Wednesday, April 22, 2026

အခန်းကြီး - ၆၃။ အရှင်မင်းကြီးကြွလာခြင်း

 အရှင်မင်းကြီးကြွလာခြင်း

 

မဿဲ ၂၁း၁-၁၁။ မာကု ၁၁း၁-၁၀။ လုကာ ၁၉း၂၉-၄၄။ ယောဟန် ၁၂း ၁၂-၁၉ တို့ကိုအခြေပြုထားပါသည်။

 

         “အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့ သတို့ သမီးကြွေးကြော်လော့။ တရားသဖြင့်စီရင်၍ ကယ်တင်ခြင်းသို့ရောက် သောသခင် သင်၏အရှင်မင်းကြီးသည် မြည်းမနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သော စိတ် နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” ဇာခရိ ၉း၉။

         ခရစ်တော်မမွေးဖွားမီ နှစ်ပေါင်းငါးရာကတည်းက ပုရောဖက်ဇာခရိသည် ဣသရေလဘုရင်၏ ကြွလာခြင်းအကြောင်းကို ထိုကဲ့သို့ကြိုတင်ဟော ကြားထားခဲ့ပါ သည်။ ဤအနာဂတ္တိစကားသည် ယခုတွင်ပြည့်စုံတော့မည် ဖြစ်ပါသည်။ ရှင်ဘုရင် နှင့်စပ်ဆိုင်သောဂုဏ်ပြုခြင်းများကို အချိန်ကြာမြင့်စွာ ငြင်းဆိုခဲ့သော ကိုယ်တော် သည် ယခုတွင်မူဒါဝိဒ်၏ ပလ္လင်တွင်စိုးစံရန် ကတိထားတော်မူခြင်းခံရသည့် အမွေခံ တစ်ပါးအနေဖြင့် ယေရုရှလင်မြို့သို့ကြွချီ လာတော်မူပါသည်။

         ယေရုရှလင်မြို့ထဲသို့ အောင်မြင်သောအထိမ်းအမှတ်အဖြစ် ခရစ်တော်ကြွ ချီလာခဲ့သောနေ့သည် ရက်သတ္တပတ်တွင် ပထမနေ့ရက်တွင်ဖြစ်ပါသည်။  ဗေသနိ ရွာ၌ ကိုယ်တော်အားဖူးမြော်ရန် စုရုံးလာကြသည့်လူအုပ်ကြီးသည် ယခုတွင်၎င်းတို့ အား ကိုယ်တော်လက်ခံကြိုဆိုခဲ့ပုံများကို စိတ်အားထက်သန် စွာဖြင့်သက်သေခံ ကြရန် ကိုယ်တော်နှင့်အတူ လိုက်ပါလာခဲ့ကြပါသည်။ ပသခါပွဲသို့ တက်ရောက်ရန် ယေရုရှလင်မြို့သို့လာနေကြသည့် ထိုလူအုပ်ကြီးနှင့် ပူးပေါင်းလိုက်ကြပါသည်။ ခပ် သိမ်းသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်မြူးနေကြသယောင် ဖြစ်နေကြပါ သည်။ သစ်ပင်များသည် စိမ်းလန်းစိုပြည်နေကြပြီး ပွင့်ဖူးနေကြသော ပန်းပွင့်များ တို့သည် ပတ်ဝန်းကျင်လေထုကြီးအား မွှေးရနံ့များဖြင့် သင်းပျံ့စေခဲ့ကြပါသည်။

အသစ်သောဘ၀နှင့် ပျော်ရွှင်မှုများသည် ထိုသူများအား လန်းဆန်းစေခဲ့ပါသည်။ သစ်သောနိုင်ငံတော်နှင့် ပတ်သက်သည့် မျှော်လင့်ချက်သည်လည်း ၎င်းတို့၏စိတ် တွင် အသစ်တစ်ဖန် ပြန်လည်ပေါ်ထွန်းလာခဲ့ပါသည်။

         သခင်ယေရှုသည်မြည်းကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်ရန်ကြံရွယ်၍ တပည့် တော်နှစ်ဦးအား မြည်းမနှင့်မြည်းကလေးကို မိမိထံဆောင်ယူခဲ့စေရန် စေလွှတ် တော်မူခဲ့ပါသည်။ ကယ်တင်ရှင်သည် ဖွားတော်မူခြင်းကိုခံယူနိုင်ရန် သူစိမ်းတစ်ရံဆံ များ၏ဧည့်ဝတ်ပြုမှုများကို အားကိုးခဲ့ရပါသည်။ ကိုယ်တော်ရှင် ကျိန်းစက်တော်မူ ခဲ့ရသည့်နွားစားခွက်သည် သူတစ်ပါးထံမှငှားရမ်းအသုံးပြု ခဲ့သည့်နွားစားခွက်ပေ တည်း။ တောင်ကုန်းများပေါ်တွင် မိမိပိုင်သည့်တိရစ္ဆာန်များ ထောင်နှင့်ချီ၍ရှိတော် မူသော်လည်း ယခုတွင်မူ ရှာလင်မင်းကြီးအနေနှင့် မြည်းကိုစီး၍ ယေရုရှလင်မြို့ထဲ သို့ဝင်ရန် သူစိမ်းတစ်ရံဆံတစ်ဦး၏ ကျေးဇူးပြုခြင်းအပေါ်တွင် မှီခိုနေရပြန်ပါသည်။ စေလွှတ်တော်မူခဲ့သော တပည့်တော်နှစ်ပါးတို့အား ၎င်းတို့လုပ်ဆောင်ရမည့်အရာ များကို အသေးစိတ်ညွှန်ကြားခြင်းများတွင် ကိုယ်တော်၏ဘုရားဇာတိတော်သည် တစ်ဖန်ထင်ရှားပြန်ပါသည်။ ကြိုတင်၍အနာဂတ်ပြုခဲ့သည့်အတိုင်း “သခင်အလိုရှိ သည်” ဟူသောတောင်း ခံချက်အား ရှောရှောရှူရှူနှင့်လိုက်လျောခဲ့ကြပါသည်။ ခရစ်တော်သည် မည်သူမျှမစီးရသေးသည့် မြည်းကလေးကိုအသုံးပြုရန် ရွေးချယ် တော်မူခဲ့ပါသည်။ တမန်တော်များကလည်း ဝမ်းသာအားရဖြင့် မိမိတို့၏ဝတ်ရုံများနှင့် ထိုမြည်းကလေးအပေါ်တွင် ခင်းပေးကာ ၎င်းတို့၏သခင်အား ထိုအပေါ်တွင် ထိုင်စေ ခဲ့ကြပါသည်။ ထိုအချိန်အထိခရစ်တော်သည် လမ်းလျှောက်၍သာ အမြဲတမ်းခရီး သွားခဲ့ရာ ယခုအချိန်တွင်မြည်းကိုစီး၍ ခရီးသွားရန်ရွေးချယ်ခဲ့သဖြင့် အစဦးတွင် သူ တို့အံ့အားသင့်ခဲ့ကြပါသည်။ သို့ရာတွင်ကိုယ်တော်သည် ယေရုရှလင်မြို့ထဲသို့ဝင် တော်မူ၍ မိမိကိုယ်ကို ဘုရင်ဖြစ်ကြောင်းကြွေးကြော်ကာ မိမိ၏ဘုရင့်တန်ခိုးအာ ဏာကို ကြေညာတော့မည်ဟူသော အတွေးများကြောင့် ဝမ်းသာအားရဖြစ်ကာ ၎င်း တို့၏စိတ်နှလုံးတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ပြန်ပါသည်။ သူတို့ သည် ကိုယ်တော်ခိုင်းစေသည့်အတိုင်း သွားရောက်လုပ်ဆောင်စဉ်တွင် ၎င်းတို့၏ ပြင်းပြသောမျှော်မှန်းချက်များကို ယေရှု၏မိတ်ဆွေများအား ပြောပြခဲ့ကြပါသည်။ ထို့ ကြောင့် နေရာအနှံ့အပြားတွင် စိတ်လှုပ်ရှားမှုများဖြစ်ပွားနေပြီး လူထု၏မျှော်မှန်း ချက်များသည်လည်း အထွတ်အထိပ်သို့တိုင် မြင့်တက်လျက်ရှိပါသည်။

