အမှုပြီးပြီ
ခရစ်တော်သည် မိမိလုပ်ဆောင်ရမည့် အမှုတော်လုပ်ငန်းများကိုလုပ် ဆောင်၍မပြီးမချင်း၊ အမှုပြီးပြီဟူသော နောက်ဆုံးစကားလေးကိုပြော၍မပြီးမချင်း အသက်တော်ချုပ်ငြိမ်းတော်မမူခဲ့ချေ။ တိုက်လှန်ပွဲတွင် ခရစ်တော်အောင်ပွဲဆင်ခဲ့ပါ သည်။ ကိုယ်တော်၏ လက်ယာတော်လက်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြုလေပြီ။ ကိုယ်တော်သည်အောင်နိုင် သူတစ်ပါးအနေဖြင့် ကောင်းကင်ဘဝဂ်ဝယ် မိမိ၏အောင်လံကိုစိုက်ထူခဲ့ချေပြီ။ ကောင်းကင်တမန်များ သည် ပျော်ရွှင်ဝမ်းမြောက်မှုမရှိခဲ့ကြဘူးလား။ ကောင်းကင်နိုင်ငံတစ်ခုလုံးက ကိုယ် တော်ရှင်၏အောင်မြင်မှုတွင် အောင်ပွဲ ဆင်ခဲ့ကြပါသည်။ စာတန်သည် မိမိရှုံးနိမ့် သွားပြီဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိအုပ်စီးထားသောနိုင်ငံကို လက်လွတ်ဆုံးရှုံး သွားပြီဖြစ်ကြောင်းကိုလည်းကောင်း သိရှိခဲ့ပါသည်။
အမှုပြီးပြီဟူသောဟစ်ကြွေးသံသည် ကောင်းကင်တမန်များနှင့်တကွကျဆုံး နေသောကမ္ဘာများအတွက် အထူးအရေးကြီးလှပါသည်။ ကယ်တင်ခြင်း စီမံကိန်းကြီး လုပ်ဆောင်ပြီးစီးခြင်းသည် ကျွန်ုပ်တို့အတွက်သာမက ထိုကောင်းကင်တမန်များအ တွက်လည်း အရေးပါလှပါသည်။ သူတို့သည် ကျွန်ုပ်တို့နှင့်အတူ ခရစ်တော်၏ အောင်မြင်မှုအသီးအပွင့်ကို မျှဝေခံစားကြရပါသည်။
ခရစ်တော်အသေမခံမီတိုင်အောင် စာတန်၏ဇာတိရုပ်မှန်ကို ကောင်းကင် တမန်များနှင့်တကွ ကျဆုံးနေသောကမ္ဘာများအား ရှင်းရှင်းလင်းလင်းမဖော်ပြခဲ့သေး ချေ။ မဟာဖောက်ပြန်ရေးသမားကြီးသည် ၎င်း၏နိယာမများကို သန့်ရှင်းသော ကောင်းကင်သားများကပင် နားမလည်နိုင်အောင် မိမိကိုယ်ကိုအရေခြုံလှည့်ဖြားခဲ့ပါ သည်။ ထိုသူများသည် ပုန်ကန်ခြားနားတတ်သည့် ၎င်း၏သဘာ၀ကို ရှင်းလင်းစွာမ သိမြင်ခဲ့ကြချေ။
အံ့ဖွယ်ကောင်းသော တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံသော ကောင်းကင်သားတစ် ပါးသည် ထာ၀ရဘုရားသခင်ကိုအန်တုဖက်ပြိုင်ခဲ့ပါသည်။ ထိုလူစီဖာ နှင့်ပတ်သက်၍ ဘုရားသခင်မိန့်တော်မူထားသည်မှာ သင်သည်ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာ နှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေလည်းပြည့်စုံလျက် ရှိ၏ဟူ၍ဖြစ်၏။ ယေဇကျေ ၂၈း၁၂။ လူစီဖာသည် လွှမ်းမိုးသောခေရုဗိမ်ဖြစ်၏။ သူသည်ဘုရားသခင်ရှိတော်မူ သောနေရာတွင် ထွန်းလင်းတောက်ပသည့် အလင်းတော်တွင် ရပ်ခဲ့ရသူတစ်ဦးဖြစ် ပါသည်။ သူသည်အဖန်ဆင်းခံရသူများထဲတွင် အမြတ်ဆုံးဖြစ်ပြီး စကြ၀ဠာအား ဘု ရားသခင်၏အလိုတော် ကိုဖော်ပြရာတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့ပါသည်။ အပြစ် ကျူးလွန်ပြီး နောက်ပိုင်းတွင် သူ၏လှည့်ဖြားသွေးဆောင်နိုင်သည့်တန်ခိုးသည် ပို၍ စဉ်းလဲ လာခဲ့ပါသည်။ ၎င်းပြင် သူ၏ဇာတိရုပ်မှန်ကိုထုတ်ဖော်ရန်မှာ ပို၍ပင်ခက်ခဲ နေပါတော့သည်။ အကြောင်းမှာ သူသည်အဖခမည်းတော်ဘုရားနှင့်အတူနေရ သည့်အခြေအထိ မြှောက်စားခြင်းခံခဲ့ရသောကြောင့်ဖြစ်ပါသည်။
လူတစ်ယောက်သည် ကျောက်စရစ်ခဲတစ်လုံးကို မြေကြီးပေါ်သို့ပစ်ချရန် လွယ်ကူသကဲ့သို့ ဘုရားသခင်အနေနှင့်စာတန်နှင့်တကွ သူ၏အပေါင်း ပါများအား ဖျက်ဆီးပစ်လိုက အလွယ်တကူဖျက်ဆီးပစ်နိုင်တော်မူပါသည်။ သို့ရာတွင် ထိုသို့ပြု တော်မမူခဲ့ပါ။ ပုန်ကန်ခြားနားမှုကို အင်အားသုံး၍ အနိုင်ယူရန်မဟုတ်ချေ။ အနိုင်အ ထက်အခွင့်အာဏာသုံးခြင်းသည် စာတန်၏ အုပ်ချုပ်မှုတွင်သာတွေ့နိုင်ပါသည်။ ခရစ်တော်၏နိယာမမှာ ထိုကဲ့သို့မဟုတ် ပါချေ။ ကိုယ်တော်၏အခွင့်အာဏာသည် ကောင်းမြတ်ခြင်း၊ ကရုဏာထားခြင်းနှင့် ချစ်ခြင်းမေတ္တာများအပေါ်တွင် အခြေပြု ထားပါသည်။ ဤနိယာမများ ကိုတင်ဆက်ခြင်းသည် ကျွန်ုပ်တို့အသုံးပြုရမည့် နည်း လမ်းပင်ဖြစ်ပါသည်။ ဘုရားသခင်၏အုပ်စိုးမှုသည် ကောင်းမြတ်သောကိုယ်ကျင့်တ ရားနှင့်ပြည့်စုံပြီး၊ သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာများသည် အရှိန်ကြီးသော တန်ခိုး များအဖြစ် အသုံးပြုရမည့်အရာများဖြစ်ကြပါသည်။
