Monday, April 20, 2026

အခန်းကြီး - ၁၂။ စုံစမ်းနှောင့်ယှက်ခြင်း

 

စုံစမ်းနှောင့်ယှက်ခြင်း

ရှင်မဿဲ ၄း၁-၁၁။ ရှင်မာကု ၁း၁၂၊၁၃။ ရှင်လုကာ ၄း၁-၁၃ တို့ကိုအခြေပြုထားပါသည်

“မာရ်နတ်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ခံစေမည့်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကိုတောသို့ပို့ ဆောင်တော်မူ၏။” ထိုစာသားများထက် မာကု၏စာသားများသည် ပို၍ထူးခြားနေပါသည်။ “ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ၏။ အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး၊ အစာအာဟာရကို သုံးဆောင်တော်မမူ။”

         ယေရှုသည် စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူရန် တောသို့ပို့ဆောင်ခြင်းကို ခံရသောအချိန်တွင် ဘုရားသခင်၏ဝိညာဉ်တော်လမ်းပြမှုကို ခံယူခဲ့ရပါသည်။ စုံစမ်းနှောင့်ယှက်ခြင်းကိုမူ ကိုယ်တော်မဖိတ်ခေါ် ခဲ့ချေ။ ကိုယ်တော်သည် မိမိ၏အမှုတော်လုပ်ငန်းအတွက် အာရုံပြုနိုင်စေရန် တစ်ပါးတည်းနေထိုင်နိုင်ဖို့ တောသို့ကြွမြန်းတော်မူခဲ့ခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် သွေးစွန်းသောလမ်းကိုလျှောက်ရမည်ဖြစ်သဖြင့် အစာရှောင်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း မိမိကိုယ်ကို အားဖြည့်တော်မူခဲ့ပါသည်။ သို့သော် ခရစ်တော်သည် တောထဲသို့ကြွမြန်းသွားကြောင်း စာတန်သိရှိကာ၊ ဤအချိန်သည် ကိုယ်တော့်ထံချဉ်းကပ်ရန် မိမိအတွက်အကောင်းဆုံးအချိန်ဖြစ်သည်ဟု မှတ်ယူခဲ့ပါသည်။

         ကမ္ဘာအတွက်ကြီးမားသည့် အကျိုးဆက်များသည် ခရစ်တော်နှင့်စာတန်အကြား ဖြစ်ပွားနေသော တိုက်လှန်ပွဲကြီးတွင် အချေအတင်ဖြစ်နေပါသည်။ လူသားများအား အပြစ်ကျူးလွန်ရန် စုံစမ်းသွေးဆောင် ပြီးနောက် ဤကမ္ဘာကြီးအား မိမိပိုင်သောကမ္ဘာကြီးဖြစ်ကြောင်းကြေညာခဲ့ပြီး မိမိကိုယ်ကို ဤကမ္ဘာ၏ အရှင်သခင်အဖြစ် စာတန်သည် ဟိတ်ဟန်ထုတ်ခဲ့ပါသည်။ စာတန်သည် ကျွန်ုပ်တို့၏မိဦးဖဦးအား ၎င်း၏ ပင်ကိုသဘာဝနှင့် ကိုက်ညီအောင်လုပ်ဆောင်ပြီး ဤကမ္ဘာတွင်မိမိ၏အင်ပါယာကို တည်ထောင်ရန် သူကြံရွယ်ခဲ့ပါသည်။ လူသားများသည် ၎င်းတို့၏ရှင်ဘုရင်အဖြစ် မိမိအားရွေးချယ်ခဲ့ကြပြီးဖြစ်ကြောင်း သူအခိုင်အမာပြောဆိုခဲ့ပါသည်။ စာတန်သည် လူသားများအား အစိုးတရပြုနိုင်ခဲ့ခြင်းအားဖြင့် ဤကမ္ဘာအား အုပ်ချုပ်ပိုင်ခွင့်အာဏာကို ကိုင်စွဲခဲ့ပါသည်။ ခရစ်တော်သည် စာတန်၏ပြောကြားမှုများ မှားယွင်းကြောင်း သက်သေထူရန် ကြွမြန်းတော်မူခဲ့ပါသည်။ကိုယ်တော်သည်လူသားအနေဖြင့်ဘုရားသခင်ဘက်တွင်သစ္စာရှိစွာ ရပ်တည်ရပါလိမ့်မည်။ ထိုသို့နည်းအားဖြင့် စာတန်သည် လူသားတစ်ရပ်လုံးအပေါ်တွင် လုံးလုံးလျားလျား အစိုးတရမပြုနိုင်ကြောင်းနှင့် ဤကမ္ဘာကို မိမိပိုင်သည်ဟူသောပြောဆိုချက်သည် မှားယွင်းကြောင်းထင်ရှား စေလိမ့်မည်ဖြစ်ပါသည်။စာတန်၏အာဏာစက်အောက်မှ လွတ်မြောက်ရန်ဆန္ဒရှိသူတိုင်းသည်လွတ်မြောက် ခြင်းအခွင့်ကိုရကြလိမ့်မည် ဖြစ်ပါသည်။ အပြစ်တရားကြောင့် အာဒံဆုံးရှုံးခဲ့ရသော အချုပ်အခြာအုပ်ချုပ်ခွင့် အာဏာကို ပြန်လည်ရရှိကြလိမ့်မည်ဖြစ်ပါသည်။

         “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်” ဟူ၍ ဧဒင်ဥယျာဉ်တွင် မြွေကိုကြေညာပြီးသည့်အချိန်မှစ၍ မိမိအနေနှင့် ကမ္ဘာကို လုံးလုံးလျားလျား စိုးမိုးခွင့်ရနိုင်မည်မဟုတ်ကြောင်းကို စာတန်သိရှိပြီးဖြစ်ခဲ့ပါသည်။ ၎င်း၏အချုပ်အခြာ ပိုင်ဆိုင်မှုကို ခုခံဆန့်ကျင်၍ လှုပ်ရှားခဲ့သော အင်အားစုတစ်ခုကို လူသားများ၏အသက်တာတွင်တွေ့မြင်ခဲ့ ပါသည်။ အာဒံနှင့်၎င်း၏သားများ ပူဇော်ခဲ့သော ယဇ်ကောင်များကို စာတန်သည် အလွန့်အလွန် စိတ်ဝင်စားစွာ ဖြင့် စောင့်ကြည့်ခဲ့ပါသည်။ ဤအခမ်းအနားများတွင် အသုံးပြုသောယဇ်ကောင်သည် ကောင်းကင်နှင့်မြေကြီး အကြား အဆက်အသွယ်ပြုခြင်းအထိမ်းအမှတ်တစ်ခုဖြစ်ကြောင်းကို သူခွဲခြားသိရှိခဲ့ပါသည်။ သူသည် ထိုမိတ်သဟာယဖွဲ့ခြင်းကို ကြားဝင်ဖြတ်တောက်ရန် စီစဉ်ခဲ့ပါသည်။ သူသည် ဘုရားသခင်အား မှားယွင်းစွာ ရုပ်လုံးဖော်ခဲ့ပြီး ကယ်တင်ရှင်ကို ပြညွှန်ပေးနေသော ဘာသာရေးအခမ်းအနားများကိုလည်း မှားယွင်းစွာ အနက်ဖွင့်ခဲ့ပါသည်။ ဘုရားသခင်အား လူသားများ၏ပျက်စီးခြင်းကို လိုလားသူတစ်ပါးအနေနှင့် ကြောက်ရွံ့ နေစေရန် လူသားများအား လမ်းညွှန်ခဲ့ပါသည်။ ကိုယ်တော်၏မေတ္တာတော်ကို ထင်ရှားစေသင့်သော ယဇ် ပူဇော်ခြင်းများကို ကိုယ်တော်၏အမျက်တော်ပြေစေရန် အတွက်သာပူဇော်စေခဲ့ပါသည်။ လူသားများ အပေါ် တွင် ၎င်း၏လွှမ်းမိုးမှု ခိုင်မြဲစေရန် အလိုငှါ၊ လူသားများ၏ဆိုးယုတ်သောကာမဂုဏ်ခံစားမှုများကို သူနှိုးဆွခဲ့ ပါသည်။ ရေးသားထားသောနှုတ်ကပတ်တော်များကို လူသားများအား ပေးသောအခါတွင် စာတန်သည် ကယ်တင်ရှင်ကြွလာခြင်းနှင့်ဆိုင်သော အနာဂတ္တိစကားများကို လေ့လာခဲ့ပြီး ယုဒလူများသည် ခရစ်‌တော် ကြွလာသောအခါ ကိုယ်တော်အားငြင်းပယ်ကြစေရန်အတွက် စာတန်သည်အနာဂတ္တိစကားများကို အသိ အမြင်ကင်းမဲ့စေရန် လူသားတစ်ဆက်ပြီးတစ်ဆက်ကို မျက်ကွယ်စေခဲ့ပါသည်။

