဟေရှာ ၂၈း၁၆။ ပေတရုကိုယ်တိုင် သည် သခင်ယေရှုနှင့် ပတ်သက်သော ထိုအနာဂတ္တိစကားကို အသုံးပြုလျက် သင် တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍---လူတို့ပယ် ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ်တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ၁ပေ၊ ၂း၁- ဟူ၍ရေးသားခဲ့ပါသည်။

         ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတစ်ပါး အခြား သော တိုက်မြစ်ကို အဘယ်သူမျှမချနိုင် ၁ကော၊ ၃း၁၁။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည် ဟု ယေရှုရှင် မိန့်မှာခဲ့ပါသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင်လည်းကောင်း၊ မရဏာ နိုင်ငံမှမမြင်နိုင်သော စစ်သည်များ၏ ရှေ့ မှောက်တွင်လည်းကောင်း ခရစ်တော်သည် မိမိ၏အသင်းတော်ကို ထိုကျောက် မြတ် ပေါ်တွင် တည်ထောင်တော်မူခဲ့ပါသည်။ ထိုကျောက်မြတ်သည် ကျွန်ုပ်တို့အတွက် ကြေမွအောင် ထိုးနှိပ်ခြင်းခံခဲ့ရသည့် ကိုယ်တော်၏ခန္ဓာကိုယ်တည်းဟူသော ကိုယ် တော်တိုင်ဖြစ်ပါသည်။ ဤတိုက်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သည့် အသင်း တော်ကို မရဏာနိုင်ငံ၏ တံခါးများသည်မနိုင်ရာ။

         ဤစကားများကို ခရစ်တော်မိန့်တော်မူသော အချိန်တွင် အသင်းတော် သည် အလွန်အားနည်း နေပါသေးသည်။ နတ်ဆိုးနှင့် ၎င်း၏အပေါင်းအပါအားလုံး သည် လက်တစ်ဆုပ်စာမျှသာရှိသည့် ယုံကြည်သူများကို ဦးတည်တိုက်ခိုက်နေ သော အချိန်ဖြစ်ပါသည်။ သို့သော်လည်း ခရစ်တော်၏ နောက်လိုက်များသည် စိုးရွံ့ရန်မလိုပါချေ။ သူတို့သည် ကျောက်မြတ်ပေါ်တွင် တည်ဆောက်ထားကြသဖြင့် မရဏာနိုင်ငံ၏တံခါးတို့သည် သူတို့အား မနိုင်နိုင်ချေ။

         နှစ်ပေါင်းခြောက်ထောင်လုံးလုံး ယုံကြည်ခြင်းကို ခရစ်တော်၌ တည်ဆောက် ခဲ့ကြပါသည်။ နှစ်ပေါင်းခြောက်ထောင်လုံးလုံး စာတန်၏ အမျက်တော်လှိုင်းတံပိုး များသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကျောက်မြတ်ကို ရိုက်ခတ် တိုက်ခိုက်ခဲ့ကြပါ သည်။ သို့ပါသော်လည်း ထိုကျောက်မြတ်သည် မလှုပ်မရှားခိုင်မြဲစွာ ရပ်တည်လျက် ရှိနေပါသည်။

         ပေတရုသည် အသင်းတော်ယုံကြည်ချက်၏ အခြေခံဖြစ်သည့် သမ္မာတရား ကို ဖွင့်ဟခဲ့သည့်အတွက် ယုံကြည်သူအားလုံး၏ ကိုယ်စားသူ့အား ဂုဏ်ပြုသည့် နေဖြင့် ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင် သည်မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိ လိမ့်မည်။  မြေကြီးပေါ်မှာဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိ လိမ့်မည်ဟု ယေရှုရှင်မိန့်တော်မူခဲ့ပါသည်။

         ကောင်းကင်နိုင်ငံတော်၏သော့ များသည် ခရစ်တော်၏ နှုတ်ထွက် စကားများ ဖြစ်ကြပါသည်။ သမ္မာကျမ်းစာတွင် ရေးသားထားသော အရာအားလုံး သည် ကိုယ်တော်၏ နှုတ်ထွက်စကားများဖြစ်ကြပါသည်။ ထိုနှုတ်ထွက်စကားများ၌ ကောင်းကင်နိုင်ငံတော်၏ တံခါးများကိုဖွင့်နိုင်၊ ပိတ်နိုင်သောတံခါးများရှိပါသည်။ ထို နှုတ်ကပတ်တော်များသည် ဝင်စား ရမည့်သူများနှင့် ငြင်းပယ်ခြင်းခံရမည့် ပုဂ္ဂိုလ် များ၏ အခြေအနေများကို ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်ကို ဟောကြားသောသူများ၏ အလုပ်သည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင် ခြင်း၏ အမွှေးအကြိုင် ဖြစ်သည်။ (သို့မဟုတ်) သေခြင်းတိုင်အောင် သေခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ ထိုသူများ၏ အထူးလုပ်ငန်းများသည် ထာ၀ရကာလ၏ အကျိုးဆက်များနှင့် ရစ်ပတ်ထားလျက်ရှိပါသည်။