အရာခပ်သိမ်းတို့အား ထာ၀ရလုံခြုံမှုရှိသည့် စနစ်တစ်ခုအောက်တွင် ထား ရန်မှာ ဘုရားသခင်၏ အကြံအစည်တော်ဖြစ်ပါသည်။ ထိုကြောင့် စာတန်အား၎င်း ၏အုပ်စိုးမှုစနစ်၏ အခြေခံစည်းမျဉ်းများကို တိုးတက်ကောင်းမွန်လာအောင်လုပ် ဆောင်နိုင်ဖို့အချိန်ပေးရမည်ဟု ကောင်းကင်ကောင်စီတွင် ဆုံးဖြတ်ခဲ့ကြပါသည်။ မိမိ၏စည်းမျဉ်းဥပဒေများသည် ဘုရားသခင်၏စည်း မျဉ်းများထက် သာလွန်ကောင်း မွန်သည်ဟု စာတန်ကြွေးကြော်ခဲ့ပါသည်။ ထိုကြောင့် စကြ၀ဠာကြီးတစ်ခုလုံးမှ ၎င်း ၏စည်းမျဉ်းဥပဒေများကိုမြင်တွေ့နိုင်ဖို့ စာတန်အားလုပ်ဆောင်ရန် အချိန်ပေးခဲ့ပါ သည်။
စာတန်သည် လူများအားပြစ်နွံထဲသို့ခေါ်ဆောင်သွားကာ ကယ်တင်ခြင်းစီ မံကိန်းကိုပျက်ပြားသွားအောင် တိုက်ပွဲဝင်ခဲ့ပါသည်။ နှစ်ပေါင်းလေး ထောင်လုံးလုံး ခရစ်တော်သည် လူသားများအတွက် မြှင့်တင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသ ကဲ့သို့ စာတန်ကလည်းလူသားများအား ပျက်စီးဆုံးရှုံးသွားစေရန်နှင့် ယုတ်ညံ့သွား စေရန် လုပ်ဆောင်လျက်ရှိပါသည်။ ထိုအဖြစ်အပျက်အားလုံးကို စကြ၀ဠာတစ်ခုလုံး ကမြင်တွေ့ခဲ့ကြရပါသည်။
ဤလောကသို့ ခရစ်တော်ကြွလာတော်မူသောအခါ စာတန်သည် ကိုယ် တော်ရှင်အား ရန်မူခဲ့ပါသည်။ ကိုယ်တော်အား ဗက်လင်မြို့တွင်မွေးဖွားခြင်းခံခဲ့သည့် ကလေးငယ်ဘ၀မှစ၍ သုတ်သင်ပယ်ရှင်းပစ်ရန် စာတန်လုပ်ဆောင်ခဲ့ပါသည်။ ခရစ် တော်အား စုံလင်ကောင်းမြတ်သော ကလေးဘ၀သို့မရောက်ရန်၊ အမှားအယွင်းမရှိ သော အရွယ်ရောက်သူဘ၀သို့မရောက်ရန်၊ သန့်ရှင်းသောအမှုတော်ကို မဆောင် နိုင်ရန်၊ စုံလင်၍အပြစ်အနာအဆာကင်းသော ယဇ်ကောင်အနေဖြင့် မိမိကိုယ်ကို မပူ ဇော်နိုင်ရန် ဟန့်တားဖို့နည်းအမျိုးမျိုးဖြင့် စာတန်ကြိုးစားခဲ့ပါသည်။ သို့ရာတွင် သူရှုံး နိမ့်သွားခဲ့ပါသည်။ ခရစ်တော်အားအပြစ်လုပ်အောင် သူမစွမ်းဆောင်နိုင်ခဲ့ချေ။ ဤ ကမ္ဘာပေါ်တွင် ကိုယ်တော်လာရောက် လုပ်ဆောင်ခဲ့သောအမှုတော်မှ ကိုယ်တော် အားသူမောင်းမထုတ်နိုင်ခဲ့ချေ။ ထိုအမှုကိုဆက်လက်မလုပ်ဆောင်နိုင်စေဖို့ စိတ် ဓာတ်ကျအောင် သူမစွမ်းဆောင်နိုင်ခဲ့ချေ။ စာတန်၏အမျက်တော်မုန်တိုင်းကြီးသည် အစာရှောင်ခဲ့သောတောထဲမှသည် ကရာနီကုန်းတိုင်အောင် ကိုယ်တော်အား ဦး တည်၍ တိုက်ခတ်ခဲ့သော်လည်း ထိုမုန်တိုင်းသည် အကြင်နာကင်းမဲ့စွာ ထန်လေ လေ၊ သားတော်ဘုရားသည် ခမည်းတော်၏ လက်တော်ကိုမြဲမြဲဆုပ်ကိုင်ထားကာ သွေးစွန်းသောလမ်းသို့ ဆက်၍လျှောက်လေလေဖြစ်ခဲ့ပါသည်။ ကိုယ်တော်ရှင်အား ဖိနှိပ်ချုပ်ချယ်ကာ လွှမ်းမိုးရန်စာတန်ကြိုးစားသမျှအားလုံးသည် ကိုယ်တော်၏
အပြစ်မဲ့သောဂုဏ်တော်ကို သာ၍ထင်ရှားပေါ်လွင်စေခဲ့ပါသည်။
ကောင်းကင်နိုင်ငံတော်နှင့်တကွ အပြစ်တွင်ကျဆုံးခြင်းမရှိသည့် ကမ္ဘာများ က ထိုတိုက်လှန်ပွဲကြီးကို ကြည့်ရှုနေကြပါသည်။ ထိုပွဲကြီး၏နိဂုံးချုပ် မြင်ကွင်းကို စိတ်ဝင်တစားဖြင့် သူတို့စောင့်ကြည့်နေကြပါသည်။ ကယ်တင်ရှင်သည် ဂေသရှေ မန်ဥယျာဉ်ထဲသို့ ဝင်ရောက်သွားတော်မူကြောင်းကိုလည်းကောင်း၊ မဟာအမှောင် ထုကြီး၏ကြောက်လန့်ဖွယ်ရာများကြောင့် စိတ်ဝိညာဉ်သည် ခေါင်းငိုက်စိုက်ကျနေ သည်ကိုလည်းကောင်း သူတို့မြင်တွေ့နေရပါသည်။ အကျွန်ုပ်အဖ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော ဟူ၍ခါးသီးစွာဟစ်ကြွေးလိုက် သည့်အော်ဟစ်သံကိုလည်း သူတို့ကြားခဲ့ရပါသည်။ မဿဲ ၂၆း၃၉။ အဖဘုရားသခင် သည် ၎င်းနှင့်အတူမရှိတော့သဖြင့် ကိုယ်တော်သည်ခါးသီးသောဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းပက်လက်ဖြစ်နေကြောင်းကို သူတို့တွေ့ရပါသည်။ ကိုယ်တော်ခံစားနေရ သည့်ဝမ်းနည်းမှုမျိုးသည် နောက်ဆုံးသေငယ်ဇောပြန်သောအချိန်တွင် ခံစားရသော ဝမ်းနည်း မှုမျိုးထက်သာလွန်နေပါသည်။ ခန္ဓာကိုယ်ရှိချွေးများမှ သွေးနှင့်ရောနေ သော ချွေးများထွက်လာကာ တစ်စက်ချင်းမြေကြီးပေါ်သို့ကျနေပါသည်။ ထိုအခြေ အနေဆိုးမှ ကယ်တင်ခြင်းခံရဖို့သုံးကြိမ်တိုင်တိုင် ပါးစပ်မှဖျစ်ညှစ်၍ဆုတောင်းခဲ့ပါသည်။ ဘုရားသခင်သည် ထိုမြင်ကွင်းကိုဆက်လက်ကြည့်နိုင်စွမ်းမရှိတော့သဖြင့် သားတော်ဘုရားအား နှစ်သိမ့်မှုပေးရန် စေတမန်တစ်ဦးကို စေလွှတ်တော်မူခဲ့ပါ သည်။
