Tuesday, April 21, 2026

အခန်းကြီး - ၂၇။ သခင်သည်ကျွန်ုပ်ကိုသန့်ရှင်းစေနိုင်တော်မူသည်

 သခင်သည်ကျွန်ုပ်ကို သန့်ရှင်းစေနိုင်တော်မူသည်

 

ရှင်မဿဲ ၈း၂-၄။ ၉း၁-၈၊၃၂-၃၄။ ရှင်မာကု ၁း၄၀-၄၅။ ၂း၁-၁၂။

ရှင်လုကာ ၅း၁၂-၂၈ ကိုအခြေပြုသည်

 

         အရှေ့တိုင်း၌ လူသိများသည့် ရောဂါများထဲတွင် အနာကြီးရောဂါသည် ကြောက်စရာ အကောင်းဆုံးဖြစ်ပါသည်။ ထိုရောဂါ၏ ပျောက်ကင်းအောင် ကုသ၍ မရနိုင်သည့် ထူးခြားချက်နှင့် ကူးစက်တတ်သည့်လက္ခဏာအပြင်၊ ကူးစက်ခံရသူအ ပေါ်ကျရောက်သည့် ကြောက်မက်ဖွယ် ဆိုးကျိုးများတို့သည် ရဲစွမ်းသတ္တိအရှိဆုံး သောသူကိုပင် ကြောက်ရွံ့မှုများကိုဖြစ်စေ ခဲ့ပါသည်။ ယုဒလူမျိုးများသည် အနာ ကြီးရောဂါကို အပြစ်ကြောင့်ခံရသော ဒဏ်ခတ်မှုတစ်ခုအနေဖြင့် မှတ်ယူခဲ့ကြပါ သည်။ ထို့ကြောင့်ထိုရောဂါကို “ရိုက်ပုတ်ခြင်း၊” “ဘုရားသခင်၏တန်ခိုး” ဟုခေါ် ဝေါ်ခဲ့ကြပါသည်။ ထိုရောဂါသည် ခိုင်ခိုင်မြဲမြဲအမြစ်စွဲတတ်သော၊ ပျောက်ကင်း အောင်ကုသရန် မဖြစ်နိုင်သော၊ သေစေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး၊ ၎င်းကို အပြစ်၏ အထိမ်းအမှတ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုင်သောဥပဒေသများအရ အနာကြီးရောဂါသည်ကို မသန့်ရှင်းသောသူ ဟူ၍ကြေ ညာခဲ့ကြပါသည်။ သေနေသောလူသေကဲ့သို့ သဘောထားကာ ၎င်းအား လူနေသော နေရာများမှ ကင်းဝေးသောနေရာများတွင် သီးသန့်နေစေခဲ့ကြပါသည်။ ထိုသူနှင့် ထိတွေ့သမျှသောအရာအားလုံးသည် မသန့်ရှင်းကြတော့ဟု မှတ်ယူကြပြီး ၎င်း၏ ထွက်သက်ဝင်သက်ကြောင့် လေထုသည်ပင် ညစ်ညမ်းသွားသည်ဟု ယူဆခဲ့ကြပါ သည်။ ထိုရောဂါစွဲကပ်နေသည်ဟု မယုံသင်္ကာအဖြစ်ခံရသူသည် ယဇ်ပုရောဟိတ်၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုပြသရမည်။ ထိုယဇ်ပုရောဟိတ်သည် ၎င်း၏ပြဿနာကို ဆုံးဖြတ်ပေးရပါမည်။ ၎င်းအားအနာကြီးရောဂါသည်ဖြစ်ကြောင်း ကြေညာလိုက်ပါ လျှင် ထိုသူသည် မိသားစုများနှင့် တသီးတခြားစီနေထိုင်ရမည်ဖြစ်ပြီး ဣသရေလ လူများနှင့်လည်း အဆက်အသွယ်ဖြတ်ခြင်းကို ခံခဲ့ရကာအလားတူအနာကြီး ရောဂါ သည်များနှင့်သာ ပေါင်းသင်းနေထိုင်ရန် စီရင်ခြင်းခံရပါသည်။ ပညတ်တော်သည် ဤတောင်းဆိုချက်အတွက် အလျော့အတင်းမရှိပါ။ ဘုရင်များနှင့် ယုဒလူအကြီး အကဲများပင် ဤပညတ်မှ ကင်းလွတ်ခွင့်မရကြပါ။ ဤရောဂါစွဲကပ်ခြင်းခံရသော သက်ဦးဆံပိုင် ဘုရင်တစ်ပါးသည်ပင်လျှင် နန်းကိုစွန့်၍ လူ့အဖွဲ့အစည်းမှတိမ်းရှောင် သွားရမည်ဖြစ်ပါသည်။

         ထိုအနာကြီးရောဂါရှင်သည် မိမိ၏ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများမှ ဝေးကွာသောနေရာများတွင် မိမိရောဂါ၏ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံစားရပါသည်။ မိမိ၏ အတိဒုက္ခကို အများသိစေဖို့ကြွေးကြော်ရန် ဝတ်ရုံကိုဆုတ်ဖြဲ၍ မိမိနေထိုင် သော ရောဂါကူးစက်နိုင်သည့်နေရာသို့ မချဉ်းကပ်ကြရန် အချက်ပေးအသံပြုဖို့သူ့ တွင်တာဝန်ရှိပါသည်။ အထီးကျန်ဘ၀ဖြင့်နေရန် စွန့်ပစ်ခြင်းခံရသူထံမှ ဝမ်းနည်း နေသောအသံဖြင့် “ငါမသန့်ရှင်းဘူး၊ ငါမသန့်ရှင်းဘူး” ဟူသောငိုကြွေးဟစ်အော် သံသည် ကြောက်ရွံ့စက်ဆုပ်စွာဖြင့် ကြားခဲ့ရသော သတိပေးသံတစ်ခုဖြစ်ခဲ့ပါသည်။

         ခရစ်တော်အမှုတော်ဆောင်ခဲ့သော နယ်မြေဒေသတွင် ထိုကဲ့သို့သော ရောဂါသည်များ များစွာရှိခဲ့ပြီး ခရစ်တော်၏ အနာရောဂါကုသပေး ခြင်းသတင်းသည် ၎င်းတို့ထံသို့ရောက်သွားသောအခါ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပါသည်။ သို့သော်လည်း ပုရောဖက်ဧလိရှဲအချိန်မှစ၍ အနာကြီးရောဂါသည်တစ်ယောက်ကိုမျှ သန့်ရှင်းစေခဲ့သည် ဟူသောသတင်း ကိုမကြားခဲ့ရဖူးချေ။ ကိုယ်တော်ရှင်အနေနှင့် လည်း ထိုကဲ့သို့သောရောဂါ သည်တစ်ဦးကိုမျှ ကုသတော်မမူဖူးခဲ့သည့် အတွက် ၎င်းတို့အား ကိုယ်တော်ရှင်ကုသပေးရန် မမျှော်မှန်းဝံ့ကြချေ။ သို့သော် ထိုအနာကြီး ရောဂါသည်များထဲမှ တစ်ယောက်သောသူ၏ စိတ်နှလုံးထဲတွင် ယုံကြည်ခြင်းစိတ် သည် စတင်ပေါက်ဖွားလာခဲ့ပါသည်။ သို့စေကာမူ ထိုသူသည် ခရစ်တော်ထံသို့ ရောက်အောင်သွားရမည်ကို မသိခဲ့ချေ။ သူသည် မိမိ၏ အပေါင်းအဖော်များနှင့် အ ဆက်အသွယ်မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခြင်း ခံထားရသောကြောင့် မိမိ၏အနာ များကို ခရစ်တော်အား မည်ကဲ့သို့ပြနိုင် လိမ့်မည်နည်း။ ၎င်းပြင် ခရစ်တော်သည် ၎င်းအား ကုသပေးမည်လားဟူ၍လည်း သံသယဝင်နေပါသည်။ ဘုရားသခင်၏ အပြစ်ဒဏ်စီရင်ခြင်းကို ခံနေရသည်ဟု လူအများကမှတ်ယူခြင်းခံနေရသော သူတစ် ယောက်အား ဂရုတစိုက်လုပ်၍ ကိုယ်တော်သည် အောက်ကျို့ခံလုပ်ဆောင်တော်မူ လိမ့်မည်လား။ ကိုယ်တော်သည် ဖါရိရှဲများ၊ ဆေးဆရာဝန်များကဲ့သို့ ကျိန်ဆဲသော စကားကိုမပြောဘဲ လူများ၏ ခြောက်လှန့်နှောင့်ယှက်မှုများမှ ကင်းလွတ်မည့် နေရာ သို့တိမ်းရှောင်သွားရန် သူ့အားသတိပေးလိမ့်မည်လား စသည်ဖြင့်  သခင်ယေရှုအ ကြောင်းကြားဖူးသမျှကို သူစဉ်းစားနေမိခဲ့ပါသည်။ ကိုယ်တော့်ထံသို့လာရောက်၍ အကူအညီတောင်းခံသူ တစ်ဦးတစ်ယောက်ကိုမျှ အကူအညီမပေးဘဲပြန်၍ မလွှတ် ခဲ့ဖူးချေ။ အတိဒုက္ခရောက်နေသော ထိုသူသည် ကယ်တင်ရှင်ထံသွားရောက်တွေ့ ဆုံရန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ သူသည် မြို့ပြင်သို့ ထုတ်ထားခြင်းကို ခံ နေရသော်လည်း တောင်ကုန်းတစ်လျှောက်ရှိ အချို့လမ်းများပေါ်တွင် ကိုယ်တော် ခရီးသွားတော်မူစဉ် ကိုယ်တော်ရှင်နှင့် ဆုံစည်းနိုင်မည်ဖြစ်ပါသည်။ ၎င်းပြင်မြို့ အပြင်တွင် ကိုယ်တော်ရှင်သွန်သင်နေစဉ်၌လည်း ကိုယ်တော်အားတွေ့ဆုံနိုင် မည်ဖြစ်ပါသည်။ ဤအရာသည် ၎င်း၏ မျှော်လင့်ချက်သာဖြစ်ပြီး ထိုမျှော်လင့်ချက် ကိုအကောင်အထည်ဖော်ရန် အခက်အခဲမှာများစွာရှိနေပါသည်။

