အခန်း - ၁၀။ ထူးဆန်းသောဓမ္မဆရာ၏မိန့်ခွန်း
အခန်း - ၁၀
အခန်း ၁ဝ
ထူးဆန်းသောဓမ္မဆရာ၏မိန့်ခွန်း
“ဒီဆရာကြီးက ‘ခရစ်တော်ကိုသတ်တဲ့လူသတ်သမား’ နဲ့မတူပါ ဘူးနော်” ဟု နောက်တစ်နေ့စည်းဝေးတွင် လာရောက်နားထောင်သော ပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးတစ်ဦးအား တီးတိုး ပြောဆိုလေသည်။ မစ္စတာအင်ဒါဆင်သည် ခရီးသည်များကို သင်္ဘော ဧည့်ခန်းကြီးတွင် တွေ့ဆုံဟောပြောလေသည်။
“သူကတော့ ရဟူဒီဟုတ်ဟန်မတူဘူး။ စံဖရန်စစ္စကိုမြို့က ထွက် လာကတည်းက ဒီပုဂ္ဂိုလ်ကြီးဟာ ခရစ်တော်ကို တကယ်ယုံကြည်တဲ့ လူမဟုတ်ဘူးလို့တော့ ပြောနေကြတာဘဲ။ သင်္ဘောပေါ်မှာပါလာတဲ့ တခြားဓမ္မဆရာတစ်ယောက်ကတော့ ဒီတရားဟောဆရာကြီးက ကျွန်မ တို့ဟာယေရှုကို ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ ပညတ်တော်ကို စောင့် ရှောက်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို ရောက်လိမ့်မယ်လို့ သွန်သင် ကြောင်းပြောပြပါတယ်။ အဲဒါဟာ တော်တော်ဆိုးတာပဲ” ဟု သူ့အမျိုး သမီးဖေါ်က ပထမစကားစပြောသော အမျိုးသမီးအား ပြန်လည်ပြောဆို လေသည်။
မစ္စတာအင်ဒါဆင်သည် လာရောက်နားထောင်ကြသော အခြား ခရီးသည်များအား ချိုပြုံးသော မျက်နှာနှင့်နှုတ်ဆက်ကာ သူ့မှာ သူများ ထက်ထူးခြားသော ဉာဏ်ပညာမရှိကြောင်း၊ အားလုံးက မိမိတို့ စဉ်းစား ဉာဏ်ကို လွတ်လွတ်လပ်လပ်အသုံးပြုသင့်ကြောင်း ပြောကြားပြီး သူ့ရှေ့ ၌ ရှိသောစားပွဲပေါ်သို့ ဟဲရာလ်(ဒ)ဝီလ်ဆင်၏ မှတ်သားထားသော ကျမ်း စာကို တင်ပြီးလျှင် သူတို့အားလုံး အလင်းတရားရရှိရန် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူတို့အစည်းအဝေးပေါ်၌ ဆင်းသက်တော်မူဖို့ ဆု တောင်းသင့်ကြောင်းကိုလည်း ပြောကြားလေသည်။
သူတောင်းသောဆုသည် အလွန် ရိုးသားကောင်းမွန်လှသည် တ ကား။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” ဟု အစချီ ၍ ဆက်လက်ဆုတောင်းသည်မှာ “ယနေ့ကျွန်တော်မျိုးတို့ စုရုံးလေ့လာ ကြမည့် ကိုယ်တော်၏ နှုတ်ကပါဌ်တော်အတွက် ကိုယ်တော်၏ ကျေးဇူး တော်ကို ချီးမွမ်းကြပါ၏။ ကျွန်တော်မျိုးတို့အတွက် အသက်တော်ကို စွန့်တော်မူသော ယေရှု၊ လူတစ်သောင်းတို့တွင် အထွတ်အမြတ် နှစ်သက် ဖွယ်သော လက္ခဏာနှင့် လုံးလုံးပြည့်စုံလျက်ရှိသော မိတ်ဆွေယေရှု အတွက် ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကျွန်တော်မျိုးတို့၏ အပြစ်ဒုစရိုက် များကို ကျွန်တော်မျိုးတို့အားညွှန်ပြ၍ အသက်ရှင်ခြင်းသို့ ဝင်စားစေနိုင် သောနည်းလမ်းကို သွန်သင်ပြသသည်သာမက ကိုယ်တော်ကို ကျွန်တော် မျိုးတို့အားဖေါ်ပြပြီးလျှင် အပြစ်ကိုအောင်နိုင်သော ခွန်အားပေးတော်မူ သည့် သန့်ရှင်းသောဝိညာဉ်တော်အတွက်လည်း ကျေးဇူးတော်ကို ချီးမွမ်း ပါ၏။ ကိုယ်တော်၏ကရုဏာတော်ကို ကျွန်တော်မျိုးတို့ မျှော်လင့်အား ကိုးပါ၏။ ကျွန်တော်မျိုးတို့၌ ကောင်းမှုကုသိုလ်မရှိပါ။ သို့ရာတွင် ကျွန် တော်မျိုးတို့မြတ်နိုးသော ကိုယ်တော်၏နာမတော်အားဖြင့် ကိုယ်တော် ၏ အထံတော်သို့ တိုးဝင်ချဉ်းကပ်ဝံ့ပါ၏။ ကိုယ်တော်၏ မင်္ဂလာရှိသော သားတော်ကိုကြည့်ရှုတော်မူပါ။ သားတော်၏ဘဝကိုလည်း သတိရတော် မူပါ။ ကျွန်တော်မျိုးတို့၌ သားတော်၏ သဏ္ဌာန်တော်ကိုကိန်းဝပ်စေတော် မူပါ။ ယုံကြည်ခြင်းအားဖြင့် သားတော်သည် ကျွန်တော်မျိုး အသီးအသီး တို့၏ ကယ်တင်ရှင်ဖြစ်တော်မူပါ၏။ ခပ်သိမ်းသော ကိုယ်တော်၏ ကရုဏာတော်များအတွက် ကိုယ်တော်ကို ကျွန်တော်မျိုးတို့ ချီးမွမ်းပါ၏။ ယခုကျွန်တော်မျိုးတို့ လေ့လာသောအခါ ကျွန်တော်မျိုးတို့အား ညွှန် ကြားပြသတော်မူပါ။ ယေရှု၌ရှိသော အမှန်တရားကို ကျွန်တော်မျိုးတို့ အား ပိုမိုသိမြင်စေခြင်းအားဖြင့် ကိုယ်တော်၏ ဘုန်းတော်ကိုထွန်းလင်း စေတော်မူပါ။ အာမင်။”
မစ္စတာအင်ဒါဆင်နှင့်ပတ်သက်၍ မှားယွင်းသော အယူအဆများ ကိုထုတ်ဖေါ်ပြောဆိုလိုက်မိသော အမျိုးသမီးက “အလိုလေး၊ ဒီဆရာ ကြီးဆုတောင်းသံကြားရတော့ ကျွန်မအထင်နဲ့အမြင်တွေဟာ လွဲနေတာ ပေါ့။ သူဆုတောင်းတာဟာ ခရစ်ယာန်တစ်ယောက်ဆုတောင်းသလိုပါပဲ လား။ ဓမ္မဆရာတစ်ဦးဟာ အခြားဓမ္မဆရာတစ်ဦးရဲ့အကြောင်းကို ဒီလောက်တောင်အယူအဆလွဲနေတာဟာ တယ်ထူးခြားပါကလား။”
ဆုတောင်းပတ္ထနာပြုပြီးနောက် မစ္စတာအင်ဒါဆင်က “အခု ရေးပြီးမေးတဲ့မေးခွန်းတွေ ကျွန်တော့်ဆီမှာ အတော်အတန်ရရှိထားပါ တယ်။ အဲဒါတွေကို အရင်ဖြေရရင် ကောင်းလိမ့်မယ်လို့ထင်ပါတယ်။ သဘောတူကြပါသလားခင်ဗျား။”
မစ္စတာစပေါလ်ဒင်းမှာကား၊ ဤအစီအစဉ်သည် လွတ်လွတ် လပ်လပ် ဗြောင်ကျကျ အမေးအဖြေမလုပ်နိုင်အောင် တားဆီးမှုဟူ၍ အကြောင်းမဲ့စိုးရိမ်ကြောင့်ကြဖြစ်မိလေသည်။ “ဖြေရခက်သော မေးခွန်း များ” ကို သူသည် စဉ်းစားထားပြီးဖြစ်သောကြောင့် ရေး၍ မေးမြန်းခြင်း ကို အပြစ်မဆိုသော်လည်း သူ့အဖို့နှုတ်ဖြင့် မေးခွန်းအနည်းငယ် မေးခွင့် ပြုရန် တောင်းဆိုလေသည်။
မစ္စတာအင်ဒါဆင်သည် ယဉ်ကျေးသိမ်မွေ့သော ဆက်ဆံမှုကို အစဉ်တစိုက်ကျင့်သုံးခဲ့သူဖြစ်သောကြောင့် လွယ်လင့်တကူပင် မေးခွင့် ပေးလိုက်လေသည်။
“ဥပုသ်စောင့်ရှောက်ခြင်းဟာ ‘ပညတ်တရား၏ အကျင့်’ တစ်ရပ် ဖြစ်တယ်လို့ခင်ဗျားက ယုံကြည်ပါသလား။”
“မုချယုံကြည်ပါတယ်။”
ဥပုသ်စောင့်ခြင်းသည်ခရစ်ယာန်၏ကျင့်စဉ်တစ်ရပ်လော
“ဧဝံဂေလိတရားလက်အောက်မှာ ဥပုသ်စောင့်ခြင်းကို ခရစ် ယာန်များရဲ့မလွှဲမရှောင်သာသော ကျင့်စဉ်တစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ပါသလား။”
“အဲဒီအတိုင်းပဲယုံကြည်ပါတယ်။”
“ကောင်းပါပြီ၊ ဂလာတိမြို့မှာရှိတဲ့ ခရစ်ယာန်များကို ပေါလု ရေး သားမှာကြားလိုက်တဲ့စကားများကို ဖတ်ပြပါရစေ။ ဒီတော့မှ ခင်ဗျား ပြောတဲ့စကားတွေ ဘယ်ရောက်တယ်ဆိုတာ တွေ့ရှိရပါမယ်။ ဂလာတိ သြဝါဒစာ ၂း၁၆၊၂၁။ “ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက် ခြင်းငှာ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ် တရား၏အကျင့်အားဖြင့်အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာ။”
“ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံ တော်မူပြီ။”
“အကယ်၍ ဥပုသ်စောင့်ခြင်းဟာ ဖေါ်ပြပါ ပညတ်တရားအကျင့် များတွင် အပါအဝင်ဖြစ်တယ်လို့ဆိုရင် ဥပုသ်စောင့်တာဟာ ဘုရားသခင် ရဲ့ပညတ်တော်ကို ပယ်ပြီး ခရစ်တော်ဟာ အချည်းနှီးအသေခံတော်မူ တယ်လို့ ဆိုရာမရောက်ပါလား။"
“ဥပုသ်စောင့်တာဟာ ပညတ်တရားရဲ့အကျင့်တစ်ရပ်ဖြစ်တယ် ဆိုတာ အမှန်ပါပဲ။ ဘယ်ကောင်းမှုကုသိုလ်မဆို အဲဒီအတိုင်းပါပဲ။ ဒါပေ မယ့်လို့ ကောင်းမှုကုသိုလ်တွေလုပ်ခြင်းအားဖြင့် ဘယ်သူမှ ကယ်တင် ခြင်းကို မလှမ်းနိုင်ပါဘူး။ ခရစ်ယာန်အယူဝါဒကလည်း အကျင့်သီလ အားဖြင့် ကယ်တင်ခြင်းကို ရောက်တယ်လို့လည်း မသွန်သင်ပါဘူး။ လူ့ကုသိုလ်ကောင်းမှုဟာ ဘယ်လောက်ပဲများများ ဘယ်လောက်ပဲ မွန် မြတ်မွန်မြတ် အဲဒီကောင်းမှုကုသိုလ်အားဖြင့် လူဟာ ဖြောင့်မတ်ရာသို့ မရောက်နိုင်ပါဘူး။ ဒီအချက်ကိုရောမသြဝါဒစာနဲ့ ဂလာတိသြဝါဒစာ ကျမ်းများတွင် ထပ်တလဲလဲဖေါ်ပြပြောဆိုထားပါတယ်။
“ကယ်တင်ခြင်းသို့ရောက်ရှိရန် သို့မဟုတ် ရှင်ပေါလုက ပြော သကဲ့သို့ ဖြောင့်မတ်ရာသို့ရောက်ရှိရန် ကောင်းမှုကုသိုလ်များ ပြုလုပ် ခြင်းနဲ့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံစားရပြီးမှ ကောင်းမှု ကုသိုလ်များပြုလုပ်ခြင်းသည် လုံးဝခြားနားပါတယ်။
“အကျင့်သီလဆိုသည်မှာ ယုံကြည်ခြင်းနဲ့ဖြောင့်မတ်ခြင်းရှိပြီးမှ ပြုလုပ်သောအရာများဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် အပြစ်ရဲ့နှောင် ကြိုးမှ လွတ်ကင်းခြင်းမရရှိမီ ဘယ်သူက ကောင်းတဲ့အကျင့်သီလကို မဆောက်တည်နိုင်ပါဘူး။ ဇာတိပကတိစိတ်သဘောရှိတဲ့ ဇာတိပကတိ လူဟာ ဝိညာဉ်ပကတိနဲ့သက်ဆိုင်တဲ့ပညတ်တော်ကို နားမထောင်နိုင်ပါ ဘူး။ ရောမသြဝါဒစာ ၈:၇။ သို့ရာတွင်အပြစ်ဖြေလွှတ်ခြင်းခံရပြီးနောက်၊ စိတ်နှလုံးမှာလည်း သခင်ဘုရား၏ ပညတ်တော်ကို ရေးသားထားပြီး နောက် သစ်ပင်ပေါ်မှာ သစ်ရွက်များဟာ သူ့အလိုအလျောက် ပေါ်လာ သလို ပညတ်တရားရဲ့ အကျင့်သီလများကို အလိုအလျောက် ဆောက် တည်လာကြပါတယ်။ ပြောင်းလဲမှုမရှိတဲ့အတွက် ပညတ်တရားရဲ့အကျင့် သီလများဟာ သက်မဲ့အခြေအနေမှာ ရှိကြပါတယ်။ သို့သော်လည်း ပြောင်းလဲမှုရပြီးတဲ့ လူအဖို့မှာ အဲဒီအကျင့်သီလများဟာ ဝိညာဉ်ရဲ့ သက်ရှိအသီးများဖြစ်ကြပါတယ်။
“အဲဒါကြောင့် ဥပုသ်စောင့်ခြင်းဆိုသည်မှာ ဒုတိယမွေးဖွားခြင်း မခံရသေးတဲ့အတွက် အသုံးမကျ၊ အဓိပ္ပါယ်ကင်းမဲ့တဲ့ ဝါဒတစ်ခုဖြစ်ပါ တယ်။ ဒါပေမယ့်လို့စိတ်နှလုံးထဲမှာ သခင်ယေရှုကိန်းအောင်းတဲ့ လူအဖို့ မှာ ပဋိညာဉ်အရခံစားရတဲ့ တွေ့ကြုံမှုတစ်ရပ်ပါပဲ။”
ဥပုသ်စောင့်ရန်ဟောပြောခြင်းသည်ခရစ်တော်ကို ဟောပြောခြင်းဖြစ်သလော
စံဖရန်စစ္စကိုမြို့မှ အမျိုးသမီးတစ်ဦးက “မစ္စတာအင်ဒါဆင်၊ ဒီလို ဆိုတော့ ကယ်တင်ခြင်းခံစားရဖို့ လူဟာပညတ်တော်ကိုစောင့်ရမယ်ဆိုတာကို ရှင်မယုံကြည်ဘူးပေါ့” ဟုမေးမြန်းလေသည်။
“ကျွန်တော် မယုံကြည်ပါ။ ကျွန်တော်ရဲ့ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည်သာလျှင် ကျွန်တော်တို့ကို ဆေးကြောသုတ်သင် ကယ် တင်ပြီးလျှင် ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်တော်မူပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ကိုကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာ ကိန်းဝပ် ခွင့်ပေးတာနဲ့တစ်ပြိုင်နက် ပညတ်တရားရဲ့ ပြဌာန်းချက်တွေဟာ ကျွန် တော်တို့ဘဝမှာ ပြည့်စုံလာပါတယ်။ ရောမသြဝါဒစာ ၈း၃၊၄ ကိုဖတ် ကြည့်ပါ။ ဤနည်းအားဖြင့် ယုံကြည်ခြင်းဟာ ပညတ်တရားကို ကျွန် တော်တို့ စောင့်ရှောက်အပ်တဲ့ ပညတ်အနေနဲ့ ကျွန်တော်တို့ စိတ်နှလုံး ထဲမှာ တည်စေပါတယ်။ ရောမသြဝါဒစာ ၃း၃၁။
ထိုအခါ အထက်ပါမေးခွန်းကို မေးမြန်းသော အမျိုးသမီးက “ကောင်းပါပြီ၊ မစ္စတာအင်ဒါဆင်။ ရှင်ပြောသွားတာတွေဟာ မှန်တယ်လို့ ကျွန်မဝန်ခံလိုပါတယ်။ ကျွန်မရှင်းရှင်းနားလည်ပါပြီ။ သတ္တမနေ့ ဥပုသ် စောင့်ခြင်းဟာ ရှင့်အတွက် ကောင်းကျိုးတစ်ရပ်ရယ်လို့ ယူဆပါသလား ဆိုတာမေးပါရစေ။ ဒီသတ္တမနေ့ဥပုသ်ဆိုတာဟာလည်း ရဟူဒီ လူမျိုးက တညီတညွတ်တီတွင်ထားတဲ့ကိစ္စဖြစ်ကြောင်း၊ လူတွေကို စိတ်ကျဉ်းကျပ် ကိုယ်ကျဉ်းကျပ်ဖြစ်အောင် လုပ်တဲ့ကိစ္စဖြစ်ကြောင်း၊ ဘယ်သူကမှ ကြည် ကြည်ဖြူဖြူမထမ်းနိုင်တဲ့ဝန်ထုပ်ကြီး ဖြစ်ကြောင်း ကျွန်မတို့ သွန်သင် လာခဲ့ရတာကိုလည်း ရှင်သိကောင်းသိပါလိမ့်မယ်။”
မစ္စတာဆင်ဒါဆင် က၊ “ခင်ဗျားအဲဒီလိုပြောတော့ ကျွန်တော့်ဆီ ရောက်နေတဲ့မေးခွန်းတစ်ခုသတိရပါတယ်။ အဲဒီမေးခွန်းကို နားထောင် စမ်းပါ။ “ခရစ်တော်အကြောင်းကို တရားမဟောဘဲ ဥပုသ်နေ့အကြောင်း ကိုဘာကြောင့် ဒီလောက်ထပ်တလဲလဲဟောပြောပါသလဲ။ ခရစ်တော် အကြောင်းဟာတခြားသြဝါဒတွေထက်အရေးကြီးတယ်မဟုတ်ပါလော။” အဲဒီမေးခွန်းနှစ်ခုစလုံးကိုရောဖြေလိုက်ပါမယ်။
“ဥပုသ်နေ့အကြောင်း ဟောပြောခြင်းနဲ့ ခရစ်တော်အကြောင်း ဟောပြောခြင်း” ဆိုတဲ့စကားပုဒ်များရဲ့အဓိပ္ပါယ်ကို သေသေချာချာ နား လည်ကြပါသလား။ ဥပုသ်နေ့ဆိုသည်မှာ ဘာနည်း။ ခရစ်တော်ဆိုသည် မှာ အဘယ်သူနည်း။
“ဥပုသ်နေ့ရဲ့ဂုဏ်အင်္ဂါကို သိရှိနိုင်အောင် အပြစ်မဝင်မီ ခေတ်အစ ကိုပြန်လည်ကြည့်ကြရပါမယ်။ ဘုရားသခင်ရဲ့စုံလင်တဲ့ အကြံတော်ကြီး ကို တွေ့ရှိရပါတယ်။ ၎င်းပြင် ကမ္ဘာ့ရာဇဝင်တစ်လျှောက်လုံးမှာ ဖြစ်သင့် ရှိသင့်တဲ့အခြေအနေနှင့် အပြစ်ဒုစရိုက်လွှမ်းမိုးသော ခေတ်ကုန်ဆုံးပြီး နောက် ဘယ်အခြေအနေမျိုး ဖြစ်ပေါ်လာမယ်ဆိုတာလည်း တွေ့ရှိရပါ တယ်။
“အတ္ထုပ္ပတ္တိကတော့ ဘုရားသခင်ရဲ့ ဖန်ဆင်းတဲ့ကိစ္စကြီးပြည့်စုံ ပြီးမြောက်သွားပြီးနောက် ခပ်သိမ်းသော အရာများဟာ အလွန်ကြည့် ကောင်းရှုကောင်းတဲ့ အခြေအနေမှာရှိကြပါတယ်။ ‘မိုးကောင်းကင်၊ မြေကြီးနှင့်တကွ ခပ်သိမ်းသောအရာတို့သည် ပြီးစီးလျက်ရှိကြ၏။’ ထို နောက် ဘုရားသခင်အနားယူတော်မူပါတယ်။ ‘ဖန်ဆင်းတော်မူသော အမှုအရာတို့သည် ပြီးစီးပြီးမှ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။’ ကမ္ဘာဦးကျမ်း ၂း၂။ နိုင်ငံကောင်းတို့ရဲ့ အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ ဘုန်းတန်ခိုးလည်းထွန်းတောက်လျက်ရှိတဲ့ ကောင်းကင်ဘုံတွင် သက်ရှိ သက်မဲ့တွေနဲ့ ဖန်ဆင်းတဲ့အရှင် ဘုရားသခင်ဟာ ကမ္ဘာကို အုပ်စိုးခွင့် အပ်နှင်းခြင်းခံရတဲ့ လှပတင့်တယ်ရှုချင်စဖွယ်ဖြစ်သော လူသတ္တဝါ နှစ်ဦး နဲ့ ဥပုသ်စောင့်တော်မူပါတယ်။ ကိုယ်တော်ဖန်ဆင်းတော်မူသော သတ္တဝါ များတို့ဟာ ဥပုသ်စောင့်နေကြတဲ့အခါမှာ ကောင်းကင်သီချင်းသည်များ က ‘တညီတညွတ်တည်းဥဒါန်းကျူးရင့်၍ ကောင်းကင်တမန်အပေါင်းတို့ သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်’ ကြပါတယ်။ ယောဘဝတ္ထု ၃၈:၇။ အမှန်အားဖြင့် အဲဒီပထမဥပုသ်နေ့ဟာ ပျော်ရွှင်ဖွယ်သောနေ့ဖြစ်သည် သာမက အဲဒီနေ့မှာ ကျင်းပတဲ့ဘုရားဝတ်ပြုခြင်းဟာလည်း ဖေါ်ပြလို့ မရအောင် ခမ်းနားကြီး ကျယ်လှပါတယ်။”
ဓမ္မဆရာစပေါလ်ဒင်းက ကြားဖြတ်၍ “နေပါဦးဆရာ၊ ဘုရား သခင်က နားနေတယ်ဆိုတော့ ဘုရားသခင်ဟာ မောတတ်တယ်၊ ပန်း တတ်တယ် လို့ဆိုလိုတာလား။
“ဒီလိုလည်းမဟုတ်ပါဘူး။ အခုခင်ဗျားမေးတာကို ကျွန်တော် လည်းထည့်သွင်းတင်ပြမလို့ပါဘဲ။ အခုပဲပြောပါမယ်။
“ဘုရားသခင်ဖြစ်စေ၊ လူဖြစ်စေမောပန်းမှုကြောင့် ဥပုသ်နေ့ဟာ စတင်ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ “ဖန်ဆင်းတော်မူသောအရှင်သည် မောပန်းတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ”ဟု ဆိုထားပါတယ်။ (ဟေ ရှာယအနာဂတ္တိကျမ်း ၄၀:၂၈)။ လူဟာလည်း ကိုယ်တော်၏ ပုံသဏ္ဌာန် တော်ကို ဆောင်တဲ့အတွက် အပြစ်၏ မျိုးစေ့များ မစိုက်ပျိုးရသေးမီ ကာယမောပန်းနွမ်းနယ်ခြင်းမရှိပေ။ အကယ်၍ အပြစ်ဒုစရိုက်သာ ကမ္ဘာ ပေါ်သို့ ချင်းနင်းဝင်ရောက်လာခြင်းမရှိခဲ့ပါက မောပန်းတဲ့ သွေးကြော၊ မောပန်းတဲ့ကြွက်သားရှိမည်မဟုတ်။ သွေးဥသွေးခေါင်းများပျက်စီး ယို ယွင်းခြင်းရှိမည်မဟုတ်။ ဖျားနာခြင်း၊ သေခြင်းလည်းရှိမည် မဟုတ်ပေ။ ဒါကြောင့် ဥပုသ်နေ့ကို လူအပြစ်မပြုမီကပင် ချပေးတဲ့အတွက်ကြောင့် ထိုဥပုသ်အစီအစဉ်ရဲ့ အခြေခံရည်ရွယ်ချက်ဟာ လူအားလုပ်ရိုး လုပ်စဉ် အလုပ်မှ ရပ်နားစေဖို့သာမဟုတ်၊ ကမ္ဘာကြီးကို ပြုပြင်ဖန်ဆင်းတော်မူ သောအရှင်၏ “အနားယူခြင်း” မျိုး ခံစားစေရန်ဖြစ်ပါတယ်။ မိတ်ဆွေတို့၊ ဒီအချက်ကိုမြဲမြဲမှတ်ထားပါ။ ဒီအချက်ကိုရေလည်မှ ဒီကိစ္စတစ်ခုလုံးကို နားလည်နိုင်ပါတယ်။ ဥပုသ်စောင့်ရာတွင် နှစ်ဆယ့်လေးနာရီလောက် လောကီအလုပ်အကိုင်မှ ရပ်နားမှု၊ ဘုရားရှိခိုးကျောင်းတက်ရောက်မှုများ လောက်သာ တွေ့မြင်တဲ့ လူဟာ ဥပုသ်နေ့နဲ့ပတ်သက်ပြီး လူအတွက် ဘုရားသခင်ထားရှိတော်မူတဲ့ အရင်းခံရည်ရွယ်ချက်ကိုမတွေ့ရှိသေးပါ။
