Sunday, April 19, 2026

အခန်းကြီး - ၁၀။ တော၌ဟစ်ကြွေးသောအသံ

 

တော၌ဟစ်ကြွေးသောအသံ

ရှင်လုကာ ၁း၅-၂၃၊ ၅၇-၈၀။ ရှင်မဿဲ ၃း၁-၁၂။ ရှင်မာကု ၁း၁-၈ ကိုအခြေပြုသည်

မေရှိယကြွလာခြင်းကိုအချိန်ကြာမြင့်စွာကတည်းကစောင့်မျှော်ခဲ့ကြသောသစ္စာရှိဣသရေလလူများ ထဲမှ ခရစ်တော်အတွက် ရှေ့ပြေးတစ်ဦးပေါ်ထွန်းခဲ့သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဇာခရိနှင့်ဇနီး ဧလိရှဗက်တို့သည် ဘုရားသခင့်ရှေ့၌ ဖြောင့်မတ်ခြင်းပါရမီနှင့် ပြည့်စုံသူများဖြစ်ကြပြီး ၎င်းတို့၏ငြိမ်သက် သာယာသော အသက်တာများအားဖြင့် ဆိုးယုတ်သောနေ့များ၏ အမှောင်ထုအလယ်တွင် ယုံကြည်ခြင်း အလင်းကို ကြယ်ကလေးတစ်လုံးပမာထွန်းတောက်ခဲ့ကြပါသည်။ ထာဝရဘုရား၏လမ်းခရီးတော်ကိုပြင်ဆင် ခြင်းငှါ ရှေ့ပြေးအဖြစ် ပေါ်ထွန်းမည့်သားတစ်ယောက်နှင့်ပတ်သက်သောကတိတော်ကို ဘုရားတရား ရှိသော ဤဇနီးမောင်နှံအား ဘုရားသခင်ပေးသနားတော်မူခဲ့ပါသည်။

          ဇာခရိသည် ယုဒတောင်ကြားအရပ်များတွင် နေထိုင်ခဲ့ပါသည်။ ဣသရေလလူမျိုးတစ်မျိုးစီမှ ယဇ်ပုရောဟိတ်များသည် တစ်နှစ်လျှင်နှစ်ကြိမ်ကျ၊ ယေရုရှလင်မြို့ရှိဗိမာန်တော်တွင် အမှုတော် ထမ်းဆောင် ရသည် ဖြစ်၍ သူသည် ရက်သတ္တတစ်ပတ်ကြာ အမှုတော်ထမ်းဆောင်ရန် ယေရုရှလင်မြို့သို့ သွားခဲ့ပါသည်။ မိမိအသင်းနှင့်တကွ အလှည့်ကျ၍ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရာတွင် ယဇ်ပုရောဟိတ်ထုံးစံအတိုင်းစာရေးတံချရာ သူသည် ထာဝရဘုရား၏ဗိမာန်တော်တွင်းသို့ဝင်၍ နံ့သာပေါင်း တို့ကို မီးရှို့ရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ရပါသည်။

          သူသည် ဗိမာန်တော်ရှိသန့်ရှင်းသောအခန်း၌ နံ့သာပေါင်းမီးရှို့သော ယဇ်ပလ္လင်ရှေ့တွင် မတ်တတ်ရပ် နေစဉ် နံ့သာပေါင်းအခိုးအငွေ့များနှင့်အတူ ဣသရေလလူများ၏ဆုတောင်းသံများသည် ထာဝရဘုရားရှေ့ တော်မှောက်သို့ တက်လွင့်လျက်ရှိပါသည်။ ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ထင်ရှား၍ နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်၏လက်ယာဘက်၌ရပ်နေသည်ကို ဇာခရိမြင်တွေ့ခဲ့ရပြီးကောင်းကင်တမန် ၏အနေအထားသည် ကျေးဇူးပြုချင်သည့်သဘောကို ဖော်ညွှန်းနေသော်လည်း သူသတိမမူခဲ့ချေ။ သူသည် ကယ်တင်ရှင်ကြွလာခြင်းနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ပါသည်။ ယခုတွင် ဘုရားသခင်သည် ၎င်း၏ဆုတောင်းချက်များကို အဖြေပေးတော့မည့်အကြောင်း အသိပေးရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူခဲ့သော်လည်း ၎င်းအတွက် ယုံကြည်လက်ခံရန် ထာဝရဘုရား၏သနားခြင်းကရုဏာသည် အလွန်ကြီးမားနေသယောင်ဖြစ်နေပါသည်။ ထို့ကြောင့်သူသည် စိတ်နှလုံးမငြိမ်မဝပ်ဖြစ်ကာ ထိတ်လန့် ကြောက်ရွံ့နေခဲ့ပါသည်။

            သို့သော်လည်း ကောင်းကင်တမန်က၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်ပြုသောပတ္တနာကို နားညောင်းတော်မူပြီ။ သင်၏ဇနီး ဧလိရှဗက်သည် သားယောကျာ်းကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန် အမည်ဖြင့်မှည့်ရမည်။ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကို ဖွားမြင်သောကြောင့်လူအများ တို့သည်လည်းဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။အကြောင်းမူကားထိုသားသည်ထာဝရဘုရားရှေ့ တော် ၌ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကိုမသောက်ဘဲ အမိဝမ်းထဲကပင်သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။ အဘနှင့်သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါလည်းကောင်း၊ ငြင်းဆန် သောသူတို့ကိုသူတော်ကောင်းတို့၏ အသိပညာလမ်းသို့ပြောင်းလဲစေသောအားဖြင့် ထာဝရဘုရားအဖို့ အလို့ငှါ ပြင်ဆင်သောလူမျိုးဖြစ်စေခြင်းငှါလည်းကောင်း၊ သူသည် ဧလိယ၏စိတ်ဝိညာဉ်နှင့်ပြည့်စုံလျက် ဘုရားသခင့်ရှေ့တော်သို့သွားလိမ့်မည်။ ဣသရေလအမျိုးများတို့ကို သူတို့၏ဘုရားသခင်ထာဝရဘုရားထံ တော်သို့ ပြောင်းလဲစေလိမ့်မည်ဟု သူ့အားဝမ်းမြောက်ဖွယ် အာမခံချက်နှင့် နှုတ်ခွန်းဆက်ခဲ့ပါသည်။ ဇာခရိကလည်း ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်အဘယ်သို့ သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အားပြောဆိုခဲ့၏။

            အာဗြဟံသည် ကတိတော်အရာ၌တည်ကြည်ကြောင်း ကိုယ်တော်ရှင်အားယုံကြည်သောကြောင့် အသက်အရွယ်အိုမင်းသောအချိန်တွင် သားကလေးတစ်ယောက်ကို ပေးသနားတော်မူခြင်း ခံခဲ့ရကြောင်းကို ဇာခရိကောင်းမွန်စွာသိရှိခဲ့ပါသည်။ သို့သော် သက်ကြီးရွယ်အို ဤယဇ်ပုရောဟိတ်ကြီးသည် အားနည်းသော လူသားတစ်ဦးကဲ့သို့ တွေးခေါ်ခဲ့ပါသည်။ ထာဝရဘုရားသည် ကတိထားတော်မူသောအရာကို ပြီးမြောက် အောင် ဆောင်ရွက်နိုင်ကြောင်းကို သူမေ့လျော့ခဲ့ပါသည်။ “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသော်” ဟူ၍ ကောင်းကင်တမန်၏ အံ့ဩဖွယ် ကြေညာချက်ကို ဖြေကြားခဲ့သော မာရိ၏နှစ်သက်ဖွယ်သော ကလေးငယ်နှင့်တူသော ယုံကြည်ခြင်းနှင့် ဇာခရိ၏ မယုံကြည်မှုသည် မည်မျှကွာခြားလိုက်ပါဘိသနည်း။

            ဇာခရိအတွက် သားတစ်ဦးမွေးဖွားခြင်းသည် အာဗြဟံနှင့်မာရိတို့အတွက် သားကလေးမွေးဖွားခြင်း ကဲ့သို့ ကြီးကျယ်သောဝိညာဉ်ရေး အမှန်တရားတစ်ခုကို သွန်သင်ရန်ဖြစ်ပါသည်။ ထိုသမ္မာတရားကလေးကို သင်ယူရန် ဖင့်နွှဲကြသော်လည်း ထိုသမ္မာတရားကလေးကို မေ့လျော့ရန် အဆင်သင့်ရှိခဲ့ကြသည်။ ကျွန်ုပ်တို့၏ ခွန်အားများကိုအားကိုး၍ မည်သည့်ကောင်းသောအရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြသော်လည်း တိုးလျှိုး အောက်ကျို့၍ ယုံကြည်သောအသက်ဝိညာဉ်တိုင်းတွင် ထိုမစွမ်းနိုင်သောအရာကို ထာဝရဘုရား၏တန်ခိုး တော်အားဖြင့် ပြီးမြောက်စေတော်မူလိမ့်မည်ဖြစ်ပါသည်။ ယုံကြည်ခြင်းအားဖြင့် ကတိတော်နှင့်ပတ်သက် သောအကျင့်များကို လုပ်ဆောင်နိုင်ကြပါသည်။

            ဇာခရိ၏အမေးကို တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်တမန်က “ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏၊ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို စေလွှတ်တော်မူ၏” ဟူ၍ ဖြေကြားခဲ့၏။ လွန်ခဲ့သောနှစ်ပေါင်းငါးရာအချိန်က ခရစ်တော်ကြွလာမည့်အချိန် အထိဖော်ပြထားသော အချိန်နှင့်ပတ်သက်သည့်အနာဂတ္တိစကားများကို ဂါဗြေလသည်ဒံယေလအားကြား ပြောခဲ့ဖူးပါသည်။ အဆုံးသို့ရောက်လုပြီဟူသောအသိသည် ဇာခရိအား မေရှိယကြွလာခြင်းအတွက် ဆုတောင်းရန် လှုံ့ဆော်ပေးခဲ့ပါသည်။ ထိုအနာဂတ္တိစကားကို ပေးခဲ့သည့် ထိုကောင်းကင်တမန်သည် ယခုအချိန်တွင် ယင်းအနာဂတ္တိစကား၏ ပြည့်စုံခြင်းကို ကြေညာရန်လာခဲ့ပါသည်။

