Sunday, April 19, 2026

ထာဝရလိုအင် သက်တော်စဉ်


ထာဝရလိုအင် သက်တော်စဉ်

အီးဂျီဝှိုက်ရေးသားပြုစုသည့် “ The Desire Of Ages” စာအုပ်ကို ဦးရဲကိုက “ထာဝရလိုအင် သက်တော်စဉ်” အမည်ဖြင့် မြန်မာပြန်ဆိုသည်။

 ရှေးဦးစကား

နေရာအသီးသီးတွင် နေထိုင်လျက်ရှိကြသော လူသားတိုင်းတို့၏ စိတ်နှလုံးထဲတွင်မိမိတို့ ပိုင်ဆိုင်ထားခြင်းမရှိသေးသည့် အရာများကို ပိုင်ဆိုင် လိုသည့် ဆန္ဒများသည် မဖော်ပြနိုင်အောင် များပြားလျက်ရှိတတ်ပါသည်။ လူသားများသည် ကောင်းစားသည်ဖြစ်စေ၊ ဒုက္ခရောက်သည်ဖြစ်စေ မိမိတို့၏ ပစ္စုပ္ပန်အခြေအနေများနှင့် ရောင့်ရဲကျေနပ်မနေတတ်ကြဘဲတစ်ခုခုကိုတောင့်တနေတတ် ကြပါသည်။ ဤစိတ်ဓာတ်ကလေးကိုလူသားများ၏နှလုံးသားဝယ် ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီး တော်မူခဲ့ခြင်းဖြစ်ပါသည်။ လူသားများသည် အကောင်းဆုံးသောအရာကို ကြိုးစားရှာဖွေကာ လူ့အသက်ဝိညာဉ်၏ ထာဝရကောင်းချီးမင်္ဂလာအတွက် အကောင်းဆုံးသောအရာကိုတွေ့ ရှိသွားရန် ထာဝရဘုရားအလိုရှိတော်မူပါသည်။

လူသားများ၏ထိုလိုလားတောင့်တမှုကိုလမ်းလွှဲသွားရန် ကောက်ကျစ် သောနည်းလမ်းများကို အသုံးပြုလျက် စာတန်ကြိုးစားနေပါသည်။ ထိုလိုလားတောင့်တမှုကိုအပျော်အပါး၊ စည်းစိမ်ဥစ္စာ၊ ချမ်းသာကုံလုံခြင်း၊ ကျောစောကိတ္ထိ၊ တန်ခိုးအာဏာစသည့်အရာများအားဖြင့် ဖြည့်စွမ်းပေးနိုင်မည်ဟု လူသားများအား စာတန်အယုံသွင်းခဲ့သော်လည်းဤအရာများသည် အသက်တာများတွင်ငြီးငွေ့မှု ကိုသာဖြစ်စေပြီး အသက်ဝိညာဉ်၏လိုလားတောင့်တမှုကို မဖြည့်စွမ်းနိုင်ကြောင်း၄င်းတို့တွေ့ရှိခဲ့ကြ ရပါသည်။

လူသားများ၏နှလုံးတွင်ဖြစ်ပေါ်နေသော ထိုလိုလားတောင့်တစိတ်သည် ထိုပုဂ္ဂိုလ်အား ထိုတောင့်တစိတ်ကို ဖြည့်ဆည်းပေးနိုင်သည့် ဘုရားသခင် ထံတော်သို့ပို့ဆောင်ပေးရန် ထာဝရဘုရား ရည်စူးတော်မူပါသည်။ ကိုယ်တော်၏ အကြောင်းကိုသိလိုသောဆန္ဒသည် ထိုလိုလားတောင့်တမှုကို ဖြည့်ဆည်းပေးနိုင်သည့်ကိုယ်တော်ရှင့်ထံသို့ လမ်းပြပေးနိုင်မည်ဖြစ်ပါသည်။ အလိုပြည့်စုံမှုကို ထာဝရဘုရား၏ သားတော်ယေရှုခရစ်တော်၌သာတွေ့ရပါသည်။ “ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ကိန်းဝပ်စေခြင်းငှါဘုရားသခင်အလိုရှိတော်မူ၏။” “အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကိန်းဝပ်တော်မူ၏။”