ထိုယဇ်ကောင်တည်းဟူသောခရစ်တော်အား၊ လူသတ်သမားများလက်ထဲ သို့ အပ်နှံလိုက်ကြပြီကိုလည်းကောင်း၊ ထိုလူများကပြောင်လှောင်သရော်ကာ ကြမ်း တမ်းစွာဖြင့်တရားခွင်တစ်ခုမှတစ်ခုသို့ ရေးကြီးသုတ်ပျာဖြင့် ခေါ်ဆောင်သွားကြ သည်ကိုလည်းကောင်း ကောင်းကင်သားများမြင်တွေ့ကြပါသည်။ ကိုယ်တော်၏ နှိမ့် ချစွာမွေးဖွားခံယူခဲ့ခြင်းကြောင့် နှိပ်စက်ကလူပြုကြသည့်ထိုသူများက မထီမဲ့မြင်ပြု သည့် စကားများပြောနေကြသည်ကိုလည်းကောင်း၊ အချစ်ဆုံးတပည့်တော်များထဲမှ တစ်ပါးက ကျိန်ဆို၍ငြင်းပယ်နေသော အသံကိုလည်းကောင်း ကောင်းကင်သားများ ကြားခဲ့ရပါသည်။ စာတန်၏ မစဉ်းစားလုပ်ဆောင်ချက်များနှင့်တကွ လူသားများ၏ စိတ်နှလုံးအပေါ်တွင် လွှမ်းမိုးထားသည့် ၎င်း၏တန်ခိုးများကိုလည်း သူတို့မြင်တွေ့ခဲ့ ကြရပါသည်။ အလွန်ကြောက်လန့်စရာကောင်းသောမြင်ကွင်းပါတကား။ ညဉ့်သန်း ခေါင်ကြီးတွင် ဂေသရှေမန်ဥယျာဉ်ထဲ၌ ခရစ်တော်သည်အဖမ်းခံခဲ့ရပါသည်။ ထို နောက် တရားခွင်တစ်ခုမှတစ်ခုသို့ အတင်းခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါသည်။ ယဇ်ပုရောဟိတ်များထံတွင်နှစ်ကြိမ်၊ ဆန်ဟီဒရင်အဖွဲ့ရှေ့တွင် တစ်ကြိမ်အစစ် ဆေးခံခဲ့ရပါသည်။ ပြက်ရယ်ပြုခြင်း၊ ကြိမ်ဒဏ်ပေးခြင်းနှင့် ပြစ်ဒဏ်စီရင်မှုများကိုခံခဲ့ ရပြီး၊ ငိုယိုနေသောယေရုရှလင်မြို့၏သမီးများနှင့် ပြက်ရယ်ပြုနေကြသော လူဗရုတ် သုတ်ခများအလယ်တွင် လေးလံသောကပ်တိုင် ကြီးကိုထမ်းကာ ကပ်တိုင်အတင်ခံ ဖို့ ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါသည်။
ခရစ်တော်သည် ကပ်တိုင်တွင် ချိတ်ဆွဲထားခြင်းခံနေရသည်ကိုလည်း ကောင်း၊ ကိုယ်တော်၏ကိုယ်ခန္ဓာပေါ်ရှိဒဏ်ရာဒဏ်ချက်များမှ သွေးများယိုစီးနေ သည်ကိုလည်းကောင်း၊ နဖူးတော်၌သွေးများနှင့်ရောနေသည့် ချွေးသီးချွေးပေါက် ကြီးများ တွဲလဲခိုနေသည်ကိုလည်းကောင်း ကောင်းကင်သားများက ဝမ်းနည်းအံ့ဩ စွာဖြင့်ကြည့်နေကြပါသည်။ လက်တော်နှင့်ခြေတော်များမှ သွေးများသည် ကပ်တိုင် စိုက်ထူထားသည့်ကျောက်ပေါ်သို့ တစ်စက်ချင်း ယိုစီးလျက်ကျနေပါသည်။ ခန္ဓာ ကိုယ်၏အလေးချိန်ကြောင့် ကိုယ်တော်၏လက်တော်မှ သံရိုက်ရာများသည်ပို၍ပို၍ ကျယ်လာခဲ့ပါသည်။ ခဲခဲယဉ်းယဉ်းပြုလုပ်နေရသည့် ကိုယ်တော်၏အသက်ရှူသံများ သည် မြန်လာပါသည်၊ ပြင်းထန်လာပါသည်။ သူ၏အသက်ဝိညာဉ်သည် ဤလောက ၏ အပြစ်ဝန်များအောက်တွင် အမောဆို့နေပါသည်။ ကိုယ်တော်သည် ဒုက္ခပင်လယ် ဝေနေစဉ်မှာပင် အဖဘုရား၊ မိမိတို့ဘာလုပ်နေသည်ကို သူတို့မသိကြသောကြောင့် သူတို့၏ အပြစ်များကိုခွင့်လွှတ်တော်မူပါဟူ၍ ဆုပတ္ထနာတောင်းလျှောက်သော အ ချိန်တွင် ကောင်းကင်တစ်နိုင်ငံလုံးက အံ့အားသင့်ခဲ့ကြရပါသည်။ သို့ရာတွင် ဘုရား သခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည့်ထိုနေရာတွင် နေကြသော လူများသည် တစ်ပါးတည်းသောသားတော်၏ အသက်တော်ကိုလုပ်ကြံရန် ပူးပေါင်း လျက်ရှိကြပါသည်။ စကြ၀ဠာကြီး၏ရှေ့မှောက်တွင် ဝမ်းနည်းစရာမြင်ကွင်းပါတ ကား။