         ယေရှုခရစ်မွေးဖွားသော အချိန်အခါတွင် မိမိ၏အချုပ်အခြာပိုင်မှုကို အငြင်းအခုံပြုရန်အတွက် ပုဂ္ဂိုလ်တစ်ပါးသည် ဘုရားသခင်၏အမိန့်တော်နှင့်ကြွလာတော်မူပြီဖြစ်ကြောင်းကို စာတန်သိရှိခဲ့ပါသည်။ အသစ်မွေးဖွားလာသော ဘုရင်၏ဩဇာအာဏာနှင့်ပတ်သက်၍ သက်သေထူလျက်ရှိသောကောင်းကင်တမန် ၏ သတင်းစကားကိုကြားရသောအခါ သူကြောက်ရွံ့တုန်လှုပ်ခဲ့ပါသည်။ ခရစ်‌တော်သည်ခမည်းတော်ဘုရား ၏နှစ်သက်မြတ်နိုးရာ သားတော်တစ်ပါးအနေဖြင့် ကောင်းကင်နိုင်ငံတော်တွင် ကိုင်စွဲထားတော်မူသော အဆင့်အတန်းကို စာတန်ကောင်းမွန်စွာသိရှိခဲ့ပါသည်။ သားတော်ဘုရားသည် အံ့အားသင့်စရာများ၊ အမှန်တရားကိုသိမြင်ခြင်းများနှင့် ပြည့်ဝသောလူသားတစ်ဦးအနေဖြင့် ဤကမ္ဘာသို့ကြွလာတော်မူမည်ဖြစ် ကြောင်းကိုလည်း သူကောင်းစွာသိရှိခဲ့ပါသည်။ သူသည် ကြီးမားသောဤဆက်ကပ်မှု၏ နက်နဲမှုကို စေ့ငုံစွာ နားမလည်နိုင်ခဲ့ချေ။ လှည့်ဖြားခြင်းခံနေရသော လူသားအနွယ်အတွက် ထားတော်မူသည့် ထိုကဲ့သို့သော မေတ္တာတော်ကို ၎င်း၏အတ္တများသော စိတ်ဝိညာဉ်သည် နားမလည်နိုင်ခဲ့ချေ။ ကောင်းကင်နိုင်ငံတော်၏ ဘုန်းအာနုဘော်နှင့် ငြိမ်သက်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကြောင့် ခံစားရသည့် ပျော်ရွှင်မှုကိုလည်းကောင်း၊ လူသားများသည် မထင်မရှားသာ နားလည်ခဲ့ကြပါသည်။ သို့သော် လွှမ်းမိုးသော ခေရုဗိမ်ဖြစ်သည့် လူစီဖါကိုမူ ၎င်းတို့ကောင်းမွန်စွာသိကြပါသည်။ စာတန်သည် ကောင်းကင်နိုင်ငံကို လက်လွှတ်ခဲ့ရပြီးသည့်အချိန်မှစ၍ မိမိကျဆုံးသကဲ့သို့ အခြားသူများကိုလည်း ကျဆုံးအောင်လုပ်ဆောင်ခြင်း အားဖြင့် ကလဲ့စားချေရန် ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် လူသားများအား ကောင်းကင်ဆိုင်ရာအမှုအရာများကို တန်ဖိုးမထားကြစေရန်အတွက် သော်လည်းကောင်း၊ မြေကြီးပေါ်ရှိအရာများတို့အပေါ်တွင် စိတ်နှလုံးရောက်နေကြစေရန်အတွက်သော်လည်းကောင်း၊ သွေး ဆောင်ခြင်းအားဖြင့် သူကြိုးစားလိမ့်မည် ဖြစ်ပါသည်။

         ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်အတွက် လူသားများကိုအောင်နိုင်ရန် လုပ်ဆောင်မှုတွင် အဟန့်အတားမရှိခဲ့သည် မဟုတ်ချေ။ ကိုယ်တော်သည် ဗက်လင်မြို့တွင် မွေးဖွားခြင်းခံတော်မူသည့် အချိန်မှစ၍ စာတန်၏တိုက်ခိုက်မှုများကို အဆက်မပြတ်ခံခဲ့ရပါသည်။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်သည် ခရစ်တော်၌ထင်ရှားတော်မူသည်ဖြစ်၍ ကိုယ်တော်အား အနိုင်ရအောင်လုပ်ဆောင်ရန် စာတန်၏အဖွဲ့ဝင်များ သည် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင် အသက်ရှင်ခဲ့ဖူးသောလူသားများတွင် စာတန်၏ တန်ခိုးနှင့်ကင်းလွတ်ခဲ့သည့်လူဟူ၍ တစ်ယောက်မျှမရှိခဲ့ချေ။ နတ်ဆိုးမတရားသင်း၏ အင်အားစုများကို ကိုယ်တော်နှင့်စစ်ဆင်ရေးတွင် အာရုံစူးစိုက်လုပ်ဆောင်နိုင်ရန်အတွက် စာတန်သည် ကိုယ်တော်၏ လက်ရာ တော်များကို ချေဖျက်တိုက်ခိုက်ခဲ့ပါသည်။ ဖြစ်နိုင်လျှင် ကိုယ်တော်၏လက်ရာတော်များကိုသာမက ကိုယ်တော်တိုင်ကိုပင် ချေမှုန်းရန်ဖြစ်ပါသည်။

         ခရစ်တော်၏နှစ်ခြင်းမင်္ဂလာခံယူပွဲတွင် စာတန်သည် မျက်မြင်သက်သေများထဲတွင် တစ်ဦးအပါ အဝင်ဖြစ်ခဲ့ပါသည်။ ခမည်းတော်ဘုရား၏ဘုန်းတော်အရိပ်သည် သားတော်အပေါ်သို့ ကျရောက်နေ ကြောင်းကို သူတွေ့မြင်ခဲ့ရပါသည်။ ယေရှုခရစ်သည် ဘုရား၏သားတော်ဖြစ်ကြောင်း၊ ခမည်းတော်ဘုရား၏ သက်သေပြုချက်အသံတော်ကိုလည်း သူကြားခဲ့ရပါသည်။ အာဒံအပြစ်ကျူးလွန်ခဲ့သည့်အချိန်မှစ၍ လူသားများသည် ဘုရားသခင်နှင့်တိုက်ရိုက်ဆက်သွယ်မှုပြုခြင်းကို ဖြတ်တောက်ခံခဲ့ရပါသည်။ ကောင်းကင် နှင့်မြေကြီးအကြား ကူးလူးဆက်ဆံမှုသည် ခရစ်‌တော်အားဖြင့်သာ ပြုခဲ့ကြရသည်။ သို့ရာတွင် ယခုအချိန်၌ ယေရှုခရစ်သည် “အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်” ၍ကြွလာတော်မူခဲ့ကြောင်းကို ခမည်းတော်ဘုရားကိုယ်တိုင် မိန့်မြွက်တော်မူခဲ့သည်။ ရောမ ၈း၃။ ထာဝရဘုရားသည် ယခင်ကခရစ်တော် အားဖြင့် လူသားများနှင့်မိတ်သဟာယဖွဲ့တော်မူ၏။ အပြစ်တရားအပေါ်ရွံမုန်းသော ဘုရားသခင်၏စိတ်နှလုံး တော်ကြောင့် ကောင်းကင်နှင့်မြေကြီးတို့သည် ထာဝရကာလအဆက်ပြတ်သွားလိမ့်မည်ဟု စာတန်အထင်ရှိခဲ့ ပါသည်။ သို့သော် ဘုရားသခင်နှင့်လူသားများအကြား အဆက်အသွယ်များကို ယခုအချိန်တွင် ပြန်လည် ရရှိခဲ့ကြောင်း ထင်ရှားစေခဲ့ပါသည်။

         မိမိသည် အောင်နိုင်မှုနှင့်ရှုံးနိမ့်မှုတစ်ခုခုကို ရမည့်အကြောင်း စာတန်တွေ့မြင်သိရှိခဲ့သည်။ တိုက်လှန်ပွဲ၏ အကျိုးဆက်သည် စာတန်၏အပေါင်းပါကောင်းကင်တမန်များ၏ ၎င်းအပေါ်ယုံကြည်အပ်နှံမှု အပေါ်တွင်များစွာမူတည်နေခဲ့ပါသည်။ သူကိုယ်တိုင်လည်းတိုက်ပွဲကိုဦးဆောင်ရပါမည်။ အယူဝါဒဖောက်ပြန် သူများ၏ အားလုံးသောအင်အားစုများသည် သားတော်ဘုရားကို ဆန့်ကျင်၍အမြန်စုရုံးခဲ့ကြပါသည်။ ခရစ်တော်သည် ငရဲဘုံမှလက်နက်အားလုံး၏ပစ်မှတ်ဖြစ်ခဲ့ပါသည်။

         ခရစ်တော်နှင့်စာတန်အကြား ဖြစ်ပွားနေသော တိုက်လှန်ပွဲကြီးကို မိမိတို့၏အသက်တာအတွက် အထူးအကျိုးသက်ရောက်မှုမရှိသောအရာတစ်ခုကဲ့သို့ များစွာသောလူများက ရှုမြင်ခဲ့ကြပါသည်။ သို့အတွက် သူတို့သည် တိုက်လှန်ပွဲကို စိတ်ဝင်စားမှုမရှိသလောက်ဖြစ်ခဲ့ကြသည်။ သို့သော် လူသားတိုင်း၏ နှလုံးသား နယ်ပယ်တွင် ထိုတိုက်လှန်ပွဲကြီးသည် ထပ်ခါတလဲလဲဖြစ်ပွားနေပါသည်။ ဘုရားသခင်၏အမှုတော်အတွက် စာတန်၏ချဉ်းနင်းတိုက်ခိုက်မှုကို တွေ့ဆုံခြင်းနှင့်ကင်းလွတ်လျက် လူတစ်ယောက်သည် မည်သည့်အခါကမျှ မကောင်းမှုဂုဏ်အဆင့်အတန်းများကို မစွန့်လွှတ်ခဲ့ဖူးချေ။ ခရစ်တော်တွန်းလှန်ခဲ့သော စုံစမ်းသွေးဆောင်ခြင်း များသည် ခုခံဆန့်ကျင်ရန် အလွန်ခက်သည်ဟု ကျွန်ုပ်တို့မှတ်ယူနေသောအရာများ ဖြစ်ကြပါသည်။ ကိုယ်တော်၏စာရိတ္တတော်သည် ကျွန်ုပ်တို့၏စာရိတ္တများထက် သာလွန်ကောင်းမွန်သကဲ့သို့ ကိုယ်တော်ခံခဲ့ရ သော သွေးဆောင်ခြင်းများသည်လည်း အလွန်များပြားလှပါသည်။