ဟဂ္ဂဲက ကိုယ်တော်အား “လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာ” ဟု ခေါ်ဝေါ်သမုတ် ထားပါသည်။ ကျွန်ုပ်တို့အနေဖြင့်လည်းကိုယ်တော်အား “ထာဝရလိုအင်သက်တော်စဉ်”  ဟုခေါ်ဝေါ် သမုတ်နိုင်ကြပါမည်။

ခရစ်တော်၏သက်တော်စဉ်အကြောင်းကို စာအုပ်စာပေပေါင်း များစွာ တွင်ရေးသားဖော်ပြ ထားခဲ့ကြသော်လည်း သက်တော်စဉ်၏ အစိတ်အပိုင်း တစ်ဝက်ခန့်ကိုမူ မည်သည့်အချိန်ကမျှမဖွင့် ဆိုခဲ့ဖူးကြပါ။ထိုကြောင့် ခရစ်တော်သည် လိုလားတောင့်တမှု အပေါင်းကိုဖြည့်ဆည်း ပေးနိုင်သည့် တစ်ပါးတည်းသောဘုရားတစ်ဆူဖြစ်ကြောင်းကို ဤစာအုပ်က ဖွင့်ဆိုထားပါ သည်။

ဤစာအုပ်တွင်ခရစ်တော်၏သက်တော်စဉ်နှင့်ပတ်သက်သော အရေးကြီးသည့်အဖြစ်အပျက် များနှင့် အံ့သြဖွယ်ရာသင်ခန်းစာယူစရာများကို အချိန်ကာလအစဉ်အလိုက်ဖော်ပြထားပါသည်။ လူသားတိုင်းမျှဝေခံစားနိုင်သည့်ခရစ်တော်၏အသက်တာတွင်ထင်ရှားခဲ့သည့်ဘုရားသခင်၏ အသရေ တင့်တယ်မှုတည်းဟူသောကိုယ်တော်၏ မဟာမေတ္တာတော်အကြောင်းကိုလည်းဖွင့်ဆိုထား ပါသည်။

စာရေးသူအမျိုးသမီးကြီးသည်ခရစ်တော်၏ သက်တော်စဉ်မှအသစ် သောတင့်တယ်မှုများကို ဖော်ပြထားပေးပြီး ရတနာသေတ္တာထဲမှ အသစ်စက်စက်သော ကျောက်သံပတ္တမြားကိုထုတ်ယူကာ စာဖတ်သူအား ဖွင့်ပြထားပါ သည်။ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်ဝလျက်ရှိသောအသစ်သော အလင်းတော်များသည် ဤစာအုပ်၏စာမျက်နှာတိုင်းတွင်ထွန်းတောက်လျက်ရှိပါသည်။ အချုပ်အား ဖြင့်ဆိုရသော် ဤစာအုပ်တွင်ခရစ်တော်အား ဘုရားသခင်၏ပြည့်စုံတော်မူခြင်း၊ အပြစ်သားများ၏ အနန္တကရုဏာနှင့်ပြည့်စုံသောကယ်တင်ရှင်တရားတော်နေမင်း၊ ယဇ်ပုရောဟိတ်မင်းကြီး၊ အနာကို ပျောက်ကင်းစေသည့်သမားတော်ကြီး၊ ကြင်နာမှုအပြည့်ရှိသောမိတ်ဆွေ၊ ငြိမ်သက်ခြင်းအရှင်ထာဝရ အဘ စသည်စသည်ဖြင့်ဖော်ြပဖွင့်ဟထား ပါသည်။

ဤစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့်စကားလုံးများသည် ယခု တိုင်လိုလားတောင့်တမှု ကို  ဖြည့်ဆည်းခြင်းမခံရသေးသည့် လူသားများ၏ အသက်ဝိညာဉ်အတွက် အသက်နှင့်စပ်ဆိုင်သော စကားလုံးကလေးများ ဖြစ်ပါစေဟု ဆုတောင်းရင်း ဘုရားသခင်၏ စောင့်မမှုကိုခံယူလျက် မြန်မာပြည် တစ်လွှားရှိဘုရားသခင်၏သားသမီးများထံသို့ ဤ“ထာဝရလိုအင်သက်‌တော်စဉ်” စာအုပ်ကိုဖြန့်ဝေ လိုက်ရပါသည်။

ထုတ်ဝေဖြန့်ချိသူများ




No comments:

Post a Comment