         ကယ်တင်ရှင်သည် ဧဝံဂေလိအမှုတော်ကို ပေတရုအားသီးသီး ခြားခြား ပေးအပ်ခဲ့သည် မဟုတ်ချေ။ ပေတရုအား ပြောဆိုခဲ့သည့်စကားများကို နောက် ပိုင်းတွင fပြန်လည်မိန့်တော်မူရာ၌ ထိုစကားများသည် အသင်းတော်ကိုတိုက်ရိုက် မိန့်မြွက်ခြင်းဖြစ်ကြောင်း ကိုယ်တော်အမိန့်ရှိတော်မူခဲ့ပါသည်။ တူညီသော အနှစ် သာရများကို ယုံကြည်သူများ၏ ကိုယ်စားအဖြစ် တမန်တော် ဆယ့်နှစ်ပါးကိုလည်း မိန့်မြွက်တော်မူခဲ့ပါသည်။ ခရစ်တော်သည် တမန်တော် တစ်ဦးထက်တစ်ဦးကို ပို၍ အထူးအာဏာများ လွှဲအပ်ပေးခဲ့ပါလျှင် ၎င်းတို့ အချင်းချင်းမည်သူသည် အကြီးမြတ် ဆုံးဖြစ်သနည်းဟူ၍ မကြာခဏဖြစ်ပွား သည့်ငြင်းခုံမှုများကို ကျွန်ုပ်တို့တွေ့ ကြရ လိမ့်မည် မဟုတ်ချေ။ မိမိတို့သခင်၏ အလိုတော်ကိုလိုက်၍ ကိုယ်တော်ရွေးချယ် တော်မူခဲ့သော တမန်တော်အား  ရိုသေကြလိမ့်မည်သာဖြစ်ပါသည်။

         ခရစ်တော်သည် တမန်တော်တစ်ပါးအား ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ပြုမည့်အစား သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်၊ ဥပဇ္ဈာယ် ဆရာဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်၊ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ မဿဲ ၂၃း၈၊၁၀ ဟူ၍ မိန့်မြွက်ခဲ့ပါသည်။

         လူတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်၏ ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကိုချထားသဖြင့် အသင်းတော်အဖို့အလိုငှါ သူ့ကိုအလုံးစုံတို့၏အချုပ်အခြာဦးခေါင်းဖြစ် စေတော်မူ၏။ ထိုအသင်းတော်ကား အလုံးစုံတို့ကို အလုံးစုံတို့နှင့်ပြည့်စုံစေ တော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သတည်း။ဧဖက် ၁း၂၂-၂၃။ အသင်းတော်၏ တိုက်မြစ် သည် ခရစ်တော်အပေါ်တွင် တည်ဆောက်ထားပြီး အသင်းတော်သည် မိမိ၏ဦး ခေါင်းဖြစ်သော သခင်ယေရှုခရစ်တော်၏ စကားတော်ကို နားထောင်ရန်သာ ဖြစ် ပါသည်။ ထို့ကြောင့်အသင်းတော်သည် လူသားများအပေါ် မှီခိုအားထားရန်မဟုတ် ချေ။ သို့မဟုတ်လျှင် အသင်းတော်သည် လူသားများ၏ ချုပ်ထိန်းခြယ်လှယ်မှုကို ခံ ရပါလိမ့်မည်။ အသင်းတော်၏ မြင့်မားသောရာထူးကို ရရှိထားသူတစ်ဦးက အခြား သူများယုံကြည်ရမည့် အရာများနှင့် လုပ်ဆောင်ရမည့် အရာများကို ဆင့်ဆိုခိုင်း စေ နိုင်သည့်အာဏာကို ၎င်းအားပေးထားသည်ဟု လူအများတို့ အခိုင်အမာပြောဆိုနေ ကြပါသည်။ ထိုပြောဆိုချက်များကို ဘုရားသခင် အတည်ပြုတော်မမူချေ။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြသည် ဟု ကိုယ်တော်ရှင်မိန့်တော် မူခဲ့၏။ လူအားလုံးသည် စုံစမ်းခြင်းခံရမည့်အခြေအနေ၊ အမှားလုပ်နိုင်သည့် အခြေ အနေများတွင် ရှိနေကြပါသည်။ လမ်းပြများအဖြစ် မည်သည့်အားနည်းသော လူသားတစ်ဦး တစ်ယောက်ကိုမျှ မှီခိုအားထားနိုင်သည့် အခြေအနေတွင်မရှိပါ။ ယုံကြည်ခြင်း၏ ကျောက်မြတ်သည် အသင်းတော်တွင် အသက်ရှင်လှုပ်ရှားနေသော ခရစ်တော်ပင်ဖြစ်ပါသည်။ အားနည်းသောသူများသည် ထိုကျောက်မြတ် ကိုအားကိုး မှီခိုနိုင်ပြီး မိမိကိုယ်ကိုအားကြီးသည်ဟုအထင်ရှိသူများသည် ခရစ်တော်အား မိမိ တို့၏ အစွမ်းဟုမကိုးစားကြပါက အားနည်းသူများအဖြစ် ထင်ရှားကြပေလိမ့်မည်။ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာ၀ရဘုရားထံတော် မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ ယေရမိ ၁၇း၅။ ဘုရား သခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ တရား ၃၂း၄။ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။ဆာလံ ၂း၁၂။

