ကောင်းသောရှမာရိ
ရှင်လုကာ ၁ဝး၂၅-၃၇ ကိုအခြေပြုထားပါသည်။
ခရစ်တော်သည် ကောင်းသောရှမာရိပုံပြင်ထဲတွင် စစ်မှန်သောဘာသာ တရားတစ်ခု၏သဘာ၀ကို သာဓကပြုတင်ဆက်ထားပါသည်။ စစ်မှန်သော ဘာသာ တရားသည် ဝတ်ပြုကိုးကွယ်ပုံနည်းစနစ်၊ အယူဝါဒနှင့်ဝတ်ပြုကိုးကွယ် ခြင်းဆိုင်ရာ အခမ်းအနားများအားဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ၊ စစ်မှန်ကောင်းမြတ်သည့် စိတ် သဘောထားဖြင့် အကောင်းဆုံးသောအရာများကို တစ်ပါးသူများအား ပေးကမ်းခြင်း နှင့် မေတ္တာလုပ်ငန်းများတို့ဖြင့်ဖွဲ့စည်းထားပါသည်။
ခရစ်တော်သည် လူအများကိုသွန်သင်နေစဉ်တွင် ကျမ်းတတ်တစ်ယောက် သည်ထ၍ အရှင်ဘုရား၊ ထာ၀ရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်အားစုံစမ်းခြင်းငှာ မေးလျှောက်လေ၏။ လူအုပ်ကြီးသည် အသက်ရှုရန်ကိုပင် မေ့သွားလောက်အောင် စိတ်ဝင်စားစွာဖြင့် ကိုယ်တော်၏အဖြေကို စောင့်စားနားထောင်နေကြပါသည်။ ထိုကျမ်းတတ်ဆရာ၏ အမေးကြောင့် ခရစ်တော်၌အကျပ်ရိုက်သွားလိမ့်မည်ဟု ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများတို့က အထင်ရှိခဲ့ကြပါသည်။ သို့ရာတွင် ခရစ်တော်သည် အငြင်းအခုံ မပြုလုပ်ဘဲ မေးခွန်းထုတ်သူကိုပင် ပြန်၍အဖြေပေးရန် “ပညတ္တိကျမ်း၌ အဘယ် သို့လာသနည်း၊ သင်သည်အဘယ် သို့ဖတ်ဖူးသနည်း” ဟုမေးတော်မူလိုက်ပါသည်။ သခင်ယေရှုသည် သိနာတောင်ပေါ်တွင် ပေးတော်မူခဲ့သော ပညတ်တော်ကိုအ လေးမထားဟုယုဒလူများ ကယခုတိုင်အောင် စွပ်စွဲနေကြသော်လည်း ကိုယ်တော် သည် ကယ်တင်ခြင်းနှင့် ဆိုင်သောမေးခွန်းအား ဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းခြင်းအပေါ်တွင် အခြေပြုပေးတော်မူခဲ့ပါသည်။
ထိုသူက သင်၏ဘုရားသခင်ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိ သမျှဥာဏ်ရှိသမျှနှင့်ချစ်လော့၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ ဟူ၍ပညတ္တိကျမ်းတွင် ဖွင့်ဆိုထားကြောင်းပြန်လျှောက်လျှင်၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု ကိုယ်တော် မိန့်တော်မူခဲ့၏။
ထိုကျမ်းတတ်အနေဖြင့် ဖာရိရှဲများ၏အကျင့်များနှင့်နေထိုင်ပုံများကို အလို မကျခဲ့ပါချေ။ ထို့ကြောင့် စစ်မှန်သောအနက်အဓိပ္ပါယ်ကို သိရန်ဆန္ဒဖြင့်၊ ကျမ်းစာ ကိုလေ့လာခဲ့ပါသည်။ သူသည်ကယ်တင်ခြင်းရရှိဖို့ကိစ္စနှင့်ပတ်သက်၍ အထူးစိတ် ဝင်စားခဲ့ပြီး၊ အဘယ်အမှုကိုပြုရမည်နည်းဟု ရိုးရိုးသားသားမေး မြန်းခဲ့ပါသည်။ ပညတ္တိကျမ်း၏ တောင်းဆိုမှုများကို တုံ့ပြန်ရာတွင်သူသည် ခပ်သိမ်းသော ဝိနည်း ထုံးဖွဲ့ဆိုင်ရာပညတ်များနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သွန်သင်ချက်များကို မကျင့် ဆောင်ခဲ့ချေ။ ထိုအရာများသည် အနှစ်သာရမရှိ ကြောင်းသူဖွင့်ဆိုခဲ့သော်လည်း ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့တွင် အဓိကဖြစ်သော ထိုပညတ်နှစ်ချက်ကို သူ တင်ပြခဲ့ပါသည်။ ခရစ်တော်၏ချီးမွမ်းခြင်း ကိုခံခဲ့ရသောဤအဖြေသည် ကိုယ်တော် အားဖာရိရှဲများအပေါ် အသာရစေအောင် ပို့ဆောင်ခဲ့ပါသည်။ ကျမ်းတတ်တစ်ဦးက တင်ပြခဲ့သည့်အရာကို သဘောတူမိခြင်းအတွက် ကိုယ်တော်အား သူတို့အပြစ်စီရင် နိုင်ခြင်းမရှိခဲ့ချေ။
