ရှိမုန်အိမ်တွင်ကျင်းပသည့်စားသောက်ပွဲ
မဿဲ ၂၆း၆-၁၃။ မာကု ၁၄း၃-၁၁။ လုကာ ၇း၃၆-၅၀။ ယောဟန် ၁၁း၅၅-၅၇။ ၁၂း၁-၁၁ တို့ကိုအခြေပြုထားပါသည်။
ဗေသနိရွာသားရှိမုန်သည် သခင်ယေရှု၏ တပည့်တော်တစ်ပါးအဖြစ်သတ် မှတ်ခြင်းခံရပါသည်။ သူသည်ခရစ်တော်၏ နောက်လိုက်များနှင့်ဗြောင် ကျကျဆက် သွယ်ခဲ့သော ဖာရိရှဲအနည်းငယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ သခင်ယေရှု အား ဆရာတစ်ပါးအနေနှင့် အသိအမှတ်ပြုခဲ့ပြီး မေရှိယလည်း ဖြစ်ကောင်းဖြစ်နိုင် သည်ဟု ယုံကြည်မျှော်လင့်ခဲ့သော်လည်း ကယ်တင်ရှင်အနေဖြင့်မူ သူလက်မခံခဲ့ ချေ။ သူ၏အကျင့်စာရိတ္တသည် သဘာ၀အားဖြင့် ပြောင်းလဲမှုမရှိဘဲ သူလက်ခံယုံ ကြည်ခဲ့သည့် စည်းမျဉ်းများသည်လည်း ယခင်ကအတိုင်းပင် ဖြစ်ခဲ့ပါသည်။
ခရစ်တော်သည် ရှိမုန်၏အနာရောဂါကို ပျောက်ကင်းအောင် ကုသပေး တော်မူခဲ့ပါသည်။ ထိုကြောင့် ကိုယ်တော်၌စိတ်နှလုံးကပ်ငြိခဲ့ပြီး အလွန်ကျေးဇူးပြု ချင်သောသဘောရှိသဖြင့် ဗေသနိသို့ ခရစ်တော်နောက်ဆုံးအကြိမ်အဖြစ် လာ ရောက်လည်ပတ်သောအချိန်တွင် ကိုယ်တော်နှင့်တကွ တပည့်တော်များအတွက် စားသောက်ပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။ များစွာသောယုဒလူများကိုလည်း ထိုစား သောက်ပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထိုအချိန်အခါတွင် ယေရုရှလင် မြို့၌လူအပေါင်းတို့သည် များစွာစိတ်လှုပ်ရှားနေကြပြီး ခရစ်တော်နှင့်တကွ ကိုယ် တော်၏အမှုတော်အပေါ် ယခင်ကထက် အထူးအာရုံစိုက်လာကြပြီး ထိုစားသောက် ပွဲသို့ တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များသည် ကိုယ်တော်၏လှုပ်ရှားမှုများကို အနီး ကပ်လေ့လာခဲ့ကြပါသည်။ တချို့မှာမူ မိတ်ဆွေမပီသသောအကြည့်ဖြင့် ကိုယ်တော် အား ကြည့်ခဲ့ကြပါသည်။
ခရစ်တော်သည် ဗေသနိရွာသို့ ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ဆိုက်ရောက်လာခဲ့ပြီး ထုံးစံရှိသည့်အတိုင်း လာဇရု၏အိမ်တွင်တည်းခိုခဲ့ပါသည်။ ယေရုရှလင်မြို့ကိုဖြတ်သွားကြသည့် ခရီးသွားများက ကိုယ်တော်သည် ထိုမြို့သို့လာ တော်မူလျက်ရှိကြောင်း၊ ဗေသနိရွာတွင်ဥပုသ်စောင့်လိမ့်မည် ဖြစ်ကြောင်းများကို သ တင်းပေးပို့ခဲ့ကြပါသည်။ ထိုသတင်းကြောင့် လူအများသည် အလွန်စိတ်အားတက် ကြွခဲ့ကြပြီး များစွာသောလူအပေါင်းတို့သည် ဗေသနိရွာ၌စုရုံးလာခဲ့ကြပါသည်။ ထို လူအုပ်ထဲမှတချို့သည် ကိုယ်တော်ရှင် ကိုချစ်ခင်ကြသည့် အတွက်လာခဲ့ကြသော် လည်း၊ အချို့မှာမူ လူသေကိုရှင်ပြန်ထမြောက် စေခဲ့သောပုဂ္ဂိုလ်အား ကြည့်မြင်လို သည့်စပ်စုလိုသောသဘောဖြင့်သာ လာခဲ့ကြခြင်းဖြစ်ပါသည်။
သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ကြပြီးနောက် မြင်တွေ့ခဲ့ရသောအံ့ဩဖွယ် အကြောင်းအရာများကို လာဇရုထံမှကြားရလိမ့်မည်ဟု လူများစွာတို့က မျှော်လင့်ခဲ့ ကြပါသည်။ သို့ရာတွင် သူသည်ထိုအကြောင်းများကိုလုံး၀မပြော ဆိုခဲ့ခြင်းအတွက် သူတို့အံ့အားသင့်ခဲ့ကြပါသည်။ သူ့၌ထိုအကြောင်းအရာ မျိုးပြောစရာမရှိပါချေ။ ကျမ်းစာ၏သွန်သင်ချက်မှာ “သေသောသူမူကား အဘယ်အရာကိုမျှမသိ --- သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက် ပျက်၏” ဟူ၏။ ဒေသနာ ၉း၅-၆။ သို့သော်လာဇရုသည် ခရစ်တော်၏ အမှုတော်နှင့်ပတ်သက်သည့် အံ့ဩဖွယ် ကောင်းသော သက်သေခံစရာတစ်ခု ရှိနေပါသည်။ ဤအရာကိုသက်သေခံရန် ၎င်း အားရှင်ပြန်ထမြောက် စေခဲ့ခြင်းဖြစ်ပါသည်။ ၎င်းမှာ ခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းဖြစ်ပြီး ထိုအကြောင်းကို အာမခံချက်အပြည့်ဖြင့် တန်ခိုးပါစွာ ဖြင့်သူကြေညာခဲ့ပါသည်။
ဗေသနိရွာမှယေရုရှလင်သို့ သွားလာခဲ့ကြသည့် ခရီးသွားများထံမှကြား ခဲ့ရ သောသတင်းများသည် မြို့နေလူထုအား စိတ်လှုပ်ရှားစေခဲ့ပါသည်။ လူအပေါင်း တို့သည် ခရစ်တော်အားဖူးတွေ့လိုကြပြီး ကိုယ်တော့်ထံမှတရား ဒေသနာများကို လည်း နာကြားလိုကြပါသည်။ လာဇရုတစ်ယောက် ခရစ်တော်နှင့်အတူ ယေရုရှလင် မြို့သို့ လိုက်ပါလာမလာကိုလည်းကောင်း၊ ကိုယ်တော်သည် ပသခါပွဲတွင် ဘုရင်အ ဖြစ် ရာဇဘိသိက်ခံယူမယူကိုလည်းကောင်း အကြီးအကျယ်မေးမြန်းစုံစမ်းခဲ့ကြပါ သည်။ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများအနေဖြင့် လူထုအပေါ် မိမိ တို့၏ချုပ်ကိုင်နိုင်မှုသည် အားလျော့နေဆဲဖြစ်ကြောင်းကို မြင်တွေ့ကာကိုယ်တော် ရှင်အားခါးခါးသီးသီး အမျက်ထွက်ခဲ့ကြပါသည်။ ထိုကြောင့် မိမိတို့အားအဟန့်အ တားပြုလုပ်နေသည့် ကိုယ်တော်အား ဖယ်ရှားနိုင်မည့်အခွင့်ကို ရသည့်အထိပင်မ စောင့်နိုင်အောင်ဖြစ်နေကြပါသည်။ အချိန်တွေကုန်ဆုံးလာသည်နှင့်အမျှ ကိုယ်တော် သည် ယေရုရှလင်မြို့သို့ ရောက်မလာမည်ကိုပင် သူတို့စိုးရိမ်လာခဲ့ကြပါသည်။ ကိုယ်တော်သည် ၎င်းအားသတ်ရန်ကြံစည်ခဲ့သော မိမိတို့၏အကြံအစည်များကို ဟန့်တားခဲ့ပုံများကို သူတို့သတိရအောက်မေ့ခဲ့ကြပါသည်။ ယခုတွင်လည်း ကိုယ် တော်သည် မိမိတို့၏သဘောထားများကို အကဲခတ်နေကြောင်းသိရှိကာ ၎င်းအား ဝေးဝေးမှရှောင်ရှားခဲ့ကြပါသည်။ သို့သော်လည်း မိမိတို့၏စိုးရိမ်မှုကိုမဖုံး ကွယ်နိုင် ကြတော့ဘဲ “အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည်ပွဲသို့ မလာသလော” ဟု အချင်းချင်းမေးမြန်းကြ၏။
ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများသည် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ သည်။ လာဇရုအား ထမြောက်စေပြီးသည့်နောက်ပိုင်းတွင် လူအများသည် ခရစ် တော်အားထောက်ခံခဲ့ကြသဖြင့် ကိုယ်တော်အား ဗြောင်ကျကျဖမ်းဆီးလျှင် အန္တ ရာယ်များကြောင်း ထင်ရှားလာပါသည်။ ထိုကြောင့်ကိုယ်တော်ရှင်အား မသိမသာ ဖမ်းဆီးကြရန်ဆုံးဖြတ်ခဲ့ကြပြီး မိမိတို့၏အကြံအစည်ကိုလည်း မြန်နိုင်သမျှမြန် အောင် အကောင်အထည်ဖော်ကြရန် သဘောတူညီခဲ့ကြပါသည်။ ကိုယ်တော်ရှင် အား အပြစ်ဒဏ်စီရင်ကြောင်းသတင်းကို လူအများသိလာကြသောအချိန်တွင် ထို လူများ၏မတည်ငြိမ်သော သဘောထားများသည် မိမိတို့အားထောက်ခံလိမ့်မည်ဟု လည်း သူတို့မျှော်လင့်ခဲ့ကြပါသည်။