         ပေတရု၏ ဖွင့်ဟဝန်ခံသံကကြားရပြီးနောက် သခင်ယေရှုက မိမိသည် ခရစ်တော်ဖြစ်ကြောင်းကို မည်သူကိုမျှ သွား၍မပြောကြားသေးရန် တမန်တော် များအား မြစ်တားတော်မူ၏။ အကြောင်းမှာ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် မိမိအား ဆန့်ကျင်နေသော ဖါရိရှဲများကြောင့် ဖြစ်ပါသည်။ ၎င်းပြင် ကိုယ်တော်ရှင့်အကြောင်း လူသိရှင်ကြား ကြေညာခြင်းသည် ၎င်းတို့အား ကိုယ်တော်၏ စာရိတ္တတော်နှင့် အမှု တော်အတွက fမှားယွင်းနေသော အယူအဆကို ဖြစ်စေလိမ့်မည်ဟူသော မမှန်ကန် သော ထင်မြင်ချက်သည် တမန်တော်များနှင့်တကွ လူအများ၏ စိတ်တွင်ရှိနေသော ကြောင့်လည်းဖြစ်ပါသည်။ သို့ရာတွင် မိမိသည် ကယ်တင်ရှင်တစ်ပါးဖြစ်ကြောင်း ၎င်းတို့အား တစ်နေ့ပြီးတစ်နေ့ဖော်ပြလျက်ရှိပြီး ထိုနည်းအားဖြင့် မိမိသည် မေရှိယ ဖြစ်ကြောင်း မှန်ကန်သော အတွေးအခေါ်ကို ၎င်းတို့အား ကိုယ်တော်ပေးလိုတော် မူပါသည်။

         ခရစ်တော်သည် လောကီရှင်ဘုရင်တစ်ပါးအဖြစ် နန်းတက်မည့် အချိန်ကို တမန်တော်များ မျှော်လင့်ဆဲဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ၏ အကြံတော်ကို အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သော်လည်း ယခုကဲ့သို့ ဆင်းဆင်းရဲရဲမထင်မရှား အမြဲတမ်း နေမည်မဟုတ်ကြောင်းနှင့် ကိုယ်တော်၏ နိုင်ငံတော်တည်ထောင်မည့် အချိန်သည် နီးကပ်လာပြီဖြစ်ကြောင်းများကို သူတို့ယုံကြည်ခဲ့ကြပါသည်။ ဖါရိရှဲများ တို့၏ မုန်းတီးမှုကို မည်သည့်အခါမျှ ကျော်လွှားအောင်မြင်နိုင်မည်မဟုတ်သည့်ပြင် ခရစ်တော်ကို မိမိ၏လူမျိုး များကိုယ်တိုင်ကငြင်းပယ်ကြကာ လှည့်ဖြားသူတစ်ဦးအ ဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြပြီး ရာဇဝတ်သားတစ်ဦးအနေဖြင့် ကပ်တိုင်တင်ကြလိမ့်မည် ဆိုသည့် အတွေးအခေါ်များကို တမန်တော်များ မည်သည့်အခါမျှသဘောတူလက်ခံ နိုင်ခြင်းမရှိခဲ့ကြချေ။ သို့သော်လည်း အမှောင်တန်ခိုးတော်၏အချိန်သည် နီးကပ်လာ ပြီဖြစ်သည့်အတွက် ခရစ်တော်သည် ၎င်းတို့မကြာမီ တွေ့ကြုံရမည့်တိုက်လှန်ပွဲများ ကို တမန်တော်များအား ဖော်ပြရပေတော့မည်။ ကိုယ်တော်သည် ထိုစုံစမ်းစစ်ဆေး ခြင်းကို ကြိုတင်မြင်ယောင်တော်မူစဉ်မှာပင် ဝမ်းနည်းမှုကိုခံစားခဲ့ရပါသည်။