ထိုသို့ပြုလျှင်အသက်ကိုရမည်ဟု ခရစ်တော်မိန့်တော်မူခဲ့ပြီး ပညတ်တော် ကိုဘုရားသခင်နှင့်ဆိုင်သော ဆက်နွှယ်မှုတစ်ခုအနေဖြင့် တင်ဆက်တော်မူခဲ့ပါ သည်။ ကိုယ်တော်သည် ဤသင်ခန်းစာအားဖြင့် ပညတ်တော်တစ်ပါး ကိုစောင့် ရှောက်၍ တစ်ပါးကိုချိုးဖောက်ရန်မှာမဖြစ်နိုင်ကြောင်း သွန်သင်တော်မူခဲ့ပါသည်။ အကြောင်းမှာ ထိုပညတ်အားလုံးကို တူညီသောနိယာမတစ်ခုတည်းဖြင့် စုစည်းထား သောကြောင့်ဖြစ်ပါသည်။ ပညတ်တော်အားလုံးကို စောင့်ထိန်းခြင်းအပေါ်တွင် မူ တည်၍ လူ၏ခရီးဆုံးကို ဆုံးဖြတ်မည်ဖြစ်ပါသည်။ ထာ၀ရဘုရားကို မဟာမေတ္တာဖြင့် ချစ်၍ လူသားများအားဘက်မလိုက်သော မေတ္တာဖြင့် ချစ်ခြင်းကြင်နာခြင်းသည် အ သက်တာတွင်ကျင့်ဆောင်ရမည့်နိယာမ များဖြစ်ကြပါသည်။
ထိုကျမ်းတတ်သည် မိမိနားလည်ပါသည်ဟု အခိုင်အမာပြောနေသည့် ပည တ္တိကျမ်းမှ ဖြောင့်မတ်ခြင်းတရားကို မိမိကိုယ်တိုင်မကျင့်သုံးသောကြောင့် ကိုယ့်ကို ကိုယ်ပညတ်တော်လွန်ကျူးသူဖြစ်ကြောင်း၊ ခရစ်တော်၏နှုတ်တော်ထွက်စကားများ အရ သိရှိလာခဲ့ပါသည်။ သူသည်မိတ်ဆွေသင်္ဂဟများကို မေတ္တာမပြခဲ့ဖူးချေ။ သူ၌ နောင်တရဖို့လိုအပ်နေသော်လည်း နောင်တရရမည့်အစား မိမိကိုယ်ကိုဖြောင့်မတ် သူဖြစ်ကြောင်းဖော်ပြရန် ကြိုးစားခဲ့ပါသည်။ သူသည်သမ္မာတရားကို အသိအမှတ်ပြု ရန်ထက်၊ ပညတ်တော်ကိုလိုက်လျှောက် ရန်ခက်ခဲကြောင်း၊ မဖြစ်နိုင်ကြောင်း ဖော် ပြရန်ကြိုးစားခဲ့ပါသည်။ သူသည်ဤ နည်းအားဖြင့် လူအများရှေ့တွင် အမှန်တရားကို လက်ခံဖို့ရှောင်လွှဲရန်နှင့် မိမိကိုယ်ကို အပြစ်မရှိကြောင်းဖော်ပြရန် မျှော်လင့်ခဲ့ပါ သည်။ ထိုသူမေးသော မေးခွန်းသည် သူကိုယ်တိုင်ဖြေဆိုနိုင်သော မေးခွန်းဖြစ် သောကြောင့် ထိုမေးခွန်းကို အဖြေပေးရန်မလိုကြောင်း ကိုယ်တော်ရှင်၏စကားများ က ထင်ရှားစေခဲ့ပါသည်။ သို့စေကာမူ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သော သူဖြစ်ပါသနည်းဟု ထိုသူကထပ်ဆင့် မေးခွန်းတစ်ခု မေးလာပြန်ပါသည်။
ဤမေးခွန်းသည် ယုဒလူမျိုးများအကြားတွင် မဆုံးနိုင်သောအငြင်းပွားမှုကို ဖြစ်စေခဲ့ပါသည်။ တစ်ပါးအမျိုးသားများနှင့် ရှမာရိအမျိုးသားများသည် သူစိမ်းတစ်ရံ ဆံများ၊ ရန်သူများဖြစ်သည်ဟု သူတို့ယူဆထားခဲ့ကြသဖြင့် ၎င်းတို့သည် မိမိတို့နှင့် စပ်ဆိုင်သောသူများမဖြစ်နိုင်ဟု လုံး၀ယုံကြည်ခဲ့ကြပါသည်။ သို့ရာတွင် မိမိတို့အမျိုး သားများထဲမှ မည်သူသည်ကိုယ်နှင့် စပ်ဆိုင်သူဖြစ်ကြောင်း၊ မတူညီသော လူတန်း စားများတွင် မည်သည့်လူတန်းစားသည် ကိုယ်နှင့်စပ်ဆိုင်သူဖြစ်ကြောင်း မည်ကဲ့သို့ ခွဲခြားသိသာနိုင်မည်နည်း။ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများအနေနှင့် မည်သူကို မိမိတို့နှင့်စပ်ဆိုင်သူ ဖြစ်သည်ဟု သတ်မှတ်ကြမည်နည်း။ သူတို့သည် ကိုယ်ကိုစင် ကြယ်သန့်ရှင်းစေဖို့ များစွာသောဝိနည်းထုံးဖွဲ့ဆိုင်ရာ အခမ်းအနားများကို ကျင်းပ ခြင်းအားဖြင့်သာ အချိန်ကုန်စေခဲ့ကြပါသည်။ အသိပညာကင်းမဲ့ပြီး သတိတရားမ ရှိသောသူများ နှင့်ပေါင်းသင်းဆက်ဆံခြင်းသည် ပင်ပန်းစွာကြိုးစား၍ ဖယ်ရှားပစ်ရ မည့် ညစ်ညမ်းမှုကိုဖြစ်စေလိမ့်မည်ဟု သူတို့ယုံကြည်ထားကြသဖြင့် မသန့်ရှင်းသူ များအဖြစ် သတ်မှတ်ခြင်းခံရသောထိုသူများကို ကိုယ်နှင့်စပ်ဆိုင်သူများအဖြစ် သူတို့ မှတ်ယူ ကြပါမည်လား။