ဤနည်းအားဖြင့် သခင်ယေရှုအားလုပ်ကြံရန် သူတို့အဆိုတင်သွင်းခဲ့ကြပါ သည်။ သို့ရာတွင် လာဇရုအသက်ရှင်နေသမျှကာလပတ်လုံး မိမိတို့၌ လုံခြုံစိတ်ချမှု မရှိကြောင်း သင်္ချိုင်းထဲတွင်လေးရက်လုံးလုံး မြှုပ်နှံသင်္ဂြိုဟ်ခြင်းခံခဲ့ရပြီး သခင်ယေရှု ၏ နှုတ်တော်ထွက်စကားတစ်လုံးအားဖြင့် ပြန်လည်ထမြောက်လာခဲ့သူတစ်ယောက် အသက်ရှင်လျက်နေခြင်းသည် မကြာမီတွင်တုံ့ပြန်မှုတစ်ခုကို ဖြစ်စေနိုင်ကြောင်း၊ ထိုကဲ့သို့သောနိမိတ်လက္ခဏာတစ်ခုကို ပြုလုပ်နိုင်သူ၏အသက်ကို လုပ်ကြံခြင်းအ တွက် လူထုကြီးသည် ၎င်းတို့၏ခေါင်းဆောင်များအပေါ် ကလဲ့စားချေကြလိမ့်မည် ဖြစ်ကြောင်းစသည့်တို့ကို ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများက သိရှိထားကြပါသည်။ ထိုကြောင့် လာဇရုအား အဆုံးစီရင်ပစ်ရန် ဆန်ဟီဒရင်ကောင်စီမှ ဆုံးဖြတ်လိုက်ပါ သည်။ မနာလိုဝန်တိုတတ်သော စိတ်ထားများနှင့် တစ်ဖက်သတ်အထင်လွဲတတ် သောစိတ်ထားများသည် ထိုစိတ်ဓာတ်ပိုင်ရှင်များအား ဤအတိုင်းအတာမျိုးအထိ ဖြစ်စေခဲ့ ပါသည်။ ယုဒခေါင်းဆောင်များ၏မုန်းတီးစိတ်များနှင့် မယုံကြည်မှုများသည် အနန္တတန်ခိုးတော်အားဖြင့် သင်္ချိုင်းထဲမှကယ်ဆယ်ခြင်း ခံထားရသည့်သူတစ် ယောက်၏အသက်ကို သတ်ပစ်ရန်အထိပင် တိုးပွားများပြားလာခဲ့ပါသည်။
ယေရုရှလင်မြို့တွင် ထိုအကြံအစည်ကိုကြံစည်နေကြစဉ်တွင် ယေရှုနှင့်သူ ၏မိတ်ဆွေများသည် ရှိမုန်၏စားသောက်ပွဲသို့ တက်ရောက်ရန်ဖိတ်ကြားခြင်းကို ခံခဲ့ ရပါသည်။ ကယ်တင်ရှင်သည် တစ်ဘက်၌မိမိကိုယ်တိုင်နူနာ ရောဂါပျောက်ကင်း အောင်ကုသပေးခဲ့ရသူရှိမုန် ကျန်တစ်ဘက်တွင် မိမိကိုယ်တိုင်သေခြင်းမှထမြောက် စေခဲ့သူလာဇရုတို့ခြံရံလျက် စားပွဲတွင်ထိုင်တော်မူခဲ့ပါသည်။ မာသကစားစရာများ ကို လိုက်လံထည့်ပေးပြီး မာရိမှာမူကိုယ်တော်၏နှုတ်မှ ထွက်လာသည့် စကားလုံး များကို စိတ်ဝင်တစား နားထောင်လျက်ရှိပါသည်။ သခင်ယေရှုသည် ကရုဏာတော် အားဖြင့် သူမ၏အပြစ်များကို ဖြေလွှတ်တော်မူခဲ့ပြီး သူမ၏မောင်ကိုလည်း သချုØင်း တွင်းမှပြန်လည်နိုးထစေခဲ့သဖြင့် မာရိသည်ကိုယ်တော်အား အထူးကျေးဇူးတင် လျက်ရှိပါသည်။ မိမိသည် အသေသတ်ခံရဖို့ နီးကပ်လာကြောင်း ခရစ်တော်ပြော သည့်စကားများကိုကြားခဲ့ရသဖြင့် သူမသည်အလွန်ချစ်ခင်ရိုသေစွာဖြင့် ကိုယ်တော် အား မိမိရိုသေကိုင်းရှိုင်းကြောင်းကိုဖော်ပြရန် အလွန်ဆန္ဒပြင်းပြခဲ့ပါသည်။ မစား ရက်မသောက်ရက်စုဆောင်း၍ ရရှိသောငွေကလေးနှင့် အလွန်အဖိုးထိုက်တန် သောနာဒုဆီမွှေးတစ်ပုလင်းကို သူမဝယ်ထားပါသည်။ ထိုဆီမွှေးနှင့်ကိုယ်တော်၏ ခန္ဓာကိုယ်အားသုတ်လိမ်းပေးရန် ရည်ရွယ်ထားပါသည်။ သို့ရာတွင် ယခုမူကား ကိုယ်တော်သည်မကြာမီတွင် ဘုရင်အဖြစ်ဘိသိက်ခံယူတော့မည် ဖြစ်ကြောင်းလူ အများပြောဆိုနေကြသဖြင့် သူမ၏ဝမ်းနည်းပူဆွေးမှုသည် ဝမ်းမြောက်ပျော်ရွှင်မှုအ သွင်သို့ ကူးပြောင်းသွားခဲ့ပါသည်။ ၎င်းပြင် သူမ၏ သခင်အားဂုဏ်ပြုရာတွင် ပထမ ဦးဆုံးသော ဂုဏ်ပြုသူတစ်ဦးဖြစ်လိုလှသောကြောင့် ယူဆောင်ခဲ့သော ဆီမွှေးပု လင်းကိုခွဲ၍ သခင်ခရစ်တော်ခေါင်းတော် ပေါ်မှသည်ခြေတော်မြတ်သို့တိုင် ဆီမွှေး များကိုလောင်းချလိုက်ပြီး မျက်ရည်ကျလျက် ခြေတော်ရင်းတွင်ထိုင်ကာ ကိုယ်တော် ၏ခြေတော်ကို သူမ၏ဆံပင် နှင့်သုတ်ခဲ့ပါသည်။
မိမိ၏လုပ်ဆောင်မှုကို အခြားသူများမမြင်စေအောင် ကြိုးစားလုပ်ဆောင်ခဲ့ သဖြင့် ၎င်း၏လှုပ်ရှားမှုကို အခြားသူများသတိမပြုမိကြသော်လည်း သွန်းလောင်း လိုက်သောနာဒုဆီမွှေးများသည် တစ်ခန်းလုံးကိုမွှေးကြိုင်သွားစေပြီး သူမ၏လုပ်ရပ် ကို အခန်းထဲတွင်ရှိသူ အားလုံးသိသွားအောင် ကြေညာလိုက်ပါသည်။ ယုဒရှကာ ရုတ်သည် ဤလုပ်ရပ်ကိုမနှစ်မြို့သော မျက်နှာထားနှင့်ကြည့်လိုက်ပါသည်။
ဤကိစ္စနှင့်ပတ်သက်၍ ခရစ်တော်၏တုံ့ပြန်ချက်ကို နားထောင်ရန် စောင့် ဆိုင်းရမည့်အစား ထိုကဲ့သို့သောဖြုန်းတီးမှုကို ဘာမှမဆုံးမဟူ၍ ခရစ်တော်အားအ ပြစ်တင်သည့်သဘောဖြင့် ၎င်းသည် အနီးတွင်ရှိနေသောသူများအား မြည်တွန် တောက်တီးသည့်စကားများကို စတင်၍ပြောဆိုပါတော့သည်။ သူသည်ခရစ်တော် အပေါ် မေတ္တာပျက်တန်ရာသော အကြံပေးစကားများကိုလည်း ပြောဆိုခဲ့ကြပါ သည်။
ယုဒသည်တမန်တော်များထဲတွင် ဘဏ္ဍာရေးမှူးတစ်ဦးဖြစ်ပြီး ဘဏ္ဍာငွေ အနည်းငယ်ကို မိမိကိုယ်ကျိုးအတွက်လျှို့ဝှက်စွာ အသုံးပြုခဲ့ပါသည်။ ထိုကြောင့် ၎င်းတို့၏ရန်ပုံငွေသည် မလောက်မငသည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပါ သည်။ သူသည် ရရှိသမျှသောအလှူဘဏ္ဍာငွေများကို မိမိအိတ်ထဲ သို့အားလုံး ထည့်ချင်သောသူ ဖြစ်ပါသည်။ သူ၏အိတ်ထဲတွင်ရောက်ရှိနေသော ဘဏ္ဍာငွေများ ကို ဆင်းရဲသားများအားမစရန် မကြာခဏအသုံးပြုခဲ့သော်လည်း အချို့ပေးကမ်းမှု များကို အမှန်တကယ်လိုအပ်သော အရာမဟုတ်ဟု ယုဒထင်မြင်ပါလျှင် ဘာကြောင့် ဖြုန်းတီးပစ်ရတာလဲ၊ ဆင်းရဲသားများကိုမစမှုပြုနေသည့် ဘဏ္ဍာငွေများထည့်သည့် ငါ့အိတ်ထဲသို့အဘယ်ကြောင့်ထိုငွေများကိုမထည့် ကြသလဲ ဟုသူမေးတတ်ပါသည်။ ယခုတွင် မာရိ၏အပြုအမူများသည် ၎င်းအားအရှက်ရစေခဲ့သော အတ္တစိတ်ထားနှင့် ထင်ထင်ရှားရှား ကွဲပြားခြားနားနေပါသည်။ ၎င်း၏အကျင့်အတိုင်း သူမ၏လက် ဆောင်မွန်နှင့်ပတ်သက်၍ ၎င်း၏ကန့်ကွက်ချက်အတွက် သင့်လျော်သော သဘော ထားကိုဖော်ပြရန် ကြိုးစားခဲ့ပါသည်။ ထိုကြောင့် ကျန်တမန်တော်များဘက်သို့လှည့် ၍၎င်းက “ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့်ရောင်း၍ ဆင်းရဲသားတို့အား အဘယ်ကြောင့်မပေးသနည်း” ဟုဆို၏။ ထိုသို့ဆိုသော် ဆင်းရဲသောသူအကျိုးကို ထောက်၍ဆိုသည်မဟုတ်၊ မိမိသည်သူခိုးဖြစ်လျက် တပည့်တော်များသုံးရန် ငွေ အိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာဆိုသတည်း။ “ယုဒသည် ဆင်းရဲ သားများအပေါ် မေတ္တာထားသောသူတစ်ဦးမဟုတ်ပါချေ။ မာရိသည် သူမ၏ဆီမွှေး ကိုရောင်း၍ ရသည့်ငွေများကို ပေးလှူခဲ့မည်ဆိုလျှင်လည်း သူပိုင်ပစ္စည်းဥစ္စာများ သာ တိုးပွားလာမည်ဖြစ်ပြီး ဆင်းရဲသားများအနေဖြင့် မည်သည့်အကျိုးကိုမျှ ခံစားရ လိမ့်မည်မဟုတ်ချေ။