         ကိုယ်တော်သည် ထိုအချိန်အထိ မိမိခံစားရမည့် ဒုက္ခဝေဒနာများနှင့် သေသတ်ခံခြင်းများနှင့် စပ်လျဉ်းသောအရာများကို တပည့်တော်များအား အသိ မပေးဘဲ အောင့်အည်းထားခဲ့ပါသည်။ နိကောဒင်နှင့်တွေ့ဆုံ ပြောကြားစဉ်က ]]မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်း ကိုခံရမည်။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရမည်အကြောင်းတည်း}} ဟူ၍ ကိုယ်တော်ရှင် မိန့်ကြားခဲ့ဖူးပါသည်။ ယောဟန် ၃း၁၄-၁၅။ သို့ရာတွင် တမန်တော် များသည် ထိုစကားများကို မကြားခဲ့ကြပါ။ အကယ်၍ကြားခဲ့ကြလျှင်လည်း နားလည် ကြမည်မဟုတ်ချေ။ သို့ရာတွင် ကိုယ်တော်ရှင်၏ နိမ့်ကျသောအသက်တာနှင့် ဖါရိရှဲ များ၊ ယုဒလူများ၏ ဆန့်ကျင်မှုများရှိနေသည့်ကြားမှ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်ပါသည်ဟု ပေတရုနှင့်အတူ သက်သေခံလာနိုင်သည့် အခြေအနေအထိ နှုတ်တော်ထွက် စကားများကို နားထောင်ယင်း၊ ပြုတော်မူသည့်နိမိတ် လက္ခဏာများကိုကြည့်ရှုယင်း ယေရှုနှင့်အတူ နေထိုင်ခဲ့ကြပါသည်။ ယခုတွင်မူ အနာဂတ်ရေးများကို ဖုံးကွယ်ထား သည့် ကန့်လန့်ကာကို ရုပ်သိမ်းဖယ်ရှားပစ်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပေပြီ။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည်၊ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အ ကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကို လည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှ စ၍ တပည့်တော်တို့အား ပြတော်မူ၏။

         တမန်တော်များသည် ဝမ်းနည်းမှုများ၊ အံ့ဩမှုများကြောင့် စကားတစ်လုံးမျှ မပြောနိုင်ကြဘဲ နားထောင်နေခဲ့ကြ၏။ ခရစ်တော်သည် မိမိအားဘုရား၏ သားတော် ဖြစ်ကြောင်း ပေတရု၏ အသိအမှတ်ပြုချက်ကို လက်ခံတော်မူခဲ့ပြီးမှ မိမိခံစားရမည့် ဒုက္ခဝေဒနာများ၊ အသေသတ်ခံခြင်းများနှင့် ပတ်သက်သည့် စကားများကို ဖော်ပြ နေပြန်သည့်အတွက် တမန်တော်များအဖို့ နားမလည်နိုင်အောင်ဖြစ်နေကြပါသည်။ ထိုအခါ ပေတရုသည် မပြောဘဲ မနေနိုင်အောင်ဖြစ်လာကာ ကျရောက်တော့မည့် ဘေးကိုလွတ်စိမ့်သောငှါ နောက်သို့ဆွဲလိုက်သည့်နှယ် ကိုယ်တော်အားဆွဲကိုင်လျက် သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက် ရာဟု လျှောက်ထားတော်မူလိုက်၏။

     ပေတရုသည် သခင်ဘုရားအား  ချစ်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ယခုကဲ့သို့ မိမိ အား ဒုက္ခခံစားခြင်းမှ ကာကွယ်လိုသောဆန္ဒကို ဖော်ပြခြင်းအတွက် ခရစ်တော် ချီး မွမ်းတော်မမူခဲ့ချေ။ ပေတရုစကားများသည် မကြာမီတွင် ခံစားရတော့မည့် ဒုက္ခ ဆင်းရဲခြင်းတွင် ခရစ်တော်အတွက် အမအစရမည့်စကားမျိုး၊ နှစ်သိမ့်ရာကိုဖြစ်မည့် စကားမျိုးမဟုတ်ခဲ့ချေ။ ထိုစကား များသည် ပျောက်ဆုံးနေသော ကမ္ဘာအတွက် ထားရှိသည့်ဘုရားသခင်၏ ကရုဏာတော်အကြံအစည်နှင့်လည်း မကိုက်ညီသည့် အပြင် ပုံသက်သေတစ်ခုအဖြစ် ယေရှုရှင် လာရောက်သွန်သင်တော်မူသည့် အနစ် နာခံခြင်း သင်ခန်းစာနှင့်လည်း မကိုက်ညီချေ။ ပေတရုအနေနှင့်မူ ခရစ်တော်၏ အမှုတော်တွင် ကပ်တိုင်ကိုမတွေ့မမြင်လိုချေ။ ၎င်းပြောဆိုခဲ့သော စကားများက တပည့်တော်များ၏ စိတ်ထဲတွင် စွဲမှတ်စေခဲ့သည့် အရာများသည် ခရစ်တော်စွဲမှတ် စေလိုသည့် အရာများနှင့် လုံးလုံးဆန့်ကျင်ခဲ့ပါသည်။ ထိုစကားသည် ကိုယ်တော် အား ပြင်းထန်သည့်ဆုံးမစကားများကို နှုတ်တော်မှဖွင့်ဟစေခဲ့သဖြင့် အချင်းစာ တန်၊ ငါ့နောက်ကိုဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏ အရာကိုစိတ်မစွဲလမ်း၊ လူတို့အရာကိုစွဲလမ်းသည် ဟူ၍ မိန့်မြွက်တော်မူခဲ့ သည်။