         ကမ္ဘာ၏ကြောက်ခမန်းလိလိလေးသော အပြစ်ဝန်ထုပ်များကို မိမိကိုယ်တိုင်ထမ်းလျက်ခရစ်တော် သည် ခံတွင်း၏တောင့်တချက်များအပေါ်စမ်းသပ်မှုများကိုလည်းကောင်း၊ လောကကိုချစ်မြတ်နိုးခြင်းအပေါ် စစ်ဆေးမှုကိုလည်းကောင်း၊ ရဲရင့်သောဒုစရိုက်ပြုခြင်းကိုဦးတည်နေသောဟန်ပြဝင့်ဝါချင်သည့်စိတ်ထားများ အပေါ် စမ်းသပ်ခြင်းများကိုလည်းကောင်း ဆန့်ကျင်ခုခံတော်မူခဲ့ပါသည်။ ဤအရာများသည် အာဒံနှင့်ဧဝ အပေါ် ကျော်လွှားအောင်မြင်ခဲ့သော စုံစမ်းနှောင့်ယှက်ခြင်းများဖြစ်ပြီး ကျွန်ုပ်တို့အား အလွယ်တကူအောင် နိုင်လျက်ရှိနေကြပါသည်။

         ဘုရားသခင်၏ပညတ်တော်သည် တရားမျှတမှုမရှိသည့်ပြင် လိုက်နာစောင့်ရှောက်ရန်လည်း မဖြစ်နိုင်ကြောင်းကို သက်သေပြချက်အနေနှင့် အာဒံ၏အပြစ်ကို စာတန်ပြညွှန်ခဲ့ပြီးဖြစ်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ လူဇာတိအားဖြင့် အာဒံ၏ကျဆုံးမှုကို ပြန်လည်ကယ်ယူရန်ဖြစ်ပါသည်။ သို့ရာတွင် အာဒံသည် စာတန်၏စုံစမ်းခြင်းကိုခံခဲ့ရသောအချိန်တွင် ၎င်း၌အပြစ်၏အကျိုးသက်ရောက်မှု တစ်စုံတစ်ခုမျှမရှိခဲ့သေးချေ။ သူသည် စုံလင်သောစိတ်တန်ခိုးနှင့် ကိုယ်ခန္ဓာခွန်အားများကို ပိုင်ဆိုင်ထားလျက် စုံလင်သောသူတစ်ယောက်၏ခွန်အားဖြင့် ရပ်တည်ခဲ့ရပါသည်။ ဧဒင်၏ဘုန်းတန်ခိုးများဖြင့် သူ့အားခြံရံလျက် သူသည် ကောင်းကင်သားများနှင့် နေ့စဉ်မိတ်သဟာယဖွဲ့ခွင့် ရခဲ့ပါသည်။ ခရစ်တော်သည် တော၌စာတန်နှင့်တိုက်လှန်ရန် သွားရောက်ခဲ့သောအချိန်တွင်မူ ထိုကဲ့သို့မဟုတ်ခဲ့ပါချေ။ လူသားများသည် နှစ်ပေါင်းလေးထောင်အတွင်းတွင် ခန္ဓာကိုယ်ခွန်အား၊ စိတ်တန်ခိုးနှင့် ကိုယ်ကျင့်တရားများတွင် နိမ့်ကျ ယုတ်ညံ့လျက်ရှိခဲ့ပါသည်။ ခရစ်‌တော်သည် ဆုတ်ယုတ်ညံ့ဖျင်းလာသော လူသားများ၏အားနည်း ချို့ယွင်းမှု များကို ယူတင်ဝတ်ဆောင်ခဲ့ပါသည်။ ထိုသို့သော နည်းအားဖြင့်သာ သိမ်ဖျင်းယုတ်ညံ့ဆုံးသောအခြေအနေမှ လူသားများကိုကိုယ်တော်ရှင် ကယ်တင်နိုင်မည်ဖြစ်ပါသည်။

         စုံစမ်းခြင်းနောက်သို့လိုက်ပါရန် ခရစ်တော်အတွက်မဖြစ်နိုင်ဟု အများကအခိုင်အမာပြောကြပါ သည်။ ထို့ပြင် အာဒံ၏အနေအထားမျိုးတွင် ကိုယ်တော်ရှင်အားမထားရှိနိုင်ခဲ့လျှင် ရယူရန်အာဒံပျက်ကွက်ခဲ့ သောအောင်မြင်မှုကိုကိုယ်တော်ရှင်ရယူနိုင်လိမ့်မည်မဟုတ်ဟုအများကမှတ်ယူခဲ့ကြပါသည်။ ကျွန်ုပ်တို့ သည် ခရစ်တော်ထက်ပို၍ စုံစမ်းခြင်းခံစားနေရသည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ဒုက္ခရောက်စဉ်တွင် ကူညီမစနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် လူသားများအတွက်ပေးဆပ်ရန် အပြစ်ကြွေးများနှင့်အတူ လူသားဇာတိကိုခံယူတော်မူခဲ့ပါသည်။ ကိုယ်တော်သည် စုံစမ်းခြင်းနောက်သို့ လိုက်ပါနိုင်သောအခြေအနေမျိုးဖြင့် လူဇာတိကိုခံယူတော်မူခဲ့သည်။ ခရစ်တော်မခံစားခဲ့ရဖူးသော မည်သည့် စုံစမ်းခြင်းကိုမျှ ကျွန်ုပ်တို့မခံစားကြရပါချေ။

         ဧဒင်ဥယျာဉ်တွင် သန့်ရှင်းသောဇနီးမောင်နှံကို အစားအစာဖြင့်စုံစမ်းခဲ့ပါသည်။ ၎င်းမှာ စုံစမ်းခြင်းများ တွင်ကြီးမား၍ ပထမဦးဆုံးသော စုံစမ်းခြင်း၏အခြေခံဖြစ်ပါသည်။ ပျက်စီးယိုယွင်းခြင်းအစပြုခဲ့သော နေရာမှ ကယ်တင်ခြင်းကိုအစပျိုးရပါမည်။ အစာစားသောက်ခြင်းကို အလိုလိုက်ခြင်းအားဖြင့် အာဒံကျဆုံးရ သည့်နည်းတူ အစာစားသောက်ခြင်းကို ခြိုးခြံခြင်းအားဖြင့် ခရစ်တော်သည် အပြစ်ကိုအောင်နိုင်ရမည် ဖြစ်ပါသည်။ “ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်း သို့ ရောက်တော်မူ၏။ ထိုအခါစုံစမ်းသွေးဆောင်သူသည် ချဉ်းကပ်၍ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရ မည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

         အာဒံအချိန်မှသည် ခရစ်တော်၏အချိန်တိုင်အောင် မိမိ၏စိတ်အလိုကို လိုက်လွန်းခြင်းသည် ခံတွင်း အလိုလိုက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတန်ခိုးသတ္တိကို အရှိန်အဟုန်ကြီးမားစွာဖြင့် တိုးပွားစေခဲ့ပါသည်။ ထိုသို့သောအားဖြင့် လူသားများသည်ယုတ်ညံ့သိမ်ဖျင်းလာပြီး ရောဂါဘယများလည်းထူပြောလာခဲ့ကြ သည်။ ၎င်းတို့အစွမ်းသတ္တိအားဖြင့် အောင်မြင်ကျော်လွှားရန်မဖြစ်နိုင်တော့ချေ။ အကြမ်းတမ်းဆုံးသော စစ်ဆေးမှုများကိုခံနိုင်ရည်ရှိခြင်းအားဖြင့် ခရစ်တော်သည် လူသားများကိုယ်စား အောင်နိုင်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အကျိုးငှါ ဆာလောင်မွတ်သိပ်ခြင်း (သို့မဟုတ်) သေခြင်းထက်ပင်ခွန်အားကြီး သော ချုပ်တည်းခြင်းကိုကျင့်ဆောင်တော်မူခဲ့ပါသည်။ အမှောင်၏အာဏာစက်များနှင့် တိုက်လှန်ပွဲအားလုံး တွင် ဖက်စပ်ပါဝင်လာမည့် အခြားအကျိုးဆက်များသည် ဤပထမအောင်ပွဲနှင့် ပတ်သက်နေခဲ့ပါသည်။