         ခရစ်တော်သည် ရှင်ဘုရင်ကဲ့သို့မြို့ထဲသို့ဝင်ရာတွင် ယုဒဓလေ့ထုံးစံကို လိုက်လျှောက်ခဲ့ပါသည်။ ကိုယ်တော်ရှင်စီးတော်မူခဲ့သော တိရစ္ဆာန်မျိုးသည် ယုဒ ဘုရင်များစီးခဲ့သော တိရစ္ဆာန်မျိုးဖြစ်ပါသည်။ ၎င်းပြင်မေရှိယသည် ထိုနည်းအတိုင်း မိမိနိုင်ငံတော်ထဲသို့ ကြွလာလိမ့်မည်ဟုလည်း အနာဂတ္တိစကားအားဖြင့် တင်ကြို ဟောကြားထားခဲ့ပါသည်။ ခရစ်တော်သည် မြည်းကလေးပေါ်၌ထိုင်ပြီးလျှင် ထိုင်ပြီး ချင်း ကျယ်လောင်သော ကြွေးကြော်သံများသည် ထွက်ပေါ်လာခဲ့ပါသည်။ လူထု ကြီးသည် ကိုယ်တော်အား ၎င်းတို့၏ဘုရင်မေရှိယ အရှင်အနေဖြင့် ကြိုဆိုခဲ့ကြပါ သည်။ ယခုအချိန်တွင် ခရစ်တော်သည် မည်သည့် အခါမျှခွင့်မပြုခဲ့သည့် ဂါရ၀များ ကိုလည်း လက်ခံတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် နိုင်ငံတော်တည်ထောင်ကြောင်း ကို မြင်တွေ့ရခြင်းအားဖြင့် မိမိတို့၏ဝမ်းမြောက်စရာ မျှော်လင့်ချက်များ အကောင် အထည်ပေါ်လာပြီဖြစ်ကြောင်း သက်သေပြချက်တစ်ခုအနေဖြင့် ထိုမြင်ကွင်းကို တမန်တော်များလက်ခံခဲ့ကြပါသည်။ မိမိတို့အားသူ့ကျွန်ဘ၀မှ လွတ်မြောက်စေ တော့မည့်အချိန်သည် ရောက်တော့မည်ဟုလည်း လူထုကြီးကသဘောပေါက်ခဲ့ကြ ပါသည်။ ရောမစစ်သားများကို ယေရုရှလင်မြို့မှမောင်းထုတ်ကာ ဣသရေလနိုင်ငံ သည် လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာမည့် အကြောင်းများကိုလည်း သူတို့စိတ် ကူးယဉ်ခဲ့ကြပါသည်။  လူအပေါင်းတို့သည် ပျော်ရွှင်မြူးထူးနေကြပြီး ကိုယ်တော်ရှင် အားအလုအယက် ဂါရ၀ပြုနေကြပါသည်။ သူတို့သည် အထူးခမ်းနားထည်ဝါသော အဆောင်အယောင်များဖြင့် မကြိုဆိုနိုင်ခဲ့ကြသော်လည်း ပျော်ရွှင်သောစိတ်နှလုံး များဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်။ သူတို့သည် ကိုယ်တော်အား အဖိုးတန်လက်ဆောင်မွန်များပေးခြင်းငှာ မတတ်နိုင်ကြသော်လည်း ကိုယ်တော် လျှောက်သွားမည့်လမ်းကို ကော်ဇောတစ်ခုသဖွယ် မိမိတို့အပေါ်ခံဝတ်ရုံများဖြင့် ခင်း ပေးခဲ့ကြပါသည်။ ကိုယ်တော်သွားရာလမ်းတစ်လျှောက်တွင် သံလွင်ခက်များကို လည်းကြဲဖြန့်ခဲ့ကြပါသည်။ သူတို့ချီတက်ရာတွင် ဘုရင့်အလံတော် ကိုလွှင့်ထူနိုင် ခြင်းမရှိစေကာမူ အောင်မြင်မှုအတွက် သဘာ၀အထိမ်းအမှတ်ဖြစ်သော စွန်ပလွံ ကိုင်းကြီးများကိုခုတ်ဖြတ်၍ မြင့်မားစွာမြှောက်တင်ဝှေ့ယမ်းကာ ကျယ်လောင်စွာ ကြွေးကြော်ခဲ့ကြပါသည်။

         သူတို့ချီတက်လာကြစဉ်တွင် ကိုယ်တော်ကြွလာသည့် သတင်းကိုကြားကာ ပူးပေါင်းလာကြသည့်သူများကြောင့် လူအုပ်ကြီးသည် တစ်စထက်တစ်စကြီးမားလာ ခဲ့ပါသည်။ ထိုလူအုပ်ကြီးနှင့်ပူးပေါင်းလာကြသည့်လူတိုင်းက “သူကဘယ်သူလဲ၊ ဒီလိုချီတက်လာတာဘာသဘောလဲ” ဟူ၍မေးမြန်းခဲ့ကြပါသည်။ သူတို့သည် ခရစ် တော်အကြောင်းကို ကြားခဲ့ဖူးကြပြီး ယေရုရှလင်သို့ကိုယ်တော် လာလိမ့်မည်ဟု လည်း မျှော်လင့်ခဲ့ကြပါသည်။ သို့ရာတွင် ယခုအချိန်တိုင်အောင် ကိုယ်တော်သည် မိမိအားဘုရင်တင်မြှောက်ကြမည့် ကြိုးစားမှုအားလုံးကို အားပေးတော်မမူခဲ့ကြောင်း ကို ၎င်းတို့ကြားဖူးခဲ့ကြသောကြောင့် ဤပုံဤနည်းဖြင့် ကြွလာသူသည် ကိုယ်တော် ဖြစ်ကြောင်းကြားသိကြရသောအခါ သူတို့အထူးအံ့အားသင့်ခဲ့ကြပါသည်။ ဤကမ္ဘာ လောကသည် မိမိနိုင်ငံတော်မဟုတ်ကြောင်း ကြေညာခဲ့ဖူးသည့်ကိုယ်တော်အား မည်သည့်အရာက ယခုကဲ့သို့ပြောင်းလဲစေနိုင်ခဲ့သည်ကို သူတို့စဉ်းစားသုံးသပ်ခဲ့ကြ ပါသည်။

         အောင်မြင်မှုအတွက် ကြွေးကြော်သောအသံများက ၎င်းတို့၏စုံစမ်းမေးမြန်း သံများအား တိတ်ဆိတ်သွားစေခဲ့ပါသည်။ စိတ်အားထက်သန်သော လူအုပ်ကြီး သည် ထပ်ခါတလဲလဲ ကြွေးကြော်ခဲ့ကြပါသည်။ အဝေးတွင်ရှိနေကြသော လူများက လည်း ပါဝင်ကြွေးကြော်လာကြရာ တောင်ပေါ်ချိုင့်ဝှမ်းရှိ ပတ်ဝန်းကျင်တစ်ခုလုံး၌ ကြွေးကြော်သံများနှင့် ပဲ့တင်ထပ်သွားခဲ့ပါသည်။ ၎င်းပြင် ယခုအချိန်တွင် ထိုလူအုပ် ကြီးအား ယေရုရှလင်မြို့ရှိလူထုကြီးက ပူးပေါင်းလာပါသည်။ ပသခါပွဲသို့တက်ရောက် ရန် စုရုံးလာကြသော လူအုပ်ကြီးထဲမှ ထောင်နှင့်ချီသောလူများသည် ကိုယ်တော် ရှင်အားကြိုဆိုရန် ဗိမာန်တော်မှထွက်ခွာ လာကြပါသည်။ သူတို့သည် စွန်ပလွံခက် များကိုဝှေ့ယမ်းလျက်၊ ဓမ္မတေးသီချင်း များကိုသီဆိုကျူးအေးလျက် ကိုယ်တော် အားနှုတ်ခွန်းဆက်ခဲ့ကြပါသည်။ ဗိမာန်တော်တွင်ရှိနေကြသော ယဇ်ပုရောဟိတ်က ညနေအစည်းအဝေးအတွက် တံပိုးခရာမှုတ်သော်လည်း လူအနည်းငယ်မျှသာ ဗိမာန်တော်သို့ပြန်လာခဲ့ကြသဖြင့် “ဤလောကသည် ထိုသူနောက်သို့ လိုက်ပါသွား ပါပြီတကား” ဟူ၍ မိမိတို့၏ထိတ်လန့်စိုးရွံ့မှုများကို တစ်ဦးနှင့်တစ်ဦးပြောပြခဲ့ကြပါ သည်။