         စာတန်သည် ခရစ်တော်အား စိတ်ဓာတ်ကျ၍ မိမိအမှုတော်မှ နောက်ဆုတ် သွားရန်ကြိုးစားနေပြီး ပေတရုသည် အပြစ်မမြင်သော အချစ်ဖြင့် စုံစမ်းခြင်းသို့ လိုက်ပါရန် ဆန္ဒပြုနေပါသည်။ ဒုစရိုက်၏ သခင်သည် ပေတရု၏စိတ်သဘောထား ကို ထိန်းချုပ်ထားပါသည်။ စာတန်၏ လှုံ့ဆော်မှုသည် ပေတရု၏ စိတ်ကူးပေါက်ရာ တောင်းဆိုမှု၏ နောက်ကွယ်တွင် ရှိနေပါသည်။ နှိမ့်ချ၍ အနစ်နာခံခြင်းလမ်းစဉ်ကို စွန့်လွှတ်လျှင် လောက ကမ္ဘာ၏အုပ်စိုးပိုင်ခွင့်အာဏာကို ခရစ်တော်အားပေးရန် စာ တန်သည် တော၌ ကမ်းလှမ်းခဲ့ဖူးပါသည်။ ယခုတွင် ထိုစုံစမ်းနည်းမျိုးကို ကိုယ် တော်၏ တမန်တော်များအား တင်ဆက်လျက်ရှိပါသည်။ သခင်ယေရှုက ကြည့်မြင် စေလိုသောကပ်တိုင်ကို မမြင်တွေ့စေလိုသောငှါ စာတန်သည် ပေတရုအား လော ကီနှင့်ပတ်သက်သော ကျော်စောကိတ္တိဖြစ်မှုများကိုသာ အာရုံစူးစိုက် စေခဲ့ပါသည်။ ၎င်းပြင် စာတန်သည် ပေတရုမှတစ်ဆင့် ခရစ်တော်အား တစ်ဖန်စုံစမ်းသွေးဆောင် နေခြင်းလည်း ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်သည် ထိုစကားများကို နားထောင် ခဲ့ခြင်းမရှိဘဲ မိမိတမန်တော်၏ အကျိုးအလို့ငှါသာ စဉ်းစားဆင်ခြင်ခဲ့ပါသည်။ မိမိအ တွက် ပြုတော်မူခဲ့သော ခရစ်တော်၏ နှိမ့်ချခြင်းကို ပေတရုမတွေ့ထိစေရန်အလိုငှါ ၎င်းနှင့်ကိုယ်တော် အကြားတွင် စာတန်သည် ကြားဝင်လုပ်ဆောင်ခဲ့ပါသည်။ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့ ဟူ၍ ခရစ်တော်မိန့်မြွက်တော်မူခဲ့ သောစကားများသည် ပေတရုကို ပြောဆိုနေခြင်းမဟုတ်ဘဲ ပေတရုအား ၎င်း၏ ကယ်တင်ရှင်နှင့်ကွဲပြားအောင် လုပ်ဆောင်နေသော စာတန်ကို ပြောဆိုနေခြင်း ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ငါနှင့်ငါ့တပည့်တော်အကြားမှ ကြားဝင်မစွက်ဖက်ပါနှင့်။ ငါ့ရဲ့နက်နဲလှတဲ့ မေတ္တာတော်ကို သူ့အားပြနိုင်ဖို့ ပေတရုနှင့် မျက်နှာချင်းဆိုင်တွေ့ နိုင်ရန် ငါ့ကိုအခွင့်ပေးပါ ဟူ၍ဖြစ်၏။

         ဤအရာသည် ပေတရုအတွက်ခါးသီးသော သင်ခန်းစာတစ်ခု ဖြစ်ပြီး ၎င်း ကိုယ်တိုင်ကောင်းစွာ မသိရှိခဲ့သည့် နိမ့်ကျ၍ ဒုက္ခဝေဒနာများနှင့် ပြည့်၀နေသော ခရစ်တော်၏ လောကအသက်တာ ခရီးတစ်ခုလည်းဖြစ်ပါသည်။ ထိုတမန်တော် သည် ၎င်း၏သခင်နှင့်အတူ မျှဝေခံစားရမည့်ဒုက္ခ ဆင်းရဲခြင်းအတွက် နောက်တွန့် နေ၏။ သို့ရာတွင် ဒုက္ခဆင်းရဲခြင်းကို ခံစားရင်း စံစားရမည့် ကောင်းချီးမင်္ဂလာများကို သူသင်ယူရပါမည်။ နောက်ပိုင်း နှစ်ပရိစ္ဆေဒကြာညောင်းစွာ အမှုတော်ဆောင်ပြီး သော……အခါ ချစ်သူတို့၊ သင်တို့ကိုစုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကို ကား သင်တို့၌အံ့ဩဖွယ်သော အရာဖြစ်သည်ဟုထင်မှတ်၍ အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍ ဘုန်းတော်ပေါ်ထွန်း သောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည့်အကြောင်း ယခုပင် ဝမ်းမြောက်ကြ လော့}} ဟူ၍ပေတရုရေးသားခဲ့ပါသည်။ ၁ပေ ၄း၁၂-၁၃။