         ထိုအနာကြီးရောဂါသည်သည် ကယ်တင်ရှင်ထံသို့သွားရန် လမ်းညွှန်ခြင်းခံ ခဲ့ရပါသည်။ ထိုအချိန်တွင် သခင်ယေရှုသည် ရေကန်နံဘေးတွင် သွန်သင်ပို့ချ လျက်ရှိပြီး လူများသည် ကိုယ်တော်ရှင်အနားတွင် စုရုံးနေကြပါသည်။ ထိုသူသည် အဝေးတွင်ရပ်နေစဉ် ကယ်တင်ရှင်၏ နှုတ်တော်မှထွက်လာသော စကားအနည်း ငယ်ကိုကြားနေရပါသည်။ ကိုယ်တော်သည် မိမိ၏လက်တော်ကို နာမကျန်းသူများ အပေါ်တွင်တင်တော် မူနေသည်ကိုလည်းကောင်း၊ ခြေဆွံ့သောသူများ၊ မျက်စိကန်း နေသူများ၊ သွက်ချာပါဒရောဂါသည်များနှင့် ရောဂါဝေဒနာအမျိုးမျိုးကြောင့် သေလု မြောပါးဖြစ်နေကြသူများသည် မိမိတို့၏ ရောဂါပျောက်ကင်းမှုအတွက် ထာ၀ရ ဘုရားကို ချီးမွမ်းထောမနာပြုလျက် ကျန်းမာစွာဖြင့် မတ်တတ်ရပ် နေကြသည်ကို လည်းကောင်း သူတွေ့မြင်ရပါသည်။ သူ၏စိတ်နှလုံးတွင် ယုံကြည်ခြင်းခွန်အား တိုးပွားလာခဲ့ပါသည်။ သူသည် စုရုံးနေသော ထိုလူအုပ်ကြီးအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လိုက်ပါသည်။ သူ့အပေါ်ချုပ်ချယ်တားမြစ်ထားမှုများ၊ လူအများအား ရောဂါ မကူးစက်ရေးနှင့် လူအများက ၎င်းအားကြောက်ရွံ့မှုများအားလုံးကို မေ့ပျောက်နေ ပါသည်။ သူသည် အနာပျောက်ကင်းခြင်းတည်းဟူသော မင်္ဂလာမျှော်လင့်ခြင်း တစ်ခုကို သာစဉ်းစားနေပါသည်။

         သူသည် အော့နှလုံးနာစရာအသွင်အပြင် ရှိသူတစ်ဦးဖြစ်ပါသည်။ ဤရောဂါ မျိုးသည် ကြောက်စရာကောင်းပြီး သူ၏ပျက်ယွင်းနေသော ကိုယ်ခန္ဓာကိုကြည့် ရသည်မှာ စိတ်ချောက်ချားစရာဖြစ်ပါသည်။ သူ့ကို မြင်လျှင်မြင်ချင်း လူများသည် ကြောက်လန့်စွာဖြင့် နောက်သို့ဆုတ်လိုက် ကြပါသည်။ ထိုသူနှင့်မထိမိစေရန် သူတို့ သည် တစ်ဦးနှင့်တစ်ဦးကြိတ်၍ တိုးဝှေ့နေကြပါသည်။ တချို့က၎င်းအား ခရစ်တော် အနီးသို့ချဉ်းကပ် မလာနိုင်စေရန် တားဆီးခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့ ပါသည်။ ထိုအနာကြီးရောဂါရှင်သည် ၎င်းတို့ကိုမမြင်တော့သည့်အပြင် ၎င်းတို့ ပြော သည်ကိုလည်း မကြားတော့ချေ။ ထိုသူများ၏ စက်ဆုပ်ရွံရှာမှုကိုဖော်ပြသော စကားများသည် သူ့အပေါ်တွင်ဩဇာသက်ရောက်မှု မရှိတော့ချေ။ သားတော်ဘုရား ကိုသာ သူမြင်ပါတော့သည်။ သေတော့မည့်ဆဲဆဲ လူနာများအား အသက်ရှင်စေ မည့်ကိုယ်တော်ရှင်ပြောသော စကားသံများကိုသာ သူကြားပါတော့သည်။ ထိုနောက် ရှေ့သို့တိုးဝင်သွားကာ ကိုယ်တော်ရှင်၏ ခြေရင်းတော်တွင် ပျပ်ညွတ်လျက် “သခင် အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုလျှောက်လေ၏။ “ယေရှုကလည်း၊ ငါအလိုရှိသည်။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။” မဿဲ ၈း၃။

         ထိုခဏချင်းတွင်ပင် ထိုသူသည် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက် ခဲ့ပါသည်။ သူ၏အသားအရေများသည် ကျန်းမာလန်းဆန်းလာခဲ့ပါသည်။ ထုံကျဉ်မှု များပျောက်ကာ ထိတွေ့ခံစားမှုရှိလာခဲ့ပါသည်။ ကြွက်သားများသည် ပြန်လည်ကြံ့ ခိုင်လာခဲ့ပါသည်။ အနာကြီးရောဂါသည်မှန်း ထင်ရှားစေသည့် ကြမ်းတမ်း၍ အော့နှလုံးနာဖွယ်ကောင်းသော အသားအရေများသည် ကွယ်ပျောက်ကုန်ပြီး က လေးငယ်၏ အသားအရေကဲ့သို့ နူးညံ့စိုပြည်သော အသားအရေများဖြစ်ပေါ်လာခဲ့ ပါသည်။

         ခရစ်တော်သည် မိမိပြုတော်မူခဲ့သောအံ့ဖွယ်အမှုကို လူအများသိစေဖို့ ထို သူအားမပြောခိုင်းဘဲ ယဇ်ပုရောဟိတ်ထံသို့ တည့်တည့်မတ်မတ် သွား၍ ကိုယ် ကိုပြကာ ဗိမာန်တော်တွင် ပူဇော်သကာကိုလှူဒါန်းရန် မိန့်တော်မူခဲ့ပါသည်။ ယဇ်ပု ရောဟိတ်သည် ၎င်းအားစစ်ဆေးကြည့်ရှု၍ ၎င်း၌ အနာကြီးရောဂါလုံးလုံး ပျောက် ကင်းသွားပြီဖြစ်ကြောင်းမကြေညာမီ တိုင်အောင် ထိုကဲ့သို့သော ပူဇော်သကာများ ကို လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။ မည်မျှပင်ဆန္ဒမရှိစေကာမူ ယဇ်ပုရောဟိတ် များသည် ဤအလုပ်ကို လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုကိစ္စအတွက် စစ်ဆေးကြည့် ရှုခြင်းနှင့် ဆုံးဖြတ် ပေးခြင်းအလုပ်ကို ရှောင်ရှားနိုင်ကြလိမ့်မည်မဟုတ်ချေ။

         ခရစ်တော်သည် ထိုသူအား အလျင်စလိုမလုပ်ရန်နှင့် ဆိတ်ဆိတ်နေရန် လိုအပ်ကြောင်းကို တင်းတင်းကျပ်ကျပ်၊ အဆောတလျင်တားမြစ် တော်မူသည်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ “ယေရှုကလည်း သင်သတိပြု၊ ဤအ ကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ် ထံသို့သွား၍ ကိုယ်ကိုပြ လော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေ စီရင်မှာထားသော ပူဇော်သကာ ကို ဆက်လော့ဟု မိန့်တော်မူ၏။” မဿဲ ၈း၄။ ယဇ်ပုရောဟိတ်များသည် ဤ အနာကြီးရောဂါရှင်အား ကုသခြင်းနှင့်ပတ်သက်၍ အမှန်အတိုင်းသိရှိခဲ့ကြလျှင် ခရစ်တော်အပေါ်ထားရှိသည့် ၎င်းတို့၏ အမုန်းတရားများသည် ၎င်းတို့အား မဖြောင့် မှန်သောစီရင်ချက်ကို ချမှတ်စေခဲ့လိမ့်မည်ဖြစ်ပါသည်။ ထိုနိမိတ်လက္ခဏာနှင့် ပတ်သက်သော ကောလာဟလသတင်းများကို ၎င်းတို့မကြားသိမီ ထိုသူသည် မိမိ ကိုယ်ကို ဗိမာန်တော်တွင် သွားရောက်ပြသရန် ကိုယ်တော်ရှင်အလိုရှိတော်မူခဲ့ပါ သည်။ ထိုသို့သောနည်းအားဖြင့် တရားမျှတသော ဆုံးဖြတ်ချက်တစ်ခုကို ရရှိနိုင် လိမ့်မည်ဖြစ်ပြီး နူနာရောဂါပျောက်ကင်းလာသော ထိုသူသည်လည်း ၎င်း၏ မိသားစုများ၊ မိတ်ဆွေများနှင့် တစ်ဖန်အတူတကွနေထိုင်နိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။