         ကိုယ်တော်၏အသက်တာတွင် ဤကဲ့သို့သောအင်အားပြမှုမျိုးကို ယခင်က တစ်ခါမျှ ခွင့်ပြုတော်မမူခဲ့ဖူးချေ။ ထိုကဲ့သို့လုပ်ဆောင်မှုသည် မိမိအားကပ်တိုင်ထက် သို့တက်စေမည်ကိုလည်း တင်ကြို၍ှရှင်းလင်းစွာ မြင်တွေ့ထားပါသည်။ သို့ရာတွင် မိမိကိုယ်ကို ကယ်တင်ရှင်တစ်ဦးဖြစ်ကြောင်း၊ လူသိရှင်ကြားတင်ဆက်ရန်မှာ ကိုယ် တော်၏ အကြံအစည်တော်ဖြစ်ပါသည်။ အပြစ်တွင်ကျဆုံးနေသည့် ဤကမ္ဘာ၌မိမိ လုပ်ဆောင်ရမည့်အမှုတော်၏ အထွတ်အထိပ်ဖြစ်သော ဆက်ကပ်ပူဇော်ခြင်းကို လူ အများအာရုံပြုလာစေရန် ကိုယ်တော်အလိုရှိတော်မူပါသည်။ ပသခါပွဲကျင်းပရန်အ တွက် ယေရုရှလင်မြို့၌ လူအများစုရုံးလာကြစဉ်တွင် သိုးသငယ်အဖြစ်ပုံဆောင်ခြင်း ခံရသောကိုယ်တော်သည် မိမိ၏အလိုဆန္ဒအရ မိမိကိုယ်ကို ပူဇော်သကာယဇ်တစ် ကောင်အနေဖြင့် ခွဲခန့်တော်မူ၏။ ခေတ်အဆက်ဆက်တည်ရှိသွားမည့် ကိုယ်တော် အသင်းတော်အတွက် ဤလောက၏အပြစ်များကြောင့် အသေသတ်ခံသွားသည့် ကိုယ်တော်၏ အသေခံခြင်းကိုနက်နဲစွာ တွေးခေါ်လေ့လာရမည့် ဘာသာရပ်တစ် ခုဖြစ်လာစေရန် ထိုလုပ်ရပ်ကိုလုပ်ဆောင်တော်မူဖို့ လိုအပ်လှပါသည်။ အသေခံ၍ ပူဇော်ခြင်းနှင့် ဆက်ကပ်နေသည့် အကြောင်းအရာတိုင်းကိုလည်း မှန်မမှန်ဆန်းစစ် လေ့လာသင့်သည်မှာ သေချာပါသည်။ ထိုအချိန်တွင်လူအပေါင်းသည် ကိုယ်တော် ရှင်အားအာရုံစိုက်ရန် အထူးလိုအပ်လှပါသည်။ ကိုယ်တော်ပြုတော်မူသည့် ဆက် ကပ်ပူဇော်ခြင်း၏ အလျင်အဦးတွင်ဖြစ်ပျက်ရမည့်အရာမှာ ပူဇော်သကာကို အာရုံပြု လာအောင် လုပ်ဆောင်မှုပင်ဖြစ်ပါသည်။ ယေရုရှလင်မြို့သို့ အဝင်၌ထိုကဲ့သို့သော အင်အားပြမှုမျိုး ပြုလုပ်ပြီးသည့်နောက်တွင် လူတိုင်းသည် ကိုယ်တော်ကပ်တိုင် တင်ခံရမည့် နောက်ဆုံးသောမြင်ကွင်းဆီသို့ လျင်မြန်စွာတိုးတက်ဖြစ်ပျက်မှုများကို လိုက်၍ အာရုံပြုလာခဲ့ကြလိမ့်မည်ဖြစ်ပါသည်။

         အောင်ပွဲခံသည့်သဘောဖြင့် ခရစ်တော်သည် မြည်းကလေးကိုစီး၍ ယေရုရှ လင်မြို့ထဲသို့ဝင်လာခြင်းနှင့် ဆက်နွှယ်သောအဖြစ်အပျက်များသည် လူတို့၏ပါးစပ် ဖျားတွင် ရေပန်းစားနေကြပါသည်။ ထိုအဖြစ်အပျက်များကြောင့် ခရစ်တော်ကိုလူ အပေါင်းတို့၏စိတ်ထဲတွင် စွဲမြဲစေခဲ့ပါသည်။ ကိုယ်တော်အား ကပ်တိုင်တင်ပြီး သော အချိန်တွင် စစ်ဆေးမေးမြန်းခြင်း၊ အသေသတ်ခြင်းများ နှင့်ဆက်နွှယ်သော ဤအ ဖြစ်အပျက်များကို လူများစွာတို့က ပြန်လည်သတိရခဲ့ကြပါသည်။ ဤအဖြစ်အပျက် များက ၎င်းတို့အားအနာဂတ္တိစကားများကိုလေ့လာစေပြီး ယေရှုသည် မေရှိယဖြစ်တော်မူကြောင်း သဘောပေါက်စေခဲ့သဖြင့် နိုင်ငံအပေါင်းတွင်ယုံကြည် သူများတို့သည် တိုးပွားလာစေလိမ့်မည် ဖြစ်ပါသည်။

         ကိုယ်တော်၏လောကအသက်တာမှ အောင်ပွဲခံသည့်မြင်ကွင်းတွင် ကယ် တင်ရှင်သည် ကောင်းကင်တမန်များ စောင့်ကြပ်ဝန်းရံလျက် ဘုရားသခင်၏ တံပိုးခ ရာသံများဖြင့် ရှေ့တော်ပြေးများလွှတ်လျက် ပေါ်ထွန်းလာမည်ဆိုလျှင် ပေါ်ထွန်းလာ နိုင်ခဲ့သော်လည်း ထိုကဲ့သို့သော အင်အားပြမှုများတို့သည် မိမိအမှုတော်၏ကြံရွယ် ချက်နှင့်သော်လည်းကောင်း၊ ကိုယ်တော့်အသက်တာကို အုပ်စိုးထားသည့် ပညတ် တော်နှင့်သော်လည်းကောင်း ဆန့်ကျင်နေပါလိမ့်မည်။ ကိုယ်တော်သည် မိမိလက်ခံ တော်မူခဲ့သည့်နိမ့်ကျသော အငန်းအတာတွင် ဆက်လက်တည်ကြည်တော်မူခဲ့ပါ သည်။ လောကီသားများသည် အသက်နှင့်ပြည့်စုံစေရန် မိမိအသက်တော်ကို စွန့် ပြီးတော်မူသည့်တိုင်အောင် ကိုယ်တော်သည် လူသားများ၏အပြစ်ဝန်ကို ထမ်းရွက် ရမည်ဖြစ်ပါသည်။

         ဤပျော်ရွှင် ကြည်နူးစရာကောင်းသောမြင်ကွင်းသည် သခင်ဘုရားခံစားရ မည့်ဒုက္ခဆင်းရဲခြင်းနှင့် အသေသတ်ခံခြင်းတို့အတွက် ပဏာမဖြစ်ရပ် တစ်ခုဖြစ် ကြောင်း တမန်တော်များသိရှိခဲ့ပါလျှင် မိမိတို့အသက်တာ၏အထွတ် အထိပ်နေ့ဟု ထင်နေသည့်ထိုနေ့သည် စိတ်ညှိုးငယ်စရာ တိမ်လိပ်များကြောင့် မှောင်မိုက်ကျ သောနေ့တစ်နေ့ဖြစ်ခဲ့လိမ့်မည်သာတည်း။ ကိုယ်တော်သည် မချွတ်မလွဲမိမိပြုရမည့် ယဇ်ပူဇော်ခြင်းအကြောင်းကို ၎င်းတို့အား ထပ်ခါတလဲလဲပြော ကြားတော်မူခဲ့သော် လည်း ဝမ်းမြောက်ဖွယ်ရာ ပစ္စုပ္ပန်အောင်ပွဲကြောင့် ကိုယ်တော် ၏ဝမ်းနည်းစရာစ ကားများကို သူတို့မေ့လျော့ခဲ့ကြပြီး ဒါဝိဒ်၏ပလ္လင်ပေါ်တွင် သာတောင့်သာယာရှိလှ သည့် ကိုယ်တော်စိုးစံမည့်အချိန်ကို သူတို့မျှော်ခဲ့ ကြပါသည်။

         စီတန်း၍လျှောက်လာကြသော ထိုလူတန်းကြီး၌ လူသစ်များလည်း အဆက် မပြတ်ပူးပေါင်းလာခဲ့ကြပြီး လူအနည်းငယ်မှလွဲ၍ ကျန်လူအားလုံးသည် ထိုအချိန် ထိုနာရီ၏လှုံ့ဆော်မှုတွင် အာရုံငြိခဲ့ကြကာ တောင်ပေါ်ချိုင့်ဝှမ်းအနှံ့တွင် ပဲ့တင်ထပ် နေသောဘုရားသခင်အား ချီးမွမ်းထောမနာပြုသည့် ဓမ္မသီချင်းများကို သံယောင် လိုက်၍ သီဆိုခဲ့ကြပါသည်။ ]]ဒါဝိဒ်၏သားတော်အားဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာ၀ရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း}} ဟူသော ကြွေးကြော်သံများ သည်လည်း အဆက်မပြတ်ထွက်ပေါ်လာခဲ့ပါသည်။