            ငါသည် ဘုရားသခင်၏အထံတော်၌ ခစားသောဂါဗြေလဖြစ်သည် ဟူသောစကားများသည် ၎င်းအနေဖြင့် ကောင်းကင်ရွှေနန်းတော်တွင် မြင့်မားစွာဂုဏ်ပြုခြင်းခံရသည့် ရာထူးတစ်ခုကိုကိုင်စွဲထား ကြောင်းကို ပြသနေပါသည်။ ထိုကောင်းကင်တမန်သည် ဒံယေလထံသို့ သတင်းစကားတစ်ခုကို ယူလာခဲ့ သောအချိန်က “သင်တို့၏မင်း၊ မိက္ခေလမှတစ်ပါး၊ ငါ့ဘက်မှာနေသောသူမရှိ” ဟူ၍ပြောဆိုခဲ့ပါသည်။ (ဒံယေလ ၁၀း၂၁)။ ကယ်တင်ရှင်သည် ဂါဗြေလနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းတွင် ပြောဆိုထားသည်မှာ “ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏” ဟူ၍ဖြစ်၏။ ၎င်းပြင် ယင်းကောင်းကင်တမန်က ယောဟန်အားပြောဆိုသည်မှာ “ငါကား၊ သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏၊ သင်၏အစ်ကိုပုရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက် သောသူတို့၏ လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏” ဟူသတည်း။ ဂုဏ်အသရေအရာတွင် ခရစ်တော်ပြီးလျှင် အကြီးဆုံးသောသူတစ်ပါးအား ထာဝရဘုရား၏သဘောထားကို အပြစ်သားများထံသို့ လာရောက်ပြောကြား ရန် ရွေးချယ်ခြင်းအရာသည် အံ့ဩစရာကောင်းလှသည့် အကြံအစည်တစ်ခု ဖြစ်ပါသည်။

            ဇာခရိသည် ထိုကောင်းကင်တမန်၏စကားများအပေါ် သံသယရှိကြောင်း ဖော်ပြပြောဆိုခဲ့ပါသည်။ ကောင်းကင်တမန်ပြောဆိုခဲ့သော ထိုစကားများပြည့်စုံသည့်အချိန်တိုင်အောင် ၎င်းကိုနှုတ်အစေခဲ့ပါသည်။ “သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား အချိန်တန်လျှင်ပြည့်စုံလိမ့်မည်” ဟူ၍ပြောခဲ့ပါသည်။ အများ ပြည်သူများနှင့် နိုင်ငံတော်တစ်ခုလုံး၏ အပြစ်များအတွက်သော်လည်းကောင်း၊ မေရှိယကြွလာခြင်းအတွက် သော်လည်းကောင်း ဤအစည်းအဝေးတွင် ဆုတောင်းပေးရန်မှာ ယဇ်ပုရောဟိတ်၏တာဝန်ဖြစ်ပါသည်။ ဇာခရိသည် ထိုအရာကိုဆုတောင်းပေးရန် ကြိုးစားခဲ့သော်လည်း စကားတစ်လုံးကိုမျှ မပြောဆိုနိုင်ခဲ့ချေ။

            သူသည်လူများအား ကောင်းချီးပေးရန် ထွက်လာသောအခါ “သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။ ယုဒလူများသည် ဇာခရိ၏ထွက်အလာကို ကြာမြင့်စွာစောင့်မျှော်ခဲ့ကြပါသည်။ ၎င်းပြင် ဘုရားသခင်၏စီရင်မှုကြောင့် သေဆုံးသွားမည်ကိုစိုး၍ ပူပန်ခဲ့ကြပါသည်။ သို့သော် သန့်ရှင်းရာဌာနတော်မှ ထွက်လာသောအခါ ၎င်း၏မျက်နှာသည် ဘုန်းရောင်ခြည်များဖြင့် ထွန်းလင်းတောက်ပနေသောကြောင့် သူသည် ဗျာဒိတ်ရူပါရုံကို မြင်ခဲ့ရပြီဖြစ်ကြောင်း ရိပ်မိခဲ့ကြပါသည်။ ဇာခရိသည် ၎င်းမြင်တွေ့ကြားနာခဲ့ရ သောအရာများကို ထိုသူများအား အရိပ်အမှတ်အားဖြင့်ပြောပြပြီးနောက် ယဇ်ပု‌ရောဟိတ်အမှုကို ဆောင်ရွက် ရသော အချိန်ကာလကုန်သောအခါ မိမိအိမ်သို့ ထွက်ခွာသွားခဲ့လေ၏။

            ကတိထားတော်မူသောသားငယ်ကို ဖွားမြင်ပြီးသည့်နောက်ခဏချင်းတွင်ပင် ဇာခရိသည်နှုတ်ဖွင့် ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ အိမ်နီးချင်း ရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒတောင်ကြားအရပ်ရပ်၌ နှံ့ပြား ကျော်စော လေ၏။ ကြားရသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သားထား၍ ဤသူငယ်သည် အဘယ်သို့သောသူ ဖြစ်လိမ့်မည်နည်းဟုဆိုကြ၏။ ဤအရာအားလုံးသည် မေရှိယကြွလာခြင်းကို အာရုံပြုစေရန်ရည်စူးခဲ့ပါ သည်။ ထိုကြွလာခြင်းအတွက် ဆရာယောဟန်သည် လမ်းခရီးကို ပြင်ဆင်ရန် ဖြစ်ပါသည်။

            သန့်ရှင်းသောဝိညာဉ်တော်သည် ဇာခရိအပေါ်တွင် ကျရောက်၍ ပြောင်မြောက်သောစကားလုံးများ တို့ဖြင့် မိမိ၏သားငယ်အမှုတော်အကြောင်းကို အနာဂတ်ဟောကြားခဲ့ပါသည်။

            “အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပုရောဖက်ဟု ခေါ်ဝေါ်ခြင်းကိုခံရ လိမ့်မည်။ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြသဖြင့် ထာဝရဘုရား၏ လမ်းခရီး တော်ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။ ထိုသနားတော်မူခြင်းကျေးဇူးအားဖြင့် ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သို့တက်သဖြင့် မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်း၍ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်” ဟု ပုရောဖက်ဉာဏ်နှင့် ဟောလေ၏။ လုကာ ၁း၇၆-၇၉။

            ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင် အောင် တောအရပ်၌နေလေ၏။ ဆရာယောဟန်မမွေးဖွားမီ ထိုကောင်းကင်တမန်က၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍ အမိဝမ်းတွင်းကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်ဟု ပြောဆိုခဲ့ပါသည်။ ထာဝရဘုရားသည် ဇာခရိ၏သားအား ကြီးမားသောအမှုတော်တစ်ခုအတွက် ခေါ်တော်မူခဲ့ပြီး ထိုအလုပ်သည် လူသားများကို ပေးအပ်ခဲ့ဖူးသော လုပ်ငန်းများထဲတွင် အကြီးမားဆုံးဖြစ်ပါသည်။ ထိုလုပ်ငန်းကို ပြီးမြောက်အောင် လုပ်ကိုင်ရန်အတွက် ဘုရားသခင်သည် ၎င်းနှင့်အတူလုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ ၎င်းပြင် သူသည် ဂါဗြေလ၏ညွှန်ကြားချက်များကို လိုက်လျှောက်ခဲ့မည်ဆိုလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် ၎င်းနှင့်အတူ ရှိခဲ့လိမ့်မည် ဖြစ်ပါသည်။

            ဆရာယောဟန်သည် ထာဝရဘုရား၏စေတမန်တစ်ဦးအနေနှင့် ဘုရားသခင်၏ အလင်းတရားကို လူများထံသို့ယူဆောင်သွားရန်ဖြစ်ပါသည်။ ၎င်းတို့၏အတွေးအခေါ်များကိုလည်းဘုရားသခင်ထံသို့ ဦးလှည့် ပေးရမည် ဖြစ်ပါသည်။ ဘုရားသခင်လိုလားတော်မူသည့် သန့်ရှင်းခြင်းနှင့် ၎င်းတို့တွင် လိုအပ်နေသော ကိုယ်တော်၏စုံလင်ဖြောင့်မတ်ခြင်းတရားများကို သူတို့၏စိတ်ထဲတွင် စွဲမြဲသွားစေအောင် လုပ်ဆောင်ပေးရ ပါမည်။ ဤကဲ့သို့သော လုပ်ငန်းများကို ဆောင်ရွက်မည့်စေတမန်သည် ကိုယ်တိုင်သန့်ရှင်းရမည် ဖြစ်ပါသည်။ သူသည် ဘုရားသခင်၏ဝိညာဉ်တော်ကိန်းအောင်းတော်မူရာ ဗိမာန်တော်ဖြစ်ရမည်ဖြစ်ပါသည်။ မိမိ၏ ဝတ္တရားများကို ပြည့်စုံပြီးမြောက်စေရန် သူ၌ကြံ့ခိုင်တောင့်တင်းသော ကိုယ်ခန္ဓာရှိရပါမည်။ စိတ်တန်ခိုးနှင့် ဝိညာဉ်ရေးခွန်အားများလည်း ပြည့်စုံနေရပါမည်။ ထို့ကြောင့် ခံတွင်းအလိုကို ထိန်းသိမ်းရန်နှင့်ကာမဂုဏ် ခံစားခြင်းကိုချုပ်တည်းရန်မှာ သူတို့အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်ဖြစ်လာခဲ့ပါသည်။ လူအများ နှင့်နေထိုင်သောအခါ ၎င်းအနေဖြင့် ကန္တာရထဲတွင်ရှိသော ကျောက်တောင်များကဲ့သို့ ပတ်ဝန်းကျင်အခြေ အနေများကြောင့် ယိမ်းယိုင်လှုပ်ရှားခြင်း မဖြစ်စေရန်မိမိတွင်ရှိသော အစွမ်းသတ္တိများကိုထိန်းသိမ်းနိုင်ရမည် ဖြစ်ပါသည်။