         ကိုယ်အလိုကိုငြင်းပယ်သော အသက်တာသည် ၎င်းတို့၏ အသက်တာတွင် လည်းဖြစ်သင့်သည့် ပုံသက်သေတစ်ခုဖြစ်ကြောင်း ယခုတွင် အနီး၌ရှိနေကြသော တမန်တော်များနှင့် ယုဒလူများအား မိမိအပါးတွင် စုရုံးစေလျက် ငါ၌ဆည်းကပ်လို သောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည် ဟု ကိုယ်တော်သွန်သင်ရှင်းပြတော်မူ၏။ ကပ်တိုင်သည် ရောမတို့၏တန်ခိုး အာဏာနှင့်ဆက်နွှယ်သော အရာတစ်ခုဖြစ်ပါသည်။ ဤအရာ သည် ကွပ်မျက်ခြင်းနည်းစနစ်များတွင် ကြောက်စရာအကောင်းဆုံးနှင့် အသရေအ ယုတ်ဆုံး နည်းတစ်ခုဖြစ်၏။ အနိမ့်ကျဆုံးရာဇဝတ်သားများအား ကပ်တိုင်ကို ပခုံး ပေါ်တွင် ထမ်းစေလျက် စီရင်မည့်နေရာသို့ ရောက်သည်အထိသယ်ခိုင်း၏။ အပြင်း အထန် ငြင်းဆိုကြသော်လည်း နိုင်ထက်စီးနင်းခိုင်းစေမှုကြောင့် ညှဉ်းပန်းနှိပ်စက် ရေးပစ္စည်းဖြစ်သည့် ထိုကပ်တိုင်ကိုသယ်ကြရ၏။ သို့ရာတွင်  ခရစ်တော်သည် မိမိ တမန်တော်တို့အား ကပ်တိုင်ထမ်း၍ နောက်တော် သို့လိုက်ရန် မိန့်ကြားနေ၏။ တပည့်တော်များအား ပြောခဲ့သည့်စကားများ သည် ရှင်းလင်းကွဲပြားစွာ မသိနိုင် သော်လည်း ခရစ်တော်အတွက် အသေသတ်ခံယူရမည့် အခါးသီးဆုံးအသရေ ရှုတ်ချခြင်းနှင့် အလျှော့ပေး ခံယူခြင်းကိုညွှန်ပြခဲ့ပါသည်။ ကိုယ်တော်၏ စကားတော် တွင် ရုပ်လုံးဖော်ထားသော ကိုယ့်ကိုကိုယ်အပ်နှံခြင်းထက် ပိုမိုပြည့်စုံသော ဆက် ကပ်အပ်နှံခြင်းမျိုး မရှိတော့ပြီ။ ပြုတော်မူခဲ့သော ဆက်ကပ်အပ်နှံခြင်း အလုံးစုံတို့ သည် ၎င်းတို့၏အကျိုးအလိုငှါဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက် သွားမည်ဆိုလျှင် ကောင်းကင်နိုင်ငံတော်သည် တောင့်တဖွယ်နေရာ တစ်ခုအဖြစ် သခင်ယေရှု မှတ်ယူတော်မူမည်မဟုတ်ချေ။ ပြစ်တင်ဝေဖန်ခြင်း၊ မထီလေးစားပြု ခြင်း၊ ရှက်ကြောက်ဖွယ် သေခြင်းများနှင့်ပြီးသော အသက်တာ တစ်ခုအတွက် ကိုယ် တော်သည် ကောင်းကင်ရွှေနန်းတော်ကို စွန့်တော်မူခဲ့၏။ ကိုယ်တော်ရှင်ခံစားရသည့် ဆင်းရဲခြင်းအားဖြင့် ကျွန်ုပ်တို့သည် ချမ်းသာမှုကို ခံစားနိုင်ကြမည့် အကြောင်း ကောင်းကင်ရှိအဖိုးမဖြတ် နိုင်သောဘဏ္ဍာများဖြင့် ကြွယ်၀တော်မူသော ကိုယ်တော် သည် ဆင်းရဲသားဘ၀ကို ခံယူတော်မူခဲ့ရပါသည်။ ကိုယ်တော် ဘုရားလျှောက်လှမ်း ခဲ့သည့် လမ်းအတိုင်း ကျွန်ုပ်တို့လျှောက်လှမ်းကြ ရန်ဖြစ်ပါသည်။