         လောကကမ္ဘာရှိလူသားများသည် ဤကဲ့သို့သော အောင်ပွဲခံတန်းစီလမ်း လျှောက်ခဲ့သည့် လူအုပ်ကြီးမျိုးကို ယခင်ကတစ်ခါမျှမမြင်ခဲ့ဖူးချေ။ ၎င်းတို့၏ အောင် ပွဲခံပွဲမှာ လောကရှိနာမည်ကြီး အောင်နိုင်သူများ၏အောင်ပွဲခံပုံနှင့် မတူပါချေ။ ဘု ရင်ကြီး၏ ရဲစွမ်းသတ္တိကိုသတိရစေရန် အထိမ်းအမှတ်ပစ္စည်းများအနေဖြင့် ဝမ်း နည်းပက်လက်ဖြစ်နေသော သုံ့ပန်းများကိုတင်ဆောင်ထားသည့် မည်သည့်ယာဉ် တစ်စင်းတစ်လေမျှ ဤမြင်ကွင်းတွင်မပါဝင်ခဲ့ချေ။ သို့ရာတွင် ကယ်တင်ရှင်၏ ဘေး ပတ်လည်တွင် အပြစ်သားများအတွက် ကိုယ်တော်ရှင် ပြုတော်မူခဲ့သည့် မေတ္တာ လုပ်ရပ်များ၏ ကျက်သရေမင်္ဂလာနှင့်ပြည့်၀သော အထိမ်းအမှတ်ပစ္စည်းကလေးများ ကိုတွေ့နေရပါသည်။ စာတန်၏တန်ခိုးတော်အောက်မှ ကိုယ်တော်ရှင်ကယ်ဆယ် တော်မူခဲ့သော ထိုသုံ့ပန်းများသည် မိမိတို့ရရှိခဲ့သည့် လွတ်မြောက်ခြင်းအတွက် ဘုရားသခင်အား ချီးမွမ်းထောမနာပြု နေကြပါသည်။ ကိုယ်တော်ရှင် စက္ခုနှစ်ကွင်း အလင်းပေးခဲ့သည့် မျက်ကန်းများက ထိုလူတန်းကြီးကို လမ်းပြဦးဆောင်လျက်ရှိပါ သည်။ လျှာလွတ်ခြင်းအခွင့်ကို ကိုယ်တော်ပေးတော်မူခဲ့သော နှုတ်ဆွံ့သူများသည် ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းထောမနာပြုနေကြပါသည်။ ကိုယ်တော် ကု သပေးတော်မူခဲ့သည့် ခြေမစွမ်းသူများသည် ပျော်ရွှင်မြူးထူးစွာဖြင့် ခုန်ပေါက်ပြေး လွှားနေကြပြီး စွန်ပလွံခက်များကိုချိုး၍ ကယ်တင်ရှင်၏ရှေ့မှဝှေ့ယမ်းနေသူများတွင် သူတို့သည် အတက်ကြွဆုံးသော သူများဖြစ်နေကြပါသည်။ မုဆိုးမများနှင့် မိဘမဲ့က လေးများသည် မိမိတို့ခံစားရသော ကောင်းချီးမင်္ဂလာများအတွက် ခရစ်တော်၏ နာမ တော်ကို မြှောက်စားချီးမွမ်းနေကြပါသည်။ သန့်ရှင်းစေခြင်းကိုခံခဲ့ရသော အနာကြီး ရောဂါသည်များသည် သန့်ရှင်းသော၎င်းတို့၏ ဝတ်ရုံများကို ကိုယ်တော်ရှင်သွားရာ လမ်း၌ခင်းပေးနေကြပြီး ကိုယ်တော်အားဘုန်းတော်နှင့် ပြည့်၀သော ဘုရင်တစ်ပါး ကိုကြိုဆိုသကဲ့သို့ ကြိုဆိုနေကြပါသည်။ မိမိ၏နှုတ်တော်ထွက် စကားသံအားဖြင့် သေခြင်းမှ ကိုယ်တော်ထမြောက်စေခဲ့သည့် ပုဂ္ဂိုလ်များလည်း ထိုလူအုပ်ကြီးထဲတွင် ပါဝင်နေကြပါသည်။ သင်္ချိုင်းထဲတွင် ခန္ဓာကိုယ်အသွေးအသားများ ပုပ်သိုးပျက်စီးခဲ့ ရပြီး ယခုအချိန်တွင်မူ ယောကျားပီသသောခွန်အားနှင့်ပြည့်စုံစွာ ဝမ်းမြောက်ဝမ်း သာဖြစ်နေသော လာဇရုသည် ကယ်တင်ရှင်စီးလာသောမြည်းကလေးကို ရှေ့မှဆွဲ နေပါသည်။

         များစွာသောဖာရိရှဲများတို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ကြရသဖြင့် မနာလို ဝန်တိုစိတ်များပြင်းထန်လာကာ ကိုယ်တော်ရှင်၏ရေပန်းစားနေသော အခြေအနေ ကို ဟန့်တားရန်ကြိုးစားခဲ့ကြပါသည်။ သူတို့သည် မိမိတို့၌ရှိသောအာဏာတန်ခိုး အားလုံးကိုအသုံးပြုလျက် လူထုကြီးအားနှုတ်ပိတ်ရန်ကြိုး စားခဲ့ကြသော်လည်း ၎င်း တို့၏ တောင်းဆိုမှုများနှင့် ခြိမ်းခြောက်မှုများသည် လူထု၏စိတ်အားထက်သန်မှုများ ကိုသာ တိုးပွားစေပါသည်။ ဤလူအုပ်ကြီးသည် လူထုအင်အားဖြင့် ယေရှုအား ဘုရင်မြှောက်လိုက်မည်ကိုလည်း သူတို့စိုးရိမ်မိခဲ့ကြပါသည်။ နောက်ဆုံးအားကိုး အားထားတစ်ခုအနေဖြင့် သူတို့သည် ကယ်တင်ရှင်ရှိတော်မူသည့်နေရာသို့ လူများ ကြားထဲမှတိုးဝင်သွားပြီး အပြစ်တင်ခြိမ်းခြောက်သည့် သဘောဖြင့် “အရှင်ဘုရား၊ ကိုယ်တော်၏ တပည့်တော်တို့ကိုဆုံးမပါ” ဟုလျှောက်ကြ၏။ ထိုကဲ့သို့ ဆူညံစွာ အင်အားပြမှုများသည် တရားဥပဒေနှင့်မကိုက်ညီသဖြင့် အာဏာပိုင်များအနေနှင့် ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့ပြောကြပါသည်။ သို့သော် “ငါဆိုသည် ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေး ကြော်ကြလိမ့်မည်” ဟူသောယေရှုရှင်၏ တုံ့ပြန်ချက်ကြောင့် နှုတ်ဆိတ်သွားခဲ့ကြပါ သည်။ အောင်ပွဲခံနေသည့်ထိုမြင်ကွင်းသည် ဘုရားသခင်ကိုယ်တော်တိုင်စီစဉ် သတ် မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤအကြောင်းကို ပုရောဖက်အားဖြင့်အနာဂတ် ပြုထားပြီး ဖြစ်သဖြင့် ဘုရားသခင်၏ အကြံတော်ကိုလွှဲဖည်ခြင်းငှာ လူ၌တန်ခိုးမရှိပါချေ။ လူ သားများသည် ကိုယ်တော်၏အကြံအစည်တော်ကို ဆက်လက်လုပ်ဆောင်ရန် ပျက် ကွက်ခဲ့လျှင် ကိုယ်တော်သည် အသက်မရှိသည့် ကျောက်တုံးများကို တန်ခိုးပေး တော်မူလိမ့်မည်။ ထိုအခါ ထိုကျောက်တုံးများသည် ဘုရားသခင်၏သားတော်ကို ချီးမွမ်းထောမနာပြု၍ ကြိုဆိုကြပေလိမ့်မည်။ နှုတ်ဆိတ်နေသည့် ဖာရိရှဲများသည် နောက်သို့ဆုတ်သွားသည့်အချိန်တွင် ထောင်ပေါင်းများစွာသောအသံများဖြင့် ဇာခရိ အားဖြင့်ရေးသားထားသည့် အောက်ပါနှုတ်ထွက်စကားများကို ကျယ်လောင်စွာ ကျူး အေးကြပါသည်။ “အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့ သတို့သမီး၊ ကြွေးကြော်လော့။ တရားသဖြင့်စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့ သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” ဇာခရိ ၉း၉။

