Monday, April 20, 2026

အခန်းကြီး - ၂၀။ သင်တို့သည်နိမိတ်လက္ခဏာနှင့်အံ့ဖွယ်သောအမှုတို့ကိုမမြင်ရလျှင်

 

သင်တို့သည်နိမိတ်လက္ခဏာနှင့်အံ့ဖွယ်သောအမှုတို့ကိုမမြင်ရလျှင်

ရှင်ယောဟန်ခရစ်ဝင် ၄း၄၃-၅၄ ကိုအခြေပြုထားပါသည်

         ပသခါပွဲမှပြန်လာခဲ့ကြသော ဂါလိလဲလူများသည် သခင်ယေရှု၏ အံ့ဩဖွယ်လုပ်ဆောင်မှုသတင်း များကို ယူဆောင်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏လုပ်ဆောင်မှုများအပေါ်ချမှတ်ခဲ့သည့် ယေရုရှလင်မြို့မှ အကြီးအကဲများ၏ စီရင်ဆုံးဖြတ်ချက်များသည် ဂါလိလဲသို့သွားမည့် ကိုယ်တော်ရှင်၏လမ်းခရီးကိုပွင့်စေခဲ့ ပါသည်။ များစွာသောယုဒများသည် ဗိမာန်တော်၏ဆိုးရွားသောအကျင့်ဓလေ့များ၊ ယဇ်ပုရောဟိတ်များ၏ လောဘကြီးခြင်းများနှင့် မာန်မာနထောင်လွှားခြင်းများကြောင့် စိတ်နှလုံးမချမ်းမသာဖြစ်ခဲ့ရပါသည်။ ထိုအကြီးအကဲများကို ဗိမာန်တော်မှထွက်ပြေးစေခဲ့သော ထိုပုဂ္ဂိုလ်သည် စောင့်မျှော်နေခဲ့သော ကယ်တင်ရှင် ဖြစ်နိုင်သည်ဟု သူတို့မျှော်လင့်ခဲ့ကြပါသည်။ သူတို့၏မျှော်မှန်းချက်ကို အတည်ဖြစ်စေပုံပေါ်သည့် သတင်း များသည် ယခုရောက်ရှိလာပါပြီ။ ထိုပုရောဖက်သည် မိမိကိုယ်ကို မေရှိယဖြစ်သည်ဟု ကြေညာခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြပါသည်။

          သို့ပါသော်လည်း နာဇရက်မြို့သားများသည် ကိုယ်တော်ကိုမယုံကြည်ခဲ့ကြချေ။ ထိုအကြောင်း ကြောင့် ကိုယ်တော်သည်ကာနမြို့သို့အသွားတွင် နာဇရက်မြို့ကိုဖြတ်သန်းမသွားခဲ့ခြင်း ဖြစ်ပါသည်။ ပုရောဖက်များသည် မိမိနေရင်းအရပ်၌ အသရေမရှိဟု တမန်တော်များအား ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ လူတို့သည် မိမိတို့နားလည်သဘောပေါက်သလောက်နှင့်အခြားသူများကို အကဲဖြတ်တတ်ကြပါသည်။ ကျဉ်းမြောင်း၍ လောကဆန်သောသူများသည် ကိုယ်တော်၏နိမ့်ကျသောမွေးဖွားခြင်း၊ နိမ့်ကျသောအဝတ် တန်ဆာနှင့် နေ့စဉ်လုပ်ကိုင်ရသည့် အလုပ်အကိုင်များကိုကြည့်၍ ခရစ်တော်ကိုတန်ဖိုးဖြတ်ခဲ့ကြပါသည်။ သူတို့သည် အပြစ်အနာအဆာကင်းသောစိတ်နှလုံး၏ သန့်ရှင်းစင်ကြယ်မှုကို တန်ဖိုးမထားနိုင်ခဲ့ကြချေ။