“ကျွန်တော်တို့ခုနကဖတ်ပြီးတဲ့အတိုင်း မိုးကောင်းကင်နဲ့ မြေကြီး ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဟာ မောပန်းသည်မရှိ။ ကိုယ်တော် ဟာ “ငါဖြစ်သည်အတိုင်းဖြစ်တော်မူသော ဘုရားသခင်၊” ကိုယ်တိုင် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲစံတော်မူသော ဘုရား သခင်ဖြစ်ပါတယ်။ သို့ငြားသော်လည်း ကိုယ်တော်ဟာ နားနေတော်မူ တယ်လို့ ကျွန်တော်တို့ ဖတ်ရှုကြရပါတယ်။ နှုတ်ကပါဌ်တော်က ကိုယ် တော်သည် “သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏” ဟု ဆိုပါတယ်။ ထွက်မြောက်ရာကျမ်း ၃၁း၁၇။ ထိုငြိမ်ဝပ်စွာနေတော်မူတဲ့နေ့မှာ ကိုယ် တော်ဟာ အလွန်အံ့သြဖွယ်ကောင်းလှသော ဖန်ဆင်းထားတော်မူသော အရာဝတ္ထုများကို ကြည်ရှု၍ အားရဝမ်းမြောက်တော်မူပါတယ်။ ၎င်းပြင် မြေကြီးနဲ့သက်ဆိုင်တဲ့ သားသမီးများရဲ့မေတ္တာနဲ့ ကြည်ညိုလေးစားမှု ကိုခံယူရရှိရာတွင်လည်း ဝမ်းမြောက်ဝမ်းသာရှိတော်မူပါတယ်။ ထိုသို့ငြိမ် ဝပ်စွာနေတော်ချိန်မှာလည်း ကိုယ်တော်ဟာ နားလည်မှုရှိသောသားသမီး များ၊ မေတ္တာတုံ့ပြန်တဲ့သားသမီးများနဲ့ မိတ်သဟာယဖွဲ့တော်မူပါတယ်။ ကျွန်တော်ဟာလည်း ဥပုသ်စောင့်တဲ့အခါမှာ ဘုရားသခင်နဲ့လူသတ္တဝါ များပူးပေါင်းပြီး ဧဒင်ဥယျာဉ်ရဲ့ပထမဆုံးဥပုသ်နေ့ကိုစောင့်ရာမှ ရရှိတဲ့ ဝမ်းမြောက်ခြင်းမျိုးတစ်စိတ်တစ်ဒေသကို ကျွန်တော်ရရှိပါတယ်။ အဲဒီ အချက်ကို ခင်ဗျားတို့အားလုံးသိစေချင်ပါတယ်။ နားထောင်သောသူတို့ အထဲမှာ တချို့က နှစ်သက်ဝမ်းမြောက်ကြောင်း ဖေါ်ပြကြလေသည်။ သူတို့အထဲမှအများသော သူတို့မှာ ခရစ်ယာန်ဓမ္မဆရာ၏ မိန့်ခွန်းစကား ကြောင့် စိတ်လှုပ်ရှားထကြွလာကြလေသည်။
ပျောက်နေသောကွင်းဆက်မရှိ
“ကျွန်တော်ဆက်ပြောပါရစေဦးချင်ဗျား” ဟု မစ္စတာအင်ဒါဆင် က ဆိုလေသည်။
“အဲဒီပထမဥပုသ်နေ့ရက်စောင့်ရာမှ ရရှိတဲ့သုခချမ်းသာကို ထာဝ စဉ်တည်မြဲရအောင် ထိုဥပုသ်ကို ဆက်လက်စောင့်ထိန်းရာတွင် ကိုယ် တွေ့မျက်မြင်အကျိုးကျေးဇူးများပွားများလာပြီး မြေကြီးပေါ်၌ မှီတင်းနေ ထိုင်ကြသောကမ္ဘာသူကမ္ဘာသားတို့ကလည်း ထိုကျေးဇူးများကို သိမှတ်ရ အောင် နောက်အစဉ်တစိုက်ကျရောက်လာသော ဥပုသ်နေ့ကို ပထမဆုံး ဥပုသ်ကဲ့သို့စောင့်ရှောက်ရမယ့် အစီအစဉ်ကို ဘုရားသခင်က ပြုလုပ်ထား တော်မူပါတယ်။ ကျမ်းစာတော်မြတ်က “ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးပေး၍ သီးသန့်ထားတော်မူ၏” ဟု ဆိုပါတယ်။ ဤစကားတွင် ဘုရားသခင်ရဲ့အကြံတော်ကြီး ပြီးမြောက်ခြင်း၊ ကိုယ်တော်ရဲ့တန်ခိုး၊ ကိုယ်တော်တိုင်လာရောက်တည်ရှိတော်မူခြင်းနှင့် အရာခပ်သိမ်း သိမြင် တော်မူခြင်းများ အကျုံးဝင်နေသည်ကိုတွေ့ရှိနိုင်ပါတယ်။
“ပထမအချက်အနေနဲ့ ခင်ဗျားတို့မှတ်ထားစေလိုတာက ကျမ်းစာ ကဥပုသ်နေ့ကိုသတ္တမနေ့လို့ခေါ်ဆိုထားပါတယ်။ ဒုတိယအချက်ကတော့ ဒီသတ္တမနေ့ကို သီးသန့်ထားတော်မူပါတယ်။ သန့်ရှင်းစွာ အသုံးပြုဖို့ သီးသန့်ထားပါတယ်။ အချိန်ရဲ့ခုနစ်ပိုင်းတစ်ပိုင်းကို ပြောတာမဟုတ်ပါ။ သတ္တမနေ့ကိုပြောတာပါ။”
မစ္စတာဂရယ်ဂရီက “ဆရာ၊ ကျွန်တော်တစ်ခုမေးပါရစေ။ ပထမ ဆုံးသတ္တမနေ့ကို အခုအခေါ်စနေနေ့လို့ပြောရအောင် ခင်ဗျားမှာ ဘာ သက်သေရှိပါသလဲ။ ကျွန်တော့်စိတ်အထင်မှာတော့ အခုအခေါ်တနင်္ဂနွေ နေ့ဟာ မူလသတ္တမနေ့ဖြစ်ကြောင်း ပြတဲ့သက်သေအများ ရှိပါတယ်။
“မစ္စတာဂရယ်ဂရီခင်ဗျား၊ သက်သေဟာ အင်မတန်လွယ်ကူပြီး ပြည့်ပြည့်စုံစုံရှိလှတဲ့အတွက်ကြောင့် မှားယွင်းနိုင်စရာ လမ်းမမြင်ပါဘူး။ စတုတ္ထပညတ်က အစအဦးကတည်းက သိရှိလာတဲ့သတ္တမနေ့ကို ညွှန် ပြပြောဆိုထားတယ်မဟုတ်ပါလား။”
“အဲဒီအထိကျွန်တော်သဘောတူပါတယ်” ဟု မစ္စတာဂရယ်ဂရီကဆိုလေသည်။
“ကောင်းပါပြီ၊ ကယ်တင်ရှင်သခင်ယေရှုစောင့်ခဲ့တဲ့ ဥပုသ်နေ့ဟာ သိနာတောင်မှ ဘုရားသခင်ချပေးတော်မူတဲ့ ဥပုသ်နေ့နဲ့ အတူတူပါပဲလို့ ဆိုရင် ခင်ဗျားသဘောတူဦးမှာပဲမဟုတ်လား။”
“ဒါလည်းသဘောတူရမှာပဲ” ဟုမစ္စတာဂရယ်ဂရီက ဆက်လက် ဖြေကြားလေ၏။
မစ္စတာအင်ဒါဆင်က ဆက်လက်၍ပြောကြားသည်မှာ “သဘော တူရမှာပေါ့။ အခုလုကာခရစ်ဝင် ၂၃:၅၆ မှာ ဖေါ်ပြပါရှိတဲ့ အချက်ကလေး ကိုညွှန်ပြပါရစေ။ အဲဒီအချက်က ဘယ်လိုဆိုသလဲဆိုတော့ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးနောက် ခရစ်တော်ရဲ့ သစ္စာအရှိဆုံး သောတပည့်တော်မများဟာ ပညတ်တော်အတိုင်း ဥပုသ်နေ့မှာ အလုပ် မလုပ်ဘဲနေကြတယ်တဲ့။”
“ဟုတ်ပါတယ်၊ အဲဒီမှာပေါ့ ကွင်းဆက်ကလေးတစ်ခုပျောက်နေ ပါတယ်။ အဲဒီတပည့်တော်မတွေ အလုပ်မလုပ်ဘဲနေတယ်ဆိုတဲ့ နေ့ဟာ စတုတ္ထပညတ်က ပြောထားတဲ့ကျင့်စဉ်နဲ့ဆိုင်တဲ့ ဥပုသ်မဟုတ်ဘဲ ပဿခါ ပွဲရက်သတ္တပတ်ရဲ့အခမ်းအနားနဲ့ဆိုင်တဲ့ အနားယူမှုသာ ဖြစ်နိုင်ပါတယ်။ ကမ္ဘာကြီးကိုဖန်ဆင်းတဲ့အချိန်ကစပြီး ဒီနေ့ဒီအခါအထိ ဆက်တိုက်တည် ရှိလာတဲ့ခုနစ်ရက်၊ ရက်သတ္တပတ်လည်တာဟာ အနှောင့်အယှက်ကင်း တယ်ဆိုတာသေချာရအောင် အဲဒီရက်သတ္တပတ်ကိုမပြတ် ဂရုစိုက်ကြည့် ရမယ်။”
“အဲဒါအရေးကြီးတာပေါ့ မစ္စတာဂရယ်ဂရီ။ အရေးကြီးကြောင်း ကိုလည်း ဘုရားသခင်က အမိန့်တော်ရှိထားပါတယ်။ ကျွန်တော်မေးခွန်း တစ်ခုမေးပါရစေ။ အထက်ကတပည့်တော်မများ စောင့်တဲ့ဥပုသ်နေ့ဟာ ‘ပထမနေ့’ လို့ ခေါ်တဲ့နေ့မရောက်မီ တစ်ရက်ဖြစ်သလား။”
“ဟုတ်ပါတယ်၊ အဲဒီနေ့ပဲဖြစ်ရမှာပါ။”
“နောက်တစ်မျိုးမေးပါရစေဦး။ အဲဒီတပည့်တော်မများ ဥပုသ် စောင့်တဲ့နေ့ နောက်တစ်နေ့ဟာ သခင်ယေရှုထမြောက်ရှင်ပြန်တော်မူတဲ့ နေ့မဟုတ်လား။”
“သေသေချာချာဟုတ်တာပေါ့။”
“ဒါဖြင့်ရင် အဲဒီနေ့ဟာ ဘယ်ကပထမနေ့လဲ။ ကျမ်းစာကပြတ် ပြတ်သားသားပြောထားတာက အဲဒီနေ့ဟာ ‘ခုနစ်ရက်တွင်ပထမနေ့’ ပါ တဲ့။ ဒါကြောင့် အဲဒီရက်သတ္တပတ်မှာ ပျောက်ဆုံးနေတဲ့ကွင်းဆက်များ ရှိ နေတယ်လို့ ထင်ကြပါသလား။ မစ္စတာဂရယ်ဂရီကိုယ်တိုင်မှာ အခုအဲဒီ ပြဿနာနဲ့ပတ်သက်ပြီး မရှင်းလင်းတဲ့ အချက်တွေရှိတော့မယ်တောင် ကျွန်တော်မထင်ပါဘူး။ အခု ခင်ဗျားတို့တွေ့ရှိပြီးတဲ့အတိုင်း စတုတ္ထ ပညတ်အရ ဥပုသ်နေ့ဆိုတာရှိပါတယ်။ အဲဒီဥပုသ်နေ့ပြီးတော့ နောက် တစ်နေ့ဟာ အခုကျွန်တော်တို့အသုံးပြုနေတဲ့ ရက်သတ္တပတ်မှာ ပထမ နေ့ရက်ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထပညတ်မှာ ဖေါ်ပြပါရှိတဲ့ ကမ္ဘာဦး ကတည်းက ရှိလာတဲ့ဥပုသ်နေ့ဟာ ကျွန်တော်တို့အသုံးပြုနေတဲ့ ရက် သတ္တပတ်မှသတ္တမနေ့ရက်ဖြစ်ကြောင်း၊ ထိုနေ့ကိုသာ ဥပုသ်စောင့်သင့် ကြောင်း၊ထိုနေ့ကိုစောင့်မှသာလျှင်ကောင်းချီးမင်္ဂလာရရှိမည်ဖြစ်ကြောင်း များကို ကျွန်တော်တို့သိရှိရကြပါပြီ။ ဒါရှင်းတယ်မဟုတ်လား။”
ငြင်းချက်ထုတ်မည့်သူဟူ၍ မရှိတော့ပြီ။ မစ္စတာအင်ဒါဆင်သည် နားထောင်နေသောပရိသတ်အား သူပြောနေသမျှတွင် စိတ်ဝင်စားမှုကို ရရှိလေပြီ။
ဘုရားသခင်ကိုယ်တိုင်လာရောက်တည်ရှိတော်မူခြင်းက သန့်ရှင်းစေသည်
“ဒါပေမယ့် ကမ္ဘာဦးကျမ်းမှာ ဖေါ်ပြပါရှိတဲ့ စကားမှန်ကြောင်းကို ခင်ဗျားတို့သိစေချင်ပါတယ်။ အဲဒီစကားက ‘ဘုရားသခင်သည် သတ္တမ နေ့ကို ကောင်းချီးပေးတော်မူ၏။’ Prov.
10:22က ‘ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏’ လို့ ဆိုပါတယ်။ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဟာ ဖြောင့်မတ်ခြင်းကိုဖြစ်စေတဲ့ အခြေ ခံသဘောတရားဖြစ်ပြီး ၎င်းသက်ရောက်တဲ့အရာဟူသမျှရဲ့ သဘာဝကို ပြောင်းလဲစေနိုင်တဲ့အာနိသင်ရှိပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ ယာကုပ်ရဲ့အဖြစ်အပျက်တစ်ရပ်ကိုကြည့်နိုင်ပါတယ်။ ယာကုပ်ဟာ သူ့ ဒုစရိုက်အပြစ်တွေမှ အောင်မြင်မှုရအောင် ဘုရားသခင်နဲ့ ယှဉ်ပြိုင်ပြီး နပန်းလုံးလျက်ရှိပါတယ်။ ကိုယ်တော်က ‘ငါ့ကိုလွှတ်ပါ၊ မိုးလင်းစရှိပြီ’ ဟု မိန့်တော်မူပါတယ်။ ယာကုပ်က စိတ်အားလျော့လျက် “အကျွန်ုပ်ကို ကောင်းချီးပေးတော်မမူလျှင် လွှတ်မည်မဟုတ်” လို့ ပြောဆိုပါတယ်။ ရောဂါခပ်သိမ်းကိုပျောက်စေသည်သာမက လိုတဲ့အကူအညီပေးပြီး ပြု ပြင်ပြောင်းလဲစေတတ်သော ဘုရားသခင်ရဲ့တန်ခိုးတော်ဟာ နပန်းလုံးတဲ့ သနားစရာကောင်းတဲ့လူရဲ့ စိတ်ဝိညာဉ်ထဲကို ဝင်လာပြီးနောက် ယာကုပ် အား “နောင်၌သင်၏ အမည်ကိုယာကုပ်ဟူ၍မခေါ်ရ၊ ဣသရေလဟူ၍ ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်းဆိုင်ပြိုင်၍နိုင်လေပြီ” ဟူ၍ ကောင်းချီးမင်္ဂလာပေး တော်မူပါတယ်။ လှည့်ဖြားတတ်တဲ့ယာကုပ်ဟာ ဣသရေလဟူသော မင်းသားဖြစ်လာလေပြီ။ ဘုရားသခင်ရဲ့သန့်ရှင်းခြင်းဟာ ယာကုပ် ကိုယ် တွင်းသို့ ထာဝရသက်ဆင်းဝင်ရောက်ပြီးနောက် သူ့ရဲ့သဘာဝဟာအသစ် ဖြစ်လာပါတယ်။ အကယ်စင်စစ် ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဟာ သူ့အားစည်းစိမ်ကို ဖြစ်စေပါတယ်။ ၎င်းပြင် ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ သားအဖြစ်သို့ ပြောင်းလဲရောက်ရှိစေပါတယ်။
“ဒီအဖြစ်အပျက်က ဘုရားသခင်ကောင်းချီးမင်္ဂလာရဲ့ရုပ်သဘာဝ ကိုဖေါ်ပြပါတယ်။ ဘုရားသခင်ကိုယ်တော်တိုင် လူအားမိမိ၏ အသက် တော်မျိုးကိုချပေး၍ လူ့ ကိုယ်တိုင် ကိန်းဝပ်တော်မူခြင်းကိုဆိုလိုပါတယ်။
“ချုံပုတ်ထဲက မီးလျှံထွက်တဲ့အဖြစ်သနစ်ကိုကောမှတ်မိကြတယ်
မဟုတ်လား။ ထွက်မြောက်ရာကျမ်း ၃း၁-၆။ မောရှေအား ဘုရား သခင် ကိုယ်တော်တိုင် ရောက်ရှိနေတော်မူကြောင်းကို ပြတော်မူတယ်။ ကိုယ်တော်က ‘သင်၏ ဖိနပ်ကို ချွတ်လော့။ သင်နင်းသောနေရာကား သန့်ရှင်းသောမြေဖြစ်သည်’ ဟု အမိန့်တော်ရှိပါတယ်။ ဘုရားသခင် လာ ရောက်တည်ရှိတော်မူခြင်းဟာ ဘေးပတ်ဝန်းကျင်ကိုတောင်မှ သန့်ရှင်း စေပါတယ်။ ယေရှုကိုလည်း ၎င်းနည်းအတိုင်း မိန့်တော်မူဖူးပါတယ်။ ယောရှုမှတ်စာ ၅း၁၃-၁၅။
“ဒါကြောင့် ကျွန်တော်တို့ သိရှိတဲ့အချက်က ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟာ ကိုယ်တော်ကိုယ်တိုင် လာရောက်ကိန်းဝပ်ခြင်းပါ ပဲ။ ကိုယ်တော်လာရောက်ကိန်းဝပ်တော်မူခြင်းဟာ သန့်ရှင်းစေပါတယ်။ လူထံ၌ကိုယ်တော်ကိန်းဝပ်တော်မူခြင်းဟာ လူအားသန့်ရှင်းစေပါတယ်။ ဒီအချက်တွေမှရှင်းရှင်းလင်းလင်းသိရတာက သတ္တမနေ့ရက်မှာ ဘုရား သခင်ကိုယ်တော်တိုင် တည်ရှိတော်မူခြင်းနဲ့ ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာဟာ ၎င်းသတ္တမနေ့ကို သန့်ရှင်းစေပါတယ်။
“ဘုရားသခင်ဟာ သတ္တမနေ့ကို ကောင်းချီးပေးတဲ့အခါမှာ ကမ္ဘာ့ ရာဇဝင်တည်သမျှကာလပတ်လုံးအတွက် ထိုနေ့မှာ မိမိကိုယ်တော်တိုင် လာရောက်တည်ရှိတော်မူပါတယ်။ လူ့အကျိုးကျေးဇူးကို ရည်စူးပြီး ထိုကဲ့ သို့ပြုလုပ်တော်မူခြင်းဖြစ်ပါတယ်။သခင်ယေရှုက“ဥပုသ်နေ့သည် လူ့အဖို့ ဖြစ်၏” လို့ အမိန့်တော်ရှိခဲ့တာကိုလည်း ခင်ဗျားတို့အသိ ဖြစ်ပါတယ်။ ဥပုသ်နေ့ကို စီစဉ်ပေးရာမှာ ဘယ်လောက် အံ့သြဖွယ်ကောင်းပါသလဲ။ သတ္တမနေ့တိုင်း ကိုယ်တော်တည်ရှိတော်မူသဖြင့် မင်္ဂလာနှင့်သန့်ရှင်းခြင်း ကို ဖြစ်စေတော်မူပါတယ်။ သန့်ရှင်းနေတဲ့နေ့ဟာ ၎င်းရဲ့ သန့်ရှင်းစေတဲ့ တန်ခိုး၊ ပြုပြင်စေတဲ့တန်ခိုးကို ဘုရားသခင်အား ဝတ်ပြုကိုးကွယ်တဲ့ လူတွေရဲ့ နှလုံးတွင်းသို့ သယ်ယူပို့ဆောင်ပြီး သန့်ရှင်းခြင်း မင်္ဂလာဆု ကျေးဇူးရရှိမှုအတွက် သူတို့အား ဝမ်းမြောက်ဝမ်းသာဖြစ်စေပါတယ်။
ဥပုသ်နေ့ကို စီရင်ချပေးသောပုဂ္ဂိုလ်မှာ သခင်ယေရှုဖြစ်ပါတယ်။ ယောဟန်သြဝါဒစာပထမစောင် ၁း၁-၃၊၁၄။ ကောလောသဲသြဝါဒစာ ၁း၁၃-၁၆ကို ဖတ်ကြည့်ပါ။ သတ္တမနေ့ရဲ့ထူးခြားမှုဟာ အဲဒီနေ့မှာ ဘုရား သခင်ကိုယ်တော်တိုင် လာရောက်တည်ရှိတော်မူခြင်း ဖြစ်ပါတယ်။ ဥပုသ် စောင့်ရာမှာ ကျွန်တော်ဟာ ကိုယ်တော်နဲ့ မိတ်သဟာယဖွဲ့ရပါတယ်။ ဒါကြောင့်ဥပုသ်နေ့နှင့်ပတ်သက်တဲ့တရားမှန်ကို ဟောပြောတဲ့အခါ ကျွန် တော်ဟာ ကိုယ်တော်ရဲ့အကြောင်းကို ဟောပြောတာနဲ့ အတူတူပါပဲ မဟုတ်ပါလား။ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်ထဲမှာ ရေးသားဖေါ်ပြ ထားတဲ့ခမ်းနားကြီးကျယ်တဲ့ အကြောင်းအရာအတ္ထုပ္ပတ္တိများထဲမှာ ဥပုသ် နေ့နဲ့ပတ်သက်တဲ့အတ္ထုပ္ပတ္တိဟာ အခမ်းအနားအကြီးအကျယ်ဆုံး ဖြစ်ပါ တယ်။”
“အာမင်” ဟု ဟဲရာလ်(ဒ)ဝီလ်ဆင်က ခပ်ကျယ်ကျယ်ထောက်ခံ ပြောဆိုလေသည်။ မာလိန်မှူးမန်း၏ အထူးဖိတ်ကြားချက်အရ ထိုစည်း ဝေးကိုသူသည်လည်း တက်ရောက်လေသည်။ လူတိုင်းသူ့ဘက်သို့လှည့် ကြည့်ကြလေသည်။
မာလိန်မှူးမန်းအဖို့မှာ သိသိသာသာပင် စိတ်ထိခိုက်လျက်ရှိ၏။ ဟဲရာလ်(ဒ)၏ သက်သေခံချက်မှာ သူ့စိတ်ကိုနှိုးဆော်လျက်ရှိကြောင်းကို သူသိရှိ၏။ ထိုအသံမှာ အသံမှန်ဖြစ်သောကြောင့် သူငြင်းပယ်ရန် မဖြစ် နိုင်တော့ပေ။
မစ္စတာအင်ဒါဆင်က တိုတောင်းသောဆုကို တောင်းနေစဉ် မစ္စ တာစပေါလ်ဒင်းနှင့်မစ္စတာဂရယ်ဂရီတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေ ကြလေသည်။ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ယောက် ထွက်သွားကြလေသည်။
သူတို့နှစ်ယောက်တည်းရှိသောအခါ မစ္စတာစပေါလ်ဒင်းက မစ္စတာဂရယ် ဂရီအား “အဲဒီကိစ္စခင်ဗျားဘယ်လိုသဘောရသလဲ” ဟု မေးလေသည်။
အခန်း - ၁၁
အခန်း ၁၁
စိတ်ဝင်စားသောမေးခွန်းရှင်များ
“မစ္စတာအင်ဒါဆင်ခင်ဗျား၊ ကျေးဇူးပြု၍ ခင်ဗျားနဲ့ကျွန်တော် ခေတ္တစကားပြောပါရစေ။ အခု ကျင်းပသွားတဲ့စည်းဝေးကို ကျွန်တော် သဘောကျကြောင်း မပြောဘဲမနေနိုင်ပါ။”
မစ္စတာအင်ဒါဆင်သည် ထိုကဲ့သို့ သူ့အား ပြောဆိုသောသူက ဘယ်သူဘယ်ဝါဖြစ်ကြောင်း မမှတ်မိပေ။
“ကျွန်တော်ဟာ ဘယ်သူဖြစ်တယ်ဆိုတာတော့ ခင်ဗျားသိမှာ မဟုတ်ပါဘူး။ အာကင်ဆောပြည်နယ်၊ လစ်တလ်ရော့(ခ)မြို့က တရား သူကြီးကာရှောဆိုတာ ကျွန်တော်ပါပဲ။”
“ဪ၊ မနေ့ကမစ္စတာစပေါလ်ဒင်းကို မေးခွန်းထုတ်တာ ခင်ဗျား ကိုး။”
“ဟုတ်ပါတယ်၊ ကျွန်တော်အဲဒီမေးခွန်းထုတ်တုန်းက ရိုင်းပျတဲ့ အမူအရာပြမိတဲ့အတွက် ကျွန်တော့်အဖို့ အတော်ရှက်စရာကောင်းပါ တယ်။ဒါပေမယ့်ဗျာ၊မစ္စတာစပေါလ်ဒင်းရဲ့ပြောဆိုချက်တွေကကျွန်တော့် စိတ်ကို အကြီးအကျယ် လှုံ့ဆော်လိုက်ပါတယ်။ နှစ်ပေါင်းအတော်ကြာ သွားတုန်းက အဲဒီမစ္စတာစပေါလ်ဒင်းဆိုသူရဲ့ပယောဂကြောင့် ခင်ဗျား တို့ရဲ့ အသင်းသားတစ်ယောက်ကို ပထမနေ့နဲ့ပတ်သက်တဲ့ စည်းကမ်းကို ချိုးဖေါက်တယ်လို့စွပ်စွဲပြီး ကျွန်တော့်ကိုရုံးသို့ခေါ်လာပါတယ်။”
တရားသူကြီး ကာရှောစကားစတင်ပြောဆိုသောအခါ စိတ်ဝင် စားသော ခရီးသည်များသည် ဝိုင်းအုံစုရုံးလာကြလေသည်။ ထိုသူများ အထဲတွင် ဟဲရာလ်(ဒ)ဝီလ်ဆင်လည်း ပါဝင်လာလေသည်။
တရားသူကြီးကာရှောက ဆက်လက်၍ ပြောဆိုသည်မှာ၊ “အဲဒီ အချိန်တုန်းက ခင်ဗျားတို့ရဲ့အသင်းသားတစ်ဦးကို စွပ်စွဲပြောဆိုတဲ့ လူ တွေဟာ သည်းခံခြင်းတရားကင်းမဲ့ကြောင်း၊ အဲဒီလိုအကျင့်မျိုးဟာ လည်း သခင်ယေရှုဧဝံဂေလိတရားနဲ့ ဖီဆန်ကြောင်း ကျွန်တော်အကဲ ခတ်မိလိုက်ပါတယ်။ ဒါပေမယ့်လို့ အစွပ်အစွဲခံရတဲ့လူငယ်မှာတော့ သည်းခံခြင်းတရား၊ ကိုယ်ကိုချုပ်တည်းခြင်းတရားတွေနဲ့ ပြည့်စုံတာကို တွေ့ ရပါတယ်။ ဒီလူငယ်ဟာ သူ့အတွက် သူကိုယ်တိုင်လျှောက်လဲချက် ပေးတဲ့အခါမှာ သူတင်ပြတဲ့ အခြေခံသဘောတရားတွေဟာ နည်းလမ်း ကျကြောင်း ကျွန်တော်သတိပြုမိလိုက်ပါတယ်။
“သူပြစ်မှုထင်ရှားသလား၊ တရားသူကြီး” ဟု နားထောင်နေသော သူထဲမှ တစ်ယောက်ကမေးမြန်းလေသည်။
“ပြစ်မှုထင်ရှားပါတယ်၊ ဥပဒေအဓိပ္ပါယ်ရင်းအရတော့ ဥပဒေနှင့် ငြိစွန်းတာပဲ။ ဒါကြောင့် ဂျူရီလူကြီးများက ပြစ်မှုထင်ရှားကြောင်း ဆုံး ဖြတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သင့်လျော်သလို စီရင်ချက် ချရပါတယ်။ ဒီလိုစီရင်ချက်ချရတာဟာ ကျွန်တော့်အဖို့မှာ အလွန်နာ ကြည်းလှပါတယ်။ နာကြည်းတဲ့အကြောင်းကတော့ ခရစ်ယာန်လို့ ကိုယ့် ကိုယ်ကိုခေါ်တဲ့လူတစ်စုက မတော်မတရားတဲ့သဘောနဲ့ တစ်ဖက်သား ကိုတရားစွဲပေမယ့် ပြစ်ဒဏ်ခံရတဲ့ ကာယကံရှင်မှာတော့ အင်မတန် မြင့် မြတ်တဲ့သဘောထားကိုပြသတဲ့အတွက်ကြောင့်ပါပဲ။