         ထိုလူတန်းကြီးသည် တောင်စောင်းကလေးဆီသို့ရောက်လာပြီး မြို့ထဲသို့ဝင် တော့မည့်အလုပ်တွင် ခရစ်တော်သည်ရပ်တန့်တော်မူလိုက်ရာ လိုက်ပါလာသော လူ အုပ်ကြီးသည်လည်း ကိုယ်တော်နှင့်အတူ ရပ်တန့်လိုက်ကြပါသည်။ ၎င်းတို့၏ရှေ့ တွင် ယေရုရှလင်မြို့ကြီးသည် ဆည်းဆာအချိန်၏ နေရောင်ခြည်အောက်၌ လှပတင့် တယ်လျက်ရှိပါသည်။ ဗိမာန်တော်၏အလှသည် မျက်လုံးတိုင်းအားစွဲမက်စေခဲ့ပါ သည်။ ၎င်း၏ခမ်းနားကြီးကျယ်မှုသည် အခြားအဆောက်အဦများထက် ငွားငွား စွင့်စွင့်ရပ်တည်နေပါသည်။ လူသားများအားစစ်မှန်၍ အသက်ရှင်လျက်ရှိသော ဘုရားသခင်ကို ညွှန်ပြနေသည့်အလား ပြဿဒ်များသည် ကောင်းကင်သို့ ထိုးထွက် နေကြပါသည်။ ဤဗိမာန်တော်သည် ရှေးယခင်မှစ၍ ယုဒလူမျိုးများအတွက် ဂုဏ် ယူစရာဖြစ်ခဲ့ပါသည်။ ရောမလူမျိုး များကိုယ်တိုင်ကလည်း ထိုဗိမာန်တော်၏ သား နားကြီးကျယ်မှုအတွက် ဝါကြွားခဲ့ကြပါသည်။ ရောမအစိုးရက ခန့်အပ်ထားသည့် ဘုရင်တစ်ပါးသည် ယုဒလူများနှင့်ပူးပေါင်းကာ ဤဗိမာန်တော်ကြီးအား ပြန်လည် တည်ဆောက်မွမ်းမံခဲ့ပြီး ရောမဧကရာဇ်သည် ဗိမာန်တော်အတွက် လက်ဆောင် ပစ္စည်းများကိုပေးပို့ကာ လှပစေခဲ့ပါသည်။ ထိုဗိမာန်တော်ကြီးသည် ၎င်း၏တန်ခိုး၊ ၎င်း၏ ကြွယ်၀ကုံလုံမှုနှင့် ၎င်း၏ခမ်းနားကြီးကျယ်မှုများကြောင့် ကမ္ဘာ့အံ့ဖွယ်ကြီး များထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပါသည်။

         အနောက်မိုးကုပ်စက်ဝိုင်းကြီးထဲသို့ ဝင်လုဆဲဆဲနေမင်းကြီးသည် ကောင်း ကင်ယံကြီးအား  ရွှေရောင်ဖျော့ဖျော့ တောက်ပနေစေစဉ်တွင် ထိုအလင်းရောင် ကြောင့် ကျောက်ဖြူသားဖြင့်ပြီးသော ဗိမာန်တော်၏နံရံကြီးများသည် ထင်ထင်ရှား ရှားပေါ်လွင်နေပါသည်။ ရွှေချထားသည့် ဗိမာန်တော်တိုင်ကြီးများသည်လည်း ရောင်တဖိတ်ဖိတ် တောက်ပနေကြပါသည်။ ခရစ်တော်နှင့် တပည့်တော်များရပ်နေ ကြသည့် တောင်ထိပ်ပေါ်မှကြည့်လိုက်သော် ထိုဗိမာန် ကြီးသည်နှင်းခဲပုံကြီးပေါ်တွင် ရွှေပြဿဒ်များ စိုက်ထူထားသည့် နှယ်ဖြစ်နေပါသည်။ ဗိမာန်တော်အဝင်၀တွင် စွမ်းထက်သော ပန်းချီဆရာတစ်ဦးက ခြယ်မှုန်းရေးဆွဲထားသည့် ရွှေကိုင်းငွေကိုင်း များဖြင့်ပြီး၍ စိမ်းလန်းနေသော စပျစ်ရွက်များနှင့် ပြွတ်နေအောင်သီးနေသည့် စပျစ် သီးများဖြင့် လှပနေသည့် စပျစ်ပင်တစ်ပင်ကိုတွေ့ရပါသည်။ ဤပုံတွင် ဣသရေလ များအား သီးပွင့်နေသော စပျစ်နွယ်ပင်တစ်ပင်နှင့် သရုပ်ဖော်ထားပါသည်။ ထိုစပျစ် ပင်၏ရွှေရောင်၊ ငွေရောင်နှင့်လွင့်နေသော အစိမ်းရောင်များကို ထူးခြားသော လက် ရာမွန်များနှင့် ရှားပါးသော အနှစ်သာရများဖြင့် ပေါင်းစပ်ခြယ်မှုန်ထားပါသည်။ အဖြူ ရောင်ကျောက်သားများနှင့် နွယ်နှာမောင်းများတွယ်တက်နေသော ရွှေရောင် တောက်နေသည့် ဗိမာန်တော်တိုင်များဝယ် ထိုစပျစ်နွယ်ပင် ပတ်ရစ်ထားစဉ်တွင် ကောင်းကင်မှရယူထားသည့် ဘုန်းတန်ခိုးတော် တစ်ခုနှယ်ထွန်းလင်းလျက် ဆည်း ဆာနေရောင်ခြည်ဝယ် လှပလျက်ရှိပါသည်။

         သခင်ယေရှုသည် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေတော်မူပါသည်။ လူ အုပ်ကြီးသည်လည်း အော်ဟစ်ကြွေးကြော်သံများ ရပ်တန့်သွားကာလှပသော ထို တဒင်္ဂမြင်ကွင်းကြောင့်မှင်သက်နေကြပါသည်။ သူတို့သည် မိမိတို့ခံစားကြရသကဲ့ သို့ သဘောကျနှစ်သက်ကြောင်းကို ခရစ်တော်၏မျက်နှာတော်ဝယ် တွေ့ရနိုးဖြင့် ကယ်တင်ရှင်အား ကြည့်လိုက်ကြပါသည်။ မျက်နှာတော်ပေါ်ဝယ် ဝမ်းသာကြည်နူး မှုကိုတွေ့ရမည့်အစား ဝမ်းနည်းမှုများကိုသာတွေ့ရပါသည်။ ကြေကွဲသောနှလုံးသား မှပေါက်ကွဲလာသည့်နှယ် တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းများမှပေါ်ထွက်လာ သည့် ရှိုက်ကြီးတငင်ငိုကြွေးမှုများကို ကြားရစဉ်မျက်ဝန်းတော်တွင် မျက်ရည်များနှင့် ပြည့်၀နေသည်ကိုလည်းကောင်း၊ မုန်တိုင်းထန်နေသောအချိန်တွင် ယိမ်းထိုးနေ သော သစ်ပင်တစ်ပင်ကဲ့သို့ ရှေ့နောက်ယိမ်းထိုးနေသော ကိုယ်တော်၏ခန္ဓာကိုယ် ကြီးကိုလည်းကောင်း မြင်ကြရသဖြင့် သူတို့အံ့အားသင့်ကာ စိတ်အားငယ်ခဲ့ကြရပါ သည်။ မိမိတို့ချစ်လှစွာသောသခင်အား မျက်ရည်စက်လက်ဖြင့် ဝမ်းနည်းပူဆွေး စေသော ဤမြင်ကွင်းကို ကောင်းကင်တမန်များမည်ကဲ့သို ကြည့်ကြရမည်နည်း။ ကိုယ်တော်ရှင်နန်းထိုင်မည့် နေရာဟု၎င်းတို့ထင်ခဲ့ကြသော ယေရုရှလင်မြို့သို့ ကိုယ် တော်အား စောင့်ကြပ်ခေါ်ဆောင်လာကြသည့် အော်ဟစ်ကာချီးမွမ်းထောမနာပြု၍ စွန်ပလွံခက်များကို ဝှေ့ယမ်းနေကြသော ထိုလူအုပ်ကြီးအတွက် ထိုမြင်ကွင်းသည် အဘယ်သို့ရှိပါမည်နည်း။ သခင်ယေရှုသည် လာဇရု၏ဂူတွင်ငိုကြွေးခဲ့ဖူးသော်လည်း ငိုကြွေးမှုသည် လူသားများခံရသည့်အမင်္ဂလာအတွက် ဘုရားသခင်၏ဝမ်းနည်း မှုကိုဖော်ပြခြင်းသာဖြစ်ပါသည်။ သို့ရာတွင် ဤတဒင်္ဂပူဆွေးမှုသည် အောင်မြင်မှုအ တွက်စပ်ဆိုထားသည့် သီချင်းကလေးတစ်ပုဒ်ထဲမှ ဝမ်းနည်းစရာကောင်းသော သံ စဉ်တစ်ခုနှယ် ဖြစ်ခဲ့ရပါသည်။ လူအပေါင်းတို့က ကိုယ်တော်အား ဂါရ၀ပြုနေကြ သည့်ဝမ်းနည်းစရာမြင်ကွင်းအလယ်တွင် ဣသရေလဘုရင်ကြီးသည် မျက်ရည်ကျ နေပါသည်။ ကျနေသောမျက်ရည်များသည် ဝမ်းသာမျက်ရည်များမဟုတ်ဘဲ ဝမ်း နည်းမျက်ရည်များသာတည်း။ လူထုကြီးသည် ရုတ်တရက်စိတ်ညှိုးငယ်သွားခဲ့ကြပြီး အော်ဟစ်ချီးမွမ်းမှုများသည် တိတ်ဆိတ်သွားခဲ့ပါသည်။ များစွာသောလူတို့သည် ဘာ မှန်းမသိလိုက်၍ ငိုကြွေးခဲ့ကြပါသည်။