         ထိုသူအားဆိတ်ဆိတ်နေရန် တင်းတင်းကျပ်ကျပ် မိန့်တော်မူရာတွင် ခရစ် တော်၏ ရှုထောင့်၌ အခြားရည်ရွယ်ချက်များလည်း ရှိနေပါသည်။ မိမိ၏ရန်သူများ သည် မိမိ၏အမှုတော်ကို ကန့်သတ်ချုပ်ချယ်ရန်နှင့် လူများအား မိမိထံမှထွက်ခွာ သွားကြစေရန် အမြဲတမ်းကြိုးစားလျက်ရှိကြကြောင်းကို ကိုယ်တော်သိရှိတော်မူခဲ့ ပါသည်။ ဤအနာကြီးရောဂါသည်အား ပျောက်ကင်းစေခြင်းသတင်းသည် ဟိုးလေး တကျော်ဖြစ်သွားခဲ့လျှင် အခြားနူနာသည်များသည် မိမိထံတွင်ကြိတ်ကြိတ်တိုးစုရုံး လာခဲ့ကြလိမ့်မည်။ ထိုအခါ ၎င်းရောဂါသည်များနှင့် ထိတွေ့မိခြင်းကြောင့် ညစ်ညမ်း ကုန်ပြီဖြစ်ကြောင်း၊ လူအများ၏ အော်သံများ ထွက်ပေါ်လာမည်ကိုလည်း ကိုယ် တော်သိရှိတော်မူခဲ့၏။ ထိုစုရုံးလာကြမည့်အနာကြီးရောဂါသည် အများစုသည်လည်း ရရှိမည့် ကျန်းမာရေးဆုကျေးဇူးကို မိမိအတွက်သော်လည်းကောင်း၊ အခြားသူများ အတွက်သော်လည်းကောင်း ကောင်းချီးမင်္ဂလာဖြစ်စေရန် အသုံးပြုကြလိမ့်မည် မဟုတ်ချေ။ ၎င်းပြင်နူနာသည်များကို မိမိအပါးတွင် စုရုံးစေခြင်းအားဖြင့် ကိုယ်တော် အနေနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ ပညတ်တော်များ၏ တားမြစ်ကန့်သတ်ချက်များ ကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ကိုစွဲဆိုရန် အခွင့်ပေးရာရောက်သွားလိမ့် မည်ဖြစ်ပါသည်။ ထိုနည်းအားဖြင့် ကိုယ်တော်၏ ဧဝံဂေလိတရားဟောကြားခြင်း အလုပ်ကို အဟန့်အတားဖြစ်စေပါလိမ့်မည်။

         ဤအဖြစ်အပျက်သည် ခရစ်တော်၏ သတိပေးချက်ကို မှန်ကန်ကြောင်း ထင်ရှားပေါ်လွင်စေခဲ့ပါသည်။ လူအုပ်ကြီးသည် ထိုနူနာသည်၏ ရောဂါပျောက်ကင်း ခဲ့ခြင်းကိုမြင်တွေ့ခဲ့ရပါသည်။ ၎င်းပြင် ထိုကိစ္စအတွက် ယဇ်ပုရောဟိတ်များ၏ ဆုံးဖြတ်ချက်ကိုလည်း သိချင်နေခဲ့ကြပါသည်။ ထိုသူသည် ၎င်း၏မိတ်ဆွေများထံ သို့ပြန်လည်ရောက်ရှိလာသောအခါ ၎င်းတို့သည် အကြီးအကျယ် စိတ်လှုပ်ရှားခဲ့ကြ ပါသည်။ ထိုသူသည် ခရစ်တော်တားမြစ်ထားသည့်ကြားမှ မိမိ၏ ရောဂါပျောက်ကင်း ခဲ့သည့် အကြောင်းကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့ချေ။ တကယ်ပင် ထိုအကြောင်း ကို ထိမ်ချန်ဖုံးကွယ်ထားရန် မဖြစ်နိုင်ဘဲ ထိုသူသည် လူသိရှင်ကြားပြောကြားခဲ့ ပါသည်။ ခရစ်တော်သည် မိမိအားတားမြစ်ပိတ်ပင်ခြင်းသည် ခရစ်တော်အနေနှင့် ဣန္ဒြေစောင့်သော သဘောသာဖြစ်သည်ဟု ထင်မှတ်ကာ ခရစ်တော်၏ တန်ခိုး တော်ကို သူသည်သွားရောက် ကြေညာခဲ့ပါသည်။ ကိုယ်တော်၏ တန်ခိုးတော်ကို ထင်ရှားစေသည့် လုပ်ရပ်တိုင်းသည် ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲ များအနေနှင့် ကိုယ်တော်ရှင်အား လုပ်ကြံသတ်ဖြတ်ရန် ပိုမို၍ဆုံးဖြတ်ချက်ခိုင်မာ လာစေကြောင်းကို သူနားမလည်ခဲ့ချေ။ ကျန်းမာခြင်းဆုကျေးဇူးသည် အလွန်တန်ဖိုး ရှိကြောင်း ကိုယ်တွေ့သိရှိခဲ့ပါသည်။ ယောက်ျာ;ပီသသော ကျန်းမာကြံ့ခိုင်မှုတွင် လည်း ကောင်း၊ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပြန်လည်နေထိုင်ခွင့် ရရှိခြင်း အတွက်သော်လည်းကောင်း မိမိအားကျန်းမာစေခဲ့သော ထိုပုဂ္ဂိုလ်ကြီးအား ချီးမွမ်းထောမနာပြုခြင်းကို သူချုပ်တည်းခြင်းငှါ မတတ်နိုင်ခဲ့ချေ။ သို့သော် ထို အဖြစ်အပျက်ကို ကျော်ကြားအောင် ကြေညာခဲ့သော ၎င်း၏ လုပ်ရပ်သည် ကယ်တင်ရှင်၏ အမှုတော်ကို အဟန့်အတားပြုမှုများကို ဖြစ်စေခဲ့ပါသည်။ ထိုသို့ ကြေညာလိုက်သည့်အတွက် ကိုယ်တော်၏ လုပ်ငန်းများကို အခိုက်အတန့်အား ဖြင့်ရပ်တန့်သွားရန် ကိုယ်တော်အား အတင်းအဓမ္မ ပိတ်ပင်လာသည့်အထိခရစ် တော်အနီးတွင် လူအုပ်ကြီးကို စုရုံးစေခဲ့ပါသည်။

         ခရစ်တော်၏ အမှုတော်နှင့်ဆိုင်သော ပြုမူဆောင်ရွက်ချက်တိုင်းသည် ထား ရှိခဲ့သည့် ရည်ရွယ်ချက်များအတိုင်း များစွာခရီးရောက်ခဲ့ပါသည်။ ပြုမူဆောင်ရွက်မှု များတွင် ထင်ရှားခဲ့သည်ထက် ပို၍အကျုံးဝင်ခဲ့ပါသည်။ ဤနူနာသည်ကို ကုသပေး သောကိစ္စတွင်လည်း ထိုနည်းအတူဖြစ်ပါသည်။ သခင်ယေရှုသည် မိမိထံသို့ ရောက်လာသောသူများအားလုံးကို မစကူညီနေခဲ့စဉ်တွင် မိမိထံသို့မလာခဲ့သော သူများကိုလည်း ကောင်းချီးပေးရန် အပြင်းအထန်အလိုရှိ တော်မူပါသည်။ ကိုယ်တော်သည် အခွန်ခံများ၊ တစ်ပါးအမျိုးသားများနှင့် ရှမာရိလူများအား မိမိထံသို့ ဆွဲယူတော်မူစဉ်တွင် တစ်ဖက်သတ်အထင်လွဲမှုများ၊ ရိုးရာဓလေ့များနှင့် မိမိကိုယ်ကို တံတိုင်း ကာရံထားသည့် ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများကိုလည်း လက်ကမ်းရန် တောင့်တတော်မူခဲ့ပါသည်။ သူတို့ထံသို့ရောက်နိုင်မည့် နည်းမျိုးစုံကို အသုံးပြု ကြိုးစားခဲ့ပါသည်။ ထိုနူနာသည်အား ယဇ်ပုရောဟိတ်များထံသို့စေ လွှတ်ခြင်းအားဖြင့် ကိုယ်တော်သည် သူတို့၏ တစ်ဖက်သတ် အထင်လွဲမှုကို ပြေ ပျောက်စေမည်ဟု မျှော်လင့်ရသောသက်သေခံချက် တစ်ခုကို ၎င်းတို့ထံသို့ပေးပို့ခဲ့ ပါသည်။

         ခရစ်တော်၏ သွန်သင်ချက်များသည် မောရှေအားဖြင့် ဘုရားသခင်ပေးသ နားတော်မူခဲ့သော ပညတ်တော်နှင့် ဆန့်ကျင်သည်ဟု ဖါရိရှဲများသည် အခိုင်အမာ ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မောရှေ၏ တရားအတိုင်း ပူဇော်သကာကို သွား ရောက်ပေးလှူရန် နူနာပျောက်ကင်းသွားသည့် ထိုသူကို ကိုယ်တော်ရှင်ညွှန်ကြား ခဲ့ခြင်းသည် ၎င်းတို့၏ စွပ်စွဲချက်မှားယွင်းကြောင်း ထင်ရှားစေခဲ့ပါသည်။ ထိုအ ရာသည် နားလည်သဘောပေါက်ရန် ဆန္ဒရှိနေသော သူများအတွက် လုံလောက် သောသက်သေခံချက် တစ်ခုဖြစ်ပါသည်။