လောကီမှောင်မိုက်၏ အထွတ်အမြတ်များဖြစ်သည့် အာဏာတန်ခိုးရှိသူများ သည် လူသားများ၏စိတ်နှလုံးထဲတွင် မယုံကြည်မှု၏အလွန်ဆိုးရွားသော အရိပ်မည်း ကို ထိုးပေးလျက်ရှိကြပါသည်။ ဘုရားသခင်သည် နတ်ဆိုးဖြစ်လာသော ဤကောင်း ကင်တမန်များကို မိမိပလ္လင်ရှေ့တွင် ခစားရန်ဖန်ဆင်းခဲ့စဉ်က ၎င်းတို့သည် လှပတင့် တယ်၍ ဘုန်းအသရေနှင့်ပြည့်စုံခဲ့ကြပါသည်။ သူတို့သည် မိမိတို့မြှောက်စားခြင်းခံရ သော အဆင့်အတန်းနှင့်တော်လျော်သော နှစ်လိုဖွယ်ကောင်းခြင်း၊ သန့်ရှင်းခြင်းတို့ နှင့်ပြည့်စုံခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင်၏လက်နက်တန်ဆာများဖြင့် ဝတ် ဆင်ခဲ့ကြပါသည်။ ထိုသူများသည် ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်ခဲ့ကြပါ သည်။ သို့ရာတွင် အပြစ်တွင်ကျဆုံးခဲ့သောထိုနတ်ဆိုးများအား တစ်ချိန်ကကောင်း ကင်ရွှေနန်းတော်တွင် အမှုတော်ဆောင်ခဲ့ကြသော ကောင်းကင်တမန်များဖြစ်သည် ဆိုသည်ကို မည်သူ မှတ်မိနိုင်ပါမည်နည်း။
ခရစ်တော်အား အပြစ်သားများတွင် အကြီးဆုံးသောပုဂ္ဂိုလ်အဖြစ် ယုဒများ ကယုံကြည်အောင်လုပ်ဆောင်ရန်နှင့် ကိုယ်တော်အား မုန်းစရာကောင်းသူတစ်ဦးအ ဖြစ်မှတ်ယူလာရန် စာတန်၏နတ်ဆိုးများသည် ထိုဒုစရိုက်သားများနှင့်ပူးပေါင်းခဲ့ကြ ပါသည်။ ကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းခံရသော ခရစ်တော်အား ပြက်ရယ်ပြု နေကြသောထိုသူများသည် ပုန်ကန်ခြားနားလိုသော စိတ်ဓာတ်များဖြင့် ပြည့်၀လျက် ရှိကြပါသည်။ ထိုသူများသည် ညစ်ညမ်း၍ စက်ဆုပ်ရွံရှာဖွယ်သောစကားများကို လည်း ပြောခဲ့ကြပါသည်။
ခရစ်တော်၌ အပြစ်တစ်စုံတစ်ရာရှာ၍တွေ့နိုင်ခဲ့သော်လည်းကောင်း၊ ခရစ် တော်သည် ထိုကြောက်စရာ နှိပ်စက်ညှဉ်းပန်းမှုဒဏ်မှ လွတ်မြောက်ရန် တစ်စုံတစ် ခုသောအရာတွင် စာတန်အားလျှော့ပေးခဲ့လျှင်သော်လည်းကောင်း ဘုရားသခင် အားရန်မူနေသည့် ထိုနတ်ဆိုးများနှင့်ထိုလူဆိုးများသည် အောင်ပွဲခံသွားကြလိမ့် မည်ဖြစ်ပါသည်။ ခရစ်တော်သည် ခေါင်းတော်ကိုငိုက်စိုက် ညွှတ်၍အသက်တော် ကိုစွန့်တော်မူခဲ့သော်လည်း၊ ဘုရားသခင်အပေါ်ထားရှိသည့် မိမိ၏ယုံကြည်ချက်နှင့် အပ်နှံခြင်းကို စွဲမြဲဆုပ်ကိုင်တော်မူခဲ့ပါသည်။ “ကောင်းကင်ဘုံ၌ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုး တော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံ တော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သော ရန်သူကို အောက်သို့ချလေပြီ။” ဗျာဒိတ် ၁၂း၁၀။
မိမိအလိမ်ပေါ်သွားပြီဖြစ်ကြောင်းကို စာတန်တွေ့မြင်ခဲ့ပါသည်။ သူ၏လုပ် ဆောင်မှုများသည် နတ်ဆိုးများ၏ရှေ့မှောက်တွင်လည်းကောင်း၊ စကြ၀ဠာ၏ ရှေ့ မှောက်တွင်လည်းကောင်း ထင်ရှားလျက်ရှိပါသည်။ မိမိသည် လူသတ်သမားတစ် ဦးဖြစ်ကြောင်းကို စာတန်သည် ကိုယ်တိုင်ဖော်ညွှန်းလျက်ရှိပါသည်။ သူသည်သား တော်ဘုရား၏အသွေးတော်ကို သွန်းစေခဲ့ခြင်းအားဖြင့် ကောင်းကင်သားများ၏ ကရုဏာသက်မှုနှင့်လွဲသွားအောင် ပြုလုပ်လျက်ရှိပါသည်။ ထိုအချိန်မှစ၍ စာတန် အား သူလုပ်လိုသည့်အတိုင်း လုပ်ခွင့်မပေးတော့ချေ။ သူသည်မည်သို့ ပင်ဟန် ဆောင်စေကာမူ၊ ကောင်းကင်ရွှေနန်းမှ ဆင်းသက်ကြွလာကြမည့် ကောင်းကင်တ မန်များကို သူမစောင့်စားနိုင်တော့ဘဲ၊ ခရစ်တော်၏ ညီအစ်ကိုမောင်နှမများအား အပြစ်၏ညစ်ညမ်းမှုများနှင့် မှောင်မိုက်၏ဝတ်ရုံများကို ဝတ်ဆင်ထားသူများအဖြစ် စွပ်စွဲခဲ့ပါသည်။ ထိုအချိန်တွင် စာတန်နှင့်ကောင်းကင်နိုင်ငံအကြား ဆက်နွှယ်ထား သည့်ကရုဏာ နှောင်ကြိုးကလေးသည် ပြတ်တောက်သွားခဲ့ပါသည်။
သို့စေကာမူစာတန်သည် ထိုအချိန်တွင်အဖျက်ဆီးမခံခဲ့ရချေ။ ထိုကောင်း ကင်တမန်များသည် ထိုမဟာတိုက်လှန်ပွဲကြီးနှင့်ပတ်သက်နေသော အရာအားလုံး ကို ထိုအချိန်ရောက်သည်တိုင် နားမလည်ကြသေးချေ။ ထိခိုက်နိုင်သည့်အခြေတွင် ရှိနေသော အခြေခံစည်းမျဉ်းများကို သာ၍ပြည့်စုံစွာဖော်ပြ ရန်လိုအပ်ပါသည်။ လူ သားများ၏ကောင်းကျိုးအတွက် စာတန်ကိုဆက်လက် အသက်ရှင်စေရမည်ဖြစ်ပါ သည်။ ခရစ်တော်နှင့်စာတန်အကြား ဖြစ်ပွားနေသော ကွဲပြားခြားနားမှုများကို ကောင်းကင်တမန်များကဲ့သို့ လူသားများနားလည် သဘောပေါက်ဖို့လိုအပ်လှပါ သည်။ မည်သူ့ကိုကိုးကွယ်မည်ကိုလည်း သူတို့ ရွေးချယ်ကြရပါမည်။