ယုဒသည် မိမိ၏စီမံဆောင်ရွက်တတ်သော စွမ်းရည်အပေါ် အထင်ကြီးနေ သူတစ်ဦးဖြစ်ပြီး မိမိသည်ဘဏ္ဍာရေး၌ ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် အခြားတ ပည့်တော်များထက်သာသည်ဟု အထင်ရှိနေပါသည်။ ကျန်တပည့်တော်များအား ထိုကဲ့သို့မြင်ရန်လည်း သူသွေးဆောင်ခဲ့ပါသည်။ ထိုကြောင့် သူသည် ထိုတမန် တော်များ၏ယုံကြည်စိတ်ချမှုကိုခံ၍ အားလုံးအပေါ်တွင် ဩဇာတိက္ကမရှိခဲ့ပါသည်။ ဆင်းရဲသားများကို ကိုယ်ချင်းစာနာသည်ဟူ၍ ပြောဆိုကာ ၎င်းတို့အားလှည့်ဖြားခဲ့ပါ သည်။ ပညာသားပါလှသောသူ၏ အယုံသွင်းမှုကြောင့် ကျန်တမန်တော်များသည် မာရိ၏ဆက်ကပ်မှုအပေါ်မယုံကြည်သည့် သဘောဖြင့် ကြည့်ခဲ့ကြပါသည်။ အဘယ် ကြောင့်အကျိုးမဲ့ဆုံးရှုံးစေသနည်း။ ထိုဆီမွှေးကိုအဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲ သော သူတို့အားပေးစရာကောင်းသည်ဟူသော ညည်းတွားသံသည်လည်း စား သောက်ပွဲကျင်းပနေသည့်စား ပွဲတွင်လွင့်ပျံ့လာခဲ့ပါသည်။
မာရိသည် ထိုဝေဖန်ပြစ်တင်သံများကိုကြားခဲ့ရာ စိတ်နှလုံးတုန်လှုပ်f ချောက် ချားခဲ့ရပြီး မာသကမိမိ၏လက်ဖွာမှုအတွက် အပြစ်တင်မှာကိုလည်း စိုးရိမ်လာခဲ့ပါ သည်။ သခင်ဘုရားအနေနှင့်လည်း သူမအားအသုံးအစွဲမကျစ်လျစ်ဟု ထင်ကောင်း ထင်မည်ကို သူမစိုးရိမ်ပါသည်။ သူမသည်တောင်းပန် ခြင်း၊ ဆင်ခြင်ပေးခြင်းမပြုဘဲ ဝေးရာသို့ ရှောင်ပြေးတော့မည်အပြုတွင် “ထိုမိန်းမကိုရှိစေတော့၊ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း” ဟူသော သခင်ဘုရား၏အသံတော်ကို သူမကြားခဲ့ရ ပါသည်။ ရှက်ကိုးရှက်ကန်းဖြစ်ကာ စိတ်နှလုံးပူဆွေးနေသည့် သူမ၏အခြေအနေ ကိုလည်း ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ အလုပ်အကျွေးပြုသော ဤအပြုအ မူအားဖြင့် မိမိ၏အပြစ်များ ကိုခွင့်လွှတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း သူမ ထုတ်ဖော်နေသည်ကို ကိုယ်တော်သိရှိတော်မူ၍ သူမ၏စိတ်နှလုံးအား သက်သာခွင့် ပေးခဲ့ပါသည်။ ဝေဖန်ပြစ်တင်သံများကိုဖုံးသွားစေရန် အသံတော်ကိုမြှင့်၍ “သူ သည်ငါ၌ကောင်းသောအမှုကိုပြုပြီ၊ ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏၊ သင်တို့ အလိုရှိသည့်အတိုင်း သူတို့၌အစဉ်ကျေးဇူးပြုနိုင်၏။ ငါမူကား၊ သင်တို့၌ အစဉ်ရှိသည်မဟုတ်၊ ဤမိန်းမသည်တတ်နိုင်သမျှပြုပြီ၊ ငါ့အလောင်းကိုသင်္ဂြိုဟ် မည်ဟုပြင်ဆင်ခြင်းငှာ ငါ့ကိုယ်ကိုဆီမွှေးနှင့်လူးနှင့်သတည်း” ဟုမိန့်တော်မူ၏။
မာရိသည်ကိုယ်တော်ရှင်၏ အလောင်းအား ဖောဖောသီသီလောင်း လှူရန်စု သိမ်းထားသည့်ဆီမွှေးများကို ကိုယ်တော်၏ အသက်ရှင်လျက်ရှိသော ခန္ဓာကိုယ် ပေါ်မှာလောင်းချခဲ့ပါသည်။ သင်္ဂြိုဟ်သောအခါတွင် သင်္ချိုင်းဂူ၌ ထိုဆီမွှေး၏ မွှေးရနံ့ များသည် ပျံ့နှံ့နိုင်သည်မကဘဲ ယခုတွင်လည်းကိုယ်တော်၏ စိတ်နှလုံးတော်တွင် သူမ၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများအတွက် စိတ်ချခြင်းနှင့်အတူ ဝမ်း မြောက်ပီတိဖြစ်တော်မူခဲ့ရပါသည်။ အရိမဿဲမြို့သား ယောသပ်နှင့်နိကောဒင်တို့ သည် ကိုယ်တော်အသက်ရှင်စဉ်တွင် မေတ္တာပြသည့်အနေဖြင့် ထိုကဲ့သို့သော လက် ဆောင်မွန်မျိုးကို မပေးဆပ်ခဲ့ရချေ။ အေးစက်နေပြီးအသက်မရှိတော့သည့် ကိုယ် တော်၏ရုပ်ကလာပ်ကြီးအတွက်သာ အဖိုးထိုက်တန်သည့် အမွှေးနံ့သာများကို ခါး သီးသော မျက်ရည်များကျလျက် သူတို့ပူဇော်ခဲ့ရပါသည်။ သင်္ချိုင်းတော်သို့ အမွှေးနံ့ သာများ ယူဆောင်လာကြသည့် အမျိုးများအနေဖြင့် ထိုသူတို့ခိုင်းစေသည့် အရာ များသည် အချည်းနှီးဖြစ်ကြောင်း တွေ့ခဲ့ရပါသည်။ အကြောင်းမှာ ကိုယ်တော်သည် ထမြောက်တော်မူပြီ၊ သို့ရာတွင်မာရိမူကား မိမိ၏ဆက်ကပ်ပူဇော်ခြင်းကို ခံစားသိရှိ နိုင်သောအချိန်တွင် ကယ်တင်ရှင်အပေါ်မှာ မေတ္တာရည်များကိုသွန်းလောင်းခြင်းဖြင့် သင်္ဂြိုဟ်ရန်အတွက်ပြင်ဆင်ခြင်းငှာ ကိုယ်တော်ရှင်အား ဆီမွှေးနှင့်လူးလျက်ရှိပါ သည်။ ကိုယ်တော်သည် ဒုက္ခဆင်းရဲခြင်းခံစားရသောအချိန်များတွင် မိမိမစကယ် တင် ခဲ့သူများထံမှ အမြဲတမ်းမိမိရရှိမည့် ထိုကဲ့သို့သောမေတ္တာတရားနှင့်ပြည့်၀သည့် စိတ်အားကြီးမှုများကို ပြန်လည်သတိရတော်မူခဲ့ပါသည်။
လူများစွာတို့သည် အဖိုးတန်လက်ဆောင်ပစ္စည်းများကို လူသေကောင်များ အတွက် ယူဆောင်လာတတ်ကြပါသည်။ သူတို့သည်အေးစက်ငြိမ်သက် နေသော အလောင်းများဘက်သို့လှည့်၍ရပ်ကာ မေတ္တာစကားများကို အတားအဆီးမရှိပြော တတ်ကြပါသည်။ မမြင်နိုင်၊ မကြားနိုင်တော့သည့် ပုဂ္ဂိုလ်တစ်ဦးအပေါ်သို့ ချစ်ခင် ယုယမှုများ၊ အလေးအမြတ်ပြုခြင်းများနှင့် ဆက်ကပ်ပူဇော်ခြင်းများကို အလျှံပယ် ဖော်ပြတတ်ကြပါသည်။ ဤစကားများကို အထူးတောင့်တနေကြသည့် ပင်ပန်းသော ကရောက်လျက်ရှိသူများထံသို့သွား၍ ပြောလိုက်မည်ဆိုလျှင် နားကြားနိုင်သေးသော အချိန်၊ စိတ်နှလုံးခံစားနိုင်သေးသည့်အချိန်တွင် ဤစကားများကိုဖွင့်ဟခဲ့မည်ဆို လျှင် ၎င်းတို့၏ကောင်းသောလုပ်ရပ်များသည် မည်မျှအဖိုးထိုက်တန်လိုက်မည်နည်း။
မာရိသည်မိမိမေတ္တာလုပ်ရပ်၏အရေးပါပုံကို ပြည့်ပြည့်စုံစုံမသိခဲ့ချေ။ ထို ကြောင့် မိမိသည်ခရစ်တော်အား ဆီမွှေးဖြင့်လူးပေးရန် ဤအချိန်ဤအခါကို အ ဘယ်ကြောင့်ရွေးချယ်ရသည်ကို ပြစ်တင်စွပ်စွဲလာသူများအား မည်သို့မှမရှင်းလင်း မဖြေဆိုနိုင်ခဲ့ချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူမအတွက် စီမံပေးတော်မူ ခဲ့သဖြင့် သူမသည်ဝိညာဉ်တော်၏ပဲ့ပြင်မှုများကို လိုက်နာလုပ် ဆောင်ခဲ့ရပါသည်။ ထိုပဲ့ပြင်မှုကို အကြောင်းပြချက်တစ်စုံတစ်ရာပြ၍ ပဲ့ပြင်ခြင်းမဟုတ်ပါ။ မျက်မြင်မရ သောဝိညာဉ်တော်သည် ထိုပုဂ္ဂိုလ်နှင့်အတူရှိတော်မူ၍ ၎င်းစိတ်ဝိညာဉ်အား မိန့်မြွက် တော်မူပါသည်။ ထိုနောက်မိန့်မြွက်သည့် အတိုင်းလုပ်ဆောင်ရန် စိတ်နှလုံးကို လှုပ်ရှားပေးတော်မူ၏။ သူမ၏လုပ်ဆောင်မှုသည် ဝိညာဉ်တော်၏ လှုံ့ဆော်မှုမှန် ကန်ကြောင်း ထင်ရှားစေသည့်အချက်ဖြစ်ပါသည်။