            ဆရာယောဟန်အချိန်တွင် ချမ်းသာကြွယ်ဝမှုများကို မက်မောခြင်း၊ အပျော်အပါးများနှင့်ဝင့်ဝါခြင်း များကိုနှစ်သက်မြတ်နိုးခြင်းများသည်ပျံ့နှံ့လျက်ရှိခဲ့ပါသည်။ ကာမဂုဏ်ခံစားခြင်းများနှင့် အသောက်အစား များသည် ခန္ဓာကိုယ်တွင် ရောဂါဘယများကိုဖြစ်ပေါ်စေ၍ ဝိညာဉ်ရေးအသိအမြင်စွမ်းအားတို့ကိုယုတ်ညံ့ ထုံထိုင်းစေပြီးလျှင် အပြစ်ကိုအပြစ်မှန်းသိသည့် ခံစားမှုကိုလျော့နည်းစေပါသည်။ ယောဟန်အနေဖြင့် ဘာသာရေးပြုပြင်ရေးသမားတစ်ဦးအဖြစ် ရပ်တည်ရန်သာဖြစ်ပါသည်။ မိမိ၏အစားအသောက် ခြိုးခြံသော အသက်တာနှင့် ရိုးသားသောဝတ်ဆင်မှုများအားဖြင့် လွန်ကျူးစွာ နေထိုင်စားသောက်သူများအား သွန်သင်ရန် ဖြစ်ပါသည်။ ထိုနေရာတွင် ဘုရားသခင်၏ပလ္လင်တော်မှ ကောင်းကင်တမန်တစ်ပါးသည် ချုပ်တည်းခြင်းနှင့် ပတ်သက်သော သင်ခန်းစာတစ်ခုကို ယောဟန်၏မိဘများအား သင်ကြားပေးခဲ့ပါသည်။

            ကလေးအရွယ်နှင့် လူငယ်အရွယ်များတွင် အကျင့်စာရိတ္တကို ပုံသွင်းရန်အကောင်းဆုံးအချိန်ဖြစ်ပါ သည်။ မိမိကိုယ်ကို ချုပ်တည်းနိုင်သည့်တန်ခိုးအား ထိုအချိန်အရွယ်တွင် ရယူထားသင့်ပါသည်။ မီးဖိုနံဘေးနှင့် မိသားစုထမင်းဝိုင်းများတွင် လာမည့်အသက်တာအတွက်အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပါ သည်။ ထိုအကျိုးသက်ရောက်မှုများ၏ အကျိုးဆက်သည် ထာဝရကာလနှင့်အမျှ တည်မြဲလျက်ရှိပါသည်။ အသက်အရွယ်ငယ်စဉ်အခါတွင် တည်ဆောက်ခဲ့သောအကျင့်ဓလေ့များသည် လူတစ်ယောက်အားဘဝ တိုက်ပွဲတွင် အောင်မြင်မည် (သို့မဟုတ်) ရှုံးနိမ့်မည် ဆိုသည်ကို အခြားပင်ကိုစွမ်းအားများထက် ပို၍ဆုံးဖြတ်မှု ပေးပါသည်။ လူငယ်အရွယ်တွင် မျိုးစေ့ကြဲရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထိုအချိန်သည် ယခုဘဝနှင့် နောင်တမလွန်ဘဝတွင် ရိတ်သိမ်းရမည့် စာရိတ္တကို အဆုံးအဖြတ်ပေးပါသည်။

            ဆရာယောဟန်သည် ပုရောဖက်တစ်ပါးအနေဖြင့် အဘတို့နှင့်သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ လည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာအလိုငှါ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါလည်းကောင်း၊---ပြုလုပ်ရန်ဖြစ်ပါသည်။ ခရစ်တော်၏ ပထမအကြိမ်ကြွလာခြင်းအတွက် လမ်းခရီးကိုပြင်ဆင်ခြင်းအားဖြင့် သူသည်ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကို ပြင်ဆင်ပေးနေသောလူ များကို ကိုယ်စားပြုသူတစ်ဦးဖြစ်ခဲ့ပါသည်။ ကမ္ဘာကြီးသည် လွန်ကျူးစွာကာမဂုဏ် ခံစားမှု‌နောက်သို့ လိုက်ပါ ခဲ့ပါသည်။ အမှားများနှင့် ယုံတမ်းစကားများသည် ပေါကြွယ်ဝလျက်ရှိခဲ့ပါသည်။ အသက်ဝိညာဉ်များကို ဖျက်ဆီးခြင်းအတွက် စာတန်၏ထောင်ချောက်များသည် များပြားလျက်ရှိပါသည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းအားဖြင့် သန့်ရှင်းခြင်းအသက်တာ၌ စုံလင်စေမည့်သူများအားလုံးသည် ချုပ်တည်းခြင်းနှင့် မိမိကိုယ်ကိုထိန်းချုပ်ခြင်းအတွက်သင်ခန်းစာများကိုလေ့ကျက်ရပါမည်။ ခံတွင်းတောင့်တခြင်းနှင့်ကိလေသာ ဇောများကို ပို၍ အားကောင်းသော စိတ်တန်ခိုးအောက်တွင် ထိန်းချုပ်ထားရပါမည်။ ဤကဲ့သို့ မိမိကိုယ်ကို စည်းကမ်းရှိအောင်လုပ်ဆောင်ခြင်းသည် ထာဝရဘုရား၏နှုတ်ကပတ်တော်မှ သန့်ရှင်းမွန်မြတ်သောသမ္မာ တရားများကို နားလည်ကျင့်ကြံနိုင်စွမ်းရှိစေသော စိတ်ဓာတ်ခွန်အားများနှင့်ဝိညာဉ်ရေးထိုးထွင်းသိမြင်ခြင်း များအတွက် မရှိမဖြစ်သောအရာတစ်ခုဖြစ်ပါသည်။ ထိုအကြောင်းကြောင့် ခရစ်တော်ဒုတိယအကြိမ်ကြွလာ ခြင်းအတွက် ပြင်ဆင်ရေးလုပ်ငန်းတွင် ချုပ်တည်းခြင်းသည် လိုအပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

            ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုလျှင် ဇာခရိ၏သားသည် ယဇ်ပုရောဟိတ်လုပ်ငန်းအတွက် ပညာသင်ယူရ လိမ့်မည်ဖြစ်ပါသည်။ သို့သော် ကျမ်းတတ်ဆရာများ၏ကျောင်းများတွင် သင်ကြားပို့ချမှုများသည် ၎င်းလုပ်ဆောင်ရမည့်လုပ်ငန်းနှင့် ဆီလျော်ခြင်းမရှိခဲ့ချေ။ ကျမ်းစာကို မည်ကဲ့သို့အနက်အဓိပ္ပါယ်ပြန်ဆိုရမည် ကို သင်ယူရန် ဘုရားသခင်သည် ၎င်းအား ကျမ်းစာဆရာများထံသို့ မစေလွှတ်ခဲ့ချေ။ သဘာဝတရားနှင့် သဘာဝ၏အရှင်သခင်ထာဝရဘုရားအကြောင်းကို လေ့လာနိုင်စေရန်သူ့အားတောသို့ ခေါ်ဆောင်တော်မူခဲ့ ပါသည်။

            သစ်ပင်မပေါက်သော တောင်ကတုံးများ၊ တောကျီးအများနှင့် ကျောက်လိုဏ်ဂူများ၏အလယ်၊ လူဆိတ်ညံသောအရပ်၌ တင်းကျပ်သောစည်းကမ်းချက်များအောက်၌ နေထိုင်ရန်အတွက် အသက်တာ၏ အပျော်အပါးများနှင့် ကာမဂုဏ်ခံစားမှုများကိုစွန့်လွှတ်ရန် သူရွေးချယ်ခဲ့ပါသည်။ ဤနေရာသည် ရိုးသားသော အကျင့်ဓလေ့များနှင့် အပျော်အပါးကြဉ်ရှောင်ခြင်းနှင့်ပတ်သက်သော အကျင့်များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်ပါသည်။ ဤနေရာတွင် ကမ္ဘာလောက၏ အော်ဟစ်သံများ၏ နှောင့်ယှက်ခြင်းကိုမခံရဘဲ သဘာဝ၏သင်ခန်းစာများကိုသော်လည်းကောင်း၊ ဗျာဒိတ်တော်၏ သင်ခန်းစာများကိုလည်းကောင်း၊ ဘုရား သခင်နှင့်ပတ်သက်သော သင်ခန်းစာများကိုလည်းကောင်း၊ သူလေ့လာနိုင်ခဲ့ပါသည်။ ဇာခရိအား ကောင်းကင် တမန်ပြောကြားခဲ့သောစကားများကို ဘုရားသခင်အား ကြောက်ချစ်သော မိဘနှစ်ပါးသည် ယောဟန်အား မကြာခဏပြန်လည်ပြောပြခဲ့ကြပါသည်။ ကလေးဘဝမှစ၍ သူ့အတွက်လုပ်ဆောင်ရန် သတ်မှတ်ထားသည့် သန့်ရှင်းသောထိုခိုင်းစေချက်များကို သူလက်ခံခဲ့ပါသည်။ လူအရောက်အပေါက်နည်းလှသည့် တောအရပ် သည် သူ့အတွက်မယုံသင်္ကာမှုများ၊ မယုံကြည်မှုများနှင့် ညစ်ညမ်းမှုများ နေရာအနှံ့အပြားနီးပါးတွင် ပျံ့နှံ့နေ သောလူ့အဖွဲ့အစည်းမှ အားရဝမ်းသာစေသော လွတ်မြောက်မှုတစ်ခုဖြစ်ခဲ့ပါသည်။ စုံစမ်းခြင်းကိုခုခံရန် မိမိ၏အစွမ်းသတ္တိကို ဆရာယောဟန်အားမကိုးခဲ့ချေ။ ၎င်းပြင် အပြစ်ကိုအပြစ်မှန်းသိသည့် အာရုံခံစားမှုကို ပျောက်ပျက်မည်စိုး၍ အပြစ်နှင့်ဆက်သွယ်မှုကိုလည်း ရှောင်ရှားခဲ့ပါသည်။