“အဲဒီကာယကံရှင်လူငယ်ကလေးဟာ ဘာကြောင့် ဒီလိုသဘော မျိုးထားရှိတဲ့အကြောင်းရင်းကို အခု ကျွန်တော်တွေ့ရှိပါပြီ။ သူ့စိတ် ဝိညာဉ်ထဲမှာ ခရစ်တော်ကိန်းဝပ်ပါတယ်။ ကျွန်တော်တို့အားလုံး မသိရှိ တဲ့ငြိမ်သက်ခြင်းမျိုး သူ့မှာရှိပါတယ်။ ကျွန်တော်က စီရင်ချက်ချကာနီးမှာ သူ့အား ဘာများရုံးတော်သို့ ဦးတိုက်လျှောက်ထားလိုသေးကြောင်း မေးတဲ့အခါမှာ သူက၊ “တရားသူကြီးခင်ဗျား၊ ဒီအမှုစစ်ကြောစီရင်ရာမှာ တရားတဲ့အတိုင်းစီရင်တဲ့အတွက် တရားသူကြီးနှင့်ဂျူရီလူကြီးများကိုပါ ကျွန်တော်ကျေးဇူးတင်ပါတယ်။ဒီစီရင်ချက်ကိုချရတဲ့အတွက် လူကြီးမင်း များ စိတ်မချမ်းမသာဖြစ်စရာမလိုပါ။ ကျွန်တော်တို့ ဥပဒေစာအုပ်တွေမှာ အပြစ်ကင်းပြီးဒုက္ခမပေးတဲ့ တိုင်းသူပြည်သားတွေကို အခက်အခဲနှင့် ရင်ဆိုင်ရအောင် အကူအညီပေးတဲ့ ဥပဒေအချို့ပါတဲ့အတွက် ကျွန်တော် တို့ အားလုံးအဖို့မှာ ဝမ်းနည်းစရာပါပဲ။ ကျွန်တော် ဒီပြစ်ဒဏ်ကို ဝမ်း မြောက်စွာလက်ခံပါတယ်။ ဒီလိုအတွေ့အကြုံမျိုးနဲ့ ရင်ဆိုင်ရအောင်ပြု ပြင်ဖန်တီးတဲ့ ပုဂ္ဂိုလ်များကိုလည်း ကျွန်တော်လုံးဝအပြစ်လွှတ်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘယ်လူသတ္တဝါမှ နားမလည်နိုင်တဲ့ငြိမ်သက်ခြင်း၊ ထောင်တွင်းအကျဉ်းခံနေရတဲ့ကာလပတ်လုံး ကျွန်တော်ရဲ့နေ့တိုင်းနာရီ တိုင်းကို ထွန်းပြောင်စေမယ့်ငြိမ်သက်ခြင်းမျိုးကို ကျွန်တော်ရဲ့စိတ်ထဲမှာ ရရှိထားပါတယ်ဆိုတာ လူကြီးမင်းများ အားလုံးသိစေချင်ပါတယ်။”
“ကျွန်တော်ဟာ အဲဒီလူငယ်ကို ထောင်ဒဏ်ပေးလိုက်ပါတယ်။ သူဟာ ထောင်ထဲမှာပဲ သေဆုံးသွားပါတယ်။ အဲဒီနေ့ကစပြီး ဒီနေ့အထိ အဲဒီလူငယ်လေးဟာ ဘာကြောင့် ထိုကဲ့သို့သော လူငယ်ကလေးဖြစ် ကြောင်းကို ကျွန်တော်သိလိုပါတယ်။”
တရားသူကြီးကာရှော၏ ကျမ်းစာသည်လည်း
မှတ်သားထားချက်များရှိ၏
“တရားသူကြီးခင်ဗျား၊ ကျွန်တော်လည်းတစ်ခုအစီရင်ခံပါရစေ။ အဲဒီလူငယ်ကလေး တွေ့ရှိတဲ့ငြိမ်သက်ခြင်းမျိုးကို ကျွန်တော်လည်း တွေ့ ရှိပါတယ်။ ကျွန်တော်ဒီသင်္ဘောပေါ်တက်လာပြီးတဲ့အချိန်ကစပြီး တွေ့ရှိ ပါတယ်။ ဒီကနေ့တင်ပြပြီးခဲ့တဲ့ ဥပုသ်နေ့နဲ့ပတ်သက်တဲ့တရားမှန်မှာ တွေ့ရှိပါတယ်။”
“လူငယ်ကလေးရယ်၊ မင်းပြောတာကျုပ်ယုံပါတယ်။ ‘မှတ်သား ထားတဲ့ကျမ်းစာနှင့်လူ’ ဆိုတာ မင်းပဲမဟုတ်လား။”
“ဟုတ်ပါတယ်ခင်ဗျား၊ ဒီကနေ့မစ္စတာအင်ဒါဆင်ဖတ်ပြတဲ့ ကျမ်း စာဟာ ကျွန်တော့်ကျမ်းစာပါပဲ။”
တရားသူကြီးကာရှောသည် ကျမ်းစာကိုကောက်ယူ၍ ခေတ္တမျှ ဖတ်ရှုကြည့်လေသည်။ သူ့မျက်စိများတွင်လည်း မျက်ရည်များလည်လာ လေသည်။
ထိုနောက်သူက၊ “မစ္စတာအင်ဒါဆင်ခင်ဗျား၊ ဒီကျမ်းစာအုပ်ကို တွေ့ရတော့ ကျွန်တော်လူငယ့်ဘဝကို သတိရမိပါတယ်။ ကျွန်တော့် မိခင်ကြီးဟာ ကျွန်တော်ဘာသာရေးဘက် စိတ်ယိုင်အောင် အတော် ကြိုးပမ်းရှာတယ်။ လူငယ်တို့ရဲ့ဘာသာဘာဝအလျောက် ကျွန်တော်က တော့ ခရစ်ယာန်ဘာသာကိုခပ်ပေါ့ပေါ့ပဲစဉ်းစားတာပဲ။ နေ့လစား၊ လနှစ် စားနဲ့ပဲ ကျွန်တော်ဟာ လူငယ့်ဘဝကို ကျော်လွန်လာပြီး ကောလိပ် ကျောင်းမှအောင်မြင်။ အဲဒီနောက်မျှော်လင့်ခြင်းဆိုလို့ ဘာတစ်ခုမှမရှိ ဘဲ အလုပ်ဝင်လုပ်တာပဲ။ ကျွန်တော်ရရှိခဲ့တဲ့ပညာကတော့ ဘာသာရေး ကိုင်းရှိုင်းမှုကို နည်းနည်းမှအားမပေးပါဘူး။ အဲဒီအချိန်ကစပြီး နှစ်ပေါင်း များစွာ အတောအတွင်းမှာ ကျွန်တော့်စိတ်ကို ပြောင်းလဲစေနိုင်တဲ့အရာ ဆိုလို့ ဘယ်ခရစ်ယာန်အသင်း၊ ဘယ်ခရစ်ယာန်သြဝါဒမှာမှ မတွေ့ရှိခဲ့ ရပါဘူး။
“ဒါပေမယ့် ကျွန်တော့်အမေက ကျွန်တော့်ကို သူမ မသေဆုံးမီက ပြောထားဖူးတဲ့စကားလေးကိုတော့ အမြဲပဲသတိရနေတာပဲ။ မိခင်ကြီး သေဆုံးကာနီးမှာ ကျွန်တော့်ကို သူ့အိပ်ရာဘေးခေါ်ပြီးတော့ ဘယ်လို ပြောသလဲဆိုတော့ “မေမေ့သား၊ မေမေဟာ မင်းရှေ့မှာ တပည့်တော်မ တစ်ယောက်အနေနဲ့ နေသင့်သလိုမနေ၊ ထိုင်သင့်သလိုမထိုင်မိခဲ့တဲ့ အတွက်ကြောင့် မင်းဟာ ခရစ်ယာန်ဘာသာကို ယုံယုံကြည်ကြည်မဖြစ် ခဲ့တာကို မေမေသိပါတယ်။ ဒါပေမယ့် တစ်နေ့နေ့ကျရင်တော့၊ အဲဒီ တစ်နေ့နေ့ဟာ ဘယ်နေ့လဲဆိုတာတော့ မေမေမသိဘူး။ မင်းဟာ သခင် ရဲ့နှုတ်ကပါဌ်တော်ဟာ မှန်ကန်ကြောင်း မုချတွေ့မြင်ရပါလိမ့်မယ်။ အဲဒီနှုတ်ကပါဌ်တော်ဟာ ဘုရားသခင်ကိုယ်တော်တိုင် စီမံချပေးခဲ့တဲ့ အကြောင်း သက်သေပြနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ရှိပါလိမ့်မယ်။ အဲဒီနည်းအားဖြင့် မင်းဟာအဲဒီနှုတ်ကပါဌ်တော်ကို ပြုပြင်စီရင်တော်မူတဲ့ ဘုရားသခင်အား မင်းကိုယ်မင်း ဆက်ကပ်ပါလိမ့်မယ်။ ကိုယ်တော်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်ရဲ့အစေခံကိုလည်းခံပါလိမ့်မယ်” တဲ့။ ဘာဖြစ် လို့ ဒီကျမ်းစာဟာ ကျွန်တော့်အား ကျွန်တော်ရဲ့ ငယ်ဖြစ်ကိုသတိရစေ သလဲဆိုတာကို ကျွန်တော်ကဖွင့်မပြောရင် ခင်ဗျားတို့ သိလိမ့်မယ်မဟုတ် ပါဘူး။ ဒီကျမ်းစာကို မှတ်သားထားတာဟာ ကျွန်တော့်မိခင်ကြီးက သူ့ ကျမ်းစာကို မှတ်ထားတာနဲ့တူလှပါတယ်။ ထူးဆန်းတာက ဒီကျမ်းစာ မှာကဲ့သို့ မိခင်ရဲ့ကျမ်းစာမှာ ပညတ်တော်ဆယ်ပါးကိုဂရုတစိုက်မှတ်သား ထားပါတယ်။ ကျွန်တော့်မိခင်ကြီးဟာ ဘုရားသခင်ရဲ့ပညတ်တိုင်းကို စွဲစွဲမြဲမြဲယုံကြည်ပါတယ်။
“ဒါပေမယ့်စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်ဟာ အသက်ခုနစ် ဆယ်ရှိတဲ့အဘိုးကြီးပါ။ ကျွန်တော်ဟာ သင်္ခါရဓမ္မရဲ့စီမံချက်ကို လက်ခံရ တော့မယ့်လူပါ။ ဒီအချိန်ဟာ မိခင်ကြီးရဲ့ ဆုတောင်းချက်ပြည့်စုံဖို့ အချိန် လား။”
ဘာကြောင့်ခရစ်ယာန်များကမတွေ့မြင်သနည်း
ပရိသတ်အားလုံးသည် အပ်ကျသံကြားနိုင်လောက်အောင် ငြိမ် သက်နေကြ၏။ ပုဂ္ဂိုလ်တစ်ဦးသည် ကြီးကျယ်သောဆုံးဖြတ်ချက်၊ အနှစ် ငါးဆယ်အထက်က ဘုရားတရားမြဲသည့်မိခင်၏ ဆုတောင်းချက်တစ်ခု နှင့်ညီလျော်စွာ ဝိညာဉ်တစ်ခုကို ကယ်တင်ခြင်းခံစားစေနိုင်မည့် ဆုံးဖြတ် ချက်ကိုချမှတ်ပြီးကြောင်း လူတိုင်းကသိရှိကြလေသည်။
မစ္စတာဆီဗာရန့်(စ)က၊ “တရားသူကြီးခင်ဗျား၊ ဒီနေ့ဟာဖြင့် ကျွန် တော့်အတွက်လည်း ထုတ်ဖေါ်ပြောဆိုရမယ့်နေ့ပဲ။ ဒါပေမယ့် ကျွန်တော် က သူများထက် အသိတရားပိုရှိတဲ့လူပါ။ မစ္စတာအင်ဒါဆင် ခင်ဗျား၊ ကျွန်တော်မေးခွန်းတိုတိုကလေးတွေ နည်းနည်းမေးပါရစေ။ အကယ်၍ သတ္တမနေ့ဟာ ဥပုသ်နေ့ဆိုင်ရင်၊ အဲဒီနေ့ကို ငြိမ်ဝပ်စွာနေရမယ့်နေ့ အဖြစ် စောင့်ထိန်းရဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုရင် ခရစ်ယာန် တွေအားလုံးဟာ ဘာကြောင့် အဲဒီအချက်ကိုမတွေ့မမြင် အသိအမှတ် မပြုဘဲနေပါသလဲ။ အဲဒီအချက်ဟာ ကျွန်တော့်စိတ်ကို အနှောင့်အယှက် ပေးပါတယ်။”
မစ္စတာအင်ဒါဆင်ကပြန်လည်ဖြေကြားရာတွင် ပြောဆိုသည်မှာ၊ “အများသောခရစ်ယာန်တွေဟာ သတ္တမနေ့ဥပုသ်နေ့အစား ပထမနေ့မှာ ဥပုသ်စောင့်တဲ့အကြောင်းကတော့ အများကြီးရှိပါတယ်။ တခြား ကျင့်စဉ် များကို ဘေးချိတ်ထားတဲ့အကြောင်းရင်းနဲ့ ဥပုသ်နေ့ကို ဘေးချိတ်တဲ့ အကြောင်းရင်းဟာအတူတူလောက်ပါပဲဆိုတာ ကျွန်တော်ပြောပါရစေ။ တမန်တော်ပေါလုက ခရစ်ယာန်ဟု မိမိကိုယ်ကို ခေါ်ကြတဲ့လူအများဟာ တစ်နေ့မှာ “စင်ကြယ်သောသြဝါဒကို မနာခံ၊ ယားတတ်သောနားရှိ လျက် မိမိတို့တပ်မက်ခြင်းများအတိုင်း များပြားသော ဆရာတို့ကို ကိုယ့် အဖို့တင်မြှောက်ကြ၍ သမ္မာတရားကိုနားမထောင်ကြ” ဟု ဆိုထားတာ ကိုလည်း ခင်ဗျားတို့သတိရကြပါလိမ့်မယ်။ တိမောသေ သြဝါဒစာဒုတိယ စောင် ၄:၃၊၄။
“နှုတ်ကပါဌ်တော်ကို အနည်းငယ်မျှ ဖတ်ရှုစစ်ဆေးကြည့်ရင် ဒီအကျင့်ဆိုးကြီးဟာ ကမ္ဘာ့ရာဇဝင်တစ်လျှောက်လုံးမှာ တည်ရှိခဲ့တာကို တွေ့ရှိရပါလိမ့်မယ်။ ဟေရှာယလက်ထက်ကရှိတဲ့ အသင်းတော်နဲ့ ပတ် သက်ပြီး ရာဇဝင်စာတင်ထားရှိတာက “ယခုမှာသင်သည် သွား၍ လူတို့ ရှေ့၌ သင်ပုန်းပေါ်မှာ ထိုအချက်ကိုရေးထားလော့။ နောင်ကာလ (ကျွန်ုပ် တို့ခေတ်ကိုပုရောဖက်များကဆိုလိုသည်) အစဉ်အဆက် သက်သေအဖြစ် တည်စေခြင်းငှာ အက္ခရာတင်၍ မှတ်ထားလော့။ အကြောင်းမူကား၊ ဤ လူမျိုးသည်ပုန်ကန်တတ်၏။ လှည့်ဖြားတတ်သောသား၊ ထာဝရဘုရား၏ တရားတော်ကိုနာယူခြင်းငှာအလိုမရှိသောသားဖြစ်ကြ၏။သူတို့ကလည်း ဗျာဒိတ်တော်ကိုမခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကိုငါတို့အားမဟောပါနှင့်၊ လှည့်ဖြားသောစကားကို ဟော ကြပါ” တဲ့။ ဟေရှာယအနာဂတ္တိကျမ်း ၃၀း၈-၁၀။ နောက်ယေဇကျေလ လက်ထက်မှာ ခရစ်ယာန်ခေါင်းဆောင်ကြီးများအကြောင်း ဘယ်လိုပြော ထားသလဲဆိုတော့ “ပုရောဖက်တို့ကလည်း၊ ထာဝရဘုရား ဤသို့မိန့် တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ အချည်းနှီးသော ရူပါရုံကို မြင်၍ မုသားအနာဂတ်ကို ဟောပြောလျက် သူတို့အုတ်ရိုးကို ထုံးသုတ်ကြ ၏။” နောက်တစ်ချက်က ယခုကိုးကားပြောဆိုနေသောအကြောင်းကို ပြတ်သားစွာပြသပေသည်။ “ယဇ်ပုရောဟိတ်တို့သည် ငါ၏တရားတော် ကိုဖျက်၍ ငါ၏ သီးသန့်ထားသောအရာများကို ရှုတ်ချကြ၏။ သီးသန့် သောအရာ၊ မသီးသန့်သောအရာများကိုမပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာများနှင့်စပ်ဆိုင်၍ မသွန်သင်၊ ငါ၏ဥပုသ်နေ့များမှ လည်း မျက်နှာလွှဲလျက်၊ သူတို့အလုပ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏။” ယေဇကျေလအနာဂတ္တိ ကျမ်း ၂၂:၂၈၊၂၆။
“ဘယ်လောက်ရှင်းထားသလဲ။ လူတွေနှင့် ခေါင်းဆောင်များပါ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်အတိုင်း မကျင့်သုံးလိုကြပေ။ လူတွေက “ချော့မော့သောစကား” ကို ဟောရန် တောင်းဆိုကြပါတယ်။ သူတို့ရဲ့ သစ္စာမရှိတဲ့ပရိသတ်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ရအောင် ဓမ္မဆရာများက လည်း သမ္မာတရားကို နားမထောင်ကြ၊ ခေါင်းရှောင်ကြပါတယ်။ ယဇ် ပုရောဟိတ်(ဓမ္မဆရာ)များက မျက်နှာလွှဲတဲ့အရာဟာ ထာဝရဘုရားရဲ့ ဥပုသ်နေ့ဆိုတာကိုလည်း မှတ်ထားကြပါ။ အဲဒီပုရောဖက်ယေဇကျေလ တင်ပြတဲ့ အချက်ဟာလည်း ကျွန်တော်တို့အခုခေတ်ကို ရည်စူးတယ်ဆို တာကိုလည်း မှတ်ထားပါ။
“ထင်ရှားတာကတော့ လူတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပါဌ် တော်ကို ပေါ့ပေါ့ဆဆ သဘောထားခဲ့ကြတာပဲ။ ဓမ္မဆရာပိုင်းနဲ့အသင်း သားပိုင်းမှာရော ဝေဖန်မှုတွေတိုးတက်လာမှုကြောင့် ဘုရားသခင်ရဲ့ မှုတ် သွင်းခြင်းအရ ရေးသားထားတဲ့ကျမ်းကို ရှိတ်စပီးယား၊ အင်မာဆင်၊ စပင် စာစတဲ့စာရေးဆရာကြီးများရေးသားထားတဲ့ စာအုပ်တွေနဲ့ တစ်တန်းစား တည်းထားတဲ့ အခုလိုခေတ်မျိုးမှာဆိုတော့ သာဆိုးတာပေါ့။ အခုအခါမှာ တချို့ကဘယ်ထိအောင် စိတ်သဘောထားတွေ ဖေါက်ပြန်နေသလဲဆို တော့၊ ဘုရားသခင်ရဲ့ပညတ်တော်ဆယ်ပါးဟာ ခေတ်နောက်ကျနေပြီ၊ ပြန်လည်သုံးသပ်ဖို့လိုနေပြီဟု ယူဆနေကြပါတယ်။”
မစ္စတာအင်ဒါဆင်က ဆက်လက်၍ ပြောသည်မှာ “ဒါပေမယ့် မစ္စတာဆီဗာရန့်(စ)၊ ခရစ်ယာန်တိုင်း ဒီလိုရှေးထုံးတွေ ပယ်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ မှတ်သားဖွယ်ရာကောင်းတဲ့ ခြွင်းချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ခရစ်ယာန်အများဟာ အခုအခါမှာ ဥပုသ် နေ့နဲ့ ပတ်သက်တဲ့ သမ္မာတရားကို ငြင်းပယ်ကြတယ်ဆိုတဲ့အကြောင်း ရင်းကို ကျွန်တော်တင်ပြခဲ့တဲ့ အချက်တွေထဲမှာ ခင်ဗျားတွေ့ရှိပါလိမ့် မယ်။”
ယုံကြည်ခြင်းပျက်စီးမှု
တရားသူကြီးကာရှောက “မစ္စတာအင်ဒါဆင်ခင်ဗျား၊ ခင်ဗျား ပုရောဖက်အနာဂတ္တိကျမ်းတွေက တင်ပြခဲ့တဲ့အရာတွေဟာ အခုလောက ကြီးမှာတော့ အံ့သြလောက်အောင် ပြည့်စုံနေတာပဲ။ ကျွန်တော်မကြာမီ ကဘဲ မဂ္ဂဇင်းတစ်ခုထဲမှ ဆောင်းပါးတစ်ခုကို ဖတ်ရှုလိုက်ရပါတယ်။ ဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ “ခရစ်တော်တည်းဟူသော ကျောက် ဆောင်ကိုရိုက်ခွဲခြင်း။” ဒီဆောင်းပါးက ဘာတင်ပြသလဲဆိုတော့လောကီ ပညာ သိပ္ပံကျောင်းတော်ကြီးများနှင့် လောကုတ္တရာပညာသိပ္ပံကျောင်း တော်ကြီးတို့မှာ ဘုရားတရားမကြည်ညိုမှုကို ဗြောင်သွန်သင်ပေးနေကြ ကြောင်း၊ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ထဲမှာဖေါ်ပြပါရှိတဲ့ လူ့ကျင့်ဝတ် တွေနဲ့ လုံးဝဖီဆန်တဲ့အပြောအဆို အပြုအမူအနေအထိုင်တွေကို ပြုလုပ် လျက် ရှိကြကြောင်းတွေပါပဲ။ အဲဒါတွေဖတ်ရှုရတော့ ကျွန်တော့်မျက်စိ တွေကိုတောင် အမှန်ကိုတွေ့မှတွေ့မိရဲ့လားဆိုတာ ယုံမှားသံသယ ဖြစ်မိ ပါတယ်။
အဲဒီလိုသိပ္ပံကျောင်းတွေကပေါ့ အများသော ကျွန်တော်တို့ ဓမ္မ ဆရာတွေ ထွက်လာကြတာ။”
မစ္စတာအင်ဒါဆင်က ပြန်လည်ဖြေကြားရာတွင် “ကျွန်တော် တော့သူများတွေကို ဝေဖန်လိုတဲ့ စိတ်မရှိပါဘူး။ ဒီလိုဝေဖန်မှုဆိုတာ အတော်အန္တရာယ်များတဲ့အလုပ်တွေပဲ။ ဒါပေမယ့်လို့လူဟာ အခုခေတ် မှာပေါ်လာတဲ့အန္တရာယ်တွေနဲ့ အဲဒီအန္တရာယ်တွေမှ ကင်းလွတ်ရာကင်း လွတ်ကြောင်းဆိုပြီး ကြင်နာတရားပေးတဲ့ သတိပေးချက်တွေကိုတော့ သူ့ဝိညာဉ်ကောင်းရာလားစေဖို့ သိရှိအပ်ပါတယ်။ ဥပမာ၊ သမ္မာကျမ်းစာ ဟာတယောတူရိယာကဲ့သို့ အလိုရှိတဲ့တေးသံကို ထွက်အောင်လုပ်လို့ရ ပါတယ်။ ဒီလိုအလိုရှိတဲ့ အသံထွက်လာအောင်လုပ်တာလည်း ဘုရား သခင်ရဲ့ အကြံတော်အတိုင်းပါပဲလို့ ပြောဆိုသံကို ခင်ဗျားကြားဖူးမှာပါပဲ။ နောက်ပြီးတော့လည်း ‘ဒီနေ့အမှန်ဟာ နက်ဖြန်အမှား၊ ဒီနေ့အမှား ဟာ နက်ဖြန်အမှန်’ လို့ မကြာခဏပြောသံကိုလည်း ကြားဖူးမှာပါ။ သို့သော် လည်း သခင်ယေရှုက ‘သင်တို့သည် သမ္မာတရားကို သိကြမည်။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၂)။ “ထိုအရှင်၏ အလိုတော်သို့လိုက်မည်ဟု သဘောထားသောသူမည်သည်ကား ဘုရားသခင်၏ ဒေသနာတော်ကို ပိုင်းခြား၍ သိလိမ့်မည်။’(ရှင်ယောဟန်ခရစ်ဝင် ၇း၁၇) ဟု မိန့်တော် မူပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သမ္မာတရားကို ဆာငတ်ခင်မွတ် လျှင် သန့်ရှင်းသောဝိညာဉ်တော်ဟာ သူ့ကိုနက်နဲတဲ့ ဘုရားသခင်ရဲ့အရာ များကိုဖေါ်ပြပြီး ထိုအရာများကို ထိုသူ အသက်တာရဲ့ အစိတ်အပိုင်း အဖြစ်သို့ ရောက်စေပါတယ်။ ကောရိန်သုသြဝါဒစာပထမစောင် ၂း၉-၁၂ ကို ဖတ်ပါ။ ယောဟန်ခရစ်ဝင် ၆:၄၅။ ၁၆:၁၃-၁၅ ကိုလည်းကြည့်ပါ။
“လူဟာဘာပဲလုပ်လုပ် စေတနာအရင်းခံပြုလုပ်လျှင် ထိုသူရဲ့ လုပ်ငန်းကို ဘုရားသခင်က လက်ခံပါတယ်ဆိုတဲ့ သဘောမျိုးကို ဖြန့်ချိ တာ ခင်ဗျားကြားရပါလိမ့်မယ်။ အဲဒီစကားဟာ နားဝင်တော့ချိုပါတယ်။ ဒါပေမယ့် ထင်ယောင်ထင်မှားဖြစ်စေတတ်ပါတယ်။ စေတနာဆိုတာလို ပါတယ်။ ဒါပေမယ့် စေတနာရှိရုံနှင့်မပြီးပါ။ အသိပညာလည်း ရှိရပါ တယ်။”
မစ္စတာဆီဗာရန့်(စ)က “မစ္စတာအင်ဒါဆင်ခင်ဗျား၊ ခင်ဗျားပြော တာ ကျွန်တော်နားသိပ်မရှင်းပါ။ တနင်္ဂနွေနေ့ကိုကျွန်တော်က စေတနာ သန့်သန့်နဲ့ ဥပုသ်နေ့အဖြစ် စောင့်ထိန်းတာကို ဘုရားသခင်ကမကြိုက် ဘူးလား။ ခရစ်ယာန်တစ်ယောက်ပီသအောင် ကျွန်တော်လည်းတတ်နိုင် သလောက် ကြိုးစားနေတာပဲ။”
“ဟာ၊ ဟုတ်ပါတယ်။ ခင်ဗျားဟာမှန်တယ်ဆိုတာသိသမျှ ကျင့် သုံးတဲ့အတွက် ဘုရားသခင်ကတော့ ခင်ဗျားကို မုချချစ်ခင်မြတ်နိုးမှာပါ ပဲ။ ဒါပေမယ့် စတုတ္ထပညတ်ကဖေါ်ပြထားတဲ့ တရားမှန်ကို သိရှိရပြီး နောက် မကျင့်သုံးဘဲနေရင်ကော။ ကိုယ်တော်ရဲ့လက်ထက်က လူတွေ အကြောင်း သခင်ယေရှုက ဘယ်လိုမိန့်တော်မူသလဲဆိုရင်၊ “ငါသည်သူ တို့အား လာ၍မဟောပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့ အပြစ်လွှတ်အံ့သောငှာပြောစရာမရှိကြ။”ရှင်ယောဟန်ခရစ်ဝင် ၁၅:၂၂။ ပေါလုကလည်း ဒီလူမျိုးကို ညွှန်ပြပြောဆိုပါတယ်။ ‘မသိမလင်းသော အချိန်ကာလများကို ဘုရားသခင်သည် အမှုမထားဖူးသော်လည်း ယခုမှာ ကိုယ့်အပြစ်ကို မြင်၍နောင်တရကြလော့၊ ခပ်သိမ်းသော အရပ်များ၌ ရှိသောလူအပေါင်းတို့အားပညတ်တော်မူ၏။”တမန်တော်ဝတ္ထု၊၁၇:၃၀။ အလင်းတရားကသာ၍မှန်သော၊ ကောင်းသောလမ်းကို ပြသပြီးမှ အမှား ကိုစေတနာအလျောက် ဆက်လက်ပြုလုပ်နေမိပါသည်ဆိုခြင်းမှာ မဖြစ် နိုင်သောကိစ္စဖြစ်၏။ အမှန်တရားကို သိရှိပြီးမှ စေတနာဟာလူအား မမှန်သောလမ်းစဉ်မှ ပြောင်းလဲစေပါတယ်။”