ခရစ်တော်သည် သူမလုပ်ဆောင်မှုများ၏ အနက်အဓိပ္ပါယ်ကို မာရိအား ပြောပြတော်မူပါသည်။ ဤတွင်ကိုယ်တော်သည် မိမိလက်ခံရရှိသည်ထက်ပို၍ သူမ အားပေးတော်မူခဲ့ပါသည်။ “ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌သွန်းလောင်းသည်မှာ ငါ့ အလောင်းကိုသင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာပြုသတည်း” ဟု ကိုယ်တော်မိန့်တော် မူ၏။ နာဒုဆီမွှေးထည့်ထားသည့်ကျောက်ဖြူခွက်ကိုခွဲ လိုက်သဖြင့် တစ်ခန်းလုံးတွင် မွှေးရနံ့များနှင့် သင်းပျံ့သွားခဲ့ပါသည်။ ထိုနည်းအတူ ခရစ်တော်သည် အသေသတ် ခံရန်ကိုယ်ခန္ဓာတော်ကို ချိုးဖဲ့ခြင်းခံရသော်လည်း သင်္ချိုင်းတွင်းမှရှင်ပြန်ထမြောက် ခဲ့ခြင်းအားဖြင့် ကိုယ်တော့်အသက်တာ၏ရနံ့များသည် တစ်လောကလုံးကို သင်းပျံ့ စေခဲ့ပါသည်။ “ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့ တော်၌မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ ကိုယ်ကိုကိုယ်ဆက်ကပ်၍ယဇ်ပူဇော်လျက် ငါတို့အတွက်စွန့် တော်မူသည်။” ဧဖက် ၅း၂။
“ငါအမှန်အကန်ဆိုသည်ကား ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောပြောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့စရာဖို့ သူပြုသောဤ အမှုကို ကြားပြောကြရလတ္တံ့” ဟု ကိုယ်တော်မိန့်တော်မူ၏။ ခရစ်တော်သည် အနာဂတ်ကို မျှော်ကြည့်၍၊ ဧဝံဂေလိတရားတော်နှင့်ပတ်သက်၍ ထပ်ဆင့်မိန့်မှာတော်မူခဲ့ပါ သည်။ ထိုတရားတော်ကို လောကီနိုင်ငံအရပ်ရပ်တွင် ဟောကြားရန်ဖြစ်ပြီး ထိုသို့ ဟောကြားသည့်နေရာတိုင်းတွင် မာရိပေးခဲ့သောလက်ဆောင်မွန်အားဖြင့် သင်းရနံ့ များကိုမွှေးကြိုင်စေ၍ သူမ၏သဘာ၀ကျသောလုပ်ရပ်အားဖြင့် စိတ်နှလုံးများအား ကောင်းချီးမင်္ဂလာခံစားစေရန်ဖြစ်ပါသည်။ တိုင်းနိုင်ငံများသည် ပေါ်ထွန်းကြပြီး နောက် ပျက်သုဉ်းသွားကြပြန်ပါသည်။ ၎င်းတို့၏ ဘုရင်များ၏ဘွဲ့နာမများကို လူအ များမေ့ပျောက်သွားကြမည်ဖြစ်သော်လည်း ဤအမျိုးသမီး၏လုပ်ရပ်သည် သန့်ရှင်း သောသမိုင်းစဉ်၏စာမျက်နှာများပေါ် တွင် ထာ၀စဉ်တည်မြဲနေလိမ့်မည်ဖြစ်ပါသည်။ ဤနာဒုဆီမွှေးဘူးကလေးသည် ကမ္ဘာ့နောက်ဆုံးနေ့ရက်တိုင်အောင် အပြစ်တွင်ကျ ဆုံးနေသည့်လူသားများအပေါ်ထားရှိသည့် ကြွယ်၀သောဘုရားသခင်၏ မေတ္တာ တော်အကြောင်း ကို ပြောပြနေပါလိမ့်မည်။
မာရိ၏ပြုမူဆောင်ရွက်မှုများသည် လုပ်ဆောင်မည့်ဆဲဆဲဖြစ်သည့် ယုဒရှ ကာရုတ်၏ပြုမူချက်များနှင့် လုံး၀ကွဲပြားခြားနားနေပါသည်။ တမန်တော်များ၏ စိတ် နှလုံးထဲတွင် မကောင်းသောအတွေးအခေါ်များနှင့် ပြစ်တင်ဝေဖန်တတ်သည့် စိတ် ထားမျိုးစေ့ကြဲခဲ့သူအား ခရစ်တော်သည် ပြင်းထန်စွာဆိုဆုံးမလိုက ဆိုဆုံးမနိုင်ပါ သည်။ တရားခံကိုတရားစွဲဆိုခြင်းသည် အလွန်တရား မျှတမှုရှိသည်ဟု ဆိုနိုင်ပါ သည်။ နှလုံးသားတိုင်း၏ အကြံအစည်များကိုသိတော်မူ၍ လုပ်ဆောင်မှုတိုင်းအား တတ်သိနားလည်တော်မူသော ကိုယ်တော်သည် ထိုစားသောက်ပွဲတွင် တက်ရောက် နေကြသူများရှေ့၌ ယုဒ၏ဆိုးညစ်မှုများကို ဖော်ပြမည်ဆိုလျှင် ဖော်ပြနိုင်တော်မူပါ သည်။ ထိုသစ္စာဖောက်ပြောသောစကား များ၏အခြေခံဖြစ်သော ဟန်ဆောင်မှုများ ကိုလည်း ထုတ်ဖော်နိုင်တော်မူပါသည်။ အကြောင်းမှာ သူသည်ဆင်းရဲသားများကို ကိုယ်ချင်းစာရမည့်အစား ဆင်းရဲသားများအားမစဖို့ ပေးလှူထားသည့်အလှူငွေများ ကို လုယူလျက်ရှိပါသည်။ မုဆိုးမများ၊ မိဘမဲ့ကလေးများနှင့်ငှားရမ်းထားသော အလုပ်သမားများအပေါ် ဖိနှိပ်ညှဉ်းပန်းခြင်းအတွက် သူ့အပေါ်အမျက်ဒေါသထွက် မည်ဆိုလျှင်ထွက်နိုင်ပါသည်။ သို့ရာတွင် ခရစ်တော်သည်ယုဒအား ဇာတိရုပ်မှန်ပေါ် စေခဲ့မည်ဆိုလျှင် ထိုအကြောင်းကြောင့်သူသည် ခရစ်တော်အားအပ်နှံခဲ့ရပါသည်ဟု အကြောင်းပြပေလိမ့်မည်။ သူခိုးတစ်ဦးဟု စွပ်စွဲခံခဲ့ရသော်လည်း ယုဒသည်တမန် တော်များ၏အလယ်တွင် ချစ်ခင်ကြင်နာမှုကိုခံခဲ့ရပါသည်။ ကယ်တင်ရှင်သည် ၎င်း အား ပြစ်တင်ဆုံးမမှုမပြုခြင်းအားဖြင့် ၎င်း၏သစ္စာဖောက်ခြင်းအတွက် ဆင်ခြင်မ ပေးနိုင်ရန် ရှောင်ရှားတော်မူခဲ့ပါသည်။
သို့သော်ကိုယ်တော်သည် ယုဒ၏လျှို့ဝှက်မှုများကိုသိရှိကြောင်းနှင့် ၎င်း၏ ယုတ်ညံ့၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကျင့်စာရိတ္တကိုအကဲခတ် မိကြောင်း များကို ယေရှုရှင်၏အကြည့်အားဖြင့် ၎င်းအားသဘောပေါက်စေပါသည်။ ပြင်းပြင်း ထန်ထန်ပြစ်တင်ဝေဖန်ခံရသည့် မာရိ၏ပြုမူဆောင်ရွက်မှုများကို ချီးမွမ်းခြင်းအားဖြင့် ယုဒအားဆိုဆုံးမတော်မူခဲ့ပါသည်။ ကယ်တင်ရှင်သည် ယခင်က ယခုကဲ့သို့တစ်ခါမျှ တိုက်ရိုက်မဆုံးမခဲ့ဖူးချေ။ ယခုတွင်မူကား ထိုဆုံးမစကားသည် ယုဒ၏စိတ်နှလုံး ထဲ တွင် နာကြည်းစိတ်များကိုဖြစ်စေခဲ့ပါသည်။ ထိုကြောင့်ကလဲ့စားချေရန် သူဆုံးဖြတ် ခဲ့ပါသည်။ သူသည်ညစာစားနေသည့်နေရာမှ ဖာရိရှဲများနှင့်ယုဒအကြီးအကဲများအ စည်းအဝေးကျင်းပနေသော ယဇ်ပုရောဟိတ်မင်းကြီး၏ နေအိမ်နန်းတော်သို့ တိုက် ရိုက်သွားခဲ့ပြီး ကိုယ်တော်အား သူတို့လက်တွင်အပ်နှံပေးမည့် အကြောင်းကမ်းလှမ်း ခဲ့ပါသည်။
ထိုသူများသည် ထိုသတင်းကိုကြားရသောအခါ အလွန်အားရဝမ်း မြောက်ခဲ့ ကြပါသည်။ ခရစ်တော်အား၎င်းတို့၏ ကယ်တင်ရှင်အဖြစ် ရွှေငွေအဖိုးအခပေးစရာ မလိုဘဲ လက်ခံရယူနိုင်သည့်အခွင့်အရေးကို ဤယုဒခေါင်းဆောင်ကြီးများအား ပေး အပ်ထားခဲ့ပြီးဖြစ်ပါသည်။ အနိုင်အထက်ပြုသည့် မေတ္တာတော်၏နူးညံ့သိမ်မွေ့သော စိတ်သဘောထားဖြင့်ပေးတော်မူခဲ့သော အဖိုးတန်လက်ဆောင်မွန်ကို သူတို့ငြင်း ပယ်ခဲ့ကြပါသည်။ ရွှေစင်ထက်အဖိုးထိုက်သော ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံ ရန် သူတို့ငြင်းဆိုခဲ့ကြပြီး သခင်ဘုရားကို ငွေသုံးဆယ်ဖြင့်ဝယ်ခဲ့ကြပါသည်။ ယုဒ သည် ၎င်း၏စာရိတ္တမှ ကောင်းသောထူးခြားချက်တိုင်းကို လွှမ်းမိုးသွားသည်အထိ ဥစ္စာဓနများကိုတပ်မက် လွန်းခဲ့ပါသည်။ သခင်ယေရှုအားဆက်ကပ်ခဲ့သော အလှူ ဒါနများအတွက် သူတွန့်တိုခဲ့ပါသည်။ ကယ်တင်ရှင်သခင်ယေရှုသည် လောကမင်း စိုးရာဇာများ နှင့်သာထိုက်တန်သော လက်ဆောင်မွန်တစ်ခုကို လက်ခံသူဖြစ် သည် ဟူ၍ သူ၏စိတ်နှလုံးထဲတွင် မနာလိုမှုများတောက်လောင်နေပါသည်။ သူသည်နာ ဒုဆီမွှေးတစ်ပုလင်း၏တန်ဖိုးထက်များစွာနည်းပါးသည့် အဖိုးကလေးနှင့်မိမိ၏ သခင် အားအပ်နှံခဲ့ပါသည်။