            နာဇရက်မြို့သားသခင်ယေရှုသည် မွေးစမှပင် ထာဝရဘုရားအား ဆက်ကပ်အပ်နှံခြင်းကိုခံယူတော်မူ ခဲ့သကဲ့သို့ သူသည်လည်း အသက်တာတစ်လျှောက်လုံးအတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံရန်ကတိသစ္စာ ပြုခဲ့ပါသည်။ သူ၏ဝတ်စားဆင်ယင်ပုံမှာ ရှေးပုရောဖက်များကဲ့သို့ ကုလားအုတ်မွေးနှင့်ပြီးသော ဝတ်ရုံကို ဝတ်လျက် သားရေခါးပတ်တစ်ခုကို ခါးတွင်စည်းထားပါသည်။ သူသည် တောတွင်းရှိသော ကျိုင်းကောင်နှင့် ပျားရည်ကိုစားသုံး၍ တောတောင်များထဲတွင်ရှိသည့် သန့်စင်သောရေကိုသောက်သုံးခဲ့ ပါသည်။

            သို့သော် ဆရာယောဟန်၏အသက်တာသည် အလုပ်မလုပ်ဘဲ ပျင်းရိစွာဖြင့်အချိန်ကုန်လွန်ခဲ့သော အသက်တာမျိုး၊အလွန့်အလွန်ခြိုးခြံသောအသက်တာမျိုး၊ ကိုယ်ကျိုးအတွက်အထီးကျန်နေသောအသက်တာ မျိုးအားဖြင့် အချိန်မဖြုန်းခဲ့ချေ။ သူသည် မကြာခဏဆိုသလို အခြားလူများနှင့် ရော‌နှောနေထိုင်ရန် တောမှထွက်လာခဲ့သည့်အပြင် ကမ္ဘာကြီးတွင်ဖြစ်ပျက်နေသောအရာများကို အမြဲတမ်းစိတ်ဝင်တစား လေ့လာခဲ့သူတစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် မိမိ၏ငြိမ်သက်သာယာသော ဆိတ်ကွယ်ရာအရပ်မှ လောကတွင် ဖြစ်ပျက်လျက်ရှိသောအရာများတို့ကို စောင့်၍ကြည့်ရှုခဲ့ပါသည်။ ၎င်းယူဆောင်လာသော ကောင်းကင်မှ သတင်းစကားကို လူသားများထံ မည်ကဲ့သို့အရောက်ပို့ရမည်ကို နားလည်သဘောပေါက်နိုင်စေရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထွန်းလင်းပေး‌တော်မူသည့် စိတ်ကူးစိတ်သန်းအားဖြင့် လူများ၏ စာရိတ္တ များကို လေ့လာခဲ့ပါသည်။ ၎င်းဆောင်ရွက်ရမည့် အမှုတော်၏ဝန်သည် သူ့အပေါ်သို့ကျရောက်လျက်ရှိပါ သည်။ တောတွင်တစ်ကိုယ်တည်းနေစဉ် ဘုရားသခင်၏အကြောင်းကို သုံးသပ်ဆင်ခြင်ခြင်းနှင့် ဆုတောင်း ခြင်းများအားဖြင့် ရှေ့တွင်ဆောင်ရွက်ရမည့် အမှုတော်အတွက်အားသွန်ခွန်စိုက်ပြင်ဆင်ရန် သူကြိုးစားခဲ့ ပါသည်။

            တောတွင်သွားရောက်နေထိုင်ခဲ့သော်လည်း သူသည် စုံစမ်းခြင်းနှင့် လွတ်ကင်းခဲ့သည်မဟုတ်ချေ။ သူသည် စာတန်စုံစမ်းနှောင့်ယှက်နိုင်သည့် လမ်းတိုင်းကိုတတ်နိုင်သမျှပိတ်ကာထားခဲ့သော်လည်း စာတန်၏ တိုက်ခိုက်မှုကို ခံရဆဲဖြစ်ခဲ့ပါသည်။ သို့သော်သူ၏ဝိညာဉ်ရေးအသိအမြင်များသည် ကြည်လင်ခဲ့ပါသည်။ သူသည် မိမိ၏ခွန်အားများနှင့်ဆုံးဖြတ်ချက်များကို တိုးပွားခိုင်မာစေခဲ့ပါသည်။ ၎င်းပြင်သန့်ရှင်းသော ဝိညာဉ်တော်၏ မစခြင်းအားဖြင့် စာတန်၏ချဉ်းကပ်လာမှုကို သိရှိတွေ့မြင်ရန်နှင့် ၎င်းအားဆန့်ကျင်တွန်းလှန် ရန် စွမ်းဆောင်နိုင်ခဲ့ပါသည်။

            ယောဟန်သည် မိမိအတွက်စာသင်ကျောင်းနှင့်ဗိမာန်တော်ကို တော၌တွေ့ရှိခဲ့ပါသည်။ မိဒျန်တော တွင် နေထိုင်ခဲ့သောမောရှေကဲ့သို့ သူသည်ဘုရားသခင်၏အကွယ်အကာပေးမှုကို ရရှိခဲ့ပြီး ကိုယ်တော့်တန်ခိုး တော်၏ သက်သေအထောက်အထားများကို အနီးကပ်တွေ့မြင်ခံစားခဲ့ရပါသည်။ သူ၏ အသက်တာသည် ဣသရေလခေါင်းဆောင်ကြီးများကဲ့သို့လူသူကင်းဝေးသော တောင်တန်းကြီးများရှိကြီးကျယ်ခမ်းနားသော အဆောင်အယောင်များနေထိုင်ရန် မဟုတ်သော်လည်း သူ၏ရှေ့တွင် မြင့်မားသောမောဘ‌တောင်တန်းကြီးနှင့် သူ၏နောက်တွင်ရှိသော ယော်ဒန်မြစ်တို့သည် တောင်များကိုခိုင်ခံ့စေ၍ သယံဇာတများနှင့်ပြည့်ဝစေတော်မူ သောဘုရားသခင်၏ ဂုဏ်တော်ကိုကျူးအေးနေကြပါသည်။ ၎င်းနေထိုင်လျက်ရှိသော တောတွင်ရှိသည့် သဘာဝ၏ကြောက်မက်ဖွယ်မြင်ကွင်းများသည် ဣသရေလလူများတို့၏အခြေအနေကို ကွင်းကွင်းကွက် ကွက် ရုပ်လုံးဖော်ပြနေပါသည်။ ထာဝရဘုရား၏အသီးများကိုသီးပွင့်ခဲ့သောစပျစ်ဥယျာဉ်များသည်စွန့်ပစ် ခြင်းကိုခံရသောလွင်တီးခေါင်ခေါင်ဖြစ်ခဲ့ချေပြီ။ သို့သော် တော၏အထက်တွင် ကောင်းကင်ပြင်သည်ထွန်း လင်း လှပနေပါသည်။ မုန်တိုင်းနှင့်အတူ မည်းမှောင်နေသော မိုးတိမ်များကို ကတိတော်၏သက်တံအားဖြင့် မိုး၍ထားတော်မူပါသည်။ ထိုနည်းနှင်နှင်ပင် ဣသရေလများ၏ အခြေအနေသိမ်ဖျင်းယုတ်ညံ့လာခြင်း အပေါ် တွင် ကတိထားတော်မူရာ မေရှိယ၏ စိုးစံခြင်းဘုန်းတော်ဖြင့် မိုးထားခဲ့ပါသည်။ အမျက်တော်မိုးတိမ်ကို ကိုယ်တော်၏ပဋိညာဉ်ဆိုင်ရာ သနားခြင်းကရုဏာသက်တံအားဖြင့် ဖြန့်ကျက်ထားတော်မူပါသည်။

            ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင်များပြားမည့် အမျိုးအနွယ်နှင့်ပတ်သက်သော အာဗြဟံအား ဘုရားသခင်ပေးထားတော်မူသည့်ကတိတော်ကို သူသည် တိတ်ဆိတ်သောညများတွင် တစ်ယောက်တည်း လေ့ကျက်ခဲ့ပါသည်။ မောဘတောင်တန်းများပေါ်သို့  ကျရောက်နေသောအရုဏ်ဦး လင်းရောင်ခြည်သည် တိမ်ရှင်းသောအချိန်တွင် ထွက်လာသော နံနက်အလင်းကဲ့သို့ ဖြစ်တော်မူသည့် ကိုယ်တော်၏အကြောင်းကို ကျူးအေးခဲ့ပါသည်။ ၎င်းပြင်မွန်းတည့်နေရောင်ခြည်တွင် “ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း၍ လူအပေါင်း တို့သည် အတူမြင်ကြရမည့်” ကိုယ်တော်ရှင်၏ ဘုန်းကျက်သရေနှင့်ပြည့်စုံမှုကို ဆရာယောဟန်တွေ့ မြင်ခဲ့ရ ပါသည်။