         ခရစ်တော်ရှင်အသေခံအသက်ပေး၍ ဝယ်ယူခဲ့သောအသက် ဝိညာဉ်များကို ချစ်သည်ဆိုရာတွင် ငါ တည်းဟူသော အတ္တကိုကပ်တိုင် တင်ခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ သားသမီးဖြစ်သောသူသည် မိမိကိုယ်ကို ကမ္ဘာလောကအား ကယ် တင်ရန် ကောင်းကင်မှ တွဲလောင်းချထားသည့် သံကြိုးကြီးမှ သံကွင်းတစ်ကွင်းဖြစ် ကြောင်း၊ ကရုဏာစီမံကိန်း တွင်ပျောက်ဆုံးနေသော အသက်ဝိညာဉ်များ ကိုရှာဖွေ ကယ်တင်ရန် ကိုယ်တော်ရှင်နှင့်အတူ လုပ်ဆောင်နေသူဖြစ်ကြောင်း ယခုအချိန်မှစ မှတ်ယူကြရန်ဖြစ်ပါသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် ကိုယ့်ကိုကိုယ် ဘုရားသ ခင်အား ဆက်ကပ်ထားသူဖြစ်ကြောင်း မိမိ၏အသက်တာအားဖြင့်  ကမ္ဘာအား ခရစ် တော်ကို ဖော်ပြရန်ဖြစ်သည်ကို အမြဲတမ်း နားလည်ထားရပါမည်။ ခရစ်တော်၏ သက်တာတွင် ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရသော ကိုယ်ကျိုးစွန့်မှုများ၊ ကိုယ်ချင်းစာ နာခြင်းများနှင့် ချစ်ခြင်းမေတ္တာများတို့ကို ဘုရားသခင်၏ အမှုတော်ဆောင်များ၏ သက်တာတွင်လည်း ပြန်လည် ထင်ရှားစေပါသည်။

         အကြင်သူသည် မိမိအသက်ကိုကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရား ကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် သေခြင်း နှင့်စပ်ဆိုင်၏။ ကိုယ်ခန္ဓာ၏ မည် သည့်အစိတ်အပိုင်းမျှ မိမိအတွက်သာ လုပ်ဆောင်ခြင်းဖြင့် အသက်မရှင်နိုင်ချေ။ လက်နှင့်ခြေများသို့သွေးပို့ရန် ပျက်ကွက်သောနှလုံးသည် မိမိ၏စွမ်းဆောင်မှုများကို လျင်မြန်စွာဆုံးရှုံး သွားပေလိမ့်မည်။ အသက်သွေးကြောများသည် ကျွန်ုပ်တို့၏ ခန္ဓာ ကိုယ် တစ်ခုလုံးတွင် ပျံ့နှံ့နေသကဲ့သို့ ခရစ်တော်၏ မေတ္တာတော်သည် နားလည်ရန် ခက်လှသော ကိုယ်တော်၏ ခန္ဓာကိုယ်တည်းဟူသော အသင်းတော်မှ အသင်းသား တိုင်း၌ ပျံ့နှံ့လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ထိုခန္ဓာကိုယ်ကြီးမှ အစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးနှင့်တစ်ဦး မျှဝေရန်ငြင်းဆန်ပါက ပျက်စီးဆုံးရှုံးကြပေ လိမ့်မည်။ ထိုနောက် လူသည် ဤစကြ၀ဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း ဟု ဆက်လက်၍ ယေရှုရှင်မိန့်မြွက်တော်မူခဲ့ပါသည်။

         ပစ္စုပ္ပန်ဘ၀အသက်တာ၏ဆင်းရဲခြင်း၊ နိမ့်ကျခြင်းများနှင့် နှိုင်းယှဉ် ခြင်းငှါ မထိုက်သော လောကီဘုရင်များ၏ ကြီးကျယ်ခမ်းနားမှုများနှင့် မဆိုင်ဘဲ ဘုရား သခင်နှင့်တကွ ကောင်းကင်သားများ၏ ဘုန်းတော်နှင့် ပြီးသော မိမိ၏ကြွလာခြင်း အကြောင်းကို တပည့်တော်များအား ပြညွှန်ခဲ့ပါ သည်။ ထိုနောက် လူအသီးသီးတို့ အား ကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့ ဟူ၍ မိန့်တော်မူပြီး ၎င်းတို့အား အားပေးသည့်အနေဖြင့် ငါအမှန်ဆိုသည်ကား လူသားသည် နိုင်ငံတော် တည်လျက်ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီသေခြင်းသို့မရောက်ရဟု ယေရှုရှင်ကတိပြုတော်မူခဲ့ပါ သည်။ သို့သော်လည်း တမန်တော်များသည် ကိုယ်တော်ပြောသည့်စကားကို နားမ လည်ခဲ့ကြချေ။ ၎င်းတို့သည် တွေ့မြင်နေရသော ကိုယ်တော်ရှင်၏ ဆင်းရဲနိမ့်ကျ၍ ဒုက္ခပင်လယ်ဝေသော အသက်တာကိုသာ အာရုံစူးစိုက် နေကြသဖြင့် မိန့်တော်မူနေ သော ဘုန်းတော်နှင့်ကြွလာခြင်းသည် ၎င်းတို့ အတွက်နားလည်ရန် အလွန်ခက်ခဲ နေသယောင်ဖြစ်နေပါသည်။ မေရှိယ၏ နိုင်ငံတော်နှင့်ပတ်သက်သည့် အရှိန်ကြီး သော ၎င်းတို့၏မျှော်မှန်းချက်ကို လက်လျှော့လိုက်ရတော့မည်လား။ ဒါဝိဒ်မင်း၏ ပလ္လင်ပေါ်တွင် သူတို့၏ သခင်အား ချီးမြှောက်ကြမည်ကို သူတို့မမြင်တွေ့ကြရ တော့ဖူးလား။  နိမ့်ကျ၍ အိုးအိမ်မဲ့သော ခြေသလုံးအိမ်တိုင် သမားတစ်ယောက် ဖြစ် အစော်ကားခံ၊ အငြင်းပယ်ခံရကာ နောက်ဆုံးတွင် အသေသတ်ခံသွားရမည့် အသက်တာဖြင့် နေထိုင်ခဲ့ရသောသူသည် ခရစ်တော်ဖြစ်နိုင်ပါ့မလား။ သူတို့သည် မိမိတို့၏ သခင်ကိုချစ်ကြသောကြောင့် ထိုမေးခွန်းများသည် သူတို့၏စိတ်နှလုံးကို ဝမ်းနည်းပူပန်စေသည်။ ဘုရားသခင်၏ သားတော်သည် ယခုကဲ့သို့ရက်စက်သော အသရေရှုတ်ချမှုကို ခံရမည်ဆိုသည်မှာ နားမလည်တတ်အောင်ဖြစ်နေသည့် တွက် ဖြစ်ပေါ်လာသော သံသယစိတ်သည် သူတို့အားတွေဝေသောက ရောက်စေ ခဲ့ပါသည်။ မိမိတို့အား ကိုယ်တော်ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ယေရုရှလင်မြို့တွင် ရင်ဆိုင်ရမည့် အရာများသိလျက်နှင့် အဘယ်ကြောင့် မိမိသဘောအတိုင်း ထိုမြို့ သို့သွား ခဲ့သနည်းဟု သူတို့စောဒကတက်လာခဲ့ကြပါသည်။ ထိုကဲ့သို့သောကံကြမ္မာ ထဲသို့ကျရောက်ရန် မိမိကိုယ်ကို မည်ကဲ့သို့အလျှော့ပေးခဲ့သနည်း။ ၎င်းပြင် ကိုယ်တော်ရှင်ကို မိမိတို့မသိရှိမီက စမ်းတဝါးဝါးနှင့်လျှောက်လှမ်းခဲ့ရ သည်ထက် ပို၍ကြီးမားသောမှောင်မိုက်ထဲတွင် ၎င်းတို့အား မည်ကဲ့သို့ ထားရစ်ခဲ့မည်နည်း။