         ကိုယ်ဒုက္ခစိတ်ဒုက္ခရောက်နေသောသူများအတွက် မျှော်လင့်ချက်ကိုဖြစ်စေသည့် ကာနသို့ ခရစ်တော် ပြန်လာတော်မူကြောင်းသတင်းသည် မကြာမီတွင် ဂါလိလဲပြည်အနှံ့အပြားသို့ပျံ့နှံ့သွားခဲ့ပါသည်။ ထိုသတင်း သည် ကပေရနောင်မြို့တွင် နေထိုင်သောဘုရင့်အမှုတော်မှ အမတ်တစ်ယောက်အား စိတ်ဝင်စားစေခဲ့ပါ သည်။ ထိုအမတ်၏သားတစ်ယောက်သည် ကုသ၍မပျောက်ကင်းနိုင်သည့်ရောဂါတစ်ခုကို ခံစားနေရ သယောင်ဖြစ်နေပါသည်။ သမားတော်ကြီးများလည်း လက်လျှော့လိုက်ကြပေပြီ။ သို့သော် ဖခင်ဖြစ်သူသည် ခရစ်တော်၏သတင်းကိုကြားသောအခါ ကိုယ်တော်ထံသို့သွား၍ အသနားခံရန်ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကလေး၏အခြေအနေသည် အတော်ဆိုးနေပေပြီ။ သူပြန်ရောက်လာမည့်အချိန်အထိပင် အသက်ရှင်လိမ့်မည် မဟုတ်ဟု စိုးရိမ်နေကြပါသည်။ သို့စေကာမူ ခရစ်တော်ထံသို့ ဤကိစ္စကိုကိုယ်တိုင်ကိုယ်ကြပ် သွားရောက် တင်ပြရမည်ဟု အမတ်ကမှတ်ယူခဲ့ပါသည်။ ၎င်းပြင် ဖခင်တစ်ဦး၏တောင်းလျှောက်သံသည် ကိုယ်တော်ရှင် ၏သနားခြင်းကရုဏာကိူနိုးထစေနိုင်မည်ဟု သူမျှော်လင့်ခဲ့ပါသည်။

         ကာနမြို့သို့ရောက်သွားသောအခါ လူအုပ်ကြီးတစ်ခုသည် ခရစ်‌တော်ကိုဝိုင်းထားသည်ကို သူတွေ့ရှိ လိုက်ရပါသည်။ သူသည်ခရစ်တော်၏ရှေ့မှောက်သို့ရောက်ရန် စိုးရိမ်စွာဖြင့် လူအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့ ပါသည်။ သာမန်အဝတ်ကိုဝတ်၍ ဖုန်များဖြင့်ပေရေကာ ခရီးပန်းနေသော ပုဂ္ဂိုလ်တစ်ဦးကိုသူ တွေ့လိုက်ရ သောအခါ သူ၏ယုံကြည်ခြင်းသည် ယိမ်းယိုင်သွားခဲ့ပါသည်။ မိမိတောင်းခံမည့်အရာကို ဤသူသည် မစနိုင်ပါ မည်လားဟုလည်း သံသယဝင်ခဲ့ပါသည်။ သို့စေကာမူ သူသည် သခင်ယေရှုနှင့်တွေ့ဆုံ၍ မိမိလာရင်းကိစ္စကို ပြောပြကာ မိမိနှင့်အတူ အိမ်သို့လိုက်ပါ၍ ကြွတော်မူရန် ကိုယ်တော်အားတောင်းပန်တော်မူခဲ့ပါသည်။ ခရစ်တော်သည် ထိုသူ၏စိတ်သောကဝမ်းနည်းမှုကိုသိရှိထားပြီးဖြစ်ပါသည်။ ထိုအမတ်သည် အိမ်မှထွက်ခွာ မလာမီကပင် ၎င်းခံစားနေရသော စိတ်ဒုက္ခကို ကိုယ်တော်ရှင်သိမြင်တော်မူခဲ့ပါသည်။

         ၎င်းပြင်ဤသူသည် ၎င်း၏စိတ်ထဲ၌ ကိုယ်တော်အားယုံကြည်ခြင်းနှင့်ပတ်သက်၍ အခြေအနေများ ကိုတွက်ဆနေကြောင်းကိုလည်း ကိုယ်တော်သိရှိတော်မူခဲ့ပါသည်။ ၎င်း၏တောင်းလျှောက်မှု များကိုမလိုက် လျောခဲ့လျှင် ဤသူသည် ယေရှုအား မေရှိယအနေဖြင့် လက်ခံလိမ့်မဟုတ်ချေ။ ထိုအမတ်သည် စိတ်မဝေခွဲ နိုင်ဘဲရှိနေစဉ်တွင် ယေရှုက “သင်သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံကြည် လိမ့်မည်မဟုတ်” ဟု မိန့်တော်မူပါသည်။

         ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေအထောက်အထားအားလုံးပင်ရှိငြားသော်လည်း ထိုသူ သည် ၎င်း၏တောင်းခံချက်ကိုပေးသနားတော်မူခြင်းအပေါ်တွင်မူတည်၍ ကိုယ်တော်အားယုံကြည်ရန် စိတ်ပြ ဌာန်းထားခဲ့ပါသည်။ ကယ်တင်ရှင်သည် မေးခွန်းထုတ်နေသည့် ဤမယုံကြည်မှုနှင့် နိမိတ်လက္ခဏာတစ်ခုကို မျှ တောင်းဆိုခြင်းမပြုခဲ့သည့်ရှမာရိများ၏ ယုံကြည်ခြင်းကို ကွဲပြားခြားနားအောင်သိသာရန်ယှဉ်၍ ပြသ တော်မူခဲ့ပါသည်။ ကိုယ်တော်၏ဘုရားဇာတိတော်အတွက် အမြဲတမ်းထင်ရှားပေါ်လွင်နေသော ကိုယ်‌တော်၏ နှုတ်ကပတ်တော်သည် ၎င်းတို့၏စိတ်နှလုံးသို့တိုင်ထိုးဖောက်ရောက်ရှိနိုင်သောသဘောပေါက်နားလည်စေနိုင် သည့်တန်ခိုးတော်တစ်ခုဖြစ်ပါသည်။ နှုတ်ကပတ်တော်ကိုအပ်နှံခြင်းခံရသောမိမိ၏လူမျိုးများသည်သားတော် မှတစ်ဆင့် ၎င်းတို့အား မိန့်တော်မူနေသောဘုရားသခင်၏အသံတော်ကို နားထောင်ရန်ပျက်ကွက်ခဲ့ကြသော ကြောင့် ခရစ်တော်သည် နာကျင်မှုဝေဒနာကို ခံစားတော်မူခဲ့ရပါသည်။

         သို့သော်လည်း ထိုအမတ်တွင် ယုံကြည်ခြင်းအားကောင်းခဲ့ပါသည်။ အကြောင်းမူကား သူသည် ကောင်းချီးမင်္ဂလာများတွင် သူ့အတွက် အမွန်မြတ်ဆုံးဟုထင်ရသည့် ကောင်းချီးမင်္ဂလာကို လာ‌၍တောင်းခံ သောကြောင့်ဖြစ်ပါသည်။ ၎င်းတောင်းသည့်အရာထက် ကောင်းသောကောင်းချီးမင်္ဂလာသည် ခရစ်တော်၌ရှိ တော်မူ၏။ ကိုယ်တော်ရှင်သည် ထိုကလေးငယ်ကို ကုသ‌ပေးရန်အတွက်သာမကဘဲ ထိုအမတ်နှင့်အိမ်သူ အိမ်သားအားလုံးသည် ကယ်တင်ခြင်းကောင်းချီးမင်္ဂလာကို မျှဝေခံစားသူများဖြစ်စေရန်အတွက်သော်လည်း ကောင်း၊ မကြာမီအတောအတွင်းတွင် မိမိအမှုတော်ဆောင်မည့် နေရာဒေသဖြစ်လာမည့် ကပေရနောင်တွင် အလင်းတရားကိုအစပျိုးရန်အတွက်သော်လည်းကောင်း အလိုရှိတော်မူပါသည်။ သို့သော် ထိုအမတ်သည် ခရစ်တော်ထံမှကရုဏာတော်ကိုမရယူမီ မိမိ၏လိုအပ်ချက်ကိုသိရှိရမည်ဖြစ်ပါသည်။ သူသည် မိမိအမျိုး သားချင်းများမှ များစွာသောလူများကို ကိုယ်စားပြုခဲ့ပါသည်။ သူတို့သည် အတ္တနှင့်နွယ်၍ ခရစ်တော်ကို စိတ်ဝင်စားခဲ့ကြပါသည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် အကျိုးထူးများကိုရရှိရန် မျှော်လင့်ခဲ့ကြပါ သည်။ လောကနှင့်ပတ်သက်သောကောင်းချီးမင်္ဂလာပေးသနားခြင်းအပေါ်တွင် ၎င်းတို့၏ယုံကြည်ခြင်းကို အခြေစိုက်ထူခဲ့ကြပါသည်။ သို့သော် သူတို့သည် မိမိတို့၏ဝိညာဉ်ရေးရောဂါများကို မသိရှိခဲ့ကြဘဲ ဘုရားသခင်၏ကရုဏာတော် လိုအပ်ကြောင်းကို မတွေ့မြင်ခဲ့ကြချေ။

