နိကောဒင်
ရှင်ယောဟန်ခရစ်ဝင်
၃း၁-၁၇ ကိုအခြေပြုပါသည်
နိကောဒင်သည် ယုဒပြည်တွင်
ကြီးမားသောရာထူးတစ်ခုကိုရရှိထားသူတစ်ဦးဖြစ်ပြီး ပညာတတ် တစ်ယောက်လည်းဖြစ်ပါသည်။
သာမန်ထက်ကြီးမြတ်သော စွမ်းပကားများကို ပိုင်ဆိုင်ထားပြီး အမျိုးသား ကောင်စီဝင်ဂုဏ်အသရေရှိ
ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ သူသည် အခြားသူများကဲ့သို့ပင် ခရစ်တော်၏ သွန်သင် ချက်များကြောင့်
စိတ်လှုပ်ရှားခဲ့ရပါသည်။ နိကောဒင်သည် ငွေကြေးချမ်းသာ၍ ပညာတတ်တစ်ဦးဖြစ်ပြီး
ဂုဏ်အသရေနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း နာဇရက်မြို့သားယေရှုကို
ထူးထူးဆန်းဆန်း စွဲလမ်းခဲ့ သူတစ်ဦးဖြစ်ပါသည်။
ကိုယ်တော်၏နှုတ်တော်မှယိုစီးလာသော သင်ခန်းစာများသည် သူ၏စိတ်နှလုံးကို
အကြီးအကျယ်ထိခိုက်စေပြီး အံ့ဩဖွယ်ကောင်းသော ဤသမ္မာတရားများကို ပို၍ပို၍
လေ့လာရန်ဆန္ဒ ပြင်းပြခဲ့ ပါသည်။
ဗိမာန်တော်ကို
သန့်ရှင်းစင်ကြယ်စေခဲ့ရာတွင် ခရစ်တော်အသုံးပြုခဲ့သော အခွင့်အာဏာသည်
ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများ၏ မုန်းတီးမှုကိုခိုင်မာစေခဲ့ပါသည်။
သူတို့သည် ဤဧည့်သည်၏ တန်ခိုးအာဏာကို ကြောက်ရွံ့ခဲ့ကြပါသည်။ မထင်ရှားသည့်ဂါလိလဲမှ
လူတစ်ယောက်ပြခဲ့သည့် ထိုကဲ့သို့သော ရဲတင်းမှုမျိုးကို သူတို့သည်မခံနိုင်ခဲ့ကြဘဲ
ကိုယ်တော်၏အမှုတော်ကို အဆုံးသတ်ရန် အာရုံပြုကြပါသည်။ သို့သော်
ယဇ်ပုရောဟိတ်နှင့်ယုဒလူအကြီးအကဲအားလုံးက ထိုအကြံကို သဘောတူခဲ့ကြသည်မဟုတ်ချေ။
ထိုအဖွဲ့မှတချို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အထင်အရှားလုပ်ကိုင်နေသော
ထိုပုဂ္ဂိုလ်ကို မဆန့်ကျင် ဝံ့ကြချေ။ ဣသရေလခေါင်းဆောင်များ၏ အပြစ်များကို
ဆုံးမပဲ့ပြင်ခဲ့ကြခြင်းအတွက် ပုရောဖက်များ အသတ်ခံခဲ့ရကြောင်း ထိုသူတို့
သတိရအောက်မေ့ခဲ့ကြပါသည်။ ယုဒလူများသည် တစ်ပါးအမျိုးသားများ၏ တိုင်းပြည်များတွင်
သွားရောက်၍ ကျွန်ခံရခြင်းသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုများကို ခေါင်းမာစွာဖြင့်
ငြင်းဆန်မှုများအတွက် အကျိုးဆက်ဖြစ်ကြောင်းကို သူတို့သိရှိခဲ့ကြပါသည်။
ခရစ်တော်ကိုသုတ်သင်ရန် ကြံစည်နေခြင်းသည် ထိုပုရောဟိတ်များနှင့်
ယုဒလူအကြီးအကဲတို့အနေနှင့် ၎င်းတို့သည် ဘိုးဘေးများ၏ ခြေရာများကို လိုက်လျှောက်နေကြခြင်းဖြစ်သည်ဟု
စိုးရိမ်ကြောက်ရွံ့နေကြပါသည်။ ထိုကဲ့သို့ပြုလုပ်လျှင် တိုင်းပြည်သည်
အသစ်သောဒုက္ခများနှင့် တွေ့ကြုံရမည်ကိုလည်း သူတို့သိရှိခဲ့ကြပါသည်။ နိကောဒင်သည်
ထိုကဲ့သို့သော ခံစားချက်မျိုးရှိသူတစ်ဦးဖြစ်ပါသည်။
ခရစ်တော်အပေါ်လုပ်ဆောင်ကြမည့်နည်းလမ်းများကို စဉ်းစားသုံးသပ်ကြသောအချိန်တွင်
သတိထားလုပ်ဆောင်ရန်နှင့် အေးအေးဆေးဆေးလုပ်ဆောင်ကြရန် ဆန်ဟီဒရင်ကောင်စီတွင်
သူအကြံပေးခဲ့ပါသည်။ ယေရှုရှင်သည် ဘုရားသခင်ထံမှလုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူ
တစ်ပါးဖြစ်လျှင် ၎င်း၏သတိပေးချက်ကို ငြင်းပယ်ခြင်းသည် အန္တရာယ်ရှိကြောင်း နိကောဒင်တိုက်တွန်းခဲ့ပါ
သည်။ နိကောဒင်၏အကြံပေးတိုက်တွန်းချက်ကို ယဇ်ပုရောဟိတ်များသည် ဂရုမပြုဘဲမနေရဲကြချေ။
ထို့ကြောင့် အခိုက်အတန့်အားဖြင့် ကိုယ်တော်ရှင်အား
ပွင့်ပွင့်လင်းလင်းမဆန့်ကျင်မတိုက်ခိုက်ခဲ့ကြချေ။
နိကောဒင်သည် ယေရှုအကြောင်းကို
ကြားသိခဲ့ရသည့် အချိန်မှစ၍ မေရှိယနှင့်ပတ်သက်နေသော အနာဂတ္တိစကားများကို
စိုးရိမ်တကြီးလေ့လာခဲ့ရာ ရှာဖွေလေ့လာလေလေ၊ ကိုယ်တော်သည် ကြွလာမည့် သူဖြစ်ကြောင်း
ထင်ရှားလေလေဖြစ်ပါသည်။ သူသည် အခြားဣသရေလလူများစွာတို့နှင့်အတူ ဗိမာန်တော်ကို
မရိုမသေပြုမှုများအား တွေ့မြင်နေရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသည်။
ယေရှုသည် ရောင်းဝယ်နေသူများအား ဗိမာန်တော်မှ မောင်းထုတ်သောအချိန်တွင် နိကောဒင်သည်
ထိုမြင်ကွင်းကို မျက်မြင် ကိုယ်တွေ့မြင်တွေ့ခဲ့ရပါသည်။ ဘုရားတန်ခိုးတော်၏
အံ့ဩဖွယ်ထင်ရှားမှုများကိုလည်းကောင်း၊ ကယ်တင်ရှင် သည် ဆင်းရဲသားများအား
လက်ခံပြုစုနေသည်ကိုလည်းကောင်း၊ နာမကျန်းသူများအား ကုသပေးနေသည်ကို လည်းကောင်း၊
ကယ်မခြင်းခံခဲ့ရသောသူများ၏ ဝမ်းသာမှုအကြည့်များကိုလည်းကောင်း မြင်တွေ့ခဲ့ရပြီး
ထိုသူ များ၏ချီးမွမ်းသံများကိုလည်း နားနှင့်ဆတ်ဆတ်ကြားခဲ့ရသဖြင့် ယေရှုသည်
ထာဝရဘုရားစေလွှတ်တော်မူသော ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်းကို နိကောဒင်သည်
သံသယမရှိနိုင်တော့ချေ။
သူသည်ခရစ်တော်နှင့်