ဘုရားသခင်၏ပညတ်တော်သည် လိုက်လျှောက်ရန်မဖြစ်နိုင်သည့်အရာ တစ်ခုဖြစ်ကြောင်း၊ သစ္စာတရားနှင့်ကရုဏာတရားသည် တစ်ခုနှင့်တစ်ခုဖီလာဆန့် ကျင်နေကြောင်း၊ ပညတ်တော်ကိုမစောင့်ထိန်းနိုင်သောကြောင့် ထိုအပြစ်သားသည် အပြစ်လွှတ်ခွင့်မရနိုင်ကြောင်းများကို မဟာတိုက်လှန် ပွဲကြီးအစပြုသည့်အချိန်မှစ၍ စာတန်ကြေညာခဲ့ပါသည်။ အပြစ်ကျူးလွန် သည့်အခါတိုင်း၊ အပြစ်ဒဏ်စီရင်ခြင်းကို ခံရမည်။ ဘုရားသခင်သည် သစ္စာနှင့်ဖြောင့်မတ်ခြင်းတို့နှင့်စပ်ဆိုင်သော ဘုရားတစ် ဆူမဖြစ်နိုင်ဟု စာတန်ပြောလာပါသည်။ လူများသည် ဘုရားသခင်၏ပညတ်ကိုချိုး ဖောက်ကာ ကိုယ်တော် ၏အလိုတော်ကိုလိုက်ရန် ဖီဆန်လာသောအချိန်တွင် စာ တန်သည် အားရဝမ်းသာပါသည်။ ထိုအချိန်မျိုးတွင် ပညတ်တော်ကို စောင့်ရှောက် ရန်မဖြစ်နိုင်ကြောင်း၊ လူသားများသည် အပြစ်ခွင့်လွှတ်မှုကို ခံရဖို့မဖြစ်နိုင်ကြောင်း များသည်ထင်ရှားနေသည်ဟု စာတန်ကြွေးကြော်ခဲ့ပါသည်။ ပုန်ကန်ထကြွမှုပြုလုပ် ပြီးသည့်နောက်ပိုင်းတွင် စာတန်သည် ကောင်းကင်မှနှင်ထုတ်ခြင်းခံခဲ့ရသဖြင့် လူ သားမျိုးနွယ်များအားလည်း ဘုရားသခင်၏မေတ္တာကို မခံစားကြစေရန်၊ ဘုရားနှင့် ဆက်နွှယ်မှုကိုဖြတ်တောက်ပစ်မည်ဟု စာတန်ပြောဆိုခဲ့ပါသည်။ ဘုရားသခင်သည် အပြစ်သားများကို ကရုဏာပြခဲ့သော်လည်း တရားမျှတမှုမရှိဟု စာတန်ကလှုံ့ဆော်ခဲ့ ပါသည်။
သို့ရာတွင် လူသည်အပြစ်သားဖြစ်လျက်ပင် စာတန်နှင့်အဆင့်အတန်းကွဲ ပြားခြားနားဆဲဖြစ်ပါသည်။ ကောင်းကင်နိုင်ငံမှာရှိနေသော လူစီဖာသည် ဘုရားသ ခင်ဘုန်းတော်အလင်း၌ အပြစ်ကျူးလွန်ခဲ့ပါသည်။ သူသည်အခြား ဖန်ဆင်းခံရသည့် သတ္တဝါများထက် ဘုရားသခင်၏မေတ္တာကို ဖော်ပြခြင်းခံခဲ့ရပါသည်။ စာတန်သည် ဘုရားသခင်၏ဂုဏ်တော်ကို နားလည်သဘောပေါက်လျက်၊ ကိုယ်တော်၏ ကောင်း မြတ်ခြင်းများကိုသိလျက်နှင့် တစ်ကိုယ်ကောင်းဆန်သော မိမိ၏သဘောအတိုင်း လွတ်လပ်စွာလုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ပါသည်။ ဤရွေးချယ်မှုသည် နောက်ဆုံးရွေး ချယ်မှုတစ်ခုဖြစ်ပါသည်။ ဘုရားသခင်သည် ၎င်းအားကယ်တင်ရန် ထိုထက်ပို၍မ လုပ်နိုင်တော့ပြီ။ သို့ရာတွင် လူသားများသည် လိမ်လည်လှည့်ဖြားမှုကိုခံခဲ့ရလေပြီ။ ၎င်းတို့၏ စိတ်နှလုံးများသည် စာတန်၏စဉ်းလဲသောဆင်ခြေဆင်လက်များကြောင့် နောက်ကျိလျက်ရှိကြပါသည်။ ဘုရားမေတ္တာ၏အတိမ်အနက်ကိုလည်း သူတို့မသိ ရှိကြတော့ချေ။ သူ၌ဘုရားသခင်၏ မေတ္တာတော်အကြောင်းကိုသိရှိနိုင်ဖို့ မျှော်လင့် ချက်ရှိနေပါသေးသည်။ ကိုယ်တော်၏စာရိတ္တတော်ကို ကြည့်မြင်ခြင်းအားဖြင့် သူ သည် ဘုရားသခင်ထံသို့ ပြန်လည်ရောက်ရှိလာနိုင်ပါသည်။
ဘုရားသခင်၏ကရုဏာတော်ကို သခင်ယေရှု၏ အသက်တာအားဖြင့် လူ သားများအား ဖော်ပြခဲ့ပါသည်။ သို့ရာတွင် ကရုဏာတော်သည် သစ္စာတရားကိုမ ဖျက်ပယ်ပါ။ ပညတ်တော်သည် ဘုရားသခင်၏ စာရိတ္တတော်ကိုဖော်ပြပြီး၊ အပြစ် တွင်ကျဆုံးနေသော လူတစ်ဦးလိုက်လျှောက်နိုင်ရန်အလိုငှာ ထိုပညတ်တော်၏ စာ လုံးဗိန္ဓုတစ်လုံးကိုမျှ ပြောင်းလဲပေးနိုင်မည်မဟုတ်ချေ။ ဘုရားသခင်သည် ပညတ် တော်ကိုမပြောင်းလဲခဲ့သော်လည်း လူသားများ၏ ကယ်တင်ခြင်းအတွက် ခရစ်တော် ၌ ကိုယ်ကိုကိုယ်ဆက်ကပ်တော်မူခဲ့ပါသည်။ “ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကီသားတို့၏အပြစ် များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ် တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏။” ၂ကော ၅း၁၉။