သခင်ယေရှုသည် ၎င်းတို့နှင့်အငြင်းမပွားလိုချေ။ မိမိအားအပြစ်တင် ရန် စောင့်ဆိုင်းနေကြသော ထိုသူများ၏တစ်ယူသန်မှုကို လူသိရှင်ကြားအပြစ် မတင်လို ချေ။ သို့ရာတွင် ရိုးရိုးပုံပမာတစ်ခုအားဖြင့် အားလုံးသောစိတ်နှလုံး များကိုထိတွေ့ စေခဲ့သည့် ကောင်းကင်မှယိုစီးလာသော မေတ္တာတော်အကြောင်း ပုံရိပ်ကို တရားနာ ပရိသတ်ရှေ့တွင် ထင်ရှားစေခဲ့ပြီး ထိုကျမ်းတတ်အားသမ္မာ တရားကိုဝန်ခံလာရန် ဆွဲဆောင်တော်မူခဲ့ပါသည်။
အမှောင်ထုကို ပျောက်လွင့်စေသောနည်းလမ်းမှာ အလင်းကိုလက်ခံခြင်း ပင်ဖြစ်ပါသည်။ မှားယွင်းမှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို တင်ပြခြင်းပင်ဖြစ်ပါသည်။ ထာ၀ရဘုရား၏ မေတ္တာတော်ကို ဖွင့်ဟ ဖော်ပြခြင်းသည်လည်း ငါတည်းဟူသောအတ္တကို ဗဟိုပြုနေသည့် စိတ်နှလုံး၏ ချွတ် ယွင်းမှုများနှင့် အပြစ်များကို ထင်ရှားစေပါသည်။
“လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့သို့သွားရာတွင် ဓားပြ နှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ် ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ထို နည်းတူ လေဝိတစ်ယောက်သည် ထိုအရပ်သို့ ရောက်လာသောအခါ လာ၍ကြည့် မြင်လျှင် လွှဲရှောင်၍သွား၏။” လုကာ ၁ဝး၃၀-၃၂။ ဤအကြောင်းအရာသည် စိတ် ကူးယဉ်ပုံပြင်တစ်ခုမဟုတ်ဘဲ ဖော်ပြခဲ့သည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့သော ဖြစ် ရပ်မှန်တစ်ခုဖြစ်ပါသည်။ လွှဲရှောင်၍သွားခဲ့ကြသော ယဇ်ပုရောဟိတ်ကြီးနှင့် လေဝိ အမျိုးသားတို့သည် ခရစ်တော်၏နှုတ်ထွက်စကားများကို နာကြားနေကြသည့် အဖွဲ့ ထဲတွင်ပါဝင်နေကြ ပါသည်။
ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ခရီးသွားသော ထိုခရီးသည်သည် ယုဒနယ် ရှိတောအုပ်တစ်ခုကိုဖြတ်၍ ခရီးသွားခဲ့ပါသည်။ ဓားပြများ၏လုယက် မှုများကိုခံရ သည့် ကျောက်ချပ်လျှိုမြောင်တစ်ခုစီသို့ ဆင်းသွားသော ထိုလမ်းကလေးပေါ်တွင် သွေးထွက်သံယိုမြင်ကွင်းများကို မကြာခဏမြင်တွေ့ခဲ့ကြရပါသည်။ ထိုလမ်းကလေး ပေါ်တွင် ထိုခရီးသည်သည် တိုက်ခိုက်မှုကိုခံခဲ့ရပြီး တန်ဖိုးရှိသောပစ္စည်းအားလုံး အလုခံရကာ နာကျင်စွာအရိုက်အနှက်ခံခဲ့ရပါသည်။ ပစ်ထားခြင်းခံရသည့် ထိုသူလဲ နေသောနေရာသို့ ထိုယဇ်ပုရောဟိတ် ကြီးရောက်ရှိလာခဲ့ပါသည်။ ဒဏ်ရာရထား သည့်ထိုလူနာကို ယဇ်ပုရောဟိတ်ကြီးသည် တစ်ချက်လှည့်ကြည့်ရုံသာ လှည့်ကြည့် ခဲ့ပါသည်။ ထိုနောက် လေဝိအမျိုးသားတစ်ယောက် ရောက်ရှိလာခဲ့ပါသည်။ အချင်း ဖြစ်ပွားမှုကိုသိလိုသော ဆန္ဒဖြင့် သူသည်ဒဏ်ရာရရှိထားသည့် ထိုသူ၏အနီးသို့ကပ် သွားကာ ကုန်းပြီးသေသေချာချာ ကြည့်ရှုခဲ့ပါသည်။ ဘာလုပ်သင့်သည်ကို သူသိ ရှိခဲ့သော်လည်း၊ ထိုအလုပ်မျိုးကိုသူမလုပ်ချင်ချေ။ ထိုသူကိုမတွေ့အောင် ထိုလမ်းမှ မသွားဖြစ် ခဲ့လျှင်အကောင်းသားဟု သူရေရွတ်မိခဲ့ပါသည်။ ထိုကိစ္စသည် သူနှင့်ဘာ မျှ မဆိုင်ပါဟုလည်း ကိုယ့်ကိုကိုယ် သူအားတင်းခဲ့ပါသည်။