         ယေရုရှလင်မြို့မှ ခေါင်းဆောင်ကြီးများသည် ခရစ်တော်အား အသေသတ် ရန်အတွက် အကြောင်းပြချက်များကို ရှာရန် သူလျှိုများကို စေလွှတ်ထားခဲ့ပါသည်။ ကိုယ်တော်သည် ထိုသူလျှိုများအား လူသားများ အပေါ်ထားရှိသည့် မိမိမေတ္တာ တော်၏ အထောက်အထားကိုလည်းကောင်း၊ ပညတ်တော်အပေါ် ထားရှိသော မိမိ ၏ လေးစားမှုနှင့်လူသားများအား အပြစ်နှင့်သေခြင်းမှ ကယ်တင်ရန် မိမိ၏တန်ခိုး တော်ကိုလည်းကောင်း ပြသခြင်းအားဖြင့် တုံ့ပြန်တော်မူခဲ့ပါသည်။ “အကျွန်ုပ်ပြု သောကျေးဇူးအတွက် မကောင်းသော အပြစ်ကိုလည်းကောင်း၊ အကျွန်ုပ်မေတ္တာ အတွက်မုန်းခြင်းကိုလည်းကောင်း ဆပ်ပေးကြပါ၏” ဟူ၍ ထိုသူတို့အကြောင်းကို ကိုယ်တော် သက်သေခံတော်မူခဲ့ပါသည်။ ဆာလံ ၁၀၉း၅။ တောင်ပေါ်တွင် တပည့် တော်များအား တရားဟောကြားစဉ် “သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့” ဟူသော ပညတ်ကိုပေးတော်မူခဲ့သော ကိုယ်တော်သည် ရန်တုံ့မူခြင်း၊ ပြန်၍ကဲ့ရဲ့ခြင်းကို မ ပြုဘဲ မေတ္တာပို့ခြင်းကိုပြုခဲ့ခြင်းအားဖြင့် ထိုနိယာမတရားတော်ကို မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးခဲ့ပါသည်။ မဿဲ ၅း၄၄။ ၁ပေ ၃း၉။

         ထိုသူအား လူများထဲတွင်မနေရန် နှင်ထုတ်ခဲ့သော ယဇ်ပုရောဟိတ်များ သည် ထိုသူ၌ နူနာရောဂါကင်းစင်သွားပြီဖြစ်ကြောင်း သက်သေခံခဲ့ကြပါသည်။ လူ သိရှင်ကြားကြေညာ၍ မှတ်တမ်းတင်ခဲ့သော ဤစီရင်ချက်သည် ခရစ်တော်အတွက် အစဉ်တည်မြဲသော သက်သေခံချက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်းတွင် နူနာရောဂါအ နည်းငယ်မျှပင် မရှိတော့ကြောင်း ယဇ်ပုရောဟိတ်များ၏ အာမခံချက်အရ ထိုသူ သည် ဣသရေလလူစုလူဝေးထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သောအခါ သူကိုယ် တိုင်သည် ကျေးဇူးရှင်သခင်ယေရှုအတွက် အသက်ရှင်လျက်ရှိသော သက်သေခံ တစ်ဦးဖြစ်ခဲ့ပါသည်။ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပူဇော်သကာကို ဆက်ကပ်လှူဒါန်း ပြီး ခရစ်တော်၏ နာမတော် ကိုချီးမွမ်းခဲ့ပါသည်။ ထိုယဇ်ပုရောဟိတ်များသည် ကိုယ် တော်၏ ဘုရားဇာတိတော်နှင့်ပတ်သက်သော ဘုန်းတန်ခိုးတော်ကို သဘောပေါက် ခဲ့ကြပါ သည်။ သမ္မာတရားကိုသိရှိရန်နှင့် အလင်းတော်အားဖြင့် အကျိုးခံစားခွင့် ရရှိရန် ၎င်းတို့အားအခွင့်အရေး ပေးထားတော်မူခဲ့ပါသည်။ ငြင်းပယ်ခဲ့လျှင် ထို အခွင့်အရေးသည် ၎င်းတို့ထံမှကျော်သွားကာ မည်သည့်အခါမျှပြန်လည် ရောက်ရှိ လာလိမ့်မည်မဟုတ်ချေ။ ယုဒလူအများစုသည် ထိုအလင်းတော်ကို ငြင်းပယ်ခဲ့ကြ ပါသည်။ သို့စေကာမူ ထိုအလင်းတရားသည် အချည်းနှီး မဖြစ်ခဲ့ချေ။ ထိုအလင်း တော်ကြောင့် များစွာသောစိတ်နှလုံးများသည် လှုပ်ရှားခဲ့သော်လည်း အခိုက်အတန့် အားဖြင့် မသိသာခဲ့ချေ။ ကိုယ်တော်ရှင်၏ အမှုတော်ကာလ အတောအတွင်း၌ ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများထံမှ မေတ္တာနှင့်ပတ်သက်သည့် အ နည်းငယ်သော တုံ့ပြန်မှုများကိုသာ ရရှိခဲ့ပုံပေါ်ခဲ့သော်လည်း ကိုယ်တော်ရှင် ကောင်း ကင်သို့တက်ကြွ သွားပြီးနောက် “ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ခဲ့ကြ၏။” တမန် ၆း၇။

       

         ထိုအနာကြီးရောဂါသည်အား ကြောက်လန့်ဖွယ်ကောင်းသော နူနာရောဂါကို ခရစ်တော်ပျောက်ကင်းစေခဲ့ခြင်းသည် အသက်ဝိညာဉ်များအား အပြစ်မှဆေးကြော ပေးမည့် ကိုယ်တော်၏ အမှုတော်အတွက် သာဓကတစ်ခုဖြစ်ပါသည်။ ခရစ်တော် ထံသို့ရောက်လာခဲ့သော ထိုသူသည် တစ်ကိုယ်လုံးနူနာစွဲကပ်နေပြီး သေစေနိုင် သည့် ထိုအနာ၏ ပိုးများသည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေပေပြီ။ အနာကြီးရောဂါ သည်ကို ထိမိသောသူသည် မသန့်ရှင်းသော သူဖြစ်သွားမည်ဖြစ်သဖြင့် ထိုသူကို မထိရန် တမန်တော်များသည် ကိုယ်တော်ရှင်အား တားဆီးခဲ့ကြပါသည်။ သို့သော် လည်းမိမိ၏ လက်တော်ကို ထိုအနာကြီးရောဂါသည် အပေါ်သို့တင်ခြင်းအားဖြင့် ကိုယ်တော်ရှင်သည် ညစ်ညူးမှုကို ရရှိတော်မမူခဲ့ချေ။ ကိုယ်တော်၏ တို့ထိမှုသည် အသက်ပေးသည့် တန်ခိုးတော်ကို မျှဝေခဲ့သဖြင့် နူနာရောဂါပျောက်ကင်းသန့်စင်ခဲ့ ပါသည်။ ထိုနည်းအတူအပြစ်စွဲနေသော၊ သေလောက်သော၊ လူ့အစွမ်းနှင့်သန့်စင် စေရန်မဖြစ်နိုင်သော အပြစ်နူနာကိုလည်း ကိုယ်တော် သန့်စင်ပေးတော်မူမည်ဖြစ်ပါ သည်။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ၊ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ ရောင်သောအနာ၊ ရိရွဲသော အနာသက်သက်ရှိ၏။ “ဟေရှာယ ၁း၅-၆။ သို့သော် ခရစ်တော်သည် လူသားများတွင် နေထိုင်တော်မူရန် လာရောက်ခဲ့သော်လည်း ထိုညစ်ညမ်းမှုများကို ရရှိခံစားရတော်မမူခဲ့ချေ။ ကိုယ်တော်ရှင်ရှိတော်မူသော နေ ရာ၌ အပြစ်သားများအတွက် အနာကိုပျောက်ကင်းစေသော တန်ခိုးရှိတော်မူခဲ့ ပါသည်။ ကိုယ်တော်ရှင်၏ ရှေ့မှောက်တွင်ပျပ်ဝပ်၍ “သခင်၊ အလိုရှိလျှင် အ ကျွန်ုပ်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟု လျှောက်ထားသောသူတိုင်းသည် ယေရှုက ငါအလိုရှိသည်၊ သန့်ရှင်းခြင်းသို့ရောက်စေ" ဟူသော မိန့်တော်မူသံ ကိုကြား ကြရပါလိမ့်မည်။