         ယေရှုခရစ်သည် တောသို့ဝင်သောအခါတွင် ခမည်းတော်ဘုရား၏ဘုန်းတော်ဖြင့်ကာရံထားခြင်းကို ခံတော်မူခဲ့ရပါသည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းတွင် နစ်မျောခဲ့ကာ ကိုယ်တော်သည် လူသားများ ၏အားနည်းမှုများ၏အထက်တွင် မချီခြင်းကိုခံတော်မူခဲ့ရပါသည်။ သို့သော် ဘုန်းတော်သည် ကွယ်ပျောက်ခဲ့ ပြီး စုံစမ်းခြင်းနှင့်တိုက်ပွဲဝင်ရန် ကိုယ်တော်သည် စွန့်ပစ်တော်မူခြင်းကို ခံခဲ့ရပါသည်။ စုံစမ်းခြင်းသည် ကိုယ်တော်အား အချိန်တိုင်းတွင် မရမနေတိုက်ခိုက်လျက်ရှိပါသည်။ ကိုယ်တော်၏ လူသားဇာတိသည် မိမိအားစောင့်မျှော်နေသော တိုက်လှန်ပွဲမှ လွတ်မြောက်ရန် ရှောင်ရှားခဲ့ပါသည်။ ကိုယ်တော်သည် အရက် လေးဆယ်လုံးလုံးအစာရှောင်၍ ဆုတောင်းတော်မူခဲ့ပါသည်။ အစာငတ်မွတ်ခြင်းကြောင့်အားနည်းပိန်ချုံးနေ ပြီး ပြင်းထန်သည့်စိတ်ဝေဒနာကြောင့် မောပန်းနွမ်းရိ၍ မျက်တွင်းများကျနေကာ “သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည်။” ဟေရှာ ၅၂း၁၄။ ယခုတွင် စာတန်အတွက် အခွင့်ကောင်းတစ်ခုဖြစ်နေပါသည်။ ဤအချိန်တွင် ခရစ်တော်ကိုအောင်နိုင်လိမ့်မည်ဟုလည်း သူထင်ခဲ့ပါသည်။

         စာတန်သည် ကောင်းကင်နိုင်ငံမှ ကောင်းကင်တမန်တစ်ပါး၏ အယောင်ကိုဆောင်၍ ကိုယ်တော်၏ ဆုတောင်းသံကို အဖြေပေးသည့်သဘောမျိုးဖြင့် ကယ်တင်ရှင်ထံသို့ချဉ်းကပ်လာခဲ့ပါသည်။ ခရစ်တော်၏ အစာရှောင်ခြင်းသည် အဆုံးသတ်သွားပြီဖြစ်ကြောင်းကြေညာရန် ဘုရားသခင်ထံမှအမိန့်ရခဲ့ပြီဖြစ်ကြောင်း စာတန်ကအခိုင်အမာ ပြောဆိုခဲ့ပါသည်။ ဘုရားသခင်သည် ကောင်းကင်တမန်တစ်ပါးကိုစေလွှတ်၍ ဣဇာက် အားဆက်သမည့်အာဗြဟံ၏ လက်ကိုဟန့်တားခဲ့သကဲ့သို့ သွေးစွန်းသောလမ်းကို လျှောက်လှမ်းရန် ခရစ်တော်၏ ဆန္ဒပြင်းပြမှုကိုသဘောကျကျေနပ်သည့်အတွက် ကိုယ်တော်အားကယ်မရန် ကောင်းကင်တမန် တစ်ပါးကို ခမည်းတော်ဘုရားစေလွှတ်တော်မူလိုက်သည်ဟူသော သတင်းစကားကို ယေရှုခရစ်ထံသို့ယူ ဆောင်ခဲ့ပါသည်။ မမျှော်လင့်ဘဲ စာတန်ရောက်ရှိလာသောအချိန်တွင် ခရစ်တော်သည် ဆာလောင်မွတ်သိပ်မှု ကြောင့်အင်အားချည့်နဲ့နေကာ အစာစားရန်အာသာငန်းငန်း‌တောင့်တနေပါသည်။ ကန္တာရတွင် ကြဲပြန့်နေသော မုန့်သဏ္ဌာန်ကျောက်တုံးများကိုညွှန်ပြကာ “ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲ တို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။”

         စာတန်သည် သန့်ရှင်းသောကောင်းကင်တမန်တစ်ပါးကဲ့သို့ ပေါ်ထွန်းလာခဲ့သော်လည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်” ဆိုသည့်ပထမစကားသည် ၎င်း၏စာရိတ္တအမှန်ကို ဖော်ပြနေပါသည်။ မယုံကြည်မှုကိုမသိမသာဖော်ပြနေခြင်းဖြစ်ပါသည်။ သခင်ယေရှုသည် စာတန်အကြံပေး သည့်အတိုင်း လုပ်ဆောင်ခဲ့လျှင် ထိုလုပ်ဆောင်မှုသည် သံသယဖြစ်မှုကို လက်ခံခြင်းတစ်ရပ်ဖြစ်လာပေ လိမ့်မည်။ အစဦးလူသားများအား အောင်မြင်ခဲ့သည့်နည်းဖြင့် ခရစ်တော်ကို အောင်မြင်ကျော်လွှားရန် စာတန် ကြံစည်ခဲ့ပါသည်။ စာတန်သည် ဧဒင်ဥယျာဉ်တွင်ရှိသော ဧဝထံသို့ ပရိယာယ်ကြွယ်ဝစွာဖြင့် ချဉ်းကပ်ခဲ့ပါ သည်။ “သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ်ဘုရားသခင် မိန့်တော်မူသလော” ဟု စာတန်က ဧဝအားမေးခဲ့သည်။ ကမ္ဘာဦး ၃း၁။ ဤအခြေအနေအထိ စာတန်၏စကား များသည် မှန်သော်လည်း ၎င်း၏ပြောဆိုပုံတွင် ဘုရားသခင်၏နှုတ်ထွက်စကားတော်များကို မခန့်လေးစား လုပ်ခြင်းကို ဖုံးကွယ်ထားသည့်အရာတစ်ခုရှိနေခဲ့ပါသည်။ ၎င်းမှာငြင်းဆန်မှုကို ဖုံးကွယ်ထားသည့် ဘုရားသခင်နှင့်ဆိုင်သော သစ္စာတရားပြည့်ဝမှုကို သံသယရှိသော စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ဘုရားသခင် သည် မိမိမိန့်တော်မူပြီးသည့်အတိုင်း ပြုတော်မူလိမ့်မည်မဟုတ်ကြောင်းကို ၎င်းကဲ့သို့ လှပကောင်းမွန်သည့် အသီးများကို စားခွင့်မပြုခြင်းအားဖြင့် လူသားများအပေါ်ထားရှိသည့် ကိုယ်တော်၏မေတ္တာတော်နှင့် သော်လည်းကောင်း၊ ကရုဏာတော်နှင့်သော်လည်းကောင်း၊ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပေါ်လွင်စေသည့် အတွေးအခေါ်ကို ဧဝ၏စိတ်တွင် တဖြည်းဖြည်းပျံ့နှံ့သွားစေရန် စာတန်ကြိုးစားခဲ့ပါသည်။ ယခုတွင်လည်း ထိုကဲ့သို့ပင် မိမိ၏ပုဂ္ဂလိက ထင်မြင်ချက်ကိုအသုံးပြု၍ ခရစ်တော်အားနှိုးဆွရန် စာတန်အားထုတ်နေသည်။ “ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်” ဆိုသည့်စကားများသည် ၎င်း၏စိတ်တွင် ခါးသီးမှုဖြင့် နာကျင်မှုကို ဖြစ်စေခဲ့ပါသည်။ သူပြောသောစကားသံ၏အသံနေအသံထားထဲတွင် မယုံသင်္ကာရှိမှုကို ဖော်ပြနေပါသည်။ ထာဝရဘုရားသည် မိမိ၏သားတော်ကို ဤကဲ့သို့ပြုမူဆက်ဆံလိမ့်မည်လား။ အဖဘုရား သည် သားတော်ကို တောသားရဲများထူပြောသော၊ အစားအစာမရှိသော၊ မိတ်ဆွေအပေါင်းအသင်း တစ်စုံတစ်ယောက်မျှမရှိသော၊ ပျော်စရာမကောင်းလှသော ဤတောကြီးထဲတွင် ယခုကဲ့သို့စွန့်ပစ်ထားမည် လား၊ ဘုရားသခင်သည် ဤကဲ့သို့သော အခြေအနေတွင် သားတော်ကို မည်သည့်အခါမျှရှိစေမည်မဟုတ် ကြောင်းကို စာတန်သည် မသိမသာအယုံသွင်းပြောဆိုခဲ့ပါသည်။ “ကိုယ်တော်သည်ဘုရားသခင်၏ သားတော်မှန်လျှင် မိမိခံစားနေရသော ဆာလောင်မှုကို သက်သာစေရန် ကိုယ်တော်၏တန်ခိုးကိုပြ၍ ဤကျောက်ခဲများအား မုန့်ဖြစ်စေခြင်းငှါ အမိန့်တော်ရှိပါ” ဟုစာတန်တောင်းဆိုနေပါသည်။