            ကတိတော်နှင့်ယှဉ်သောကိုယ်တော်သည်ပေါ်ထွန်းလာကာ မြွေ၏ဦးခေါင်းကို ကြိတ်မည်ကိုလည်း ကောင်း၊ ဘုရင်တစ်ပါးမပေါ်ထွန်းမီ ပေါ်ထွန်းလာမည့်ငြိမ်သက်ခြင်းအရှင် ရှိလောသည် ဒါဝိဒ်၏ပလ္လင်တွင် နန်းစိုးစံမှုကို အဆုံးသတ်စေလိမ့်မည်ဖြစ်ကြောင်းကိုလည်းကောင်း ဖော်ပြထားသည့် မေရှိယကြွလာ ခြင်းနှင့် ပတ်သက်သော ဗျာဒိတ်တော်များတို့ကို စိုးရွံ့ထိတ်လန့်သော်လည်း အထူးအားရရွှင်လန်းသောစိတ်ဖြင့် သူသည် အနာဂတ္တိကျမ်းများတွင် ရှာဖွေလေ့လာခဲ့ပါသည်။ ထိုအချိန်သည် ယခုတွင် ‌ရောက်ရှိလာခဲ့ပါသည်။ ရောမဘုရင်တစ်ပါးသည် ဇိအုန်တောင်ပေါ်တွင် ရှိသောနန်းတော်တွင်စိုးစံလျက်ရှိခဲ့ပြီး ထာဝရဘုရား၏ စေ့စပ်သေချာသော ကတိတော်အားဖြင့် ခရစ်တော်သည်လည်း ဖွားမြင်ခြင်းကိုခံတော်မူခဲ့ပါသည်။

            ဟေရှာယ၏ဘဝင်ခိုက်လောက်သော မေရှိယအကြောင်းရုပ်လုံးဖော်ရေးသားချက်များကိုနေ့ရောည ပါ ဆရာယောဟန်လေ့လာခဲ့ပါသည်။ ၎င်းတို့မှာ “ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။---ဆင်းရဲ သားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့၌နေလျက် ဖြောင့်မတ်စွာ ဆုံးဖြတ် လိမ့်မည်” (ဟေရှာ၊ ၁၁း၁၊၄) ဟူ၍လည်းကောင်း၊ “ထိုမင်းသည် လေလုံ၍ မိုးသက်မုန်တိုင်း ကွယ်ရာအရပ် ကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်” (ဟေရှာယ ၃၂း၂) ဟူ၍လည်းကောင်း၊“သင့်ကိုစွန့်ပစ်သောသူဟူ၍လည်းကောင်း၊သင်၏မြေကိုလူဆိတ်ညံသောမြေဟူ၍ လည်းကောင်းနောက်တစ်ဖန်မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သောမြေ ဟူ၍လည်းကောင်းအမည်ကိုရလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည်သင့်ကိုနှစ်သက်တော်မူ၏” (ဟေရှာယ ၆၂း၄) ဟူ၍လည်းကောင်း ဖြစ်ကြပါသည်။ အထီးကျန်ဘဝတွင် နေရသော ဆရာယောဟန်၏ စိတ်နှလုံးသည် ဝမ်းမြောက်ဖွယ်ရာမြင်ကွင်းများဖြင့် ဖြည့်ဆည်းခြင်းကို ခံခဲ့ရပါသည်။

         သူသည် လှပတင့်တယ်စွာပေါ်ထွန်းလာမည့်ဘုရင်တစ်ပါးကို မျှော်ကြည့်ရင်း မိမိကိုယ်ကိုပင် မေ့လျော့ခဲ့ပါသည်။ သန့်ရှင်းခြင်း၏ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ခဲ့ရပြီး မိမိကိုယ်ကို မထိုက်တန်ကြောင်း ခံစားခဲ့ရပါသည်။ သူသည် မည်သည့်လူသားများကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုရားသခင်၏စေတမန် တစ်ဦး ကဲ့သို့ ရှေ့သို့ချီတက်ရန် အဆင်သင့်ရှိခဲ့ပါသည်။ အကြောင်းမူကား ဘုရားသခင်ကို သူမျှော်ကြည့်ခဲ့သော ကြောင့်တည်း။ သူသည် လောကရှင်ဘုရင်များရှေ့မှောက်တွင် မကြောက်မရွံ့ဘဲ မားမားမတ်မတ် ရပ်တည်ခဲ့ ပါသည်။ အကြောင်းမူကား၊ ဘုရင်တကာတို့၏ဘုရင့် မျက်မှောက်တော်တွင် သူဦးညွတ်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။

         ယောဟန်သည် မေရှိယနိုင်ငံတော်၏သဘာဝကိုမူ ကောင်းမွန်ပြည့်စုံစွာ နားမလည်ခဲ့ချေ။ ဣသရေလများအား ရန်သူများလက်မှကယ်လွှတ်ခြင်းအမှုကို ထိုသခင်သည် လုပ်ဆောင်တော်မူလိမ့်မည်ဟု သူမျှော်လင့်ခဲ့သော်လည်း သူ၏မျှော်လင့်ချက်တွင် ကြီးမားသောရည်မှန်းချက်များမှာ ကိုယ်တော်သည် ဘုရင့်တကာ့ဘုရင်၏ဖြောင့်မတ်ခြင်းနှင့် ကြွလာတော်မူ၍ သန့်ရှင်းသောလူမျိုးတစ်မျိုးအနေဖြင့် ဣသရေလနိုင်ငံကို တည်ထောင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြစ်ပါသည်။ ထိုနည်းအားဖြင့် ၎င်းအားမွေးဖွားစဉ်က ပေးတော်မူခဲ့သော အနာဂတ္တိစကားသည် ပြီးပြည့်စုံပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် ဇာခရိက-

“ငါတို့သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌တစ်သက်လုံး သန့်ရှင်း ဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသော အခွင့်ကိုပေးမည်ဟု ----ကတိထားတော်မူသော သန့်ရှင်းသောပဋိညာဉ်တရား‌တော်ကို အောက်မေ့တော်မူသဖြင့် လည်းကောင်း-------------------------------“ဟူ၍မြွက်ဆိုခဲ့ပါသည်။

         မိမိလူများသည် အလိမ်ခံနေကြရကြောင်း၊ ကိုယ့်လုပ်ရပ်များကို ကြည့်ရှုကာ သဘောကျ နေကြကြောင်းနှင့် အပြစ်တွင်နစ်မျောအိပ်ပျော်နေကြောင်းများကို ယောဟန်မြင်တွေ့ခဲ့ရပါသည်။ သူသည် ၎င်းတို့အားသာ၍ သန့်ရှင်းကောင်းမွန်သောအသက်တာများကို ရရှိရန်အတွက် လှုံ့ဆော် ပေး ရန် မျှော်လင့်ချက်ပေးခဲ့ပါသည်။ သူ့အား ထာဝရဘုရားပေးသနားတော်မူသော သတင်းစကားသည် ယုဒလူများအား ငိုမျဉ်းနေရာမှ နိုးနိုးကြားကြားရှိလာကြစေရန်နှင့် ၎င်းတို့၏ကြီးမားသော ဆိုးယုတ်မှု များကြောင့် တုန်လှုပ်ချောက်ချားသွားစေရန် ရည်ရွယ်ခဲ့ပါသည်။ ဧဝံဂေလိတရားတော်၏ မျိုးစေ့ ခြေကုပ်မယူမီတွင် စိတ်နှလုံးမြေလွှာကို ခြေမွှဖျက်ဆီးပစ်ရမည် ဖြစ်ပါသည်။ သူတို့သည် သခင်ယေရှု ထံမှ အနာပျောက်ကင်းစေသောတန်ခိုးကို ရယူရန်မကြိုးစားမီ အပြစ်၏ဒဏ်ရာဒဏ်ချက်များမှရရှိ မည့် အန္တရာယ်များကိုသိမြင်ကြရမည်ဖြစ်ပါသည်။

         ထာဝရဘုရားသည် အပြစ်သားများကိုမြှောက်ပင့်ပြောဆိုရန် စေတမန်များကိုစေလွှတ် တော်မူသည်မဟုတ်ချေ။ မသန့်ရှင်းသောသူများကို လုံခြုံစိတ်ချရသောနေရာသို့ရောက်စေခြင်းငှါ ချော့မော့ရန်အတွက်လည်း မည်သည့်ငြိမ်းချမ်းရေး သတင်းစကားကိုမျှ ကိုယ်တော်မမိန့်မြွက်ခဲ့ချေ။ ကိုယ်တော်သည် ဒုစရိုက်ပြုသူများ၏ ဩတ္တပ္ပစိတ်ပေါ်သို့ လေးလံသောဝန်ထုပ်များကို တင်တော်မူ ပါသည်။ ၎င်းပြင် အပြစ်ရှိကြောင်း ထင်ရှားစွာသိမြင်စေခြင်းများအားဖြင့် စိတ်ဝိညာဉ်များကို ထိုးဖောက်တော်မူပါသည်။ မိမိတွင်ရှိနေသော လိုအပ်ချက်များကို ပိုမိုနက်ရှိုင်းစွာဖြင့် သိရှိလာစေရန် နှင့် “ကယ်တင်ခြင်းရအောင် ကျွန်ုပ်ဘာလုပ်ရမည်နည်း”ဟူသော အော်ဟစ်သံကို အော်ဟစ်လာစေရန် အတွက်အစေခံနံဝိညာဉ်ကောင်းကင်တမန်များသည် ကြောက်လန့်ဖွယ်ဘုရားသခင်၏တရားစီရင်ခြင်း အကြောင်းကို ထိုသူအားဖော်ပြကြပါသည်။ ထို့နောက် မြေမှုန့်တိုင်အောင် နှိမ့်ချတော်မူခဲ့သော လက်ရုံး တော်သည် နောင်တရသောအပြစ်သားအား မချီတော်မူပါသည်။ အပြစ်ကိုဆုံးမ၍ မာနထောင်လွှား ခြင်းများနှင့် ကြီးပွားလိုစိတ်ရှိခြင်းများကို ရှက်ကြောက်စေခဲ့သော ကိုယ်တော်၏အသံသည် “သင်၌ အဘယ်သို့ပြုစေလိုသနည်း” ဟု သနားသက်ဝင်စွာဖြင့် မေးတော်မူလိမ့်မည်ဖြစ်ပါသည်။