သူ့အတွက်အသစ်ဖြစ်သော အတွေ့အကြုံကိုလေးနက်စွာ စိတ် ဝင်စား၍၊ မသိသောအရာကို သိလိုသောစိတ်များ ထက်သန်လျက်ရှိသော ဟဲရာလ်(ဒ)ဝီလ်ဆင်က အခြားမေးခွန်းတစ်ခုကို မေးမြန်းပြန်လေသည်။ “မစ္စတာအင်ဒါဆင်ခင်ဗျား၊ ဓမ္မဆရာတစ်ဦးက ကျွန်တော့်ကို ဘယ်လိုပြောသလဲဆိုတော့ သတ္တမနေ့ဥပုသ်စောင့်တာကတော့ ဟုတ်ပါ တယ်။ ဒါပေမယ့်ပြဿနာက အဲဒီသတ္တမနေ့ကို ဘယ်နေ့ကစပြီးရေတွက် မလဲတဲ့။ နောက်သူက ဘာပြောသေးသလဲဆိုတော့ သူစောင့်တာလည်း သတ္တမနေ့ပဲတဲ့။ ဒါပေမယ့် သူ့သတ္တမနေ့ကို တနင်္လာနေ့က စပြီးရေတွက် တယ်တဲ့။ အဲဒါခင်ဗျားဘယ်လို သဘောရပါသလဲ။”
“ကျွန်တော်လည်း ဒီအတိုင်းသင်ကြားလာရပါတယ်” ဟု မစ္စတာ ဆီဗာရန့်(စ)က ထပ်လောင်းပြောကြားလိုက်လေသည်။
“အဲဒီပြဿနာကို ကျွန်တော်တချို့ တစ်ဝက်ဖြေပြီးပါပြီ။ ဒါပေ မယ့် ရှေ့နည်းနည်းဆက်ကြည့်ရအောင်။”
“ထွက်မြောက်ရာကျမ်း ၁၆ ကို ပြန်လှန်သုံးသပ်ကြည့်ပါ။ အဲဒီမှာ ကောင်းကင်မှချပေးတဲ့ မုန့်အကြောင်း ဖေါ်ပြထားပါတယ်။ ကိုယ်တော်ရဲ့ လူတွေဟာ ကိုယ်တော်ရဲ့ပညတ်တော်အတိုင်း ကျင့်သုံးသည် မကျင့်သုံး သည်ကိုသိရအောင် သူတို့ကို စမ်းသပ်လိုတယ်လို့ ဘုရားသခင်က မိန့် တော်မူပါတယ်။ အကြံတော်အတိုင်းဆိုလျှင် လူတို့သည်ပထမနေ့ရက်မှ ဆဌမနေ့ရက်အထိ နေ့တိုင်းမုန့်ကို သိမ်းယူရပါတယ်။ နေ့တိုင်းငါးရက် တိုင်တိုင် တစ်နေ့စာတစ်နေ့စာအတွက် သူတို့လိုသလောက် သိမ်းယူရပါ တယ်။ နောက်တစ်နေ့မှာ မုန့်လက်ကျန်မရှိစေရပါ။ ဆဌမနေ့ (ခြောက် ရက်နေ့)မှာ နှစ်ရက်စာအတွက် မုန့်ကိုသိမ်းယူရပါတယ်။ ပိုမိုသိမ်းယူတဲ့ မုန့်က သတ္တမနေ့အတွက်ဖြစ်ပါတယ်။ အဲဒီနေ့မှာမုန့် မိုးမရွာပါ။ ဒီဟာ ဘုရားသခင်ရဲ့စီမံချက်ပါပဲ။
“ကိုင်း၊ရက်ကိုရေတွက်ရာမှာ လူ့စိတ်တိုင်းကျရေတွက်နိုင်အောင် စီမံမထားပါ။ ဘုရားသခင်ကိုယ်တော်တိုင် ရက်ကိုရေတွက်ထားပါတယ်။ အကယ်၍ လူတစ်စုံတစ်ယောက်ဟာ ဘုရားသခင်ရဲ့ အစီအစဉ်အတိုင်း မသွားဘဲ တမင်တကာဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် အပြောင်းအလဲ လုပ်ခဲ့သော် ရက်တွေရှုပ်ထွေးပျောက်ပျက်ကုန်ပြီး ဘုရားသခင်ရဲ့ ဆုံးမ ခြင်းကိုလည်း ခံရဦးမယ်။ တချို့လူတွေက မုန့်ကိုနောက် တစ်နေ့လက် ကျန်ရှိအောင် သိမ်းယူထားခြင်းအားဖြင့် ဘုရားသခင်ရဲ့ ရက်ရေတွက်မှု ကို ပျက်ပြားအောင်လုပ်ကြပါတယ်။ ဒါပေမယ့်လို့ အဲဒီကျန်နေတဲ့ မုန့် တွေဟာ “ပိုးကျပြီးချဉ်သိုး” သွားတယ်။ ငယ်၊ ၂ဝ။ တခြားလူတွေက လည်းခြောက်ရက်မြောက်တဲ့နေ့တုန်းက နှစ်ရက်စာမသိမ်းမိတဲ့အတွက် ကြောင့်ထင်ပါရဲ့။ သတ္တမနေ့မှာ မုန့်ထွက်ရှာကြတယ်။ မုန့်တစ်လုံးမှရှာ မတွေ့ ပါ။ (ငယ်၊၂၇)။ ရက်ရေတွက်မှုကိုပြောင်းလဲလို့ လုံးဝမရပါ။
“သတိကင်းမဲ့စွာ နားမထောင်မှုအတွက် အဲဒီလူတွေကို ဘုရား သခင်က ဘယ်လိုမိန့်တော်မူထားတာကို သတိပြုပါ။ “သင်တို့သည် ငါ့ပညတ်ချက်၊ သွန်သင်ချက်များကိုအဘယ်မျှကာလပတ်လုံး မစောင့် ရှောက်ဘဲ ငြင်းပယ်ကြလိမ့်မည်နည်း။” ငယ်၊ ၂၈။ သစ္စာရှိမရှိကိုမှန်ကန် စွာ ရေတွက်မှုအားဖြင့် စုံစမ်းတော်မူပါတယ်။ ဘုရားသခင်ရေတွက်တဲ့ အတိုင်း ရေတွက်ရမယ်။ အဲဒီလိုရေတွက်တဲ့နေရာမှာ အဓိကရည်ရွယ် ချက်က ဥပုသ်နေ့၏ အစီအစဉ်ကို မပျက်စေဖို့ပါဘဲ။”
“မစ္စတာအင်ဒါဆင်ခင်ဗျား၊ အခုခင်ဗျားပြောတာတွေဟာ ရက် ရေတွက်မှုနဲ့ပတ်သက်ပြီး ရှင်းသွားပါပြီ။ ဒါပေမယ့် ရက်တစ်ရက်လုံးကို ဥပုသ်အဖြစ်စောင့်ဖို့ ဘာဖြစ်လို့ ဒီလောက်အရေးကြီးရသလဲဆိုတာ ကျွန်တော့်အဖို့မှာ သိပ်မရှင်းလင်းလှသေးပါဘူး။” ဤကဲ့သို့ ပြောဆိုသူ မှာ မစ္စတာဆီဗာရန့်(စ)ဖြစ်လေသည်။
“ဥပမာရိုးရိုးကလေးတစ်ခုပေးပါမယ်။အဲဒီဥပမာက ခင်ဗျားမရှင်း တဲ့အချက်ကိုရှင်းပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ခင်ဗျားရှေ့ မှာ ကျွန်တော်ဖန်ခွက်ခုနစ်လုံးထားပါမယ်။ ခြောက်လုံးမှာ ရေအပြည့်ရှိပါ တယ်။ နောက်ဆုံးတစ်ခွက်မှာတော့ သစ်သီးနဲ့ပြုပြင်ထားတဲ့ အဖျော်ရည် ရှိပါတယ်။ အဲဒီအဖျော်ရည်ဟာ သောက်ရခဲတဲ့ အဖျော်ရည်မျိုးပါပဲ။ ခင်ဗျားက အဲဒီအဖျော်ရည်ကို သုံးဆောင်လိုတဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် အဲဒီအဖျော်ရည်ဟာ ဖန်ခွက်တစ်ခွက်ထဲမှာ ပဲရှိတယ်။ အဲဒီဖန်ခွက်ဟာ သတ္တမမြောက်ဖန်ခွက် ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားသောက်လိုတဲ့ ဖန်ခွက်ကိုသောက်ရအောင် ကျွန်တော်ရဲ့ရေတွက်ချက်အတိုင်း လိုက်နာ ရမယ်။ ဒါကြောင့် ခင်ဗျားအဖျော်ရည်ရဲ့ ကောင်းကျိုးအရသာ ခံစားမှုဟာ ကျွန်တော်ရဲ့ဖန်ခွက်ရေတွက်မှုနဲ့ များစွာသက်ဆိုင်နေပါတယ်။
“ဥပုသ်နေ့လည်း အဲဒီမူအတိုင်းပါပဲ။ ဘုရားသခင်ဟာ သတ္တ နေ့ ကိုကောင်းချီးပေးတော်မူထားပါတယ်။ကိုယ်တော်တိုင်တည်ရှိမှုကိုလည်း အဲဒီနေ့မှတစ်ပါး အခြားနေ့ရက်မှာမတွေ့ရပါ။ အကယ်၍ ကျွန်တော်ဟာ ကိုယ်တော်ကို ကျွန်တော့်လိုအင်ဆန္ဒအရတွေ့ရှိလိုလျှင် ကျွန်တော်ရဲ့ ရက်သတ္တပတ်ရေတွက်မှု (ပထမ၊ ဒုတိယ၊တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဌမ၊ သတ္တမ)ဟာ ကိုယ်တော်ရဲ့ ရက်ရေတွက်မှုနဲ့ ညီလျော်ရမယ်။ ထိုသို့ ညီလျော်မှုရှိခဲ့လျှင် ကိုယ်တော်နဲ့တွေ့ရှိခြင်း၊ ကိုယ်တော်ကို သိခြင်းနဲ့ ကိုယ်တော်၌ငြိမ်ဝပ်ခြင်းဆိုတဲ့ ဆုကျေးဇူးများကိုခံစားရပါတယ်။ ဒါဘာ ကြောင့်လဲဆိုတော့ ဥပုသ်နေ့မှာ ကိုယ်တော်နဲ့အတူ ရှိရတဲ့အတွက် ငြိမ်သက်ခြင်းဆုကျေးဇူးခံစားရပါတယ်။ ဒါကြောင့် သစ္စာရှိပြီး ဉာဏ် ပညာနဲ့ပြည့်စုံတဲ့ ဥပုသ်စောင့်သမားဟာ ဥပုသ်စောင့်ရာမှာ တနင်္ဂနွေနေ့ ကို စေတနာအလျောက် ဥပုသ်စောင့်တဲ့လူပင် မသိမမြင်တဲ့ ကောင်းချီး မင်္ဂလာကို ခံစားရပါတယ်။”
မစ္စတာဆီဗာရန့်(စ)ဥပုသ်နေ့နဲ့သက်ဆိုင်တဲ့
သမ္မာတရားကိုလက်ခံခြင်း
“ကျွန်တော်နားလည်ပါပြီ၊ မစ္စတာအင်ဒါဆင်၊ ကျွန်တော်နား လည်ပါပြီ။ ဒီနေ့ပဲ ကျွန်တော်ဟာ ဘုရားသခင်စီရင်ချပေးတဲ့ ဥပုသ်နေ့ကို ခင်ဗျားနဲ့အတူလက်တွဲပြီး စောင့်ဖို့သစ္စာပြုပါတယ်။ ကျွန်တော့်အတွက် ဆုတောင်းပေးပါလားခင်ဗျား။ ကျွန်တော်ရဲ့ အလုပ်အကိုင်တွေကို ပြန် လည်စီမံရာမှာ အထူးအကူအညီလိုပါတယ်။”
“မစ္စတာဆီဗာရန့်(စ)ခင်ဗျား၊ ခင်ဗျားဒီလိုဆုံးဖြတ်လို့ ကျွန်တော် ဘုရားသခင်ကို ချီးမွမ်းပါတယ်။ ယုံကြည်ခြင်းစိတ်ထက်သန်မှုကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ခင်ဗျားရဲ့အလုပ် အကိုင်တွေကိုပြန်လည်စီမံရာမှာ ဘုရားသခင်က ခင်ဗျားကို ကောင်းချီး ပေးပါလိမ့်မယ်။”
မစ္စတာဆီဗာရန့်(စ)က ပြန်လည်ဖြေကြားသည်မှာ “ကျွန်တော့် စိတ်ထဲမှာရှိတာတွေဟာ ခင်ဗျားတွေးထင်တာထက် များပြားလှပါတယ်။ ဒီနေ့ဟာဖြင့် ကျွန်တော့်အဖို့မှာ မှားယွင်းချက်ကြီးကို အထင်အရှား တွေ့ မြင်တဲ့နေ့ထူးနေ့မြတ်ကြီပါပဲ။ လောကဘက်ကနေကြည့်ရင် ကျွန်တော် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ သမာသမတ်ရှိလှပါတယ်။ ဒါပေမယ့် ဒီနေ့မွန်းလွဲပိုင်းမှာ ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုက ဘယ်လို နှိုးဆော် သလဲဆိုရင် ကျွန်တော်ဟာ သန့်ရှင်းလိုလျှင်၊ သန့်ရှင်းသော ကိုယ်တော် ကိုသိလိုလျှင်၊ ကိုယ်တော်ရဲ့သန့်ရှင်းတဲ့နေ့မှာ ကိုယ်တော်၌ ပျော်မွေ့လို လျှင် ကိုယ်တော်ရဲ့ခြေလှမ်းတွေကို ပြန်လည်ပြုပြင်ရပါမယ်တဲ့။ နောက် ပြီးတော့လည်း ကျွန်တော်ရဲ့ လုပ်နည်းကိုင်နည်းတွေကို သူ့အဆင့် အတန်းနဲ့သူညီလျော်အောင်ပြုပြင်ပြီး ကျွန်တော်နဲ့အများအပြား ဆက်ဆံ လုပ်ကိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ကုန်ရောင်းကုန်ဝယ်လုပ်ဖေါ်ဆောင်ဘက်တွေ ဆီသွားပြီးတော့ ကျွန်တော့်ရဲ့အတိတ်က လုပ်ငန်းတွေအတွက် ဝန်ချ တောင်းပန်ရမယ်။ ဒါတင်ဘယ်ဟုတ်ဦးမလဲ။ သူများဆီက မတော်မတ ရားယူထားတဲ့အမြတ်တွေ ပိုင်ရှင်ထံပြန်ပေးရမယ်။ လက်ဝါးကပ်တိုင် ထမ်းရာမှာ ဘုရားသခင်က ကျွန်တော့်ကို မစမယ်လို့ ခင်ဗျားယုံကြည် ပါသလား။”
ဤအချိန်တွင် မာလိန်မှူးမန်းသည် အခန်းတွင်းသို့ ဝင်လာလေသည်။
အခန်း - ၁၂
အခန်း ၁၂
ဥပုသ်နေ့၌ရေနစ်သူကိုကယ်ဆယ်ခြင်း
ဧည့်ခန်းထဲတွင် မစ္စတာအင်ဒါဆင်၏ စည်းဝေးပွဲပြုလုပ်ကျင်းပ သည့်အဆုံးတွင် မစ္စတာစပေါလ်ဒင်းနှင့် မစ္စတာဂရယ်ဂရီတို့သည် ဆွေး နွေးပြောဆိုခဲ့သမျှကိုသုံးသပ်ရန် သင်္ဘောကုန်းပတ်ပေါ်တွင် ဆိတ်ငြိမ် သောနေရာကို ရှာခဲ့ကြလေသည်။ သူတို့နှစ်ယောက်စလုံးသည် များစွာ လှုပ်ရှားသွားကြ၏။မစ္စတာဂရယ်ဂရီအဖို့မှာမူ၊သူကြားခဲ့သောအကြောင်း အရာများ မှန်ကန်ကြောင်းကို ဝန်ခံလိုသောစိတ်စောနေ၏။
သူတို့နှစ်ယောက်စကားပြောနေစဉ် မာလိန်မှူးမန်းက အနီးမှ ဖြတ်သွားလေသည်။ မစ္စတာစပေါလ်ဒင်းက လှမ်း၍ မာလိန်မှူးအား ခေါ် လိုက်လေသည်။
“မာလိန်မှူးခင်ဗျား၊ ခဏစကားပြောပါရစေ။ တောင်းပန်စရာ ကလေးတစ်ခုရှိလို့ပါ။ ဒီဥပုသ်နေ့နဲ့ ပတ်သက်တဲ့ဆွေးနွေးပြောဆိုမှုတွေ ကို ရှေ့သို့ဆက်လက်မပြုလုပ်ရအောင် ရပ်ဆိုင်းပစ်ဖို့ နည်းလမ်းမရှာနိုင် ဘူးလား။ ဒီလိုဆွေးနွေးမှုတွေဟာ ကောင်းကျိုးမသက်ရောက်စေဘဲ အဓိပ္ပါယ်ကင်းမဲ့တဲ့ငြင်းခုံလိုတဲ့ သဘောတရားတွေကို လှုံ့ဆော်ပေးတာ ပဲ။ တော်တော်ကြာတော့ ဘယ်လိုဖြစ်မလဲဆိုတော့ သင်္ဘောပေါ်မှာပါ လာတဲ့ လူကောင်းတွေတောင် အချင်းချင်းစေ့စပ်လို့မရအောင် အယူ အဆတွေ ကွဲလွဲကုန်ပါ့မယ်။ မှတ်သားထားတဲ့ ကျမ်းစာရှိတဲ့လူငယ် ကလေးတောင် အတွေးအခေါ်တွေ အတော်လွဲချော်ကုန်ပြီ။ အဲဒီ ခရစ် ယာန်ကောင်းတွေကို ဘာသာရေးနဲ့ပတ်သက်ပြီး ကာကွယ်ပေးတဲ့ ပုဂ္ဂိုလ် တွေကိုတောင် သူကဆွယ်တရားတွေဟောနေသေးတယ်။ မာလိန်မှူး ခင်ဗျား၊ ကျွန်တော်ဟာအယူသီးမှုကို သိပ်ကြောက်တာပဲ။”
ထိုသူတို့၏အသီးကိုထောက်၍ သူတို့ကိုသိကြလိမ့်မည်
“မစ္စတာစပေါလ်ဒင်းခင်ဗျား၊ ခင်ဗျားစိတ်ကြိုက်စီမံနိုင်ပါတယ်။ သင်္ဘောကပေးတဲ့လွတ်လပ်မှုကို ခင်ဗျားထင်သလိုအသုံးချနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ပြောတဲ့ ဟဲရာလ်(ဒ)ဝီလ်ဆင်ဆိုတဲ့ လူငယ်ကလေး ကတော့ စံဖရန်စစ္စကိုမြို့က သင်္ဘောထွက်လာပြီးတဲ့နောက် မကြာမီဘဲ အင်မတန်ကောင်း၊ အင်မတန်စိတ်ချရပြီး အရည်အချင်းနဲ့ ပြည့်စုံတဲ့ လုပ်ဖေါ်ဆောင်ဘက်တစ်ယောက်ဖြစ်ကြောင်း တွေ့ရှိရလို့ ကျွန်တော် အတော်အံ့သြသွားပါတယ်ဆိုတာ ပြောပါရစေ။ ကျွန်တော် သူ့အကြောင်း သိဖူးတာက ဒီလူငယ်ကလေးဟာ ဆိုးပေတေနေပြီး အခု ပြောင်းလဲလာ လိုက်တာ အိန္ဒြေကလည်းရှိ၊ ဘုရားတရားကလည်းမြဲ၊ အလုပ်လုပ်တဲ့ နေရာမှာ ဝီရိယလည်းရှိ၊ သစ္စာလည်းရှိနဲ့။ ဒီလိုအကျင့်တွေဟာ ကောင်း တဲ့သစ်ပင်ရဲ့ အသီးများဆိုကာ မြေခတ်မလွဲပါဘဲ။ ကျွန်တော်ကိုယ်တိုင် ကလည်း သူ့လိုပဲ လူပေတစ်ယောက်ကနေပြီး လူကောင်းတစ်ယောက် ဖြစ်လာရပါတယ်ဆိုတာ ဝန်ခံရမှာပဲ။
“ကျွန်တော်ခပ်သုတ်သုတ်သွားရမယ်။ ဒါပေမယ့် ဒီကိစ္စဟာ ခင်ဗျားတို့ စိုးရိမ်စရာမလိုပါဘူး။ အယူသီးတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ် အားထက်သန်မှုတွေ အားကြီးတယ်ဆိုပါတော့။ ဒါပေမယ့် စိတ်အား ထက်သန်မှုဟာ ကျမ်းစာသိမြင်မှုပေါ်မှာ အခြေတည်ထားပါတယ်။ နှုတ် ကပါဌ်တော်ကိုကျင့်သုံးဖို့ ရည်ရွယ်ချက်နဲ့ အဲဒီနှုတ်ကပါဌ်တော်ကို လေ့လာတဲ့လူဟာ လမ်းလွဲပြီး မသွားနိုင်ပါဘူး။ ဟဲရာလ်(ဒ)ဝီလ်ဆင်ဟာ နှုတ်ကပါဌ်တော်ကိုကျင့်သုံးနေတာပါပဲ။”
မာလိန်မှူးသည် ခပ်သုတ်သုတ်လျှောက်သွား၍ ဧည့်ခန်းတွင်းသို့ ဝင်သွားလေသည်။
ဧည့်ခန်းတွင်းသို့ဝင်ဝင်ချင်း သူတွေ့မြင်ရသော မြင်ကွင်းကို သူ့ တစ်သက်မှာ မမေ့ပျောက်နိုင်ပေ။ မစ္စတာဆီဗာရန့်(စ)သည် စားပွဲပေါ် တွင် ခေါင်းကိုညွှတ်လျက် မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားလေ သည်။ ဟဲရာလ်(ဒ)ဝီလ်ဆင်သည် လက်ထဲတွင် ကျမ်းစာအုပ်ကို ကိုင် ထားလျက်၊ လက်မောင်းတစ်ဖက်ကိုလည်း ကုန်သည်ကြီး မစ္စတာ ဆီဗာရန့်(စ)ပခုံးပေါ်၌ တင်ထားလျက် ဘုရားသခင်၏ကတိတော်များ တည်တံ့ကြောင်း၊စတုတ္ထပညတ်၌ပါရှိသော သမ္မာတရားသည်သူ့အတွက် အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးများကို ထိုကုန်သည် ကြီးအား သက်သေခံလျက်ရှိလေသည်။
ဝိညာဉ်ကယ်တင်သောသူ၏ စိတ်သဘောနှင့် ဒုက္ခရောက်သော သူများအား ကူညီတတ်သောစိတ်သဘောကို လက်တွေ့ပြသော ဟဲရာလ် (ဒ)ကို မာလိန်မှူးသည်တွေ့မြင်ရသောအခါ သူစိတ်ကို မချုပ်တည်းနိုင် တော့ဘဲ မျက်စိတွင် မျက်ရည်ဝဲလာလေတော့သည်။ ကြမ်းတမ်းခက် တရော်ရှိသော သင်္ဘောသားဟောင်းကြီးက ယခုကဲ့သို့ ကြင်နာသော သဘောကိုဖေါ်ပြသည်မှာ အဘယ်မျှထူးဆန်း ကောင်းမွန်ဘိသနည်း။
သို့ရာတွင် စကားတစ်ခွန်းမျှသူ့ နှုတ်ကမထွက်။ သူသည် မစ္စတာ အင်ဒါဆင်ဆီသွား၍ မစ္စတာအင်ဒါဆင်၏ လက်ကိုစိတ်ပါစွာနှင့် ခိုင်မြဲ စွာကိုင်ဆွဲပြီးမှ တုန်လှုပ်သော နှုတ်ခမ်းဖြင့် သူ့ တာဝန်ကို ဆက်လက် ထမ်းရွက်ရန် ထွက်သွားလေသည်။
အမျိုးသမီးတစ်ဦးသင်္ဘောပေါ်မှပင်လယ်ထဲလိမ့်ကျခြင်း
စူးရှသောအသံတစ်သံသည် ထမင်းစားခန်းထဲ၌ ရှိသောလူတစ်စု ကို များစွာ ကြောက်လန့်စေ၏။ ထိုအသံထွက်ပေါ်လာသည့် ရှေ့စဉ် နောက်ဆက်ပင် အမျိုးသမီးတစ်ဦးရေထဲလိမ့်ကျသွားပြီ” ဟူသော အော် ဟစ်သံသည် သင်္ဘောတစ်စွန်းမှ တစ်စွန်းတိုင်အောင် ပျံ့နှံ့သွားလေသည်။
“ဘယ်ကျသွားသလဲ၊ ဘယ်ကျသွားသလဲ” ဟူသောမေးခွန်းကို လူတိုင်းမေးကြ၏။ သို့ရာတွင် ဘယ်သူမျှမသိချေ။
ဓမ္မဆရာနှစ်ဦးဖြစ်သော မစ္စတာစပေါလ်ဒင်းနှင့်မစ္စတာဂရယ်ဂရီ တို့သည် သင်္ဘောပဲ့ပိုင်းသို့ သုတ်ခြေတင်သွားရာတွင် သင်္ဘောပဲ့ပိုင်း ကာရံ ထားသောသံလက်ရန်းသို့ ရောက်သွားသောအခါ ဟဲရာလ်(ဒ) သည် လည်း ဧည့်ခန်းမကြီးမှထွက်လာကာ သူ့ကျမ်းစာအုပ်ကိုအလျင် အမြန် လက်မှချထား၍ အင်္ကျီကိုချွတ်ပြီးလျှင် ပင်လယ်ထဲသို့ခုန်ချလေသည်။
“ဟယ်၊ တယ်မိုက်ပါလား၊ တယ်မိုက်ပါလား” ဟု မစ္စတာ စပေါလ် ဒင်းက ပြောဆိုလေသည်။ “အခုလိုဆိုတော့ အသက်တစ်သက် အစား နှစ်သက်ဆုံးတာပေါ့။ ဒီသင်္ဘောပေါ်ကကျရင်ဘယ်သူဟာ ကိုယ့်ကိုယ်ကို ကယ်လို့ရသလဲ။”
“ဒါပေမယ့်ဗျာ၊ ဘုရားသခင်က သူ့ကိုမစမှာပေါ့” ဟု မစ္စတာ ဂရယ်ဂရီကပြန်ဖြေလေသည်။
ဘုရားသခင်သည် ဧကန်မုချမစတော်မူပေသည်။ ဟဲရာလ်(ဒ) က သတ္တိပြလိုက်ခြင်းမှာ ဘုရားသခင်က သူ့အားကယ်တင်မည်ကို ယုံကြည် စိတ်ချသောကြောင့်ဖြစ်သည်။ သူသည်ရေထဲမှာရေနစ်သူကို ရှာဖွေနေ စဉ် သူ့အား ကူညီမစရန် ဘုရားသခင်ထံ ဆုတောင်းလေသည်။ သူ ဆုတောင်းချက်ကိုလည်း ဘုရားသခင်က မဟာကရုဏာတော်ဖြင့် ဖြေ ကြားတော်မူလေသည်။
သူနှင့်မနီးမဝေးရေထဲမှ လက်တစ်ချောင်းပေါ်လာသည်ကို တွေ့ မြင်ရလေသည်။ ခွန်အားရှိသမျှဖြင့် ထိုနေရာသို့ ရုန်းကန်ကူးသွားလေ သည်။
ရေနစ်သောအမျိုးသမီး၏အဝတ်ကို သူဆွဲမိလေပြီ။ ဆွဲမိသည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသမီးကိုသင်္ဘောဆီသို့ ဆွဲသွားလေသည်။
မစ္စတာစပေါလ်ဒင်းက “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ” ဟု အော်ဟစ်ပြောဆိုလေသည်။ ခရီးသည်များတို့သည် ဝမ်းသာအားရ အော် ဟစ်ကြွေးကြော်၍ ငိုယိုကြလေသည်။
ထိုအတောအတွင်း မာလိန်မှူးမန်းသည် သင်္ဘောစက်ကို အရပ် ခိုင်းလိုက်သည်တွင် တင်ယိုမာရူသင်္ဘောကြီးမှာ မလှုပ်မရှားဘဲရပ်နေ တော့သည်။ သက်ကယ်လှေတစ်စင်းကိုချပေး၍ ဟဲရာလ်(ဒ)နှင့် ဘယ်သူ ဘယ်ဝါမှန်းမသိရသေးသည့် အမျိုးသမီးကို သင်္ဘောကုန်းပတ်ပေါ်သို့ချီမ ယူကြလေသည်။
သူရဲကောင်းကလေးကို လက်ဆွဲနှုတ်ဆက်ရန်လည်းကောင်း၊ လိုသမျှအကူအညီပေးရန်လည်းကောင်း မစ္စတာဂရယ်ဂရီသည် ဝိုင်းအုံ ကြည့်နေသော လူအလယ်ခေါင်သို့ တိုးဝင်သွားလေသည်။ ဟဲရာလ်(ဒ) ၏ လက်ကိုကိုင်ဆွဲမိကာနီးတွင် ရေထဲမှကယ်တင်လိုက်သောအမျိုးသမီး ၏ မျက်နှာကို သူတွေ့မြင်ရလေသည်။ တွေ့မြင်ရသည်နှင့်တစ်ပြိုင်နက် သူ့ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်၍ အားအင်များဆုတ်ယုတ်ကာ သင်္ဘော ကုန်းပတ်ပေါ်သို့ ပစ်လဲလေတော့သည်။ ထိုအမျိုးသမီးမှာ သူ့ဇနီးဖြစ်နေ တော့၏။