         “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း”ဟူသော ကောင်းကင်မှအသံတော်သည် စာတန်၏နားထဲဝယ် ဆက်လက်မြည်ဟည်းနေဆဲဖြစ်ပါသည်။ သို့သော် ခရစ်တော်သည် ဤသက်သေခံချက် ကို မယုံကြည်အောင်လုပ်ရန်သူစိတ်ဆုံးဖြတ်ခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ထွက် စကားများသည် ကိုယ်တော်၏ဘုရားပေးအမှုတော်အတွက် အာမခံချက်ဖြစ်ပါသည်။ ကိုယ်‌တော်သည် လူသားတစ်ဦးအနေ နှင့် လူသားများထဲတွင် နေထိုင်ရန်ကြွရောက်လာခဲ့ပါသည်။ ၎င်းပြင် ကောင်းကင်မှသက်သေပြုခဲ့သော ထိုစကားသံများသည် ကိုယ်တော်၏ကောင်းကင်နှင့် အဆက်အသွယ်ပြုမှုကို ဖော်ညွှန်းခဲ့သည်။ စာတန်၏ အကြံအစည်မှာ ထိုစကားများကို ခရစ်တော်အနေနှင့်သံသယဖြစ်အောင်ပြုလုပ်ရန် ဖြစ်ပါသည်။ ထာဝရဘုရားအပေါ်မှာထားရှိသော ခရစ်တော်၏ယုံကြည်စိတ်ချမှုကို လျော့ပါးယိမ်းယိုင်အောင်လုပ်နိုင်မည် ဆိုလျှင် တိုက်လှန်ပွဲတစ်ခုလုံးတွင် သူအောင်ပန်းဆွတ်လိမ့်မည်ဟု စာတန် သိရှိထားပါသည်။ သူသည် ခရစ်တော်ကိုအောင်မြင်ကျော်လွှားနိုင်စရာ အကြောင်းရှိပါသည်။ စိတ်အားလျော့ပါး၍ အလွန်အမင်းဆာ လောင်မွတ်သိပ်နေသောအချိန်တွင် ခရစ်တော်သည် ခမည်းတော်ဘုရားအပေါ် ယုံကြည်ခြင်းလျော့ပါးလာ ကာ မိမိကိုယ်ကျိုးအတွက် နိမိတ်လက္ခဏာတစ်ခုကို ပြုတော်မူလိမ့်မည်ဟု စာတန်ကမျှော်လင့်ခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ထိုကဲ့သို့သာပြုတော်မူခဲ့လျှင်ကယ်တင်ခြင်းစီမံကိန်းကြီးသည် ပျက်ပြားသွားပေလိမ့် မည်။

         စာတန်နှင့် သားတော်ဘုရားတို့သည် ပထမဦးဆုံးအကြိမ် တိုက်လှန်ပွဲ၌ဆုံတွေ့သောအချိန်တွင် ခရစ်တော်သည် ကောင်းကင်ဗိုလ်မင်းဖြစ်တော်မူ၍ စာတန်ကို ကောင်းကင်မှနှင်ထုတ်တော်မူခဲ့ပါသည်။ ယခုအချိန်တွင်မူ ၎င်းတို့၏အခြေအနေသည် ထင်ရှားစွာပြောင်းပြန်ကြီးဖြစ်နေပါသည်။ ၎င်းပြင်စာတန်သည် မိမိထင်ခဲ့သည့် အခွင့်အရေးဆိုသည့်အရာကို အကျိုးရှိအောင်အသုံးပြုခဲ့ပါသည်။ ကောင်းကင်တမန်များတွင် တန်ခိုးအကြီးဆုံးထဲ၌ တစ်ပါးအပါအဝင်ဖြစ်သော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှနှင်ထုတ် ခြင်းကို ခံခဲ့ရသည်ဟု သူပြောပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏စွန့်ပစ်ခြင်းကိုလည်းကောင်း၊ လူသားများ၏စွန့်ခွာခြင်းကိုလည်းကောင်း၊ ခံနေရသောကျဆုံးခဲ့သည့် ထိုကောင်းကင်တမန်ဖြစ်နေကြောင်း ယေရှုခရစ်၏ပုံပန်းလက္ခဏာကဖော်ညွှန်းနေသည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သောပုဂ္ဂိုလ်တစ်ပါး ဖြစ်လျှင် ၎င်း၏တောင်းဆိုချက်ကို နိမိတ်လက္ခဏာတစ်ခုပြတော်မူခြင်းအားဖြင့် ဖြည့်စွမ်းရန်တတ်နိုင် လိမ့်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲများ ကို မုန့်ဖြစ်စေခြင်းငှါ မိန့်တော်မူမည်ဖြစ်ကြောင်းကို လည်းကောင်း၊ ထိုကဲ့သို့သောဖန်ဆင်းခြင်းတန်ခိုးတော် ၏ လုပ်ဆောင်မှုသည် ဘုရားဇာတိတော်၏ဒွိဟမရှိနိုင်သော သက်သေအထောက်အထားဖြစ်လိမ့်မည် ဖြစ်ကြောင်းကိုလည်းကောင်း စာတန်သည် ကိုယ်တော်အား တိုက်တွန်းပြောဆိုခဲ့ပါသည်။ ထိုအခြင်းအရာ သည် အကောင်းနှင့်အဆိုးတိုက်လှန်ပွဲကို အဆုံးသတ်စေလိမ့်မည်ဖြစ်ပါသည်။

         ယေရှုခရစ်သည် စာတန်၏စကားများကို ကြိုးစား၍ငြိမ်သက်စွာ နားထောင်ခဲ့ပါသည်။ သို့သော် မိမိ၏ဘုရားဇာတိကိုလည်းကောင်း၊ မိမိ၏နိမ့်ချခြင်းအကြောင်းရင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သက်သေပြမှု၊ ရှင်းလင်းမှုတစ်စုံတစ်ရာပြုတော်မမူခဲ့ချေ။ စာတန်၏တောင်းဆိုချက်များကို လိုက်လျောခြင်း အားဖြင့် လူသားများအတွက် ကောင်းကျိုးချမ်းသာမဖြစ်စေနိုင်သည့်ပြင် ဘုရားသခင်၏ဘုန်းတော် အတွက် လည်း မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ခုမျှ ဖြစ်လိမ့်မည်မဟုတ်ချေ။ ခရစ်တော်သည် စာတန်၏အကြံ ပြုချက်ကိုလိုက်လျောခဲ့မည်ဆိုလျှင် “ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကျွန်ုပ်ယုံကြည် နိုင်ရန် ကျွန်ုပ်အားနိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါဦး” ဟု စာတန်သည် ဆက်၍ပြောလိမ့်ဦးမည်ဖြစ်ပါ သည်။ သက်သေအထောက်အထားများသည် ၎င်း၏စိတ်နှလုံးထဲတွင်ရှိသောဆန့်ကျင်မှုတန်ခိုးကိုချေဖျက်ရန် အသုံးဝင်လိမ့်မည်မဟုတ်ချေ။ ၎င်းပြင် ခရစ်တော်သည် ဘုရားဇာတိ၏ တန်ခိုးများကို မိမိ၏အကျိုးအတွက် အသုံးပြုရန်မဟုတ်ပါချေ။ ယုံကြည်ခြင်းနှင့် အမိန့်နာခံခြင်းပုံသက်သေတစ်ခုကို ကျွန်ုပ်တို့အတွက် ထားရစ် လျက်၊ ကျွန်ုပ်တို့ကဲ့သို့ဒုက္ခဆင်းရဲခြင်းကို ခံစားရန် ကိုယ်တော်ရှင်ကြွလာတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဤနေရာတွင်သော်လည်းကောင်း၊ မိမိ၏လောကအသက်တာနောက်ပိုင်းအချိန်များတွင်သော်လည်းကောင်း၊ မိမိကိုယ်ကျိုးအဖို့အလို့ငှါ နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမျှ ပြုတော်မမူခဲ့ချေ။ ကိုယ်တော်ပြုတော်မူခဲ့သော အံ့ဖွယ်နိမိတ်လက္ခဏာများသည် အခြားသူများ၏ကောင်းကျိုးအတွက်သာ ဖြစ်ကြပါသည်။ ကောင်းကင်မှ အမိန့်တော်ပေးခဲ့သော အသံတော်ကိုသတိရအောက်မေ့၍ ခွန်အားယူကာ ကိုယ်တော်သည် ဖခမည်းတော်၏ မေတ္တာ‌တော်ကို ခိုလှုံတော်မူခဲ့ပြီး စုံစမ်းခြင်းနှင့်စေ့စပ်ဆွေးနွေးခြင်းပြုတော်မမူခဲ့ချေ။

         ခရစ်တော်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်းအား ကျမ်းစာမှနှုတ်ကပတ်တော်များကို အသုံးပြု၍ ရင်ဆိုင်ခဲ့ပါသည်။ “ကျမ်းစာလာသည်ကား” ဟူသောစကားသည် ကိုယ်တော်၏လက်သုံးစကားများတည်း။ စုံစမ်းခြင်းကိုခံရသောအခါတိုင်းတွင် ကိုယ်တော်အသုံးပြုတော်မူခဲ့သော လက်နက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါသည်။ ဘုရားဇာတိတော်၏ အထိမ်းအမှတ်တစ်ခုအဖြစ် နိမိတ်လက္ခဏာတစ်ခုကို ပြရန် ခရစ်တော်အား စာတန်တောင်းဆိုခဲ့ပါသည်။ သို့သော် နိမိတ်လက္ခဏာအားလုံးတို့ထက်ကြီးမြတ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူချက်အပေါ် ခိုင်မာသောအားကိုးအားထား ပြုခြင်းသည် အငြင်းမပွားနိုင်သော အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ခရစ်တော်ဤအနေအထားကို ဆွဲကိုင် ထားသရွေ့ သွေးဆောင်ဖြားယောင်းသူသည် အခွင့်သာနိုင်လိမ့်မည်မဟုတ်ချေ။