         ခရစ်တော်သည် အချို့ရောဂါသည်များအား ကုသရာတွင် ၎င်းတို့ တောင်းခံ သော ကောင်းချီးမင်္ဂလာကို ချက်ချင်းပေးသနားတော်မူခြင်းမရှိ ခဲ့ချေ။ သို့သော် ဤ နူနာရှင်၏ ကိစ္စတွင်မူ အသနားခံလျှင်ခံချင်းပေးသနား တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့ သည် လောကနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများအတွက် ဆုတောင်းသောအခါ အဖြေသည် ကြန့်ကြာနိုင်ကောင်း ကြန့်ကြာနိုင်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့ တောင်းလျှောက်သည့် အရာများတို့ထက် ကောင်းသောအရာများကို ဘုရားသခင် သည် ကျွန်ုပ်တို့အား ပေးသနားကောင်း ပေးသနားပါမည်။ သို့သော် အပြစ်မှကယ် လွှတ်ရန်အတွက် ကျွန်ုပ်တို့တောင်းလျှောက်သောအခါ ထိုကဲ့သို့မဟုတ်ပါချေ။ ကျွန်ုပ်တို့၏ အပြစ်များတို့ကို ဆေးကြောပေးဖို့ရန် ကျွန်ုပ်တို့အား ကိုယ်တော်ရှင်၏ သားသမီးများတို့ဖြစ်လာစေရန်နှင့် ကျွန်ုပ်တို့အား သန့်ရှင်းသောအသက်တာဖြင့် အ သက်ရှင်သွားကြစေရန်အတွက် ကိုယ်တော်ရှင် အလိုရှိတော်မူပါသည်။ “ထိုသခင် သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန်ဘ၀မှ ငါတို့ကိုကယ်နုတ်ခြင်းငှါ ငါတို့အပြစ်ကြောင့် ကိုယ့်ကိုကိုယ် အပ် ပေးတော်မူ၏။” ဂလာ ၁း၄။ “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသော စကား တို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင် အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိကြရ၏။” ၁ယော၊ ၅း၁၄-၁၅။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်း ပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်း ကောင်း ပြည့်စုံတော်မူ၏။” ၁ယော၊ ၁း၉။

         ကပေရနောင်မြို့မှ သွက်ချာပါဒရောဂါသည် တစ်ဦးအားကုသရာ၌လည်း ခရစ်တော်သည် ထိုတရားတော်ကို တစ်ဖန်သွန်သင်တော်မူခဲ့ပါသည်။ အပြစ်ကို ခွင့်လွှတ်ရန် ပြုတော်မူခဲ့သော နိမိတ်လက္ခဏာသည် ကိုယ်တော်ရှင်၏ တန်ခိုးတော် ကို ထင်ရှားစေခဲ့ပါသည်။ ၎င်းပြင် သွက်ချာပါဒရောဂါသည်အား ကုသခြင်းအား ဖြင့်လည်း အခြားသော အဖိုးထိုက်တန်သည့် သမ္မာတရားများကို ထင်ရှားစေခဲ့ပါ သည်။ ထိုတရားတော်သည် မျှော်လင့်ချက်နှင့် စိတ်အားတက်မှု အပြည့်အဝရှိခဲ့ပြီး ထိုတရားတော်ကို အကြောင်းမဲ့ အပြစ်ရှာတတ်သော ဖါရိရှဲများတို့နှင့် ပေါင်းစပ် ဆက်နွှယ်လိုက်ခြင်းအားဖြင့် သတိပေးသည့် သင်ခန်းစာတစ်ခုကို ရရှိခဲ့ပါသည်။

         ကပေရနောင်မြို့မှ ဤသွက်ချာပါဒရောဂါသည် ထိုနူနာရောဂါရှင် ကဲ့သို့ပင် ပြန်လည်ကျန်းမာလာရန် မျှော်လင့်ချက်အားလုံး ဆုံးရှုံးနေသောသူ ဖြစ်ပါသည်။ သူ၏ရောဂါဝေဒနာသည် အပြစ်ကျူးလွန်မိခဲ့သော အသက်တာတစ်ခု၏ ဆိုးကျိုး ဖြစ်ပြီး ခံစားရသောဒုက္ခဝေဒနာသည် နောင်တသံဝေဂကြောင့် စိတ်ကိုနာကြည်း စေခဲ့ပါသည်။ သူသည် မိမိခံစားနေရသော ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခများကို သက်သာ ပျောက်ကင်းရန် မျှော်လင့်ချက်ဖြင့် ဖါရိရှဲများနှင့် ကျမ်းတတ်ဆရာများထံတွင် အ ချိန်ကြာမြင့်စွာကတည်းကပင် အသနားခံခဲ့ပါသည်။ သို့သော်လည်း သူတို့သည် ၎င်း၏ရောဂါအား မပျောက်ကင်းနိုင်သော ရောဂါဖြစ်ကြောင်း အေးတိအေးစက် fဖြင့်ပြန်ပြောခဲ့ကြပြီး ဘုရားသခင်၏ အမျက်တော်တွင် ၎င်းအားဖြစ်လိုရာဖြစ်ဟူ၍ ပစ်ထားခဲ့ကြပါသည်။ အနာရောဂါဝေဒနာများသည် ဘုရားသခင်အနေနှင့် မနှစ် သက်ကြောင်း ဖော်ပြသည့် အထောက်အထားတစ်ခုဖြစ်ကြောင်း ဖါရိရှဲများက မှတ်ယူကာ ထိုရောဂါသည်များထံမှ ခပ်ခွါခွါနေထိုင်ခဲ့ကြပါသည်။ သို့စေကာမူ မိမိ ကိုယ်ကို သန့်ရှင်းသူများအနေဖြင့် ချီးမြှောက်ခဲ့သော ထိုသူများသည် ၎င်းတို့ပြစ် တင်ရှုတ်ချခဲ့သော ရောဂါသည်များထက်ပင် ပိုမို၍ဒုစရိုက်များကို မကြာခဏကျူး လွန်ခဲ့ကြပါသည်။

         ခြေလက်သေနေသော ဤသူသည် အကူအညီရနိုင်မည့် မည်သည့် အလား အလာကိုမျှမမြင်ဘဲ လုံးလုံးခိုကိုးရာမဲ့ဖြစ်နေသဖြင့် စိတ်ပျက် အားလျော့နေခဲ့ပါ သည်။ ထိုအချိန်တွင် ခရစ်တော်၏ အံ့ဩဖွယ်လုပ်ဆောင်ချက်များကို သူကြားသိခဲ့ ပါသည်။ သူကဲ့သို့အပြစ်ကျူးလွန်ခဲ့ပြီး ခိုကိုးရာမဲ့နေသော အခြားသူများကို ရောဂါ ပျောက်ကင်းစေခဲ့ကြောင်း၊ နူနာရောဂါ သည်များကိုပင် အနာများပျောက်ကင်း၍ သန့်ရှင်းစေခဲ့ကြောင်းများကို သူ့အားပြောပြခဲ့ကြပါသည်။ သူ့ကို ခရစ်တော်ထံသွား ရောက်ခဲ့လျှင် ရောဂါပျောက်ကင်းနိုင်ခဲ့မည်ကို ယုံကြည်ရန် လာရောက်သတင်း ပြောကြားကြသည့် မိတ်ဆွေများသည် ၎င်းအားအား ပေးခဲ့ကြပါသည်။ မိမိသည် ထိုရောဂါကို မည်ကဲ့သို့ရရှိလာခဲ့ကြောင်းကို သတိရအောက်မေ့သောအခါ သူ၏ မျှော်လင့်ချက်များသည် ပျက်ပြုန်းခဲ့ရပါသည်။ သန့်စင်မွန်မြတ်တော်မူသော ကိုယ် တော်ရှင်သည် ၎င်း၏ ရှေ့တော်မှောက်၌ မိမိအားလက်မခံမည်ကိုလည်း သူစိုး ရိမ်မိခဲ့ပါသည်။

         ထိုသူအလွန်အလိုရှိသော အရာသည် အပြစ်၏ ဝန်မှသက်သာမှုတစ်ခုအ နေနှင့်ရရှိမည့် ကိုယ်ခန္ဓာပြန်လည် ကျန်းမာရေးမဟုတ်ခဲ့ချေ။ သူသည် ခရစ်တော် အားဖူးမြော်၍ ဘုရားသခင်ပေးသနားတော်မူမည့် အပြစ်ခွင့်လွှတ်ခြင်းနှင့် ငြိမ်သက် fခြင်းအတွက် အာမခံချက်ကိုရရှိနိုင်ခဲ့လျှင် ဘုရားသခင်၏ အလိုတော်အရဆက် လက်အသက်ရှင်ရ မည်ကိုလည်းကောင်း၊ အသေခံရမည်ကိုလည်းကောင်း သူ ကျေနပ်မှုရရှိနိုင်ခဲ့ပါလိမ့်မည်။ ငါသည် ခရစ်တော်၏ ရှေ့မှောက်သို့ ရောက်ရှိနိုင်ခဲ့ မည်ဆိုလျှင် မည်မျှကောင်းမလဲဟု ထိုသူကဟစ်အော်လိုက်ပါသည်။ သူ၏တစ်စ တစ်စ ဆုတ်ယုတ်နေသော အသားအရေများသည် ပျက်စီးယိုယွင်းခြင်း လက္ခဏာ ကို ပြနေပြီးဖြစ်သည့်အတွက် ဖြုန်းတီးပစ်ရန် အချိန်မရှိတော့ပြီ။ ထို့ကြောင့် မိမိအားအိပ်စင်ပေါ်တွင်တင်၍ သခင်ယေရှုထံသို့ ထမ်းသွားပေးကြရန် မိတ်ဆွေများ အားသူတောင်းပန်ရာ ၎င်း၏ မိတ်ဆွေများက လုပ်ဆောင်ပေးရန် ဝမ်းမြောက် ဝမ်းသာ တာဝန်ယူခဲ့ကြပါသည်။ သို့သော်လည်း ကယ်တင်ရှင်ရောက်ရှိနေသော အိမ်၏အတွင်းအပြင်အားလုံးတွင် လူများဖြင့် ပြည့်ညပ်နေသည့်အတွက် ထိုလူနာ အား ကိုယ်တော်ရှင့်ထံသို့ ဆောင်ယူသွားဖို့နေနေသာသာ ထိုသခင်၏ စကားသံ ကိုကြားနိုင်သည့်နေရာအထိပင် ဆောင်ယူသွားဖို့ မဖြစ်နိုင်ခဲ့ချေ။