ဟဲရာလ်(ဒ)အတွက် သူမ မျှော်လင့်သည့်ကံကြမ္မာ
မစ္စစ်ဂရယ်ဂရီသည် သူမ၏ အခန်းထဲတွင် လဲလျောင်းနေစဉ် အနား၌ရောက်ရှိနေသော ဟဲရာလ်(ဒ)အား ပြောဆိုသည်မှာ၊ “မစ္စတာ ဝီလ်ဆင်၊ ရှင့်ကို ကျွန်မဘာဖြစ်လို့ခေါ်ခိုင်းတဲ့အကြောင်း ပြောရဦးမယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း ဘာဖြစ်လို့ခေါ်ခိုင်းကြောင်းသိပါတယ်။ မနေ့က ဧည့်ခန်းထဲမှာ ကျင်းပတဲ့စည်းဝေးကို ကျွန်မတက်ရောက်နားထောင်ပါ တယ်။ ဓမ္မဆရာကြီးမစ္စတာအင်ဒါဆင်က ဥပုသ်နေ့အကြောင်းတရား ဟောပါတယ်။ ကျွန်မပြောရမှာလည်း ရှက်တယ်။ ဆရာကြီးပြောတဲ့ တချို့အရာတွေအတွက် ကျွန်မတော်တော် စိတ်ဆိုးပါတယ်။ ကျွန်မကိုယ် တိုင်လည်း အဲတာတွေကို မကြားချင်ဘူး။ တခြားလူတွေကိုလည်း မကြား စေချင်ဘူး။ ရှင့်ကိုပဲ ကျွန်မအပြစ်တင်တာပဲ။ ဒီစည်းဝေးလုပ်ဖြစ်တာက လည်း ရှင်နဲ့ဓမ္မဆရာကြီးမစ္စတာအင်ဒါဆင်တို့ရဲ့ အလွန်းသင့်မှုမှ ဖြစ်ပေါ် လာရတဲ့ကိစ္စလို့သိရတယ်။တရားဟောစည်းဝေးအပြီးမှာရှင်က “အာမင်” လို့ဆိုတာကြားရတော့၊ ကျွန်မကိုယ်ကို ကျွန်မဘယ်လိုပြောမိသလဲဆို တော့ “ဒီလူမိုက်ကလေးတော့ သင်္ဘောပေါ်က ရေထဲကျသေရင် ကောင်း မှာပဲ။ ဒါမှ တို့ဒီဥပုသ်အကြောင်း ဆွေးနွေးမှုတွေ နောက်ဘယ်တော့မှ ကြားရမှာမဟုတ်ဘူး။”
စည်းဝေးပြီးစီးသွားတော့ ကျွန်မလည်းကိုယ့်အခန်းကိုယ် ပြန်လာ ပြီး ကြားနာခဲ့ရတဲ့ တရားတွေအကုန်စိတ်ထဲမှာ ဖျောက်ဖျက်ပစ်ဖို့ ကြိုး စားတာပဲ။ ဒါပေမယ့် မေ့ဖျောက်လို့ကိုမရဘူး။ ဒါနဲ့ ကျွန်မစည်းဝေးတဲ့ နေရာကို တစ်ခါပြန်သွားပါတယ်။ ရှင့်ကို စည်းဝေးတဲ့အခန်းထဲမှာ တွေ့ ရသေးတော့ ကျွန်မပိုပြီးဒေါသထွက်သေးတယ်။ အဲဒီဧည့်ခန်းတံခါးကို လည်းကျော်လွန်သွားရော ကျွန်မစိတ်တွေကို မချုပ်တည်းနိုင်ဘဲ လူဟာ မူးမိုက်သွားတယ်။ (ကျွန်မဒေါသထွက်ပြီး စိတ်ကိုမချုပ်တည်းနိုင်တဲ့အခါ အဲဒီလိုပဲဖြစ်တတ်ပါတယ်။) အဲဒီနောက် ကျွန်မဘာဖြစ်သွားတယ်လို့ တော့ မပြောတတ်ဘူး။ ဒီသင်္ဘောကုန်းပတ်ပေါ်မှာ သတိပြန်လည်ရလာ တော့မှ ကျွန်မကိုရေသင်္ချိုင်းက ကယ်ယူရတဲ့အကြောင်းသိရပါတယ်။ ကျွန်မမျက်စိစပါးမွေးစူးတဲ့ လူဖြစ်တဲ့ရှင့်ကိုမှ ကျွန်မကို ကယ်တင်တဲ့ လူအဖြစ်နဲ့ ဘုရားသခင်က ရွေးချယ်လိုက်ပါတယ်။
“မစ္စတာဝီလ်ဆင်၊ ကျွန်မရဲ့အပြစ်တွေကို လွှတ်ဖို့ ကျွန်မတောင်း ပန်ပါတယ်။ နောက်ပြီးတော့ ရှင့်ကျမ်းစာအုပ်ကိုယူပြီး ကျွန်မငြင်းပယ် နေတဲ့သမ္မာတရားကို ကျွန်မအားဆက်လက်ပြောပြစမ်းပါ။ ပြောပြမယ် မဟုတ်လား။”
ဟဲရာလ်(ဒ)က မိမိမှာ လူတတ်ကြီးတစ်ယောက်မဟုတ်ကြောင်း ဝန်ခံ၍ မစ္စတာအင်ဒါဆင်နှင့် ဆွေးနွေးက ပိုကောင်းမည်ဖြစ်ကြောင်း ပြောပြလေသည်။
“မစ္စတာအင်ဒါဆင်က သဘောကျပါ့မလား” ဟု မစ္စစ်ဂရယ်ဂရီ က မေးလေသည်။
“အို၊ သဘောကျတာပေါ့” ဟု ဖြေဆိုကာ ဟဲရာလ်(ဒ)သည် သူ့ မိတ်ဆွေကြီး မစ္စတာအင်ဒါဆင်ကိုသုတ်သီးသုတ်ပျာ သွားခေါ်လေသည်။
မစ္စတာအင်ဒါဆင် ရောက်လာသောအခါ မစ္စစ်ဂရယ်ဂရီက “မစ္စတာအင်ဒါဆင်ရှင့်၊ ကျွန်မ အခုတကယ်ပြောနေတာပါ။ ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းသည်နှစ်ယောက်စလုံးက ရှင်ဟောတဲ့ တရားတွေနား ထောင်ချင်ပါသေးတယ်။ မနေ့က ကျွန်မတွေ့ဆုံရတဲ့အဖြစ်ဆိုးကြီးက ကျွန်မတို့ကို ဆုံးမပြီး တရားစစ် တရားမှန်ကိုလက်ခံဖို့ ဘုရားသခင်ပြုပြင် ချက်ဖြစ်ပါတယ်။ ကျွန်မမေးချင်တာက ဆရာကြီးကဘာကြောင့် သတ္တမ နေ့ဥပုသ်ပြဿနာကို ဒီလောက်တောင် ဂရုတစိုက်ပြောနေရတာလဲ။ ဘုရားသခင်ကဒီလိုမလုပ်ဘဲ မနေရဘူးလို့ ဆရာကြီးတို့ကို မိန့်တော်မူ ထားပါသလား။ ဘာဖြစ်လို့လူအများစုဟာ အထူးသဖြင့် ဓမ္မဆရာပိုင်းက ပုဂ္ဂိုလ်တွေဟာ ဆရာကြီးရဲ့ ဟောပြောချက်ကို နားမထောင်ဘဲနေကြပါသလဲ။
ခင်ဗျားမေးခွန်းတွေဟာ တော်တော်ကျယ်ဝန်းလှပါတယ်။ အချိန် များများယူပြီး လေ့လာမှ ဒီကိစ္စတွေကို ရှင်းရှင်းနားလည်ပါမယ်။ ဒါပေ မယ့်ဗျာ၊ ခင်ဗျားမေးခွန်းက ချက်ကျပါတယ်။ ကျမ်းစာက ခင်ဗျားလိုတဲ့ အဖြေကို ပေးနိုင်တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။
ပထမဆုံးအချက်အနေနဲ့ ကျွန်တော်ပြောလိုတာက ဥပုသ်နေ့ဟာ ဧဒင်အိမ်တော်မှ ကျွန်တော်တို့ဆီကို ထိမ်းမြားမင်္ဂလာနဲ့ ဒွန်တွဲပြီးတော့ သက်ဆင်းလာတဲ့ ကောင်းချီးမင်္ဂလာတစ်ရပ်ပေါ့။ ထိမ်းမြားမင်္ဂလာဆို တာ လူ့အိမ်ထောင်တစ်ခုနဲ့တစ်ခုစပ်ကြားမှာ သန့်ရှင်းမြင့်မြတ်တဲ့ ဆက် သွယ်မှုကို ထိန်းသိမ်းထားရန် ရည်ရွယ်ပါတယ်။ ဥပုသ်နေ့ကတော့ လူ အိမ်ထောင်နဲ့ဘုရားသခင်စပ်ကြားမှာ သန့်ရှင်းမြင့်မြတ်တဲ့ ဆက်သွယ်မှု ကို ထိန်းသိမ်းထားရန်ရည်စူးပါတယ်။
အမှုမဲ့အမှတ်မဲ့ ဖတ်လိုက်ရုံဖြင့် ဥပုသ်ရဲ့ ရည်ရွယ်ချက်ကြီးကို တွေ့ရှိနိုင်ပါတယ်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ...... အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ ၎င်းတို့၌ရှိသမျှကို ခြောက်ရက်တွင် ဖန်ဆင်း၍ ....။ ထွက်မြောက်ရာကျမ်း ၂၀း၈-၁၁။ ဥပုသ်နေ့ဟာ ကောင်းကင်၊ မြေကြီး မှစသောအရာတို့ကို ဘုရားသခင်ဖန်ဆင်းတော်မူကြောင်း လူတို့အား အမြဲသတိရစေဖို့ဖြစ်ပါတယ်။ နောက်ပြီးတော့ ၎င်းဟာ ထိုကြီးကျယ်တဲ့ ဆောင်ရွက်မှုကြီးရဲ့ အောက်မေ့ဖွယ်ရာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းနိုင်တဲ့ တန်ခိုးအာနိသင်ကိုလည်း သတိရစေဖို့ပဲ။ ကိုယ်တော်ဟာ ဖန်ဆင်းတော်မူတဲ့အရှင်ဖြစ်တဲ့အတွက် ကိုယ်တော်ရဲ့ စကားတော်ကို နာခံဖို့ ကျွန်ုပ်တို့အားတိုက်တွန်းပါသေးတယ်။ ထိုကဲ့သို့ ဥပုသ်နေ့ကို စောင့်ထိန်းရာတွင် ကိုယ်တော်ဟာ အောင်မြင်နိုင်ရန် လိုလေသေးရှိတဲ့ တန်ခိုးကို ကျွန်တော်တို့အား ပေးတော်မူပါတယ်။ ဥပုသ်နေ့ကို အမှန် အတိုင်း စောင့်ထိန်းခြင်းဟာ ဘုရားသခင်အား မိမိကိုယ်ကို ထာဝစဉ် အပ်နှံထားခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ယုံကြည်ကိုးကွယ်မှု မမှားနိုင် စေရန် အစဉ်တစိုက် ကာကွယ်စောင့်ထိန်းခဲ့တဲ့အကြောင်း တစ်ရပ်ဖြစ်ပါ တယ်။
ဒီအကြောင်းကို ထွက်မြောက်ရာကျမ်း ၃၁း၁၇ မှာ ရှင်းရှင်း လင်းလင်းဖေါ်ပြထားပါတယ်။ ‘ငါနှင့်ဣသရေလအမျိုးသားတို့စပ်ကြား၌ ထာဝရလက္ခဏာ သက်သေဖြစ်၏။’ ယေဇကျေလက “ငါထာဝရဘုရား သည် သူတို့ကို သီးသန့်ထားသည်ဟု သူတို့သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ ငါ၏ ဥပုသ်နေ့များကို လည်းပေး၏။’ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၂။ အကြောင်းက ဘယ်လိုလဲဆိုတော့၊ ဘုရားသခင် သို့မဟုတ် ခရစ်တော် ကိုယ်တော်တိုင် ဥပုသ်နေ့မှာ လာရောက်တည်ရှိတော်မူပါတယ်။ နောက်ပြီးတော့လည်း ဥပုသ်နေ့ကိုလက်ခံပြီး စောင့်ရှောက်တဲ့လူရဲ့ စိတ်နှလုံးထဲမှာလည်း ကိုယ်တော်တိုင် လာရောက်တည်ရှိတော်မူပါတယ်။ အဲဒီနည်းအားဖြင့် ဥပုသ်တိုင်းဟာ ဖန်ဆင်းရှင်၌ လူ့ရဲ့ယုံကြည်ခြင်းကို အင်အားဖြည့်တင်း၍ စွဲမြဲခိုင်မာလာစေပါတယ်။
ဘုရားသခင်နှင့်တပည့်တော်များစပ်ကြားတွင် ထာဝစဉ်အနှောင်အဖွဲ့ဖြစ်ခြင်း
“ဥပုသ်နေ့ဟာ ဘုရားသခင်နဲ့ ဣသရေလအမျိုးသားတို့စပ်ကြား မှာ ထာဝရလက္ခဏာသက်သေဖြစ်ကြောင်းကို ခင်ဗျားသိရှိပါပြီ။ ဒီဟာ ဣသရေလဆိုတဲ့ ရဟူဒီလူမျိုးတွေကိုသာ ကိုးကားပြောဆိုသည် မဟုတ် ပါ။ သူတို့ဟာ အာဗြဟံမှ အသွေးအသားဖြင့် ဆင်းသက်လာကြသူများ ဖြစ်ကြပါတယ်။ အဲဒီလူမျိုးကိုပဲ ကိုးကားပြောဆိုတာ မဟုတ်ဘူးလို့ဆို တာက သူတို့ဟာ မကြာမီဘဲ ဥပုသ်အမှန်စောင့်ထိန်းခြင်းကို စွန့်ပယ်တဲ့ အတွက်ကြောင့် ဥပုသ်နေ့ဟာ ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ကြောင်းကို မသိကြပါဘူး။
‘ဣသရေလ’ ဆိုတဲ့ အသုံးအနှုန်းဟာ ရဟူဒီဆိုတဲ့အဓိပ္ပါယ်ထက် လေးနက်ပါတယ်။ ၎င်းအသုံးအနှုန်းထဲမှာ ခေတ်ကာလကုန်ဆုံးတဲ့ကာ လတိုင်အောင် ခေတ်အမျိုးမျိုးမှာရှိခဲ့တဲ့ တပည့်တော်အပေါင်းပါ အကြုံး ဝင်နေပါတယ်။ ခရစ်ယာန်အားလုံးဟာ ဝိညာဉ်နဲ့ဆိုင်တဲ့ ဣသရေလ လူမျိုးများဖြစ်ကြပါတယ်။ ရောမသြဝါဒစာ ၂:၂၈၊၂၉။ ယောဟန်ခရစ်ဝင် ၁:၄၇။ ဂလာတိသြဝါဒစာ ၃:၂၉ ကိုဖတ်ကြည့်ပါ။ ဒါကြောင့် ဖြောင့်မတ် ခြင်းတရားလမ်းထဲမှာ တည်ရှိလိုတဲ့ပုဂ္ဂိုလ်ဟာ ဥပုသ်နေ့ကို စောင့်ထိန်း ပြီး ၎င်းဥပုသ်နေ့ကိုလည်း ကိုယ်တော်ရဲ့ကယ်တင်နိုင်တဲ့ တန်ခိုးတော်ရဲ့ လက္ခဏာသက်သေ၊ အောက်မေ့ဖွယ်ရာဟု သဘောထားကြပါလိမ့်မယ်။ ဖန်ဆင်းခြင်းနဲ့ရွေးနုတ်ခြင်းဟာ အတူတူဖြစ်တဲ့အကြောင်းက နှစ်ခုစလုံး ဟာ ဥပုသ်နေ့ကိုအောက်မေ့ဖွယ်ရာနေ့ အဖြစ်ထားရှိရန် တိုက်တွန်းကြ ပါတယ်။
“ဟုတ်ကဲ့၊ ဆရာကြီး၊ ကျွန်မနားလည်ပါပြီ။ တယ်နှစ်သက်ဖွယ် ဖြစ်တဲ့ဒေသနာတရားတွေပါလား” ဟု မစ္စစ်ဂရယ်ဂရီကပြောလေသည်။
ဒီအချက်ကိုသတိပြုရင် ဥပုသ်နေ့နဲ့ပတ်သက်တဲ့ သမ္မာတရားကို ဘုရားသခင်ကဘာကြောင့် အစဉ်လေးနက်စွာ ဖေါ်ပြမိန့်ဆိုထားတော်မူ ကြောင်း နားလည်နိုင်ပါတယ်။ ခင်ဗျားလည်း သတိရမှာပဲ။ ဣသရေလ လူမျိုးများဟာ အဲဂုတ္တုပြည်မှာ နေထိုင်ကြတဲ့အခါမှာ အဲဒီဥပုသ်နေ့နဲ့ သူတို့ရဲ့ယုံကြည်ခြင်း၊ စကားတော်နာခံခြင်းကို စုံစမ်းတော်မူပါတယ်။ (ထွက်မြောက်ရာကျမ်း ၅:၅)။ သူတို့သိနာတောင်ကိုမရောက်မီ ရက် ပေါင်းသုံးဆယ်လောက်တွင် ဥပုသ်နေ့အားဖြင့် စုံစမ်းတော်မူပါတယ်။ (ထွက်မြောက်ရာကျမ်း ၁၆း၁၆)။ သိနာတောင်တွင် စတုတ္ထပညတ်ကို အထူးသဖြင့် ဖေါ်ပြတော်မူပါတယ်။ (နေဟမိမှတ်စာ ၉း၁၄)။ ပညတ် တော်အားလုံးအရေးကြီးတယ်ဆိုတာ ပြောရန်ပင်မလိုပါ။ ဒါပေမယ့် ဥပုသ်နေ့ကိုသာ ကိုယ်တော်က ဖေါ်ပြတော်မူပါတယ်။ ဥပုသ်နေ့ဟာ ထူးထူးခြားခြား အရေးကြီးပါတယ်။
“ဒီအချက်ကိုမှတ်ထားပါ။ ဘုရားသခင်ဟာ မိမိလူမျိုးတွေ သူတစ်ပါးကျွန်တွင်း သက်ဆင်းရပြီး သူတို့ရဲ့နေရာ၊ သူတို့ရဲ့မျိုးရိုးဇာတိ ပျောက်ဆုံးမှုနှင့်ရင်ဆိုင်ဖို့ ခွင့်ပြုချိန်ရောက်တဲ့အခါ ထိုကဲ့သို့ကပ်ဆိုးနှင့် ရင်ဆိုင်ရသည်မှာ သူတို့ရဲ့ ဥပုသ်ချိုးဖျက်မှုကြောင့်၊ တစ်နည်းအားဖြင့် ကိုယ်တော်ကို မေ့လျော့မှုကြောင့် ဖြစ်ကြောင်းသူတို့အား ရှင်းရှင်း မိန့်တော်မူပါတယ်။ ယေရမိအနာဂတ္တိကျမ်း ၁၇း၁၉-၂၇ နှင့် ရာဇဝင်ချုပ် ဒုတိယစောင် ၃၆:၁၄-၂၁ ကို နှိုင်းယှဉ်ကြည့်ပါ။ အကယ်၍ ဘုရားသခင်၏ တပည့်တော်များဟာ ကိုယ်တော်ရဲ့ဥပုသ်နေ့ကို သစ္စာနှင့် စောင့်ရှောက်ခဲ့ ရင်၊ နောက်ပြီးတော့လည်း ကိုယ်တော်ကို သူတို့ရဲ့ဖန်ဆင်းရှင်၊ သူတို့ရဲ့ အုပ်စိုးရှင်ဖြစ်ကြောင်း သိကျွမ်းမှုကိုထိန်းသိမ်းလာခဲ့ရင် ဗာဗုလုန်မြို့သား တွေရဲ့လက်တွင်း သုံ့ပန်းအဖြစ်နဲ့ဘယ်တော့ မှကျရောက်ခဲ့ရမယ်မဟုတ် ပါ။
“ဧဝံဂေလိတရားတော်နှင့်ဆိုင်တဲ့ ပုရောဖက်ဟေရှာယပြောထား တဲ့မှတ်သားလောက်တဲ့ စကားကိုနားထောင်စမ်းပါ။ “သင်သည် ဥပုသ် နေ့ကိုမရှုတ်ချ။ ငါသီးသန့်သောနေ့မှာ ကိုယ့်အမှုအရေးကိုမဆောင်ရွက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရား သီးသန့်ထားသောနေ့ကို ရိုသေဖွယ်ရာနေ့ဟူ၍ခေါ်သဖြင့် ကိုယ့်အလေ့အလာကိုမလိုက်၊ ကိုယ့် အမှုအရေးကိုမဆောင်ရွက်၊ ကိုယ့်စကားကို မပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင် သင်သည်ထာဝရဘုရား၌ မွေ့လျော်ရလိမ့်မည်။ မြေကြီးပေါ် မှာ မြင့်မြတ်သောအရပ်တို့ကို “ငါစီးစေ၍။” ဟေရှာယအနာဂတ္တိ ကျမ်း ၅၈:၁၃၊၁၄။ ဝိဉာဏခွန်အားတောင့်တင်းကြံ့ခိုင်မှုကို ဘုရားသခင်ရဲ့ ဥပုသ်နေ့မှာ တွေ့ရှိနိုင်တယ်ဆိုတဲ့အကြောင်း ပုရောဖက်ကဖေါ်ပြပြော ဆိုထားတာဟာ ရှင်းလင်းပြတ်သားလှသည်မဟုတ်ပါလော။
“ဟေရှာယဟာ ဧဝံဂေလိတရားတော်နဲ့ဆိုင်တဲ့ ပုရောဖက်လို့ ကျွန်တော်ခုနက ပြောခဲ့ပါတယ်။ သူလည်းကျွန်တော်ပြောတဲ့အတိုင်း ဟုတ်ပါတယ်။ ကျွန်တော်တို့ ဖတ်ခဲ့တဲ့ကျမ်းချက်တွေက ကျွန်တော်တို့ရဲ့ ဧဝံဂေလိတရားတော်ကို ကိုးကားပြောဆိုကြပါတယ်။ ဟေရှာယအားဖြင့် ဘုရားသခင်ဟာ ကျွန်တော်တို့အား ဥပုသ်နေ့ကို မရှုတ်ချဖို့၊ ခြေထောက် ဖြင့် နင်းချေမပစ်ဖို့ မိန့်မှာတော်မူပါတယ်။ ကိုယ်တော်ရဲ့စကားတော်ကို နားထောင်တဲ့လူအတွက် ကိုယ်တော်ရဲ့ကတိတော်များဟာ ပြည့်စုံခြင်း သို့ရောက်ပါတယ်။”
“မစ္စတာအင်ဒါဆင်ရှင့်၊ ဟဲရာလ်(ဒ)ဝီလ်ဆင်ကို ကြည့်ရတာ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရပြီနဲ့တူတယ်” ဟု မစ္စစ်ဂရယ်ဂရီကဆိုလေ သည်။
“ဟုတ်တယ်၊ ဒီဥပုသ်နေ့နဲ့ပတ်သက်တဲ့ သမ္မာတရားမှပဲ အထူး ကျေးဇူးခံစားခဲ့ရပါတယ်။ သူဥပုသ်တစ်ပတ်ပဲ စောင့်ရသေးတယ်။ ဒါပေ မယ့် အဲဒီလိုဥပုသ်စောင့်ရာမှာ အံ့သြဖွယ်ကောင်းတဲ့ ကောင်းချီးမင်္ဂလာ ခံစားရပါတယ်။ အမှန်အားဖြင့် ဥပုသ်မှ ရရှိတဲ့ကျေးဇူးဟာ မနေ့က သူ့အားအသက်တစ်ချောင်းကို ပင်လယ်ထဲမှ ကယ်ဆယ်စေခဲ့ပါတယ်။ သူကကျွန်တော်ကို အဲဒီအတိုင်းပဲပြောပါတယ်။ သူ့ရဲ့နာခံမှုကို ဘုရား သခင်က ဂရုပြုတော်မူကြောင်း၊ ခင်ဗျားကိုပင်လယ်ထဲ ဆင်းကယ်ရာမှာ အောင်အောင်မြင်မြင်ဖြစ်တာဟာ သူ့ဆုတောင်းချက်ကိုဘုရား သခင်က နားညောင်းတော်မူကြောင်း သူက ကျွန်တော့်အား ပြောပါသေးတယ်။ သူက ခင်ဗျားကို ‘ဥပုသ်နေ့ကယ်တင်ရတဲ့အမျိုးသမီး’လို့ခေါ်ပါတယ်။
“ဆရာကြီးပြောတာ ကျွန် မစိတ်ဇဝေဇဝါမဖြစ်မိပါ။ ဒါကြောင့် ဒီကနေ့ပဲ ကျွန်မရဲ့စိတ်ထဲမှာ ရှိတာတွေဖွင့်ပြောရတာပဲ”ဟု မစ္စစ်ဂရယ် ဂရီကပြောလေသည်။
အများသောသူတို့သည် မိမိတို့ယုံကြည်မှုအတိုင်း မပြုလုပ်ကြ
ဆရာ ကျွန်တော်ရှေ့ကိုဆက်လက်ပြီး အနည်းငယ်အစီရင်ခံပါရ စေဦး။ ဟေရှာယက သူပြုပြင်တဲ့ အနာဂတ္တိကျမ်း အခန်းကြီး ၅၆ မှာ ဒီနောက်ဆုံးကာလတွင် တစ်ပါးအမျိုးသားအထဲမှာ ဥပုသ်နေ့နဲ့ပတ်သက် ပြီး ကြီးကျယ်တဲ့ပြောင်းလဲမှုကြီး ပေါ်ပေါက်လိမ့်မယ့်အကြောင်း အနာ ဂတ်ရိုက်ထားပါတယ်။ ငယ်၊ ၁ ကနေပြီး ၈ အထိ ဖတ်ကြည့်ပါ။ အဲဒီ အချက်ဟာ ဧဝံဂေလိတရားတော်နဲ့ သက်ဆိုင်တဲ့သတင်းစကားဖြစ် ကြောင်း၊ ကိုယ်တော်ရဲ့ဥပုသ်နေ့ ပဋိညာဉ်၌မှီဝဲသော သူတို့အား ‘သား သမီးတို့ ထက်မြတ်သောနေရာ၊ မြတ်သောနာမ’ ပေးတော်မူမယ့် ကတိ တော်ဖြစ်ကြောင်း တွေ့ရှိရပါမယ်။ ‘မပျောက်မပျက်ရသော ထာဝရနာမ ကိုပင် သူတို့အားငါပေးမည်၊’ ထာဝရအသက်လည်း အကျုံးဝင်ပါတယ်။
ဒါကြောင့် ယခုအချိန်မှာ တစ်ဦးတစ်ယောက်က ဥပုသ်နေ့နဲ့ ပတ်သက်တဲ့သတင်းစကားကို ဟောပြောရပါလိမ့်မယ်။ ဘုရားသခင်က တောင်းဆိုတော်မူတဲ့အတိုင်း တစ်ဦးတစ်ယောက်က ဥပုသ်နေ့နဲ့ပတ် သက်တဲ့ သမ္မာတရားဟာ ရေးကြီးခွင့်ကျယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အထူးကမကထ ဂရုတစိုက်ဟောပြောရပါလိမ့်မည်။
“ကောင်းပါပြီ၊ မစ္စတာအင်ဒါဆင်။ ဒါဖြင့်ရင် ဓမ္မဆရာတွေက ဘာဖြစ်လို့ ဒီရှင်းလင်းပြတ်သားတဲ့အချက်တွေကို လက်မခံဘဲနေပါ သလဲ။ ဒီအချက်တွေဟာ သေသေချာချာကို ပြတ်သားလှပါတယ်။ ကျွန်မ အဖို့တော့ တစ်ခါမှ ဒါတွေမဖတ်ခဲ့မိပါဘူး။ ဒါပေမယ့် ဓမ္မဆရာတွေက တော့ ဖတ်မိကြပါတယ်။”
မစ္စတာဂရယ်ဂရီက ပြောသည်မှာ၊ “ဒီဓမ္မဆရာတွေတချို့ ဘာ ကြောင့် လက်မခံဘဲနေကြောင်း ကျွန်တော်ပြောနိုင်ပါတယ်။ သူတို့လည်း ကျုပ်လို အတတ်လွန်ကဲသမားတွေပေါ့။ သူတို့အယူအဆတွေ တလွဲ တချော်ဖြစ်နေတယ်ဆိုတာကို သူတို့ဝန်မခံချင်ဘူး။ အကယ်၍ ဒီဥပုသ် ပြဿနာနဲ့ဆိုင်တဲ့ တရားမှန်ကို သိမြင်ရတဲ့ ဓမ္မဆရာတွေ အားလုံးဟာ သူတို့ရဲ့အယူအဆ အလွဲတွေကို ဝန်ခံလို့ရှိရင် အတိုက်အခံလုပ်မယ့်လူ တွေနည်းပါးကုန်မှာပေါ့။ ကျုပ်ဘာကြောင့် ဒီလိုပြောတဲ့ဆိုတဲ့ အကြောင်း ရင်းကို ကျုပ်ကောင်းကောင်းသိပါတယ်။ အဲဒီဓမ္မဆရာ အများက သတ္တမ နေ့ဥပုသ်စောင့်တဲ့ပုဂ္ဂိုလ်တွေဟာ လမ်းမှန်ကြောင်း ကျုပ်ကို တိတ်တ ဆိတ်ဝန်ခံစကားပြောကြပါတယ်။”
“ရှင်တစ်ခါမျှ ဒီလိုကျွန်မရှေ့မှာ မပြောဖူးပါလား။ ဒီလိုဆို ရှင်ဟာ ရိုးသားမှုမရှိတဲ့လူပေါ့။”