         ခရစ်တော်သည် ခွန်အားအနည်းဆုံးအချိန်တွင် အပြင်းထန်ဆုံးသော စုံစမ်းခြင်းကိုခံခဲ့ရပါသည်။ ထို့ကြောင့်လည်း မိမိအောင်ပန်းဆွတ်မည်ဟု စာတန်ထင်ခဲ့မိပါသည်။ သူသည်ဤနည်းဤဟန်နှင့်လူသားများ ကို အောင်နိုင်ခဲ့ပါသည်။ ခွန်အားများလျော့နည်းလာသောအခါ စိတ်တန်ခိုးသည်အားနည်းလာပါသည်။ ဘုရားသခင်ကိုကိုးစားရန်ယုံကြည်ခြင်းခွန်အားလည်းရပ်စဲသွားပါသည်။ ထိုအချိန်တွင်အမှန်တရားဘက်တွင် အချိန်ကြာမြင့်စွာရွပ်ရွပ်ချွံချွံရပ်တည်ခဲ့သူများသည်အရှုံးပေးလိုက်ကြသည်။ အနန္တတန်ခိုးရှင်အပေါ်ထားရှိ သောမိမိ၏ယုံကြည်ခြင်းကိုတဒင်္ဂအချိန်ကလေးတွင် ယိမ်းယိုင်ခဲ့မိသောအချိန်တွင်မောရှေသည်နှစ်ပေါင်း လေးဆယ်ဣသရေလများနှင့်အတူတော၌လှည့်လည်ခြင်းကိုငြီးငွေ့ခဲ့သည်။သူသည် ကတိတော်ပြည်၏နယ် နိမိတ်ပေါ်တွင်ရှုံးနိမ့်ခဲ့ရပါသည်။ ဧလိယသည်လည်းထိုအဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရပါသည်။ သူသည်အာဟပ် မင်းရှေ့တွင်မဆုတ်မနစ်ရပ်တည်ခဲ့ပါသည်။ ‌ဗာလပုရောဖက်လေးရာ့ငါးဆယ်ဦးဆောင်သော ဣသရေလ တစ်မျိုးသားလုံးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မှားယွင်းသောပုရောဖက်များကို သုတ်သင်ပြီးသော အချိန်တွင် ဣသရေလလူများသည် ထာဝရဘုရားဘက်၌ သစ္စာစောင့်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ကရေမေလတောင်ပေါ်မှ ကြောက်လန့်စရာအဖြစ်အပျက်များဖြစ်ပျက်ပြီးနောက် ဧလိယသည်ရုပ်တု ကိုးကွယ်သူ ယေဇဗေလ၏ ခြိမ်းခြောက်မှုကြောင့် အသက်လွတ်ရန် ထွက်ပြေးခဲ့ရသည်။ ထိုနည်းအားဖြင့် စာတန်သည် လူသားတို့၏အားနည်းမှုများအပေါ်တွင် အခွင့်ကောင်းယူခဲ့ပါသည်။ ၎င်းပြင် သူသည်ယခုတိုင် အောင်ထိုနည်းနှင်နှင်လုပ်ဆောင်ပါလိမ့်မည်။ လူတစ်ယောက်သည် ဒုက္ခပင်လယ်ဝေလာသောအချိန်၊ တွေ့ကြုံရသောအခြေအနေများကြောင့် စိတ်နှလုံးရှုပ်ထွေးလာသောအချိန်နှင့် ဆင်းရဲနွမ်းပါးခြင်း၊ စိတ်ပင်ပန်းခြင်းများကြောင့် ရောဂါဘယခံစားရသော အချိန်များတွင် စာတန်သည် စုံစမ်းရန်နှင့် စိတ်အနှောင့် အယှက်ပေးရန် အနီးအနားတွင် ရှိနေတတ်ပါသည်။ သူသည် ကျွန်ုပ်တို့၏အားနည်းချက်များကို တိုက်ခိုက် တတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကိုရောက်ရန် ခွင့်ပြုခဲ့သော ထာဝရဘုရားအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကို တိုက်ခိုက်တတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကိုရောက်ရန် ခွင့်ပြုခဲ့သော ထာဝရဘုရားအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကို နုန့်နဲ့သွားစေရန် သူကြိုးစား နေသည်။ ဘုရားသခင်ကို မကိုးစားရန်နှင့် ကိုယ်တော်၏မေတ္တာတော်ကို ဒွိဟဖြစ်ရန် ကျွန်ုပ်တို့ကို သွေးဆောင် နေပါသည်။ သွေးဆောင်ဖြားယောင်းသူသည် ကျွန်ုပ်တို့၏အားနည်းချက်များနှင့် ချို့ယွင်းချက်များကိုပြလျက် ခရစ်တော်ထံသို့ချဉ်းကပ်စဉ်ကကဲ့သို့ ကျွန်ုပ်တို့ထံသို့ ချဉ်းကပ်တတ်ပါသည်။ သူသည် အသက်ဝိညာဉ်များကို စိတ်ဓာတ်ကျဆင်းစေရန်နှင့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏အားကိုးအားထားပြုခြင်းကို ပျက်ပြားစေရန် မျှော်လင့်ချက်ထားပါသည်။ ထိုနောက်သူသည်မိမိ၏သားကောင်အပေါ်တွင်အောင်နိုင်မည်ဟုစိတ်ချပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ရင်ဆိုင်ခဲ့ရသကဲ့သို့ စာတန်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် များစွာသောရှုံးနိမ့်မှုများမှ လွတ်မြောက်ကြပါလိမ့်မည်။ ရန်သူနှင့်စေ့စပ်ဆွေးနွေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် ၎င်းအားအခွင့်သာစေ ကြပါသည်။

         “လူသည်မုန့်အားဖြင့်သာအသက်မွေးရမည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်မွေး ရမည်” ဟူသော ခရစ်တော်မိန့်မြွက်ခဲ့သည့် နှုတ်ကပတ်တော်သည် မိမိကိုယ်တိုင်လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀) ကျော်က ဣသရေလများအားမိန့်မြွက်တော်မူခဲ့သော နှုတ်ကပတ်တော်များကိုပြန်လည်မိန့်မြွက်ခြင်း သာဖြစ်ပါသည်။ “သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍---လွန်ခဲ့သောအနှစ်လေးဆယ် ပတ်လုံး တော၌ပို့ဆောင်သောလမ်းခရီးတစ်လျှောက်လုံးကို အောက်မေ့မည်။ ထိုသို့သင့်ကိုနှိမ့်ချ၍ အငတ် အမွတ်ခံစေတော်မူသောအခါ သင်သည်ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသော မန္နနှင့်ကျွေးမွေးတော်မူ သဖြင့်လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်မွေး ရသည်ကိုသိစေတော်မူ၏” တရားဟော ၈း၂-၃။ တောတွင်ရိက္ခာပေးပို့ရန် အခြားနည်းလမ်းအားလုံးနှင့် မဖြစ်နိုင်တော့သော အချိန်များတွင် ဘုရားသခင်သည် မိမိ၏သားသမီးများအတွက် လုံလောက်ပြည့်စုံသော မန္နမုန့်များကို ကောင်းကင်မှချပေးခဲ့တော်မူပါသည်။ ထာဝရဘုရားကိုကိုးစား၍ ကိုယ်တော်၏တရားလမ်း များအတိုင်း လျှောက်လှမ်းနေစဉ်တွင် ၎င်းတို့အား ကိုယ်တော်စွန့်ပစ်တော်မမူကြောင်းကို ဤနည်းအားဖြင့် ဣသရေလများအား သွန်သင်ရန်ဖြစ်ပါသည်။ ဣသရေလများအား မိမိသွန်သင်ခဲ့သော သင်ခန်းစာကို ကယ်တင်ရှင်သည် ယခုတွင် လက်တွေ့ကျင့်သုံးခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဆင်းရဲ ဒုက္ခမှ ချမ်းသာခြင်းအခွင့်ကို ဟေဗြဲဗိုလ်ခြေတို့အား ပေးသနားတော်မူခဲ့သကဲ့သို့ ထိုနှုတ်ကပတ်တော်အားဖြင့် ဒုက္ခဆင်းရဲမှ ချမ်းသာခြင်းအခွင့်ကို သခင်ယေရှုအားပေးသနားတော်မူပါလိမ့်မည်။ ကိုယ်တော်သည် ဘုရားသခင်သက်သာခွင့်ပေးမည့်အချိန်ကို စောင့်ဆိုင်းခဲ့ပါသည်။ တောတွင်လည်း ဘုရားသခင်၏ စကား တော်ကို နားထောင်တော်မူခဲ့ပြီး စာတန်၏အကြံပေးချက်များကို လိုက်နာ၍ အစားအစာများကို မရယူခဲ့ချေ။ သက်သေပြုလျက်ရှိသော စကြဝဠာ၏ရှေ့မှောက်တွင် ဘုရားသခင်၏အလိုတော်မှ မည်သည့်နည်း၊ မည်သည့်ဟန်နှင့်မဆို သွေဖည်ရန်ထက် ဖြစ်ပျက်လာမည့်မည်သည့်အရာကိုမဆို ခံစားရန်မှာ အတိဒုက္ခ ပို၍ လျော့နည်းကြောင်းကို ကိုယ်တော်ရှင်သက်သေပြုတော်မူခဲ့ပါသည်။