         ကယ်တင်ရှင်၏နှုတ်ထွက်စကားများသည် လျှပ်တစ်ပြက်အလင်းတန်းတစ်ခုကဲ့သို့ ထိုအမတ်၏စိတ် နှလုံးသည် ထင်ရှားစွာဖော်ပြခဲ့ပါသည်။ ခရစ်တော်ထံ၌ သူပြုလုပ်နေသောတောင်းဆိုမှုတွင် အတ္တသဘော များရှိနေကြောင်းကို သူသိခဲ့ရပါသည်။ ယိမ်းယိုင်နေသောသူ၏ယုံကြည်ခြင်းသည် ဇာတိရုပ်အမှန်အတိုင်း သူ့ကိုသိသာထင်ရှားစေခဲ့ပါသည်။ သူ၏သံသယစိတ်သည် သားငယ်၏အသက်ကိုပင်ထိပါးနိုင်ကြောင်း စိတ်သောကရောက်စွာဖြင့် သူသိရှိခဲ့ရပါသည်။ မိမိ၏စိတ်နှလုံးကို ဖတ်နိုင်သည့် ပုဂ္ဂိုလ်တစ်ပါးရှေ့မှောက် တွင် ရောက်ရှိနေကြောင်းကိုလည်းကောင်း၊ ထိုသခင်သည် အရာရာကိုတတ်နိုင်‌တော်မူသည်ကိုလည်းကောင်း သူသိရှိခဲ့ပါသည်။ ထို့ကြောင့် “သခင်၊ ကျွန်ုပ်သားမသေမီကြွတော်မူပါ” ဟု စိတ်နှလုံးမချမ်းမြေ့စွာဖြင့် သူ အော်ဟစ်တောင်းခံခဲ့ပါသည်။ ယာကုပ်သည် ကောင်းကင်တမန်နှင့်နပန်းလုံးစဉ် “ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးမပေးလျှင်မသွားရ” ဟု ဟစ်ကြွေး၍ဖက်ထားသကဲ့သို့ သူ၏ယုံကြည်ခြင်းသည် ခရစ်တော်ကို ကိုင်စွဲထားခဲ့ပါသည်။

         ယာကုပ်ကဲ့သို့ပင် သူအောင်မြင်ခဲ့ပါသည်။ လိုအပ်ချက်ကိုတောင်းခံလျက် မိမိအားဆည်းကပ်နေ သော အသက်ဝိညာဉ်တစ်ခုလုံးထံမှ ကိုယ်တော်သည် မဆုတ်ခွာနိုင်ခဲ့ဘဲ “သွားလော့၊ သင်၏သားသည် အသက်ချမ်းသာရပြီ” ဟု မိန့်‌တော်မူလိုက်၏။ အမတ်သည် ယခင်ကမခံစားခဲ့ရဖူးသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများကိုခံစားလျက် ကယ်တင်ရှင်၏ရှေ့မှောက်မှ ထွက်ခွာသွားခဲ့ပါသည်။ သူ၏သားသည် ပြန်လည်ကျန်းမာလာမည်ကို သူယုံကြည်သည့်ပြင် ခရစ်တော်အား ကယ်တင်ရှင်တစ်ပါးအနေဖြင့် ကြီးမား သောယုံကြည်စိတ်ချမှုမျိုးဖြင့် ကိုးစားခဲ့ပါသည်။