များစွာတွေ့ဆုံမေးမြန်းလိုသော်လည်း ဗြောင်ကျကျသွားရောက်တွေ့ဆုံရန်ကိုမူ
တွန့်ဆုတ်နေပါသည်။
ယခုအချိန်တိုင်အောင်လူသိအလွန်နည်းပါးသေးသောဆရာကလေးတစ်ဦးနှင့်ခင်မင်မှုရှိနေ
ကြောင်းမိမိကိုယ်ကို အသိအမှတ်ပြုခြင်းသည် ယုဒလူအကြီးအကဲတစ်ယောက်အတွက်
အလွန်ဂုဏ်ငယ်စရာ ဖြစ်ပေလိမ့်မည်။ ၎င်းပြင် ဆန်ဟီဒရင်အဖွဲ့ဝင်များအား
ယေရှုထံသို့ မိမိသွားရောက်လည်ပတ်ကြောင်းကိုအသိ ပေးခဲ့ပါလျှင် အတိအလင်းစွပ်စွဲစရာ၊
ကြိမ်းမောင်းစရာ ဖြစ်ပေလိမ့်မည်။ အကယ်၍သူသည် ယေရှုထံသို့ဗြောင်
ကျကျသွားရောက်ခဲ့လျှင်အခြားသူများသည်
၎င်းလုပ်သလိုလိုက်၍လုပ်ကောင်းလုပ်နိုင်သည်ဆိုသည့်အကြောင်း ပြချက်ဖြင့် ညအချိန်တွင်
ကိုယ်တော်ထံသို့သွားရောက်တွေ့ဆုံမေးမြန်းရန် သူသန္နိဌာန်ချခဲ့ပါသည်။ သံလွင်တောင်
ပေါ်တွင်ကိုယ်တော်ရှင်နားနေမည့်နေရာကို
အသေအချာလေ့လာစုံစမ်းပြီးလျှင်တစ်မြို့လုံးအိပ်မောကျကာ ငြိမ် သက်
မည့်အချိန်တိုင်အောင်စောင့်ဆိုင်း၍ အချိန်တန်သောအခါ
ကိုယ်တော်ထံသို့သူသွားရောက်ခဲ့ပါ သည်။
နိကောဒင်သည် ခရစ်တော်ရှေ့မှောက်တွင်
ထူးဆန်းသောထိတ်လန့်မှုတစ်ခုကို ခံစားခဲ့ရပါသည်။ သို့သော် ထိုထိတ်လန့်မှုကို
တည်ငြိမ်၍ သိက္ခာရှိသောအသံနှင့်ဖုံးကွယ်ရန် ကြိုးစားလျက် “အရှင်ဘုရား၊
ကိုယ်တော်သည် ပြတော်မူသောနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှမပြနိုင်သည်ကို
အကျွန်ုပ်တို့ သည် ထောက်၍
ကိုယ်တော်သည်ဘုရားသခင်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏” ဟု
နိကောဒင်လျှောက်၏။ ဆရာတစ်ပါးအဖြစ်သွန်သင်ခဲ့သော အလွန်ကောင်းမွန်သည့်
ခရစ်တော်၏အစွမ်းများ နှင့် နိမိတ်လက္ခဏာပြခဲ့သော အံ့ဩဖွယ်တန်ခိုးတော်များအကြောင်းကို
ဖော်ညွှန်းပြောကြားခြင်းအားဖြင့် ကိုယ်တော်နှင့်တွေ့ဆုံစကားပြောဖို့ လမ်းခင်းရန်
သူမျှော်လင့်ခဲ့ပါသည်။ သူ၏စကားများသည် သူ့အားယုံကြည် စိတ်ချရန်
ဖော်ညွှန်းနေသော်လည်း အမှန်မှာမယုံကြည်မှုများကို ဖော်ပြနေခဲ့ပါသည်။ နိကောဒင်သည်
ခရစ်တော် အား မေရှိယအနေဖြင့် အသိအမှတ်မပြုခဲ့ဘဲ ဘုရားသခင်စေလွှတ်လိုက်သော
ဆရာတစ်ပါးအနေဖြင့်သာ အသိအမှတ်ပြုခဲ့ပါသည်။
ခရစ်တော်သည် ဤနှုတ်ခွန်းဆက်စကားကို
အသိအမှတ်ပြုရမည့်အစား ၎င်း၏စိတ်ဝိညာဉ်ကို ဖတ်နေသကဲ့သို့ နိကောဒင်အား
အာရုံစူးစိုက်၍ ကြည့်တော်မူရာ ၎င်းသည် သမ္မာတရားကိုရှာဖွေနေသူတစ်ဦး ဖြစ်ကြောင်းကို
အနန္တဉာဏ်တော်အားဖြင့် မြင်တွေ့တော်မူခဲ့ပါသည်။ နိကောဒင်လာရောက်လည်ပတ်ခြင်း၏ ရည်ရွယ်ချက်ကို
ကိုယ်တော်သိတော်မူခဲ့ပါသည်။ ၎င်း၏ စိတ်နှလုံးတွင်ရှိနှင့်ပြီးသော
အပြစ်ထင်ရှားကြောင်း အသိကလေးကို နက်နက်ရှိုင်းရှိုင်းသိလာရန်ဆန္ဒဖြင့်
ခန့်ညားသော်လည်း ကြင်နာစွာဖြင့် လိုရင်းအချက်ကို “ဒုတိယမွေးခြင်းကို
မခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ” ဟူ၍ (ယောဟန် ၃း၃) တွင်
တိုက်ရိုက်မိန့်တော်မူထားပါသည်။
နိကောဒင်သည် ယေရှုနှင့်ဆွေးနွေးရန်ရည်ရွယ်၍
လာခဲ့သော်လည်း ကိုယ်တော်သည် သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို
ဖွင့်ပြတော်မူနေပါသည်။ ကိုယ်တော်၏စကားများသည် “သင်သည် သဘောတရား ဗဟုသုတများကို
ဝိညာဉ်ရေးအသစ်မွေးဖွားခြင်းလောက်မလိုအပ်ကြောင်း၊ သင်သည် သိလိုသောအရာများကို
ကျေနပ်အောင်သိရှိဖို့လိုသည်ထက် နှလုံးအသစ်ရဖို့ပို၍လိုအပ်ကြောင်း၊
သင်သည်ကောင်းကင်နှင့်ပတ်သက် သောအရာများတို့ကို တန်ဖိုးမထားနိုင်မီ
အထက်မှပေးသနားသည့် အသစ်သောအသက်တာကို ရယူရမည်ဖြစ် ကြောင်း ဤအရာများကို ပြောင်းလဲ၍
အားလုံးသောအရာများသည် အသစ်မဖြစ်မချင်း ငါနှင့်လာရောက် ဆွေးနွေးခြင်းသည်
သင့်အတွက်ကယ်တင်ခြင်းကောင်းကျိုးဖြစ်လိမ့်မည်မဟုတ်” ဟုဆိုလိုပါသည်။
နိကောဒင်သည်
ဗတ္တိဇံဆရာယောဟန်၏နောင်တရခြင်း၊ ဗတ္တိဇံခံခြင်းများနှင့်ပတ်သက်သော တရား
ဟောချက်များကိုလည်းကောင်း၊ ဝိညာဉ်တော်အားဖြင့် နှစ်ခြင်းပေးမည့်ပုဂ္ဂိုလ်အား
ဖော်ညွှန်းဟောပြောချက်များ ကိုလည်းကောင်း၊ ကြားသိခဲ့ပြီးဖြစ်ပါသည်။ ယုဒလူများ၌
ဝိညာဉ်ရေးဘက်တွင် လိုအပ်မှုများရှိနေကြောင်းကို လည်းကောင်း၊ ယုဒလူအတော်များများသည်
တစ်ယူသန်မှုများ၊ လောကနှင့်ပတ်သက်သော ရည်မှန်းချက် ကြီးမားလွန်းခြင်းများ၏
ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေကြကြောင်းကိုလည်းကောင်း နိကောဒင်ကိုယ်တိုင်
ခံစားခဲ့ရပါသည်။ မေရှိယကြွလာသောအချိန်တွင် ဖြစ်ပေါ်လာမည့်
ပို၍ကောင်းမွန်သောအခြေအနေကိုသူ မျှော်လင့်ခဲ့ပါသည်။ သို့စေကာမူ အရင်းခံသဘောများကို