         ဆရာယောဟန်၏အမှုတော် စတင်သည့်အချိန်တွင် ယုဒလူများတို့သည် လွတ်လပ်မှုအပေါ်တွင် စိတ်ရောက်နေပြီး စိတ်လှုပ်ရှားမှုများနှင့် မကျေနပ်မှုများဖြစ်နေသော အခြေအနေတွင် ရှိနေခဲ့ပါသည်။ အုပ်ချုပ်နေသော အာခေလကို ဖယ်ရှားပြီးနောက် ယုဒပြည်သည် ရောမ၏တိုက်ရိုက် အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာခဲ့ပါသည်။ အုပ်ချုပ်မှုများနှင့် ရောမဘုရင်ခံများ၏ အဆမတန်အခွန်ငွေတောင်းခံမှုများတို့သည်လည်းကောင်း၊ တစ်ပါးအမျိုးသားများ၏ အထိမ်းအမှတ်များနှင့် ဓလေ့ထုံးစံများကို စတင်လုပ်ဆောင်ရန် အခိုင်အမာ သန္နိဌာန်ချခဲ့ခြင်းများသည်လည်းကောင်း ဣသရေလလူတို့များမှ သူရသတ္တိနှင့် အပြည့်ဝဆုံးသော သူရဲကောင်းထောင်ပေါင်းများစွာတို့၏ သွေးများဖြင့် ငြိမ်းသတ်ခဲ့ရပါသည်။ ဤအဖြစ်အပျက်အားလုံးတို့သည် ရောမများအပေါ် ယုဒတစ်မျိုးသားလုံး၏ မုန်းတီးမှုကို တင်းမာစေပြီး ရောမတို့၏အုပ်ချုပ်မှုအောက်မှ လွတ်မြောက်လိုစိတ်များကို ပိုမိုတိုးပွားစေခဲ့ပါသည်။

         စိတ်ဝမ်းကွဲပြား၍ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ဘက်ပြိုင်နေသည့်အကြားတွင် တောမှအသံတစ်ခုကိုကြားခဲ့ကြရပါသည်။ ထိုအသံသည်ထိတ်လန့်စရာကောင်းပြီး တင်းမာသော် လည်း မျှော်လင့်ချက်အပြည့်အဝရှိသော “ကောင်းကင်နိုင်ငံတည်လုနီးပြီ၊ ထိုကြောင့်နောင်တရကြ လော့” ဟူသောအသံပင်ဖြစ်ပါသည်။ ထိုအသံသည် ထူးခြားသောတန်ခိုးများဖြင့် လူအများ၏စိတ် တို့ကို လှုပ်ရှားစေခဲ့ပါသည်။ ပုရောဖက်များသည် ခရစ်တော်ကြွလာခြင်းအကြောင်းကို အလွန်ဝေး သေးသည့် အနာဂတ်တွင် ဖြစ်ပျက်မည့် အဖြစ်အပျက်တစ်ခုအနေဖြင့် ကြိုတင်ဟောကြားခဲ့ကြပါ သည်။ သို့သော် ထိုအခြင်းအရာသည် အလွန်နီးကပ်နေပြီဖြစ်ကြောင်းကို တောတွင်ကြေညာနေပါ သည်။ ဆရာယောဟန်၏ တစ်ကိုယ်တော်ပေါ်ထွန်းလုပ်ဆောင်ခြင်းသည် ကြားနာရသူများ၏စိတ် နှလုံးကို ရှေးခေတ်ပုရောဖက်များအား သတိရအောက်မေ့စေခဲ့ပါသည်။ ဟန်အမူအရာနှင့် ဝတ်စား ဆင်ယင်မှုတွင် ဆရာယောဟန်သည် ဧလိယနှင့်ဆင်တူခဲ့ပါသည်။ ဧလိယ၏စိတ်ဓာတ်၊ ဧလိယ၏ တန်ခိုးအားဖြင့် တစ်မျိုးသားလုံးတွင်ဖြစ်ပေါ်နေသော ပျက်စီးယိုယွင်းမှုများကိုလူသိရှင်ကြားအပြစ် တင်ခဲ့ပြီး နေရာအနှံ့တွင် ခေတ်စားနေသောအပြစ်ကျူးလွန်မှုများကို ဆုံးမခဲ့ပါသည်။ သူ၏စကားများ သည်ရှင်းလင်းပြတ်သားထိရောက်ကာ သဘောပေါက်နားလည်လွယ်စေခဲ့ပါသည်။ သူသည် ရှင်ပြန် ထမြောက်လာသော ပုရောဖက်တစ်ပါးဖြစ်သည်ဟု လူအများကယုံကြည်ခဲ့ကြပါသည်။ သူ့သတင်း ကြောင့် တစ်နိုင်ငံလုံးတွင် လူအများလှုပ်လှုပ်ရွရွ ဖြစ်ကာ တောတွင်စုရုံးလာခဲ့ကြပါသည်။

         ယောဟန်သည် မေရှိယကြွလာခြင်းအကြောင်းကို ကြွေးကြော်၍ လူအများကို နောင်တရ ကြရန် ဖိတ်ခေါ်ခဲ့ပါသည်။ အပြစ်ဆေးကြောခြင်းအထိမ်းအမှတ်အနေဖြင့် ယော်ဒန်မြစ်တွင် လူများ အားနှစ်ခြင်းပေးခဲ့ပါသည်။ ထိုနည်းအားဖြင့် ဘုရားသခင်ရွေးချယ်ထားခြင်းခံရသော သူများဟု မိမိ ကိုယ်ကိုထင်နေကြသူများသည် အပြစ်အားဖြင့် ညစ်ညူးလျက်ရှိကြကြောင်း၊ ၎င်းတို့စိတ်နှလုံးများနှင့် အသက်တာများတွင် စွန်းထင်းလျက်ရှိနေသော ထိုအပြစ်များကို သန့်ရှင်းစင်ကြယ်အောင် မပြုလုပ်ခဲ့ လျှင် မေရှိယ၏နိုင်ငံတော်နှင့်သက်ဆိုင်ခြင်း မရှိကြောင်းများကိုအရေးကြီးသော ထိုသရုပ်ပြသင်ခန်း စာတစ်ခုအားဖြင့် ဆရာယောဟန်က ထုတ်ဖော်ကြေညာခဲ့ပါသည်။ မင်းညီမင်းသားများနှင့် ကျမ်းတတ် ဆရာများအပြင် စစ်သူရဲများ၊ အခွန်ခံများနှင့် လယ်သမားများသည် ဤပုရောဖက်၏ သတင်းစကားကို ကြားနာရန် တောသို့လာခဲ့ကြပါသည်။ ထာဝရဘုရားထံမှလာသော စိုးရွံ့ဖွယ်ကောင်းသည့် ထိုသတိ ပေးစကားသည် ထိုသူများအား ထိတ်လန့်စေခဲ့ပြီး များစွာသောသူများကို နောင်တရရှိစေခဲ့သည်။ နောင်တရရှိကြသော ထိုသူများသည် ဆရာယောဟန်ထံတွင် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြပါသည်။ မေရှိယ၏နိုင်ငံတော်တွင် ဝင်စားနိုင်ကြစေရန်အလိုငှါ လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များသည် ဆရာယောဟန်၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ကြပါသည်။

         များစွာသောကျမ်းတတ်ဆရာများနှင့် ဖါရိရှဲများသည် ယောဟန်ထံသို့လာရောက်၍ မိမိအပြစ် များကို ဝန်ခံလျက် နှစ်ခြင်းပေးရန် တောင်းခံခဲ့ကြပါသည်။ သူတို့သည် မိမိကိုယ်ကို သူတစ်ပါးထက် သာလွန်ကောင်းမွန်သည်ဟု အမွှမ်းတင်ခဲ့ကြပြီး ဘုရားတရားကိုင်းရှိုင်းခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဆက်လက်လုပ်ဆောင်သွားကြရန် လမ်းပြခဲ့ပါသည်။ ယခုတွင်မူ ၎င်းတို့ အသက်တာများတွင် ကျူးလွန်ခဲ့ကြသော အခြားသူတို့မသိသည့် အပြစ်များသည်ဘူးပေါ်သလိုပေါ်ခဲ့ ပေပြီ။ သို့သော် ဤသူများအပြစ်မှအမှန်တကယ် နောင်တရခြင်းမရှိကြောင်းကို သန့်ရှင်းသော ဝိညာဉ် တော်အားဖြင့် ဆရာယောဟန်သိရှိခဲ့ရပါသည်။ သူတို့သည် သာယာစီးများသာ ဖြစ်ကြပါသည်။ မိမိတို့သည် ဆရာယောဟန်၏ မိတ်ဆွေများဖြစ်သောကြောင့် ကြွလာတော်မူမည့် မေရှိယထံတွင် အခွင့်အရေးရရှိကြလိမ့်မည် ဟု သူတို့မျှော်လင့်ခဲ့ကြပါသည်။ ၎င်းပြင် လူကြိုက်များ၍ရေပန်းစားနေ သော ဤဆရာထံတွင် နှစ်ခြင်းမင်္ဂလာကို ခံယူလိုက်ခြင်းအားဖြင့် ယုဒလူများအပေါ်  ၎င်းတို့၏ ဩဇာ သက်ရောက်မှုပိုမိုအားကောင်းလာလိမ့်မည်ဟု သူတို့ထင်ခဲ့ကြပါသည်။