         တစ်ချိန်တည်းမှာပင် ကပေရနောင်မြို့ရှိနေအိမ်၌ သေလုမြောပါးဖြစ်နေသော ကလေးငယ်၏နံဘေး တွင် ပြုစုနေကြသူများသည် နားလည်ဖို့ခက်လှသောတစ်မုဟုတ်ချင်းပြောင်းလဲမှုကို တွေ့မြင်ခဲ့ကြရပါသည်။ ကလေးငယ်၏မျက်နှာမှ သေတော့မည့်အရိပ်အယောင်သည် ပျောက်လွင့်သွားခဲ့ပြီး အဖျားသွေးများမရှိ တော့ဘဲ ပြန်လည်ကျန်းမာလာခဲ့ပါသည်။ မှုန်ရီနေသောမျက်လုံးအစုံသည် အသိစွမ်းအားကလေးနှင့်အတူ ပြန်လည်တောက်ပလာခဲ့ပါသည်။ အင်အားချည့်နဲ့ပြီး ပိန်ချုံးနေသောကိုယ်ခန္ဓာသည်လည်း အင်အားများပြန် လည်ပြည့်ဖြိုးလာခဲ့ပါသည်။ ကလေးငယ်တွင် ရောဂါဖိစီးခြင်း၏အရိပ်အမြွက်ကိုမျှမတွေ့ရတော့ချေ။ ခြစ်ခြစ်တောက်ပူနေသော သူ၏အသားများသည် နူးညံ့စိုစွတ်လာခဲ့ပြီး သူသည် ငြိမ်သက်စွာအိပ်မောကျသွား ခဲ့ပါသည်။ သူ့အဖျားသည် ပူအိုက်နေသောနေ့အချိန်ကြီးမှာပင် ကျသွားခဲ့ပါသည်။ မိသားစုများသည် အံ့ဩ ဝမ်းမြောက်ခဲ့ကြရပါသည်။

         ကာနမြို့သည် ကပေရနောင်မြို့နှင့်များစွာမဝေးကွာသဖြင့် ခရစ်တော်နှင့်တွေ့ဆုံပြီးနောက် ပြန်သွားခဲ့ သောထိုအမတ်သည် ညနေခင်းလောက်တွင် အိမ်သို့ရောက်ရှိသွားနိုင်သော်လည်း သူသည် အိမ်အပြန်ခရီးကို ဖြည်းဖြည်းဆေးဆေးပြန်သွားခဲ့ရာ နောက်တစ်နေ့နံနက်ခင်းရောက်မှ ကပေရနောင်သို့ ပြန်လည်ရောက်ရှိခဲ့ ပါသည်။ အိမ်အပြန်ခရီးကို ဘာကြောင့် ယခုလိုဖြည်းဖြည်းဆေးဆေးလုပ်နေရတာလဲ။ ခရစ်တော်နှင့်တွေ့ရန် သူသွားခဲ့သောအချိန်တွင် သူ၏စိတ်နှလုံးသည် လေးလံနေခဲ့ပါသည်။ နေမင်းကြီးကလည်း သူ့ကိုရက်စက်နေ သည့်ပြင် ငှက်ကလေးများကလည်း သူ့ကိုလှောင်ပြောင်နေခဲ့ကြပါသည်။ ယခုခံစားချက်သည် အခြေအနေနှင့် မည်မျှကွာြခားလိုက်ပါသလဲ။ သဘာဝအားလုံးသည် အသစ်သောမြင်ကွင်းတစ်ခုကိုဝတ်ခြုံထားပါသည်။ အသစ်သောမျက်လုံးအစုံနှင့် သူမြင်တွေ့ရပါသည်။ သူသည် ငြိမ်သက်နေသော နံနက်လင်းအားကြီးတွင် ခရီးသွားနေစဉ် ခပ်သိမ်းသောသဘာဝတရားများသည် သူနှင့်အတူ ဘုရားသခင်ကိုချီးမွမ်းထောမနာပြုနေ သယောင်တွေ့မြင်ရပါသည်။ သူသည် အိမ်နှင့်အတော်ဝေးဝေးနေရာသို့ရောက်ရှိလာစဉ်တွင် ၎င်းခံစားရမည် ဟု သူတို့သေချာပေါက်သိထားသည့် စိုးရိမ်မှုများပျောက်လွင့်သွားဖို့ သတင်းပေးရန် ကျွန်တစ်ယောက်သည် ၎င်းထံသို့ထွက်လာနေပါသည်။ ၎င်း၏သတင်းပို့ချက်ကို သူသည် အံ့အားသင့်ဖော်မပြဘဲ မည်သည့်အချိန်တွင် စ၍ သက်သာခဲ့ကြောင်းကိုသာ စိတ်ဝင်တစားမေးမြန်းတော်မူလျှင် “မနေ့ခုနှစ်နာရီအချိန်၌ ဖျားနာပျောက် ကင်းပါသည်” ဟု ပြန်ပြောခဲ့ပါသည်။ ထိုအချိန်ကား “သင့်သားအသက်ချမ်းသာရပြီ” ဟု ယေရှုမိန့်တော်မူ သောအချိန်ဖြစ်သည်။ ဘုရားသခင်၏မေတ္တာတော်သည် သေလုဆဲကလေးငယ်ကို တို့ထိ‌တော်မူခဲ့ပြီ။