         သခင်ယေရှုသည် ပေတရု၏အိမ်ထဲတွင် တရားတော်ကိုသွန်သင် နေခြင်း ဖြစ်ပါသည်။ သူတို့၏ဓလေ့ထုံးစံအရ တမန်တော်များသည် ကိုယ်တော်ကို ဝန်းရံ၍ ထိုင်နေခဲ့ကြပြီး ဂါလိလဲပြည်၊ ယုဒပြည်ရှိမြို့ရွာများနှင့် ယေရုရှလင်မှလာခဲ့ကြသော ဖါရိရှဲများတို့နှင့် ကျမ်းတတ်ဆရာကြီးများသည် ထိုသူတို့၏ အနီးအနားတွင် ထိုင် ခဲ့ကြပါသည်။ ထိုသူတို့သည် ခရစ်တော်အား အပြစ်ရှာရန် သူလျှိုများအဖြစ် လာခဲ့ကြခြင်းဖြစ်ပါသည်။ ထိုဖါရိရှဲများ၏ အနီးအနားတွင်မူ စိတ်အားထက်သန်နေ သော၊ ရိုသေကိုင်းရှိုင်းသည့် စူးစမ်းလိုသော လူပေါင်းစုံအပြင် မယုံကြည်သူများတို့ သည်လည်း စုရုံးနေခဲ့ကြပါသည်။ လူမျိုးမတူညီသော လူတန်းစားအသီးသီး တို့ဖြစ fကြပါသည်။ ထာ၀ရဘုရား၏ တန်ခိုးတော်သည် နာသောသူတို့အား ချမ်းသာပေးရန် ထိုနေရာတွင်ရှိတော်မူ၏။ အသက်ဝိညာဉ်သည် ထိုလူစုလူဝေးကြီးအပေါ်တွင် လွှမ်း မိုးခဲ့သော်လည်း ဖါရိရှဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်ကြီးများသည် ထိုတန်ခိုးတော်ကိုမ သိမြင်ခဲ့ကြချေ။ သူတို့သည် မိမိတို့၏ လိုအပ်ချက်များကို မသိရှိခဲ့ကြသဖြင့် ထိုအနာ ပျောက်ကင်းခြင်းတန်ခိုးသည် ၎င်းတို့အတွက် အကျိုးမရှိခဲ့ချေ။ “ငတ်မွတ်သော သူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော် မူပြီ။” လုကာ ၁း၅၃။

         ထိုလက်ခြေသေနေသော လူနာကို သယ်ဆောင်လာကြသည့် သူများသည် လူအုပ်ကြီးထံမှဖြတ်၍ ကိုယ်တော်ထံသယ်သွားရန် အဖန်ဖန်ကြိုးစားခဲ့ကြသော် လည်း အချည်းနှီးသာဖြစ်ခဲ့၏။ ထိုသူသည် နှုတ်ဖြင့်ဖော်ပြခြင်းငှါ မစွမ်းနိုင်သော စိတ်ဒုက္ခဝေဒနာကို ခံစားလျက် ကိုယ်တော်ကိုသတိနှင့် စောင့်ကြည့်နေခဲ့ပါသည်။ အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်ခဲ့ရသော မစမည့်အရှင်သည် အနီးကလေး တွင်ရောက်နေပြီဖြစ်သည့်အတွက် ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်တော့ချေ။ သူ၏ အကြံပေးချက်အရ မိတ်ဆွေများသည် သူ့အားအိမ်ခေါင်မိုးပေါ်သို့ သယ်သွား ပြီး အမိုးကိုဖေါက်ကာ ခရစ်တော်၏ ခြေတော်ရင်းတွင်ချကြပါသည်။ ထိုအဖြစ် အပျက်ကြောင့် တရားပွဲသည် ခေတ္တရပ်ဆိုင်းသွားခဲ့ပါသည်။ ကယ်တင်ရှင်သည် ဝမ်းနည်းပက်လက်ဖြစ်နေသော ထိုသူ၏ မျက်နှာကိုကြည့်တော်မူလိုက်ရာ မိမိအား အသနားခံလျက် စိုက်ကြည့်နေသော မျက်လုံးအစုံကို တွေ့မြင်တော်မူခဲ့ပါသည်။ ဤပြဿနာကို ကိုယ်တော်ရှင်နားလည်တော်မူပါသည်။ လက်ခြေသေနေသော ထို သူသည် အိမ်တွင်ရှိနေစဉ်တွင် ၎င်း၏ဩတ္တပ္ပစိတ်၌ အပြစ်ကိုထင်ရှားစွာ သိမြင်စေ ခဲ့ပြီး စိတ်ရှုပ်ထွေး၍ သံသယဝင်နေသော ထိုဝိညာဉ်ကို မိမိထံသို့ဆွဲယူတော်မူခဲ့ ပါသည်။ သူသည် မိမိ၏အပြစ်ကို နောင်တရ၍ ခရစ်တော်၏ တန်ခိုးတော်အားဖြင့် မိမိပြန်လည်ကျန်းမာလာနိုင်ကြောင်း ယုံကြည်လာခဲ့သောအခါ ကယ်တင်ရှင်၏ အသက်ပေးသော ကရုဏာသည် ထိုသူ၏ တောင့်မာနေသော စိတ်နှလုံးအား ပထမ ဦးစွာ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူခဲ့ပါသည်။ မိမိသည် အပြစ်သားများ၏ တစ်ပါးတည်းသော မစအရှင်ဖြစ်ကြောင်း ယုံကြည်ခြင်းကိုဖြစ်ပေါ်စေမည့် ယုံကြည် fခြင်း၏ ပထမအရိပ်အမြွက်ကလေးကို ခရစ်တော်စောင့်ကြည့် တော်မူရာအနည်း ငယ်သော ထိုယုံကြည်ခြင်းသည် မိမိ၏ရှေ့မှောက်သို့ ရောက်ရှိလာရန် ခပ်သိမ်း သောကြိုးစားမှုများကို လုပ်ဆောင်ပေးသည့်အထိ သန်မာကြံ့ခိုင်လာကြောင်း ကိုယ် တော်မြင်တွေ့ခဲ့ရပါသည်။

         ယခုတွင်မူ “ငါ့သား၊ မစိုးရိမ်နှင့်၊ သင်၏အပြစ်ကိုလွှတ်စေပြီ}} ဟူ၍ ခြေလက်သေနေသည့် ထိုသူ၏နားထဲတွင် တေးဂီတသံကဲ့သို့ဖြစ်စေမည့် စကားများ အားဖြင့် ခရစ်တော်မိန့်တော်မူခဲ့၏။

         စိတ်သောကရောက်မှုဝန်ထုပ်ကြီးသည် ထိုလူနာ၏ အသက်ဝိညာဉ်မှရွေ့ လျားပေပြီ၊ အပြစ်ခွင့်လွှတ်ခြင်းခံရသဖြင့် ငြိမ်သက်ခြင်းသည် ၎င်း၏ဝိညာဉ်အပေါ် သို့ကျရောက်၍ ၎င်း၏မျက်နှာသည် ထွန်းတောက်နေပါသည်။ သူ၏ကိုယ်ခန္ဓာ နာကျင်မှုသည် ပျောက်ကင်းသွားပေပြီ။ ကိုယ်တစ်ကိုယ်လုံးသည် အသွင်သဏ္ဌာန် ပြောင်းလဲသွားခဲ့ပါသည်။ အကူအညီမဲ့လက်ခြေသေသူသည် ရောဂါပျောက်ကင်း သွားပြီဖြစ်ပြီး ထိုဒုစရိုက်အပြစ်ကောင်သည် အပြစ်လွှတ်ခြင်းကိုခံရပေပြီ။

         သူသည် ယုံကြည်မှုသက်သက်ဖြင့် ခရစ်တော်၏ နှုတ်ထွက်စကားများကို အသစ်သော အသက်တာ၏ အကျိုးကျေးဇူး တစ်ခုအနေနှင့် လက်ခံခဲ့ပါသည်။ အခြား တောင်းဆိုမှုများကို ထပ်၍မလုပ်တော့ဘဲ ခရစ်တော်၏ စကားများအားဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သုခချမ်းသာနှင့်ပြည့်၀သော ငြိမ်သက်မှုဖြင့် လဲလျောင်း နေခဲ့ပါသည်။ ကောင်းကင်၏ အလင်းတော်သည် သူ၏မျက်နှာကိုထွန်းတောက်စေ ခဲ့ပြီး လူများသည် ထိုမြင်ကွင်းကို စိုးရွံ့ထိတ်လန့်စွာဖြင့်ကြည့်ရှုနေခဲ့ကြပါသည်။