“မိန်းမရယ်၊ ဒီလိုလည်းပြစ်တင်မစောပါနဲ့။ အဲဒါကျုပ်ကန်းတာ ပဲလို့သဘောထားပါ။ ဒါကြောင့် အဲဒီကန်းမှု၊ မမြင်မှုကြောင့် အဲဒီ ဓမ္မ ဆရာတွေက အမှန်ကို ရေငုံတဲ့အကြောင်းကို မမြင်မိတာပေါ့” ဟု မစ္စတာဂရယ်ဂရီက သူ့ဇနီးအားပြန်ဖြေလေသည်။
မစ္စတာအင်ဒါဆင်က၊ “ကဲလေ၊ မိတ်ဆွေတို့၊ အခုကျွန်တော် တို့လေ့လာနေတဲ့အချက်တွေဟာ ပြီးဆုံးခြင်းသို့ မရောက်သေးပါဘူး။ ခင်ဗျားတို့လည်း ဒီလောက်နားထောင်ရတော့ မောကုန်ရောပေါ့။ မနေ့က အဖြစ်ဆိုးကြီးဟာ ခင်ဗျားတို့ကို တော်တော်စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်စေမှာပေါ့။ ခင်ဗျားတို့လည်းအနားလေးဘာလေးယူကြဦးပေါ့။ ဘုရား သခင်ကလည်း မစ္စစ်ဂရယ်ဂရီကို အထူးသဖြင့် ခွန်အားအသစ်များ ပေးပါစေဗျာ၊ ကျွန်တော်သွားလိုက်ပါဦးမယ်။”
အခန်း - ၁၃
အခန်း ၁၃
လမ်းခရီးတွင်ဘုရားသခင်ကိုတွေ့ရှိခြင်း
သူတို့သင်္ဘောခန်းတွင် သူတို့နှစ်ယောက်တည်းရှိသောအခါ မစ္စစ် ဂရယ်ဂရီက သူ့ခင်ပွန်းအား၊ “ဥပုသ်နေ့နဲ့ပတ်သက်ပြီး ဒီတရားမှန်ကို ဘယ်လိုလုပ်ကြမတုန်း” ဟု မေးမြန်းလေသည်။
ထိုအချိန်တွင် အခန်းတံခါးခေါက်သံနှင့်အတူတကွ မစ္စတာ စပေါလ်ဒင်းက သူခေတ္တဝင်လာလိုကြောင်းပြော၍ သူတို့အခန်းတွင်းသို့ ဝင်လာလေသည်။
“မစ္စတာစပေါလ်ဒင်း၊ ရှင်ရောက်လာတာ ကျွန်မဝမ်းသာလိုက် တာ။ အခုပဲ ကျွန်မရဲ့ခင်ပွန်းနှင့်ကျွန်မတို့ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်။ အဲဒီကိစ္စကို ရှင်လည်း ဝိုင်းဝန်းဖြေရှင်းနိုင်ပါတယ်” ဟု မစ္စစ်ဂရယ်ဂရီကပြောလေသည်။
မစ္စတာစပေါလ်ဒင်းသည် ထိုဇနီးမောင်နှံနှစ်ယောက်၏ အခန်းကို စိုးစိုးရိမ်ရိမ်နှင့်ဟိုမှသည်မှကြည့်ရှုနေစဉ် သူ့စိတ်တွင်းမှာမူ၊ ယခုအချိန် တွင် တခြားအရာအားလုံးထက် သူတစ်ပါးရဲ့ကို ယ်ရေးကိုယ်တာကိစ္စ၌ ဝင်ရောက်စွက်ဖက်မှုကို အထူးသဖြင့် ရှောင်ရှားလိုပေသည်။ ဟဲရာလ် (ဒ)ဝီလ်ဆင်က အခန်းတွင်းမှ ကမန်းကတန်း ထွက်သွားစဉ်က မေ့လျော့ ထားပစ်ခဲ့သော သူ့ကျမ်းစာကို တွေ့ ရှိရသော မစ္စတာစပေါလ်ဒင်းမှာ ပို၍ စိတ်မချမ်းမသာဖြစ်ရပေသည်။
မစ္စစ်ဂရယ်ဂရီက ဆက်လက်၍ ပြောဆိုသည်မှာ၊ “ရှင်လည်း ကျွန်မတို့နဲ့ ကြာကြာမနေနိုင်တော့ ကျွန်မဟာ သွယ်ဝိုက်မနေတော့ဘဲတဲ့တိုးပြောပါ့မယ်။”
ဤပင်လယ်ခရီးထွက်လာရာတွင် မစ္စစ်ဂရယ်ဂရီက သူလိုက်နာ ရန် စကားပုံအဖြစ် သူ့အခန်းဘေးနံရံတွင် ချိတ်ဆွဲထားသောကျမ်းချက်တစ်ချက်ကို မစ္စတာစပေါလ်ဒင်းသည် စိုက်ကြည့်နေလေသည်။
“မစ္စတာစပေါလ်ဒင်းရှင့်၊ ကျွန်မရဲ့ခင်ပွန်းနှင့် ကျွန်မဟာ ခဲရာခဲ ဆစ်ဖြစ်တဲ့ အတွေ့အကြုံတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ရှင်သိတဲ့ အတိုင်းပဲ မနေ့ကဘုရားသခင်က ကျွန်မကို ‘အရိပ်လွှမ်းမိုးတဲ့ချိုင့်’ ထဲသို့ ကျစေတော်မူပါတယ်။ ကျွန်မဟာ ဆက်စပ်နေတဲ့ အခြေအနေတွေကို ဆင်ခြင်တဲ့အခါမှာ ဒီအတွေ့အကြုံဟာ သခင်ယေရှုရဲ့အလိုတော်အတိုင်း ကျွန်မရဲ့လက်ဝါးကပ်တိုင်ကို ကျွန်မက ထမ်းလိုတဲ့ဆန္ဒရှိရအောင် ကျွန်မ ကို ဘုရားသခင်ကဆုံးမခြင်းပဲဆိုတာ ကျွန်မလေးလေးနက်နက် ယုံကြည် ပါတယ်။"
“ငယ်စဉ်တောင်ကျေး ကလေးဘဝမှစပြီး တစ်ခုခုက ကျွန်မအား တနင်္ဂနွေနေ့ဟာ ခရစ်ယာန်များရဲ့ငြိမ်ဝပ်စွာနေရတဲ့ ဥပုသ်နေ့မဟုတ် ကြောင်းပြောသော်လည်း ဘုရားသခင်ရဲ့ ဥပုသ်အမှန်ကို စောင့်ရမယ် ဆိုတဲ့သဘောတရားကို တူးတူးခါးခါး အတိုက်အခံပြုလုပ်ခဲ့ပါတယ်။ အဲဒီ အပြုအမူကြောင့် မနေ့က ကျွန်မရဲ့အသက်ကို ဆုံးရှုံးလုမတတ်ဖြစ်သွား တာဘဲ။ သတ္တမနေ့ဥပုသ်ကိုစောင့်တဲ့ တပည့်တော်တစ်ယောက်ရဲ့ သူရ သတ္တိကြောင့်သာ ကျွန်မအသက်ချမ်းသာရာ ရခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လေ၊ ဘုရားသခင်က ကျွန်မအား ပြုလုပ်စေလိုတာကို ကျွန်မအမြင်မှန် ရလာပါပြီ။ အဲဒီအမြင်မှန်ရတဲ့အတိုင်း ကျွန်မ ပြုလုပ်ပါတော့မယ်။”
“ကျွန်မရဲ့ခင်ပွန်းကလည်း ကျွန်မလိုပဲအမြင်မှန်ရပါတယ်။ မနေ့ က ဆွေးနွေးပြောဆိုခဲ့တာတွေအားလုံးဟာ တရားမှန်တွေဖြစ်ပြီး ကျွန်မ တို့က လက်ခံနာယူဖို့ တိုက်တွန်းနေသလိုပါပဲ။ ကျွန်မရှင့်ကို အတွင်း သိမိတ်ဆွေအနေနဲ့မေးလိုတာက ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးဟာ မဆိုင်း မတွဘဲနဲ့ ဥပုသ်နေ့နဲ့ပတ်သက်တဲ့ တရားမှန်ကို လက်ခံသင့်တယ်လို့ ရှင် မထင်ဘူးလား။ ရှင်လည်းခရစ်တော်ရဲ့ သံတမန်ကြီးတစ်ဦးပဲ။ ဒါကြောင့် ရှင်က စေတနာထက်သန်စွာနဲ့ ကျွန်မကို အကြံဉာဏ်ပေးလိုပါတယ်။”
သူမဟာ မနေ့က ပင်လယ်ထဲလိမ့်ကျချိန်မှာပင် မစ္စတာစပေါလ် ဒင်း သည် မစ္စတာဂရယ်ဂရီအား ဟဲရာလ်(ဒ)ဝီလ်ဆင်၏ အပြုအမူသည် ခရီးသည်အများ ခရစ်ယာန်တရားကို ယုံကြည်ကျင့်သုံးမှုတွင် ဆူးငြောင့် ခလုတ်ဖြစ်ကြောင်း၊ မစ္စတာအင်ဒါဆင်ဆိုသူကို ဓမ္မဆရာများနှင့်လူသူ ပရိသတ်ကပါ ရှောင်ရှားအပ်ကြောင်း ဖျောင်းဖျပြောဆိုခဲ့သည်ကို မစ္စစ် ဂရယ်ဂရီသည် မသိရှာပေ။
မစ္စတာဂရယ်ဂရီသည် မစ္စတာစပေါလ်ဒင်း၏ ကသိကအောက် ဖြစ်မှုကို သိရှိ၍ ထိုအခြေအနေမှ မစ္စတာစပေါလ်ဒင်း သက်သာရာရစေ ခြင်းငှာ ကြိုးစားလေသည်။
မစ္စတာဂရယ်ဂရီက၊ “မစ္စတာစပေါလ်ဒင်းခင်ဗျား၊ ပင်လယ်ထဲ မှာ ရေနစ်မှုဖြစ်ချိန်မှာ ခင်ဗျားနဲ့ ကျွန်တော်ဆွေးနွေးပြောဆိုခဲ့တာ ထောက်ရှုပြီး ကျွန်တော့်ဇနီးရဲ့အသက်ကို ဟဲရာလ်(ဒ)ဝီလ်ဆင်ကပဲ ကယ်ရတာဟာ အတော်ထူးဆန်းတယ် မဟုတ်လား။ ဟဲရာလ်(ဒ)ဝီလ် ဆင် ကိုယ်တိုင်ကလည်း ဘယ်လိုပြောသေးသလဲဆိုတော့၊ သင်္ဘောပေါ် ကခုန်ချပြီး အခုလိုကယ်ဆယ်တာဟာ မကြာမီက သူရရှိတဲ့တရားမှန်က ပေးတဲ့ယုံကြည်ခြင်း၊ နှိုးဆော်ခြင်းကြောင့်ဖြစ်တယ်တဲ့။ ဒီဟာထူးခြား တဲ့အဖြစ်အပျက်လို့ ခင်ဗျားမယူဆဘူးလား။”
“ဟုတ်ပါတယ်၊ မစ္စတာဂရယ်ဂရီ။ ကျွန်တော်ဟာ ခင်ဗျားပြော သလိုပဲ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်ပြောခဲ့တဲ့ အမှားကို ကျွန်တော်တွေ့ မြင်ပြီဆိုတာကိုဝန်ခံပါတယ်။
“ဒါပေမယ့်၊ မစ္စတာစပေါလ်ဒင်း။ ရှင်ဟာကျွန်မရဲ့ မေးခွန်းကိုဖြေ ရမယ်။ ကျွန်မတို့ဇနီးမောင်နှံနှစ်ဦးဟာ ကမ္ဘာပေါ်မှာ ကျွန်မတို့ ပိုင်သမျှ၊ ပစ္စည်းရှိသမျှဆုံးရှုံးစေကာမူ၊ ဘုရားသခင်ကကျွန်မတို့အား ပြုလုပ်စေလို တဲ့အတိုင်း ဥပုသ်နေ့ကိုစောင့်ရှောက်သင့်တယ်မဟုတ်လား” ဟု မစ္စစ် ဂရယ်ဂရီက မေးမြန်းပြောဆိုလေသည်။
မစ္စတာစပေါလ်ဒင်းက သူ့အမှားဝန်ခံခြင်း
“မစ္စစ်ဂရယ်ဂရီခင်ဗျား၊ ခင်ဗျားတမင်တကာ မဟုတ်ပေမယ့် ကျွန်တော့်ကို တော်တော်ကသိကအောက်ဖြစ်အောင်လုပ်တာပဲ။ သတ္တမ နေ့ဥပုသ်စောင့်ရမယ်ဆိုတဲ့ သဘောတရားတွေကို ကျွန်တော်ဟာ ပြင်း ပြင်းထန်ထန်ဆန့်ကျင်ကြောင်း၊ အဲဒီကိစ္စဟာ လူတွေကို ယောင်ယောင် မှားမှားဖြစ်စေကြောင်း၊ အခုကမ္ဘာနဲ့ချီပြီး ဧဝံဂေလိတရားတော် ဟော ပြောချိန်မှာ အဲဒီလုပ်ငန်းကြီးရဲ့တိုးတက်မှုကိုဟန့်တားကြောင်း၊ ခင်ဗျား သိချင်မှသိမယ်။ဒါပေမယ့်ဗျာ၊ကျွန်တော်ဗြောင်ပြောရမယ်ဆိုရင် လူတိုင်း ဟာ အတွင်းစိတ်ရဲ့အလိုကိုလိုက်ဖို့ သူ့တာဝန်လည်း ဟုတ်တယ်၊ သူ့ အခွင့်အရေးလည်းဟုတ်တယ်။”
မစ္စတာဂရယ်ဂရီက မစ္စတာစပေါလ်ဒင်းအား မေးမြန်းပြောဆို သည်မှာ “ဥပုသ်နေ့နဲ့ပတ်သက်ပြီး ခင်ဗျားအယူအဆတွေဟာ မှန်တယ် လို့ တထစ်ချယုံကြည်ပါသလား။ ဥပမာ- ပညတ်တော်ကို ပယ်ဖျက်ပြီး တဲ့အတွက် ဥပုသ်နေ့ကိုစောင့်ဖို့ မလိုတော့ဘူးဆိုတဲ့ အယူအဆကို ဖက်ထားပြီး ကယ်တင်ခြင်းကို အဆုံးခံမလို့လား။ အမှန်အားဖြင့် သခင် ယေရှုဟာ ပညတ်တော်ဆယ်ပါးကိုရိုသေပြီး အဲဒီပညတ်များရဲ့တောင်း ဆိုချက်များကိုလိုက်လျောဖို့ အသေခံတော်မူတယ်မဟုတ်လား။ ကရာနီ ကုန်းအတ္ထုပ္ပတ္တိက စိတ်နှလုံးရေးသားထားတဲ့ ပဋိညာဉ်သစ်အရ ပညတ် တော်ဟာ တခြားပညတ်မဟုတ်ဘဲ သိနာတောင်မှာ ပေးတော်မူတဲ့ ပညတ်တော်ပင်ဖြစ်ကြောင်း ညွှန်ပြတယ်မဟုတ်လား။ ဘုရားသခင်ရဲ့ ရှေ့တော်မှာ ခင်ဗျားဖြေစမ်းပါ။ ကျွန်တော်တို့ကို မလိမ်ဘဲ ဟုတ်တိုင်း မှန်ရာပြောပေါ့ဗျာ။”
မစ္စတာစပေါလ်ဒင်းက ပြန်လည်ဖြေကြားရာတွင် ပြောဆိုသည် မှာ- “မစ္စတာဂရယ်ဂရီခင်ဗျား၊ ကျွန်တော့်အခြေအနေကို ကျွန်တော် ဘယ်လိုပြောရမှန်းမသိတော့ဘူး။ ရှင်မဿဲခရစ်ဝင် ၅:၁၇၊၁၈။ ရောမ သြဝါဒစာ ၃:၃၁။ ၈:၃၊၄။ ရှင်ယာကုပ်သြဝါဒစာ ၂:၈-၁၂။ ရှင်မဿဲ ခရစ်ဝင် ၁၉:၁၇ နဲ့ အလားတူ ကျမ်းချက်တွေ ဖတ်ကြည့်ရတဲ့အခါ ကျွန်တော့် စိတ်ထဲမှာတော့ ဇဝေဇဝါဖြစ်မိတာတွေရှိပါတယ်။ ကျွန်တော့် အယူအဆ တွေ အားလုံးမှန်တယ်လို့ လှေနံဓါးထစ်မမှတ်ပါဘူး။”
မစ္စတာဂရယ်ဂရီက ဆက်လက်၍ ပြောသည်မှာ- “ဒီလိုဆိုရင် နောက်တစ်ချက်မေးပါရစေဦး။ သခင်ယေရှုရဲ့ပုံသက်သေနဲ့ သြဝါဒတွေ ဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ သဘောထားအပ်တယ် မဟုတ်ပါ
လား။”
“ဟုတ်တာပေါ့။ ထားအပ်တာပေါ့။”
မစ္စတာစပေါလ်ဒင်းသည် စိတ်ဓါတ်များလျှော့ကာ လွတ်လပ်စွာ တွေးတောစပြုလာလေသည်။
မစ္စတာဂရယ်ဂရီကဆက်လက်၍ပြောသည်မှာ- “အဲဒီလိုသဘော ထားအပ်တယ်လို့ ကျွန်တော်လည်း ယုံကြည်ပါတယ်။ အကယ်၍ ကျွန် တော်ဟာ ကိုယ့်မာနကို ဖယ်ရှားပြီး ကယ်တင်ရှင်ရဲ့အကြံတော်ကို လွတ်လွတ်လပ်လပ်လိုက်နာရင် ကျွန်တော်ဟာ သတ္တမနေ့ဥပုသ်စောင့် တဲ့လူဖြစ်မှာပဲ။ ကယ်တင်ရှင်ဟာ သတ္တမနေ့ဥပုသ်ကို စောင့်ပါတယ်။ ဒါပေမယ့်လို့ ရဟူဒီလူမျိုးများစောင့်တာနဲ့ ခြားနားပါတယ်။ သခင်ယေရှု ဟာ ကမ္ဘာအဝန်းနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူပါတယ်။ ဒါကြောင့် ကိုယ် တော်ဥပုသ်နေ့စောင့်ထိန်းခြင်းဟာ ကမ္ဘာအဝန်းနဲ့ဆိုင်တဲ့ အဓိပ္ပါယ်ရှိပါ တယ်။ ကိုယ်တော်ဟာ ကျွန်တော့်အတွက် ပုံသက်သေဖြစ်တော်မူပါ တယ်။ ဒါကြောင့် ကိုယ်တော်ပြုလုပ်သကဲ့သို့ ကျွန်တော်လည်းပြုလုပ်ရ မယ်ဆိုတာ ပြေးလို့မလွတ်တဲ့ကိစ္စပါ။
ဖေါက်ပြန်ခြင်းအစမူလ
“မစ္စတာစပေါလ်ဒင်းခင်ဗျား၊ ခင်ဗျားတို့အသင်းတော်က တည် ထောင်ထားတဲ့ ကျမ်းစာသင်ကျောင်းမှာ ဆရာလုပ်ဖူးကြောင်း၊ နောက်ပြီး တော့လည်း အဲဒီကျမ်းစာသင်ကျောင်းမှာ ခရစ်ယာန်သာသနာရဲ့ရာဇဝင် ကိုသင်းပေးရကြောင်း ခင်ဗျားစကားအရသိရပါတယ်။ ခင်ဗျားကိုယ်တိုင် အဲဒီရာဇဝင်ကို လေ့လာတဲ့အခါ ရှေးတမန်တော်များအပြင် ခရစ်ယာန် များဟာ ခရစ်တော်ပေါ်ထွန်းပြီးနောက် ရာပေါင်းမြောက်မြားစွာသော နှစ် များအတွင်း စတုတ္ထပညတ်မှာဖေါ်ပြပါရှိတဲ့ သတ္တမနေ့ ဥပုသ်ကို စောင့် တဲ့အကြောင်း တွေ့ရှိရတယ်မဟုတ်ပါလား။ ရှေးခေတ်က သာသနာပလူ တွေဟာ နေကို ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ပွဲလမ်းသဘင်၊ အခမ်းအနား တွေဟာ ရှေးခေတ်ခရစ်ယာန်တွေကို လွှမ်းမိုးလာမှုကြောင့် အဲဒီခရစ် ယာန်တွေကလည်း တဖြည်းဖြည်းနဲ့တနင်္ဂနွေဥပုသ်စောင့်ခြင်း အပါအဝင် ဖြစ်တဲ့ ဓလေ့ထုံးစံတွေကို အတုယူပြုလုပ်ကြတယ်မဟုတ်ပါလား။ ခပ်တို တိုပြောရမယ်ဆိုရင် ယိုယွင်းပျက်စီးလာပြီး ကမ္ဘာတွင် နေရာကောင်းရဖို့ နှင့် တန်ခိုးကြီးထွားလာရန်ကြိုးပမ်းနေတဲ့ခရစ်ယာန် အသင်းတော်ကြီး ဟာ စတုတ္ထရာစုနှစ်မှာ ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့ကို ပြောင်း လဲပြီး အဲဒီပြောင်းလဲမှုကိုလည်း ဥပဒေစည်းမျဉ်းတွေ ထုတ်ပြီး အဓမ္မ အသိအမှတ်ပြုခိုင်းတယ်မဟုတ်ပါလား။”
မစ္စတာစပေါလ်ဒင်းက ပြန်လည်ဖြေကြားသည်မှာ၊ “မစ္စတာ ဂရယ်ဂရီ၊ ခင်ဗျားက စိတ်နှလုံးစစ်ဆေးတဲ့ အလုပ်တွေလုပ်နေပါကလား။ ကျွန်တော်ကပိုပြီး ပွင့်ပွင့်လင်းလင်းပြောပါမယ်။ ဘယ်သူ့ကိုမှ ကျွန်တော် မပြောဖူးတဲ့စကားကို ခင်ဗျားကို ကျွန်တော်ပြောပါမယ်။ ခင်ဗျားပြောတာ တွေဟာ အားလုံးမှန်ပါတယ်။ တခြားအလားတူ မှန်တာတွေ အများကြီး ရှိပါသေးတယ်။ ပထမနေ့ဥပုသ်စောင့်တာဟာ ဖေါက်ပြန်ခြင်းရဲ့မူလအစ ပါပဲ။ အဲဒီပထမနေ့ဥပုသ်စောင့်ခြင်းဟာ ဘုရားသခင်ရဲ့အမိန့်တော်အရ ဖြစ်တယ်လို့ပြောရအောင် ဘိုးဘေးများ ရေးသားထားချက်များထဲမှာ သက်သေဆိုလို့ စိုးစဉ်းမျှမရှိပါဘူး။ ဒီဟာကျွန်တော် အကုန်သိပါတယ်။
“ဒါပေမယ့်လို့ဒီကိစ္စကို ကျွန်တော်ကရှုထောင့်တစ်မျိုးနဲ့ ကြည့်ပါ တယ်။ ပထမနေ့ဟာ ထမြောက်ရှင်ပြန်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် အဲဒီနေ့မှာဘုရားရှိခိုးခြင်းအားဖြင့် အဲဒီဝမ်းမြောက်ဖွယ်ဖြစ်တဲ့ အဖြစ် အပျက်ကို ကျင်းပနိုင်တာပဲဆိုတဲ့အချက်ကို လေးလေးနက်နက် စဉ်းစား ပါတယ်။ ဒါပေမယ့်ဗျာ၊ အကယ်၍ကျွန်တော်ဟာ သေတော့မယ့်ဆဲဆဲ အချိန်အခါမျိုးနဲ့ရင်ဆိုင်နေရပြီဆိုရင် အဲဒီလိုပထမနေ့မှာ ဘုရားဝတ်ပြု မှုကိုဆက်လက်လုပ်ကြပါလို့ သူတစ်ပါးအားတိုက်တွန်းလိုမှာ မဟုတ်ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဝတ်ပြုပါလို့ ဘုရားသခင်က တစ်ခါမျှ အမိန့်တော်မထားရှိခဲ့ဖူးလို့ပါ။
မစ္စစ်ဂရယ်ဂရီက အလှည့်ယူ၍ပြောဆိုသည်မှာ၊ “ဒါဖြင့် မစ္စတာ စပေါလ်ဒင်း၊ ရှင်အပတ်တိုင်း လူတွေရှေ့မှာ မတ်တတ်ရပ်ပြီး ရှင်ကိုယ် တိုင်ကတပ်အပ်သေချာမသိတဲ့အကြောင်းကို ဘယ်လိုလုပ်ပြီး ဟောပြော သွန်သင်ပေးနိုင်သလဲ။ ရှင်ကျမ်းစာကိုတော့ယုံကြည်တယ်မဟုတ်လား။”
ကျမ်းစာနှင့်ကစားရုံမျှသာ
“မစ္စစ်ဂရယ်ဂရီခင်ဗျား၊ ကျွန်တော့်စိတ်ထဲမှာရှိတာတွေကို ဆက် လက်ဖွင့်ပြောပါရစေဦး။ အခက်အခဲဆုံးကို ထုတ်ဖေါ်ပြောဆိုအောင် ရေလာမြောင်းပေးစကားပြောနေတာကိုး။ ကျွန်တော်ဟာဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်နဲ့ ကစားသလိုလုပ်ခဲ့တာပဲ။ ကျွန်တော့်မှာရှိတဲ့ ရှေးက ရှိလာတဲ့ယုံကြည်ခြင်းကိုနှိပ်ကွပ်ပြီး ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကိစ္စတစ်ခုခု ကျွန်တော့်ဘဝ အသက်တာထဲကို ဆိုက်ရောက်လာတယ်ဆိုတာ ကျွန် တော်သိပါတယ်။ ကျွန်တော့်အဖို့မှာ ကျမ်းစာဟာ တန်ခိုးရှိတဲ့ ဘုရား သခင်ရဲ့ နှုတ်ကပါဌ်တော်လို့ မယုံကြည်တော့ပါ။ နောက်ပြီးတော့လည်း ဘုရားသခင်ထံမှ ဆင်းသက်လာတာမဟုတ်ဘဲ မနုဿ လူသတ္တဝါပြုပြင် စီရင်မှုကြောင့် ပေါ်လာတာပဲလို့ ပါးစပ်ကမပြောပေမယ့် အမူအရာအား ဖြင့်ပြတာပဲ။ ဒါကြောင့် တရားဆွေးနွေးငြင်းခုံပြီဆိုရင် အနိုင်ရဖို့လောက်သာ ငြင်းခုံတာပဲ။ တရားမှန်ကိုတွေ့ဖို့တော့ မဟုတ်ဘူး။”
“ကျွန်တော်လည်း အဲဒီလိုပဲအတော်အသင့်ပြုလုပ်ဖူးတာပဲ” ဟု မစ္စတာဂရယ်ဂရီက ဝင်ရောက်ပြောဆိုလေသည်။
“ရှင်တို့နှစ်ယောက်စလုံး အဲဒီလမ်းစဉ်ကို ဆက်လက်ကျင့်သုံး မလို့လား။ ကျွန်မကြည့်ရတာ ဒီနေ့တော့ဖြင့် ကျွန်မတို့အားလုံး လမ်းစဉ် တွေပြောင်းရအောင် ဘုရားသခင်က တကယ်တမ်း ကူညီဆောင်ရွက်နေ ပြီထင်တယ်” ဟု မစ္စစ်ဂရယ်ဂရီက မေးမြန်းပြောဆိုလေသည်။
“ဘာလဲ၊ မစ္စစ်ဂရယ်ဂရီ။ ကျွန်တော်တို့ အားလုံး သတ္တမနေ့ဥပုသ် အသင်းသားအဖြစ်ကို ပြောင်းလဲကြရမှာလား” ဟု မစ္စတာစပေါလ်ဒင်း က မေးမြန်းလေသည်။
“ကျွန်မက အဲဒီလိုတော့မဆိုလိုပါဘူး။ ဒါပေမယ့် မှန်မှန်ကန်ကန် နဲ့ လုံးဝပြောင်းလဲမှုရှိရမယ်ဆိုရင် အဲဒီလိုဖြစ်ရမှာပဲ။ မစ္စတာစပေါလ်ဒင်း၊ ရှင်သိတဲ့အတိုင်းပဲ။ အကယ်၍ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပါဌ် တော်ကို ဘုရားသခင်မှုတ်သွင်းပြုပြင်တော်မူသော ဗျာဒိတ်တော်၊ ကျွန်မ တို့ရဲ့လမ်းပြဟူ၍ သဘောထားခဲ့ရင် စတုတ္ထပညတ်တော်ကို နာခံလိုက် နာရမယ့် တာဝန်ရှိတယ်ဆိုတာ မြေခတ်မလွဲ ဖြစ်တယ်မဟုတ်လား။”
“သေသေချာချာဟုတ်တာပေါ့။ တခြားနေ့ကို ဘုရားသခင်က သီးသန့်ထားတယ်လို့ပြောရအောင် ကျမ်းစားထဲမှာ အရိပ်အမြွက်မျှပင်
ဖေါ်ပြထားခြင်းမရှိပါ” ဟူသော အဖြေကိုပေးလေသည်။
“ဒီလိုဆိုတော့ ကျမ်းစာအရဆိုရင် သတ္တမနေ့မှာ ဥပုသ်စောင့်တဲ့ လူတွေက လမ်းမှန်နေတာပေါ့။”