         အဘသည် သားငယ်ကိုနှုတ်ဆက်ရန် အမြန်လျှောက်၍သွားနေပါသည်။ ထိုနောက် သေရွာပြန် ကလေးဖြစ်သည့် သားကလေးအား ပိုက်ပွေ့ထားလိုက်ပြီး ဤကဲ့သို့အံ့ဩဖွယ်ကောင်းသော ပြန်လည် ကျန်းမာလာခြင်းအတွက် သူသည် ဘုရားသခင်အားအထပ်ထပ်ကျေးဇူးတင်ခဲ့ပါသည်။

         ထိုအမတ်သည် ခရစ်တော်၏အကြောင်းကိုပို၍သိရှိရန်တောင့်တခဲ့ပါသည်။ နောက်ပိုင်းတွင် သူနှင့် တကွအိမ်သူအိမ်သားများသည် ကိုယ်တော်၏သွန်သင်ချက်များကို ကြားနာခဲ့ရသဖြင့် တစ်အိမ်သားလုံးသည် တပည့်တော်များ ဖြစ်လာခဲ့ကြသည်။ သူတို့ခံစားခဲ့ရသော ပူပင်သောကများတို့ကို တစ်အိမ်သားလုံး၏ အသစ်သောပြောင်းလဲခြင်းဖြစ်လာရန် သန့်စင်စေခဲ့ပါသည်။ ဤနိမိတ်လက္ခဏာပြုသည့် သတင်းသည် ပျံ့နှံ့သွားပြီး ကြီးမားသောအမှုတော်ကိုပြီးစီးစွာ လုပ်ဆောင်ခဲ့သည့်ကပေရနောင်တွင် ခရစ်တော်၏ ပုဂ္ဂလိက အမှုတော်အတွက် လမ်းပြင်ဆင်ပေးခဲ့ပါသည်။