ဤပုဂ္ဂိုလ်နှစ်ဦးစလုံးသည် သန့်ရှင်းကောင်းမြတ်သော လုပ်ငန်းတာဝန်များ ကို ထမ်းဆောင်နေကြသူများဖြစ်ပြီး၊ သမ္မာကျမ်းစာကို အနက်ဖွင့်သူများအဖြစ် ထင် ရှားသောသူများဖြစ်ကြပါသည်။ သူတို့သည်လူများအတွက် ဘုရားသခင်၏ ကိုယ်စား လှယ်များအဖြစ် အထူးရွေးချယ်ခြင်းခံရသည့် လူတန်းစားထဲမှ ပုဂ္ဂိုလ်များဖြစ်ကြပါ သည်။ သူတို့သည် လူသားများအပေါ်ထားရှိသည့် ဘုရားသခင်၏ မဟာမေတ္တာ တော်ကို လူသားများနားလည်စေဖို့ လမ်းပြနိုင်စေရန် အလိုငှာ “မိုက်သောသူ၊ မှား ယွင်းသောသူတို့ကို” သနားခြင်းကရုဏာရှိရ မည့်သူများဖြစ်ကြပါသည်။ “ထာ၀ရ ဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲ သားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေး တော်မူပြီ။ ကြွေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွား ချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့ အား မျက်စိမြင်ပြန်ခြင်း အကြောင်းကိုပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသော သူတို့ကိုကယ်မ စေခြင်းငှာလည်းကောင်း၊ ငါ့ကိုစေလွှတ်တော်မူပြီ}}ဟူ၍ ကိုယ် တော်ရှင်မိန့် တော်မူခဲ့သောလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် သူတို့အားခေါ် တော်မူ ခြင်းဖြစ်ပါသည်။ လုကာ ၄း၁၈၊၁၉။
ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်တွင်အသက်ရှင်နေ ထိုင်လျက်ရှိကြသော ဘုရားသခင်၏မိသားစုမှ ဒုက္ခရောက်နေသူများအား ကြည့်ရှု နေကြပြီး၊ ထိုသူများအားသက်သာခြင်းငှာ လုပ်ဆောင်ကြမည့်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေကြပါသည်။ ထိုသူသည် အကူအညီ အမအစများကို လို အပ်နေကြောင်းတွေ့မြင်နိုင်ရန် ထိုယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးသားကို ထိုလူနာ လဲလျောင်းနေသည့်ထိုလမ်းသို့ ဘုရားသခင်စီစဉ်ဆောင် ကြဉ်းခဲ့ခြင်းဖြစ်ပါသည်။ ထို သူနှစ်ဦးသည် ဒုက္ခရောက်နေသူအား ကြင်နာသနားမှုရှိပါ့မလားဟု ကောင်းကင် တစ်ခုလုံးက စောင့်၍ကြည့်ခဲ့ကြပါသည်။ တော၌ဟေဗြဲလူမျိုးများအား ညွှန်ကြားခဲ့ သောပုဂ္ဂိုလ်သည် သခင်ယေရှုပင်ဖြစ်ပါသည်။ ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ် ဆရာများထံမှ ယခုယုဒလူများ ခံယူနေသောအရာများသည် မိုးတိမ်တိုင်နှင့်မီးတိုင် များထဲမှနေ၍ ကိုယ်တော်သွန်သင်တော်မူခဲ့သော သင်ခန်းစာများထဲမှ အရာများ ဖြစ်ကြပါသည်။ ပညတ္တိကျမ်းတွင်ပါရှိသော ကရုဏာအစီအစဉ်များတွင် လိုချင်သည့် အရာကိုမတောင်းတတ်သည့်၊ နာကျင်မှုဝေဒနာကို မပြောတတ်သည့် တိရစ္ဆာန်များ အတွက်ပင် ပါဝင်ပါသည်။ ဣသရေလလူများအတွက် မောရှေအားပေးခဲ့သော ညွှန်ကြား ချက်မှာ “သင်သည်ရန်သူ၏မြင်း၊ နွား၊ လမ်းလွဲနေသည်ကိုတွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။ သင့်ကိုမုန်းသောသူ၏မြည်းသည် မိမိဆောင်ရွက်သော ဝန် အောက်မှာလဲ နေသည်ကိုတွေ့မြင်လျှင် မမစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်” ဟူ၍ဖြစ်၏။ ထွက်မြောက်ရာ ၂၃း၄-၅။ ခရစ်တော်သည် ဓားပြများ၏ ရိုက်နှက်မှုကိုခံခဲ့ရသည့် ထိုသူ၏အဖြစ်အပျက်တွင် ဒုက္ခဝေဒနာ ခံစားနေရသော ညီအစ်ကိုတစ်ယောက်၏ ကိစ္စကိုတင်ဆက်တော်မူခဲ့ပါသည်။ ဝန်အောက်တွင် လဲ နေသောတိရစ္ဆာန်တစ်ကောင်ကို သနားကြင်နာသင့်သည်ဆိုလျှင်၊ ဒုက္ခရောက်နေ သော ထိုလူများအတွက် မည်မျှသနားကြင်နာသင့်ပါသနည်း။ မောရှေအားဖြင့် ဣသရေလများအား ဘုရားသခင်မိန့်တော်မူသည်မှာ “သင်၏ဘုရားသခင်ထာ၀ရ ဘုရားသည်၊----ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ် သောဘုရား---မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌တရားစီရင်၍၊ ဧည့်သည် အာဂန္တုတို့ကိုစုံမက်တော်မူ၏။ ထို့ကြောင့် သင်တို့နှင့်အတူနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်}} ဟူ၏။ တရား ၁ဝး ၁၇-၁၉။ ဝတ်ပြု ၁၉း၃၄။