ထင်ရှားသိသာစေရန် စိတ်နှလုံးကိုစစ်ဆေးခြင်းနှင့် ဆိုင်သော ဗတ္တိဇံဆရာယောဟန်၏
သတင်းစကားများသည် သူ၏စိတ်နှလုံးအား ကျူးလွန်ခဲ့သောပြစ်ချက်များကို
ထင်ရှားစွာသိမြင်လာရန် မစွမ်းဆောင်နိုင်ခဲ့ချေ။ သူသည် စိတ်အားထက်သန်သော
ဖာရိရှဲတစ်ယောက်ဖြစ်ပြီး မိမိ၏ကောင်းသော အကျင့်များအတွက်
ဂုဏ်ယူဝင့်နေသူတစ်ဦးလည်းဖြစ်ပါသည်။ သူတစ်ပါးအား ကျေးဇူးပြု ခြင်းများနှင့်
ဗိမာန်တော်ထိန်းသိမ်းပြုပြင်ရေးအတွက် ရက်ရောစွာလှူဒါန်းမှုများကြောင့်
လူအများ၏လေးစားမှု ကိုခံရသူလည်းဖြစ်ပါသည်။ ၎င်းပြင် ထိုကောင်းမှုကုသိုလ်များအတွက်
ဘုရားသခင်၏မျက်နှာသာပေးခြင်းကို ခံရမည်ဟုလည်း သူထင်မြင်ယူဆထားပါသည်။
သူ၏ယခုအသက်တာအခြေအနေဖြင့် မမြင်တွေ့နိုင် လောက်အောင် နိုင်ငံတော်သည်
သန့်ရှင်းမွန်မြတ်ကြောင်း မိန့်မြွက်သွန်သင်ချက်ကို ကြားသိရသောအခါ သူထိတ်
လန့်သွားခဲ့ပါသည်။
သခင်ယေရှုခရစ်တော်အသုံးပြုခဲ့သော
အသစ်မွေးဖွားခြင်းနှင့်ပတ်သက်သော ရုပ်လုံးဖော်ခြင်းသည် နိကောဒင်အတွက်
လုံးလုံးလျားလျားမကြားဖူးခဲ့သော အသစ်အဆန်းတစ်ခုမဟုတ်ခဲ့ချေ။
ရုပ်တုကိုးကွယ်မှုများမှ ဣသရေလများ၏ ယုံကြည်ခြင်းသို့ပြောင်းလဲလာသူများအား
မကြာခဏမွေးခါစကလေးငယ်များနှင့် နှိုင်းယှဉ်ခဲ့ ကြပါသည်။ သို့အတွက်
ခရစ်တော်မိန့်တော်မူခဲ့သော နှုတ်ထွက်စကားများသည် မူရင်းစာသား၏အဓိပ္ပါယ်မဟုတ်
ကြောင်းကို သူသိရှိရမည်ဖြစ်သည်။ သို့သော် သူသည် ဣသရေလတစ်ဦးအဖြစ်
မွေးဖွားခြင်းခံခဲ့ရသော ကြောင့် မိမိကိုယ်ကို ကောင်းကင်နိုင်ငံဝင်စားဖို့ သေချာသူတစ်ဦးအဖြစ်မှတ်ယူခဲ့ပါသည်။
နောက်ထပ်ပြောင်းလဲ စရာမလိုတော့ဟု သူထင်နေသည့်အတွက် ခရစ်တော်၏စကားများသည်
သူ့အားအံ့အားသင့်စေခဲ့ပါသည်။ ထိုစကားများ၏ တောင်းဆိုမှုများသည်
သူ့အားနေမထိထိုင်မသာဖြစ်စေခဲ့ပါသည်။ ၎င်း၏စိတ်နှလုံးထဲတွင် ဖာရိရှဲ
တစ်ဦး၏မာန်မာနစိတ်နှင့်သမ္မာတရားရှာဖွေလိုသူ၏ ရိုးသားသောအလိုဆန္ဒတို့သည်
တိုက်ခိုက်ရုန်းကန်နေကြပါ သည်။ ဣသရေလအကြီးအကဲတစ်ဦးကဲ့သို့ မိမိ၏ရာထူးကို
မလေးမစားပြုလျက် ယခုကဲ့သို့ခရစ်တော်သည် မိမိအားပြောဆိုခဲ့သည်ကိုလည်း
သူအံ့ဩခဲ့ရပါသည်။
သတိလက်လွတ်ဖြစ်ကာ အံ့အားသင့်လျက်
“အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ ခံနိုင်ပါ မည်နည်း” ဟု ငေါ့၍ ခရစ်တော်အား
သူပြန်လည်ဖြေဆိုခဲ့ပါသည်။ စိတ်နှလုံးကိုနာကျင်စေသောအမှန်တရားကို ဩတ္တပ္ပစိတ်၌
ထင်ရှားစွာသိမြင်လာသောအခါတွင် ဇာတိပကတိသည် ဝိညာဉ်ပကတိအရာများကို လက်ခံနိုင်
ခြင်းမရှိကြောင်း၊ အခြားဣသရေလများနည်းတူ နိကောဒင်ထုတ်ဖော်ပြသခဲ့ပါသည်။
သူ၏စိတ်နှလုံးသည် ဝိညာဉ်ပကတိအရာများကို
တုံ့ပြန်နိုင်မည့်အရာတစ်စုံတစ်ခုမျှမရှိခဲ့ချေ။ အကြောင်းမူကား ဝိညာဉ်ပကတိအရာ
များကို ဝိညာဉ်တော်အားဖြင့်သာ သိရှိနိုင်သောကြောင့်တည်း။
သို့သော်ကယ်တင်ရှင်သည်ငြင်းဆိုမှုကိုငြင်းဆိုမှုဖြင့်မတုံ့ပြန်ခဲ့ချေ။
ဣန္ဒြေသိက္ခာကြီးစွာဖြင့်လက်တော် ကိုမြှောက်လျက်
“ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ” ဟု
ကိုယ်တော်သည် ခိုင်လုံသောအာမခံချက်ဖြင့် သမ္မာတရားကိုထိထိမိမိ သွန်သင်တော်မူခဲ့ပါသည်။
ခရစ်တော်သည် ရေအားဖြင့် နှစ်ခြင်းခံခြင်းနှင့် ဘုရား၏ဝိညာဉ်တော်အားဖြင့်
စိတ်နှလုံးအသစ်ပြောင်းလဲခြင်းကို ရည်ဆောင်၍ ပြောဆိုနေကြောင်း
နိကောဒင်သိရှိခဲ့ပါသည်။ ၎င်းသည် ဗတ္တိဇံဆရာယောဟန်ကြိုတင်ဟောကြားခဲ့သော ပုဂ္ဂိုလ်
တစ်ပါး၏ရှေ့မှောက်တွင် ရောက်ရှိနေကြောင်းကို သဘောပေါက်ခဲ့ပါသည်။
ဇာတိပကတိမွေးဖွားသောအရာသည်
ဇာတိပကတိဖြစ်၏။ ဝိညာဉ်ပကတိမွေးသောအရာသည် ဝိညာဉ် ပကတိဖြစ်၏ဟု
ယေရှုသည်ဆက်၍မိန့်တော်မူခဲ့ပါသည်။ သဘာဝအားဖြင့် လူ၏စိတ်နှလုံးသည် ဒုစရိုက်ဖြင့်
ပြည့်ဝသဖြင့် “မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖော်နိုင်သနည်း။
အဘယ်သူမျှ မထုတ်မဖော်နိုင်ပါ” ဟု ယောဘပြောဆိုခဲ့ပါသည်။ (ယောဘ ၁၄း၄)။ မည်သည့်
လူသားတစ်ဦးတစ်ယောက်၏ တီထွင်မှုကမှ အပြစ်ပြုတတ်သော အသက်ဝိညာဉ်အတွက်
သက်သာခြင်းအခွင့်ကို ပေးစွမ်းနိုင်ခြင်းမရှိချေ။ “ဇာတိပကတိစိတ်သဘောသည်
ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော် အလိုသို့ မလိုက်တတ်၊
ထိုမျှမကမလိုက်နိုင်၊” “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကို
ပြစ်မှား ခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊
မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်း အရာတို့သည် နှလုံးထဲကထွက်လာ၏။” ရောမ