အခြားတမန်တော်များသည် ယုဒနှင့်မတူကြဘဲ ကယ်တင်ရှင်အား ချစ်ခင် ကြပါသည်။ သို့သော်လည်း သူတို့သည် ကိုယ်တော်၏မြင့်မားလှသည့် စာရိတ္တတော် ကိုမှန်ကန်စွာ အလေးမြတ်မပြုခဲ့ကြချေ။ မိမိတို့အတွက် ကိုယ်တော်ပြုတော်မူခဲ့ သည့်အရာကို သူတို့သိရှိနားလည်ကြမည်ဆိုလျှင် မိမိတို့အား ပေးသနားသည့်မည် သည့်အရာမဆို အလဟဿမဖြစ်ဟု သူတို့သိရှိခဲ့ကြပေလိမ့်မည်။ ခရစ်တော်၏ အကြောင်းကို အနည်းငယ်မျှသာသိရှိခဲ့သော အရှေ့ပြည်မှပညာရှိများသည် ကိုယ် တော်အားပြုသင့်သည့် ရိုသေလေးမြတ်မှုများကို ပြသခဲ့ကြပါသည်။ သူတို့သည် ကိုယ်တော်အားလက်ဆောင်ပေးရန် အဖိုးတန်ပစ္စည်းများကို ယူဆောင်ခဲ့ကြပြီး နွား စားခွက်ထဲတွင်သိပ်ထားခြင်းခံရသော ကလေးငယ်တစ်ဦးသာဖြစ်သည့် ကိုယ်တော် ရှေ့တွင်ဦးညွှတ်ကာ အရိုအသေပေးခဲ့ကြပါသည်။
စိတ်နှလုံးပါသည့် ယဉ်ကျေးပျူငှာသောအပြုအမူများကို ခရစ်တော်တန်ဖိုး ထားတော်မူပါသည်။ ကိုယ်တော်ရှင်အား ကျေးဇူးပြုသည့်လူတိုင်းအား မြင့်မြတ်သော ယဉ်ကျေးသိမ်မွေ့မှုများဖြင့် ကောင်းချီးသွန်းလောင်းတော်မူပါသည်။ မသိနားမ လည်သည့် ကလေးတစ်ဦး၏လက်နှင့်ခူးကာ မေတ္တာတရား ရှေ့ထားပြီးပေးလှူ သည့် ရိုးရိုးပန်းတစ်ပွင့်ကိုပင် လက်ခံရန်ကိုယ်တော်မငြင်းဆိုပါ။ ကိုယ်တော်သည် ကလေးငယ်များပေးလှူသော အရာများကိုလက်ခံတော်မူ၍ အလှူရှင်များကို ကောင်းချီးပေးကာ အသက်စာစောင်တွင် ၎င်းတို့၏အမည်များကို ရေးသွင်းတော်မူ ပါသည်။ ကျမ်းစာတော်မြတ်တွင် သခင်ယေရှုအား ဆီမွှေးနှင့်လူးပေးခဲ့သော မာရိ အား အခြားမာရိများနှင့် အထူးခြားနားစွာဖော်ပြထားပါသည်။ ခရစ်တော်အား ကြောက်ချစ်ရိုသေခြင်းကြောင့် လုပ်ဆောင်သည့် အပြုအမူများသည် ကိုယ်တော် အားဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်ကြောင်း အထောက်အထား တစ် ခုဖြစ်ပါသည်။ ခရစ်တော်အပေါ် ထိုအမျိုးသမီးထားရှိသည့် သစ္စာစောင့်သိမှုအ တွက် သက်သေအထောက်အထားများအနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြထားသည်မှာ “အကယ်၍ သူမသည် သန့်ရှင်းသူတို့၏ခြေကိုဆေးလျှင်၊ ဆင်း ရဲသောသူတို့ကိုလုပ်ကျွေးလျှင်၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစားအားထုတ် လျှင်” ထိုအရာများသည် ၎င်း၏သစ္စာစောင့်သိမှုအတွက် အထောက်အထားများ ဖြစ်သည်ဟူ၏။ ၁တိ ၅း၁၀။
မိမိသခင်၏အလိုတော်အတိုင်းလုပ်ဆောင်ရန် စိတ်အားထက်သန် သော မာရိ၏ဆန္ဒကို ခရစ်တော်နှစ်သက်တော်မူခဲ့ပါသည်။ တမန်တော်များအနေဖြင့် နားမလည်ခဲ့သည့်ပြင် နောင်တွင်လည်းနားလည်လိမ့်မည်မဟုတ်သော သန့်စင် သော မေတ္တာ၏ကြွယ်၀ခြင်းကို ကိုယ်တော်လက်ခံတော်မူခဲ့ပါသည်။ မိမိသခင်အ တွက် ဤကဲ့သို့လှူဒါန်းဆက်ကပ်လိုသော မာရိ၏ဆန္ဒသည် ကမ္ဘာပေါ်ရှိအဖိုးထိုက် တန်လှသည့်ဆီမွှေးများထက် ခရစ်တော်အတွက်တန်ဖိုးရှိပါသည်။ အကြောင်းမူကား ထိုဆန္ဒသည် ကမ္ဘာ့ကယ်တင်ရှင်အပေါ်ထားရှိသည့် မိမိ၏မွန်မြတ်သော သဘော ထားကို ဖော်ပြခဲ့သောကြောင့်ဖြစ်ပါသည်။ ခရစ်တော်၏ မေတ္တာတော်သည် သူမ အားအနိုင်အထက်ပြုခဲ့ပါသည်။ ခရစ်တော်အတုမရှိ ကောင်းမြတ်လှသော စာရိတ္တ တော်သည် သူမ၏အသက်ဝိညာဉ်၌ ပြည့်၀စေခဲ့ပါသည်။ ဤဆီမွှေးသည် အလှူရှင် စိတ်နှလုံး၏အထိမ်းအမှတ် တစ်ခုဖြစ်ခဲ့ပါသည်။ ထိုအရာသည် ယိုစီးလာသည်အထိ ကောင်းကင်မှ စမ်းရေပေါက်များနှင့်ပက်ဖျန်းခြင်းခံရသည့် မေတ္တာ၏အပြင်ပန်း သရုပ်ပြမှု တစ်ခုဖြစ်ပါသည်။
မာရိ၏ဤလုပ်ဆောင်မှုသည် ခရစ်တော်အား စိတ်နှလုံးကြည်နူးစေခဲ့ပါ သည်။ ထိုအရာသည် ကိုယ်တော့်အပေါ်ထားရှိသည့် မိမိတို့၏မေတ္တာကို ဖော်ပြခြင်း တည်းဟူသော တမန်တော်များကျင့်သုံးရန် လိုအပ်နေသည့် သင်ခန်းစာတစ်ခု လည်းဖြစ်ပါသည်။ ကိုယ်တော်သည် ၎င်းတို့အတွက် ပဓာနကျသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ ၎င်းပြင်သူတို့သည် မကြာမီတွင် ကိုယ်တော်အား တွေ့နိုင်ကြတော့မည် မဟုတ်ကြောင်း၊ မကြာမီတွင် ကိုယ်တော်၏ မဟာမေတ္တာတော်အတွက် မည်သည့် ကျေးဇူးတုံ့ပြန်မှုကိုမျှ လုပ်နိုင်ကြတော့မည်မဟုတ်ကြောင်း စသည်တို့ကို သူတို့မသိ ရှိခဲ့ကြချေ။ ကောင်းကင်ရွှေနန်းတော်ကိုစွန့်ခွာ၍ လူသားတစ်ဦးအဖြစ် အသက်ရှင် ခဲ့ရသော ခရစ်တော်၏ အထီးကျန်ဘ၀ကို တမန်တော်များသည် နားလည်သင့်သ လောက်နားမလည်ချေ။ အလေးအမြတ် ပြုသင့်သလောက်လည်း မပြုခဲ့ကြချေ။ တမန်တော်များသည် ကိုယ်တော်ရှင် အားပြုသင့်သည့်ဝတ်ကိုမပြုကြသည့်အတွက် ကိုယ်တော်သည်မကြာခဏ စိတ်နှလုံးပူဆွေးတော်မူခဲ့ရပါသည်။ သူတို့သည် မိမိနှင့် အတူတကွလိုက်ပါလာကြသည့် ကောင်းကင်တမန်များ၏ စိုးမိုးမှုအောက်တွင် ရှိနေ ခဲ့ကြမည်fဆိုလျှင် နှလုံးသားထဲတွင်ရှိသော ချစ်ခြင်းမေတ္တာများကိုဖော်ပြရန် မည် သည့်ပူဇော်သကာ၌မျှ လုံလောက်သော တန်ရာတန်ဖိုးမရှိကြောင်းကို စဉ်းစားမိကြ ပါလိမ့် မည်။
သူတို့သည် နောက်ပိုင်းအတွေ့အကြုံများအရ ခရစ်တော်အပေါ်မိမိတို့ ဆောင်ရွက်ပြီးစီးရမည့် အရာများနှင့်ပတ်သက်၍ အမြင်မှန်ရခဲ့ကြပါသည်။ ထိုအ ရာများမှာ ခရစ်တော်သည် မိမိတို့၏အနီးအပါးတွင်ရှိနေစဉ် မိမိတို့၏ နှလုံးသားမှ ပေါက်ဖွားလာသည့် ချစ်ခြင်းမေတ္တာများနှင့် ကျေးဇူးတင်ခြင်းများကို ဖော်ပြရန်ပင် ဖြစ်ပါသည်။ ခရစ်တော်သည် ၎င်းတို့နှင့်အတူမရှိတော့သော အချိန်တွင် သူတို့သည် သိုးထိန်းမရှိသောသိုးစုနှယ် ခံစားလာကြရပြီး ကိုယ်တော်ရှင်၏စိတ်နှလုံးကို ပီတိဖြစ် စေခဲ့သည့် မိမိတို့မဖော်ပြမိခဲ့ကြသော အလေးတယူမှုများကို သူတို့စတင်ရှုမြင်လာ ခဲ့ကြပါသည်။ သူတို့သည် မာရိအားအပြစ်မတင်ကြတော့ဘဲ ကိုယ့်ကိုကိုယ်သာ အ ပြစ်တင်ခဲ့ကြပါသည်။ ထိုလက်ဆောင်မွန်နှင့်ပတ်သက်၍ ခရစ်တော်ထက်ဆင်းရဲ သားသည် ပိုမိုထိုက်တန်သည်ဟူသော မိမိတို့၏တင်ပြချက်ကို သူတို့ပြန်လည် ရုပ် သိမ်းနိုင်ခဲ့မည်ဆိုလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ထိုတမန်တော်များသည် ကြေ မွနေသောခရစ်တော်၏အလောင်းကို ကပ်တိုင်မှပြန်၍သယ်ဆောင်ခဲ့ကြစဉ်က မိမိ တို့၏ လုံးလုံးမှားယွင်းသောလုပ်ရပ်များအတွက် ပြင်းပြစွာခံစားခဲ့ကြရပါသည်။