         သခင်ယေရှုကျခဲ့သော မျက်ရည်များသည် မိမိခံစားရမည့်ဒုက္ခဆင်းရဲခြင်း ကြောင့် ကြိုတင်၍ကျခဲ့သော မျက်ရည်များမဟုတ်ပါချေ။ မကြာမီတွင် ကိုယ်တော့် အပေါ်သို့ကျရောက်မည့် ကြီးမားသောအမှောင်ထုကြီး၏ ကြောက်ခမန်းလိလိဖြစ် ရပ်တစ်ခုနှင့် ကြုံတွေ့ရမည့် ဂေသရှေမန်ဥယျာဉ်သည် ကိုယ်တော်၏ရှေ့နားက လေးတွင် ရောက်ရှိနေပါပြီ။ ရာစုနှစ်ပေါင်းများစွာကတည်းက ယဇ်ပူဇော်မည့် တိရစ္ဆာန်များကို ဖြတ်သန်းဆွဲယူခဲ့ကြသော သိုးတံခါးကိုလည်း မြင်နေကြရပါပြီ။ ဤလောက၏အပြစ်များအတွက် ဆက်ကပ်ခဲ့သောပူဇော် သကာအားလုံးက ညွှန်ပြ ခဲ့သည့် ယဇ်ကောင်အစစ်ဖြစ်သော ကိုယ်တော်အတွက် ဤတံခါးကြီးကို မကြာမီ တွင်ဖွင့်ကြပေတော့မည်။ ပြင်းထန်သောဝေဒနာကို ခံစားရတော့မည့် ကရာနီကုန်း သည်လည်း ထိုတံခါးနားတွင်ရှိနေပါသည်။ သို့ရာတွင် ရက်စက်ကြမ်းကြုတ်သော အသေသတ်ခြင်းခံရမည့် မြင်ကွင်းများကိုသတိရသဖြင့် ကယ်တင်ရှင်သည် စိတ်နှ လုံးပူပန်စွာဖြင့် ငိုကြွေးခဲ့ခြင်းမဟုတ်ချေ။ ကိုယ်တော်၏ငိုကြွေးမှုသည် မိမိအတွက် အတ္တသဘောနှင့် ငိုကြွေးခဲ့ခြင်းလည်းမဟုတ်ချေ။ မြင့်မြတ်၍ကိုယ်ကျိုးစွန့်သော ထို အသက်ဝိညာဉ်အား ပြင်းထန်သောဝေဒနာခံစားရမည့်အကြောင်းစဉ်းစားမိခြင်းက မခြိမ်းခြောက် နိုင်ခဲ့ပါချေ။ ယေရုရှလင်မြင်ကွင်းသည် သခင်ယေရှု၏နှလုံးသားကို ထုတ်ချင်းခတ်ထိုးဖောက်ခဲ့ပါသည်။ ဘုရားသခင်၏ သားတော်အားငြင်းပယ်၍ မေတ္တာတော်အား မထီလေးစားလုပ်ခဲ့သော ယေရုရှလင်မြို့၊ ကိုယ်တော်ရှင်ပြု တော်မူခဲ့သော ကြီးမားလှသည့် နိမိတ်လက္ခဏာများကို ငြင်းပယ်ခဲ့သောယေရုရှလင် မြို့၊ ထိုမြို့သည် ကိုယ်တော်၏အသက်တော်ကို လုပ်ကြံတော့မည်ဆဲဆဲဖြစ်နေပါ သည်။ မိမိ၏ကယ်တင်ရှင်အား ငြင်းပယ်ခဲ့ခြင်းဖြင့် ကျူးလွန်ခဲ့သည့် ထိုမြို့၏ အပြစ်များကိုလည်းကောင်း၊ အကယ်၍မိမိ၏ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင် သည့် တစ်ပါးတည်းဖြစ်တော်မူသောကိုယ်တော်ကို ထိုမြို့သည် လက်ခံမည်ဆိုလျှင် ထိုမြို့၌ဖြစ်ပေါ်ခဲ့မည့် အရာများကိုလည်းကောင်း ကိုယ်တော်မြင်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုမြို့ကိုကယ်တင်ရန် ကြွလာတော်မူခဲ့သဖြင့် ထိုမြို့အားအဘယ် သို့ စွန့်ပစ်နိုင်လိမ့်မည်နည်း။

         ဣသရေလများသည် မျက်နှာသာပေးခြင်းခံခဲ့ရသော လူမျိုးတစ်မျိုးဖြစ်ခဲ့ပါ သည်။ ဘုရားသခင်သည် ၎င်းတို့၏ဗိမာန်တော်တွင်နေထိုင်စိုးစံတော် မူခဲ့ပါသည်။ “မြေကြီးတစ်ပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှ ပေ၏” ဟူ၍ လည်း ဆာလံဆရာကစပ်ဆိုထားခဲ့ပါသည်။ ဆာလံ ၄၈း၂။ ဖခင် တစ်ဦးကတစ်ဦး တည်းသောသား (သို့မဟုတ်) သမီးကလေးအားပြုသကဲ့သို့ နှစ်ပေါင်းတစ်ထောင် ကျော်ပြုတော်မူခဲ့သော ခရစ်တော်၏ကြည့်ရှုစောင့်ရှောက် ခဲ့မှုနှင့် မေတ္တာထားခဲ့မှု များအတွက် ပြုစုထားသည့်မှတ်တမ်းသည် ထိုဗိမာန်ထဲတွင်ရှိပါသည်။ ထိုဗိမာန် တော်ထဲတွင် ပုရောဖက်များသည် အရေးကြီးသော သတိပေးစကားများကို မိန့်မြွက် ခဲ့ကြပါသည်။ ဝတ်ပြုကိုးကွယ်သူများ၏ ဆုတောင်းချက်များနှင့်အတူ ဘုရားသခင့် ထံတော်သို့ တက်လျက်ရှိနေသော နံ့သာပေါင်းမီးခိုးများကိုထွက်စေသည့် နံ့သာ ပေါင်းမီးရှို့ရာယဇ်ပလ္လင်သည် ထိုဗိမာန်တော်တွင်ရှိနေပါသည်။ ခရစ်တော်၏ သွေးတော်ကိုပုံဆောင်သည့် တိရစ္ဆာန်များ၏ အသွေးများသည်လည်း ထိုဗိမာန် တော်တွင် သွန်းလောင်းခဲ့ပါ သည်။ ယေဟောဝါအရှင်သည် မိမိ၏ဘုန်းရောင်ခြည် တော်ကို ကရုဏာပလ္လင်ထက်၌ ထင်ရှားစေခဲ့သည်မှာလည်း ထိုဗိမာန်တော်၌ ပင် ဖြစ်ပါသည်။ ထိုဗိမာန်တော်တွင် ယဇ်ပုရောဟိတ်များသည် အမှုတော်ဆောင်ခဲ့ပြီး ပုံဆောင်မှုဆိုင်ရာ ဝိနည်းထုံးဖွဲ့နှင့်ပတ်သက်သည့် အခမ်းအနားများကို ခေတ်အ ဆက်ဆက်ကျင်းပခဲ့ကြပါသည်။ သို့ရာတွင် ထိုအရာအားလုံးသည် အဆုံးသို့ရောက် တော့ပေမည်။

         သခင်ယေရှုသည် နာမကျန်းသူများနှင့်ရောဂါဝေဒနာရှင်များအား မကြာ ခဏကောင်းချီးပေးရာတွင် အသုံးပြုခဲ့ဖူးသည့် လက်တော်ကိုမြှောက်လိုက်ကာ ပြစ်ဒဏ်စီရင်ခြင်းခံရတော့မည့် ထိုမြို့ဘက်သို့လှည့်၍ ဝှေ့ယမ်းလိုက်ပြီး ကြေကွဲ သောအသံဖြင့် “အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော အရာတို့ကို သင် လက်ထက်ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာ ရှိ၏” ဟုမိန့်တော်မူ၏။ ခရစ်တော်သည်  မိမိ၏စကားကိုဤနေရာတွင်ရပ် ထားလိုက်ပြီး ထိုမြို့အားဘုရားသ ခင်အလွန်ပေးလိုသော ဆုကျေးဇူးတည်းဟူသော သားတော်ဘုရားကို လက်ခံမည် ဆိုလျှင် ၎င်းတို့၏အခြေအနေသည် မည်ကဲ့သို့ဖြစ်နိုင်ခဲ့သည်ကို မပြောဘဲချန်ထား တော်မူခဲ့ပါသည်။ အကယ်၍ ယေရုရှလင်မြို့သည် မိမိသိခွင့်ရသည့်အရာသည် မည် သည့်အရာဖြစ်ကြောင်းကိုသိရှိခဲ့ပြီး ဘုရားသခင်ပေးသနားတော်မူသည့် အလင်းအ တိုင်းလိုက်လျှောက်ခဲ့မည်ဆိုလျှင် ထိုမြို့သည်ကြီးပွားချမ်းသာစွာဖြင့်ရပ်တည်ကာ ဘုရားသခင် ပေးသနားတော်မူသည့်တန်ခိုးများဖြင့် ခွန်အားပြည့်ဖြိုးသော အထွတ် အထိပ် နိုင်ငံတစ်ခုဖြစ်ခဲ့လိမ့်မည်သာတည်း။ မည်သည့်လက်နက်ကိုင်စစ်သားတစ်စုံ တစ်ယောက်မျှ မြို့တံခါးတွင်စောင့်စရာလိုလိမ့်မည်မဟုတ်ဘဲ ရောမများ၏ အလံများ သည်လည်း ထိုမြို့၏တံတိုင်းများပေါ်ဝယ် တလူလူနှင့်လွှင့်နေခဲ့ ကြလိမ့်မည်မဟုတ် ချေ။ ကယ်တင်ရှင်ကိုကြိုဆိုလက်ခံခဲ့လျှင် ၎င်းအားဘုရား သခင်ပေးကမ်းမည့် ထူး ခြားကောင်းမွန်သော ကံကြမ္မာမြင်ကွင်းသည် ဘုရားသခင်၏ သားတော်ရှေ့မှောက် တွင် ပေါ်ထွန်းလာခဲ့ပါသည်။ မိမိအားဖြင့် ထိုမြို့သည် ဝမ်းနည်းဖွယ်ရာ အနာရောဂါ ဖိစီးမှုများကို ကုစားနိုင်ကြောင်းကိုလည်းကောင်း၊ ရောမတို့၏ လက်အောက်မှ လွတ် မြောက်နိုင်ကြောင်းကိုလည်းကောင်း၊ ကမ္ဘာ့ခွန်အားကြီးမြို့တော်တစ်ခုအဖြစ် တည် ထောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ကိုလည်းကောင်း ကိုယ်တော်ရှင် တွေ့မြင်တော်မူခဲ့ ပါသည်။ ငြိမ်းချမ်းရေးချိုး ငှက်များသည် သူမ၏မြို့တံတိုင်းထက်မှသည် နိုင်ငံအ ပေါင်းသို့ ထွက်ခွာပျံသန်းခဲ့ကြလိမ့်မည်သာတည်း။ ထိုမြို့သည်လည်း ဘုန်းတန်ခိုး အာဏာဘက်တွင် ကမ္ဘာဦးသျှောင်မြို့တစ်မြို့ဖြစ်ခဲ့လိမ့်မည်သာတည်း။