         ခရစ်တော်သည် ဤကိစ္စကို မည်ကဲ့သို့ သဘောထားမည်ကိုကြည့်ရန် ကျမ်းတတ်ဆရာများသည် စိတ်ပူပန်ကြောင့်ကြစွာဖြင့် စောင့်စားနေကြပါသည်။ ထို သူသည် မိမိတို့ထံသို့လာ၍ အကူအညီတောင်းခဲ့ဖူးကြောင်းကို လည်းကောင်း၊ ကူညီ မစမှုကိုပေးဖို့ ၎င်းတို့ငြင်းဆိုခဲ့ကြောင်း များကိုလည်းကောင်း သူတို့ပြန်လည်စဉ်းစား မိခဲ့ကြပါသည်။ ထိုသို့မကူညီခဲ့ရုံနှင့် မကျေနပ်သေးဘဲ ထိုသူသည် မိမိ၏အပြစ် ကြောင့် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာကို ခံစားနေရကြောင်း ကြေညာခဲ့ကြပါ သည်။ ၎င်းတို့၏ ရှေ့တွင်ရောက်နေသော လက်ခြေသေနေသည့် ထိုသူအားတွေ့ ရသောအခါ ထိုအရာများသည် သူတို့၏ စိတ်ထဲတွင် အသစ်ဖြစ်လာခဲ့ပါသည်။ အားလုံးသော လူများသည် ထိုမြင်ကွင်းကို စိတ်ဝင်တစားကြည့်နေကြသည်ကို သူတို့ သတိပြုမိကြပြီ။ ထိုလူများအပေါ် မိမိတို့၏ ဩဇာအာဏာသက်ရောက်မှု လျော့ပါး သွားမည်ကို သူတို့အထူးစိုးရိမ်နေကြပါသည်။

         ဤအကြီးအကဲများသည် ထိုအချိန်တွင် ခရစ်တော်နှင့် အချင်းမများခဲ့ကြ သော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဤခံစားချက်ဒီရေကို ဟန့် တားရန် တစ်ခုခုကို လုပ်ရမည်ဟူသော အတွေးကိုမူ ၎င်းတို့ကိုယ်စီကိုယ်ငတွေးနေ ကြပါသည်။ ခြေလက်သေနေသောထိုသူ၏ အပြစ်များအားခွင့်လွှတ်ပြီဟု ခရစ်တော်၏ မိန့်တော်မူခြင်းသည် ဘုရားကိုစော်ကား၍ ပြောသောစကားများဟူ၍ နားလည်ခဲ့ကြပြီး ထိုအရာကို သေထိုက်သောပြစ်မှု တစ်ခုအနေနှင့် သူတို့တင်ပြနိုင် သည်ဟု စိတ်စွဲကာ “ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့်ဤသို့ ပြောရသနည်း၊ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်း”ဟု သူတို့သည် စိတ်ထဲမှာထင်မှတ်ခဲ့ကြပါသည်။ မာကု ၂း၇။

         သခင်ယေရှုသည် ဖုံးကွယ်မှုအောက်တွင် ကြောက်ရွံ့တွန့်ဆုတ်နေသော ၎င်းတို့အား စူးစိုက်စွာကြည့်တော်မူလျက် “သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ဤ သို့ ထင်မှတ်ကြသနည်း။ လက်ခြေသေသောသူအား အဘယ်စကားကို သာ၍ပြော လွယ်သနည်း။ သင်၏ အပြစ်ကိုလွှတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့၊ ကိုယ်အိပ်ရာ ကိုဆောင်၍ ကိုယ့်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်ဟု လက်ခြေသေသော သူအား မိန့်တော်မူ၏။

         ထိုအချိန်တွင် ထမ်းစင်ဖြင့်သယ်ဆောင်လာခဲ့ရသော ထိုသူသည် လူငယ် တစ်ယောက်၏ ခွန်အားအစွမ်းမျိုးနှင့်ပြည့်စုံစွာဖြင့် မိမိခြေပေါ်တွင် ရပ်လေ၏။ အသက်ရှင်ခြင်းတန်ခိုးကို ပေးနေသောသွေးများသည် ၎င်း၏ သွေးပြန်ကြောများ ထဲသို့ လှည့်ပတ်စီးဆင်းနေပါသည်။ ၎င်း၏ကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် ရုတ်တရက်လှုပ်ရှားလာခဲ့ကြသည်။ သေခါနီး ဖြူဖပ်ဖြူရော်ဖြစ်နေသော ထိုသူ၏ အသားအရေများသည် ကျန်းမာနီမြန်း လာခဲ့ပါသည်။ ထိုသူသည်လည်း ချက် ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအ ပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍ ဤကဲ့သို့တစ်ခါမျှ မဖြစ်ဖူးဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။”

         အပြစ်သားများနှင့် ရောဂါဝေဒနာရှင်များအားကုစားရန် မိမိကိုယ်ကိုနှိမ့်ချ တော်မူသော ခရစ်တော်၏ အံ့ဖွယ်မေတ္တာပါတကား၊ ဘုရားသခင်သည် ဝမ်းနည်း စွာဖြင့် ရောဂါဝေဒနာခံစားနေရသော လူသားများကို ချော့မော့တော်မူ၏။ ထိုနည်း အားဖြင့် အံ့ဖွယ်သောတန်ခိုးတော်ကို လူသားများအား ပြသတော်မူခဲ့ပါသည် တကား။ မည်သူသည် ကယ်တင်ခြင်း သတင်းစကားကို သံသယဖြစ်နိုင်ပါမည်နည်း။ မည်သူသည် ကြင်နာသနားတတ်သော ကယ်ချွတ်ရှင်၏ ကရုဏာကို မထီမဲ့မြင်ပြု နိုင်ပါမည်နည်း။ ပျက်ယွင်းနေသော ထိုကိုယ်ခန္ဓာကို ပြန်လည်ကျန်းမာစိုပြည်လာရန် ဖန်ဆင်းခြင်း တန်ခိုးတစ်ခုသာ လိုအပ်ပါသည်။ မြေကြီးနှင့်ပုံသွင်းထားသည့် လူ သဏ္ဌာန်ထဲသို့ အသက်သွင်းပေးခဲ့သော ထိုအသံတော်သည် သေလုမြောပါးဖြစ်နေ သော ထိုသွက်ချာပါဒရောဂါသည်အား အသက်ကို သွင်းပေးတော်မူ ခဲ့ပါသည်။ အသက်ကို ပေးတော်မူခဲ့သော ထိုတန်ခိုးတော်သည် ၎င်း၏ စိတ်နှလုံးကိုလည်း အသစ်ပြုပြင် ပေးခဲ့ပါသည်။ ဖန်ဆင်းစဉ်အခါက ထာ၀ရဘုရားမြွက်ဆို၍ မြွက်ဆို သည့်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေစေ တော်မူခဲ့သော ကိုယ်တော်ရှင်သည် အပြစ်လွန်ကျူးခြင်းများနှင့် ပြစ်မှားမှုများ ကြောင့် သေလျက်ရှိသောအသက် ဝိညာဉ်ကိုအသက်ပေးရန် မြွက်ဆိုတော်မူခဲ့ပါ သည်။ (ဆာလံ ၃၃း၉)။ ကိုယ်ခန္ဓာကို ကျန်းမာရွှင်လန်းစေခဲ့ခြင်းသည် စိတ်နှလုံး ကိုအသစ်ပြုပြင် သည့်တန်ခိုးတော်၏ အထောက်အထား တစ်ခုဖြစ်ခဲ့ပါသည်။ “လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ သင်ထ ၍ သွားလော့” ဟု ထိုခြေလက်သေနေသူအား ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။

         ထိုသူသည် ခရစ်တော်၌ အသက်ဝိညာဉ်နှင့် ကိုယ်ခန္ဓာနှစ်ခုစလုံးကို အနာ ပျောက်စေနိုင်သည့် တန်ခိုးကိုတွေ့ရှိခဲ့ပါသည်။ ဝိညာဉ်ရေးကုသမှု နောက်တွင် ခန္ဓာကိုယ်ပြန်လည် ကျန်းမာလာခြင်းသည် ဆက်တိုက်ဖြစ်ပေါ် လာခဲ့ပါသည်။ ဤ သင်ခန်းစာကို ဂရုမပြုဘဲမနေသင့်ချေ။ ယနေ့တွင် ထိုခြေလက်သေနေသူကဲ့သို့ “သင်၏ အပြစ်ကိုလွှတ်စေပြီ” ဟူသောသတင်း ကိုတောင့်တလျက် ခန္ဓာကိုယ် ရောဂါများကို ခံစားနေရသူ ထောင်ပေါင်းများစွာ ရှိကြပါသည်။ ၎င်းတို့ခံစားနေရ သော အနာရောဂါများ၏ အခြေအမြစ်သည် တည်ငြိမ်မှုမရှိခြင်း၊ ကျေနပ်မှုမရှိခြင်း များနှင့် အတူရောယှက်နေသည့် အပြစ်၏ ဝန်များဖြစ်ကြပါသည်။ သူတို့သည် ခရစ် တော်ထံသို့ မရောက်မချင်း သက်သာရာကို တွေ့နိုင်ကြမည်မဟုတ်ချေ။ ကိုယ် တော်ရှင် တစ်ပါးတည်းသာ ပေးစွမ်းနိုင်သော တန်ခိုးတော်သည် စိတ်ဓာတ်ခွန်အား နှင့် ခန္ဓာကိုယ်ကျန်းမာရေးတို့ကို မျှဝေပေးတော်မူပါသည်။