“ဧည့်သည်သည် လမ်း၌ညဉ့်ကိုမလွန်ရမည်အကြောင်း ငါသည်ခရီးသွား သောသူတို့အား ကိုယ်တံခါးကိုဖွင့်ထားပြီ” ဟူ၍ ယောဘဖွင့်ဟခဲ့ပါသည်။ ယောဘ ၃၁း၃၂။ လူယောင်ဆောင်လာသော ကောင်းကင်တမန်နှစ်ပါးအား သောဒုံမြို့အဝင် တွင် လောတတွေ့ရှိသောအခါ၊ မြေ၌ဦးညွှတ်ချလျက်၊ “အကျွန်ုပ်သခင်တို့၊ ကိုယ် တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ’ဟုဆိုခဲ့၏။ က ၁၉း၂။ ထိုယဇ်ပု ရောဟိတ်နှင့် လေဝိအမျိုးသားတို့သည် ဤအကြောင်း အရာများကို သိရှိခဲ့ကြသော် လည်း၊ လက်တွေ့မကျင့်သုံးခဲ့ချေ။ သူတို့သည် အမျိုးသားရေးတစ်ယူသန်စိတ်ပြင်း ထန်သည့်ကျောင်းများတွင် လေ့ကျင့်သင်ယူခဲ့ရသောကြောင့် အတ္တစိတ်များပြင်း ထန်နေပြီး၊ သဘောထားကျဉ်းမြောင်းကာ သီးသီးခြားခြားနေလိုသော စိတ်ဓာတ်များ ဖြစ်ပေါ်လာကြပါသည်။ ဒဏ်ရာရထားသည့်ထိုသူကို သူတို့တွေ့မြင်သောအချိန်တွင် ထိုသူသည်မည်သည့် လူမျိုးဖြစ်ကြောင်း သူတို့မခွဲခြားနိုင်ကြပါ။ ထိုသူကိုရှမာရိ အမျိုးသားတစ်ဦးထင်၍ သူတို့စွန့်ပစ်ထားခဲ့ကြခြင်းဖြစ်ပါသည်။
ထိုသူနှစ်ဦး၏ လုပ်ဆောင်မှုများတွင် ပညတ္တိကျမ်းများမှ သွန်သင်ချက်များ နှင့်ဆန့်ကျင်သော အရာတစ်စုံတစ်ရာကိုမျှ ထိုကျမ်းတတ်မတွေ့ရှိခဲ့ကြချေ။ သို့ရာ တွင် ခရစ်တော်ဆက်လက်ဖော်ပြသည်မှာ -
ရှမာရိလူတစ်ယောက်သည် ခရီးသွားစဉ်တွင် ထိုလူနာရှိရာသို့ရောက်၍ ၎င်း ကိုမြင်သောအခါ ကရုဏာစိတ်ရှိလေ၏။ ထိုဧည့်သည်သည် ယုဒလူဖြစ်သလား၊ ရှမာရိလူဖြစ်သလား ဟုသူမမေးမြန်းခဲ့ချေ။ အကယ်၍ ယုဒလူတစ်ဦးဖြစ်နေခဲ့လျှင် အခြေအနေသည် တစ်မျိုးပြောင်းသွားကာ လူနာသည်မိမိမျက်နှာကို တံတွေးနှင့် ထွေးပြီး မထီလေးစားမျက်နှာဖြင့် ထွက်သွားလိမ့်မည်ဖြစ်ကြောင်း ထိုရှမာရိလူက ကောင်းစွာသိရှိထားပါသည်။ သို့ရာတွင် ထိုကိစ္စကြောင့် သူမနှောင့်နှေးခဲ့ပါ။ ထိုနေ ရာမျိုးတွင်ကြာကြာနေသည့်အတွက် မိမိ၌အန္တရာယ် ရှိသည်ကိုပင် ဂရုမထားခဲ့ချေ။ အခြားအရာများကို အရေးမထားခဲ့ဘဲ မိမိရှေ့တွင် ဒုက္ခရောက်၍အကူအညီလိုနေ သူတစ်ဦးရောက်နေသည်ကိုသာ သူဂရုထားခဲ့ပါသည်။ ခရီးသွားစဉ်တွင် မိမိအသုံး ပြုရန် ယူဆောင်လာခဲ့သော ဆီနှင့်စပျစ်ရည်များဖြင့် ထိုသူ၏အနာများကို ဆေး ကြောသန့်စင်ကာလူးပေးပြီး မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် ချည်နှောင်စည်းပတ်ပေး ခဲ့ပါသည်။ ထိုနောက်ထိုလူနာအား မိမိ၏တိရစ္ဆာန်အပေါ်တွင်တင်ပြီး အနာသက်သာ စေရန်၊ ညီညာသောလမ်းအတိုင်း ဖြည်းဖြည်းချင်း သယ်ဆောင်သွားခဲ့ပါသည်။ သူ သည်ထိုလူနာအား ဇရပ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး တစ်ညလုံးပြုစုစောင့်ရှောက် ခဲ့ပါသည်။ နံနက်မိုးလင်းသောအခါ လူနာသည်အနည်းငယ် သက်သာလာပြီဖြစ် သဖြင့် သူသည်သွားရမည့်ခရီးစဉ်အတိုင်း ခရီးဆက်ခဲ့ပါသည်။ ခရီးမဆက်မီတွင် ထိုလူနာ ကိုဇရပ်စောင့်ထံအပ်နှံကာ ကျသင့်သည့် ကုန်ကျစရိတ်များကို ရှင်းပေးပြီး ဆက် လက်၍ကျွေးမွေးပြုစုရန်အတွက်လည်း ငွေကြေးများကိုပေးထားခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ပေးရုံနှင့်အားမရသေးဘဲ “ဤသူကိုကြည့်ရှုပြုစုပါ၊ ကုန်သမျှကိုငါ ပြန်လာသောအခါဆပ်ပေးမည်” ဟု ကတိကဝတ်ပြုကာ စီစဉ်ပေးခဲ့ပါ သည်။