         ဖိလိပ္ပုကဲသရိနယ်သည် ခရစ်တော်အား ဟေရုဒ်မင်းကြီးနှင့် ယဇ်ပုရော ဟိတ်ကယာဖတို့ လက်လှမ်းမမီနိုင်သော နေရာဖြစ်သဖြင့် ယုဒလူများနှင့် ရောမလူ များ၏မုန်းတီးမှုကို ကြောက်စရာမလိုသော နေရာဖြစ်ပါ သည်။ ဖါရိရှဲများနှင့် အလှမ်း ကွာဝေးသောထိုနေရာ၌ အမှုတော်မဆောင်ဘဲ အဘယ်ကြောင့်အသေသတ်ခံရန် မိမိကိုယ်ကို အပ်နှံရပါသနည်း။ အကယ်၍ ကိုယ်တော်သေသွားခဲ့လျှင် မရဏာ နိုင်ငံ၏ တံခါးတို့မနိုင်ရာသော ခိုင်မြဲ သောနိုင်ငံတော်တစ်ခုကို မည်ကဲ့သို့ တည် ထောင် နိုင်မည်နည်း။ ဤအရာသည် တမန်တော်များအတွက် နားမလည်နိုင်အောင် ခက်ခဲသည့်အရာ တစ်ခုဖြစ်နေပါသည်။

         ယခုအချိန်တွင် သူတို့သည် မိမိတို့၏မျှော်လင့်ချက်များကို ချေမွဖျက်ဆီး ပစ်မည့်မြို့တော်သို့ဦးတည်၍ ဂါလိလဲအိုင်ကမ်းနားအတိုင်း ခရီးသွားနေကြပါသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ခရစ်တော်အား မမေးမြန်းရဲကြသော်လည်း အနာဂတ် ရေးနှင့်စပ်လျဉ်း၍ ဝမ်းနည်းသော အသံများဖြင့် အချင်းချင်းတိုးတိုးတိတ်တိတ် ပြော ဆိုနေကြပါသည်။ သို့တိုင်အောင် မမြင်နိုင်သော အခြေအနေများကြောင့် ၎င်းတို့ သခင်ဘုရားအပေါ် ကျရောက်မည့်ကံကြမ္မာသည် လွှဲဖယ်သွားနိုင်ကောင်းလွှဲဖယ် သွားနိုင်မည်ဟု သူတို့စွဲလမ်းတွေးထင်နေကြပါသည်။ ထိုသို့အားဖြင့် သူတို့သည် ဝမ်းနည်းမှုနှင့်စိုးရိမ်မှုများကိုလည်းကောင်း၊ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုများကို လည်းကောင်း ခြောက်ရက်လုံးလုံးခံစားခဲ့ကြရပါသည်။

 


No comments:

Post a Comment