         “စာတန်၏ လုပ်ဆောင်မှုများကို ပယ်ဖျက်ခြင်းငှါ ဘုရားသခင်၏ သား တော်သည် ထင်ရှားပေါ်ထွန်းတော်မူခဲ့၏။” “ကိုယ်တော်၌ အသက်ရှိ၍ သိုးတို့ သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါ လာသ တည်း” ဟု ကိုယ်တော်မိန့်တော်မူခဲ့၏။ “ကိုယ်တော်သည် အသက်ရှင် စေတတ် သောဝိညာဉ်ဖြစ်၏” ၁ယော၊ ၃း၈။ ယော ၁း၄။ ၁ဝး၁၀။ ၁ကော ၁၅း၄၅။ ကိုယ် တော်သည် လောက၌ အသက်ရှင်စဉ်တွင် လူနာများကို ကုသသောအချိန်နှင့် အ ပြစ်သားများကို အပြစ်လွှတ်သော အချိန်များ၌လည်း အသက်ရှင်ခြင်းအခွင့်ကို ပေးနိုင်သော ထိုတန်ခိုးတော်သည် ကိုယ်တော်၌ ရှိဆဲဖြစ်ပါသည်။ ယေရှုရှင်သည် “သင်၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။” ဆာလံ ၁၀၃း၃။

         ထိုခြေလက်သေနေသူကို ကုသပျောက်ကင်း စေခြင်းအားဖြင့် ယုဒလူတို့အ ပေါ်ဖြစ်ပေါ်စေခဲ့သော အကျိုးသက်ရောက်မှုသည် ကောင်းကင်ကို ဖွင့်ပြီးပို၍ ကောင်းသောကမ္ဘာ၏ ဘုန်းအသရေများကို ဖော်ပြလိုက်သကဲ့သို့ ဖြစ်ခဲ့ပါသည်။ ရောဂါကိုပျောက်ကင်းအောင် ကုသခြင်းခံရသော ထိုသူသည် ဘုရားသခင်၏ ဂုဏ် တော်ကိုချီးမွမ်းလျက် မိမိ၏ အိပ်ရာလိပ်ကို ငှက်မွေးကလေးကဲ့သို့ သယ်ပိုးလျက် လူများရှေ့မှဖြတ်သွားစဉ် ထိုလူများသည် ၎င်းအားလမ်းဖယ်ပေးကာ မိန်းမော တွေ ဝေ၍ ကြောက်ရွံ့စွာဖြင့် “ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီ” ဟု တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုကြ၏။

         ဖါရိရှဲများသည် အံ့ဩမှုများကြောင့် နှုတ်ဆွံ့နေခဲ့ကြပြီး ရှုံးနိမ့်မှု၏ ဖိစီးမှုကို ခံနေရပါသည်။ မိမိတို့၏ မနာလိုဝန်တိုမှုများကို ယုဒလူထုအတွင်း လှုံ့ဆော်နိုင်မည့် အခွင့်အလမ်းတစ်ခုကိုမျှ သူတို့မတွေ့ခဲ့ကြချေ။ ဖါရိရှဲများက ဘုရားသခင်၏ ပြင်း စွာသော အမျက်တော်ကို ပေးအပ်ခဲ့သော ထိုလူအပေါ် တွင်ပြုတော်မူခဲ့သည့် အံ့ဩဖွယ်ကောင်းသော အမှုတော်ကြောင့် ထိုအချိန်တွင် လူအများအနေနှင့် ကျမ်းတတ်ဆရာများကို မေ့လျော့ခဲ့ကြပါသည်။ ထာ၀ရဘုရား တစ်ပါးတည်း၌သာ ရှိတော်မူသည်ဟု သူတို့ဖော်ပြခဲ့ကြသော တန်ခိုးတော်ကို ခရစ်တော်ပိုင်ဆိုင်ထား ကြောင်း ယုဒလူများမြင်တွေ့ခဲ့ကြပါသည်။ သို့စေကာမူ ကိုယ်တော်ရှင်၏ အပြု အမူ၏ နူးညံ့သိမ်မွေ့သော သိက္ခာသည် ၎င်းတို့၏ ဟန်ကြီးပန်ကြီး လုပ်ဆောင်မှုများ နှင့် သိသိသာသာ ကွဲပြားခြားနားခဲ့ပါသည်။ သူတို့သည် မိမိတို့ထက်တန်ခိုးကြီးသော သူတစ်ပါး၏ ရှေ့တွင်ရောက်ရှိနေကြောင် ;ဝန်မခံသော်လည်း အသိအမှတ် ပြုလျက် စိတ်မတည်ငြိမ်ဖြစ်ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေကြပါသည်။ ခရစ်တော်သည် လောက၌ အပြစ်ကိုခွင့်လွှတ်နိုင်သည့် တန်ခိုးရှိကြောင်း အထောက်အထားပို၍ ခိုင်လုံလေလေ၊ မယုံကြည်မှုတွင် မိမိကိုယ်ကိုသာ၍ ခိုင်မာစွာကာကွယ်လေလေ ဖြစ်ခဲ့ကြပါသည်။ ဘုရားသခင်၏ သားတော်ကို ချေမှုန်းရန်အတွက် အသစ်သော အစီအစဉ်များကို တီထွင်ရန် နှုတ်ထွက်အမိန့်တော်အားဖြင့် ခြေလက်သေနေ သူအား ပြန်လည်ကျန်းမာစေသည်ကို  သူတို့တွေ့မြင်ခဲ့ရသော ပေတရု၏ အိမ်မှ ထွက်ခွာသွားခဲ့ကြသည်။ မည်မျှပင် ကျွမ်းနေသော ကိုယ်ခန္ခာရောဂါဖြစ်စေ၊ ခရစ်တော်၏ တန်ခိုးတော်အားဖြင့် ပျောက်ကင်းစေခဲ့သော်လည်း အသက်ဝိညာဉ်၏ ရောဂါသည် အလင်းတရားကိုကြည့်ရန် ငြင်းဆိုသောသူများတွင် ခိုင်မာစွာ အမြစ်စွဲ လျက်ရှိပါသည်။ အနာကြီးရောဂါနှင့် ခြေလက်သေသော ရောဂါများသည် တစ်ယူ သန်ခြင်းနှင့် မယုံကြည်ခြင်းများတို့လောက် ကြောက်စရာမကောင်းကြချေ။

         မကြာသေးမီအချိန်က လေးလံခက်ခဲစွာသယ်ပိုးသွားခဲ့ရသော အိပ်စင်ကို သက်သက်သာသာ သယ်ဆောင်လျက် ထိုသူသည် အိမ်သို့ ပြန်ရောက်လာသော အခါ အိမ်သူအိမ်သားများသည် အကြီးအကျယ်ပျော်ရွှင် ဝမ်းမြောက်ခဲ့ကြပါသည်။ သူတို့သည် ကိုယ့်မျက်စိကိုပင် ကိုယ်မယုံခဲ့ကြဘဲ ဝမ်းသာမျက်ရည်များပင်ကျ ခဲ့ကြပါသည်။ ထိုသူသည် ခွန်အားနှင့်ပြည့်စုံသော ယောက်ျm;ပီသသူ တစ်ဦးအနေ ဖြင့် ၎င်းတို့၏ ရှေ့တွင်မတ်တတ်ရပ် နေခဲ့ပါသည်။ မလှုပ်ရှားနိုင်ခဲ့သော သူ၏လက် များသည် ယခုတွင်လိုသလို လှုပ်ရှားနိုင်ပေပြီ။ ရှုံ့တွန့်ပြီးနီကြင့်ကြင်ဖြစ် နေသော အသားအရေသည် ယခုအချိန်တွင် စိုပြည်၍ နီကြင့်ကြင့် အရောင်ဖြစ်နေပါသည်။ သူသည် ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီး မျက်နှာထားတိုင်းတွင် ပျော်ရွှင်ခြင်းနှင့် မျှော်လင့်ခြင်းများကို ဖော်ပြနေပါသည်။ ၎င်းပြင် ရောဂါဝေဒနာခံစားခြင်း များနှင့် အပြစ်များ၏ အမှတ်အသားများအစား သန့်စင်ခြင်းနှင့်ငြိမ်သက် ခြင်းများ၏ ဖော်ညွှန်းချက်များကို တွေ့မြင်နေရပါသည်။ ဝမ်းမြောက်စွာ ကျေးဇူးတော် ချီးမွမ်း ခြင်းများသည် ထိုအိမ်မှထွက်ပေါ်လာခဲ့ပြီး တွယ်ရာမဲ့နေသူကို မျှော်လင့်ချက်ပြန် လည်ရရှိစေခဲ့သော၊ မလှုပ်နိုင်မရှားနိုင်ဖြစ်နေသူအား ခွန်အားပြန်လည် ရရှိစေခဲ့ သော သားတော်ဘုရားအားဖြင့် ထာ၀ရဘုရားကို ချီးမွမ်းထောမနာပြုခဲ့ကြပါသည်။ ဤသူနှင့်၎င်း၏ မိသားစုများသည် ခရစ်တော်အတွက် ၎င်းတို့၏ အသက်တာကို ပေးရန် အဆင်သင့်ရှိခဲ့ကြပါသည်။ ဝိညာဉ်ရေးမှောင်မိုက်ကျသော ၎င်းတို့၏ မိသား စုထံသို့ အလင်းတရားယူဆောင်လာခဲ့သော ကိုယ်တော့်အပေါ် ထားရှိသည့် ၎င်းတို့ ၏ ယုံကြည်ခြင်းကို မှေးမှိန်စေမည့် မည်သည့်သံသယမျှသူတို့၌ မရှိသကဲ့သို့ ခရစ်တော်၏ ကျေးဇူးကို စောင့်သိရိုသေခြင်း ပျက်ယွင်းစေမည့် မည်သည့် မယုံကြည်မှုမျိုးမှ သူတို့တွင်မရှိခဲ့ချေ။


No comments:

Post a Comment