ပညတ်တော်သည် ဖြောင့်မတ်သောအသက်တာ စုံလင်သောအကျင့် စာရိတ္တတည်းဟူသော ဖြောင့်မတ်သောအခြေအနေများအတိုင်း အသက်ရှင်နေ ထိုင်ရန်တောင်းဆိုနေပါသည်။ ဤအခြေအနေမျိုးတွင် အသက်ရှင်ရန်လူသည် မ စွမ်းဆောင်နိုင်ပါ။ လူ့အစွမ်းအားဖြင့် ဘုရားသခင်၏သန့်ရှင်းသော ပညတ်တော်၏ တောင်းဆိုမှုကို ဖြည့်စွမ်းနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ခရစ်တော်သည် လူသား တစ်ဦးအနေဖြင့် ဤလောကသို့ကြွလာခဲ့ကာ သန့်ရှင်းသောအသက်တာဖြင့်နေထိုင် တော်မူခဲ့ပါသည်။ စုံလင်သောစာရိတ္တတစ်ခုကို လည်း တိုးတက်ဖွံ့ဖြိုးစေခဲ့ပါသည်။ ဤအရာကိုလက်ခံရယူရန် အသင့်ရှိသူများအား အခမဲ့လက်ဆောင်အဖြစ် ကိုယ် တော်ပေးတော်မူပါသည်။ ဤကဲ့သို့ သောဘုရားသခင်၏ သည်းခံစိတ်ရှည်မှုကြောင့် ထိုသူများသည် အတိတ်တွင် ကျူးလွန်မိခဲ့သောအပြစ်များကို ခွင့်လွှတ်ခြင်းခံကြရပါ သည်။ ထိုထက်မက ခရစ်တော်သည်၎င်းတို့အား ဘုရားသခင်၏ကြန်အင်လက္ခဏာ များနှင့်ပြည့်၀စေတော်မူပါသည်။ ဘုရားသခင်သည် လူသားများ၏အကျင့်စာရိတ္တကို ဝိညာဉ် ရေးခွန်အားနှင့် အသရေတင့်တယ်မှုများဖြင့်ပြီးသော ကောင်းမြတ်သော
အဆောက် အအုံတည်းဟူသော မြင့်မြတ်သောစာရိတ္တနှင့် ဆင်တူသည့်စာရိတ္တမျိုးကို တည်ဆောက်ပေးတော်မူပါသည်။ ဤနည်းအားဖြင့် ပညတ်တော်၏ဖြောင့်မတ်ခြင်း တရားသည် ခရစ်တော်ကိုယုံကြည်သောထိုသူ၌ ပြည့်စုံလာခဲ့ပါသည်။ ဘုရားသခင် သည် ---- ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းငှာ လည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း တတ်နိုင်တော်မူ၏။
ဘုရားသခင်၏မေတ္တာတော်ကို သစ္စာတရားတွင်လည်းကောင်း၊ ကရုဏာ တော်တွင်လည်းကောင်း ညီမျှစွာဖော်ပြထားပါသည်။ သစ္စာတရားသည် ကိုယ်တော့် ပလ္လင်တော်၏အုတ်မြစ်ဖြစ်ပြီး၊ မေတ္တာတော်၏ အသီးအပွင့်လည်းဖြစ်ပါသည်။ ဘုရားသခင်ပညတ်တော်၏ ဖြောင့်မတ်ခြင်းတရားသည် ငြိမ်သက်မှုအတွက် ရန်သူ တစ်ဦးဖြစ်ကြောင်းသက်သေပြရန် စာတန်ကြိုးစားခဲ့ပါသည်။ ကရုဏာတော်ကို သမ္မာ တရား၊ သစ္စာတရားတို့နှင့်ကတ္တားခြားပစ်ရန် စာတန်ကြံစည်နေပါသည်။ သို့ရာတွင် ဘုရားသခင်၏အကြံတော်တွင် ထိုအရာများသည် ခွဲခြား၍မရနိုင်အောင် ပေါင်းစည်း ထားသောအရာများဖြစ်ကြောင်း ခရစ်တော်ဖော်ပြတော်မူထားပါသည်။ ကရုဏာ တော်နှင့် သစ္စာတော်သည် ခွဲခြား၍မရနိုင်သောအရာများဖြစ်ပါသည်။ “ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာသည် တစ်ပါးကိုတစ်ပါးနမ်းကြပြီ။” ဆာလံ ၈၅း၁၀။
ခရစ်တော်သည် မိမိ၏သက်တော်စဉ်အားဖြင့်လည်းကောင်း၊ အသေသတ် ခံခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏သစ္စာတရားသည် ကိုယ်တော်၏ကရု ဏာတော်ကိုမဖျက်ဆီးပစ်ရုံသာမက အပြစ်ကိုပင်ခွင့်လွှတ်ကြောင်း၊ ပညတ်တော် သည်ဖြောင့်မတ်ကြောင်း၊ လုံးလုံးလိုက်လျှောက်နိုင်ခြင်းရှိကြောင်းများကို ထင်ရှား စေခဲ့ပါသည်။ ဘုရားသခင်သည် မိမိ၏မေတ္တာတော်နှင့်ပတ်သက်သည့် မမှားယွင်း နိုင်သောအထောက်အထားကို လူသားများအားပေးထားခဲ့ ပြီးဖြစ်ပါသည်။
ယခုတွင်အခြားသော လှည့်ဖြားမှုတစ်ခုကို ထုတ်ဖော်လုပ်ဆောင်လာပါ သည်။ ကရုဏာတော်သည် သစ္စာတရားကိုဖျက်ဆီးခဲ့ကြောင်း၊ ခရစ်တော်အသေခံ ခြင်းသည် ခမည်းတော်ဘုရား၏ပညတ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စာတန် ကြွေးကြော်ခဲ့ပါသည်။ ပညတ်တော်ကို ပြင်ဆင်ခြင်းငှာလည်းကောင်း၊ ဖျက်သိမ်း ခြင်းငှာလည်းကောင်း ဖြစ်နိုင်ခဲ့လျှင် ထိုအချိန်ကခရစ်တော် အသေခံစရာလိုခဲ့လိမ့် မည်မဟုတ်ချေ။ သို့ရာတွင် ပညတ်တော်ကိုဖျက်သိမ်းခြင်းသည် ပညတ်တော်လွန် ကျူးခြင်းကို အစဉ်အမြဲရှိနေအောင်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤကမ္ဘာကြီးအား စာ တန်၏ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းသာဖြစ်ပါလိမ့်မည်။ ပညတ်တော်သည် ပြုပြင်ပြောင်းလဲခြင်းငှာ မဖြစ်နိုင်သည့်အခြေတွင် ပညတ်တော်ကိုစောင့်ရှောက်ခြင်း အားဖြင့်သာ လူသားများသည် ကယ်တင်ခြင်းရရှိနိုင်မည်ဖြစ်သောကြောင့် ယေရှု ခရစ်သည် ကပ်တိုင်အတင်ခံခဲ့ရခြင်းဖြစ်ပါသည်။ သို့စေကာမူ ခရစ်တော်အနေနှင့် ပညတ်တော်ကို တည်စေရန်လုပ်ဆောင်နေသော နည်းလမ်းကို စာတန်အနေနှင့် ပညတ်တော်ကို ဖျက်သိမ်းသည်ဟု ရုပ်လုံးဖော်နေပါသည်။ ဤနေရာတွင် ခရစ် တော်နှင့် စာတန်အကြား ဖြစ်ပွားနေသော မဟာတိုက်လှန်ပွဲကြီး၏ နောက်ဆုံးသော ဖီလာဆန့်ကျင်မှုကြီးသည် ဖြစ်ပေါ်လာခဲ့ပါသည်။