         ဆရာယောဟန်သည် ထိုသူများအား ထိခိုက်နာကြည်းစေသော စကားများအားဖြင့် ပြောဆိုသည်ကား၊ “ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့် ကြလော့၊ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟု စိတ်ထဲ၌မအောက်မေ့ကြနှင့်၊ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်” ဟူ၍ဖြစ်၏။

         ဣသရေလများအပေါ် ထာဝရကာလကျေးဇူးပြုခြင်းနှင့် ပတ်သက်သော ထာဝရဘုရား၏ ကတိတော်ကို ယုဒလူများသည် လွဲမှားစွာအဓိပ္ပါယ် ကောက်ယူခဲ့ကြပါသည်။ “နေ့အချိန်၌ လင်းစရာဖို့ နေကိုခန့်ထား၍ ညအချိန်၌ လင်းစရာဖို့ လနှင့်ကြယ်များတို့ကို စီရင်တော်မူထသော၊ သမုဒ္ဒရာကို ဆုံးမတော်မူ၍ လှိုင်းတံပိုးကို ဟုန်းစေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုတရားတို့သည် ငါ့ရှေ့၌ကွယ်ပျောက်လျှင် ဣသရေလအမျိုးသည် ငါ့ရှေ့၌အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန်ထာဝရဘုရားမိန့်တော်မူသည်ကား အထက်ကောင်းကင်ကို တိုင်းထွာနိုင်လျှင်သော်လည်း ကောင်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကို လိုက်၍စစ်နိုင်လျှင်လည်းကောင်း၊ ဣသရေလအမျိုး အပေါင်းတို့ကို သူတို့ပြုမိသမျှ သောအပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။” ယေရမိ ၃၁း၃၅-၃၇။ အာဗြဟံမှသက်ဆင်းလာသော သူများသည် ဤကတိတော်အားပေးအပ်ခြင်းခံသူများ ဖြစ်သည်ဟု ယုဒလူများက မှတ်ယူခဲ့ကြပါသည်။ သို့သော် ထာဝရဘုရားရှင်သီးခြားဖော်ပြထားသည့် အခြေအနေများကို သူတို့သတိမမူမိခဲ့ကြချေ။ ၎င်းတို့အား ကတိတော်ကိုမပေးမီ ကိုယ်တော်မိန့်တော်မူ သည်ကား “ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံး ပေါ်မှာရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်၊ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။----ထိုအခါ ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေ မည်” ယေရမိ ၃၁း၃၃-၃၄။

         ကိုယ်တော်၏ပညတ်တော်ကို နှလုံးပေါ်တွင် ရေးမှတ်ခြင်းခံရသောလူမျိုးအတွက် ထာဝရ ဘုရားသည် အမှန်တကယ်ကျေးဇူးပြုတော်မူမည်ဖြစ်ပြီး သူတို့သည် ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်း ရှိကြပါသည်။ သို့သော် ယုဒလူများသည် ထာဝရဘုရားထံမှ မိမိတို့သဘောအတိုင်း ခွဲထွက်  ခဲ့ကြပေပြီ။ မိမိတို့၏အပြစ်များကြောင့် ထာဝရဘုရား၏အပြစ်စီရင်မှုအောက်တွင် သူတို့သည် ဒုက္ခ ဝေဒနာများကို ခံစားနေကြရပါသည်။ ဤအချက်သည် တစ်ပါးအမျိုးသားနိုင်ငံတစ်ခုတွင် ၎င်းတို့ကျွန်ခံ နေရခြင်း၏အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ သူတို့၏စိတ်နှလုံးများသည် အပြစ်ကျူးလွန်မှုများ ကြောင့် မှောင်မိုက်နေပါသည်။ အတိတ်အချိန်များတွင် ဘုရားသခင်သည် ၎င်းတို့အား များစွာ ကျေးဇူး ပြုခဲ့သောကြောင့် ကျူးလွန်ခဲ့သောအပြစ်များအတွက် သူတို့ဆင်ခြင်တက်ခဲ့ကြပါသည်။ ၎င်းတို့သည် အခြားလူများထက် သာလွန်ကောင်းမြတ်ကြကြောင်း၊ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ခံစား ထိုက်သောသူများဖြစ်ကြောင်း သူတို့ကိုယ်သူတို့အမွှမ်းတင်ခဲ့ကြပါသည်။

         “ထိုအကြောင်းအရာရှိသမျှတို့သည် ကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစရာဖို့ကျမ်းစာ၌ ရေးထားလျက်ရှိသနည်း။” ၁ကော၊၁း၁၁။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အကြိမ်မည်မျှ အဓိပ္ပါယ်လွဲမှားစွာဖြင့် ကောက်ယူခဲ့ကြပြီး ကျွန်ုပ်တို့သည် ဘုရားတရားရှိကြသည့် အတွက် ဘုရားသခင်၏ကျေးဇူးပြုခြင်းကို ခံခဲ့ရကြောင်း မိမိကိုယ်ကို အကြိမ်မည်မျှ အမွှမ်း တင်ပြော ဆိုခဲ့ကြပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးရန် မျှော်ကိုးထားသည့်အရာ ကို လုပ်ပေးနိုင်ခွင့်ရရှိတော်မမူခဲ့ချေ။ မိမိလုပ်ဆောင်နေသောအလုပ်ကိုမှန်သည်ဟုထင်ကာ ကျေနပ် နေသောစိတ်ကိုတိုးပွားစေရန်အတွက်သော်လည်းကောင်း၊ အပြစ်နှင့်မယုံကြည်မှုများတွင် စိတ်နှလုံး ခိုင်မာစေရန်အတွက်သော်လည်းကောင်း၊ ကိုယ်တော်ရှင်ပေးသနားတော်မူသည့် ကျေးဇူးတော်များကို ကျွန်ုပ်တို့အသုံးပြုနေခဲ့ကြပါသည်။

         ဆရာယောဟန်သည် ဣသရေလကျမ်းတတ်ဆရာများအား ၎င်းတို့၏မာနထောင်လွှားခြင်း များ၊ တစ်ကိုယ်ကောင်းဆန်ခြင်းများနှင့် ရက်စက်ကြမ်းကြုတ်မှုများသည် ဖြောင့်မတ်၍ နားထောင်မှု ရှိသော အာဗြဟံ၏သားသမီးများ ဖြစ်ခြင်းထက် လူများအတွက်သေစေတတ်သော ကျိန်ခြင်းတည်းဟူ သော မြွေဆိုးအမျိုးများဖြစ်ရန် ထင်ရှားကြောင်းထုတ်ဖော်ခဲ့ပါသည်။ ထာဝရဘုရားထံမှ ၎င်းတို့လက်ခံ ရရှိထားသည့် အလင်းတရားများကို ထောက်ရှုခြင်းအားဖြင့် မိမိတို့ထက်နိမ့်ကျသည်ဟု ၎င်းတို့က ထင်ထားခဲ့ကြသည့် တစ်ပါးအမျိုးသားများထက် ၎င်းတို့သည် ဆိုးသွမ်းနေကြပါသည်။ မိမိတို့အား ထွင်းယူခဲ့သောကျောက်ကို သူတို့မေ့ခဲ့ကြပြီ။ ၎င်းပြင်မိမိတို့အားတူး၍ထုတ်ယူခဲ့ရသည့်ချိုင့်ထဲမှ တွင်း ကိုလည်း သူတို့မေ့ခဲ့ကြပြီ။ ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အကောင်အထည်ဖော်ရန် သူတို့အပေါ်မမှီခိုခဲ့ချေ။ အာဗြဟံအား တစ်ပါးအမျိုးသားများထဲမှ ထုတ်ဆောင်ခဲ့သကဲ့သို့ ကိုယ်တော် သည် အခြားပုဂ္ဂိုလ်များကိုလည်းအမှုတော်အတွက် ထုတ်ဆောင်နိုင်တော်မူပါသည်။ ဘုရားသခင်ခေါ် ထုတ်မည့် ထိုပုဂ္ဂိုလ်များသည် ယခုအချိန်တွင် ကျောက်တုံးများကဲ့သို့အသက်မရှိကြဘဲ ခံစားမှုများ လည်းရှိချင်မှ ရှိကြမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့၏စိတ်ထဲတွင် ကိုယ်တော်ရှင်၏အလိုတော်အား နှိုးဆွနိုင်ပြီး မိမိကတိတော်၏ပြည့်စုံခြင်းကို ရရှိနိုင်‌တော်မူပါသည်။

         “သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရသည်” ဟု ထိုပုရောဖက်ကဆက်လက်ပြောဆိုခဲ့ပါသည်။ အပင်၏အမည်အားဖြင့် မဟုတ်ဘဲ အပင်၏အသီးအားဖြင့် ၎င်းအပင်၏တန်ဖိုးကိုဆုံးဖြတ်ပါသည်။ အသီးများသည် တန်ဖိုးမရှိလျှင် အပင်၏အမည်သည် အပင်အားခုတ်လှဲခံရခြင်းမှ ကာကွယ်နိုင်မည် မဟုတ်ချေ။ ထာဝရဘုရား၏ရှေ့တွင် ၎င်းတို့၏ ရပ်တည်မှုကို ၎င်းတို့၏အကျင့်စာရိတ္တများနှင့် အသက်တာများက အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းကို ယုဒလူများအား ဆရာယောဟန်ထုတ်‌ဖော် ပြောဆိုခဲ့ပါသည်။ နှုတ်အားဖြင့် ယုံကြည်သက်ဝင်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းသည် အရာမရောက် ပါချေ။ ၎င်းတို့၏အသက်တာနှင့် အကျင့်စာရိတ္တများသည် ဘုရားသခင်၏ပညတ်တော်နှင့်မကိုက်ညီ လျှင် သူတို့သည် ကိုယ်တော်၏ လူများမဟုတ်ကြချေ။