၈း၇။ မဿဲ ၁၅း၁၉။ စိတ်နှလုံးမှထွက်လာသောအရာများကို မသန့်စင်စေမီ
စိတ်နှလုံးအခြေအမြစ်ကို သန့်စင်စေရမည်ဖြစ်ပါသည်။
ကောင်းကင်နိုင်ငံတော်သို့ဝင်စားရန် မိမိအကျင့်အားဖြင့်
ပညတ်တော်ကိုစောင့်ရှောက်နေသူများသည် မဖြစ်နိုင်သည့် အရာတစ်ခုအတွက် ကြိုးစားနေ
ခြင်းသာဖြစ်ပါသည်။ လူတစ်ယောက်သည် ဘုရားတရားရှိသည့် ပုံစံတစ်ခုအနေဖြင့် တရားဝင်
ဘာသာအယူ ဝါဒ တစ်ခုရှိရုံနှင့် လုံခြုံမှုကို မရနိုင်ချေ။ ခရစ်ယာန်အသက်တာသည်
ဟောင်းနွမ်းသောအသက်တာကို ကောင်းအောင်မွမ်းမံပြင်ဆင်ထားခြင်းမျိုးမဟုတ်ဘဲ
သဘာဝတစ်ခုမှသဘာဝတစ်ခုသို့ လုံးလုံးပြောင်းလဲပစ်ခြင်း မျိုးမဟုတ်ဘဲ
သဘာဝတစ်ခုမှသဘာဝတစ်ခု လုံးလုံးပြောင်းလဲပစ်ခြင်းမျိုးဖြစ်ပါသည်။
အတ္တစိတ်နှင့်အပြစ် တရားသည် သေ၍အသစ်သောအသက်တာသည် လုံးလုံးလျားလျားအသက်ရှင်ရန်
ဖြစ်ပါသည်။ ဤပြောင်းလဲမှု ကို သန့်ရှင်းသောဝိညာဉ်တော်၏
ထိရောက်သောလုပ်ဆောင်မှုအားဖြင့်သာ ပြီးမြောက်စေနိုင်ပါသည်။
နိကောဒင်သည်
ယခုတိုင်ရှင်းလင်းစွာနားမလည်သေးသဖြင့် သခင်ယေရှုသည် မိမိဆိုလိုရင်းကို
နားလည်နိုင်ရန် “လေ” ကိုသာဓကထားပြောဆိုခဲ့ပါသည်။ “လေ” သည်
အလိုရှိသည့်အတိုင်းသွားလာ၍ လေ၏အသံကိုသင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊
အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု
ယေရှုရှင်မိန့်တော်မူ၏။
သစ်ပင်၏သစ်ရွက်များကြားတွင်
လေပွတ်တိုက်မှုကြောင့်သစ်ကိုင်းများ၌ အသံမြည်သံကိုကြားရပါ သည်။ သို့စေကာမူ
လေကိုမမြင်နိုင်သည့်အတွက် ဘယ်ကလာ၍ဘယ်ကိုသွားသည်ကို မည်သူမျှမသိကြချေ။
စိတ်နှလုံးများတွင် ပြုပြင်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်၏
လုပ်ကိုင်ဆောင်ရွက်မှုသည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်လုပ်ပုံကို လေ၏လှုပ်ရှားမှုဖြင့်သာဓကပြု၍
ရှင်းပြနိုင်သည်ထက်ပို၍ မရှင်းပြနိုင်တော့ချေ။ လူတစ်ယောက်သည် မည်သည့်အချိန်၊
မည်သည့်နေရာတွင် မည်ကဲ့သို့အဆင့်ဆင့်ပြောင်းလဲလာခဲ့ကြောင်းကို ရှင်းလင်းပြောပြရန်
မဖြစ်နိုင်ပါချေ။ သို့သော် ထိုကဲ့သို့ ရှင်းမပြ နိုင်ခြင်းသည် ထိုပုဂ္ဂိုလ်အား
ပြောင်းလဲခြင်းမရှိသေးဟု အဓိပ္ပါယ်မရောက်ချေ။ လေကဲ့သို့သောအရူပအရာတစ်ခု အားဖြင့်
ခရစ်တော်သည် လူသားများ၏စိတ်နှလုံးကို အမြဲတမ်းပြုပြင်လုပ် ဆောင်နေပါသည်။
ခရစ်တော်ထံသို့ အသက်ဝိညာဉ်များကိုဆွဲယူစေနိုင်သည့်ခံစားချက်များကို အချို့တို့သည်
သူ့အလိုအလျောက်မသိမသာ နည်းနည်း ချင်းဖြစ်ပေါ်စေခဲ့ပါသည်။
ကိုယ်တော့်အကြောင်းဆင်ခြင်သုံးသပ်ခြင်းအားဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာကို
ဖတ်ရှုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း၊ အသက်ရှင်လျက်ရှိသောတရားဟောဆရာများထံမှ
ဒေသနာ တော်များကိုနာကြားခြင်းအားဖြင့်သော်လည်းကောင်း ထိုခံစားမှုများကို
ရရှိခံစားနိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်
တိုက်ရိုက်စိတ်နှလုံးညွှတ်ပြောင်းစေသော တန်ခိုးဖြင့်ရုတ်တရက်သက်ရောက်လာသောအခါ
အသက်ဝိညာဉ်တော်သည် မိမိကိုယ်ကို ခရစ်တော်ထံတွင် ဝမ်းသာအားရဆက်ကပ်အပ်နှံပါသည်။
ထိုကဲ့သို့သော ပြောင်းလဲခြင်းကို ရုတ်တရက်ပြောင်းလဲခြင်းဟု အများကခေါ်ဆိုကြပါသည်။
သို့သော် ထိုကဲ့သို့ပြောင်းလဲခြင်း သည် သန့်ရှင်းသောဝိညာဉ်တော်၏
အချိန်ကြာမြင့်စွာစိတ်ရှည်စွာဖြင့် လုပ်ဆောင်ကြိုးစားမှု၏ အကျိုးဆက် ဖြစ်ပါသည်။
လေသည် အရူပအရာတစ်ခုဖြစ်သော်လည်း
မြင်တွေ့နိုင်ပြီး ခံစားနိုင်သည့်အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။
ထိုနည်းနှင်နှင်ပင် သန့်ရှင်းသောဝိညာဉ်တော်၏ ပြုပြင်ခြင်းခံရသော အသက်ဝိညာဉ်သည်
ကယ်တင်ခြင်းတန်ခိုးကို ခံစားခဲ့ရသော ၎င်း၏ပြုမူဆောင်ရွက်မှုတိုင်းတွင် သန့်ရှင်းသော
ဝိညာဉ်တော်၏ တန်ခိုး များကို ဖော်ပြပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည်
စိတ်နှလုံးကိုအုပ်စိုးမိသောအချိန်တွင် အသက်တာကို လုံးလုံးပြောင်းလဲပစ်လိုက်ပါသည်။
အပြစ်နှင့်ပြည့်ဝသောအတွေးအခေါ်များကိုစွန့်လွှတ်၍ ဒုစရိုက်လုပ်ရပ်များ ကို
ငြင်းပယ်ကာချစ်ခြင်း၊ နှိမ့်ချခြင်းနှင့်ငြိမ်သက်ခြင်းတန်ခိုးများသည်
အမျက်ဒေါသဖြစ်ခြင်း၊ ငြူစူခြင်းနှင့် တိုက်ခိုက်ခြင်းများ၏
နေရာတွင်အစားထိုးလာကြပါသည်။ ဝမ်းနည်းမှုတစ်နေရာတွင် ဝမ်းမြောက်မှုသည်
နေရာယူလိုက်သဖြင့် ထိုသူ၏မျက်နှာသည် ကောင်းကင်အလင်းတော်ကိုရောင်ပြန်ဟပ်နေပါသည်။