         လူသည် မုန့်အားဖြင့် အသက်မွေးရမည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေး ရမည်။ ခရစ်တော်၏နောက်လိုက်များသည် မကြာခဏဆိုသလို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း မပြု နိုင်ဘဲ လောကနှင့်ပတ်သက်သော လုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေမျိုးတွင် ရောက်ရှိတတ်ပါသည်။ လိုက်လျှောက်ရန် လွယ်ကူသော ဘုရားသခင်၏တောင်းဆိုချက်များကို နားထောင် ခြင်းသည် စားဝတ်နေရေးအတွက် ထောက်ပံ့ရေးလမ်းကြောင်းကို ပြတ်တောက်သွားစေမည့်ပုံပေါ်သကဲ့သို့ ဖြစ်နေပါသည်။ မိမိ၏ဩတ္တပ္ပစိတ် နှိုးဆော်မှုအရ အပြစ်ရှိကြောင်းအထင်အရှားသိသော စိတ်ကိုစွန့်လွှတ် လိုက်ရန် စာတန်သည် လူကိုယုံအောင်ကြိုးစားပေလိမ့်မည်။ သို့သော် ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အားကိုး အားထားပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ပင်ဖြစ်ပါသည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။” ရှင်မဿဲ ၆း၃၃။ ဤအသက်တာ၌ပင်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၏အလိုတော်မှ သွေဖည်ခြင်းအရာသည် ကျွန်ုပ်တို့အတွက် ကောင်းသောအရာမဟုတ်ချေ။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်၏တန်ခိုးတော်ကို လေ့ကျက်သောအချိန်တွင် အစားအစာကိုရရှိစေရန် အတွက်သော်လည်းကောင်း၊ မိမိအသက်လုံခြုံမှုရှိစေရန်အတွက် သော်လည်းကောင်း၊ စာတန်၏အကြံပေး ချက်ကို လက်ခံကြလိမ့်မည်မဟုတ်ချေ။ စုံစမ်းခြင်းခံရသောအခါတိုင်းတွင် ကျွန်ုပ်တို့၏မေးခွန်းများသည် ဘုရား၏အမိန့်တော်သည် အဘယ်သို့နည်း၊ ကိုယ်တော်၏ကတိတော်သည် အဘယ်သို့နည်းဟူမူကား မေးခွန်း များသာဖြစ်ကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဤအရာများကို သိရှိနားလည်လျက် အမိန့်တော်တစ်ခုကိုနာခံ၍ ကတိတော်တစ်ခုကိုကိုးစားရပါလိမ့်မည်။

         ခရစ်တော်နှင့်စာတန်အကြားဖြစ်ပွားနေသော မဟာပဋိပက္ခကြီး၏ နောက်ဆုံးသောတိုက်လှန်ပွဲတွင် ဘုရားသခင်ကိုသစ္စာစောင့်သူများသည် လောကဆိုင်ရာအထောက်အမများ ဖြတ်တောက်ခြင်းခံရမည်ကို တွေ့မြင်ကြရလိမ့်မည်။ လောကနှင့်ဆိုင်သောတန်ခိုးအာဏာစက်များကိုနာခံနိုင်ဖို့ရန်အတွက်ဘုရားသခင်၏ ပညတ်တော်ကို မချိုးဖောက်လိုကြသည့်အတွက်ကြောင့် သူတို့သည် မရောင်းမဝယ်စေခြင်းငှါ စီရင်ခြင်းကိုခံ ရပါလိမ့်မည်။ နောက်ဆုံးတွင်ထိုသူတို့သည် သေမိန့်ပေးခြင်းကိုခံကြရပါလိမ့်မည်။သို့ရာတွင် ပညတ်တော်ကို လိုက်လျှောက်သူများအတွက် ပေးသနားတော်မူသောကတိတော်မှာ “ခိုင်ခံ့သောကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကိုအစဉ်ပေးရလိမ့်မည်။ သောက်ရေလည်းမပြတ်ရ” ဟူသတည်း။ ဟေရှာ ၃၃း၁၆။ ဘုရားသခင်၏သားသမီးများသည် ဤကတိတော်အားဖြင့် အသက်ရှင်ကြရလိမ့်မည်။ ကမ္ဘာကြီးသည် ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့နေသောအချိန်တွင် သူတို့သည် ကျွေးမွေးခြင်းကိုခံကြရလိမ့်မည်။ “သူတို့သည်ခဲယဉ်းသောကာလ၌မျက်နှာမပျက်၊ အစာခေါင်းပါးသောကာလ၌ဝစွာစားကြရ၏” ဆာလံ ၃၇း၁၉။ ဟဗက္ကုတ်သည် ထိုခဲယဉ်းသောကာလကိုမျှော်ကြည့်၍ အသင်းတော်၏ယုံကြည်ခြင်းအကြောင်းကို မြွက်ဆိုထားသည်မှာ “သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကိုမျှော်လင့်၍မခံရ၊ လယ်တို့သည်အသီးအနှံကိုမပေးရ၊ သိုးခြံ၌သိုးကုန်၍တင်းကုပ်၌နွားမရှိရ။ သို့သော်လည်းထာဝရဘုရား၌ ဝမ်းမြောက်၍ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက်ရွှင်လန်းမည်။” ဟဗက္ကုတ် ၃း၁၇-၁၈။

         သခင်ယေရှုခံစားခဲ့ရသော ပထမစုံစမ်းခြင်းကြီးထဲမှ ကျွန်ုပ်တို့နည်းနာယူရမည့် သင်ခန်းစာများတွင် ခံတွင်းတောင့်တခြင်းနှင့် ကာမဂုဏ်ခံစားခြင်းများကို ထိန်းချုပ်ခြင်းအပေါ်ရှုမြင်ချက်ထက်ပို၍ အရေးပါသော အရာတစ်ခုမျှမရှိချေ။ ကိုယ်ကာယနှင့်ပတ်သက်သော သဘာဝကိုညွတ်ပျောင်းစေသော စုံစမ်းခြင်းသည် ခေတ်အဆက်ဆက်လူသတ္တဝါများအား စာရိတ္တဖောက်ပြန်ပျက်စီး၍ယုတ်ညံ့သိမ်ဖျင်းစေရာတွင်အထိရောက် ဆုံးသောအရာဖြစ်ပါသည်။ စာတန်သည် ချုပ်တည်းခြိုးခြံမှုမရှိခြင်းကိုအကြောင်းပြု၍ တန်ဖိုးမဖြတ်နိုင် သောအ‌ရာအနေဖြင့် လူသားများအား ဘုရားသခင်ပေးသနားထားတော်မူသော စိတ်တန်ခိုးနှင့် ကိုယ်ကျင့် တရားစွမ်းရည်များကိုဖျက်ဆီးရန် အလုပ်လုပ်နေပါသည်။ ထိုနည်းအားဖြင့် ထာဝရအဖိုးထိုက်သောအရာ များကို လူသားများအနေနှင့် မှန်ကန်စွာနားလည်သဘောပေါက်ရန် မဖြစ်နိုင်သည့်အခြေအနေသို့ ရောက်လာ ပါသည်။ ကာမဂုဏ်ခံစားခြင်းကို လိုက်စားခြင်းအားဖြင့် ဘုရားသခင်နှင့်တူသည့်သဲလွန်စတိုင်းကိုလူသား များ ထံမှဖောက်ဖျက်ပစ်ရန် စာတန်ကြိုးစားနေပါသည်။

         ထိန်းချုပ်မှုမရှိသော ကာမဂုဏ်လိုက်စားခြင်းနှင့် ၎င်း၏အကျိုးဆက်များဖြစ်သော ရောဂါဘယများ နှင့် ယုတ်ညံ့သိမ်ဖျင်းသော စိတ်ဓာတ်တို့သည် ခရစ်တော်ပထမအကြိမ်ကြွလာစဉ်ကထက် ဒုတိယအကြိမ် ကြွလာသောအချိန်တွင် ပို၍အရှိန်အဟုန်ကြီးမားစွာဖြင့် လူသားများတွင်တည်ရှိနေကြလိမ့်မည်။ ကမ္ဘာ၏ အခြေအနေကို ရေလွှမ်းမိုးခြင်း အချိန်မတိုင်မီကကဲ့သို့လည်းကောင်း၊ သောဒုံနှင့်ဂေါမောရအချိန်ကကဲ့သို့ လည်းကောင်း ဖြစ်လိမ့်မည်ဖြစ်ကြောင်းကို ခရစ်တော်မိန့်တော်မူထားပါသည်။ စိတ်နှလုံး၏အတွေးအခေါ် များနှင့် ကြံဆမှုတိုင်းသည် ဆိုးသွမ်းသောအရာများသာဖြစ်ကြလိမ့်မည်။ ကြောက်လန့်ဖွယ်ကောင်းသော ထိုအချိန်ကို ရောက်လုဆဲဆဲအချိန်တွင် ကျွန်ုပ်တို့သည် အသက်ရှင်နေကြရာ ကျွန်ုပ်တို့သည် ခရစ်တော်၏ အစာရှောင်ခြင်းသင်ခန်းစာကို စိတ်ထဲ၌စွဲမှတ်သင့်ပါသည်။ ခရစ်တော်ခံစားခဲ့ရသော မဖော်ပြနိုင်လောက် အောင် ပြင်းထန်သော ဒုက္ခဝေဒနာအားဖြင့်သာလျှင် ချုပ်တည်းမှုမရှိသော ကာမဂုဏ်လိုက်စားခြင်း၏ မကောင်းမှုကို ကျွန်ုပ်တို့ခန့်မှန်းနိုင်ကြပါသည်။ ထာဝရအသက်အတွက် တစ်ခုတည်းသောမျှော်လင့်ချက် သည် ခံတွင်း၏တောင့်တမှုကိုလည်းကောင်း၊ စိတ်နှလုံးစွဲလမ်းခြင်းတို့ကို လည်းကောင်း၊ ဘုရားသခင်၏ အလိုတော်အတိုင်းလုပ်ဆောင်ခြင်းအားဖြင့်သာ ပြည့်စုံနိုင်ကြောင်းကိုယ်တော်ရှင်၏ ပုံသက်သေက ဖွင့်ဟနေ ပါသည်။