အရင်းခံသဘောများကိုထင်ရှားသိသာရန်စိတ်နှလုံးကိုစစ်ဆေးခြင်းနှင့်ဆိုင်သော ယောဟန်၏ စကားများကို ကြားရသောသူအပေါင်းတို့သည် မိမိတို့လွန်ကျူးခဲ့သောအပြစ်များကို ထင်ရှားစွာတွေ့ မြင်လာခဲ့ကြပြီး “သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရမည်နည်း” ဟုမေးမြန်းလာခဲ့ကြပါ သည်။ ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ၊ စားစရာရှိသောသူ သည်လည်း ထိုနည်းအတူပြုစေ” ဟုဖြေဆိုခဲ့ပါသည်။ ၎င်းပြင်အခွန်ခံများ၏ မတရားအခွန်ကောက်ခံမှု များနှင့် စစ်သူရဲတို့၏အနိုင်အထက်ပြုမှုများကိုလည်း သတိပေးဆုံးမခဲ့ပါသည်။

         ခရစ်တော်၏နိုင်ငံတော်သားများဖြစ်လာမည့်သူ အပေါင်းတို့သည် ယုံကြည်ခြင်းရှိကြောင်း အထောက်အထားများနှင့်နောင်တရပြီးကြောင်း သာဓကများကို မိမိတို့၏အသက်တာတွင် ပြကြရ မည်ဟု ဆရာယောဟန် သွန်သင်ခဲ့ပါသည်။ သနားကြင်နာခြင်း၊ ရိုးသားခြင်းနှင့် ဘုရားသခင့်အပေါ် သစ္စာစောင့်သိခြင်း စသည့်စိတ်သဘောထားများကို ၎င်းတို့၏အသက်တာတွင် တွေ့မြင်နိုင်ကြရမည် ဖြစ်ပါသည်။ သူတို့သည် ဆင်းရဲချို့တဲ့သူများအား အလုပ်အကျွေးပြု၍ ဘုရားသခင့်အထံတော်သို့ လည်း ပူဇော်သကာများကို ယူဆောင်လာကြလိမ့်မည်ဖြစ်ပါသည်။ ၎င်းတို့သည် အကူအညီမဲ့သူများကို ကာကွယ်၍ ကောင်းမြတ်သောအကျင့်နှင့် သနားကြင်နာခြင်းများတို့အတွက် ပုံသက်သေကိုပြကြလိမ့် မည်ဖြစ်ပါသည်။ ထိုနည်းနှင်နှင်ပင် ခရစ်တော်၏ နောက်လိုက်များတို့သည် မိမိတို့၏အသက်တာများ ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုံးလုံးပြောင်းလဲပြီးပြီဖြစ်ကြောင်းကို လက်တွေ့ပြကြရလိမ့် မည်။ ထိုသူတို့၏ နေ့စဉ်အသက်တာတွင် တရားမျှခြင်း၊ ကရုဏာရှိခြင်းနှင့် ဘုရားသခင်၏မေတ္တာ တော်များကို တွေ့မြင်ကြပါလိမ့်မည်။ ထိုသို့မဟုတ်လျှင် ထိုသူများသည် မီးဖိုထဲသို့ ထည့်ခြင်းခံရမည့် အမှိုက်များနှင့်တူကြပါလိမ့်မည်။

         “ငါသည် နောင်တရဖို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်” မဿဲ ၃း၁၁။ ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သောဝိညာဉ်တော်အားဖြင့် မိမိလူမျိုး၏ အညစ်အကြေးများကို ဆေးကြောမည်ဖြစ်ကြောင်းကို ဟေရှာယပုရောဖက်က ထုတ်‌ဖော်ပြောကြားခဲ့ပါသည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣသရေလလူများထံရောက်ရှိလာသည်ကား “သင့်ကိုလည်း ငါကိုင်ယူပြီးလျှင် ချော်နှင့်ကင်းစင်၍ သင်၏ကြေးဖြူ (သံဖြူ) ရှိသမျှကိုလည်းပယ် ရှားမည်” ဟေရှာ ၁း၂၅ ဟူ၍ဖြစ်၏။ အပြစ်ကိုတွေ့ရှိသည့်နေရာတိုင်းတွင် “ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။” ဟေဗြဲ ၁၂း၂၉။ ထာဝရဘုရား၏ဝိညာဉ်တော်သည် ကိုယ်တော်၏ အုပ်စိုးမှုကိုခံယူမည့်သူအားလုံး၌ စွန်းထင်းနေသောအပြစ်များကို လောင်ကျွမ်းတော်မူလိမ့်မည်။ သို့သော်လူများသည် အပြစ်ကိုတွယ်ကပ် စွဲငြိနေကြလျှင် ၎င်းတို့သည် အပြစ်နှင့်အတူခွဲမရအောင် ထပ်တူထပ်မျှ ဖြစ်လာကြပါသည်။ ထိုနောက် အပြစ်ကို ဖျက်ဆီးသော ဘုရားသခင်၏ ဘုန်းတော်သည် သူတို့ကိုလည်းဖျက်ဆီးမည်ဖြစ်ပါသည်။ ယာကုပ်သည် ကောင်းကင်တမန်နှင့် တစ်ညလုံးနပန်းလုံးပြီး နောက် “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း အသက်ချမ်းသာပြီဟု ဆိုသတည်း” ကမ္ဘာဦး ၃၂း၃၀။ ယာကုပ်သည် ၎င်း၏အမူအကျင့်များတွင် ဧသောအပေါ်ကြီးမားသော ဒုစရိုက်တစ်ခုကို ကျူးလွန်မိခဲ့ပါသည်။ သို့သော် သူသည် နောင်တရရှိခဲ့ပါသည်။ သူ၏ကျူးလွန်ခဲ့သည့် အပြစ်များကို ခွင့်လွှတ်ခံခဲ့ရပြီး အပြစ်ကိုဆေးကြောခြင်းခံခဲ့ရပါသည်။ ထို့ကြောင့်သူသည် ကောင်းကင်တမန်နှင့် နပန်းလုံးသောအချိန်တွင် ထာဝရဘုရားရှေ့တော်၌ အသက်ရှင်နိုင်ခဲ့ပါသည်။ သို့သော် ဘုရားသခင့်ရှေ့မှောက်သို့ အပြစ်ဒုစရိုက်ကို ဆန္ဒပြင်းပြစွာဖြင့် စွဲလမ်းမြတ်နိုးလျက်ရောက်ရှိ လာသောသူများသည် ဖျက်ဆီးခြင်းကိုခံရကြပါမည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသော အခါ နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် အဓမ္မလူများကိုဖျက်ဆီး၍ ကြွလာတော်မူခြင်း၏ ရောင်ခြည် တော်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ၂သက်သာ ၂း၈။ ဖြောင့်မတ်သောသူများအား အသက်ရှင်ခြင်း ကိုဖြစ်စေသော ထာဝရဘုရား၏ဘုန်းရောင်ခြည်တော်သည် အဓမ္မလူများအား ပယ်ရှင်းတော်မူမည် ဖြစ်ပါသည်။

         ဗတ္တိဇံဆရာယောဟန်၏အချိန်တွင် ခရစ်တော်သည် ထာဝရဘုရား၏စာရိတ္တတော်ကို ထင်ရှား စေမည့်သူတစ်ပါးအနေဖြင့် ပေါ်ထွန်းလာတော့မည့်ဆဲဆဲဖြစ်ပါသည်။ကိုယ်တော်၏ ရှေ့မှောက်တွင် လူသားများ၏အပြစ်သည် ထင်ရှားစေလိမ့်မည်ဖြစ်ပါသည်။ မိမိတို့၏အပြစ်များကို ဆေးကြောခြင်းငှါ အလိုရှိသောသူများသာလျှင် ကိုယ်တော်ရှင်နှင့် မိတ်သဟာယဖွဲ့နိုင်ကြမည်ဖြစ်ပါသည်။ စိတ်နှလုံး ဖြူစင်သောသူများသာလျှင် ကိုယ်တော်ရှင်၏ရှေ့မှောက်တွင် အသက်ရှင်နိုင်ကြမည်ဖြစ်ပါသည်။

         ဗတ္တိဇံဆရာယောဟန်သည် ထိုနည်းအတိုင်း ဘုရားသခင်၏သတင်းစကားများကို ဣသရေလ လူများအား ဖွင့်ဟပြောကြားခဲ့ပါသည်။ များစွာသောလူများသည် ၎င်း၏သွန်သင်ချက်များကို လိုက်နာ ခဲ့ကြပါသည်။ ထိုသို့လိုက်နာစောင့်ရှောက်နိုင်ရန် အလိုငှါ၊ ၎င်းတို့သည်ကိုယ်ကျိုးစွန့်ခဲ့ကြရပါသည်။ လူအုပ်ကြီးသည် ဆရာယောဟန်သွားသည့်နေရာတိုင်းသို့ ထက်ကြပ်မကွာလိုက်ခဲ့ကြပြီး သူသည် မေရှိယဖြစ်နိုင်ကြောင်း လူများစွာတို့က မျှော်လင့်စွဲလမ်းခဲ့ကြပါသည်။ သို့သော် မိမိအ‌ပေါ်သို့ လူအများ၏ စိတ်နှလုံးများသည် ယိမ်းယိုင်နေကြောင်း တွေ့မြင်သောအခါ သူသည်ထိုသူများ၏ ယုံကြည်ခြင်းကို ကြွလာမည့်ကယ်တင်ရှင်ထံသို့ အခွင့်အရေးရတိုင်း ဦးလှည့်ပေးရန်ကြိုးစားခဲ့ပါ သည်။

 

No comments:

Post a Comment