ဝန်များကို မချီပေးသည့် လက်တော်ကိုလည်းကောင်း၊ အထက်အရပ်ရွှေနန်းမှသက်ရောက်လာသော
အလင်းတော်ကို လည်းကောင်း မည်သူမျှမမြင်တွေ့ကြချေ။ လူသည် ယုံကြည်ခြင်းအားဖြင့်
မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ် အပ်နှံသောအချိန်တွင် ကောင်းချီးမင်္ဂလာသည်
သူ့အပေါ်သို့ကျရောက်လာပါသည်။ ထိုအချိန်တွင် လူသားမျက်စိ နှင့်မတွေ့မြင်နိုင်သော
ထိုတန်ခိုးတော်သည် ထိုသူအား ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်တူညီသည့် အသစ်သော
သတ္တဝါအဖြစ် ဖန်ဆင်းလိုက်ပါသည်။
ဉာဏ်နည်းပါးနေသောလူသားများအနေဖြင့်
ကယ်တင်ခြင်းလုပ်ငန်းစဉ်ကို သိရှိနားလည်ရန်မဖြစ်နိုင်ချေ။ ထိုနက်နဲသိမ်မွေ့မှုကို
လူသားအသိဉာဏ်ဖြင့် လိုက်၍မမီချေ။ သို့စေကာမူ ဤအရာသည် ဘုရားသခင်၏
အငန်းအတာဖြစ်ကြောင်းကို သေခြင်းမှရှင်သန်ခြင်းသို့ကျော်ဖြတ်ခဲ့ရသောသူသည်
သူသိရှိနားလည်ပါသည်။ ကယ်တင်ခြင်း၏အစသည် ပုဂ္ဂလိကအတွေ့အကြုံဖြစ်ကြောင်းကို
ဤနေရာတွင် ကျွန်ုပ်တို့သိရှိနိုင်ကြပါသည်။ ၎င်း၏ အကျိုးသက်ရောက်မှုများသည်
ထာဝရကာလတစ်လျှောက်တည်မြဲပါသည်။
ခရစ်တော်မိန့်တော်မူစဉ်တွင်
သမ္မာတရားအလင်းများသည် နိကောဒင်၏စိတ်နှလုံးထဲသို့ ထိုးဖောက်ဝင် ရောက်သွားခဲ့ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်၏ စိတ်နှလုံးကိုနူးညံ့ပျော့ပျောင်းစေသည့် သန့်ရှင်းသော
ဝိညာဉ်တော်၏တန်ခိုးတော်သည် သူ၏စိတ်နှလုံးကိုခံစားမှုရှိစေခဲ့ပါသည်။ သို့သော် သူသည်
ကိုယ်တော်၏ နှုတ်ထွက်စကားများကို အပြည့်အစုံနားလည်ခဲ့သည်တော့မဟုတ်ချေ။
အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါမည်နည်းဟူသော
အံ့ဩစွာဖြင့်မေးမြန်းခြင်းသည် အသစ်သောမွေးဖွားခြင်းကို ပြီးစီးဆောင် ရွက်ရန်
လုပ်နည်းလုပ်ဟန်များနှင့် အသစ်သောမွေးဖွားခြင်း၏ အရေးပါမှုများကို
ကောင်းစွာမခံစားရသေး ကြောင်း ဖော်ပြနေပါသည်။
သင်သည် ဣသရေလလူတို့တွင်
ဓမ္မဆရာဖြစ်လျက်ပင် ဤအမှုအရာကိုမသိသလောဟု ယေရှုကမေး တော်မူခဲ့သည်။ အမှန်မှာ
ယုဒလူများအား ဘာသာရေးသွန်သင်ချက်များကို သွန်သင်ရန် ယုံမှတ်လွှဲအပ်ခြင်းခံရသူ
တစ်ဦးအနေဖြင့် ဤမျှလောက်အရေးကြီးသည့် သမ္မာတရားကို နားလည်သင့်ပါသည်။
ကိုယ်တော်၏စကားများ သည် နိကောဒင်အတွက် ရိုးရိုးသမ္မာတရားသတင်းစကားများဖြစ်သဖြင့်
မခံချိမခံသာဖြစ်စေမည့်အစား မိမိ၏ ဝိညာဉ်ရေးမသိနားမလည်မှုကြောင့်
မိမိကိုယ်ကိုအထင်မကြီးသင့်ကြောင်း သင်ခန်းစာပေးနေခြင်းဖြစ်ပါသည်။
ခရစ်တော်၏စကားသံသည် ဣန္ဒြေသိက္ခာနှင့်ပြည့်စုံသော်လည်း ကိုယ်တော်၏အကြည့်နှင့်
အသံနေအသံထား သည် မေတ္တာကိုဖော်ပြနေသောကြောင့် နိကောဒင်သည် မိမိ၏
ကောင်းကျိုးခံရမည့်အခြေအနေကိုသိသော်လည်း စိတ်နာကြဉ်းမှုမရှိခဲ့ချေ။
မိမိ၏လောကအမှုတော်သည်
လောကနိုင်ငံတော်တစ်ခု တည်ထောင်ရန်မဟုတ်ဘဲ ဝိညာဉ်ရေးနိုင်ငံ
တစ်ခုတည်ထောင်ရန်ဖြစ်ကြောင်း ယေရှုရှင်းလင်းဟောကြားသောအချိန်တွင် များစွာသောတရားနာ
ပရိသတ်တို့ သည် စိတ်ဒုက္ခရောက်ခဲ့ကြပါသည်။ ထိုအရာကိုတွေ့မြင်သဖြင့်
မြေကြီးအရာကိုငါပြော၍ သင်တို့မယုံလျှင် ကောင်းကင်အရာကိုငါပြောသောအခါ
အဘယ်သို့ယုံကြည်လိမ့်မည်နည်းဟု ထပ်လောင်း၍ မိန့်တော်မူခဲ့ပါသည်။
လူသားများ၏စိတ်နှလုံးတွင် ကရုဏာတော်၏ လုပ်ဆောင်မှုများကိုသာဓကပြလျက်
သွန်သင်သောခရစ်တော်၏ သွန်သင်ချက်များကို နိကောဒင်သည် လက်မခံနိုင်ခဲ့လျှင်
ဘုန်းတော်နှင့်ပြည့်ဝသော ကိုယ်တော်၏ကောင်းကင် နိုင်ငံတော်အကြောင်းကို သူသည်
မည်ကဲ့သို့သိရှိနားလည်နိုင်မည်နည်း။ ခရစ်တော်၏လောကအမှုတော်ကိုသူ နားမလည်နိုင်လျှင်
ကောင်းကင်နိုင်ငံတော်တွင်လုပ်ဆောင်သည့် ကိုယ်တော်၏အမှုတော်ကိုသူနားမလည်နိုင်ချေ။
ခရစ်တော်ဗိမာန်တော်မှ
မောင်းထုတ်လိုက်သောယုဒလူများသည် မိမိကိုယ်ကို အာဗြဟံ၏သားသမီးများ ဖြစ်သည်ဟု
အခိုင်အမာပြောဆိုခဲ့သော်လည်း ကယ်တင်ရှင်၏ရှေ့မှောက်မှ ထွက်ပြေးခဲ့ကြပါသည်။
အကြောင်း မူကား သူတို့သည် ကိုယ်တော်၌ထင်ရှားတော်မူခဲ့သော ဘုရားသခင်၏ဘုန်းတော်ကို
မခံမရပ်နိုင်ခဲ့ကြချေ။ ထိုနည်း အားဖြင့် ၎င်းတို့သည် ဗိမာန်တော်တွင်ကျင်းပသည့်
သန့်ရှင်းသောအခမ်းအနား၌ ဘုရား၏ကျေးဇူးတော်အားဖြင့် ပါဝင်လုပ်ဆောင်ရန်
မသင့်လျော်ကြကြောင်း အထောက်အထားများကိုပေးခဲ့ပါသည်။ သူတို့သည် အပြင်ပန်း
သန့်ရှင်းမှုများ လုပ်ဆောင်ခြင်းတွင် စိတ်အားထက်သန်ခဲ့ကြသော်လည်း
စိတ်နှလုံးသန့်ရှင်းမှုအတွက် လုပ်ဆောင် ရန်ကိုမူ ဥပေက္ခာပြုခဲ့ကြပါသည်။ သူတို့သည်