ထိုကဲ့သို့သောစိတ်ဓာတ်မျိုးသည် ယနေ့ကမ္ဘာတွင်လည်းလိုအပ်လျက် ရှိ ကြောင်းထင်ရှားနေပါသည်။ သို့ရာတွင် လူအနည်းစုကသာ မိမိတို့အပေါ် ခရစ် တော်ပြုခဲ့သော ကောင်းမှုအားလုံးကို အလေးအမြတ်ပြုကြပါသည်။ သူတို့သည် ကိုယ်တော်အား အလေးအမြတ်ပြုကြမည်ဆိုလျှင် မာရိ၏ကြီးမြတ်သော မေတ္တာကို ဖော်ပြကြလိမ့်မည်ဖြစ်ပြီး ထိုသို့သောဆီမွှေးနှင့်လူးပေးခြင်းမျိုးကို အလျှံပယ်လုပ် ဆောင်ကြပါလိမ့်မည်။ အဖိုးထိုက်သောဆီမွှေးများကိုလည်း အချည်းနှီးသော အရာ တစ်ခုဟု ခေါ်ကြမည်မဟုတ်ချေ။ ခရစ်တော်အတွက် ပူဇော်ဆက်ကပ်သည့် မည် သည့်အရာကိုမျှ အဖိုးထိုက်လွန်းသည်ဟု ထင်ကြလိမ့်မည်မဟုတ်ချေ။ ကိုယ်တော် ရှင်အတွက်ခံစားရမည့် မည်သည့်ကိုယ့်အလိုကိုငြင်းပယ်ခြင်းနှင့် အနစ်နာခံခြင်းကို မျှ နစ်နာလွန်းသည်ဟု ထင်ကြလိမ့်မည် မဟုတ်ချေ။
“အဘယ်ကြောင့် (ဤအရာကို) အကျိုးမဲ့ဆုံးစေသနည်း” ဟူသော ဒေါ သဖြင့် ပြောလိုက်သောစကားများကြောင့် ပျောက်ဆုံးနေသောကမ္ဘာအတွက် ရန် ငြိမ်းစေရန်ပြုသမျှတို့တွင် အကြီးမြတ်ဆုံးသော မိမိကိုယ်ကိုဆက်ကပ်ခြင်းဆိုင်ရာ မဟာဆက်ကပ်မှုကြီးသည် ခရစ်တော်ရှေ့မှောက်တွင် ထင်ထင်ရှားရှားပေါ်ထွက် လာခဲ့ပါသည်။ ထိုဆက်ကပ်မှုကြီးအား နောက်ထပ်ပေးစရာ မကျန်လောက်အောင် လူသားမိသားစုများအား ရက်ရောစွာကိုယ်တော်ပေးကမ်းတော်မူခဲ့ပါသည်။ ခရစ် တော်တည်းဟူသော ဆုကျေးဇူးအားဖြင့် ဘုရားသခင်သည် ကောင်းကင်တွင် ရှိသ မျှအရာခပ်သိမ်းကို ပေးကမ်းစွန့်ကြဲတော်မူ၏။ ထိုဆက်ကပ်မှုမျိုးသည် လူသားရှု ထောင့်မှကြည့်လျှင် စည်းမဲ့ကမ်းမဲ့ဖြုန်းတီးခြင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပါသည်။ လူသား များ၏ဆင်ခြင်တုံတရားအရ ကယ်တင်ခြင်းစီမံကိန်းကြီးတစ်ခုလုံးသည် ကိုယ်တော် ၏ ကရုဏာတော်နှင့်ပေးတော်မူသော ကောင်းချီးမင်္ဂလာများကို ဖြုန်းတီးနေခြင်း ဖြစ်သည်ဟုထင်ကြပါသည်။ ကိုယ်အလိုကိုငြင်းပယ်ခြင်းနှင့် လုံးလုံးဆက်ကပ်ခြင်း များကို နေရာတိုင်းတွင်ကျွန်ုပ်တို့ဆုံတွေ့ကြရပါသည်။ ခရစ်တော်၏အသက်တာ တွင်ဖော်ပြခဲ့သောကြွယ်၀သော မေတ္တာတော်အားဖြင့် မြှင့်တင်ပေးမှုနှင့်ကုံလုံပြည့် စုံအောင်မစမှုများကို လက်မခံသောလူသားမိသားစုများကို ကောင်းကင်သားများ သည် တအံ့တဩကြည့်ရှုကာ အဘယ်ကြောင့်ကြီးကျယ်သောဖြုန်း တီးမှုတစ်ခုကို ဖြစ်စေသလဲဟု ဟစ်ကြွေးကြမည်သာတည်း။
သို့ရာတွင် အပြစ်၌ကျဆုံးနေသောကမ္ဘာအတွက် ကိုယ်တော်ပြုတော်မူ သည့် အပြစ်ဖြေခြင်းအမှုသည် ပြည့်၀စုံလင်ကြွယ်၀ရန်ဖြစ်ပါသည်။ ခရစ်တော်၏ ပြုခဲ့သောပူဇော်သကာသည် ဘုရားသခင်ဖန်ဆင်းထားသည့် အသက်ဝိညာဉ်တိုင်း ထံသို့ လက်လှမ်းမီနိုင်လောက်အောင် အထူးကြွယ်၀လှပါသည်။ ထိုပူဇော်သကာ သည် ခရစ်တော်ကိုလက်ခံသော သူများအတွက်သာဖြစ်ပြီး အခြားသူများအတွက် မပါဟု မကန့်သတ်နိုင်ပါချေ။ လူအချို့သာလျှင်ကယ် တင်ခြင်းခံရမည်ဖြစ်သော် လည်း ကယ်တင်ခြင်းစီမံကိန်းသည် အချည်းနှီးသော အရာတစ်ခုမဟုတ်ချေ။ အ ကြောင်းမှာရက်ရောသောသဘောဖြင့် လူတိုင်းအားကယ်တင်ရန်စီမံမှုသည် အထမ မြောက်ခြင်းကြောင့်ဖြစ်ပါသည်။
ရှိမုန်သည်မာရိ၏စွန့်ကြဲမှုအပေါ် ယုဒ၏ပြစ်တင်ဝေဖန်မှုကို စိတ်စွဲနေသူ တစ်ဦးဖြစ်သည့်အတွက် ခရစ်တော်၏လုပ်ဆောင်မှုကို သူအံ့အားသင့်ခဲ့ပါသည်။ ဖာရိရှဲတစ်ယောက်တွင် ရှိတတ်သည့်မာနကို ထိုလုပ်ဆောင်မှုက အထိနာစေခဲ့ပါ သည်။ များစွာသောသူ၏ဧည့်သည်များက ခရစ်တော်အပေါ် မယုံကြည်မကိုးစား မ နှစ်မြို့မကျေနပ်သောအကြည့်ဖြင့် ကြည့်ကြမည်ကိုလည်း သူသိခဲ့ပါသည်။ “အ ကယ်၍ဤပုဂ္ဂိုလ်သည် ပုရောဖက်တစ်ပါးဖြစ်ခဲ့ပါလျှင် မိမိအားလာရောက်တို့ထိ သောအမျိုးသမီးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူမ၏အပြုအမူများသည် မည် သည့်အပြုအမူများဖြစ်ကြောင်းကို သူသိရှိလိမ့်မည်။ အကြောင်းမှာသူမသည် အပြစ် သားတစ်ဦးဖြစ်ပါသည်တကား” ဟုရှိမုန်သည်စိတ်ထဲတွင်ရေရွတ်မိပါသည်။
ခရစ်တော်သည် အသက်ရှင်လျက်သေနေသောရှိမုန်အား နူနာရောဂါကုသ ပေးခြင်းအားဖြင့် ကယ်တင်ခဲ့ဖူးပါသည်။ သို့ရာတွင်ယခုမူကား ခရစ်တော်သည် ပုရောဖက်ဟုတ်မှဟုတ်ပါ့မလားဟု သူသံသယဖြစ်နေပါသည်။ ခရစ်တော်သည် သူမ အားအနားသို ချဉ်းကပ်ခွင့်ပြုသောကြောင့်တစ်ကြောင်း၊ အပြစ်ဖြေလွှတ်ခွင့်မရနိုင် လောက်အောင် အပြစ်များသောသူတစ်ပါးအဖြစ် သူမအားစိတ်ဆိုးမာန်ဆိုးဖြင့် မောင်းမထုတ်ခဲ့သည့်အတွက်ကြောင့်တစ်ကြောင်း၊ သူမသည်အပြစ်တွင် ကျဆုံးနေ ကြောင်းကို သိရှိတော်မူကြောင်းမဖော်ပြသည့် အတွက်ကြောင့်တစ်ကြောင်း၊ အ ကြောင်းအမျိုးမျိုးကြောင့် ခရစ်တော်သည်ပုရောဖက် တစ်ပါးမဖြစ်နိုင်ဟု ထင်မြင် ယူဆရန် ရှိမုန်တစ်ယောက်အစုံစမ်းခံနေရပါသည်။ မိမိစိတ်တိုင်းကျ လုပ်ဆောင်လို သည့်အတိုင်း လုပ်ဆောင်သွားသော ဤအမျိုးသမီးအကြောင်းကို ခရစ်တော်ဘာမျှ မသိ၍သာ ထိုကဲ့သို့လုပ်ဆောင်မှုကို ခွင့်ပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း အကယ်၍သာအ ဖြစ်မှန်ကိုသိခဲ့လျှင် ကိုယ်တော်သည် အထိခံလိမ့်မည်မဟုတ်ဟု ရှိမုန်ထင်မြင်မိခဲ့ပါ သည်။
သို့ရာတွင်ရှိမုန်သည် ဘုရားသခင်နှင့်ခရစ်တော်အကြောင်းကို မသိရှိနားမ လည်ခြင်းကြောင့်သာ ထိုကဲ့သို့ထင်မြင်မိခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်၏သား တော်သည် ဘုရားသခင်ပြုတော်မူသည့် နည်းလမ်းများအတိုင်း ချစ်ခင်ယုယကြင်နာ သနားစွာဖြင့် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်းကိုလည်း သူမသိမြင်ခဲ့ချေ။ ရှိမုန်၏စီ မံချက်မှာ မာရိ၏နောင်တနှင့်စပ်ဆိုင်သည့် အလုပ်အကျွေးပြုခြင်းကို အရေးမစိုက် ဘဲနေကြရန်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်၏ခြေတော်ကိုနမ်း၍ ဆီမွှေးများ သွန်းလောင်းနေသည့်အပြုအမူသည် သူ၏မာကျောသော နှလုံးသားအားသာ၍ ပင် မာကျောစေလျက်ရှိပါသည်။ ခရစ်တော်သည် ပုရောဖက်တစ်ပါးမဟုတ်၍သာ အပြစ် သားများကိုလျစ်လျူရှုကာ မဆုံးမခဲ့ခြင်းဖြစ်သည်ဟု သူယူဆခဲ့ပါသည်။