သခင်ယေရှုသည် ထိုကျမ်းတတ်ကို စူးစိုက်စွာကြည့်လျက် တစ်မဟုတ်ချင်း တွင် ထိုသူ၏စိတ်ကို ဖတ်ရှုသိရှိသည့်အလား၊ “ထိုသူသုံးယောက်တို့တွင် အဘယ် သူသည် ဓားပြလက်သို့ရောက်သော သူနှင့်စပ်ဆိုင်သောသူဖြစ်သနည်း” ဟုမေး ခြင်းဖြင့် ဤပုံပမာကိုအဆုံးသတ်ခဲ့ပါသည်။
ထိုကျမ်းတတ်သည် ယခုအချိန်အထိပင်၊ ရှမာရိဟူသောအမည်ကို ပါးစပ် ဖျားတွင် ခေါ်ဝေါ်သုံးစွဲခြင်းမပြုသေးဘဲ “လူနာကိုသနားသောသူသည် စပ်ဆိုင်သော သူဖြစ်ပါ၏” ဟုလျှောက်လေသော်၊ ယေရှုက “သင်သည်သွား ၍ထိုနည်းအတူပြု လော့” ဟုမိန့်တော်မူ၏။
“အဘယ်သူသည်၊ အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟူသော မေးခွန်းကို ဤနည်းအားဖြင့်အမြဲတမ်း အဖြေပေးတော်မူပါသည်။ ကိုယ်နှင့်စပ်ဆိုင် သောသူဆိုရာ၌ မိမိတို့၏အသင်းတော်မှ အသင်းသားတစ်ဦး (သို့မဟုတ်) ယုံကြည် ခြင်းတူသူတစ်ဦးကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း၊ လူမျိုးအသားအရောင်နှင့် လူ တန်းစားကွဲပြားခြားနားမှုများနှင့်လည်းမပတ်သက်ကြောင်း ဖော်ပြတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့ထံမှအကူအညီအမအစများကို လိုအပ်သောသူတိုင်းသည် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ရန်သူဖြစ်သော စာတန်၏နာကျင်စွာ ရိုက်နှက်ခြင်းကိုခံရသော အသက်ဝိညာဉ်တိုင်းသည် ကျွန်ုပ်တို့နှင့်စပ်ဆိုင်သော သူများဖြစ်ကြပါသည်။ ထာ၀ရဘုရားပိုင်ဆိုင်သော သားသမီးတိုင်းသည် ကျွန်ုပ်တို့ နှင့်စပ်ဆိုင်သော သူဖြစ်ပါသည်။
“ကောင်းသောရှမာရိ” ပုံပမာတွင် ခရစ်တော်သည် မိမိကိုယ်တော်တိုင် နှင့် မိမိအမှုတော်အကြောင်းကို ပုံဖော်ထားခဲ့ပါသည်။ လူသားများသည် စာတန်မာရ် နတ်၏လှည့်ဖြားမှု၊ ရိုက်နှက်မှု၊ လုယူမှုနှင့်ဖျက်ဆီးမှုများကို ခံနေကြရပြီး၊ ပျက်စီး ဆုံးပါးသွားစေရန် ပစ်ထားခြင်းကိုခံနေကြရသော်လည်း၊ ခရစ်တော်သည် ကျွန်ုပ်တို့ ၏ ခိုကိုးရာမဲ့ဘ၀ကို သနားတော်မူပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားကယ် တင်ရန်အလိုငှာ၊ မိမိဘုန်းတော်ကို စွန့်တော်မူခဲ့ပါသည်။ သေလုမြောပါးဖြစ်နေသော ကျွန်ုပ်တို့အခြေအနေကို တွေ့ရှိတော်မူသဖြင့် ကျွန်ုပ်တို့၏လူသားဇာတိကို ယူတင် ဝတ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏အနာများကို သက်သာပျောက်ကင်းစေ၍ ကိုယ် တော်၏ဖြောင့်မတ်ခြင်းဝတ်ရုံနှင့် ကျွန်ုပ်တို့အား လွှမ်းခြုံပေးတော်မူခဲ့ပါသည်။ ကျွန်ုပ် တို့အားလုံခြုံသော ခိုလှုံရာနေရာသို့ လမ်းပြတော်မူခဲ့ပြီး မိမိကိုယ်တိုင်အနစ်နာခံကာ လိုလေ သေးမရှိအောင်ပြင်ဆင်ပေးတော်မူခဲ့ပါသည်။ ထိုနောက် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်ဆယ်ရန်အတွက် အသေခံတော်မူခဲ့ပြီး မိမိ၏အသက်တာ နမူနာပုံစံကိုညွှန်ပြလျက် “သင်တို့သည်အချင်းချင်းချစ်စေခြင်းငှာ၊ ဤပညတ်တို့ ကိုငါပေး၏” “ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့” ဟူ ၍ တပည့်တော်များအား ကိုယ်တော်မိန့်တော်မူပါသည်။ ယော ၁၅း၁၇၊ ၁၃း၃၄။