         ကျဆုံးနေသော ကျွန်ုပ်တို့၏လူသားဇာတိ၏ တောင်းဆိုချက်များကို ငြင်းပယ်ရန်အတွက် မိမိခွန်အားများအားဖြင့် မတတ်နိုင်ကြချေ။ စာတန်သည် ထိုအားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ ကျွန်ုပ်တို့ကို စုံစမ်းနှောင့်ယှက်ပါလိမ့်မည်။ မိစဉ်ဖဆက်အားနည်းချက်များအပေါ် အခွင့်ကောင်းယူရန် အတွက်သော်လည်းကောင်း၊ မိမိ၏မှားယွင်းသောအယုံသွင်းမှုများအားဖြင့် ထာဝရဘုရားအား ယုံကြည် ကိုးစားမှုမရှိသောသူများအား ဖြားယောင်းရန်အတွက်သော်လည်းကောင်း စာတန်သည် လူသားများထံသို့ ချဉ်းကပ်လိမ့်မည်ဖြစ်ကြောင်းကို ခရစ်တော်သိရှိခဲ့ပါသည်။ ၎င်းပြင် လူသားများလျှောက်ရမည့်လမ်းကို ကျော်ဖြတ်ခဲ့ခြင်းအားဖြင့် သခင်ဘုရားသည် ကျွန်ုပ်တို့အတွက် အောင်မြင်ကျော်လွှားနိုင်ရန် နည်းလမ်းကို ပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စာတန်နှင့်တိုက်လှန်ပွဲတွင် အခွင့်မသာစေနိုင်သည့်အနေအထားတွင် ရှိနေစေရန်လည်း ဘုရားသခင်အလိုတော်မရှိပါ။ စာတန်၏တိုက်ခိုက်မှုအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ အား ခြိမ်းခြောက်လိမ့်မည်မဟုတ်ချေ။ စိတ်အားလျော့အောင်လုပ်တော်မူလိမ့်မည်မဟုတ်ချေ။ “မစိုးရိမ်ကြ နှင့်။ ငါသည်လောကကိုအောင်ပြီ” ဟု ကိုယ်တော်ရှင်မိန့်တော်မူခဲ့၏။ ယောဟန် ၁၆း၃၃။

         အစားအစာအားဖြင့် စုံစမ်းခြင်းခံနေရသူများသည် တောထဲတွင်စုံစမ်းခြင်းခံခဲ့ရသည့် ကိုယ်တော်ရှင် ကိုကြည့်ပါစေ။ ရေငတ်သည်ဟုမိန့်တော်မူစဉ် ကပ်တိုင်ပေါ်တွင် ဒုက္ခဝေဒနာကိုခံစားနေရသော ကိုယ်တော်ကို ကြည့်ကြပါ။ ကျွန်ုပ်တို့ခံစားရမည့်အရာအားလုံးကို ကိုယ်တော်ရှင်ခံစားတော်မူခဲ့ပြီး ကိုယ်တော်၏ အောင်မြင် ခြင်းသည် ကျွန်ုပ်တို့၏အောင်ခြင်းတည်း။

         သခင်ယေရှုသည် ခမည်းတော်ဘုရား၏ဉာဏ်ပညာ၊ အစွမ်းသတ္တိများအပေါ်တွင် အားကိုးအားထား ပြုတော်မူခဲ့ပါသည်။ “ထာဝရဘုရားသည် ငါ့ကိုစောင့်မတော်မူလိမ့်မည်။ ထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍---ရှက်ကြောက်ခြင်းသို့မရောက်ရ၊----ကြည့်ရှုလော့၊ အရှင်ထာဝရဘုရားသည် ငါ့ကိုစောင့်မတော်မူမည်။----သင်တို့တွင်အဘယ်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ အဘယ်သူသည်အလင်းမရှိဘဲမှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏နာမတော်ကိုခိုလှုံ၍ မိမိဘုရားသခင်ကိုအမှီပြုပါစေ။ ဟေရှာ ၅၀း၇-၁၀။

         “ဤလောကကိုအစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။” ယောဟန် ၁၄း၃၀။ စာတန်၏စဉ်းလဲသော ဆင်ခြေကိုတုံ့ပြန်မည့်အရာ တစ်ခုမျှကိုယ်တော်၌ မတွေ့ရချေ။ ကိုယ်တော်သည် အပြစ်ပြုရန်အတွက် လိုက်လျောခြင်းမရှိခဲ့သည့်ပြင် စုံစမ်းခြင်းသို့လိုက်ပါရန် အတွက် စိတ်ကူးပင်မကူးခဲ့ဖူးချေ။ ကျွန်ုပ်တို့အနေနှင့်လည်း ထိုကဲ့သို့အခြေအနေမျိုးဖြစ်နိုင်ကြပါသည်။ ခရစ်တော်၏ လူသားဇာတိသည် ဘုရားဇာတိတော်နှင့်ပေါင်းစပ်ခဲ့သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်ထဲတွင်ကိန်းဝပ်နေသောကြောင့် ကိုယ်တော်သည် တိုက်လှန်ပွဲအတွက် သင့်လျော်သော အခြေအနေတွင် ရှိတော်မူခဲ့ပါသည်။ ၎င်းပြင်ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားပကတိကိုဆက်ဆံသောသူများဖြစ် အောင်ပြုလုပ်ပေးရန် ကြွလာတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ရှင်နှင့် တစ်လုံးတစ်ဝတည်းရှိနေသမျှကာလပတ်လုံး အပြစ်တရားသည် ကျွန်ုပ်တို့ကိုစိုးမိုးခြယ်လှယ်ခြင်းမပြုချေ။ ကျွန်ုပ်တို့သည် စုံလင်သောစာရိတ္တကိုရယူနိုင်စေရန်အလို့ငှါ ထာဝရဘုရားသည် ခရစ်‌တော်၏ ဘုရားဇာတိ တော်အပေါ် ခိုင်မြဲစွာဆုပ်ကိုင်ထားရန်အတွက်ညွှန်ပြရန် ကျွန်ုပ်တို့တွင်ရှိနေသော ယုံကြည်ခြင်းအစွမ်းအစ များကို လက်ကမ်းတော်မူပါသည်။

         စုံလင်သောစာရိတ္တကို မည်ကဲ့သို့ရနိုင်ကြောင်းကိုလည်း ခရစ်တော်သည် ကျွန်ုပ်တို့အားပြထား တော်မူပြီးဖြစ်ပါသည်။ ကိုယ်တော်ရှင်သည် တိုက်လှန်ပွဲတွင် စာတန်ကိုမည်သည့်နည်းအားဖြင့် အောင်မြင် တော်မူခဲ့သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ပင်ဖြစ်ပါသည်။ ကိုယ်တော်သည် နှုတ်ကပတ်‌ တော် အားဖြင့်သာစုံစမ်းခြင်းကိုတွန်းလှန်နိုင်ခဲ့ပါသည်။ “ကျမ်းစာလာသည်ကား” ဟူ၍ ကိုယ်တော်မိန့်မြွက်‌ တော်မူခဲ့ပါသည်။ ၎င်းပြင် “အလွန်ကြီးမြတ်၍ အဖိုးထိုက်သောကတိများကိုအမှီပြု၍ သင်တို့သည်လောကီ တပ် မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ဘုရားပကတိကိုဆက်ခံရသောသူ ဖြစ်ကြမည့်အကြောင်း တည်း” (၂ပေ၊ ၁း၄) ဟူ၍လည်းမိန့်တော်မူထားပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ပေးထားသည့် ကတိတော်များသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်တော်မှ ယိုစီးလာသော နှုတ်ကပတ် တော်များအားဖြင့် ကျွန်ုပ်တို့အသက်ရှင်နေထိုင်ကြရပါမည်။ စုံစမ်းခြင်းကိုခံရသောအခါ ပတ်ဝန်းကျင် အခြေအနေများနှင့် မိမိ၏အားနည်းချက်များကိုမကြည့်ဘဲ နှုတ်ကပတ်တော်၏ တန်ခိုးတော်ကိုသာကြည့်ကြ ပါ။ နှုတ်ကပတ်တော်၏ခပ်သိမ်းသော အစွမ်းသတ္တိများသည် သင့်အတွက်ဖြစ်ပါသည်။ “ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ။ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။” (ဆာလံ ၁၁၉း၁၁။ ၁၇း၄) ဟူ၍ ဆာလံဆရာက ရေးသားထားပါသည်။

No comments:

Post a Comment