ထိုအခါယေရှုက “အချင်းရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိသည်ဟု မိန့် တော်မူလျှင် အရှင်ဘုရားအမိန့်တော်ရှိပါဟုလျှောက်သော် ယေရှုက၊ ဥစ္စာရှင်တစ်ဦး ၌ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။ သူတို့သည်ကြွေးဆပ်ရန်မရှိသောကြောင့် ကြွေးရှင်သည် ထိုနှစ် ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူ သည် ကြွေးရှင်ကိုသာ၍ချစ်လိမ့်မည်နည်း ဟုမေးတော်မူ၏။ ရှိမုန်ကလည်းသာ၍ ကျေးဇူးခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟုလျှောက်လျှင် ယေရှုကသင်ထင်သည့်အတိုင်း မှန်ပေ၏” ဟုမိန့်တော်မူ၏။
နာသန်ပုရောဖက်သည် ဒါဝိဒ်အားပြုတော်မူသကဲ့သို့ ခရစ်တော်သည် ပုံပမာ ထဲတွင်အထိနာစေသောစကားများကို ဖုံးကွယ်ထားတော်မူခဲ့ပါသည်။ သူ့အတွက် ပြစ်ဒဏ်ကို သူကိုယ်တိုင်ပင်ဖြစ်စေခဲ့ပါသည်။ ယခုသူရွံရှာစက်ဆုပ် နေသည့်အမျိုး သမီးအား အပြစ်ပြုရန်သူသွေးဆောင်ခဲ့ဖူးပါသည်။ သူသည် သူမအားအဖတ်ဆယ် ၍မရအောင် မတရားပြုကျင့်ခဲ့ဖူးပါသည်။ ဤပုံပမာတွင် ဖော်ပြထားသည့်ကြွေးစား နှစ်ဦးသည် ရှိမုန်နှင့်မာရိတို့ကိုပုံဆောင်ထားပါသည်။ သူတို့နှစ်ဦးစလုံးသည် မဆပ် နိုင်သော ကြွေးတင်နေကြသူများဖြစ်သဖြင့် ထိုပုဂ္ဂိုလ်နှစ်ဦးအနေနှင့် အတိုင်းအဆ ကွဲပြားခြားနားသည့် အကြွေးများတင်နေကြကြောင်းကိုသွန်သင်ရန် ကိုယ်တော်မ ရည်ရွယ်ပါ။ သို့ရာတွင် ရှိမုန်အနေဖြင့် မိမိသည်မာရိထက်သာ၍ ဖြောင့်မတ်သည် ဟုအထင်ရှိနေသည့်အတွက် အမှန်တကယ်အားဖြင့် သူ၌အပြစ်မည်မျှများကြောင်း သူ့အားကိုယ်တော်သိစေလိုပါသည်။ ဒေနာရိအပြားငါးဆယ်ထက် အပြားငါးရာကအ များကြီးပို၍များသကဲ့သို့ သူ၏အပြစ်သည် သူမ၏အပြစ်များထက် အများကြီးပို၍ များနေကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့ပါသည်။
ယခုတွင်မူကား ရှိမုန်သည် မိမိကိုယ်ကိုအမြင်မှန်အတိုင်း မြင်စပြုလာခဲ့ပါ သည်။ ပုရောဖက်ထက်ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ပါးက မာရိအားအမှုထားခဲ့ပုံကို လည်းကောင်း၊ ချစ်ခင်စွဲလမ်း၍ လေးစားမှုများနှင့်ပြည့်၀သော သူမ၏နှလုံးသားကို စူးရှတော်မူသော မျက်ဝန်းတော်ဖြင့် ခရစ်တော်ကြည့်တော်မူကြောင်းကိုလည်း ကောင်း သူတွေ့မြင်ခဲ့ပါသည်။ သူသည်ရှက်စိတ်များဝင်လာပြီး မိမိထက်ကြီးမြတ် သော သူ၏ရှေ့တွင်ရောက်ရှိနေကြောင်း သိမြင်ခဲ့ပါသည်။
“သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး” မာရိမူကား မေတ္တာ၏လှုံ့ဆော်မှုကြောင့် နောင်တမျက်ရည်များကျလျက် ငါ၏ခြေကိုဆေးလေပြီ၊ သူ၏ဆံပင်နှင့် ငါ၏ခြေကိုသုတ်လေပြီ။ “သင်သည်ငါ့ကိုမနမ်း” သင်အထင်သေး သည့်သူမမူကား “အိမ်သို့ဝင်သောအချိန်မှစ၍ ငါ၏ခြေကိုနမ်း လျက်မစဲဘဲနေ၏” ဟုဆက်လက်မိန့်တော်မူပါသည်။ ရှိမုန်သည် ကိုယ်တော်အပေါ်ထားရှိသည့် မိမိ၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ မိမိအပေါ်ကိုယ် တော်ပြုတော်မူခဲ့သည့်အရာအ တွက် ကျေးဇူးတင်ကြောင်းကိုလည်းကောင်း ဖော်ပြရန်မိမိရရှိသောအခွင့်အရေး များကို ကိုယ်တော်ကပြန်လည်ဖော်ပြတော် မူခဲ့ပါသည်။ မိမိ၏သားသမီးများသည် မေတ္တာစကားများဖြင့် သော်လည်းကောင်း၊ မေတ္တာလုပ်ရပ်များဖြင့် သော်လည်း ကောင်း ကိုယ်တော်အားကျေးဇူးတင်ကြောင်းဖော်ပြရန် ဂရုမပြုကြသောအချိန်တွင် နှလုံးတော်သည်ဝမ်းနည်း ပူဆွေးမှုရှိကြောင်းပွင့်လင်းသော်လည်း ယဉ်ကျေးသိမ်မွေ့ စွာဖြင့် တမန်တော်များအား အတည်ပြုပြောကြားတော်မူပါသည်။
မာရိအားထိုကဲ့သို့ပြုမူစေရန် လှုံ့ဆော်သောသူမ၏ စိတ်နေသဘောထားကို လည်းကောင်း၊ ရှိမုန်အားထိုစကားများကိုပြောစေသော ၎င်း၏စိတ်ဓာတ်ကိုလည်း ကောင်း အနန္တတန်ခိုးရှင်သိရှိတော်မူသဖြင့် “သင်သည်ဤမိန်းမကိုမြင်သလော၊ သူမသည်အပြစ်သားတစ်ဦးဖြစ်၏။” “ငါဆိုသည်ကား၊ သူသည်များစွာသော အပြစ် တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူ သည် အနည်းငယ်မျှသာချစ်တတ်သည်” ဟုဆက်လက်၍မိန့်တော်မူပါသည်။
ရှိမုန်သည် မိမိဟက်ဟက်ပက်ပက်မရှိသော၊ အရေးတယူမရှိသော ဟန်မျိုး ပေါ်နေသည့်အပြုအမူအားဖြင့် ကိုယ်တော်ထံမှရရှိထားသောကောင်း ချီးမင်္ဂလာအ တွက် အနည်းငယ်သာအလေးအမြတ်ထားသည့် သဘောထားကို ပြသနေပါသည်။ ကိုယ်တော်အား မိမိတို့အိမ်သို့လာရန်ခေါ်ခြင်းအားဖြင့် ဂုဏ်ပြုသည်ဟုထင်မြင်ယူဆ မိခဲ့ပါသည်။ သို့ရာတွင် မိမိ၏ဇာတိရုပ်မှန်ကို ယခုမှပင်သူမြင်တွေ့လာခဲ့ပါသည်။ သူသည် ခရစ်တော်အားအကဲခတ်လျက် နေသည်ဟုထင်မှတ်နေစဉ်တွင် ခရစ် တော်ကလည်း ၎င်းအားအကဲခတ်လျက် ရှိခဲ့ပါသည်။ ထိုနောက် မိမိနှင့်ပတ်သက် သော ကိုယ်တော်၏စီရင်မှုသည် မှန်ကန်မှုရှိကြောင်း၊ မိမိ၏ဘာသာရေးခံယူချက် သည် အရေခြုံဘာသာရေးသာဖြစ်ခဲ့ကြောင်း၊ သခင်ယေရှုခရစ်၏မေတ္တာကရုဏာ တော်ကို သူမထီလေးစားပြုမိခဲ့ကြောင်း၊ ကိုယ်တော်အားဘုရားသခင်၏ သားတော် အဖြစ် သူအသိအမှတ်မပြုမိခဲ့ကြောင်း စသည်တို့ကိုသူမြင်တွေ့လာခဲ့ပါသည်။ မာရိ သည် အပြစ်ဖြေလွှတ်ခြင်းခံရသည့် အပြစ်သားတစ်ဦးအဖြစ်သို့ရောက်ရှိနေစဉ်တွင် သူ့မှာမူကား၊ အပြစ်ဖြေလွှတ်ခြင်းမခံရသေးသည့် အပြစ်သားတစ်ဦးအဖြစ်၌ ပင်ရှိ နေပါသေးသည်။ သူ့အနေဖြင့် သူမအားအတင်းအကျပ် လိုက်နာစေလိုခဲ့သည့် တရားမျှတမှု၏တင်းကျပ်သော ဥပဒေစည်းမျဉ်းသည် ယခုတွင်မူ၎င်းအားတရားစီ ရင်နေပါသည်။