ထိုကျမ်းတတ်က “အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း” ဟူ၍ ခရစ်တော်အားမေးမြန်းလိုက်ရာ ဘုရားသခင်ကိုချစ်ခြင်းနှင့် လူကိုချစ်ခြင်းကို ဖြောင့် မတ်ခြင်း၏ အထွတ်အထိပ်အဖြစ်မှတ်ယူကာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။ “ထိုသို့ပြုလျှင် အသက်ကိုရလိမ့်မည်” ဟုယေရှုမိန့်တော်မူ၏။ ထိုရှမာရိအမျိုးသား သည် ကြင်နာချစ်ခင်တတ်သည့် စိတ်နှလုံး၏ဆင့်ဆိုချက်အတိုင်း လုပ်ဆောင်ခြင်း အားဖြင့်၊ မိမိကိုယ်ကိုတရားကိုကျင့်သောသူတစ်ဦး အဖြစ်သက်သေပြခဲ့ပါသည်။ ထို့ကြောင့်ခရစ်တော်သည် ထိုကျမ်းတတ်အား၊ သင်သည်သွား၍ ထိုနည်းတူပြု လော့” ဟုမိန့်တော်မူ၏။ ဘုရားသခင်၏ သားသမီးများသည် အပြောသက်သက် မဟုတ်ဘဲ အကျင့်ကိုကျင့်ရန် ကိုယ်တော်မျှော်လင့်တော်မူပါသည်။ “ထိုသခင်၌ငါ တည်၏ ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်၊” ၁ ယော ၂း၆။
ခရစ်တော်မိန့်တော်မူနေသော အချိန်အခါတွင် ထိုလောကသားများသည် ဤသင်ခန်းစာမျိုးကို လေ့ကျက်ရန်လိုအပ်နေသကဲ့သို့ ယခုအချိန်တွင်လည်းလို အပ်လှပါသည်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် သက်ဝင်လှုပ်ရှားမှု မရှိသောအခမ်း အနားများသည် မေတ္တာတည်းဟူသောမီးလျှံကို ငြိမ်းစေလုမတတ်ဖြစ်ခဲ့ပြီး စာရိတ္တ၏ အမွှေးအကြိုင်ဖြစ်သော ကရုဏာတော်ကို ပျောက်လွင့်စေခဲ့ပါသည်။ ခရစ်ယာန်ဟူ သောအမည်ကို ခံယူနေကြသည့် လူများအနေဖြင့် မိမိတို့သည် ခရစ်တော်ကို ရုပ်လုံးဖော်ရမည်ဟူသောအချက်ကို မျက်ခြည်ပြတ်ခဲ့ကြလေပြီ။ မိမိတို့၏ မိသားစု တွင်သော်လည်းကောင်း၊ အိမ်နီးနားချင်းများ အလယ်တွင်သော်လည်းကောင်း၊ အ သင်းတော်ထဲတွင်သော်လည်းကောင်း မည်သည့်နေရာတွင်ဖြစ်စေ၊ သူတစ်ပါး၏ အကျိုးအတွက် လက်တွေ့ကျကျ ကိုယ်ကျိုးမစွန့်ခဲ့ပါလျှင်၊ မိမိကိုယ်ကိုမည်သို့ပင် ခရစ်ယာန်ဟုပြောနေစေကာမူ ကျွန်ုပ်တို့သည် ခရစ်ယာန်များမဟုတ်ကြပါ။
ခရစ်တော်သည် လူသားများ၏အရေးကို စိတ်ဝင်စားတော်မူပြီး၊ လူသားများ ကယ်တင်ခြင်းရစိမ့်သောငှာ၊ မိမိနှင့်တစ်လုံးတစ်၀တည်းဖြစ်လာကြရန် တောင်းဆို တော်မူနေပါသည်။ “သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့”ဟုလည်း မိန့်တော်မူနေပါသည်။ ပညတ်တော်လွန် ကျူးခြင်းသည် ဒုစရိုက်အပေါင်းတွင် အဆိုးဆုံးဖြစ်သော်လည်း ကျွန်ုပ်တို့၏ အငန်း အတာမှာ အပြစ်သားကိုသနားကြင်နာ၍ ကူညီမစရန်ဖြစ်ပါသည်။ မိမိတို့၏မှားယွင်း မှုများနှင့် ချွတ်ယွင်းချက်များကြောင့် ရှက်ကြောက်မှုများကို ခံစားနေရသူများ များစွာ ရှိကြပါသည်။ ထိုသူများသည် အားပေးစကားများကို ဆာငတ်ခင်မွတ်နေကြပါသည်။ ထိုသူများသည် မိမိတို့၏အမှားအယွင်းကိုကြည့်ကာ မျှော်လင့်ချက်မဲ့နေကြသူများ ဖြစ်ကြပါသည်။ ဤဝိညာဉ်များကို လျစ်လျူရှုထားရန်မဟုတ်ချေ။ ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြပါလျှင် ကျွန်ုပ်တို့ထံမှ အကူအညီအမအစ လိုအပ်နေသူများ ထံမှ ဝေးနိုင်သမျှဝေးအောင် ရှောင်ဖယ်သွားကြလိမ့်မည်မဟုတ်ချေ။ နာကျင်မှု ဝေဒနာများကြောင့်ဖြစ်စေ၊ အပြစ်ကြောင့်ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်းနှင့် ရင်ဆိုင်နေရ သည့်လူများကိုa တွ့ရှိသောအခါ ဤကိစ္စသည် ကျွန်ုပ်နှင့်မဆိုင်ပါဟုမည်သည့် အ ခါမျှကျွန်ုပ်တို့ပြောကြလိမ့်မည်မဟုတ်ချေ။
“ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည်----သိမ်မွေ့နူးညံ့သော သ ဘောနှင့်---သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့” ဂလာတိ ၆း၁။ ယုံကြည် ခြင်းနှင့်ဆုတောင်းခြင်းအားဖြင့် ရန်သူ၏တန်ခိုးကို တွန်းလှန်ပါ။ ယုံကြည်ခြင်းနှင့် ဆိုင်သောစကားများပြောပေးခြင်း၊ အားပေးစကားများ ပြောပေးခြင်းများသည် ထိ ခိုက်ဒဏ်ရာရနေသည့် သူတိုင်းအတွက် အနာပျောက်ကင်းစေနိုင်သည့် သစ်ဆီမွှေး ကဲ့သို့ဖြစ်ပါလိမ့်မည်။ ကြီးမားလှသည့် ဘ၀တိုက်ပွဲကြီးတွင် ရုန်းကန်နေရသော လူ များစွာတို့အား တိုက်လှန်ပွဲကို ကျော်လွှားအောင်မြင်နိုင်ကြရန် နှစ်သိမ့်မှုပေးသော စကားတစ်လုံးအားဖြင့် ခွန်အားပေးနေသည့်အချိန်တွင် ၎င်းတို့သည် နွမ်းလျပင် ပန်း၍ စိတ်ဓာတ်ကျဆင်းနေသည့် အခြေအနေတွင်ရှိပါသည်။ ထို့ကြောင့် ဝေဒနာ ခံစားနေရသူတစ်ဦးအား ဘုရားသခင်ထံမှ ကျွန်ုပ်တို့ခံစားခဲ့ရသော နှစ်သိမ့်စကား မျိုးကိုမျှဝေရန် မကြိုးစားဘဲ မည်သည့်အခါမှ ရှောင်ဖယ်မသွားသင့်ပါချေ။
ကောင်းသောရှမာရိပုံပမာတွင် သော်လည်းကောင်း၊ ခရစ်တော်၏သက် တော်စဉ်တွင်သော်လည်းကောင်း၊ ထင်ရှားစေခဲ့သောနိယာမသည် ပညတ်တော်အ တိုင်းကျင့်ဆောင်ခြင်းအတွက် တစ်ခုတည်းသောနိယာမဖြစ်ပါသည်။ ကိုယ်တော်၏ စာရိတ္တတော်သည် ပညတ်တော်၏ စစ်မှန်သောအရေးကြီးပုံကို ဖော်ပြခဲ့ပြီး ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော သွန်သင်ချက်၏ အဓိပ္ပါယ်ကို ထင်ရှားစေခဲ့ပါသည်။ ဘုရားသခင်၏သားသမီးများသည် လူသားများအပေါ် ကရု ဏာများ ကြင်နာသနားမှုများနှင့် မေတ္တာတရားများကို ထင်ရှားစေကြသော အချိန် တွင် ၎င်းတို့သည် ကောင်းကင်မှပြဌာန်းထားသည့် ပညတ်တော်၏သဘာ၀ကို သက် သေခံနေကြခြင်းဖြစ်ကြပါသည်။ “ထာ၀ရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏” ဟူသောအမှန်တရားကိုလည်း သက်သေခံနေ ကြခြင်းဖြစ်ပါသည်။ (ဆာလံ ၁၉း၇) မေတ္တာပြရန်ပျက်ကွက်သောသူသည် မိမိရို သေလေးစားပါသည်ဟု ဖွင့်ဟပြောဆိုနေသော ပညတ်တော်ကို လွန်ကျူးနေခြင်း ဖြစ်ပါသည်။ အကြောင်းမူကား၊ မိမိညီအစ်ကိုအပေါ်တွင် ထားသောစိတ်သဘော ထားနှင့် ထာ၀ရဘုရားအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏သဘောထားများကို ဖော်ညွှန်း နေခြင်းကြောင့်တည်း။ နှလုံးသားထဲတွင်ရှိနေသည့် ဘုရားသခင်ကိုချစ်သည့် မေတ္တာ သည် ကိုယ်နှင့်စပ်ဆိုင်သူများအပေါ်ချစ်နိုင်မည့် တစ်ခုတည်းသော မေတ္တာစမ်း ချောင်းဖြစ်ပါသည်။ “တစ်စုံတစ်ယောက်သောသူက ငါသည်ဘုရား သခင်ကိုချစ်၏ ဟုဆိုလျက်ပင်၊ မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည်မုသား သုံးသောသူဖြစ်၏။ မိမိမြင်ရသောမိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသော ဘုရားသခင်ကို အဘယ် သို့ချစ်နိုင်မည်နည်း။ ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည် ဟူသော ပညတ်တော်ကိုငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ” ၁ယော ၄း၂၀-၂၁။
No comments:
Post a Comment