ပညတ်တော်တွင် ရေးသားထားသည့် စာသားများအတွက် တိကျသေချာလွန်းသူများ ဖြစ်ခဲ့သော်လည်း
စိတ်ထဲတွင် ပညတ်တော်များကို အမြဲတမ်းချိုးဖောက် လျက်ရှိခဲ့ကြ ပါသည်။
၎င်းတို့၏အထူးလိုအပ်ချက်တစ်ခုမှာ နိကောဒင်အား ခရစ်တော်ရှင်းလင်းပြောကြားခဲ့သည့်
အသစ်သော ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။ ထိုပြောင်းလဲခြင်းသည် အသစ်မွေးဖွားခြင်း၊
အပြစ်ဆေးကြောခြင်း၊ အသိဉာဏ် နှင့်သန့်ရှင်းခြင်းအား
အသစ်တစ်ဖန်ပြုပြင်ခြင်းများတည်း။
အသစ်မွေးဖွားခြင်းနှင့်ပတ်သက်၍
ဣသရေလများ၏ မမြင်မသိမှုများအတွက် ဆင်ခြေမရှိချေ။ သန့်ရှင်း
သောဝိညာဉ်တော်၏မှုတ်သွင်းတော်မူခြင်းအားဖြင့် ဟေရှာယသည်
ပြုဖူးသမျှသောကုသိုလ်ကောင်းမှု များသည် ညစ်သောအဝတ်နှင့်တူကြပါ၏ဟူ၍လည်းကောင်း၊
ဒါဝိဒ်သည် အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ။
မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါဟူ၍လည်းကောင်း မြွက်ဆို ကြသကဲ့သို့
ယေဇကျေလအားဖြင့်လည်း စိတ်နှလုံးသစ်ကိုငါပေးမည်။ သဘောသစ်ကိုသွင်းထားမည်။ သင်တို့
ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍ အသားနှလုံးကိုပေးမည်။ ငါ့ဝိညာဉ်ကိုလည်း
သင်တို့အထဲသို့ သွင်းပေး သဖြင့် သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍
ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်ဟူ၍ လည်းကောင်း ထာဝရဘုရားသခင်သည်
ကတိထားတော်မူပါသည်။
နိကောဒင်သည် မှုန်မှိုင်းသောစိတ်ဖြင့်
ဤကျမ်းချက်များကို ဖတ်ဖူးခဲ့ပါသည်။ ယခုတွင်မူ ဤကျမ်းချက် များ၏
အနက်အဓိပ္ပါယ်ကိုစတင်နားလည်လာခဲ့ပါသည်။ ယခုတွင်မူ ဤကျမ်းချက်များ၏အနက်အဓိပ္ပါယ်ကို
စတင်နားလည်လာခဲ့ပါသည်။ ပညတ်တော်တွင် ပါဝင်သည့်စာသားများအား အပြင်ပန်းအသက်တာအတွက်သာ
တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ရှောက်ခြင်းသည် နိုင်ငံတော်ကိုဝင်စားခွင့်မရှိနိုင်ကြောင်းကို
သူတွေ့မြင်လာခဲ့ ပါသည်။ လူ့အမြင်အရ သူ၏အသက်တာသည်
ဖြောင့်မတ်၍ဂုဏ်ပြုခြင်းခံထိုက်သော်လည်း ခရစ်တော်၏ရှေ့ မှောက်တွင် မိမိ၏အသက်တာသည်
ညစ်ထေးကြောင်း၊ မသန့်ရှင်းကြောင်း သူသိရှိလာခဲ့ပါသည်။
နိကောဒင်သည်
ခရစ်တော်ထံသို့ဆွဲယူခြင်းကိုခံရလျက်ရှိပါသည်။ ကိုယ်တော်ရှင်သည် အသစ်သော
မွေးဖွားခြင်းနှင့်ပတ်သက်၍ ၎င်းအားရှင်းလင်းပြောကြားစဉ်တွင်
ထိုကဲ့သို့သောပြောင်းလဲမှုကို သူ၏စိတ်နှလုံးထဲ တွင် ပြုပြင်ခြင်းခံယူရန်
သူတောင့်တခဲ့ပါသည်။ မည်သည့်နည်းအားဖြင့် ထိုပြောင်းလဲခြင်းကို ရရှိနိုင်မည်နည်း။
မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကိုခံရမည်။
အကြောင်းမူကား ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊
ထာဝရအသက်ကိုရမည် အကြောင်း တည်းဟူ၍ ခရစ်တော်ဖြေဆိုတော်မူခဲ့ပါသည်။ ယောဟန် ၃း၁၄-၁၅။
ဤအရာသည် နိကောဒင်သိကျွမ်းထားသည့်
အကြောင်းတစ်ခုဖြစ်ပါသည်။ မြှောက်ထားခြင်းခံရသော မြွေ၏အထိမ်းအမှတ်သည်
ကိုယ်တော်ရှင်၏ အမှုတော်မြတ်ကို ရည်ဆောင်ကြောင်းကို သူ့အားရှင်းလင်းစွာ
သိသာရန်ဖြစ်ပါသည်။ ဣသရေလများသည် မီးမြွေအကိုက်ခံရသည့်အတွက် သေလုမြောပါးဖြစ်နေသော
အချိန် တွင် ကြေးဝါမြွေရုပ်တစ်ခု ပြုလုပ်၍ လူထုအလယ်မြင့်သောနေရာတွင် ပြထားရန်
မောရှေအား ဘုရားသခင် ညွှန်ကြားတော်မူခဲ့ပါသည်။
ထိုနောက်မီးမြွေအကိုက်ခံရသောသူများသည် ထိုကြေးဝါမြွေရုပ်ကို ကြည့်ခဲ့လျှင်
အသက်ရှင်ကြလိမ့်မည်ဟု စခန်းတစ်ခုလုံးအား အသိပေးကြေညာလိုက်ပါသည်။ ကြေးဝါမြွေရုပ်တွင်
၎င်းတို့ အတွက် အနာပျောက်ကင်းစေသောတန်ခိုးမပါရှိကြောင်းကို
ယုဒလူများကောင်းစွာသိရှိခဲ့ကြပါသည်။ ဤမြွေရုပ် သည်
ခရစ်တော်ကိုပုံဆောင်ထားသောအရာတစ်ခုဖြစ်ပါသည်။
ဖျက်ဆီးတတ်သောမြွေရုပ်၏ပုံသဏ္ဌာန်အတိုင်း သွန်းလောင်းထားသော မြွေရုပ်ကို
အနာပျောက်ကင်းစေဖို့အတွက် မြှောက်တင်ခဲ့သကဲ့သို့ သူတို့၏ကယ်တင်ရှင် သည်
အပြစ်နှင့်ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်တော်မူ၍
မြှောက်တင်ခြင်းကိုခံခဲ့ရပါသည်။ (ရောမ ၈း၃)။ ယဇ်ပူဇော်ခြင်းအခမ်းအနားများသည်
ကြေးဝါမြွေရုပ်ထက်ပို၍ အရေးပါခြင်းမရှိကြောင်း ၎င်းတို့ အား ဘုရားသခင်သွန်သင်ရန်
ဆန္ဒရှိတော်မူခဲ့ပါသည်။ ထိုအခမ်းအနားများသည် သူတို့အားကယ်တင်ရှင်ထံ သို့ပို့ဆောင်ပေးရန်
ဖြစ်ပါသည်။ အနာပျောက်စေခြင်းအတွက်ဖြစ်စေ၊
အပြစ်မှခွင့်လွှတ်ခြင်းခံရဖို့အတွက်ဖြစ်စေ သူတို့သည် မိမိတို့ခွန်အားဖြင့်