ရှိမုန်သည် ၎င်း၏ဧည့်သည်များရှေ့၌ ခရစ်တော်၏ဖုံးဖုံးဖိဖိဆုံးမမှုကြောင့် ကိုယ်တော်၏သနားခြင်းကရုဏာကို ထိတွေ့ခံစားခဲ့ရပါသည်။ မာရိအားသူပြုစေသ ကဲ့သို့ သူအပြုမခံခဲ့ရပါ။ သခင်ယေရှုသည် သူကျူးလွန်ခဲ့သည့်အပြစ်များကို အခြား သူများအားမသိစေလိုသော်လည်း သူသဘောပေါက်နားလည်လာစေရန် အဖြစ်မှန် များ ကိုဖော်ပြခြင်းအားဖြင့်သော်လည်းကောင်း၊ သူ၏စိတ်နှလုံးအားပျော့ပျောင်း သွားစေရန် ကြင်နာသနားမှုများကို ဖော်ပြခြင်းအားဖြင့်သော်လည်းကောင်း ကြိုးစား တော်မူခဲ့သည်ကို သူမြင်တွေ့ခဲ့ပါသည်။ ညှာတာမှုကင်းသော ဗြောင်ကျကျထုတ် ဖော်စွပ်စွဲမှုသည် နောင်တမရစေရန် ရှိမုန်၏နှလုံးသားအားမာကျော စေလိမ့်မည် ဖြစ်သော်လည်း စိတ်ရှည်လက်ရှည်ဖြင့်ဆုံးမပဲ့ပြင်မှုသည် သူ့အားကျူးလွန်ခဲ့သော အမှားများအတွက် သဘောပေါက်စေခဲ့ပါသည်။ သခင်ဘုရားအပေါ်တွင် တင်ကျန် နေသောမိမိ၏ အကြွေးများသည် အလွန်များလှကြောင်းကို သူသိရှိလာကာ မာန်မာ နများနှိမ့်ချလာပြီး နောင်တတရားများရလာခဲ့ပါသည်။ ထို့နောက် မာနကြီးသည့် ဖာရိရှဲကြီးသည် နှိမ့်ချ၍အနစ်နာခံတတ်သည့် တမန်တော်ကြီးတစ်ပါးဖြစ်လာခဲ့ ပါ သည်။
မာရိအား မဟာအပြစ်သားတစ်ဦးအဖြစ် သဘောထားသော်လည်း သူမ၏ အသက်တာကို ထိုကဲ့သို့ဖြစ်လာရန်ပုံသွင်းပေးခဲ့သည့် အခြေအနေများကို ကိုယ် တော်သိတော်မူပါသည်။ သူ၏အသက်တာတွင်ရှိသည့် မျှော်လင့်ချက်ရောင်ခြည် များကို ကိုယ်တော်အနေဖြင့် ငြိမ်းသတ်ပစ်မည်ဆိုလျှင် ငြိမ်းသတ်ပစ်နိုင်ခဲ့သော် လည်း ငြိမ်းသတ်တော်မမူခဲ့ချေ။ စိတ်ပျက်ဝမ်းနည်း၍ ပျက်စီးဆုံးပါးမည့်အခြေအ နေမှ သူမအားကယ်တင်ခဲ့သောသူမှာ ကိုယ်တော်ပင်ဖြစ်ပါသည်။ မိမိအားစွဲနေ သောနတ်ဆိုးအား ကိုယ်တော်ဆုံးမ၍နှင်ထုတ်ခဲ့သည့် အသံတော်ကို ခုနစ်ကြိမ်တိုင် တိုင်သူမကြားခဲ့ရပါသည်။ မိမိကိုယ်စားဘုရားသခင်ထံသို့ ကိုယ်တော်တောင်းခံခဲ့ သည့် ဆုတောင်းသံများကိုလည်း သူမကြားခဲ့ရပါသည်။ ညစ်ညူးမှုနှင့်ကင်းစင်သော ကိုယ်တော်၏ သန့်စင်သောအသက်တာအတွက် အပြစ်သည်မည်မျှရွံရှာဖွယ် ကောင်းသည်ကိုသူမသိရှိခဲ့ပြီး ကိုယ်တော်ပေးသော တန်ခိုးခွန်အားများအားဖြင့် သူ မသည်အပြစ်ကို ကျော်လွှားအောင်မြင်ခဲ့ပါသည်။
လူသားများ၏ရှုထောင့်အရ သူမ၏ပြဿနာသည် မျှော်လင့်ချက်ကင်းနေ သယောင်ဖြစ်သော်လည်း သူမ၌ကောင်းသောအရာများကို လုပ်ဆောင်နိုင်သည့်အ စွမ်းအစများရှိနေကြောင်းကိုလည်းကောင်း၊သူမ၏စာရိတ္တထဲတွင်ရှိသောပို၍ ကောင်း မွန်သည့် ထူးခြားချက်များကိုလည်းကောင်း ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ ကယ်တင်ခြင်းစီမံကိန်းသည် လူသားများအားကြီးမြတ်သည့် လုပ်ရည်ကိုင်ရည်များ ကို အပ်နှင်းထားရာ မာရိ၌ထိုအရာများကို တွေ့ရှိရပါသည်။ သူမသည် ကျေးဇူး တော်ကြောင့် မြင့်မြတ်သောသဘာ၀များကို မျှဝေခံစားသူတစ်ဦးဖြစ်လာခဲ့ပါသည်။ အပြစ်တွင်ကျဆုံးခဲ့ပြီး နတ်ဆိုးများစွာဒုက္ခပေးခြင်းကို ခံခဲ့ရသောသူမသည် ခရစ် တော်နှင့် အနီးကပ်မိတ်သဟာယဖွဲ့၍ အမှုတော်ဆောင်ရန် ပို့ဆောင်ခြင်းခံခဲ့ရပါ သည်။ ခြေတော်ရင်းတွင်ထိုင်၍ ခရစ်တော်၏သွန်သင်မှုများကို နာယူခဲ့သောသူမှာ မာရိပင်ဖြစ်ပါသည်။ ကိုယ်တော်၏ ခေါင်းတော်ပေါ်တွင် အဖိုးထိုက်တန်သည့် ဆီမွှေး များကိုသွန်းလောင်း၍ ကိုယ်တော်၏ခြေတော်ကို မျက်ရည်များဖြင့် ဆေးကြောပေးခဲ့ သူမှာမာရိပင်ဖြစ်ပါသည်။ မာရိသည်ကပ်တိုင်၏နံဘေးတွင် မတ်တတ်ရပ်ခဲ့ပြီး သ ချုØင်းကုန်းသို့ရောက်သည်အထိ ကိုယ်တော့်နောက်တော်ပါးမှ လိုက်ခဲ့ပါသည်။ ကိုယ် တော်ရှင်ပြန်ထမြောက်ပြီးနောက် သင်္ချိုင်းဂူသို့ပထမဦးစွာ ရောက်ရှိလာသူမှာ မာရိ ပင်ဖြစ်ပါသည်။ ထမြောက်တော်မူသည့် ကယ်တင်ရှင်အကြောင်းကို ပထမဦးဆုံး ကြွေးကြော်ခဲ့သူမှာ မာရိပင်ဖြစ်ပါသည်။
သခင်ယေရှုသည် အသက်ဝိညာဉ်တိုင်း၏ အခြေအနေများကို သိရှိတော်မူ ပါသည်။ သင်ကကျွန်ုပ်သည် အလွန်အပြစ်များသောသူဖြစ်ပါသည်ဟု ပြောဆို ကောင်းပြောဆိုမည်။ သင်ပြောသည့်အတိုင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် သင်သည်သာ၍ဆိုးလေလေ၊ သခင်ယေရှုကိုသာ၍လိုအပ်လေလေ ဖြစ်ပါသည်။ ကိုယ်တော်သည် ငိုကြွေး၍နှလုံးကြေကွဲနေသည့် မည်သည့်အသက်ဝိညာဉ်ကိုမျှ ပစ်ပယ်တော်မူမည်မဟုတ်ချေ။ မည်သူ့ကိုမျှအပြစ်ပြ၍ အရှက်ခွဲတော်မူမည်မဟုတ် ဘဲ ကြောက်ရွံ့တုန်လှုပ်နေသော အသက်ဝိညာဉ်တိုင်းအား အားယူ၍ရဲရင့်ရန် အား ပေးတော်မူပါသည်။ အပြစ်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းအခွင့်များကိုရရှိရန်အတွက် မိမိထံသို့လာကြသူအပေါင်းအား ကိုယ်တော်သည် ရက်ရက်ရောရောအပြစ်ခွင့် လွှတ်တော်မူပါလိမ့်မည်။
ခရစ်တော်သည် ဘုရားသခင်၏အမျက်တော်ဖလားကို ကျွန်ုပ်တို့ကမ္ဘာပေါ် သို့သွန်းလောင်း၍ ဘုရားသခင်ကိုမုန်းသော သူများအားဖျက်ဆီးပစ်ရန် ကောင်းကင် တမန်များအား တာဝန်ပေးစေခိုင်းနိုင်တော်မူပါသည်။ မိမိ၏စကြ၀ဠာမှ ဤကမ္ဘာ တည်းဟူသော အမည်းစက်ကလေးကို သုတ်ပစ်လိုက်မည်ဆိုလျှင်လည်း သုတ်ပစ် နိုင်တော်မူပါသည်။ သို့ရာတွင် ကိုယ်တော်သည် ထိုကဲ့သို့ ပြုတော်မမူပါ။ ကိုယ် တော်သည် နံ့သာပေါင်းမီးရှို့ရာပလ္လင်၌ရပ်တော်မူ၍ အမစလိုသောသူများ၏ ဆု တောင်းချက်များကို ဘုရားသခင်ထံတွင် တင်ပြတော်မူလျက်ရှိပါသည်။
ခိုလှုံခွင့်ရရန် မိမိထံသို့ဦးလှည့်လာကြသော အသက်ဝိညာဉ်များအား စွပ်စွဲ တိုက်ခိုက်ပြောဆိုသည့် နှုတ်များနှင့်ကင်းလွတ်ရာသို့ ကယ်မတော်မူပါသည်။ မည် သည့်လူ၊ မည်သည့်ကောင်းကင်တမန်မှ ဤအသက်ဝိညာဉ်များအား တားဆီးဟန့် တားခြင်းငှာမစွမ်းနိုင်ပါချေ။ ခရစ်တော်သည် မိမိ၏လူဇာတိ၊ ဘုရားဇာတိတော်၌ ၎င်းအားတစ်လုံးတစ်၀တည်းရှိစေတော်မူသည်။ သူတို့သည်ဘုရားသခင်၏ ပလ္လင် တော်ထက်မှယိုစီးလာသည့် အလင်းတော်များရှိရာ လောက၏အပြစ်များကို ဆောင် သွားသည့် ကိုယ်တော်၏နံဘေးတော်တွင် ရပ်လျက်ရှိကြပါသည်။ “ဘုရားသခင်ရွေး ကောက်တော်မူသောသူတို့ကို အဘယ်သူသည်အပြစ်တင်မည်နည်း။ ဖြောင့်မတ် ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကားအ ဘယ်သူနည်း။ အသေခံ၍ခံသည်သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက် ငါတို့အဖို့ဆုတောင်းသော သူကားခရစ်တော်ပေ တည်း။” ရောမ ၈း၃၃-၃၄။
No comments:
Post a Comment