ယခုအချိန်တွင် ဘုရားသခင်ကိုယ်တော်တိုင် မိန့်မြွက်ခဲ့သောပညတ်တော် သည် မှားယွင်းကြောင်း၊ တချို့ဖော်ပြချက်များကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း စာ တန်ဖွင့်ဆိုလာပါသည်။ ထိုအရာသည် ၎င်းတို့အနေနှင့် ဤကမ္ဘာလောကတွင် နောက်ဆုံးပြုလုပ်မည့်လှည့်ဖြားမှုတစ်ရပ်ဖြစ်ပါသည်။ သူ့အနေနှင့်ပညတ်တော်တစ် ခုလုံးကို တိုက်ဖျက်ဖို့ကြိုးစားရန်မလိုပါချေ။ ပညတ်တော်တစ်ချက်ကလေးကို လူအ များလျစ်လျူရှုအောင်လုပ်နိုင်ခဲ့မည်ဆိုလျှင် သူ့အကြံအောင်မြင်မည်ဖြစ်ပါသည်။ အ ကြောင်းမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိ လျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ ယာကုပ် ၂း၁၀။ တစ်စုံ တစ်ခုသောပညတ်တော် ကိုဖောက်ဖျက်ရန်သဘောတူခြင်းအားဖြင့် လူသားများ သည် စာတန်၏လက်အောက်သို့ ကျရောက်သွားကြပါသည်။ ဘုရားသခင့်ပညတ် တော်၏နေရာတွင် လူသားများတီထွင်သောပညတ်ကို အစားထိုးလိုက်ခြင်းအားဖြင့် စာတန်သည် ဤလောကကမ္ဘာကို ထိန်းချုပ်ရန်ကြိုးစားပါလိမ့်မည်။ ဤကဲ့သို့လုပ် ဆောင် လိမ့်မည်ကိုလည်း ကြိုတင်၍ဟောကြားထားပြီးဖြစ်ပါသည်။ စာတန်၏ ကိုယ်စားလှယ်ဖြစ်သော အယူဝါဒဖောက်ပြန်သူမဟာတန်ခိုးရှင်အကြောင်းကို ဖွင့် ဆိုထားသည်မှာ “အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသောစကား ကိုပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူတို့ ကိုညှဉ်းဆဲနှိပ်စက် လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာကြံစည်လိမ့်မည်။” ဒံယေလ ၇း၂၅။
ဘုရားသခင်၏ပညတ်များကို ဆန့်ကျင်လုပ်ဆောင်ရန် လူသားများသည် ပညတ်များကိုဧကန်အမှန် တီထွင်ပြဌာန်းကြလိမ့်မည်။ သူတို့သည် အခြားသူများ၏ ဩတ္တပ္ပစိတ်ကို အကျဉ်းအကျပ်ချုပ်ကိုင်ရန် ကြိုးစားကြပါလိမ့်မည်။ သူတို့သည် မိမိ တို့၏ မိတ်ဆွေများအား ထိုပညတ်များကိုဇွတ် အတင်းစောင့်ရှောက်ခိုင်းကာ နှိပ်စက် ညှဉ်းပန်းကြပါလိမ့်မည်။
ကောင်းကင်နိုင်ငံတော်တွင် အစပျိုးခဲ့သော ဘုရားသခင်၏ပညတ်တော်နှင့် ပတ်သက်သောတိုက်လှန်ပွဲသည် နောက်ဆုံးသောကာလတိုင်အောင် ဆက်လက် ဖြစ်ပေါ်နေလိမ့်မည်။ လူတိုင်းသည် အစမ်းသပ်ခံကြရလိမ့်မည်။ ပညတ်တော်ကို နား ထောင်မလား (သို့မဟုတ်) နားမထောင်ဘူးလားဟူသော မေးခွန်းများကို တစ်ကမ္ဘာ လုံးကအဖြေပေးရပါလိမ့်မည်။ ဘုရားသခင်၏ ပညတ်တော်နှင့် လူများတီထွင်ထား သည့် ပညတ်များအကြား တစ်ခုခုကိုရွေးချယ်ရန် လူအပေါင်းတို့သည် ဆင့်ခေါ်ခြင်း ကိုခံရလိမ့်မည်။ ဤနေရာတွင်နယ်မြေကန့်သတ်သော မျဉ်းကိုဆွဲပါလိမ့်မည်။ ထိုအ ချိန်တွင် အဖွဲ့နှစ်ဖွဲ့သာရှိပါတော့မည်။ လူတိုင်း၏စာရိတ္တများကို အဆုံးစွန်ဖွံ့ဖြိုးစေခဲ့ ပြီးဖြစ်သည့်အတွက် လူတိုင်းလူတိုင်းက မိမိသည်သစ္စာစောင့်သော သူများဘက် တွင်ရပ်တည်မည် (သို့မဟုတ်) ပုန်ကန်ခြားနားသောသူများဘက်တွင်ပါဝင်မည်ကို ရွေးချယ် ကြရပါလိမ့်မည်။
ထိုအချိန်တွင် အဆုံးသည်ရောက်လတ္တံ့။ ဘုရားသခင်သည် မိမိ၏ပညတ် တော်တွင် အပြစ်တစ်စုံတစ်ရာ မရှိကြောင်းထင်ရှားစေပြီး၊ မိမိ၏လူများကိုကယ်တင် တော်မူပါလိမ့်မည်။ စာတန်နှင့်တကွ ပုန်ကန်ခြားနားမှုတွင် ပါဝင်ခဲ့ကြသူများအားလုံး ကို ပယ်ရှားပစ်ပါလိမ့်မည်။ အပြစ်နှင့်အပြစ်သားများသည် အရင်းနှင့်အဖျားပါမကျန် အောင် ပျက်စီးကုန်ကြပါလိမ့်မည်။ စာတန်သည်အရင်းဖြစ်၍ သူ၏နောက်လိုက်များ သည် အဖျားများဖြစ်ကြပါသည်။ “သင်သည်ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်----အို--လွှမ်းမိုး သောခေရုဗိမ်မီးတောက်သော ကျောက်တို့အထဲ က သင့်ကိုပယ်ရှင်းမည်။-- သင်သည်ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ နောက်တစ် ဖန်မပေါ်လာရ။” “မတရား သောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။” “မရှိဖူးသောသူ ကဲ့သို့ဖြစ်ရကြလိမ့်မည်။” ယေဇကျေ ၂၈း၆-၁၉။ ဆာလံ ၃၇း၁၀။ ဩဗဒိ၊ ၁း၁၆။
ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အနေဖြင့် မစဉ်းစားမဆင်ခြင် ဘဲ ထင်ရာလုပ်သည့် သဘောမျိုးမဟုတ်ချေ။ ကရုဏာတော်ကိုလက်ခံ ရန်ငြင်းဆို သူများသည် မိမိတို့စိုက်သည့်အတိုင်း ရိတ်ကြရပါသည်။ ဘုရားသခင်သည် အ သက်စမ်းရေဖြစ်တော်မူ၏။ အကြင်သူသည် ဒုစရိုက်အမှုကို လုပ်ဆောင်ရန်ရွေး ချယ်အံ့။ ထိုသူသည် ဘုရားသခင်နှင့်အဆက်ပြတ်စေသဖြင့် မိမိကိုယ်ကိုအသက် နှင့်အဆက်ပြတ်စေခြင်းဖြစ်ပါသည်။ “ထိုသူတို့သည် ဘုရားသခင်၏အသက်နှင့် ကွာလျက်ရှိကြ၏။” “ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်တတ်ကြ၏” ဟူ၍ ခရစ်တော်မိန့်တော်မူနေပါသည်။ ဧဖက် ၄း၁၈။ သုတ္တံ ၈း၃၆။
မိမိတို့၏အကျင့်စာရိတ္တများကိုဖွံ့ဖြိုးအောင်လုပ်နိုင်ရန်နှင့် မိမိတို့၏အသက် တာစည်းမျဉ်းများကိုဖော်ပြနိုင်ရန် ဘုရားသခင်သည် ၎င်းတို့အား အသက်ရှင်ခွင့် ပေးထားတော်မူပါသည်။ မိမိတို့၏ရွေးချယ်မှု၏ အသီးအပွင့်များကို လက်ခံရယူခြင်း အားဖြင့် ဤအရာသည်ပြီးမြောက်ခဲ့ပါသည်။ စာတန်နှင့်သူ၏အပေါင်းပါများသည် ပုန်ကန်ခြားနားသော အသက်တာအားဖြင့် ကိုယ်တော်ရှင်အတူရှိနေခြင်းသည် ၎င်း တို့အတွက် လောင်သောမီးဖြစ်နေသည့်အခြေအထိ ဘုရားသခင်နှင့်လုံး၀ဆန့်ကျင် ဖီလာခဲ့ကြပါသည်။ ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ကိုယ်တော်၏ဘုန်းတော်သည် ထိုသူများကို ဖျက်ဆီးပစ်လိမ့်မည်။
မဟာတိုက်လှန်ပွဲကြီး အစပျိုးခဲ့စဉ်အချိန်က ကောင်းကင်တမန်များသည် ဤအရာကို နားမလည်ခဲ့ကြချေ။ စာတန်နှင့်သူ၏ အပေါင်းပါများအား ၎င်းတို့ကျူး လွန်ခဲ့သော အပြစ်၏ဆိုးကျိုးများကို မိမိတို့ဘာသာရိတ်သိမ်းရန် စွန့်ပစ်ထားခဲ့မည် ဆိုလျှင် သူတို့သည်ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်သာတည်း။ ၎င်းပြင် ကောင်း ကင်တမန်များအနေနှင့်လည်း ထိုအရာသည် အပြစ်၏အခဖြစ်ကြောင်း ထင်ထင်ရှား ရှားသိမြင်ကြလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းအပေါ် သံသယ ရှိမှုသည် ဒုစရိုက်မျိုးစေ့ကဲ့သို့ အပြစ်၏ဆိုးရွားသော အသီးများကိုသီးပွင့်ရန် စိတ်နှ လုံးထဲတွင် ဆက်လက်တည်ရှိနေပါလိမ့်မည်။
သို့သော်လည်း မဟာတိုက်လှန်ပွဲကြီးသည် ထိုကဲ့သို့အဆုံးသတ်သွားလိမ့် မည်မဟုတ်ချေ။ ကယ်တင်ခြင်းစီမံကိန်း လုပ်ငန်းပြီးဆုံးသွားသော ထိုအချိန်တွင် ဘုရားသခင်၏စာရိတ္တတော်ကို အသိဥာဏ်ရှိသော သတ္တဝါအားပြသပါလိမ့်မည်။ ပညတ်တော်တွင်ပါရှိသော ပညတ်ချက်များကိုလည်း စုံလင်၍မပြောင်းလဲနိုင်သော ပညတ်များအနေဖြင့် မြင်တွေ့လာကြပါလိမ့်မည်။ ထိုအချိန်တွင် အပြစ်၏သဘာ၀ သည် ထင်ရှားစွာမြင်တွေ့ရပါမည်။ စာတန်၏ ဇာတိရုပ်မှန်သည်လည်း ထင်ရှားလာ ပါလိမ့်မည်။ ထိုအချိန်တွင်အပြစ်ကို အဆုံးသတ်စေခြင်းသည် ဘုရားသခင်၏ မေတ္တာတော်ကိုထင်ရှားစေပြီး၊ အလိုတော်ကို လိုက်လျှောက်လိုသူများနှင့် နှလုံးသား ထဲ၌ပညတ်တော်ရှိထားသည့် သူများရှေ့တွင် အသရေတော်သည် တည်မြဲလျက် ရှိနေပါလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်တမန်များသည် ခရစ်တော်၏ကပ်တိုင်ကိုကြည့် နေကြစဉ် ဝမ်းမြောက်ဝမ်းသာရှိနေကြပါသည်။ အကြောင်းမူကား၊ ယခင်ကသူတို့ သည် အရာရာကိုနားမလည်ခဲ့ကြသော်လည်း၊ အပြစ်တရားနှင့်စာတန်သည် အမြဲ တမ်းလုံး၀ဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း၊ လူသားများ၏ ကယ်တင်ခြင်းစီမံကိန်းသည် အောင်မြင်သွားပြီဖြစ်ကြောင်း၊ စကြ၀ဠာကြီးသည် အမြဲတမ်းလုံခြုံစိတ်ချသွားရပြီဖြစ် ကြောင်း ယခုတွင်နားလည်သဘော ပေါက်လာခဲ့ကြပါသည်။ ခရစ်တော်ကိုယ်တော် တိုင်အနေနှင့်မူကရာနီပေါ်တွင် မိမိပြုခဲ့သောအသေသတ်ခံခြင်း၏ အကျိုးသက် ရောက်မှုကို ပြည့်ပြည့်စုံစုံသိမြင်တော်မူထားပါသည်။ ကိုယ်တော်သည် ကပ်တိုင်ပေါ် တွင်ရောက် နေစဉ်တွင် ထိုအရာများကိုမျှော်ကြည့်ကာ အမှုပြီးပြီဟုကြွေးကြော် တော်မူ ခဲ့ပါသည်။
No comments:
Post a Comment