         ကပေရနောင်မြို့မှအမတ်များအား ကောင်းချီးချပေးခဲ့သော ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား လည်း ကောင်းချီးချပေးရန် အလိုတော်ရှိနေပါသည်။ သို့သော် ပူပင်သောကရောက်ခဲ့သည့် ထိုဖခင်ကဲ့သို့ပင် ကျွန်ုပ်တို့သည် လောကကောင်းကျိုးများကိုရလိုသောဆန္ဒဖြင့်သာ ခရစ်တော်ကိုမကြာခဏရှာဖွေခဲ့ကြပါ သည်။ ၎င်းပြင် မိမိတို့၏တောင်းဆိုချက်ကို လိုက်လျောပေးသနားမှုပေါ်တွင်မူတည်၍ ကိုယ်‌တော်၏မေတ္တာ တော်ကို ကျွန်ုပ်တို့ခိုနားယုံကြည်နေကြပါသည်။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့တောင်းသောအရာထက် ကောင်းသောကောင်းချီးမင်္ဂလာကိုပေးရန် ဆန္ဒရှိတော်မူပါသည်။ ၎င်းပြင် ကျွန်ုပ်တို့၏စိတ်နှလုံးများ၏ မိုက်မဲမှုများကိုလည်းကောင်း၊ ကိုယ်တော်၏ကရုဏာတော်ကို ကျွန်ုပ်တို့အလွန်လိုအပ်ကြောင်းကိုလည်း ကောင်း ကျွန်ုပ်တို့အားပြနိုင်ဖို့ရန်အတွက် ကိုယ်တော်သည် ကျွန်ုပ်တို့တောင်းဆိုချက်များအတွက် အဖြေကို ဆိုင်းငံ့ထားတတ်ပါသည်။ ကိုယ်တော်ရှင်ကိုအသနားခံရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးနေသောအတ္တစိတ် များကိုစွန့်ပယ်ရန် ကိုယ်တော်အလိုရှိတော်မူပါသည်။ ကျွန်ုပ်တို့၏ ခိုကိုးရာမဲ့ခြင်းနှင့် အမှန်တကယ်လိုအပ် ချက်များကို ဝန်ခံလျက် ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏မေတ္တာ‌တော်ကို လုံးလုံးလျားလျား ယုံကြည်ကိုးစား ကြရန်ဖြစ်ပါသည်။

         ထိုအမတ်သည် ကိုယ်တော်အားမယုံကြည်မီ မိမိ၏ဆုတောင်းချက်ပြည့်စုံခြင်းကိုမြင်တွေ့နိုင်ရန် ဆန္ဒရှိခဲ့ပါသည်။ သူ၏ဆုတောင်းချက်ကို နားညောင်း၍ ကောင်းချီးမင်္ဂလာပေးသနားခြင်းခံရစေရန် ခရစ်တော်၏နှုတ်ထွက်စကားတော်များကို လက်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသင်ခန်းစာကိုမှတ်ယူ ရပါမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညောင်းကြောင်းသိမြင် ခံစားရသည့် အတွက်ကြောင့် ဘုရားကိုယုံကြည်ကြသည်မဟုတ်ဘဲ ကိုယ်တော်၏ကတိတော်များကို ကျွန်ုပ်တို့ကိုးစား ယုံကြည်ကြရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ထံသို့ချဉ်းကပ်သောအခါ ဆုတောင်းချက်တိုင်းသည် ဘုရားသခင်၏နှလုံးတော်ထဲသို့ တိုးဝင်သွားခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် ထံမှကောင်းချီးမင်္ဂလာများကို တောင်းခံသောအခါ ကျွန်ုပ်တို့ရရှိပြီဆိုသည်ကို ယုံကြည်သင့်ပြီး ရရှိပြီးဖြစ် သည်ဟု မှတ်ယူလျက်ကိုယ်တော်အားကျေးဇူးတင်သင့်ပါသည်။ ထိုနောက်အမှန်တကယ် အကောင်အထည် ပေါ်လာလိမ့်မည်ဟု စိတ်ချလျက် မိမိတို့၏တာဝန်များကို ကျွန်ုပ်တို့ဆက်လက်လုပ်ကိုင်ရန် သာဖြစ်ပါသည်။ ဤအရာကိုလုပ်ဆောင်ရန်လေ့ကျက်ပြီးသောအချိန်တွင် ကျွန်ုပ်တို့၏ဆုတောင်းသံများကို အဖြေပေးမည်ဟု ကျွန်ုပ်တို့သိရှိကြရလိမ့်မည်။ “အလွန်ထူးခြားစွာပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်သည် ဘုန်းတော် ကြွယ်ဝပြည့်စုံခြင်းနှင့်လျော်ညီစွာ အကျွန်ုပ်တို့အတွက်ပြုတော်မူ၍ အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီးသည်ကို ကျွန်ုပ်တို့အားပြတော်မူလိမ့်မည်။” ဧဖက် ၃း၂၀၊၁၆။ ၁း၁၉။

No comments:

Post a Comment