         သို့ရာတွင် ယေရုရှလင်မြို့၌ဖြစ်သင့်သည့် ကောင်းမွန်သောမြင်ကွင်းများ သည် ကယ်တင်ရှင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပါသည်။ ထိုမြို့သည် ယခုတွင် ရောမတို့၏လက်အောက်တွင် ကျရောက်နေကြောင်း ဘုရားသခင်၏ မနှစ်သက်မှု ကိုခံယူလျက် အကျိုးအပြစ်ကိုပေးဆပ်ခြင်းငှာ ပြစ်ဒဏ်စီရင်ခြင်းကို ခံထားရ ကြောင်း စသည်တို့ကို ကိုယ်တော်သိရှိထားတော် မူပါသည်။ ထို့ကြောင့် “ယခုမူ ကား၊ ထိုအရာတို့ကိုသင်မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။ အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစုတော်မူသော ကျေးဇူးကိုသင်သည် မသိမှတ် သောကြောင့် သင်၏ရန်သူတို့ သည် သင့်ပတ်လည်တွင်တပ်တည်၍ လေးမျက်နှာ၌ ဝန်းရံလျက်ချုပ်ထား ပြီးလျှင် သင်၏ကိုယ်မှစ၍သင်၏သားသမီးတို့ကို မြေနှင့်တညီ တည်းညှိသဖြင့် သင်၌ကျောက်တစ်ခုပေါ်မှာ တစ်ခုထပ်ဆင့်၍မကျန်ရစ်ခြင်းငှာ ပြု ကြသောအချိန် ကာလသည် ရောက်လိမ့်မည်” ဟု ဝမ်းနည်းကြေကွဲစွာဖြင့် ဖွင့်ဟ တော်မူ၏။

         ခရစ်တော်သည် ယေရုရှလင်မြို့ကို သူမ၏သားသမီးများနှင့်တကွ ကယ် တင်ရန်ကြွလာတော်မူခဲ့သော်လည်း ၎င်း၏သူတော်ကောင်းအရေခြုံမာနများ၊ လျှို့ ဝှက်မှုများ၊ မနာလိုဝန်တိုခြင်းများနှင့် အငြိုးထားခြင်းများက ကိုယ်တော်၏အကြံကို အထမမြောက်စေခဲ့ချေ။ ဤမြို့ပေါ်တွင်ကျရောက်မည့်ကြောက်ရွံ့ဖွယ်သော အကျိုး အပြစ်ဆပ်ပေးခြင်းကိုလည်း ကိုယ်တော်သိရှိတော်မူခဲ့ပါ သည်။ မြို့နေလူထုသည် အစာငတ်သဖြင့် သေကျေကုန်ကြသည်အထိမြို့ကို ရန်သူစစ်သားများဝိုင်းထားကြ လိမ့်မည်ကိုလည်းကောင်း၊ မိခင်များသည် သေဆုံးသွားသည့် ရင်သွေးငယ်များ၏ သားများကိုစားရသည်အထိ မိဘများနှင့် သားသမီးသည် နောက်ဆုံးတစ်လုတ်စာ အစာကလေးအတွက် တစ်ယောက် နှင့်တစ်ယောက်လု၍စားရသည်အထိစိတ်ထိ ခိုက်နာကျင်စေသောငတ်မွတ် ခေါင်းပါးမှုကြောင့် မေတ္တာတရားခေါင်းပါးလာပုံများ ကိုလည်းကောင်း ကိုယ်တော်မြတ်တွေ့တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်ပေးတော်မူ သောကယ်တင်ခြင်းကို ငြင်းပယ်ခြင်းအားဖြင့် ထင်ရှားသိသာစေခဲ့သော ယုဒလူများ ၏ခေါင်းမာမှုများသည် ကျူးကျော်ဝင်ရောက်လာကြသည့် ရောမစစ်သားများအား ညံ့ခံရန်ငြင်းဆိုစေလိမ့်မည်ဖြစ်ကြောင်းကိုလည်း ကိုယ်တော်မြင်တွေ့တော် မူခဲ့ပါ သည်။ မိမိအားကပ်တိုင်တင်ကြမည့် ကရာနီကုန်းထက်ဝယ် ကပ်တိုင်များသည် သစ် တောကြီးထဲမှသစ်ပင်များနှယ် ပြွတ်သိပ်လျက်ရှိကြောင်းကိုလည်း ကိုယ်တော်ရှုမြင် တော်မူခဲ့ပါသည်။ အတိဒုက္ခရောက်လျက်ရှိကြသော မြို့သူမြို့သားများသည် ကပ် တိုင်အတင်ခံရသည်ကိုလည်းကောင်း၊ လှပတင့်တယ်သောနန်းတော်ကြီး အဖျက် ဆီးခံရသည်ကိုလည်းကောင်း၊ မြို့တော်ကို လယ်ကွင်းတစ်ခုအလား မြေလှန်ကြစဉ် တွင် ဗိမာန်တော်၏နံရံကြီးများမ Sကျောက်တုံးများသည် တစ်ခုပေါ်တစ်ခုထပ်ဆင့်၍ မကျန်ရစ်တော့ကြောင်းကိုလည်း ကောင်း ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ ကြောက်လန့်စရာမြင်ကွင်း ကြောင့် ကယ်တင်ရှင်ငိုကြွေးတော်မူခဲ့သည်မှာ လျော် ကန်သင့်မြတ်လှစွတကား။