ဘာကိုမျှမစွမ်းဆောင်နိုင်ဘဲ ခရစ်တော်ကိုယုံကြည်ကိုးစား ကြောင်းပြရန်သာ ဖြစ်ပါသည်။
သူတို့သည် ခရစ်တော်ကိုကြည့်၍ အသက်ရှင်ရန်ဖြစ်ပါသည်။
မီးမြွေအကိုက်ခံရသူများသည်
ကြေးဝါမြွေရုပ်ကိုကြည့်ရန် နှောင့်နှေးခဲ့ကြပါသည်။ ကြေးဝါမြွေရုပ်တွင်
မည်သည့်တန်ခိုးအာနိသင်ရှိနိုင်မည်နည်းဟု စောဒကတက်မည်ဆိုလျှင်တက်နိုင်ပါသည်။
သူတို့သည် သိပ္ပံနည်း
ကျကျရှင်းလင်းတင်ပြမှုကိုတောင်းဆိုကောင်းတောင်းဆိုနိုင်ပါသည်။ သို့သော်
မည်သည့်ရှင်းလင်းချက်ကိုမျှ ပေးတော်မမူခဲ့ချေ။ သူတို့သည်
မောရှေမှတစ်ဆင့်ပေးတော်မူသော ဘုရားသခင်၏နှုတ်ထွက်စကားများကို
လက်ခံရမည်သာဖြစ်ပါသည်။ မြွေရုပ်ကိုကြည့်ရန်ငြင်းလျှင် ပျက်စီးမည်သာတည်း။
အချေအတင်ပြောဆိုခြင်းနှင့်
ဆွေးနွေးခြင်းများအားဖြင့် လူတစ်ယောက်အား သမ္မာတရားသိရှိနား လည်မှုကို မဖြစ်စေပါ။
ကျွန်ုပ်တို့သည် ခရစ်တော်ကိုကြည့်၍ အသက်ရှင်ကြရမည်။ နိကောဒင်သည် ဤသွန်သင်ချက်ကို
လက်ခံရယူကာ စိတ်တွင်မှတ်သားထားခဲ့ပါသည်။ ထိုနောက်သူသည် သဘောတရား တစ်ခု အတွက်
ဆွေးနွေးရန်မဟုတ်ဘဲ အသက်ဝိညာဉ်အတွက် အသက်ကိုရရှိစေရန်အလို့ငှါ အသစ်သောနည်းဖြင့်
ကျမ်းစာကိုရှာဖွေလေ့လာခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကိုရရှိရန်
မိမိကိုယ်ကိုအပ်နှံသော အချိန်တွင် သူသည် ဘုရားသခင်၏နိုင်ငံတော်ကို စတင်၍
မြင်တွေ့ခဲ့ပါသည်။
နိကောဒင်ကိုသင်ကြားပေးခဲ့သော
သမ္မာတရားမျိုးကို ယနေ့ခေတ်လူသားများတို့သည် လေ့လာဖို့လိုပါ သည်။ သူတို့သည်
မိမိတို့အား ဘုရားသခင်၏စိတ်တော်နှင့်တွေ့စေရန် မိမိတို့၏ပညတ်တော်စောင့်ရှောက်ခြင်း
အပေါ်တွင် မှီခိုအားထားနေကြပါသည်။ ကိုယ်တော်ကိုကြည့်ကြရန်အတွက်သော်လည်းကောင်း၊
ကရုဏာတော် အားဖြင့် ၎င်းတို့ကိုကိုယ်တော်ရှင်ကယ်တင်တော်မူမည်ကို
ယုံကြည်ကြရန်အတွက်သော်လည်းကောင်း ပြော သောအချိန်တွင် “ဤအရာများသည်
အဘယ်သို့ဖြစ်နိုင်မည်နည်း” ဟု သူတို့ကမေးမြန်းကြပါသည်။
အပြစ်သားထဲတွင်
အပြစ်အများဆုံးသူများဖြစ်ကြသော ကျွန်ုပ်တို့သည် နိကောဒင်ကဲ့သို့ အသက်ရှင်
ခြင်းသို့ ဝင်စားရန် ဆန္ဒရှိကြရပါမည်။ “ထိုသခင်၏နာမမှတစ်ပါး ငါတို့ကို
ကယ်တင်နိုင်သောနာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ။” တမန်
၄း၁၂။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကရုဏာတော်ကိုရရှိကြ၏။
သို့သော် ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်မဟုတ်ချေ။ ယုံကြည်ခြင်း သည်
မည်သည့်အရာတစ်စုံတစ်ခုကိုမျှ မရရှိထိုက်ချေ။ ယုံကြည်ခြင်းသည်
ခရစ်တော်ကိုဆွဲကိုင်ထားနိုင်သည့် လက်တစ်ခုသာဖြစ်ပြီး အပြစ်ကိုသက်သာစေနိုင်သည့်
ကိုယ်တော်၏ကောင်းမှုကုသိုလ်များကို သီးခြားအသုံးပြု သည့်အရာတစ်ခုသာဖြစ်ပါသည်။
၎င်းပြင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အမအစမပါဘဲ နောင်တ မရနိုင်ကြချေ။
“ဣသရေလလူတို့အား နောင်တတရားနှင့်အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှါ ထိုသူကို
အစိုးရသောအရှင်အရာ၌လည်းကောင်း၊ ကယ်တင်သောသခင်အရာ၌လည်းကောင်း ဘုရားသခင် ခန့်ထား၍
မိမိလက်ယာတော်နှင့် ချီးမြှောက်တော်မူပြီ” ဟု ခရစ်တော်အကြောင်းကို
ကျမ်းစာတွင်ဖော်ပြထားပါသည်။ (တမန် ၅း၃၁)။ အပြစ်ခွင့်လွှတ်ခြင်းသည်
ခရစ်တော်ထံမှလာသကဲ့သို့ နောင်တရခြင်းသည်လည်း ကိုယ်တော်ထံမှ လာပါသည်။
ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည်
အဘယ်သို့သောနည်းဖြင့် ကယ်တင်ခံကြရမည်နည်း။ မောရှေသည်
တော၌မြွေရုပ်ကိုမြှောက်တင်ထားခဲ့သကဲ့သို့ သားတော်ဘုရားသည်
မြှောက်တင်ခြင်းကိုခံတော်မူခဲ့ရပါသည်။ လှည့်ဖြားခြင်းကိုခံရများနှင့်
မြွေကိုက်ခံရသူများသည် ကြည့်၍အသက်ရှင်ကြရမည် ဖြစ်ပါသည်။ “ဤလောက၏
အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ယောဟန် ၁း၂၉။
ကပ်တိုင်မှထွန်းတောက် နေသောအလင်းတော်သည် ဘုရားသခင်၏မေတ္တာတော်ကိုဖော်ပြနေပါသည်။
ကိုယ်တော်ရှင်၏မေတ္တာတော် သည် ကျွန်ုပ်တို့အား
ကိုယ်တော်ရှင်ထံသို့ဆွဲယူတော်မူလျက်ရှိပါသည်။ ကျွန်ုပ်တို့သည်
ဤဆွဲယူတော်မူခြင်းကို မတားဆီးမငြင်းဆန်ပါလျှင်ခရစ်တော်ကို
ကပ်တိုင်တင်ခဲ့သောအပြစ်များအတွက်နောင်တရကာကပ်တိုင်ခြေရင်း သို့
ပို့ဆောင်ခြင်းကိုခံရပါလိမ့်မည်။ ထိုနောက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကြောင့်
ဘုရားသခင်၏ဝိညာဉ်တော် သည် ကျွန်ုပ်တို့၏အသက်ဝိညာဉ်တွင် အသစ်သောအသက်တာကို
ဖြစ်ထွန်းစေပါသည်။ အတွေးအခေါ်များနှင့် အလိုဆန္ဒများသည်
ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီလာကြပါသည်။ စိတ်နှလုံးများသည် ခပ်သိမ်းသော
အရာတို့ကိုမိမိအောက်၌နှိမ့်ချတော်မူ၍ကျွန်ုပ်တို့၏အထဲတွင်ပြုပြင်ပေးတော်မူသော
ကိုယ်တော်၏ပုံသဏ္ဌာန်နှင့် အညီ အသစ်ပြုပြင်ဖန်ဆင်းခြင်းကိုခံရပါသည်။ ထိုနောက်
ဘုရားသခင်၏ပညတ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံး ထဲတွင် ရေးသားထားတော်မူသဖြင့်
“အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏”
(ဆာလံ ၄၀း၈) ဟုခရစ်တော်နှင့်အတူ ကျွန်ုပ်တို့ပြောဆိုနိုင်ကြပါသည်။
သခင်ယေရှုသည်
နိကောဒင်နှင့်တွေ့ဆုံပြောကြားသောအချိန်၌ ကမ္ဘာလောကတွင် ကယ်တင်ခြင်း
စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့်မိမိ၏ အမှုတော်အကြောင်းကို
ထုတ်ဖော်တော်မူခဲ့ပါသည်။
ကောင်းကင်နိုင်ငံတော်သို့ဝင်စားမည့်သူများ၏စိတ်နှလုံးထဲတွင်
မလုပ်မဖြစ်အဆင့်ဆင့်လုပ်ကိုင်ပြီးစီးထားရမည့် အရာများကို
နောက်ပိုင်းဟောပြောချက်များတွင် ယခုလောက်ပြည့်ပြည့်စုံစုံမိန့်တော်မမူတော့ချေ။
အမှုတော် စလျှင်စချင်း သမ္မာတရားကိုလက်မခံနိုင်ဆုံး စိတ်သဘောရှိသောလူထုက
ရွေးချယ်ခန့်ထားခြင်းခံရသည့် ဆန်ဟီဒရင်အဖွဲ့ဝင်တစ်ဦးအား သမ္မာတရား၏အလင်းကို
ဖွင့်ပြခဲ့ပါသည်။ သို့သော် ဣသရေလခေါင်းဆောင်များ သည် ထိုအလင်းတရားကို
မကြိုဆိုခဲ့ကြချေ။ နိကောဒင်သည် ကြားနာခဲ့ရသော သမ္မာတရားကို စိတ်နှလုံးထဲတွင်
ထိမ်ဝှက်ထားခဲ့သဖြင့် သုံးနှစ်အတွင်း သိသာထင်ရှားသည့်
အသီးအပွင့်များမရှိသလောက်ဖြစ်ခဲ့ပါသည်။
သို့သော်ခရစ်တော်သည်
မိမိမျိုးစေ့ချခဲ့သော မြေဩဇာအကြောင်းကို သိကျွမ်းတော်မူပါသည်။ သံလွင်တောင်ပေါ်တွင်
တစ်ယောက်သောသူအား ညအချိန်တွင် မိန့်တော်မူခဲ့သော နှုတ်ထွက်စကားများသည်
ပျောက်ဆုံးသွားခြင်းမရှိခဲ့ချေ။ နိကောဒင်သည် အခိုက်အတန့်အားဖြင့်
လူသိရှင်ကြားခရစ်တော်ကို အသိအမှတ် မပြုခဲ့သော်လည်း ကိုယ်တော်၏သက်တော်စဉ်ကို
စောင့်ကြည့်ခဲ့ပြီး သွန်သင်ချက်များကို နက်နက်နဲနဲ စဉ်းစားခဲ့ ပါသည်။ သူသည်
ကိုယ်တော်ရှင်အား သုတ်သင်မည့် ဆန်ဟီဒရင်အဖွဲ့မှ ယဇ်ပုရောဟိတ်များ၏ အကြံအစည်
များကို ထပ်ခါတလဲလဲပျက်ပြားစေခဲ့ပါသည်။ နောက်ဆုံးတွင် ခရစ်တော်ကို
ကပ်တိုင်ပေါ်သို့တင်သောအချိန်၌ “မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည်
မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်
ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည့် အကြောင်း တည်း”
ဟူသောသံလွင်တောင်ပေါ်တွင် ကိုယ်တော်မိန့်မြွက်ခဲ့သော သွန်သင်ချက်များကို
နိကောဒင်သတိရ အောက်မေ့ခဲ့ပါသည်။ လျှို့ဝှက်တွေ့ဆုံပွဲမှ အလင်းတော်သည် ကရာနီကုန်းမှ
ကပ်တိုင်ထက်တွင် ထွန်းလင်း တောက်ပနေရာ နိကောဒင်သည် ယေရှု၌
ကမ္ဘာ့ကယ်တင်ရှင်ကိုတွေ့မြင်ခဲ့ပါသည်။
သခင်ဘုရားသည်ကောင်းကင်နိုင်ငံသို့တက်ကြွသွားပြီး
နောက်နှိပ်စက်ညှဉ်းပန်းမှုများကြောင့်တမန်တော် များသည်
အရပ်ရပ်သို့ကွဲလွင့်နေကြသောအချိန်တွင် ပျောက်ပျက်သွားမည်ဟု ယုဒလူများမျှော်လင့်
ထားသည့် တည်ထောင်စအသင်းတော်ကလေးကို မစထောက်ပံ့ရန်အတွက် မိမိပိုင်ငွေကြေးဥစ္စာများကို
အသုံးပြုကာ နိကောဒင်သည် ရှေ့တန်းသို့ရဲဝံ့စွာတက်ရောက်လာခဲ့ပါသည်။ အထူးသတိဝီရိယရှိ၍
အမေးအမြန်းထူသော နိကောဒင်သည် ဒုက္ခဆင်းရဲခြင်းကာလတွင် တမန်တော်များကို
ယုံကြည်ခြင်းမပျက်ပြားရန် အားပေးခြင်းအားဖြင့် လည်းကောင်း၊ ဧဝံဂေလိလုပ်ငန်းကို
တိုးချဲ့လုပ်ဆောင်ရန် ငွေကြေးများထောက်ပံ့ခြင်းအားဖြင့်လည်းကောင်း
ကျောက်ဆောင်တစ်ခုကဲ့သို့ခိုင်မာခဲ့ပါသည်။ ယခင်အချိန်များတွင်
၎င်းအားရိုသေသမှုပြုခဲ့ကြသောသူများ၏ မထီမဲ့မြင်ပြုခြင်းနှင့်
နှိပ်စက်ညှဉ်းပန်းခြင်းများကိုလည်း နိကောဒင်ခံခဲ့ရပါသည်။ သူသည် လောကပစ္စည်းဥစ္စာ
ချို့တဲ့သောဆင်းရဲသားတစ်ဦးဖြစ်ခဲ့သော်လည်းထိုညတွင်
ခရစ်တော်နှင့်တွေ့ဆုံစဉ်ကအစပျိုးခဲ့သောယုံကြည်ခြင်း အတွက်
ချီတုံချတုံမဖြစ်တော့ချေ။
နိကောဒင်သည်
ထိုတွေ့ဆုံမေးမြန်းခဲ့သည့်အကြောင်းအရာများကို ရှင်ယောဟန်အားပြန်၍ ပြောပြခဲ့ပြီး
သန်းပေါင်းများစွာသောလူသားများအဖို့ သွန်သင်စရာဖြစ်စေခြင်းငှါ
ထိုတမန်တော်၏မင်တံအားဖြင့် မှတ်တမ်း တင်ထားခဲ့ပါသည်။ ယုဒလူမျိုးမှ
အကြီးအကဲဆရာသမားတစ်ဦးသည် ထိုညထိုတောင်ပေါ်တွင် ဂါလိလဲပြည်
သားအညတရဆရာကလေးတစ်ဦးထံမေးမြန်းခဲ့သော သမ္မာတရားသည် ထိုအချိန်အတွက်
အရေးကြီးသကဲ့သို့ ယနေ့အတွက်လည်းအရေးပါလှပါသည်။
No comments:
Post a Comment