“အဲဒါသေချာပါတယ်၊ ဒါပေမယ့်လို့ဗျာ၊ ယုံကြည်သူများက စောင့် တဲ့နေ့မဟုတ်ဘဲ တခြားနေ့စောင့်ရမယ်ဆိုတဲ့ အလုပ်ဟာ ခင်ဗျား စဉ်းစား ကြည့်ပေါ့။ အဲဒီအချက်ပဲ ကျွန်တော့်စိတ်ကို ထိခိုက်မှုရှိတာ။ အဲဒီလိုသူ များမစောင့်တဲ့နေ့ကို ကိုယ်ကစောင့်တော့ သူများရယ်စရာကြီး ဖြစ်မနေ ဘူးလား။ သတ္တမနေ့ဥပုသ်စောင့်တဲ့လူတွေကို ကျွန်တော်ကပဲ ခရစ်တော် သတ်တဲ့လူသတ်သမားတွေ၊ တစ်ယူသန်တွေလို့ခေါ်ခဲ့ပါတယ်။”
“မစ္စတာစပေါလ်ဒင်း၊ ခင်ဗျားဒီလိုပဲ အမှန်လုပ်ခဲ့တာပဲကိုး။ “အမျိုးသမီးတစ်ဦးသင်္ဘောပေါ်မှ ပင်လယ်ထဲလိမ့်ကျသွားပြီ”လို့ အော်သံ မနေ့ကကြားရစဉ်က ခင်ဗျားက အဲဒီအသုံးအနှုန်းတွေ အသုံးပြုပြီး စကား ကောင်းနေတာပေါ့။”
“ဧဝံဂေလိတရားကို ဟောပြောတဲ့ ဓမ္မဆရာတွေဟာ မှန်ကန် တယ်လို့ သူတို့သိရတာကို ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းရှောင်လို တဲ့ စိတ်မျိုးထားကြတယ်ဆိုတာ ကျွန်တော်အရင်ကမသိဘူး။ တရား ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်း သူတို့ယုံကြည် တာကတစ်မျိုး၊ သူများကို ဟောပြောတာကတစ်ဖုံ လုပ်နေတဲ့လူတွေ ရှိသေးတယ်လို့ ခင်ဗျားကပြောနေတာလား။”
“မိန်းမရယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ရိုးဖြောင့်မှုမရှိဘူးလို့သိရပေမယ့် မင်းက သီးခံခြင်းတရား၊ မေတ္တာတရား ထားပါ။ ကျုပ်ကိုယ်တိုင်ကလည်း အဲဒီနာမဝိသေသနာတွေနဲ့ သူတို့ကို တပ်ပြီးမခေါ်ချင်ဘူး။ သူတို့ဟာက အမှန်တော့နှစ်ပေါင်းများစွာကတည်း က အလွဲအချော်တွေ သွန်သင်လာရတဲ့အဆုံးမှာ ရှုပ်ထွေးကုန်ကြတာ ပါပဲ။ မစ္စတာစပေါလ်ဒင်းက ပြောခဲ့တဲ့အတိုင်း၊ သူ့ရဲ့ ထင်မြင်ယူဆချက် တွေကို သူကိုယ်တိုင်ခွဲခြားဝေဖန်လို့မရအောင် ဖြစ်နေတယ်တဲ့။ အများ အားဖြင့်ဖြစ်တတ်တာက ကျွန်တော်တို့ဟာ မှားယွင်းတယ်လို့ သိတာကို မသွန်သင်ပေးမိပေမယ့် မှန်တယ်လို့မသိတာတွေကို ဆက်တိုက်သွန်သင် ပေးကြပါတယ်။ ယခုအခါ ကိုယ်တော်ရဲ့ဒေသနာတော်ကို ဖြန့်ချိရာမှာ အဲဒီအတိုင်း ဖြစ်ပျက်နေတယ်လို့ဆိုရင် မှားလိမ့်မယ်မဟုတ်ဘူး။ ဒါပေ မယ့် ဒီခရီးမှာတွေ့ကြုံရတဲ့အဖြစ်အပျက်တွေဟာ (ဟဲရာလ် (ဒ)ဝီလ်ဆင် နဲ့ သူ့မှတ်သားထားတဲ့ ကျမ်းစာနဲ့တွေ့ဆုံရခြင်း။ မာလိန်မှူးမန်းရဲ့ စိတ် သဘောထား။ မစ္စတာအင်ဒါဆင်ရဲ့ ဆောင်ရွက်မှု။ မစ္စတာမစ်ချဲလ်၊ မစ္စ တာစပေါလ်ဒင်းနဲ့ ကျွန်တော် ဆွေးနွေးမှု။ နောက်ဆုံး မနေ့က ကျွန်တော့် ဇနီး ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့် အသက်ချမ်းသာမှု) ကျွန်တော့် လမ်းစဉ်တွေကို လုံးဝပြောင်းပစ်ဖို့လိုတယ်ဆိုတာကို သိမြင်စေပါတယ်။ ဒါကြောင့်ဘုရားသခင်ဟာကျွန်တော့်အတွက်ဘယ်ကျေးဇူးများပြုတော်မူတယ်ဆိုတာကို ဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည် တိုင်း သိစေရမယ်ဆိုတာ ကျွန်တော်စိတ်ပြဌာန်းထားပါတယ်။” ဤနည်းအား ဖြင့် မစ္စတာဂရယ်ဂရီသည် ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ် တော်၏ သွေးဆောင်မှုကြောင့် သူ့ကိုယ်သူ ဘုရားသခင်ထံ လွှဲအပ်လေ သည်။
“မစ္စတာစပေါလ်ဒင်းခင်ဗျား၊ ခင်ဗျားမသွားမီ အဲဟိုကျမ်းစာယူ ပြီး ကျွန်တော့်ကို ဖတ်ပြစမ်းပါ။ ဆာလံကျမ်းအခန်းကြီး ၄ဝ ကို ကျေးဇူးပြု၍ဖတ်ပြပါ။”
မစ္စတာဂရယ်ဂရီ၏တောင်းဆိုချက်ကို မစ္စတာစပေါလ်ဒင်းသည် ဝမ်းမြောက်ဝမ်းသာစွာ လိုက်လျောလျက် မှတ်သားထားသော ကျမ်းစာ အုပ်ကိုကောက်ယူကာ ဖွင့်၍အဖတ်ခိုင်းသော ကျမ်းချက်ကို ဖတ်ပြလေ သည်။ ဖြည်းဖြည်းနှင့်စိတ်ပါလက်ပါဖတ်ရာတွင် သူ့စိတ်မှာလည်း အနူး အညွတ်ဖြစ်လာလေသည်။ သူ၏ ဓမ္မဆရာဘဝတွင် ဤကျမ်းချက်ကို ထပ်တလဲလဲဖတ်ဖူးပေသည်။ သို့ရာတွင် ၎င်းအထဲ၌ပါရှိသော ဒေသနာ သည် အထက်က တစ်ခါမျှ ဤမျှလောက်သူ၏ စိတ်ကိုမထိခိုက်ဖူးပေ။ ဤမျှလောက် ချိုသာမှုကိုမခံစားရဖူးပေ။ အခန်းငယ် ၈ ကိုရောက်သော အခါ ထိုကျမ်းချက်ကို မျဉ်းသားထားသည်ကို တွေ့ရလေသည်။ ထိုကျမ်း ချက်အနီး ကွက်လပ်တွင် ဤသို့ ရေးသားထား၏။ “ဘုရားသခင်၏ အလို တော်သည်ဘုရားသခင်၏ပညတ်ဖြစ်သည်။ ကိုယ်တော်၏ အလိုတော်ကို ကျင့်သုံးခြင်း၊ ကိုယ်တော်၏ ပညတ်ကို စောင့်ထိန်းခြင်းသည် ဘဝ၏ မှန်ကန်သည့် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၏။ ဒေသနာကျမ်း ၁၂:၁၇။ ဥစ္စာစည်းစိမ်မဟုတ်၊ ကျန်းမာခြင်းမဟုတ်၊ ပျော်ရွှင်ခြင်းမဟုတ်၊ ကယ်တင်ခြင်းမဟုတ်၊ ကြင်နာတတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ အလို တော်ကိုဆောင်ရွက်ခြင်းကို ညွှန်ပြထားသည်ကို သတိပြုပါ။ ဘုရားသခင် ၏ အလိုတော်၌ ဝမ်းမြောက်သောသူသည် သန့်ရှင်းခြင်း၏ ပန်းတိုင်သို့ ရောက်ရှိပြီဖြစ်သောကြောင့် ဘုရားသခင်ကို သူတစ်ပါးတို့က ချစ်၍ ကိုယ်တော်၏ အစေကိုခံစေရန် သခင်ယေရှုကဲ့သို့ ဆောင်ရွက်ကြလိမ့် မည်။ ဤအချက်သည် လူ၌လည်းကောင်း၊ လူအားဖြင့်လည်းကောင်း ဘုရားသခင်ဖေါ်ပြချက်ဖြစ်ပေသည်။--မေမေ။”
မစ္စတာစပေါလ်ဒင်းသည် ရပ်နားလိုက်လေသည်။ ထိုရေးသား ချက်၏အဆုံး၌ “မေမေ” ဆိုသောစကားသည် သူ၏ စိတ်ဝင်စားမှုကို အထူးသဖြင့် လှုံ့ဆော်လိုက်၏။
သူက၊ “ဒါ၊ ဘယ်လိုဟာလဲ။ ဒီဝေဖန်ချက်ကို ရေးသားထားတဲ့ မေမေဟာ ဘယ်သူ့မေမေလဲ” ဟု မေးမြန်းလေသည်။
ထိုကဲ့သို့မေးမြန်း၍ စကားမဆုံးမီ တံခါးကိုဖြည်းညင်းစွာ ခေါက် သံကြားရလေသည်။ “ဝင်လာပါ” ဟူသော ပြောနေကျနှုတ်ခွန်းဆက် စကားကိုကြားရသည်နှင့်တစ်ပြိုင်နက် ဟဲရာလ်(ဒ)ဝီလ်ဆင်သည် အခန်း တွင်းသို့ဝင်လာလေသည်။ သူမေ့ကျန်ခဲ့သောကျမ်းစာကို သတိရ၍ ယခု လာရောက်ယူခြင်းဖြစ်သည်။
မစ္စတာဂရယ်ဂရီက၊“ထိုင်ပါဦးလူကလေး၊ အခုပဲကျုပ်တို့ မစ္စတာ စပေါလ်ဒင်းနဲ့အတူဆုတောင်းကြမလို့” ဟု မစ္စတာဂရယ်ဂရီက ဟဲရာလ်(ဒ)အားပြောလေသည်။
ဤစကားမှာ ဟဲရာလ်(ဒ)အတွက် အဆန်းဖြစ်နေ၏။ ပို၍ဆန်း သည့်အချက်မှာ သူ့ကျမ်းစာသည် မစ္စတာစပေါလ်ဒင်း၏ လက်ထဲတွင် ကိုင်ထားလျက်ရှိလေသည်။ ဘာတွေဖြစ်ပျက်လျက်ရှိလေသနည်း။
အဖြစ်အပျက်ကို ဟဲရာလ်(ဒ)အား ရှင်းပြခြင်းအားဖြင့် ဟဲရာလ်(ဒ)၏ သိမြင်လိုသောစိတ်ကို ပြေစေပြီးနောက်၊ ခါတိုင်းနှင့် မတူဘဲ ကြင်နာ၍ ဖခင်ကဲ့သို့သောအမူအရာဖြင့် “လူကလေး၊ ဟောဒီ မှတ်ချက် ကလေးအောက်နားဆီက ‘မေမေ’ ဆိုတဲ့စကားဟာ ဘာအဓိပ္ပါယ်လဲ။ ကျုပ်ဘာဖြစ်လို့အဲဒီမှတ်ချက်ကို စိတ်ဝင်စားနေရသလဲဆိုတော့၊ အဲဒီ မှတ်ချက် ထဲကစကားတွေဟာ ကျုပ်မိခင်ပြောတတ်တဲ့စကားမျိုးတွေပဲ။ နောက်ပြီးတော့လည်း ကျုပ်မိခင်ကြီးဟာ အဲဒီလိုကျမ်းချက်တွေကို မှတ်သားထား တဲ့အလေ့ရှိတယ်။”
ဟဲရာလ်(ဒ)သည် ဝမ်းမြောက်ဝမ်းသာစွာ သူ့ရဲ့ သစ္စာရှိသော မိခင်ကြီးရဲ့အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ သူမ၏ စက်ကွင်းနှင့်သွန်သင်မှုမှ လွတ်ကင်းအောင် သူအလွတ်ရုန်းကန်ခဲ့ပုံကိုလည်းကောင်း၊ ပင်လယ် ခရီးတွင် မှတ်သားထားသော ကျမ်းစာကို သူတွေ့ရှိပုံနှင့် လွှင့်ပစ်ပုံကို လည်းကောင်း၊ ဒုစရိုက်တွင်သူနစ်မွန်းခဲ့ပုံကိုလည်းကောင်း၊ ရုံးပြင်ကနား တက်ရပုံ၊ စစ်ဆေးခံရပုံနှင့်ပြစ်ဒဏ်ခံရပုံကိုလည်းကောင်း၊ အုတ်ကလင် မြို့ပင်လယ်ဆိပ်တံတားတွင် သူ့မိခင်ကြီး သေလုဆဲဆဲ မှာကြားသွား သော စကားအရ မှတ်သားထားသောကျမ်းစာအုပ်ကို တွေ့ ရှိရပုံကိုလည်း ကောင်း၊ သူ့ချစ်မိခင်နှင့် မစ္စတာအင်ဒါဆင်တွေ့ရှိပုံကိုလည်းကောင်း၊ မာလိန်မှူးမန်းနှင့် သူ၏ အတွေ့အကြုံကိုလည်းကောင်း ပြန်ပြောင်း ပြောပြလေသည်။ ဤအဖြစ်အပျက်များနှင့် အခြားမြောက်မြားစွာသော အဖြစ်အပျက်များသည် ဟဲရာလ်(ဒ)အတွက် ဒဏ္ဍာရီစကားထက်ထူးခြား သော အခန်းတစ်ခန်းဖြစ်ပေသည်။ သူကပြန်လည်ပြောပြရာတွင်လည်း ဘုရားသခင်၏ စိုးမိုးမှုကို ယုံကြည်သောသူသာလျှင် ပြောသကဲ့သို့ သူ ပြောနိုင်လေသည်။
ဟဲရာလ်(ဒ)က ဆက်လက်၍ပြောသည်မှာ၊ “အဲဒါတွေကြောင့် ကျွန်တော်ဟာ ကျွန်တော့်ကယ်တင်ရှင်နောက်တော်ကို လျှောက်လိုက် ရန် ကြိုးစားနေတာပဲ။ မစ္စတာအင်ဒါဆင်အားဖြင့် ကျွန်တော့်မိခင်ရဲ့ ဆုတောင်းပြည့်ပါတယ်။ ခုနက ခင်ဗျားဖတ်တဲ့ကျမ်းချက်ဟာ ကျွန်တော့် ရဲ့အထူးလမ်းပြဖြစ်ပါတယ်။ မိခင်ကြီးရဲ့အမှာစကားကို ထောက်ခံတယ် ဆိုတာကို ကျွန်တော့စိတ်ထဲမှာ ကျွန်တော်ပြောနိုင်ရအောင် “မေမေ”ဆိုတဲ့စကားအောက်က ကျွန်တော့်နာမည်ကို ရေးသားထားပါတယ်။”
မစ္စတာစပေါလ်ဒင်းသည် ဆုတောင်းလေသည်။ သူတောင်းဆို ရမည့်စကားများကို သွန်သင်စီကုံးပေးရန် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အလယ်သို့ သက်ဆင်းတော်မူလေသည်။ သူ ဆုတောင်းစဉ် ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ့စိတ်ကြေကွဲ ခြင်းသို့ ရောက်လေသည်။ မစ္စတာနှင့်မစ္စစ်ဂရယ်ဂရီတို့လည်း မစ္စတာ စပေါလ်ဒင်းနှင့်အတူတကွ ဝိညာဉ်ရေးနှင့်သက်ဆိုင်သော ကောင်းချီး မင်္ဂလာများကို ခံစားရကြလေသည်။ ဆုတောင်းနေစဉ် “အာမင်” ဆိုသောစကားလုံးများသည်လည်း ၎င်းတို့ကိုပီသစွာပင် ဆို၍မရအောင် အနူးအညွတ်ဖြစ်နေသော နှုတ်ခမ်းတို့မှ တိုးထွက်လာကြပေသည်။ တမြန်နေ့က “ယုံကြည်ခြင်းသူရဲကောင်း” ဖြစ်သော ဟဲရာလ်(ဒ)နှင့် “ခရစ်တော်ကိုဖေါ်ပြရန် အမှန်တကယ်ကြိုးပမ်း၊ သစ္စာရှိသော” မစ္စတာ အင်ဒါဆင်တို့အတွက် ဆုတောင်းသောအခါ ဟဲရာလ်(ဒ)၏ စိတ်နှလုံး သည် ယိုဖိတ်လျက်ရှိလေသည်။
ဆုတောင်းပြီးသောအခါ ဟဲရာလ်(ဒ) ထွက်သွား၍ မစ္စတာ စပေါလ်ဒင်းလည်း သူ့အခန်းသို့ ရေးကြီးသုတ်ပျာဝင်သွားလေသည်။
ဟဲရာလ်(ဒ) ကို အလုပ်ခွင်ပြန်ဝင်ရန် သတိပေးခေါင်းလောင်း မထိုးမီသူသည် မစ္စတာ အင်ဒါဆင်၏ အခန်းသို့သွား၍ စောစောက အဖြစ် အပျက်များကို ပြန်လှန်ပြောပြလေသည်။
ဓမ္မဆရာကြီးမစ္စတာအင်ဒါဆင်က “ဘုရားသခင်ရဲ့ကျေးဇူးတော် ကို ချီးမွမ်းကြ၊ နိမိတ်လက္ခဏာပြသောခေတ်ကား မကုန်သေးပေ” ဟု ဆိုလေသည်။
အခန်း - ၁၄
အခန်း ၁၄
ပုရောဖက်အနာဂတ္တိကျမ်းမှအလင်းတရား
နေ့ကားဥပုသ်နေ့ဖြစ်၏။ ထွန်းလင်းသာယာသောနေ့ပင်တည်း။ မစ္စစ်တာဂရယ်ဂရီအား ပင်လယ်ထဲမှ ထူးခြားစွာ ကယ်ဆယ်လိုက်သည် မှာ ရက်ပေါင်းအတော်အတန် ကြာသွားခဲ့လေပြီ။ မကြာခဏပင် ဟဲရာလ်(ဒ)ဝီလ်ဆင်အား သူ၏ပြောင်းလဲလာပုံ၊ သူ၏မှတ်သားထား သောကျမ်းစာ၊ ဓမ္မဆရာ၏ ဇနီးကိုကယ်ဆယ်ရာတွင် သူ့ဆုတောင်းချက် ကို ဘုရားသခင်ဖြေကြားပုံများကို မေးကြမြန်းကြပြုလုပ်ခြင်းမှာ အတော မသတ်နိုင်ပေ။
ထိုလူငယ်စိတ်ဝင်စားမှုကို ပြကြသည့်အပြင် ဓမ္မဆရာတစ်ဦးမှာ “သတ္တမနေ့ဥပုသ်စောင့်သည့်လူ” ဖြစ်သွားပြီဟူသော သတင်းမှာလည်း ပျံ့နှံ့လျက်ရှိပေသည်။ သို့သော်လည်း ထိုသူမှာ မစ္စတာမစ်ချဲလ်၊ မစ္စတာ စပေါလ်ဒင်း၊ မစ္စတာဂရယ်ဂရီသုံးယောက်အနက် ဘယ်သူဖြစ်သည်ကို တပ်အပ်သေချာမသိကြပေ။
ယခုဥပုသ်နေ့နံနက်အထိ ပညာလည်းရှိ၊ ယဉ်ကျေးမှုလည်းရှိ၊ သူများနှင့်လည်း မရောနှော၊ သင်္ဘောပေါ်၌ကျင်းပသော ဓမ္မစည်းဝေး တစ်ခုကိုမျှမတက်ရောက်ဘဲ သူနှင့်အတူ ယူဆောင်လာသော စာအုပ် ဟောင်းများကိုဖတ်ခြင်းအားဖြင့် အချိန်ကို ကုန်လွန်စေသော ပုဂ္ဂိုလ်ကြီး တစ်ဦးကား အဘယ်သူမှ ဂရုတစိုက်သတိမပြုမိကြပေ။
မစ္စတာအင်ဒါဆင်သည် ယခုခရီးလမ်းဆုံးမရောက်မီ လူတိုင်းနှင့် အသိဖွဲ့ရန် လိုလားလျက်ရှိရကား ထိုစာဖတ်လျက်နေသော ပုဂ္ဂိုလ်ကြီး ဘေး၌ ဝင်ရောက်ထိုင်ပြီးလျှင် သူ့အလေ့အထရှိသည်အတိုင်း ထိုပုဂ္ဂိုလ် ကြီးသည် ယုံကြည်သူဟုတ်မဟုတ်မေးမြန်းလေသည်။
အပြောအဟောရှေ့နောက်မညီမှု
ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော်ဟာ တမန်တော်များ တည် ထောင်ခဲ့သော အသင်းဝင်တစ်ယောက်ပါ” ဟု ထိုလူကြီးက တည်ကြည် စွာပြန်ပြောလေသည်။
မစ္စတာအင်ဒါဆင်က “ဪ၊ ဒါနဲ့ကျွန်တော်ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာလှပါတယ်။ ကျွန်တော်ကတော့ ပရိုတက်စတင်အသင်းသားပါ။ ဒါပေမယ့် ယုံကြည်သူ အချင်းချင်းညီရင်းအစ်ကိုတွေပါ” ဟု ပြန်ပြော လေသည်။
အပြောနဲ့အဟောညီတဲ့ ပရိုတက်စတင်အသင်းဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျမ်းစာကို သူတို့ရဲ့ယုံကြည်ခြင်း အတွက် စည်းမျဉ်းပဲလို့ မယူဆကြပါဘူး။ ကျမ်းစာအတိုင်းလိုက်နာတယ် လို့ပြောကြပါတယ်။ ဒါပေမယ့် ကိစ္စအများမှာ သူတို့ဟာ ကျမ်းစာကို လုံးဝပစ်ပယ်ကြပြီး မိရိုးဖလာဓလေ့ထုံးစံတွေလိုက်နာကြတယ်။ ဥပမာ၊ ခင်ဗျားတို့ပထမနေ့ကို ဥပုသ်စောင့်တာဟာ ကျမ်းစာအရ မဟုတ်ဘူးဆို တာ ခင်ဗျားကောင်းကောင်းသိတာပဲ။ အဲဒီလိုစောင့်တာဟာ မှန်ကန် တယ်လို့ပြတဲ့ ကျမ်းချက်တစ်ချက်တောင်မရှိပါဘူး။ ကျမ်းစာက သတ္တမ နေ့ကို စောင့်ရမယ်လို့ဆိုတယ်။ တမန်တော် ပေတရုပေးတဲ့အခွင့်အာဏာ အရ ရက်သတ္တပတ်မှာ ဥပုသ်နေ့ကို သတ္တမနေ့မှပထမနေ့ကို ပြောင်းလဲ လိုက်ပါတယ်။ ဘာသာရေးလောကတစ်ခုလုံးက အဲဒီပြောင်းလဲမှုအတိုင်းလိုက်လုပ်ကြပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ကိုယ်ကို ပရိုတက်စတင် အသင်းသားလို့ခေါ်ကြသေးတယ်။
“ခင်ဗျားပြောသလိုပရိုတက်စတင်အသင်းသားတိုင်းမလုပ်ပါဘူး။ ခြွင်းချက်ရှိပါသေးတယ်။”
“ကျွန်တော်သိသလောက်တော့ ကျွန်တော်ပြောတဲ့အတိုင်း လုပ် ကြတဲ့လူတွေချည်းပါပဲ။အဲဒီလိုပြောတော့သူတို့စိတ်ဆိုးကြတယ်။ အပြင်း အထန် ငြင်းခုံကြတယ်။ ဒါပေမယ့် သူတို့က အမှန်ကိုရင်မဆိုင်ရဲ ကြဘူး။ ရဟန်းမင်းဂစ်ဗင်း(စ)ထုတ်ဝေတဲ့ သတင်းစာကနေပြီး ပရိုတက်စတင် လောကကြီးတစ်ခုလုံးကို သူတို့ပထမနေ့ကို ဥပုသ်အဖြစ်စောင့်တာဟာ ရောမအသင်းတော်ရဲ့ သြဝါဒတွေကို လိုက်နာတာမဟုတ်ဘဲ ကျမ်းအရ သာဖြစ်ကြောင်း သက်သေပြရန် တောင်းဆိုသော်လည်း အခုထက်ထိ ဘယ်ကမှအဖြေပေါ်မလာပါ။ ပေးစရာအဖြေလည်း ရှိမှမရှိဘဲကိုး။ အသိ ပညာရှိတဲ့ ပရိုက်တက်စတင်အသင်း ဓမ္မဆရာတိုင်းဟာ ခရစ်ယာန် သာသနာရဲ့ အတ္ထုပ္ပတ္တိကိုလေ့လာဖူးတယ်ဆိုရင် ပထမနေ့မှာ ဘုရားဝတ် ပြုကိုးကွယ်တဲ့အလေ့အထဟာ ကျွန်တော်တို့အသင်းက ပေါက်ပွားလာ တဲ့အကြောင်းသိပါတယ်။ ကျွန်တော်သွန်သင်တဲ့ ဘာသာတရားကို တစ် စိတ်တစ်ဒေသမဟုတ်ဘဲ အကုန်လုံးပဲလိုက်နာပါလားလို့ ကျွန်တော်တို့ က ဆိုပါတယ်။ တကယ်ဆိုရင် ခင်ဗျားတို့အားလုံး မှန်ကန်တဲ့ သိုးခြံတွင်း သို့ ပြန်ဝင်လာဖို့ ကျွန်တော်တို့စောင့်မျှော်နေပါတယ်။”
ဆုငွေဒေါ်လာတစ်ထောင်ယူမည့်သူမရှိ
သူကဆက်လက်၍ပြောသည်မှာ၊ “နှစ်ပေါင်းအတော်ကြာတုန်း က ကျွန်တော်တို့အသင်းက ဓမ္မဆရာတော်တစ်ပါးဟာ ပထမနေ့ကိုဥပုသ် နေ့အဖြစ်ဘုရားသခင်က သတ်မှတ်ကြောင်း ကျမ်းစာမှ ကျမ်းချက်တစ် ချက်မျှ ညွှန်ပြနိုင်သောသူအား ဆုငွေအဖြစ်ဒေါ်လာ တစ်ထောင်တိတိ ပေးမယ်လို့ကြေညာပါတယ်။ အဲဒီဆုငွေကို ယခုအထိ ဘယ်သူမှထုတ် မယူသေးပါဘူး။”
“ဘယ်တော့မှလည်း အဲဒီဆုငွေလာထုတ်ကြမှာမဟုတ်ဘူး။ အဲ ဒီလို ကျမ်းချက်လည်း ကျမ်းစာထဲမှာမတွေ့ရဘူး” ဟု မစ္စတာအင်ဒါ ဆင်က ပြောလေသည်။
“ဒါဖြင့်ရင်၊ ပထမနေ့ဥပုသ်စောင့်ခြင်းအားဖြင့် ဘာဖြစ်လို့ ခင်ဗျား ကိုယ်တိုင်နဲ့ သူများကိုလှည့်ဖြားနေရသလဲ။”
“ကျွန်တော်အဲဒီနေ့ မစောင့်ပါဘူး” ဟုပြန်ဖြေလေသည်။
“ဒါဖြင့်ခင်ဗျားဘယ်နေ့မှ ဥပုသ်မစောင့်ဘူးပေါ့။”
“ကျွန်တော်စောင့်တာက ရက်သတ္တပတ်တွင် သတ္တမနေ့ ဖြစ်ပါ တယ်။ ကျွန်တော်ဟာ သတ္တမနေ့ဥပုသ်အသင်းသားပါ။ ယခုကျွန်တော် အကြံတစ်ခုပေးပါရစေ။ ခင်ဗျားတို့အသင်းက ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့သို့ပြောင်းလဲကြောင်း ကျမ်းစာမှ သက်သေပြနိုင်သူကို ဆုငွေ ဒေါ်လာတစ်ထောင်ပေးမယ်လို့ကြော်ငြာပါလား။”
ထိုလူကြီးသည် သူ့အမေးအဖြေစာအုပ်ကိုပိတ်၍ မစ္စတာအင်ဒါ ဆင်ကို စိန်းစိန်းကြည့်ကာ၊ “နေပါဦး၊ ခင်ဗျားကဘယ်သူတုန်း၊ ခင်ဗျား ဘာပြောတာတုန်း” ဟုမေးလေသည်။
တရားဟောဆရာကြီးက “ကျွန်တော်ပြောလိုတာ ခင်ဗျားတို့ရဲ့ အသင်းတော်က ဥပုသ်အပြောင်းအလဲလုပ်တယ်ဆိုတာကို ကျွန်တော် သဘောတူပါတယ်။ နောက်ပြီးတော့လည်း ခင်ဗျားပြောတာမှန်တယ်ဆိုတာလည်းဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်မှ ကျွန်တော်ကသက်သေပြဖို့အသင့်ပါပဲ။”