         ယေရုရှလင်မြို့ကို ကိုယ်တော်ရှင်စောင့်ထိန်းကြည့်ရှုတော်မူခဲ့ရသဖြင့် ဇောက်ကန်းနိုင်လှသော သားငယ်အတွက် ပူဆွေးသောကရောက်ခဲ့ရသော ဖခင် တစ်ဦးနှယ် ထိုမြို့အတွက် သခင်ယေရှုငိုကြွေးခဲ့ရပါသည်။ ထိုမြို့ကို အဘယ်သို့ စွန့် ပစ်နိုင်ပါမည်နည်း။ ကိုယ်တော်အား ကြည်ညိုသက်ဝင်သူများ ပျက်စီးသေကျေကုန် သည်ကို အဘယ်သို့ကြည့်ရက်နိုင်မည်နည်း။ သင်၏ ဒုစရိုက်ခွက်ဖလားကို သင့်အား ငါ့ဖြည့်ခွင့်ပေးရမည်လား။ အသက်ဝိညာဉ် တစ်လုံးသည် အချည်းနှီးပျောက်ကွယ် နစ်မြှုပ်သွားမည့် ကမ္ဘာပေါင်းမြောက် မြားစွာလောက် တန်ဖိုးရှိလှပါသည်။ သို့ရာတွင် ဤကိစ္စ၌တစ်မျိုးသားလုံး ပျောက်ဆုံးရမည့်အခြေအနေဖြစ်နေပါသည်။ အနောက် မိုးကုပ်စက်ဝိုင်းထဲသို့ လျင်မြန်စွာဦးတည်ရွေ့လျားနေသော နေမင်းကြီးသည် ကောင်းကင်မြင်ကွင်းမှ မျက်ကွယ်ပြုသွားသောအချိန်တွင် ယေရုရှလင်မြို့၏ ကရု ဏာနေ့ရက်များသည် အဆုံးသတ်သွားပေလိမ့်မည်။ ထိုလူတန်းကြီးသည် သံလွင် တောင်စောင်းတွင် ခေတ္တရပ်တန့်နေသောအချိန်၌ ယေရုရှလင်မြို့သည် နောင်တ ရဖို့အချိန်နောက် မကျသေးချေ။ တရားမျှတမှုနှင့်လျင်မြန်စွာသက်ရောက်လာမည့် အပြစ်ဒဏ် စီရင်မှုကိုပေးဆပ်ရန် ရွှေပလ္လင်တော်မှဆင်းကြွတော့မည့် ကောင်းကင် တမန် များသည် ထိုအချိန်တွင် ၎င်းတို့၏အတောင်များကို ခေါက်သိမ်းထားလျက် ရှိကြပါသည်။ မေတ္တာတော်နှင့်ပြည့်၀လျက်ရှိသော ခရစ်တော်၏မဟာနှလုံးသား တော်ကလည်း မိမိ၏ကရုဏာတော်များကို မထီလေးစားပြုခဲ့သော၊ မိမိ၏ သတိပေး စကားများကို မလေးမစားပြုခဲ့သော၊ မိမိလက်တော်များကို သွေးစွန်းစေတော့မည် ဖြစ်သောထိုမြို့အတွက် အသနားခံတော်မူဆဲဖြစ်ပါသည်။ ယေရုရှလင်မြို့သည် နောင်တရရုံသာနောင်တရခဲ့လိမ့်မည်ဆိုလျှင် ထိုအချိန်သည် နောက်မကျသေးချေ။ ဆည်းဆာချိန်၏နောက်ဆုံးသောနေရောင်ခြည်သည် ဗိမာန်တော်ပေါ်တွင်လည်း ပြအိုးနှင့်ဘုံပြာသာဒ်တို့အပေါ်တွင်လည်းကောင်း ကျရောက်နေစဉ်တွင် သန့်ရှင်း သော ကောင်းကင်တမန်များသည် ကယ်တင်ရှင်၏ မေတ္တာတော်၌ ထိုမြို့အားပို့ ဆောင်၍ ကျရောက်လာသည့်အပြစ်ဒဏ် စီရင်ချက်များကို မပြောင်းလဲစေကြတော့ ဘူးလား။ ပုရောဖက်များကိုခဲနှင့် ပေါက်ခဲ့သော သားတော်အားငြင်းပယ်ခဲ့သော နှောင်အဖွဲ့များတွင် နောင်တမရခြင်းအားဖြင့် မိမိကိုယ်ကိုချုပ်နှောင်ခဲ့သော လှပ သော်လည်းမသန့်ရှင်းသော ထိုမြို့သည် မိမိအတွက်သတ်မှတ်ထားသည့် ကရုဏာ နေ့ရက်သည် ကုန်ဆုံးလုနီးပေပြီ။

         သို့စေကာမူ ဘုရားသခင်၏ ဝိညာဉ်တော်သည် ယေရုရှလင်မြို့အား တစ် ဖန်မိန့်တော်မူပြန်ပါသည်။ ထိုကရုဏာနေ့ရက်မကုန်လွန်မီ အခြားသက်သေခံချက် များအားဖြင့်လည်း ခရစ်တော်အကြောင်းကို သက်သေခံခဲ့ကြပါသည်။ အနာဂတ်ကို ဖော်ပြသည့် အတိတ်အကြောင်းအရာတစ်ခု၏ တောင်းဆိုချက်ကိုတုံ့ပြန်လျက် သံကိုမြှင့်၍ သက်သေခံခဲ့ပါသည်။ ယေရုရှလင်မြို့သည် ထိုတောင်းခံသံကို နား ထောင်လိမ့်မည်ဆိုလျှင်သော်လည်းကောင်း၊ သူမ၏ မြို့တံခါးထဲသို့ ဝင်လာသည့် ကိုယ်တော်အား ကြိုဆိုခဲ့လိမ့်မည်ဆိုလျှင်သော်လည်းကောင်း ထိုမြို့သည် ကယ်တင် ခြင်းကိုရနိုင်ပါသေးသည်။

         သခင်ယေရှုသည် လူစုလူရုံးကြီးနှင့် ယေရုရှလင်မြို့သို့ရှေးရှုလျက် ကြွလာ နေပြီဖြစ်ကြောင်းသတင်းကို ယုဒလူအကြီးအကဲများရရှိခဲ့ကြသော်လည်း ဘုရားသ ခင်၏ သားတော်ကို သူတို့မကြိုဆိုခဲ့ကြချေ။ လူအုပ်ကြီးကိုလူစုခွဲရန် မျှော်လင့်လျက် ကိုယ်တော်ရှင်နှင့်တွေ့ရန် သူတို့ကြောက်ရွံ့စွာဖြင့်ထွက်သွား ကြပါသည်။ ထိုလူ တန်းကြီးသည် သံလွင်တောင်ပေါ်မှဆင်းလာတော့မည် အပြုတွင် ယုဒလူအကြီးအ ကဲများ၏ကြားဝင်ဟန့်တားမှုကို ခံကြရပါသည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဆူညံစွာအော်ဟစ်၍ ပျော်ရွှင်နေကြကြောင်း ကို သူတို့မေးမြန်းစုံစမ်းကြ၏။ ဤသူ ကား အဘယ်သူနည်းဟူသောအမေးကို တမန်တော်များသည် ဝိညာဉ်တော် တန်ခိုး ပြည့်၀စွာဖြင့် ပြန်လည်ဖြေဆိုခဲ့ကြပါသည်။ သွက်လက်ချက်ချာစွာဖြင့် ခရစ်တော်နှင့် ပတ်သက်သည့် အောက်ပါအနာဂတ္တိစကားများကို သူတို့ရွတ်ဆိုကြပါသည်။

      ဤသူသည် မြွေ၏ဦးခေါင်းကိုကြိတ်မည့် မိန်းမ၏မျိုးနွယ်ဖြစ်သည်ဟု အာဒံ ကသင့်ကိုအဖြေပေးလိမ့်မည်ဟူ၍လည်းကောင်း။-

         သင်တို့သည် အာဗြဟံကိုမေးလျှင် ဤသူသည်ရှာလင်မင်းကြီး မေလခိဇေ ဒက်ဖြစ်သည်ဟူ၍လည်းကောင်း။-

         ယာကုပ်က “ယုဒလူမျိုးများဆည်းကပ်ရာ ရှိလောဖြစ်သည်” ဟူ၍လည်း ကောင်း။-

         ဟေရှာယက “ထိုသူသည်ဧမာနွေလဖြစ်သည်။ အံဩဖွယ်တိုင်ပင် ဖက်၊ တန်ခိုးကြီးသောဘုရား၊ ထာ၀ရအဖ၊ ငြိမ်သက်ခြင်းအရှင်ဖြစ်တော်မူသည်” ဟူ၍ လည်းကောင်း။-

         ယေရမိကမူ  “ထိုသူသည် ဒါဝိဒ်၏အညွှန့်ယေဟောဝါဇေဒကနုဖြစ်တော် မူသည်” ဟူ၍လည်းကောင်း။-

         ဒံယေလက “ထိုသူသည် မေရှိယဖြစ်တော်မူသည်” ဟူ၍လည်း ကောင်း -

         ဟောရှေက “ထာ၀ရဘုရားတည်းဟူသောနာမသည် ထိုဘုရားသခင်၏ ဘွဲ့ နာမတော်ဖြစ်၏” ဟူ၍လည်းကောင်း။-

         နှစ်ခြင်းဆရာယောဟန်က “ထိုသူသည်ဤလောက၏အပြစ်ကိုဆောင်ယူ သွားသော သိုးသငယ်ဖြစ်သည်” ဟူ၍လည်းကောင်း။-

         ပလ္လင်တော်ထက်ဝယ်စိုးစံတော်မူလျက်ရှိသော ထာ၀ရဘုရားသခင်ကမူ “ဤသူသည်ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟူ၍လည်း ကောင်း။-

         ကိုယ်တော်၏တမန်တော်များကမူ “ထိုသူသည် ယေရှုခရစ်မေရှိယအသက်ပေးပိုင်ရှင်၊ ကမ္ဘာ့ကယ်တင်ရှင်ဖြစ်သည်” ဟူ၍လည်းကောင်း။-

         မှောင်မိုက်၏သခင် စာတန်ကမူ “ကိုယ်တော်သည် --- ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်” ဟူ၍လည်းကောင်း အသီးသီးသင့်ကို အဖြေ ပေးကြပါလိမ့်မည်ဟု သူတို့တုံ့ပြန်ဖြေဆိုခဲ့ကြပါသည်။

 


No comments:

Post a Comment