“ကောင်းပါပြီ၊ ဒါပေမယ့် ခင်ဗျားဟာကျွန်တော့်ကျမ်းစာကိုအသုံး ပြုရမယ်။ အကယ်၍ခင်ဗျားပြောတဲ့အတိုင်းပြုလုပ်နိုင်ရင် ကျွန်တော်က ခင်ဗျားကို ဒေါ်လာငွေတစ်ရာပေးပါမယ်။ နောက်တစ်ကြိမ် ပထမနေ့ သမားတစ်ယောက်နဲ့တွေ့ လို့ရှိရင်လည်း ဒီလောက်ဆုငွေတော့ပေးထိုက် ပါသေးတယ်။ ခင်ဗျားသက်သေကို ကျွန်တော်တို့ ဒူးဝေးဘာသာပြန် ကျမ်းစာမှပြရမယ်နော်။”
မစ္စတာအင်ဒါဆင်သည် ချက်ချင်းပင် သဘောတူလေသည်။ ယခု အခါတွင် သူ နာမည်သည် ဂျိမ်း(စ)ကိုနန်ဖြစ်ကြောင်း ဝန်ခံပြောဆိုသော ရောမအသင်းသားက သူထိုင်သော ပက်လက်ကုလားထိုင်ပေါ်တွင် သူ့ အမေးအဖြေစာအုပ်ကိုထားခဲ့၍ သူ့ကျမ်းစာကိုသွားယူလေသည်။
မစ္စတာအင်ဒါဆင် စောင့်ဆိုင်းနေစဉ် တရားသူကြီးကာရှော ရောက်လာ၍ “ဘယ့်နဲ့၊ ခင်ဗျားဘာကိစ္စနဲ့ ဒီရောက်နေတာလဲ” ဟု မေးပြီး လျှင် ကုန်း၍စာအုပ်ကလေးကိုကောက်ယူကာဖွင့်ကြည့်လေသည်။
ရောမအသင်းကထုတ်တဲ့အမေးအဖြေစာအုပ်ပါလား။ ပရိုတက် စတင်အသင်းမှဓမ္မစရာတစ်ဦးကဒီလိုစာပေကိုင်တာဟာထူးခြားပါလား။
စာအုပ်အဖွင့်နှင့်တိုက်ဆိုင်နေသော အခန်းသည် ရောမအသင်း တော်၏အာဏာတန်ခိုးနှင့် သက်ဆိုင်နေရာ တရားသူကြီးက မမျှော် လင့်ဘဲဖတ်မိသောအချက်မှာ “မေး- ကျင့်ဝတ်အဖြစ်နှင့်ပွဲနေ့ရက်ကာလ များကိုအသင်းတော်က တည်ထောင်ချပေးနိုင်သော တန်ခိုးအာဏာရှိ ကြောင်း အခြားအဘယ်နည်းအားဖြင့် သက်သေပြနိုင်သနည်း။ ဖြေ- ဤကဲ့သို့ တန်ခိုးအာဏာသည် အသင်းတော်၌မရှိခဲ့လျှင် ခေတ်သစ် ဘာသာရေးခေါင်းဆောင်များက ဝိုင်းဝန်းထောက်ခံကြသော ၎င်း၏ အစီ အစဉ်ကို အကောင်အထည်ဖေါ်ခဲ့နိုင်မည်မဟုတ်ပေ။ ထိုအစီအစဉ်မှာ အခြားမဟုတ်။ သတ္တမနေ့ဖြစ်သော စနေနေ့တွင် ဥပုသ်စောင့်ခြင်းကို ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက် ခြင်းဖြစ်သည်။ ထိုပြောင်းလဲမှုပြုလုပ်ဖို့လည်း ကျမ်းစာတွင်ခွင့်ပြုထား ချက်မရှိ။”
တရားသူကြီးအဖို့မှာ ထိုအချက်ကို တစ်ခါမျှ မဖတ်ဖူးပေ။ ထို့ကြောင့် များစွာအံ့သြသွား၏။ သို့ရာတွင် ဖြေရှင်းချက်ရှာဖို့ မဖြစ်နိုင် ပေ။ အဘယ်ကြောင့်ဆိုသော် မစ္စတာကိုနန် ပြန်ရောက်လာလေပြီ။ ယူလာသောကျမ်းစာအုပ်ကို မစ္စတာအင်ဒါဆင်အားလှမ်းပေးပြီး မစ္စတာ ကိုနန်သည် စကားဆက်လက်ပြောလေသည်။
မစ္စတာအင်ဒါဆင်၏ ပထမမေးခွန်းမှာ၊ “မစ္စတာကိုနန်ခင်ဗျား၊ ခင်ဗျားကျမ်းစာတစ်အုပ်လုံးကို ယုံကြည်လက်ခံတယ်မဟုတ်လား။”
“ဟုတ်ပါတယ်၊ ရောမအသင်းသားအစစ်တိုင်း ကျမ်းစာတစ်အုပ်လုံးကို ယုံကြည်လက်ခံပါတယ်။”
“ခင်ဗျား ယုံကြည်လက်ခံတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ကျမ်း အောက်ခြေမှတ်သားချက်မှာ ဘယ်လိုရေးသလဲဆိုတော့၊ ကျမ်းစာတော် မြတ်၏ အစိတ်အပိုင်းရှိသမျှကို သန့်ရှင်းသောဝိညာဉ်တော်၏ မှုတ်သွင်း တော်မူခြင်းအားဖြင့်ရေးသားထား၏။ အသင်းတော်ကလည်း ၎င်းအတိုင်းကြေညာပါသည်။
“ဒါပေမယ့် မစ္စတာအင်ဒါဆင်ခင်ဗျား၊ ကျွန်တော်ရဲ့ယုံကြည်ခြင်း ဟာ အသင်းတော်ရဲ့ သွန်သင်ထားချက်အတိုင်းသာ ဖြစ်ပါတယ်” ဟု မစ္စတာကိုနန်က ထပ်လောင်းပြောဆိုလေသည်။
“ကောင်းပါပြီ၊ ကျမ်းစာကပြောတာကိုသတိပြုကြစို့။”
မစ္စတာအင်ဒါဆင်သည်ပုရောဖက်အနာဂတ္တိစကား တစ်ခုကိုရှင်းပြပုံ
“ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇မှာ၊ ပုရောဖက်ကရရှိတဲ့ ဗျာဒိတ်ရူပါရုံတစ်ခုအကြောင်း ရေးသားဖေါ်ပြထားပါတယ်။ အဲဒီ ရူပါရုံ ထဲမှာ ပုရောဖက်က သားရဲကြီးလေးမျိုးကို တွေ့မြင်ရပါတယ်။ အဲဒီသားရဲ လေးမျိုးဟာ၊ ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်နှင့်အမည်မရှိတဲ့ သားရဲတစ် ကောင်ဖြစ်ပါတယ်။ အဲဒီသားရဲကြီးလေးကောင်ကို ခင်ဗျား ကျမ်းစာရဲ့ အောက်ခြေမှတ်သားချက်မှာ ဘယ်လိုပြသထားသလဲဆိုတော့ သားရဲကြီး လေးမျိုးဟာ နိုင်ငံလေးနိုင်ငံဖြစ်ပါတယ်။ ခါလဒဲနိုင်ငံ၊ ပေရသိ(ပါးရှား) နိုင်ငံ၊ ဂရိနိုင်ငံနှင့်ရောမနိုင်ငံ အသီးအသီးဖြစ်ကြပါတယ်။ ဒီအချက်တွေ ဟာ မှန်ကန်တယ်ဆိုတာဘာမျှစိတ်ဒွိဟဖြစ်ဖို့ မလိုပါ။
“ရူပါရုံထဲမှာ ပုရောဖက်က ‘ချိုဆယ်ချောင်း’ ကို စတုတ္ထ သားရဲရဲ့ ခေါင်းပေါ်မှာ တွေ့မြင်ရပါတယ်။ အောက်ခြေမှတ်ချက်ဟာ တစ်ဖန် ဘယ်လိုပြထားသလဲဆိုရင် ‘ချိုဆယ်ချောင်းသည် စတုတ္ထသားရဲ၏ နိုင်ငံ မှပေါ်ပေါက်လာမည့် ဆယ်နိုင်ငံဖြစ်၏။’ ဒီအချက်လည်းလုံးဝ မှန်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်သက္ကရာဇ် ၃၇ နှင့် ၄၇၆ နှစ်များ အကြားတွင် အနောက်နိုင်ငံကြီးဟာ ဆယ်နိုင်ငံကွဲပြားသွားပါတယ်။ အဲဒီ ဆယ်နိုင်ငံတွေဟာ ဖရင့်(ခ)၊ အဲလင်မနိုင်၊ ဗါဂန်းဒီးယင်း၊ စူအဲဗီ၊ ဗင်းဒယ်လ်၊ ဝီစီဂေါ့၊ အင်ဂလိုဆက်ဆင်၊ လွန်ဗတ်၊ အော့စတြိုဂေါ့နှင့် ဟဲရူလိုင်ဖြစ်ကြပါတယ်။
“ချိုဆယ်ချောင်း (သို့မဟုတ်ဆယ်နိုင်ငံ) ပေါ်ထွက်လာပြီးနောက် ပုရောဖက်က ‘ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါ်လာ၏။ ထိုချိုငယ်ရှေ့မှာအရင်ချိုသုံးချောင်းသည် အမြစ်ပါနုတ်ခြင်းခံရ၏။ ထိုချို ငယ်သည် လူမျက်စိကဲ့သို့ မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသောအရာ များကိုပြောတတ်သောနှုတ်နှင့်လည်းကောင်း ပြည့်စုံလေ၏’ ဟု ဆိုပေ သည်။ ခရစ်နှစ် ၄၉၃ နှင့် ၅၃၈ နှစ်များကြားတွင် ဖေါ်ပြပါ ချိုသုံးချောင်း (ရှင်ဘုရင်သုံးပါး) သည် ပုရောဖက်အနာဂတ္တိ စကားအတိုင်း အမြစ်ပါ နုတ်ခြင်းခံရလေ၏။ ထိုသုံးပါးသည် ဣတလီပြည်တွင် ဟဲရူလိုင်၊ အာဖရိ ကတိုက်တွင် ဗင်းဒယ်လ်။ ရောမပြည်တွင် အော့စတြိုဂေါ့ အသီးအသီး ဖြစ်ကြပေသည်။”
မစ္စတာကိုနန်က၊ “ကျွန်တော်အဲဒီရာဇဝင်ကို သိပါတယ်။ အဲဒီ ဘုရင်သုံးပါး၊ အထူးသဖြင့် အော့စတြိုဂေါ့ ကျဆုံးရတာဟာ သူတို့ရဲ့ လွဲမှားတဲ့ အယူဝါဒတွေကြောင့် ဖြစ်ပါတယ်။ ရောမမြို့ရှိ အသင်းအုပ် တစ်ပါးတည်းကသာလျှင် ထာဝရမြို့တော် သန့်ရှင်းရေးနှင့်ပတ်သက်ပြီး အရှေ့ဘက် အင်ပိုင်ယာကြီးနှင့်စေ့စပ်ရေးပြုလုပ်ပါတယ်။”
“မစ္စတာကိုနန်၊ ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒီသုံးနိုင်ငံ ကျ ဆုံးမှုဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ငြင်းခုံမှုကြောင့် ဖြစ်ပါတယ်။ သူတို့ ဘာသာက ဧရီယံဆန်တယ်။ ဒါကြောင့်အသင်းတော်ကသူ့တို့ကို အပြုတ်
တိုက်လိုက်ပါတယ်” ဟု မစ္စတာအင်ဒါဆင်ကပြောလေသည်။
“ဒါပေမယ့်တစ်ခုမှတ်ထားပါ။ အဲဒီချိုသုံးချောင်းကို အမြစ်ပါ နုတ် ပစ်တဲ့ချိုငယ်မှာ ‘ကြီးစွာသောအရာများကို ပြောတတ်သော နှုတ်နှင့် ပြည့်စုံ’ ပါတယ်။ ငယ်၊ ၈။ ငယ်၊ ၂၄ မှာ 'ဒီချိုငယ်ကပဲ ‘ဘုရင် သုံးပါးတို့ကိုနှိမ့်ချလိမ့်မည်’ လို့ ဆိုထားပါတယ်။ ထိုနောက် ပုရောဖက်က ထပ်ဆင့်ပြောထားသည်မှာ၊ ‘ကာလအချိန်နှင့် ပညတ်တရားများကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
“ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီး ပိုက်စိပ်တိုက် မသွားပါ ဘူး။ အချိန်နဲ့ပတ်သက်တာကိုပဲ ဖြေရှင်းပြပါမယ်။ ‘တစ်ကာလ’ ဆိုတာ ဟောဒီအောက်ခြေမှတ်ချက်က ဖေါ်ပြထားတဲ့အတိုင်း တစ်နှစ်ပါ။ အဲဒီ အချိန်ပိုင်းဟာ ဒီအနာဂတ္တိစကားမှာ အနာဂတ္တိသဘောသက်ဝင်တဲ့ အတွက်ကြောင့် အနာဂတ္တိစကားနဲ့သက်ဆိုင်တဲ့ရက်ပေါင်း ၃၆၀ ဖြစ် ပါတယ်။ ယေဇကျေလအနာဂတ္တိကျမ်း ၄:၆ အရဆိုရင် အနာဂတ္တိနဲ့ ဆိုင်တဲ့ ရက်တစ်ရက်ဟာ ပကတိရှိရင်းရက်နှင့်တူညီပါတယ်။ ကျမ်းစာ က ‘နှစ်အစား၌ ရက်ကိုငါထားပြီ’ ဟုဆိုပါတယ်။
ဒါကြောင့်၊ တစ်ကာလ--------------------နှစ်ပေါင်း ၃၆ဝ။
နှစ်ကာလ
-------------------- နှစ်ပေါင်း ၇၂၀။
ကာလတစ်ဝက်----------------နှစ်ပေါင်း ၁၈ဝ။
စုစုပေါင်း ၁၂၆ဝ။
‘ဗျာဒိတ်ကျမ်း ၁၂:၆၊၁၄ တွင် ဒီအချိန်ပိုင်းကို ရက်သို့မဟုတ် နှစ်ပေါင်း တစ်ထောင့်နှစ်ရာ့ခြောက်ဆယ်လို့ ရှင်းလင်းပြတ်သားစွာ ရေး သားဖေါ်ပြထားပါတယ်။ ဗျာဒိတ်ကျမ်း ၁၃:၅ မှာတော့ ‘လလေးဆယ့် နှစ်လ’(တစ်လလျှင်ရက်သုံးဆယ်) ဟုဖေါ်ပြထားရာ တွက်ကြည့်လျှင် ရက်ပေါင်း သို့မဟုတ် နှစ်ပေါင်း ၁၂၆၀ ပင်ရရှိပါတယ်။
ဤကိစ္စသည် သူ့အတွက် မနှစ်မြို့ဖွယ်ရာ နိဂုံးချုပ်မည်ကို ရိပ်စားမိသော်လည်း မစ္စတာကိုနန်သည် မစ္စတာအင်ဒါဆင် ပြောသမျှကို သဘောတူလေသည်။
“အဲဒီနှစ်ပေါင်း တစ်ထောင့်နှစ်ရာ့ခြောက်ဆယ်အတွင်း ဒီချိုငယ် ဟာ ‘စကားပြော’ တယ်။ ‘သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်’ တယ်။ ‘ကာလအချိန်နှင့်ပညတ်တရားများကို ပြောင်းလဲစေခြင်းငှာ ကြံစည်’ လိမ့်မယ်တဲ့။ ရာဇဝင်က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာပြောသလဲ။
ခရစ်နှစ် ၅၃၃ နှစ်မှာ ရောမအရှေ့အင်ပိုင်ယာကြီးရဲ့ ဘုရင် ဂျတ်(စ)တီနီယင်က ရောမမြို့ ဂိုဏ်းချုပ်ကြီးဟာ လွဲမှားတဲ့အယူတွေကို ပဲ့ပြင်ဆုံးမတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ အသင်းတော်ရှိသမျှရဲ့ ခေါင်းဆောင် ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက် ထုတ်ပြန်ပြီးလျှင်ပြီးချင်း ထိုကြေညာချက်ကို ပိုမိုထိရောက်စေရန် ဧရီယံ ဝါဒကို အငြိုးကြီးနှင့်နှိမ်နင်းပါတော့တယ်။ နောက်တစ်နှစ်မှာ ဗင်းဒယ်လ် များ အောင်မြင်နိုင်နင်းခြင်းခံရပါတယ်။ နောက်ဆက်ပြီး ခရစ်နှစ် ၅၃၈ နှစ်တွင် အော့စတြိုဂေါ့များ အောင်မြင်နိုင်နင်းပါတယ်။ ဒါကြောင့် ခရစ် နှစ် ၅၃၈ နှစ်တွင် ရောမမြို့ အသင်းအုပ်ဟာ ဘုရင့်ကြေညာချက်အားဖြင့် ယှဉ်ပြိုင်သူမရှိဘဲ ဘာသာရေးလောကကြီး၏ ခေါင်းဆောင်ကြီးဖြစ်လာ ပါတယ်။ အဲဒီနေ့ကစပြီး ပုရောဖက်အနာဂတ္တိစကားထဲမှာ အတိုချုပ် အားဖြင့်ဖေါ်ပြထားတဲ့ အလုပ်ကိုစတင်လုပ်ကိုင်ပါတော့တယ်။
“အဲဒီခရစ်နှစ် ၅၃၈ နှစ်ကနေပြီး ရှေ့ကိုနှစ်ပေါင်းတစ်ထောင့် နှစ်ရာ့ခြောက်ဆယ်ရေတွက်ရင် ခရစ်နှစ် ၁၇၉၈ နှစ်သို့ရောက်ပါတယ်။ ရောမမြို့မှ အသင်းအုပ်ရဲ့ခေါင်းဆောင်မှုအောက်မှာရှိတဲ့ ခရစ်ယာန် အသင်းတော်အတွက် အဲဒီနှစ် (၁၇၉၈) ဟာ ထူးခြားတဲ့နှစ်ဖြစ်သလား။ အဲဒီနှစ်မှာပေါ့။ ပြင်သစ်စစ်တပ်ကြီးတစ်တပ်ဟာ အဲဒီအသင်းတော်ရဲ့ ခေါင်းဆောင်ကြီးကို ဖမ်းဆီး၍ သူကြာရှည်စွာကျင့်သုံးတဲ့ အာဏာတွေ ချိုးဖဲ့ပြီး သုံ့ပန်းအဖြစ်နှင့်ခေါ်ဆောင်သွားပါတယ်။ ဒံယေလရဲ့အနာဂတ္တိစကားဟာ တစ်လုံးမကျန်ပြည့်စုံခြင်းသို့ရောက်ပါတယ်။”
မစ္စတာကိုနန်က စိတ်ထကြွတုန်လှုပ်လျက်၊ “ခင်ဗျားက ရောမ အသင်းတော်ဟာ ခရစ်တော်ကို ဆန့်ကျင်တဲ့အသင်းတော်ဖြစ်ကြောင်း သက်သေပြနေတယ်။ ဒီဟာကျွန်တော်ကြားရတာ အတော်အရုပ်ဆိုးတာ ပဲ။”
“မစ္စတာကိုနန်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျား။ ကျွန်တော် ပြောပြီးသမျှတော့ ခင်ဗျားကျမ်းစာထဲကပဲ ညွှန်ပြပြောဆိုရမယ်ဆိုတဲ့ အကြံဉာဏ်အတိုင်းမဟုတ်လှဘူး။”
“ကိစ္စမရှိပါဘူးဗျာ၊ ဥပုသ်နေ့ပြောင်းလဲမှုကော၊ ဒီအကြောင်းနဲ့ စပြီးကျွန်တော်တို့စကားပြောလာတာ သက်သေလည်းမပြသေးပါလား။”
“ကောင်းပါပြီ၊ ရှေ့ဆက်လက်ပြီး ပြောရအောင်” ဟု မစ္စတာ အင်ဒါဆင်ကဆိုလေသည်။
“ဒီချိုငယ်ဟာ ‘ကာလအချိန်နှင့်ပညတ်တရားကို ပြောင်းလဲစေ ခြင်းငှာ ကြံစည်လိမ့်မည်’ လို့ အနာဂတ္တိစကားက ပြတ်ပြတ်သားသား ပြောပါတယ်။ ဘယ်ပညတ်တရားများကို ညွှန်ပြပြောဆိုတာလဲ။ ငယ် တစ်ပိုဒ်လုံးကိုဖတ်ကြည့်ပါ။ ချိုငယ်ဟာ ဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုတယ်။ ဘုရားသခင်ရဲ့နာမတော်၊ ဘုရားသခင်ရဲ့ သန့်ရှင်းသူများနဲ့ ပညတ်များကိုလည်း ဆန့်ကျင်ဘက်ပြုတယ်။ ဒီနေရာမှာ ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ။ ခင်ဗျားတို့ ထုတ်ဝေတဲ့စာပေတွေက ‘ပုပ်’ ဆိုတဲ့ရောမ ရဟန်းမင်းကြီးဟာ အသင်းတော်ကောင်းကျိုးအတွက်ဆိုရင် ကျမ်းစာရေးသားဖေါ်ပြထားချက်များကို ဘေးချိတ်ဖို့ အခွင့်အာဏာ တန်ခိုးရှိတယ်လို့ သွန်သင်တယ်မဟုတ်လား။”
“အဲဒီလိုသွန်သင်ပါတယ်လို့ ကျွန်တော်ဝန်ခံရမှာပဲ။”
“ခင်ဗျားကိုင်ထားတဲ့ ခင်ဗျားတို့ရဲ့အမေးအဖြေစာအုပ်က ပြောင်း လဲထားတဲ့ဘုရားသခင်ရဲ့ပညတ်တော်ကိုတင်ပြထားတယ်မဟုတ်လား။”
“အဲဒါကတော့ ကျွန်တော်မသိပါလား” ဟု မစ္စတာကိုနန်က ပြန်ဖြေလေသည်။
“ကမ်းလှမ်းပေးလိုက်သော အမေးအဖြေစာရွက်ကိုယူ၍ မစ္စတာ အင်ဒါဆင်က ပညတ်တော်များနဲ့ဆိုင်သောအခန်းကို ဖွင့်ဖတ်ရင် မစ္စတာ ကိုနန်ရဲ့ ကျမ်းစာနှင့်နှိုင်းယှဉ်ကြည့်လေသည်။
“ကိုင်း၊ မစ္စတာကိုနန်ခင်ဗျား၊ ဟောဒါကိုသတိပြုပါ။ စတုတ္ထ ပညတ်၊ အဲဒါကို ခင်ဗျားကျမ်းစာက တတိယပညတ်အဖြစ်ပြထားတဲ့ ပညတ်ကို အမေးအဖြေစာအုပ်ထဲမှာ ပြောင်းလဲထားပြီး ဥပုသ်နေ့ မဟုတ် ဘဲ ပထမနေ့မှာ ဘုရားဝတ်ပြုရန်တိုက်တွန်းထားပါတယ်။ ဟောဒီနေရာ မှာကတော့ ဒီလိုပြောင်းလဲမှုဟာ ဘုရားဝတ်ပြုရန် အထူးနေ့များကို သတ်မှတ်ချပေးဖို့အသင်းတော်မှာ အာဏာတန်ခိုးရှိကြောင်း ပြတဲ့ သက် သေပဲလို့ ပြဆိုထားပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်ကို အပြောင်းအလဲတွေလုပ်ကြောင်း ခင်ဗျားအသင်း တော်ကဝန်ခံထားပါတယ်။”
အဘယ်တရားရုံးကမဆိုလက်ခံနိုင်သောသက်သေ
တရားသူကြီးကာရှောမှာ စိတ်ပါဝင်စားစွာ နားထောင်လျက်ရှိ ပေသည်။ ယခုမှာသူက “မစ္စတာအင်ဒါဆင်တင်ပြတဲ့ သက်သေခံချက် ကတော့ ဘယ်တရားရုံးကမဆိုလက်ခံမှာဘဲ။ ဒီကိစ္စဟာဘယ်လိုအမှုမျိုး ဖြစ်နေသလဲဆိုတော့ ယုံထိုက်တဲ့သက်သေများရဲ့ ဖြောင့်ချက်ပေးမှု ကြောင့်သာ မဟုတ်ဘဲ တရားခံကိုယ်တိုင်ရဲ့ဝန်ခံမှုကြောင့် တရားခံရဲ့ ပြစ်မှုဟာ ထင်ရှားလျက်ရှိပါတယ်။”
“မစ္စတာကိုနန်ခင်ဗျား၊ ဒီဟာတွေဟာ ခက်ခဲတဲ့ ကိစ္စတွေပဲ။ ဒါပေ မယ့် ကျွန်တော် နောက်တစ်ချက် ဆက်လက်ပြောရပါစေ” ဟု ဆိုကာ မစ္စတာအင်ဒါဆင်က ဆက်လက်ပြောဆိုသည်မှာ- “ရောမအသင်းတော် ဟာ တခြားပုရောဖက်အနာဂတ္တိစကားတစ်ခုကိုလည်း ပြည့်စုံစေပါ တယ်။ အဲဒီအနာဂတ္တိစကားကို သက်သာလောနိတ်သြဝါဒစာဒုတိယ စောင် ၂:၃၊၄ မှာ ဖေါ်ပြထားပါတယ်။ ‘ဒုစရိုက်တည်းဟူသော ပျက်စီးခြင်း ၏သား၊’ ‘ဆန့်ကျင်ဘက်ပြုသောသူ’ ဖြစ်ပြီး ‘ဘုရားသခင်ဟူ၍ ခေါ်ဝေါ် သမျှသော၊ ကိုးကွယ်သမျှသောအရာတို့ထက် ကိုယ်ကိုချီးမြှောက်သော သူဖြစ်၍ ဘုရားသခင့်ဗိမာန်တော်(အသင်းတော်)၌ ထိုင်လျက် မိမိသည် ဘုရားသခင်ဖြစ်သည်ဟု ကိုယ်ကို ပြလျက်ရှိနေ၏။’ကိုယ်တော်ရဲ့ ပညတ်တော်တစ်စိတ်တစ်ဒေသကို ဘေးဖယ်ခြင်းအားဖြင့် ရဟန်းမင်း ကြီးဟာ သူ့ကိုယ်ကိုဘုရားသခင်ထက် ချီးမြှောက်ပါတယ်။ ဘုရားသခင် နဲ့သာ ဆိုင်တဲ့ဘွဲ့ထူးများကို သူဟာ အသုံးပြုတပ်ဆင်လျက်ရှိပါတယ်။ ခရစ်တော်ကိုယ်စားအနေနဲ့ သူဟာ ယုံကြည်တဲ့လူတွေရဲ့ ဝတ်ပြု ကိုး ကွယ်ဆည်းကပ်မှုကိုခံယူနေပါတယ်။ဒီဟာတွေအားလုံးဟာ ဘုရားသခင် ရဲ့ဗိမာန်တော်(အသင်းတော်)ထဲမှာ ဖြစ်ပျက်လျက်ရှိပါတယ်။ ဒါကြောင့် ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ ထဲမှာ ဖေါ်ပြပါရှိတဲ့ အနာဂတ္တိစကားကို ပြည့်စုံစေတာ ယေဟောဝါတည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်ရဲ့ ဥပုသ်နေ့ကိုပြောင်းလဲပစ်တဲ့ တရားခံဟာ ရောမအသင်းတော်ဖြစ်တယ် ဆိုတာ မှန်ကန်တယ်မဟုတ်ပါလား။”
“မစ္စတာအင်ဒါဆင်ခင်ဗျား၊ ဒီဟာ တော်တော်ကြောက်စရာပဲ။ အသင်းတော်က ရဟန်းတွေကကောမသိကြဘူးလား။”
“အများသိကြပါတယ်။ ရဟန်းတွေသာမက ပရိုတက်စတင် ဓမ္မ ဆရာတွေကပါ သိရှိကြပါတယ်။” ထိုနောက်သူသည် ယေဇကျေလ အနာဂတ္တိကျမ်း ၂၂:၂၆ ကိုဖတ်ပြလေသည်။
မစ္စတာကိုနန်သည် ကြက်သေသေလျက်ရှိသော်လည်း စိတ်ထဲ မှာမူ အခဲမကျေဖြစ်နေတော့၏။ သူသည် သူ့အသင်းတော်၏ကိစ္စတစ်ခု ကြောင့်ခရီးသွားနေ၏။ ယခုမှာဒီကိစ္စအတွက်ဘာပြုလုပ်ရမည်နည်း။
No comments:
Post a Comment